ဟန်ဆောင်တိုက်ပွဲ
Vol. 13 Ch. 163
"အစ်ကိုကော် ဝိညာဥ်ရတနာနန်းတော်မှာ သူသေကိုယ်သေ တိုက်ခိုက်ရေးကွင်း မရှိဘူးလား။ အဲ့ဒီမှာ တိုက်ခိုက်ရင် ဘာစည်းမျဥ်းကိုမှ ချိုးဖောက်ရာ မရောက်ဘူး"
တိုက်ခိုက်ခံလိုက်ရသော ယွမ်ရှောင်က မီးဝင်းဝင်းတောက်နေသည့် မျက်လုံးများဖြင့် လနတ်သားကို စိုက်ကြည့်နေရာမှ လန့်ကော်ဘက်လှည့်ကာ မေးခွန်းထုတ်လိုက်သည်။
"မင်းက ဓားစက်ကွင်းကို လိုချင်တယ်မလား။ ငါ အခွင့်အရေးတစ်ခု ပေးမယ်။ တိုက်ပွဲမှာ မင်းနိုင်ရင် နတ်ဆိုးမြေခွေးရဲ့ ရွံစရာအကြွင်းအကျန်ကို ပြန်ပေးမယ်"
သူ၏ဓားဝိညာဥ်က နတ်ဆိုးကိုယ်ပွား၏ နဖူးကို ထောက်လုနီးပါးပင်။ ပတ်ဝန်းကျင်၌ နတ်ဆိုးများ အုပ်စုလိုက်စုဝေးလာကြပြီး ဒေါင်းမင်းသား၏ မျက်ဝန်းများတွင် နတ်ဆိုးအရှိန်အဝါများ မည်းနက်နေခဲ့၏။
"ကောင်းပြီ"
လနတ်သားကလည်း မျက်လုံးများ သွေးရောင်တောက်ပလာကာ ခေါင်းညိတ်လိုက်သည်။
"မင်းရှုံးရင်ရော လောင်းကြေးက ဘယ်မှာလဲ"
"ငါ့အသက်ကို ယူလိုက်"
"ငါ့အတွက် မင်းလိုနတ်ဆိုးတစ်ကောင်ရဲ့ အသက်က တန်ဖိုးမရှိဘူး။ ရတနာတစ်ခုခုပေးရင် ကောင်းမယ်"
ယွမ်ရှောင်က တစ်ချက်ပြုံးကာ ခေါင်းယမ်း၍ မြေခွေးဓားစက်ကွင်းကို ပွတ်သပ်နေခဲ့၏။
"မင်းက ဘယ်လောက်လိုချင်တာလဲ"
"ဒီဓားစက်ကွင်းကို ဝယ်ဖို့ သူတော်စင်ကျောက်တစ်သောင်း ကုန်ခဲ့တယ်။ လောင်းကြေးအနေနဲ့ တန်ဖိုးတူတူ ပေးရမယ်"
သူတော်စင်ကျောက်သည် စိတ်ကျောက်တုံးထက် ပို၍အဆင့်မြင့်ပြီး တစ်တုံးချင်းစီတွင် စိတ်ကျောက်တုံးတစ်သောင်း၌ ပါဝင်သော စွမ်းအင်ပမာဏရှိကာ အင်မော်တယ်သွေးကြောနယ်ပယ် ကျင့်ကြံသူများအတွက် ပို၍အဖိုးတန်သည်။ စိတ်ကျောက်တုံးဖြင့် စျေးကွက်အတွင်း အလွယ်တကူဝယ်ယူရန် မဖြစ်နိုင်သောကြောင့် သူ၏တောင်းဆိုချက်က စိတ်ကျောက်တုံးသန်းတစ်ထောင်အလား များပြားပေသည်။ လနတ်သားက တိတ်ဆိတ်သွားစဥ် အစောင့်များရောက်ရှိလာကာ ဝိညာဥ်ရတနာနန်းတော်အတွင်း တိုက်ခိုက်လျှင် ပြင်းထန်စွာ အပြစ်ပေးခံရမည်ဟု သတိပေးခဲ့သည်။
"ငါ ထင်ထားသလိုပါလား။ တောသားနတ်ဆိုးတစ်ကောင်မှာ ဘာပိုင်ဆိုင်မှုမှ မရှိဘူး။ မင်းကများ ငါ့ကို စိန်ခေါ်ချင်သေးတယ်"
"မင်း"
ယွမ်ရှောင်နှင့် ကိုယ်ပွားနတ်ဆိုးက ပြည့်စုံစွာ သရုပ်ဆောင်နေကြပြီး လနတ်သား၏ဟန်ပန်မှာ ဒေါသထွက်လွန်းသဖြင့် သွေးကြောများ ဖောင်းကားနေသည်။
"လ ဒီကောင့်ရဲ့ အသက်ကို ယူဖို့အတွက် ငါ ကူညီပေးမယ်။ အနိုင်ရရင်လည်း ငါ့ကို ပြန်ပေးစရာ မလိုဘူး"
"ကျေးဇူးတင်ပါတယ်"
ထိုအချိန်၌ ဒေါင်းမင်းသားသည် သိုလှောင်အိတ်တစ်လုံးကို ရုတ်တရက်ပစ်ပေးလာခဲ့ပြီး လနတ်သား၏စိတ်ထဲတွင် ကြိတ်ပျော်နေခဲ့သည်။ ထို့နောက် အသေအကြေတိုက်ပွဲတစ်ခု ဖြစ်လာရန် သေချာကြောင်း လူတိုင်း နားလည်လိုက်ကြပြီး စစ်သူကြီးချန်၏သမက် ဓားဧကရာဇ်နှင့် နတ်ဆိုးတိုက်ကြီး၏ မြေခွေးပါရမီရှင်က တစ်ယောက်တည်းဖြစ်ကြောင်း မသိနိုင်ခဲ့ပေ။
"ကောင်းပြီ။ ငါ့ဓားအောက်မှာ လာအသေခံစမ်း"
ယွမ်ရှောင်က နဖူးမှ သွေးများကို ဒေါသတကြီးသုတ်ပစ်ကာ ဓားစွမ်းအင်များထုတ်ဖော်၍ အဋ္ဌမထပ်မှ ဆင်းသွားခဲ့ပြီး ဝိညာဥ်ရတနာနန်းတော်၏ အထပ်တိုင်းမှ မြင်နိုင်သော ပထမထပ်ရှိ တိုက်ပွဲကွင်းထံ ဦးတည်လိုက်၏။ အထပ်တိုင်း၏ ဝရံတာတွင် ကျင့်ကြံသူများ ချက်ချင်းစုဝေးလာကြပြီး လူငယ်မျိုးဆက်၏ အသေအကြေ တိုက်ပွဲတစ်ခုဖြစ်ကာ မည်သည့်နောက်ခံနှင့် အကြီးအကဲမှ မပါဝင်ချေ။ ယွမ်ရှောင်နှင့် လနတ်သားသည် မျက်နှာချင်းဆိုင်ရပ်နေကြပြီး ဒေါင်းမင်းသား၊ ခရမ်းရောင်ကောင်းကင်မင်းသမီးများနှင့် အပေါင်းအပါများက လူသတ်လိုစိတ်ကို ထုတ်ဖော်ထားကြ၏။
"အစီအရင်ကို စလိုက်တော့"
ယွမ်ရှောင်၏ စကားသံအဆုံးတွင် အပြေးတစ်ပိုင်းရောက်ရှိလာသော ကျောက်ရွှမ်ကျန်းက နားမလည်ဟန်ဖြင့် လန့်ကော်ထံ အကြောင်းအရင်းကို စုံစမ်းနေခဲ့သည်။ လန့်ကော်သည်လည်း အကြောင်းစုံကို ရှင်းပြပြီး ထိန်းမနိုင်ဟူသော အမူအရာဖြင့် ပခုံးတွန့်လိုက်ချိန်တွင် တိုက်ခိုက်ရေးကွင်း၏ ချိတ်ပိတ်အစီအရင် အသက်ဝင်လာကာ ပရိသတ်ပေါင်းသောင်းချီ အော်ဟစ်အားပေးနေကြသည်။ ထိုအချိန်တွင် ဓားမြှောင်က ခပ်ကြမ်းကြမ်းတိုးဝင်လာပြီး မြေခွေးနတ်ဆိုး၏ စွမ်းရည်ဖြစ်သော အနီရောင်မြူခိုးများ ထွက်ပေါ်လာရာ ငရဲဘုံတစ်ခုအလား ထင်မှတ်ရသည်။ လနတ်သားက တစ်ချက်ပြုံး၍ မြေခွေးအသွင်ပြောင်းကာ ခုန်ဝင်လာခဲ့ပြီး ကြိုဆိုနေသည်မှာ ဆယ်ဆင့်ဓားသိုင်း၏ အချက်နှစ်ဆယ်ပေါက်ကွဲသံဖြစ်ကာ ကြယ်ပွင့်အဆင့်သိုင်းပညာပမာ အစွမ်းထက်လှ၏။
"သူက ဒီလောက်တောင်သန်မာတာလား"
ဓားမြှောင်မှာ လနတ်သား၏ ပခုံးကို အရိုးထိနက်လောက်အောင် ထိုးစိုက်သွားသောကြောင့် ဒေါင်းမင်းသားက မျက်မှောင်ကြုတ်လိုက်မိသည်။
"သူက အားနည်းချင်းယောင်ဆောင်ပြီး လနတ်သားကို ရန်စခဲ့တာ ဖြစ်နိုင်တယ်"
မင်းသမီးငါးက မှတ်ချက်ပေးလိုက်ပြီး တိုက်ပွဲကွင်းအတွင်း၌ အသာစီးရသွားသော ယွမ်ရှောင်သည် အကြမ်းပတမ်း တိုက်ခိုက်နေကာ ဓားရှည်ဖြင့် လနတ်သား၏နှလုံးကို ဦးတည်ထိုးဖောက်လိုက်သည်။
"ဘန်း"
သူ၏ကိုယ်ပွား လဲကျသွားသောအခါ သူက တုံ့ဆိုင်းမနေဘဲ တစ်ကိုယ်လုံး ဓားဖြင့် မွှန်းလိုက်သောကြောင့် သွေးချင်းချင်းနီနေသည်။
"ဒါက ရှေးဦးနတ်ဆိုးပါရမီရှင်ရဲ့ အစွမ်းပေါ့၊ သနားစရာပဲ"
"နာတယ်ဟ။ ငါ့လခွမ်း"
သူက အပြင်ဘက်၌ ကဲ့ရဲ့နေသော်လည်း ကြယ်ပြာနှင့် စိတ်ချင်းဆက်သွယ်ကာ ညည်းညူနေခဲ့သည်။
"မစိုးရိမ်ပါနဲ့။ ဖျက်ဆီးရေးနတ်ခန္ဓာကြောင့် မင်းရဲ့ကိုယ်ပွား မသေနိုင်ပါဘူး"
"ဒါဆိုရင် စီးပွားရေးဆက်လုပ်မယ်"
သူက ကိုယ်ပွား၏ ခေါင်းကို ကြမ်းပြင်နှင့် အဆက်မပြတ်စောင့်ချရင်း လျှာကို ဓားဖြင့် ထောက်ကာ တရစပ် လှောင်ပြောင်နေခဲ့သည်။
"မင်းရဲ့ဘိုးဘေးကို ငါ့ဓားမှာ အမြဲတမ်းထားလိုက်ရင်တောင် မင်းဘာတတ်နိုင်မှာလဲ။ ဒေါသထွက်လွန်းလို့ သေချင်နေပြီလား ဟား ဟား"
လနတ်သားက သွေးအိုင်းအတွင်း လဲကျနေပြီး နတ်ဆိုးများ စော်ကားခံနေရသောကြောင့် လူသားကျင့်ကြံသူများသည် အော်ဟစ်အားပေးနေကြသည်။
"အသုံးမကျတဲ့လနတ်သားကြောင့် သူတော်စင်ကျောက်တွေ အလကားဖြစ်ကုန်ပြီ"
မင်းသမီးခြောက်က အလိုမကျဟန်ဖြင့် ရေရွတ်လိုက်သော်လည်း ဒေါင်းမင်းသား၏ အကြည့်စူးစူးကြောင့် ပါးစပ်ပိတ်လိုက်ရသည်။
"တောင်းပန်ပါတယ် အစ်ကိုကုန်းမင်"
ယွမ်ရှောင်က လနတ်သားတစ်ယောက်တည်းကို မဟုတ်ဘဲ နတ်ဆိုးမျိုးနွယ်အားလုံးကို စော်ကားနေသောကြောင့် ဒေါင်းမင်းသားမှာ ကိုယ်တိုင် စော်ကားခံနေရသကဲ့သို့ပင်။ သူ၏မျက်လုံးများ ဒေါသမီးတောက်လောက်နေ၍ နဖူးကြောများ ထောင်ထနေချိန်တွင် လက်အောက်ငယ်သား၏ ခန္ဓာကိုယ်မှာ ဆိုက်ဆိုက်မြိုက်မြိုက် ပြုတ်ကျလာခဲ့သည်။
"အရှင့်သား ကျုပ်တောင်းပန်ပါတယ်။ ကျုပ်ကြောင့် နတ်ဆိုးကုန်းမြေ အရှက်ရခဲ့ပြီ"
"စောက်စကားများလိုက်တာကွာ။ မင်းက လူအသွင်ပြောင်းထားရုံနဲ့တင် လူသားဖြစ်လာမယ်လို့ ထင်နေတာလား။ မင်းက လူယောင်ဆောင်နေတဲ့ ခွေးပဲ"
"ရပ်စမ်း"
ယွမ်ရှောင်သည် သိုလှောင်အိတ်ကို လေထဲ၌ ပစ်မြှောက်ဆော့ကစားရင် မြောက်ကြွကြွအမူအရာနှင့် ထွက်သွားသောအခါ အေးစက်စက် စကားသံတစ်ခုက တားမြစ်လာခဲ့သည်။
"ယွမ်ရှောင် ငါ မင်းကို သူသေကိုယ်သေတိုက်ခိုက်ဖို့ စိန်ခေါ်တယ်"
စကားသံရှင်က ဒေါင်းမင်းသားဖြစ်ပြီး နောက်ပစ်ထားသော လက်နှစ်ဖက်တွင် လက်ချောင်းများမှာ ဓားသွားများအလား ပြောင်းလဲကုန်သည်။
"ဒေါင်းမင်းသား မင်းက ငါ့ကို အရူးထင်လို့လား။ လက်မခံဘူး"
ယွမ်ရှောင်က တစ်ချက်ရယ်လိုက်ရင်း ဆက်လက်ထွက်ခွာသွားသော်လည်း ပခုံးပေါ်သို့ လေးလံသော အိတ်ကြီးများ ပြုတ်ကျလာကာ တစ်ခုချင်းစီ၌ သူတော်စင်ကျောက်တစ်သောင်းစီ ပါဝင်နေသည်။
"မင်းအနေနဲ့ အသက်ရှူချိန်သုံးဆယ်အထိ အသက်ရှင်မယ်ဆိုရင် ဒါတွေအကုန်ယူလိုက်"
"ကျုပ်က ပိုက်ဆံမက်တယ် ဆိုပေမယ့် ဒါတွေကို သုံးဖို့အတွက် အသက်ရှင်မနေရင် အလကားပဲ။ မတိုက်ခိုက်ဘူး"
ဒေါင်းမင်းသားက မက်လုံးပေးလိုက်သော်လည်း သူက ငြင်းဆန်နေဆဲဖြစ်သည်။ သို့သော် တစ်ဖက်လူက သူတော်စင်ကျောက်များသာမကဘဲ နတ်ဆိုးတိုက်ကြီး၏ငွေကြေးဖြစ်သော ပျက်စီးအဆီအနှစ်ကို ထုတ်ပြလာသောအခါ မျက်လုံးများ ပြူးကျယ်လာခဲ့သည်။
"နဂါးငွေ့တန်းအဆင့် ပျက်စီးအဆီအနှစ်"
"ဒီလောက်ထိ တောင်းဆိုနေမှတော့ ကောင်းပြီလေ။ ကျုပ်ကို ညှင်ညှင်သာသာလေး ကိုင်တွယ်ပေးပါဦး"
ယွမ်ရှောင်နှင့် လနတ်သားက တိတ်တခိုးအကြည့်ချင်းဖလှယ်လိုက်ပြီး မျက်လုံးများ တောက်ပနေကြသည်။ ထို့နောက် သူက ဆုံးဖြတ်ရခက်နေဟန်ဖြင့် သက်ပြင်းအခါခါချကာ နောက်ဆုံးတွင် လက်ခံခဲ့လေသည်။