မိစ္ဆာသားရဲအိမ်ရှေ့စံမင်းသား
Vol. 014 Ch. 1362
နတ်ဆိုးဘုံ၏ မြေရိုင်းဒေသသည် အကန့်အသတ်မဲ့ ကျယ်ပြောလှပြီး မရေတွက်နိုင်သည့် မိစ္ဆာသားရဲ အစုအဖွဲ့များလည်း ရှိသည်။
မြစိမ်းရောင်ဒရယ်နန်းတော်က ယင်းနယ်မြေကို ကာကွယ်စောင့်ရှောက်သကဲ့သို့ပင် များပြားလှသည့် အစွမ်းထက် နတ်ဆိုးသားရဲများကလည်း ကျားဖြူရဲတိုက်အနီးရှိ နယ်မြေများကို လွှမ်းမိုးထားလေသည်။
ထပ်ပေါင်းဆိုရလျှင် တိုက်ပွဲများသည် များသောအားဖြင့် မတူညီသည့် နတ်ဆိုးကလန်များ ကြားတွင် ဖြစ်ပွားပေသည်။ သန်မာသူက အားနည်းသူကို ဝါးမျို ပြီး သန်မာသူကသာ ရှန်သန်ကျန်ရစ်ပေသည်။
ဤနတ်ဆိုးများက မည်မျှ တိုက်ခိုက်နေကြပါစေ သူတို့သည် ကောင်းကင်နတ်ဆိုးမြို့မှ အင်ပါယာ၏ အမိန့်ကိုတော့ နာခံကြရသည်။
ကောင်းကင်နတ်ဆိုးမြို့သည် ဤကျယ်ပြောလှသည့် နယ်မြေအတွင်းတွင် အကြီးဆုံးဖြစ်ပြီး ဤနယ်မြေကို အုပ်စိုးသည်။ သူတို့သည် လူသားတန်ခိုးရှင်လောကနှင့် အနီးဆုံးနယ်မြေကို စောင့်ကြပ်ပြီး အနီးအနားရှိ အစွမ်းထက်ဆုံး နတ်ဆိုးတန်ခိုးရှင်များကို ဆွဲဆောင်ထားသည်။
ထိုအချိန်တွင် ရီဖူရှင်းနှင့် သူ့အဖွဲ့သားများသည် သူတို့၏ ဓားများကို ထိန်းချုပ်ရင်း ကောင်းကင်နတ်ဆိုးမြို့ အစွန်အဖျား လေထဲတွင် ပျံသန်းနေကြသည်။
မြစိမ်းရောင်ဒရယ်နန်းတော်သခင်နှင့် ချင်းယန်ဟယ်တို့ကလည်း သူတို့နှင့်အတူ လိုက်ပါလာလေသည်။
“ကောင်းကင်နတ်ဆိုးမြို့က အရှေ့မှာပဲ” မြစိမ်းရောင်ဒရယ်နန်းတော်သခင်က ရှေ့သို့ ညွှန်ပြရင်း ပြောလိုက်သည်။ ရီဖူရှင်းက ခမ်းနားထည်ဝါသည့် မြို့ကို ကြည့်လိုက်သည်။ လူသားမြို့များနှင့် ယှဉ်လျှင် ဤနတ်ဆိုးမြို့သည် ပို၍ ရှေးကျသည့် အငွေ့အသက်မျိုး ရှိလေသည်။ အနုစိတ်၍ သိမ်မွေ့သည့် အသွင်မျိုးမဟုတ်သော်လည်း ကြီးမားသည့် ကျောက်တုံးကြီးများဖြင့် မွမ်းမံကာ တည်ဆောက်ထားပြီး ခမ်းနားထည်ဝါသည့် ပုံစံရှိပေသည်။
“နတ်ဆိုးအရှိန်အဝါက အတော် အားကောင်းတာပဲ” ရီဖူရှင်းသည် ကောင်းကင်နတ်ဆိုးမြို့ အထက် မိုးကောင်းကင်သို့ မော့ကြည့်လိုက်သည်။ ပြင်းထန်သည့် နတ်ဆိုးအရှိန်အဝါက အဆုံးမဲ့ ကောင်းကင်နှင့် မြေကြီးကို လွှမ်းခြုံထားပြီး မည်သူကမှ ကောင်းကင်မှ ဖြတ်သန်းသွားနိုင်ခြင်း ရှိလိမ့်မည်မဟုတ်ပေ။
“လူသားတန်ခိုးရှင်တွေရဲ့ ကောင်းကင်အာဏာစက်ဘုံနဲ့ အနီးဆုံး နတ်ဆိုးဘုံ အဓိကမြို့မို့လို့ စစ်ပွဲကာလမှာဆို ကောင်းကင်နတ်ဆိုးမြို့က အန္တရာယ်အများဆုံးပဲ။ နတ်ဆိုးကလန်ရဲ့ တော်ဝင်မျိုးနွယ်တွေက ဒီမှာ နေဖို့ ဆန္ဒမရှိလို့ ကောင်းကင်နတ်ဆိုးမြို့က နတ်ဆိုးဘုံအတွင်းမှာ ပြည်နှင်နယ်မြေ ဖြစ်လာခဲ့တယ်။ အချို့ အစွမ်းထက်မိစ္ဆာသားရဲတွေ ပြစ်မှုကျူးလွန်မိရင် ပြည်နှင်ခံရပြီး ဒီနေရာမှာ စောင့်ကြပ်ပေးရတယ်လေ” မြစိမ်းရောင်ဒရယ်နန်းတော်သခင်က ပြောလိုက်သည်။
“ဒါဆို အခု ကောင်းကင်နတ်ဆိုးမြို့ကို စောင့်ကြပ်နေတဲ့ နတ်ဆိုးအင်ပါယာလေးယောက်က အကုန်လုံး ပြည်နှင်ဒဏ်ပေးခံထားရတာလား” ရီဖူရှင်းက မေးလိုက်သည်။ မြစိမ်းရောင်ဒရယ်နန်းတော်သခင်က ကောင်းကင်နတ်ဆိုးမြို့၏ နတ်ဆိုးအင်ပါယာ လေးယောက်အကြောင်းကို သူတို့အား မိတ်ဆက်ပေးထားခဲ့သည်။
ထို ကောင်းကင်နတ်ဆိုးမြို့သည် သူတွေးထင်ထားခဲ့သည်နှင့် ကွဲပြားလေသည်။ ဤနတ်ဆိုးဘုံ အစွန်အဖျားရှိ အဓိကမြို့သည် နတ်ဆိုးအင်ပါယာတစ်ယောက်တည်းသာ ရှိပြီး အားနည်းသော နေရာမဟုတ်သောကြောင့် ဖြစ်သည်။
ဆန့်ကျင်ဘက်အနေနှင့် ဤနတ်ဆိုးမြို့သည် ခရမ်းရင့်မြေအောက်လောကနယ်မြေကဲ့သို့ အစွမ်းထက်ပေသည်။
“နတ်ဆိုးအင်ပါယာ လေးယောက်က မတူညီတဲ့ နေရာအသီးသီးမှာ တာဝန်ထမ်းဆောင်နေပေမယ့်
သူတို့ရဲ့ မျိုးဆက်တွေ အားလုံးကတော့ ဒီနေရာမှာပဲ။ သူတို့ ဒီကို ဘာကြောင့် ရောက်လာတာလဲဆိုတာတော့ မသေချာဘူး။ ဒါပေမယ့် ကောလာဟလတွေက ပြောကြတာတော့ သားစားကြူးနတ်ဆိုးအင်ပါယာက ကြမ်းတမ်းရိုင်းစိုင်းတဲ့ အပြုအမူတွေနဲ့ အမိန့်ကို မနာခံဘဲ ပြစ်မှုတွေ ကျူးလွန်ခဲ့တယ်တဲ့။ မိုးကြိုးကလန်က နတ်ဆိုးအင်ပါယာကတော့ အဲဒီအချိန်တုန်းက အင်ပါယာရီချင် အရေးကိစ္စမှာ ပါဝင်ပတ်သတ်ခဲ့တယ်လို့ ပြောတယ်။ ပြီးတော့ တောင်ပံလူသားကလန်ကတော့ ဘယ်သူ့ကို ဆန့်ကျင်မိခဲ့လို့လဲဆိုတာ သိပ်မရှင်းဘူး။ ကောင်းကင်နတ်ဆိုးမြို့ရဲ့ အရှင်သခင်အနေနဲ့ကတော့ အရမ်းကို ရက်စက်ကြမ်းကြုတ်တဲ့ သဘာဝ ရှိတယ်လို့ ပြောကြတယ်” မြစိမ်းရောင်ဒရယ်နန်းတော်သခင်က ပြောလိုက်သည်။
ရီဖူရှင်းက အံ့သြသွားပုံပေါ်သည်။ သူသည် မြစိမ်းရောင်ဒရယ်နန်းတော်သခင်ကို ကြည့်ကာ မေးလိုက်သည်။ “မိုးကြိုးကလန်နဲ့ အင်ပါယာရီချင်ကြားက ဆက်ဆံရေးက ဘယ်လိုမျိုးလဲ”
“ပြောကြတာကတော့ အဲဒီအချိန်တုန်းက အင်ပါယာရီချင်ရဲ့ စီးတော်က မိုးကြိုးသားရဲတဲ့လေ” မြစိမ်းရောင်ဒရယ်နန်းတော်သခင်က ပြန်ဖြေလိုက်သည်။
ရုတ်တရက် ရီဖူရှင်း၏ အတွေးများက လွန်ခဲ့သည့် နှစ်ပေါင်းများစွာကို ရောက်ရှိသွားပုံရကာ ချင်းကျူမြို့မှ အင်ပါယာရီချင်၏ ရုပ်တုရှေ့ မြေပြင်တွင် မိုးကြိုးနဂါးတစ်ကောင် တည်ရှိနေသည်ကို တွေးမိလိုက်လေသည်။ သူသည် ထိုနှစ်က ချင်းကျူကျောင်းတော်တွင် ပေါ်ပေါက်လာသော မိုးကြိုးနဂါးဝိညာဉ်သည် မိုးကြိုးနဂါးကြီး၏ ဝိညာဉ်အပိုင်းအစကြောင့် ဖြစ်သည်ကို အမှတ်ရလိုက်သည်။
“အင်ပါယာရီချင်နဲ့ တိုက်ရိုက် ပတ်သတ်နေတဲ့ နတ်ဆိုးအားလုံးက ကြောက်မက်ဖွယ် ကံကြမ္မာနဲ့ တွေ့ကြုံရပြီး တခြား အစွမ်းထက်တဲ့ နတ်ဆိုးကလန်တွေကလည်း အဲဒီနောက်မှာ တိတ်ဆိတ်သွားကြတယ်။ ကောင်းကင်နတ်ဆိုးမြို့ရဲ့ အရှင်သခင် ကျူးယန့်နတ်ဆိုးအင်ပါယာက လူဝံကလန်နဲ့ ကောင်းမွန်တဲ့ ပတ်သတ်မှု ရှိတယ်လို့ ပြောတယ်။ သူက အဲဒါကြောင့် ဒီလို အပြစ်သင့်ခဲ့တာ ဖြစ်နိုင်တယ်” မြစိမ်းရောင်ဒရယ်နန်းတော်သခင်က ဆက်ပြောလိုက်သည်။
ရီဖူရှင်းသည် ဂရုတစိုက် နားထောင်နေသည်။ ဤကောင်းကင်နတ်ဆိုးမြို့၏ အရှင်သခင်က ကျူးယန့်နတ်ဆိုးအင်ပါယာ ဖြစ်ပြီး အခြားသော တော်ဝင်နတ်ဆိုးကလန် သုံးခုဖြစ်သည့် ထောင်းထျယ့်(သားစားကြူး)ကလန်၊ မိုးကြိုးကလန်၊ တောင်ပံလူသားကလန်တို့က သူ့လက်အောက်တွင် ခစားကြသည်။
“ဒီ နတ်ဆိုးအင်ပါယာ လေးယောက်ရဲ့ မျိုးဆက်တွေက စိတ်သဘောထားသိပ်မကြီးဘဲ အာဏာရှင်ဆန်တယ်။ ကောင်းကင်နတ်ဆိုးမြို့တစ်မြို့လုံးက သူတို့ရဲ့ အမိန့်အောက်မှာ ရှိတယ်။ အဲဒါကြောင့် ကောင်းကင်နတ်ဆိုးမြို့ထဲကို ဝင်လိုက်တာနဲ့ သူတို့ကို ဆန့်ကျင်တာမျိုး မလုပ်မိအောင် ကြိုးစားနေပါ” မြစိမ်းရောင်ဒရယ်နန်းတော်သခင်က သတိပေးလိုက်သည်။ နတ်ဆိုးအင်ပါယာ လေးယောက်၏ မျိုးဆက်များအကြားတွင် ကျူးယန့်နတ်ဆိုးအင်ပါယာက လွှမ်းမိုးမှု အများဆုံးဖြစ်ပြီး သာမန်နတ်ဆိုးသားရဲများမှာ သူ၏ အမည်ကြားရုံနှင့်ပင် ကြောက်ဒူးတုန်ကာ ဖနောင့်နှင့် တင်ပါး တသားတည်းကျအောင် ပြေးကြလိမ့်မည် ဖြစ်သည်။
သူတို့သည် ဆက်လက်ပြောဆိုနေပြီး မကြာခင်တွင် ကောင်းကင်နတ်ဆိုးမြို့သို့ ရောက်ရှိလာကာ မြို့အတွင်း ဝင်ရောက်ခဲ့ကြသည်။
များပြားလှသည့် နတ်ဆိုးသားရဲများမှာ ကောင်းကင်နတ်ဆိုးမြို့၏ ကြောက်မက်ဖွယ် နတ်ဆိုးအရှိန်အဝါများကြားမှ လမ်းပေါ်တွင် လျှောက်လှမ်းနေကြသည်။ နတ်ဆိုးသားရဲအများအပြားက လူသားအသွင်ဖြင့် လမ်းလျှောက်နေကြပြီး အချို့ကတော့ လူသားတစ်ပိုင်း သားရဲတစ်ပိုင်းနှင့် ဖြစ်ကာ သူတို့သည် သားရဲဦးခေါင်း လူသားခန္ဓာကိုယ်နှင့် ရှိသလို လူသားဦးခေါင်း သားရဲခန္ဓာကိုယ်နှင့် နေနေကြသူများလည်း ရှိသည်။ ဥပမာအနေနှင့် ပြောရလျှင် ရီဖူရှင်း ယခုလေးတင် မြင်ခဲ့ရသည့် ကြည့်ကောင်းသော သက်လတ်ပိုင်းလူကြီးသည် သူ၏ ခန္ဓာအထက်ပိုင်းက လူသားအသွင်ဖြစ်သော်လည်း အောက်ပိုင်းကတော့ မြင်းဖြူတစ်ကောင်၏ အသွင်ဖြစ်ပေသည်။ ထိုထူးဆန်းလှသည့် မြင်ကွင်းမှာ မြင်းစီးနေသည့် လူတစ်ယောက် အသွင်နှင့် တူပေသည်။
ထိုသို့သော မြင်ကွင်းမျိုးမှာ ကောင်းကင်နတ်ဆိုးမြို့တွင် သာမန်သာ ဖြစ်ပြီး မကြာခင်တွင် ရီဖူရှင်းသည် ထိုအရာများနှင့် စတင် အသားကျလာခဲ့သည်။ နတ်ဆိုးသားရဲများငည်လည်း သူတို့၏ ကြိုက်နှစ်သက်မှုများ ရှိပြီး သူတို့ နှစ်သက်သော မတူညီသည့် သဏ္ဌာန်များဖြင့် နေထိုင်ကြပေသည်။
ရီဖူရှင်းနှင့် သူ၏ အဖွဲ့သားများမှာ လူသားတန်ခိုးရှင်များ ဖြစ်သော်လည်း နတ်ဆိုးသားရဲ အများစုက သူတို့ကို ဂရုမစိုက်ကြပေ။ ကောင်းကင်နတ်ဆိုးမြို့တွင် လူသားတန်ခိုးရှင်များမှာ နတ်ဆိုးသားရဲများထက် အရေအတွက် နည်းလှသော်လည်း လူသားများကို မကြာခဏ မြင်တွေ့ဖူးသည့်အတွက် သူတို့၏ ပုံပန်းသွင်ပြင်က နတ်ဆိုးသားရဲများအတွက် ထူးဆန်းနေခြင်း မရှိပေ။
“အင်အားစုအားလုံးက တန်ခိုးရှင်တွေ ကောင်းကင်နတ်ဆိုးမြို့ကို ရောက်နေလောက်ပြီ” ရီဖူရှင်းက ပြောလိုက်သည်။ သူတို့သည် သတင်းရရချင်းပင် ထွက်လာခဲ့ကြသော်လည်း ထိုအင်အားစုများသည်လည်း သူတို့ထက် နောက်ကျလိမ့်မည်မဟုတ်ပေ။
“နတ်ဆိုးဘုံကို လူတွေ ဝင်လာတဲ့အခါ သူတို့ရဲ့ ပထမဆုံးခြေလှမ်းက ကောင်းကင်နတ်ဆိုးမြို့မှာ သတင်းအချက်အလက် စုဆောင်းတာပဲ။ နတ်ဆိုးဘုံမှာ မြို့ပေါင်းများစွာ ရှိတာမို့လို့ ရည်ရွယ်ချက်မရှိ ရောက်တတ်ရာရာ လျှောက်သွားနေလို့ အဆင်မပြေဘူး” မြစိမ်းရောင်ဒရယ်နန်းတော်သခင်က ခေါင်းညိတ်ကာ ပြောလိုက်သည်။ “ကောင်းကင်နတ်ဆိုးမြို့မှာ ကျုပ်ရဲ့ မိတ်ဆွေတွေ ရှိတယ်။ မင်းတို့ကို အဲဒီကို ခေါ်သွားပြီး သတင်းစုံစမ်းကြည့်ကြတာပေါ့”
“ကောင်းပါပြီ” ရီဖူရှင်းက ခေါင်းညိတ်ကာ ပြောလိုက်သည်။ မြစိမ်းရောင်ဒရယ်နန်းတော်သခင်က သူတို့ကို ဦးဆောင်လာပေးသည့်အတွက် အများကြီး လွယ်ကူသွားရလေသည်။
မကြာခင်၌ သူတို့သည် ကောင်းကင်နတ်ဆိုးမြို့မှ နတ်ဆိုးအိမ်တော်သို့ ရောက်ရှိခဲ့သည်။ သူတို့ သွားရောက်ခဲ့သည့် အစွမ်းထက် နတ်ဆိုးသားရဲသည် လူသားခန္ဓာကိုယ် ရှိသော်လည်း ခေါင်းထိပ်တွင် ဂျိုနှစ်ချောင်းပါသည့် သားရဲဦးခေါင်းနှင့် ဖြစ်လေသည်။
“ညီအစ်ကိုချင်းယန်.. သူတို့က လူသားတွေလား” နွားသိုးခေါင်းနှင့် နတ်ဆိုးသားရဲက မြစိမ်းရောင်ဒရယ်နန်းတော်သခင်ကို ကြမ်းရှရှ လေသံဖြင့် မေးလိုက်သည်။
“ဟုတ်တယ်” မြစိမ်းရောင်ဒရယ်နန်းတော်သခင်က ခေါင်းညိတ်ကာ ပြန်ဖြေလိုက်၏။ “သူတို့က ချင်းယန်ဟယ်ရဲ့ အသက်ကို ကယ်ခဲ့တယ်။ သူတို့ကြောင့်သာ မဟုတ်ရင် ငါ့သမီးက ကျားဖြူတွေရဲ့ လက်ထဲကို ရောက်သွားခဲ့မှာ။ အနှေးနဲ့အမြန် အဲဒီကိစ္စကို လက်စားချေရလိမ့်မယ်”
“အဲဒီ ကျားတွေရဲ့ သဘာဝက ရက်စက်ပြီး တယူသန်တယ်။ အဲဒါကြောင့် ဂရုစိုက်ပါ” နွားသိုးဦးခေါင်းနှင့် နတ်ဆိုးသားရဲက ခေါင်းညိတ်လိုက်ရင်း သတိပေးစကားဆိုသည်။
“မင်း သူ့ကို မေးလို့ရတယ်” မြစိမ်းရောင်ဒရယ်နန်းတော်သခင်က ရီဖူရှင်းကို ပြောလိုက်သည်။
ရီဖူရှင်းက ခေါင်းညိတ်ပြီး ပြောလိုက်၏။ “စီနီယာ၊ ကောင်းကင်အာဏာစက်ဘုံကနေ ခုတလော ရောက်လာတဲ့ လူသားတန်ခိုးရှင်တွေ အကြောင်းများ ကြားမိသေးလား။ ကောင်းကင်နတ်ဆိုးမြို့မှာ ဂူထျန်းရှင်းဆိုတဲ့ လူအကြောင်းရော တစ်ခုခု ကြားမိလား”
“ခုတလော ကောင်းကင်နတ်ဆိုးမြို့ကို လူသားတန်ခိုးရှင်တွေ အများကြီး ရောက်လာတယ်။ ဒါပေမယ့် အများစုက ကောင်းကင်နတ်ဆိုးပြိုင်ပွဲအတွက် ရောက်လာကြတာပဲ။ ကျူးယန့် နတ်ဆိုးအိမ်ရှေ့စံနဲ့ တခြားမင်းသားသုံးပါးက လူသားတန်ခိုးရှင်တွေ စိန်ခေါ်နိုင်ဖို့ နတ်ဆိုးဝင်္ကပါ ခင်းကျင်းပေးထားတယ်။ သူတို့ အောင်မြင်ရင် သိချင်တဲ့ သတင်းကို ပြောပြမယ်ဆိုပေမယ့် ရှုံးနိမ့်သွားရင်တော့ သူတို့ရဲ့ ပိုင်ဆိုင်သမျှ ပစ္စည်းတွေနဲ့ ကျင့်စဉ်တွေကို ထားရစ်ခဲ့ရလိမ့်မယ်။”
နွားသိုးနတ်ဆိုးက ရီဖူရှင်းကို ပြောလိုက်သည်။ “မင်း အဖြေကို သိချင်တယ်ဆိုရင် အဲဒီကို သွားနိုင်တယ်။ ဒါပေမယ့် စိတ်ပိုင်းဆိုင်ရာ ကြိုတင်ပြင်ဆင်ထားဖို့တော့ အကြံပေးလိုက်မယ်။ နတ်ဆိုးအိမ်ရှေ့စံမင်းသားက အဲဒီကို ကိုယ်တိုင်သွားပြီး အားဖြည့်မှာမို့လို့ မင်းအတွက် ဘာ အခွင့်အရေးမှ မရှိနိုင်ဘူး။ မင်း ကြိုးစားချင်တယ်ဆိုရင် မင်းရဲ့ ပစ္စည်းတွေ ထားခဲ့ဖို့အတွက် စိတ်ကို ကြို ပြီး ပြင်ဆင်ထားရလိမ့်မယ်။”
“အခုချိန်ထိတော့ ကြိုးစားကြည့်တဲ့ လူတွေ အကုန်လုံးက ကံကြမ္မာဆိုးတွေနဲ့ ကြုံရတော့တာပဲ။ တချို့လူတွေက သူတို့ ပစ္စည်းတွေကို လွှဲပေးဖို့ ငြင်းတာကြောင့် သေတဲ့အထိ အရိုက်ခံကြရတယ်။ အဲဒီလို ပါဝင်ယှဉ်ပြိုင်တာ မပြိုင်တာက ကိုယ့်သဘောနဲ့ကိုယ် ဆိုပေမယ့် ပြိုင်မယ်ဆိုရင်တော့ ချမှတ်ထားတဲ့ စည်းကမ်းလိုက်နာရမယ်။ နတ်ဆိုးအိမ်ရှေ့စံမင်းသားက သူတို့ကို ဖိအား မပေးခဲ့ဘူး.. အဲဒါကြောင့်...”
“ကျွန်တော် သိပြီ” ရီဖူရှင်းက ခေါင်းညိတ်ကာ ပြောလိုက်သည်။ သူသည် အစကတည်းက မြစိမ်းရောင်ဒရယ်နန်းတော်သခင်ထံမှ ကျူးယန့်နတ်ဆိုးကလန်မှ မိစ္ဆာသားရဲများအားလုံးမှာ အလွန်ခေါင်းမာတတ်သည့် အကြောင်းကို ကြားဖူးထားခဲ့သည်။ ထို့ကြောင့် သူတို့ မည်သို့ လုပ်မည်ကို သူ ပြောနိုင်ပေသည်။
“ဒီလိုဆိုမှတော့ ကျွန်တော်တို့ ဒီမှာထပ်နေပြီး စီနီယာ့ကို အနှောင့်အယှက် မပေးတော့ပါဘူး။ ကျွန်တော်တို့ သွားလိုက်ပါဦးမယ်”
ရီဖူရှင်းသည် ထွက်ခွာရန် ရည်ရွယ်ချက်ကို ပြသလိုက်သည်။ နွားသို့းနတ်ဆိုးက ခေါင်းညိတ်လိုက်ပြီး မြစိမ်းရောင်ဒရယ်နန်းတော်သခင်ကို ကြည့်ကာ ပြောလိုက်သည်။ “ကျုပ် မင်းနဲ့ အတူသွားမယ်”
“ကောင်းပြီ” မြစိမ်းရောင်ဒရယ်နန်းတော်သခင်က ပြန်ဖြေလိုက်သည်။ ထို့နောက် သူတို့က ထွက်ခွာသွားတော့သည်။
သူတို့ သွားသည့်လမ်းတွင် မြစိမ်းရောင်ဒရယ်နန်းတော်သခင်က ပြောလိုက်၏။ “ကျူးယန့် နတ်ဆိုးအိမ်ရှေ့စံမင်းသားနဲ့ တခြား တော်ဝင်နတ်ဆိုးသုံးယောက်က ကောင်းကင်နတ်ဆိုးမြို့မှာ မကောင်းဆိုးဝါးလေးဖော်လို့ ကျော်ကြားတယ်။ သူတို့ကို မကြာခဏအတူတူ တွေ့ရတတ်တယ်”
“ကျူးယန့် နတ်ဆိုးအိမ်ရှေ့စံမင်းသား ကြမ်းတမ်းရက်စက်ပေမယ့် သူက ရိုးသားပြီး ကိုယ်ကျင့်တရား ကောင်းတယ်။ မဟုတ်ရင် တခြား နတ်ဆိုးအင်ပါယာရဲ့ မျိုးဆက် သုံးယောက်က သူ့နောက်ကို လိုက်ဖို့ ဆန္ဒရှိလိမ့်မှာ မဟုတ်ဘူး။ ကျူးယန့် နတ်ဆိုးအိမ်ရှေ့စံမင်းသားက အရမ်းလည်း အရည်အချင်း ရှိတယ်။ သူ ချမှတ်ထားတဲ့ စည်းမျဉ်းတွေကြောင့် သူက ထိပ်တန်းအင်အားစုတွေရဲ့ လူသားတန်ခိုးရှင်တွေဆီက ကျင့်စဉ်တွေကို ရရှိနိုင်ပြီး အဲဒီက အနှစ်သာရတွေကို သင်ယူနိုင်တယ်” နွားသိုးနတ်ဆိုးက ပြောလိုက်သည်။ သူ့လေသံကို နားထောင်ရသည်မှာ သူက ကျူးယန့် နတ်ဆိုးအိမ်ရှေ့စံကို အတော်လေး လေးစားပုံရလေသည်။
“ကျုပ်တို့ မိစ္တာသားရဲတွေရဲ့ စွမ်းရည်က အရည်အချင်းပေါ်မှာ ပိုပြီး မူတည်တယ်။ အဲဒီရှုထောင့်ကနေဆိုရင် လူသားတန်ခိုးရှင်တွေဆီကနေ သင်ယူစရာတွေများတယ်” နွားသိုးနတ်ဆိုးက ပြောလိုက်သည်။ မြစိမ်းရောင်ဒရယ်နန်းတော်သခင်က ခေါင်းညိတ်လိုက်၏။ သူသာ ပေးဆပ်ပြီး မလေ့လာခဲ့လျှင် ယခုလက်ရှိ အောင်မြင်မှုကို မည်သည့်အခါမှ ရရှိလာလိမ့်မည် မဟုတ်ပေ။
သို့သော် အချို့သော ထိပ်တန်း အစွမ်းထက် နတ်ဆိုးသားရဲများမှာ မယှဉ်နိုင်သော ပြိုင်ဘက်ကင်း အရည်အချင်းများနှင့် မွေးဖွားလာကြသည်။
သူတို့သည် စကားပြောရင်းနှင့် ကောင်းကင်နတ်ဆိုးမြို့၏ အလယ်ဗဟိုသို့ လျင်မြန်စွာ ဦးတည်သွားနေခဲ့သည်။
ကောင်းကင်နတ်ဆိုးမြို့သည် အကန့်အသတ်မဲ့ ကျယ်ပြောလှသော အဓိကနတ်ဆိုးမြို့ ဖြစ်သည်။
ကောင်းကင်နတ်ဆိုး ယှဉ်ပြိုင်ကွင်းသည် ကောင်းကင်နတ်ဆိုးမြို့၏ အလယ်ဗဟိုတွင် တည်ရှိသည်။ ထိုအချိန်တွင် ဤနေရာ၌ လူသားတန်ခိုးရှင်များနှင့် နတ်ဆိုးသားရဲတို့ဖြင့် ပြည့်နှက်နေပေသည်။
မကြာခင်တွင် လူတစ်ယောက်သည် ကောင်းကင်နတ်ဆိုး ယှဉ်ပြိုင်ကွင်းအပြင်သို့ ရောက်ကာ မြေပေါ်သို့ ကျသွားခဲ့သည်။ ရုတ်ချည်းပင် ထိုနေရာမှ ဆူညံလှသော အော်သံများ ထွက်ပေါ်လာသည်။ နတ်ဆိုးသားရဲများက အလွန်ပင် စိတ်လှုပ်ရှားနေကြပေသည်။
လူသားတန်ခိုးရှင်များမှာ အလွန်ပင် ရှက်ရွံ့နေခဲ့သည်။ ထိုသူများမှာ ခရမ်းရင့်ကောင်းကင်နန်းတော်၏ ဒဏ္ဍာရီဂိုဏ်းရှစ်ခုမှ တစ်ခုဖြစ်သော ခရမ်းရင့်မြေအောက်လောကနယ်မြေမှ တန်ခိုးရှင်များ ဖြစ်သည်။ ကျန်းချန်ချင်းသည်လည်း လူအုပ်ထဲတွင် ရှိနေပြီး ထိုမြင်ကွင်းကို ကြည့်ရင်း သူ့မျက်နှာက သွေးဆုတ် ဖြူ ရော်သွားခဲ့သည်။
“အသုံးမကျတဲ့ တိရစ္ဆာန်” ကျန်းချန်ချင်းက အေးစက်စွာ ရေရွတ်လိုက်သည်။ သူက ခေါင်းကို မော့ပြီး ကောင်းကင်နတ်ဆိုး ယှဉ်ပြိုင်ကွင်းဆီသို့ ကြည့်လိုက်သည်။ ကောင်းကင်နတ်ဆိုး ယှဉ်ပြိုင်ကွင်း၏ အရှေ့ စင်မြင့်ထက်တွင် တစ်ယောက်နှင့် တစ်ယောက် ဘေးချင်း ယှဉ်ထိုင်နေသည့် ပုံရိပ်သုံးခု ရှိသည်။ ဘယ်ဘက်ဆုံးမှ တစ်ယောက်သည် ထောင်းထျယ့်ခန္ဓာနှင့် လူသားဦးခေါင်းရှိသည့် ထောင်းထျယ့်နတ်ဆိုးဖြစ်သည်။ သူ၏ ကြီးမားသော ခန္ဓာကိုယ်ကြီးသည် ထိုနေရာတွင် ပျင်းရိစွာ မှီနေသော်လည်း သူ၏ မျက်လုံးများကတော့ အလွန် ရက်စက်လှသည့် ပုံမျိုး ဖြစ်သည်။
အလယ်တွင် ထိုင်နေသူမှာ နောက်ကျောဘက်တွင် အဖြူ စွတ်စွတ် တောင်ပံတစ်စုံရှိသည့် လှပသော မိန်းမပျိုလေး ဖြစ်ပြီး သူမသည် တောင်ပံလူသားမျိုးနွယ်မှ မင်းသမီးဖြစ်သည်။
ညာဘက်တွင် ရစ်ခွေကာ ရှိနေသည့် နတ်ဆိုးသားရဲမှာ လူသားဦးခေါင်းရှိပြီး နဂါး ခန္ဓာကိုယ်နှင့် သူ၏ ခေါင်းထက်တွင် ဦးချိုများအပြင် ရှည်လျားသည့် မုတ်ဆိတ်မွေးလည်း ရှိနေသေးသည်။ သူ့ကို ကြည့်ရသည်မှာ အလွန်ထူးကဲသာလွန် လှသည်။ သူသည် မိုးကြိုးကလန်မှ မင်းသား ဖြစ်သည်။
သူတို့၏ အထက်တွင် မီးလျှံခန္ဓာကိုယ်တစ်ခုက ပလ္လင်ထက်တွင် ပျင်းရိစွာ မှီတွဲ့နေသည်။ သူ့ကို ကြည့်ရသည်မှာ လူဝံကြီးနှင့် တူပြီး သူ၏ မူလခန္ဓာသဏ္ဌာန် ဖြစ်ပုံပေါ်သည်။ သူ၏ မျက်လုံးများထဲတွင် ရွှေရောင်မီးလျှံများ တောက်လောင်နေသည်ဟု ထင်မှတ်ရပြီး သူ၏ ပျင်းရိနေသော အကြည့်များဖြင့် သိမ်းကျုံးကြည့်နေပုံက သူ့ကို အထက်စီးဆန်သည့် အသွင်ဖြစ်စေရန် ပြုလုပ်ပေးနေသည်။ သူသည် ကျူးယန့်နတ်ဆိုးအိမ်ရှေ့စံ ဖြစ်လေသည်။
“မင်းတို့ ဆက်ပြိုင်မှာလား မပြိုင်ဘူးလား”
ကျူးယန့် နတ်ဆိုးအိမ်ရှေ့စံက အောက်ဘက်ရှိ လူသားတန်ခိုးရှင်များကို အထင်သေးသလို ကြည့်လိုက်ပြီး စိတ်ပျက်နေသော အသံဖြင့် မေးလိုက်သည်။ သူ၏ အောက်ဘက်တွင် ထိုင်နေသော မိုးကြိုးနတ်ကလန်မှ မင်းသားက ပြောလိုက်၏။ “အရည်အချင်းရှိတဲ့ ဘယ်တန်ခိုးရှင်မှ မမြင်မိဘူး။ အဲဒါတောင်မှ ငါတို့က လူကိုယ်တိုင် စိန်မခေါ်ရသေးဘူးနော်။ ဒါလေးကို မလုပ်နိုင်ကြဘူးလား”
သူ၏ အသံက မိုးချုန်းသံကဲ့သို့ ထွက်ပေါ်လာပြီး သူ့စကားလုံးများက ကောင်းကင်နှင့် မြေကြီးကြားတွင် မိုးကြိုးပစ်လိုက်ကဲ့သို့ ပဲ့တင်ထပ်လာသည်။ လေထုထဲတွင် မိုးကြိုးစွမ်းအားများ ယှက်သိုင်းနေပြီး ခရမ်းရောင်မိုးကြိုး အရှိန်အဝါများ ထုတ်လွှတ်နေသည်။
ထောင်းထျယ့်သည် နက်ရှိုင်းသည့် အော်မြည်သံကို ပြုလုပ်လိုက်ပြီး သူ၏ ပါးစပ်ကြီးကို ခပ်ကျယ်ကျယ် ဖွင့်လိုက်သည်။ မြင်ရသည်မှာ အလွန်ကြောက်မက်ဖွယ် ကောင်းလှသည်။ သူတို့၏ အောက်ဘက်မှ နတ်ဆိုးသားရဲများသည် မြင်လိုက်ရသည့် မြင်ကွင်းကြောင့် ကျောရိုးတလျှောက် စိမ့်တက်ကာ ကြောက်ရွံ့သွားကြလေသည်။
ကျန်းချန်ချင်းနှင့် အခြားတန်ခိုးရှင်တို့၏ မျက်နှာများသည် မည်းမှောင်သွားခဲ့၏။ ယခုအခြေအနေတွင် ခရမ်းရင့်ကောင်းကင်နန်းတော်မှ ထိပ်တန်း တန်ခိုးရှင်များသာလျှင် သူတို့ကို ဖယ်ရှားပစ်နိုင်မည် ဖြစ်သည်။
***