အရှုံးပေးချင်ရင် သေရမယ်
Vol. 13 Ch. 157
"နဂါးအဆင့် စိန်ခေါ်မှုက စတင်နေပြီ။ အခု ဘယ်လိုလုပ် ရပ်တန့်ရမှာလဲ"
စစ်သူကြီးချန်က အေးစက်စွာ ရယ်မောရင်း ကောင်းကင်သို့ ရုတ်တရက် ပျံတက်သွား၍ ကြီးမားသော လျှပ်စီး ပိုက်ကွန်တစ်ခုဖန်တီးကာ ပညာရှင်ကျောင်းတော်၏ အဝင်ဝသို့ ပစ်ခတ်ပြီး ချက်ချင်း တံခါးကို ပိတ်ချလိုက်သည်။
"ရယ်စရာကောင်းလွန်းတယ်။ နောက်လိုက်တွေ အများကြီး ခေါ်ထားတာက မင်းရဲ့သမီး သေသွားမှာကို ကြောက်လို့ပဲ။ မင်းတို့က မြင့်မြတ်ပြီး သိက္ခာကြီးမားချင်ယောင်ဆောင်ကြတယ်။ ကိုယ့်ဒုက္ခကိုယ် ရှာနေတာမလား"
ကျောက်ရွှမ်ကျန်းသည် ရယ်မောရင်း ခရမ်းရောင် မြူခိုးတစ်ခုကို ဆင့်ခေါ်ကာ ပညာရှင်ကျောင်းတော်၏ တံခါးတွင် ပိတ်ဆို့ရန် ဒုတိယအလွှာကို ဖန်တီးခဲ့၍
ချီလန်က လက်သင်္ကေတတစ်ခုဖော်ထုတ်ပြီး ပညာရှင်ကျောင်းတော်တစ်ခုလုံးကို ဖုံးအုပ်သွားသည့် ပင်လယ်သဏ္ဍာန် အတားအဆီးတစ်ခုကို ဆင့်ခေါ်လိုက်သည်။ မူတန်းရှီနှင့် အပေါင်းအပါများသည် ပညာရှင်ကျောင်းတော်အတွင်း ပိတ်မိသွားကာ ဤဂုဏ်ပြုနေရာသည် သူတို့၏ ယာယီ အကျဉ်းထောင် ဖြစ်လာ၏။ သူတို့၏ တစ်ခုတည်းသော ရွေးချယ်မှုမှာ တံခါးကို ဖျက်ဆီးရန် ဖြစ်သောကြောင့် တာအို ကျင့်စဉ်များနှင့် မှော်ရတနာများစွာ ပစ်ခတ်ထုတ်ဖော်ကာ ၎င်းကို ဖောက်ခွဲလိုက်ကြ၏။ တိုက်ကွက်များက ပြင်းထန်သော်လည်း ပိတ်ဆို့ထားသည့် အလွှာသုံးခုကို ဖျက်ဆီးနိုင်ရန် အချိန်အနည်းငယ် ကြာနိုင်သည်။ ထို့အပြင် မျောက်သူတော်စင်နှင့် ဟွာလျန်သခင်မကဲ့သို့ နတ်ဆိုးများက မလှုပ်ရှားခဲ့သောကြောင့် ချန်ရီအနေဖြင့် ပညာရှင်ကျောင်းတော်အတွင်းမှ ထွက်ခွာလာမည့် ရန်သူများကို စောင့်ဆိုင်းနေမည်မဟုတ်ပေ။
မူတန်းရှီ လှုပ်ရှားလာသည်နှင့် တပြိုင်နက် သူမ၏ပစ်မှတ်က မူလင်ဖြစ်သွားကာ တိုက်ခိုက်ရန် ကောင်းကင်အထက်မှ လျှပ်စစ်မြွေများကို စေလွှတ်လိုက်သည်။
"ချန်ရီ၊ ရပ်လိုက်စမ်း။ ငါတို့ အရှုံးပေးတယ်"
မူလင်၏ မျက်နှာက ဖြူဖျော့သွားပြီး ကာကွယ်ရန်အတွက် အလန့်တကြား နောက်ဆုတ်သွားခဲ့၏။
"အရှုံးပေးချင်ရင် မင်းတို့ သေရလိမ့်မယ်"
ချန်ရီ၏ အသံက မိုးချုန်းသံပမာ ထွက်ပေါ်လာပြီး မီးတောက်နှင့် လျှပ်စီးများ ယှက်သန်းတောက်လောင်နေသည့် မျက်နှာတွင် မည်သည့် ခံစားချက်မှ မရှိခဲ့ပေ။
"ငါတို့ သေရင် အင်မော်တယ်ပြည်ထောင်အတွက် ဘယ်သူက တိုက်ခိုက်မှာလဲ။ ဒီအတွင်းပဋိပက္ခက ငါတို့ရဲ့ ပျက်စီးခြင်း ဖြစ်လိမ့်မယ်"
ရဲရှင်ယင်က မူလင်ကို ကူညီရန် အင်ပါယာ တံဆိပ်ကို ဆင့်ခေါ်ကာ အော်ဟစ်သတိပေးလိုက်ပြီး ၎င်းနှင့် နေမင်းတူမှာ ထိပ်တိုက်ရင်ဆိုင်သွားခဲ့၏။
ဘုန်း
နေမင်းတူပေါ်တွင် အက်ကွဲကြောင်း အချို့ ဖြစ်ပေါ်လာသောကြောင့် နဂါးငွေ့တန်းအဆင့် ရတနာ၏ ကြောက်မက်ဖွယ်ကောင်းပုံကို သိနိုင်သည်။
"အတွင်း ပဋိပက္ခက အင်မော်တယ်ပြည်ထောင်ကို ပျက်စီးစေမှာလား။ မင်းတို့ကိုယ် မင်းတို့ အထင်ကြီးနေတာပဲ။ ငါ တစ်ယောက်တည်းက အင်မော်တယ်ပြည်ထောင်အတွက် တိုက်ခိုက်ဖို့ လုံလောက်တယ်"
နေမင်းတူ ထိခိုက်သွားသော်လည်း ချန်ရီက မရပ်တန့်ဘဲ မူလင်ထံ ကိုယ်တိုင် ပစ်ဝင်လာသဖြင့် သူမသည် နဂါးငွေ့တန်းအဆင့် တာအို ကျင့်စဉ် ငှက်တစ်ထောင်ကို ထုတ်ဖော်ရင်ဆိုင်ခဲ့သောကြောင့် ကောင်းကင်တွင် ငှက်အုပ်ကြီးထွက်ပေါ်လာကာ ပတ်ဝန်းကျင်၌ တဘန်းဘန်းပေါက်ကွဲကုန်သည်။
" အတွင်း ပဋိပက္ခအကြောင်း ပြောနေပေမယ့် ထောင်ချောက်တစ်ခု ဆင်လိုက်တဲ့အခါ မင်းတို့အားလုံးက ငါ့ကို သတ်ဖို့ တော်တော်လေး စိတ်အားထက်သန်နေကြတယ်။ မင်းတို့ရဲ့ မူမျိုးနွယ်က တော်တော်ကိုယ်ကျင့်တရားကောင်းတာပဲ"
ချန်ရီက အေးစက်စက် လှောင်ရယ်ခဲ့ပြီး လျှပ်စီးပုဆိန်သည် လမ်းကြောင်းရှိ ငှက်အုပ်ပေါက်ကွဲမှုကို ထိုးဖောက်ကာ အောက်သို့ ကျဆင်းလာသည်။
" ရပ်လိုက်စမ်း"
မူတန်းရှီနှင့် ရဲချင်းလီသည် ပညာရှင်ကျောင်းတော်မှ ထွက်လာနိုင်ရန် အစွမ်းကုန်ကြိုးစားနေရင်း စိုးရိမ်တကြီး အော်ဟစ်လိုက်ပြီး သူတို့၏ အသံများက ဒေါသကြောင့် တုန်ယင်နေသည်။
ပုဆိန်ချက်က မူလင်ရီ၏ ဦးခေါင်းကို ဖြတ်တောက်သွားကာ သူမ၏ မျက်လုံးများက အံ့အားသင့်စွာ ပြူးကျယ်သွား၍ ခဏအတွင်း အသက်ပျောက်သွားသည်။ တစ်ရက်တည်းမှာပင် သားနှင့် သမီးက သူတို့၏ မျက်စိရှေ့တွင် သေဆုံးခဲ့ကြသောကြောင့် မူတန်းရှီနှင့် ရဲချင်းလီ နှစ်ယောက်စလုံးမှာ သွေး အမြောက်အမြား အန်ထွက်လာကြ၏။ ဤစုံတွဲက ဝမ်းနည်းပက်လက် အော်ဟစ်လိုက်ကြပြီး သူတို့၏ ဝမ်းနည်းမှုမှာ ပတ်ဝန်းကျင်တစ်ခုလုံးတွင် ပဲ့တင်ထပ်သွားသည်။ မဟာကျောင်းတော်၏ ရိုသေလေးစားရသော ပါမောက္ခက ထိုကဲ့သို့ အရူးမီးဝိုင်း ဖြစ်နေသည်ကို မည်သူမှ မမြင်ဖူးကြပေ။
မူလင် အသတ်ခံလိုက်ရသောအခါ မူမျိုးနွယ်၏ တိုက်ရိုက် သွေးမျိုးဆက်သည် သိသာထင်ရှားစွာ အားနည်းသွားခဲ့ပြီး တိုက်ပွဲက မပြီးဆုံးသေးသဖြင့် ဝမ်းနည်းဒေါသထွက်နေသော မူတန်းရှီနှင့် အခြား ဆရာများက ချန်ရှောင်တို့၏ ပိတ်ဆို့မှုကို ဖျက်ဆီးပြီး ရဲရှင်ယင်အား ကယ်တင်ရန် အလျင်အမြန် ဆင်းသက်လာကြသည်။ သို့သော် ဤအတားအဆီးက ချန်ရှောင်ကိုယ်တိုင် ဖန်တီးထားသောကြောင့် အဆင့်မြင့်နေသဖြင့် အမျိုးမျိုးသော မှော်ရတနာများနှင့် တာအို ကျင့်စဉ်များ မိုးပမာ ရွာကျလာသောအခါ ပေါက်ကွဲသံများ ထွက်ပေါ်လာသည်။ ထိုအချိန်တွင် တိုက်ပွဲစင်မြင့်အထက်၌ ချန်ရီသည် ပျက်စီးသွားသော နေမင်းတူကို စွန့်ပစ်ကာ လျှပ်စီးပုဆိန်ကိုသာ ကိုင်ဆောင်၍ ရဲရှင်ယင်ကို သတ်ရန် အာရုံစိုက်ထားသည်။
ကူညီရန် လူများစွာ အလျင်အမြန် လာနေသည်ကို မြင်သောအခါ ရဲရှင်ယင်၏ ယုံကြည်မှုက မြင့်တက်သွားပြီး ဂါထာတစ်ခုကို ရွတ်ဆိုကာ လက်သင်္ကေတတစ်ခု ပြုလုပ်လိုက်သည်။
တာအို ကျင့်စဉ်၊ နက်နဲ ကောင်းကင်အတားအဆီး
ရွှေရောင် အကာအကွယ်တစ်ခု ထွက်ပေါ်လာကာ သူ့ကို ဖုံးအုပ်သွားစဥ် နောက်တစ်ကြိမ် ဂါထာများ ရွတ်ဆိုလိုက်ပြန်၏။
တာအို ကျင့်စဉ်၊ အဇူရာ ကောင်းကင် မီး နဂါး
ချီစွမ်းအင်များမှ ပြင်းထန်သော အနီရောင် နဂါးတစ်ကောင် ထွက်ပေါ်လာပြီး ရဲရှင်ယင်၏ ပတ်လည်တွင် ရစ်ပတ်ကာ ဒေါသတကြီး ဟိန်းဟောက်၍ ချန်ရီကို စိုက်ကြည့်နေခဲ့သည်။ အစွမ်းထက် ကာကွယ်ရေး ကျင့်စဉ် နှစ်ခုအောက်တွင် ရှိနေသော ရဲရှင်ယင်က အင်ပါယာတံဆိပ်ကို ကိုင်ထားရင်း အပြစ်တင်စွပ်စွဲလိုက်၏။
" လူသားမျိုးနွယ်အပေါ် မင်းရဲ့ ရက်စက်ကြမ်းကြုတ်မှုနဲ့ ရိုင်းစိုင်းမှုကြောင့် လူအများအပြားကို ဒေါသထွက်စေခဲ့တယ်။ မင်းအဖေကလည်း မင်းရဲ့ ရာဇ၀တ်မှုတွေမှာ ပူးပေါင်းပါဝင်ခဲ့တယ်။ ချန်မျိုးနွယ်ရဲ့ ဒီနေ့ ကျူးလွန်မှုတွေက အင်မော်တယ်ပြည်ထောင် အတွက် ထိခိုက်စေတယ် အပြစ်သားတွေ"
"မင်းတို့ ရဲမျိုးနွယ်က တော်ဝင် အဆင့်အတန်းကို ဆက်ထိန်းသိမ်းထားနိုင်တယ်လို့ တကယ် ထင်နေတာလား။ မင်းက အင်မော်တယ်ပြည်ထောင်ရဲ့ အိမ်ရှေ့မင်းသား မဟုတ်တော့ဘူး။ မင်းက ချန်မျိုးနွယ်ရဲ့ အပြစ်တွေကို တရားစီရင်ဖို့ ဘာအဆင့်အတန်းရှိလို့လဲ"
ချန်ရီက တဟားဟားရယ်မောကာ လှောင်ပြောင်ကဲ့ရဲ့လိုက်သည်။ ထို့နောက် လျှပ်စီးပုဆိန်ကို ဒရွတ်တိုက်ဆွဲယူလာသောကြောင့် စင်မြင့်တလျှောက် မီးပွားများ ထွက်ပေါ်လာသည်။ တစ်ချိန်တည်းမှာပင် သူမ၏လက်များက တံဆိပ်တစ်ခုကို ဖန်တီးကာ ကောင်းကင်ထက်၌ မိုးတိမ်မည်းများ စုဝေးလာစေပြီး မိုးကြိုးတစ်ချက် ပစ်ချလာခဲ့၏။
တာအို ကျင့်စဉ်၊ အဆုံးစွန် လျှပ်စီး
ဘုန်း
ကြောက်မက်ဖွယ်ကောင်းသော လျှပ်စီးကြောင်းက ကောင်းကင် မီး နဂါးကို တိုက်ခိုက်ကာ ချက်ချင်း ကြေမွသွားစေပြီး နက်နဲသော ကောင်းကင် အတားအဆီးကို တုန်လှုပ်စေသော လှိုင်းများ ဖြစ်တည်လာ သည်။ တန်ပြန်အားလှိုင်းကြောင့် ရဲရှင်ယင်၏ မျက်နှာက ဖြူဖျော့သွားပြီး ကြမ်းပြင်၌ ဒူးထောက်ကျသွားကာ လက်နှစ်ဖက်ဖြင့် အင်ပါယာတံဆိပ်ကို မြှောက်ကိုင်ရင်း ခုခံနေရ၏။
"စောက်ရူး၊ မင်းကို တောက်ပတဲ့ ကစားစရာတစ်ခု ပေးထားလို့ ငါ့ကို ရပ်တန့်နိုင်မယ် ထင်နေတာလား"
သူမက လက်နှစ်ဖက်ဖြင့် လျှပ်စီးပုဆိန်ကို ဆုပ်ကိုင်ကာ အားကုန်ခုတ်ပိုင်းလိုက်သောကြောင့် အသွားမှာ ချက်ချင်း ပေါက်ကွဲသွား၍ စိတ်ကျောက်တုံး သန်းပေါင်းရာနှင့်ချီ တန်ဖိုးရှိသော အလင်းစက်ကွင်းအဆင့် ရတနာသည် ဤကဲ့သို့ ပျက်စီးသွားခဲ့သည်။ သို့သော် ကြီးမားသော အင်အားက အင်ပါယာ တံဆိပ်ပေါ်တွင် သက်ရောက်နေဆဲဖြစ်ပြီး မိုးကြိုးများ ယှက်သန်း၍ နိမ့်ဆင်းလာသောအခါ ရဲရှင်ယင်၏ ခြေထောက် နှစ်ဖက်စလုံး ချက်ချင်း ကြေမွသွားသည်။
"မလုပ်ပါနဲ့"
သူ၏ လက်နှစ်ဖက်လုံးရှိ အရိုးများက ကြေမွသွားသောအခါ နာကျင်မှုကြောင့် ရုပ်ပျက်ဆင်းပျက် ဖြစ်သွားပြီး အင်ပါယာ တံဆိပ်၏ အလေးချိန်ကို မနိုင်စွမ်း မရှိတော့ချေ။ ချန်ရီက ပေါ့ပေါ့ပါးပါးဖြင့် ရိုက်ချလိုက်သောအခါ ၎င်းမှာ တောင်တစ်ခုကဲ့သို့ ဆင်းသက်လာပြီး ရဲရှင်ယင်၏ ဦးခေါင်းကို ကြိတ်ချေပစ်လိုက်ရာ အားခနဲ အော်ဟစ်ရင်း အသားပြားဖြစ်သွားခဲ့၏။
အင်မော်တယ်ပြည်ထောင် အိမ်ရှေ့မင်းသားဟောင်း၏ သွေးများဖြင့် စွန်းထင်းနေသော အင်ပါယာ တံဆိပ်က ရဲတော်ဝင်မျိုးနွယ်၏ သင်္ကေတကို ကြယ်ပွင့်ပညာရှင်စင်မြင့်အထက်၌ တံဆိပ်ရိုက်နှိပ်လိုက်သည်။
တည်နေရာတစ်ခုလုံး အပ်ကျသံပင် ကြားရလောက်အောင် တိတ်ဆိတ်သွားပြီး တပည့် တစ်ယောက်ချင်းစီတိုင်းက ငြိမ်သက်စွာ ရှိနေကာ ဤကြောက်မက်ဖွယ်ကောင်းသော မိန်းကလေး၏ အကြည့်ရောက်လာမည်ကို စိုးရွံ့နေကြ၏။ အများစုက တုန်ယင်နေကြပြီး ရက်စက်ကြမ်းကြုတ်သော ခွန်အားနှင့် လွှမ်းမိုးမှုက သူတို့၏ နှလုံးသားထဲသို့ ကြောက်ရွံ့မှုကို အမှန်တကယ် ရိုက်သွင်းပေးနိုင်ခဲ့သည်။
ရဲတော်ဝင် မိသားစုနှင့် မူမျိုးနွယ်၏ ကျင့်ကြံသူများသည် မျိုးနွယ်ပိုင်တံဆိပ်ဖြင့် ရဲရှင်ယင် ကြေမွသေဆုံးခဲ့ရသည့် အဖြစ်ကို မြင်နေရပြီး မူတန်းရှီ၊ ရဲချင်းလီနှင့် အခြားသူများအားလုံး မိုးကြိုးပစ်ချခံလိုက်ရသကဲ့သို့ တောင့်တင်းကုန်သည်။
"မင်းတို့ မျိုးနွယ် သုံးခုရဲ့ ပါရမီရှင်တွေက အမှန်တကယ် ကြောက်စရာကောင်းတယ်။ ငါ့သမီးက သူတို့ ငါးယောက်ကို တစ်ပြိုင်နက်တည်း တိုက်ခိုက်ရင်း ရှုံးလုနီးပါး ဖြစ်သွားတယ်"
ထိုအချိန်၌ လျှပ်စီးကြောင်းတစ်ခုသည် ချန်ရီ၏ ပတ်လည်တွင် ရစ်ပတ်ကာ သူမကို ဆွဲထုတ်လိုက်ပြီး ချန်ရှောင်၏လက်ချက်ဖြစ်ကာ မျက်နှာပြောင်ပြောင်နှင့် ကြေညာလိုက်၏။
"သူမက အလင်းစက်ကွင်းအဆင့် ရတနာ နှစ်ခုတောင် ဆုံးရှုံးခဲ့တယ်"
"အနည်းဆုံးတော့ ဘယ်သူမှ မထိခိုက်ပါဘူး"
ကျောက်ရွှမ်ကျန်းနှင့် ချီလန်ကလည်း ဝင်ရောက်ထောက်ခံခဲ့ပြီး ချန်ရှောင်မှာ တစ်ဖက်လူကို ဆက်တိုက်ရန်စနေခဲ့၏။
"မူတန်းရှီ၊ ဘာလို့ ဒီလောက် တိတ်ဆိတ်နေတာလဲ။ ငါတို့က တရားမျှတတဲ့ တိုက်ပွဲကို သဘောတူခဲ့တယ်ဆိုတော့ ရလဒ်ကို လက်မခံနိုင်တာတော့ မဟုတ်ဘူးမလား"
ရဲတော်ဝင် မိသားစု၊ မူမျိုးနွယ်နှင့် ဟန်မျိုးနွယ်၏ ကျင့်ကြံသူများက လက်သီးကို တင်းတင်းဆုပ်ကာ မျက်နှာများ ရှုံ့မဲ့နေကြသည်။
"စကားမပြောတော့ဘူးလား။ မဟာကျောင်းတော်ကို ဒီတိုက်ပွဲအတွက် ကျေးဇူးတင်ပါတယ်။ အချိန်ရရင် ငါ့သမီးရဲ့ နာမည်ကို နဂါးအဆင့်ရဲ့ ထိပ်ဆုံးမှာ ထားပေးနိုင်မလား။ ငါတို့က အောင်ပွဲခံဖို့ အခမ်းအနားတစ်ခု ပြင်ဆင်ရမှာမို့ အခု လောလောဆယ်တော့ နှုတ်ဆက်ပါတယ်"
စစ်သူကြီးက ဟားတိုက်ရယ်မောရင်း ချန်ရီနှင့်ယွမ်ရှောင်ကို ဆွဲခေါ်ကာ မိတ်ဆွေနှစ်ယောက်နှင့်အတူ ကောင်းကင်သို့ ပျံတက်၍ လျှပ်တပြက်အတွင်း ပျောက်ကွယ်သွားကြ၏။ သူတို့ကို ရပ်တန့်ရန် မည်သူမျှ မလှုပ်ရှားခဲ့သော အကြောင်းအရင်းမှာ သတ္တိမရှိသောကြောင့်ပင်။
မူတန်းရှီက ချန်ရီ ရှုံးနိမ့်သွားလျှင် ရိုင်းစိုင်းသော စစ်သူကြီးကို ထိန်းသိမ်းနိုင်ရန် မျှော်လင့်ကာ လူတိုင်းကို စုရုံးခဲ့သော်လည်း အခြေအနေမှာ ပြောင်းပြန်ဖြစ်နေခဲ့သည်။ သူတော်ကောင်း ဟန်ဆောင်နေသော မျက်နှာဖုံး ပြုတ်ကျသွားသဖြင့် ချန်အုပ်စု ထွက်ခွာသွားသည်ကို ကြည့်နေရုံသာ တတ်နိုင်ခဲ့ကြ၏။
"ထွက်သွားကြစမ်း"
မူတန်းရှီက ဒေါသတကြီး အော်ဟစ်လိုက်လိုက်သောကြောင့် မဟာကျောင်းတော်၏ တပည့် ထောင်ပေါင်းများစွာသည် အခြေအနေ၏ ပြင်းထန်မှုကို သဘောပေါက်သဖြင့် ချက်ချင်း ထွက်ခွာသွားရာ ရဲမျိုးနွယ်၊ မူမျိုးနွယ်နှင့် ဟန်မျိုးနွယ်၏ အဖွဲ့ဝင်များနှင့် ပွဲလာကြည့်သော နတ်ဆိုး အနည်းငယ်သာ ကျန်ရစ်ခဲ့သည်။
အချိန်တစ်ခုကြာအောင် တိတ်ဆိတ်နေပြီးနောက် ပုံရိပ် နှစ်ခုက ကောင်းကင်မှ ဆင်းသက်လာကာ တစ်ယောက်မှာ မဟာကျောင်းတော် သူတော်စင်၊ မူတန်းရှီ၏ အဖေ၊ အင်မော်တယ်ပြည်ထောင်တွင် လူရိုသေရှင်ရိုသေ ပုဂ္ဂိုလ်တစ်ဦး ဖြစ်သည်။ လူအိုများသည် လူငယ်မျိုးဆက်၏ နောက်ဆုံးခရီးကို လိုက်ပါပို့ဆောင်နေရသဖြင့် သူက ဝမ်းနည်းနေခဲ့ပြီး ပတ်ဝန်းကျင်မှ လူတိုင်းလည်း လေးလံသော စိတ်ကြောင့် မျက်နှာများ မည်းနက်နေသည်။
နောက်တစ်ယောက်က ရွှေရောင် နဂါးဝတ်ရုံကို ဝတ်ဆင်ထားသော သက်လတ်ပိုင်းအရွယ် အမျိုးသားတစ်ဦး ဖြစ်ကာ သူ၏ အကြည့်သည် သွေးများစွန်းထင်းနေသော အင်ပါယာ တံဆိပ်တွင် တည်ငြိမ်သွားသည်။ ကြောက်မက်ဖွယ်ကောင်းသော မြင်ကွင်းရှေ့မှောက်တွင် သူက ငြိမ်သက်နေပြီး မျက်နှာထက်၌ အပြောင်းအလဲ မရှိချေ။
"ဘုရင်မင်းမြတ်"
ရဲချင်းလီက မျက်ရည်များ စီးကျနေရင်း သူ့ရှေ့တွင် ညင်သာစွာ ဒူးထောက်လိုက်သည်။
"သေတဲ့လူက ပြန်မလာတော့ဘူး"
ရွှေရောင်ဝတ်ရုံနှင့် အမျိုးသားက တီးတိုးပြောလိုက်သည်။
"အရှင်"
အဘိုးအိုက ထိုအမျိုးသားရှေ့တွင် ဒူးထောက်လိုက်ပြီး သွေးစွန်းမျက်ရည်များ စီးကျနေခဲ့သည်။
"ဒီလိုအမည်နာမတွေကို မဆင်မခြင် အသုံးမပြုသင့်ဘူး"
"နားလည်ပါပြီ"
အဘိုးအိုက အင်္ကျီလက်ဖြင့် မျက်ရည်များကို အလျင်အမြန် သုတ်၍ အစီအစဥ် ဆက်လုပ်ရန် သင့်မသင့် အမိန့်တောင်းခံလိုက်၏။ တစ်ဖက်လူက ခေါင်းညိတ်ပြခဲ့ပြီး ချီစွမ်းအားအနည်းငယ်ဖြင့် အင်ပါယာတံဆိပ်ကို သန့်စင်ကာ သိမ်းဆည်းလိုက်သည်။ အစီအစဥ်အကြောင်း မသိသောကြောင့် ဟန်ကျင်းလီက စူးစမ်းလိုက်သောအခါ မူတန်းရှီက ရှင်းပြခဲ့သည်။ လက်ရှိတွင် အင်မော်တယ်ပြည်ထောင်၏ အုပ်ချုပ်သူက မရင့်ကျက်သောကြောင့် စစ်အင်အားကို ချန်ရှောင်ကဲ့သို့ လူများလက်တွင် ဝကွက်အပ်ထားရသည်။ ထို့ကြောင့် သူတို့အနေဖြင့် အမှားကို အမှန်ပြင်ဆင်ရန်အတွက် ကောင်းကင်မှ တာဝန်ပေးထားသည်ဟု သူတော်ကောင်းဟန်ဆောင် ပြောကြားလိုက်ပြန်သည်။
"အစ်ကို၊ မင်းနဲ့ မဟာကျောင်းတော် သူတော်စင်က ဥဒေါင်းကို ကြိုဆို နှုတ်ဆက်ဖို့ သွားတာ မဟုတ်ဘူးလား။ သူက ဘယ်မှာလဲ"
ထိုအချိန်တွင် ရဲချင်းလီသည် ဝမ်းနည်းစိတ်ကို တင်းခံရင်း မေးလာခဲ့သည်။
"သူက လုံးဝ ပေါ်မလာခဲ့ဘူး"
ရွှေရောင်ဝတ်ရုံနှင့် လူ၏ မျက်လုံးများက အေးစက်တင်းမာသွားခဲ့လေသည်။