← Chapters

အခန်း (၉၁၆)

Vol. 62 Ch. 916

အခန်း (၉၁၆)

Vol. 62 Ch. 916

“အစစ်အမှန်ပုံစံလား”

တင်းရှင်းဝမ်နှင့် ကျန့်ရာတို့သည် မျက်လုံးအပြူးသား ဖြစ်သွားမိကြ၏။ ခရမ်းရောင်ဘုရင်သည် အထက်နယ်မြေ ဆီမှ ရောက်ရှိလာသော သားရဲတစ်ကောင်ဖြစ်သည်ကို သူတို့ ကောင်းကောင်းသိရှိသော်လည်း လူသားပုံစံအဖြစ်သာ မြင်ဖူးကြ၏။

ခန်းမသခင်ကျိ သည် တိုက်ခိုက်ရာတွင် ကိုယ်လုံးတီးနှင့် တိုက်ခိုက်ရသည်ကို နှစ်သက်သည်ဆို သော်လည်း ၎င်းတို့အနေနှင့် အစစ်အမှန်ပုံစံကို တစ်ခါမှ မမြင်ဘူးကြချေ။ မြေအဆင့် စွမ်းအားမြင့် ကျင့်ကြံသူ အများကြီးနှင့် တစ်ယောက်တည်း တိုက်ခိုက်နိုင်စွမ်း ရှိသူတစ်ယောက်မို့ ဟောခန်းသခင်ကျိ၏ အစစ်အမှန်ပုံစံသည် အလွန်ပင် အားကောင်းရပေလိမ့်မည်။

သို့မဟုတ် အမြီးတစ်ရာကျော်ပါဝင်သော မြေခွေးအိုကြီးပင် ဖြစ်နေလေသည်လား။

တင်းရှင်းဝမ်နှင့် ကျန့်ရာတို့သည် မြန်မြန်ဆန်ဆန် စိတ်ကူးယဉ်လိုက်ကြ၏။ ၎င်းတို့၏ မျက်လုံးများထဲတွင်တော့ ကြီးမားခန့်ထည်လှသည့် သားရဲကြီးတစ်ကောင်အဖြစ် ပြောင်းလဲသွားမည်ကို မျှော်လင့်နေမိကြ၏။

ခရက်

ရုတ်တရက် မွန်းစတားဘုရင်ကြီး ကျိရှုသည် လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်လိုက်သည်။ အလွန်ကြမ်းတမ်း လှသော ခရမ်းရောင်အော်ရာများသည် သူ၏ခန္ဓာကိုယ်ဆီမှ ထွက်ပေါ်လာသည်။ ခရမ်းရောင်မျဉ်းကြောင်းများ သည် သူ၏ခန္ဓာကိုယ်အပေါ်ဘက်တွင် ဖြည်းဖြည်းချင်း ပေါ်လာတော့သည်။ လျင်လျင်မြန်မြန်ပဲ အစီအရင် တစ်ခု ကဲ့သို့ တစ်ခုနှင့်တစ်ခု ချိတ်ဆက်သွားသည်။

ပိုင်လျှိုသည် ထိတ်လန့်တုန်လှုပ်သွား၏။ မွန်းစတားချီများသည် အလွန် အားကောင်းလွန်းလှပြီး ၎င်းအနေဖြင့် မည်သို့မှ မတတ်နိုင်ဘဲ ဒူးထောက်ကာ ဦးညွတ်ချင်စိတ်ပင် ပေါက်မိနေ တော့၏။ တစ်ဖက်လူသည် သားရဲမျိုးနွယ်၏ ဘုရင်တစ်ပါးဖြစ်သည်ဟု တစ်ချိန်က ပြောခဲ့ဖူး၏။ ဤအရာမှာ အမှန်ပင် ဖြစ်နေသည်လား။

ဝှစ် ဝှစ်

မွန်းစတားအော်ရာများသည် ဆက်တိုက်ဆိုသလိုပဲ မြင့်တက်လျက်ရှိနေတော့၏။ ခရမ်းရောင်ဘုရင်၏ မျက်လုံးများ သည် ခရမ်းရောင်အဖြစ်သို့ ပြောင်းလဲသွားတော့သည်။ သူသည် အလုံးစုံရူးသွပ်သွားသည့်ပုံစံမျိုးပင် ပေါက်နေ တော့သည်။ “ခွေးကောင်တွေ”

သူသည် အေးစက်စက်ပြုံးကာ ပြောလိုက်၏။ “ကြောက်မက်ဖွယ်ကောင်းတဲ့အရာ တွေကို မြင်တွေ့ဖို့ပြင်ထားကြတော့”

သို့ပေမဲ့ ခရမ်းရောင်ဘုရင်သည် သူ၏အစစ်အမှန်ပုံစံကို ခမ်းနားထည်ဝါစွာဖြင့် အသက်သွင်းနေသည် ဆိုသော်လည်း သိုင်းကျင့်ကြံသူတစ်သောင်း ကျော်တို့သည့် သူ့အား တစ်စက်ကလေးမှ ဂရုမစိုက်ကြချေ။ ကျွင်းချောင်ရှောင်းနှင့် ၎င်း၏လက်ထဲရှိ အဖြူရောင် ဥကိုသာကြည့်၍ တန်းတန်းမတ်မတ်နှင့် အနောက်မှ လိုက်လျက်ရှိနေကြ၏။ ၎င်းတို့ အားလုံးသည် အဘိုးကြီး ကွမ်ဟိုင်ထားခဲ့သော အမွေအနှစ်ကို မည်သို့မှ လက်လွှတ်ဆုံးရှုံးချင်နေပုံ မပေါ်ကြချေ။

“အားလုံးပဲ”

ခဏလောက်ကြာပြီးသည့်နောက် ကျွင်းချောင်ရှောင်းသည် ကျောကို အသာမတ်လိုက်၏။ သူ၏ မျက်လုံး ထဲတွင်တော့ သတ်ဖြတ်လိုခြင်းဆန္ဒများနှင့် ပြည့်နှက်လျက်ရှိသည်။ “ဒီကနေ မြန်မြန် ထွက်ခွာသွားကြဖို့ ကျုပ် အကြံပေးချင်တယ်၊ မဟုတ်ရင် …”

ဒွီ

တည်နေရာကြီးတစ်ခုလုံး လှုပ်ခတ်သွား၏။ ပြီးသည့်နောက်မှာတော့ အိတ်ကပ်တစ်ခုအရွယ် ဓားတစ်ခုသည် သူ၏ လက်ထဲမှာ ပေါ်လာတော့သည်။

ဤအရာသည် စည်းဓားမော့ပင် ဖြစ်တော့၏။ အဆင့်မြှင့်တင်ပြောင်းလဲပြီးသည့် နောက်မှာတော့ သူသည် စည်းဓားမော့အား ရရှိခဲ့ပြီးပြီဖြစ်သည်။ သို့ပေမဲ့ ဤစည်းဓားမော့သည် စည်းအဆောင် အသစ်ဖြင့် ဖန်တီးအသက်သွင်းရခြင်းဖြစ်၏။ ထို့ကြောင့် သူသည် တစ်ခါမှ မသုံးမပြုရသေးချေ။ နောက်ဆုံး အချိန်မှာတော့ ကျွင်းချောင်ရှောင်းသည် ထိုအရာကို အသုံးပြုရမည့် အခြေအနေသို့ ရောက်ရှိလာခဲ့လေ၏။

“ဓားသေးသေးလေးလား”

“သေးလိုက်တာ”

“ဒါက လက်နက်ပုန်း တစ်ခုခုလား”

ဟေးဖေးခံတပ်မှာ ရှိနေတုန်းက ကျွင်းချောင်ရှောင်းသည် စည်းဓားမော့ကို ဤကဲ့သို့ ထုတ်ယူခဲ့ဖူး၏။ သို့ပေမဲ့ များပြားလှသော ဓားပြများ၏ ဝိုင်းဝန်းလှောင်ပြောင်ခြင်းကို ခံခဲ့ရဖူးသည်။ သို့ပေမဲ့ တကယ်တမ်း တိုက်ခိုက်သည့် အချိန်မှာတော့ အားလုံးသည် သေဆုံးခဲ့ကြရသည်။ ပြောရမည်ဆိုလျှင် ဤအရာသည် ကျွင်းချောင်ရှောင်း၏ အားအကောင်းဆုံးသော ဝှက်ဖဲတစ်ခုဖြစ်ကြောင်း ရှိရှိနေသမျှသော သိုင်းကျင့်ကြံသူများသည် မသိရှိနေကြပေ။

“အဘိုးကြီး”

ကျွမ်းကျင်သူတစ်ယောက်သည် နှာခေါင်းရှုံ့လိုက်၏။ “တစ်ယောက်တည်းနဲ့ သိုင်းကျင့်ကြံသူ ငါးသောင်း နီးပါးခန့်ကို တိုက်ခိုက်ဖို့ စီစဉ်နေတာလား”

ကျွင်းချောင်ရှောင်းသည် လက်တစ်ဖက်တွင် အဖြူရောင်ဥကြီးကို ကိုင်ထားပြီး တခြားသောလက်တစ်ဖက်၏ လက်ချောင်းနှင့် စည်းဓားမော့ကို ကိုင်ဆောင်ထား၏။ သူ၏ မျက်လုံးများသည် အေးစက်လျက်ရှိနေတော့၏။ “ရှောင်ရှားလို့ မရတော့ဘူးဆိုမှတော့ တစ်လောကလုံးနဲ့ ရန်သူဖြစ်ရမယ်ဆိုလည်း လုပ်ရတော့မှာပေါ့”

“ဟမ့်”

ဂြိုဟ်တစ်ခုဆီမှ ကျွမ်းကျင်သူသည် အေးစက်စက် ပြောလိုက်၏။ “လက်ထဲက ဥကို လွှဲပေးလိုက်ပြီဆိုရင် မင်းအတွက် ခက်ခဲတာတွေ ဖြစ်လာမှာ မဟုတ်ဘူးလို့ အာမခံတယ်”

............

ကျွင်းချောင်ရှောင်းသည် လဲပြိုတော့မလိုပင် ဖြစ်သွားမိ၏။ “ဒီမှာရှိနေတဲ့လူတွေ မျက်လုံးကန်းနေတာလား၊ ငါ ဒီလောက် ဥကို လွှတ်ပစ်နေတာ မမြင်ကြဘူးလား”

“အားလုံးပဲ၊ ဒီအဘိုးကြီးအတွက်နဲ့ အားဖြုန်းမနေနဲ့၊ အတူတူ တိုက်ခိုက်လိုက်ကြရအောင်၊ ဒီဥကို ဘယ်သူက ရမလဲဆိုတာတော့ ကိုယ့်ရဲ့ ကံတရားအပေါ်မှာ မူတည်တာပဲ” တစ်စုံတစ်ယောက်က အကြံပြုလိုက်၏။

“ကောင်းပါပြီ.. .သွား သွား”

ဟူး ဟူး ဟူး

ချက်ချင်းပဲ သိုင်းကျင့်ကြံသူတစ်သောင်းတို့သည် အရှေ့သို့ လှမ်းတက်လာကြတော့သည်။ ၎င်းတို့အားလုံးသည် တောင်ကြီးတစ်ခု ပြိုကျတော့မလို အော်ရာများကို ထုတ်ဖော်ကာဖြင့် ဖိနှိပ်ထားလျက် ရှိနေတော့သည်။

မြေအဆင့် စွမ်းအားမြင့် တစ်ဒါဇင်ကျော်တို့ မပြောနှင့် အဝါရောင်အဆင့် သိုင်းကျင့်ကြံသူတစ်သောင် းနီးပါးခန့်သည် ကြီးမားလှသည့် အားအင်အဟုန်ကို ဖြစ်တည်စေ၏။

ကျွင်းချောင်ရှောင်းသည် လက်ရှိတွင် စိုးရွံ့လျက်ရှိနေ၏။ ထို့အပြင် သူသည် တောင်တစ်ခု၏ ထိပ်ပေါ်သို့ ရောက်ရှိနေသည် ဖြစ်သောကြောင့် မည်သို့မှလည်း မတတ်နိုင်တော့ချေ။ ရှေ့ဆက်ကာလည်း မပြေးနိုင်တော့၊ ထို့ကြောင့် သူ့အနေနှင့် အလောင်းအစားပြုလုပ်ပြီး စည်းဓားမော့ကို ထုတ်ယူရန်သာ ရှိတော့သည်။ သူ၏ ဝိညာဉ် တစ်ခုလုံးသည် သိုလှောင်လက်စွပ်နှင့် ပေါင်းစပ်သွားပြီးနောက် သိုလှောင်လက်စွပ်ထဲတွင် ရှိနေသော စည်းအဆောင်ကို ချိုးဖြတ်ပစ်ရန် ပြင်ဆင်လိုက်သည်။

သို့ပေမဲ့ ကျွင်းချောင်ရှောင်းသည် သူ၏ အဆောင်ကို ချိုးဖြတ်ပစ်ရန် ပြင်ဆင်နေတုန်းမှာပဲ အလွန် အားကောင်းလှသော မွန်းစတားအော်ရာများသည် အဝေးတစ်နေရာဆီမှ ရုတ်တရက် ထွက်ပေါ်လာကြောင်းကို မြင်လိုက်ရတော့သည်။ ပြီးသည့်နောက်မှာတော့ လူတစ်သောင်းကျော် တို့သည် အရိပ်ကြီးတစ်ခု၏ လွှမ်းမိုးခြင်းကို ခံလိုက်ရတော့၏။

“ကြောက်ဖို့ ကောင်းလိုက်တဲ့ မွန်းစတားချီတွေပါလား”

အရှေ့ဆီသို့တိုးရန် ပြင်နေကြသော သိုင်းကျင့်ကြံသူများ အားလုံးသည် အနောက်သို့ လှည့်ကြည့်လိုက်ကြသည်။

ဝူး ….။

ရုတ်တရက် နားကွဲလောက်စရာ အသံကျယ်ကြီး ထွက်ပေါ်လာပြီးသည့်နောက်မှာတော့ ကြီးမားလှသည့် လေလှိုင်းကြီးသည် အားလုံး၏ ဆံပင်များကို တဟူးဟူးနှင့် ဖြစ်သွားစေခဲ့၏။ အားလုံးသည် အသာမျက်လုံးကိုပြူးဖြဲကာ ကြည့်လိုက်ချိန်မှာတော့ မျက်လုံးများသည် ပြူးထွက်သွားခဲ့ကြတော့၏။

စည်းအဆောင်ကို ချိုးဖြတ်ရန် ပြင်ဆင်နေသော ကျွင်းချောင်ရှောင်းသည် ရုတ်တရက် နေရာမှာတင် ရပ်တန့်လျက် ရှိနေသည်။

သူ၏ မြင်ကွင်းထဲတွင်တော့ ကြီးမားလွန်းလှသော အစစ်အမှန်လိုလို၊ ပုံရိပ်ယောင်လိုလို သတ္တဝါကြီးသည် ကောင်းကင်ပေါ်တွင် ပေါ်လာသည်။ ပုံပန်းသွင်ပြင်ကို ကြည့်ရမည်ဆိုလျှင် ဝေလငါး ….. မဟုတ်ပေ ဝေလငါးနှင့်လည်း မတူချေ။ ကြီးမားလှသော ခန္ဓာကိုယ်ကို ကြည့်ရသည်မှာ ဒဏ္ဍာရီလာ ခွန်သားရဲပင် ဖြစ်ပေလိမ့်မည်။ (ခွန်သားရဲ ဆိုသည်မှာ ကြီးမားလှသော ငါးကြီးတစ်ကောင်ဖြစ်ပြီး ဒဏ္ဍာရီလာငါးဟုလည်း သတ်မှတ်ထားကြ၏။)

“နေဦး... ဒီကောင်ကြီးက ဘယ်လိုဖြစ်ပြီးတော့ အနီရောင်အတွင်းခံကို ဝတ်ထားရတာလဲ”

ကျွင်းချောင်ရှောင်း သည် တည်နေရာကြီးတစ်ခုတွင် ပါးစပ်အဟောင်းသားနှင့် ရပ်လျက်ရှိသော တင်းရှင်းဝမ်နှင့် တခြားသူများကို လှမ်း၍ ကြည့်လိုက်သည့်အချိန်မှာတော့ ထိတ်လန့်တုန်လှုပ်စွာဖြင့် နားလည်သွားမိတော့သည်။ “ဒါ ဟောခန်းသခင်ကျိရဲ့ အစစ်အမှန် ခန္ဓာကိုယ်ပဲ နေလိမ့်မယ်”

မှန်ပေသည်။ ဤအရာမှာ ခရမ်းရောင်ဘုရင်၏ အစစ်အမှန်ခန္ဓာကိုယ်ပင် ဖြစ်သည်။ အထက်နယ်မြေ၏ ပြောစကား အရဆိုလျှင် ဤသတ္တဝါသည် နတ်ဘုရားသားရဲနှင့် နှိုင်းယှဉ်၍ ရနိုင်သော ခရမ်းရောင်ခွန်သားရဲပင် ဖြစ်တော့သည်။ မီတာရာပေါင်းများစွာ ရှည်လျားသော ခွန်သားရဲကြီးသည် တောင်ကြီးတစ်ခု လေထဲတွင်ရောက်နေသည့်ပုံစံပင်ပေါက်နေ၏။

ရှိရှိနေသမျှသော သိုင်းကျင့်ကြံသူများသည် တုန်လှုပ်သွားခဲ့ကြသည်။ “ဒါ.. ဒါ ခွန်သားရဲပဲ၊ အထက်နယ်မြေမှာပဲရှိတဲ့ ထူးဆန်းတဲ့ သားရဲမျိုးပဲ”

အတွေ့အကြုံရှိပြီး ဗဟုသုတကြွယ်ဝလှသော လူတချို့သည် ထိုအရာကို ချက်ချင်း သိရှိလိုက်ကြ၏။ ၎င်းတို့ရှေ့တွင် ရှားပါးလှပါသည်ဆိုသော ဒဏ္ဍာရီလာ သားရဲကြီးသည် ပေါ်လာခဲ့တော့၏။ ခွန်သားရဲကြီးသည် ကြီးမားလှသည့် မျက်လုံးကြီးများ ရှိသည်။ အားလုံးကို အထင်အမြင်သေးစွာဖြင့် ကြည့်ရှုလျက်ရှိနေတော့၏။

“လူသားတို့ အမှိုက်တွေ၊ မင်းတို့က ကျုပ်ရဲ့ သာမန်ထက်ပိုတဲ့ အစစ်အမှန် ခန္ဓာကိုယ်ကို မြင်ရတာ ဘယ်လောက် ကံကောင်းလိုက်လဲ”

“ဒီသားရဲကြီးက မြေအဆင့်မှာပဲ ရှိတယ်၊ အခုမှ ဖွံ့ဖြိုးတိုးတက်တုန်း အခြေအနေနဲ့တူတယ်၊ အရွယ်မရောက် လောက်သေးဘူး”

“အဘိုးကြီးကွမ်ဟိုင် ထားခဲ့တဲ့ အမွေအနှစ်ဆိုတာ ဒါပဲ ဖြစ်နိုင်တယ်” အားလုံး၏ မျက်လုံးများတွင် လိုချင်လောဘ စိတ်များနှင့် ပြည့်နှက်သွားခဲ့တော့၏။

ဝှစ် ဝှစ်

ချက်ချင်းပဲ အားလုံးသောသူများသည် ကျွင်းချောင်ရှောင်းနှင့် သူ၏လက်ထဲရှိဥကို လျစ်လျှူရှုပြီးနောက် ခရမ်းရောင် ခွန်သားရဲကြီးဆီသို့ အကြည့်ရောက်သွားတော့သည်။ ၎င်းတို့၏ မျက်လုံးထဲတွင် စိတ်လှုပ်ရှားမှုများ မည်သို့မှ မထိန်းသိမ်းနိုင်တော့ချေ။ တစ်ဖက်က ဥအဖြူသည် ဘာကြီးဖြစ်လာမည်ကို သူတို့ ကောင်းကောင်း မသိရှိချေ။ သို့ပေမဲ့ မျက်စိရှေ့တွင် မြင်နေရသည့် ထူးဆန်းလှသည့် သားရဲကြီးကိုတော့ သူတို့အပိုင် လိုချင်မိသည်။ ထိုအရာမှာ ဥကို သားဖောက်ရသည်ထက် ပိုမို၍ လွယ်ကူလွန်းနေသည်။ ထို့အပြင် ဤအရာသည် အစစ်အမှန် ခွန်သားရဲကြီး ဖြစ်သည်။

အားလုံးက စူးစိုက်ကြည့်နေသည့်အချိန်တွင် ခရမ်းရောင်ခွန်သားရဲကြီးသည် အနည်းငယ် မောက်မာလျက်ရှိသည်။ သို့ပေမဲ့ အချိန်အနည်းငယ်ကြာပြီးသည့်နောက်မှာတော့ တစ်စုံတစ်ခု မှားယွင်းနေပြီ ဖြစ်ကြောင်း ရုတ်တရက် ခံစားလိုက်မိ၏။

“ဟောခန်းသခင်ကျိ”

ထိုအချိန်မှာပဲ ကျွင်းချောင်ရှောင်းက အသံပို့လွှတ်လိုက်သည်။ “အစစ်အမှန်ခန္ဓာကိုယ်ကြီးကို ဖော်ပြပြီး တခြားလူတွေကို အာရုံလွှဲထားနိုင်တယ်ဆိုတော့ ကျေးဇူးတင်တယ်ဗျာ၊ ကျုပ်အရင်ဆုံး ထွက်သွားတော့မယ်”

ဝှစ်

ပြောပြီးပြီးချင်းမှာပဲ သူသည် ဓားကိုပြန်သိမ်းပြီးနောက် ဥအဖြူကြီးကို ကိုင်ကာ ထွက်ပြေးသွားတော့သည်။ တည်နေရာတွင် ကြည့်ရှုနေကြသော သိုင်းကျင့်ကြံသူများ အားလုံးသည် ခရမ်းရောင်ဘုရင်အား ဝိုင်းပတ်လိုက်ကြ သည်။ ၎င်းတို့သည် တစ်ချက်ကလေးမှ အလွတ်မပေးချင်တော့ချေ။

ဥကို ဥအတိုင်းသာ ထားလိုက်ပါတော့၊ သူတို့အနေနှင့် အကောင်ကိုသာ ယူချင်တော့သည်။ သူတို့၏ ရှေ့တွင် ရှိနေသည်မှာ အထက်နယ်မြေ၏ အစစ်အမှန် သားရဲကြီးဖြစ်သည်။

ကျွင်းချောင်ရှောင်း ခပ်ဝေးဝေးဆီသို့ ပျံသန်းသွား သည်ကိုမြင်တော့ ခရမ်းရောင်ဘုရင်သည် စိတ်ထဲမှာ ကြိတ်ကာ ရေရွတ်လျက်ရှိသည်။ “ကျုပ်က အစစ်အမှန် ခန္ဓာကိုယ်ကို အသုံးပြုပြီး ခင်ဗျားကို လာကယ်တာလေ၊ ဒီလိုမျိုး အရင်ဆုံး ထွက်ပြေးရတယ်လား၊ ဘယ်လိုလူပါလိမ့်၊ နေအုံး ….”

သူသည် တင်းရှင်းဝမ်နှင့် ကျန့်ရာတို့ကို လှမ်းကြည့်လိုက်၏။ သို့ပေမဲ့ တင်းရှင်းဝမ်၊ ကျန့်ရာနှင့် ပိုင်လျှိုတို့သည် မည်သည့်အချိန်က ပျောက်ကွယ်သွားခဲ့မှန်း သူမသိရှိချေ။

“ဟောခန်းသခင်ကျိ”

အသံတစ်ခုသည် သူ၏နားထဲသို့ ဝင်ရောက်လာ၏။ “ခင်ဗျားရဲ့ အစစ်အမှန်ခန္ဓာကိုယ်က ဒီလောက် အားကောင်းလိမ့်မယ်လို့ မထင်ထားခဲ့ဘူး၊ ကျုပ်ယုံကြည်တယ်၊ သိုင်းကျင့်ကြံသူအားလုံးကို ရင်ဆိုင်ဖို့ အတွက် ပြဿနာမရှိလောက်ဘူး၊ ကျုပ်တို့ ဂိုဏ်းချုပ်နဲ့အတူ ပြန်သွားနှင့်ပြီ၊ ခံတပ်မှာ စောင့်နေလိုက်တော့မယ်”

ထိုသုံးယောက်သည်လည်း ခပ်ဝေးဝေးဆီသို့ ပျံ့သန်းလွတ်မြောက်သွားသည်ကို သိရှိပြီးသည့်နောက်မှာတော့ ခရမ်းရောင်ဘုရင်သည် အကြီးအကျယ် စိတ်ဓာတ်ကျလျက်ရှိနေတော့၏။ “ချီးတဲ့မှ... အားကိုးရလောက်တဲ့ ခွေးကောင်တွေ”

ဝှစ် ဝှစ်

ချက်ချင်းပဲ ကြမ်းတမ်းလှသည့်အော်ရာများအားလုံးသည် တည်နေရာအနှံ့ဆီမှ ဖြစ်ပေါ်လာခဲ့တော့သည်။ ကျွင်းချောင်ရှောင်းကို ဝန်းရံထားခဲ့သော သိုင်းကျင့်ကြံသူတစ်သောင်းကျော်တို့သည် လက်ရှိအချိန်မှာတော့ ခရမ်းရောင်ဘုရင်ကို စတင်ကာ ဝင်ရောက် တိုက်ခိုက်တော့သည်။

ဘုန်း ဘုန်း ဘုန်း

ပေါက်ကွဲမှုနှင့် လှိုင်းအဟုန်များသည် တည်နေရာအနှံ့သို့ ပျံ့နှံ့သွားတော့သည်။

လုံခြုံသည့်တည်နေရာဆီသို့ ပျံသန်း သွားပြီးနောက် ကျွင်းချောင်ရှောင်းသည် အသာလှည့်ကာ ကြည့်လိုက်မိသည်။ ပြီးနောက် ပြောလိုက်၏။ “ဟောခန်းသခင်ကျိ... ပြိုင်စံရှားဂိုဏ်းရဲ့ ပထမဆုံးသော ဆောင်ပုဒ်က မသေမချင်း တိုက်ခိုက်ရမယ် ဆိုတာပဲ၊ ခင်ဗျားအနေနဲ့ သတ္တိရှိမှ ဖြစ်မယ်”

တင်းရှင်းဝမ်သည် ချီးကျူးစွာ ပြောလိုက်၏။ “ဂိုဏ်းချုပ်ကို အားလုံး အာရုံစိုက်နေတာကနေ ဖယ်ရှားနိုင်ဖို့အတွက် သူက ကိုယ့်အန္တရာယ်ကိုတောင် မမှုဘဲနဲ့ တခြားသောလူတွေရဲ့ အာရုံကို ရရှိအောင် အစစ်အမှန် ခန္ဓာကိုယ်ကို ထုတ်ဖော်ခဲ့တာပဲ၊ တကယ့်ကို မျိုးဆက်တစ်ခုရဲ့ စံပြပုဂ္ဂိုလ် ဖြစ်သင့်တယ်”

“ဟောခန်းသခင်ကျိက တကယ့်သားရဲတစ်ကောင်ပဲ၊ လေးစားဖို့ ကောင်းတယ်” ကျန့်ရာသည်လည်း အလွန် လေးစားစွာဖြင့် လှမ်း၍ ကြည့်လိုက်၏။

ခရမ်းရောင်ဘုရင်အား မည်သည့်အချိန်ကမှ ကြိုက်နှစ်သက်ခြင်း မရှိခဲ့သော ပိုင်လျှိုသည် လက်မထောင်ကာ ပြောလိုက်၏။ “ဒီကောင်က အရှက်တရားကင်းမဲ့တဲ့လူလို့ ထင်ခဲ့မိတာလေ၊ ဒီလိုမျိုး ယောက်ျားဆန်ပြီး ရဲရင့်လှမယ်လို့ ဘယ်တုန်းကမှ မထင်ခဲ့မိဘူး၊ တော်လိုက်တာ”

All Chapters