အခန်း (၉၁၀)
Vol. 61 Ch. 910
ပြိုင်စံရှားဂိုဏ်းထဲမှာတော့ လီလိုရှု၏ သတင်းပေးချက်ကို ကြားပြီးသည့်နောက် ကျွင်းချောင်ရှောင်းသည် ပြုံးကာ ပြောလိုက်၏။ “အဘိုးကြီးကျွင်းတန်ဆိုတဲ့လူက တကယ့်ကို အကျိုးပြုခဲ့ပြီပဲ”
“ဂိုဏ်းချုပ်”
လီလိုရှုသည် နားမလည်နိုင်ခဲ့ချေ။ “ရှောင်မိုကို ထိုက်ရွမ်အအေးဂိုဏ်းထဲမှာ သူလျှိုအဖြစ် စေလွှတ် လိုက်တယ်လေ၊ သူက ပိုပိုပြီးတော့ မြင့်မားတဲ့အဆင့်ကို ရောက်လာတာ ဟုတ်ပါပြီ၊ ဒါက ဘာအတွက်လဲ”
“ဘာအတွက်လဲ ဟုတ်လား”
ကျွင်းချောင်ရှောင်းက ပြောလိုက်သည်။ “ထိပ်တန်းဂိုဏ်းတွေရဲ့ အခြေခံက အရမ်းကို အားကောင်းတယ်လေ၊ ပိုမိုပြီး မြင့်မားတဲ့အဆင့်ကို ရောက်လာပြီဆိုရင် ပိုမိုမြင့်မားတဲ့ အခြေခံတွေကို တွေ့ကြုံ မှာပဲ၊ ဥပမာအားဖြင့် သူတို့တွေ ကျင့်ကြံတဲ့ သိုင်းကျင့်ကြံခြင်း နည်းစနစ်တွေပေါ့”
လီလိုရှုသည် နားမလည်နိုင်ချေ။ “ပြိုင်စံရှားဂိုဏ်းမှာ ထိုက်ရွမ်အအေးဂိုဏ်းထက် ပိုပြီးအားကောင်းတဲ့ သိုင်းနည်းစနစ်တွေ ရှိတယ်မဟုတ်ဘူးလား”
ဤအရာမှာ အမှန်ပင်ဖြစ်သည်။ သို့ပေမဲ့ ကျင့်ကြံခြင်းခန်းမဆောင်တွင် သိုင်းနည်းစနစ်များ နည်းပါးနေသေး၏။ စုရှောင်မိုသည်သာ ထိုက်ရွမ်အအေးဂိုဏ်းမှ သိုင်းနည်းစနစ်များကိုရရှိခဲ့မည် ဆိုပါက သူ့အနေနှင့် အရေအတွက်အရ လဲလှယ်၍ ရနိုင်၏။ ထို့အပြင် ထိပ်တန်းဂိုဏ်းများသည် ပြည့်စုံသည့် စီမံခန့်ခွဲမှုစနစ်မျိုးကို ပိုင်ဆိုင်ကြ၏။ အကယ်၍ စုရှောင်မိုသည်သာ ထိုအထဲသို့ ရောက်ပြီး သတင်းအချက်အလက်များကို ပေးပို့နိုင်မည်ဆိုပါက သူ့အနေနှင့် ပြိုင်စံရှားဂိုဏ်းကို အဆင့်မြင့်မားလာစေရန်အတွက် သင်ယူလေ့လာနိုင်စွမ်း ရှိပေလိမ့်မည်။
ကျွင်းချောင်ရှောင်းသည် ဂိုဏ်းတစ်ခု၏ ဂိုဏ်းချုပ်ဖြစ်လာကတည်းက ဂိုဏ်းဖွံ့ဖြိုးတိုးတက်ရန်အတွက် မည်ကဲ့သို့ ပြုလုပ်ရမည်ကို အစဉ်အမြဲ ကြိုးစားနေမိ၏။ သူ့အနေနှင့် စနစ်ကပေးသည့် ပစ္စည်းများကိုသာ အားကိုး၍ ရှေ့ဆက်လှမ်းနေ၍ မရနိုင်ချေ။ ထိပ်တန်းဂိုဏ်းများ၏ အချက်အလက်နှင့် စီမံခန့်ခွဲမှု ပုံစံများကို ရရှိသည်ဆိုပါက ထိုနည်းလမ်းများကိုမှီငြမ်း၍ ကောင်းမွန်သည့် နည်းစနစ်များကို ပြုပြင်ပြောင်းလဲနိုင်စွမ်း ရှိနေတော့၏။
တကယ်တမ်းမှာလည်း ထိုက်ရွမ်အအေးဂိုဏ်း၏ အတွင်းစည်းတပည့်နှင့် အပြင်စည်းတပည့် နေရာချထားမှု၊ စီမံ ခန့်ခွဲပုံများသည် ပြိုင်စံရှားဂိုဏ်းထက် ပိုမို သာလွန်၏။ ကျွင်းချောင်ရှောင်းအနေနှင့် ထိုအရာများ အတိုင်း လိုက်နာရန်မဟုတ်သော်လည်း မှီငြမ်းရန်တော့ စဉ်းစားထားသည်။ ပြီးသည့်နောက် အတွင်းစည်းတပည့်နှင့် အပြင်စည်းတပည့်များကို တောင်တစ်ခုချင်းစီတွင် ခွဲခြားထားရန်ပင် ဆုံးဖြတ်ခဲ့တော့၏။
“အင်း... ဟုတ်ပြီ၊ လေဟုန်စီးဂိုဏ်းရဲ့ ဂိုဏ်းချုပ်က ကျောက်ရိုင်းတွေကို ဘယ်အချိန် လာပေးမှာလဲ”
“သူတို့ လမ်းကိုတောင် ရောက်နေပြီလေ”
“အင်း”
ကျွင်းချောင်ရှောင်းသည် အဓိကဟောခန်းထဲမှ ထွက်ခွာပြီးသည့်နောက်မှာတော့ တောင်ထွတ် တစ်ခုဆီသို့ သွားလိုက်၏။ ဆောက်လုပ်ရေး လုပ်ငန်းစဉ်သည် အလွန်ကောင်းမွန်စွာဖြင့် တိုးတက်လျက်ရှိနေ၏။ မိုးဆွေ ဟောခန်း၏ အဓိကဟောခန်းသည် မိုးဆွေတောင်ထွတ်ပေါ်တွင် တည်ရှိနေ၏။ ထိုအရာသည် အလုံးစုံတည်ဆောက် ပြီးသွားခဲ့ပြီဖြစ်သည်။ အဖွဲ့သားများနေထိုင်ရန် အခန်းများအားလုံးကိုလည်း စီစဉ်ထားခဲ့ပြီး ဖြစ်တော့သည်။
လီချင်းယန်၏ ပုံကြမ်းသည် အလွန်ကောင်းမွန်လွန်းလှသည့်အပြင် ခမ်းနားကြီးကျယ်လွန်းလှ၏။ ထို့ကြောင့် တောင်၏ ပတ်ပတ်လည်တွင်ရှိသော အဆောက်အဦများနှင့်အတူ ပန်းချီမြင်ကွင်းကဲ့သို့ပင် လှပလွန်းနေ၏။
ဟုတ်ပေသည်။ ဤအရာမှာ တကယ့်ကို ကြီးမားလှသည့် ဆောက်လုပ်ရေးလုပ်ငန်းစဉ်ကြီးတစ်ခု ဖြစ်သည်မို့ ပိုက်ဆံများသည်လည်း အလွန်ကုန်ကျ၏။
“ဂိုဏ်းချုပ်” လီချင်းယန်သည် ကုန်ကျစရိတ် စာရင်းစာရွက်အား အသာချကာ ပြောလိုက်တော့၏။ “မိုးဆွေ တောင်ထွတ် ကို ဆောက်လုပ်တာ တစ်ခုတည်းနဲ့တင် ငါးသန်းလောက် ကုန်လိမ့်မယ်”
ကျွင်းချောင်ရှောင်းက ပြောလိုက်သည်။ “အိမ်ဆိုတာက သက်ရှိတွေ နေထိုင်ဖို့အတွက် အကောင်းမွန်ဆုံးသော အရာပဲလေ၊ မင်းဘယ်လောက်သုံးသုံး ကိစ္စမရှိဘူး”
…….
ရွှေကြေးခွံတောင်တန်း၏ မတော်တဆမှုကိစ္စများ ပြီးဆုံးသွားပြီးသည့်နောက် စုရှောင်မို၏ ဂုဏ်သီတင်းသည် ထိုက်ရွှမ်အအေးဂိုဏ်းထဲတွင် ကြီးမားစွာ တိုးတက်လာခဲ့တော့သည်။
သူသည် ကိုယ်ပိုင်ခြံဝန်းကိုပင် ရရှိခဲ့သေး၏။ ပိုမိုကောင်းမွန်သည့် လုပ်ဆောင်မှုများကို လုပ်ဆောင်နိုင်မည်ဆိုပါက အတွင်းစည်းတပည့်ဖြစ်လာရန်အတွက် ပြဿနာဖြစ်လိမ့်မည် မဟုတ်ချေ။ သို့ပေမဲ့ သူသည် ရှရွှေယွင်နှင့် အိမ်ချင်းကပ် နေရသည့်အချိန်မှာတော့ အနည်းငယ် စိုးရွံ့လျက်ရှိနေသည်။ အကြီးအကဲဝေသည် သူ့အား လမ်းညွှန်ပေးခဲ့သည့် အကြောင်းအရာများကို ပြန်လည်စဉ်းစားပြီးသည့်နောက် သူသည် စိတ်ကို တည်ငြိမ်အောင် ထိန်းချုပ်နိုင်ခဲ့တော့သည်။
“ဂျူနီယာညီလေး”
စားသောက်ခန်းဆီသို့ သွားရန်လမ်းမှာတော့ စွန်းရင်ချွမ်သည် သူ၏ ပခုံးဆီသို့ လက်တင်ကာ ပြောလိုက်တော့၏။ “အပြင်စည်းဂိုဏ်းတပည့်ထဲမှာတော့ မင်းရဲ့ဂုဏ်သတင်းက ပိုပိုပြီး တိုးတက်လာခဲ့တယ်လေ၊ နောက်ဆိုရင် ငါ မင်းအနောက်ကို လိုက်ရတော့မှာပဲ”
စုရှောင်မိုက ပြောလိုက်သည်။ “စီနီယာအစ်ကို... နောက်နေပြန်ပြီ”
“နောက်နေတာ မဟုတ်ဘူး”
စွန်းရင်ချွမ်က လေးလေးနက်နက် ပြောလိုက်၏။ “မင်းသာ အတွင်းစည်းတပည့် ဖြစ်သွားပြီဆိုရင် မင်းရဲ့တည်ရှိမှုက အပြင်စည်းဂိုဏ်းတပည့်တွေထက် ပိုပြီးတော့ မြင့်မားသွားမှာလေ၊ နောက်ဆိုရင် ငါက မင်းကို စီနီယာအစ်ကိုလို့ ခေါ်ရမှာ”
ထိုက်ရွမ်အအေးဂိုဏ်း၏ စနစ်တွင် အပြင်စည်းဂိုဏ်းတပည့်များသည် အတွင်းစည်းဂိုဏ်းတပည့်များအား စီနီယာ အစ်ကိုဟု ခေါ်ဆိုရ၏။ ဟုတ်ပေသည်။ အတွင်းစည်းဂိုဏ်းတပည့်များသည် ပိုမိုကောင်းမွန်သည့် စားသောက်ခန်း များ၊ ကိုယ်ပိုင်ခြံဝန်းများနှင့် အကြီးအကဲများ၏ လမ်းညွှန်ပေးမှုကို ရရှိကြ၏။ ထို့ကြောင့် ဂိုဏ်းထဲတွင် အထူး အခွင့်ထူးခံ လူသားများပင် ဖြစ်နေ၏။ အပြင်စည်းဂိုဏ်းနှင့် အတွင်းစည်းဂိုဏ်းတပည့်များအကြား ခြားနားမှုသည် ကမ္ဘာကြီးနှစ်ခု ခြားနားသလိုပင် ကွာခြားလွန်းနေသည်။
များပြားလှသော အပြင်စည်းဂိုဏ်းတပည့်များ အားလုံးသည် ၎င်းတို့၏ အရည်အသွေးကန့်သတ်ချက်ကြောင့် အတွင်းစည်းဂိုဏ်းတပည့် ဖြစ်လာစေရန် အပြင်းအထန် ကြိုးစားကြ၏။ ၎င်းတို့အားလုံးသည် သိုင်းစစ်သူကြီး အဆင့်ဆီသို့ ချိုးဖြတ်ရောက်ရှိမှသာလျှင် အတွင်းစည်းတပည့်အဖြစ် ရောက်ရှိမှာဖြစ်၏။
“စီနီယာအစ်ကိုစွန်းက အမြဲတမ်း စီနီယာအစ်ကိုပဲလေ၊ ကျုပ်က အတွင်းစည်းဂိုဏ်းတပည့်ပဲ ဖြစ်ဖြစ်၊ တိုက်ရိုက် တပည့်ပဲ ဖြစ်ဖြစ် ဘယ်တော့မှ ပြောင်းလဲမှာ မဟုတ်ဘူး” စုရှောင်မိုက ပြောလိုက်သည်။
အပြင်စည်းဂိုဏ်းတပည့်ထဲတွင် သူ၏ လက်ရှိ တည်ရှိမှုအရဆိုလျှင် စွန်းရင်ချွမ်အား မြှောက်ပင့်ပြောဆို ချဉ်းကပ် နေစရာ မလိုအပ်တော့ချေ။ သို့ပေမဲ့ စွန်းရင်ချွမ်၏အဖေသည် အကြီးအကဲတစ်ယောက်ဖြစ်၏။ ထို့ကြောင့် သူ့အနေနှင့် ကျိန်းသေပေါက် မျက်နှာချိုသွေးရပေလိမ့်မည်။
“ဟား ဟား ဟား ဟား”
စွန်းရင်ချွမ်သည် သူ၏ ပခုံးအား အသာပုတ်ကာ ပြောလိုက်၏။ “ဒါမျိုးကြားရတဲ့အတွက် အရမ်းပျော်ပါတယ်”
“ကြည့်... ဒါ စီနီယာအစ်မဖန်းပဲ” ရုတ်တရက် တစ်စုံတစ်ယောက်က အော်လိုက်၏။ အားလုံးသော အပြင်စည်း ဂိုဏ်းတပည့်များအားလုံးသည် စားသောက်ခန်းဆီသို့ ဦးတည်သွားရာ လမ်းဆီသို့ ကြည့်ရှုလိုက်ကြသည်။
“စီနီယာအစ်မဖန်း ဟုတ်လား၊ ဖန်းလင်းယုကို ဆိုလိုချင်တာလား”
စုရှောင်မိုသည် အသံထွက်ပေါ်လာရာ နေရာဆီသို့ လှမ်း၍ကြည့်လိုက်၏။ ပြီးသည့်နောက်မှာတော့ အနီရောင်ဂိုဏ်းဝတ်စုံကို ဝတ်ဆင်ထားသော အနီရောင် ဝတ်စုံနှင့်အမျိုးသမီးတစ်ယောက်သည် ရှရွှေယွင်နှင့် ဘေးချင်းကပ်ကာ လျှောက်လှမ်းလာသည်ကို မြင်လိုက်ရ၏။
ဤအမျိုးသမီးသည် အသက်နှစ်ဆယ်ကျော်ကျော်သာ ရှိနေသေး၏။ သူမ၏ မျက်လုံးတစ်စုံတွင် အလွန်မောက်မာလှသည့် အရိပ်အယောင်များ ဖြစ်တည်နေခဲ့၏။ သူမသည် ချမ်းသာလှသော မိသားစုဆီမှ မွေးဖွား လာသော သမီးတော်လေးတစ်ပါးကဲ့သို့ပင် ဖြစ်နေသည်။ သူမ၏ အသွင်အပြင်သည် မဆိုးလှချေ။ ကြည့်ကောင်းလွန်းလှသည်။
“စီနီယာအစ်ကို”
စုရှောင်မိုသည် တီးတိုးမေးလိုက်၏။ “ရှရွှေယွင်နဲ့ လမ်းလျှောက်နေတာ ဘယ်သူလဲ”
စွန်းရင်ချွမ်က ပြောလိုက်သည်။ “တိုက်ရိုက်တပည့်လေ၊ ဖန်းလင်းယု”
သေချာပြီ၊ ဤအမျိုးသမီးပင် ဖြစ်နေလေသည်။ စုရှောင်မိုအနေနှင့် ထိုက်ရွမ်အအေးဂိုဏ်းထဲတွင် သူလျှိုအဖြစ် ရောက်ရှိနေခဲ့သည်မှာ တစ်နှစ်ကျော်ခဲ့ပြီဖြစ်သည်။ သို့ပေမဲ့ သူစုံစမ်းချင်နေသော ဖန်းလင်းယုအား ပထမဆုံး အကြိမ် မြင်ဖူးခြင်းပင်ဖြစ်သည်။
သူမနှင့် အကြီးဆုံးစီနီယာအစ်မကြီးအကြား ရန်ငြိုးကြောင့် သူသည် နှစ်ယောက်သားကို နှိုင်းယှဉ်မိလိုက်၏။ အဆုံးသတ်မှာတော့ ဤအမျိုးသမီး၏ အသွင်အပြင်သည် မဆိုးလှဟုဆိုသော်လည်း သူ၏ အကြီးဆုံး စီနီယာအစ်မကြီးကို မီရန်မှာတော့ အဝေးကြီး လိုအပ်နေသေးသည်။ အထူးသဖြင့် မောက်မာပြီး အေးစက်သည့်အော်ရာများ ထွက်ပေါ်နေသည်ဆိုသော်လည်း သူ၏ အကြီးဆုံး စီနီယာအစ်မကြီးသည် ပိုမို၍ ကြည့်ကောင်းကာ ကျော့ရှင်းလွန်းလှ၏။
နေအုံး …။
စုရှောင်မိုသည် တွေးလိုက်မိ၏။ အကြီးဆုံး စီနီယာအစ်မကြီးက အနီရောင်ကို မုန်းတယ်လို့ တစ်ချိန်တုန်းက ပြောခဲ့ဖူးတယ်၊ ဒါက ဒီအမျိုးသမီးဝတ်တဲ့ အဝတ်ကြောင့် ဖြစ်နိုင်မယ်ထင်တယ်။
“ဂျူနီယာညီလေး”
စွန်းရင်ချွမ်သည် သူ၏ ပခုံးကို ပုတ်ကာ တီးတိုးပြောလိုက်၏။ “ဒီအမျိုးသမီးက ဂိုဏ်းထဲမှာ ရှိတဲ့ အကြီးအကဲတွေ အကုန်လုံးရဲ့ တန်ဖိုးထားခြင်းကို ခံရတာလေ၊ ကြီးမားတဲ့ ဂုဏ်ကျက်သရေကို ပိုင်ဆိုင်ပြီးတော့ အရမ်းကို မာနကြီးတယ်၊ ဒီတော့ အကြာကြီးသွားကြည့်မနေနဲ့၊ ပြဿနာတက်သွားလိမ့်မယ်”
သို့ပေမဲ့ အမှန်ပင် နောက်ကျလွန်းသွားခဲ့ပြီဖြစ်သည်။ ရှရွှေယွင်နှင့် လမ်းလျှောက်လျက်ရှိသော ဖန်းလင်းယု သည် စုရှောင်မိုတစ်ယောက် သူမကို တောက်လျှောက်ကြည့်ရှုနေသည်ကို သိရှိလိုက်ရ၏။ ထို့ကြောင့် သူမ၏ ချောမောလှပသော မျက်နှာလေးတွင် အေးစက်မှုများ ဖြစ်တည်လာခဲ့သည်။
“ငါတို့တော့ ဒုက္ခရောက်ပြီပဲ” စွန်းရင်ချွမ်သည် အလျင်အမြန်ပဲ နောက်ဘက်သို့ ဆုတ်လိုက်၏။
“ရပ်”
ဖန်းလင်းယုက ပြောလိုက်သည်။ အသံသည် စူးရှလှပြီး မောက်မာလွန်းသည့် ဟန်ပန်များ အလုံးစုံ ပါဝင် လွန်းနေ၏။ ထိုက်ရွမ်အအေးဂိုဏ်း၏ တန်ဖိုးထားခံရသော အတွင်းစည်းတပည့်တစ်ယောက် ဖြစ်သည်နှင့်အညီ သူမ၏ ဂုဏ်ကျက်သရေသည် ကြီးမားလွန်းလှသည်။
“အင်း”
စွန်းရင်ချွမ်သည် ပြုံးကာ ပြောလိုက်၏။ “စီနီယာအစ်မဖန်း... ဘာကိစ္စရှိလို့လဲ”
ဖန်းလင်းယုသည် သူတို့၏ရှေ့သို့ အသာလျှောက်လာ၏။ ပြီးနောက် ပေါ့ပေါ့ပါးပါး ပြောလိုက်သည်။ “မင်းကိစ္စ မဟုတ်ဘူး၊ ထွက်သွားစမ်း”
“ချီးတဲ့မှ”
မည်သို့ပင် ဆိုစေကာမူ သူ၏ အဖေသည် အကြီးအကဲတစ်ယောက်ဖြစ်၏။ အဘယ်ကြောင့် လူပေါင်း များစွာတို့၏ ရှေ့တွင် သူ့အား အော်ငေါက်ရဲရသနည်း။ အနည်းငယ် မျက်နှာသာလေးပင် မပေးခဲ့ချေ။ ဤသို့သော ကိစ္စမျိုးကို မည်သည့်ယောက်ျားမှ သည်းခံနိုင်လိမ့်မည် မဟုတ်ချေ။ ထို့ကြောင့် စွန်းရင်ချွမ်သည် ဒေါသတကြီးဖြင့် ပြန်၍ ပြောလိုက်မိသည်။ “ကျုပ် ထွက်သွားပါမယ်”
ဝှစ်
ချက်ချင်းပဲ ဖန်းလင်းယု၏ ရှေ့မှ ပျောက်ကွယ်သွားခဲ့၏။
............
စုရှောင်မိုသည် အလွန်ကြောက်တတ်လှသည့် ကြွက်ပေါက်လေးပုံစံမျိုးဖြင့် ထွက်ခွာသွားခဲ့သော စွန်းရင်ချွမ်အား ကြည့်၍ နဝေတိမ်တောင် ဖြစ်မိနေသည်။
“မင်း”
ဖန်းလင်းယုသည် ပေါ့ပေါ့ပါးပါး မေးလိုက်၏။ “မင်းက စုကုန်းရှန့်လား”
“အမှန်ပါပဲ” စုရှောင်မိုသည် အမူအရာ တစ်ချက်လေးတောင် မပြောင်းဘဲ ပြောလိုက်၏။ စွန်းရင်ချွမ်သည် လူကြောက်တစ်ယောက်ဖြစ်၏။ သို့ပေမဲ့ သူကတော့ မဟုတ်ပေ။
“ရွှေယွင်”
ဖန်းလင်းယုက ပြောလိုက်၏။ “မင်းက အနာဂတ်မှာ တိုက်ရိုက်တပည့်ဖြစ်လာဖို့အတွက် အခြေအနေမှာ ရှိနေတယ်၊ ဒီတော့ သာမန်တပည့်တွေနဲ့ ဖြစ်နိုင်သမျှ မထိတွေ့တာ အကောင်းဆုံးပဲ၊ တခြားသူတွေက မင်းတို့ကို အတင်းအဖျင်းတွေ ပြောလိမ့်မယ်”
“စီနီယာအစ်မ... ကျွန်မ သူနှင့် ဘာမှမဆိုင်ပါဘူး”
ရှရွှေယွင်သည် စုရှောင်မိုကို တစ်ချက်လှမ်းကြည့်ပြီးသည့်နောက်မှာတော့ မြန်မြန် ထွက်ခွာသွားရန် လက်အရိပ် အယောင်ကို ပြသလိုက်၏။ ၎င်းတို့ နှစ်ယောက်သည် အကြိမ်ပေါင်းများစွာ အလုပ်တူတူ တာဝန် များကို ကျေပွန်အောင် ထမ်းဆောင်ခဲ့ကြ၏။ ထို့ကြောင့် တစ်ယောက်နှင့်တစ်ယောက် နားလည်မှုတွင် အနည်းငယ် ပိုလာခဲ့ပြီဖြစ်သည်။
သို့ပေမဲ့ စုရှောင်မိုသည် သူမ၏ ဟန်အမူအရာများကို မမြင်တွေ့ချင်ယောင် ဆောင်နေ၏။ ပြီးနောက် ပြောလိုက် တော့သည်။ “စီနီယာအစ်မဖန်း... ကျုပ် စုကုန်းရှန့်က စီနီယာအစ်မရှ နဲ့ မထိုက်တန်ဘူးလို့ ပြောချင်တာလား”
ရှရွှေယွင် ကြောင်သွားသည်။ ခပ်ဝေးဝေး တည်နေရာတွင် ရောက်နေပြီဖြစ်သော စွန်းရင်ချွမ်သည်လည်း ထိုစကား ကို ကြားသော် အလုံးစုံ ဆွံ့အသွားမိသည်။
“ချီးတဲ့မှ... ဒီကောင်က နည်းနည်း မောက်မာတာ မဟုတ်တော့ဘူး၊ လူမြင်ကွင်းမှာ စီနီယာအစ်မဖန်းနဲ့ ပြန်ပြီး ငြင်းရဲတဲ့ အခြေအနေကို ရောက်နေပြီပဲ”
ဖန်းလင်းယုသည် အပြင်စည်းတပည့်တစ်ယောက်အနေဖြင့် သူမ၏ ရှေ့တွင် ဤကဲ့သို့ စကားမျိုး ခွန်းတုံ့ပြန်လာ သည်ကို မြင်ရသည့်အချိန်မှာတော့ အလွန်ပဲ အံ့အားသင့်မိတော့သည်။
“မင်း အပြောအဆို ဆင်ခြင်လိုက်၊ ပြီးတော့”
သူမက ထပ်ပြောလိုက်သည်။ “မင်းရဲ့ ဆရာက စွမ်းဆောင်ရည် တချို့တော့ရှိတယ်ဆိုပေမယ့် မင်းရဲ့ ပင်ကိုယ်စွမ်းရည်၊ အားအင်အဆင့်နဲ့ အသွင်အပြင်က ဂျူနီယာညီမလေးရှနဲ့ လုံးဝထိုက်တန်တာမျိုး မဟုတ်ဘူး”
“စီနီယာအစ်မဖန်း” ရှရွှေယွင်သည် ဖန်းလင်းယုအား တားဆီးရန် ပြင်ဆင်လိုက်၏။
သို့ပေမဲ့ ဖန်းလင်းယုက ဆက်ပြောလိုက်တော့သည်။ “အနာဂတ်မှာ သူ့ကို ထပ်ပြီး မနှောက်ယှက်နဲ့တော့၊ ဂိုဏ်းထဲမှာ မင်းတို့အကြောင်းနဲ့ ပတ်သက်ပြီး ဘာတစ်ခုမှ မကြားချင်တော့ဘူး”
သူမ၏ စကားသံသည် မောက်မာလွန်းသည်ဆိုသော်လည်း သတိ ပေးခြင်းလည်း ဖြစ်နေသည်။
“ချီးတဲ့မှ”
အဝေးတစ်နေရာတွင် ပုန်းအောင်းလျက်ရှိသော စွန်းရင်ချွမ်သည် စိတ်ထဲမှာ ကြိတ်ကာ ကျိန်ဆဲမိ၏။ တကယ်လို့ လုချင်းချင်းသာ ဂိုဏ်းကနေ အထုတ်မခံရရင် သူဒီလို အခြေအနေမျိုးကို ရောက်လာမှာ မဟုတ်ဘူး၊ ဘာလို့ ဒီလိုအခြေအနေမျိုး ရောက်လာတာကို ကံကောင်းလို့ မမှတ်ဘဲ မောက်မာနေရတာလဲ။
“ကောင်းပြီ”
စုရှောင်မိုသည် ခေါင်းကို ငုံ့ကာဖြင့် ပြောလိုက်သည်။ “စီနီယာအစ်မရှက ကောင်းကင်ကြီးရဲ့ ဂုဏ်ယူ လောက်စရာ သမီးတော်တစ်ပါးပဲ၊ ဒါပေမဲ့ ကျုပ် စုကုန်းရှန့်က ဘာလို့ သူမနဲ့ ထိုက်တန်မှာလဲ”
“မင်းနေရာကို မင်းသိတာ အကောင်းဆုံးပဲ”
ဖန်းလင်းယုသည် ထူးမခြားနားသလို ပြောလိုက်၏။ “ဂျူနီယာညီမလေးရှ.. သွားကြရအောင်”
ရှရွှေယွင်သည် စုရှောင်မိုကို တောင်းပန်သလို ကြည့်လိုက်၏။ ပြီးသည့်နောက်မှာတော့ သူမ၏ စီနီယာအစ်မနောက် လိုက်ပါသွားခဲ့၏။
“ထင်မှတ်ထားတဲ့အတိုင်းပဲ၊ ဂျူနီယာညီမလေးရှနဲ့ စီနီယာအစ်မဖန်းတို့က တကယ့်ကို ရင်းနှီးကြတာကိုး”
“သူတို့နှစ်ယောက်က ငယ်ရွယ်စဉ်ကတည်းက တူတူလေ့ကျင့်ခဲ့ကြတာတဲ့၊ နှစ်ယောက်လုံးဆီမှာ အအေးခန္ဓာကိုယ် ရှိကြတယ်လေ”
“ကုန်းရှန့်က ဒီရက်ပိုင်းအတွင်းမှာ ဂျူနီယာ ညီမလေးရှနဲ့ နီးနီးကပ်ကပ် ရှိနေတယ်၊ စီနီယာအစ်မဖန်းက ဘယ်လိုမှ မနေနိုင်တော့ဘဲနဲ့ ခေါ်ပြီး သတိပေးတာ ဖြစ်ရမယ်”
အားလုံးတီးတိုးပြောဆိုလိုက်ကြ၏။ ခေါင်းငုံ့လျက်ရှိနေသော စုရှောင်မိုကို လှမ်း၍ ကြည့်လိုက်သည့်နောက် မှာတော့ ၎င်းတို့၏ မျက်လုံးထဲတွင်တော့ စာနာသနားစိတ်များ ဖြစ်ပေါ်လာခဲ့ကြသည်။ သို့ပေမဲ့ ဂိုဏ်း၏ တန်ဖိုး ထားရသော တိုက်ရိုက်တပည့်တစ်ယောက်နှင့် ပြဿနာမဖြစ်ပွားရခြင်းမှာ ကောင်းမွန်သည့်ကိစ္စပဲ ဖြစ်ပေလိမ့်မည်။
“ကုန်းရှန့်”
စွန်းရင်ချွမ်သည် အသာရောက်ရှိလာပြီး ပြုံးကာ ပြောလိုက်သည်။ “လာ... သွားစားကြရအောင်”
ဝှစ်
စုရှောင်မိုသည် သူ၏ပခုံးပေါ်ရောက်ရှိလာသော စွန်းရင်ချွမ်၏ လက်အား အသာဖယ်ချလိုက်သည်။ ပြီးသည့်နောက် မှာတော့ လက်သီးကို ကျစ်ကျစ်ပါအောင်ဆုပ်၊ ခေါင်းကို မော့ကာဖြင့် အော်လိုက်၏။ “ရှရွှေယွင်.. ကျုပ် စုကုန်းရှန့်က အခုအချိန်မှာ ခင်ဗျားနဲ့ မထိုက်တန်ဘူး၊ ဒါပေမဲ့ အနာဂတ်မှာ မထိုက်တန်ဘူးလို့ ဆိုလိုချင်တာ မဟုတ်ဘူး”
စားသောက်ခန်းဆီသို့ သွားလျက်ရှိသော အပြင်စည်းဂိုဏ်းတပည့်များအားလုံးသည် တည်နေရာမှာတင် ရပ်တန့် လိုက်ကြ၏။ အားလုံး၏ မျက်နှာပေါ်တွင် မယုံကြည်နိုင်မှုများနှင့် ပြည့်နှက်သွားခဲ့တော့သည်။
အနီးဆုံးတွင် ရှိနေသော စွန်းရင်ချွမ်ပင်လျှင် မျက်လုံးအပြူးသား ဖြစ်သွား၏။ ခပ်ဝေးဝေးကို မရောက်ရှိသေးသော ရှရွှေယွင်သည် လမ်းလျှောက်နေရာမှ ရပ်တန့်လိုက်၏။ သူမ၏ မျက်လုံးထဲတွင်လည်း အံ့အားသင့်မှုများနှင့် ပြည့်နှက်နေ၏။
“သေသေချာချာ နားထောင်”
စုရှောင်မိုသည် ကျယ်လောင်စွာ အော်ဟစ်လိုက်၏။ “တစ်နေ့မှာ ကျုပ် စုကုန်းရှန့်က ခင်ဗျား ရှရွှေယွင်နဲ့ ထိုက်တန်တဲ့လူတစ်ယောက် ဖြစ်တယ်ဆိုတာကို ဂိုဏ်းထဲမှာရှိတဲ့ လူတွေအားလုံး သိစေရမယ်”
သူ့အနေနှင့် ဖန်းလင်းယုကို သတိပေးခဲ့ခြင်းသာဖြစ်သည်။ သို့ပေမဲ့ ဤကဲ့သို့သော စကားမျိုးကို ပြောဆိုခဲ့ပြီးသည့် နောက်မှာတော့ အမှန်ပင် ခန့်ညားထည်ဝါလွန်းနေ၏။
“ကောင်းပြီ”
စွန်းရင်ချွမ်သည် ကုန်းရှန့်၏ အနောက်သို့ လိုက်၍ ပြောဆိုလိုက်တော့သည်။ “စုကုန်းရှန့်က ရှရွှေယွင် နဲ့ တကယ့်ကို ထိုက်တန်တဲ့ လူတစ်ယောက်ပဲ၊ ကျုပ် စွန်းရင်ချွမ်က အသက်ကို အာမခံပြီးတော့ ထောက်ခံပေးမယ်၊ ညီလေး.. မကြောက်နဲ့၊ ငါဒီမှာ ရှိနေမှတော့ ဘေးနားကနေ ထောက်ပံ့ပေးရမှာပေါ့”
“ဂျူနီယာညီမလေး”
ဖန်းလင်းယု၏ တောက်ပနေသော မျက်လုံးများသည် အေးစက်သွားခဲ့၏။ သူမက ပြောလိုက် သည်။ “ဒီကောင်က နည်းနည်း စိတ်တိုချင်စရာ ကောင်းတယ်”
“စီနီယာအစ်မ”
ရှရွှေယွင်သည် မျက်မှောင်ကုတ်ကာ ပြောလိုက်၏။ “ဒါက ကျွန်မနဲ့ သူ့နဲ့ ကိစ္စလေ၊ ဝင်မပြောလို့ မရနိုင်ဘူးလား”