အခန်း (၉၁၅)
Vol. 62 Ch. 915
အရှေ့မှ ကြိုတင်၍ ပြောပြခြင်းသည် ပျော်စရာတော့ကောင်းမွန်၏။ သို့ပေမဲ့ ဖြစ်ကြောင်းကုန်စင်နှင့် ဇာတ်သိမ်းပိုင်း အထိ သိုင်း Gp အနှံ့ပတ်၍ ပြောပြတက်သူအား ဘာသာပြန်သူသည် နဂါးစိမ်းလခြမ်း ဓားမော့အား ထုတ်၍ လိုက်လံ သတ်ဖြတ်ရန်ပင် စဉ်းစားခဲ့ဖူး၏။
လက်ရှိအခြေအနေမှာတော့ ကျွင်းချောင်ရှောင်းသည်လည်း အလွန်တရာ စိတ်ဓာတ်ကျလျက်ရှိနေသည်။ သီးခြားတာဝန်သည် အဘိုးကြီးကွမ်ဟိုင်ထားခဲ့သော အမွေအနှစ်များကို ရယူရန်ဟူ၍ ကြိုတင်ကာ ပြောပြခဲ့သည် ဆိုသော်လည်း လက်ရှိ ပတ်ဝန်းကျင်တွင် ဖြစ်ပေါ်လျက်ရှိသော အလင်းတန်းများ အားလုံးသည် ဂြိုဟ်တိုက်ပွဲတွင် ရှိသော သိုင်းကျင့်ကြံသူများ အားလုံးကို သိရှိသွားစေပေလိမ့်မှာ သေချာသည်။
“ခင်မင်ရပါသော ပါဝင်ယှဉ်ပြိုင်သူ... တိုက်ပွဲတည်နေရာကြီးထဲမှာ အဘိုးကြီးကွမ်ဟိုင် ထားခဲ့တဲ့ အမွေအနှစ် တွေက စည်းပြေသွားတာကို ရှာဖွေတွေ့ရှိခဲ့ပါတယ်” အမျိုးသမီးစနစ်၏အသံသည် ထွက်ပေါ်လာ၏။
ကျွင်းချောင်ရှောင်းသည် ဆွံ့အသွားမိသည်။ “အခွင့်အရေး ရလာပြီဆိုရင်လည်း တိုးတိုးတိတ်တိတ်နဲ့ လုပ်ပါလား၊ ဘာလို့ ဒီလောက်ကြီး လူတွေအများကြီးသိအောင် ပြုလုပ်ရတာလဲ၊ ပြောရမယ်ဆိုရင် ဒါက အားလုံးကို တစ်ယောက်နဲ့ တစ်ယောက် သတ်ဖြတ်အောင် ပြုလုပ်တာနဲ့ တူတူပဲလေ”
အားလုံးသည် သိုင်းပညာနှင့်ပတ်သက်သော ကောင်းမွန်သည့်အရာများကို လိုချင်ကြမှာ သေချာ၏။ မည်သူမှသည် လက်လျော့ အရှုံးပေးလိမ့်မည် မဟုတ်ချေ။ ထို့ကြောင့် တစ်ယောက်နှင့်တစ်ယောက် ပြင်းပြင်းထန်ထန် ရက်ရက်စက်စက် သတ်ဖြတ်ကြပေလိမ့်မည်။
စနစ်က ပြောလိုက်သည်။ “လက်ခံသူ အခြေအနေတစ်ခုလုံးကို သေသေချာချာ ရှင်းရှင်းလင်းလင်း မြင်နိုင်သားပဲ”
အချက်အလက်အားဖြင့် များပြားလှသည့်ဂြိုဟ်များတွင်ရှိသော သိုင်းကျင့်ကြံသူများ အားလုံးသည်လည်း ထိုအချင်းအရာကို သိရှိပြီးဖြစ်သည်။ သို့ပေမဲ့ အထက်နယ်မြေသည် ဤကဲ့သို့ သတ်ဖြတ်ရန်အတွက် တမင်တကာ ဖန်တီးပေးခဲ့သည် ဆိုသော်လည်း ၎င်းတို့ အနေနှင့် ပါဝင်ယှဉ်ပြိုင်သတ်ဖြတ်၍ အကျိုးမရှိလှသည်တော့ မဟုတ်ပေ။
အထက်နယ်မြေတွင်ရှိသော ဆန်းကြယ်လှသည့်ဆရာကြီးတစ်ယောက် ချန်ထားခဲ့သော အမွေအနှစ် ဆိုသည်မှာ သာမန်အုတ်ခဲတစ်လုံးဆိုလျှင်တောင်မှ မိမိတို့ဂြိုဟ်တွင်ရှိသော နတ်ဘုရားအုတ်ခဲထက် ပိုမို အားကောင်းနေမည်မှာ သေချာ၏။
လက်ရှိအခြေအနေမှာတော့ ထိုအသံသည် ကျယ်လောင်စွာဖြင့် သတိပေးလိုက်ပြီးသည့်နောက်မှာတော့ တည်နေရာ တစ်ခုလုံးတွင်ရှိနေကြသော သိုင်းကျင့်ကြံသူများအားလုံးသည် ၎င်းတို့၏ ခံတပ်ဆီမှ အပြင်းအထန် ရှေ့သို့ထွက်၍ အလင်းတန်းများ ထွက်ပေါ်နေရာဆီသို့ ဦးတည်ကာ ပျံသန်းသွားကြတော့သည်။ ၎င်းတို့အားလုံး သည် နောက်ကျတဲ့ဖနောင့် သစ္စာဖောက်ဟု သတ်မှတ်ကာ အရှေ့သို့ ပျံသန်း ပြေးလွှားလျက်ရှိနေသည်။
“သွားကြစို့”
ကျွင်းချောင်ရှောင်းက ပြောလိုက်သည်။ “သွားကြည့်ရအောင်”
သီးခြားတာဝန်သာ မရှိပါက သူသည် ဤကဲ့သို့သော အရာမျိုးကို ပျော်သည်ဖြစ်စေ၊ ပျက်သည်ဖြစ်စေ ဝင်ရောက် မိလိမ့်မည် မဟုတ်ချေ။ သို့ပေမဲ့ လက်ရှိအချိန်မှာတော့ တာဝန်သည် ထိုအမွေအနှစ်အား ရယူရန်ဆိုပြီး ပြောဆိုလျက်ရှိ၏။ အထက်နယ်မြေသည် အမွေအနှစ်ဆိုသည့်အရာအား ထောင်ချောက်အဖြစ် အသုံးပြုကာ ရှိရှိသမျှသော သိုင်းကျင့်ကြံသူများအား ၎င်းတို့၏ အသက်များအား ငဲ့ကွက်ခြင်းမရှိဘဲ သတ်ဖြတ်ကြစေရန် စီစဉ် ထားခဲ့၏။
စနစ်၏ တာဝန်သည်လည်း ထောင်ချောက်တစ်ခုပင် ဖြစ်နေသည်။ သူသည် ထိုချောက်နက်ထဲသို့ ကျိန်းသေပေါက် ခုန်ချရပေလိမ့်မည်။ တာဝန်ကို ပြည့်စုံသည်နှင့်တပြိုင်နက် ဂိုဏ်းစုဆောင်းမှတ်များကို များများစားစား ရတော့မှာ ဖြစ်၏။ ထိုသို့သောအရာမျိုးသည် ဂိုဏ်းဖွံ့ဖြိုးတိုးတက်အောင် ပြုလုပ်နိုင်သော အရာများပင် ဖြစ်သည်။ ထို့ကြောင့် ဓားတောင်ကိုဖြစ်စေ၊ မီးပင်လယ်ကိုဖြစ်စေ သူ့အနေနှင့် ချက်ချင်းပဲ ဝင်ရောက်ကျော်ဖြတ်သွားရမှာ သေချာသည်။
ကျွင်းချောင်ရှောင်းသည် တင်းရှင်းဝမ်၊ ကျန့်ရာ၊ ခရမ်းရောင်ဘုရင်၊ ပိုင်လျှိုတို့နှင့်အတူ ပျံသန်းသွားခဲ့တော့သည်။ တခြားသူများ အားလုံးကိုမူ ခံတပ်ထဲတွင် နေထိုင်စေခဲ့၏။ လက်ရှိအခြေအနေမှာတော့ အမွေအနှစ်ပေါ်ပေါက် လာသည်ဆိုသည့်အချင်းအရာသည် များပြားလှသော ဂြိုဟ်များ အသီးသီးဆီမှ သိုင်းကျင့်ကြံသူများကို အလန့် တကြားဖြစ်စေခဲ့၏။
သူ့အနေနှင့် တပည့်များကို ခေါ်ဆောင်၍ သွားမည်ဆိုပါက မတော်တဆ ကိစ္စရပ်များ ဖြစ်ပွားစေမည်။ ထို့ကြောင့် သူ၏တပည့်များနှင့် နင်ညီအစ်ကိုတို့အား ခံတပ်တည်နေရာတွင် ထားရှိခဲ့ခြင်းပင် ဖြစ်တော့သည်။
“ဆက်ပြီးတော့ တည်ဆောက်ကြရအောင်” လီချင်းယန်သည် အကြည့်ကိုလွှဲကာဖြင့် ခံတပ်ထဲရှိ အဆောက်အဦများ ဆောက်လုပ်မှုပုံစံကို ပြန်လည်ကာ အာရုံစိုက်ထားတော့သည်။ များပြားလှသော အဆောက် အဦအသစ်များသည် သူ၏ စိတ်ထဲတွင် ဖြစ်တည်ပြီးသား ဖြစ်နေ၏။ အမွေအနှစ်တွေ၊ ဘာတွေ၊ ညာတွေကို စိတ်ထဲမှာ မရှိချေ။ သူသိသည်မှာ ဆောက်လုပ်ရေးလုပ်ငန်းများအား ပျော်ပျော်ရွှင်ရွှင်နှင့်ပြုလုပ်ပြီး အဆောက်အဦများ တည်ဆောက်ချင်နေခြင်းသာ ဖြစ်တော့၏။
..................
များပြားလှသော ဂြိုဟ်များအသီးသီးမှ သိုင်းကျင့်ကြံသူများအားလုံးသည် အလင်းတန်းများ ထွက်ပေါ်နေရာ တည်နေရာဆီသို့ ပျံသန်းလာကြ၏။ ကျွင်းချောင်ရှောင်းသည်လည်း ထိုလူများ ကြားထဲမှ တစ်ယောက်ပင် ဖြစ်သည်။ ပုံမှန်အားဖြင့် သူသည် သူ၏စက်အတောင်ပံကို ဖွင့်လှစ်ကာ တခြားလူများအား ခါချလျက်ရှိနေ၏။
သို့ပေမဲ့ နောက်ပိုင်းမှာတော့ သူ၏ အမြန်နှုန်းကို ထိန်းချုပ်ထားပြီး တင်းရှင်းဝမ်နှင့် တခြားသူများ၏ ဘေးမှ ပျံသန်းလိုက်ပါလာခဲ့သည်။ ဤဂြိုဟ်တိုက်ပွဲတည်နေရာကြီးတွင် များပြားလှသော ကျွမ်းကျင်သူများ တည်ရှိနေ၏။ ထို့ကြောင့် သူသည် အနည်းငယ်တော့ စိုးရွံ့မိနေသည်။ အဘိုးကြီးတင်းတို့နှင့် တူတူသွားခြင်းသည် သူ့အတွက် ပိုမိုကာ လုံခြုံစေပေလိမ့်မည်။
“ဂိုဏ်းချုပ်”
ကျန့်ရာက ပြောလိုက်သည်။ “မီတာ ရာဂဏန်း အနည်းငယ်အတွင်းမှာ သိုင်းကျင့်ကြံသူ ငါးထောင်၊ ခြောက်ထောင်လောက်က ပျံသန်းရောက်ရှိလာကြတာ”
“အမွေအနှစ်ဆိုတဲ့အရာက တခြားသော သိုင်းကျင့်ကြံသူ အကုန်လုံးကို စိတ်လွတ်သွားစေနိုင်တာပဲ” ကျွင်းချောင်ရှောင်းက ပြောလိုက်သည်။
တခြားတစ်ဖက်မှာတော့ တင်းရှင်းဝမ်သည် အနည်းငယ် ပူပန်လျက်ရှိနေ၏။ “ကျုပ်တို့ ဒီလိုသွားနေတာကို ကြက်သွေးရောင်ပင်လယ်ကုန်းမြေတိုက်နဲ့ တခြားသူတွေက သိရှိသွားမယ်ဆိုရင် ဘယ်လိုလုပ်မလဲ”
“ဒါက”
ကျွင်းချောင်ရှောင်းသည် မျက်မှောင်ကုတ်ကာ ပြောလိုက်၏။ “ဒါဆိုလည်း ရုပ်ပြောင်းလိုက်ကြတာပေါ့”
ပြောပြီးသည့်နောက်မှာတော့ သူသည် မှော်ပညာဖြင့် အဆင့်မြှင့်တင်ထားသော မျက်နှာဖုံးများကို တစ်ယောက် တစ်ခုစီ ကမ်းပေးလိုက်၏။ သူတို့အားလုံးသည် အသွင်အပြင်များ ပြောင်းလဲလိုက်ကြသည်။
“အဝတ်အစားတွေပါ ပြောင်းလဲလိုက်ကြရအောင်”
“ကောင်းပြီ” အားလုံးသည် အသွင်အပြင်ကို ပြောင်းလဲပြီးသည့်နောက်မှာ အင်္ကျီအဝတ်အစားများကိုပါ ပြောင်းလဲ လိုက်ကြသည်။
နောက်ဘက်ဆီမှ သိုင်းကျင့်ကြံသူ တစ်ဒါဇင်ကျော်တို့သည် ၎င်းတို့ကို ကျော်ကာ ပျံသန်းသွားကြ သည်။ ဦးဆောင်လာသူမှာ ကြက်သွေးရောင်ပင်လယ်ကုန်းမြေတိုက်မှ နန်းတော်သခင် ဟုန်ရောင်ပင် ဖြစ်နေ၏။
“ဂိုဏ်းချုပ်”
တင်းရှင်းဝမ်က အသံပို့လွှတ်လိုက်သည်။ “ဒီလူတွေက ကြက်သွေးရောင်ပင်လယ်ကုန်းမြေတိုက်ကပဲ၊ ကျုပ်တို့ လှုပ်ရှားလိုက်မလား”
“မလိုဘူး”
ကျွင်းချောင်ရှောင်းက ပြောလိုက်သည်။ “အမွေအနှစ်ဆိုတဲ့နေရာကိုရောက်ဖို့ အရင်ဆုံး အမြန်သွားရ အောင်”
“ကောင်းပါပြီ” တင်းရှင်းဝမ်သည် လှုပ်ရှားတိုက်ခိုက်မည်ဆိုသော သူ၏အတွေးကို ဖိနှိပ်ထားလိုက်၏။
ကျွင်းချောင်ရှောင်းနှင့် တခြားသောသူများ ရှိသည်ကို ဟုန်ရောင်သည် မသိရှိပေ။ ထို့ကြောင့် တစ်ချက် လှမ်းကြည့် ပြီးသည့်နောက် ကျော်ကာ တက်သွားတော့သည်။ လက်ရှိအခြေအနေတွင် သူ၏ရှေ့တွင် ရှိသော သိုင်းကျင့်ကြံသူများသည် ကြယ်ကြွေကုန်းမြေတိုက်ကြီးမှ ဖြစ်သည်ဆိုလျှင်တောင် ဟုန်ရောင်သည် ဂရုစိုက်လိမ့် မည်မဟုတ်ချေ။ သူ့အတွက် လောလောဆယ် အရေးကြီးနေသည်မှာ အမွေအနှစ်ဆိုသည့်အရာပင် ဖြစ်ပေ၏။ အမွေအနှစ်ကို ရယူခြင်းသည် လက်စားချေခြင်းထက် ပို၍ အရေးကြီးသည်။
တခြားသောတည်နေရာထဲမှာတော့ သိုင်းကျင့်ကြံသူများအားလုံးသည် အလုအယက်နှင့် ပျံသန်းရောက်ရှိလာ တော့၏။ နာရီဝက်လောက် ကြာပြီးသည့်နောက်မှာတော့ ကျွင်းချောင်ရှောင်းသည် သက်တန့်ရောင်စဉ်အလင်း တန်းများ ပေါ်ပေါက်နေသော နေရာသို့ ရောက်ရှိလာ၏။ နေရာတိုင်းတွင် လူများ ပြည့်နှက်လျက်ရှိပြီး အားလုံး သည် လေထဲတွင် ပျံသန်းနေ၏။ မြင်ကွင်းသည် အမှန်ပင် ရှုပ်ထွေးလွန်းလှ၏။
ကျန့်ရာသည် ယွမ်စိတ်ဝိညာဉ်ကို အသုံးပြုကာဖြင့် တည်နေရာတစ်ခုလုံးကို ကြည့်ရှုလိုက်သည်။ ပြီးနောက် အသံပို့လွှတ်လိုက်၏။ “ဂိုဏ်းချုပ်... အနည်းဆုံး ဒီမှာ လူငါးသောင်းလောက် ရှိတယ်”
“ပြိုင်စံရှားဂိုဏ်းက ဒီလိုအဆင့်မျိုး ရောက်လာပြီဆိုရင် ကြယ်ကြွေကုန်းမြေတိုက်ကြီးကို အုပ်စိုးဖို့မပြောနဲ့ တခြားဂြိုဟ်တွေကို လွယ်လွယ်ကူကူ သွားပြီး တိုက်ခိုက်နိုင်မှာပဲ” ကျွင်းချောင်ရှောင်း တွေးလိုက်မိသည်။
ဤနေရာတွင် များပြားလှသည့် ကျွမ်းကျင်သူများ ရှိသည်ဆိုသော်လည်း ၎င်းတို့သည် တစ်ယောက်နှင့် တစ်ယောက် ပြောဆိုဆက်ဆံနေခြင်းမျိုး မရှိကြပေ။ သူတို့၏ အကြည့်များအားလုံးသည် သက်တန့်ရောင်အလင်းတန်းများ ပေါ်ပေါက်နေသော ထူးဆန်းသည့် ကျောက်ပြားတစ်ခုဆီသို့ ရောက်လျက်ရှိနေ၏။
ဘူ....
ရုတ်တရက် အီးပေါက်သည့်အသံတစ်ခု ထွက်ပေါ်လာသည်။
“အင်း... နေရထိုင်ရ ကောင်းလိုက်တာ” ကျွင်းချောင်ရှောင်းက ပြောလိုက်၏။
“...........”
အခြေအနေသည် တိတ်ဆိတ်ငြိမ်သက်စွာ ရှိနေ၏။ ထို့ကြောင့် သူ၏ အီးပေါက်သံသည် ကျယ်လောင်စွာ ထွက်ပေါ် လာခြင်းပင် ဖြစ်သည်။
ပတ်ဝန်းကျင်တွင် ရှိနေကြသော သိုင်းကျင့်ကြံသူများသည် သူ့အား အံ့အားတသင့်ဖြင့် ကြည့်လိုက်ကြ၏။ တချို့သည့် မျက်မှောင်ကြုတ်ကာ ကြည့်ပြီး တချို့မှာတော့ နှာခေါင်းရှုံ့ကာ ကြည့်နေ၏။
ဤတိုက်ခိုက်ရေးတည်နေရာထဲသို့ ဝင်ရောက်လာကြသူများသည် သိုင်းကျင့်ကြံခြင်းတွင် အဆင့်အတန်းတစ်ခု ရှိနေကြသည့် လူမျိုးပင် ဖြစ်သည်။ ထို့ကြောင့် လူသူများပြားစွာရှိနေသည့် နေရာမျိုးတွင် အီးပေါက်ခြင်းကဲ့သို့သော အရှက်မဲ့သော ကိစ္စမျိုးကို မည်ကဲ့သို့သော မျက်နှာနှင့် ပြုလုပ်နိုင်သနည်း။
ကျွင်းချောင်ရှောင်းသည် တခြားသူများ၏ အကြည့်ကို ဂရုမစိုက်ချေ။ ပထမဦးဆုံးအချက်အရ ပြောရမည် ဆိုလျှင် သူသည် အစောကြီးကတည်းက အရှက်မရှိသော လူတစ်ယောက်ဖြစ်သည်။ ဒုတိယအနေဖြင့် သူသည် ဂိုဏ်းတစ်ခု၏ ဂိုဏ်းချုပ်လည်းဖြစ်သည်မို့ သူ၏ အီးပေါက်ခြင်း၊ အီးမပေါက်ခြင်းကဲ့သို့သော ကိစ္စမျိုးကို ဂရုစိုက်လိမ့်မည် မဟုတ်ချေ။ သူလုပ်ချင်တာကို လုပ်နိုင်စွမ်းရှိနေ၏။
အနားပတ်ဝန်းကျင်တွင်ရှိနေသော ကျင့်ကြံသူများသည် အလယ်ဗဟိုတွင်ရှိနေသော ကျောက်ပြားချပ်ကြီးကို လှမ်း၍ ကြည့်လိုက်သည်။ ထိုကျောက်ပြားချပ်ကြီးသည် နှစ်မီတာပတ်လည်လောက်ရှိ၏။ ပတ်ဝန်းကျင် တည်နေရာ တစ်ခုလုံးနှင့် ကွဲထွက်လျက်ရှိနေပြီး ဤအရာမှာ လူသားတစ်ယောက် ဖန်တီးထားသည့်အရာ ဖြစ်ကြောင်း လွယ်လွယ်ကူကူ သိရှိနိုင်၏။ လက်ရှိအခြေအနေမှာတော့ ကောင်းကင်ပေါ်တွင် ကြက်သွေးရောင် အလင်းတန်းများ ပျံသန်းလျက်ရှိသည်။ ထိုကျောက်ပြားပေါ်တွင်တော့ ထူးဆန်းသည့် အစီအရင်၏ အလင်းတန်းများသည် ဖြတ်သန်းကာ လှုပ်ရှားနေသည်။
“ဒီအစီအရင်ကို ကြည့်ရတာ နည်းနည်း ရင်းနှီးနေသလိုပဲ”
ကျွင်းချောင်ရှောင်းသည် မျက်လုံးက မှေးစင်းကာဖြင့် သေသေချာချာ ကြည့်ရှုလိုက်၏။ နောက်ဆုံးမှာတော့ ဤအစီအရင်သည် ဆန်းကြယ်ဂိတ်တံခါးသုံးဆယ့်နှစ် အစီအရင်ကျမ်းစာထဲမှ အရာတစ်ခုနှင့် တူညီနေသည် ဖြစ်ကြောင်း သိရှိလိုက်ရသည်။
တွီ …။
ထိုအချိန်မှာတော့ ကျောက်ပြားပေါ်တွင်ရှိသော စာကြောင်းများသည် မှေးမှိန်သွားသည်။ ထို့နောက် ကောင်းကင် ပေါ်သို့ ထိုးတက်လျက်ရှိနေသော အလင်းတန်းသည်လည်း ရုတ်တရက် ပျောက်ကွယ်သွား၏။
“စည်းက ပျက်စီးတော့မှာပဲ”
ပတ်ဝန်းကျင်တွင်ရှိနေသော သိုင်းကျင့်ကြံသူများ၏ မျက်လုံးများသည် လိုချင် လောဘစိတ်များနှင့် ပြည့်နှက်လာခဲ့သည်။ တချို့သည် ၎င်းတို့၏ ကျင့်ကြံခြင်းအဆင့်ကို တိတ်တဆိတ်ဖွင့်လှစ် ထားရှိခဲ့ပြီး အချိန်မရွေး လှုပ်ရှားနိုင်ရန် ပြင်ဆင်ထားကြသည်။
မူလအားဖြင့် တိတ်ဆိတ်ငြိမ်သက်လျက်ရှိနေသော တည်နေရာကြီးတစ်ခုလုံးသည် ရှုပ်ထွေးတော့မည့် အခြေအနေတစ်ခုဆီသို့ ရောက်ရှိလာခဲ့သည်။ မုန်တိုင်း မတိုက်ခင် လေငြိမ်နေသကဲ့သို့ပင်။ ကျောက်ပြားပေါ်တွင် ရတနာတစ်ခုခု ဆိုပါက ဤတည်နေရာတစ်ခုလုံးသည် သွေးမုန်တိုင်းစီးတော့မှာ သေချာ၏။
“ဂိုဏ်းချုပ်”
တင်းရှင်းဝမ်က ပြောလိုက်သည်။ “ဒါက လူနည်းနည်းများတယ်၊ ဘာလုပ်ကြမလဲ”
ကျွင်းချောင်ရှောင်းက အသံပို့လွှတ်လိုက်သည်။ “လက်ရှိ အခြေအနေအရ အခွင့်အရေး အမွေအနှစ်ဆိုတာက ကျောက်ပြားပေါ်မှာ ရှိမှာပဲ၊ တစ်စုံတစ်ခု ပေါ်လာပြီဆိုတာနဲ့ ကျုပ်တို့ စောင့်ကြရအောင်၊ ကျန်တဲ့ သိုင်းကျင့်ကြံသူ တွေ လုပ်ချင်တာ အရင်လုပ်ပလေ့စေ”
“ကောင်းပါပြီ” တင်းရှင်းဝမ်က ပြန်ပြောလိုက်သည်။
ခရမ်းရောင်ဘုရင်သည် ထူးမခြားနားသလို ပြန်ပြောလိုက်၏။ “ကျုပ်တို့ မစောင့်ဘဲနဲ့ သွားလုရင် မကောင်းဘူးလား”
“ဒါကြောင့်ပဲ မအောင်မြင်ခင်ကတည်းက ဆုံးရှုံးရတာပေါ့၊ ဘာမှတောင် မလုပ်ရသေးဘူး၊ သိုင်းနယ်မြေတွေ စုပေါင်းပြီး စည်းခတ်ခြင်းကို ခံလိုက်ရတာ၊ အဲတာကြောင့်လေ” ပိုင်လျှိုသည် ဘေးတစ်ဖက်ဆီမှ ခနဲ့တဲ့တဲ့ဖြင့် ဝင်ကာ ပြောလိုက်သည်။
သူသည် ကိုယ်ပိုင်အသိဉာဏ်ပိုင်ဆိုသည့် သားရဲတစ်ယောက်မို့ ကိုယ့်ကိုယ်ကိုယ် ဂုဏ်ယူလျက် ရှိနေ၏။ လက်ရှိအချိန်တွင် သိုင်းကျင့်ကြံသူ အများအပြား တည်ရှိနေ၏။ ထို့ကြောင့် ဤပစ္စည်းကိုလုကာ ထွက်ပြေးမည်ဆိုပါက များပြားလှသော သိုင်းကျင့်ကြံသူများ နောက်ကလိုက်ကာ လိုက်လံသတ်ဖြတ်ခြင်းကြောင့် သေဆုံးရမှာ သေချာ၏။
ခရမ်းရောင်ဘုရင်သည် တစ်ဖက်လူမှ ခနဲ့တဲ့တဲ့ ပြောလိုက်သည်ကို ကြားတော့ အလွန်ပဲ ဒေါသထွက်သွားသည်။ သူသည် ရုတ်တရက် အဝတ်အစားများကို ဆွဲဖြဲချင်စိတ်ပင် ပေါက်မိသည်။
ဖြောင်း ဖြောင်း ဖြောင်း
ထိုအချိန်မှာပဲ ကျောက်ပြားပေါ်ရှိ အစီအရင်အလင်းတန်းများ ပျောက်ကွယ်သွားပြီးသည့်နောက် ကျောက်ပြားချပ် ကြီးသည် ဖြည်းဖြည်းချင်း စတင်၍ လည်ပတ်လာခဲ့တော့၏။ ပြီးသည့်နောက်မှာတော့ ပါးလွှာလှသော အဖုံးကြီးသည် ပွင့်သွားတော့၏။ ဘာမှန်းမသိသည့် စက်ပစ္စည်း အစိတ်အပိုင်းများသည် အသက်ဝင်သွားခဲ့၏။
ပြီးနောက် တင်းတင်းပိတ်ထားခဲ့သည်ဖြစ်သော တည်နေရာဂိတ်တံခါးတစ်ခုသည် ရုတ်တရက် ပွင့်လာခဲ့၏။ သိုင်းကျင့်ကြံသူများအားလုံးသည် ထိုအရာကို ငြိမ်ငြိမ်သက်သက် ကြည့်ရှုလျက်ရှိနေကြ၏။ ၎င်းတို့၏ ခန္ဓာကိုယ်တွင် ရှိနေသော ဓာတ်သဘာဝများကို ထုတ်လွှတ်၍ အချိန်မရွေး တိုက်ခိုက်ရန် ပြင်ဆင်ထားကြသည်။
ဘုန်း
ကျောက်ပြားချပ်ကြီး ရုတ်တရက် ပွင့်ပြီးသည့်နောက် စက်ဝိုင်းပုံသဏ္ဍာန်အပေါက်ကြီး ရုတ်တရက် ပေါ်လာ၏။
ဝှစ်
ရုတ်တရက် အတွင်းမှ အလင်းတန်းတစ်ခု ပျံသန်းထွက်ပေါ်လာ၏။ ထိုအလင်းတန်းတစ်ခုသည် အလွန်မြန်ဆန် လွန်းသောနှုန်းထားဖြင့် ကျွင်းချောင်ရှောင်း၏ လက်ထဲသို့ ရောက်ရှိလာ၏။ အလင်းတန်းများ ပြန်လည် ပျောက်ကွယ်သွားပြီးသည့်နောက်မှာတော့ အဖြူရောင်ဥကြီးတစ်ခု ပေါ်လာကြောင်း အားလုံးက မြင်လိုက်ရ တော့သည်။
ဝှစ် ဝှစ် ဝှစ်
ချက်ချင်းပဲ သိုင်းကျင့်ကြံသူ ငါးသောင်းကျော်တို့၏ အကြည့်များသည် ကျွင်းချောင်ရှောင်းဆီသို့ ရောက်ရှိလာတော့ သည်။ ကျွင်းချောင်ရှောင်း၏ လက်ထဲတွင် ဥကြီးတစ်လုံးက တည်ရှိလို့နေ၏။ အဘိုးကြီးကွမ်ဟိုင် ထားခဲ့သော အမွေအနှစ်ဆိုသည်မှာ ဤအရာပင် ဖြစ်ပေလိမ့်မည်။ ထိုဥဆီမှ ထွက်ပေါ်နေသော အားကောင်းလှသည့် အော်ရာများကို ကြည့်ရှုပြီးသည့်နောက်မှာတော့ ရှားပါးပြီး အဆင့်အတန်း မြင့်လွန်းလှသော သားရဲတစ်ကောင်ကောင်၏ ဥဖြစ်မည်မှန်း အားလုံးက ခန့်မှန်းမိလိုက်ကြ၏။
ကျွင်းချောင်ရှောင်းသည်လည်း ဆွံ့အလျက်ရှိနေသည်။ ဥ... ဘယ်လိုဖြစ်ပြီး သောက်ကျိုးနည်းမယ့်ဟာကြီး ငါ့လက်ထဲကို ရောက်လာရတာတုန်း၊ ငါ့ကို တမင်တကာ အကွက်ချပြီး ဒုက္ခရောက်အောင် လုပ်နေတာလား။
ဝှစ် ဝှစ်
ကျွင်းချောင်ရှောင်း အနေဖြင့် ကောင်းကောင်းပင် မတွေးတောလိုက်ရချေ။ ပတ်ဝန်းကျင်တွင်ရှိနေသော သိုင်းကျင့်ကြံသူများ အားလုံးသည် ၎င်းတို့၏ ကျင့်ကြံခြင်းအဆင့်များကို ထုတ်လွှတ်လိုက်ကြ၏။ သိုင်းကျင့်ကြံသူ ငါးသောင်းကျော်တို့ အားကုန်ထုတ်ဖော်လိုက်သည့်နောက်မှာတော့ လေထုထဲတွင် ကြမ်းတမ်းလှသည့် လှိုင်းအဟုန် များဖြစ်တည်လာခဲ့၏။
ကျွင်းချောင်ရှောင်း၏ ဆံနွယ်များသည် လေထဲတွင်ပင် လွင့်တက်သွားသည်။
ဘန်း
ထိုအချိန်မှာပဲ သူ၏ဘေးနားတွင်ရှိနေသော ခရမ်းရောင်ဘုရင်၏ အင်္ကျီအဝတ်အစားများသည် တစစီ ဖြစ်သွား တော့၏။ ကြောက်မက်ဖွယ်ရာ ကောင်းလှသော မွန်းစတား အော်ရာများသည် ၎င်း၏ ခန္ဓာကိုယ်ဆီမှ ထွက်ပေါ်လာ သည်။ ကျိရှုသည် ဒေါသတကြီးဖြင့် အော်ဟစ်လိုက်၏။ “ဘယ်သူလာရဲလဲ ကြည့်မယ်”
တင်းရှင်းဝမ်နှင့် ပိုင်လျှိုတို့သည်လည်း ၎င်းတို့၏ စွမ်းအားများကို ထုတ်ဖော်လိုက်ကြ၏။ ယေဘူယျအားဖြင့် ပြောရမည်ဆိုလျှင် ၎င်းတို့သုံးယောက်သည် သိုင်းသူတော်စင်အဆင့် ကျင့်ကြံသူများ ဖြစ်ကြ၏။ ၎င်းတို့ဆီမှ ထွက်ပေါ်နေသော အော်ရာများသည် အလွန်အမင်း အားကောင်းလွန်းလှ၏။ သို့ပေမဲ့ ဤမျှ များပြားလှသော သိုင်းကျင့်ကြံသူများ၏ ရှေ့တွင်တော့ ၎င်းတို့သည် ဘာမှ တက်နိုင်လိမ့်မည် မဟုတ်ချေ။
“နောက်ကိုဆုတ်မယ်”
ကျွင်းချောင်ရှောင်းက အော်လိုက်သည်။ ပြီးသည့်နောက်မှာတော့ သူသည် စက်အတောင်ပံကို အသက်သွင်းကာ ပျံသန်းထွက်ပြေးတော့၏။
ဝှစ် ဝှစ် ဝှစ်
သို့ပေမဲ့ သူထွက်သွားပြီး မကြာခင်မှာပဲ များပြားလှသည့် တည်နေရာများမှ ကြမ်းတမ်းလှသည့် အော်ရာများသည် သူ့ဆီသို့ ရောက်ရှိလာသည်ကို ခံစားလိုက်မိ၏။ သိုင်းကျင့်ကြံသူ တစ်ဒါဇင်ကျော်တို့သည် အစောကြီးကတည်းက သူ၏ လမ်းကို ပိတ်ဆို့ထားပြီး ဖြစ်နေတော့သည်။
“ချီးတဲ့မှ”
ကျွင်းချောင်ရှောင်းသည် ကျိန်ဆဲလိုက်မိ၏။ ပြီးသည့်နောက်မှာတော့ ရုတ်တရက် သူ၏လက်ကို ယမ်းခါ ကာဖြင့် ဥအား လွှတ်ပစ်လိုက်၏။ ဤအရာသည် အလွန်ရှေးကျပြီး အားကောင်းလွန်းလှသည့် အော်ရာများ ထွက်ပေါ်နေသည်ဆိုသော်လည်း သာမန်ဥတစ်ဥ မဟုတ်ပေ။ လက်ထဲတွင် ကိုင်ထားသည်ဆိုပါက ဗုံးတစ်လုံးကို ကိုင်ထားသည်နှင့် ဆင်တူပေလိမ့်မည်။ ထို့ကြောင့် ဖြစ်နိုင်သမျှ အမြန်ဆုံး လွှတ်ပစ်ခြင်းကသာ အကောင်းဆုံး ဖြစ်ပေလိမ့်မည်။
ထင်မှတ်ထားသည့်အတိုင်းပင်။ ဥသည် အပြင်ဘက်သို့ ပစ်လွှတ်ခြင်းကို ခံရပြီးသည့်နောက် မှာတော့ များပြားလှသည့် ဂြိုဟ်အသီးသီးမှ သိုင်းကျင့်ကြံသူများသည် သူ့ဆီသို့ ပြေးဝင်မလာတော့ဘဲ ဥဆီသို့သာ အာရုံရောက်သွားကြ၏။
“တော်သေးတယ်၊ တော်သေးတယ်”
ကျွင်းချောင်ရှောင်းသည် နဖူးပေါ်သို့ ကျဆင်းလျက်ရှိသော ချွေးစေးများကို သုတ်လိုက်၏။ ပြီးနောက် တင်းရှင်းဝမ်နှင့် တခြားသူများဆီ အသံပို့လွှတ်လိုက်၏။ “ကျုပ်တို့ ပြီးမှ ဥနောက် လိုက်ကြရအောင်”
ဥကို ပစ်လွှတ်လိုက်သည်ဆိုခြင်းမှာ ထိုအရာကို လက်လျော့အရှုံးပေးလိုက်သည်ဟုဆိုခြင်း မဟုတ်ပေ။ များပြားလှသောဂြိုဟ်အသီးသီးမှ သိုင်းကျင့်ကြံသူများအား ၎င်းတို့အသီးသီး တိုက်ခိုက်စေရန် သူ မျှော်လင့်နေမိ၏။ အားလုံး ပြီးသွားမှသာလျှင် သူသည် ……။
ဘုတ်
အတွေးပင် မဆုံးသေးချေ။ သူပစ်လွှတ်လိုက်သော ဥသည် သူ၏လက်ထဲသို့ ပြန်လည်ရောက်ရှိလာပြန်၏။
“ချီးတဲ့မှ... ဘာလို့ ပြန်ရောက်လာရတာလဲ၊ ဘယ်လိုဖြစ်လို့ ငါ့လက်က ဒီဥကို အလိုလိုလှမ်းလှမ်း ဖမ်းနေရာတာလဲ”
ကျွင်းချောင်ရှောင်း အနေနှင့် ထပ်မံစဉ်းစားရန် အချိန်မရှိတော့ချေ။ အဘယ်ကြောင့်ဆိုသော် များပြားလှသော သိုင်းကျင့်ကြံသူများအားလုံးသည် သူ့ဆီသို့ တိုးဝင်လာကြပြီဖြစ်၏။ ထို့ကြောင့် သူသည် လက်ထဲတွင်ရှိသော စွမ်းအင်များကို အသာအသက်သွင်းပြီးသည့်နောက် ဥကို ဟိုးခပ်ဝေးဝေးဆီသို့ ကြမ်းကြမ်းတမ်းတမ်း ပစ်လွှတ် လိုက်တော့၏။ “ငါ့ဆီကနေ ခပ်ဝေးဝေးကို သွားစမ်း”
ဝှစ် ဝှစ်
အဖြူရောင်ဥကြီးသည် အပြင်ဘက်သို့ လွှင့်စင်ထွက်ပြီးသွားသည့်နောက်မှာတော့ လေထဲတွင် လျှပ်စီးတန်းများပင် ဖြစ်တည်လာ၏။ သို့ပေမဲ့ အမြန်ဆန်ဆုံးနှုန်းဖြင့် သူ၏လက်ထဲသို့ ပြန်လည်ရောက်ရှိလာ၏။ သူသည် လက်နှစ်ဖက် ကို အသာမြှောက်ကာ ဖမ်းလိုက်မိသည်။
အား အား
ကျွင်းချောင်ရှောင်းသည် စိတ်ဓာတ်တကျဖြင့် အော်ဟစ်လိုက်မိ၏။ သူသည် စက်အတောင်ပံနှင့် ပျံသန်းမှု စွမ်းရည် တို့ကို အသက်သွင်းလိုက်ပြီးသည့်နောက်မှာတော့ အတတ်နိုင်ဆုံး အဝေးဆီသို့ရောက်အောင် ပျံသန်းလေသည်။ သူသည် ဥကို ဖြစ်နိုင်သမျှ ခပ်ဝေးဝေးဆီသို့ ပစ်လွှတ်လျက်ရှိ၏။ သို့ပေမဲ့ သူပစ်လွှတ်လိုက်ပြီးနောက် အချိန်ခဏ အတောအတွင်းမှာပဲ သူ၏လက်ထဲသို့ ပြန်လည်ရောက်ရှိလာခဲ့သည်။ ကြည့်ရသည်မှာ ဘတ်စကတ်ဘော ကစား နေခြင်းနှင့်ပင် ဆင်တူ၏။
တင်းရှင်းဝမ်၊ ခရမ်းရောင်ဘုရင်နှင့် တခြားသောသူများ၏ နှုတ်ခမ်းများသည် တုန်ယင်လာခဲ့တော့သည်။ တခြား သောသူများ အားလုံးသည် ဤအမွေအနှစ် အခွင့်အရေးကို ရရှိရန်အတွက် အသက်ကိုပင် ပေးဆပ်ရန် ဝန်မလေး ကြချေ။ သို့ပေမဲ့ ၎င်းတို့၏ ဂိုဏ်းချုပ်မှာတော့ လက်ထဲသို့ရောက်ရှိလာသော ဥအား လွတ်ရာလွတ်ကြောင်းကို တပစ်တည်း ပစ်လျက်ရှိနေသည်။
“မကြည့်နဲ့၊ မြန်မြန်လာ၊ ကျုပ်ကို ကာကွယ်ပေးအုံး” ကျွင်းချောင်ရှောင်းကလည်း စိတ်ဓာတ်တကျဖြင့် အော်ဟစ် လိုက်မိ၏။
တင်းရှင်းဝမ်နှင့် တခြားသူများသည် မြန်မြန်ဆန်ဆန်နှင့် ပြေးလွှားလာခဲ့၏။ သို့ပေမဲ့ တစ်စက္ကန့်အတွင်း မှာပဲ ၎င်းတို့သည် အနောက်ကို ပြန်လည်ဆုတ်ခွာသွားရသည်။
အဘယ်ကြောင့်ဆိုသော် သိုင်းကျင့်ကြံသူ ငါးသောင်း တို့သည် ဂိုဏ်းချုပ်၏ အနောက်သို့ လိုက်ပါနေသောကြောင့် ဖြစ်သည်။ ၎င်းတို့အားလုံးသည် အဆင်ခြင်မဲ့ ရှေ့သို့ တိုးသွားသည်ဆိုပါက ထိုလူအုပ်ကြားထဲမှ ပြန်၍ ထွက်နိုင်လိမ့်မည်ပင် မဟုတ်ချေ။ များပြားလှသော လူအရေအတွက်သည် သူတော်စင်အဆင့် သိုင်းကျင့်ကြံသူများကိုပင် နှစ်ခါပြန် စဉ်းစားရအောင် ပြုမူစေခဲ့တော့၏။
“ဂိုဏ်းချုပ်”
ကျန့်ရာသည် အသံပို့လွှတ်လိုက်တော့သည်။ “အရှေ့ဘက်ကို ပျံသွား အဲမှာ လူနည်းနည်းပဲ ရှိတယ်”
ဝှစ်
ကျွင်းချောင်ရှောင်းသည် စိတ်ဝိညာဉ်စွမ်းအင်များကို အာရုံခံကာ ကြည့်ရှုရန် အချိန်လည်း မရှိပေ။ သူသည် ဥကြီးကို ခပ်ဝေးဝေးရောက်အောင် ပစ်လွှတ်လိုက်သည်။ ပြီးသည့်နောက်မှာတော့ အရှေ့ဘက်ဆီသို့ ပျံသန်းတော့သည်။ သူ၏လက်ထဲသို့ ဥပြန်လည်ရောက်ရှိချိန်မှာတော့ သူသည် သိုင်းကျင့်ကြံသူ တစ်သောင်းနီးပါးတို့၏ ဝိုင်းရံထားခြင်းမှ အပြင်ဘက်သို့ ရောက်ရှိသွားပြီ ဖြစ်တော့သည်။
သူ့အနေနှင့် အဘယ်ကြောင့် ဤမျှ မြန်ဆန်အောင် ပျံသန်းနေနိုင်သနည်းဆိုသော စက်အတောင်ပံကြောင့် ဖြစ်သည်ဟုသာ ဆိုရမည်။ များပြားလှသော ကျင့်ကြံသူများသည် သူ၏အနောက်သို့ လိုက်ပါနေကြသည်ဖြစ်သော်လည်း သူသည် စက်အတောင်ပံ၏ အားကိုးဖြင့် လွတ်မြောက်အောင် ပျံသန်း ပြေးလွှားနိုင်နေ၏။
သူသည် ဤနေရာမှ လွတ်မြောက်သွားခဲ့သည်ဆိုသော်လည်း ကပ်ဘေးကြီးမှာတော့ မပြီးဆုံးသေးချေ။ နောက်ထပ် သိုင်းကျင့်ကြံသူ တစ်သောင်းကျော်တို့သည့် ဥအတွက်နှင့် သူ့အား လိုက်လံဖိအားပေး တိုက်ခိုက်လျက်ရှိနေသည်။
“အဘိုးကြီး... ဥကိုလွှဲပေး၊ မဟုတ်ရင် သတ်ပစ်မယ်”
မင်းတို့ မမြင်ဘူးလား၊ ငါပစ်နေတာပဲ၊ ငါ့ဆီ ပြန်ပြန် လာနေတာလေ။ ကျွင်းချောင်ရှောင်းသည် စိတ်ထဲမှာတော့ ကြိတ်ကာ ကျိန်ဆဲလျက်ရှိနေတော့၏။
ဝှစ်
ထိုအချိန်မှာပဲ သူ၏ရှေ့တွင်ရှိသော တည်နေရာသည် ရုတ်တရက် လှုပ်ခါသွား၏။ မြေအဆင့်စွမ်းအားမြင့် ကျင့်ကြံ သူများသည် လေထုထဲတွင် ပေါ်ပေါက်လာခဲ့ပြီး ၎င်းတို့၏ အရိုးပေါ်အရေတင် လက်ကြီးနှစ်ဖက်သည် ဥကို ရုတ်တရက် လှမ်း၍ဆွဲလိုက်သည်။
တစ်ဖက်မှ လူနှစ်ယောက် ရောက်ရှိလာသည်ကိုမြင်တော့ ကျွင်းချောင်ရှောင်း သည် အံ့အားသင့်မိသွားသည်။ သို့ပေမဲ့ ထိုနှစ်ယောက်သည် သူ့ကို ဂရုမစိုက်ဘဲ လက်ထဲတွင် ရှိသော ဥကို လှမ်းလုလိုက်သည်ကို မြင်တော့ စိတ်သက်သာရာ ရသလို သက်ပြင်းချမိတော့သည်။ တကယ်၍ သူ့ကိုသာ ပစ်မှတ်ထား တိုက်ခိုက်မည်ဆိုပါက သူ့အနေနှင့် ရှောင်တိမ်းနိုင်ရန် မလွယ်တော့ချေ။
“ခင်ဗျားတို့က လုချင်တာလား၊ ကျုပ်ကလည်း ပူးပေါင်းပေးရမှာပေါ့၊ ရော့ ယူ”
ဥသည် ၎င်း၏ လက်ထဲမှ လွတ်မြောက်သွားတော့မည်ကို အာရုံခံမိပုံပေါ်၏။ ထို့ကြောင့် သိုင်းကျင့်ကြံသူနှစ်ယောက် လုယူသွားသည့် အချိန် မှတော့ ၎င်းသည် အတင်းရုန်းကန်လျက်ရှိနေ၏။ သို့ပေမဲ့ ကျွင်းချောင်ရှောင်း၏ အမူအရာသည် ပျက်ယွင်းသွား၏။ အဘယ်ကြောင့်ဆိုသော် ထိုမြေအဆင့်စွမ်းအားမြင့် ကျင့်ကြံသူနှစ်ယောက်တို့သည် ခပ်ဝေးဝေးသို့ ရောက်ရှိချိန်မှာတော့ ၎င်းတို့လက်ထဲမှ ဥသည် ရုန်းထွက်ပြီးသည့်နောက် သူ့ဆီသို့ ရောက်ရှိလာခဲ့ပြန်သည်။
ဘုန်း ဘုန်း
ကျယ်လောင်လှသော ပေါက်ကွဲသံကြီးတစ်ခု ထွက်ပေါ်လာပြီးသည့်နောက်မှာတော့ ခန္ဓာကိုယ်တစ်ခုလုံး ချပ်ဝတ်များနှင့် ပြည့်နှက်လျက်ရှိသော ကျွင်းချောင်ရှောင်းသည် လေထုထဲတွင် မတ်မတ်ရပ်လျက် ရှိနေ၏။ ပြီးသည့် နောက်မှာတော့ သူ၏လက်များကို ဖြန့်ကားကာဖြင့် ဥကို လှမ်း၍ ဖမ်းလိုက်ပြန်သည်။ “အစ်ကိုကြီး... ရည်ရွယ်ချက်ရှိရှိ ကျုပ်နဲ့ဆော့နေတာလား”
ဝှစ် ဝှစ်
စွမ်းအင်လှိုင်းများသည် သူ၏နောက်ကွယ်မှ ဖြစ်တည်လာ၏။ များပြားလှသော သိုင်းကျင့်ကြံသူများတစ်သောင်း ကျော်တို့သည် ဥကို သူ ယူမသွားစေရန် အနောက်မှ လိုက်ကာ တိုက်ခိုက်နေ၏။
ထိုအချိန်မှာတော့ ကျွင်းချောင်ရှောင်းသည် ဖြစ်နိုင်သမျှ အမြန်ဆုံး ပျံသန်းဖို့သာ စိတ်ဝင်စားလျက်ရှိနေ၏။ သူသည် အကန့်အသတ် ရောက်သည်အထိ ပြေးလွှားလျက်ရှိနေသည်။
ဆွစ် ဆွစ် ဆွစ်
ကောင်းကင်ပေါ်မှာတော့ အလင်းတန်းများသည် တစ်ခုပြီးတစ်ခု ဖြစ်တည်လာပြီးသည့်နောက် အလွန်လျင်မြန်စွာဖြင့် ရှေ့မှ ပြေးလွှားလျက်ရှိသော ကျွင်းချောင်ရှောင်း၏ နောက်သို့ ရူးရူးမူးမူး လိုက်လျက်ရှိနေကြ၏။
ဆွစ်
တိုက်ပွဲတည်နေရာထဲမှာတော့ ကျွင်းချောင်ရှောင်းသည် လျှာကိုထုတ်ကာဖြင့် အားရပါးရ ပြေးနေတော့သည်။ သူသည် ဥကြီးကိုဖက်၍ ပြေးနေခြင်းဖြစ်သည်။
“ဂိုဏ်းချုပ်”
တင်းရှင်းဝမ်၊ ခရမ်းရောင်ဘုရင်နှင့် တခြားသူများ အားလုံးသည်လည်း အနောက်မှ လိုက်လာကြ၏။ ဂိုဏ်းချုပ်၏ ပျံသန်းမှုသည် အလွန်မြန်ဆန်လွန်းသောကြောင့် ၎င်းတို့သည် လိုက်မမီကြချေ။ ၎င်းတို့အနေနှင့် အသံပို့လွှတ်ကာ အားပေးခြင်းကိုသာ ပြုလုပ်နိုင်ကြ၏
“တောင့်ခံထား၊ တောင့်ခံထား”
“တော်စမ်း”
ဘုန်း ဘုန်း ဘုန်း
“ဟမ်း.... အသက်ကို ဖြည်းဖြည်းရှူမှ ဖြစ်မယ်”
“ခင်ဗျား ပြေးလို့မလွှတ်ဘူး၊ ဒီဥကြီးကို ယူသွားချင်တယ်ဆိုရင် ကျုပ်တို့ သဘောတူ၊ မတူ အရင်မေးအုံးလေ၊ သေစမ်း”
ဘုန်း ဘုန်း ဘုန်း ဘုန်း
“လာ... လာ” များပြားလှသည့် သိုင်းကျင့်ကြံသူများသည် အနောက်မှ ၎င်းတို့၏ အဖော်များအား လှမ်းခေါ်၍ လိုက်ကြပြန်တော့၏။ ခဏလောက် ကြာပြီးသည့်နောက်မှာတော့ ကျွင်းချောင်ရှောင်းသည် တောင်ထိပ် တည်နေရာတွင် ရပ်တန့်လိုက်၏။ သူသည် ခန္ဓာကိုယ်ကို ကုန်းကာဖြင့် အသက်ကို မနည်းရှူနေရ၏။ သိုင်းကျင့်ကြံသူ တစ်ထောင်ကျော်တို့သည့် သူ့အား ဝိုင်းရံထားကြ၏။ သူသည် လွတ်မြောက်ရန် လမ်းမရှိတော့ချေ။
“အဘိုးကြီးတင်း”
အဝေးတစ်နေရာတွင် ရှိနေသော ကျန့်ရာသည် စိုးရိမ်ပူပန်စွာဖြင့် ပြောလိုက်၏။ “ကျုပ်တို့ ဘာလုပ်ကြမလဲ”
ဂိုဏ်းချုပ်အား ဝိုင်းရံထားကြသော သိုင်းကျင့်ကြံသူများမှာ များပြားလွန်းလှ၏။ ၎င်းတို့အနေဖြင့် အထဲကို ချိုးဖောက်ဝင်ရောက်၍ မဖြစ်နိုင်ချေ။ ထိုသို့ဆိုလျှင် ကျိန်းသေပေါက် ပြဿနာ တက်တော့မှာ သေချာသည်။ တင်းရှင်းဝမ်သည် မျက်မှောင်ကုတ်လိုက်၏။ သူ၏ မျက်လုံးထဲတွင်တော့ ဆုံးဖြတ်ပြီးသား အမူအရာ များနှင့် ပြည့်နှက်နေတော့သည်။ “တခြားနည်းလမ်းလည်း မရှိတော့ဘူးဆိုရင် ငါတို့ အသက်ကိုရင်းပြီးတော့ အထဲကို ဝင်တိုက်ရတော့မှာပဲ”
“မလိုဘူး”
ခရမ်းရောင်ဘုရင်သည် အရှေ့သို့ နှစ်လှမ်း လှမ်းတက်လိုက်၏။ ပြီးနောက် ဂုဏ်ယူစွာဖြင့် ပြောလိုက်၏။ “ကျုပ် သူတို့နဲ့ ရင်ဆိုင်မယ်”
တင်းရှင်းဝမ်နှင့် တခြားသောသူများသည် ဆွံ့အသွားမိ၏။ အရှေ့တွင် သိုင်းကျင့်ကြံသူတစ်ရာလောက်ရှိသည် ဆိုပါက ဟောခန်းသခင်ကျိသည် ထိုသူများအား ရင်ဆိုင်နိုင်လိမ့်မည်ဟု သူတို့ ယုံကြည်သည်။ သို့ပေမဲ့ အရှေ့တွင် ရှိနေသော လူများမှာ သိုင်းကျင့်ကြံသူ ငါးသောင်းနီးပါးခန့် ရှိ၏။ ထိုအထဲတွင် မြေအဆင့် စွမ်းအားမြင့် ကျင့်ကြံသူ တစ်ဒါဇင်ကျော်လည်း ရှိနေ၏။ မည်ကဲ့သို့ တစ်ယောက်တည်းနဲ့ တိုက်ခိုက်အနိုင်ယူနိုင်မည်နည်း။
“ကျုပ်အနေနဲ့ လူသားအသွင် ပြောင်းလဲထားတာလေ၊ ဒါကြောင့် အစစ်အမှန် ပုံပန်းသွင်ပြင်နဲ့ တိုက်ခိုက်ခြင်းကို မပြုလုပ်ရသေးဘူး၊ ဒီနေ့မှာတော့ သူ့အတွက် ကျုပ် ….”
ခရမ်းရောင်ဘုရင်သည် သူ၏လက်ချောင်းများကို ဖြန့်ကားလိုက်၏။ ရုတ်တရက် သူ၏ မျက်လုံးများသည် အေးစက်သွားခဲ့တော့သည်။ “ဒီတစ်ကြိမ်တော့ ချွင်းချက်အနေနဲ့ အသွင်ပြောင်းရတော့မှာပေါ့”