မြစိမ်းရောင်ဒရယ်နန်းတော်သခင်
Vol. 014 Ch. 1361
ကောင်းကင်အာဏာစက် နယ်နိမိတ်ကျောက်တုံး၏ အနောက်ဘက်ဒေသတွင် ကောင်းကင်အာဏာစက်ဘုံမှ အနည်းငယ်သော လူသားတန်ခိုးရှင်တို့ ခြေချနိုင်သည့် နေရာမှာ မြေရိုင်းဒေသ ဖြစ်သည်။ အတော်ဆုံး တန်ခိုးရှင်များသာလျှင် ဤအရှုပ်အထွေးနယ်မြေထဲသို့ ခြေချရဲကြပေသည်။
ကျရှုံးသူများအတွက် လူသားတန်ခိုးရှင် နယ်မြေက ရက်စက်သည်ဟု ဆိုနိုင်သော်လည်း အနည်းဆုံးတော့ လိုက်နာရမည့် စည်းမျဉ်းစည်းကမ်းများ ရှိပေသည်။ ထို့ကြောင့် လူသားများသည် သူတို့အမျိုးအနွယ်များ အကြား၌သာ နေထိုင်ခြင်းက ပို၍ လုံခြုံစိတ်ချရသည်ဟု ခံစားမိကြလေသည်။
နတ်ဆိုးဘုံ၏ နယ်မြေသည် မသိနိုင်သော အရာများနှင့် ပြည့်နှက်နေပြီး လူသားသည် သူတို့ မသိရှိသည့် အရာများနှင့် ပတ်သတ်ပြီး ပိုမိုသတိရှိရန် လိုအပ်ပေသည်။
သို့သော် အရေအတွက် များပြားသည့် လူသားတန်ခိုးရှင်များသည် လတ်တလောတွင် မြေရိုင်းဒေသသို့ ချဉ်းနင်းဝင်ရောက်လာကြသည်။ ကောင်းကင်အာဏာစက်ဘုံ၏ ထိပ်တန်းအင်အားစု ငါးခုက ဦးဆောင်ကာ သူတို့ နောက်တွင် မရေတွက်နိုင်သော လူများ လိုက်ပါလာ၏။
ထိုအချိန်တွင် လူတစ်စုသည် ကျယ်ပြောသည့် ကန္တာရကို ဖြတ်ကာ ဓားကို စီးနင်း၍ ကောင်းကင်ထက်တွင် လျင်မြန်စွာ ပျံသန်းလာနေကြသည်။
သူတို့သည် အဝေးမှ လာနေသည့် ရီဖူရှင်းနှင့် သူ့အဖွဲ့သားများ ဖြစ်ကြသည်။
အင်ပါယာကျီမင်နယ်မြေသည် ကောင်းကင်အာဏာစက်ဘုံ၏ အနောက်ဘက်ဒေသ နတ်ဆိုးဘုံနှင့် ကပ်လျက် တည်ရှိလျှင်ပင် ကောင်းကင်အာဏာစက်ဘုံသည် အလွန် ကျယ်ပြန့်လှသည်။ ထို့ကြောင့် သူတို့သည် ရောက်ရှိရန် အတော်လေး သွားရပေသည်။
သူတို့က တခါတရံ၌ အောက်သို့ ငုံ့ကြည့်သည့်အခါ မိစ္ဆာသားရဲများ တစ်ကောင်စ နှစ်ကောင်စက သူတို့၏ အမြင်အာရုံအတွင်းသို့ တိုးဝင်လာသည်။ သို့သော် မိစ္ဆာသားရဲအများစုသည် လေထဲမှ ဓားစွမ်းအင်ကို ထောက်လှမ်းမိသည်နှင့် သူတို့ထံမှ ပုန်းကွယ်ရန် ရွေးချယ်ပေသည်။
လူသားတန်ခိုးရှင် လောကကဲ့သို့ပင် နတ်ဆိုးဘုံတွင်လည်း များပြားလှသည့် မိစ္ဆာသားရဲများအကြားတွင် အားနည်းသူများ အများအပြားရှိပေသည်။
တန်ခိုးရှင်လောကသည် အမြဲ ပိရမစ်ပုံစံ တည်ရှိသည်။ အမြင့်ပိုင်းအဆင့်များသည် အနည်းငယ်မျှသော တန်ခိုးရှင်များသာ ဖြစ်သည်။ ရီဖူရှင်းသည် ပို၍ သန်မာလာစေရန် အမြဲပင် အစွမ်းထက်ဆုံး တန်ခိုးရှင်များနှင့်သာ တွေ့ဆုံခဲ့ပြီး သူနှင့် အဆင့်တူသူ မဟုတ်လျှင် သူ့ထက် အဆင့်မြင့်သူများ ဖြစ်ခဲ့သည်။ သို့မဟုတ်လျှင် သူ့အတွက် တစ်နေရာရှာတွေ့ပြီး အရှင်သခင်ဖြစ်ရန်မှာ အလွန် လွယ်ကူနေမည် ဖြစ်သည်။
ထို့ပြင် များပြားလှသော မိစ္ဆာသားရဲများသည် နတ်ဆိုးဘုံရှိ မြေရိုင်းဒေသအတွင်း ကလန်များတွင် စုဖွဲ့ကာ နေထိုင်ကြသည်။ သူတို့ထဲက အချို့မှာ သူတို့ နေထိုင်ရန် နေရာများကို တောင်များအတွင်း၌ လိုဏ်ဂူများ တည်ဆောက်ထားကြသည်။ ရီဖူရှင်းသည် အချိန်အကြာကြီး သွားနေခဲ့သော်လည်း မြို့တစ်မြို့ကိုပင် မမြင်တွေ့ခဲ့ပေ။
လူအဖြစ် ပြောင်းလဲနိုင်သည့် မိစ္ဆာသားရဲများမှာ အလွန်ပင် ရှားပါးလှသည်။ အသွင်ပြောင်းလဲနိုင်သည့် စွမ်းရည်ကို မွေးရာပါ ရရှိခဲ့သည့် အစွမ်းထက် နတ်ဆိုးမျိုးဆက်များ မဟုတ်ပါက သာမန်မိစ္ဆာသားရဲများသည် ရှန့်ထိုအဆင့်သို့ ရောက်ရှိပြီးမှသာ အသွင်ပြောင်းလဲခြင်းကို လုပ်ဆောင်နိုင်ပေသည်။
“ဒီနေရာမှာ အရမ်းအားကောင်းတဲ့ နတ်ဆိုးအရှိန်အဝါ ရှိနေတယ်။ အစွမ်းထက်နတ်ဆိုး တစ်ကောင် ဖြစ်လိမ့်မယ်” ချင်ရွှမ်ကန်းသည် ဓားကို ထိန်းချုပ်နေရင်း ပြောလိုက်သည်။ သူသည် အလွန်လေးနက်နေပုံရပြီး သူ၏ မျက်ဝန်းတစ်စုံဖြင့် မြုများထဲကို ဖြတ်ကာ အဝေးသို့ ကြည့်လိုက်သည်။
“သွားကြည့်ရအောင်” ရီဖူရှင်းက ပြောလိုက်သည်။ သူတို့သည် ဤနေရာသို့ ရောက်စဉ်ကပင် လမ်းပျောက်ခဲ့ပြီ ဖြစ်တာကြောင့် အဖြတ်ခံရန် လည်စင်းပေးရမည့် ကြက်ကလေးများကဲ့သို့ ဖြစ်နေခဲ့ကြပေသည်။ သူသည် ယခင်က မိစ္ဆာသားရဲများကို ထိန်းချုပ်နိုင်သော်လည်း ဤကျယ်ပြောလှသည့် မြေရိုင်းဒေသကြီးတွင် သာမန်မိစ္ဆာများ မည်မျှရှိနေမည်ကို မသိနိုင်ပေ။ သူတို့သည် နယ်မြေကနေ မည်သည့်အခါကမှ မထွက်ခွာခဲ့ဖူးသည့်အတွက် နတ်ဆိုးဘုံက မည်မျှ ကျယ်ပြောသည်ကို မသိရှိပေ။
ရှန့်ထိုအဆင့် အစွမ်းထက် မိစ္ဆာသားရဲများသည်တော့ တစ်ခုခု သိထားမည်မှာ သေချာပေသည်။
သူတို့၏ ဓားများသည် ရုတ်တရက် အရှိန်မြင့်လာပြီး ကောင်းကင်ထက်တွင် အော်မြည်ကာ လျှပ်စီးကဲ့သို့ပင် ကောင်းကင်ကို ဖြတ်သန်း၍ သွားလေသည်။
ကွင်းပြင်တွင် တိုက်ပွဲတစ်ခု ဖြစ်ပွားနေပြီး များပြားလှသည့် အလောင်းများက မြေပေါ်တွင် ပြန့်ကျဲနေသည်။
ရီဖူရှင်းနှင့် အဖွဲ့သားများသည် သူတို့၏ ဓားများကို ထိန်းချုပ်ရင်း လေထဲတွင် ရပ်လိုက်ကြသည်။ သူတို့သည် ငုံ့ကြည့်လိုက်ပြီး တန်ခိုးရှင်အဖွဲ့တစ်ဖွဲ့က အမျိုးသမီးတစ်ဦးကို ဝိုင်းထားသည်အား မြင်လေသည်။
ထိုအမျိုးသမီးသည် သိမ့်မွေ့စွာ လှပပုံပေါ်သော်လည်း သူမ၏ ခန္ဓာကိုယ်မှ အရိုးခိုက်လောက်သည့် အသက်စွမ်းအားများ ထုတ်လွှတ်နေသည်။ သူမသည် ဓားတစ်လက်ကို ကိုင်ထားပြီး ဓားရောက်ရှိသွားရာနေရာတိုင်း၌ ကောင်းကင်နှင့် မြေကြီးကြားတွင် ဓားမိုးရွာသွန်းသကဲ့သို့ ကျဆင်းလာလေသည်။ ကျဆင်းလာသည့် ဓားတစ်ခုချင်းစီတွင် ကြောက်မက်ဖွယ် ထက်ရှသော စွမ်းအားများ ပါဝင်နေပြီး ပတ်ဝန်းကျင်ကို လွှမ်းခြုံထားသည်။
ထိုအမျိုးသမီးသည် ရှန့်ထိုအဆင့် စွမ်းရည်ရှိသော်လည်း များပြားလှသည့် အစွမ်းထက် နတ်ဆိုးများက သူမကို ဝိုင်းရံနေကာ သူတို့၏ အော်မြည်သံက တစ်စုံတစ်ယောက်ည ဝိညာဉ်နှင့် စိတ်စွမ်းအားများကို ဖျက်ဆီးပစ်နိုင်လေသည်။ သူတို့သည် လက်များကို မြှောက်လိုက်ပြီး အမျိုးသမီးကို ပြင်းထန်စွာ တိုက်ခိုက်နေကြကာ သူမသည် သွေးများ အဆက်မပြတ်ထွက်နေပြီး သူမ၏ ခန္ဓာကိုယ်ပေါ် စွန်းထင်းနေသည့် သွေးများက ပိုမို များပြားလာသည်။
ဘန်း…
အခြားသော ကျယ်လောင်သည့် ဆူညံသံတစ်ခု ထွက်ပေါ်လာသည်။ အမျိုးသမီးသည် သူမ၏ နူးညံ့လှသည့် ခန္ဓာကိုယ်ကို ထိုးဖောက်သွားသော ထက်ရှသည့် လက်သည်းကြောင့် နာကျင်သွားရလေသည်။ သူမ၏ အဖြူရောင်ဝတ်စုံက ချင်းချင်းနီသည့် သွေးများဖြင့် စွန်းထင်းနေခဲ့သည်။
ခန္ဓာကိုယ် တောင့်တောင့်တင်းတင်းနှင့် ထွားကျိုင်းသည့် အစွမ်းထက် နတ်ဆိုးသားရဲ တစ်ကောင်က အနီးအနားတွင် ရပ်၍ တိုက်ပွဲကို စောင့်ကြည့်နေသည်။ သူသည် အမျိုးသမီးကို ခံစားချက်မဲ့ အမူအရာနှင့် ခြိမ်းခြောက်သည့် အသွင်ဖြင့် စူးစိုက်ကြည့်နေသည်။
“ချင်းယန်ဟယ်.. မင်းက လူသားအဖြစ် ပြောင်းလဲပြီး လူသားတန်ခိုးကျင့်စဉ်တွေကို ကျင့်ကြံခဲ့တယ်။ အရှင်မင်းသားက လူသားမိန်းမလှလေးတွေကို ကြိုက်နှစ်သက်တာမို့လို့ မင်းကို အလိုလိုက်ချစ်ခင်မယ်ဆိုတာ ကျုပ် ပြောရဲတယ်” အစွမ်းထက် နတ်ဆိုးသားရဲက ကျယ်လောင်စွာ ပြောလိုက်သည်။
“ကိုယ့်လူတို့... မြစိမ်းရောင်ဒရယ်နန်းတော်နတ်မိမယ်ကို မထိခိုက်စေနဲ့”
လူများသည် အမျိုးသမီးကို ဝိုင်းထားလိုက်သည်။ ထိုအစွမ်းထက် နတ်ဆိုးသားရဲသည် သူ၏ ခေါင်းကို မော့လိုက်ပြီး ကောင်းကင်သို့ မော့ကြည့်ကာ ပြောလိုက်သည်။
“မိတ်ဆွေ.. ကျုပ်တို့ အလုပ်ကို ဝင်မရှုပ်ပါနဲ့”
သူသည် ဤလူသားတန်ခိုးရှင် ခရီးသွားတွေကို သတိပြုမိသည်။ သူ့ကဲ့သို့အဆင့် အစွမ်းထက် နတ်ဆိုးသားရဲမျိုးသည် ဤအချင်းအရာများနှင့် အသားကျစွာ ကြီးပြင်းလာခဲ့ပေသည်။
ရီဖူရှင်း၏ အဖွဲ့သားများသည် သူ့ကို ကြည့်လိုက်ပြီး သူ ကြားဝင်မည်လား သိလိုနေကြသည်။
ထိုအချိန်တွင် ရီဖူရှင်းက ငုံ့ကြည့်လိုက်ပြီး ခေါင်းမော့ကာ သူတို့ကို ကြည့်နေသည့် ချင်းယန်ဟယ် အမည်ရှိ အမျိုးသမီးကို မြင်လိုက်လေသည်။ သူမ၏ ပါးစပ်တွင် သွေးများ စီးကျနေပြီး သူမကို ကြည့်ရသည်မှာ အလွန် ဝမ်းနည်းဖွယ် ကောင်းနေသည်။
“ကျွန်မက မြစိမ်းရောင်ဒရယ်နန်းတော်က ချင်းယန်ဟယ် ပါ။ ရှင်တို့ ကျွန်မကို ကူညီပေးနိုင်မလား” သူမက ရီဖူရှင်းကို ပြောလိုက်သည်။ သူမသာ ခေါ်ဆောင်သွားခံလိုက်ရလျှင် သူမက ကံဆိုးစွာနှင့် ကြမ်းကြုတ်သည့် သားရဲကောင်၏ ကစားစရာ ဖြစ်သွားလိမ့်မည်ကို သေချာသိရှိပေသည်။
“မိန်းကလေး.. ခင်ဗျားလည်း ကျွန်တော်တို့က လူသားကျင့်ကြံသူတွေ ဖြစ်တယ်ဆိုတာကို သိမှာပဲ။ကျွန်တော်တို့က နတ်ဆိုးဘုံရဲ့ အရေးကိစ္စတွေကို ဝင်မစွက်ဖက်ချင်ဘူး” ရီဖူရှင်းက ပြန်ပြောလိုက်သည်။ သူက သူမကို ကရုဏာသက်မိလျှင်ပင် နတ်ဆိုးဘုံအတွင်းမှ ကိစ္စများကို ထင်တိုင်းကြဲပြီး ဝင်မပတ်သတ်ရဲပေ။ သူသာ နတ်ဆိုးအင်ပါယာအဆင့် သားရဲတစ်ကောင်ကောင်ကို ဆန့်ကျင်မိလျှင် သူ့ကိုယ်သူ ကယ်နိုင်ဖို့ မဆိုထားနှင့် သူ့ကိုယ်သူ အန္တရာယ်တောထဲ ရောက်စေမည့်အပြင် သူ့အနားမှ လူများကိုလည်း ဒုက္ခဖြစ်စေလိမ့်မည်။ သူက ဂရုတစိုက် လုပ်ဆောင်မှ ရမည်ဖြစ်သည်။
“ကျွန်မက မြစိမ်းရောင်ဒရယ်နန်းတော်သခင်ရဲ့ သမီးပါ။ ရှင်တို့ ဒီကို ဘာလို့လာလဲ မသိပေမယ့် မြစိမ်းရောင်ဒရယ်နန်းတော်က ရှင်တို့ကို ကူညီနိုင်မှာ သေချာပါတယ်။ ဒီလူတွေက ဒီနယ်မြေရဲ့ ကျားဖြူရဲတိုက်က သားရဲတန်ခိုးရှင်တွေပါ။ ရဲတိုက်အရှင်သခင်က နတ်ဆိုးရှန့်ထိုလေးပဲ။ သူက ရှင်တို့ကို ဘာမှလုပ်နိုင်မှာမဟုတ်ဘူး” ထိုအမျိုးသမီးက ကတိုက်ကရိုက် ပြောလိုက်သည်။
ရီဖူရှင်းက ထွက်သွားဖို့ တွေးမိသော်လည်း ရပ်တန့်လိုက်သည်။ ဤသည်က အတော်လေး ဘေးကျပ်နံကျပ် နိုင်လှသည်။
“ကျွန်မကို ယုံပါ.. ကျေးဇူးပြု ပြီး” ချင်းယန်ဟယ်က သူ၏ မျက်လုံးများထဲသို့ ကြည့်ရင်း တောင်းပန်လိုက်သည်။
ရီဖူရှင်းသည် ချင်းယန်ဟယ်၏ ရွှန်းစိုသည့် မျက်ဝန်းများအတွင်း အနူးအညွှတ်တောင်းပန်နေခြင်းကို မြင်တွေ့လိုက်သည်။ သူက အောက်သို့ တစ်ချက်ကြည့်ကာ ပြောလိုက်၏။ “သူမကို လွှတ်ပေးပြီး ထွက်သွားတော့”
“ဘာ”
လူသားသဏ္ဌာန် မိစ္ဆာသားရဲက မျက်မှောင်ကျုံ့လိုက်သည်။ ဦးဆောင်သူ သားရဲတန်ခိုးရှင်က သူတို့ကို ရက်စက်စွာ စူးစိုက်ကြည့်လိုက်သည်။ သူသည် သူ၏ ပါးစပ်ကို ဖွင့်ဟကာ ခပ်တိုးတိုး မာန်ဖီလိုက်၏။ ရုတ်တရက် သူ၏ ဦးခေါင်းက ကြောက်မက်ဖွယ် ကြီးမားလှသည့် ကျားခေါင်းအဖြစ်သို့ ပြောင်းလဲသွားသည်။
“ကျုပ်တို့က ကျားဖြူရဲတိုက် မြင့်မြတ်အရှင်ရဲ့ လက်အောက်မှာ ခစားနေတဲ့ လူတွေပဲ။ လူသား.. မင်း ကျုပ်တို့ရဲ့ အရှင်နဲ့ ပြဿနာ ဖြစ်ချင်တာ သေချာပြီလား” ကျားမိစ္ဆာက ခက်ထန်စွာ ပြောလိုက်သည်။ အလွန် အားကောင်းပြီး ရန်လိုသည့် စွမ်းအားများသည် သူ့ခန္ဓာကိုယ်မှ ထွက်ပေါ်လာပြီး ကြောက်မက်ဖွယ် အရှိန်အဝါအဖြစ် ပြောင်းလဲသွားကာ နေရာတစ်ခုလုံးသို့ လွှမ်းခြုံသွားသည်။
“ခု ထွက်သွားစမ်း!”
ရာရာသည် ခြေလှမ်းလိုက်ပြီး သူမ၏ ဓားစွမ်းအားများက နေရာတစ်ခုလုံးသို့ လွှမ်းမိုးသွားကာ စီခနဲ လေတိုးသံများပင် ထွက်ပေါ်လာစေသည်။ သူမ၏ ဓားလှိုင်းများက ထိုအန္တရာယ်ရှိသော လေစီးကြောင်းကို ချက်ချင်း သန့်စင်ပစ်လိုက်ပြီး ရီဖူရှင်း၏ ဘေးမှနေ၍ ကာကွယ်ဟန့်တားလိုက်သည်။
ရာရာ၏ ဓားစွမ်းအားကို ထောက်လှမ်းမိလျှင် ကျားမိစ္ဆာသည် ရီဖူရှင်းနှင့် အဖွဲ့သားများကို တစ်ချက်လှမ်းကြည့်လိုက်ပြီး အထူးသဖြင့် ချင်ရွှမ်ကန်းကို အတော်ကြာအောင် ကြည့်နေခဲ့သည်။
ထိုလူသားက အနည်းငယ်မျှသော အသက်စွမ်းအားကိုသာ ထုတ်လွှတ်ထားသော်လည်း သူ၏ စိတ်အာရုံက ပြောကြားနေသည်မှာ ထိုလူသားက အန္တရာယ်အရှိဆုံး တစ်ယောက်ဟူ၍ ဖြစ်လေသည်။
“နောက်ဆုတ်ကြ!”
ကျားမိစ္ဆာက ဆုတ်ခွာရန် အမိန့်ပေးလိုက်သည်နှင့် ချက်ချင်းပင် မိစ္ဆာသားရဲများသည် ချင်းယန်ဟယ်ကို လွှတ်ပေးလိုက်ကာ ဆုတ်ခွာသွားသည်။ ဤမိစ္ဆာသားရဲများက အတော်လေးကို လျင်မြန်ပေသည်။
သူက မာန်ဖီသံတစ်ချက် ထုတ်ဖော်လိုက်ပြီး ကောင်းကင်သို့ ခြေချလိုက်သည်။ ထိုအစွမ်းထက် နတ်ဆိုးသားရဲများက တစ်ချိန်တည်းမှာပင် ဟိန်းဟောက်လိုက်ကြသည်။ သူတို့၏ အော်သံများထဲတွင် ဒေါသများကို မြှုပ်နှံထားပုံရပြီး သူတို့၏ ရန်ငြိုးများကို စိတ်ထဲတွင် သိုဝှက်သွားကြပုံပေါ်သည်။
“သူတို့ မသွားနိုင်တော့ဘူး” ချင်ရွှမ်ကန်း၏ တီးတိုးသံကို ကြားသည့်အခါ ရီဖူရှင်းသည် သူ၏ ခေါင်းကို မော့ကာ ရှေ့မှ သူတို့ကို ကြည့်လိုက်သည်။
ချင်ရွှမ်ကန်း ပြောပြီးသွားသည်နှင့် အဖြူရောင်ဝတ်ဆင်ထားပြီး မုတ်ဆိတ်မွေးဖြူ ဖြူ နှင့် အဖိုးအိုတစ်ဦးသည် ကျားမိစ္ဆာများ ထွက်ခွာသွားရာသို့ ရောက်ရှိလာသည်။ ရုတ်ချည်းပင် ကြောက်မက်ဖွယ်ရာ သတ်ဖြတ်ခြင်း စွမ်းအားများက ကောင်းကင်နှင့် မြေကြီးကြားတွင် လွှမ်းခြုံသွားသည်။
ထိုကျားမိစ္ဆာများ၏ မျက်နှာများက ရုတ်ချည်း ဖြူ ဖျော့သွားကြ၏။ အဖြူရောင် မုတ်ဆိတ်မွေးနှင့် လူအိုကြီးသည် ရှေ့သို့ တစ်လှမ်းပြီး တစ်လှမ်း ရွေ့လျားလာကာ ကောင်းကင်နှင့် မြေကြီးကြားမှ အေးစိမ့်လှသည့် သတ်ဖြတ်ခြင်း အငွေ့အသက်များက သူတစ်လှမ်းတိုးလာတိုင်း တဖြည်းဖြည်း တိုးမြင့်လာပေသည်။
“ဘုန်း…”
လူအိုကြီး၏ ခန္ဓာကိုယ်က ချက်ချင်းပင် လျင်မြန်စွာဖြင့် အရိပ်များအဖြစ် ပြောင်းလဲသွားသည်။ ကျားမိစ္ဆာများ၏ အော်မြည်သံက ကောင်းကင်ထက်တွင် ကြောက်မက်ဖွယ် ထွက်ပေါ်လာသော်လည်း သူတို့၏ အော်သံများနှင့်အတူ ကောင်းကင်ထက်တွင် သွေးမိုးများကျဆင်းလာသည်ကိုသာ မြင်နိုင်လေသည်။
“ကျုပ်တို့ ချင်းယန်ဟယ်ကို မထိခဲ့ဘူး။ ဟိုလူသားတွေ လုပ်ခဲ့တာ” ထိုအစွမ်းထက် ကျားမိစ္ဆာက အော်ဟစ်လိုက်သည်။ အဖြူရောင်မုတ်ဆိတ်နှင့် လူအိုကြီးက သူ့ကို လျစ်လျူရှုလိုက်ပြီး သူ၏ ခန္ဓာကိုယ်က အရိပ်ကဲ့သို့ ပြောင်းလဲသွားကာ ဓားစွမ်းအားများသည် ကြွေကျလာသည့် ကြယ်များကဲ့သို့ လေဟာနယ်ကို ဖြတ်သန်းလွှမ်းခြုံသွားသည်။ သူသည် ထိုသားရဲ၏ ပုခုံးထက်သို့ ခုတ်ဖြတ်ခဲ့လေသည်။
အဖြူရောင်မုတ်ဆိတ်မွေးနှင့် လူကြီးသည် ရှေ့သို့ ဆက်လက်၍ ရွေ့လျားလိုက်ပြီး သူ၏ အစွမ်းထက်မိစ္ဆာခန္ဓာကိုယ်မှ ပြာမှုန်များကဲ့သို့ ပြောင်းလဲသွားကာ လေထဲတွင် ပျက်ပြယ်သွားသည်။
“ပြန်လည်မွေးဖွားခြင်းအဆင့် ရှန့်ထို” ရီဖူရှင်းသည် ထိုလူအိုကြီးကို ကြည့်ကာ ရေရွတ်လိုက်သည်။ သူက ထိုလူအိုကြီး တိမ်များ ကြွေဆင်းလာသကဲ့သို့ အဖြူရောင်အရိပ်အဖြစ် ပြောင်းလဲသွားသည်ကို မြင်လိုက်ရပြီး ရီဖူရှင်းနှင့် အခြားလူများထံသို့ ချက်ချင်း ချဉ်းကပ်လာခဲ့သည်။
အရာအားလုံးသည် တုံ့ပြန်ချိန်ပင် မရလောက်အောင် လျင်မြန်စွာ ဖြစ်ပျက်သွားသော်လည်း ချင်ရွှမ်ကန်းသည် လက်ဝါးရိုက်ချက်တစ်ခုကို ဖော်ထုတ်ခဲ့ပြီး ဖြစ်သည်။ လူအိုကြီး၏ ဓားက နီးကပ်လာပြီး ကြီးမားသည့် လက်ဝါးရိပ်ကြီးက အလင်းဒိုင်းကာအဖြစ် ပြောင်းလဲသွားကာ ရီဖူရှင်းနှင့် အခြားလူများကို ကာကွယ်ပေးထားခဲ့သည်။
“အဖေ.. ရပ်လိုက်ပါ” ချင်းယန်ဟယ်သည် အလျင်အမြန် အော်ဟစ်လိုက်သည်။ အဖြူရောင်မုတ်ဆိတ်မွေးနှင့် လူအိုကြီးသည် ချက်ချင်း ပြန်ဆုတ်၍ ချင်းယန်ဟယ်ကို ကြည့်လိုက်သည်။
“သူတို့က သမီးကို ကယ်ခဲ့တာ” ချင်းယန်ဟယ်က အဆောတလျင် ပြောလိုက်သည်။
အဖြူရောင် မုတ်ဆိတ်မွေးနှင့် လူကြီးသည် သူ၏ အသက်စွမ်းအားများကို ပြန်ရုတ်သိမ်းလိုက်ပြီး ချင်ရွှမ်ကန်းကို အထူးတလည် ကြည့်လိုက်သည်။ သူက အရိုအသေပြုဟန် လက်ကို ဆုပ်ကာ ပြောလိုက်၏။ “ကျုပ်က အရမ်း အလျင်စလို လုပ်ပြီး ရိုင်းပြမိပါတယ်။ ခွင့်လွှတ်ပေးပါ”
“ကိစ္စမရှိပါဘူး” ချင်ရွှမ်ကန်းက သူ့ကို တအံ့တသြကြည့်ရင်း ပြန်ဖြေလိုက်သည်။ သူက လူသားနှင့် တူရုံမျှမက သူ၏ အပြုအမူနှင့် ယဉ်ကျေးမှု ရှိပုံမှာလည်း လူသားများနှင့် ထူးမခြားနားပင် ဖြစ်သည်။
ရောက်ရှိလာသည့် ထိုသူမှာ မြစိမ်းရောင်ဒရယ်၏ မြင့်မြတ်အရှင်ဖြစ်သည့် နယ်မြေကို အုပ်ချုပ်သူ နန်းတော်သခင် ဖြစ်လေသည်။
မြစိမ်းရောင်ဒရယ်နန်းတော်သခင်သည် ချင်းယန်ဟယ်၏ ဘေးသို့ သွားကာ မေးလိုက်သည်။ “အဆင်ပြေရဲ့လား”
ချင်းယန်ဟယ်က ပြောလိုက်သည်။ “အင်း.. သူတို့ရဲ့ ကူညီမှုကို ကျေးဇူးတင်ရမယ်”
“ခင်ဗျားတို့ရဲ့ ကြင်နာမှုကို ဘယ်လိုပြန်ပေးဆပ်ရမလဲ မသိတော့ဘူး။ မြစိမ်းရောင်ဒရယ်နန်းတော်ကို ကျုပ်နဲ့အတူ လိုက်ခဲ့ပေးကြပါ” မြစိမ်းရောင်ဒရယ်နန်းတော်သခင်က ပြောလိုက်သည်။
“ကောင်းပါပြီ” ရီဖူရှင်းက သူ၏ ကမ်းလှမ်းချက်ကို မငြင်းဆန်ဘဲ ခေါင်းညိတ်လိုက်သည်။ သူ၏ အဖွဲ့သည် မြစိမ်းရောင်ဒရယ်နန်းတော်သခင် ဦးဆောင်လမ်းပြရာအတိုင်း လိုက်ပါသွားကြပေသည်။
“မိတ်ဆွေက တခြားနေရာမှာ သွားပြီး ကျင့်ကြံခဲ့တာလား” ချင်ရွှမ်ကန်းက မြစိမ်းရောင်ဒရယ်နန်းတော်သခင်ကို မေးလိုက်သည်။
“ဟုတ်တယ်” မြစိမ်းရောင်ဒရယ်နန်းတော်သခင်က ခေါင်းညိတ်ကာ ပြောလိုက်၏။ “လူသားမျိုးနွယ်က တခြားမျိုးနွယ်တွေ အားလုံးရဲ့ အခြေခံပဲလေ။ မိစ္ဆာသားရဲတွေရဲ့ ကျင့်ကြံခြင်းမှာ သွေးဆက်က အရမ်းအရေးကြီးတယ်။ ဒါပေမယ့် ကျုပ်က အရည်အချင်း အကန့်အသတ်ရှိတဲ့ ဒရယ်သားရဲဆိုတော့ လူသားဘုံကို သွားပြီး အဲဒီမှာ နှစ်ပေါင်းများစွာ ကျင့်ကြံခဲ့တယ်။”
မြစိမ်းရောင်ဒရယ်နန်းတော်သခင် ငယ်ရွယ်စဉ်အခါက သူသည် လူသားအသွင် ပြောင်းလဲရန် မဖြစ်နိုင်ခဲ့ဘဲ ရှန့်ထိုအဆင့်လူသားများ၏ စီးတော်အဖြစ်ပင် ခစားခဲ့ရသည်။ သူက နှစ်ပေါင်းများစွာ ကျင့်ကြံလေ့လာခဲ့ပြီးမှ ယနေ့ လူသားအသွင် ဖြစ်လာခဲ့ခြင်း ဖြစ်ပေသည်။
“ကျွန်မက အဖေ့ လွှမ်းမိုးမှုအောက်မှာ နေခဲ့ရတော့ ကောင်းကင်အာဏာစက်ဘုံရဲ့ လူသားနယ်မြေမှာ ကျင့်ကြံဖို့ သွားချင်နေခဲ့တာ။ ဒါပေမယ့် အဖေက လုံးဝ ခွင့်မပြုခဲ့ဘူးလေ။ အဲဒါကြောင့် ဒီမှာပဲ နေပြီးတော့ လူသားကျင့်ကြံရေး သတင်းအချက်အလက်တွေကို စုဆောင်းနေခဲ့တာ” ချင်းယန်ဟယ်က ညင်သာစွာ ပြောလိုက်သည်။ ရီဖူရှင်းသည်လည်း ချင်းယန်ဟယ်က ဝတ်စုံရှည်ကို ဝတ်ဆင်ကာ ကျက်သရေရှိ လှပသည့် လူသားအမျိုးသမီးတစ်ယောက် အသွင် ပြုမူနေသည်ကို သတိထားမိပေသည်။
“ဒီနေ့လို ဖြစ်လာဖို့အတွက် ခင်ဗျား အတော်ခက်ခဲခဲ့ရမှာပဲ” ချင်ရွှမ်ကန်းက ပြောလိုက်သည်။ မြစိမ်းရောင်ဒရယ်နန်းတော်သခင်သည် အခြားသော မိစ္ဆာသားရဲများထက် ပို၍ ကြိုးစားအားထုတ်ခဲ့ ရပေလိမ့်မည်။
“ဟုတ်တာပေါ့” မြစိမ်းရောင်ဒရယ်နန်းတော်သခင်က ခေါင်းညိတ်ကာ ပြောလိုက်သည်။ “ခင်ဗျားတို့ကရော နတ်ဆိုးဘုံကို ဂူထျန်းရှင်းအတွက် လာခဲ့တာလား”
ဤအချိန်အတောအတွင်း ကောင်းကင်အာဏာစက်ဘုံရှိ လူသားမျိုးနွယ်ဘက်မှ မရေတွက်နိုင်သော တန်ခိုးရှင်များ နတ်ဆိုးဘုံသို့ ရောက်လာခဲ့ကြသည်။ ထို့ကြောင့် သူသည်လည်း သူတို့၏ လှုပ်ရှားမှုကို သတိထားမိပြီး လူသားများဆီမှ တစွန်းတစ ကြားသိခဲ့ရပေသည်။
“ဟုတ်တယ်” ရီဖူရှင်းက ခေါင်းညိတ်ကာ ပြောလိုက်သည်။ “စီနီယာ၊ ကျွန်တော်တို့ စီနီယာ့ အကူအညီကို လိုပါတယ်”
“ဒီနယ်မြေအတွင်းက နေရာအများစုမှာ ပရမ်းပတာတွေ ဖြစ်နေတာ။ အစွမ်းထက် မိစ္ဆာသားရဲတွေ အများကြီးက နယ်မြေတွေကို ပိုင်းခြားပြီး အုပ်ချုပ်ကြတယ်။ ကျုပ်ရဲ့ မြစိမ်းရောင်ဒရယ်နန်းတော်နဲ့ ကျားဖြူရဲတိုက် နှစ်ခုလုံးက ကောင်းကင်အာဏာစက်ဘုံရဲ့ အနီးဆုံးနဲ့ အကြီးဆုံးနတ်ဆိုးမြို့ ဖြစ်တဲ့ ကောင်းကင်နတ်ဆိုးမြို့ ထိန်းချုပ်မှုအောက်မှာ ရှိတယ်။ အဲဒီနေရာမှာဆို မင်းတို့ တစ်ခုခု စုံစမ်းလို့ ရနိုင်တယ်။ အရင်ဆုံး ကျုပ်ရဲ့ မြစိမ်းရောင်ဒရယ်နန်းတော်မှာ ခဏတဖြုတ်လောက် နားပြီးမှ ကောင်းကင်နတ်ဆိုးမြို့ကို သွားဖို့ လိုက်ပို့ပေးပါ့မယ်” မြစိမ်းရောင်ဒရယ်နန်းတော်သခင်က ပြောလိုက်သည်။
သူက ရီဖူရှင်းနှင့် အဖွဲ့သားများ၏ ကြင်နာမှုကို ပြန်ပေးဆပ်ချင်နေပေသည်။
***