အခန်း (၉၁၈-က)
Vol. 62 Ch. 918-A
ကျွင်းချောင်ရှောင်းသည် သူ၏အသင်းဖော်များအား စွန့်ပစ်ရင်စွန့်ပစ်ခဲ့ပေလိမ့်မည်။ သို့ပေမဲ့ သူ၏လူကိုတော့ ဘယ်သောအခါမှ စွန့်ပစ်လိမ့်မည်မဟုတ်ပေ။
အဆင့်နှစ်ဝရမ်းထုတ်ပြန်မှုသည် ကောင်းကင်ယံထက်ဆီမှ ထွက်ပေါ်လာသည်ကို ကြားလိုက်ရသည့် နောက်မှာတော့ သူသည် နှောင့်နှေးခြင်းမရှိဘဲ အနောက်ဘက်ဆီသို့ ပြန်လှည့်လာခဲ့တော့သည်။
အဖြူရောင်ဥ သည် မည်သည့်နေရာသို့ ရောက်ရှိသွားသနည်း။ သူသည် သားပေါက်စက်ထဲသို့ ထည့်သွင်းခဲ့ပြီးပြီဖြစ်သည်။
“ဒီအမှိုက်တွေကို ကျုပ်ဆီ ထားခဲ့လိုက်တော့။”
လက်နက်အပြည့် တပ်ဆင်ထားသော ကျွင်းချောင်ရှောင်းသည် ခွန်သားရဲပုံစံအသွင်ပြောင်းထားသော ကျိရှု၏ရှေ့တွင် မတ်မတ်ရပ်လျက်ရှိသည်။
ပြီးသည့်နောက်တော့ သူသည် စည်းဓားမော့ကို နောက်တစ်ကြိမ်ပြန်၍ ဆင့်ခေါ်လိုက်တော့သည်။ လက်နှစ်ချောင်းဖြင့် ဓားအိမ်ကို ကိုင်ထားစဉ်အတွင်းမှာဘဲ သူသည် သိုလှောင်လက်စွပ်ထဲသို့ သိစိတ်ကို ပို့ဆောင်ကာဖြင့် စည်းဖွင့်အဆောင် အား ချိုးချေလိုက်၏။
သူ၏ ဂိုဏ်းသားအား ထိခိုက်မိအောင် ပြုလုပ်မိမည်ဆိုလျှင် သူသည် ဘယ်သောအခါကမှ ခွင့်လွှတ်ပေးတတ်သည့် အကျင့်မျိုးမရှိချေ။ ထို့ကြောင့် ရန်သူများသည် မည်မျှများပြားသည်ဆိုဆို သူဂရုစိုက်လိုက်မည်မဟုတ်ချေ။
ထို့အချိန်မှာပဲ ခွန်ဘုရင်၏ ရှေ့တွင် မတ်တပ်ရပ်လျက်ရှိသော လက်နက်အပြည့် တပ်ဆင်ထားသည့် ကျွင်းချောင်ရှောင်းသည် ကောင်းကင်ကြီးဘုံကိုးပါးကို အနိုင်ယူနိုင်စွမ်းရှိနေသည့် စစ်ဘုရင်တစ်ပါးကဲ့သို့ပင် ဖြစ်လျက်ရှိနေ၏။
“ဟမ်”
“ဒါဘယ်သူလဲ။”
“မျက်နှာဖုံးကို ဝတ်ထားတယ်ဆိုမှတော့ ကြောက်တတ်တဲ့ ငကြောက်ပဲနေမှာပေါ့။”
မြေအဆင့်စွမ်းအားမြင့်ကျင့်ကြံသူ တစ်ဒါဇင်ကျော်တို့သည် နှာခေါင်းကိုရှုံ့လိုက်ကြ၏။ ၎င်းတို့၏ အာရုံများသည် ခွန်ဘုရင် ဆီမှာသာ ရောက်လျက်ရှိနေကြ၏။ ဤသားရဲအား သူတို့သည် ပြာနှမ်းနေအောင်ရိုက်၍ ပြန်ရင် ခေါ်ဆောင်သွားမည်ဟု စိတ်ဆုံးဖြတ်ပြီးသားဖြစ်နေတော့သည်။
“ထွက်သွားစမ်း။”
ဟူး ဟူး
မြေအဆင့်စွမ်းအားမြင့်ကျင့်ကြံသူအနည်းငယ်တို့သည် ရှေ့ဆီမှ လှမ်းတက်လာခဲ့ကြတော့သည်။ ၎င်းတို့သည် အဆင့်မြင့်သိုင်းနည်းစနစ်များကို ထုတ်ဖော်ပြီးသည့်နောက်မှာတော့ ချက်ချင်းဘဲ တိုက်ခိုက်ခြင်းကို ပြုမူသည်။
တည်နေရာကြီးတစ်ခုလုံးသည် ကြမ်းတမ်းလှသော စွမ်းအင်လှိုင်းများအောက်တွင် ကျိုးပျက်လျက်ရှိနေသည်။ ဤစွမ်းအင်လှိုင်းများမှာ အလွန်ပင်ကြောက်မက်ဖွယ်ရာကောင်းလှ၏။ သို့ပေမဲ့ ကြီးမားသည့်စွမ်းအင်လှိုင်းများနှင့် ရင်ဆိုင်ရသည့်အချိန်တွင် ကျွင်းချောင်ရှောင်းသည် စိတ်ထဲမှကြိတ်ကာ ရေရွတ်လျက်ရှိ၏။
ရောင်းရင်းဓားမော့ …. ကျုပ်ရဲ့အသက်နဲ့ ဟောခန်းသခင်ကျိ ရဲ့အသက်က မင်းရဲ့လက်ထဲမှာနော်။ ကျေးဇူးပြုပြီး ငါ့ကို စိတ်မပျက်စေနဲ့။
သူသည် အန္တရာယ်များနှင့်ရင်ဆိုင်သည့်အချိန်တွင် အလွန်သိမ်ငယ်နေသည့်ပုံ ပေါက်နေသည်ဆိုသော်လည်း စိတ်ထဲမှာ တော့ ကြောက်ရွံ့လျက်ရှိသည်။ ထို့အပြင် သူသည် အဆင့်မြင့်တင်ပြီးသည့်နောက်မှာ စည်းဓားမော့ကို တစ်ခါမှ အသုံးမပြုခဲ့ချေ။ ထို့ကြောင့် မည်မျှအားကောင်းသည်ဆိုသည်ကို သူသေချာမသိရှိတာ သဘာဝကျ၏။
သူ့အနေနှင့် ယုံကြည်ချက်မရှိဘူးဆိုသော်လည်း ဤအခြေအနေဆီသို့ ရောက်ရှိနေပြီဆိုမှတော့ ဤလက်နက်ကို ထုတ်ဖော်၍ အသုံးပြုမှသာ ဖြစ်ပေတော့မည်။
ဆွစ်
ကျွင်းချောင်ရှောင်းသည် ရုတ်တရက် သူ၏လက်ကို အနောက်သို့ပစ်လိုက်၏။ ဆံနွယ်များသည် လေထဲတွင် လွှင့်လျက် ရှိသည်။
“ထွက်စမ်း။”
ဝှစ်
ဓားမော့ ထုတ်ဖော်လိုက်သည့်အသံသည် ကောင်းကင်ယံတွင် ဖြစ်တည်လာခဲ့၏။ ပတ်ဝန်းကျင်တည်နေရာကြီးသည် ရုတ်တရက်ဆိုသလိုပဲ နေ့အချိန်မှာပင် မှုန်မှိုင်းသွားခဲ့တော့သည်။ တလက်လက်တောက်ပနေသော အလင်းတန်းများ ဖြစ်တည်လာပြီးသည့်နောက် ကျင့်ကြံသူများအားလုံးသည် မျက်လုံးကို မှိတ်လိုက်ရ၏။
၎င်းတို့၏ နှလုံးသားထဲတွင် ထိတ်လန့်တုန်လှုပ်မှုများနှင့် ပြည့်နှက်သွားသည်။ အလင်းတန်းများ ပျောက်ကွယ်သွားပြီး သည့်နောက်မှာတော့ အားလုံး၏ အမြင်အာရုံများသည် ပြန်လည်ရရှိလာကြသည်။ လျင်လျင်မြန်မြန်နှင့်လှမ်း၍ ကြည့်လိုက်သည့်အချိန်မှာတော့ အားလုံး၏ မျက်လုံးများသည် ပြူးထွက်သွားခဲ့ကြသည်။
တည်နေရာကြီးတစ်ခုလုံးတွင် လှိုင်းစွမ်းအင်အမျိုးမျိုးကြောင့် ဖြစ်တည်လာခဲ့သော စွမ်းအင်လှိုင်းများသည် ထိန်းချုပ် ခြင်းခံလိုက်ရသလို ဒီနေရာတွင် ရပ်လျက်ရှိနေကြ၏။ အရှေ့သို့ ဆက်လက်ကာ သွားရောက်ခြင်းမပြုနိုင်ကြချေ။
မျက်နှာဖုံးတပ်ဆင်ထားသောလူသည် လေထဲတွင် မတ်မတ်ရပ်လျက်ရှိသည်။ သို့ပေမဲ့ သူကိုင်ထားသောဓားသည် ငါးပေနီးပါးခန့်ရှည်၍ ၆လက်မနီးပါးခန့်ကျယ်လျက်ရှိသည်။
ဓားနောက်မှ ဓားထိပ်သို့ ကောင်းကင်၊ မြေကြီး၊ မိုးကြိုး၊ လေ၊ ရေ၊ မီး၊ တောင်၊ ကန်ဆိုသော အက္ခရာရှစ်ခု အစဉ်လိုက်ရေးသားထား၏။
“ဒါ …. ဒါက အဆင့်မြင့်အနေအထားနဲ့ စည်းဓားမော့လား။”
ကျွင်းချောင်ရှောင်းသည် ဓားမော့၏ ဓားနောက်ကို လှမ်းကိုင်ပြီးသည့်နောက်မှာတော့ ၎င်း၏ ကိုယ်ထည်ဆီမှ ထွက်ပေါ်နေသော အော်ရာများသည် ကြောက်မက်ဖွယ်ရာကောင်းလွန်းသည်ဖြစ်ကြောင်းကို ကောင်းကောင်း နားလည်လိုက်မိ၏။
သူ၏မျက်လုံးများထဲတွင် မယုံကြည်နိုင်မှုများနှင့်ပြည့်နှက်လျက်ရှိနေသည်။ ဤနတ်ဘုရားလက်နက်သည် ၈၀ မီတာ ခန့်ရှိသော လက်နက်ကြီးအဖြစ် ပြောင်းလဲသွားမည်ဟု သူ ထင်မှတ်ခဲ့၏။ သို့ပေမဲ့ အဆင့်မြှင့်တင်ပြီးသည့် နောက်မှာတော့ အလုံးစုံသော ပုံပန်းသွင်ပြင်သည် သူခန့်မှန်းထားသည်နှင့် အလုံးစုံကွာခြားလျက်ရှိနေသည်။
ဟူး ဟူး
သူ၏လက်ဝါးဆီမှ ကြမ်းတမ်းလှသော အော်ရာများထွက်ပေါ်လျက်ရှိသည်။ ပြီးသည့်နောက်မှာတော့ ခန္ဓာကိုယ် တစ်ခုလုံးကို ဖုံးလွှမ်းသွားခဲ့၏။
ကျွင်းချောင်ရှောင်းက ပြောလိုက်သည်။ “အရမ်းကောင်းတယ်။”
ရွှီ
သူသည် စည်းဓားမော့ကို ကောက်၍ မလိုက်၏။ ဓား၏ထိပ်မှကြည့်မည်ဆိုလျှင် အက္ခရာများသည် အစဉ်လိုက်အတိုင်း ရေးသားထားသည်ကို နှစ်ဖက်နှစ်ချက်လုံးတွင် မြင်နိုင်၏။
ဤဓားမော့ကြီးသည် အရှေ့ဘက်ကောင်းကင်ဆီမှ ဆန်းကြယ်လှသော စွမ်းအင်များ၏ ကောင်းချီးနှင့်ဖန်တီးပြုလုပ် ထားသည့်ပုံစံမျိုးပင် ပေါ်နေသည်။
“တိုက်ခိုက်ကြစို့။ တိုက်ခိုက်ကြစို့။”
ကျွင်းချောင်ရှောင်းသည် စိတ်ဝိညာဉ်စွမ်းအင်များအား ဓားထဲသို့ ထည့်သွင်းလိုက်တော့သည်။ ပထမဦးဆုံး ဓား၏ ခန္ဓာကိုယ်ပေါ်တွင်တည်ရှိနေသော စာလုံးများသည် ကြက်သွေးရောင်အလင်းတန်းများအဖြစ် ထွန်းတောက်လာခဲ့ တော့သည်။ ပြီးသည့်နောက်မှာတော့ တဖြည်းဖြည်းနှင့် အနောက်ဘက်တွင်ရှိသော စာလုံးများဆီသို့ ကူးစက်သွားခဲ့တော့သည်။ တဖြည်းဖြည်းနှင့် စာလုံးအကုန်လုံးသည် လင်းလက်လာခဲ့သည်။
ဓားကို ဆွဲ၍ မြှောက်လိုက်သည့်အချိန်မှာတော့ လောကကြီးတစ်ခုလုံးသည် တုန်ခါသွား၏။
ထိုအချင်းအရာကို မြင်တော့ များပြားလှသော ကျွမ်းကျင်သူများအားလုံးသည် ထိတ်လန့်တုန်လှုပ်မိနေကြ၏။ လက်ရှိ အခြေအနေ စွမ်းအင်လှိုင်းများဖြစ်တည်ပြီးသည့်နောက်မှာတော့ ၎င်းတို့သည် တည်နေရာမှာပင် ရပ်တန့် လျက်ရှိနေသည်ကို ခံစားလိုက်မိသည်။
၎င်းတို့ထုတ်ဖော်အသုံးပြုထားသော သိုင်းစွမ်းအင်များအားလုံးသည် မည်သည့်အချိန်ကမှ မရှိခဲ့သလို လေထုထဲမှာပဲ ပျောက်ကွယ်သွားခဲ့ရပြီဖြစ်၏။
ဘာ … ဘာတွေဖြစ်ကုန်သနည်း။
ရွှီ
ထိုအချိန်မှာတော့ ကျွင်းချောင်ရှောင်းသည် ဓားအား အသာခုတ်ပိုင်းလိုက်၏။
ဟူး ဟူး
တည်နေရာကြီးတစ်ခုလုံးတွင် ဓားအော်ရာများဖြစ်တည်လာခဲ့တော့၏။ အလွန်အားကောင်းလှသော စွမ်းအင်များသည် တည်နေရာစွမ်းရည် တာအိုများပင် ပါဝင်ပတ်သက်နေပုံပေါ်သည်။ ချုပ်နှောင်ခြင်း စွမ်းအင်များသည် ရှိရှိသမျှသော သူပစ်မှတ် ထားလိုက်သည့် ကျင့်ကြံသူများအားလုံးကို ချုပ်နှောင်စေခဲ့တော့သည်။ ၎င်းတို့အားလုံးသည် တစ်ချက်လှုပ်ရှားရန်ပင် ခက်ခဲနေခဲ့တော့သည်။
“သေစမ်း။”
ကျွင်းချောင်ရှောင်းသည် လက်ကို ယမ်းခါလိုက်၏။
စည်းဓားမော့သည် တည်နေရာကို ဖြတ်သန်းပြီးသည့်နောက်မှာတော့ အလွန်ထက်ရှလွန်းသော ကြက်သွေးရောင် ဓားအော်ရာများသည် မြေအဆင့်စွမ်းအားမြင့်ကျင့်ကြံသူများကို ဖြတ်သန်းသွားခဲ့တော့သည်။
ဆွိ ဆွိ ဆွိ ဆွိ …..။
ခေါင်းပြတ်များမြေပေါ်သို့ ပြုတ်ကျပြီးသည့်နောက် သွေးများသည် နေရာအနှံ့သို့ ပျံ့နှံ့သွားသည်။
ကျိရှုသည် မျက်လုံး အပြူးသားဖြစ်သွား၏။
မြေအဆင့်စွမ်းအားမြင့်ကျင့်ကြံသူများကို ချက်ချင်းသတ်ဖြတ်ပစ်ခဲ့ခြင်း။ ဂိုဏ်းချုပ်၏လက်နက်သည် ဤမျှအားကောင်း လေသည်လား။
ထို့ပြင် ၎င်းတို့အားလုံးသည် ရှောင်ရှားနိုင်ရန် အခွင့်အရေး ရှိသည်ကို သူရှင်းရှင်းလင်းလင်းသိရှိ၏။ သို့ပေမဲ့ ဤတည်နေရာကြီးထဲပဲ မတ်မတ်ရပ်လျက်ရှိပြီး ဓားအော်ရာများရောက်ရှိလာသည်ကို လည်စင်းခံလျက်ရှိနေကြ၏။
ထိုအရာကို ကျိရှုနားမလည်နိုင်ပေ။ အဘယ့်ကြောင့်ဆိုသော် ၎င်းသည် စည်းဓားမော့၏ ပစ်မှတ်ထားခြင်းကို မခံရဘူးသောကြောင့်ပင် ဖြစ်ပေလိမ့်မည်။ ထိုကဲ့သို့သော စည်းဓားမော၏ ပစ်မှတ်ထားခြင်းကို ခံရသည်ဆိုသည်နှင့် သေဆုံးခြင်းကိုသာ စောင့်မျှော်နေရမည်ဖြစ် ကြောင်းကို သေဆုံးသွားသူများသာ ကောင်းကောင်းသိပေလိမ့်မည်။
ရွှီ ရွှီ
ထိုအချိန်မှာတော့ များပြားလှသော ဂြိုဟ်များတွင်ရှိသော တစ်ခြားသော တိုက်ခိုက်ရေးသမားများအားလုံးသည် ရှေ့ဆီသို့ ရောက်ရှိလာခဲ့ကြ၏။ မြေအဆင့်စွမ်းအားမြင့်ကျင့်ကြံသူအနည်းငယ်တို့သည် ဤကဲ့သို့ သတ်ဖြတ်ခံလိုက်ရ သည်ကို မြင်လိုက်သည့်အချိန်မှာတော့ မျက်လုံးအပြူးသားဖြစ်သွားမိ၏။
“ဒီခွန်ရဲသားရဲကလည်း ဒဏ်ရာရထားပြီးပြီ။ ဒီလူကို သတ်လိုက်မယ်ဆိုရင် ငါတို့ရနိုင်တယ်။” တစ်စုံတစ်ယောက်သည် ကျယ်လောင်စွာ အော်ဟစ်လိုက်၏။
“သေ သေစမ်း။”
ဟူး ဟူး
ချက်ချင်းပဲ စွမ်းအင်လှိုင်း တစ်သောင်းကျော်တို့သည် တည်နေရာအနှံ့ဆီမှ တိုးဝင်လာခဲ့တော့သည်။ ဤကဲ့သို့ များပြားလှသော စွမ်းအင်လှိုင်းများနှင့် ရင်ဆိုင်တိုက်ခိုက်ရန် ဆိုသည်မှာ ကောင်းကင်အဆင့် စွမ်းအားမြင့်ကျင့်ကြံသူပင်လျှင် ပြုလုပ်နိုင်သည့်အရာ မဟုတ်ချေ။
သို့ပေမဲ့ စည်းဓားမော့ဆီမှ စည်းအော်ရာများ၏ ထောက်ပံ့မှုနှင့်အတူ ဂိုဏ်းချုပ်ကျွင်းသည် ကောင်းကင်နှင့်မြေကြီး တစ်ခုလုံးနှင့်တိုက်ခိုက်ရန် အဆင်သင့်ဖြစ်လို့ နေခဲ့တော့၏။
ရွှီး
စိတ်ဝိညာဉ်စွမ်းအင်များသည် ဓားထဲသို့ ရောက်ရှိသွားခဲ့၏။ ဓားပေါ်တွင်ရှိနေသော စာလုံး ဆယ့်ခြောက်လုံးသည် ပိုမို၍ လင်းထိန်လာခဲ့တော့သည်။ ပြီးသည့်နောက်မှာတော့ ဓား၏အဟုန်နှင့် အော်ရာများအားလုံးသည် သူ့အား ဗဟိုပြုကာ တည်နေရာအနှံ့ဆီသို့ ဖြန့်ကျက်သွားသည်။
ဝှစ် ….။
ဓားလှိုင်းများ ဖြတ်သန်းသွားသည့်နေရာတွင် အရာအားလုံးသည် အေးခဲသွားခဲ့တော့သည်။ လက်ရှိအခြေအနေမှာ တော့ ကျိရှုသည် တည်နေရာမှာတွင် တွေတွေကြီး ရပ်လျက်ရှိနေ၏။
ဓားအော်ရာများ ဖြတ်သန်းသွားပြီးသည့်နောက်မှာတော့ တည်နေရာတွင်ရှိနေသော စွမ်းအင်ပေါင်း မြောက်များစွာသည် အေးခဲလျက်ရှိသည်ကို သူသေသေချာချာမြင်လိုက်ရသည်။ ဤအရာသည် တည်နေရာစွမ်းအင်မျိုးကို ကျွမ်းကျင်ပိုင်နိုင်မှသာလျှင်ပြုလုပ်နိုင်သည့်အရာသာ ဖြစ်သည်။
“သူ့ရဲ့ ဒီဓားက”
ကျိရှု၏ မျက်လုံးအကြည့်များသည် စည်းဓားမော့ဆီသို့ ရောက်ရှိသွားသည်။ သူသည် ထိတ်လန့်တုန်လှုပ်သွား မိသည်။ “ဒီ … ဒီဟာက နတ်ဘုရားအဆင့် လက်နက်လား။”
စွမ်းအင်လှိုင်းများအားလုံးကိုပင် ဖျောက်ကွယ်နိုင်ယုံသာမက အနားပတ်ဝန်းကျင်တွင်ရှိသော သိုင်းကျင့်ကြံသူ တစ်ထောင်ကျော်တို့သည်လည်း ကျောက်ရုပ်ထုများကဲ့သို့ တွေတွေကြီးရပ်လျက်ရှိနေသည်။ မည်သိုမျှ မလုပ်ရှားနိုင်ကြချေ။
၎င်းတို့၏ စိတ်များမှာတော့ တွေးတောဆင်ခြင်၍ ရနိုင်သေး၏။ သို့ပေမဲ့ ခန္ဓာကိုယ်များ မှာတော့ ကြောက်မက်ဖွယ်ရာကောင်းလှသည့် ဖိအားဒဏ်ဖြင့် လှုပ်ရှားခြင်းငှာ မစွမ်းသာနိုင်ပေ။ ၎င်းတို့၏ မျက်လုံးများထဲတွင် ခြောက်ခြားထိတ်လန့်မှုအရိပ်အယောင်များနှင့်ထင်ပေါ်လာခဲ့တော့၏။
၎င်းဖိအားဒဏ် ကို မသက်ရောက်ကြသော ခပ်ဝေးဝေးရှိ သိုင်းကျင့်ကြံသူများမှာမူ မျက်လုံးများဖြူလျော်၍ ထိတ်လန့်တုန်လှုပ်သွားမိ ကြ၏။
အဘယ့်ကြောင့်ဆိုသော် ဤကြောက်မက်ဖွယ်ရာကောင်းသည့်စွမ်းအင်သည် ၎င်းတို့နှင့် အနည်းငယ် အလှမ်းဝေးကွာနေ သောကြောင့် မသက်ရောက်ခြင်းဖြစ်သော်လည်း ၎င်းတို့၏ လှုပ်ရှားမှုများကို နှေးကွေး သွားစေခဲ့ကြောင်း နားလည် သိရှိလိုက်ရသောကြောင့်ပင် ဖြစ်တော့သည်။
စနစ်က ပြောလိုက်သည်။ “စည်းဓားမော့၏ ဒုတိယပုံစံရှိတယ်။ ဒါက ပစ်မှတ်ထားခံရတဲ့ လူတင်မကဘဲ တည်နေရာ အကွာအဝေးတစ်ခုထဲမှာ ရှိနေတဲ့ လူတွေ အားလုံးကို လုံးဝဓားဖိနှိပ်မှု ပြုလုပ်တာကပဲ။”
ကျွင်းချောင်ရှောင်းက ထ၍ ရေရွတ်လိုက်၏။ “အရမ်းကောင်းတဲ့ လုပ်ဆောင်မှုပုံစံပဲ။”
စည်းဓားမော့၏ ပထမပုံစံသည် တစ်ခြားသောသူများကို ထိန်းချုပ်နိုင်စွမ်းရှိသည်ကို သူကောင်းကောင်းသိ၏။ သို့ပေမဲ့ ပစ်မှတ်ထားသည့်လူကိုသာ ချုပ်နိုင်စွမ်းရှိ၏။ ဒုတိယပုံစံကို အသက်သွင်းလိုက်သည်ဆိုသည်နှင့် မီတာ တစ်ရာ အနည်းငယ်အတွင်းတွင်ရှိသော လူများအားလုံးသည် အေးခဲမှုများဖြစ်တည်သွားခဲ့ကြမှာဖြစ်သည်။ ဤအရာသည် ကြောက်မက်ဖွယ်ရာကောင်းလွန်းလှ၏။ ဤဓားဖိနှိပ်မှုသည် မြေအဆင့်စွမ်းအားမြင့်ကျင့်ကြံသူ တော်တော်များများကိုပင် သက်ရောက်လျက်ရှိနေကြတော့သည်။
ဆိုလိုသည်မှာ အဆင့်မြှင့်တင်ထားသော စည်းဓားမော့သည် စည်းကိုဖယ်ပြီးသည့်နောက်မှာတော့ ထိပ်ဆုံးအဆင့် သိုင်းနယ်မြေကျင့်ကြံသူတစ်ယောက်ကိုပင် လှုပ်ရှားနိုင်စွမ်းမရှိအောင် ပြုမူနိုင်စွမ်းရှိနေခြင်းပင်။
ဤမျှ အားကောင်းလှသော ဝှက်ဖဲကို ကိုင်ဆောင်ထားသည်မို့ သူသည် ထိုက်ရွှမ်အအေးဂိုဏ်းဆီသို့ သွား၍ တိုက်ခိုက် မည်ဆိုလျှင်ပင် ပြဿနာမရှိတော့ချေ။
“တစ်စုံတစ်ခုက မဟုတ်တော့ဘူး။”
ရုတ်တရက်ဆိုသလိုဘဲ ကျွင်းချောင်ရှောင်းသည် တစ်စုံတစ်ခုမှားယွင်းနေသည်ကို သိရှိလိုက်ရ၏။ အဆုံးမဲ့ဓားဖိနှိပ်မှု၏ အောက်မှာတော့ များပြားလှသော ကျင့်ကြံသူများအားလုံးသည် တည်နေရာတွင် အေးခဲနေသည်ဆိုသော်လည်း သူ၏ စိတ်ဝိညာဉ်အမြုတေထဲတွင်ရှိသော စိတ်ဝိညာဉ်စွမ်းအင်များမှာတော့ မြန်မြန်ဆန်ဆန်ပင် ကုန်ခမ်းလျက်ရှိနေ၏။ သာမန်သိုင်းကျင့်ကြံခြင်းနည်းစနစ်ကို ထုတ်သုံးသည် ထက် အဆပေါင်းများစွာ ပိုမိုကုန်ခမ်းလျက်ရှိ၏။
စနစ်က ပြောလိုက်သည်။ “လက်ခံသူက စည်းဓားမော့ကို စည်းဖယ်လိုက်ပြီးသည့်နောက်မှာ အခြားသူတွေကို ထိန်းချုပ်ဖို့အတွက် စွမ်းအင်တွေကို ထုတ်ဖော်အသုံးပြုရတယ်လေ။ဒီလောက်အားကောင်းလှတဲ့ လုပ်ဆောင်မှုပုံစံကို အသက်သွင်းဖို့ စိတ်ဝိညာဉ်စွမ်းအင်တွေက စက္ကန့်နဲ့အမျှ ကုန်ဆုံးနေ တယ်ဆိုတာ အံ့အားသင့်စရာမှ မဟုတ်တာ။”
“ဒါပေမဲ့ အရမ်းမြန်လွန်းတယ်လေ။” ကျွင်းချောင်ရှောင်းက စိတ်ဓာတ်ကျသွားမိ၏။ စိတ်ဝိညာဉ်စွမ်းအင်များ ကုန်ဆုံးမှုနှုန်းအရဆိုလျှင် သူ့အနေနှင့် ဤကဲ့သို့သော လုပ်ဆောင်မှုပုံစံကို မိနစ်အနည်းငယ်သာ ထိန်းသိမ်းထားနိုင်စွမ်းရှိကြောင်း သိရှိလိုက်ရတော့၏။
စနစ်က ပြောလိုက်၏။ “လက်ခံသူအနေနဲ့ အားကောင်းချင်တယ်။ အခြားသူတွေရှေ့မှာ ဟန်ထုတ်ချင်တယ်ဆိုရင်တော့ ထိုက်တန်တဲ့ ပေးဆပ်မှုကို ပေးရမှာပဲ။”
“နားလည်ပြီ”
ကျွင်းချောင်ရှောင်းသည် ခေါင်းကိုမော့ကာဖြင့် သိုင်းကျင့်ကြံသူ တစ်ထောင်ကျော်တို့အား သေချာကြည့်ရှုလိုက်၏။ သူ၏ မျက်လုံးထဲတွင်တော့ သတ်ဖြတ်လိုခြင်းဆန္ဒများနှင့် အားကောင်းစွာဖြစ်တည်လာခဲ့၏။
ဥတစ်လုံးအတွက်နှင့် ၎င်းတို့သည် မိုင် တစ်ထောင် အကွာအဝေးဆီသို့ အနောက်မှလိုက်ပါလာခဲ့ကြ၏။ စည်း ဓားမော့ကိုလည်း စည်းဖြည်ပြီးပြီဖြစ်သောကြောင့် သူ့အနေနှင့် တစ်ဖက်သောသူများအား ပုရွက်ဆိတ်များကဲ့သို့ သတ်ဖြတ်ပစ်ရန် စဉ်းစားလိုက်တော့သည်။
အကယ်၍ ကြယ်ကြွေကုန်းမြေတိုက်ကြီးမှာသာဆိုလျှင် ကျွင်းချောင်ရှောင်းသည် ဤကဲ့သို့ သတ်ဖြတ်မှုမျိုးကို ပြုလုပ် လိမ့်မည်မဟုတ်ချေ။ သို့ပေမဲ့ ဤနေရာသည် ဂြိုဟ်တိုက်ပွဲတည်နေရာကြီးဖြစ်သည်။ ဤနေရာသို့ ရောက်ရှိလာရသည့် အဓိကရည်ရွယ်ချက်သည် သတ်ဖြတ်ရန်ပင်ဖြစ်တော့၏။ ထို့ကြောင့် အကြောက်အလန့်ကင်းစွာဖြင့် သတ်ဖြတ်မှုကိုသာ သူပြုလုပ်တော့၏။
“အားလုံးပဲ။”
သူသည် စည်းဓားမော့ကြီးကို ကောက်မကာဖြင့် သတ်ဖြတ်လိုခြင်းဆန္ဒများအပြည့်အဝဖြင့် ပြောလိုက်သည်။ “ဘေးကင်းကြပါစေ။”
ဆွစ် ဆွစ် ဆွစ် ……..။
ဓားအလင်းတန်းများသည်လှုပ်ခါသွား၏။ အော်ရာများအားလုံးသည် စည်းခတ်ထားခဲ့ရသော တည်နေရာကြီးထဲတွင် ပြည့်နှက်သွားခဲ့တော့သည်။ လှုပ်ရှားနိုင်စွမ်းမရှိသော သိုင်းကျင့်ကြံသူများအားလုံး၏ မျက်လုံးထဲတွင်တော့ သေခြင်း တရား၏ အရိပ်အယောင်များသာ ထင်ပေါ်လာခဲ့တော့သည်။
…
ကြယ်ကြွေကုန်းမြေတိုက်ကြီး၏ ခံတပ်တည်နေရာ
အချိန်အတော်ကြာ တည်နေရာအကျယ်အဝန်းသည် ထပ်မံ၍ မကျယ်ပြန့်လာသည်ကို သိရှိပြီးသည့်နောက်မှာတော့ လီချင်းယန်က ပြောလိုက်သည်။ “ဂိုဏ်းချုပ်နဲ့ တစ်ခြားသူတွေက တိုက်ခိုက်တာကို ရပ်သွားပြီနဲ့တူတယ်။”
ရှောင်ကျီသည် အဝေးတစ်နေရာကို လှမ်းကြည့်လိုက်၏။ ပြီးနောက်ပြောလိုက်တော့သည်။ “သူတို့အနေနဲ့ အမွေအနှစ်ကို ရသွားပြီလားမသိဘူး။”
“ဒါဆိုရင်လည်း အလုပ်ဆက်လုပ်ကြတာပေါ့။ ဘာပဲဖြစ်ဖြစ် ….”
လီချင်းယန်သည် အားလုံးကို တာဝန်ခွဲဝေပေးလိုက်တော့၏။
“ဟမ်”
သို့ပေမဲ့ သူတို့လှုပ်ရှားမှုမပြုလုပ်ရသေးခင်မှာဘဲ ခံတပ်၏ တည်နေရာအကျယ်အဝန်းသည် ထပ်မံကာ ချဲ့ထွင်လာခဲ့၏။
တစ်ရာ မီတာ …. နှစ်ရာ မီတာ ….. ငါးရာ မီတာ …… တစ်ထောင် မီတာ ………..။
……
“ဒါက”
လီချင်းယန်၊ ရှောင်ကျီနှင့် တစ်ခြားသူများအားလုံးသည် ဆွံ့အလျက်ရှိနေတော့၏။ ခံတပ်၏ တည်နေရာ အကျယ် အဝန်းသည် မူလထက် မီတာ တစ်ရာ ကျော် ပိုမိုကာ ကျယ်ပြန့်လာ၏။ ဆိုလိုသည်မှာ သိုင်းကျင့်ကြံသူ ၂၀၀၀ ကျော်ကို အနည်းဆုံး သတ်ဖြတ်ခဲ့ခြင်းပင် ဖြစ်ပေလိမ့်မည်။
တည်နေရာအကျယ်အဝန်း၏ ပိုမိုချဲ့ထွင်နိုင်မှုသည် ဆက်လက်ကာ တိုးတက်လျက်ရှိနေတော့၏။ စက္ကန့်အနည်းငယ် အတွင်းမှာပဲ မီတာ တစ်ထောင် မှသည် မီတာ သုံးထောင် နီးပါးခန့်ဆီသို့ ရောက်ရှိသွား၏။
“ကြယ်ကြွေကုန်းမြေတိုက်ကြီး၏ သိုင်းကျင့်ကြံသူသည် အဝါရောင်အဆင့် သိုင်းကျင့်ကြံသူ ၄၆၈၂ ယောက်၊ မြေအဆင့် စွမ်းအားမြင့်ကျင့်ကြံသူ ၃၂၉ ယောက်တို့ကို သတ်ဖြတ်ခဲ့ပြီး အမဲရောင်အဆင့် ကျင့်ကြံသူ ၂၉ ယောက်နှင့် မြေအဆင့် စွမ်းအားမြင့်ကျင့်ကြံသူ ၁၆ ယောက်တို့ကို ဆက်တိုက်သတ်ဖြတ်ခဲ့သည်။ ဒါကြောင့် ပထမအဆင့်ဝရမ်းကို ထုတ်ပြန်ခဲ့ သည်။ သီလအမှတ် ၂၀၀၀၀”
ထည်ဝါခန့်ညားလွန်းသော အသံသည် ကောင်းကင်ဘုံမှ ထွက်ပေါ်လာခဲ့တော့သည်။
ဂြိုဟ်တိုက်ပွဲတည်နေရာကြီးတစ်ခုလုံးကို ထိုအသံသည် ပျံ့နှံ့သွားခဲ့တော့၏။ ဤဂြိုဟ်တိုက်ပွဲတည်နေရာကြီးထဲတွင် တည်ရှိနေသော ဂြိုဟ်ပေါင်း ၃၀၀ ဆီမှ သိုင်းကျင့်ကြံသူများအားလုံးသည် ထိုအချင်းအရာကို ကြားလိုက်သည့်အချိန် မှာတော့ မြေပေါ်မှာပင် မတ်မတ်ရပ်လျက် ကြောင်တောင်တောင်နှင့် ဖြစ်မိနေကြ၏။
“ကောင်းကင်ဘုံ”
“ဒီလောက်များတဲ့ လူတွေကို သတ်ခဲ့တာလား။”
“ကြယ်ကြွေကုန်းမြေတိုက်ကြီး၏ သိုင်းကျင့်ကြံသူသည် အဝါရောင်အဆင့် သိုင်းကျင့်ကြံသူ ၈၉၈၂ ယောက်၊ အမဲရောင် အဆင့်ကျင့်ကြံသူ ၁၂၂၉ ယောက်နှင့် မြေအဆင့် စွမ်းအားမြင့်ကျင့်ကြံသူ ၄၆ ယောက်တို့ကို ထပ်မံကာ သတ်ဖြတ်ခဲ့ သည်။ ထို့ကြောင့် အထူးအဆင့်ဝရမ်းကို ထုတ်ပြန်လိုက်သည်။ သီလအမှတ်သည် ၁၀၀၀၀၀ ဖြစ်သည်။”
သိုင်းကျင့်ကြံသူများ ထိတ်လန့်တုန်လှုပ်နေတုန်းမှာပဲ နောက်ထပ်အသံတစ်ခုထပ်မံကာ ထွက်ပေါ်လာ၏။ လက်ရှိ အခြေအနေမှာတော့ ဂြိုဟ်တိုက်ပွဲတည်နေရာကြီးတစ်ခုလုံးသည် အုတ်အော်သောင်းနင်းဖြစ်သွားခဲ့တော့သည်။
အထူးဆင့် ဝရမ်းထုတ်ပြန်ခြင်း။ ဤအရာသည် အရင်တုန်းက ကျိန်းသေပေါက်မရှိခဲ့သော အရာမျိုးပင်ဖြစ်တော့၏။
“မြို့တော်ဝန်”
ဘုံကိုးပါးကုန်းမြေတိုက်ကြီး၏ အဓိကဟောခန်းထဲမှာတော့ သိုင်းကျင့်ကြံသူတစ်ယောက်ဟာ မယုံကြည်နိုင်သလို ပြောလိုက်မိသည်။ “ပထမအဆင့်ဝရမ်းပြီးတဲ့နောက်မှာ အဆင့်မြင့်ဝရမ်းဆိုတာ ရှိနေသေးတာလား။”
မိုရှန်ရှမ်းသည် ထိတ်လန့်တုန်လှုပ်စွာ ပြောလိုက်၏။ “ငါလည်းပထမဦးဆုံး ကြားဖူးတာဘဲ။”
“အထက်နယ်မြေကတောင် ဒီလိုမျိုးကြေညာမှုကို ပြုလုပ်တယ်ဆိုမှတော့ ကြယ်ကြွေကုန်းမြေတိုက်ကြီးက သိုင်း ကျင့်ကြံသူက အချိန်အတိုအတွင်း သိုင်းကျင့်ကြံသူ ၁၀၀၀၀ ကျော်ကို သတ်ဖြတ်ခဲ့တာဘဲဖြစ်ရမယ်။ ဒီလိုကိစ္စမျိုးကို မြေအဆင့်စွမ်းအားမြင့်ကျင့်ကြံသူကိုတောင် ပြုလုပ်နိုင်မှာမဟုတ်ဘူး။”
ထိုသိုင်းကျင့်ကြံသူ၏ နှုတ်ခမ်းများသည် တုန်ယင်လျက်ရှိနေ၏။
“ကြယ်ကြွေကုန်းမြေတိုက်ကြီး၏ သိုင်းကျင့်ကြံသူသည် အဝါရောင်အဆင့် သိုင်းကျင့်ကြံသူ ၂၃၆၈၂၊ အမဲရောင် အဆင့်သိုင်းကျင့်ကြံသူ ၃၄၅၆ ၊ မြေအဆင့် စွမ်းအားမြင့်ကျင့်ကြံသူ ၆၂ ယောက်တို့ကို ဆက်တိုက်သတ်ဖြတ်ခဲ့သည်။ ထို့ကြောင့် မိုးကြိုးကပ်ဘေးပြစ်ဒဏ် ဖြစ်တည်လာခဲ့သည်။”