သက်တော်စောင့်
Vol. 13 Ch. 162-A
အရုဏ်တက်ချိန်တွင် မနက်ခင်း၏ နေရောင်က တောက်ပနေပြီး လှပသော အဒေါ်များကို နှုတ်ဆက်ပြီးနောက် ယွမ်ရှောင်သည် ကောင်းကင်နယ်မြေ၏ အလယ်ဗဟိုရှိ တောက်ပသော ရွှေရောင် မျှော်စင်ဆီသို့ တိုက်ရိုက် ဦးတည်ထွက်ခွာလာသည်။ ထိုမျှော်စင်သည် ဝိညာဉ်ရတနာ နန်းတော်ဖြစ်ကာ ၎င်း၏သခင်သည် အင်မော်တယ်ပြည်ထောင်၌ ဤအဓိကမြေကွက်ကို ဝယ်ယူရန် ငွေကြေးများစွာ သုံးစွဲခဲ့သည်ဟု သတင်းများ ရှိသည်။ ထို့နောက် ဝိညာဉ်ရတနာ နန်းတော်၏ ပတ်လည်တွင် စည်ကားသော ဈေးတစ်ခု ဖြစ်ပေါ်လာကာ ၎င်းကို ကောင်းကင်နယ်မြေတွင် အစည်ကားဆုံး နေရာတစ်ခု ဖြစ်စေခဲ့သည်။ ၎င်းမှာ တဖိတ်ဖိတ်တောက်ပနေ၍ သာမန်လူများသာမက ဝိညာဉ်များကိုပင် ဆွဲဆောင်နိုင်သည့် မရေမတွက်နိုင်သော အဆောက်အအုံများ ရှိသည်။
ဝိညာဉ်ရတနာ နန်းတော်မှ မဝေးသောနေရာတွင် ကောင်းကင်နယ်မြေ၌ အာဏာ၏အချုပ်အခြာ ဖြစ်သည့် ခမ်းနားထည်ဝါသော အရုဏ်တက် နတ် နန်းတော် တည်ရှိသည်။ ၎င်းကို ယခင်က အဇူရာသစ်ရွက် နန်းတော်ဟု ခေါ်ဆိုခဲ့ပြီး ယခင် ရဲတော်ဝင်မိသားစု၏ နေအိမ်ဖြစ်ခဲ့ဖူးကာ မရေမတွက်နိုင်သော နန်းတွင်းသူများနှင့် နန်းတွင်းအရာရှိများစွာကြောင့် တစ်ချိန်က စည်ကားခဲ့ဖူးသည်။
သို့သော် လက်ရှိတွင် အရုဏ်တက်နတ် နန်းတော်တွင် အမြဲတမ်း နေထိုင်သူ အနည်းငယ်သာ ရှိပြီး အကြောင်းအရင်းမှာ အရုဏ်တက် နတ်ဧကရီသည် ဝင်ခွင့်ကို ပိတ်ပင် တားမြစ်ထားသောကြောင့် ဖြစ်သည်။ ညအမှောင်အတွင်း ခရီးနှင်လာသော ယွမ်ရှောင်သည် ဝိညာဉ်ရတနာ နန်းတော်သို့ ချဉ်းကပ်ရန် ပြင်နေစဉ်တွင် သူ့လမ်းတွင် ပုံရိပ်တစ်ခု ရုတ်တရက် ပိတ်ရပ်နေခဲ့သည်။ သူက ကြည့်လိုက်သောအခါ ဂါဝန်တိုတိုဝတ်ထားသော အမျိုးသမီးငယ်တစ်ဦး ၏ ကျောက်စိမ်းကဲ့သို့ သွယ်လျဖြောင့်စင်းသော ခြေထောက်များကို မြင်လိုက်ရ၏။
"နင် မနေ့ညက ဘယ်ရောက်နေတာလဲ"
ချန်ရီက ရွေ့လျားသွားပြီး မျက်တောင်တစ်ခတ်အတွင်း ရှေ့တည့်တည့်သို့ရောက်လာကည ယွမ်ရှောင်ထံ ဖိအားတစ်ခုကျဆင်းလာသည်။
"ငါ သွားသောက်နေတာလေ
" ယွမ်ရှောင်က တည်ငြိမ်စွာ ပြန်ဖြေသည်။
"နင့်ဆီက အရက်နံ့ မရဘူး။ ဒါပေမယ့် မိန်းမ သုံးယောက်ရဲ့ အနံ့ကိုတော့ ရတယ်"
ချန်ရီသည် သူ့မျက်လုံးကို နက်ရှိုင်းစွာ စိုက်ကြည့်ကာ ဒေါသထွက်နေပုံရသည်။
"အနံ့ခံကောင်းလိုက်တာ။ မင်းက ခွေးလေးလား"
ယွမ်ရှောင်က စနောက်လိုက်သည်။
"ကျားမကြီးလို့ ပြောရင် ပိုမှန်မယ်"
လနီက ခပ်တိုးတိုး ရေရွတ်လိုက်သည်။
"ညက ကောင်းကင်နယ်မြေမှာ နတ်ဆိုးတော်တော်များများ အဆုံးသတ်သွားကြတယ်။ နင်နဲ့ ဂူသခင်မတွေရဲ့ လက်ချက်မလား"
"ဟုတ်တယ်"
"နင်က တကယ် သေချင်နေတာလား။ ရဲ၊ မူနဲ့ ဟန် မျိုးနွယ်တွေအားလုံးက မင်းရဲ့ ခေါင်းကို လိုချင်နေကြတဲ့အပြင် နတ်ဆိုးတွေကလည်း နေရာတိုင်းမှာ ရှိနေကြတယ်။ ဒါပေမယ့် နင်က ဘာမှ ဂရုမစိုက်ဘဲ နတ်ဆိုးအမဲလိုက်နေတယ်ပေါ့"
ချန်ရီသည် သူ့ကို မယုံနိုင်စွာ စိုက်ကြည့်နေပြီး အင်အားကြီးသူများ အုပ်စိုးသော ဤနယ်မြေ၌ အင်မော်တယ်သွေးကြော နယ်ပယ် ကျင့်ကြံသူတစ်ဦးသည် စက္ကူပမာ အားနည်းလှသည်။
"ငါ့ရဲ့ နောက်ကျောဘက်ကို စောင့်ကြည့်ပေးမယ့် မင်းရှိနေတယ်လေ။ မဟုတ်ဘူးလား"
"နင့်ကို စောင့်ရှောက်ပေးဖို့ ငါ့မှာ အချိန်မရှိဘူး။ ငါ့မှာလည်း လုပ်စရာ ကိစ္စတွေ ရှိတယ်။ နားထောင်၊ အရုဏ်တက်နန်းတော်ကို သွားလိုက်။ မနက်ဖြန်မှာ အင်မော်တယ်စစ်ပွဲ စတင်ခြင်း အခမ်းအနား ရှိတယ်။ ကိစ္စတွေကို မရှုပ်ထွေးစေနဲ့"
"မသွားဘူး"
ချန်ရီက အမိန့်ပေးခဲ့သော်လည်း
ယွမ်ရှောင်က ခေါင်းခါယမ်းလိုက်သည်။
"နင်က ငါ့ကို ဆန့်ကျင်နေတာလား"
ချန်ရီ၏ မျက်လုံးများတွင် မီးလျှံများ တောက်လောင်လာသည်။
"မင်းက ဘယ်သူမို့လို့လဲ။ သာမန် မိန်းကလေးတစ်ယောက်ရဲ့ စကားကို နားထောင်ရမယ်ဆိုရင် ငါ့ရဲ့ ဂုဏ်သိက္ခာက ဘယ်မှာလဲ"
ယွမ်ရှောင်၏စကားကြောင့် သူမက ဆွံ့အသွားပြီး အားသုံးဆွဲခေါ်သွားချင်သော်လည်း တစ်ခုခုကို စဥ်းစားမိလိုက်ဟန်ဖြင့် သိုလှောင်အိတ်တစ်လုံး ကမ်းပေးလာခဲ့၏။ လျှပ်စီးကဲ့သို့ လျင်မြန်သော တုံ့ပြန်မှုဖြင့် ယွမ်ရှောင်သည် အိတ်ကို ဆွဲယူလိုက်သောကြောင့် လောဘကြီးသူဖြစ်ကြောင်း တွေးကြည့်နေစရာပင် မလိုချေ။ သူက အိတ်ကို ဖွင့်လိုက်သောအခါ သေရည်ရနံ့တစ်ခု ထွက်ပေါ်လာကာ သူ၏ နှလုံးသားကို ချက်ချင်း နွေးထွေးစေသည်။ အတွင်း၌ ဝိုင်ပုလင်း ရာပေါင်းများစွာ ရှိပြီး အဖိုးတန်ရတနာများထက် သူ့အတွက် ပို၍ တန်ဖိုးရှိသည်။
"ဒါက ဘယ်လို အရာမျိုးလဲ။ အနံ့က အရမ်းကောင်းတယ်"
ယွမ်ရှောင်က မှတ်ချက်ပေးခဲ့ပြီး အမှန်အတိုင်း ပြောရလျှင် ၎င်းသည် နာမည်ကြီး သတို့သမီးသေရည်ထက် ပို၍ အနံ့ကောင်းသဖြင့် ထူးခြားသော ပါဝင်ပစ္စည်းများဖြင့် ဖန်တီးထားကြောင်း သိသာသည်။
"ဒါက ငါ့အဖေရဲ့ လက်ဆောင်ပဲ"
ချန်ရီ၏ မျက်နှာပေါ်တွင် ထူးဆန်းသော အမူအရာတစ်ခု ဖြစ်ပေါ်နေရင်း အသိပေးခဲ့၏။
"နာမည်က ဘာလဲ"
သေရည်၏ ဆွဲဆောင်မှုကို မခံနိုင်သောကြောင့် ယွမ်ရှောင်သည် ပုလင်းတစ်လုံးကို ဖွင့်ကာ ချက်ချင်း သောက်လိုက်ရာ မျက်နှာတစ်ခုလုံး ချက်ချင်းနီးပါး နီသွားပြီး အနွေးဓာတ်တစ်ခုသည် ကိုယ်တွင်းမှ လောင်ကျွမ်းနေသကဲ့သို့ ခံစားလိုက်ရသည်။ ဤသေရည်သည် ဆေးအာနိသင်များရှိပြီး လူတစ်ဦး၏ ချီစွမ်းအင်ကို မြှင့်တင်ပေးနိုင်စွမ်း ရှိနေ၏။
"ဒါက ငါ့အဖေက ဖန်တီးထားတာ၊ မှော်ဆေးပင် အမျိုးအစား ဒါဇင်ပေါင်းများစွာနဲ့ ဖန်တီးထားတာ။ နင့်ရဲ့ ကျင့်ကြံခြင်းကို မြှင့်တင်ဖို့ အထောက်အကူ ဖြစ်စေလိမ့်မယ်"
"ဘာလို့ အသားအရသာ ခံစားမိနေတာလဲ။ အဓိက ပါဝင်ပစ္စည်းက ဘာလဲ"
ယွမ်ရှောင်က ဤသေရည်ကို နှစ်သက်သောကြောင့် နောက်ထပ် တစ်ငုံသောက်ကာ အရသာခံနေရင်း မေးလိုက်သည်။
"ဘာမှမမေးနဲ့တော့။ ငါ မပြောချင်ဘူး"
ချန်ရီက နှုတ်ခမ်းဆူ ခြေဆောင့်၍ စိတ်တိုတိုနှင့် တစ်ဖက်လှည့်သွားသည်။
"ဘာလို့ လျှို့ဝှက်နေတာလဲ"
ယွမ်ရှောင်က သူမ၏ လက်မောင်းကို ဆွဲကာ စနောက်လိုက်သည်။
"ကျားရဲ့... ဟိုဟာ"
ချန်ရီသည် သူ၏ လက်ကို ရိုက်ထုတ်ကာ အံကြိတ်၍ စကားလုံး နှစ်လုံး ထုတ်ပြောလိုက်သောအခါ ယွမ်ရှောင်၏ မျက်လုံးများ ပြူးကျယ်လာခဲ့သည်။ သေရည်က ဤမျှ ပြင်းလွန်းနေသည်မှာ အံ့သြစရာ မဟုတ်တော့ပေ။
"မင်းက ငါ့ကို ဒါကြီး လာပေးရဲတယ်ပေါ့။ တကယ်ကို ရဲရင့်တယ်"
သူက တဟားဟားရယ်မောရင်း လက်မထောင်ပြလိုက်သည်။
"ငါ့အဖေက မြေးတစ်ယောက် လိုချင်တယ်တဲ့။ ဒါက ငါနဲ့ မသက်ဆိုင်ဘူး"
သူမက မျက်စောင်းတစ်ချက်ထိုး၍ စနောက်မှုကို သည်းမခံချင်ဟန်ဖြင့် မြင်ကွင်းအတွင်းမှ ချက်ချင်း ထွက်ပြေးသွားသည်။
အရုဏ်တက် နတ် နန်းတော်တွင် အရိပ်ကိုးခုသည် ဘုရင်မ၏ ခန်းမအတွင်း ခမ်းနားထည်ဝါမှုအောက်တွင် ဒူးထောက်နေကြပြီး တစ်ယောက်ချင်းစီမှ ပြင်းထန်သော အရှိန်အဝါထွက်ပေါ်နေသည်။ လေထုက တစ်ချက် တုန်ခါသွားပြီး ရွှေရောင်နှင့်အနီရောင် ရောယှက်ထားသည့် နဂါးဝတ်ရုံကို ၀တ်ဆင်ထားသော ပုံရိပ်တစ်ခုသည် နဂါးပလ္လင်ပေါ်တွင် နေရာယူကာ မြူခိုးများအလယ်တွင် ဦးခေါင်းထက်ရှိ ရွှေရောင် နဂါးသရဖူမှာ လင်းလက်တောက်ပနေ၏။ ၎င်းတွင် တောက်ပသော ကျောက်မျက်ရတနာ ကိုးခု တပ်ဆင်ထားပြီး လျှပ်စီးတဖြတ်ဖြတ်လက်နေကာ ပြန်လှန်မေးခွန်းမထုတ်ဝံ့သော သြဇာအာဏာမျိုး ထွက်ပေါ်နေသည်။
"ဧကရီဘုရင်မ သက်တော်ရာကျော် ရှည်ပါစေ၊ ထာဝရ တည်တံ့ပါစေ"
အရိပ်ကိုးခုထံမှ လေးစားသည့် ကြိုဆိုသံများ ပြိုင်တူ ထွက်ပေါ်လာခဲ့သည်။
"ထပါ"
သူမ၏ အသံက နက်ရှိုင်းပြီး ကျယ်ပြန့်သော ခန်းမတစ်ခုလုံးတွင် ပဲ့တင်ထပ်နေသည်။
"အမိန့်တော်အတိုင်းပါ"
ကိုးယောက်စလုံး ထရပ်လိုက်သော်လည်း ခေါင်းများကို ငုံ့ထားကြပြီး ထူးဆန်းသော အမည်းရောင် မျက်နှာဖုံးကိုယ်စီ ၀တ်ဆင်ထားကြသည်။
"နံပါတ်ကိုး"
ဘုရင်မက ညင်သာစွာ ခေါ်လိုက်သည်။
"နိမ့်ကျတဲ့ ဒီအစေခံ ရှိပါတယ်"
နောက်ဆုံးမှ အရိပ်က တုံ့ပြန်ကာ ရှေ့ထွက်လာခဲ့၏။
"ကောင်းကင်နယ်မြေမှာ ဓားဧကရာဇ်တစ်ပါး ပေါ်ပေါက်လာတဲ့အကြောင်း ငါ ကြားထားတယ်"
"ဟုတ်ပါတယ်။ သူက ကောင်းကင်ကိုးခု အင်မော်တယ်စစ်တပ်၊ အမြင့်ဆုံး စစ်သူကြီးရဲ့ သားမက်ပါ။ အသက်ဆယ့်ခြောက်နှစ်နဲ့ သူက မဟာကျောင်းတော်မှာ အံ့သြဖွယ် ပါရမီတွေကို ပြသခဲ့ပါတယ်။ ကောလာဟလတွေအရ ဆယ့်ငါးမိနစ်အတွင်းမှာ သူက ဓာတ်ကျမ်းတော်၊ မီးနတ်ဘုရားရဲ့ အမျက်ဒေါသ တာအိုဂါထာကို ကျွမ်းကျင်ခဲ့တယ်"
နံပါတ်ကိုးအရိပ်က အစီရင်ခံသည်။
"ဓားဧကရာဇ်က အင်မော်တယ်ပြည်ထောင်အတွက် အနာဂတ် အထောက်အပံ့တစ်ခု ဖြစ်တယ်။ သူ့ကို မင်းကိုယ်တိုင် ကာကွယ်ပေးဖို့ ငါ အမိန့်ပေးတယ်"
ဘုရင်မက အမိန့်ချလိုက်သည်။
"အရှင်မ၊ လူငယ်လေးက ချန်ကောင်းကင်အိမ်တော်ရဲ့ သမက်ဖြစ်ပေမယ့် ဓားကျင့်ကြံသူတစ်ယောက်ပါ..."
အရိပ်က တုံ့ဆိုင်းသွားကာ အကြောင်းပြချက်ပေးလိုက်၏။
"ဟမ့်"
သူမက နှာခေါင်းတစ်ချက်ရှုံ့လိုက်သောအခါ ခန်းမတစ်ခုလုံး မီးတောက်လောင်လာပြီး မိုးချုန်းသံများ ပဲ့တင်ထပ်ထွက်ပေါ်လာ၏။
"အမိန့်တော်အတိုင်း လုပ်ဆောင်ပါ့မယ်
နံပါတ်ကိုးက အလျင်အမြန် ဒူးထောက်လိုက်သည်။
"မင်း မကိုင်တွယ်နိုင်တဲ့ အခြေအနေမျိုး ကြုံလာရင် အသက်သွင်းဖို့အတွက် မိုးကြိုးကျောက်သလင်းတစ်ခု ပေးလိုက်မယ်။ ငါ ကိုယ်တိုင် တိုက်ခိုက်မယ်"
"နားလည်ပါပြီ"
ဧကရီ၏ ပြတ်သားသော အမိန့်ကြောင့်
အရိပ်ကိုးခုက ဤနတ်ဘုရားမသည် ဓားဧကရာဇ် လူငယ်လေးကို အလွန် အလေးထားကြောင်း ထင်ရှားသည်။ အချိန်ခဏအကြာတွင် နံပါတ်ကိုးအရိပ်သည် ခန်းမမှ ပျောက်ကွယ်သွားကာ ယွမ်ရှောင်၏ သက်တော်စောင့်အဖြစ် တာဝန်ထမ်းဆောင်ရန် ထွက်ခွာသွားခဲ့သည်။
" အထူးဧည့်သည်ရောက်လာတယ်ဟေ့"
ယွမ်ရှောင်က ဝိညာဉ်ရတနာ နန်းတော်အတွင်း ခြေလှမ်း ဝင်လိုက်သည်နှင့်တပြိုင်နက် ဝင်ပေါက်ရှိ အစေခံ ရာနီးပါးသည် ချက်ချင်း အော်ဟစ်ကြိုဆိုခဲ့ကြသည်။
"သခင်လေး ယွမ်၊ ဒီလမ်းအတိုင်း ကြွပါ"
"တစ်ယောက်ယောက် လာစမ်း။ သခင်လေး ယွမ်ကို အထူးဧည့်သည် ဧရိယာသို့ လိုက်ပို့လိုက်ကြ"
တက်ကြွပြီး ဆွဲဆောင်မှုရှိသော အမျိုးသမီးငယ်များ အုပ်စုလိုက် ထွက်ပေါ်လာကာ ယွမ်ရှောင်ကို အလွန် ယဉ်ကျေးစွာ ဆက်ဆံ၍ နန်းတော်အတွင်းပိုင်းသို့ လိုက်ပို့ပေးခဲ့ကြသည်။
အရုဏ်တက်အင်မော်တယ်ပြည်ထောင်၏ မြို့တော်သည် လက်ရှိတွင် စည်ကားနေသဖြင့် ဝိညာဉ်ရတနာ နန်းတော်အတွင်း မြင်လေရာ၌ လူအုပ်ကြီးများ ရှိနေသည်။ လူသားများနှင့် နတ်ဆိုးများသည် မိတ်ဆွေရင်းချာများပမာ ဆူဆူညံညံ ဖြစ်နေပြီး လူအသွင်ပြောင်းထားသော ထိုနတ်ဆိုးများသည် မြို့သို့ ပထမဆုံးအကြိမ် ရောက်ဖူးသော တောသားများပမာ ဖြစ်နေသည်။ သူတို့၏ မျက်လုံးများက စူးစမ်းလိုစိတ်နှင့် စိတ်လှုပ်ရှားမှုများကြောင့် တောက်ပနေပြီး ဆူညံစွာ ခုန်ပေါက်နေကာ ဝိညာဉ်ရတနာ နန်းတော်တစ်ခုလုံးတွင် စောင့်ကြည့်ရန်အတွက် အစွမ်းထက် ကျင့်ကြံသူများသာ မရှိလျှင် သူတို့သည် သေချာပေါက် ခိုးယူဖျက်ဆီးကြပေလိမ့်မည်။
"ဒါက အရမ်းကောင်းတယ်"
"မဟုတ်ဘူး၊ ဒါက ပိုပြီး အနံ့ကောင်းတယ်"
"တကယ်လား။ သူတို့က ပိုက်ဆံတောင်းနေတာလား။ ရိုးသားတဲ့ နတ်ဆိုးတွေကို လိမ်လည်ဖို့ ကြိုးစားနေတာလား"
နတ်ဆိုးများသည် လူအသွင် ယူထားသော်လည်း မွေးရာပါ အရိုင်းဆန်သော အကျင့်စရိုက်များကို လုံးဝ ဖုံးကွယ်မထားနိုင်ချေ။ ခွေးနတ်ဆိုးတစ်ကောင်သည် အဆက်မပြတ် တံတွေးများ စီးကျနေသကဲ့သို့ မျောက်နတ်ဆိုးတစ်ကောင်က မျက်နှာကျက်၌ တွဲလောင်းခွဲနေသဖြင့် ယွမ်ရှောင်မှာ တိရစ္ဆာန်အုပ်အတွင်း လျှောက်သွားနေရသကဲ့သို့ ခံစားလိုက်ရသည်။
"ညီလေး! မင်း နောက်ဆုံးတော့ အမှန်ကို မြင်သွားပြီလား"
ယွမ်ရှောင်၏ ပခုံးကို လူတစ်ယောက်က ခပ်ပြင်းပြင်းရိုက်လိုက်ပြီး အသံသြသြတစ်ခု ထွက်ပေါ်လာသည်။ လှည့်ကြည့်လိုက်သောအခါ သူသည် ခွေးရိုင်းဟု လူသိများသော လန့်ကော်နှင့် မျက်နှာချင်းဆိုင် တွေ့လိုက်ရသည်။
"အစ်ကိုလန့်၊ ငါ့ရဲ့ ယောက္ခမက ဦးလေး ကျောက်နဲ့ စီးပွားရေး ကိစ္စတချို့ လုပ်ဖို့ ငါ့ကို ဒီနေရာအထိ လွှတ်လိုက်တာပါကွာ"
"ကောင်းပြီ၊ ငါ မင်းကို သူ့ဆီ ခေါ်သွားမယ်"
လန့်ကော်က ယွမ်ရှောင်ကို အထက်သို့ ခေါ်သွားပြီး အထူးသီးသန့် ဧရိယာသို့ ရောက်လာကာ ဤနေရာတွင် ရောင်းချသော ပစ္စည်းများသည် တန်ဖိုးမြင့်မားပြီး ဧည့်သည်အရေအတွက် ကန့်သတ်ထားသောကြောင့် အောက်ထပ်နှင့် များစွာကွာခြား၍ အေးချမ်းသည်။ ပုံမှန်ဆိုလျှင် သွေးကျောက်များနှင့် ဓားစက်ကွင်းများကို ပွင့်ပွင့်လင်းလင်း ရောင်းချသော်လည်း လက်ရှိ၌ နတ်ဆိုးများရှိနေသောကြောင့် ဝိညာဥ်ရတနာနန်းတော်၌ ပျောက်ကွယ်နေပုံရသည်။ ခဏအကြာတွင် လန့်ကော်သည် မျှော်စင်၏ ထိပ်ဖျားရှိ ခမ်းနားသော အခန်းတစ်ခန်း၏ တံခါးကို တွန်းဖွင့်ကာ အော်ဟစ်လိုက်သည်။
"အဘိုး ကျောက်၊ စီးပွားရေးလာပြီ"
အတွင်းမှ အလန့်တကြား အော်ဟစ်သံနှင့်အတူ မျက်နှာများ ရဲရဲနီနေသော လှပျိုဖြူ နှစ်ဦးသည် အလျင်အမြန် ပြေးထွက်သွားကြသည်။ ဤဆေးပညာရှင်က အသက်အရွယ်အိုမင်းနေပြီ ဖြစ်သော်လည်း သန်စွမ်းနေဆဲဖြစ်သောကြောင့် ယွမ်ရှောင်ရော လန့်ကော်ပါ ဆွံ့အသွားကြလေသည်။