← Chapters

အခန်း (၉၁၁)

Vol. 61 Ch. 911

အခန်း (၉၁၁)

Vol. 61 Ch. 911

“မင်း ကြားပြီးပြီလား၊ စီနီယာအစ်မဖန်းက ဂိုဏ်းထဲကနေ ထွက်လာပြီးတော့ စုကုန်းရှန့်ကို သင်ခန်းစာပေးတယ် တဲ့လေ၊ ကြည့်ရတာ သူနဲ့ ဂျူနီယာညီမလေးရှက လက်ရှိမှာ တပူးပူး တတွဲတွဲ ဖြစ်နေလို့နဲ့တူတယ်”

“စီနီယာအစ်မဖန်းက တကယ့်ကို စိတ်တိုတတ်တဲ့ လူတစ်ယောက်လေ၊ ပြီးတော့ တကယ့်ကို မောက်မာလွန်း တယ်၊ စုကုန်းရှန့်ကို တော်တော်ကြီး အရှက်ခွဲခဲ့မှာပဲ”

“သူမက အရှက်မခွဲခဲ့ဘူး၊ ဒါပေမဲ့ အဆုံးသတ်မှာ ဘာတွေဖြစ်သွားလဲ သိလား”

“ဘာတွေဖြစ်သွားလို့လဲ”

“စုကုန်းရှန့် က အခုအချိန်မှာ ရှရွှေယွင်နဲ့ လိုက်ဖက်ညီတဲ့လူတစ်ယောက် မဟုတ်ဘူးဆိုပေမဲ့ အနာဂတ်မှာတော့ လုံးဝကို လိုက်ဖက်ညီတဲ့လူတစ်ယောက်ဖြစ်မယ်လို့ အော်ပြောခဲ့တာလေ”

“ချီးတဲ့မှ... ဒီလိုအချိန်အတောအတွင်းကို ဂျူနီယာညီမလေးရှကို ချစ်ခွင့်ပန်ခဲ့တာပေါ့”

“စီနီယာအစ်မဖန်းကလည်း ဘေးမှ တစ်ချိန်လုံး ရှိနေတယ်လေ၊ သူမရဲ့ မျက်နှာက ဒေါသထွက်လွန်းအားကြီးလို့ စိမ်းတောင် စိမ်းနေတယ်၊ ဂျူနီယာညီမလေးရှကသာ သူမကို မတားဆီးဘူးဆိုရင် ကုန်းရှန့်က ပြဿနာ အကြီးအကျယ် တက်ပြီပဲ”

ထိုက်ရွမ်အအေးဂိုဏ်း၏ အပြင်စည်းဂိုဏ်းတပည့်များ တည်နေရာမှာတော့ တပည့်များအားလုံးသည် မနေ့က စားသောက်ခန်း အပြင်ဘက်တွင် ဖြစ်တည်ခဲ့သည့် အကြောင်းအရာများကို ဆွေးနွေးလျက် ရှိနေကြ၏။ ၎င်းတို့ အားလုံးသည် အရေးကြီးလှသော တိုက်ရိုက်တပည့်၏ အရှေ့တွင် ရှရွှေယွင်အား ချစ်ခွင့်ပန်ခဲ့သည့် စုကုန်းရှန့်အား ချီးကျူးလျက်ရှိနေကြ၏။

အကြီးအကဲများ အားလုံးသည်လည်း ထိုအချင်းအရာကို ကြားမိကြ၏။ သို့ပေမဲ့ သူတို့သည် ဂရုမစိုက်ကြပေ။ ထို့အပြင် ဂိုဏ်းသည် တပည့်ချင်း ချစ်ခင်ရင်းနှီးမှုကို ခွင့်ပြုပေးထားခဲ့သည်။ ထို့ကြောင့် ဂိုဏ်းတပည့်များ၏ စိတ်ခံစားချက်ပြဿနာများကို ဝင်ရောက်ရှုပ်ထွေးသည့်ပြဿနာများကို သူတို့ မလုပ်ကြချေ။

“အင်း”

စုရှောင်မိုသည် ခြံဝန်းထဲတွင်ရှိသော ကျောက်ခန်းမလေးတွင်ထိုင်ရင်း သက်ပြင်းရှည်ကြီး ချလိုက်မိ၏။ သူသည် မနေ့က တစ်ညလုံး သေသေချာချာ စဉ်းစားခဲ့၏။ သူ့အနေနှင့် စိတ်ခံစားချက်များ ပြည့်နှက်နေပုံပေါ်သည်။ သူလျှိုတစ်ယောက်အနေနှင့် သူသည် စိတ်ခံစားချက်အားဖြင့် ပိုမို၍ အားကောင်းနေသင့်၏။ သို့ပေမဲ့ ဖန်းလင်ယု၏ မောက်မာလှသော စကားများကို ကြားပြီးသည့်နောက် သူသည် မည်သို့မှ မနေနိုင်ဘဲ စကားများ ထွက်ချင်ရာ ထွက်သွားခဲ့၏။ သူသည် ယောက်ျားတစ်ယောက်ဖြစ်၏။ ထိုအချင်းအရာသည် နားလည်ပေးနိုင်စွမ်း ရှိပေလိမ့်မည်။

အကယ်၍ ကျွင်းချောင်ရှောင်းသည်သာ ဤကဲ့သို့ ပြောဆိုခံရသည်ဆိုပါက ကျိန်းသေပေါက် သူ၏ ဆွဲဆောင်မှု ရှိလှသော မျက်လုံးများဖြင့် စူးစိုက်ကြည့်ကာ ပြောပေလိမ့်မည်။

“အခုအချိန်မှာ ငါက သူမအတွက် လိုက်ဖက်ညီ လောက်တဲ့ အားအင်မျိုး မရှိဘူးပေါ့၊ ဒါဆိုရင်လည်း ထားလိုက်တော့၊ လုံလောက်ဖို့အတွက် ကြိုးစားရမှာ ပျင်းစရာကြီး”

ပြောရမည်ဆိုလျှင် ပင်ကိုယ်စွမ်းရည်၊ အဆင့်၊ ခန္ဓာကိုယ်နှင့် မူလအသွင်အပြင်များ အားလုံးတွင် စုရှောင်မိုသည် ကောင်းမွန်လွန်းသူတစ်ယောက်ဖြစ်သည်။ သို့ပေမဲ့ မြီတာ ရှည်လျားသော လူများနှင့် နှိုင်းယှဉ်မည်ဆိုလျှင် သူသည် အရပ်ပုသည် ဆိုသော်လည်း ထိုက်ရွမ်ဂိုဏ်း၏ အပြင်စည်းတပည့်များ ကြားတွင်တော့ အရပ်ရှည်သည့် လူတစ်ယောက်အဖြစ် သုံးသပ်၍ ရနေသည်။ သူ့အနေနှင့် ရှရွှေယွင်တင် မဟုတ်ပေ။ ဖန်းလင်းယုနှင့် လိုက်ဖက်ညီသော လူတစ်ယောက်ပင် ဖြစ်ပေလိမ့်မည်။

ဝေါ့ ဝေါ့

စုရှောင်မိုသည် ချက်ချင်းပဲ ထိုစိတ်ကူးကို ပယ်ဖျက်လိုက်၏။ “စဉ်းစားကြည့်လိုက်တာနဲ့တင် စိတ်ပျက်စရာကြီး၊ သူမက ငါ့ကို လိုချင်ပါတယ်ဆိုရင်တောင် စိတ်မဝင်စားဘူးကွာ”

ဟား ဟား ဟား ဟား …။

ထိုအချိန်မှာတော့ စွန်းရင်ချွမ်သည် အပြင်ဘက်ဆီမှ လျှောက်ဝင်လာပြီး ရယ်လိုက်၏။ “ကုန်းရှန့်... မင်း မနေ့တုန်းက တကယ့်ကို ရဲရင့်တဲ့ လူတစ်ယောက် ဖြစ်ခဲ့တာပဲ”

စုရှောင်မိုသည် နာနာကျင်ကျင်နှင့် ပြောလိုက်၏။ “ကျုပ် စီနီယာအစ်မဖန်းကို ရန်စမိသလို ဖြစ်ခဲ့ပြီ”

“မစိုးရိမ်ပါနဲ့”

စွန်းရင်ချွမ်က ပြောလိုက်သည်။ “မင်း မှားတဲ့အရာတွေ ဘာတစ်ခုမှ မလုပ်မိဘူး၊ သူမက မင်းကို ဘာမှ လုပ်လို့ မရဘူးလေ”

စုရှောင်မိုသည်လည်း ထိုအရာကို ကောင်းကောင်းသိ၏။ သို့ပေမဲ့ အားလုံး၏ တန်ဖိုးထားရခြင်းကို ခံရသော တိုက်ရိုက်တပည့်တစ်ယောက်ဖြစ်သည့် မိန်းကလေးတစ်ယောက်မို့ သူသာ အတွင်းစည်းတပည့်ဖြစ်လာသည် ဆိုပါက ခက်ခဲသည့် အခြေအနေများကို ကြုံတွေ့ရမှာကို စိုးရိမ်နေမိ၏။

“အင်း”

စုရှောင်မိုသည် သူ၏ ဆံပင်များကို ဆွဲကာဖြင့် စိတ်ထဲမှာ ကြိတ်ကာ ရေရွတ်နေမိ၏။ “ရှုပ်ကုန်ပြီ၊ ရှုပ်ကုန်ပြီ”

သူ၏ အစီအစဉ်အရဆိုလျှင် အတွင်းစည်းတပည့်ဖြစ်ပြီးသည့်နောက် အားလုံးကို မြှောက်ပင့်ပြောဆိုမှုများ ဆက်လုပ်ကာ ပေါင်းသင်းဆက်ဆံရေးကို နယ်ချဲ့ရန် စဉ်းစားထားမိ၏။ အတွင်းစည်းတပည့် တော်တော် များများနှင့် ချစ်ခင်ရင်းနှီးမှုကို ရရှိသွားပြီဆိုရင် သူ့အနေနှင့် ဖန်းလင်းယုနှင့် ခင်မင်ခွင့်ရရန် ကြိုးစားရပေလိမ့်မည်။

သို့ပေမဲ့ သူသည် အတွင်းစည်းတပည့်အဖြစ်သို့ မရောက်ရှိရသေးခင်မှာပဲ ဤအမျိုးသမီးနှင့် ပြဿနာ တက်ခဲ့ရ၏။ ကြည့်ရသည်မှာ သာမန်လမ်းစဉ်များ လျှောက်လှမ်းရန်အတွက် အခြေအနေသည် ခက်ခဲလွန်းနေပေ၏။

“အင်း... ငါ့အနေနဲ့ အချိန်ကို စောင့်ဖို့ လိုအပ်နေတာပဲ”

“ကုန်းရှန့်... မင်းက ရှရွှေယွင်ကို ပွင့်ပွင့်လင်းလင်းနဲ့ ဖွင့်ပြောခဲ့တာပဲ၊ စီနီယာအစ်ကိုက မင်းကို တကယ့်ကို ထောက်ခံပေးတယ်ကွာ” စွန်းရင်ချွမ်က ပြောလိုက်သည်။

အချက်အလက်အားဖြင့် သူတို့သည် အချိန်အတော်ကြာ ရင်းနှီးဆက်ဆံပြီးပြီ ဖြစ်သောကြောင့် တစ်ဖက်လူသည် ယုံကြည်ရသည်ဖြစ်ကြောင်း နားလည်မိ၏။ စွန်းရင်ချွမ် သည် လူကောင်းမဟုတ်သော်လည်း စုရှောင်မိုအပေါ် ညီအစ်ကိုရင်းတစ်ယောက်ပမာ ဆက်ဆံလျက်ရှိနေ၏။

အရိုးသားဆုံး ပြောရမည်ဆိုလျှင် အခြေခံအားဖြင့် အလွန်ကောင်းမွန်လှသော ဂိုဏ်းကြီးထဲတွင် ယုတ်မာ ကောက်ကျစ်သည့် လူများလည်း မနည်းလှချေ။ သို့ပေမဲ့ စွန်းရင်ချွမ်ကဲ့သို့ ပေါကြောင်ကြောင်လူမျိုးကလည်း ရှိလို့ နေသေး၏။

“စီနီယာအစ်ကို”

စုရှောင်မိုသည် နာနာကျင်ကျင်နှင့် ပြောလိုက်၏။ “ကျုပ်ရဲ့ လက်ရှိအားအင်နဲ့ အရည်အချင်း အရဆိုရင် ဘယ်လိုလုပ်ပြီးတော့ သူမနဲ့ ထိုက်တန်မှာလဲ”

“ချီးတဲ့မှ...”

စွန်းရင်ချွမ်က ပြောလိုက်သည်။ “မင်းက ကိုယ့်ကိုယ်ကိုယ် ဘာလို့ အထင်သေးနေရတာ ….”

သူပြောပြောပြီးချင်းမှာပဲ ရုတ်တရက် ရပ်တန့်သွား၏။ အဘယ်ကြောင့်ဆိုသော် သူတို့၏ အိမ်တံခါးရှေ့တွင် ရှရွှေယွင် ရောက်ရှိနေသောကြောင့်ဖြစ်၏။ သူမ၏ မျက်လုံးထဲတွင် အေးစက်မှုများ ရှိနေ၏။ ထိုမျက်လုံးများက ပြောဆိုနေသည့် စကားသည် “မင်းနဲ့ ဘာမှမဆိုင်ဘူး၊ ထွက်သွားတော့” ဆိုသည့် စကားပင် ဖြစ်ပေလိမ့်မည်။

“ချီးတဲ့မှ... ငါ့ဆီမှာလည်း ဂုဏ်သိက္ခာဆိုလို့ မရှိတော့ပါဘူး”

“ဂျူနီယာညီလေး... ငါ လုပ်စရာရှိသေးတယ်၊ အရင်သွားတော့မယ်” စွန်းရင်ချွမ်က ပြောဆိုပြီးချင်းမှာပဲ အပြင်မှ မထွက်ခွာဘဲ ပြတင်းပေါက်တံခါးမှ ခုန်ထွက်ကာ ပျောက်ကွယ်သွားတော့သည်။ သူသည် မနေ့ကထက်ပင် ပိုမို၍ မြန်ဆန်နေသေး၏။

...........

စုရှောင်မိုသည် ကျောက်ခန်းမဆောင်ထဲတွင် ထိုင်လျက်ရှိ၏။ ရှရွှေယွင်သည် တံခါး၏ရှေ့တွင် မတ်တပ်ရပ် နေသည်။ ၎င်းတို့ နှစ်ယောက်သည် ဆယ်မီတာခန့်သာ ကွာဝေး၏။ သို့ပေမဲ့ တစ်ယောက်နှင့် တစ်ယောက် စကား မပြောကြချေ။ ဤကဲ့သို့ အခြေအနေမျိုးကို တာဝန်များ ထမ်းဆောင်စဉ်က ကြုံတွေ့ခဲ့ရပြီ ဖြစ်သည်။ ထို့ကြောင့် စုရှောင်မိုသည် အသားကျနေပြီးဖြစ်သည်။ သို့ပေမဲ့ ဘာလို့မှန်းမသိဘဲ သူသည် အနည်းငယ် စိုးရွံသလို ခံစားနေမိ၏။

“ငါ အရင်တုန်းက ပြောခဲ့ဖူးတယ်”

ရှရွှေယွင်သည် အချိန်အတော်ကြာ တိတ်ဆိတ်ငြိမ်သက်ပြီးနောက် ပြောလိုက်၏။ “မင်းက ငါနဲ့ မထိုက်တန်တာ မဟုတ်ဘူး၊ ငါက ချစ်ခြင်းမေတ္တာတွေကို စိတ်မဝင်စားတာ”

ဟုတ်သည်။ ဤအရာကို သူမ တကယ်ပင် ပြောဆိုခဲ့၏။ ထိုစဉ်က စုရှောင်မိုသည် သူကိုယ်တိုင်လည်း ချစ်ခြင်းမေတ္တာနှင့်ပတ်သက်၍ စိတ်မဝင်စားဟု ပြန်လည်ဖြေဆိုခဲ့၏။ သို့ပေမဲ့ လက်ရှိအခြေအနေမှာတော့ သူသည် သူ၏စိတ်ကို ပြောင်းလဲခဲ့ပုံပေါ်၏။ “ဒါပေမဲ့ ကျုပ်က အခုစိတ်ဝင်စားတယ်လေ”

ရှရွှေယွင်၏ မျက်လုံးထဲတွင် ထူးဆန်းသည့် အရိပ်အယောင်များ ဖြစ်တည်လာခဲ့၏။ “ငါတို့ရဲ့ စိတ်တွေက ကျင့်ကြံခြင်း လမ်းစဉ်ပေါ်မှာပဲ ရှိရမယ်၊ ချစ်ခြင်းမေတ္တာတွေအပေါ်မှာပဲ ထားလို့ မဖြစ်ဘူး”

စုရှောင်မိုက ပြောလိုက်သည်။ “လူတွေအများကြီးရှေ့မှာ ကျုပ်ကို အနိုင်ကျင့်နေတာကို ဘယ်လိုယောကျ်ားမျိုး ကမှ ငြိမ်ခံနေနိုင်မှာ မဟုတ်ဘူးလေ”

“ငါတောင်းပန်ပါတယ်”

ရှရွှေယွင်သည် တောင်းပန်လိုက်၏။ “စီနီယာအစ်မဖန်းက မင်းကို ဒီလိုမျိုး ပြောလိမ့်မယ်လို့ ငါမထင်မိဘူး”

စုရှောင်မိုသည် နာနာကျင်ကျင်နှင့် ပြုံးလိုက်၏။ ပြီးနောက် ဝမ်းနည်းတကြီးဖြင့် ပြောလိုက်မိသည်။ “ကျုပ် ဆရာနဲ့ မတွေ့ခင်ကလည်း ဒီလိုကိစ္စမျိုးကို အများကြီး ကြုံခဲ့ဖူးတယ်”

“ကြုံခဲ့ဖူးတယ် ဟုတ်လား”

ရှရွှေယွင်သည် အံအားတသင့်ဖြင့် ပြောလိုက်၏။ “မင်း ကောင်မလေး တော်တော် များများရဲ့ ငြင်းပယ်ခြင်းကို ခံခဲ့ရတာပေါ့ ဟုတ်လား”

“.........”

ခံစားချက်အပြည့်ဖြင့် ပြောဆိုလျက်ရှိသော စုရှောင်မိုသည် ရုတ်တရက် နင်သွားမိ၏။ သူ၏ နှုတ်ခမ်းထောင့်များ သည် တဆတ်ဆတ်နှင့် တုန်ယင်လျက်ရှိသည်။ ပြီးသည့်နောက်မှာတော့ ခေါင်းကို ခါယမ်းကာ ပြောလိုက်မိ၏။ “ကျုပ်လို အဆင့်နိမ့်လူတစ်ယောက်က ဘယ်လိုလုပ် မိန်းကလေးတွေ အများကြီးကို ပိုးပန်းနေဖို့ အခွင့်အရေး ရှိမှာလဲ”

ရှရွှေယွင် နားလည်သွားမိသည်။ စုကုန်းရှန့် ပြောဆိုသည်မှာ သူသည် တခြားသောသူများ၏ အနိုင်ကျင့် မောက်မာစွာပြောဆိုခြင်းကို ခံခဲ့ရဖူးသည်ဟု ဆိုလိုခြင်းပင် ဖြစ်ပေလိမ့်မည်။ လက်ရှိအချိန်မှာတော့ စာဖတ်သူ များအနေဖြင့် စုရှောင်မိုသည် သရုပ်ဆောင်နေသည်ဖြစ်ကြောင်း တွေးတောမိပေလိမ့်မည်။ သို့ပေမဲ့ အချက် အလက်အားဖြင့် သူသည် အစစ်အမှန် ခံစားချက်များကို ထုတ်ဖော်ပြသခဲ့ခြင်းသာ ဖြစ်သည်။

သူ၏ နောက်ခံသည် ကောင်းမွန်လွန်းသည် မဟုတ်ပေ။ ထို့ပြင် သူ့တွင် ကောင်းမွန်လှသည့် ပင်ကိုယ်စွမ်းရည် မျိုးလည်း မရှိ၊ ထို့ကြောင့် ငယ်ရွယ်စဉ်က တခြားသူများ၏ အနိုင်ကျင့် ဗိုလ်ကျခြင်းကို ခံခဲ့ရသည်။ မည်သူမှသည် တစ်ဘဝလုံးတွင် ကြောက်လန့်တတ်သည့် လူတစ်ယောက်အဖြစ် နေထိုင်မသွားချင်ကြပေ။ ထို့ကြောင့် စုရှောင်မို သည် ချင်းယန်မြို့ဆီသို့ သွားရောက်၍ ဂိုဏ်းတစ်ရာ လူသစ်ခေါ်ဆောင်ပွဲကို တက်ရောက်ရန် စီစဉ်ခဲ့မိ၏။ ထိုမှ သာလျှင် ဂိုဏ်းတစ်ခုခုတွင် သိုင်းပညာကို ကျင့်ကြံရနိုင်ပြီး တခြားသူများ၏ အနိုင်ကျင့်ခြင်းကို မခံရမှာဖြစ်၏။

“ဂိုဏ်းချုပ်ကျွင်း... ကျုပ်နာမည်က စုရှောင်မိုပါ၊ သံမဏိအရိုးဂိုဏ်းကို ဝင်ချင်ပါတယ်၊ ကျေးဇူးပြုပြီး...” ဤအရာ သည် သူပထမဦးဆုံး သံမဏိအရိုးဂိုဏ်းသို့ ဝင်ရောက်ခွင့်ရရန် ပြောဆိုခဲ့ခြင်းသာဖြစ်သည်။ စုရှောင်မိုသည် သူ ဘယ်တော့မှ မမေ့နိုင်သည့် အကြောင်းအရာများကို ပြန်လည်စဉ်းစားပြီးသည့်နောက်မှာတော့ စိတ်ခံစားချက်များ နှင့် ပြည့်နှက်လာခဲ့တော့သည်။

ဂိုဏ်းချုပ်သည် သူ့အား ဂိုဏ်းသားအဖြစ် လက်ခံလိုက်ပြီးသည့်နောက် သူ၏ အိမ်မက်သည် ပြည့်ဝသွားခဲ့တော့၏။ သူ့အနေနှင့် အနာဂတ်တွင် အနိုင်ကျင့်ဗိုလ်ကျခြင်းကို ဘယ်တော့မှ မခံရစေရန် မျှော်လင့်နေမိ၏။

သို့ပေမဲ့ မည်သူက ထင်မှတ်နေမည်နည်း။ သံမဏိအရိုးဂိုဏ်း၏ တပည့်ဖြစ်လာပြီးသည့်နောက် သူ၏ဘဝတွင် ကြီးမား သည့် အလှည့်အပြောင်းများ ဖြစ်ပေါ်လာခဲ့သည်။ မရီဒန်ဖွင့်ခြင်း၊ သိုင်းတပည့်၊ သိုင်းဆရာ၊ သိုင်းစစ်သူကြီး၊ သိုင်းဘုရင် စသည်ဖြင့် သူ၏အဆင့်များသည် မြင့်တက်လာခဲ့သည်။

ထို့အပြင် သူ၏ စိတ်ဝိညာဉ်ပင်ကိုယ်စွမ်းရည်အမြစ်ကလည်း သေမျိုးအဆင့်၊ အလယ်အလတ်အဆင့်၊ အထက် အဆင့်၊ အဆင့်မြင့်နှင့် သူတော်စင်အဆင့် စသည်ဖြင့် တိုးတက်လာခဲ့၏။

နှစ်အနည်းငယ်အတွင်း ဤကဲ့သို့ မြင့်မားလှသည့်အဆင့်ကို ရောက်ရှိသွားမည်ဟု စုရှောင်မိုသည် မည်သည့်အခါကမှ စိတ်ကူးမယဉ်ခဲ့ဖူးချေ။ ယခင်တုန်းက သူ့အား အနိုင်ကျင့်ဗိုလ်ကျခဲ့သူများကို သူသည် လက်ရှိအချိန်တွင် အရေးစိုက်ရန်ပင် ပျင်းရိနေခဲ့ပြီ ဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် သူသည် ပိုမိုအားကောင်းသည့် သူများအား အနိုင်ကျင့် ရိုက်နှက်ချင်မိတော့သည်။

ပြိုင်စံရှားဂိုဏ်း၏ တပည့်များအားလုံးသည် ကိုယ်ပိုင်ဇာတ်လမ်းများ တည်ရှိနေကြ၏။ စုရှောင်မို၊ လီဖေးနှင့် တခြားသူများ အားလုံးသည်လည်း ထိုအတိုင်းပင် ဖြစ်တော့သည်။ သို့ပေမဲ့ ၎င်းတို့အားလုံးသည် နောက်ခံတွင် ဖြစ်ပျက်သမျှ အရာအားလုံးကို မေ့လျော့၍ ပိုမိုတိုးတက်ကောင်းမွန်ရန် ကြိုးစားလေ့ကျင့်ရန်ကိုမူ ဘယ်တော့မှ မမေ့ခဲ့ကြချေ။

All Chapters