အခန်း (၉၀၉)
Vol. 61 Ch. 909
သားရဲအုပ်ကြီး နောက်ဆုတ်ထွက်ခွာသွားပြီးသည့်နောက် စုရှောင်မိုသည် မြေပေါ်သို့ ဒူးထောက်ချခဲ့၏။ ဤအရာ သည် အကြီးအကဲများအား ဇဝေဇဝါ ဖြစ်စေခဲ့၏။ ထို့အပြင် ဤကောင်လေးသည် ယွမ်လင်တောင်တန်းတွင် အလွန်တရာ ကောင်းမွန်လှသည် သတ္တိ၊ ဗျတ္တိကို ထုတ်ဖော်ပြသခဲ့သည့် လူတစ်ယောက်မဟုတ်လား။ အဘယ် ကြောင့် ဤကဲ့သို့သော အခြေအနေမျိုးကို ကြုံရသည့်အချိန်တွင် မတ်တပ်ပင် မရပ်နိုင်ဘဲ ထိတ်လန့်တကြားဖြင့် ဒူးထောက်နေရသနည်း။
စွန်းရင်ချွမ်နှင့် တခြားသော အပြင်စည်းဂိုဏ်းသားတပည့်သုံးယောက်တို့သည်လည်း ဆွံ့အသွားခဲ့ကြသည် ဆိုသော်လည်း အန္တရာယ်တွင်းမှ လွတ်ကင်းပြီးသည့်နောက်မှာတော့ မတ်မတ်ရပ်နိုင်စွမ်း တော့ ရှိနေသေး၏။
၎င်းတို့ အားလုံးသည် စုကုန်းရှန့်အား ပြုစုပျိုးထောင်ရန်သင့်သော အကောင်းဆုံး မျိုးစေ့တစ်ခုဖြစ်သည်ဟု သတ်မှတ်ထား ခဲ့ကြ၏။ အဆုံးသတ်မှာတော့ သူသည် ဤကဲ့သို့သော မလျော်ညီသည့် ဒူးထောက်သော ကိစ္စရပ်ကို ပြုလုပ်ခဲ့၏။ ထို့ကြောင့် အကြီးအကဲလေးယောက်တို့သည် မည်သို့မျှ မနေနိုင်ဘဲ စိတ်ပျက် မိသွားကြသည်။
ရှရွှေယွင်၏ မျက်လုံးများထဲတွင်လည်း ရှုပ်ထွေးလှသည့် ခံစားချက်များနှင့် ပြည့်နှက်လာခဲ့တော့သည်။ ဤအတောအတွင်း သူမသည် စုရှောင်မိုအား ပွင့်ပွင့်လင်းလင်း တစ်မျိုး၊ တိုးတိုးကျိတ်ကျိတ် တစ်ဖုံဖြင့် ကူညီခဲ့၏။ ဤအရာများအားလုံးသည် ယွမ်လင်တောင်တန်းပေါ်တွင် ပြသခဲ့သည့် စွမ်းဆောင်ရည် ကြောင့်ပင်ဖြစ်၏။
ဤတစ်ကြိမ် ဖြစ်ပေါ်လာသည့် အန္တရာယ်အဆင့်သည် အရင်ထက်တုန်းကထက် ပိုမို၍ ကြီးမားလွန်းသည် ဆိုသော်လည်း ဒူးထောက်ကျသည်အထိ ကြောက်လန့်နေစရာတော့ မလိုအပ်ချေ။ ယောက်ျားတစ်ယောက်တွင် မာနနှင့် သိက္ခာတရားတော့ ရှိနေသင့်သည် မဟုတ်လား။ ရှရွှေယွင်သည် အပြင်ဘက်သို့ထွက်၍ ပါးပိတ်ရိုက်ရန်ပင် စဉ်းစားလိုက်မိ၏။ စုကုန်းရှန့်... နင့်ကို ငါစိတ်ပျက်မိတယ်။
စွန်းရင်ချွမ်သည် အနည်းငယ် ဇဝေဇဝါ ဖြစ်မိနေသော်လည်း ကုန်းရှန့်၏ လက်ရှိအပြုအမူသည် အကြီးအကဲများကို စိတ်သဘောမတွေ့စေကြောင်း ကောင်းကောင်းသိ၏။ အဆိုးဆုံးအနေနှင့် အနာဂတ်ကိုပင် သက်ရောက်သွားစေနိုင်သည်။ ထို့ကြောင့် သူသည် အလောတကြီးဖြင့် တီးတိုးပြောလိုက်သည်။ “မြန်မြန်.. မြန်မြန်ထတော့”
သို့ပေမဲ့ စုကုန်းရှန့်သည် သူ၏စကားကို မကြားရုံသာမက ဒူးထောက်၍ ငိုလျက်ပင် ရှိနေသေး၏။ ထို့ပြင် အော်လိုက်သေး၏။ “ဆရာ”
“အမ်” စွန်းရင်ချွမ်သည် ကြောင်အသွား၏။ စိတ်ပျက်လျက်ရှိသည့် အကြီးအကဲလေးယောက်တို့သည်လည်း ကြောင်အလျက်ရှိနေသည်။ သူသည် “ဆရာ”ဟု အော်ခေါ်လိုက်လေသည်လား။
စွန်းရင်ချွမ်၏ ရှုပ်ထွေးသည့် အရိပ်အယောင်များနှင့် ပြည့်နှက်နေသော မျက်လုံးများသည်လည်း အံ့အားသင့်မှုများနှင့် အစားထိုး ရောက်ရှိ သွား၏။ ဤငွေရောင်ဆံပင်နှင့် အဘိုးအိုသည် စုကုန်းရှန့်၏ ဆရာ ဖြစ်နေသည်လား။
“ကျုပ်ဆရာရဲ့ နာမည်က အဘိုးကြီး ကျွင်းတန်လို့ ခေါ်တယ်လေ၊ သူက တောင်ထဲမှာ တံခါးပိတ်ကျင့်ကြံပြီး နေထိုင်ရတာကို နှစ်သက်တယ်” စုရှောင်မို၏ စကားသံသည် သူ၏ နားထဲသို့ ရောက်ရှိလာ၏။ စွန်းရင်ချွမ်သည် ချက်ချင်းပဲ ဤအဘိုးကြီးသည် မည်သူဖြစ်သည်ဆိုသည်ကို သိရှိနားလည်သွားတော့၏။
အကြီးအကဲ လေးယောက် တို့သည်လည်း နားလည်သွားမိသည်။
ဤကောင်လေးသည် ကြောက်လန့်လွန်းသောကြောင့် မြေပေါ်တွင် ဒူးထောက်ထိုင်နေခြင်း မဟုတ်ပေ။ သူ၏ ဆရာကို မြင်ရသောကြောင့် မနေနိုင်ဘဲ ဒူးထောက်နေခြင်းသာ ဖြစ်တော့သည်။ တစ်ရက်တာ သင်ကြားပြသပေးခဲ့ သောသူသည် တစ်ဘဝလုံးစာ အဖေပင် ဖြစ်တော့သည်။ တပည့်တစ်ယောက်သည် ဆရာကို တွေ့တွေ့ချင်း ဒူးထောက်သည် ဆိုသည်မှာ အလွန်ကောင်းမွန်လှသော အပြုအမူပင် ဖြစ်၏။ ထို့ကြောင့် ဘာတစ်ခုမှ မမှားယွင်းချေ။
စုရှောင်မိုသည် မျက်ရည်စက်လက်နှင့် သူ၏အရှေ့တွင် ဒူးထောက်နေသည်ကို မြင်ရသည့်အချိန်မှာတော့ ကျွင်းချောင်ရှောင်းသည် မည်သို့မှ မနေနိုင်ဘဲ စိတ်ထဲမှာ ကြိတ်ကာ ရေရွတ်လိုက်မိ၏။ “ငါ့တပည့်ရဲ့ သရုပ်ဆောင် စွမ်းရည်က ငါ့ကိုတောင် ကျော်တက်သွားပြီပဲ”
ကျွမ်းကျင်လွန်းလှသော သရုပ်ဆောင်တစ်ယောက်ဖြစ်သည်မို့ သူသည် ဇာတ်ရုပ်တော်တော်များများ၏ သရုပ်ဆောင်မှုမျိုးကို အရင်ကတည်းက လေ့လာထားပြီးသားဖြစ်သည်။ ထို့ကြောင့် ကျွင်းချောင်ရှောင်းသည် ပြုံးကာ ကြည့်ရှုလိုက်မိ၏။ “ကုန်းရှန့်လေး... ငါတို့ ခွဲခွာသွားခဲ့တာ နှစ်အနည်းငယ် ရှိပြီလေ၊ ဒီရွှေကြေးခွံတောင်တန်းထဲမှာ ထပ်ပြီးတော့ တွေ့လိမ့်မယ်လို့ မမျှော်လင့်ခဲ့မိဘူး”
သူ့အနေနှင့် ဖြစ်နိုင်မည်ဆိုလျှင် ရှေ့သို့ပြေးသွားပြီး စုရှောင်မိုအား အားရပါးရ ကန်ကျောက်ချင်စိတ်ပင် ဖြစ်မိနေ၏။ တခြားသူများ၏ ဂိုဏ်းတွင် သူလျှိုပြုလုပ်မည်ဆိုလျှင် လောကကြီးတွင် ရှိရှိသမျှသော နာမည်များကို ရွေးချယ်၍ ပေးအပ်နိုင်စွမ်း ရှိနေသည်။ သို့ပေမဲ့ စုရှောင်မိုဆိုသည့်အကောင်သည် အဘယ်ကြောင့် သူ၏နာမည်ဖြစ်သော ကုန်းရှန့်ဆိုသည့် နာမည်အား သွား၍ ပေးအပ်ထားရသနည်း။
“ဆရာ”
စုရှောင်မိုသည် ငိုယိုလျက်ရှိ၏။ “ဘာလို့ နှုတ်မဆက်ဘဲနဲ့ ထွက်ခွာသွားရတာလဲ၊ ကျွန်တော် တစ်ခုခု မှားယွင်းတာတွေ လုပ်ခဲ့လို့လား”
“ချီးတဲ့မှ”
ဤအရာသည် ဇာတ်လမ်း၊ ဇာတ်ညွှန်းထဲတွင် ပါဝင်ခဲ့သည် မဟုတ်ပေ။ ကျွင်းချောင်ရှောင်းသည် ခေါင်းကိုခါယမ်းကာ ပြောလိုက်၏။ “ငါသင်ပေးနိုင်တာတွေအားလုံး သင်ပေးခဲ့ပြီးပြီလေ၊ မင်းအနေနဲ့ အနာဂတ်မှာ ဘာတွေဖြစ်လာနိုင်မလဲဆိုတာ ကိုယ့်ရဲ့ ကြိုးစားအားထုတ်မှုအပေါ်မှာပဲ မူတည်နေလိမ့်မယ်”
“အရင်တုန်းက ကျွန်တော်က မောက်မာပြီးတော့ ဆိုးသွမ်းခဲ့တယ်၊ ဒါကြောင့် စုမိသားစုထဲကနေ ထွက်ပြေးခဲ့တာ ပေါ့၊ တောနက်ထဲမှာ ဆရာနဲ့တွေ့ဖို့ အခွင့်အရေးသာ မရခဲ့ဘူးဆိုလို့ရှိရင် ကြမ်းတမ်းလှတဲ့ သားရဲရိုင်းတွေရဲ့အစာ ဖြစ်နေခဲ့တာ ကြာပြီလေ”
စုရှောင်မိုသည် ပြောရင်းပြောရင်း ဝမ်းနည်းလာဟန်ဖြင့် မျက်ရည်များပင် ထပ်မံဝိုင်းလာ ခဲ့သည်။ သူက ဝမ်းနည်းပက်လက်ဖြင့် ပြောလိုက်၏။ “ဒီတော့ ကျွန်တော်က အနာဂတ်အောင်မြင်မှုအကြောင်းကို မစဉ်းစားချင်ဘူး၊ ဘဝတစ်ခုလုံး ဆရာ့ကိုပဲ အလုပ်အကျွေးပြုချင်တာ”
ထိုက်ရွမ်အအေးဂိုဏ်းမှ အကြီးအကဲလေးယောက်တို့သည် တိတ်ဆိတ်ငြိမ်သက်လျက်ရှိနေ၏။ ဓားနှင့် သိုင်းတာအို လေ့ကျင့်သော သိုင်းနယ်မြေတစ်ပိုင်းကျင့်ကြံသူဆိုသည်မှာ ဤကုန်းမြေတိုက်ကြီးတွင် ထိပ်တန်းကျွမ်းကျင်သူ တစ်ယောက်ဟု သတ်မှတ်နိုင်၏။ ငယ်ရွယ်စဉ်တွင် ဤကဲ့သို့ ကျွမ်းကျင်သူတစ်ယောက်နှင့် တွေ့ဆုံရသည် ဆိုသည်မှာ ကံကောင်းခြင်းဖြစ်သော်လည်း စုကုန်းရှန့်သည် အချိန်အတော်ကြာ ဆရာနှင့် နေထိုင်ခွင့် မရရှိခဲ့ချေ။ ကံဆိုးလှချေသည်တကား။
ကျွင်းချောင်ရှောင်းက ပြောလိုက်၏။ “ငါက လွတ်လွတ်လပ်လပ် နေထိုင်သွားလာရတာကို အသားကျနေပြီလေ၊ မင်းသာ ငါ့နောက်ကို လိုက်နေမယ်ဆိုရင် မင်းရဲ့အနာဂတ်က နှောင့်နှေးမှုတွေ ဖြစ်လာလိမ့်မယ်”
“ဂိုဏ်းချုပ်”
စုရှောင်မိုသည် အသံပို့လွှတ်လိုက်၏။ “မြန်မြန်... မြန်မြန်သာ ကူညီလိုက်တော့”
ဝှစ်
ကျွင်းချောင်ရှောင်းသည် အင်္ကျီလက်ကို ယမ်းခါလိုက်သည်။ စိတ်ဝိညာဉ်စွမ်းအင်များ ဖြစ်တည်လာပြီးသည့်နောက် စုကုန်းရှန်း၏ ဒူးထောက်ထားမှုသည် ပြေလျော့ပြီး မတ်တပ်ထရပ်မိလိုက်တော့သည်။
သူက ပြောလိုက်၏။ “မင်း အဝတ်အစားတွေကို ကြည့်ရတာ ဂိုဏ်းတစ်ခုထဲကို ရောက်နေတာ မဟုတ်လား”
“ဟုတ်ပါတယ်”
ဘေးတစ်ဖက်တွင်ရှိသော အကြီးအကဲသည် အလောတကြီးဖြင့် လက်သီးကိုဆုပ်ကာ ပြောလိုက်၏။ “ကုန်းရှန့်က လက်ရှိမှာ ထိုက်ရွမ်အအေးဂိုဏ်းရဲ့ အပြင်စည်းတပည့် ဖြစ်နေပါပြီ”
ဓားနှင့် သိုင်းတာအိုကို ကျင့်ကြံသော သိုင်းနယ်မြေတစ်ပိုင်း ကျင့်ကြံသူအား သူတို့အနေနှင့် အလွန်ယဉ်ကျေးစွာဖြင့် ဆက်ဆံရပေလိမ့်မည်။ ထို့အပြင် ဤလူသည် သူတို့၏ ဘေးအန္တရာယ်ကြီးကိုပင် ကူညီခဲ့သေးသူဖြစ်၏။
“ထိုက်ရွမ်အအေးဂိုဏ်း ဟုတ်လား”
ကျွင်းချောင်ရှောင်းသည် ခဏလောက် တိတ်ဆိတ်သွား၏။ ပြီးသည့်နောက် မှာတော့ ပြောလိုက်သည်။ “ဒီဂိုဏ်းအကြောင်းကို ကျုပ်နည်းနည်း ကြားဖူးတယ်လေ၊ ပြီးတော့ အတိတ်တုန်းက ဆိုရင် လီမူရမ်နဲ့တောင် တစ်ခါတွေ့ခဲ့ဖူးသေးတယ်”
အကြီးအကဲလေးယောက်တို့၏ မျက်နှာများသည် ရုတ်တရက် ပြောင်းလဲသွားခဲ့တော့၏။ အပြင်စည်းဂိုဏ်းတပည့် များ၏ မျက်လုံးများသည်လည်း ပြူးကျယ်သွားမိသည်။
လီမူရမ် - ထိုသူသည် ထိုက်ရွမ်အအေးဂိုဏ်း၏ ဘိုးဘေးကြီးပင် ဖြစ်တော့၏။ လက်ရှိဂိုဏ်းချုပ်သည်ပင်လျှင် ထိုလီမူရမ်ဆိုသည့်လူအား ဘိုးဘေးဟုပင် ခေါ်ဆိုရ၏။
အံအားသင့်စရာပဲ၊ အံ့အားသင့်စရာပဲ။
စုရှောင်မိုသည် ကြိတ်ကာ ချီးကျူးလိုက်မိ၏။ ဂိုဏ်းချုပ်က တကယ့်ကို ထိုက်ရွမ်အအေးဂိုဏ်းရဲ့ သေဆုံးသွားတဲ့ ဘိုးဘေးကို စုံစမ်းထားခဲ့တာပဲ။
ကျွင်းချောင်ရှောင်းသည် ပထမအဆင့်ဂိုဏ်းနှင့်ပတ်သက်၍ အိမ်စာကောင်းကောင်း ပြုလုပ်ထားသည်ဟု ဆိုရမည်။ သူ့အနေနှင့် တဖက်ဂိုဏ်း၏ ဘိုးဘေးများကိုပင် သိရှိလို့နေသည်။ ထို့အပြင် လီမူရမ်ဆိုသည်မှာ သေဆုံးသွားခဲ့ပြီ ဖြစ်သောကြောင့် သူနှင့် သိကျွမ်းသည်၊ မသိကျွမ်းသည်ကို မည်သူကမှ လိုက်လံ၍ အဖြေရှာလို့ ရနိုင်လိမ့်မည် မဟုတ်ချေ။
“ဒါဆိုရင် စီနီယာနဲ့ ထိုက်ရွမ်အအေးဂိုဏ်းရဲ့ ကွယ်လွန်သွားပြီဖြစ်တဲ့ ဘိုးဘေးကြီးက အသိအကျွမ်းတွေပေါ့”
“ကွယ်လွန်သွားပြီ ဟုတ်လား”
ကျွင်းချောင်ရှောင်းသည် အံ့အားတသင့်ဖြင့် ပြောလိုက်၏။ “လီမူရမ် သေဆုံးသွားပြီ ဟုတ်လား”
အကြီးအကဲသည် ဝမ်းနည်းပက်လက် ပြောလိုက်၏။ “ဘိုးဘေးကြီးက သိုင်းကျင့်ကြံခြင်းရဲ့ အဆင့်မြင့် အခြေအနေထိ မရောက်ရှိနိုင်ခဲ့ဘူးလေ၊ ဒါကြောင့် အသက်ကြီးပြီး သေဆုံးသွားခဲ့ရတာပဲ”
“အင်း....”
ကျွင်းချောင်ရှောင်းသည် သက်ပြင်းချကာ ပြောလိုက်၏။ “ကျုပ်တို့ ဆုံတွေ့ခဲ့တုန်းက သူက အသက် သုံးဆယ်၊ လေးဆယ်လောက်ပဲ ရှိသေးတာလေ၊ ဒီလိုမျိုး ခွဲခွာခဲ့ပြီးနောက်မှာ တစ်ယောက်က ရှင်သန်ခဲ့ပြီး တစ်ယောက်က သေဆုံးသွားလိမ့်မယ်လို့ ဘယ်ထင်မိပါ့မလဲ၊ ဆိုးရွားလိုက်တာ”
သူ၏ စကားများကို ကြားရသည့် နောက်မှာတော့ များပြားလှသည့်အကြီးအကဲများသည် ကြိတ်ကာ ပြောလိုက် မိ၏။ “ဘိုးဘေးအကြီးအကဲကြီးရဲ့ အသက်သုံးဆယ်၊ လေးဆယ်လောက်တုန်းက တွေ့ခဲ့တာလား၊ ဒါဆိုရင် ဒီလူက မငယ်တော့ဘူးပေါ့”
“ကျုပ်တပည့်ရဲ့ အရည်အသွေးက အရမ်းကြီး ထူးချွန်တာတော့ မဟုတ်ဘူး၊ ဒါပေမဲ့ အရမ်းကောင်းတဲ့ စိတ်ဓာတ်ပိုင်းဆိုင်ရာနဲ့ သတ္တိရှိတယ်လေ၊ ကျေးဇူးပြုပြီး သူ့ကို အနာဂတ်မှာ ထွန်းတောက်အောင် လမ်းညွှန်ပြသ ပေးကြပါအုံး” ကျွင်းချောင်ရှောင်းက မှာကြားလိုက်သည်။
ထိုက်ရွမ်အအေးဂိုဏ်းအနေနှင့် စုရှောင်မိုအား ကျိန်းသေပေါက် ပိုမို၍ အာရုံစိုက်ပေလိမ့်မည်။ ထို့အပြင် ဓားနှင့် သိုင်းတာအိုကို ကျင့်ကြံသော သိုင်းနယ်မြေတစ်ပိုင်း ကျင့်ကြံသူ ဆရာတစ်ယောက်ရှိသည် ဆိုခြင်းမှာ အလွန် အားကောင်းလှသည့် နောက်ခံပင် ဖြစ်တော့၏။
“ကောင်မလေး” ကျွင်းချောင်ရှောင်းသည် ခေါင်းကိုလှည့်ကာဖြင့် ပြောလိုက်၏။ “မင်း ခုနတုန်းက ထုတ်ဖော် ပြသတဲ့ ဓားအတတ်ပညာက ကြည့်ကောင်းလွန်းတယ်ဆိုပေမယ့် စိတ်ဝိညာဉ်စွမ်းအင်တွေ စုစည်းနိုင်မှုကတော့ ပြဿနာရှိတယ်လေ၊ ဒီတော့ ဖြစ်နိုင်မယ်ဆိုရင် မြန်မြန်ပြင်ဆင်တော့၊ မဟုတ်ရင် မင်းရဲ့ မရီဒန်တွေ ထိခိုက်လိမ့် မယ်”
ရှရွှေယွင်၏ မျက်လုံးများသည် အံ့အားသင့်မှုများနှင့် တောက်ပြောင်သွားသည်။ သူမသည် ထိုက်ရွမ်အအေးဂိုဏ်း၏ အအေးဓားနည်းစနစ်ကို အတိုင်းအတာတစ်ခုအထိ လေ့ကျင့်ခဲ့၏။ သူမအနေနှင့် နားလည်တတ်ကျွမ်းခဲ့သည် ဆိုသော်လည်း ထုတ်ဖော်အသုံးပြုသည့်အချိန်တွင် ချောမွေ့မှုကို မခံစားရချေ။ တစ်ခါတစ်ရံ သူမ၏ မရီဒန်များကို သက်ရောက်စေခဲ့တော့၏။ ပထမတုန်းက ထိုအရာကို သူမ သတိမပြုခဲ့ဘူး ဆိုသော်လည်း ဓားအတတ်ပညာကို သေသေချာချာ လေ့လာပြီးသည့်နောက်မှာတော့ ဤအရာသည် လိုအပ်ချက်ကြီးတစ်ခု ဖြစ်နေကြောင်း ကောင်းကောင်းနားလည်မိ၏။
ယခု စုကုန်းရှန့်ဆရာ၏ မှာကြားမှုကို ကြားရသည့်နောက်မှာတော့ ရှရွှေယွင်သည် သူမ၏ ကျင့်ကြံခြင်း နည်းစနစ်သည် သွေဖယ်လျက်ရှိနေသည်ဖြစ်ကြောင်းကို ရုတ်တရက် နားလည်သွားမိသည်။ အစစ်အမှန် သိုင်းပညာရှင်များသည် တစ်ချက်ကြည့်လိုက်သည်ဆိုသည်နှင့် ရှင်းလင်းသည့် ညွှန်ကြားပြသချက်များကို ထုတ်ဖော်နိုင်၏။ စကားလုံးတစ်လုံးတည်းနှင့်ပင် တစ်ဖက်လူများ ဉာဏ်အလင်းပေါက်သွားအောင် ပြုလုပ်နိုင်စွမ်း ရှိကြသူများ ဖြစ်တော့သည်။
အကြီးအကဲလေးယောက်တို့သည် တုန်လှုပ်သွားမိတော့၏။ စုကုန်းရှန့်၏ ဆရာသည် သာမန် ဓားနှင့်သိုင်းတာအိုကို လျှောက်လှမ်းသော သိုင်းနယ်မြေတစ်ပိုင်း ကျင့်ကြံသူတစ်ယောက် မဟုတ်ပေ။ ထိပ်တန်း သိုင်းနည်းစနစ်ဆရာ တစ်ယောက်လည်း ဖြစ်လို့နေ၏။ တစ်ဖက်လူများကို တစ်ချက်ကြည့်လိုက်သည် ဆိုသည်နှင့် တစ်ဖက်လူများကို ထောက်ပြ၊ ညွှန်ပြပေးနိုင်စွမ်း ရှိလို့နေ၏။ အံ့အားသင့်စရာ ကောင်းလွန်းလှချေသည်။
အဘယ်ကြောင့် ဤမျှ အံအားသင့်စရာ ကောင်းလွန်းလှနေသနည်း ဆိုသော် အသိအမြင်အဆောင်ကို ချိုးဖြတ်ထားခြင်းကြောင့်ပင် ဖြစ်၏။
ရှရွှေယွင်သည် လက်သီးကိုဆုပ်ကာ ပြောလိုက်တော့၏။ “လမ်းညွှန်ပြသပေးတဲ့အတွက် ကျေးဇူးတင်ပါတယ် စီနီယာ”
“ကုန်းရှန့်လေး”
ကျွင်းချောင်ရှောင်းသည် စုရှောင်မိုကို လှမ်းကြည့်ကာ ပြောလိုက်တော့၏။ “ထိုက်ရွမ်အအေး ဂိုဏ်းက ကျင့်ကြံခြင်းလောကထဲမှာ ထိပ်ဆုံးဂိုဏ်းတွေထဲကတစ်ခု၊ မင်း ဂိုဏ်းထဲကို ရောက်ပြီဆိုမှတော့ ကောင်းမွန်တဲ့အခွင့်အရေးတွေ ရလာလိမ့်မယ်လေ၊ အနာဂတ်မှာ ဇွဲရှိရှိနဲ့ လေ့ကျင့်သင့်တယ်”
စုရှောင်မိုသည် မျက်နှာပေါ်ရှိ မျက်ရည်များကို သုတ်ကာဖြင့် တိကျခိုင်မာသော အကြည့်ဖြင့် ကြည့်ကာ ပြောလိုက် သည်။ “တပည့်က ဆရာရဲ့ အမိန့်ကို နာခံပါ့မယ်”
“ခင်ဗျားတို့လေးယောက်”
ကျွင်းချောင်ရှောင်းက ပြောလိုက်သည်။ “ဒီအဘိုးကြီးက တခြားသူတွေကို မထိခိုက် မိအောင်လို့ မိစ္ဆာသားရဲတွေနောက်ကို လိုက်နေတာလေ၊ ဒီတော့ မျက်ခြေမပြတ်ခင် ထွက်သွားလိုက်ပါအုံးမယ်”
ဤစကားကို ပြောဆိုရခြင်းမှာ ထိုက်ရွမ်အအေးဂိုဏ်းမှ အကြီးအကဲများကို ကယ်တင်ပေးခြင်းသည် အမှတ်မထင် ဆုံတွေ့သောကြောင့်ဖြစ်ပြီး သူ၏ အစစ်အမှန် ရည်ရွယ်ချက်သည် စိတ်ဝိညာဉ်သားရဲများနောက်သို့ လိုက်နေခြင်း ဖြစ်ကြောင်း သိရှိစေချင်ခြင်းပင် ဖြစ်၏။
“ဆရာ”
စုရှောင်မိုသည် ကျွင်းချောင်ရှောင်း ထွက်ခွာသွားသည်ကို မြင်ရချိန်မှာတော့ ပါးစပ်ကိုဟကာ အော်လိုက်၏။ သို့ပေမဲ့ သူသည် မည်သည့်စကားမှ မဆိုတော့ဘဲ ခံစားချက်ပြည့်နှက်နေသည့် မျက်နှာအစုံဖြင့် အားရပါးရ အော်ငိုလိုက်တော့၏။ “တပည့်က ဆရာကို စိတ်မပျက်စေရပါဘူး၊ ကျိန်းသေပေါက် အနာဂတ်မှာ ကျွမ်းကျင်တဲ့လူတစ်ယောက် ဖြစ်လာစေရပါ့မယ်”
သို့ပေမဲ့ ပြန်လည်တုန့်ပြန်မှုကို မကြားရတော့ချေ။ အဘိုးကြီးကျွင်းတသည် ထွက်ခွာသွားခဲ့ပြီဖြစ်သည်။
“ကျွမ်းကျင်သူပဲ”
ကျွင်းချောင်ရှောင်း ထွက်ခွာသွားပြီးသည့်နောက် အကြီးအကဲလေးယောက်တို့သည် ထိတ်လန့် တုန်လှုပ်လျက်ရှိနေတုန်းပင်ဖြစ်သည်။ စိတ်ဝိညာဉ်သားရဲများ လိုက်လံတိုက်ခိုက်နေသည့်အခြေအနေကို ပြန်လည် စဉ်းစားပြီးသည့်နောက်မှာတော့ သူတို့သည် အံ့အားမသင့်ဘဲ မနေနိုင်တော့ချေ။
စွန်းရင်ချွမ်မှာတော့ အနားသို့ ရောက်လာပြီးတော့ တီးတိုးပြောလိုက်တော့သည်။ “မင်းဆီမှာ ဒီလောက် အားကောင်းလှတဲ့ ဆရာတစ်ယောက် ရှိနေတာလား”
တခြားသောအပြင်စည်းတပည့် သုံးယောက်တို့သည်လည်း သူ့အား မနာလိုစွာဖြင့် ကြည့်လိုက်မိသည်။
“ဂိုဏ်းကို ပြန်ကြရအောင်”
ထိုက်ရွမ်းအအေးဂိုဏ်းမှ အကြီးအကဲလေးယောက်တို့သည် ဒဏ်ရာ ရရှိသွားခဲ့ကြသည်။ အလွန်အားကောင်း လှသော စိတ်ဝိညာဉ်သားရဲများ ပေါ်လာသည်နှင့်တပြိုင်နက် သားရဲအုပ်ကြီးကလည်း ပါဝင်နေသေး၏။ ထို့ကြောင့် ၎င်းတို့၏ အစီအစဉ်သည် ပျက်ယွင်းသွားခဲ့ပြီဖြစ်သည်။ ထို့ကြောင့် တပည့်များကို ခေါ်ဆောင်ကာဖြင့် ထိုက်ရွမ်အအေးဂိုဏ်းဆီကို ပြန်မှ ဖြစ်ပေမည်။
ဟုတ်ပေသည်။ ၎င်းတို့အနေဖြင့် ကုန်းရှန့်၏ ဆရာအကြောင်းနှင့် ပတ်သက်၍ အထက်မှ အကြီးအကဲများကို သတင်းပေးပို့ရန်လည်း လိုအပ်နေသေး၏။
“ရှောင်မို”
တောင်ထွတ် တစ်ခု၏ အပေါ်မှာတော့ ကျွင်းချောင်ရှောင်းသည် အသာခေါင်းငုံ့ကာ ကြည့်လိုက်၏။ “ငါကတော့ မင်းထင်ပေါ်စေဖို့ အကောင်းဆုံး ကြိုးစားခဲ့ပြီးပြီ၊ မကြာခင်မှာ အတွင်းစည်းတပည့်ဖြစ်ဖို့ မျှော်လင့်နေ မိတယ်”
ဂိုဏ်းဆီသို့ ပြန်ရာလမ်းမှာတော့ စုရှောင်မိုသည် ကြိတ်ကာ ချီးကျူးနေမိ၏။ “ဂိုဏ်းချုပ်ရဲ့ သရုပ်ဆောင် စွမ်းရည်က တကယ့်ကို အကောင်းဆုံးပဲ၊ သူက ရှရွှေယွင်ရဲ့ သိုင်းနည်းစနစ်တွေ အပေါ်တောင်မှ လမ်းညွှန်ပြသ ခဲ့သေးတယ်လေ၊ တကယ့်ကို ကမ္ဘာခြားက ရောက်ရှိလာတဲ့ အင်မော်တယ်တစ်ယောက်လို သရုပ်ဆောင်နိုင်တာပဲ”
အရင်တစ်ကြိမ် ခရမ်းရောင်ဘုရင် လာရောက်သရုပ်ဆောင်ခဲ့သည့် အချက်အလက်များကို ပြန်လည်စဉ်းစားပြီး သည့်နောက်မှာတော့ သူသည် ခရမ်းရောင်ဘုရင်ကို ခေါ်၍ ခေါင်းခေါက်ချင်စိတ်ပင် ပေါက်မိနေသည်။ ဟောခန်း သခင်ကျိ၏ သရုပ်ဆောင်မှုသည် အလွန်ဆိုးဝါးလွန်းလှချေ၏။
“ကုန်းရှန့်”
စွန်းရင်ချွမ်သည် အသာရောက်လာပြီးသည့်နောက် တီးတိုးပြောလိုက်၏။ “မင်းရဲ့ ဆရာက ကျိန်းသေပေါက် သာမန်လူတစ်ယောက် မဟုတ်နိုင်ဘူး၊ ငါတို့အားလုံးကိုလည်း ကယ်တင်ခဲ့သေးတယ်၊ ဂိုဏ်းကို ပြန်ရောက်ရင်တော့ မင်းကို အကြီးအကဲတွေက သေချာဂရုစိုက်တော့မှာ သေချာတယ်”
“အင်း”
စုရှောင်မိုသည် ခေါင်းကို ကုတ်ကာပြောလိုက်၏။ “ဒီလိုမျိုး ရွေကြေးခွံတောင်တန်းထဲမှာ ဆရာနဲ့ တွေ့ရ လိမ့်မယ်လို့ ကျွန်တော် မထင်ခဲ့မိဘူးလေ”
................
ထိုက်ရွမ်အအေးဂိုဏ်း
စုရှောင်မို ပြန်ရောက်ပြီးသည့်နောက်မှာတော့ သူသည် စိတ်ဝိညာဉ်ချီအစီအရင်ထဲသို့ ဝင်ရောက်၍ ကျင့်ကြံခြင်းကို ပြုမူတော့၏။
အဓိကဟောခန်းထဲမှာတော့ များပြားလှသော အကြီးအကဲများအားလုံးသည် ရွှေကြေးခွံတောင်ပေါ် တွင် ဖြစ်ပျက်ခဲ့သမျှ အရာအားလုံးကို ဆွေးနွေးလျက်ရှိနေသည်။
“ဒါဆို ကုန်းရှန့်ရဲ့ဆရာက အရမ်းကို အားကောင်းတာပေါ့၊ သူက ဓားနဲ့သိုင်းတာအိုကို လျှောက်လှမ်းတဲ့ သိုင်းနယ်မြေတစ်ပိုင်း ကျင့်ကြံသူတစ်ယောက်ဖြစ်နေပြီလား” တတိယအကြီးအကဲသည် ထိတ်လန့်တုန်လှုပ်စွာဖြင့် မေးလိုက်မိ၏။
ကျင့်ကြံခြင်းအဆင့်အရဆိုလျှင် သိုင်းနယ်မြေကျင့်ကြံသူတစ်ယောက်သည် သိုင်းနယ်မြေတစ်ပိုင်း ကျင့်ကြံသူထက် ပို၍ အားကောင်း၏။ သို့ပေမဲ့ ဓားနှင့်သိုင်းတာအို ကျင့်ကြံသူတစ်ယောက်သည် တိုက်ခိုက်ရေး စွမ်းအင်တွင် ကြောက်မက်ဖွယ်ရာ ကောင်းလွန်းသည်ကို သိရှိကြ၏။ ဤအရာသည် အထင်ကြီး လေးစားဖွယ်ရာပင် ဖြစ်တော့သည်။
ရှေးယခင်ကတည်းက ကောင်းကင်နှင့် မြေကြီးအတွင်းတွင်ရှိသော စိတ်ဝိညာဉ်ချီများသည် တဖြည်းဖြည်းနှင့် ယုတ်လျော့လာ၏။ ထို့ကြောင့် ဤကဲ့သို့ အဆင့်မျိုးသို့ ရောက်ရှိနိုင်သော ကျွမ်းကျင်သူသည် လက်ငါးချောင်းပင် မပြည့်တော့ချေ။ ထို့ကဲ့သို့သော ကျင့်ကြံမှုမျိုးကို ကိုယ်တိုင်ကိုယ်ကျ တွေ့ကြုံလာခဲ့ရသော အကြီးအကဲက ပြောလိုက်မိ၏။
“ကုန်းရှန့်ရဲ့ဆရာ ထုတ်လွှတ်လိုက်တဲ့ အော်ရာတွေက တကယ့်ကို ကြောက်မက်ဖွယ်ရာ ကောင်းလွန်းလှတယ်၊ ကျိန်းသေပေါက် နှစ်မျိုးနှစ်စားကျင့်ကြံတဲ့ သိုင်းနယ်မြေ တစ်ပိုင်း ကျင့်ကြံသူပဲ”
“အဘိုးကြီးကျွင်းတန်”
တတိယအကြီးအကဲက မျက်မှောင်ကုတ်ကာ ပြောလိုက်သည်။ “ကြယ်ကြွေကုန်းမြေတိုက် ကြီးမှာ ဒီလိုလူမျိုးကို ငါတစ်ခါမှ မကြားဖူးဘူး”
စုရှောင်မို၏ ဆရာအကြောင်းကို ပထမဦးဆုံး စတင်သိရှိစဉ်က သူတို့ သိပ်ပြီးတော့ အလေးမစိုက်ခဲ့ကြချေ။ သို့ပေမဲ့ ယခု ၎င်း၏ အားအင်အဆင့်ကို သိရှိပြီးသည့်နောက် လေးလေး နက်နက် ခံစားလာခဲ့ကြပြီ ဖြစ်တော့၏။
“တတိယအကြီးအကဲ”
ထိုအကြီးအကဲက ဆက်၍ ပြောလိုက်သည်။ “အဘိုးကြီးကျွင်းတန်က ဘိုးဘေးလီနဲ့ တွေ့ဆုံခဲ့ဖူးသေးတယ်တဲ့”
“ဘာ”
တတိယအကြီးအကဲနှင့် တခြားသောသူများသည် မျက်လုံးပြူးသွားမိကြ၏။ လီမူရမ်ဆိုသည်မှာ သေဆုံးခဲ့ သည်မှာ နှစ်ပေါင်းရာကျော် ကြာမြင့်ခဲ့ပြီဖြစ်သည်။ ငယ်ရွယ်စဉ်တုန်းက တွေ့ဆုံခဲ့ရသည်ဆိုလျှင် ထိုအဘိုးကြီး ကျွင်းထျန်ဆိုသည်မှာ ကျိန်းသေပေါက် အသက်အရွယ်ကြီးမားလှသော ကျွမ်းကျင်သည့် လူတစ်ယောက်ပင် ဖြစ်ပေ လိမ့်မည်။
“ကုန်းရှန့်တစ်ယောက် အချိန်အတိုင်းတို အတွင်းမှာ အဆင့်တက်နိုင်တာ အံ့အားသင့်စရာ မဟုတ်တော့ဘူး၊ သူ့ဆီမှာ ဒီလိုမျိုး ထူးချွန်လွန်းတဲ့ဆရာတစ်ယောက် ရှိနေတာကိုး” တတိယအကြီးအကဲသည် နားလည်သွားမိ တော့၏။
အကြီးအကဲစွန်းက ပြောလိုက်သည်။ “ကျုပ်ရဲ့အထင်အရဆိုရင် အဘိုးကြီးကျွင်းတန်က သူ့တပည့်ကို လာပြီးတော့ ကယ်တာပဲဖြစ်ရမယ်”
“ဒါက အဓိပ္ပာယ်ရှိတယ်” အားလုံးသည် သဘောတူညီလိုက်ကြ၏။
ဤကဲ့သို့ လွတ်လပ်အေးချမ်းစွာ နေထိုင်တတ် ကြသော ကျင့်ကြံသူများသည် လောကကြီးတွင် ဖြစ်ပျက်နေသည့် အကြောင်းအရာများကို ပါဝင်ပတ်သက်လေ့ မရှိကြပေ။ ၎င်းတို့အား လာရောက်ကယ်တင်သွားသည်ဆိုခြင်းမှာ သူ၏တပည့်ကို ကာကွယ်ပေးချင်သောကြောင့် သာ ဖြစ်ပေလိမ့်မည်။ မဟုတ်ပါက မျက်နှာလွှဲ ခဲပစ်ဖြင့် ထွက်ခွာသွားမှာ သေချာ၏။ ဤကဲ့သို့ ကယ်တင်သွားခြင်း မှာ သူ၏တပည့်အား ကောင်းကောင်းမွန်မွန် ဆက်ဆံရန် ပြောဆိုခဲ့ခြင်းပင် ဖြစ်ပေလိမ့်မည်။
တတိယအကြီးအကဲသည် လေးလေးနက်နက် တွေးကာပြောလိုက်၏။ “စုကုန်းရှန့်ကို ဒီတစ်ကြိမ်မှာ အတွင်းစည်း ဂိုဏ်းတပည့်အဖြစ် အဆင့်တိုးမြှင့်ပေးမှ ဖြစ်လိမ့်မယ်၊ ငြင်းချင်တဲ့လူတွေ ရှိသေးလား”
“မရှိပါဘူး”
“ငြင်းချင်တဲ့လူ မရှိဘူးဆိုရင် ဒီကိစ္စကို အတည်ပြုပြီးပဲ၊ ဒီတော့ ဆဋ္ဌမအကြီးအကဲ... စုကုန်းရှန့်အတွက် လွတ်လပ်တဲ့ ခြံဝန်းတစ်ခုကို စီစဉ်ပေးလိုက်”
“ကောင်းပါပြီ” တစ်ရက်တည်းမှာပဲ စုရှောင်မိုသည် ခြံဝန်းကို ပြောင်းလဲနေထိုင်ခဲ့ရ၏။
ထိုက်ရွမ် အအေးဂိုဏ်း ထဲတွင် ကိုယ်ပိုင်ခြံဝန်းပိုင်ဆိုင်သောသူသည် အတွင်းစည်းဂိုဏ်းတပည့်ကဲ့သို့ပင် ပြုမူခြင်းကို ခံရသည်။
များပြား လှသော အပြင်စည်းတပည့်များသည် ထိုသတင်းကို ကြားရသည့်အချိန်မှာတော့ စုကုန်းရှန့်၏ အတွင်းစည်း တပည့်အဖြစ် တိုးမြှင့်ရောက်ရှိခဲ့ခြင်းနှင့်ပတ်သက်၍ သဘောတူညီမိကြတော့သည်။ ဂိုဏ်းထဲသို့ ဝင်ရောက်ပြီး မကြာခင်မှာပင် အတွင်းစည်းတပည့်ဆီသို့ အဆင့်တိုးမြှင့်ရောက်ရှိခဲ့သည်ဆိုခြင်းမှာ တခြားသော လူပေါင်း များစွာ တို့၏ မနာလိုမှုနှင့် ထိုက်တန်သည်ဟု ဆိုရမည်။
“ဂိုဏ်းချုပ်”
အတွင်းခြံဝန်း၏ တံခါးတွင် မတ်တပ်ရပ်ပြီးသည့်နောက် စုရှောင်မိုသည် တွေးလိုက်မိ၏။ “တပည့် ကတော့ ထိုက်ရွမ်အအေးဂိုဏ်းရဲ့ အတွင်းစည်းတပည့်ဖြစ်ဖို့ နီးစပ်နေပြီ”
သူ့အနေဖြင့် ထိုက်ရွမ်အအေးဂိုဏ်းသို့ ရောက်ရှိလာခဲ့ခြင်းမှာ သူလျှိုပြုလုပ်ရန် ဖြစ်၏။ လာရသည့် အကြောင်း အရင်းသည် အကြီးဆုံး စီနီယာအစ်မကြီးနှင့် ဖန်းလင်းယုတို့ကြားထဲ ဖြစ်ပွားခဲ့သည့် ပြဿနာများအား သိရှိစေရန် ပင်ဖြစ်သည်။ အပြင်စည်းဂိုဏ်းတပည့်နေရာမှာ နေရင်းနှင့် ဤကဲ့သို့ကိစ္စများကို စုံစမ်းစစ်ဆေးရန် မဖြစ်တော့သောကြောင့် အတွင်းစည်းဂိုဏ်းတပည့်ဖြစ်အောင် ကြိုးစားခဲ့ခြင်းပင် ဖြစ်တော့သည်။
“ဟမ်”
ရုတ်တရက် စုရှောင်မိုသည် ခေါင်းလှည့်၍ ကြည့်လိုက်သည့်နောက် ဘေးခြံဝန်း၏ အဝင်ဝတွင် မတ်တပ် ရပ်နေသော ရှရွှေယွင်ကို မြင်လိုက်ရသည်။ “စီနီယာအစ်မ... ဘာလို့ ဒီကို ရောက်နေတာလဲ”
“ဒါက ငါနေတဲ့ နေရာလေ”
စုရှောင်မို ကြောင်အသွား၏။ သူတို့သည် တကယ်ပဲ အိမ်နီးနားချင်း ဖြစ်လို့နေသည်။ “အကြီးအကဲဝေ... အခြေ အနေက ပြောင်းလဲသွားပြီ၊ ဘယ်လိုလုပ်ရမလဲ၊ အမြန်သင်ပေးပါအုံး”