အဒေါ်သုံးယောက်၏ အကာအကွယ်
Vol. 13 Ch. 160
ကောင်းကင်နယ်မြေ၏ ထူးဆန်းမှုများ ပြည့်နှက်နေသော ညတစ်ညတွင် လေနီကြမ်းများ တိုက်ခတ်နေပြီး မီးအိမ်အလင်းရောင်အောက်၌ သွေးများ စိုစွတ်နေသော ဧရာမ ဓားတာအိုကျောက်တိုင်သည် ခန့်ညားစွာ ရပ်တည်နေသည်။ အဆုံးမရှိသော သွေးစွန်းဓားချက်များသည် ထာဝရဖြစ်တည်နေကာ နတ်ဆိုးတိုက်ကြီးထံ ချိန်ရွယ်လျက်ရှိကြသည်။ အင်မော်တယ်သွေးကြော နယ်ပယ်သို့ ရောက်ပြီးနောက် ယွမ်ရှောင်သည် ပျံသန်းရန် ဓားဝိညာဥ် မလိုအပ်တော့ဘဲ အင်မော်တယ်သွေးကြောများတွင် စီးဆင်းနေသည့် ချီစွမ်းအင်ဖြင့် လေထဲတွင် အားစိုက်ထုတ်စရာမလိုဘဲ ဝဲပျံနိုင်လာခဲ့သည်။
သူက ဓားချက်များနှင့် မျက်နှာချင်းဆိုင် ရပ်နေပြီး အဖြူရောင်ဝတ်ရုံနှင့် မဟူရာဆံပင်များမှာ လွင့်ပျံနေကြ၏။ သူ၏ မျက်လုံးများသည် ဓားချက်များကို စိုက်ကြည့်နေရင်း အေးစက်စက် တောက်ပလာခဲ့ပြီး အတွင်းတွင် အနီရောင် သွေးကြောများ ထွက်ပေါ်လာသည်။ ဒေါသစိတ်သည် သူ၏ အသား၊ အရိုးများနှင့် အတွင်းအင်္ဂါများကို လောင်ကျွမ်းစေကာ ပွက်ပွက်ဆူလာပြီး ဓားတာအိုကျောက်တိုင်ကို ပထမဆုံး မြင်တွေ့သောအခါ ခံစားခဲ့ရသည့် ဝမ်းနည်းမှုက ယခု ဆယ်ဆ တိုးလာခဲ့၏။ ကျောက်တိုင်ထံမှ လက်များစွာ ဆန့်ထွက်လာပြီး သွေးသမုဒ္ဒရာအတွင်း သူ့ကို ဆွဲခေါ်နေသကဲ့သို့ ထင်မှတ်ရပြီး ရှေးခေတ် လူသား မျက်နှာများစွာသည် ရှေ့တွင် ပေါ်လာပြီး တိတ်ဆိတ်စွာ ကြည့်ရှုနေကြသည်။ သေဆုံးသွားသည်မှာ ကြာမြင့်နေပြီဖြစ်သော်လည်း မျက်လုံးများသည် ပွင့်လျက်သားရှိနေပြီး မငြိမ်းချမ်းနိုင်ကြသေးပေ။
"ဒီဓားသိုင်းကို ကျွမ်းကျင်ဖို့ လူတစ်ယောက်က ဘိုးဘေး သန်းပေါင်းတစ်ထောင်အတွက် လက်စားချေပေးပြီး ကျဆုံးသွားတဲ့ မျိုးဆက်များစွာရဲ့ ကြီးမားတဲ့ မကျေနပ်မှုကို ပခုံးထမ်းရမှာလား"
ယွမ်ရှောင်က တီးတိုးရေရွတ်လိုက်ပြီး အသက်ပြင်းပြင်းရှူလိုက်သောအခါ အဆုံးမရှိသည့် ဒေါသသည် တစ်ကိုယ်လုံးတွင် လောင်ကျွမ်းနေခဲ့သည်။ အင်အားကြီးမားသော ရန်သူများကို ရင်ဆိုင်ကာ လူအများအတွက် တိုက်ခိုက်ပေးခဲ့ကြသော်လည်း သစ္စာဖောက်ခံရခြင်း၊ စွန့်ပစ်ခံရခြင်းနှင့် ရှုံးနိမ့်မှုက သူတို့၏ အဆုံးသတ်ဖြစ်ခဲ့၏။ သူတို့၏ ဒေါသသည် ပြန်လည်မွေးဖွားခြင်း စက်ဝန်းကို စွန့်ပစ်နိုင်လောက်အောင် နက်ရှိုင်းပြီး ဓားတာအိုကျောက်တိုင်၌ ဆက်လက် ငြိတွယ်နေကြသည်။ ဤအမုန်းတရားက ယွမ်ရှောင်၏ မတရားသော သေဆုံးမှုအတွက် ခံစားခဲ့ရသော မုန်းတီးမှုထက် များစွာ အားကောင်းသည်။
ဓားချက်များစွာသည် စတင်ရွေ့လျားကာ ပေါင်းစည်းဖြစ်တည်လာ၍ ကျောက်တိုင်အထက်တွင် ပုံရိပ်များ ထွက်ပေါ်လာကာ လူသားမျိုးနွယ်၏ ကြယ်သတ်ဓားသိုင်း အသက်ဝင်နေခဲ့သောကြောင့် ထိုဝိညာဥ်များနှင့် ယွမ်ရှောင်အကြား သဘောတူညီမှုတစ်ခုကို သက်သေပြနေ၏။
"ဓားနယ်မြေရဲ့ မသေနိုင်တဲ့ စိတ်ဆန္ဒကို အမွေဆက်ခံပြီး ငါက လူသားမျိုးနွယ် ထာဝရ ငြိမ်းချမ်းရေးအတွက် ကြိုးပမ်းရန် ဤအသက်ကိုရင်းကာ ဓားကို ဆုပ်ကိုင်မယ်"
ယွမ်ရှောင်က သံဓိဋ္ဌာန်ချလိုက်ပြီး သာမန်လူသားတစ်ဦးဖြစ်ကြောင်း လုံးဝမေ့လျော့သွားမည် မဟုတ်ချေ။ ဓားကွက်များသည် ကျောက်တိုင်ပေါ်တွင် ထွက်ပေါ်လာကာ အရှိန်အဝါအရ သတ်ဖြတ်လိုသော ရည်ရွယ်ချက်သည် ကြီးမားပြီး အဆုံးမရှိပေ။ ကြယ်သတ်ဓားသိုင်းက အစွမ်းထက် လူသတ်ဓားကွက် ခုနစ်ခုဖြင့် ဖွဲ့စည်းထားကာ နတ်ဆိုးများကို တွန်းလှန်ဆန့်ကျင်ရန် ဘိုးဘေးများ ဖန်တီးခဲ့သော လက်ရာပင်။အသူရာဓားဂိုဏ်းနှင့် ဓားကောင်းကင်၏ ဓားသိုင်းများသည် တရားမျှတမှုကို အလေးပေးသော မျိုးဆက်မှ ဖြစ်သော်လည်း အမြင့်မြတ်ဆုံး ဓားသိုင်းသည် တရားမျှတမှုအား လူသတ်ခြင်းနှင့် လက်စားချေခြင်း အယူအဆများန ပေါင်းစပ်ထားကာ ဓားသမားတစ်ယောက်၏ သတ်ဖြတ်နိုင်စွမ်းကို အဆုံးစွန်အထိ ထုတ်ဖော်ပေးနိုင်သည်။
အကောင်းဆုံး ခံစစ်သည် လျင်မြန် တိကျ၍ ရက်စက်ကြမ်းကြုတ်သော တိုက်ခိုက်မှု ဖြစ်သည်။ ၎င်းသည် ရှေ့သို့ ဆက်တိုက်သွားရန် တွန်းအားတစ်ခုဖြစ်ပြီးမဆုတ်မနစ်သော ဆန္ဒဖြင့် ရန်သူများကို ဖျက်ဆီးပစ်နိုင်သည်။ ယွမ်ရှောင်အနေဖြင့် ကောင်းကင်နယ်မြေသို့ တက်လှမ်းခြင်းသည် သွေးခင်းလမ်းပမာ ပြင်းထန်ခဲ့သောကြောင့် သူ၏ စိတ်ဓာတ်သည် ကြယ်သတ်ဓားသိုင်းနှင့် လုံးဝ လိုက်ဖက်သည်။
ဓားဂူသုံးခုမှ ဓားကျင့်ကြံသူ တစ်သိန်းသည် ဤဓားနည်းစနစ်ကို မကျွမ်းကျင်ရသည့် အကြောင်းရင်းမှာ ဓားဝိညာဉ်များ အားနည်းသောကြောင့် မဟုတ်ဘဲ နှိမ့်နှိမ့်ချချနေရသောကြောင့်ပင်။ သူတို့က ဓားများကို ဆွဲထုတ်လိုက်သည်နှင့်တပြိုင်နက် အသက်အန္တရာယ်ရှိသောကြောင့် အပြစ်မတင်သင့်ပေ။ အန္တရာယ်များလွန်းသော ဤလမ်းကြောင်းကို လျှောက်လှမ်းကာ နတ်ဆိုးများ၏ ရန်ကြွေးကို သည်းခံနေရသောကြောင့် သူတို့သည် ယွမ်ရှောင်ထက်စာလျှင် ပို၍ စိတ်ပျက်အားငယ်ကြပေလိမ့်မည်။
"စုစုပေါင်း ဓားခုနစ်ကွက်။ ဓားမြှောင် သိုင်းကွက် ကြယ်မိုး။ ဓားရှည်သိုင်းကွက် ကြယ်တံခွန် ပိုင်းဖြတ်။ ဓားပျံသိုင်းကွက် လခရီး"
စသဖြင့် ဓားမြှောင်သိုင်း နှစ်ကွက်၊ ဓားပျံသိုင်း နှစ်ကွက်နှင့် လက်ဝါးဓားရှည်သိုင်း သုံးကွက် ပါဝင်ပြီး ဓားပျံသိုင်းကွက်များသည်ပင် သတ်ဖြတ်ရန် ရည်ရွယ်ထားခြင်းဖြစ်၏။ ဓားဝိညာဥ်ကို ခြောက်ပေရှည်သော ဓားပျံအဖြစ် ပြောင်းလဲကာ လက်အစား ခြေဖြင့် ထိန်းချုပ်ပျံသန်းနိုင်ရန် သင်ပြပေးထားသောကြောင့် ရန်သူများကို သတ်ဖြတ်နိုင်စွမ်းမြင့်မား၏။ ဤဓားကွက်ခုနစ်ခုသည် ပြည့်စုံပြီး ၎င်းတို့၏ ဖျက်ဆီးနိုင်စွမ်းသည် ပြိုင်ဘက်ကင်းသောကြောင့် ယွမ်ရှောင်မှာ စိတ်ဝင်တစား နစ်မြောသွားသည်။ တာအို ဂါထာများနှင့် နှိုင်းယှဉ်လျှင် ဤဓားသိုင်းသည် သူ၏ စိတ်ထားနှင့် လိုက်လျောညီထွေရှိသောကြောင့် စိတ်အားထက်သန်စွာနှင့် ကြိုးစားပမ်းစား သင်ယူခဲ့သည်။ အသက်ဆယ့်ခြောက်နှစ်တွင် သူသည် ဓားပညာ၌ နတ်ဘုရားတစ်ပါးပမာ ကျွမ်းကျင်နေပြီး ဓားဝိညာဥ်ကို ဓားမြှောင်အသွင်ပြောင်းကာ လှုပ်ရှားလိုက်၏။
၎င်းသည် အလင်းတန်း ဆယ်ခုနှင့်အတူ ပြေးထွက်သွားသောကြောင့် ဓားဆယ်ချောင်း ရှိနေသကဲ့သို့ ထင်မှတ်ရပြီး အမှန်နှင့် အမှားရောနှောနေသဖြင့် ခန့်မှန်းရန် ခဲယဥ်းပေသည်။ နှလုံးခုန်သံ တစ်ချက်အတွင်း တောက်ပသော အလင်းကိုးခုသည် ပျောက်ကွယ်သွားကာ အမည်းရောင် အရိပ်ပုံရိပ်တစ်ခုရှေ့တွင် ၎င်းမှာ ရပ်တန့်သွားခဲ့သည်။
"ကြယ်သတ်ဓားသိုင်း၊ ဓားခုနစ်ကွက်မှာ ကြယ်မိုးဓားက အလင်းတန်း ခုနစ်ခုကိုသာ ထုတ်လုပ်ပေးနိုင်ကြောင်း ရှေးမှတ်တမ်းတွေမှာ ဖော်ပြထားတယ်။ မင်းရဲ့ ကြယ်မိုး က ဘာကြောင့် ပုံရိပ်ယောင် ဓားအလင်းဆယ်ခုအထိ ထုတ်ပေးနိုင်တာလဲ"
ထိုပုံရိပ်သည် လေထဲတွင် ဝဲပျံနေပြီး သူမ၏ အသံက အံ့အားသင့်စွာ ထွက်ပေါ်လာပြီး ယွမ်ရှောင် တိုက်ခိုက်လိုက်သော်လည်း မရှောင်တိမ်းခဲ့ပေ။ သူက လှည့်ကြည့်လိုက်သောအခါ အမည်းရောင် ၀တ်ထားသော အမျိုးသမီးတစ်ဦးကို တွေ့လိုက်သည်။ သူမက ဆံပင်ရှည်ကို နောက်တွက် စည်းထားပြီး မျက်နှာကို အမည်းရောင် အ၀တ်ဖြင့် ဖုံးအုပ်ထားကာ နတ်ဆိုးသွေးစက်များသည် ဝတ်စုံတစ်ခုလုံး စွန်းထင်းနေ၍ ရက်စက်ကြမ်းကြုတ်သော မျက်ဝန်းတစ်စုံမှာ တောက်ပလင်းလက်နေ၏။
"ခင်ဗျားက ဘယ်သူလဲ"
ယွမ်ရှောင်က မေးလိုက်သည်။
"မင်းရဲ့ ဒုတိယ အဒေါ် ရောင်ယွဲ့"
သူမက ပြန်ဖြေခဲ့ပြီး ဓားဂူကြီး သုံးခု၏ သခင်မ သုံးဦးအနက် ယွမ်ရှောင်သည် အကြီးဆုံး အဒေါ် နန်ကုန်းရှီနှင့် အငယ်ဆုံး အဒေါ် စုလင်လင်တို့ကိုသာ တွေ့ဆုံခဲ့ဖူးသည်။ တစ်ဖက်လူမှာ မိတ်ဆွေဖြစ်သောကြောင့် သူက ဓားကို သိမ်းဆည်းကာ မြေပြင်သို့ ကျက်သရေရှိစွာ ဆင်းသက်လာခဲ့သည်။
"မင်း ဘာကို ကြည့်နေတာလဲ"
သူက အချိန်အတန်ကြာအောင် စိုက်ကြည့်နေသောကြောင့် ရောင်ယွဲ့သည် မသက်မသာဖြစ်သွားကာ မေးလိုက်ခြင်းဖြစ်၏။
"ခင်ဗျားမှာ နတ်ဆိုးသွေးတွေ စွန်းထင်းနေတယ်။ နတ်ဆိုးတွေကို သတ်နေတာလား"
"ဟုတ်တယ်"
နေ့အချိန်တွင် မျောက်နတ်ဆိုး ဒါဇင်ပေါင်းများစွာက စိတ်ကြိုက်သောင်းကျန်းခဲ့သောအခါ ဓားသမားများသည် ခေါင်းငုံ့နေခဲ့ရသော်လည်း ညဘက်၌ နတ်ဆိုးများကို လျှို့ဝှက်စွာ အမဲလိုက်တတ်ကြောင်း သိလိုက်ရသဖြင့် ယွမ်ရှောင်မှာ ကျေနပ်သွားခဲ့သည်။
"ဒီအမဲလိုက်တာက ခက်ခဲလား"
သူက စုံစမ်းလိုက်သည်။
"စိန်ခေါ်မှုများတယ်။ အမှားတစ်ခုတောင် လုပ်လို့မရဘူး။ တိုက်ကွက် တစ်ခုတည်းနဲ့ အသေသတ်ရမယ်။ လူဖြစ်ဖြစ်၊ နတ်ဆိုးဖြစ်ဖြစ် ဓားဝိညာဥ်ကို မြင်သွားလို့မဖြစ်ဘူး"
ရောင်ယွဲ့က လေးနက်စွာ ရှင်းပြလိုက်ပြီး ဓားကျင့်ကြံသူ တစ်ယောက်၏ ဘဝသည် အလွန်တရာ ခက်ခဲကာ တစ်ခုခုမှားယွင်းသွားလျှင် အင်မော်တယ်ပြည်ထောင်၏ ရာဇဝတ်သားအဖြစ် ချက်ချင်း စွပ်စွဲတိုက်ခိုက်ခံရပေလိမ့်မည်။
"အရုဏ်မတက်ခင် အချိန်ရှိသေးတယ်။ ဒီည နတ်ဆိုး အမဲလိုက်ဖို့အတွက် ကျုပ် ပူးပေါင်းမယ်။ ဒါက ဓားပညာကို လေ့ကျင့်ဖို့အတွက် ပြီးပြည့်စုံတဲ့ အခွင့်အရေးပဲ"
ယွမ်ရှောင်က ကောင်းကင်သို့ တစ်ချက်မော့ကြည့်၍ တောင်းဆိုလိုက်ခြင်းပင်။
"ဒါပေမယ့် မင်း အခုထိ ငါ့ကို မဖြေသေးဘူး။ မင်းရဲ့ ကြယ်မိုးသိုင်းကွက်က ဘာကြောင့် ဓားပုံရိပ်ဆယ်ခုကို ထုတ်ပေးနိုင်တာလဲ"
ရောင်ယွဲ့က ဖိအားပေး၍ မေးမြန်းလိုက်သည်။
"လျှို့ဝှက်ဆန်းကြယ်မှုကို မဖြေရှင်းဘဲ ထားတာ အကောင်းဆုံးပဲ"
"မင်းက ရိုင်းစိုင်းတဲ့ တူလေးပဲ။ မင်းက တကယ်ကို ကြွားဝါချင်နေတာပေါ့၊ ဟုတ်လား"
"ကြွားဝါခြင်းက ယုံကြည်မှုရဲ့ လက္ခဏာပဲ။ အဲဒါက မင်းလို အလှလေး ငါ့ကို အားကိုးစေနိုင်တဲ့ တစ်ခုတည်းသော နည်းလမ်းပဲ"
ကြယ်ပြာက ယွမ်ရှောင်၏ အသံနေအသံထားကို ကျွမ်းကျင်စွာ တုပကာ ပြောလိုက်ပြီး အသံအနေအထား အနိမ့်အမြင့်များပင် မကွဲပြားချေ။
"မင်းက အသက်ဆယ့်ခြောက်နှစ်ပဲ ရှိသေးတယ်၊ အဒေါ်ကိုတောင် ပရောပရည်လုပ်ရဲတယ်လား"
ယွမ်ရှောင်၏စကားဟု အထင်မှားသွားသောကြောင့် ရောင်ယွဲ့က မျက်ဝန်းလေးများ ဝိုင်းစက်လာခဲ့သည်။
"ငါက တစ်ယောက်တည်းကိုတင် မဟုတ်ဘူး။ သုံးယောက်လုံးကို ပရောပရည်လုပ်ရဲတယ်"
ကြယ်ပြာက ရယ်မောကာ ဆက်ပြောလိုက်သောအခါ အဖြူရောင် ပုံရိပ်နှင့် ပန်းရောင်ပုံရိပ်သည် ရောင်ယွဲ့၏အနားတွင် ဆင်းသက်လာသည်။ မျက်နှာဖုံးစွပ်ထားသော နန်ကုန်းရှီနှင့် စုလျန်လျန်တို့ ဖြစ်ကြပြီး စုလျန်လျန်သည် ထိုစကားများကို ကြားပြီးဖြစ်သည်။ သူမသည် လှပစွာ မျက်ခုံးတစ်ချက်ပင့်၍ ယွမ်ရှောင်အနား ခြေလှမ်းအနည်းငယ်နှင့် ချဥ်းကပ်ပြီး ညင်သာစွာ စနောက်လိုက်သည်။
"ကောင်းပြီ၊ ငါ နားကြားမှားတာ မဟုတ်ဘူးမလား။ မင်းရဲ့ ဒုတိယ အဒေါ်ကိုတောင် ပရောပရည်လုပ်ရဲတယ်လား"
"သူက ငါတို့ သုံးယောက်လုံးကို ပရောပရည်လုပ်မယ်လို့ ပြောတယ်"
ရောင်ယွဲ့၏စကားကြောင့် စုလျန်လျန်သည် သူ၏ ရင်ဘတ်ကို ကျောက်စိမ်းပမာ လှပသော လက်ချောင်းဖြင့် ထောက်လိုက်၏။
"မင်းရဲ့ သေးငယ်တဲ့ ခန္ဓာကိုယ်လေးက အဲ့ဒီလောက်ကြီး ခံနိုင်ရည်ရှိပါ့မလား"
"သုံးယောက်ဟုတ်လား။ ငါက ဆယ်ယောက်ဆိုရင်တောင် ခံနိုင်ရည်ရှိတယ်"
ကြယ်ပြာက ဒေါသတကြီး အော်ဟစ်လိုက်သည်။
"ဒါက ဘယ်လို သတ္တဝါမျိုးလဲ"
နားပါးသော စုလျန်လျန်သည် အံ့အားသင့်သွားကာ ယွမ်ရှောင်၏ ရင်ဘတ်အတွင်းမှ အမည်းရောင် သားရဲလေးကို လျင်မြန်စွာ ဆွဲထုတ်လိုက်သည်။
"အိမ်မွေး ကြောင်လေးပါ"
ယွမ်ရှောင်က ဟန်ဆောင် အသိပေးလိုက်သည်။ စုလျန်လျန်သည် ၎င်းကို သူမ၏ လက်မောင်းများအကြား ပွေ့ဖက်ကာ မျက်လုံးများ တောက်ပလာသည်။
"အရမ်း ချစ်စရာကောင်းတာပဲ"
"ဘာတွေ လျှောက်ပြောနေတာလဲ။ ငါ့ကို လွှတ်ပေး။ ငါက မိန်းမတွေနဲ့ ဝေးဝေးနေတယ်"
"ငါကတော့ မနေဘူး"
ကြယ်ပြာသည် ဒေါသတကြီး ဟိန်းဟောက်နေသော်လည်း အသံမထွက်ရဲသည့် လနီမှာ စိတ်ထဲမှ အသံကုန်အော်ဟစ်နေခဲ့၏။
"မင်းက အရမ်းကို ချစ်စရာကောင်းတာပဲ"
သူမ၏ စိတ်လှုပ်ရှားမှုသည် ပို၍ ပြင်းထန်လာကာ ကြယ်ပြာကို ဆုပ်ကိုင်ရင်း ရောင်ယွဲ့ကို ပြသရန်အတွက် ထွက်သွားခဲ့သည်။
"ပါးစပ်စည်းမစောင့်မှတော့ ခံလိုက်ပေါ့ကွာ"
"ယွမ်ရှောင်၊ မင်း သင်ယူပြီးပြီလား"
ယွမ်ရှောင်သည် ကြယ်ပြာ၏အဖြစ်ကြောင့် ရယ်မောနေစဥ် နန်းကုန်းရှီက မျှော်လင့်တကြီးဖြင့် နွေးထွေးစွာ မေးလာခဲ့သည်။
"ဟုတ်ကဲ့"
"ဓားကွက်ဘယ်နှစ်ခုလဲ"
"အားလုံးပဲ"
ထိုအဖြေကြောင့် နန်ကုန်းရှီက မျက်ခုံးပင့်လိုက်မိသကဲ့သို့ စုလျန်လျန်နှင့် ရောင်ယွဲ့တို့သည်လည်း အလွန်အံ့အားသင့်သွားသောကြောင့် အမည်းရောင် သတ္တဝါလေးကို လွှတ်ချလိုက်မိကြသည်။ ၎င်းသည် ရုန်းကန်လူးလိမ့်ကာ ချက်ချင်း ခုန်ထ၍ ယွမ်ရှောင်၏အဝတ်ထဲသို့ ပြန်ဝင်လာသည်။
"မင်း သေချာလား"
စုလျန်လျန်က မေးသည်။
"သေချာတယ်။ ကျုပ်လေးစားရတဲ့ အဒေါ်သုံးယောက်က ညဘက်မှာ နတ်ဆိုးတွေကို အမဲလိုက်နေမှတော့ ကြယ်သတ်ဓားသိုင်းကို နတ်ဆိုးသွေးတွေနဲ့ ပူဇော်ချင်တယ်"
ယွမ်ရှောင်က ယုံကြည်မှုရှိစွာ အတည်ပြု၍ ခွင့်ပြုချက် တောင်းခံလိုက်၏။
"ကောင်းပြီလေ"
သူတို့အားလုံးသည် ကြယ်သတ်ဓားသိုင်း၏ ခမ်းနားမှုကို ကိုယ်တိုင်ကိုယ်ကျ မြင်လိုသောကြောင့် နန်ကုန်းရှီက ချက်ချင်း သဘောတူလိုက်သည်။
"ဓားသူတော်စင်က ၁၃၀,၀၀၀ ကျော် သတ်ပြီးပြီ။ ငါတို့ နောက်ကျကျန်ခဲ့လို့ မဖြစ်ဘူး။ အချိန်မဖြုန်းသင့်ဘူး။ သွားကြစို့"
ရောင်ယွဲ့က အရေးတကြီး ဆော်သြောလိုက်၏။
"ယွမ်ရှောင်၊ မင်း ငါတို့ကို လိုက်နိုင်မယ်လို့ ထင်လား။ မင်း အမီ မလိုက်နိုင်ရင် အဒေါ်က မင်းကို ချီသွားပေးမယ်လေ"
စုလျန်လျန်က စနောက်လိုက်ရာ သူက အလျင်အမြန် ခေါင်းယမ်းပြလိုက်၏။
"ကျုပ် လိုက်နိုင်တယ်"
"သွားကြစို့"
စကားအဆုံးတွင် နန်ကုန်းရှီသည် အမှောင်ထဲတွင် ပျောက်ကွယ်သွားသောကြောင့် ကျန်လူအားလုံး ချက်ချင်း လိုက်ပါသွားကြသည်။
"တတိယ အဒေါ်က ဦးဆောင်နေတာဆိုတော့ ပျော်စရာကောင်းတဲ့ ခရီးတစ်ခု ဖြစ်လာတော့မယ်"
လနီက စိတ်လှုပ်ရှားစွာ အော်ဟစ်ကြွေးကြော်လိုက်၏။
မှိန်မှိန်ဖျဖျ လင်းနေသော ကောင်းကင်နယ်မြေ၏ လမ်းကြားများတွင် ဓားမြှောင်များသည် မိုင်ပေါင်းများစွာ ဖြတ်၍ ပြေးထွက်သွားကြပြီး ယွမ်ရှောင် ရောက်လေရာ နေရာတိုင်းတွင် မည်သည့် နတ်ဆိုးများမဆို ခေါင်းများ ဆုံးရှုံးကုန်သည်။ ထိုနတ်ဆိုးများ၏ အရိုးနှင့် အလောင်းများမှာ ပြုန်းတီးမှု မဖြစ်ခဲ့ဘဲ ယွမ်ရှောင်ကိုယ်တိုင် အသုံးမပြုလျှင်ပင် ၎င်းတို့ကို စုဆောင်းကာ သွေးကျောက်များအဖြစ် သန့်စင်ပြီး အခြား ဓားကျင့်ကြံသူများအတွက် ဓားစက်ကွင်းများ ဖန်တီးပေးနိုင်၏။
ရက်စက်ကြမ်းကြုတ်သော သတ်ဖြတ်ရေး ညတစ်ည ဖြစ်ခဲ့ပြီး ယွမ်ရှောင်သည် နတ်ဆိုးများကို အလောင်းပုံဖြစ်အောင် သတ်ဖြတ်ခဲ့သော်လည်း လုံးဝ သွေးစွန်းခြင်းမရှိခဲ့ချေ။ အင်မော်တယ်သွေးကြော နယ်ပယ်သာ ဖြစ်သော်လည်း ယွမ်ရှောင်သည် သူတော်စင် နယ်ပယ် အဒေါ်သုံးယောက်၏ သတ်ဖြတ်နိုင်စွမ်းကို အမီလိုက်နိုင်၍ သူ၏ ဓားပညာအဆင့်အတန်းက အထွတ်အထိပ်သို့ ရောက်ရှိသွားသည်မှာ ထင်ရှားပေသည်။
"ချဲ့ကားမနေဘဲ ပြောရရင် ယွမ်ရှောင်ရဲ့ ဓားကျွမ်းကျင်မှုက ဓားပညာမှာ ဘဝတစ်ခုလုံး မြှုပ်နှံထားတဲ့ ဓားသူတော်စင် ဆွန်နဲ့တောင် နှိုင်းယှဉ်နိုင်တယ်"
နန်ကုန်းရှီက ဤသို့ မှတ်ချက်ချကာ အမှောင်ထဲတွင် လျင်မြန်စွာ ပျံသန်းနေသော အဖြူရောင် အရိပ်ကို လိုက်ကြည့်နေသည်။
"ဝမ်းနည်းစရာကောင်းတယ်။ အဘိုး ဆွန်က ကြယ်သတ်ဓားသိုင်းကို ဘယ်တော့မှ မသင်ယူခဲ့ဘူး"
စုလျန်လျန်က ညင်သာစွာ ပြော၍ သုံးယောက်သား အကြည့်ချင်း ဖလှယ်လိုက်သည်။
"သူက ရှေးခေတ်အချိန်တည်းက အတော်ဆုံး ဓားပါရမီရှင်ဆိုတာ သံသယဖြစ်စရာကို မရှိဘူး"
ဤအဒေါ်သုံးယောက်သည် နတ်ဆိုးများကို သတ်ဖြတ်နေစဉ် ဘယ်၊ ညာနှင့် နောက်ဘက်မှ ယွမ်ရှောင်ကို ကာကွယ်ပေးနေကြပြီး ထိုလုပ်ရပ်ကြောင့် တူဖြစ်သူကို အဆုံးတိုင် ကာကွယ်ပေးမည်ဖြစ်ကြောင်း ထင်ရှားလေသည်။