← Chapters

အခန်း (၉၂၅)

Vol. 62 Ch. 925

အခန်း (၉၂၅)

Vol. 62 Ch. 925

“ကျုပ်နာမည်က တိုင်လု၊ ကျုပ်က လက်ရှိမှာ ကျုပ်နဲ့ ရန်ငြိုးရှိနေတဲ့ ဂိုဏ်းတစ်ခုထဲကို ရောက်နေတယ်၊ တပည့်တွေ အကုန်လုံးက ကျုပ်ကို မျောက်တစ်ကောင်ကို ကြည့်သလို ဝိုင်းပြီးတော့ ကြည့်နေတယ်၊ လက်ရှိ အချိန်မှာ အရမ်းကို စိုးရွံ့နေမိတယ်၊ ဘာလုပ်သင့်လဲ”

လီဖေးသည် ဘောလုံးပေါ် ခြေတင်ကာဖြင့် ပြုံးလိုက်မိသည်။ “ဂိုဏ်းချုပ်... ဒါက အသစ်ရောက်လာတဲ့ ဂျူနီယာ ညီလေးလား”

ဂိုဏ်းချုပ်ကိုယ်တိုင် ကိုယ်တိုင်ကိုယ်ကျ ခေါ်လာသည်ဆိုမှတော့ တစ်ဖက်လူသည် စွမ်းရည်တစ်မျိုးမျိုးကို ပိုင်ဆိုင်သူဖြစ်လိမ့်မည်။ ထို့အပြင် ရိုက်နှက်ခံရခြင်းတွင်လည်း သန္ဓေပါရမီပါလာပုံပေါ်သည်။ တစ်ကိုယ်လုံးလည်း ဒဏ်ရာ၊ ဒဏ်ချက်များနှင့် ဖြစ်လို့နေသည်။

“သူ့ကို ကြည့်ရတာ နည်းနည်းရင်းနှီးနေသလိုပဲ၊ တစ်နေရာရာမှာ မြင်ဖူးသလိုထင်တယ်”

“ငါလည်း အဲလိုပဲ ထင်တယ်” လုံကျိရန်၊ လီယုဟွာနှင့် တခြားသောသူများ အားလုံးသည် ဆွေးနွေးလျက် ရှိနေကြ၏။

တိုင်လု၏ ဒဏ်ရာများသည် အလွန်တရာ ပြင်းထန်နေသည်ဆိုသော်လည်း သူ့အနေနှင့် စဉ်းစားနိုင်ရန် ဦးနှောက်တော့ ရှိနေသေးသည်။ တစ်ဖက်လူများ၏ ပြောဆိုမှုကို ကြားရသည့်နောက်မှာတော့ သူသည် သွေးအန်လု မတတ်ပင် ခံစားနေမိတော့ သည်။ အတိတ်တုန်းက သူသည် နတ်စမ်းချောင်းဂိုဏ်း၏ တပည့်လည်း ဖြစ်ခဲ့ဖူး၏။ ရီရှင်းချန်နှင့်လည်း တစ်ကြိမ် တိုက်ခိုက်ခဲ့ဖူးသည်။ အဘယ်ကြောင့် တခြားလူများသည် သူ့အား မမှတ်မိရသနည်း။

“ဂိုဏ်းချုပ်... သူက ဗုဒ္ဓကျင့်ကြံသူလား” လျှိုဝမ်ရှစ်က မေးလိုက်သည်။ ကောင်မလေးသည် တိုင်လု၏ ကတုံးပြောင်ကို ကြည့်ကာ မေးမြန်းခဲ့ခြင်းပင် ဖြစ်တော့သည်။

အစစ်အမှန်မှာတော့ တိုင်လု၏ အစိမ်းရောင်ဆံပင် များအားလုံးသည် ဖုန်စုပ်စက်၏ စုပ်ယူခြင်းကို ခံခဲ့ရပြီးပြီ ဖြစ်တော့၏။ လက်ရှိမှာတော့ အစိမ်းရောင်မာဖလာနှင့် အစ်ကိုကြီးသည် ကတုံးအစ်ကိုကြီးအဖြစ်သို့ ပြောင်းလဲ သွားခဲ့ပြီ ဖြစ်တော့သည်။ သူသည်သာ ပြိုင်စံရှားဂိုဏ်းထဲသို့ ဝင်ရောက်၍ တပည့်အဖြစ် ဖြစ်လာခဲ့မည်ဆိုပါက များပြားလှသော သိုင်းပညာအရင်းအမြစ်များကြောင့် ပိုမို၍ အားကောင်းလာမှာ ကျိန်းသေတော့သည်။ ကတုံး ဖြစ်နေသည်ဆိုလျှင်တောင်မှ ပိုမို၍ အားကောင်းလာမှာ သေချာ၏။

လီချင်းယန်က ပြောလိုက်သည်။ “ဂိုဏ်းချုပ်... သူ့ရဲ့ဒဏ်ရာတွေက အရမ်းပြင်းထန်တယ်လေ၊ အရင် ကုပေးလိုက် ရမလား”

“မလိုဘူး”

ကျွင်းချောင်ရှောင်းသည် ခဏလောက် စဉ်းစားပြီးနောက် ပြောလိုက်သည်။ “သူ့ကို ထောင်ထဲကို ပို့လိုက်”

သူ့အနေနှင့် တိုင်လုအား အတင်းအဓမ္မ ခေါ်ဆောင်လာခဲ့ခြင်းပင်ဖြစ်သည်။ တစ်ဖက်လူသည် ပြိုင်စံရှားဂိုဏ်းထဲသို့ ဝင်ရောက်ရန် စိတ်မပါဘူးဆိုပါက သူသည် ကျိန်းသေပေါက် အတင်းတွန်းအားပေးနေမည် မဟုတ်ချေ။ ကုန်းရှန့် သည် ဤအရာနှင့်ပတ်သက်၍ အလွန်ပင် စည်းစနစ် ကျလှသူတစ်ယောက်ဖြစ်သည်။

......

“ဘေဘီ ရှပ် ဒူး ဒူး၊ ရှပ် ဒူး ဒူး”

ထောင်ထဲမှာတော့ ကျိုးဒူဒူသည် အသာလဲလျောင်းပြီးသည့်နောက် သီချင်းတစ်ပုဒ်ကို သီဆိုလျက်ရှိနေတော့၏။ ပြိုင်စံရှားဂိုဏ်း၏ တစ်ဦးတည်းသော နှစ်ရှည် အကျဉ်းသား တစ်ယောက် ဖြစ်သည်နှင့်အညီ အပြင်ဘက်သို့ ရှားရှားပါးပါး ထွက်ခွင့်သာရခဲ့၏။ သို့သော်ငြား နေ့စဉ်နေ့တိုင်း လေ့ကျင့်ရေးကွင်းပြင်တွင် ဖွင့်လှစ်သော မနက်ခင်းတီးလုံးသံနှင့် သီချင်းအား သူအလွတ်ရနေခဲ့ပြီဖြစ်တော့၏။ တစ်ခါတစ်ရံ ပျင်းရိသည့်အခါမျိုးတွင် ထိုကဲ့သို့သော သီချင်းများကို ပြန်လည်သီဆိုတတ်သည့် အလေ့အကျင့် သူ့တွင် ရှိနေတော့၏။

ကျွီ

ရုတ်တရက် အကျဉ်းထောင်တံခါးသည် ပွင့်လာတော့၏။ ကျိုးဒူဒူသည် ရုတ်တရက် ပါးစပ်ကို ပိတ်ပြီးသည့်နောက် ထောင့်တစ်ခုဆီသို့ အသာသွားနေလိုက်တော့သည်။ လက်ရှိအချိန်သည် ထမင်းစားသောက်ရန် အချိန်မဟုတ်ပေ။ တံခါးပွင့်လာသည်ဆိုမှာတော့ ဖြစ်နိုင်ဖွယ်ရာဟူ၍ တစ်ခုတည်းသာ ဖြစ်ပေတော့မည်။ အခန်းဖော်အသစ် ရောက်ရှိ လာခြင်းသာဖြစ်မည်။

ထင်မှတ်ထားသည့်အတိုင်းပင် ရှောင်ကျီသည် တိုင်လုအား အသာထမ်းချီလာပြီးသည့်နောက်မှာတော့ သစ်သား အိပ်ယာပေါ်သို့ အသာပစ်တင်လိုက်၏။ ပြီးနောက် လှည့်ကာ ထွက်သွားတော့သည်။ ကျိုးဒူဒူသည် ချက်ချင်း ထိုသူဆီသို့ မသွားပေ။ ထိုအစား အကျဉ်းထောင်၏ ထောင့်တစ်နေရာတွင် အသာလေးနေလိုက်သည်။

“ပြိုင်စံရှားဂိုဏ်းက ဖမ်းလာတဲ့လူက ကျိန်းသေပေါက် ဆရာကြီးပဲ ဖြစ်ရမယ်” ကျိုးဒူဒူ၏ ကျင့်ကြံခြင်းအဆင့်သည် သာမန်သာဖြစ်သည် ဆိုသော်လည်း သူ၏ အခန်းဖော်များမှာတော့ ကြောက်မက်ဖွယ်ကောင်းလှသည့် နတ်ဆိုး ဘုရင်များ၊ သိုင်းနယ်မြေတစ်ပိုင်း ကျင့်ကြံသူများပင် ဖြစ်တော့၏။ အဆိုးဆုံးမှာ ပန်းလေးတပွင့်ကဲ့သို့ အလွန်တရာ လှပလှသော အဆိပ်ကိုးပါး နန်းတော်၏ သခင်မပင် ဖြစ်၏။

သူ့အနေနှင့် ထောင်မှ လွတ်ပြီးသည့်နောက် လက်ကျန်ဘဝတစ်ခုလုံး ကျိုးဒူဒူနှင့် သူနှင့်အခန်းဖော်များ စာအုပ်ကို ရေးသား၍ တစ်သက်လုံး စားမကုန်၊ သောက်မကုန်ပင် နေထိုင်နိုင်စွမ်း ရှိနေ၏။ မိနစ်အနည်းငယ် ကျော်ဖြတ် ပြီးသည့်နောက် တစ်ဖက်လူမှာ လဲလျောင်းလျက်ရှိနေပြီး အသက်ကို မနည်းရှူနေရသည်ဖြစ်ကြောင်းကို သိရှိ လိုက်ရသည်။ ကြည့်ရသည်မှာ ပြင်းပြင်းထန်ထန် ဒဏ်ရာရရှိထားပုံပေါ်သည်။ ထို့ကြောင့် သူသည် အနားကို သွားပြီးသည့်နောက်မှာတော့ စစ်ဆေးလိုက်တော့သည်။

“ရောင်းရင်း... ဘယ်လိုလုပ်ပြီး ဒီအထဲရောက်လာတာလဲ”

..........

တိုင်လုသည် တိတ်ဆိတ်ငြိမ်သက်လျက်ရှိနေ၏။ သူ၏ ဒဏ်ရာများသည် အလွန်များပြားလွန်းနေ၏။ မရီဒန်များ အားလုံးသည်လည်း ပျက်စီးနေပြီဖြစ်သည်။ ထိုအရာမှာ အရေးမကြီးသေးပေ။ ပို၍ အရေးကြီးသည့်အရာမှာ သူ့အနေနှင့် ဝါးမြိုခြင်းစွမ်းရည်ကို အသက်မသွင်းနိုင်ခြင်းပင် ဖြစ်တော့၏။ သူ့ကိုယ်သူ ဟွိုင် ဟုခေါ်သော အဘိုးကြီး သည် ပျောက်ကွယ်သွားပြီဖြစ်၏။

“သွားပြီ၊ အရာအားလုံး သွားပြီပဲ”

အိပ်ယာထဲတွင် ရှိနေသော တိုင်လုသည် မည်သို့မှ မခံစားနိုင်တော့ဘဲ ပါးပြင် ပေါ်သို့ မျက်ရည်များ ကျလာတော့သည်။ ဤနှစ်ပိုင်းအတွင်း သူ၏ လှုပ်ရှားမှု၊ ကြိုးစားမှုများသည် အမုန်းတရား များအပေါ်တွင် အခြေခံခဲ့ခြင်းသာဖြစ်တော့သည်။ ထို့အပြင် သူ့အား ပိုမို အားကောင်းအောင် ပြုလုပ်နိုင်ခဲ့သည့် အဓိက အကြောင်းရင်း အခြေခံသည် ဝါးမြိုခြင်း စွမ်းရည်သာ ဖြစ်၏။ ထိုအရာကို ဆုံးရှုံးသွားပြီဆိုပါက သူ့အနေနှင့် ဘာမှဖြစ်လာတော့မည် မဟုတ်ချေ။

“ကောင်းကင်ကြီး”

တိုင်လုသည် စိတ်ထဲမှ အော်ဟစ်လိုက်တော့၏။ “ဘာလို့ ကျုပ်ကို ဒီလိုမျိုး ပြုလုပ်ရတာလဲ”

“မင်း ဘာလို့ ငိုနေရတာလဲ”

ကျိုးဒူဒူသည် ခေါင်းကိုယမ်းခါရင်း နှစ်သိမ့်ပေးလိုက်သည်။ “ရောင်းရင်း... လူ့ဘဝမှာ အနိမ့်တွေ၊ အမြင့်တွေ၊ အတက်တွေ၊ အကျတွေ ရှိတယ်ဆိုတာ သာမန်ပဲလေ၊ မင်းအနေနဲ့ အကျဉ်းသား တစ်ယောက် ဖြစ်လာပြီဆိုမှာတော့ လုပ်ရမယ့်အရာတစ်ခုပဲ ရှိတယ်၊ အကျဉ်းသားအဖြစ် ခံယူလိုက်ဖို့၊ ကျုပ်ကိုကြည့် ဒီမှာ ချုပ်နှောင်ခံထားရတာ နှစ်အနည်းငယ် ရှိနေပြီ၊ ဒါပေမဲ့ မပျော်ရွှင်ဘူးဆိုတာ မရှိတော့ဘူး၊ လာ.... ငါနဲ့အတူတူ သီချင်းဆိုရအောင်”

“ဘေဘီ ရှပ် ဒူး ဒူး ဒူး...”

တိုင်လုက တွေးလိုက်မိသည်။ “ဒီလူ ရူးနေတာလား”

.............

ပြိုင်စံရှားဂိုဏ်း၏ နှစ်ရှည်အကျဉ်းသားကြီး ကျိုးဒူဒူသည် နောက်ဆုံးမှာတော့ အကျဉ်းသားအသစ်အား လှိုက်လှိုက်လှဲလှဲဖြင့် လက်ခံလိုက်ပြီ ဖြစ်သည်။ သို့ပေမဲ့ တစ်ဖက်လူသည် အနည်းငယ် ပြောရဆိုရ ခက်လှပြီး အမြဲတမ်း စိတ်ညစ်ညူးနေပုံလည်းပေါ်သည်။ ထို့ကြောင့် သူသည် ဘေးတစ်ဖက်မှနေ၍ အားပေးနေခြင်းသာ ဖြစ်၏။

“ကျုပ် အရင်ဆုံး ချုပ်နှောင်ခံရတုန်းကဆိုရင် သေချင်လောက်တဲ့အထိ တွေးမိတယ်၊ ဒါပေမဲ့ သေသေချာချာ စဉ်းစားကြည့်လိုက်တော့ အသက်သာ ရှင်နေရမယ်ဆိုရင် ဂုဏ်သိက္ခာတရား မရှိလည်း ဘာဖြစ်လဲ၊ လူတစ်ယောက်ရဲ့ ဘဝက ရွက်လွှင့်သလိုမျိုး ငြိမ့်ညောင်းတဲ့ အခြေအနေမျိုးကို ရှိမနေနိုင်ဘူးလေ၊ ကြီးမားတဲ့ မုန်တိုင်းတွေကို မတွေ့ကြုံဘူးရင် ဘယ်လိုလုပ်ပြီး အစစ်အမှန် ယောကျ်ားတစ်ယောက် ဖြစ်လာမှာလဲ”

...............

ကျိုးဒူဒူ၏ အားရပါးရ နှစ်သိမ့်ပေးမှုအောက်မှာတော့ တိုင်လု၏ ခန္ဓာကိုယ်ပေါ်ရှိ ဒဏ်ရာများသည် နေ့စဉ်နေ့တိုင်း ပိုမို၍ ကောင်းမွန်လာတော့သည်။ သို့ပေမဲ့ သူ၏နားတွင် အုတ်ခဲတစ်လုံးသာ ရှိမည်ဆိုပါက ကျိန်းသေပေါက် ကျိုးဒူဒူအား ထ၍ ရိုက်နှက်တော့မှာ သေချာ၏။ ဤလူသည် အလွန်တရာ စကားများလွန်းလှသည်။

................

စာကြည့်ခန်းထဲမှာတော့ ကျွင်းချောင်ရှောင်းသည် ကောင်းကင်မူလဝိညာဉ်ဖိနှိပ်ခြင်းစေတီနှင့် ပေါင်းစပ်လိုက်၏။

“သခင်”

သေးငယ်လှသည့် လည်သာကြာပွတ်ကို ကိုင်ဆောင်ထားသော အားရာသည် မိုးကြိုးအပြစ်ပေးမှု စွမ်းအင် များအား အားရပါးရ ရိုက်နှက်လျက်ရှိနေ၏။ သူမသည် အသာရပ်တန့်ကာ ပြောလိုက်၏။ “ဘာလို့ ရောက်လာ တာလဲ”

“အကျဉ်းသားတစ်ယောက် လာပို့တာလေ” ကျွင်းချောင်ရှောင်းက ပြောလိုက်သည်။ ပြီးသည့်နောက်မှာတော့ ဖုန်စုပ်စက်ထဲတွင်ရှိနေသော စွမ်းအင်များကို ထုတ်ဖော်လိုက်တော့သည်။

“အကျဉ်းသား ဟုတ်လား” အားရာ၏ မျက်လုံးများသည် လင်းလက်သွား၏။

ဝှစ်

ဖုန်စုပ်စက်ထဲတွင်ရှိနေသော စွမ်းအင်များ အပြင်သို့ ရောက်ရှိပြီးသည့်နောက်မှာတော့ ထိုအစိမ်းရောင်ဓာတ် သဘာဝများအားလုံးသည် အပြင်ဘက်သို့ ထွက်ပြေးရန် ကြိုးစားတော့သည်။ သို့ပေမဲ့ တည်နေရာအစည်းအတား တစ်ခုနှင့်တိုက်မိပြီး အထဲဆီသို့သာ ပြန်လည်ရောက်ရှိလာခဲ့တော့သည်။

“အမ်”

အားရာသည် အလွန်အံ့အားသင့်မိသွား၏။ “ဘယ်လောက် ကြမ်းတမ်းလိုက်တဲ့ ဓာတ်သဘာဝတွေလဲ”

“ဒါတွေကို သန့်စင်လို့ရလား” ကျွင်းချောင်ရှောင်းက မေးလိုက်သည်။

ဖြောင်း ….။

အားရာသည် အစိမ်းရောင်ဓာတ်သဘာဝများအားလုံးကို ကြာပွတ်နှင့် လှမ်း၍ ရိုက်လိုက်တော့သည်။ ထိုစွမ်းအင် လှိုင်းများသည် လူသားတစ်ယောက်အဖြစ်သို့ ပြောင်းလဲသွားတော့သည်။ သူမသည် အားရပါးရ ပြောလိုက်တော့ သည်။ “ကောင်းကင်မူလဝိညာဉ်ဖိနှိပ်ခြင်းစေတီထဲကို ရောက်လာပြီဆိုတာနဲ့ ကျွန်မ မသန့်စင်နိုင်တဲ့အရာဆိုတာ ဘာမှ မရှိဘူး၊ သခင်”

သူမသည် မျက်လုံး အပြူးသားဖြင့် စူးစိုက်ကြည့်လိုက်၏။ “ဒီလူက စွမ်းအင်ဓာတ်တွေ မဟုတ်ဘူး၊ ဒါက သူ့မှာ တွေးတောနိုင်တဲ့ စွမ်းအင်တွေရှိတဲ့ သတ္တဝါတစ်မျိုးလိုပဲ”

“သိပ်မှန်တာပေါ့” ကျွင်းချောင်ရှောင်းက ပြောလိုက်သည်။

“အိုး”

အားရာက အံ့အားသင့်သွားသည်။ “ဒီလို သတ္တဝါမျိုးနဲ့တွေ့ရတာ ပထမဆုံးအကြိမ်ပဲ”

“ချီးတဲ့မှ… ချီးတဲ့မှ” လူသားပုံစံသို့ ပြောင်းလဲထားသော ဟွိုင်သည် အသာလက်ပိုက် ပြီးသည့်နောက်မှာတော့ ဒေါသတကြီးဖြင့် ပြောလိုက်တော့သည်။ “ကျွင်းချောင်ရှောင်း... မင်း ငါ့ကို အမြန်လွှတ်ပေး၊ မဟုတ်ရင်”

ဝှစ် ဝှစ်

သူပြော၍ မပြီးခင်မှာပဲ ရုတ်တရက် အနီရောင်ကြိုးများသည် ထွက်ပေါ်လာပြီး သူ၏ ခြေကျင်းဝတ်နှင့် လက်များ အားလုံးကို ချုပ်နှောင်လိုက်တော့သည်။ သူ၏ ခန္ဓာကိုယ်တစ်ခုလုံးသည် ချုပ်နှောင်ခြင်းကို ခံလိုက်ရ၏။

အားရာသည် ရှေ့သို့ လှမ်းတက်ကာ ပြောလိုက်သည်။ “ဒါက ကျွန်မရဲ့ တည်နေရာပဲ၊ မောက်မာမနေနဲ့”

ပြောပြီးသည့်နောက်မှာတော့ သူမသည် လည်သာကြာပွတ်ကိုယူ၍ ကြမ်းကြမ်းတမ်းတမ်းနှင့် ရိုက်နှက်တော့ သည်။

သို့ပေမဲ့ ကျွင်းချောင်ရှောင်းသည် ခဏလောက် ကြည့်ရှုပြီးသည့်နောက် သူမအား တားဆီးကာ ပြောလိုက်၏။ “သူ့အနေနဲ့ ပူးပေါင်းပြီး မေးခွန်းတွေ ဖြေမယ်ဆိုရင် လွှတ်ပေးဖို့ စဉ်းစားပေးမယ်”

“ဟမ့်”

ဟွိုင်သည်နှာခေါင်းရှုံ့လိုက်၏။ “ငါ ဘာမှ မသိဘူး”

သူ့ဆီမှ သတင်းအချက်များ ရယူချင်နေသည်လား၊ မဖြစ်နိုင်ပေ။

“ခင်ဗျားက တကယ့်လူပဲ”

ကျွင်းချောင်ရှောင်းသည် အားရာကို တစ်ချက်လှမ်းကြည့်ကာ ပြောလိုက်၏။ “သူ့ကို ကောင်းကောင်း ဧည့်ခံလိုက်တော့”

“ကောင်းပါပြီသခင်” အားရာသည် ဆက်၍ မစောင့်စားတော့ချေ။ သူမ၏ သေးငယ်သော မျက်လုံးများသည် ရုတ်တရက် နတ်ဆိုးတစ်ကောင်ကဲ့သို့ ဖြစ်သွားခဲ့တော့၏။ လည်သာကြာပွတ်ကို အသာမြှောက်ကိုင်ပြီးသည့် နောက်မှာတော့ ကြမ်းကြမ်းတမ်းတမ်း စတင်၍ ရိုက်နှက်ပြန်သည်။

“ပြောမှာလား၊ မပြောဘူးလား”

ရွှမ်း ရွှမ်း ရွှမ်း

“ပြောမှာလား၊ မပြောသေးဘူးလား”

ရွှမ်း ရွှမ်း

အား အား အား

ကြာပွတ်၏ ရိုက်နှက်မှုအောက်မှာတော့ ဟွိုင်သည် ကြောက်မက်ဖွယ်ရာကောင်းလှသည့် အော်သံမျိုးနှင့် အော်ဟစ်လျက် ရှိနေတော့၏။ လူသားပုံစံ မိုးကြိုးအပြစ်ပေးမှုသည် အခန်း၏ ထောင့်တစ်နေရာတွင် ကြောက်လန့်တကြား တုန်ယင်စွာဖြင့် ပုန်းအောင်းလျက်ရှိနေသည်။ ၎င်းအနေဖြင့် ကြာပွတ်ရိုက်နှက်ခံရခြင်း၏ နာကျင်မှုကို ကောင်းကောင်းနားလည်နေပြီ ဖြစ်တော့သည်။ ဝိညာဉ်ဖိနှိပ်ခြင်း ကြာပွတ်သည် ဝိညာဉ်၏ စိတ်အတွင်းပိုင်းဆီပါ နာကျင်စေသည့် ရိုက်ချက်မျိုးကို ဖန်တီးနိုင်ခဲ့၏။ ထို့ကြောင့် မည်သည့်ဓာတ်သဘာဝမှသည် ထိုအချင်းအရာမှ မခုခံနိုင်ချေ။

“မပြောသေးဘူးလား”

အားရာသည် ဖယောင်းတိုင်ကို အသာထွန်းလိုက်၏။ ပြီးနောက် တိုက်ရိုက်ပဲ ဆက်လက်ကာ တိုက်ခိုက်တော့သည်။

ရွှီး ရွှီး ရွှီး

အား အား..

“ပြောမှာလား၊ မပြောဘူးလား”

အား အား

“ပြောမှာလား၊ မပြောဘူးလား”

ဟွိုင်သည် နှိပ်စက်ရိုက်နှက်မှုကို မည်သို့မှ မခံစားနိုင်တော့ချေ။ ထို့ကြောင့် အားရပါးရနှင့် အော်ဟစ်လိုက်၏။ “ဘာမှ မမေးပဲနဲ့၊ ဘာကို ဖြေရမှာလဲ”

“ဟုတ်တာပဲ”

အားရာသည် ဖယောင်းတိုင်ကို အနောက်သို့ အသာဆုတ်ကာ ပြောလိုက်၏။ “သခင်... ဘာမှမှ မမေးခဲ့တာ”

All Chapters