အခန်း (၉၀၈-က)
Vol. 61 Ch. 908-A
နောက်ဆုံးအချိန် သူသည် ခရမ်းရောင်ဘုရင်အား ယွမ်လင်တောင်တန်းဆီသို့ ပို့ဆောင်ခဲ့စဉ်က အကြီးအကျယ် ရှုပ်ထွေးသည့်ကိစ္စရပ်များ ဖြစ်ပေါ်ခဲ့၏။ ထို့ကြောင့် ဤတစ်ကြိမ်တွင်တော့ ကျွင်းချောင်ရှောင်းသည် ကိုယ်တိုင်သွားရောက်ရန် ဆုံးဖြတ်လိုက်ခဲ့တော့သည်။
သရုပ်ဆောင်ခြင်းအတတ်ပညာ … သူသည် ဤနေရာတွင် အလွန်ကျွမ်းကျင်လှ၏။
စုရှောင်မိုသည် သတင်းအချက်အလက်များကို ရရှိပြီးသည့် နောက်မှာတော့ချက်ချင်းပဲ စိတ်သက်သာရာရသွားခဲ့၏။ အရင်တစ်ကြိမ်က ဝက် ကဲ့သို့သော အသင်းအဖွဲ့များကြောင့် သူသည် မနည်းကို ကြိုးစားသရုပ်ဆောင်ခဲ့ရသည်။
လက်ရှိအခြေအနေမှာတော့ ဂိုဏ်းချုပ်ကိုယ်တိုင် သရုပ်ဆောင်မည်ကို သိရှိပြီးသည့်နောက်မှာတော့ ကျိန်းသေပေါက် ပြဿနာရှိနိုင်မည် မဟုတ်ကြောင်း နားလည်လိုက်မိတော့သည်။ သူသည်အခွင်အရေးကို အရယူ၍ တစ်ခုစ၊ နှစ်ခုစကို ပင် သင်ယူနိုင်ပေလိမ့်မည်။
“ကုန်းရှန့် ဘာတွေတွေးနေတာလဲ” စွန်းရင်ချွမ်က မေးလိုက်၏။
“ဟင်း”
စုရှောင်မိုသည် ခေါင်းကိုကုတ်ကာဖြင့် ပြောလိုက်၏။ “ရွှေကြေးခွံတောင်ဆီကို သွားဖို့အကြောင်းကို စဉ်းစားနေတာလေ။ မနက်ဖြန်ကျရင် စိတ်ဝိညာဉ်သားရဲတွေကို အမဲလိုက်ရတော့မှာမဟုတ်လား”
စွန်းရင်ချွမ်က ပြုံးကာ ပြောလိုက်၏။ “ဒါကတိုက်ပွဲကြီးတစ်ခုပဲလေ။ မင်းအနေနဲ့ စိုးရိမ်မိမယ်ဆိုတာ ကျိန်းသေပဲပေါ့။ ဒါပေမဲ့ စိတ်ပူစရာမလိုဘူး။ အကြီးအကဲလေးယောက်လုံး လိုက်လာကြမှာလေ။ ဘာမတော်တဆမှုမှ မဖြစ်နိုင်ဘူး။”
“ကောင်းပါပြီ”
စုရှောင်မိုက ခေါင်းညိတ်လိုက်၏။ ပြီးသည့်နောက်မှာတော့ သူတွေးလိုက်မိသည်။ မတော်တဆမှုတွေဖြစ်မလာဘူးဆို ကျုပ်က ဘယ်လိုလုပ်ထင်ပေါ်တော့မှာလဲ။
“စားသောက်ခန်းဆီကို သွားကြရအောင်။”
“ကောင်းပါပြီ”
၎င်းတို့နှစ်ယောက်သည် စားသောက်ခန်းဆီသို့ သွားလိုက်ကြ၏။
ထိုအချိန်မှာတော့ သူတို့ထိုင်နေကျခုံတွင် အခန့်သားထိုင်လျက်ရှိနေသော ရှရွှေယွင်အား မြင်လိုက်ရတော့သည်။ သူမသည် အစားအစာများကို ယူဆောင်၍ စားသုံးနှင့်နေပြီဖြစ်သည်။
“ချီးတဲ့မှ”
စွန်းရင်ချွမ်က ပြောလိုက်သည်။ “ဒီမိန်းမ ငါ့ရဲ့ထိုင်ခုံကို ထိုင်နေပြန်ပြီ။”
ပြောပြီးသည့်နောက်မှာတော့ သူသည် စုရှောင်မိုကို ရှေ့ဆီသို့တွန်းကာပြောလိုက်၏။ “အခုက မင်းရဲ့အခွင့်အရေးပဲ။ အခွင့်အရေးကိုအရယူလိုက်တော့။ ဒီညီအစ်ကိုက မင်းအတွက် အစားအစာတွေ သွားယူပေးမယ်”
ရှရွှေယွင်နှင့် စုရှောင်မိုတို့ကြားတွင် အပြင်စည်းဂိုဏ်းတပည့်များကြားတွင် ကောလဟာလများနှင့် ပြည့်နှက်လျက် ရှိနေတော့၏။ ထို့ကြောင့်အခွင့်အရေးရသည်နှင့်တစ်ပြိုင်နက် စွန်းရင်ချွမ်သည် အောင်သွယ်တော်လုပ်ရန် ကြိုးစားခဲ့ခြင်းသာ ဖြစ်တော့သည်။
သူသည် ပြောတောင်ပြောလိုက်သေး၏။ “ကုန်းရှန့် မင်းအနေနဲ့ ဒီရေခဲတုံးကို အရည်ပျော်အောင် မလုပ်နိုင်ဘူးဆိုရင် အနာဂတ်မှာ ငါ့ကို အစ်ကိုလို့ မခေါ်နဲ့တော့”
“အင်း”
စုရှောင်မိုသည် ကြောင်အအနှင့် လမ်းလျှောက်သွားခဲ့တော့၏။
“မနက်ဖြန် ရွှေကြေးခွံတောင်ကို သွားတဲ့အချိန်မှာ အကြီးအကဲတွေက ကာကွယ်ပေးမယ်ဆိုပေမဲ့ သတိထားသင့် တယ်လေ။ ငါတို့က အရှုပ်ထုပ်တွေဖြစ်သွားနိုင်တယ်မဟုတ်လား။” ရှရွှေယွင်က ပေါ့ပေါ့ပါးပါးပင်ပြောလိုက်သည်။
“အင်း ဟုတ်တယ်နော်” စုရှောင်မိုက ခွန်းတုံ့ပြန်လိုက်၏။
မကြာခင်မှာပဲ စွန်းရင်ချွမ်သည် အစားအစာများကို ယူဆောင်ကာ ရောက်ရှိလာခဲ့ရ၏။
သူတို့နှစ်ယောက်သည် အလွန်နီးကပ်စွာ ထိုင်နေကြသည်ဆိုသော်လည်း အချိန်တစ်ခုလုံးတွင် မည်သည့်စကားကိုမှ မဆိုကြချေ။
“ဒီကောင်”
စွန်းရင်ချွမ်က ဆွံ့အလျက်ရှိနေ၏။ ယောကျာ်းလေးဖြစ်ပြီးတော့ အရင်စပြောပါလား။
စုရှောင်မိုသည်လည်း အရင်ဆုံးစ၍ ပြောဆိုချင်၏။ သို့ပေမဲ့ ဤကဲ့သို အေးစက်သည့် ကိုယ်ရည်ကိုယ်သွေးကို ပိုင်ဆိုင်သော အမျိုးသမီးများနှင့် ရင်ဆိုင်တွေ့သည့်အချိန်တွင် စဦးပြောဆိုမှုကို မည်သို့မှ မပြုလုပ်ရကြောင်း သင်ယူထားခဲ့ဖူးသည် မဟုတ်လား။ သူသည် အကြီးအကဲဝေ၏ ဆုံးမစကားများကို နားထဲတွင် ကြားယောင်နေမိတော့၏။
“စီနီယာအစ်မ” စုရှောင်မိုက ပြောလိုက်သည်။
“ကျုပ်သွားပြီးကျင့်ကြံလိုက်အုံးမယ်။”
ရှရွှေယွင်သည် စုရှောင်မို ထွက်ခွာသွားသည်ကို ကြည့်၍ မည်သည့်စကားမှ မဆိုချေ။
စားသောက်ခန်းဆီမှ ထွက်ခွာသွားသည့်နောက်မှာတော့ စုရှောင်မိုသည် စိတ်ဝိညာဉ်ချီ အစီအရင်ထဲသို့ ဝင်ရောက် လိုက်တော့၏။ ပြီးသည့်နောက်မှာတော့ သဘာဝစိတ်ဝိညာဉ်ကျောက်တုံးများကို ထုတ်ယူကာ စတင်ကာ စုပ်ယူတော့သည်။
သူ၏အဆင့်သည် လီချင်းယန်၊ တစ်ခြားသောသူများနှင့် ဝေးကွာခဲ့ပြီဆိုသော်လည်း ကံကောင်းစွာဖြင့် ဂိုဏ်းချုပ်သည် သူအား သိုင်းပညာအရင်းအမြစ်အများအပြားကို ပေးစွမ်းခဲ့၏။ ထိုအရာများကို အသုံးပြု၍ သူသည် စီနီယာအစ်ကိုများအား အမှီလိုက်ရပေတော့မည်။
“ငါ့အနေနဲ့ သိုင်းဘုရင်ထိပ်ဆုံးအဆင့်ကို ချိုးဖြတ်ရောက်ရှိဖို့ တော်တော်လိုသေးတာပဲ။”
သဘာဝစိတ်ဝိညာဉ်ကျောက်တုံး ဆယ်တုံးကို စုပ်ယူပြီးသည့်နောက်မှာတော့ စုရှောင်မိုသည် အပြင်ဘက်သို့ လျှောက်ထွက်လာကာ တွေးလိုက်မိ၏။ “အတွင်းစည်း တပည့်အဖြစ်ကို ရောက်မယ်ဆိုရင် ပိုမိုကောင်းမွန်တဲ့ သိုင်းပညာအရင်းအမြစ်တွေ ရရှိမှာပဲ။”
ထိုက်ရွှမ်အအေးဂိုဏ်းသည် ပြိုင်စံရှာဂိုဏ်းကဲ့သို့ များပြားလှသည့် အထူးဂိုဏ်းပစ္စည်းများမရှိချေ။ ထို့ကြောင့် တပည့်များအား မြန်မြန်ဆန်ဆန် အဆင့်တိုးတက်အောင် ပြုလုပ်ပေးနိုင်စွမ်းမရှိလှပေ။ သို့ပေမဲ့ အတွင်းစည်း တပည့်များ ရရှိနိုင်သည့် အရင်းအမြစ်သည် အလွန်တရာ များပြားလွန်း၏။ ထို့ကြောင့် ဤ အရင်းအမြစ်များကို ရရှိမည်ဆိုပါက သူသည် ပိုမိုကာ တိုးတက်သွားမှာသေချာ၏။
“ရွှေကြေးခွံတောင်ဆီကို သွားတဲ့ခရီးလမ်းမှာ ငါက ထိုက်ရွှမ်အအေးဂိုဏ်းနဲ့ အဆင့်မြင့်နေရာတစ်ခုဆီကို ရောက်သွား ဖို့ မျှော်လင့်မိတယ်။ အတွင်းစည်းထဲကိုသာ ဝင်နိုင်မယ်ဆိုရင် ပိုပြီးကောင်းမှာပဲ။” စုရှောင်မိုသည် တွေးမိလိုက်မိ၏။
…
ပြိုင်စံရှားဂိုဏ်း၏ စာကြည့်ခန်းထဲမှာတော့ လီချင်းယန်သည် မနေ့က ဆောက်လုပ်ရေးလုပ်ငန်းစဉ်များနှင့် ပတ်သက်၍ ထုံးစံအတိုင်း လာရောက်၍ သတင်းပေးပို့တော့သည်။
သို့ပေမဲ့ သူလျှောက်ဝင်လာချင်းချင်းမှာပဲ ငွေရောင်ဆံပင်ဖြူများနှင့် ဝတ်ရုံရှည်ကို ဝတ်ဆင်ထားသော အဘိုးကြီး တစ်ယောက်သည် လက်နှစ်ဖက်ကို နောက်ပစ်ကာ ပြတင်းပေါက်တွင် ရပ်လျက်ရှိနေကြောင်း မြင်လိုက်ရ၏။ ထို့ကြောင့် သူသည် အံအားသင့်စွာဖြင့် မေးလိုက်တော့၏။ “ခင်ဗျားဘယ်သူလဲ။”
“အဖိုးကြီး ကျွင်းတန်”
အဘိုးကြီးသည် ကြင်နာတတ်သည့် မျက်နှာပိုင်ရှင်ပင် ဖြစ်နေတော့၏။ လီချင်းယန်သည် ထိတ်လန့်တုန်လှုပ်စွာဖြင့် ပြောလိုက်သည်။ “ဂိုဏ်း ဂိုဏ်းချုပ်လား”
အမှန်ပင်ဖြစ်သည်။ ဤအသက်ခုနှစ်ဆယ်၊ ရှစ်ဆယ်နီးပါးခန့်ရှိသော အဘိုးကြီးသည် မှော်ပညာဖြင့် အဆင့်မြှင့်တင်ထားသည့် မျက်နှာဖုံးကို စွပ်ထားသည့် ကျွင်းချောင်ရှောင်းပင် ဖြစ်တော့သည်။
“ဘယ်လိုလဲ။”
ကျွင်းချောင်ရှောင်းသည် အိုစာသည့်အသံဖြင့် မေးလိုက်၏။
လီချင်းယန်၏ နှုတ်ခမ်းများသည် တုန်ယင်သွား၏။ “ဂိုဏ်းချုပ်သာ မူလအသံကို အသုံးမပြုဘူးဆိုရင် ဘယ်သူလဲဆိုတာကို ပြောဖို့တောင်ခက်တယ်။”
“ဟားဟား ဟားဟား”
ကျွင်းချောင်ရှောင်းသည် သူ၏မုတ်ဆိတ်များကို အသာပွတ်သပ်ကာဖြင့် ရယ်လိုက်၏။ သူ၏အပြုအမူသည် အဘိုးကြီး တစ်ယောက်၏ အသွင်အပြင်မျိုးပင် ဖြစ်နေတော့၏။ သရုပ်ဆောင်ကောင်းတစ်ယောက်ဖြစ်သည်မို့ သူသည် မည်သည့်ဇာတ်ရုပ်မျိုးကိုမဆို ကောင်းမွန်စွာဖြင့် သရုပ်ဆောင်နိုင်စွမ်းရှိသည်။
“ချင်းယန် ငါခဏလောက်အပြင်သွားအုံးမယ်။ ဂိုဏ်းကိစ္စတွေကို မင်းတာဝန်ယူထားလိုက်တော့။” ကျွင်းချောင်ရှောင်း၏ လေသံသည် အစစ်အမှန်ပင် အဘိုးကြီးတစ်ယောက်၏ အသံမျိုးပင်ဖြစ်၏။
သူသည် မူလ ကျွင်းချောင်ရှောင်းဆိုသည့် အရာကိုပင် မေ့လျော့သွားခဲ့ပုံပင်ပေါ်တော့၏။ လက်ရှိအခြေအနေမှာတော့ ပြိုင်စံရှားဂိုဏ်း၏ ဂိုဏ်းချုပ်ဆိုသည်မှာ မရှိတော့ချေ။ ထို့အတူ ကုန်းရှန့် ဆိုသည်မှာလည်း မရှိတော့ချေ။ ထိုအစားလွတ်လွတ်လပ်လပ်ဖြင့် လောကကြီးတခွင်ကို လှည့်လည်သွားလာ နေသော အဘိုးကြီးကျွင်းတန်သာလျှင် ရှိတော့သည်။
“ကောင်းပါပြီ။”
လီချင်းယန်ကပြောလိုက်သည်။ ပြီးသည့်နောက်မှာတော့ ကျွင်းချောင်ရှောင်းသည် အင်္ကျီလက်ကို ယမ်းခါကာဖြင့် ပြိုင်စံရှားဂိုဏ်းထဲမှ ပျံသန်းထွက်ခွာသွားခဲ့တော့သည်။
သူသည်တစ်ယောက်တည်းမသွားပေ။ တောတစ်ရာဘုရင်ပိုင်လျိုကိုပါ သူနှင့်အတူ ခေါ်ဆောင်သွားခဲ့တော့သည်။
မူလအားဖြင့် ခရမ်းရောင်ဘုရင်ကို ခေါ်ဆောင်သွားရန် စီစဉ်ထားခဲ့သေး၏။ သို့ပေမဲ့ ခရမ်းရောင်ဘုရင်၏ သရုပ်ဆောင် စွမ်းရည် သည် အလွန်ဆိုးရွားလွန်းလှ၏။ ထို့ကြောင့် သူ၏ပဋိညာဉ်သားရဲကိုသာ ခေါ်ဆောင်သွားတာ ပိုကောင်းမည်ဟု သုံးသပ်လိုက်မိသည်။
တစ်ချိန်တည်းမှာဘဲ ဝေးကွာလှသည့် တည်နေရာရှိ ထိုက်ရွှမ်အအေးဂိုဏ်းထဲမှာတော့ စုရှောင်မိုသည် အကြီးအကဲ အနည်းငယ်တို့၏ အနောက်မှလိုက်၍ ရွှေကြေးခွံတောင်ဆီသို့ ဦးတည်လာခဲ့တော့သည်။
ကုန်းရှန့် နှစ်ယောက်သည် မကြာခင်တွေ့ဆုံရတော့မှာဖြစ်သည်။
…
ရွှေကြေးခွံတောင်
ကြယ်ကြွေကုန်းမြေတိုက်၏ ကျော်ကြားလှသော တောင်ကြီးတစ်ခုဖြစ်ပြီး များပြားလှသည့် သားရဲရိုင်းများနှင့် စိတ်ဝိညာဉ်သားရဲများသည် ဤတောင်ထဲတွင် တည်ရှိနေ၏။
ထို့ကြောင့် အထဲသို့ ဝင်၍ သေလမ်းရှာရန် အကောင်းဆုံးသော တည်နေရာပင်ဖြစ်သည်ဟု ဆိုရမည်။
ရက်အနည်းငယ်ခရီးသွားပြီးသည့်နောက်မှာတော့ စုရှောင်မိုသည် အကြီးအကဲ(၄)ယောက်၊ ရှရွှေယွင်၊ စွန်းရင်ချွမ် တို့နှင့်အတူ တောင်ခြေဆီသို့ ရောက်ရှိလာခဲ့သည်။
အပြင်စည်းဂိုဏ်းတပည့်များသည် ဤကဲ့သို့ အဆင့်မြင့်သားရဲများကို အမဲလိုက်သည့်နေရာတွင် ကူညီပေးနိုင်စွမ်း ရှိလိမ့်မည်ဟု အကြီးအကဲများက မသတ်မှတ်ကြချေ။ ၎င်းတို့အနေနှင့်ကြီးမားလှသည့် အတွေ့အကြုံကြီးကို မျက်မြင်ကြည့်ရှုနိုင်စေရန်သာ ခေါ်ဆောင်လာခဲ့ခြင်းဖြစ်တော့၏။
“ကုန်းရှန့် ငါနည်းနည်းစိုးရိမ်နေတယ်။”
တောင်၏ခြေရင်းတွင် မတ်တပ်ရပ်လိုက်သည့်အချိန်မှာတော့ စွန်းရင်ချွမ်သည် ကြမ်းတမ်းလှသည့်အော်ရာများ၏ ဖိအားဒဏ်ကို ခံစားလိုက်ရ၏။ သူ၏ မျက်လုံးထဲတွင်တော့ ထိတ်လန့်ကြောက်ရွံ့မှုများနှင့် ပြည့်နှက်နေသည်။
စုရှောင်မိုက ပြောလိုက်သည်။ “အဆင်ပြေပါတယ်လေ။ ဒီမှာ အကြီးအကဲလေးယောက်ရှိတယ်။”
သူ၏ အမူအရာတစ်ချက်လေးမှ မပြောင်းလဲသည်ကို မြင်ရသည့်အခါမှာတော့ အကြီးအကဲများ၏ မျက်လုံးများသည် ချီးကျူးသည့် အရိပ်အယောင်များ ပေါ်ပေါက်လာခဲ့တော့သည်။
ပထမယွမ်လင်တောင်တုန်းကလည်း ဤစုကုန်းရှန့်သည် ကောင်းမွန်လှသည့်သတ္တိကို ထုတ်ဖော်ပြသခဲ့ဖူးသူ ဖြစ်သည်။ ဤကောင်လေးသည် ပြုစုပျိုးထောင်ရန်အတွက် အကောင်းဆုံးသောသူပင်ဖြစ်ပေလိမ့်မည်။
“အားလုံးပဲ။ နားထောင်ကြ။”
အကြီးအကဲတစ်ယောက်က ပြောလိုက်သည်။ “တောင်ထဲကို ဝင်ပြီးတဲ့အချိန်မှာ ငါတို့အနားကို နီးနီးကပ်ကပ်လိုက်ရမယ်။ ခွင့်ပြုချက်မရှိဘဲ ထွက်ခွာသွားလို့မရသလို ခွင့်ပြုချက်မရှိဘဲနဲ့ တိုက်ခိုက်လို့လည်းမရဘူး။”
“ကောင်းပါပြီ။”
စုရှောင်မိုနှင့် တစ်ခြားသောသူများအားလုံးသည် သံပြိုင်အော်ဟစ်လိုက်ကြ၏။
“သွားကြရအောင်။”
အကြီးအကဲနှစ်ယောက်တို့သည် ရှေ့မှဦးဆောင်ကာ သွားခဲ့တော့၏။ အနောက်ဘက်မှာတော့ အကြီးအကဲ နှစ်ယောက်တို့ ရှိနေပြီး အပြင်စည်းဂိုဏ်းတပည့်ခြောက်ယောက်တို့မှာတော့ အလယ်တွင် ရှိနေသည်။
သူတို့သည် ပြီးသည့်နောက်မှာတော့ အသာပင်တောင်ပေါ်သို့ လျှောက်လှမ်းတက်တော့၏။
ဝေါင်း ဝေါင်း
တောင်၏ အလယ်လောက်ဆီသို့ ရောက်ချိန်မှာတော့ သားရဲရိုင်းတချို့၏ အော်ဟစ်သံကို ကြားလိုက်ရ၏။
“ဒါက ကြိမ်းသေပေါက်စိတ်ဝိညာဉ်သားရဲတစ်ကောင်ဘဲ။”
အပြင်စည်းဂိုဏ်းတပည့်(၆)ယောက်တို့ထဲတွင် စုရှောင်မိုနှင့်ရှရွှေယွင်သည်သာ တည်ငြိမ်လျက်ရှိနေ၏။ ကျန်သည့် လေးယောက်သည် ထိတ်လန့်ကြောက်ရွံ့နေကြ၏။ ၎င်းတို့၏ လက်ဝါးများသည် ချွေးစေးများပင် ပြန်လျက်ရှိနေ သေးသည်။
ဝေါင်း
ထိုအချိန်မှာတော့ သားရဲရိုင်းအချို့သည် ဘေးဘယ်ညာဆီမှ ထွက်ပေါ်လာခဲ့ကြ၏။ ၎င်းတို့ထုတ်လွှတ်နေသော အော်ရာများကို ကြည့်ရှုမည်ဆိုလျှင် သိုင်းဘုရင်အဆင့်ထိသို့ပင် ရောက်ရှိနေသည်ကို မြင်နိုင်စွမ်းရှိ၏။
ဘုန်း ဘုန်း
အကြီးအကဲနှစ်ယောက်တို့သည် ၎င်းတို့၏ အော်ရာများကို ထုတ်ဖော်ပြီးသည့်နောက်မှာတော့ များပြားလှသည့် လက်ဝါးရိုက်ချက်များကို ထုတ်ဖော်ကာ ဝင်ရောက်လာသည့် သားရဲရိုင်းများကို ဖြေရှင်းတိုက်ခိုက်လိုက်ခဲ့၏။
မထင်မှတ်ဘဲဖြစ်ပေါ်လာခဲ့သည့်အခြေအနေတစ်ခုသည် မြန်မြန်ဆန်ဆန်ပဲ ဖြေရှင်းပြီးဖြစ်နေ၏။ သို့ပေမဲ့ အပြင်စည်း ဂိုဏ်းတပည့်များမှာတော့ ကြောက်ရွံ့စွာဖြင့် တုန်ယင်လျက်ပင်ရှိနေကြ၏။
ရှရွှေယွင်ပင်လျှင် စိတ်ဝိညာဉ်သားရဲများထွက်ပေါ်လာသည်ကို မြင်လိုက်ရသည့်အချိန်တွင် ထိတ်လန့်တကြားဖြင့် နောက်သို့ ခြေနှစ်လှမ်းဆုတ်မိ၏။
အပြင်စည်းဂိုဏ်းတပည့်ထဲတွင် တည်ငြိမ်စွာရပ်နေသူဟူ၍ စုရှောင်မိုတစ်ယောက်သာ ရှိနေတော့သည်။ သူသည် အကြီးအကဲများ စိတ်ဝိညာဉ်သားရဲများနှင့်ရင်ဆိုင်နေသည့်အချိန်တွင် မျက်မှောင်တစ်ချက်လေးတောင် ကုတ်မသွား ခဲ့ချေ။
“မဆိုးဘူး။”
အကြီးအကဲလေးယောက်တို့သည် ပိုမို၍ သဘောကျမိလာခဲ့ကြသည်။ ဤကဲ့သို့သော ဇွဲနှင့်သတ္တိမျိုးသည် အစစ်အမှန် ပင်ပြုစုပျိုးထောင်သင့်သည့် လူတစ်ယောက်၏ စိတ်ဓာတ်မျိုးပင် ဖြစ်တော့သည်။
“သွားကြရအောင်။”
၎င်းတို့အဖွဲ့သည် တောင်ပေါ်သို့ ဆက်၍တက်လိုက်ကြတော့၏။ ခြေလှမ်းတစ်ရာလောက်ဆက်လက်သွားပြီးသည့် နောက်မှာတော့ ၎င်းတို့သည် တောင်၏ထိပ်ဆီသို့ ရောက်ရှိသွားကြ၏။
ရွှေကြေးခွံတောင်၏ထိပ်တွင် သစ်တောကြီးတစ်ခုတည်ရှိနေ၏။ ဤထဲတွင် များပြားလှသော သားရဲရိုင်းများပင် မကဘဲ ကျေးငှက်များလည်း တည်ရှိလို့နေသေးသည်။
ဝှစ်
လေအေးများတိုက်ခတ်လာပြီးသည့်နောက်မှာတော့ ကြမ်းတမ်းသောအော်ရာများသည် ဖြစ်တည်လာခဲ့၏။ ထိုအော်ရာများကို ရရှိသည့်နောက်မှာတော့ အပြင်စည်းဂိုဏ်းတပည့်များသည် ထိတ်လန့်တကြားဖြင့် တစ်ကိုယ်လုံးပင် တုန်သွားမိ၏။
ဝေါင်း
ရုတ်တရက် ကျားတစ်ကောင်၏ ဟိန်းသံသည် ထွက်ပေါ်လာခဲ့၏။ ခရမ်းရောင်လျှပ်စီးတန်းများ ဖြတ်ပြေးလျက်ရှိနေ သော ကျားတစ်ကောင်သည် အဝေးတစ်နေရာဆီမှ ရောက်ရှိလာသည်။
“ခရမ်းရောင်လျှပ်စီးသားရဲပဲ။”
အကြီးအကဲလေးယောက်တို့၏ အကြည့်များသည် ရုတ်တရက် လိုချင်တပ်မတ်မှုများနှင့် ပြည့်နှက်သွားခဲ့ကြ၏။ ခရမ်းရောင်လျှပ်စီးသားရဲဆိုသည်မှာ မိုးကြိုးဓာတ်သဘာဝသားရဲရိုင်းများထဲတွင် အရှားပါးဆုံးသော သားရဲလည်း ဖြစ်၏။ ထို့ကြောင့် ဤကဲ့သို့သော သတ္တဝါကို ထိန်းကျောင်းနိုင်လိုက်မည်ဆိုလျှင် မည်မျှကောင်းလိုက်မည်နည်း။
“လိုက်တော့ လိုက်တော့။”
“မလွတ်စေနဲ့။”
ဝှစ် ဝှစ် ဝှစ်
ချက်ချင်းပဲ အကြီးအကဲသုံးယောက်တို့သည် ခရမ်းရောင်လျှပ်စီး ကျားသားရဲနောက်သို့ လိုက်တော့သည်။ တစ်ခြားသော အကြီးအကဲတစ်ယောက်မှာတော့ အပြင်စည်းဂိုဏ်းတပည့်များကို ကာကွယ်ရန် နောက်တွင် ကျန်ခဲ့တော့သည်။
“ခရမ်းရောင်လျှပ်စီးသားရဲ”
စုရှောင်မိုသည် တွေးလိုက်မိ၏။ ဂိုဏ်းချုပ်ရောက်နေပြီပဲ။
ဝေါင်း ဝေါင်း
ရုတ်တရက် ဒေါသတကြီးဟိန်းဟောက်သံများသည် တောင်၏အတွင်းဘက်တွင် ဖြစ်ပေါ်လာ၏။ တောင်တစ်ခုလုံး သည် တုန်ခါလျက်ရှိနေတော့၏။
ဝှစ် ဝှစ်
ခနလောက်ကြာပြီးသည့်နောက်မှာတော့ သားရဲရိုင်းများ တော်တော်များများပေါ်ပေါက်လာခဲ့ကြသည်။ ၎င်းတို့ထဲမှ တစ်ကောင်ဆိုလျှင် သိုင်းအုပ်စိုးသူထိပ်ဆုံးအဆင့်ကိုပင် ရောက်ရှိနေ၏။ တစ်ကိုယ်လုံးတွင်လည်း ရွှေရောင်အမွှေး အမျှင်များနှင့် ဖုံးလွှမ်းလျက်ရှိနေသည်။
“အား မဟုတ်တော့ဘူး။”
အပြင်စည်းဂိုဏ်းတပည့်များကို ကာကွယ်လျက်ရှိနေသော အကြီးအကဲသည် ထိတ်လန့်တုန်လှုပ်သွားမိ၏။
ဤရွှေရောင်စိတ်ဝိညာဉ်သားရဲသည် ဤတစ်ကြိမ် ၎င်းတို့အမဲလိုက်ရန်အတွက် ပစ်မှတ်ထားသည့် သားကောင်လည်းဖြစ်၏။ သို့ပေမဲ့ သတ်မှတ် တည်နေရာထဲကို မရောက်ရှိသေးခင်မှာဘဲ ၎င်းသည် များပြားလှသည့် အကူအညီ များကို ခေါ်ဆောင်ပြီး သူတို့၏ အရှေ့ဆီသို့ ရောက်ရှိလာခဲ့သည်။
…
လွန်ခဲ့သည့်နှစ်နာရီတုန်းက
ဝေါင်း
ရွှေကြေးခွံတောင်၏ အတွင်းဘက်မှာတော့ ရွှေကြေးခွံစိတ်ဝိညာဉ်သားရဲသည် နာကျင်စွာဖြင့် မြေပေါ်တွင် လဲကျလျက်ရှိနေ၏။ ပိုင်လျိုသည် ၎င်း၏ ခေါင်းပေါ်သို့ ခြေထောက်တင်၍ တိုက်ခိုက်လိုသည့် ဆန္ဒအပြည့်နှင့် ကြည့်ရှု လိုက်၏။
“ကောင်လေး။”
ငွေရောင်ဆံပင်များတည်ရှိနေသော အကြီးအကဲတစ်ယောက်အဖြစ် အသွင်ပြောင်းထားသော ကျွင်းချောင်ရှောင်းသည် အဝေးတစ်နေရာတွင် ထိုင်၍ မေးလိုက်၏။ “မင်း ကျုပ်ရဲ့ ပဋိညာဉ်သားရဲလုပ်မလား။”
“လုပ် … လုပ်ပါမယ်။ ပဋိညာဉ်သားရဲလုပ်ပါမယ်။” ရွှေရောင်ချည်မျှင်သားရဲသည် ထိတ်လန့်တကြားဖြင့် ပြောလိုက်မိ၏။
ဤလူသား၏ အော်ရာများသည် အလွန်တရာ အားကောင်းလှသည့်အပြင် ဤလူသားနှင့်အတူ လိုက်ပါလာသော ပဋိညာဉ်သားရဲဖြစ်သည့် ပိုင်လျိုသည် ကြောက်မက်ဖွယ်ရာကောင်းလောက်အောင် အားကောင်းလွန်း၏။ လက်တစ်ချက်ဝှေ့ယမ်းရုံဖြင့် သူသည် ဒဏ်ရာရရှိခဲ့၏။ ထို့ကြောင့် ၎င်း၏ သခင်ဖြစ်သော လူသားသည် ပိုမို၍ ကြောက်မက်ဖွယ်ရာကောင်းမည်မှာ သေချာနေသည်။
“စိတ်ကိုအေးအေးထား။”
ကျွင်းချောင်ရှောင်းသည် ရှေ့သို့လျှောက်လာပြီးသည့်နောက်မှာတော့ ရွှေရောင်ချည်မျှင်သားရဲ၏ ဦးခေါင်းပေါ် လက် တစ်ဖက်တင်လိုက်၏။ ပြီးသည့်နောက်မှာတော့ ၎င်း၏ စိတ်ဝိညာဉ်စွမ်းအင်များကို အသုံးပြုကာ ပဋိညာဉ်ရေးထိုးမှုကို ပြုလုပ်လိုက်တော့၏။
သူသည် တစ်ယောက်တည်း သာ ရောက်ရှိလာမည်ဆိုပါက သိုင်းအုပ်စိုးသူ ထိပ်ဆုံးအဆင့် စိတ်ဝိညာဉ်သားရဲအား ထိန်းကြောင်းနိုင်ရန်မှာ လွယ်ကူလိမ့်မည်မဟုတ်ချေ။ သို့ပေမဲ့ တောင်တစ်ရာဘုရင်သည် သူ၏ဘေးတွင် ရှိနေ၏။ ထို့ကြောင့် အရာအားလုံးသည် လွယ်ကူစွာ ဖြစ်တည်နေတော့သည်။