အခန်း (၉၂၂)
Vol. 62 Ch. 922
အရင်တုန်းက သူ နဂါးလေးကို သားဖောက်ခဲ့စဉ်ကဆိုလျှင် ရှိရှိသမျှသောအရာအားလုံးကို ရောင်းချခဲ့ရသေး၏။ လက်ရှိအခြေအနေတွင်တော့ အထက်နယ်မြေမှ ဥတစ်လုံး နောက်ထပ်ရောက်ရှိလို့လာခဲ့၏။ ထို့ကြောင့် ပိုက်ဆံများ သုံးဖြုန်းရန် ပြင်ဆင်ရပေတော့မည်။
ထို့အပြင် ပိုက်ဆံမရှိဘဲနှင့် မည်သို့သောအရာကို ပြုလုပ်၍ ရမည်နည်း။ အရင်တုန်းက သူ့တွင် ပိုက်ဆံဟူ၍ လုံလုံ လောက်လောက်ရှိသည်မဟုတ်ပေ။ သို့ပေမဲ့ လက်ရှိအခြေအနေမှာတော့ ပိုက်ဆံဆယ်သန်းလောက်ကို သုံးဖြုန်းရမည် ဆိုလျှင်တောင်မှ သူသည် တစ်ချက်ကလေးမှ ရင်နာနေလိမ့်မည်မဟုတ်ချေ။ များပြားလှသော စီးပွားရေးလုပ်ငန်းများ၏ ထောက်ပံ့မှု နှင့်အတူ သူသည် လုံလောက်သည့်ပိုက်ဆံများကို ရရှိနှင့်ပြီ ဖြစ်တော့၏။
“လာ လာ”
သူသည် သလင်းအမြုတေများကို များများစားစား ထုတ်ယူလိုက်တော့၏။ ထိုထဲတွင် ကြယ်ကိုးပွင့်အကြီးအကဲများ ထံမှ ရရှိထားခဲ့သော သလင်းအမြုတေများလည်း ပါဝင်နေသည်။
ဒိန်း ဒိန်း ဒိန်း
သလင်းအမြုတေစွမ်းအင်များသည် ရူးရူးမူးမူးပဲ သားပေါက်စက်ထဲသို့ ဝင်ရောက်လျက်ရှိနေ၏။ သန္ဓေပြောင်းနှုန်း သည် သုညဆီမှသည် ၅၀ ဆီသို့ တိုးမြှင့်သွားခဲ့၏။
၉၅ ရာခိုင်နှုန်း အောင်မြင်မှုနှုန်းရှိသည်ဆိုလျှင်ပင် အဆိုးဝါးဆုံးအခြေအနေတစ်ခုဆီသို့ ရောက်ရှိသွားတတ်သည်ကို သိရှိပြီးဖြစ်သောကြောင့် ကျွင်းချောင်ရှောင်းသည် ၁၀၀ ရာခိုင်နှုန်းအောင်မြင်မှုနှုန်းကို ရရှိရန် ကြိုးစားလိုက်သည်။
ထို့ကြောင့် သူသည် စွမ်းအင်များကို ဆက်လက်ကာ ထည့်သွင်းနေ၏။ သလင်းအမြုတေများ တစ်ခုပြီးတစ်ခုကို ပစ်ထည့်ပြီးသည့်နောက်မှာတော့ သူသည် အရည်အသွေးကောင်းမွန်းလှသော သလင်းအမြုတေများအား တစ်ခုပြီး တစ်ခု ကို အသုံးပြုပြီး ဖြစ်နေ၏။
ထိုအချင်းအရာကို ကြယ်ကြွေကုန်းမြေတိုက်ကြီးတွင်ရှိသော တစ်ခြားသောသိုင်းကျင့်ကြံသူများသာ မြင်မည်ဆိုပါက ကျိန်းသေပေါက် နှုတ်ခမ်းများ တဆတ်ဆတ် နှင့် တုန်ယင်နေပေလိမ့်မည်။
ဤအရာကို ပိုက်ဆံအဖြစ်သာ ပြောင်းလဲမည်ဆိုပါက ကျိန်းသေပေါက် ဆယ်သန်းထက်မက ပိုမိုများပြား သောပမာဏ ဖြစ်ပေလိမ့်မည်။
ဂိုဏ်းချုပ်ကျွင်းသည် ပိုက်ဆံများလိုအပ်နေသည်မဟုတ်ပေ။ ထို့အပြင် သူသည် ဂြိုဟ်တိုက်ပွဲဆီမှ ရရှိထားသော သလင်းအမြုတေများလည်း ရှိခဲ့သေး၏။ ထို့ကြောင့် ထိုအရာများကို အသုံးပြုရသည်ဆိုသည်မှာ သူ့အတွက် နာကျင်မှုမဟုတ်ပေ။ စွမ်းအင်လုံးမည်မျှထည့်သွင်းလိုက်မှန်းမသိသည့်အချိန်ကာလတစ်ခုမှာတော့ သန္ဓေပြောင်းနှုန်းသည် ၁၀၀ ရာခိုင်နှုန်း ဆီသို့ ရောက်ရှိသွားခဲ့တော့၏။
“ကောင်းပြီ။”
ကျွင်းချောင်ရှောင်းသည် သက်တောင့်သက်သာဖြင့် ပြောလိုက်မိ၏။ “နောက်ထပ်ရက် ၃၀ စောင့်ကြတာပေါ့။”
နဂါးလေး၏ သန္ဓေပြောင်းနှုန်းသည် ၁၅ ရက်သာကြာခဲ့၏။ ဤအကောင်မှာတော့ ၃၀ ရက်တောင် ကြာလျက်ရှိနေ၏။ အလွန်အားကောင်းလှသော သားရဲတစ်ကောင်ဖြစ်နေမည်လားကို သူသည် ခန့်မှန်းနေမိတော့၏။
သန္ဓေပြောင်းမှုနှုန်းသည် ဆက်လက်ကာ ဖြစ်တည်လျက်ရှိ၏။ ကျွင်းချောင်ရှောင်းသည် နေ့စဉ်နေ့တိုင်း ထိုအရာကြီး ကို စောင့်ကြပ်ကြည့်ရှုမနေချေ။ ကျင့်ကြံခြင်းနှင့် ဂိုဏ်း၏စီမံခန့်ခွဲမှုကိစ္စများအပေါ်တွင် အာရုံစိုက်ထားတော့၏။
“ဂိုဏ်းချုပ်”
လီလိုရှုက သတင်းပို့လိုက်တော့သည်။ “ထိုက်ရွှမ်အအေးဂိုဏ်းက မီးတောက်လှိုင်းရေကန်တစ်ဝိုက်မှာ နတ်ဆိုးဂိုဏ်းအကြွင်းအကျန်တွေကို တွေ့ခဲ့တယ်တဲ့။ ဒါကြောင့် သူတို့က ကျွမ်းကျင်သူတွေကို လွှတ်ပြီးတော့ သုတ်သင်ဖို့ စီစဉ်ထားတယ်။”
“ကိုယ့်ကိုယ်ကိုယ် လမ်းမှန်ဂိုဏ်းလို့ထင်တဲ့သူတွေက နတ်ဆိုးဂိုဏ်းသားတွေကို မြင်တယ်ဆိုတာနဲ့ သတ်ဖြတ်ဖို့ ကြိုးစားကြတော့တာပဲ။” ကျွင်းချောင်ရှောင်းသည် ခေါင်းကိုအသာခါယမ်းလိုက်မိ၏။
လီလိုရှုက ပြောလိုက်သည်။ “ရှောင်မိုပြောတာက သူ့အတွက် အထက်ကိုရောက်စေဖို့ အခွင့်အရေးကောင်း တစ်ခုပဲတဲ့။”
“ဒါဆိုရင် သူ့ကို သတိထားဖို့ ပြောလိုက်တော့။”
ကျွင်းချောင်ရှောင်းအနေနဲ့ စုရှောင်မို၏ ပြုမူဆောင်ရွက်မှုများတွင် ဝင်ရောက်ကာ ထပ်မံကူညီပေးရန် အစီအစဉ် မရှိတော့ချေ။ ထို့အပြင် အဖိုးကြီးကျွင်းတန်သည် တစ်ကြိမ်ပေါ်လာခဲ့ပြီးပြီဖြစ်သည်။ အကြိမ်ပေါင်းများစွာ ပေါ်လာ သည်ဆိုပါက သံသယဝင်သွားနိုင်၏။
“ကျွန်မဆီမှာ နောက်ထပ်သတင်းတစ်ခုရှိသေးတယ်။”
လီလိုရှုက ပြောလိုက်သည်။ “သတင်းပို့တဲ့သူတွေရဲ့ သတင်းစကားအရဆိုလျှင် အရှေ့တောင်ဘက်ပိုင်းမှာရှိတဲ့ တောင်ကြား ထဲမှာရှိတဲ့ အပင်တွေအကုန်လုံးက ညှိုးခြောက်ကုန်တယ်တဲ့။”
ဤအတောအတွင်း သူမသည် ထောက်လှမ်းရေးကွန်ယက်ကြီးကို ပိုမိုအားကောင်းအောင် ပြုလုပ်လျက်ရှိနေ၏။ သူမအနေနှင့် အရှေ့တောင်ဘက်ပိုင်းတွင်ရှိသော တည်နေရာများကိုပင် အောင်မြင်စွာနှင့် ခြေလှမ်းချနိုင်ခဲ့ပြီဖြစ်သည်။ ထို့ကြောင့် အဓိကစီရင်စုကြီး ကိုးခုလုံးသို့ ခြေလှမ်းနိုင်ရန်မှာမူ ခြေတစ်လှမ်းသာလိုအပ်တော့၏။
ဟား
ကျွင်းချောင်ရှောင်းသည် ချက်ချင်းပဲ သဘောခွေ့သွားမိ၏။
ထို့အပြင် အစီအရင်အင်ပါယာပြောခဲ့သော ဝိညာဉ်မျိုးနွယ်များနှင့်ပတ်သက်သည့်အရာပင် ဖြစ်နေသည်မဟုတ်လား။ သူ့အနေနှင့် ကြယ်ကြွေကုန်းမြေတိုက်ကြီးတစ်ခုလုံးကို ဘေးအန္တရာယ်များ ကျရောက်စေနိုင်စွမ်းရှိသည့် ဤမျိုးနွယ်စု များနှင့်ပတ်သက်၍ မမေ့လျော့ပေ။ ထို့ကြောင့် ဖြစ်နိုင်သမျှ အမြန်ဆုံး စုံစမ်းစစ်ဆေးခိုင်းခဲ့ခြင်းသာ ဖြစ်သည်။
ရှေ့တုန်းကလို ဆိုးရွားသည့်အခြေအနေမျိုး ထပ်မံဖြစ်ပေါ်လာမည်ကို သူသည် လက်ပိုက်ကြည့်မနေနိုင်ပေ။ တိကျသည့်တည်နေရာကို သိရှိပြီးသည့်နောက်မှာတော့ ကျွင်းချောင်ရှောင်းသည် အရှေ့တောင်ဘက်ပိုင်းဆီသို့ ကိုယ်တိုင်ကိုယ်ကျ သွားရောက်ခဲ့၏။
၂ နာရီကြာပြီးသည့်နောက်မှာတော့ သူသည် သစ်ပင်ပန်းမာန်များ ညှိုးခြောက်လျက်ရှိနေသော တောင်ကြားကြီးသို့ ရောက်ရှိခဲ့၏။ စိတ်ဝိညာဉ်သားရဲများ၏ ညှိုးခြောက်လျက်ရှိနေသော အလောင်းများနှင့်အတူ သိုင်းကျင့်ကြံသူ တစ်ဒါဇင် တို့၏ အရိုးခြောက်များကိုလည်း မြင်လိုက်ရသည်။
ထိုသူတို့၏ ခန္ဓာကိုယ်ပေါ်တွင် လက်ဝါးရိုက်ချက်များနှင့် လက်သည်းရာများ တည်ရှိနေ၏။ ထို့ကြောင့် မသေဆုံးခင်၌ ပြင်းပြင်းထန်ထန်နှင့် ရုန်းကန်ခဲ့ရပုံလည်း ပေါ်၏။
“သူက နောက်ဆုံးတော့ ဘယ်လိုမှမနေနိုင်တော့ဘဲ လူသားတွေအပေါ်တောင်မှ တိုက်ခိုက်နေပြီလား။”
ကျွင်းချောင်ရှောင်း၏ အကြည့်များသည် အေးစက်သွားခဲ့၏။ မိမိကိုယ်ကိုယ် အားအင်တိုးတက်စေရန်အတွက် အခြားသူများ၏ စွမ်းအင်များကို စုပ်ယူတတ်သည့် ထိုလူကိုသာ သူရှာဖွေတွေ့ရှိသည်ဆိုပါက ကျိန်းသေပေါက် ကြိမ်လုံးနှင့်ရိုက်ရန် စဉ်းစားထားမိသည်။
…
မှောင်မဲလှသော တောအုပ်ကြီးထဲမှာတော့ သိုင်းကျင့်ကြံသူ တစ်ဒါဇင်ကျော်တို့သည် အရှေ့ဆီသို့ လှမ်းတက်လိုက်ကြ၏။ အမဲရောင်ဝတ်စုံကို ဝတ်ဆင်ထားသောသူတစ်ယောက်သည် ခေါင်းငိုက်စိုက်ချကာ လျှောက်လျက်ရှိနေ၏။
“ကောင်လေး။”
ရှေ့ဆုံးမှာလမ်းလျှောက်လျက်ရှိနေသော သက်လတ်ပိုင်းလူသည် ပြုံးကာပြောလိုက်၏။ “အခွင့်အရေးတည်နေရာ ဆီကို ရောက်ပြီဆိုတာနဲ့ ငါတို့က မင်းကို ကျိန်းသေပေါက် မျှဝေပေးမယ်နော်။”
“ကျေးဇူးအများကြီးတင်ပါတယ်။”
အမဲရောင်ဝတ်စုံနှင့်လူသည် ခေါင်းကိုမော့ကာဖြင့် ပြုံးလိုက်မိ၏။ ထိုအသွင်အပြင်နှင့် လေသံကို ကြည့်လိုက်သည် ဆိုသည်နှင့် ပေါ်မလာသည်မှာ အချိန်အတော်ကြာမြင့်နေပြီဖြစ်သော တိုင်လုပင်ဖြစ်ကြောင်းကို အားလုံးက ခန့်မှန်းမိ ပေလိမ့်မည်။
ဤဗီလိန်လေးသည် ဇာတ်လမ်း၏ အပိုင်း ၁ မှာကတည်းက ပါဝင်ခဲ့သည့်ဗီလိန်လည်း ဖြစ်၏။ တစ်ချို့သော စာဖတ်သူများသည် အခုအချိန်ထိမသေသေးသော သူ့အား ချီးကျူးလျက်ရှိနေကြသလို တစ်ချို့မှာတော့ မြန်မြန် ဆန်ဆန်နှင့်သေဆုံးသွားစေချင်စိတ်ရှိနေကြ၏။
“ခေါင်းဆောင်”
သိုင်းကျင့်ကြံသူတစ်ယောက်က ပြောလိုက်၏။ “ရှာတွေ့ပြီ”
ပြောနေတုန်းမှာပဲ အားလုံးသည် ရပ်တန့်လိုက်ကြ၏။ ၎င်းတို့၏ရှေ့တွင် သဘာဝလှိုဏ်ဂူတစ်ခု တည်ရှိလို့နေ၏။ လေအေးလှိုင်းများသည် အတွင်းဘက်မှ အပြင်ဘက်သို့ ထွက်လျက်ရှိပြီး အလွန်အားကောင်းလှသော စိတ်ဝိညာဉ် သားရဲတစ်ကောင်သည် အတွင်း၌ ရှိကြောင်း သိသာလှ၏။
“ကောင်လေး”
သက်လတ်ပိုင်းလူက ပြောလိုက်၏။ “ဒီလှိုဏ်ဂူထဲမှာ နှစ် ၁၀၀၀ ကောင်းကင်နယ်မြေကြီးရဲ့ ရတနာရှိနေတယ်။ မင်းသွားပြီးတော့ အထဲက စိတ်ဝိညာဉ်သားရဲအပြင်ထွက်အောင်လုပ်လိုက်။ ငါတို့အခွင့်အရေးကို အရယူပြီး ရတနာကို ဝင်ယူလိုက်မယ်။ ပြီးရင် ညီတူညီမျှ ခွဲဝေပြီး ယူကြတာပေါ့”
တိုင်လုသည် အသာမျက်မှောင်ကုတ်လိုက်မိ၏။
တစ်ဖက်လူများသည် သူနှင့်အသင်းအဖွဲ့ ဖွဲ့ရန် ဖိတ်ခေါ်ခဲ့သည်မှာ အံ့အားသင့်စရာမဟုတ်တော့ချေ။ အဘယ့်ကြောင့် ဆိုသော် သူ့ကို ငါးစာအဖြစ် အသုံးပြုရန် ရည်မှန်းထားခဲ့ခြင်းပင်ဖြစ်တော့သည်။
အတိတ်တုန်းကသာဆိုလျှင် သူသည် ရူးရူးမိုက်မိုက်နှင့် စိတ်ဝိညာဉ်သားရဲကို သွား၍ ဆွဲခေါ်နေမိမှာ သေချာ၏။ သို့ပေမဲ့ လက်ရှိအချိန်မှာတော့ အဘယ့်ကြောင့် ဤဉာဏ်မဲ့လှသော လုပ်ရပ်မျိုးကို ပြုလုပ်ရမည်နည်း။
တိုင်လုက ပြောလိုက်၏။ “ခင်ဗျားတို့သာ စိတ်ဝိညာဉ်သားရဲကို ဆွဲဆောင်လိုက်။ ကျုပ်အထဲကိုဝင်ပြီးတော့ ရတနာကို ယူလိုက်မယ်။”
သက်လတ်ပိုင်းလူသည် လေးလေးနက်နက်နှင့် ပြောလိုက်၏။
“အဖွဲ့ မဖွင့်ခင်ကတည်းက သဘောတူထားခဲ့တာမဟုတ်လား။ မင်း ကျုပ်ရဲ့စကားကို နားထောင်ရမယ်ဆိုတာ။”
“အင်း သဘောတူထားခဲ့တယ်။”
တိုင်လုက အေးစက်စက်နှင့် ပြောလိုက်၏။ “ဒါပေမဲ့ အထဲကို သွားလို့ သေဆုံးသွားရမယ်ဆိုရင်တော့ ငြင်းပယ်ခွင့်ရှိတယ်မဟုတ်လား။”
“ကောင်လေး”
ပတ်ဝန်းကျင်တွင် ရှိနေကြသော သိုင်းကျင့်ကြံသူများအားလုံးသည် သူ့အား ဝိုင်းရံလိုက်၏။ ပြီးသည့်နောက်မှာတော့ အေးစက်စက် ပြောလိုက်၏။
“ခေါင်းဆောင်ကသွားဆိုရင် မင်း သွားကို သွားရမယ်။ မဟုတ်ရင် ဒီတောထဲကနေပြီးတော့ အသက်ရှင်ရက် ထွက်ခွာသွားဖို့ စဉ်းတောင် မစဉ်းစားနဲ့။”
ဤအရာသည် ချိန်းခြောက်မှုဖြစ်သည်။ တိုင်လု၏ မျက်လုံးထဲတွင် အစိမ်းရောင်များဖြတ်ပြေးသွားခဲ့၏။
“ကောင်လေး”
ဟွိုင်သည် မပျော်ရွှင်စွာဖြင့် ပြောလိုက်မိသည်။ “မင်းနေရာမှာ ငါသာဆိုရင် ဒီမိစ္ဆာကျင့်ကြံသူအားလုံး စွမ်းအင်တွေကို စုပ်ယူပစ်လိုက်တယ်။ ဘာလို့ သူတို့နဲ့အတူတူ လိမ်မာယဉ်ကျေးချင်ယောင်ဆောင်နေရမှာလဲ။”
“အင်း”
တိုင်လုသည် သက်ပြင်းချကာ ပြောလိုက်၏။
“ကျုပ်က ကောင်းကင်နယ်မြေ ရတနာကိုဘဲ လိုချင်တာလေ။ သူတို့ရဲ့ စွမ်းအင်တွေကို မလိုချင်ဘူး။”
ဟွိုင် က ပြာလိုက်၏။
“ဒီလောက်ရိုးရှင်းလှတဲ့ လောကကြီးထဲမှာ မင်းကောင်းမွန်တဲ့အရာတွေကိုလုပ်ပြီး ဘာထူးမှာလဲ။ ရိုးရိုးရှင်းရှင်းနဲ့ သူတို့ရဲ့စွမ်းအင်တွေကို စုပ်ယူလိုက်စမ်းပါ။”
“ကောင်းပြီ။ ကောင်းပြီ။ ကျုပ်သွားမယ်။” တိုင်လုက ပြောလိုက်၏။
မိစ္ဆာကျင့်ကြံသူများ၏ မျက်နှာပေါ်တွင် အပြုံးများဖြစ်တည်လာသည်။
ဝါး
…
၎င်းသည် ဥပမာများကို ပြောဆို၍ နေ့စဉ်နေ့တိုင်းသင်ပြပေးလျက်ရှိ၏။ သို့ပေမဲ့ တစ်ဖက်လူသည် အဘယ့်ကြောင့် ဉာဏ်အလင်းမပေါက်ရသနည်းဆိုသည်ကို သူနားမလည်နိုင်ပေ။
“မြန်မြန်”
သိုင်းကျင့်ကြံသူတစ်ယောက်သည် တီးတိုးဆော်ဩလိုက်၏။ တိုင်လုသည် မည်သည့်စကားမှမဆိုချေ။ ရှေ့ဘက်ဆီသို့ လှမ်းလျှောက်သွား၏။
သူ့အနေနှင့် ကောင်းကင်နယ်မြေကြီးရတနာ တည်ရှိသည့်နေရာကို သိရှိပြီဆိုကတည်းက အထဲဝင်ပြီး စိတ်ဝိညာဉ် သားရဲ၏ စွမ်းအင်များကို စုပ်ယူနိုင်ရန်သာ ရှိတော့၏။ ပြီးလျှင် ရတနာကို ယူ၍ တစ်ခါတည်း ထွက်ခွာသွားရန် စဉ်းစားထားမိသည်။
“တတိယ ခေါင်းဆောင်”
သက်လတ်ပိုင်းလူသည် တီးတိုးပြောလိုက်၏။ “ဒီကောင် လှိုဏ်ဂူရဲ့ အဝင်ဝကို ရောက်ပြီဆိုတာနဲ့ အထဲက စိတ်ဝိညာဉ်သားရဲ အလန့်တကြားဖြစ်သွားအောင် တစ်ခုခုလုပ်ဖို့ စဉ်းစားရမယ်။”
“ကောင်းပါပြီ။ ခေါင်းဆောင်။”
သူ၏ ဘေးနားတွင်ရှိသော သိုင်းကျင့်ကြံသူတစ်ယောက်သည် ကျော၌ လွယ်ထားသော လေးကို ထုတ်ယူလိုက်၏။ ပြီး သည့်နောက်မှာတော့ အထူးဖန်တီးထားသော မြားတစ်စင်းကို ထုတ်ယူကာ လေးညှို့တွင် တင်လိုက်တော့၏။
ဆွစ်
တိုင်လုတစ်ယောက် လှိုဏ်ဂူအစပ်ဆီသို့ ရောက်သည့်အချိန်မှာတော့ မြားသည် ရုတ်တရက်ဆိုသလိုဘဲ လေကို ခွင်းကာဖြင့် ကျောက်နံရံကြီးတစ်ခုကို သွား၍ထိမှန်တော့သည်။
အလွန်ကျယ်လောင်လှသော အသံကြီးတစ်ခုထွက်ပေါ်လာခဲ့၏။
ဝေါင်း
အထဲတွင်အနားယူလျက်ရှိသော စိတ်ဝိညာဉ်သားရဲသည် ဆူညံသည့်အသံကို ကြားရသည့်နောက်မှာတော့ ၎င်း၏ ကြီးမားလှသည့်ခန္ဓာကိုယ်ကြီးနှင့်အတူ လှိုဏ်ဂူ၏ အပြင်ဘက်ဆီသို့ ရောက်ရှိလာခဲ့တော့သည်။
ကြီးမားလှသော မျက်လုံးကြီးများသည် အမဲရောင်ဝတ်စုံနှင့် ဝတ်ဆင်ထားသော လူသားဆီသို့ စူးစိုက်ကာ ကြည့်ရှုနေ၏။
“ချီးတဲ့မှ”
တိုင်လုသည် စိတ်ထဲမှကြိတ်ကာ ကျိန်ဆဲလိုက်မိသည်။
သိုင်းကျင့်ကြံသူတစ်ဒါဇင်တို့သည် အမှောင်ထဲတွင် ပုန်းအောင်းလျက်ရှိပြီး ပေါ်ပေါက်လာခဲ့သော စိတ်ဝိညာဉ်သားရဲ မှာတော့ သူ့အား ပစ်မှတ်ထားနေ၏။
အကျင့်ယုတ်လှသော မိစ္ဆာကျင့်ကြံသူများအားလုံး၏ နှုတ်ခမ်းထောင့်များ သည် အပြုံးတစ်ခုဖြစ်တည်လာခဲ့တော့သည်။
ဝေါင်း
သိုင်းအုပ်စိုးသူနီးပါး အားကောင်းလှသော စိတ်ဝိညာဉ်သားရဲသည် ဒေါသတကြီးဖြင့် ရှေ့သို့ လှမ်းခုန်လိုက်၏။
တိုင်လု၏ မျက်လုံးများသည် အေးစက်သွားခဲ့၏။ သူသည် ခန္ဓာကိုယ်ထဲတွင်ရှိသော ဝါးမြိုခြင်းစွမ်းအင်များကို ထုတ်ဖော်အသုံးပြုရန် ပြင်လိုက်သည့်အချိန်မှာပဲ လေထုထဲတွင် ကြီးမားလှသည့် လက်သီးချက်ကြီးတစ်ခုဖြစ်တည်ပြီး အောက်သို့ကျဆင်းလာကြောင်းကို မြင်လိုက်ရ၏။
ပြီးသည့်နောက်မှာတော့ ဘန်း ဟူသော အသံနှင့်အတူ သားရဲ၏ ဦးခေါင်းကို တည့်တည့်ထိမှန်လေသည်။
ဘုန်း
စွမ်းအားမြင့်စိတ်ဝိညာဉ်စွမ်းအင်များ ပျံ့နှံ့သွားပြီးသည့်နောက် ဖုန်များတလိပ်လိပ်နှင့်တက်လာ၏။
အမှောင်ထဲတွင် ပုန်းအောင်းလျက်ရှိသော သိုင်းကျင့်ကြံသူတစ်ဒါဇင်ကျော်တို့အားလုံးသည် ကြောင်အသွားခဲ့ကြ၏။ အဘယ့်ကြောင့်ဆိုသော် ကောင်းကင်ယံထက်တွင် အဖြူရောင်ဝတ်စုံကို ဝတ်ဆင်ထားသော လူငယ်တစ်ယောက်သည် ရောက်ရှိနေသောကြောင့်ဖြစ်သည်။
ထိုသူသည် သူတို့ရင်းရင်းနှီးနှီးမြင်ဖူးနေသူလည်း ဖြစ်၏။
“အစ်ကိုကြီး”
လေးကိုလွယ်ထားသော သိုင်းကျင့်ကြံသူသည် ထိတ်လန့်တုန်လှုပ်စွာဖြင့် ပြောလိုက်၏။ “ဒါက ပြိုင်စံရှားဂိုဏ်းရဲ့ ဂိုဏ်းချုပ်ပဲ။”
ကျွင်းချောင်ရှောင်းသည် လေထုထဲမှ ရှေ့သို့ ပျံသန်းလိုက်ပြီးသည့်နောက်မှာတော့ မြေပေါ်တွင် ကျလျက်ရှိသော စိတ်ဝိညာဉ်သလင်းအမြုတေကို ကောက်ယူလိုက်သည်။
ပြီးနောက် တွေတွေဝေဝေနှင့်ဖြစ်လျက်ရှိသော တိုင်လုကို ကြည့်ကာ ပြုံး၍ ပြောလိုက်တော့သည်။ “ငါတို့က ရေစက်တော်တော်ပါတာပဲ။”
…
တိုင်လု၏ နှုတ်ခမ်းထောင့်များသည် တုန်ယင်သွား၏။ ဤရောင်းရင်း၏ ကြောက်မက်ဖွယ်ရာကောင်းလှသော အားအင် သည် သူ့အား ထိတ်လန့်တုန်လှုပ်စေခဲ့တော့၏။
ကျွင်းချောင်ရှောင်းသည် လှိုဏ်ဂူထဲသို့ လျှောက်ဝင်ပြီးသည့်နောက်မှာတော့ အထဲတွင်ရှိသော ရတနာများကို သိုလှောင်လက်စွပ်ထဲသို့ ထည့်သွင်းလိုက်သည်။
ပြီးသည့်နောက်မှာတော့ အပြင်ဘက်သို့ ထွက်လျှောက်လိုက်၏။ အဝေးတစ်နေရာတွင် ပုန်းအောင်းနေသော သိုင်းကျင့်ကြံသူများရှိရာသို့ လှမ်းကြည့်ပြီးသည့်နောက် သတိပေးလိုက်၏။ “ဒီလူတွေက မလွယ်ဘူး။ မင်း အနာဂတ်မှာ သူတို့အနားကို မကပ်တာပိုကောင်းလိမ့်မယ်။”
ဆွစ်
ပြောပြီးပြီးချင်းမှာပဲ လေပေါ်သို့ တက်ကာပျံသန်းသွားခဲ့တော့၏။ သူသည် တိတ်တိတ်ဆိတ်ဆိတ်ပဲ ရောက်ရှိလာပြီး တိတ်တိတ်ဆိတ်ဆိတ်ပဲ ပြန်လည်ထွက်ခွာသွားခဲ့၏။
လက်ကို တစ်ချက်ယမ်းခါပြီးသည့်နောက် အထဲတွင်ရှိသော ရတနာများအားလုံးကိုလည်း ယူဆောင်သွားခဲ့သေး သည်။
တိုင်လုသည် အချိန်အတော်ကြာ ဒီနေရာတွင်ပင် မတ်မတ်ရပ်နေ၏။ သတိပြန်ဝင်လာသည့်အချိန်မှာတော့ သူသည် လက်သီးကိုဆုပ်ကာဖြင့် စိတ်နှလုံးထဲတွင် အားရပါးရ အော်ဟစ်လျက်ရှိသည်။ “ဘာလို့ ဒီကောင် ငါ့ကို ထပ်ပြီးကယ်ရပြန်တာလဲ။”