← Chapters

တစ္ဆေဖြူ

Vol. 12 Ch. 24

တစ္ဆေဖြူ

Vol. 12 Ch. 24

ကျောင်းစမ်းသပ်ခန်းထဲမှာတော့ ဝါဇ့်နဲ့မက်ဒါနာတို့ စိတ်ဓာတ်ကျနေတဲ့ပုံစံနဲ့ ထိုင်နေကြတယ်။ လင်ဒါ နံပါတ်တစ်ကတော့ လက်က နာရီကိုငုံကြည့်ရင်း သက်ပြင်းချပါတယ်။

“မမလေး၊ အခုလို အပြိုင်စကြဝဠာအဆင့် ပြဿနာတစ်ခုဖြစ်နေတာကို ဘာလို့ ကျွန်မကို အသိမပေးတာလဲ။ ကျွန်မက မမလေးကို ကူညီဖို့ ရှိနေတာလေ။”

မက်ဒါနာက အေမီကို အကြောင်းပြချက်ပေးတဲ့အနေနဲ့ ထစ်ငေါ့ထစ်ငေါ့နဲ့ အခုလို ပြောလိုက်တယ်။ “ငါ... ငါက.. အေမီကို မပင်ပန်းစေချင်လို့ပါ။ နင်က ဆုဗာနာကိုရော ကမ္ဘာ့ဗီလိန်အဖွဲ့အစည်းတွေကိုပါ စောင့်ကြပ်နေရပြီးသား လေ။”

“မမလေး၊ ကျွန်မက အန်းဒရိုက်လေ။ ပင်ပန်းတယ်လို့ ရှိမလား။” အေမီက မက်ဒါနာကို မျက်စောင်းထိုးပြီး ပြောလိုက်တယ်။ ဒီတော့ မက်ဒါနာလည်း ဘာပြောရမှန်း မသိတော့ဘဲ ပါးစပ်အဟောင်းသားနဲ့ သူ့ရှေ့က ညိုချော အိမ်စေမလေးကို ကြည့်ရုံသာ ကြည့်နေနိုင်ပါတော့တယ်။

“ဒီတော့ လက်ရှိအစီအစဥ်က ဘယ်လိုလဲ။” အေမီက စကားလမ်းကြောင်းပြောင်းတဲ့အနေနဲ့ စစ်ဆင်ရေး အကြောင်းကို မေးလိုက်တယ်။

ဖရာလီတာက စာရွက်တစ်ရွက်ကို ဖြန့်ပြလိုက်ပြီးတော့ သူတို့လုပ်နေတာတွေ အားလုံးကို ရှင်းပြလိုက်ပါတယ်။ “လောလောဆယ် တခြားကမ္ဘာတွေကိုသွားနိုင်တဲ့ ပေါ်တယ် ဂိတ်ကိုရော မြို့ငါးမြို့စာလောက်ကို စွမ်းအင်ပေးနိုင်တဲ့ စွမ်းအင်ဗဟိုချက်ကိုရော ထွင်ပြီးသွားပြီ။ လက်ရှိရှိနေတဲ့ လောင်စာအရဆိုရင် သုံးကြိမ်လောက် ကမ္ဘာကူးပြောင်းဖို့ လိုလိမ့်မယ်။ အရံအနေနဲ့ ဆေလာမက်ဒါနာရဲ့စာအုပ် ရှိသေးပေမဲ့ ငါတို့စမ်းကြည့်တော့ လူနှစ်ယောက်ထက်ပိုပြီး ကမ္ဘာကူးပြောင်းနိုင်စွမ်းမရှိတာ တွေ့ရတယ်။”

အေမီက လိုက်ပါနားထောင်ရင်း ခေါင်းညိတ်လိုက်တယ်။ မက်ဒါနာတီထွင်ထားတဲ့ဂိတ်က အုပ်စုလိုက် ကမ္ဘာကူးဖို့ လုပ်ဆောင်နိုင်စွမ်းမျိုးရှိတယ်။ အေမီက ရန်သူကို ကိုယ်တွေ့ မြင်ဖူးကြသူတွေဖြစ်တဲ့ လင်ဒါနံပါတ်နှစ်နဲ့ ဝါ့ဇ်တို့ကို ကြည့်ပြီး မေးလိုက်တယ်။

“လက်ရှိပြိုင်ဖက်အဖွဲ့အစည်းမှာရှိနေတဲ့ ကမ္ဘာကူးပြောင်း ပစ္စည်းကရော ဘယ်လောက်ထိအားကောင်းလဲ။”

လင်ဒါနံပါတ်နှစ်က အရင်ဆုံးစဥ်းစားလိုက်ပြီးတော့ ပြောပါတယ်။ “ သူတို့က မီတာငါးဆယ်လောက်မြင့်တဲ့ တိုက်ပွဲဝင်စက်ရုပ်ကြီးကို ကမ္ဘာကူးပြောင်းသွားတာ။ ပြီးတော့ အဲဒီစက်က လက်နဲ့ကိုင်ထားလို့ရတဲ့ သေနတ်လို ဟာမျိုးပဲ။”

ဖရာလီတာနဲ့မက်ဒါနာက မျက်လုံးပြူးသွားတယ်။ မက်ဒါနာက “ဘုရားရေ၊ အဲဒီလောက် ထုထည်အကြီးကြီးကို ငါတို့အခုထွင်ထားတဲ့စက်က မကူးပြောင်းပေးနိုင်သေးဘူး။ နေမျက်နှာပြင်တစ်ခုလုံးကို ဆိုလာပြားတွေနဲ့ကာထားမှပဲ အဲဒီလောက်စွမ်းအားမျိုးရမှာ။”

“ကြည့်ရတာ နည်းပညာကွာခြားချက်က တော်တော်များတဲ့ ပုံပဲ။” အေမီက တွေးလိုက်တယ်။ အဲဒီလောက်အများကြီး လုပ်နိုင်တဲ့ စက်မျိုးက ပစ္စတိုသေနတ် ဖြစ်နေတာကိုက အံ့ဩစရာပါ။ လောလောဆယ် နည်းပညာနတ်ဘုရားဖြစ်တဲ့ မက်ဒါနာတီထွင်ထားတဲ့ စက်တောင်မှ ဧည့်ခန်းတစ်ခန်းလုံး အပြည့်နေရာယူထားနိုင်တယ်။

“ဒါပေမဲ့ အဲဒါက စက်သီးသန့်လို့မှ ပြောလို့မရနိုင်တာ။ ရီမုလိုသာမျိုးလည်း ဖြစ်ရင်ဖြစ်နေမှာပဲ။ စက်နဲ့ အခြားကမ္ဘာမှာရှိနေတဲ့ အသုံးပြုသူအကြား ကြားခံအနေနဲ့ ဆောင်ရွက်ပေးတဲ့ဟာမျိုးပေါ့။”

မက်ဒါနာက သူ့အထင်ကိုပြောလိုက်တော့ ဖရာလီတာလည်း ခေါင်းညိတ်လိုက်တယ်။ “အဲဒီလိုဖြစ်လောက်မယ်။ ငါတို့လည်း ဒီကမ္ဘာပြောင်းဂိတ်ကို အဝေးကနေပြီး အသက်သွင်းလို့ရအောင် ရီမုလိုပစ္စည်းတစ်ခု ထွင်သင့်တယ် ထင်သား။”

နောက်တော့ မဟာဉာဏ်ကြီးရှင်နှစ်ယောက်က သူတို့လက်မှာ ဝတ်ထားတဲ့ ဆင်တူသတ္တုလက်အိတ်တွေကို အဲဒီလိုအရာမျိုးအဖြစ် အဆင့်မြှင့်ဖို့ ဆုံးဖြတ်လိုက်တယ်။ နောက်တော့ ချက်ချင်းစအလုပ်လုပ်တော့တာပဲ။ ပြီးသွားတဲ့ နောက်မှာတော့ သူတို့တွေ နောက်တစ်ခါ စုဝေးကြပြန်တယ်။

“ဒါနဲ့၊ စကားမစပ်။ မမလေး၊ အဲဒီကောင်မလေးကိုရော မမလေးက ကျွန်မတို့ ဟာရမ်အဖွဲ့ထဲ ထည့်မလို့လုပ်နေတာ မဟုတ်ပါဘူးနော်။”

အေမီရဲ့အနှောင့်အသွားမလွတ်တဲ့ စကားတွေကြောင့် မက်ဒါနာက သူ့ကိုအတင်းဖက်တွယ်ထားပြီး ပါးကို ခဏခဏလာလာနမ်းနေတဲ့ ဂါဝန်နီနဲ့ဖရာလီတာလေးကို ကြည့်လိုက်တယ်။ ဝါ့ဇ်က နာကျင်ကြေကွဲနေပေမဲ့ အတော် သည်းခံနေရတဲ့မျက်နှာနဲ့ အဲဒီမြင်ကွင်းကို အကြည့်လွှဲထား ပါတယ်။ သတ္တုလက်အိတ်နဲ့ဖရာလီတာကတော့ အဲဒီကိစ္စကို မကျေနပ်ပေမဲ့ လစ်လျူရှုထားတာကြာပြီ။

“စိတ်မပူပါနဲ့။ ကိစ္စတွေအားလုံးပြီးသွားရင် သူ့ကို သူ့ကမ္ဘာသူ ပြန်ထည့်ပေးလိုက်မှာပါ။”

“ပြောတာပဲ...” အေမီက မက်ဒါနာကို မည်းမှောင်နေတဲ့ အကြည့်တွေနဲ့ ကြည့်လိုက်တယ်။

“ဒီတော့ အရင်ဆုံး ဘာစလုပ်မယ်လို့ ဆုံးဖြတ်ထားလဲ။” အေမီက အစီအစဥ်နောက်တစ်ဆင့်ကို စဖို့အတွက် မေးလိုက်တယ်။

ဝါ့ဇ်က “လောလောဆယ် ခါးပတ်နဲ့မက်ဒါနာက ငါတခြား ကမ္ဘာတစ်ခုကိုရောက်နေတယ်လို့ ခန့်မှန်းမိဦးမှာမဟုတ်ဘူး။ ဒီတော့ သူက ငါ့ကမ္ဘာမှာပဲ ငါ့ကိုလိုက်ရှာနေလောက်တယ်။ ဒီတော့ ငါ့ကမ္ဘာကိုပဲ ဒီကအင်အားအပြည့်နဲ့ သွားပြီးတော့ သု့ကိုဖမ်းကြတာပေါ့။”

အားလုံး ခေါင်းညိတ်လိုက်ကြတယ်။ မက်ဒါနာက “ သူ့ကမ္ဘာကို သွားဖို့အတွက်က သူ့စာအုပ်ကနေ ထွက်လာတဲ့ လေဟာနယ်အက်ကွဲကြောင်းရဲ့နယ်နိမိတ်မျဥ်းတွေကို စကင်ဖတ်ပြီး ငါတို့စက်မှာဘာသာပြန် ထည့်ပေးဖို့ပဲလိုတာ။ ဒီဖြစ်စဥ်ကိုတော့ နင်က ကူညီပေးပေါ့။”

အေမီက မက်ဒါနာဆီကနေ အမိန့်ရတာနဲ့ ဦးညွှတ်လိုက်ပြီး “တာဝန်ထမ်းဆောင်ခွင့်ရတဲ့အတွက် ကျေးဇူးတင်ပါတယ် မမလေး။”

အဲဒီနောက်တော့ ဝါ့ဇ်က အေမီရှေ့မှာ မှော်ဆရာမအဖြစ် ပြောင်းလိုက်ပြီး စာအုပ်ကိုသုံးကာ ပေါ်တယ်ကိုဖွင့်ပြတယ်။ အေမီကတော့ အတွင်းကနေ ထွက်လာတဲ့ လေဟာနယ် နယ်နိမိတ်လှိုင်းတွေကို မှတ်သားပြီး ကိုဩဒိနိတ်တွေအဖြစ် ပြောင်းလဲသတ်မှတ်လိုက်တယ်။ နောက်တော့ မက်ဒါနာတို့ ထွင်ထားတဲ့ ထရပ်ကားအသေးတစ်ခုစာလောက် ရှိတဲ့စက်ထဲ ဘာသာပြန်ပြီးထည့်လိုက်ရော။

“အခုဆိုရင် ကမ္ဘာကူးပြောင်းပြီး ခရီးသွားဖို့အတွက် အသင့်ဖြစ်ပါပြီ မမလေး။ အားလုံး အသင့်ပြင်ထားဖို့ပဲ လိုပါတော့တယ်။”

ဖရာလီတာက သူ့ရဲ့အာ့ခ်မီဂါ ဝါးဖရိန်ကြီးကို ဆင့်ခေါ် လိုက်တယ်။ အကောင်က ကြီးလွန်းလို့ ပွင့်လာတဲ့ အပြာရောင် ပေါ်တယ်ထဲကို ထည့်လို့ရတယ်ဆိုရုံပဲ ရှိပါတယ်။ အေမီကလည်း သူ့ရဲ့တိုက်ပွဲဝင်ဝတ်စုံကို ပြောင်းဝတ်တယ်။ လင်ဒါ နံပါတ်တစ်ကလည်း Sheriffဝတ်စုံကို ဝတ်ထားပြီးပြီ။ လင်ဒါနံပါတ်နှစ်၊ ဂါဝန်နီနဲ့ဖရာလီတာနဲ့ ဝါ့ဇ်တို့ကလည်းပဲ သူတို့နည်းသူတို့ဟန်နဲ့ အသင့်ပြင်ထားပြီးကြပါပြီ။

“ဟိုဘက်ကမ္ဘာကိုရောက်သွားရင် ငါတို့ ဂိုင်ယာကို အကူအညီ တောင်းလို့မရတော့သလို နယ်ဆင်သင်္ဘောပျံကြီးလည်း မရှိတော့ဘူးနော် ဖရာလီတာ။ နင်တကယ် လိုက်လာမှာလား။”

မက်ဒါနာက သတ္တုလက်အိတ်ဝတ်ထားတဲ့ ဖရာလီတာကို ကြည့်လိုက်ပြီး မေးလိုက်တော့ ဖရာလီတာက ဂုဏ်ယူ ဝံ့ကြွားစွာနဲ့ ခါးကိုလက်ထောက်ပြီး...

“အဲဒီစကားလုံးတွေကို နင့်ကိုငါပြောဖို့အတွက် ချန်ထားလိုက်စမ်းပါ။ အဲဒီကမ္ဘာမှာ ဇက်သတ္တုဆိုတာ ရှိချင်မှ ရှိမှာနော်။ နင့်ဝတ်စုံပျက်စီးသွားရင် ပြန်ပြင်လို့ ရချင်မှ ရတော့မှာ။”

“ငါ့ဝတ်စုံကို ဖျက်ဆီးနိုင်တဲ့သူနဲ့ပဲ တွေ့ပါရစေဦး။” မက်ဒါနာက ပြောလိုက်ပြီးတော့ ပေါ်တယ်ထဲကို အရင်ဆုံး ခြေချလိုက်တယ်။ ကျန်တဲ့သူတွေလည်း နောက်ကနေ လိုက်ပြီးတော့ ဝင်ကြတာပေါ့။

မကြာခင်မှာပဲ အခန်းထဲကလူစုံ ပေါ်တယ်ထဲရောက်သွားပြီး ပေါ်တယ်ဟာ တဖြည်းဖြည်းချင်းမှေးမှိန် ပျောက်ကွယ် သွားပါတော့တယ်။

....

“ငါတို့ကမ္ဘာပြန်ရောက်ပြီလား။ ဒါပေမဲ့ ဘာဖြစ်လို့ ဒီနေရာမှာက ဟိုဖက်ကမ္ဘာထက်ပိုပြီး မှော်စွမ်းအင် ပါးလျနေတယ်လို့ ခံစားရတာလဲ။”

ဝါ့ဇ်က မျက်ခုံးပင့်လိုက်ရင်း ပတ်ဝန်းကျင်ကို ကြည့်လိုက်တယ်။ သူတို့ရောက်နေတဲ့နေရာက လမ်းမတန်း တစ်ခုဖြစ်ပေမဲ့ မီးထွန်းထားခြင်းမရှိဘဲ မှောင်မိုက်နေတယ်။ ညအချိန်ဖြစ်ပုံရပြီးတော့ ကောင်းကင်က ကြယ်တွေကသာ သူတို့ကို အလင်းရောင်ပေးစွမ်းနေပါတယ်။

“တခြားသူတွေရော...” ဝါ့ဇ်က ပတ်ဝန်းကျင်ကို လိုက်ပြီး လေ့လာပေမဲ့ မက်ဒါနာတို့ကို ရှာမတွေ့ပါဘူး။

“ဟေး၊ ဝါ့ဇ်။ နင့်ကိုယ်နင် ဘာလုပ်နေတယ်ထင်လဲ။”

ရုတ်တရက် သူ့အောက်ကနေပြီး ရင်းနှီးနေတဲ့ လူတစ်ယောက်ရဲ့စကားသံ ထွက်လာတဲ့အတွက် ဝါ့ဇ်က အလင်းရောင် ရလို့ရညား မှော်နှင်တံကို လက်ကနေ မြှောက်လိုက်ပြီး

“လူးမို့စ်....” အဖြူရောင်အလင်းပွင့်တစ်ခုက မှော်နှင်တံ ထိပ်မှာထွန်းလင်းလာတယ်။ အခုပတ်ဝန်းကျင်ကို သူ ရှင်းရှင်းလင်းလင်း မြင်နေရပြီ။ သူတို့နှစ်ယောက်က မပြုပြင်တာ ကြာပြီဖြစ်လို့ နေရာတိုင်းမှာ ချိုင့်တွေနဲ့ ပြည့်နေတဲ့ လမ်းမကြီးပေါ်မှာရောက်နေတာ။

“ဝါ့ဇ်.. ငါ့အပေါ်က ဖယ်တော့လေ။ အရိုးတွေ ကျိုးကုန်တော့မှာပဲ။”

ဝါ့ဇ်က သူ့အောက်ကို ငုံကြည့်လိုက်တယ်။ ဂါဝန်အနီလေး ဝတ်ဆင်ထားတဲ့ ဖရာလီတာက သူ့အောက်မှာ ဝမ်းလျား မှောက်အနေအထားနဲ့ရှိနေပြီး သူက ဖရာလီတာကိုယ်ပေါ်ကို တက်မိမီးပြီးသား ဖြစ်နေတာ။

“တောင်း... တောင်းပန်ပါတယ်။” ဝါ့ဇ်က ချက်ချင်း ခုန်ထလိုက်တယ်။ ဖရာလီတာကတော့ ဖြည်းဖြည်းချင်း ထရပ်လိုက်ပြီးတော့ ရွံတွေနဲ့ ပေကျံနေတဲ့ သူ့ဂါဝန်ကို စိတ်ညစ်ညစ်နဲ့ ကြည့်လိုက်တယ်။ နောက်တော့ သူက ဒေါသထွက်လာပြီးတော့ ဝါ့ဇ်ဆီကိုပြေးလာကာ ခြေထောက်ကို ဒေါက်ဖိနပ်နဲ့ တက်နင်းတော့တာပဲ။

“သောက်ကောင်၊ နင့်မှာ မျက်လုံးမပါဘူးလား။ နင့် ကိုယ်လုံးကြီးနဲ့ ငါ့ကိုတက်ဖိစရာလား။”

“မ... မရည်ရွယ်ပါဘူးဟ...” ဝါ့ဇ်က သူ့ခြေထောက်ကို နာကျင်စွာနဲ့ ဆုပ်ကိုင်လိုက်ရင်း ငိုမဲ့မဲ့နဲ့ လက်ပိုက်ကြည့်နေတဲ့ ဖရာလီတာကို သူပြန်ကြည့်မိတယ်။

“ဖရာလီတာ...”

“ဘာတုန်း...”

“နင်က ငါ့ကို မထိုးဘဲ ဖိနပ်နဲ့တက်နင်းတာဆိုတော့ သေချာပေါက် ငါ့ရဲ့ဖရာလီတာမဟုတ်လား။”

“ဘယ်သူက နင့်ဖရာလီတာလဲဟဲ့။”

ခွက်...

ဖရာလီတာက ဝါ့ဇ်ရဲ့စကားတွေကြောင့် ဒေါသထပ်ထွက်ပြီး ဝါ့ဇ်ရဲ့မျက်လုံးတည့်တည့်ကို လက်သီးနဲ့ထိုးချလိုက်တယ်။ ဝါ့ဇ်ရဲ့ဘယ်ဘက် မျက်လုံးတစ်ခုလုံး ညိုမည်းစွဲသွားလေရဲ့။ အဲဒီနောက်တော့ အသေးမလေးက ရှေ့ကနေ စပြီးတော့ ဦးဆောင်လျှောက်တယ်။

“ဝါ့ဇ်... ငါတို့ဘယ်ရောက်နေတာလဲ။ သေချာပေါက် လန်ဒန်တော့ မဟုတ်ဘူးမဟုတ်လား။”

အခုလိုစုတ်ပြတ်နေတဲ့ ကတ္တရာလမ်းမမျိုး သူတို့နေတဲ့ လန်ဒန်မှာမရှိမှန်း ဝါ့ဇ်ရောဖရာလီတာရော သိကြတယ်။ ဝါ့ဇ်ကတော့ ဖြစ်ခဲ့တာတွေကို ပြန်ပြီးတော့ စဥ်းစားကြည့် လိုက်တယ်။

“အဲဒီတုန်းက ပေါ်တယ်က လမ်းတစ်ဝက်လောက်အထိ ကောင်းကောင်းအလုပ်လုပ်နေခဲ့ပြီးခါမှ ရုတ်တရက် တုန်ခါလာပြီး ငါတို့အကုန်လုံး ပြုတ်ကျကုန်တာ မဟုတ်လား။”

ဝါ့ဇ် အဲဒီတုန်းက ကသောင်းကနင်းအခြေအနေကို ပြန်ပြီး သတိရလာတယ်။ ဒီလိုနဲ့ သူတို့တွေ လူချင်းကွဲသွားကြတာ။

ဟူး...

ရုတ်တရက် လေပြင်းနည်းနည်းတိုက်လာတယ်။ လေနဲ့အတူ သတင်းစာအဟောင်းတချို့လည်း လွင့်ပါလာပြီး ဝါ့ဇ်ရဲ့ မျက်နှာမှာ လာကပ်တယ်။ ဝါ့ဇ်က ဖယ်လိုက်ပြီးတော့ ဖတ်ကြည့်လိုက်တဲ့အခါမှာတော့ နယူးယောက်တိုင်းမ် သတင်းစာတစ်စောင်ရဲ့မျက်နှာဖုံးစာမျက်နှာ ဖြစ်နေတာ သတိထားမိလိုက်ရပါတယ်။

[ပြည်သူတွေရဲ့အချစ်တော် တရားမျှတမှုရဲ့သူရဲကောင်း ရဲမှူးကြီး လင်ဒါ ဂရီဂိုရီ အသတ်ခံရ။ ဗဟိုစုံစမ်းစစ်ဆေးရေး ဗျူရိုက စုံစမ်းနေပေမဲ့ တရားခံမပေါ်သေး။ ဆောင်းပါးရှင် - မာဂရပ်]

“ကြည့်ရတာ ငါတို့တွေတော့ ကိုယ့်ကမ္ဘာကိုယ်ပြန်မရောက်ဘဲ နောက်ထပ် ကျပန်းကမ္ဘာတစ်ခုကို ရောက်လာပြန်ပြီနဲ့ တူတယ်။” ဝါ့ဇ် သက်ပြင်းချလိုက်တယ်။

တစ်ပြိုင်နက်တည်းလိုလိုမှာပဲ ရှေ့ကနေလျှောက်နေတဲ့ ဖရာလီတာရဲ့ခြေလှမ်းတွေက ရပ်တန့်သွားပါတယ်။

“ဝါ့ဇ်... ဝါ့ဇ်ရေ၊ ဒီလူတွေကြည့်ရတာ လူကောင်းတွေ ဟုတ်တဲ့ပုံမပေါ်ဘူးနော်။”

ဒီစကားကြောင့် ဝါ့ဇ်က ရှေ့ကိုကြည့်လိုက်တော့ အနောက်တိုင်းဝတ်စုံကိုယ်စီဝတ်ထားပြီး လက်ထဲမှာ ကာတာနာဓားရှည်တွေကိုင်ထားတဲ့ လူတချို့ကို တွေ့လိုက်ရတယ်။ သူတို့ဝတ်စုံတွေမှာ ဆာကူရာပွင့်ဖတ်ပုံ ရွှေရောင်ရင်ထိုး တစ်ခုစီပါတယ်။

ဝါ့ဇ်က ဖရာလီတာ့လက်ကိုဆွဲပြီး နောက်ကိုထွက်ပြေးမယ် လုပ်ပြန်တော့လည်း နောက်ထပ်ပုံစံတူ လူတစ်စုက သူတို့ကို ပိတ်ရပ်ထားတာ တွေ့ရပြန်တယ်။

“စိတ်မပူနဲ့၊ ကိုယ်မင်းကို ကာကွယ်ပေးမှာပါ။” ဝါ့ဇ်က မှော်နှင်တံကျိုးနေလို့ ခိုကိုးရာမဲ့ဖြစ်နေတဲ့ ဖရာလီတာကို ပြောလိုက်တယ်။ ဆေလာမက်ဒါနာအဖြစ် ပုံစံပြောင်းခဲ့တာ သိပ်မကြာသေးတဲ့အပြင် ဒီကမ္ဘာက မှော်စွမ်းအင်တွေက ပါးလျတဲ့အတွက် ဝါ့ဇ်က ပုံစံထပ်မပြောင်းနိုင်သေးဘူး။ ဒါပေမဲ့ မှော်ဆရာတစ်ယောက်အနေနဲ့ သူ့မှာလုပ်နိုင်စွမ်း အနည်းငယ်တော့ ရှိနေပါသေးတယ်။

ဓားကိုင်လူအုပ်ထဲက ခေါင်းဆောင်ဖြစ်ပုံပေါ်တဲ့ ခပ်ချောချော လူငယ်တစ်ယောက်က ရှေ့ထွက်လာပြီး သူတို့နှစ်ယောက်ကို မေးလိုက်တယ်။

“မင်းတို့နှစ်ယောက်က တစ္ဆေဖြူရဲ့မိတ်ဆွေတွေလား။”

ဝါ့ဇ်က ခေါင်းခါပြလိုက်တယ်။ ပြောရရင် တစ္ဆေဖြူဆိုတာ ဘယ်သူမှန်း သူမှမသိတာရယ်။ ခေါင်းဆောင်လူငယ်က ပြုံးလိုက်ပြီး...

“မဟုတ်လည်း ကိစ္စမရှိပါဘူး။ ငါတို့လုပ်မယ့်အရာတွေကို တခြားသူမြင်လို့ မဖြစ်တဲ့အတွက် မျက်မြင်သက်သေဖြစ်တဲ့ မင်းတို့ကို ရှင်းပစ်မှဖြစ်မယ်။”

လူငယ်က လက်ပြပြီး သူ့လူတွေကို အချက်ပေးလိုက်တယ်။ လူအုပ်ထဲက ဓားသမားတစ်ယောက်က ရှေ့ထွက်လာပြီး ဓားကိုထုတ်ကာ ဝါ့ဇ်ကိုအရင် ပြေးပိုင်းဖို့လုပ်တယ်။ ဝါ့ဇ်က မျက်မှောင်ကြုတ်လိုက်ပြီး မှော်နှင်တံကို ဝေ့ယမ်းလိုက်တယ်။

အဆင့် သုံး၊ ရေခဲမှော်ပညာ။ ရေခဲချွန်။

ရွှတ်... ရေခဲချွန်တစ်ခုက လေထုထဲမှာ ချက်ချင်းဖြစ်တည် လာပြီးတော့ ဓားသမားရဲ့ရင်ဝကို ထိုးစိုက်သွားတယ်။

“အား... ဓားသမားက ချက်ချင်းလဲကျပြီး အော်ဟစ်သေဆုံးသွားတယ်။

“ကြည့်ရတာ မင်းတို့က သာမန်လမ်းပျောက်နေတဲ့ စုံတွဲတော့ မဟုတ်ဘူးပဲ။” လူငယ်ကိုယ်တိုင် ဓားထုတ်လိုက်တယ်။ ဝါ့ဇ် ဘယ်လိုလှုပ်ရှားလိုက်လဲ သူမသိပါဘူး။ ဒါပေမဲ့ ဝါ့ဇ်တို့ကို အမြန်ရှင်းပစ်ဖို့ သူဆုံးဖြတ်လိုက်ပါပြီ။

“အား....”

“ကယ်ကြပါ...”

“ငါ့လက်... ငါ့လက်...”

ရုတ်တရက် လူငယ်က သူနဲ့ဆန့်ကျင်ဘက် လူအုပ်ကနေပြီး အော်ဟစ်သံတွေထွက်လာတဲ့အတွက် သူ့လူတွေကို ကြည့်လိုက်တော့ အားလုံးလဲကျ သေဆုံးနေကြပါပြီ။

“မဆိုင်တဲ့သူတွေကို ရန်မပြုပါဘူးလို့ စိန်ခေါ်စာထဲမှာ ရေးထားတယ် မဟုတ်ဘူးလား။ အိုက်ဇာဝါ...”

ဝါ့ဇ်က စကားသံထွက်ပေါ်လာတဲ့ နေရာကို ကြည့်တယ်။ အဖြူရောင်မျက်နှာဖုံးကို တပ်ထားတဲ့ အမျိုးသားက သွေးတွေစီးကျနေတဲ့ ဓားနှစ်လက်ကိုကိုင်ပြီး သွေးအိုင် ထဲမှာရပ်နေတယ်။ သူ့ရဲ့ဘယ်ညာနှစ်ဖက်လုံးမှာ သေဆုံးသွားတဲ့ ယာကူဇာတွေရဲ့အလောင်းတွေနဲ့ ပြည့်နှက်နေပါတယ်။

“တစ္ဆေဖြူ၊ မင်းပေါ်လာသေးတာပဲ။” အိုက်ဇာဝါလို့ အခေါ်ခံလိုက်ရတဲ့လူငယ်က ခြောက်ကပ်ကပ်ရယ်မော လိုက်တယ်။

All Chapters