← Chapters

စိတ်ပျက်ဝမ်းနည်းမှု

Vol. 014 Ch. 1359

စိတ်ပျက်ဝမ်းနည်းမှု

Vol. 014 Ch. 1359

ဂူထျန်းရှင်း၏ ပေါ်ပေါက်လာမှုသည် ဂူတုံးလျှိုက မည်သူ ဖြစ်သနည်းဟူသော မေးခွန်းမျိုးဖြင့် လူအများကို အတွေးများစွာ ဖြစ်ပေါ်စေခဲ့သည်။

သူက အမှန်တကယ်ပဲ ဂူကလန်၏ နောက်ဆုံးမျိုးဆက် ဖြစ်ရုံမျှလား။

ဂူကလန် သုတ်သင်ခံခဲ့ရသောအခါ ဂူကလန်မှ လူအားလုံးက ကောင်းကင်အာဏာစက်ပြည်ထောင်၏ သတ်ဖြတ်ခြင်းကို ခံခဲ့ရပြီး မည်သူမှ မရှင်သန်နိုင်ခဲ့ပေ။ ဂူတုံးလျှိုက မည်သို့ အသက်ရှင်နိုင်ခဲ့ပြီး မည်သည့်အတွက် သူ့ခန္ဓာကိုယ်မှ ထိုကဲ့သို့ ခြိမ်းခြောက်နိုင်စွမ်း ရှိသော စွမ်းအားများ ရှိနေရသနည်း။

တစ်ခုတည်းသော ဖြစ်နိုင်ချေက ဂူထျန်းရှင်း သေဆုံးမသွားခင်က သူသည် စီစဉ်မှုများ ပြုလုပ်ခဲ့ပြီး ဂူတုံးလျှိုကို အဝေးသို့ ပို့ဆောင်ခဲ့ခြင်း ဖြစ်ပေလိမ့်မည်။

သို့ဆိုလျှင် ဂူတုံးလျှိုသည် ဂူထျန်းရှင်းအတွက် အရေးပါသော သူ ဖြစ်ရပေမည်။

“ဂူကျန်းနန်”

ဤအမည်သည် လူအများကြားတွင် လှုပ်ခတ်နိုင်ခဲ့သည်။ ထိုမုန်တိုင်းအစတွင် သူသည် လွန်ခဲ့သည့် နှစ်များစွာက ကောင်းကင်အာဏာစက်ဘုံ၌ ပြိုင်ဘက်ကင်း ရဲရင့်သည့် သူရဲကောင်းတစ်ဦး ဖြစ်သည်။ သူသည် ဂူကလန်၏ အရည်အချင်းအရှိဆုံး တန်ခိုးရှင်အဖြစ် ကျော်ကြားခဲ့ပြီး ကောင်းကင်နတ်တံခါးဂိုဏ်း၏ စံချိန်အားလုံးကို လျင်မြန်စွာ ချိုးဖျက်ခဲ့သည်။ သူသည် ဂူထျန်းရှင်း၏ သားလည်း ဖြစ်ခဲ့သည်။

ထိုအချိန်တွင် လူတိုင်း ယုံကြည်ခဲ့ငည်မှာ ဂူကျန်းနန်သည် အနာဂတ်တွင် ဂူထျန်းရှင်း နောက်တစ်ယောက်ဖြစ်လာလိမ့်မည်ဟူ၍ ဖြစ်သည်။ ဂူကလန်သည် ထိုစဉ်က အလွန် လွှမ်းမိုးနိုင်စွမ်းရှိခဲ့ပြီး အလွန် ထူးချွန်သော အောင်မြင်သူများလည်း ရှိခဲ့သည်။ ထိုအချိန်ကာလအတွင်းတွင် လောကကြီး၏ ကံကောင်းခြင်းအဖြာဖြာတို့မှာ ထိုကလန်တွင် စုစည်းနေခဲ့သည်ဟု ထင်မှတ်ရပေသည်။

သို့သော်လည်း ထိုအကြောင်းကြောင့်ပင် ဂူကလန်၏ အောင်မြင်ဖြစ်ထွန်းခြင်းကို မိုးကောင်းကင်ကပင် မနာလိုဖြစ်လောက်သည်ဟု လူအများက ပြောဆိုခဲ့ကြပြီး ထိုပြောကြားချက်များအတိုင်းပင် ဂူကလန်၏ အနာဂတ် အထွတ်အထိပ် အောင်မြင်မှုတို့က ဆုတ်ယုတ်လာခဲ့သည်။

ဂူကျန်းနန်နှင့် သူ့ဇနီး နှစ်ယောက်လုံးသည် ထိုစဉ်က ပြိုင်ဘက်ကင်း ပုဂ္ဂိုလ်များ ဖြစ်ခဲ့ကြသည်။ သူတို့နှစ်ဦးနှင့် ကောင်းကင်အာဏာစက်ပြည်ထောင်၏ အိမ်ရှေ့စံကြားတွင် ပဋိပက္ခများ ဖြစ်ပွားသည့်အခါ ကောင်းကင်အာဏာစက်ပြည်ထောင်၏ တန်ခိုးရှင် အများအပြားက သူတို့ကို ဝိုင်းရံခဲ့သည်။ ကောင်းကင်အာဏာစက်ပြည်ထောင်က ဂူကျန်းနန်၏ အရည်အချင်း အလားအလာကို စိုးကြောက်ခဲ့သဖြင့် သူတို့၏ တန်ခိုးရှင်များအား ထိုဇနီးမောင်နှံကို ခေါင်းဖြတ်ကွပ်မျက်ရန် အမိန့်ပေးခဲ့သည်။

ထိုအချိန်တွင် ကောင်းကင်အာဏာစက်ပြည်ထောင်သည်လည်း အလွန်အစွမ်းထက်ပြီး ကောင်းကင်အာဏာစက်ဘုံအတွင်း အစွမ်းထက် အင်အားစုအဖြစ် သတ်မှတ်ခံခဲ့ရသည်။ သို့သော် ထိုအချိန်၌ သူတို့ မထင်မှတ်ထားစွာဘဲ ဂူထျန်းရှင်းသည် ရူးသွပ်သွားသောအခါ၌ အလွန်ပင် ခြိမ်းခြောက်နိုင်စွမ်း ရှိပေသည်။ မဟုတ်လျှင် သူတို့သည် သူ့ကို သတ်ဖြတ်ရန် ဝံ့ရဲကြလိမ့်မည်မဟုတ်ပေ။

ဂူကျန်းနန်တို့ ဇနီးမောင်နှံ သေဆုံးခဲ့ခြင်းကြောင့် ဂူထျန်းရှင်းက ကောင်းကင်အာဏာစက်ပြည်ထောင် နန်းတော်သို့ တစ်ယောက်တည်း ဝင်ရောက်ခဲ့သည်။ ထိုတိုက်ပွဲသည် ကောင်းကင်နှင့် မြေကြီးကိုပင် တုန်ခါစေခဲ့ပြီး နတ်ဘုရားနှင့် သရဲတစေ ္ဆတို့အား ငိုကြွေးပူဆွေးစေခဲ့သည်။ ဂူထျန်းရှင်းသည် ကောင်းကင်အာဏာစက်ဘုံမှ အိမ်ရှေ့စံကို လက်စားချေခဲ့သည်။ ကောင်းကင်အာဏာစက် ပြည်ထောင်၏ နန်းတော်မှ တန်ခိုးရှင်များ အားလုံးရှေ့တွင် သူသည် အိမ်ရှေ့စံအား အရက်စက်ဆုံးနည်းလမ်းကို သုံး၍ သတ်ဖြတ်ခဲ့ပြီး ကောင်းကင်အာဏာစက်ပြည်ထောင်၏ ကျောင်းဆောင်ထိပ်ဖျားတွင် သူ၏ ဦးခေါင်းအား ချိတ်ဆွဲထားခဲ့သည်။

ယခု ဂူတုံးလျှို၏ ထွက်ပေါ်လာမှုသည် ဂူကျန်းနန်တို့ ဇနီးမောင်နှံ၌ သွေးသားမျိုးဆက် ကျန်ရစ်ခဲ့သည်လားဆိုခြင်းကို လူအများအား သိချင်လာစေရန် ပြုလုပ်နေပေသည်။

မည်သူကမှ ထိုအကြောင်းကို မကြားဖူးခဲ့ပေ။

သို့သော် ယနေ့ ဖြစ်ပျက်ခဲ့သည့် အရာများသည် ထိုဖြစ်နိုင်ချေက မြင့်မားသည်ကို ထောက်ပြနေခဲ့သည်။

ဂူတုံးလျှိုသာ အမှန်တကယ် ဂူကျန်းနန်တို့ ဇနီးမောင်နှံ၏ ကလေးဖြစ်ခဲ့ပြီး ဂူထျန်းရှင်း၏ မြေးဖြစ်နေပါက သူသည် ခဏအတွင်း ကျင့်ကြံပြီးနောက် သူ၏ ချိပ်စည်းကို ဖယ်ရှားသွားနိုင်ခဲ့လျှင်...

အနာဂတ်၌ နောက်ထပ် သွေးမုန်တိုင်းတစ်ခု ထပ်ကာ ဖြစ်ပေါ်လာလိမ့်မည်ဟု လူအများက တွေးတောနေကြပေသည်။

ကောင်းကင်အာဏာစက်ပြည်ထောင်နှင့် ဂူကလန်ကြားမှ အာဃာတသည် ပြီးဆုံးသွားရန်မှာ ဝေးကွာလွန်းလှပေသည်။

သို့သော် ရီဖူရှင်းသည် ထိုအချိန်၌ စိတ်သက်သာရာ ရသွားခဲ့သည်။ သူက အစ်ကိုသုံး၏ ဘဝအကြောင်းကို မသိသော်လည်း အခက်အခဲမရှိ ထွက်သွားနိုင်ခြင်းမှာ ကံကောင်းလှပေသည်။

အစ်ကိုသုံးအား အဝေးသို့ ခေါ်ဆောင်သွားသူက အမှန်တကယ်ပင် ဂူထျန်းရှင်း ဖြစ်သည်လား။

သူတို့သည် သူ၏ ခန္ဓာကိုယ်၌ စွမ်းအားများကို ချိပ်ပိတ်ခဲ့သည့်အခါ၌ ယနေ့ကဲ့သို့ နေ့မျိုး ရောက်ရှိလာလိမ့်မည်ဟု မျှော်မှန်းထားသောကြောင့် ဖြစ်လိမ့်မည်။

လေထုထဲတွင် အင်ပါယာကျီမင်သည် ရီဖူရှင်းကို ငုံ့ကာ တစ်ချက်ကြည့်လိုက်၏။

ဂူတုံးလျှိုသည် ရီဖူရှင်း၏ အစ်ကိုဖြစ်သည်။ ရီဖူရှင်းသည် သူ့ကို တွေ့ခွင့်ရရန်အတွက် ဝူထူနတ်တောင်သို့ သွားခဲ့ပြီး ဂူတုံးလျှိုအတွက် တောင်းပန်ခဲ့သည်ဖြစ်ရာ သူတို့၏ ဆက်ဆံရေးရ ကောင်းမွန်လိမ့်မည်ဖြစ်သည်။

သို့သော် အစွမ်းထက်ပုဂ္ဂိုလ်က ဂူတုံးလျှိုကို ခေါ်သွားနိုင်သည့်အတွက် ရီဖူရှင်းကို ဖမ်းဆီးရန်လည်း မလိုအပ်တော့ပေ။ အင်ပါယာကျီမင်သည် အကြောင်းပြချက်မရှိ မုန်းတီးမှုကို လှုံ့ဆော်ရန် မလိုအပ်တော့ပေ။

ရီဖူရှင်း ကိုယ်တိုင်သည်လည်း သူ၏ အစ်ကိုတွင် ထိုကဲ့သို့ နောက်ခံမျိုး ရှိသည်ဟု ထင်မှတ်မထားခဲ့မိမည်မှာ သေချာပေသည်။

“မင်း.. ကျုပ်ရဲ့ နယ်မြေမှာ ကျင့်ကြံချင်လား” အင်ပါယာကျီမင်က ရီဖူရှင်းကို ထပ်မေးလိုက်သည်။ သူက ရီဖူရှင်းအား ဒုတိယအကြိမ် ထပ်မံဖိတ်ခေါ်လိုက်ခြင်း ဖြစ်သည်။

ရီဖူရှင်းသည် အင်ပါယာကျီမင်ကို မော့ကြည့်လိုက်သည်။ အင်ပါယာသည် ထိုနေရာတွင် အလွန် ထည်ဝါခန့်ညားစွာ ရပ်၍ နေပေသည်။ သူ၏ နက်ရှိုင်းသော မျက်ဝန်းများက အလွန်နက်နဲလှပြီး သူ၏ အတွေးများကို မည်သူကမှ ခန့်မှန်းနိုင်လိမ့်မည် မဟုတ်ပေ။

သို့သော် သူ၏ အစ်ကိုသုံးက ခရမ်းရင့်ကောင်းကင်နန်းတော်နှင့် ရန်ငြိုးရှိနေပြီး သူက ကျီမင်နယ်မြေတွင် ကျင့်ကြံရန်မှာ အလွန် သက်သောင့်သက်သာ မဖြစ်နိုင်သည့် အခြေအနေပင် ဖြစ်သည်။

လူတိုင်း၏ မျက်လုံးများသည် ရီဖူရှင်း အပေါ်တွင် တဖန် ကျရောက်လာကြပြန်သည်။ အရာအားလုံးသည် သူတို့အတွက် ထိတ်လန့်တုန်လှုပ်ဖွယ် ဖြစ်ပွားခဲ့သည့်အတွက် သူတို့သည် ဂူတုံးလျှိုကြောင့် နတ်တောင်၏ မူလစံချိန်ကို ချိုးဖျက်ခဲ့သည့် ရီဖူရှင်း အကြောင်းကို မေ့လုနီးပါး ဖြစ်သွားခဲ့သည်။ ရီဖူရှင်းသည် အလွန်ပင် အရည်အချင်းရှိသော ရှားပါးပုဂ္ဂိုလ်ဖြစ်ပေသည်။

ထိုသည်က အင်ပါယာကျီမင်သည် ရီဖူရှင်းကို သူ၏ တပည့်အဖြစ် ဒုတိယအကြိမ်မြောက် ဖိတ်ခေါ်ခြင်း ဖြစ်ပေသည်။

သို့သော် အင်ပါယာကျီမင်က ဂူတုံးလျှိုကို လွှတ်ပေးရန် ငြင်းဆန်ခဲ့သည့်အတွက် ရီဖူရှင်းသည် သူ၏ လမ်းညွှန်မှုအောက်တွင် ကျင့်ကြံရန် ဆန္ဒရှိလိမ့်မည်မဟုတ်ပေ။

“အရှင်မင်းကြီးရဲ့ အသိအမှတ်ပြုမှုကို ကျေးဇူးတင်ပါတယ်။ ဒါပေမယ့် ကျွန်တော်က မိုးကြိုးလမ်းစဉ်ကို အထူးပြုတာ မဟုတ်တဲ့အတွက် အရှင်မင်းကြီးရဲ့ မျှော်လင့်ချက်အတိုင်း မဖြစ်စေမိမှာ စိုးရွံ့ပါတယ်” ရီဖူရှင်းက ဦးညွှတ်ကာ ပြောလိုက်သည်။ သူက ထိုအချိန်၌ မည်သည်ကို ခံစားနေရသည်ဖြစ်စေ ထုတ်ပြလိမ့်မည် မဟုတ်ပေ။

လူအများသည် သူက ငြင်းဆန်လိမ့်မည်ဟု မျှော်လင့်ထားပြီးသား ဖြစ်သော်လည်း သူက မိုးကြိုးစွမ်းအား အထူးပြုသူ မဟုတ်ဟုပင် ဆိုနေလေသည်။ ထိုသည်က အလွန်ပင်...

နတ်မိုးကြိုးရိုက်ချက် တစ်ထောင်ကို ခံယူပြီး ဝူထူနတ်တောင်၏ မူလစံချိန်ကို ချိုးဖျက်ခဲ့သော မိုးကြိုးစွမ်းအား အရည်အချင်းရှိ ပါရမီရှင်သည် မိုးကြိုးလမ်းစဉ်ကို အပျော်သဘောနှင့်သာ ကျင့်ကြံပါသည်ဟု ပြောနေလေသည်။ သူ့အနီးမှ လူများ မည်သို့ ခံစားရမည်ကို လူတိုင်း ခန့်မှန်းနိုင်ပေသည်။

မိုးကြိုးလမ်းစဉ်တွင် ကြီးမားသော အောင်မြင်မှုများ ရရှိရန် ကျင့်ကြံထားကြသည့် တန်ခိုးရှင်များက သူ့ကို မည်သို့ ထင်မြင်ကြမည်နည်း။

“တော်တော် စိတ်ကြီးဝင်နေတာပဲ” အင်ပါယာကျီမင်၏ နောက်မှ ကျန်းချန်ချင်း၏ အသံက ခပ်တိုးတိုး ထွက်ပေါ်လာသည်။ ရီဖူရှင်း၏ အသံက သိမ်မွေ့ယဉ်ကျေးသော်လည်း စကားလုံးများကတော့ သူ့ကို သရော်နေသကဲ့သို့ပင် ဖြစ်သည်။

သူသည် မိုးကြိုးလမ်းစဉ်ကို အသုံးပြုရာ၌ အလွန် ကောင်းမွန်ပြီး နတ်တောင်တွင် နတ်မိုးကြိုး ရိုက်ချက် ကိုးရာကို ခံယူပြီး စံချိန်တင်ခဲ့ပေသည်။

ကျန်းချန်ချင်းသာမကဘဲ ဒဏ္ဍာရီဂိုဏ်းရှစ်ခုမှ မိုးကြိုးလမ်းစဉ် တန်ခိုးရှင်များကလည်း ရီဖူရှင်းကို စူးစိုက်ကြည့်နေကြပေသည်။ ရီဖူရှင်း၏ စကားလုံးများက အလွန်ပင် မောက်မာလှသည့် အသံပေါ်နေသည်။

“ကျုပ် ထင်တာမမှားရင် ဒဏ္ဍာရီဂိုဏ်းရှစ်ခုထဲမှာ သူက စံချိန်ကို ချိုးဖျက်ခဲ့ပေမယ့် မိုးကြိုးလမ်းစဉ်ကို သင်ယူဖို့ ဂိုဏ်းထဲမဝင်ချင်တာ ပထမဆုံးပဲ ဟုတ်တယ်မလား” ထိုအချိန်တွင် ရန်ဟောင်တစ်ပါးက ပြုံးကာ ပြောလိုက်သည်။ သူက အင်ပါယာကျီမင်ဘက်သို့ လှည့်ကာ ကြည့်ရင်း ပြောလိုက်၏။ “ကျီမင်.. မင်းရဲ့ ခရမ်းရင့်မြေအောက်လောကဂိုဏ်းက သိပ်ပြီး ဆွဲဆောင်မှုမရှိဘူး ထင်တယ်”

အင်ပါယာကျီမင်က စိတ်ကူးထဲပင် မရှိပုံပင် သူ့ကို တစ်ချက်လှမ်းကြည့်လိုက်သည်။ သူသည် ထိုလူ၏ အသံမှ အနည်းငယ် လှောင်ပြောင်လိုမှုကို နားလည်ပေသည်။

“နှစ်ပေါင်းများစွာမှာ နတ်တောင်ရှစ်ခုရဲ့ မူလစံချိန်ကို ချိုးဖျက်နိုင်သူက များများစားစားမရှိခဲ့ဘူး။ မင်းက ဝူထူနတ်တောင်က ကောင်းကင်မိုးကြိုးစံချိန်ကို ချိုးဖျက်နိုင်ခဲ့တယ်ဆိုမှတော့ ခရမ်းရင့်ကောင်းကင်နန်းတော်ကို လာပြီး ကျင့်ကြံမယ်ဆိုရင်ရော ဘယ်လိုလဲ” ထိုအချိန်တွင် လေထဲရှိ ခရမ်းရင့်ကောင်းကင်နန်းတော်မှ တန်ခိုးရှင်တစ်ဦးက ရီဖူရှင်းကို ငုံ့ကြည့်ပြီး အကြံပေးလိုက်သည်။

သူ၏ စကားလုံးများက လူအများကို ထိတ်လန့်တုန်လှုပ်သွားစေခဲ့သည်။

မျက်လုံးအစုံပေါင်း များစွာက ရီဖူရှင်းဆီသို့ ကြည့်လိုက်ကြပြီး ထိုစကားများကြောင့် လူများ အားလုံးက စိတ်လှုပ်ရှားနေကြပေသည်။

ခရမ်းရင့်ကောင်းကင်နန်းတော်ပင်လျှင် သူ့ကို ကမ်းလှမ်းလာခဲ့သည်။

ခရမ်းရင့်မြေအောက်လောကနယ်မြေမှ တန်ခိုးရှင်များ အားလုံး၏ မျက်နှာထက်တွင် ထူးဆန်းသော အကြည့်များ ဖြစ်ပေါ်လာသည်။ ကျန်းချန်ချင်းသည် သူ၏ မျက်ခုံးများကို အနည်းငယ် ပင့်မလိုက်သည်။ ခရမ်းရင့်ကောင်းကင်နန်းတော်သည် ထိုနေရာ၌ ကျင့်ကြံရန် သူ့ကို မည်သည့်အခါကမှ မဖိတ်ခေါ်ခဲ့ပေ။

အားလုံးသော မိုးကြိုးလမ်းစဉ်များသည် ကောင်းကင်နန်းတော်မှ ဆင်းသက်လာခြင်း ဖြစ်ပြီး ခရမ်းရင့်ကောင်းကင်နန်းတော်သည် မိုးကြိုးလမ်းစဉ် ဒဏ္ဍာရီဂိုဏ်းရှစ်ခု၏ ဦးဆောင်လမ်းပြဖြစ်သည်။

ခရမ်းရင့်ကောင်းကင်နန်းတော်သို့ ဝင်ရောက်ခွင့် ရခြင်းသည် ပြိုင်ဘက်ကင်းဝူထူမိုးကြိုးလမ်းစဉ် အပါအဝင် အားလုံးသော မိုးကြိုးလမ်းစဉ် အမျိုးအစား အားလုံးကို ကျင့်ကြံနိုင်မည်ဟု ဆိုလိုခြင်း ဖြစ်သည်။ မည်မျှ သင်ယူနိုင်မည်ဆိုခြင်းမှာ ထိုသူ၏ ပါရမီ အရည်အချင်းက မည်မျှ အားကောင်းသည်ဟူသည့် အပေါ်တွင် မူတည်ပေသည်။

ထိုနေရာမှ သာမန်တပည့်ပင်လျှင် အလွန် အရည်အချင်းရှိသူ ဖြစ်မည်မှာ သေချာလှပေသည်။

သို့သော် ရီဖူရှင်းကို ခရမ်းရင့်ကောင်းကင်နန်းတော်တွင် ကျင့်ကြံရန် ဖိတ်ခေါ်ခြင်း၏ အကြောင်းရင်းတွင် ဂူတုံးလျှိုသည်လည်း တစ်စိတ်တစ်ပိုင်း ပါဝင်ပေသည်။

ရီဖူရှင်းက သဘောတူလိမ့်မည်လား။

ထိုသူ ကမ်းလှမ်းလိုက်သည်က ရီဖူရှင်း၏ ကြိုတင်မျှော်မှန်းထားခဲ့သည်များကို ကျော်လွန်သွားခဲ့သည်။ သူသည် ကောင်းကင်ထက်မှ ပုဂ္ဂိုလ်ကို မော့ကြည့်ကာ ပြောလိုက်၏။ “အခုလို ကမ်းလှမ်းတဲ့အတွက် ကျေးဇူးတင်ပါတယ်။ ဒါပေမယ့် ကျွန်တော့်ရဲ့ အကန့်အသတ်ရှိတဲ့ အရည်အချင်းက ကောင်းကင်နန်းတော်ကို ဝင်ရောက်ဖို့ မထိုက်တန်မှာ စိုးမိပါတယ်”

သူက ဝင်ရောက်ဖို့ မထိုက်တန်သည်လား....။

ရီဖူရှင်းသည် လူအများကို ပြောစရာ စကားမဲ့သွားစေရန် တုံ့ပြန်နိုင်လေသည်။ ကမ်းလှမ်းချက်ကို ငြင်းပယ်သည့် သူ၏ အကြောင်းပြချက်က အနည်းငယ် ဟန်မူပိုလွန်းနေသည်။ သူသည် မိုးကြိုးလမ်းစဉ်က သူ၏ နယ်ပယ်မဟုတ်ဟုပင် ပြောဆိုခဲ့လေသည်။

သို့သော် ထိုသည်က ရီဖူရှင်း၏ စရိုက်ပင် ဖြစ်သည်။

ထိုနေရာသည် ကောင်းကင်အာဏာစက်ဘုံတွင် အမြင့်ဆုံး အင်အားစုတစ်ခု ဖြစ်သော်လည်း သူက ဝင်ရောက်ရန် ငြင်းဆန်နေခဲ့သည်။

ကောင်းကင်ထက်ရှိ ခရမ်းရင့်ကောင်းကင်နန်းတော်မှ တန်ခိုးရှင်များသည် ရီဖူရှင်းထံသို့ တစ်ချက်လှမ်းကြည့်လိုက်ကြသည်။ သူ့ကို စကားပြောလိုက်သူသည် အဝေးသို့ ကြည့်ကာ မည်သည့်စကားမှ ထပ်မပြောတော့ပေ။

သူက ခရမ်းရင့်ကောင်းကင်နန်းတော်၏ ကမ်းလှမ်းချက်ကို ငြင်းပယ်နိုင်မည်ဟု မည်သူက မျှော်လင့်ထားလိမ့်မည်လဲ။

ထိုတန်ခိုးရှင်၏ ဘေး၌ ရပ်နေသည့် လူငယ်က ရီဖူရှင်းဆီသို့ ကြည့်လိုက်သည်။ သူ၏ အကြည့်များက ထက်ရှနေခဲ့သည်။ ယင်းအကြည့်များအထဲတွင် မိုးကြိုးများ သိုဝှက်ထားသကဲ့သို့ပင် ဖြစ်၏။ သူက ရီဖူရှင်းကို တစ်ချက် လှမ်းကြည့်လိုက်ပြီး တည်ငြိမ်စွာ ပြောလိုက်သည်။ “မင်းက ကောင်းကင်နန်းတော်ရဲ့ မိုးကြိုးလမ်းစဉ်ကို ဆက်ခံခဲ့ပေမယ့် ကောင်းကင်လမ်းစဉ် ဂိုဏ်းမှာ ကျင့်ကြံဖို့ ငြင်းဆန်ခဲ့တယ်။ ဒါဆို ဒီအချိန်ကစပြီး မင်း ကောင်းကင်နန်းတော်က မိုးကြိုးလမ်းစဉ်ကို ကျင့်ကြံတာ ငါ မမြင်ရစေနဲ့”

သူ၏ အသံက တည်ငြိမ်နေသော်လည်း ခိုင်မာသည်။ ဝူထူနတ်တောင်၏ ပြိုင်ဘက်ကင်း ဝူထူမိုးကြိုးလမ်းစဉ်သည် ခရမ်းရင့်ကောင်းကင်နန်းတော်မှ ဆင်းသက်လာခြင်း ဖြစ်သည်။ ခရမ်းရင့်ကောင်းကင်နန်းတော်သည် နတ်တောင်ရှစ်ခု၌ ကောင်းကင်မိုးကြိုးများ ပစ်ခတ်ခြင်း အစဉ်အလာကို တည်ထောင်ခဲ့ခြင်းမှာ တလောကလုံးကို မိုးကြိုးလမ်းစဉ်များ ပျံ့နှံ့စေရန် ရည်ရွယ်ခဲ့ခြင်း ဖြစ်သည်။

ထိုပွဲတော်သည် မိုးကြိုးလမ်းစဉ် ကျင့်ကြံသော သက်ဆိုင်ရာ ဂိုဏ်းများ၏ တန်ခိုးရှင်များအတွက် ရည်ရွယ်ခဲ့ခြင်း ဖြစ်သည်။

အမွေအနှစ်အား ဆက်ခံပြီးမှ ဂိုဏ်းသို့ ဝင်ရောက်စေရန် ပြဋ္ဌာန်းချက် မရှိပေ။

အကြောင်းမှာ ထိုသူများအားလုံးသည် မိုးကြိုးလမ်းစဉ်၏ အရည်အချင်းကို ပိုင်ဆိုင်ထားသည့်အတွက် အခြားသူအားလုံးမဆိုထားနှင့် အကောင်းဆုံး အရည်အချင်း ပြသနိုင်သူများပင်လျှင် ဝင်ရောက်လိုကြခြင်းကြောင့် ဖြစ်ပေသည်။

သို့သော် ရီဖူရှင်းသည် ပထမဆုံး အင်ပါယာကျီမင်ကို ငြင်းဆန်ခဲ့ပြီးနောက် ခရမ်းရင့်ကောင်းကင်နန်းတော်ကိုပင် ငြင်းဆန်ခဲ့သည်။

ထို့အတွက် နောက် အနာဂတ်တွင် သူသည် ကောင်းကင်နန်းတော်၏ မိုးကြိုးလမ်းစဉ်ကို ကျင့်ကြံရန် လက်လျှော့လိုက်သင့်ပေသည်။

အင်ပါယာကျီမင်အနီးမှ ဒဏ္ဍာရီရှစ်ခု ခေါင်းဆောင်များသည် ရီဖူရှင်း၏ ပါရမီကြောင့် သူတို့ထံ လာရောက်ရန် ဖိတ်ခေါ်လိုသော်လည်း ယခုတွင် ထိုသို့ လုပ်ဆောင်ရန် လိုအပ်သည့်ပုံ မပေါ်တော့ပေ။

ရီဖူရှင်းသည် ထူးကဲသာလွန်သည့် ပါရမီအရည်အချင်း ရှိသော်လည်း သူသည် စိတ်ကြီးဝင်နေသော လူဖြစ်သည်။ ယခု သူသည် မိုးကြိုးလမ်းစဉ်နှင့် ကျင့်ကြံခြင်း ပြုနိုင်တော့မည် မဟုတ်ပေ။

“သွားကြစို့” ခရမ်းရင့်ကောင်းကင်နန်းတော်မှ တန်ခိုးရှင်တစ်ဦးက ပြောလိုက်သည်။ မကြာခင် သူ၏ အဖွဲ့သည် လျှပ်စီးအလင်းကဲ့သို့ ပြောင်းလဲကာ ကောင်းကင် အတွင်းသို့ ဝင်ရောက် ပျောက်ကွယ်သွားလေသည်။

အခြားသော အင်အားစုများသည်လည်း ထွက်သွားရန် ပြင်ဆက်နေကြပြီ ဖြစ်သည်။ ဗြဟ္မာ့သန့်စင်ကောင်းကင်မှ နတ်မိမယ်သည်လည်း ပြန်ရန် လှည့်လိုက်ပေမယ့် ရုတ်တရက် ရီဖူရှင်းက သူမကို အော်ပြောလိုက်သည်အား ကြားလိုက်ရပေသည်။ “သံတမန်အရှင်မ.. ကျွန်တော့်ကို ခဏလောက် စကားပြောခွင့်ပြုပါ”

ဗြဟ္မာ့သန့်စင်ကောင်းကင်မှ နတ်မိမယ်က သူမ၏ ခေါင်းကို လှည့်ကာ ရီဖူရှင်းကို ကြည့်လိုက်သည်။ လူအများ၏ မျက်နှာများထက်တွင် ထူးဆန်းသော အကြည့်တို့ ပေါ်ပေါက်လာခဲ့သည်။ ထိုသူက ကောင်းကင်နန်းတော်မှ ဖိတ်ကြားချက်ကို ငြင်းဆန်ခဲ့သော်လည်း နောက်ခဏအတွင်း နတ်မိမယ်ဘက်သို့ လှည့်သွားခဲ့သည်။ သူက ဘာကို ဆိုလိုနေသနည်း။

“ဘာကိစ္စရှိလို့လဲ” ဗြဟ္မာ့သန့်စင်ကောင်းကင်မှ နတ်မိမယ်က တည်ငြိမ်သည့်အသံဖြင့် မေးလိုက်သည်။

“သံတမန်အရှင်မ.. ကျွန်တော် မေးချင်တာက ဗြဟ္မာ့သန့်စင်ကောင်းကင် တန်ခိုးရှင်တွေကြားထဲမှာ အောက်ဘုံမှာ ကျင့်ကြံခဲ့ဖူးပြီး ဟွာဂျီယူလို့ ခေါ်တဲ့ တန်ခိုးရှင်များ ရှိလား” ရီဖူရှင်းက မေးလိုက်သည်။ သူသည် အလွန် စိုးရိမ်ပူပန်နေပုံပေါ်ပြီး သူ၏ အကြည့်များက ထိုနတ်မိမယ်ပေါ်၌ မြဲမြံနေကာ သူ၏ နှလုံးသာ အလွန် လျင်မြန်စွာ ခုန်ပေါက်နေသည်။

ဤသည်က ဗြဟ္မာ့သန့်စင်ကောင်းကင်မှ လူဆီသို့ ပထမဆုံး ချဉ်းကပ်မိခြင်း ဖြစ်ပြီး သူက ဂျီယူ၏ သတင်းကို ကြားလိုနေသည်။

နတ်မိမယ်သည် တည်ငြိမ်နေဆဲပင် ဖြစ်သည်။ ထို့နောက် သူမသည် ရီဖူရှင်းထံသို့ တစ်ချက်လှမ်းကြည့်လိုက်ပြီးနောက် လှည့်ထွက်သွားရင်း စကားချန်ခဲ့လေသည်။ “မရှိဘူး”

ထိုစကားပြောပြီးနောက် ဗြဟ္မာ့သန့်စင်ကောင်းကင်မှ တန်ခိုးရှင်များအားလုံး ထွက်ခွာသွားကြပြီး မကြာခင်တွင် မြင်ကွင်းမှ ပျောက်ကွယ်သွားလေသည်။

ရီဖူရှင်းသည် သူမ၏ အဖြေစကားကို ကြားပြီးသည့်အခါ လေထဲတွင် အေးခဲသွားခဲ့သည်။ မရှိဘူးတဲ့လား။

သူသည် ရှားရှင်းယွန်ထံမှ ဂျီယူ အသက်ရှင်လျက် ရှိနေနိုင်သေးသည်ကို ကြားခဲ့တာကြောင့် မျှော်လင့်ချက် ကြိုးမျှင်ကို ဆုပ်ကိုင်ရင်း ကောင်းကင်အာဏာစက်ဘုံသို့ လာခဲ့ခြင်း ဖြစ်သည်။

နောက်ဆုံး၌ သူသည် ဗြဟ္မာ့သန့်စင်ကောင်းကင်မှ လူနှင့် ဆုံတွေ့ခဲ့သော်လည်း သူမက သူ့ကို 'မရှိဘူး' ဟု ပြောခဲ့လေသည်။

ဂျီယူသာ ဗြဟ္မာ့သန့်စင်ကောင်းကင်တွင် မရှိခဲ့လျှင် ထိုသည်က မည်သည့် အဓိပ္ပါယ်နည်း။

သူမက အမှန်တကယ် အသက်ရှင်နေသေးရဲ့လား။

ရီဖူရှင်း၏ မျက်နှာက အလွန်ပင် သွေးဆုတ်ဖြူရော်နေခဲ့သည်။ သူ့ မျက်နှာပေါ်သို့ လေက တိုက်ခတ်နေပြီး သူသည် အအေးဓာတ် အနည်းငယ်ကို ခံစားရပေသည်။

သူ့အနားမှ လူများသည် သူ့ကို ကြည့်နေကြသည်။ ရီဖူရှင်းက အနည်းငယ် ထူးဆန်းနေသည်။ သူသည် ကောင်းကင်နန်းတော်မှ ဖိတ်ကြားချက်ကို ငြင်းဆန်ခဲ့သော်လည်း ဗြဟ္မာ့သန့်စင်ကောင်းကင်နှင့် ဆက်သွယ်လိုသည်လား။

သို့သော် ဗြဟ္မာ့သန့်စင်ကောင်းကင်က သူ့ကို လျစ်လျူရှုခဲ့သည်။

သူက မည်မျှ အရည်အချင်း ရှိပါစေ ဗြဟ္မာ့သန့်စင်ကောင်းကင်မှ နတ်မိမယ်၏ မျက်နှာသာ ပေးမှုကို မရရှိခဲ့ပေ။

ရှားရှင်းယွန်သည် ရီဖူရှင်း၏ ဘေးသို့ ရောက်လာသည်။ ရီဖူရှင်း၏ ဖြူဖျော့နေသော မျက်နှာကို ကြည့်ပြီး သူမသည်လည်း တစ်ခုခုကို ပျောက်ဆုံးသွားသလို ခံစားလိုက်ရသည်။

“သူမက နင် မေးတာကို သေချာ နားမလည်တာလဲ ဖြစ်နိုင်ပါတယ်” ရှားရှင်းယွန်က တိုးတိုး ပြောလိုက်သည်။ သို့ပေမယ့် သူမက ပျော်ရွှင်နေသင့်သည်မဟုတ်လား။

အဘယ့်ကြောင့် သူမပါ ဝမ်းနည်းမှုကို ခံစားနေရသနည်း။

***

All Chapters