ပါရမီရှင် ဓားအင်မော်တယ်
Vol. 13 Ch. 164
ယွမ်ရှောင်က စိန်ခေါ်ချက်ကို လက်ခံလိုက်သောအခါ နတ်ဆိုးများသည် အစွယ်တပြင်ပြင်နှင့် အော်ဟစ်ကြုံးဝါးနေကြပြီး သူနှင့် ကိုယ်ပွား၏ လှည့်ကွက်အောက်တွင် အသိဉာဏ်နည်းပါးစွာ အလှည့်စားခံခဲ့ရသည်။ ဒေါင်းမင်းသားကိုယ်တိုင် ဒေါသအထွက်ဆုံး ဖြစ်နေသော်လည်း သူ၏ အဆင့်အတန်းအရ တည်ငြိမ်ချင်ယောင်ဆောင်နေရသည်။
"လူသားတွေက ရတနာအတွက် သေရတော့မယ်"
"အစ်ကိုကုန်းမင်က ရှေးဦးနတ်ဆိုး ပါရမီရှင်ဖြစ်ပြီး လေမီးတောက်ကပ်ဘေးတစ်ခုကို ကျော်ဖြတ်ထားတယ်"
မင်းသမီးနှစ်ယောက်က လူသားမျိုးနွယ်ဝင်များ ဖြစ်သော်လည်း နတ်ဆိုးမင်းသားဘက်မှ အားပေးထောက်ခံနေကြ၏။
"ညီလေးယွမ် ဒါက ကလေးကစားစရာ မဟုတ်ဘူးနော်"
နတ်ဆိုးများ ဒေါသပေါက်ကွဲနေစဥ် လူသားကျင့်ကြံသူများက သက်ပြင်းချနေကြပြီး လန့်ကော်မှ သတိပေးလာခဲ့သည်။
"အစ်ကိုလန့် ကျုပ်ကို မတားပါနဲ့။ ဒီအလောင်းအစားနဲ့ဆိုရင် ဖြစ်နိုင်ချေက အဆုံးမရှိဘူး"
ယွမ်ရှောင်က အံကြိတ်၍ ပြန်ဖြေလိုက်သောအခါ ပါရမီရှိသော်လည်း အောက်နယ်မြေ၏ ကျင့်ကြံသူ ဖြစ်သောကြောင့် စဥ်းစားဉာဏ်နည်းပါးကြောင်း အခြားလူများ ထင်မှတ်ကုန်ကြသည်။ ချန်ရီ၏ ထိန်းချုပ်မှုအောက်တွင် တင်းကြပ်စွာ နေထိုင်ရသောကြောင့် ငွေကြေးတပ်မက်ခြင်းဟု အထင်လွဲမှားကုန်သည်။
"အဘိုးကျောက်"
လန့်ကော်က ကျောက်ရွှမ်ကျန်းထံ တစ်ချက်ကြည့်လိုက်သောအခါ ခေါင်းညိတ်ပြလာခဲ့သည်။ အောက်နယ်မြေတွင် ယွမ်ရှောင်၏ အဆင့်တက်နှုန်းကို အတိအကျ သတင်းရထားဖြင့် တစ်ဖက်လူမှာ နုံအချင်ယောင်ဆောင်နေသော်လည်း အမှန်တကယ်၌ ကောက်ကျစ်ကြောင်း သူ သိထားသည် မဟုတ်ပါလော။
"အကြီးအကဲကျောက် ချိတ်ပိတ်အစီအရင်ကို စလိုက်ပါ"
ဒေါင်းမင်းသားကုန်းမင်က အဖြူရောင် အရိပ်တစ်ခုအသွင်ဖြင့် တိုက်ပွဲကွင်းအတွင်း ဝင်ရောက်ကာ တောင်းဆိုလိုက်ပြီး ယွမ်ရှောင်သည်လည်း ပြတ်သားသောအမူအရာဖြင့် သဘောတူခဲ့၏။
"လူတိုင်း လောင်းကြေးထပ်နိုင်တယ်နော်။ ဝိညာဥ်ရတနာနန်းတော်ရဲ့ အမည်နာမကြောင့် ငါက ဒိုင်လုပ်မယ်။ တိုက်ပွဲစရင် လောင်းကြေးထပ်ဖို့ နောက်ကျသွားလိမ့်မယ်နော်"
ကျောက်ရွှမ်ကျန်းသည် အဆင့်အမြင့်ဆုံး ချိတ်ပိတ်အစီအရင်ကို အသက်သွင်းကာ ပရိသတ်ဘက်လှည့်၍ ဤသို့ကြေညာလိုက်သောကြောင့် စီးပွားရေးသမားအစစ်ဖြစ်ကြောင်း သိသာနေသည်။ အစီအရင် အသက်ဝင်လာသောအခါ ကုန်းမင်က တည်ငြိမ်စွာဖြင့် မင်းသမီးနှစ်ယောက်ထံ လနတ်သားကို ကောင်းကင်အမြုတေဆေးလုံးဖြင့် ကုသပေးရန် အမိန့်ပေးခဲ့သည်။ သူတို့က ခေါင်းညိတ်၍ ကျောက်စိမ်းပုလင်းတစ်လုံးအတွင်းမှ ဆေးဆယ်လုံးကိုထုတ်ယူကာ လနတ်သား၏ ပါးစပ်အတွင်း ခွံ့ကျွေးခဲ့သည်။
"ဒါက နဂါးငွေ့တန်းအဆင့် ဆေးလုံးတွေပဲ။ အစ်ကိုကုန်းမင်ရဲ့ ကြင်နာမှုကို မှတ်ထား"
"ကျုပ် အရှက်ရမိပါတယ်"
"အသုံးမဝင်တဲ့ကောင် အစ်ကိုကုန်းမင်ကို ကြည့်လိုက်စမ်း။ သူကလည်း ရှေးဦးနတ်ဆိုးတစ်ကောင်ဖြစ်ပေမယ့် ယွမ်ရှောင်က အသက်သုံးရှိုက်တောင် ခုခံနိုင်မှာမဟုတ်ဘူး"
မင်းသမီးငါးက လနတ်သားကို ကဲ့ရဲ့စော်ကားရင်း သူ့အစား လက်စားချေပေးသည့် ကုန်းမင်ကို ကျေးဇူးသိတတ်ရန် အမိန့်ပေးနေခဲ့သည်။ လနတ်သားက ကျေးဇူးသိတတ်ဟန်ဖြင့် အသက်ကိုရင်း၍ ကုန်းမင်အတွက် တာဝန်ထမ်းဆောင်မည်ဖြစ်ကြောင်း ဟန်ဆောင်ကတိပေးလိုက်သည်။
"ငါက ဒီအစီအရင်ထဲ ရောက်နေတာ နှမြောစရာပဲ။ မဟုတ်ရင် ငါ့ကိုယ်ငါ လောင်းလို့ရတယ်"
"ဘယ်အချိန်မှာ နောက်ဆုတ်ရမယ်ဆိုတာကို သိစမ်းပါ"
"ငါက အင်မော်တယ်သွေးကြောနယ်ပယ် စဦးအဆင့်၊ ဒီကောင်က လေမီးတောက်ကပ်ဘေးနယ်ပယ် စဦးအဆင့်ဆိုတော့ ဘယ်လိုတိုက်ခိုက်ကြမလဲ"
"အေးဆေးပေါ့။ အသက်ရှူချိန် သုံးဆယ်လောက်တော့ မင်း ခုခံနိုင်ပါတယ်"
ယွမ်ရှောင်နှင့် ကြယ်ပြာသည် စိတ်ချင်းဆက်သွယ်နေကြပြီး အရုဏ်တက်နတ်ဧကရီကိုပင် မကြောက်သော ဤညီအစ်ကိုများအတွက် နတ်ဆိုးမင်းသားတစ်ယောက်လောက်က အရေးမဟုတ်ချေ။ တာအိုပညာရပ်များနှင့် ဓားသိုင်းတွင် သိရှိတတ်ကျွမ်းလာရသော သိုင်းပညာအသစ်များ၊ နဂါးကိုးကောင်ဒန်တန်နှင့် ကြယ်သွေးကြောများက သူ၏အားကိုးရာဖြစ်သည်။ မဟာကျောင်းတော်မှ တိုက်ပွဲသည် ဤတိုက်ပွဲနှင့် ယှဥ်လိုက်လျှင် ဟင်းသီးဟင်းရွက်များကို ခုတ်ပိုင်းနေရသည့်ပမာဖြစ်ပြီး ကုန်းမင်မှာ အစစ်အမှန် ပြိုင်ဘက်ကောင်းတစ်ဦးဖြစ်သောကြောင့် သူ၏ တိုက်ပွဲဆာလောင်စိတ်များ တက်ကြွနေခဲ့၏။
"တိုက်ပွဲစမယ်။ ဒါပေမယ့် ဒေါင်းမင်းသား ယွမ်ရှောင်က မင်းရဲ့ငယ်သားကို မသတ်ခဲ့တဲ့အတွက် လူမသတ်ပါနဲ့။ နတ်ဆိုးမျိုးနွယ် နဲ့လူသားမျိုးနွယ်ရဲ့ ဆက်ဆံရေးက ပျက်စီးသွားဖို့ မသင့်တော်ဘူး"
ကျောက်ရွှမ်ကျန်း၏ သတိပေးစကားကြောင့် ကုန်းမင်အနေဖြင့် မိတ်ဆွေဖြစ်တိုက်ပွဲတစ်ခုအတွက် ရတနာများစွာ ထုတ်ပေးခဲ့ရသောအခါ နတ်ဆိုးများကို မကျေမနပ်ဖြစ်စေသည်။ ထို့နောက် အချိန်စမှတ်ပြီးနောက် ကုန်းမင်က စတင်လှုပ်ရှားကာ စူးရှစွာအော်မြည်၍ ထက်ရှသော ဓားသွားအပိုင်းအစများနှင့် ယွမ်ရှောင်ထံ ပစ်ခတ်လာခဲ့သည်။ အော်သံက ကျယ်လောင်လွန်းသဖြင့် တိုက်ပွဲကွင်းအပြင်ရှိ ကျင့်ကြံသူများပင် နားပိတ်ထားလိုက်ရသောကြောင့် အတွင်းမှ ပြင်းထန်မှုကို စဥ်းစားကြည့်နိုင်သည်။ ယွမ်ရှောင်၏ နားအတွင်းမှ သွေးများ စီးကျလာကာ ခဏတာ နားထိုင်းသွားသော်လည်း မျက်လုံးများ တောက်လောင်နေ၍ အလျော့ပေးမည့်ပုံမပေါ်ချေ။ လျှပ်တပြက်အတွင်း တစ်ဖက်လူ၏ ကန်ချက်က ဓားသွားများ ခြံရံလျက် ရောက်ရှိလာကာ လည်ချောင်းကို ဦးတည်ပြီး လေထဲ၌ ကျက်သရေရှိစွာ လွင့်မျောနေ၏။
"အရမ်းမြန်ပြီး ကြမ်းတမ်းလွန်းတယ်"
လူသားကျင့်ကြံသူများက ကုန်းမင်၏အစွမ်းကို ပထမဆုံးအကြိမ် မြင်ဖူးခြင်း ဖြစ်သောကြောင့် တအံ့တသြဖြစ်နေကာ ယွမ်ရှောင် အဆုံးသတ်ပြီဟု ထင်မြင်နေသကဲ့သို့ နတ်ဆိုးများသည်လည်း သတ်ဖြတ်ရန် အသံကုန် အားပေးနေခဲ့ကြသည်။
ယွမ်ရှောင်က တည်ငြိမ်စွာရပ်နေပြီး လက်ဟန်တစ်ခု ပြုလုပ်လိုက်သောအခါ မြူခိုးများဖြင့် ဖန်တီးထားသော ပင်လယ်နဂါးသုံးကောင် ထွက်ပေါ်လာကာ အစီအရင်၏တစ်ဝက်ကို ဖုံးအုပ်သွားခဲ့၏။ ၎င်းတို့က ပတ်ပတ်လည်၌ ရစ်ခွေ၍ ဟိန်းဟောက်ရင်း အစွမ်းထက်အကာအကွယ်တစ်ခု ဖန်တီးလိုက်သည်။
ဓာတ်ကျမ်းတော် ရေမြူဒိုင်းကာ
ဘုန်း
ပေါက်ကွဲသံတစ်ချက်နှင့်အတူ နဂါးသုံးကောင်အကာအကွယ်ကြောင့် ကုန်းမင် နောက်ဆုတ်ပေးလိုက်ရပြီး အစီအရင်၏နံရံအထိ လွင့်ပျံသွားရာ နတ်ဆိုးများကို မယုံနိုင်ဖြစ်စေခဲ့သည်။ ယွမ်ရှောင်က နဂါးငွေ့တန်းအဆင့် တာအိုဂါထာ၏ အစွမ်းကို ဝိညာဥ်ရတနာနန်းတော်၌ ထုတ်ပြလိုက်ပြီး ကျန်လက်တစ်ဖက်ဖြင့် လက်ဟန်တစ်ခု လှုပ်ရှားလိုက်သောအခါ မီးပွားများ ဖြစ်တည်လာသည်။ ရေမြူများအကြားတွင် နေတစ်စင်းပမာ တောက်လောင်နေသည့် မီးလုံးကြီးတစ်ခု ဖွဲ့စည်းလာကာ ကုန်းမင်အပေါ်သို့ ပစ်ချပေးလိုက်သည်။
ဓာတ်ကျမ်းတော် မီးနတ်ဘုရားရဲ့အမျက်ဒေါသ
ကြမ်းပြင်က နောက်တစ်ကြိမ် တုန်ခါသွားကာ ဓာတ်ကျမ်းတော်ကို အဆင့်မြင့်မြင့် တတ်ကျွမ်းနေသည့် ဓားသမားကြောင့် ပရိသတ်များ ကြောင်အမ်းအမ်း ဖြစ်ကုန်သည်။ နတ်ဆိုးများမှာ မျက်လုံးပြူးနေကြပြီး ကုန်းမင် အဆင်ပြေစေရန် မင်းသမီးငါးက ကြိတ်၍ ဆုတောင်းနေကာ အသက်သုံးရှိုက်အတွင်း အောက်စည်းသို့ ရောက်သွားသူမှာ ယွမ်ရှောင် မဟုတ်ခဲ့ချေ။
ထိုအချိန်တွင် ကြီးမားသော အဖြူရောင်ပုံရိပ်သည် မီးလုံးကို ထိုးခွဲ၍ လေထဲသို့ ပျံတက်လာခဲ့ပြီး တောင်ပံနှစ်ဖက်၌ အဖြူရောင်မီးလျှံများ တောက်လောင်နေသဖြင့် တိုက်ပွဲကွင်းကို လင်းထိန်သွားစေ၏။ ၎င်းက အဖြူရောင် ဒေါင်းတစ်ကောင်ဖြစ်၍ ကြောက်မက်ဖွယ်ကောင်းသော ခမ်းနားသည့် အရှိန်အဝါကို ပိုင်ဆိုင်ထားကာ အဖြူစွတ်စွတ် အမွေးတောင်များမှာ ဓားသွားပမာ ထက်ရှနေပုံရသည်။
"အထင်ကြီးစရာပဲ"
ဒေါင်းအသွင်ပြောင်းထားသော ကုန်းမင်က တစ်ကိုယ်လုံး ယမ်းခါလိုက်သောအခါ အဖြူရောင်အမွေးများသည် ယွမ်ရှောင်ထံ ဓားမိုးအလား ဝင်ရောက်လာကြ၏။ ယွမ်ရှောင်၏အကြည့်နှင့် အရှိန်အဝါက ပိုမိုအေးစက်လာပြီး ပရိသတ်များ၏ အမြင်တွင် ပို၍ကြောက်စရာကောင်းလာကြောင်း ခံစားနေရသည်။ သူက ခုန်တက်လိုက်ပြီး လက်ဝါးတစ်ချက် ထုတ်လိုက်ရာ ကြမ်းပြင်တစ်ခုလုံး ပျက်စီး၍ အုတ်အကျိုးအပဲ့များနှင့် ကျောက်အစအနများသည် လက်နက်များသဖွယ် ငှက်မွေးမုန်တိုင်းထံ ဝင်ရောက်သွားကြ၏။ ၎င်းက ဓာတ်ကျမ်းတော်၏ တောင်ဖြိုဂါထာ ဖြစ်သောကြောင့် သူ၏ နားလည်တတ်ကျွမ်းထားမှုအပေါ် လူတိုင်း ထိတ်လန့်သွားကြသည်။ သို့သော် ကျင့်ကြံဆင့် ကွာခြားသောကြောင့် ချီစွမ်းအင်ပမာဏ နိမ့်ကျသောအခါ သူ၏တိုက်ကွက်သည် ကုန်းမင်၏ ငှက်မွေးမုန်တိုင်းကို ဖယ်ရှားရုံသာ တတ်နိုင်ခဲ့သည်။
ကုန်းမင်က အပျက်အစီးအကြားမှ မျက်တောင်တစ်ခတ်အတွင်း တိုးထွက်လာကာ လျှပ်တပြက် လှုပ်ရှား၍ ယွမ်ရှောင်အနား ချက်ချင်းရောက်လာခဲ့သည်။ ဒေါင်းအသွင်၌ သူက ပို၍မြန်ဆန်ရုံသာမက ခန္ဓာကိုယ် အစိတ်အပိုင်းတိုင်းသည် ဓားဝိညာဥ်များပမာ ထက်ရှကြပြီး အမွေးအတောင်များမှာ ချပ်ဝတ်တစ်ခုပမာ ကာကွယ်ပေးနိုင်စွမ်းရှိလေသည်။