အခန်း (၉၂၆-က)
Vol. 62 Ch. 926-A
ကျွင်းချောင်ရှောင်းသည် ဤဝိညာဉ်မျိုးနွယ်များနှင့် ပတ်သက်၍ မေးခွန်းတော်တော်များများ တည်ရှိနေ၏။ ဥပမာ အားဖြင့် သိုင်းအင်ပါယာများ၏ တိုက်ပွဲများအပြီးတွင် အဘယ်ကြောင့် အသက်ရှင် ကျန်ရစ်ခဲ့သနည်း။ အဘယ်ကြောင့် တိုင်လု၏ ခန္ဓာကိုယ်ထဲသို့ ရောက်ရှိနေသနည်း ဆိုသည့် အကြောင်းအရာပင် ဖြစ်တော့သည်။
“တောရိုင်းအင်ပါယာကြောင့် ငါက ပြင်းပြင်းထန်ထန် ဒဏ်ရာရရှိခဲ့တယ်ဆိုပေမယ့် ငါ့ရဲ့ ဝိညာဉ်က ဖျက်ဆီးမခံ ခဲ့ရဘူး၊ ဒါကြောင့် ကြယ်ကြွေကုန်းမြေတိုက်ကြီးမှာ ပုန်းအောင်းနေပြီးတော့ သင့်တော်တဲ့ ခန္ဓာကိုယ်ကို အပိုင်စီးဖို့ ရှာဖွေခဲ့တယ်၊ အခွင့်အရေးရပြီးတော့ သေခါနီးအခြေအနေဆီ ရောက်နေတဲ့ တိုင်လုနဲ့ တွေ့ခဲ့တယ်၊ သူ့ရဲ့ အားကောင်းလှတဲ့ ကလဲ့စားချေချင်စိတ်တွေကို အာရုံခံမိတာကြောင့် ငါ သူ့ရဲ့ခန္ဓာကိုယ်ထဲ အောင်အောင် မြင်မြင်နဲ့ ချိုးဖြတ်နိုင်ခဲ့တာပဲ” ဟွိုင်သည် တုန်ယင်သည့်အသံဖြင့် ရှင်းပြလိုက်၏။
ဤမျှ လိမ်မာယဉ်ကျေးသွားခဲ့သည်လား။
အမှန်ပင်ဖြစ်တော့သည်။ အားရာသည် ၎င်း၏ဘေးတွင် မတ်တပ် ရပ်လျက်ရှိနေပြီး ဘယ်ဘက်လက်တွင် ဝိညာဉ်ဖိနှိပ်ခြင်း ကြာပွတ်ကိုကိုင်ကာ ညာဘက်လက်တွင် ဝိညာဉ်ဖိနှိပ်ခြင်း ဖယောင်းတိုင်ကို ကိုင်ဆောင်ထားခဲ့တော့သည်။ အချိန်အတော်ကြာ လေ့ကျင့်ပေးပြီးသည့်နောက်မှာတော့ ဟွိုင် သည် လိမ္မာယဉ်ကျေးသည့် လူတစ်ယောက်အဖြစ်သို့ ပြောင်းလဲနေခဲ့ပြီ ဖြစ်သည်။
ကျွင်းချောင်ရှောင်းက ပြောလိုက်သည်။ “ဝိညာဉ်မျိုးနွယ်တွေက ပုံသဏ္ဍာန်မဲ့လား”
“ငါတို့ ဝိညာဉ်မျိုးနွယ်တွေက ဝိညာဉ်အသွင်ပြောင်းမှုဆိုတဲ့ သန္ဓေစွမ်းရည်ကို ပိုင်ဆိုင်တယ်လေ၊ ဝိညာဉ်ပုံစံကို ထုတ်လွှင့်ပြီးတော့ အခြားသက်ရှိတွေရဲ့ ခန္ဓာကိုယ်မှာ နေထိုင်နိုင်စွမ်းရှိတယ်” ဟွိုင်က ပြောလိုက်သည်။
တစ်ဖက်လူသည် ဤမျှ သေသေချာချာ ပြောဆိုနေသည်ကိုမြင်တော့ အားရာသည် သူမ၏လက်နက်များကို ပြန်လည်ကာ သိမ်းဆည်းလိုက်၏။ သူမ၏ မျက်နှာပေါ်မှာတော့ အပြစ်ကင်းစင်လှသည့်အပြုံးလေးတစ်ခု ဖြစ်တည်လာခဲ့တော့၏။
ဟွိုင် သည် စိတ်သက်သာရာ ရသလို သက်ပြင်းချလိုက်မိသည်။ သို့ပေမဲ့ သူ၏ နှလုံးသားထဲတွင်တော့ ဝမ်းနည်းမှုများ တည်ရှိနေခဲ့သည်။ ထို့အပြင် သူသည် ဝိညာဉ်မျိုးနွယ်၏ တတိယအရှင်လည်း ဖြစ်၏။ အဘယ်ကြောင့် ဤကဲ့သို့ ဆိုးရွားလှသော အခြေအနေမျိုးကို ရောက်ရှိသွားခဲ့ရသနည်း။
မိုးကြိုးအပြစ်ပေးမှု စွမ်းအင်များသည် သူ တွေးနေသည်ကိုသာ သိရှိမည်ဆိုပါက ကျိန်းသေပေါက် အထင်အမြင် သေးသလို ကြည့်ရှုပေလိမ့်မည်။ သေမျိုးဂြိုဟ်တွင်ရှိသော သက်ရှိများ ဤမျှလောက် အားကောင်းနေသည်လား။ သူတို့သည် အထက်နယ်မြေမှ ရောက်ရှိလာခဲ့သူဖြစ်သည်။ ကြာပွတ်နှင့်ရိုက်နှက်၍ နှိပ်စက်ခံနေရသည်ဆိုလျှင် တောင်မှ ဂုဏ်ယူဝံ့ကြွားစွာ ရှိနေသင့်သည် မဟုတ်လား။
“တခြားတစ်ဖက်က ပြောရမယ်ဆိုရင် ခင်ဗျားဆီမှာက ခန္ဓာကိုယ်ရှိတယ်၊ ဒါပေမဲ့ ဝိညာဉ်ပုံစံအဖြစ် ပြောင်းလဲ ခဲ့ပြီးတော့ ကြယ်ကြွေကုန်းမြေတိုက်ကြီးကို ကျူးကျော်လာခဲ့တယ်၊ အဲလိုလား” ကျွင်းချောင်ရှောင်းက ပြောလိုက် သည်။
“အမှန်ပဲ” ဟွိုင် သည် တုန်တုန်ယင်ယင်ဖြင့် ပြောလိုက်တော့သည်။
ကျွင်းချောင်ရှောင်းက ပြောလိုက်၏။ “ခင်ဗျားတို့ဆီမှာ သိုင်းပညာ အရင်းအမြစ်တွေ၊ ဒါမှမဟုတ် သိုင်းကျမ်းတွေ ရှိလား၊ ဒါမှမဟုတ် ကျောက်ရိုင်းတုံးတွေ၊ သလင်းအမြူတေတွေ၊ ဆေးပင်တွေ အဲတာမျိုးတွေပေါ့”
ဤအရာသည် အလွန်အရေးကြီးသော မေးခွန်းဖြစ်သည်။
“မရှိပါဘူး”
ဟွင်က ပြောလိုက်သည်။ “ကျုပ်တို့ နေထိုင်တဲ့ဂြိုဟ်ကြီးက စွန့်ပစ်ခံရလုနီးပါး အခြေအနေကို ရောက် နေပြီ၊ ဒါကြောင့် ပိုမိုအားကောင်းစေဖို့အတွက် တခြားသောဂြိုဟ်တွေကိုသွားပြီး ဝါးမြိုနေရတာပဲ”
“ချီးတဲ့မှ”
ကျွင်းချောင်ရှောင်း တွေးလိုက်မိသည်။ အစီအရင်အင်ပါယာ… ခင်ဗျား ကျုပ်ကို လိမ်ခဲ့ပြီပဲ။
သူသည် လောကကြီးကို ကယ်တင်မည်ဆိုသည့်အကြောင်းကို ပြောဆိုခဲ့သည်။ တကယ်တမ်းမှာတော့ ဝိညာဉ်မျိုးနွယ်တို့၏ ကုန်းမြေတိုက်ထဲသို့ ဝင်ရောက်ပြီး သူ၏ဂိုဏ်းကို ပိုမိုအားကောင်းအောင် ပစ္စည်းပစ္စယများ လုယက်လိုခြင်းသာ ဖြစ်တော့၏။ အထဲတွင် ဘာမှ မရှိပါက အထဲသို့ ဝင်ရောက်လျှင်လည်း ဘာထူးတော့ မည်နည်း။
“ထားလိုက်ပါတော့ လောလောဆယ်ကတော့ ကြယ်ကြွေကုန်းမြေတိုက်ကြီးကို ကယ်တင်မယ့်အကြောင်းလို့ပဲ သတ်မှတ်ရတော့မှာပေါ့”
ဟုတ်ပေသည်။ ဟွိုင်သည် ဂုဏ်ယူဝံ့ကြွားစွာဖြင့် ပြောလိုက်၏။ “စိတ်ဝိညာဉ်ကုန်းမြေတိုက်ကြီးက နိမ့်ပါးလွန်းတယ်ဆိုပေမယ့် ကျုပ်တို့ ဝိညာဉ်မျိုးနွယ်တွေက တခြားလူတွေဆီကနေ ကောင်းကောင်းပစ္စည်းတွေ ရခဲ့တယ်လေ၊ ဒါကြောင့် ရေတွက်လို့ မရတဲ့ သိုင်းပညာအရင်းအမြစ်တွေ ရှိတာပေါ့”
ခမ်းခြောက်နေသော ဂြိုဟ်ကြီးထဲတွင် တစ်စုံတစ်ယောက်၏ သန္ဓေစွမ်းရည်ကို အသုံးပြုပြီး တခြားသောသူများ၏ ပစ္စည်းပစ္စယများ လုယူခြင်း၊ တခြားသူများ၏ ခန္ဓာကိုယ်ကို အပိုင်သိမ်းခြင်း လုပ်ငန်းများ သည် ၎င်းတို့ သေသေချာချာ ပြုလုပ်ခဲ့သော အရာမျိုးပင် ဖြစ်တော့သည်။
“တကယ်လား” ကျွင်းချောင်ရှောင်း၏ မျက်လုံးများသည် တောက်ပသွားခဲ့တော့သည်။ ကြယ်ကြွေကုန်းမြေတိုက်ကြီး၏ အဖွဲ့ဝင်တစ်ယောက်ဖြစ်သည်မို့ သူသည် သူ၏ဂြိုဟ်အတွက် အပြင်းအထန် ခုခံကာကွယ်ပေးရပေလိမ့်မည်။ သူတို့အား ဒုက္ခရောက်ရန် စီစဉ်လျက်ရှိသော စိတ်ဝိညာဉ်ကုန်းမြေတိုက်ကြီးအား အမှန်ပင် သွားရောက်ကာ ဖြေရှင်းမှ ဖြစ်ပေမည်။ သူ၏ စိတ်ထဲတွင်တော့ အမှန်ပင် သူရဲကောင်းစိတ်ဓာတ်များ တဖွားဖွား ပေါ်ပေါက်လာခဲ့တော့သည်။
တစ်ဖက် ရောင်းရင်း၏ မျက်လုံးထဲတွင်ရှိသော အလင်းတန်းများကို မြင်ရပြီးသည့်နောက်မှာတော့ ဟွင်သည် ပခုံးကိုတွန့်ကာ တွေးလိုက်မိ၏။ “ငါ ဆိုးရွားတဲ့ ခံစားချက်ကို ရနေတယ်”
ဝိညာဉ်ကုန်းမြေတိုက်ကြီးတွင် ရှိသော သက်ရှိများ “ချီးတဲ့မှ.... မင်းဘာလို့ အကုန်လျှောက်ပြောလိုက်ရတာလဲ”
“အားရာ”
သူသိချင်သည့် အရာအားလုံး သိရှိပြီးပြီ ဖြစ်သောကြောင့် ကျွင်းချောင်ရှောင်းက ညွှန်ကြားလိုက်တော့သည်။ “ဒီလူကို မင်းဆီမှာ ထားလိုက်တော့မယ်၊ သူ့ဆီမှာရှိတဲ့ မသန့်ရှင်းတဲ့အရာတွေကို ဖြစ်နိုင်သမျှ သန့်ရှင်းအောင် လုပ်လိုက်တော့”
“ပြဿနာ မရှိပါဘူး”
အားရာသည် ဝိညာဉ်ဖိနှိပ်ခြင်း ကြာပွတ်ကို ထပ်မံကာ ထုတ်ယူလိုက်၏။ ပြီးသည့်နောက်မှာတော့ အားရပါးရ ရယ်မောလိုက်တော့သည်။ “သေသေချာချာ လေ့ကျင့်ပေးရမှာပေါ့”
ဟွင်သည် စိတ်တစ်ခုလုံး တုန်ယင်သွားသည်အထိ ထိတ်လန့်သွားမိ၏။ သူသည် အလောတကြီးဖြင့် အော်လိုက်မိ၏။ “ကျွင်းချောင်ရှောင်း.... မင်းငါ့ကို လွတ်ပေးမယ်လို့ ပြောခဲ့တယ်လေ၊ ဘာလို့ ကိုယ့်စကားကို မတည်တာလဲ”
“ကျုပ် ပြောခဲ့တယ်လေ”
ကျွင်းချောင်ရှောင်းက ပြောလိုက်၏။ “ဒါပေမဲ့ အခု လွတ်ပေးမယ်မှ မဟုတ်တာ”
“မင်း....”
ဖြောင်း ဖြောင်း ဖြောင်း
အား အား....
ကျွင်းချောင်ရှောင်း ထွက်ခွာသွားပြီးသည့်နောက် ဤကလေးမသည် ကြာပွတ်နှင့် ဖယောင်းတိုင်ကို ကိုင်ဆောင်ကာဖြင့် တစ်ဖက်လူအား ပြင်းပြင်းထန်ထန် ရိုက်နှက်လေ့ကျင့်ပေးလျက် ရှိနေတော့သည်။
……………
ထောင်ထဲမှာတော့ တိုင်လုသည် သစ်သားအိပ်ယာပေါ်တွင် စိတ်ခံစားချက် ကင်းမဲ့စွာဖြင့် ထိုင်လျက်ရှိနေတော့၏။ သူ၏ မျက်နှာပေါ်တွင် စူးရှနေသည့် နေအလင်းရောင်များ ကျဆင်းနေသည် ဆိုလျှင်တောင်မှ သူသည် မလှုပ်ရှားချေ။
ဟွိုင်သည် ကောင်းကင်မူလဝိညာဉ်ဖိနှိပ်ခြင်း စေတီထဲတွင် အားရာ၏ ရူးရူးမူးမူး လေ့ကျင့်ပေးမှုကို ခံနေရ၏။ ထို့ကြောင့် ၎င်း၏ ဝိညာဉ်များသည် ပျောက်ဆုံးသွားတော့မည် အခြေအနေသို့ ရောက်ရှိနေတော့သည်။ ဝါးမြိုခြင်းစွမ်းရည်ကို အသုံးပြုပြီးနောက် တိုင်လုသည် သိုင်းအုပ်စိုးသူအဆင့်ကို ချိုးဖြတ်ရောက်ရှိခဲ့ပြီဖြစ်သည်။ သို့ပေမဲ့ လက်ရှိအခြေအနေမှာတော့ သူသည် ဟွိုင် ၏ ထောက်ပံ့မှုကို မရရှိခဲ့တော့ချေ။ ထို့ကြောင့် သူ့အတွက် အနာဂတ်ခရီးလမ်းသည် မှောင်မဲလျက် ရှိနေတော့၏။
“ဒီလောကကြီးမှ အသက်ရှင်နေတော့လည်း ငါ့အတွက် ဘာတန်ဖိုး ရှိမှာလဲ” သူက တီးတိုးရေရွတ်လိုက်မိသည်။ သူ၏ စိတ်ဓာတ်များသည် အဆုံးစွန်အထိ ကျဆင်းလျက် ရှိနေသည်။
သူ၏ ဘေးနားတွင်ရှိနေသော ကျိုးဒူဒူသည် သူ့အား နှစ်သိမ့်လိုက်တော့သည်။ “မင်း ဝမ်းနည်းနေတယ်ဆိုရင် ကောင်းကင်ကြီးကို မော့ကြည့်လိုက်လေ၊ ဖြစ်သမျှအရာအားလုံးကို ကောင်းကင်ကြီးက လက်ခံပေးထားတယ် မဟုတ်လား”
တိုင်လုသည် လက်ရှိအခြေအနေမှာတော့ ပြန်လည်ပြောဆိုချင်စိတ်ပင် မရှိတော့ချေ။ ထို့အပြင် သူ၏ခန္ဓာကိုယ်၌ အားအင်ဟူ၍လည်း တစ်စက်မှ မရှိ။ မဟုတ်ပါက တစ်ဖက်လူ၏ ဦးခေါင်းအား နံရံနှင့် တဒိုင်းဒိုင်း တိုက်၍ နေမိကျွေီ
ရုတ်တရက် အကျဉ်းထောင်တံခါးက ပွင့်လာခဲ့တော့သည်။ အားဟိုင်နှင့် ရိဟိုင်တို့သည် အပြင်ဘက်ဆီမှ လျှောက်ဝင်လာပြီးသည့်နောက် စားပွဲပေါ်သို့ အရသာရှိသည့် ဟင်းလျာများကို တင်လိုက်တော့သည်။ ဟင်းလျာများမှ ထွက်ပေါ်နေသော အမွှေးနံ့များသည် အကျဉ်းထောင်တစ်ခုလုံးသို့ ပျံ့နှံ့သွားတော့သည်။
ကျိုးဒူဒူသည် အသာ အနံ့ရှူပြီးသည့်နောက် သွားရည်များပင် ကျဆင်းလာတော့သည်။ စိတ်ဓာတ်ကျဆင်းနေသော တိုင်လုမှာတော့ လုံးဝ မလှုပ်ရှားချေ။ သူ၏ ဘဝတစ်ခုလုံးသည် ကံဆိုးမိုးမှောင် ကျခဲ့ရပြီဖြစ်သည်။ ထို့ကြောင့် သူသည် မည်သည့်အရာကိုမှ စိတ်ဝင်စားမှု မရှိချေ။
ကျွင်းချောင်ရှောင်းက လျှောက်ဝင်လာခဲ့သည်။ ပြီးနောက် စားပွဲရှေ့တွင် ထိုင်ကာ ပြောလိုက်တော့သည်။ “မင်း စဉ်းစားပြီးပြီလား”
တိုင်လုသည် ဦးခေါင်းကို ငုံ့ထားရင်းမှ ပြောလိုက်တော့သည်။ “ကျုပ် ပြိုင်စံရှားဂိုဏ်းကို မဝင်ချင်ဘူး၊ ပြီးတော့ ခင်ဗျားရဲ့ တပည့် မဖြစ်ချင်ဘူး”
သူသည် လက်သီးကို ကျစ်ကျစ်ပါအောင်ဆုပ်ကာ ထပ်၍ ပြောလိုက်တော့သည်။ “ထာဝရပဲ”
မည်မျှ စိတ်ဓာတ်မာကျောလိုက်သနည်း။ လက်ရှိအခြေအနေမှာတော့ အစ်ကိုကြီး အစိမ်းရောင်မာဖလာသည် အစစ်အမှန်ယောက်ျားတစ်ယောက်ကဲ့သို့ပင် ဖြစ်နေတော့၏။
“ပြိုင်စံရှားဂိုဏ်းက အမြဲကောင်းမွန်တဲ့အရာတွေကိုပဲ လုပ်တယ်လေ၊ ဒါကြောင့် တခြားလူတွေ စိတ်မပါတဲ့ အရာမျိုးကို ဘယ်တော့မှ တွန်းအားပေးမှာ မဟုတ်ဘူး၊ ဒီအစားအစာကိုစား၊ ပြီးရင် မင်းအချိန်မရွေး ထွက်သွားလို့ရပြီ” ကျွင်းချောင်ရှောင်းက ပြောလိုက်သည်။
ကျိုးဒူဒူသည် လက်ကို မြှောက်ကာဖြင့် ပြောလိုက်သည်။ “ကျုပ် ပြိုင်စံရှားဂိုဏ်းထဲကို ဝင်ချင်ပါတယ်၊ ကျုပ် အရိုးအရေတွေကို ပေးဆပ်ပြီးတော့ ဂိုဏ်းအတွက် ခိုင်းသမျှ အကုန်လုပ်ပေးပါ့မယ်”
ပြောပြီးသည့်နောက် သူသည် စားပွဲပေါ်တွင် ထိုင်နှင့်နေပြီးသားဖြစ်၏။
“ထွက်သွားစမ်း”
ရွှီး
ကျိုးဒူဒူသည် ချက်ချင်းပဲ အနောက်သို့ ဆုတ်သွားခဲ့သည်။ ပြီးသည့်နောက်မှာတော့ ထောင့်တစ်ထောင့်တွင် ကွေးကွေးလေး သွား၍ ထိုင်နေတော့၏။ ဘာလို့ အကျဉ်းသားအသစ်တွေ အားလုံးကို ငါ့ထက် ကောင်းကောင်း ဆက်ဆံရတာလဲ။
“ဒီ အစားအစာတွေကို စားပြီးရင် ကျုပ်ထွက်သွားလို့ ရပြီလား”
“အမှန်ပဲ”
ကျွင်းချောင်ရှောင်းသည် လေးလေးနက်နက် ပြောလိုက်၏။ “ငါ မင်းရဲ့ဒဏ်ရာတွေကို ပြန်လည်ကောင်းမွန်စေတဲ့ ဆေးလုံးလည်း ပေးလိုက်အုံးမယ်၊ အခုကစပြီး ကြိုက်တဲ့ဆီကို ပျံသန်းသွားလာလို့ရပြီ”
တိုင်လု၏ မျက်လုံးများသည် အံ့အားသင့်မှုများနှင့် ပြည့်နှက်သွားတော့သည်။ သူသည် စားပွဲပေါ်တွင်ရှိနေသော အငွေ့တထောင်းထောင်းထလျက်ရှိသော အစားအစာများကို ကြည့်လိုက်၏။ ပြီးသည့်နောက် သူ၏ အားအင်ပြတ်လပ်လျက်ရှိသော ခန္ဓာကိုယ်ကို လှုပ်ရှားကာ သွားလိုက်တော့၏။ ပြီးသည့်နောက် ထိုင်ချလိုက်၏။
လျှိုဝမ်ရှစ်သည် ဟင်းပွဲတော်တော်များများကို ပြုလုပ်ထားခဲ့၏။ ၎င်းတို့သည် စားဖိုမှူးနတ်ဘုရားပြိုင်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ခဲ့သော ဟင်းပွဲများပင် ဖြစ်တော့၏။ ထို့ကြောင့် ဤအရာကို စားသုံးရသည့်လူများမှာ အလွန်တရာ ကံကောင်းသည့်လူများဟု ဆိုရပေတော့မည်။
တိုင်လုသည် အချိန်အတော်ကြာ နှောင့်နှေးနေခဲ့၏။ ပြီးသည့်နောက် သူ၏တူကို ကောက်ကိုင်လိုက်တော့သည်။ စားခါနီးမှာပဲ ခက်ခက်ခဲခဲနှင့် ခေါင်းကိုမော့ကာ ပြောလိုက်တော့သည်။ “ကြက်သွန်ဖြူလေး ပေးပါအုံး”
ကျိုးဒူဒူ “......”
“သူ့ကိုပေးလိုက်”
“ကောင်းပါပြီ” အားဟိုင်သည် ကြက်သွန်ဖြူအနည်းငယ်အား လှမ်း၍ ပေးလိုက်တော့သည်။
တိုင်လုသည် စတင်ကာ စားလျက် ရှိနေတော့၏။ သူသည် ပါးစပ်ထဲသို့ ဟင်းလျာများ ထည့်လေ မျက်ရည်များ ကျဆင်းလာလေဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် အစားအစာသည် အရသာရှိလွန်းသောကြောင့် မဟုတ်ချေ။ အသက်ရှင်သန်ရာအတွက် သူသည် ရန်သူ၏ရှေ့တွင် ရန်သူခိုင်းသမျှကို ပြုလုပ်နေရသည်။ မည်မျှ နာကျင်ဖွယ်ကောင်းလှသနည်း။
ဂွီ
တစ်ဖက်လူ အစားအစာများကို စားနေသည်ကို ကြည့်ပြီးသည့်နောက် ဘေးတစ်ဖက်တွင် ထိုင်လျက်ရှိနေသာ ကျိုးဒူဒူသည် သွားရည်များ ကျလျက်ရှိသည်။ သူသည် ကြိတ်ကာ ပြောလိုက်မိ၏။ “ငါ့အတွက် တစ်ကိုက်စာလောက် ချန်ထားအုံး၊ အကုန်လုံး မစားပစ်လိုက်နဲ့နော်”
ဘုတ်
ခဏလောက်ကြာပြီးသည့်နောက်မှာတော့ တိုင်လုသည် အစားအသောက် အကုန်လုံးကို စားခဲ့ပြီဖြစ်တော့သည်။ သူသည် တူကို အသာချကာဖြင့် ပြောလိုက်သည်။ “ကျုပ် အခု ထွက်သွားလို့ ရပြီလား”
ကျွင်းချောင်ရှောင်း၏ မျက်လုံးထဲတွင် အံ့အားသင့်မှုများနှင့် ပြည့်နှက်သွား၏။ လျှိုဝမ်ရှစ်၏ ဟင်းပွဲသည် အလွန် ကောင်းမွန်လွန်းလှ၏။ သို့ပေမဲ့ တစ်ဖက်လူသည် ထိုအစားအစာများကို စားပြီးသည့်နောက် တုန်လှုပ်မှု မရှိခဲ့ချေ။ တကယ်တမ်း ကြည့်ရမည်ဆိုလျှင် တိုင်လုသည် အစားအစာများနှင့်ပတ်သက်လျှင် အံဩတုန်လှုပ်မှု ရှိနေသည်ကို မတွေ့ရချေ။ သူ့အနေနှင့် ဗိုက်ပြည့်သွားပြီဆိုပါက ထွက်သွားရန်သာ စဉ်းစားနေမိတော့သည်။
လောကကြီးတွင် လူများသည် ဂုဏ်သိက္ခာတရားနှင့် နေထိုင်ရသည်ဟု အမြဲတမ်း တွေးတောလျက်ရှိနေသည်။ ခရမ်းရောင်ဘုရင်၊ ကျန်းတယ်ကျွင်းနှင့် တခြားသောသူများကဲ့သို့ အစားအစာတစ်ခုတည်းနှင့် ဘဝကြီးတစ်ခုလုံး ပေးဆပ်ရလောက်အောင် သူသည် စိတ်ဓာတ်ပျော့ညံ့သည်လူတစ်ယောက် မဟုတ်ပေ။
“ကောင်လေး” ကျွင်းချောင်ရှောင်းက ပြောလိုက်သည်။ “မင်း အခု အပြင်ကို ထွက်သွားပြီဆိုတာနဲ့ အနာဂတ်မှာ နောင်တ တရားတွေ ရနေလိမ့်မယ်”
“ကျုပ် တိုင်လုက ဘဝမှာဘယ်တော့မှ နောင်တမရဘူး” တိုင်လုသည် လေးလေးနက်နက် ပြောလိုက်တော့သည်။
“ကောင်းပြီ”
ကျွင်းချောင်ရှောင်းသည် ပြန်လည်ကောင်းမွန်ခြင်း ဆေးလုံးအား ပစ်ပေးလိုက်၏။ ပြီးသည့်နောက်မှာတော့ အကျဉ်းထောင် တံခါးသည် လက်ညှိုးထိုးကာ ပြောလိုက်တော့သည်။ “ဒါတွေကို သောက်လိုက်၊ ပြီးရင် သွားလို့ရပြီ”
မဲနက်နေသော ဆေးလုံးကို ကြည့်ရှုပြီးသည့်နောက် တိုင်လုသည် ဤအရာတွင် အဆိပ်တွေများ ပါနေမည်လားဟု တွေးလိုက်မိ၏။ သို့ပေမဲ့ တစ်ဖက်လူသည် သူ့အား သတ်ချင်နေမှတော့ ဤကဲ့သို့ ဆေးလုံးများပေး၍ တကူးတက သတ်ဖြတ်နေစရာ မလိုပေ။
ဆွစ်
တိုင်လုသည် ဆေးလုံးအား ကောက်ယူပြီးသည့်နောက်မှာတော့ တစ်ချက်ကလေးမှ မနှောင့်နှေးဘဲ မျိုချလိုက်တော့၏။ ဆေးလုံး၏ အကျိုးသက်ရောက်မှု စတင်ချိန်မှာတော့ သူ၏ ပျက်စီးနေသော မရီဒန်များအားလုံးသည် ပြန်လည်ပြင်ဆင်ပြီး ဖြစ်နေတော့သည်။ သူ၏ အားအင်များသည် ပိုမိုကာ တက်ကြွလာတော့၏။
“ဒါ... ဒါက” သူသည် ကြောင်အသွားခဲ့၏။ သူသည် ဝါးမြိုခြင်း စွမ်းအင် ရရှိကတည်းက ဒဏ်ရာများ ရရှိခဲ့သည်။ သို့ပေမဲ့ မြန်မြန်ဆန်ဆန်ပဲ ပြန်လည် သက်သာလာခဲ့၏။ ယခု ဤကဲ့သို့ အခြေအနေမျိုး ဖြစ်အောင် ဆေးလုံးတစ်လုံးသည် ကူညီပေးနိုင်စွမ်း ရှိသည်ကို မြင်ရသည့်အချိန်မှာတော့ အလွန်တရာပင် အံ့အားသင့်လျက် ရှိနေတော့သည်။ သူ နတ်ဘုရားအဆင့် ဆေးလုံးတစ်လုံးကို စားလိုက် လေသည်လား။
ကျွင်းချောင်ရှောင်းက ပြောလိုက်သည်။ “မင်းအခု ထွက်သွားလို့ ရပြီ”
ဝှစ် ဝှစ်
ဒဏ်ရာများမှ ပြန်လည်သက်သာလာခဲ့သော တိုင်လုသည် အသာမတ်တပ် ထရပ်လိုက်ပြီးနောက် အကျဉ်းထောင်ထဲမှ ထွက်လျှောက်လိုက်သည်။ သူသည် အပြင်ဘက်တွင်ရှိသော နေအလင်းရောင်နှင့် တွေ့လိုက်ရသည့် အချိန်မှာတော့ အသက်ကို ပြင်းပြင်းရှူလိုက်မိသည်။
“ကျွင်းချောင်ရှောင်း”
သူသည် အကျဉ်းထောင်ဆီကို နောက်ကျောပေးကာ ပြောလိုက်မိ၏။ “ကျုပ်တို့ရဲ့ ရန်ငြိုးက ဒီကိစ္စကြောင့် ဖြေရှင်းလို့ပြီးသွားမှာ မဟုတ်ဘူး၊ မကြာခင်မှာ ကျုပ်တိုင်လုက ဖျက်ဆီးခံလိုက်ရတဲ့ နတ်စမ်းချောင်းဂိုဏ်းအတွက် လာပြီးတော့ တရားမျှတမှုကို တောင်းဆိုမယ်”
“မင်းဆီမှာ အခွင့်အရေး မရှိဘူး”
ကျွင်းချောင်ရှောင်းသည် ခဏရပ်ကာ ထပ်ပြောလိုက်သည်။ “ထာဝရပဲ”
“အစိမ်းရောင်တောင်တန်းကြီးက ပြောင်းလဲမှု မရှိဘူးဆိုပေမယ့် ကြည်လင်ရှင်းလင်းနေတဲ့ ရေတွေက စီးဆင်းလျက် ရှိနေတာပဲ”
တိုင်လုက ပြောလိုက်သည်။ “နှုတ်ဆက်ပါတယ်”