အခန်း (၉၂၀)
Vol. 62 Ch. 920
စည်းဓားမော့ကို စည်းဖြည်ပြီးသည့်နောက်မှာတော့ သူသည် မည်မျှ အားအင်ရှိကြောင်းကို ထုတ်ဖော်ပြသခဲ့၏။ ဘေးထွက်ဆိုးကျိုးအနေဖြင့် ပထမပုံစံကို အသက်သွင်းသည်ထက် ပိုမိုကာ ကြာမြင့်သည် ဆိုသော်လည်း အချိန်နှင့် တည်နေရာ လျှို့ဝှက်နယ်မြေတည်ရှိသည်မို့ ပြဿနာအကြီးကြီး မဟုတ်တော့ချေ။ ထို့အပြင် လောကအဆောင်၏ တစ်နှစ်ဘေးထွက်ဆိုးကျိုးနှင့် နှိုင်းယှဉ်မည်ဆိုလျှင် တစ်လတာတိတိ အားနည်းနေခြင်း သည် သောက်ရမ်းကောင်းလွန်းသည့်အရာပင် ဖြစ်ပေလိမ့်မည်။
“ဂိုဏ်းချုပ်”
လီချင်းယန်သည် အလျင်အမြန်ဖြင့် ရောက်ရှိလာပြီး ကျွင်းချောင်ရှောင်းကို ဖေးမလိုက်၏။ ပြီးနောက် ပြောလိုက်တော့သည်။ “အဆင်ပြေရဲ့လား”
“ဒါက ထုံးစံအတိုင်းပေါ့”
ကျွင်းချောင်ရှောင်းသည် အားပြတ်စွာဖြင့် ပြောလိုက်တော့သည်။ “ဒီလိုမျိုး ခံစားနေကြပဲလေ”
အားလုံးက နားလည်သွားမိကြ၏။ သူတို့အားလုံးသည် ဂိုဏ်းချုပ်တစ်ယောက် အကြိမ်ပေါင်းများစွာ ဤကဲ့သို့ ဖြစ်သည်ကို တွေ့ကြုံမြင်ဖူးကြပြီးသည်ဖြစ်သည်။ ထို့ကြောင့် အသားကျနေပြီဖြစ်သည်ဟု ဆိုရမည်။ သို့ပေမဲ့ ဤထူးဆန်းလှသည့်ရောဂါကို မည်သည့်အချိန်မှ ပျောက်ကင်းနိုင်မည်ကို မသိချေ။
အစစ်အမှန်တရားမှာတော့ ပျောက်ကင်းနိုင်ဖို့ ရှိနေ၏။ ကျွင်းချောင်ရှောင်းအနေနှင့် အနာဂတ်မှာ မသေဆုံးပါက ပိုမိုကောင်းမွန်သည့် အားအင်အဆင့်ကို ရရှိပေလိမ့်မည်။ ထိုသို့ဆိုလျှင် ဤကဲ့သို့သော အဖြစ်အပျက်မျိုး ဘယ်တော့မှ ဖြစ်လိမ့်မည် မဟုတ်ချေ။
“ဒင်.... လက်ခံသူသည် သီးခြားတာဝန်အား ပြည့်စုံစေခဲ့သည့်အတွက် ဂုဏ်ယူပါသည်၊ ဂိုဏ်းစုဆောင်းမှတ် နှစ်သောင်းကို ရရှိပါသည်”
“ဒင်... ဂိုဏ်းစုဆောင်းမှတ် - ၄၄၂၀၀ / ၅၀၀၀၀”
“ဒင်... သီးခြားတာဝန်ကို ပြည့်စုံစေသည့်အတွက် ဖုံးကွယ်ထားသည့်ဆုလာဘ်ကိုလည်း ရရှိခဲ့သည်၊ အတွေ့အကြုံ အဆောင်နှစ်ခုကို ရရှိပါသည်၊ သိုလှောင်လက်စွပ်ထဲသို့ ပို့ဆောင်ပြီးပါပြီ”
သတိပေးသံကို နားထောင်ပြီးသည့်နောက်မှာတော့ ကျွင်းချောင်ရှောင်းသည် စိတ်ဓာတ်ကျသွားမိ၏။ “အထူး တာဝန်ကလည်း အတွေ့အကြုံအဆောင် နှစ်ခုပဲ ပေးတာလား”
လက်ခံသူသည် အစစ်အမှန်ပင် မောက်မာလွန်းနေခဲ့ပြီဖြစ်သည်။ ဆုလာဘ်ရရှိခြင်းနှင့်ပတ်သက်၍ နည်းပါးသည် ဟုပင် စောဒက တက်နေသေး၏။
စနစ်၏ အမျိုးသမီးအသံသည် သူ၏နားထဲသို့ ဝင်ရောက်လာခဲ့တော့သည်။ “ခင်မင်ရပါသော ပါဝင်ယှဉ်ပြိုင်သူ... သင်သည် ကွမ်ဟိုင်၏ အမွေအနှစ်ကို ရရှိခဲ့သောကြောင့် ကြယ်ကြွေကုန်းမြေတိုက်ကြီး၏ ခံတပ်သည် စတုရန်း မီတာတစ်သောင်း ကျယ်ပြန့်သွားခဲ့သည်။
ဆွစ်
သူမပြောပြောပြီးချင်းမှာပဲ တည်နေရာခံတပ်၏ အကျယ်အဝန်းသည် ပိုမိုကာ ကျယ်ပြန့်သွားခဲ့၏။ ဘေးတစ်ဖက် တွင်ရှိနေကြသော ကျန့်ရာနှင့် တခြားသောသူများအားလုံးသည် အမှတ်တမဲ့နှင့် လှမ်းကြည့်လိုက်သည့် အချိန်မှာ တော့ အလွန်ကြီးမားသည့် တည်နေရာကြီး ဖြစ်သွားကြောင်းကို ရှာဖွေတွေ့ရှိလိုက်၏။
လီချင်းယန်၏ မျက်လုံးများ သည် တောက်ပသွားသည်။ တည်နေရာ၏ အကျယ်အဝန်းမှာ သေးငယ်လွန်းသောကြောင့် ကြီးမားသည့် အဆောက်အဦနှစ်ခုကို ယှဉ်တွဲဆောက်လုပ်နိုင်ခြင်းမရှိဟု ထင်မှတ်ခဲ့သည်။ လက်ရှိအချိန်မှာတော့ ကျယ်ပြန့်လွန်းသော တည်နေရာ အကျယ်အဝန်းကြီးကို မြင်သည့်အချိန်မှာတော့ အင်္ကျီလက်ကို ခေါက်တင်ကာ ရဲရဲရင့်ရင့်ဖြင့် အဆောက်အဦများ ဆောက်ချင်စိတ်ပင် ပေါက်မိနေသည်။ သို့ပေမဲ့ သူသည် ချက်ချင်းမလှုပ်ရှားချေ။
အဘယ်ကြောင့်ဆိုသော် ဂိုဏ်းချုပ်သည် အလွန်အားနည်းသည့် အခြေအနေတွင် တည်ရှိနေ၏။
“ချင်းယန်.... ဂိုဏ်းဆီကို ပြန်ကြရအောင်” ကျွင်းချောင်ရှောင်းက ပြောလိုက်သည်။
“ကောင်းပါပြီ”
ရှောင်ကျီသည် သူ့ကို ချီပိုးကာဖြင့် ပြိုင်စံရှားဂိုဏ်းဆီသို့ ပြန်ကြလေတော့၏။ သူတို့သည် တစ်ချက်ကလေးမှ နောက်သို့ လှည့်မကြည့်ရချေ။ ပျော်ပျော်ရွှင်ရွှင်ဖြင့် နေထိုင်ခဲ့ပြီးသည့်နောက် ၎င်းတို့သည် ထွက်ခွာသွားခဲ့ကြပြီ ဖြစ်သည်။ သို့ပေမဲ့ အမွေအနှစ်နှင့် မိုးကြိုးကပ်ဘေးကြီး၏ သတင်းသည် များပြားလှသည့်ဂြိုဟ်များဆီသို့ ပျံ့နှံ့ သွားခဲ့သည်။
“ကောင်းကင်ဘုံ၊ ကြယ်ကြွေကုန်းမြေတိုက်ကြီးက တကယ့်ကို အားကောင်းလွန်းတာပဲ၊ ကြောက်ဖို့ကောင်းတယ်”
“အထက်နယ်မြေဆီက မိုးကြိုးအပြစ်ပေးမှုက ဒီလူ့ကို မသေဆုံးစေနိုင်ဘူးတဲ့”
ကျွင်းချောင်ရှောင်းသည် သိုင်းကျင့်ကြံသူ တစ်သောင်းကျော်တို့ကို သတ်ဖြတ်ပစ်ခဲ့သည်။ ပြီးနောက် မိုးကြိုးအပြစ်ပေးမှု၏ အောက်တွင်လည်း အသက်ရှင်လျက် ရှိနေသေး၏။ သူ၏ နာမည်သည် ဂြိုဟ်တိုက်ပွဲ တည်နေရာကြီး တစ်ခုလုံးတွင် ပျံ့နှံ့လျက်ရှိ၏။ ကြက်သွေးရောင်ပင်လယ်ကုန်းမြေတိုက်နှင့် တခြားသော မိတ်ဖက် အဖွဲ့အစည်းများသည် ထိုသတင်းကို ကြားတော့ စိတ်လက်ပူပန်မှုများနှင့် ပြည့်နှက်သွားတော့၏။ ဤမျှ များပြားသောလူများသည် တစ်ဖက်လူကို သတ်ဖြတ်နိုင်စွမ်း မရှိကြချေ။ ထို့ကြောင့် ၎င်းတို့လေးဖွဲ့ ပူးပေါင်း၍ တိုက်ခိုက်မည်ဆိုလျှင်လည်း ဘာမှ လုပ်နိုင်လိမ့်မည် မဟုတ်ချေ။
“နန်းတော်သခင်”
ပင်လယ်ပြာနန်းတော်၏ အကြီးအကဲသည် လေးနက်စွာ ပြောလိုက်မိ၏။ “ကျုပ်တို့ ကြယ်ကြွေ ကုန်းမြေတိုက်ကြီးနဲ့ ရင်ဆိုင်ဖို့ အချိန်ယူရမယ်လို့ထင်တယ်” သူသည် ခံစားချက်အတိုင်း ပြောဆိုခဲ့ခြင်းဖြစ်သည်။
ဟုန်ရောင် ၏ အမူအရာသည် ပျက်ယွင်းသွားခဲ့တော့၏။ “ဒီကောင်က သတ်ဖြတ်ခြင်းနတ်ဘုရားတစ်ပါးလိုပဲ”
အဘိုးကြီးကွမ်ဟိုင်၏ အမွေအနှစ် ပေါ်ပေါက်လာတုန်းက သူသည်လည်း အဲနေရာတွင် ရှိခဲ့သည်။ သို့ပေမဲ့ သူသည် ရှေ့ဆုံးမှ ဦးတည်၍ မသွားခဲ့ချေ။ ထို့ကြောင့် ကျွင်းချောင်ရှောင်းတစ်ယောက် ကြီးမားသည့် ဓားကြီးကို ကိုင်ဆောင်၍ သူ့အားတားဆီးနေသည့် လူပေါင်းများစွာကို သတ်ဖြတ်ခဲ့သည့်မြင်ကွင်းကို သေသေချာချာ မြင်ခဲ့ရ၏။ အမှန်အတိုင်း ပြောရမည်ဆိုလျှင် ဟုန်ရောင် သည် ထိုအချိန်တုန်းက ဘောင်းဘီထဲတွင် သေးပေါက်ချလု မတတ် ထိတ်လန့်တုန်လှုပ်ကြောက်လန့်လျက် ရှိခဲ့၏။
များပြားလှသည့် ဂြိုဟ်အသီးသီးမှ သိုင်းကျင့်ကြံသူများသည် ပြိုင်စံရှားဂိုဏ်း၏ ဂိုဏ်းချုပ်အား အနိုင်မယူနိုင်သည်ကို သိရှိပြီးသည့်နောက် သူသည် ကျောရိုးမကြီးတစ်ခုလုံးပင် အေးစိမ့်မှုကို ခံစားရလျက် ရှိနေတော့သည်။ သူသည် တခြားသောဂြိုဟ်မှ ကျင့်ကြံသူများနှင့် ပူးပေါင်းကာဖြင့် ဤမျှ ကြောက်မက်ဖွယ် ကောင်းလှသောသူအား ရန်သူအဖြစ် သတ်မှတ်ခဲ့၏။ ဤအရာမှာ ကိုယ့်ကိုယ်ကိုယ် သေလူအဖြစ် သတ်မှတ်ခဲ့ခြင်း ပင် မဟုတ်လား။
"နန်းတော်သခင်"
နောက်လိုက်တစ်ယောက်သည် အပြင်ဘက်ဆီမှ ပြေးဝင်လာပြီးနောက် ပြောလိုက်၏။ "အင်ပါယာဓားကုန်းမြေတိုက်က အမှာစကားပေးပို့လိုက်တယ်၊ သူတို့က မဟာမိတ်ဖွဲ့စည်းခြင်းကို ဖျက်ဆီးလိုက် ပြီတဲ့"
“...........”
ဟုန်ရောင်၏နှုတ်ခမ်းများသည် တုန်ယင်သွားခဲ့၏။ အင်ပါယာဓားဂြိုဟ်သည် ပိုမို၍ မောက်မာလှသည့်လူများ ဖြစ်ကြသည်။ သို့ပေမဲ့ ၎င်းတို့သည် သူတို့ထက်ပင် ပို၍စောစွာဖြင့် ကြောက်လန့်လျက်ပင် ရှိနေသည်။
မကြာခင် မှာပဲ မဟာမိတ်အဖွဲ့ဖျက်ဆီးခြင်း အကြောင်းအရာသည် ရှန်ဟွမ်ကုန်းမြေတိုက်နှင့် လင်းယွမ်ကုန်းမြေတိုက်တို့ဆီမှလည်း ရောက်ရှိလာခဲ့တော့၏။ လက်ရှိအခြေအနေမှာတော့ မဟာမိတ်အဖွဲ့ တည်ထောင်ထားသော ဂြိုဟ်ကြီးလေးခုသည် ကျွင်းချောင်ရှောင်း၏ လူပေါင်းများစွာ သတ်ဖြတ်မှုကို မြင်ခဲ့ရပြီးသည့်နောက် အဖွဲ့အစည်းကိုပင် ဖျက်သိမ်းခဲ့ရပြီဖြစ်တော့၏။ ဂြိုဟ်တိုက်ပွဲကြီး၏ သမိုင်းတွင် အကြောက်တတ်ဆုံးသော မဟာမိတ်အဖွဲ့ဟုပင် နာမည်တွင်သွားနိုင်၏။
...................
ဘုံကိုးပါး ကုန်းမြေတိုက်၏ တည်နေရာခံတပ်ထဲမှာတော့ မိုရှန်ရှမ်းသည် တစ်ဖက်လူများကို ပုရွတ်ဆိတ်များကဲ့သို့ သတ်ဖြတ်ခဲ့သည့်လူမှာ ကျွင်းချောင်ရှောင်း ဖြစ်သည့်အကြောင်းကို သိရှိလိုက်ချိန်မှာတော့ တွေတွေဝေဝေဖြင့် ထိုင်ခုံပေါ်တွင် ထိုင်လျက်ရှိနေတော့၏။
"မြို့တော်ဝန်"
အကြီးအကဲတစ်ယောက်သည် နှုတ်ခမ်းတွေ တဆတ်ဆတ် တုန်ခါနေရင်းနှင့် ပြောလိုက် တော့သည်။ "ဒီကောင်က မိုးကြိုးအပြစ်ပေးမှုကို ခံယူရတဲ့အချိန်မှာတောင် ဘာမှမဖြစ်ခဲ့ဘူး"
“..........”
မိုရှန်ရှမ်း၏ မျက်လုံးထဲရှိ ထိတ်လန့်တုန်လှုပ်မှုများသည် ပိုမိုအားကောင်းလာခဲ့သည်။ သူသည် မြင်ကွင်းကို ကိုယ်တိုင်ကိုယ်ကျ မတွေ့ရဘူးဆိုသော်လည်း မိုးကြိုးဆိုသည်မှာ အလွန်ကြောက်မက်ဖွယ်ရာဖြစ်ကြောင်း သူပြောနိုင်၏။ သူ့လို့လူ ဆယ်ယောက်ရှိနေလျှင်ပင် မိုးကြိုး၏ဒဏ်ကို ခံနိုင်လိမ့်မည် မဟုတ်ချေ။ သို့ပေမဲ့ တစ်ဖက်လူသည် ဘာတစ်ခုမှမဖြစ်ဘဲ ပြန်လည် ထွက်ခွာသွားခဲ့၏။
“ဒါ... ဖြစ်နိုင်ဖွယ်ရာ တစ်ခုပဲရှိတယ်”
မိုရှန်ရှမ်းသည် ခဏလောက် တွေးတောကာဖြင့် လေးလေးနက်နက် ပြောလိုက်သည်။ “အထက်နယ်မြေဆီက ရောက်လာတဲ့ မိုးကြိုးအပြစ်ပေးမှုက ကြယ်ကြွေကုန်းမြေတိုက်ကြီးက လူကို ပစ်ချတဲ့နေရာမှာ ထိန်းချုပ်မှု ရှိနေတာပဲ ဖြစ်ရမယ်၊ ကြည့်ရတာ ကြောက်ဖို့ကောင်းတယ်ဆိုပေမယ့် ဒါက ဟန်ပြသက်သက်ပဲ နေမယ်”
ထိုအချင်းအရာကိုကြားတော့ အကြီးအကဲများ အားလုံးသည် သဘောတူညီလိုက်ကြ၏။ အထက်နယ်မြေမှာရှိသော ကျွမ်းကျင်သူသည် တစ်ဖက်လူအား သက်တောင့်သက်သာ ခံစားရစေရန် ပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်း နားလည် လိုက်မိကြ၏။
“မြို့တော်ဝန်”
တခြားသော အကြီးအကဲက ပြောလိုက်သည်။ “ကုန်းမြေတိုက်ကြီးဆီမှာ နောက်ထပ် သတင်းတစ်ခု ရှိသေးတယ်၊ ဒီတစ်ကြိမ် ဂြိုဟ်တိုက်ပွဲတည်နေရာကို တာဝန်ယူထားတဲ့လူက ဧကရီလင်းရောင်လို့ ခေါ်တယ်၊ သူမက ကြယ်ကြွေကုန်းမြေတိုက်ကြီးကနေ တက်လှမ်းလာတဲ့လူလေ”
ပထမတုန်းက မသေချာ၊ မရေရာဖြစ်နေသော မိုရှန်ရှမ်းသည် ထိုအရာကို ကြားပြီးသည့်နောက် ထိုင်ခုံလက်ရမ်းကို အသာရိုက်ကာ ပြောလိုက်မိသည်။ “တကယ်ပဲ သူ့အထက်မှာ တစ်စုံတစ်ယောက် ရှိနေတာကိုး”
................
ပုံရိပ်ယောင်လား၊ အစစ်အမှန်လားမသဲကွဲသည့် နန်းတော်ကြီးတစ်ခုထဲမှာတော့ ခါးကုန်းကုန်းနှင့် အဘိုးအို တစ်ယောက်သည် အထဲသို့ လျှောက်ဝင်လာကာ ပြောလိုက်၏။ “အရှင်... မိုးကြိုးအပြစ်ပေးမှုရဲ့ စွမ်းအားကို တစ်ဝက်လောက်အထိ လျော့ချခဲ့တယ်လေ၊ ဒီသတင်းကို နယ်မြေဟောခန်းကသာ သိရှိသွားမယ်ဆိုရင် ပြဿနာ ဖြစ်လိမ့်မယ်လို့ ထင်တယ်”
တိမ်များဖုံးလွှမ်းလျက်ရှိနေသော သလွန်ပေါ်တွင် လဲလျောင်းရင်းမှ အမျိုးသမီးတစ်ယောက်သည် တည်ငြိမ်စွာဖြင့် ပြောလိုက်တော့သည်။ “သူက သိုင်းနယ်မြေတစ်ပိုင်းပဲ ရှိသေးတာလေ၊ ဒါကြောင့် မိုးကြိုး အပြစ်ပေးမှုကို အားတဝက်ပဲ ထုတ်သုံးခဲ့တယ်ဆိုတာ အကျိုးအကြောင်း ဆီလျော်တယ် မဟုတ်လား၊ ပြီးတော့ ဒီနေရာကို တာဝန် ကျခဲ့တဲ့လူတွေ အကုန်လုံးက သူတို့ရဲ့ အရင်ကုန်းမြေတိုက်ကြီးနဲ့ ပတ်သက်ရင် လျော့ပေါ့ပြီးတော့ လုပ်ဆောင်ပေးခဲ့ကြတာပဲ မဟုတ်လား၊ ငါ့အလှည့်ကျမှ ခက်ခဲမှုကို လျော့ပေါ့ပေးတာ ဘာမှားလို့လဲ”
“............” အကြီးအကဲသည် တိတ်ဆိတ်ငြိမ်သက်သွားမိ၏။
အရှင်မသည် သူမ၏ ရာထူးကို အသုံးချကာဖြင့် ကြယ်ကြွေ ကုန်းမြေတိုက်ကြီးအတွက် ရပ်တည်လျက်ရှိနေတော့၏။ ထိုအချင်းအရာသည် ထုတ်ဖော်ပြောဆိုနေသည့် စည်းမျဉ်းစည်းကမ်းမဟုတ်သော်လည်း အားလုံးက နားလည်မှုနှင့် ခွင့်လွှတ်ပေးထားရသည့်အရာလည်း ဖြစ်နေ တော့သည်။
...............
ပြိုင်စံရှားဂိုဏ်း
ကျွင်းချောင်ရှောင်းသည် အချိန်နှင့်တည်နေရာလျှို့ဝှက်နယ်မြေထဲမှ ထွက်လာခဲ့ပြီးသည့်နောက်မှာတော့ လက်များကို အသာဖြန့်ကားကာဖြင့် ပြောလိုက်သည်။ “ကောင်းလိုက်တာ”
စည်းဓားမော့ကို အသုံးပြုပြီးသည့်နောက် တစ်လစာ ဘေးထွက်ဆိုးကျိုးသည် အချိန်နှင့် တည်နေရာ လျှို့ဝှက်နယ်မြေ၏ အောက်တွင် ပျောက်ကွယ်သွားခဲ့ရပြီဖြစ်သည်။ ထို့အပြင် အတွင်းတွင် တန်ခိုးကျင့်ခြင်းကို ပြုလုပ်ခဲ့သည်ဖြစ်သောကြောင့် သူသည် နဂါးဆင်လက်ဝါးနည်းစနစ်ပေါ်တွင် နားလည်မှုမှာ ပိုမိုကာ တိုးပွားခဲ့၏။
“ဂိုဏ်းချုပ်”
လီချင်းယန်က ပြောလိုက်သည်။ “ဂြိုဟ်တိုက်ပွဲကို ဘယ်အချိန် သွားကြမလဲ”
သူ၏တပည့်သည် ဂြိုဟ်တိုက်ပွဲဆီသို့သွား၍ အဆောက်အဦများကို ဆောက်လုပ်ချင်စိတ် ဖြစ်နေကြောင်း ကျွင်းချောင်ရှောင်း ကောင်းကောင်းသိ၏။ ထို့ကြောင့် ပြောလိုက်သည်။ “ကျိရှုနဲ့တခြားသူတွေကို ခေါ်သွား၊ ပြီးတော့ ခွင့်ပြုချက် မရှိဘဲနဲ့ တည်နေရာကနေ အပြင်ကို ထွက်ဖို့အတွက် သတိထား”
လီချင်းယန်က အံ့အားတသင့်ဖြင့် ပြောလိုက်သည်။ “ဂိုဏ်းချုပ်... မသွားဘူးလား”
“ငါ မြောင်ဟွာခန်းမကို သွားရအုံးမယ်” ထိုနေ့မှာပဲ ကျွင်းချောင်ရှောင်းသည် သူနှင့်မဟာမိတ်ဖွဲ့စည်းခဲ့သော အဆင့်လေးဂိုဏ်းဆီသို့ ချီတက်သွားခဲ့သည်။
လီချင်းယန်၊ ရှောင်ကျီနှင့် တခြားသောသူများမှာ ဂြိုဟ်တိုက်ပွဲတည်နေရာထဲသို့ ဝင်ကြတော့၏။ ၎င်းတို့သည် ဂိုဏ်းချုပ်၏ အမိန့်ကို လိုက်နာကာဖြင့် လုံခြုံသည့်တည်နေရာအတွင်းမှာသာ နေထိုင်ပြီး အပြင်ဘက်ဆီသို့ လုံးဝ မထွက်ခွာကြချေ။
တကယ်တမ်းမှာတော့ အပြင်ဘက်တွင်လည်း ဘာမှ မရှိချေ။ များပြားလှသည့် အပြောင်းအလဲ များကို ကြုံတွေ့ရပြီးသည့်နောက် တခြားသောလူများသည် ကြယ်ကြွေကုန်းမြေတိုက်ကြီးကို ကြောက်လန့်သွားခဲ့ ကြပြီဖြစ်သည်။ မည်သူမှသည် သတ္တိကောင်းကောင်းနှင့် လာရောက်၍ ရန်ပြုခြင်းကို မပြုလုပ်ရဲကြတော့ပေ။
...........
မြောင်ဟွာခန်းမ၏ အဓိကဟောခန်း …။
“ဂိုဏ်းချုပ်ကျွင်း... ကျွန်မတို့ ခန်းမသခင်က ကျင့်ကြံနေတယ်လေ၊ တစ်ယောက်ယောက်ကိုလွှတ်ပြီး သတင်းပို့ ခိုင်းထားတယ်၊ ကျေးဇူးပြုပြီး ခဏစောင့်ပါအုံး” ကျန်းစွန်းဖန်းဟွာသည် ပြုံးကာပြောလိုက်တော့၏။
အဆိပ်ကိုးပါးနန်းတော်တွင် ဖြစ်ပျက်ခဲ့သည့် အကြောင်းအရာများပြီးသည့်နောက် ဤအကြီးအကဲသည် ကျွင်းချောင်ရှောင်းအပေါ်တွင် ထားရှိခဲ့သော စိတ်နေစိတ်ထားနှင့် အပြုအမူများ အလုံးစုံပြောင်းလဲသွားခဲ့ပြီ ဖြစ်သည်။
“ရပါတယ် …. ရပါတယ်”
ကျွင်းချောင်ရှောင်းသည် အသာထိုင်ချပြီးနောက် အမျိုးသမီးတပည့်တစ်ယောက် လာပေးသော ရေနွေးခွက်ကို အသာကောက်မော့လိုက်သည်၊။ “ဒီကျွင်းက ဒီကိုလာလည်ရုံသက်သက်ပါပဲ၊ အရေးကြီးတာ ဘာမှ မရှိပါဘူး၊ ခန်းမသခင်ရှစ်ရဲ့ ကျင့်ကြံခြင်းကိုတောင် နှောက်ယှက်မိမှာ စိုးရတယ်”
ကျန်းစွန်းဖန်းဟွာက ပြောလိုက်သည်။ “ဂိုဏ်းချုပ်ကျွင်း... စောင့်ကြည့်ရေးမျှော်စင်က သတင်းပို့လိုက်တဲ့ ဂြိုဟ်တိုက်ပွဲ အကြောင်းကို ကြားပြီးပြီလား”
“ဒါက”
ကျွင်းချောင်ရှောင်းသည် ခဏလောက် စဉ်းစားလိုက်၏။ ပြီးနောက် ပြောလိုက်သည်။ “နည်းနည်းတော့ ကြားခဲ့ပါတယ်”