← Chapters

အခန်း (၁၆၇)

Vol. 13 Ch. 167

အခန်း (၁၆၇)

Vol. 13 Ch. 167

ချန်ရီ၏ မက်လုံးသည် နတ်ဆိုးတိုက်ကြီး၏ အင်အားကို အင်မော်တယ်တိုက်ပွဲအတွင်း တရားဝင် ရှင်းပစ်ရန် ကြံစည်ထားကြောင်း ယွမ်ရှောင်က နားလည်နိုင်ခဲ့သည်။ သူမပင် မကြောက်သောကြောင့် သူကိုယ်တိုင်လည်း ဝင်ရောက်ကူညီပေးရန် ဆုံးဖြတ်ကာ ဒေါင်းမင်းသားကို သတ်၍ ပြည့်စုံစွာ လမ်းကြောင်းပေးနိုင်ခဲ့သည်။ အများအမြင်တွင် သူ၏လုပ်ရပ်က ဆင်ခြင်ဉာဏ်နည်းရာရောက်သော်လည်း နတ်ဆိုးများ၏အမုန်းတရားကို ဆွပေးနိုင်ခဲ့ပြီး နတ်ဆိုးဧကရာဇ်သာ မလှုပ်ရှားခဲ့လျှင် အင်မော်တယ်တိုက်ပွဲ၌ သူ့ကိုသတ်ရန် အလုံးအရင်း ဝင်ရောက်လာကြပေလိမ့်မည်။

"လေကြီးတဲ့ကောင် နတ်ဆိုးပါရမီရှင်ငါးထောင်မပြောနဲ့။ အရင်မျိုးဆက်က ပါရမီရှင်တစ်ယောက်ဆိုရင်တောင် မင်းကို အလွယ်လေးသတ်နိုင်တယ်"

"ယွမ်ရှောင် ဒီလုပ်ရပ်ကြောင့် မင်းရဲ့မျိုးရိုးစဥ်ဆက် အသတ်ခံစေရမယ်"

"လူသားမျိုးနွယ် ငါတို့ကို စောင့်နေလိုက်"

နတ်ဘုရားကုန်းမြေ၏ အင်မော်တယ်တိုက်ပွဲ၌ နတ်ဆိုးများက မပါဝင်ဖူးသော်လည်း ယွမ်ရှောင်၏ ရန်စမှုကြောင့် ပိုမိုရဲတင်းလာကြသည်။ သူတို့က ဒေါသတကြီးဖြင့် အော်ဟစ်ကြုံးဝါးရင်း နောက်ဆုတ်သွားစဥ် မင်းသမီးငါးမှာ အပြစ်တင်နေဆဲပင်။

"အင်မော်တယ်တိုက်ပွဲမှာ လူသားပါရမီရှင်တွေ အသတ်ခံရရင် နင်က တရားခံပဲ"

"စောက်ဂရုမစိုက်ဘူး"

ယွမ်ရှောင်၏ တုံ့ပြန်စကားကြောင့် ခရမ်းရောင်ကောင်းကင်အင်မော်တယ်ပြည်ထောင်၏ ကျင့်ကြံသူများ တိတ်ဆိတ်သွားကာ အနက်ရောင်ဝတ်ရုံခြုံထားသည့် ဓားသူတော်ယုချန်းလည်း ရှိနေခဲ့သည်။

"ခင်ဗျားကို တစ်ခုလောက်မေးပါရစေ၊ ခင်ဗျားလက်ထဲက ဓားလား သခွားသီးလား"

"ဓားသူတော်စင်ဆွန်တောင် ငါ့ကို မစော်ကားရဲဘူး"

"ထွက်သွားစမ်း"

"မင်းလေကြီးနေတာက မကြာခင် ရပ်တန့်သွားလိမ့်မယ်။ အရှိတရားက ဘယ်လောက်ရက်စက်တယ်ဆိုတာ မြင်လာရလိမ့်မယ်"

ယုချန်း၏ မှောင်ရိပ်သန်းနေသော မျက်လုံးများတွင် ဓားအလင်းတစ်ချက် ဖြစ်တည်လာသည်။

"အဲ့အချိန်အထိ ခင်ဗျား အသက်ရှင်နေဖို့ မျှော်လင့်တယ်"

ယွမ်ရှောင်၏ စကားအဆုံးတွင် တစ်ဖက်လူက အေးစက်စက်နှာခေါင်းရှုံ့ကာ မင်းသမီးနှစ်ယောက်ကို ကာကွယ်ရင်း ထွက်ခွာသွားခဲ့သည်။ နောက်ဆုံးတွင် ဆူညံပွက်လောရိုက်နေခဲ့သော ဝိညာဥ်ရတနာနန်းတော်က တိတ်ဆိတ်သွားကာ လူသားအချို့သာ ကျန်ရစ်ပြီး ခါးသီးသော အမှန်တရားကြောင့် ဆွံ့အနေကြသည်။

"ဧည့်သည်တော်တို့ ဒီနေ့ကိစ္စတွေအတွက် တောင်းပန်ပါတယ်။ ဝိညာဥ်ရတနာနန်းတော်က ခဏတာ ပိတ်ထားရပါလိမ့်မယ်။ နားလည်ပေးဖို့ မျှော်လင့်ပါတယ်"

ကျောက်ရွှမ်ကျန်းက ဤသို့ ကြေညာလိုက်သောအခါ ဧည့်သည်များက ခေါင်းညိတ်၍ ယွမ်ရှောင်ကို တစ်ချက်လှမ်းကြည့်ကာ အလျင်အမြန်ထွက်ခွာသွားကြသည်။ အချိန်ခဏအကြာတွင် ထိပ်ဆုံးအထပ်ရှိ အခန်းတစ်ခုအတွင်း ယွမ်ရှောင်နှင့် ကျောက်ရွှမ်ကျန်းသည် မျက်နှာချင်းဆိုင်ရပ်နေပြီး တင်းမာနေသော လေထုကြောင့် လန့်ကော်မှာ မသက်မသာဖြစ်နေခဲ့၏။

"အဘိုးကြီးချန်က ဘာတွေကြံစည်နေတာလဲ"

"ကျုပ်ရဲ့လုပ်ရပ်က ချန်မျိုးနွယ်နဲ့ မဆိုင်ဘူး"

"ဒါဆိုရင် သူတော်စင်ဓားစက်ကွင်းကို ယူပြီး ဒေါင်းမင်းသားကို သတ်ဖို့ အကြံက မင်းရဲ့အကြံပေါ့"

ကျောက်ရွှမ်ကျန်းသည် ရဲတင်းလွန်းသော ဤလူငယ်​ကြောင့် ခေါင်းကိုက်နေရသည်။

"ဟုတ်တယ်"

"မင်းအသက်ရှင်ရတာ ငြီးငွေ့နေပြီလား"

"ယောကျ်ားတစ်ယောက်က သေရင်တောင် ဝိညာဥ်က ဘယ်တော့မှ မသေဘူး"

"ပြဿနာ တစ်ခု ရှိတယ်။ မင်းက ဒေါင်းမင်းသားကို မျှမျှတတအနိုင်ယူခဲ့တာဖြစ်လို့ ချန်ရှောင်က ကာကွယ်ပေးနိုင်တယ်။ ဒါပေမယ့် လူမြင်ကွင်းမှာ အလောင်းကို သန့်စင်လိုက်တာက နတ်ဆိုးတိုက်ကြီးရဲ့ မျက်နှာကို ဖြတ်ရိုက်လိုက်တာပဲ။ ဘယ်လောက်အကြောင်းပြချက်ကောင်းကောင်း နောက်ကွယ်ကလူတွေအတွက် အပြစ်ကြီးတစ်ခု ဖြစ်သွားလိမ့်မယ်။ ကလေး ငါတို့က အောက်စည်းကို ရောက်နေတဲ့အတွက် နတ်ဆိုးတိုက်ကြီးဘက်က တိုက်ခိုက်ဖို့ အကြောင်းပြချက်ပေးလိုက်လို့ မဖြစ်ဘူး။ မဟုတ်ရင် အတွင်းပဋိပက္ခတွေနဲ့ သစ္စာဖောက်တွေက လူသားမျိုးနွယ်ကို အောက်ဆုံးအထိ ဆွဲချသွားလိမ့်မယ်"

ကျောက်ရွှမ်ကျန်းက လေးလံစွာ သက်ပြင်းချ၍ ရှင်းပြခဲ့သည်။

"ကျုပ် သိတယ်။ ဒါကြောင့် ကျုပ်တစ်ယောက်တည်းရဲ့ လုပ်ရပ်လို့ ပြောခဲ့တာပဲ။ ချန်မျိုးနွယ်ရော ဝိညာဥ်ရတနာနန်းတော်ရော မသက်ဆိုင်ဘူး။ ပြဿနာဖြစ်မယ်ဆိုရင်လည်း ကျုပ်က ဓားသမားသန်းတစ်ထောင်လို သေပေးဖို့ မ​ကြောက်ဘူး"

ယွမ်ရှောင်က လေးနက်စွာ ပြောလိုက်သည်။

"အဓိပ္ပါယ်မရှိတာတွေ မပြောနဲ့။ ငါနဲ့ အဘိုးကြီးချန်က တော်ဝင်ရဲမျိုးနွယ်ဝင်တွေလို မဟုတ်ဘူး။ ပြဿနာက ရက်အနည်းငယ်အတွင်း နတ်ဆိုးတွေ သောင်းကျန်းလာရင် ချန်ရှောင်တစ်ယောက်တည်းနဲ့ နတ်ဆိုးဧကရာဇ်တွေနဲ့ နတ်ဆိုးသူတော်စင်၁၀၈ ယောက်ကို ဘယ်လိုရင်ဆိုင်မှာလဲ"

ကျောက်ရွှမ်ကျန်း၏ စကားသံက လေးလံနေသည်။

"ကျုပ်ကို လွှဲပေးလိုက်ရင် ပြဿနာရှင်းသွားပြီမလား"

"မင်းက နတ်ဆိုးတိုက်ကြီးကို အရှက်ခွဲဖို့ နှစ်နည်းနည်းလောက် မစောင့်နိုင်ဘူးလား။ မင်းရဲ့ပါရမီက အလားအလာအရမ်းကောင်းတယ်"

"ကျုပ် တစ်ရက်တောင် မစောင့်နိုင်ဘူး။ ရန်ကြွေးကို ချက်ချင်းမဖြေရှင်းရင် အနာဂတ်ဆိုတာ ဘယ်လိုလုပ်ရှိလာမှာလဲ"

ယွမ်ရှောင်၏ တင်းမာပြတ်သားသော သဘောထားကြောင့် ကျောက်ရွှမ်ကျန်းမှာ ဆွံ့အနေခဲ့သည်။ လူငယ်များက သွေးပူလွယ်သော်လည်း မြေခွေးအိုကြီးတစ်ယောက်အနေဖြင့် များမကြာမီအတွင်း နတ်ဘုရားကုန်းမြေနှင့် နတ်ဆိုးတိုက်ကြီး ကြားညှပ်ခံရမည့် အဖြစ်ကို မြင်ယောင်နေမိသည်။ အစွမ်းထက်သော ရန်သူပေါင်း မရေမတွက်နိုင်လောက်အောင် ထွက်ပေါ်လာလျှင် ယွမ်ရှောင်အနေဖြင့် အသက်ရှင်ရန် ဖြစ်နိုင်ချေမရှိပေ။

"ဦးလေးကျောက် မဖြစ်လာသေးတာကို တွေးပူမနေစမ်းပါနဲ့။ ကျုပ်ကို ခင်ဗျားမှာ ရှိတဲ့ လက်ကျန် သူတော်စင်နယ်ပယ် ဓားစက်ကွင်းတွေ ပေးလိုက်လို့ မရဘူးလား"

ယွမ်ရှောင်က ခပ်ညစ်ညစ်ပြုံး၍ တောင်းဆိုလိုက်သည်။

"မင်းက ရူးချင်ယောင်ဆောင်ပြီး ဒေါင်းမင်းသားဆီကနေ သူတော်စင်ကျောက် သုံးသောင်း ယူထားတယ်မလား။ ဘာလို့ အလကားတောင်းနေတာလဲ"

ကျောက်ရွှမ်ကျန်းက ချက်ချင်း ခေါင်းယမ်းပြလိုက်သည်။

"ခင်ဗျားလည်း ကျုပ်ဘက်ကနေ လောင်းကြေးထပ်ထားခဲ့တယ်မလား။ အနိုင်ရတဲ့ပမာဏက နည်းမယ် မထင်ဘူးနော်"

"အဓိပ္ပါယ်မရှိတာတွေ မပြောနဲ့။ ဝိညာဥ်ရတနာနန်းတော်က မင်းကြောင့် ဒီနေ့ ပိတ်လိုက်ရပြီ။ စီးပွားရေးလုပ်လို့ အကောင်းဆုံးအချိန်ပဲ။ ပြီးတော့ ငါတို့က အခွန်လည်း ဆောင်ရန်ဦးမယ် "

ကျောက်ရွှမ်ကျန်း၏ မျက်နှာက နာကျင်နေပုံရသည်။

"ကျုပ်ကို ငတုံးထင်နေတာလား။ လောင်းကြေးအနိုင်ရထားတာက ခင်ဗျားရဲ့ ကိုယ်ပိုင်ငွေတွေလေ။ ဘယ်လိုဖြစ်ဖြစ် အမြတ်ထွက်နေတာပဲ"

"အလကားရတဲ့ နေ့လယ်စာဆိုတာ မရှိဘူး။ ဒါက ငါ့စီးပွားရေးကျင့်ဝတ်တွေကို ချိုးဖောက်နေတယ်"

မုတ်ဆိတ်ရှည်ကြီးကို လက်ဖြင့် ပွတ်သပ်နေသော ကျောက်ရွှမ်ကျန်းက နောက်တစ်ကြိမ် ခေါင်းယမ်းခဲ့သည်။

"ကောင်းပြီလေ။ ဒါဆိုရင် မြေခွေးသူတော်စင် ဓားစက်ကွင်းကို ခင်ဗျားပေးခဲ့တာဆိုတာ အကုန်ပြောပြလိုက်မယ်။ လူတိုင်းရဲ့အမြင်မှာ ဒေါင်းမင်းသားကို သတ်ဖို့ ဝိညာဥ်ရတနာနန်းတော်က နောက်ကွယ်မှာ ကြံစည်နေတယ်လို့ ထင်ကြမှာပဲ"

ယွမ်ရှောင်က ဓားဝိညာဥ်ပေါ်ရှိ မြေခွေးသူတော်စင်ဓားစက်ကွင်းကို ညွှန်ပြကာ ခြိမ်းခြောက်လိုက်သောကြောင့် ထိုအဘိုးကြီးမှာ မျက်လုံးပြူးသွားရလေသည်။

All Chapters