← Chapters

လာစမ်း

Vol. 13 Ch. 166

လာစမ်း

Vol. 13 Ch. 166

ယွမ်ရှောင်၏ ဓားဝိညာဥ်ပတ်လည်၌ အ​ဖြူရောင် စက်ကွင်းတစ်ခု ထွက်ပေါ်လာကာ ကြမ်းကြုတ်ရက်စက်သော အဖြူရောင် ဒေါင်းတစ်ကောင် ရှိနေသဖြင့် လူတိုင်း ကျောစိမ့်သွားကြသည်။ နတ်ဆိုးမင်းသား၏ အလောင်းကို သန့်စင်ခြင်းသည် နတ်ဆိုးများ၏ဒေါသကို ဆီလောင်းပေးလိုက်သည်နှင့် မခြားသဖြင့် ဝိညာဥ်ရတနာနန်းတော်အတွင်း ဝုန်းဒိုင်းကြဲနေသည်။

"​ကောက်ကျစ်တဲ့လူသား မင်း အသေဆိုးနဲ့သေရမယ်"

"ဒီကောင့်ကို ဆွဲဖြဲပစ်မယ်"

မူလအသွင်​ပြောင်းထားသော နတ်ဆိုးအုပ်ကြီးက ချိတ်ပိတ်အစီအရင်ကို ကြမ်းတမ်းစွာ တိုက်ခိုက်နေကြသောကြောင့် ကျောက်ရွှမ်ကျန်းသည် အစောင့်တစ်ထောင်ကျော်နှင့်အတူ တားမြစ်ချင်ခဲ့သည်။

"အကုန်ရပ်ကြစမ်း။ တိုက်ခိုက်ရေးကွင်းအပြင်မှာ တိုက်ခိုက်ခွင့် မရှိဘူး"

"ဝိညာဥ်ရတနာနန်းတော်က အပြစ်သားကို ကာကွယ်ပေးချင်တာလား"

လေမီးတောက်ကပ်ဘေးနယ်ပယ် နတ်ဆိုးများက အေးစက်စက် မေးခွန်းထုတ်ခဲ့ကြသည်။

"ဒါက ဝိညာဥ်ရတနာနန်းတော်ရဲ့ သံမဏိစည်းမျဥ်းပဲ။ မင်းတို့က တိုက်ခိုက်ချင်တယ်ဆိုရင် အပြင်ရောက်မှ လုပ်ကြ။ ရတနာတွေ ထိခိုက်သွားမယ်ဆိုရင် ပြန်ပေးဆပ်ရမယ်"

ကျောက်ရွှမ်ကျန်း၏လေသံက တင်းမာနေသောကြောင့် နတ်ဆိုးအုပ်ကြီးမှာ အနည်းငယ် တည်ငြိမ်သွားကြ၏။

"အကုန်လုံး စိတ်အေးအေးထားကြ။ ဒီလူသားက မကြာခင် သေရလိမ့်မယ်"

"ဒီကောင်က အခွံထဲပုန်းနေတဲ့ လိပ်တစ်ကောင်ပဲ။ ထာဝရပျော်ရွှင်မှုဧကရာဇ်က သူ့ကို လက်စားချေမှာ သေချာတယ်"

"ယွမ်ရှောင် နင်က အကျိုးဆက်ကို လျစ်လျူရှုထားတဲ့ တစ်ကိုယ်ကောင်းသမားပဲ။ နင်က နတ်ဆိုးနဲ့လူသား ငြိမ်းချမ်းရေးကို ဖျက်ဆီးဖို့ မလုပ်သင့်ဘူး။ နတ်ဆိုးတိုက်ကြီးက နတ်ဘုရားတိုက်ကြီးကို စစ်ကြေညာမယ်ဆိုရင် သမိုင်းတရားခံ ဖြစ်သွားလိမ့်မယ်"

ဒေါသတကြီးဖြစ်နေသော မင်းသမီးနှစ်ယောက်က ရှေ့ထွက်လာကာ သတိပေးလိုက်သော်လည်း ယွမ်ရှောင်က အထင်သေးစွာ နှာခေါင်းရှုံ့လိုက်၏။

"တကယ်လို့ ကိစ္စလေးတစ်ခုက တိုက်ကြီးနှစ်ခုအကြား စစ်ဖြစ်စေမယ်ဆိုရင် လူသားမျိုးနွယ် မျိုးတုံးသွားတာ ကြာနေပြီ။ ရှေးခေတ်တည်းက အားနည်းခဲ့ပေမယ့် သေရမှာမကြောက်တဲ့ သူရဲကောင်းတွေကြောင့် ရပ်တည်နိုင်ခဲ့တယ်။ နတ်ဆိုးတွေနဲ့ ငြိမ်းချမ်းရေး။ ဓားသမား သန်းတစ်ထောင်ကျော်ရဲ့ အသက်နဲ့ ယူထားတဲ့ အရာက ကလေးကစားစရာလို့ ထင်နေတာလား"

"အပြစ်မဲ့အသက်တွေကို ထောင်သောင်းမကအောင် ဒီနတ်ဆိုးက သတ်ဖြတ်ခဲ့တယ်။ မင်းတို့ရဲ့မျက်လုံးတွေကို ဖွင့်ကြည့်ကြစမ်း။ သူတို့ရဲ့ဝိညာဥ်တွေက ဒေါင်းမြှီးပေါ်မှာ အကျဥ်းချခံထားရတယ်။ မင်းတို့က သူတို့အသက်ကိုတော့ ဂရုမစိုက်ဘူးလား။ သူတို့အသတ်ခံနေရတုန်းက လူသားမျိုးနွယ်ရဲ့ မင်းသမီးတွေ ဘယ်ရောက်နေကြတာလဲ။ ငါ့နားမှာ လာဟောင်နေရုံနဲ့ နတ်ဆိုးတိုက်ကြီးရဲ့ နောက်လိုက်ခွေး ဖြစ်မလာနိုင်ဘူး။ နတ်ဆိုးက လူသားတွေကို သတ်နိုင်ပေမယ့် နတ်ဆိုးတစ်ယောက် အသတ်ခံရတာက ပြစ်မှုကြီးတဲ့လား။ ဒါဆိုရင် နတ်ဆိုးတွေရှေ့မှာ ဒူးထောက်အသေခံတာက ငြိမ်းချမ်းရေးပေါ့။ ရယ်စရာကောင်းလိုက်တာ"

ယွမ်ရှောင်သည် တစ်ကိုယ်ကောင်းဆန်လွန်းသော ဤလူသားများကို စိတ်အချဥ်ပေါက်နေသည်။ သေမျိုးလူသားများ၏ အသွေးအသားကို စုပ်ယူဝါးမျိုနေသည့် နတ်ဆိုးအနားတွင် ကပ်ဖားရပ်ဖားလုပ်နေရုံဖြင့် အသက်ရှင်နေခြင်းသာ ဖြစ်၏။ ငြိမ်းချမ်းရေးဆိုသည့် အကြောင်းပြချက်အောက်တွင် သူတို့က နတ်ဆိုးမျိုးနွယ်၏ နောက်လိုက်ခွေးများပမာ ပြုမူနေကြပြီး အသက်စွန့်လွှတ်တိုက်ပွဲဝင်ခဲ့သော ဘိုးဘေးများအတွက် စော်ကားမှုကြီးတစ်ခု ဖြစ်သည်။

ရှေ့တန်းစစ်မြေပြင်တွင် လူသားမျိုးနွယ်၏ ကျင့်ကြံသူများက ရွပ်ရွပ်ချွံချွံ တိုက်ခိုက်နေသော်လည်း မျိုးနွယ်ကြီးများနှင့် အစွယ်အပွားများသည် ဘေးလွတ်ရာ၌ တစ်ကိုယ်ကောင်းဆန်စွာ ရှင်သန်နေကြသည့်အပြင် ထိုစစ်သည်များကို ငြိမ်းချမ်းရေးအတွက် အပြစ်သားဟု တံဆိပ်ကပ်နေသည်မှာ လွန်လွန်းလှချေသည်။ ယွမ်ရှောင်အနေဖြင့် ဒေါင်းမင်းသား၏ လက်ချက်ကြောင့် သေဆုံးခဲ့ရသော ဝိညာဥ်ပေါင်းထောင်ချီကို မြင်နိုင်သော်လည်း ထိုမင်းသမီးများမှာ လှပသော အမြှီးကိုသာ မြင်နေကြ၏။ လောကကြီး၏ အခြားတစ်ဖက်တွင် အသက်စွန့်သူများက ကာကွယ်ပေးနေသော်လည်း မြင့်မြတ်သည်ဟု သွေးနားထင်ရောက်နေသော ဤလူသားများမှာ ​နတ်ဆိုးများကို ခယ၍ ငြိမ်းချမ်းရေးဟု အသံကောင်းဟစ်နေကြသည်။ သူ၏ထောက်ပြချက်ကြောင့် လူသားကျင့်ကြံသူများ၏ ဝိညာဥ်အတွင်းပိုင်းအထိ ထိရောက်သွားသဖြင့် မျက်လုံးများ နီမြန်းကုန်သည်။

ကျောက်ရွှမ်ကျန်းနှင့် လန့်ကော်က အကြည့်ချင်း ဖလှယ်လိုက်ပြီး တိုက်ပွဲကွင်းအတွင်းရှိ လူငယ်မှာ အတင့်ရဲသည်မဟုတ်ဘဲ ကြိုတင်တွက်ချက်ထားကြောင်း နားလည်သွားကြ၏။ အကယ်၍ သူ အသတ်ခံလိုက်ရလျှင်လည်း လူပေါင်းများစွာ၏ စိတ်နှလုံးကို လမ်းမှန်ပြပေးနိုင်ခဲ့သောကြောင့် မျိုးဆက်ပေါင်းများစွာ ပြောင်းလဲသွားပေလိမ့်မည်။

"ယွမ်ရှောင်က တကယ့်အမှန်တရားကို ထုတ်ပြောလိုက်ပြီ။ တကယ်လို့ သူသာ လက်ရှိမျိုးဆက်ကို ဦးဆောင်မယ်ဆိုရင် အနာဂတ်ကတော့ အကန့်အသတ်မဲ့ ဖြစ်လိမ့်မယ်"

"ဒါပေမယ့် မဟာကျောင်းတော်မှာ အကြောက်လွန်နေတဲ့ သစ္စာဖောက်တွေ အပြည့်ပဲ"

ကျောက်ရွှမ်ကျန်းက လေးစားစွာ မှတ်ချက်ချလိုက်ပြီး လန့်ကော်မှာ မဲ့ပြုံးပြုံးနေခဲ့၏။

"ယွမ်ရှောင် ပါးစပ်ပိတ်ထားစမ်း။ အလိမ်အညာတွေ မပြောနဲ့။ နတ်ဆိုးတွေက ဆင့်ကဲတိုးတက်လာပြီး အရိုင်းအစိုင်းတွေ မဟုတ်တော့ဘူး။ စစ်မဖြစ်ဘူးဆိုရင်တောင် ချန်မျိုးနွယ်ရော နင်ရော အဆုံးသတ်စေရမယ်"

မင်းသမီးခြောက်က ပတ်ဝန်းကျင် အခြေအနေကြောင့် မျက်နှာတစ်ခုလုံး မည်းနက်နေကာ အံကြိတ်ထားလိုက်သည်။

"စစ်သူကြီးချန်က နယ်စပ်မှာ လူသားမျိုးနွယ်ကို ကာကွယ်ပေးနေတယ်။ မင်းက သူ့ကိုရော အပြစ်သားလို့ စွပ်စွဲချင်တာလား။ ဒီနေ့ ငါက လူသားများစွာကို သတ်ဖြတ်ခဲ့တဲ့ ဒေါင်းနတ်ဆိုးကို အပြစ်ပေးခဲ့တယ်။ ဒီကောင့်ရဲ့ အလောင်းကိုလည်း ဓားစက်ကွင်းအဖြစ် သန့်စင်ထားတယ်။ မင်းတို့ရဲ့ နတ်ဆိုးဧကရာဇ် ဆိုတာကြီးကို ပြောလိုက်စမ်းပါ။ အချိန်မရွေး အသင့်ပဲ"

ယွမ်ရှောင်၏ စိန်ခေါ်စကားကြောင့် လူသားဖြစ်စေ၊ နတ်ဆိုးဖြစ်စေ အားလုံး တိတ်ဆိတ်တုန်လှုပ်သွားကြသည်။ သူက ငြင်းဆန်မရနိုင်သော အမှန်တရားကို ဆုပ်ကိုင်ထားကာ မျှမျှတတ အနိုင်ယူခဲ့ခြင်းဖြစ်ပြီး တစ်ဖက်လူသည် အပြစ်မဲ့သေမျိုးများစွာကို သတ်ဖြတ်ခဲ့သော လူသတ်သမားလည်း ဖြစ်နေပြန်သည်။ ဤအချက်နှစ်ခုကြောင့် အမှန်တရားက ထင်ရှားနေပြီး အပြစ်သားဟု စွပ်စွဲချင်သူများ ပါးစပ်ပိတ်သွားကြပေလိမ့်မည်။ သူ၏လုပ်ရပ်က တဇွတ်ထိုးဆန်သည်ဟု ထင်ရသော်လည်း ဒေါင်းမင်းသားကို သတ်ရန် အကွက်ကျကျ ကြံစည်ထားခြင်းပင်။

"မနက်ဖြန်ကျရင် အင်မော်တယ်စစ်ပွဲ အစပြုပြီး နှစ်ရက်ကြာရင် အမှန်တကယ် စတင်လိမ့်မယ်။ ဒါက လူသားမျိုးနွယ်ရဲ့ စမ်းသပ်ချက်ဖြစ်လို့ နတ်ဆိုးတွေနဲ့မဆိုင်ဘူး။ မင်းတို့လို အရိုင်းအစိုင်းတွေက နတ်ဧကရီကို လက်ထပ်ချင်တာလား။ သေချာနားထောင်စမ်း တကယ်လို့ နတ်ဆိုးဧကရာဇ်သာ ငါ့ကို နှစ်ရက်အတွင်း လာမသတ်ဘူးဆိုရင် အင်မော်တယ်စစ်ပွဲမှာ ပါဝင်တဲ့ နတ်ဆိုးတွေအားလုံးကို သတ်မယ်လို့ ကျိန်ဆိုတယ်။ မြင့်မြတ်တဲ့ နတ်ဘုရားကုန်းမြေကို နတ်ဆိုးသွေးနဲ့ ဆေးပစ်ပြီး မင်းတို့ကို ဘိုးဘေးတွေနဲ့ သူရဲကောင်းတွေရှေ့မှာ ဒူးထောက်ခိုင်းမယ်။ ငါ့ကို သတ်ချင်တယ်ဆိုရင် နတ်ဆိုးပါရမီရှင်ငါးထောင်လုံး ကြိုးစားကြည့်ကြ။ ငါက တစ်ကိုယ်တော်ဓားသမားပဲ။ ငါ့ဓားအောက်မှာ သေချင်တယ်ဆိုရင်လည်း အမြဲတမ်း ကြိုဆိုနေမယ်"

ယွမ်ရှောင်က ဓားဖြင့် နတ်ဆိုးများထံ ချိန်ရွယ်ကာ အဖြူရောင်သေမင်းပမာ အေးစက်လှသော အသံဖြင့် ရဲရဲရင့်ရင့် စိန်ခေါ်ခဲ့လေသည်။

All Chapters