← Chapters

အခန်း (၂၁-၂၅)

Vol. 2 Ch. 21-25

အခန်း (၂၁-၂၅)

Vol. 2 Ch. 21-25

နှစ်တစ်ရာကျင့်ကြံပြီးနောက်

အပိုင်း ၂၁ ။ ချင်းဖုန်းဓားနည်းစနစ်

“အကြီးအကဲ သတိထား!”

ကူယန်မြို့ရိုးပေါ်မှ ရှန်းချွမ်ဟိုင်နှင့်ကျန်လူများမှာ စိုးရိမ်တကြီး အော်ဟစ်လိုက်ကြသည်။

ရှန်းရူယန် တစ်ခုခုဖြစ်သွားမည်ကို စိုးရိမ်သွားကြခြင်းပင်။

ကံကောင်းစွာဖြင့် ရှန်းရူယန်၏တုံ့ပြန်မှုမှာ အင်မတန်မြန်ဆန်လှသည်။

သူမ၏လက်ချောင်းလေးကို လှုပ်ရှားလိုက်သည်နှင့် မိုးကြိုးစည်းတံဆိပ်မှာ သူမ၏အနောက်တွင်ပေါ်လာခဲ့သည်။

ခရက်ခ်!

တဖျတ်ဖျတ်လက်နေသည့်လျှပ်စီးတန်းတစ်ခုက ချက်ချင်းထွက်ပေါ်လာကာ ကြက်သွေးရောင်မီးတောက်ကင်းမြွေ၏ကြီးမားသည့် လက်မကြီးနှင့် ခပ်ပြင်းပြင်းတိုက်မိသွားလေသည်။

ဝုန်း!

မီးတောက်နှင့်လျှပ်စီးတန်းက ရောယှက်ကာ ပေါက်ကွဲသွားပြီး ရှန်းရူယန်၏ခန္ဓာကိုယ်သည်လည်း မီတာဒါဇင်ပေါင်းများစွာတိုက်အောင် လွင့်ထွက်သွားခဲ့သည်။

ကြက်သွေးရောင်မီးတောက်ကင်းမြွေသည်တော့ တကိုယ်လုံးထုံကျဉ်သွားပုံရကာ မလှုပ်ရှားနိုင်တော့ပေ။

ဒါ အခွင့်ကောင်းပဲ!

ထိုအခြေအနေကိုမြင်သည်နှင့် မြို့ရိုးထက်တွင်ရှိနေသည့် ကျန်းချန်ရွှမ်၏မျက်လုံးများ အရောင်လက်သွားသည်။

ဒါက အဲ့မြွေလိုကောင်ကို အလစ်ဝင်တိုက်ဖို့ အခွင့်ကောင်းပဲ!

ကျန်းချန်ရွှမ်တစ်ယောက် ကျီယန်ဓားကိုထုတ်ကာ ချက်ချင်းပင် ကြက်သွေးရောင်မီးတောက်ကင်းမြွေကို ခုတ်ချလိုက်တော့သည်။

ရွှပ်-

ခရမ်းရောင်မီးတောက်များဖြင့် ဓားပျံတစ်စင်းသည် ကြက်သွေးရောင်မီးတောက်ကင်းမြွေ၏ ဦးခေါင်းကို ဖြတ်သွားလေသည်။

မလှုပ်နိုင်ဖြစ်နေသည့် ကြက်သွေးရောင်မီးတောက်ကင်းမြွေသည်တော့ အလယ်အဆင့် (အဆင့် ၂) ဓားပျံဖြင့် သူ့ခေါင်းကို အဖြတ်ခံလိုက်ရသည်အထိ တုံ့ပြန်ဖို့ရန် အချိန်မရခဲ့ပေ။

ထို့နောက် ကျန်းချန်ရွှမ်က ဓားပျံ၏လမ်းကြောင်းကိုပြောင်းလိုက်ပြန်သည်။

ချီသန့်စင်ခြင်းတတိယအဆင့်ကိုယှဉ်နိုင်သည့် စစ်မှန်သောအဆီအနှစ်ရှိထားသူပီပီ ကျီယန်ဓား၏အလင်းကို ချက်ချင်းပြန်အသက်သွင်းနိုင်ခဲ့သည်။

ထို့နောက် ဝှီးခနဲအသံနှင့်အတူ ဓားသွားသည် အပြင်းအထန်ဒဏ်ရာရထားသည့် ကင်းမြွေ၏ခန္ဓာကိုယ်ကို နှစ်ပိုင်းခြမ်းလိုက်ပြန်သည်။

ထိုသို့ဖြင့် အဆင့် ၂ ကြက်သွေးရောင်မီးတောက် ကင်းမြွေ သုံးကောင်မှ နှစ်ကောင်သေပြီး တစ်ကောင် ဒဏ်ရာရသည့်အခြေအနေနှင့်အဆုံးသတ်သွားသည်။

တချိန်တည်းမှာပဲ ကျန်းချန်ရွှမ်၏စိတ်ထဲတွင် စနစ်၏အသံကထွက်ပေါ်လာခဲ့သည်။

[ပထမဆုံး အဆင့် ၂ နတ်ဆိုးသားရဲတစ်ကောင်ကို သတ်နိုင်ခဲ့တဲ့အတွက် ဂုဏ်ပြုပါတယ် Host။ ချင်းဖုန်းဓားနည်းနစ်စကို ဆုအဖြစ်ရရှိသွားပါပြီ။]

[ချင်းဖုန်းဓားနည်းစနစ် : အဆင့်မြင့် (အဆင့် ၂) ဓားနည်းစနစ်။ ဒီနည်းစနစ်ကို ကျွမ်းကျင်အဆင့်အထိ တက်မြောက်သွားရင် မင်းရဲ့ဓားက လေပြေတစ်ခုလိုဖြစ်သွားပြီး တိတ်ဆိတ်ကာ လျင်မြန်လာပါမယ်။ မင်းရဲ့ဓားကို လူတွေသတိထားမိသွားချိန်မှာတော့ သူတို့အားလုံး မင်းရဲ့ဓားကြောင့် သေဆုံးသွားပြီးဖြစ်နေပါလိမ့်မယ်။]

ချက်ချင်းပင် ကျန်းချန်ရွှမ်၏စိတ်ထဲသို့ ချင်းဖုန်းဓားနည်းစနစ်နှင့်ပတ်သတ်သည့် အချက်အလက်များစွာက တိုးဝင်လာခဲ့သည်။

စာလုံးများတင်မက ရုပ်ပုံရိပ်များအထိပင်။

တခဏချင်းမှာပင် ကျန်းချန်ရွှမ်သည် ချင်းဖုန်းဓားနည်းစနစ်၏အခြေခံအချက်များနှင့် ရင်းနှီးကျွမ်းဝင်သွားခဲ့သည်။ သူသာ ကျွမ်းကျင်အဆင့်အထိရောက်ချင်လျှင်တော့ ကိုယ်တိုင်သာ ဆက်ပြီးလေ့ကျင့်ကာ လေ့လာမှဖြစ်ပေမည်။

အရင်တုန်းက သူ့မှာ ကျီယန်ဓားလိုမျိုး အလယ်အဆင့် (အဆင့် ၂) ဓားပျံတစ်ချောင်းရှိနေသော်လည်း ဓား၏အစွမ်းကိုအမြင့်ဆုံးအထိ ထုတ်ဖော်နိုင်မည့် ဓားနည်းစနစ်မရှိနေတာကြောင့် အခက်တွေ့နေခဲ့ရသည်။ အခုလိုမျိုး စနစ်ကနေပြီး သူ့ဒုက္ခကို ဖြေရှင်းပေးလာလိမ့်မည်ဟု မမျှော်လင့်ထားခဲ့ပေ။

“ဂျီ!!”

ထိုအချိန်မှာပဲ နောက်ဆုံးကျန်နေသည့် ကြက်သွေးရောင်မီးတောက်ကင်းမြွေက ၎င်း၏အဖော်နှစ်ကောင်သေသွားသည်ကိုမြင်သည်နှင့် ဒေါသတကြီးအော်ဟစ်ကာ ထွက်ပြေးဖို့ကြိုးစားတော့သည်။

“သူ့ကို မလွတ်စေနဲ့!”

ရှန်းရူယန်က လေထဲတွင် ဟန်ချက်ညီအောင် ထိန်းနေရင်းမှ အော်လိုက်သည်။

တချိန်တည်းမှာပင် အစိမ်းရောင်အလင်းတန်းများဖြင့် ပိုက်ကွန်ကြီးတစ်ခုက ကြက်သွေးရောင်မီးတောက်ကင်းမြွေအပေါ်မှ အုပ်မိုးသွားလေသည်။ ၎င်းကတော့ သူမ၏ အဆင့်နိမ့် (အဆင့် ၂) ဓမ္မရတနာ လွိဝမ်ဖြစ်ကာ ရန်သူကို ထောင်ချောက်ဆင်ရန်အဓိကသုံးသည့် အစိမ်းရောင်ပိုက်ကွန်တစ်ခုဖြစ်သည်။

ကျန်းချန်ရွှမ်သည်တော့ ‘ဒီအမျိုးသမီးမှာ ရတနာတွေ တော်တော်ပေါတာပဲ’ ဟု မတွေးမိဘဲ မနေနိုင်တော့ပေ။

သို့သော်လည်း သူလက်မလျှော့သွားဘဲ ချက်ချင်းပင် ချင်းဖုန်းဓားနည်းစနစ်ကို အသုံးပြုလိုက်သည်။

တခဏအတွင်းမှာပင် ထွက်ပြေးရန်ရုန်းကန်နေသည့် ကြက်သွေးရောင်မီးတောက်ကင်းမြွေမှာ သူ့ကို လေပြေတစ်ချက်ဖြတ်တိုက်သွားသလို ခံစားလိုက်ရသည်။

သို့သော်လည်း နောက်ဆက်တွဲအနေနှင့် ပြင်းထန်သည့်နာကျင်မှုကိုခံစားခဲ့ရကာ မြေပြင်ပေါ်သို့ ပြုတ်ကျသွားလေသည်။

ကျန်းချန်ရွှမ်၏ဓားကြောင့် ၎င်း၏ဝမ်းဗိုက်တွင် ဟက်တက်ကွဲဒဏ်ရာကြီးတစ်ခုဖြစ်နေကာ နီညိုရောင်သွေးများက ဒလဟော စီးကျလို့နေသည်။

ရုတ်တရက် တိုက်ခိုက်ခံရမှုကြောင့် ကြက်သွေးရောင်မီးတောက်ကင်းမြွေမှာ မှင်သက်နေတုန်းပင်။

တချိန်တည်းတွင်ပဲ ရှန်းရူယန်၏အစိမ်းရောင်ပိုက်ကွန်က ကင်းမြွေ၏ဦးခေါင်းကို တင်းတင်းကြပ်ကြပ်ရစ်ပတ်နေကာ ဘယ်လောက်ရုန်းရုန်း မလွတ်မြောက်နိုင်ဘဲ ရှိနေသည်။

အခွင့်ကောင်းတွေဆက်တိုက်ပဲ!

ကျန်းချန်ရွှမ်၏မျက်လုံးများလက်သွားပြန်ကာ ကျီယန်ဓားသည်လည်း ခရမ်းရောင်အလင်းတန်းများထုတ်ဖော်လာပြန်သည်။

ဤတစ်ခေါက် ဓားချက်သည်တော့ ကြက်သွေးရောင်မီးတောက်ကင်းမြွေ၏ဘယ်ဘက်မျက်လုံးကို ထုတ်ချင်းပေါက်ထွက်သွားစေသည်။

အစက အတင်းရုန်းကန်တွန်းထိုးနေသည့် ကင်းမြွေသည်လည်း ရုတ်ချည်းတန့်သွားကာ မြေပေါ်သို့လဲကျသွားပြီး ၎င်း၏ခန္ဓာကိုယ်ကြီးကြောင့် မြေပြင်တွင် ကြီးမားသည့်တွင်းကြီးတစ်ခုပင် ဖြစ်ပေါ်သွားခဲ့သည်။

“ကောင်းတယ်!”

ရှန်းရူယန်က ရုတ်ချည်းပင် ကျန်းချန်ရွှမ်၏နားဘေးသို့ ပျံသန်းရောက်ရှိလာသည်။

သူမက သူမ၏လှပသောမျက်လုံးလေးများဖြင့် ကျန်းချန်ရွှမ်ကို အံ့ဩတကြီးကြည့်နေခဲ့သည်။ အစကတော့ ကျန်းချန်ရွှမ်သည် အခြေတည်အဆင့်သို့ ရောက်ထားခါစဖြစ်တာကြောင့် သူ့ခွန်အားမှာ သူ့အကန့်အသတ်နှင့်သူရှိဦးမည်ဟု ထင်ထားခဲ့ခြင်းဖြစ်သည်။

မမျှော်လင့်ထားဘဲ ရလဒ်မှာ သူမထင်ထားသည်ထက် များစွာ သာလွန်နေလေသည်။

သူလက်ရှိထုတ်ဖော်သွားသည့်ခွန်အားအရ သူ့ပုံစံမှာ မကြာသေးခင်ကမှ အခြေတည်အဆင့်သို့ရောက်ရှိထားသူတစ်ယောက်နှင့် လုံးဝတူမနေပေ။ ထိုအစား အခြေတည်အဆင့်သို့ရောက်ရှိနေသည်မှာ ဆယ်စုနှစ်များစွာကြာနေခဲ့သည့် ကျင့်ကြံသူအိုကြီးများထက်ပင် မနိမ့်ကျဘဲ ရှိနေလေသည်။

ထိုသို့တွေးမိသည်နှင့် ကျန်းချန်ရွှမ်အပေါ်ထားရှိသည့် ရှန်းရူယန်၏သဘောထားမှာ တဆင့်ထပ်မြင့်သွားပြန်တော့သည်။

“အကြီးအကဲကျန်းရဲ့ တိုက်ရည်ခိုက်ရည်က ဒီလောက်တောင်ကောင်းလိမ့်မယ်လို့ ကျွန်မ မထင်ထားခဲ့ဘူး။ အစောကအတွက် ကျေးဇူးတင်ပါတယ်။ မဟုတ်ရင် ဒီအဆင့် ၂ နတ်ဆိုးသားရဲသုံးကောင်ကို နှိမ်နင်းဖို့ဆိုတာ တကယ်ကိုမဖြစ်နိုင်ဘူး။”

ကျန်းချန်ရွှမ်က အပြုံးဖြင့် ခေါင်းအသာယမ်းလိုက်သည်။

“အကြီးအကဲရူယန်ကတော့ ကျုပ်ကိုမြှောက်နေပြန်ပါပြီ။ မင်းကသာ သူတို့ကို ပြင်းပြင်းထန်ထန်ဒဏ်ရာရအောင် အရင်မလုပ်ထားခဲ့ရင် ကျုပ်ရဲ့လက်ရှိခွန်အားလေးနဲ့ သူတို့ကိုနှိမ်နင်းဖို့ဆိုတာ ဘယ်ဖြစ်နိုင်ပါ့မလဲ။ ဒီတော့ အကြီးအကဲရူယန်ရဲ့ပံ့ပိုးမှုကသာ အကြီးမားဆုံးစွမ်းဆောင်ချက်ပါ။”

ရှန်းရူယန်သာ ထိုနတ်ဆိုးသားရဲများကို ဒဏ်ရာပြင်းပြင်းထန်ထန်ရအောင် အရင်မတိုက်ခိုက်ခဲ့လျှင် သူ့လက်ရှိစွမ်းအားဖြင့် ထိုမြွေများကိုတိုက်ခိုက်ဖို့ မည်မျှခက်ခဲမှန်း ကျန်းချန်ရွှမ်လည်း နားလည်ပေသည်။

“ဟဟ၊ အကြီးအကဲကျန်းကတော့ အရမ်းနှိမ့်ချတတ်တာပဲ။”

ရှန်းရူယန်သည်လည်း မြှောက်ပင့်မှုကို တန်းလက်မခံဘဲ ခေါင်းယမ်းလိုက်ပြန်သည်။

“ဘာပဲဖြစ်ဖြစ် အခု အဆင့် ၂ နတ်ဆိုးသားရဲသုံးကောင်ကို သတ်ခဲ့တဲ့သူက ရှင်ပဲလေ။ ဘယ်သူမှ ရှင့်လုပ်ဆောင်ချက်ကို အစားဝင်မယူနိုင်ပါဘူး။ အဲ့လောက်အထိ နှိမ့်ချမနေပါနဲ့။

အရေးအကြီးဆုံးက ကျွန်မတို့ ကျန်တဲ့ အဆင့် ၁ နတ်ဆိုးသားရဲတွေကို အရင်ရှင်းထုတ်ကြဖို့ပဲ။”

ရှန်းရူယန်က ကူယန်မြို့အပြင်သို့ကြည့်ကာ ပြောလိုက်သည်။

လက်ရှိ ကူယန်မြို့အပြင်ဘက်တွင် အဆင့် ၂ ကြက်သွေးရောင်မီးတောက်ကင်းမြွေသုံးကောင်၏ သေဆုံးမှုကြောင့် အစက စုရုံးနေကြသည့် အဆင့် ၁နတ်ဆိုးသားရဲများမှာ တကွဲတပြားစီ ပြေးလွှားနေကြပေပြီ။

ကျန်းချန်ရွှမ်နှင့် ရှန်းရူယန်တို့လည်း တစ်ယောက်ကိုတစ်ယောက် မြှောက်ပင့်ရင်းအချိန်ဖြုန်းမနေတော့ဘဲ ထွက်ပြေးနေသည့် အဆင့် ၁ နတ်ဆိုးသားရဲများကို စတင်အမဲလိုက်ကြတော့သည်။

သိပ်မကြာခင်တွင်ပဲ အတော်ဝေးဝေးသို့ထွက်ပြေးသွားကြပြီဖြစ်သည့် အဆင့် ၁ နတ်ဆိုးသားရဲများမှလွဲ၍ ကျန်ရှိသည့် နတ်ဆိုးသားရဲအားလုံးကို လက်စသတ်နိုင်ခဲ့ကြသည်။

နတ်ဆိုးသားရဲအလောင်းများကို ကူယန်မြို့ထဲသို့ပို့လိုက်ပြီးနောက် ကျန်းချန်ရွှမ်နှင့် ရှန်းရူယန်တို့ တစ်ယောက်ကိုတစ်ယောက် တိတ်တဆိတ်ကြည့်လိုက်ကြသည်။

“ဒီနတ်ဆိုးသားရဲတွေက ကူယန်မြို့ကိုရုတ်တရက် တိုက်ခိုက်ကြတာနဲ့ပတ်သတ်ပြီး တစ်ခုခုတော့ ရှိမယ်ထင်တယ်။

ပြီးတော့ ကျွန်မအထင် ဒါက မနေ့ညကဖြစ်တဲ့ထူးဆန်းတဲ့ဖြစ်ရပ်နဲ့လည်း ပတ်သတ်နေလောက်တယ်။

အခု နတ်ဆိုးသားရဲတွေရဲ့ခြိမ်းခြောက်မှုကလည်း ရှင်းသွားပြီဆိုမှတော့ ကျွန်မတို့ အခြေအနေသွားစစ်ကြည့်ကြရင်မကောင်းဘူးလား?”

ကျန်းချန်ရွှမ်လည်း သဘောတူလိုက်သည်။ “ကောင်းပြီလေ။”

ချက်ချင်းပင် နှစ်ဦးသား ကူယန်မြို့မှထွက်ကာ ပြီးခဲ့သည့်ညက ထူးဆန်းသည့်ဖြစ်စဉ်ဖြစ်ပွားခဲ့သည့်နေရာသို့ ဦးတည်ခဲ့ကြသည်။

***

နှစ်တစ်ရာကျင့်ကြံပြီးနောက်

အပိုင်း ၂၂ ။ မဟူရာစပါးအုံးမြွေ

ကူယန်မြို့မှ ကီလိုမီတာပေါင်းများစွာဝေးသည့် တောင်တစ်တောင်ပေါ်တွင်ဖြစ်သည်။

လက်ရှိတွင်တော့ ထိုတောင်ထက်ရှိ လေထုထဲတွင် ငွေရောင်အလင်းတန်းတစ်ခုက မျောလွင့်လို့နေလေသည်။

ထိုငွေရောင်အလင်းတန်း၏အောက်တွင်တော့ ငွေရောင်ကွေ့ဟွားပန်းများပွင့်လန်းနေသည့် သုံးမီတာခန့်မြင့်သော ကွေ့ဟွားပင်ကြီးတစ်ပင်က မွှေးပျံ့သည့်သင်းရနံ့များထုတ်လွှင့်လို့နေသည်။

ပတ်ဝန်းကျင်တခွင်မှ ဝိဉာဉ်ချီတို့သည်လည်း ထိုငွေရောင်ကွေ့ဟွားပင်ရှိရာသို့ ဦးတည်နေကာ ချီလေပွေငယ်လေးများအဖြစ် ဝန်းရံနေသည်။

ထိုမြင်ကွင်းမှာ ကျန်းချန်ရွှမ်နှင့်ရှန်းရူယန်တို့ရောက်သွားချင်းတွင် မြင်လိုက်ရခြင်းပင်။ ကျန်းချန်ရွှမ်သည်တော့ ထိုမြင်ကွင်းနှင့်ပတ်သတ်၍ ထူးထူးခြားခြားတုံ့ပြန်မှုမပြုခဲ့ပေ။

ပြောရရင်တော့ သူ့ရှေ့ရှိ ငွေရောင်ကွေ့ဟွားပင်ကို မမှတ်မိခြင်းကြောင့်ဖြစ်သည်။ သူက သာမာန်ကာလျှံကာဖြင့် ထိုကွေ့ဟွားပင်မှ တစ်ခုခုထူးခြားတာကို ခံစားမိသည်ဟုသာ တွေးနေခဲ့သည်။ သို့သော်လည်း သူ့ဘေးမှရှန်းရူယန်သည်တော့ ထိတ်လန့်တုန်လှုပ်သွားဟန်ဖြင့်၊ “ဒါ ကောင်းကင်နဲ့မြေကြီးဝိဉာဉ်အမြစ်ပဲ!”

“ကောင်းကင်နဲ့မြေကြီးဝိဉာဉ်အမြစ်လား?”

ကျန်းချန်ရွှမ်လည်း အနည်းငယ်အံ့ဩမိသွားသည်။

ထိုကောင်းကင်နှင့်မြေကြီးဝိဉာဉ်အမြစ်ဟုခေါ်သောအရာသည် ကမ္ဘာမြေ၏ကြွယ်ဝလှသည့်ဝိဉာဉ်ချီမှတဆင့် မွေးဖွားလာသော စိတ်ဝိဉာဉ်အပင်အမျိုးအစားတစ်ခုဖြစ်သည်။

တချို့သစ်သီးများသည် ကျင့်ကြံသူများကို အဆင့်ချိုးဖြတ်ရာတွင်အကူအညီပေးပြီး တချို့ကတော့ ဉာဏ်အလင်းရအောင်ကူညီပေးကာ၊ တချို့သည်တော့ အလွန်စွမ်းအားကြီးလှသည့်ကုသနိုင်စွမ်းရှိကြသည်။

ဒဏ္ဍာရီများထဲတွင်တော့ တချို့သောစိတ်ဝိဉာဉ်အပင်မှ သစ်သီးများသည် စားသုံးလိုက်သည်နှင့် သေမျိုးတစ်ယောက်ကို မသေမျိုးအဖြစ်သို့တက်လှမ်းနိုင်စေသည်ဟုပင် ပြောကြသည်။

ကျန်းချန်ရွှမ်သည် ကျင့်ကြံရေးလောကတွင် နှစ်ပေါင်းတစ်ရာကျော်ကြာအောင် နေထိုင်ခဲ့ပြီးဖြစ်သော်လည်း ဝိဉာဉ်အမြစ်များအကြောင်း များများစားစားမသိထားသေးဘဲ အလွန်အဖိုးတန်သည့်အကြောင်းကိုသာ သိပေသည်။

မမျှော်လင့်ထားစွာဘဲ ဒီကနေ့မှာတော့ သူက တိုက်တိုက်ဆိုင်ဆိုင် ထိုအဖိုးတန်လှသည့်အရာနှင့် ကြုံတွေ့ရပေပြီ။

ထိုအချိန်မှာပဲ ရှန်းရူယန်က ဆက်ပြီးပြောလာခဲ့သည်။

“ဟုတ်တယ်။ ကျွန်မအထင်သာမမှားရင် ဒီဝိဉာဉ်အမြစ်က ငွေရောင်ကွေ့ဟွားပင်မှာပဲ။ ပြောကြတာတော့ ငွေရောင်ငွေ့ဟွားသီးက လူတစ်ယောက်ရဲ့စိတ်ကိုအေးချမ်းစေပြီး အတွင်းစိတ်နတ်ဆိုးတွေရဲ့ကျူးကျော်မှုကနေ ကာကွယ်ပေးတယ်တဲ့။

ဒါပေါ့၊ ဒါကလည်း ကွေ့ဟွားသီးရဲ့အဆင့်နိမ့်နေတုန်းမှရမယ့် အကျိုးသက်ရောက်မှုပဲ။

အဆင့် ၄ အထက်မှာရှိတဲ့ ကွေ့ဟွားပင်ကနေပြီး သီးတဲ့ ကွေ့ဟွားသီးတွေက ပျက်စီးနေတဲ့စိတ်ဝိဉာဉ်ကိုပြုပြင်ပေးပြီး အားကောင်းစေတယ်လို့ပြောကြတယ်။”

ထိုအချက်ပြောပြီးနောက် အကြောင်းတစုံတရာကြောင့် ရှန်းရူယန်၏အမူအရာက ရုတ်ချည်းပင် ပြောင်းလဲသွားခဲ့သည်။

“နေဦး! ဒီကွေ့ဟွားပင်ကြည့်ရတာ အဆင့် ၂ကိုတက်တော့မယ့်ပုံပဲ!

ဒါအဓိကမဟုတ်သေးဘူး။ အဓိကအချက်က…”

ဘုန်း!

ရှန်းရူယန် စကားမဆုံးလိုက်ခင်မှာပဲ သူတို့ခြေထောက်အောက်ရှိမြေပြင်က ရုတ်ချည်းပေါက်ကွဲထွက်သွားတော့သည်။

ထို့နောက် ချက်ချင်းဆိုသလိုပဲ ၁၀မီတာခန့်ရှည်လျားကာ မာကြောသည့်အကြေးခွံများအပြည့်ဖြင့် အနက်ရောင်စပါးအုံးမြွေကြီးတစ်ကောင်က ကျန်းချန်ရွှမ်နှင့်ရှန်းရူယန်တို့ရှေ့မှောက်တွင် ပေါ်ထွက်လာခဲ့သည်။

“ဒါ… အဆင့် ၂ အဆင့်မြင့်နတ်ဆိုးသားရဲ၊ မဟူရာစပါးအုံးမြွေပဲ!”

ရှန်းရူယန်၏အမူအရာက ပြောင်းလဲသွားပြန်သည်။ ဤအခိုက်အတန့်တွင် သူမပုံစံက အကြောင်းအရာအများအပြားကိုနားလည်သဘောပေါက်သွားပုံရကာ အမူအရာမှာ အလွန်လေးနက်နေခဲ့သည်။

“အကြီးအကဲကျန်း၊ သတိထားပါ။ ကျွန်မခန့်မှန်းတာသာမမှားရင် အစောကနတ်ဆိုးသားရဲတွေအားလုံးကို ဒီစပါးအုံးမြွေက ထိန်းချုပ်ထားတာပဲ။

ဒီစပါးအုံးမြွေရဲ့တပည့်ရည်ရွယ်ချက်က ငွေရောင်ကွေ့ဟွားပင်က သဘာဝအတိုင်းဖြစ်ပေါ်လာတဲ့ အဆင့် ၂ ဝိဉာဉ်သွေးကြောကို သိမ်းပိုက်ဖို့ပဲဖြစ်မယ်။”

ရှန်းရူယန်၏ခန်းမှန်းချက်ကိုကြားလိုက်သည်နှင့် ကျန်းချန်ရွှမ်၏အမူအရာသည်လည်း ပြောင်းလဲသွားတော့သည်။

“ဘာ? အဆင့် ၂ ဝိဉာဉ်သွေးကြောလား?”

လေလွင့်ကျင့်ကြံသူတစ်ဦးအနေနှင့် ဝိဉာဉ်သွေးကြောတစ်ခုက ဘယ်လောက်အဖိုးတန်မှန်း သူ ကောင်းကောင်းကြီးသိသည်။

ဝိဉာဉ်သွေးကြောများသည် ကျင့်ကြံသူများ၏အရင်းအမြစ်ဖြစ်သည်ဟုပြောလျှင်ပင် ချဲ့ကားနေခြင်းမဟုတ်ပေ။ ထို့အပြင် ဤသည်က အဆင့် ၂ ဝိဉာဉ်သွေးကြောလည်းဖြစ်နေသေးသည်။ ဤတစ်ခုအတွက်နှင့် အခြေတည်အဆင့်မျိုးနွယ်စုနှင့် ဂိုဏ်းပေါင်းဒါဇင်ချီကို ယှဉ်ပြိုင်တိုက်ခိုက်မှုများဖြစ်စေဖို့ လုံလောက်ပေသည်။

ရှန်းမျိုးနွယ်စုလို ကျီဖုအဆင့်မျိုးနွယ်စုပင်လျှင် အဆင့် ၂ ဝိဉာဉ်သွေးကြောတစ်ခုကို လျစ်လျူရှုထားနိုင်မည်မဟုတ်ပေ။

စပါးအုံးမြွေက ကီလိုမီတာပေါင်းများစွာကွာဝေးသည့် ကူယန်မြို့ကိုပင် အလွန်ရန်လိုနေခဲ့သည်က မထူးဆန်းတော့ပေ။

ထို့ကြောင့်ပဲ အခြေတည်အဆင့်ကျင့်ကြံသူများလာနေသည်ကို ခံစားမိသည်နှင့် စပါးအုံးမြွေသည် တခြားနတ်ဆိုးသားရဲများကို ချက်ချင်းတိုက်ခိုက်ရန် အမိန့်ပေးတော့သည်။ ပြောရရင်တော့ တောင်တစ်တောင်မှာ ကျားနှစ်ကောင်အတူ မရှိနိုင်ဆိုသည့်အတိုင်း သူနှင့်ပြိုင်လုနိုင်မည့်သူများကို ဖယ်ရှားပစ်ချင်ခြင်းပင်။

“ရွှီး!”

ရုတ်တရက် စပါးအုံးမြွေက ဟိန်းဟောက်လာခဲ့သည်။

ထိုအသံကိုကြားပြီးသည်နှင့်ချက်ချင်းပင် ကျန်းချန်ရွှမ်နှင့်ရှန်းရူယန်တို့သည် သူတို့ခန္ဓာကိုယ်များ ညွတ်ကျသွားသလိုခံစားလိုက်ရသည်။

၎င်းက သူတို့ကျောပေါ်တွင် ကီလိုဂရမ်ပေါင်းထောင်သောင်းချီလေးသည့်အလေးတုံးကြီးကို သယ်ပိုးထားရသလိုဖြစ်ကာ ကောင်းကင်မှပင် ပြုတ်ကျလုမတတ်ဖြစ်သွားကြသည်။

“သတိထား!”

ဒြပ်စင်သုံးပါးဝိဉာဉ်ဒိုင်းက ချက်ချင်းအသက်ဝင်လာကာ သူမနှင့် ကျန်းချန်ရွှမ်တို့ကို ကာကွယ်ပေးလာသည်။

ဒိုင်းပေါ်ရှိ အနီ၊ အဝါနှင့်အပြာရောင်အလင်းတန်းများက ပြင်းထန်စွာတုန်ခါနေပြီးနောက် မကြာလိုက်ပါဘဲ ဒိုင်းတစ်ခုလုံးလွင့်ထွက်သွားတော့သည်။

ကံကောင်းစွာဖြင့် ကျန်းချန်ရွှမ်နှင့် ရှန်းရူယန်တို့မှာ အလျင်အမြန်တုံ့ပြန်နိုင်ခဲ့ကြသည်။

ဒိုင်းလွင့်ထွက်သွားသည်နှင့်တပြိုင်နက် သူတို့နှစ်ဦးသည်လည်း ချက်ချင်းပင် ဘယ်ညာနှစ်ဖက်သို့ ရှောင်ထွက်လိုက်ကြသည်။

ဘုန်း!

မျက်စိတမှိတ်အတွင်း သူတို့နှစ်ဦးအဝေးရောက်သွားသည်နှင့် သူတို့ယခင်ရပ်နေခဲ့ကြသည့်နေရာသို့ မြွေနက်၏ကြီးမားသော အမြီးကြီးက ရိုက်ခတ်လာကာ ပေါက်ကွဲသံများဆူညံသွားတော့သည်။

ညာဘက်သို့ရှောင်ထွက်သွားသည့် ရှန်းရူယန်က အော်ပြောလာခဲ့သည်။

“သူ့ရဲ့မွေးရာပါစွမ်းရည်ဖြစ်တဲ့ မြေထုဆွဲအားကို သတ္တိထား။ မဟုတ်ရင် ရှင့်အသက်အန္တရာယ်ရှိတယ်။”

မြေထုဆွဲအား?

ကျန်းချန်ရွှမ်၏နှလုံးတစ်ချက်တုန်ခါသွားသည်။ အစောကတင် ခံစားခဲ့ရသည့် တောင်နှင့်အဖိခံရသလိုခံစားချက်ကြီးကို ပြန်အမှတ်ရသွားခြင်းပင်။

ထိုအချိန်တုန်းက သူ့မှာ ပြန်တိုက်ခိုက်ဖို့ပင်မဆိုထားနှင့် လှုပ်ဖို့ရာပင် အင်မတန်ခက်ခဲခဲ့သည်။ ကံကောင်းစွာဖြင့် ရှန်းရူယန်တွင် အဆင့် ၂ အကာအကွယ်ဓမ္မရတနာရှိနေ၍ပင်။ မဟုတ်ပါက ထိုဖိအားကြောင့် မြေပြင်နှင့်အရိုက်ခံရပြီး မသေရင်တောင်မှ ဒဏ်ရာကတော့ ပြင်းပြင်းထန်ထန်ရသွားလောက်သည်။

ဒီတခေါက်တာဝန်ပြီးရင်တော့ အကာအကွယ်ဓမ္မရတနာတစ်ခုလောက်ရအောင် ကြံဦးမှပဲ။

“ရွှီး!!”

လက်ရှိတွင်တော့ စပါးအုံးမြွေက ရှန်းရူယန်ကို ပစ်မှတ်ထားလိုက်ပုံရသည်။

၎င်း၏အမြီးက လေထဲတွင်ရှိနေသည့် ရှန်းရူယန်ကို ဆက်တိုက် ဝေ့ရိုက်နေကာ ပါးစပ်မှလည်း ချွန်ထက်သည့်ဓားသွားများဖြင့် သူမကို ပစ်ခတ်နေသေးသည်။

တဖက်ခြင်းမှ ကျန်းချန်ရွှမ်၏ခံစားချက်သည်တော့ အတော်လေးဆိုးရွားနေခဲ့သည်။ ဤ အဆင့်မြင့် (အဆင့် ၂) နတ်ဆိုးသားရဲသည် သာမာန် အဆင့် ၂ နတ်ဆိုးသားရဲတစ်ကောင်ယှဉ်နိုင်သည်မျိုးမဟုတ်ပေ။

အနည်းဆုံးတော့ ကျန်းချန်ရွှမ်တွင် ထိုစပါးအုံးမြွေကို အနိုင်ယူရန် ယုံကြည်ချက်မရှိနေပေ။

ကံကောင်းထောက်မစွာဖြင့် ရှန်းရူယန်တွင် သူတို့အချိန်တစ်ခုအထိ အသက်အန္တရာယ်ကင်းနေအောင် ထောက်ပံ့ပေးနိုင်သည့် ရတနာများစွာရှိနေခြင်းဖြစ်သည်။ ထိုသို့ဆိုလျှင်ပင် သူတို့အခြေအနေက အကောင်းဘက်သို့ ဦးတည်မနေသေးပေ။

လက်ရှိအခြေအနေအရ ရှန်းရူယန်လည်း အချိန်ခဏလောက်သာ တောင့်ခံထားနိုင်မည်ဖြစ်သည်။

ထိုသို့တွေးမိသွားသည်နှင့် နောက်ဆုံးမှာတော့ ကျန်းချန်ရွှမ်တစ်ယောက် ဆက်လက်တုံ့ဆိုင်းမနေတော့ဘဲ ရှန်းရူယန်ကို စိတ်ချင်းဆက်သွယ်ကာ အသံပို့ဆောင်လိုက်သည်။

“အကြီးအကဲရူယန်၊ ကျုပ် သူ့ကိုထိန်းနိုင်မယ့်နည်းလမ်းရှာလိုက်မယ်။ ကျုပ်သူ့ကိုထိန်းထားတုန်း ခင်ဗျား အခွင့်ကောင်းယူပြီး သူ့ကို ဒဏ်ရာပြင်းပြင်းထန်ထန်ရအောင် တိုက်ပါ။ တခါတည်း အသေသတ်နိုင်ရင်တော့ အကောင်းဆုံးပဲ။”

***

နှစ်တစ်ရာကျင့်ကြံပြီးနောက်

အပိုင်း ၂၃ ။ ကြီးမားသောအကျိုးအမြတ်

ကျန်းချန်ရွှမ်၏လက်ရှိကျင့်ကြံဆင့်အရ အာတိတ်နတ်အလင်းတန်းကိုအသုံးပြုမည်ဆိုလျှင် သီအိုရီအရ နှစ်ကြိမ်အသုံးပြုနိုင်မည်ဖြစ်သော်လည်း တကယ်တမ်းတွင်တော့ အများဆုံး တစ်ကြိမ်သာအသုံးပြုနိုင်မည်ဖြစ်သည်။

ဘာပဲဖြစ်ဖြစ် သူ့ရဲ့စစ်မှန်သောအဆီအနှစ်အကုန်လုံးကို တိုက်ပွဲအလယ်မှာ သုံးပစ်၍မဖြစ်ပေ။ ဒါက သေချာပေါက် သေခြင်းကိုတောင်းခံလိုက်သလိုဖြစ်သွားမှာပေါ့။

တစ်စုံတစ်ခုသာဖြစ်လာပါက သူ့မှာ ထွက်ပြေးဖို့အခွင့်အရေးပင် ရလိုက်မည်မဟုတ်ပေ။

ထို့ကြောင့် လက်ရှိ သူ၏ကျင့်ကြံဆင့်ဖြင့် အာတိတ်နတ်အလင်းတန်းကို အသုံးပြုမည်ဟုဆုံးဖြတ်လိုက်လျှင် အများဆုံး တစ်ကြိမ်သာအသုံးပြုမည်ဖြစ်သည်။ ရှန်းရူယန်သာ သူဖန်တီးပေးမည့် အခွင့်အရေးကို မဖမ်းဆုပ်နိုင်ခဲ့လျှင် သူ့အနေဖြင့် တပ်ဆုတ်ဖို့ စဉ်းစားရပေမည်။

ကျန်းချန်ရွှမ်က သူ့ကို အသံပို့လာမည်ဟု ရှန်းရူယန်မထင်ထားခဲ့ပေ။ ထို့ကြောင့် အသံကိုကြားလိုက်သည်နှင့် သူမခဏလောက် အာရုံလွတ်သွားကာ စပါးအုံးမြွေရိုက်တာကို ခံရလုနီးပါးဖြစ်သွားသည်။

သို့သော်လည်း သူမ၏တုံ့ပြန်မှုက လျင်မြန်ကာ ချက်ချင်းပင် ရှောင်ထွက်နိုင်ခဲ့ပြီး ကျန်းချန်ရွှမ်ကိုပါ ခေါင်းညိတ်ပြလိုက်သည်။

ကျန်းချန်ရွှမ်လည်း စပါးအုံးမြွေက ရှန်းရူယန်ကို တိုက်ခိုက်နေတုန်း လက်နှစ်ဖက်လုံးအသုံးပြုကာ ချိတ်စည်းဖော်ရန် အခွင့်အရေးရှာလိုက်သည်။

တခဏချင်းမှာပင် အဖြူရောင်အလင်းတန်းများက ကျန်းချန်ရွှမ်၏လက်ထဲမှ အသံတိတ်ထွက်ပေါ်လာခဲ့သည်။

ရှန်းရူယန်ကိုသာ အရူးအမူးတိုက်ခိုက်နေသည့် စပါးအုံးမြွေမှာ တုံ့ပြန်ဖို့အချိန်လုံးဝမရှိလိုက်ခင်မှာပဲ သူ၏ကြီးမားသောခန္ဓာကိုယ်ကြီးကို အလင်းတန်းများက ရိုက်ခတ်သွားခဲ့သည်။

ခရက်ခ်~ခရက်ခ်~

မျက်စိတစ်မှိတ်အတွင်းမှာပဲ စပါးအုံးမြွေ၏ခန္ဓာကိုယ်ကို ရေခဲလွှာတစ်လွှာက ဖုံးလွှမ်းသွားပြီး လှုပ်ရှားနိုင်စွမ်းမရှိတော့သည်။

ထိုအချင်းအရာကိုမြင်တွေ့လိုက်ရသည့် ရှန်းရူယန်သည်လည်း မျက်လုံးများ ပြူးကျယ်သွားကာ၊

“ဒါ.. ဒါက အာတိတ်နတ်အလင်းတန်းပဲ!”

ရှန်းမျိုးနွယ်စု၏ အခြေတည်အဆင့်မှာရှိသော အကြီးအကဲတစ်ယောက်အနေဖြင့် ရှန်းရူယန်သည် ဤ အလယ်အဆင့် (အဆင့် ၂) မန္တာန်ကိုအလွန်တရာရင်းနှီးနေသည်မှာ သဘာဝပင်။ ဒါ့အပြင် ထို အလယ်အဆင့် (အဆင့် ၂)ကို ပြီးပြည့်စုံသည့်အဆင့်သို့ရောက်အောင် ကျင့်ကြံဖို့ဆိုသည်ကလည်း ဘယ်လောက်ခက်ခဲမှန်း သိပေသည်။

သို့သော်…

ကျန်းချန်ရွှမ် ဒီမန္တာန်ကိုရပြီးတာ ဘယ်လောက်ကြာသေးလို့လဲ?

အလွန်ဆုံးမှ သုံးနှစ်လောက်ပဲရှိသေးတာမဟုတ်လား?

ဒါ့အပြင် ထိုသုံးနှစ်တာအတွင်း သူ့မှာ အဆင့်သစ်ကို အခြေကျအောင်တည်ဆောက်ရသလို အခြေတည်အဆင့်အတွက် ကျင့်ကြံခြင်းနည်းစနစ်ကိုလဲ ပြောင်းလဲကျင့်ကြံခဲ့ရသေးသည်။

မန္တာန်ကျင့်ဖို့အချိန်ဆိုတာ ပိုတောင်တိုနေဦးမယ်။

သူဘယ်လိုများလုပ်လိုက်တာလဲ?

မဟုတ်မှ သူက အရမ်းရှားပါးတဲ့မန္တာန်ပါရမီရှင်များလား?

ရှန်းရူယန်၏စိတ်ထဲ အတွေးများစွာလျက်တပြတ် ဖြတ်ဝင်သွားပေမယ့် သူမစိတ်ကို သူမမြန်မြန်ဆန်ဆန် ပြန်လည်ထိန်းချုပ်နိုင်ခဲ့သည်။

ချက်ချင်းပင် စပါးအုံးမြေ၏ဦးခေါင်းထက်၌ ဓားပျံတစ်ချောင်း၏အလင်းတန်းများပေါ်လာခဲ့သည်။ ၎င်းကတော့ ရှန်းရူယန်၏ရတနာများထဲက တစ်ခုအပါအဝင်ဖြစ်သည့် အဆင့် ၂ အဆင့်မြင့်လျှပ်စီးဒြပ်စင်ဓားပျံ - ကျိန်စာအလင်းတန်းပင်။

ကျိန်စာအလင်းတန်းသည် လေကိုထွင်းဖောက်ကာ စပါးအုံးမြွေခန္ဓာကိုယ်တည့်တည့်သို့ တိုးဝင်သွားခဲ့သည်။ စပါးအုံးမြွေမှာ ကျန်းချန်ရွှမ်၏ရေခဲလွှာများထဲမှ လွတ်မြောက်,မြောက်ချင်းမှာပဲ နှစ်ပိုင်းပြတ်သွားတော့သည်။

“ရွှီး!”

အလွန်ဝမ်းနည်းဖွယ်ကောင်းသည့် နာနာကျင်ကျင်အော်ညည်းသံတစ်သံက ကောင်းကင်သို့တိုင်ပျံ့နှံ့သွားသည်။ ထို့နောက် တခဏချင်းပင် စပါးအုံးမြွေအလောင်းသည် တောင်ပေါ်သို့ အရှိန်ပြင်းပြင်းဖြင့် လဲကျသွားကာ တွင်းကြီးနှစ်တွင်းပင် ဖြစ်ပေါ်သွားခဲ့သည်။

ကံကောင်းစွာဖြင့် ငွေရောင်ကွေ့ဟွားပင်သည်တော့ ထိခိုက်မှုမရှိခဲ့ပေ။ မဟုတ်လျှင် ဤတစ်ခေါက်တိုက်ပွဲကနေ ကျန်းချန်ရွှမ်နှင့်ရှန်းရူယန်တို့အတွက် ဆုံးရှုံးမှု အလွန်တရာကြီးမားသွားပေမည်။

သူတို့နှစ်ဦးတစ်ယောက်ကိုတစ်ယောက်ကြည့်လိုက်ပြီးနောက် ရှန်းရူယန်က၊ “အကြီးအကဲကျန်း၊ ဒီတစ်ခေါက်တော့ အားလုံး အကြီးအကဲကျန်းရဲ့ကျေးဇူးကြောင့်ပါပဲ။ ရှင့်ကြောင့်သာမဟုတ်ရင် ဒီနေ့ ဒီနတ်ဆိုးသားရဲကိုသတ်ဖို့မဆိုနဲ့ ကျွန်မတို့ကိုယ်ကျွန်မတို့ ကာကွယ်ဖို့တောင်မှ တော်တော်လေးခက်လောက်တယ်။”

သူမပြောတာ ချဲ့ကားလွန်းနေခြင်းမဟုတ်ပေ။ အဆင့်မြင့် (အဆင့် ၂) နတ်ဆိုးသားရဲတစ်ကောင်က သူတို့ကိုသတ်နိုင်မည်မဟုတ်သော်လည်း ဒဏ်ရာရအောင်လုပ်ဖို့ကတော့ ပြဿနာတစ်ရပ်မဟုတ်ပေ။

အစကတော့ ကျန်းချန်ရွှမ်သည် ရှန်းရူယန်တော့ သူ အာတိတ်နတ်အလင်းတန်းကို ပြီးပြည့်စုံသည့်အဆင့်ရောက်အောင် ဘယ်လိုကျင့်ကြံခဲ့လဲဆိုသည့်အကြောင်း မေးလာလောက်သည်ဟု ထင်ထားခဲ့ကာ ဖြေရှင်းချက်တစ်ခုပင် ကြိုစဉ်းစားထားပြီးလေပြီ။

အဆုံးမှာတော့ ရှန်းရူယန်က ထိုအကြောင်း တစ်ခွန်းမှမစလာခဲ့ဘဲ တိုက်ပွဲတွင် သူ၏ထောက်ပံ့ကူညီမှုအကြောင်းကိသာ ပြောလာခဲ့သည်။

ကျန်းချန်ရွှမ်ကို အတော်လေးစိတ်အေးသွားစေကာ တချိန်တည်းမှာပဲ ရှန်းရူယန်အပေါ်ထားရှိသည့်အမြင်က ပိုကောင်းလာခဲ့သည်။

သူက ပြုံးကာ ခေါင်းယမ်းလိုက်ပြီး၊

“အကြီးအကဲရူယန်က မြှောက်နေပြန်ပါပြီ။ မင်းကသာ အများဆုံးလုပ်ဆောင်ခဲ့တဲ့သူပါ။ ကျုပ်က အသေးအမွှားကူညီလိုက်ရုံပါပဲ။”

“ဟားဟား၊ အကြီးအကဲကျန်းကတော့ ထုံးစံအတိုင်း နှိမ့်ချနေပြန်ပြီ။”

ရှန်းရူယန် ပြုံးကာ ဆက်ပြီး၊ “ကောင်းပြီ၊ တစ်ယောက်နဲ့တစ်ယောက် ချီးကျူးမနေကြတော့နဲ့။ ဘာပဲဖြစ်ဖြစ် ကျွန်မတို့ သဘောတူခဲ့ကြသလို ဒီနေ့ရရှိတဲ့အကျိုးအမြတ်အားလုံးကို ခွဲဝေယူကြတာပေါ့။”

ထိုအချက်ကိုပြောပြီးနောက် ရှန်းရူယန်က ငွေ့ရောင်ကွေ့ဟွားပင်ကို လှည့်ကြည့်လိုက်ကာ၊

“တကယ်တော့ အဆင့်နိမ့် (အဆင့် ၂) ဝိဉာဉ်အမြစ်ကို အဆင့်တက်တော့မယ့် ငွေရောင်ကွေ့ဟွားပင်နဲ့ အဆင့် ၂ ဝိဉာဉ်သွေးကြောနဲ့ယှဉ်ရင် နတ်ဆိုးသားရဲတွေကိုသတ်ခဲ့တာက ဘာမှမဟုတ်တော့ဘူး။ ဒါတွေကသာ ကျွန်မတို့နှစ်ယောက်အတွက် ဒီတာဝန်ကရတဲ့ အကြီးမားဆုံးအကျိုးအမြတ်ပဲ။”

ရှန်းရူယန်၏စကားကိုကြားပြီး ကျန်းချန်ရွှမ်၏နှလုံးက တစ်ချက်ခုန်လှုပ်သွားသည်။ ရှန်းရူယန်ပြောသွားသည့် အရာနှစ်ခုက ဘယ်လောက်တောင်မှ အဖိုးတန်မှန်း သူကောင်းကောင်းသိသည်။

အဆင့် ၂ ဝိဉာဉ်သွေးကြောနှင့် အဆင့်နိမ့် (အဆင့် ၂) သို့တက်လှမ်းတော့မည့် ဝိဉာဉ်အမြစ်သည် အခြေတည်အဆင့် မျိုးနွယ်စုသို့မဟုတ် ဂိုဏ်းတစ်ခုကိုပင် အပြည့်အဝထောက်ပံ့ပေးနိုင်သည်ဟု ပြောလျှင်တောင် ချဲ့ကားနေခြင်းမဟုတ်ပေ။

အကျိုးအမြတ်က အရမ်းကိုကြီးမားလွန်းတယ်။

ဘယ်လောက်တောင်လဲဆို ရင်းနှီးလှပါတယ်ဆိုတဲ့သူငယ်ချင်းနှစ်ယောက်ကိုတောင် စိတ်ဝမ်းကွဲသွားစေလောက်တဲ့အထိ၊

အခြေတည်အဆင့် မျိုးနွယ်စုနှစ်စုကို တိုက်ပွဲဖြစ်စေသည်အထိပင်။

ထို့ကြောင့် လက်ရှိအချိန်တွင် ကျန်းချန်ရွှမ်တစ်ယောက် သတိမကပ်ဘဲမနေနိုင်ခဲ့ပေ။ သူက အဆိုးဆုံးအခြေအနေအတွက်ပင် ကြိုတင်ပြင်ဆင်ထားခဲ့သည်။ တချိန်တည်းမှာပဲ သူဘေးကင်းနေတုန်း ရှန်းမျိုးနွယ်စုမှ ထွက်သွားဖို့အထိပင် တွေးထားပြီးဖြစ်သည်။

ရှန်းမျိုးနွယ်စုသာ လောဘကြီးပြီး သူ့ကိုအန္တရာယ်ပြုလိုလျှင် တကယ်ကို အန္တရာယ်များလှသည်။ သူကတော့ သူ့ကိုယ်သူ စွန့်စားမည်မဟုတ်သလို အချိန်မရွေးသေသွားနိုင်သည့် ပတ်ဝန်းကျင်မျိုးတွင်လည်း မနေနိုင်ပေ။ ဤသည်မှာ သူနှစ်တစ်ရာကျော်ကျင့်သုံးခဲ့သည့် စည်းမျဉ်းဖြစ်ကာ ဒါကပဲ ကျင့်ကြံရေးလောက်ကတွင် ရှင်သန်နိုင်သည့် အဓိကအကြောင်းအရင်းလည်း ဖြစ်သည်။

“အကြီးအကဲကျန်း၊ ရှင်တစ်ခုခုကို စိုးရိမ်နေတာလား?”

ရုတ်တရက် ရှန်းရူယန်က ကျန်းချန်ရွှမ်ကို လှည့်ကြည့်လိုက်တာကြောင့် ကျန်းချန်ရွှမ်တစ်ယောက် ထိတ်လန့်သွားရသည်။

သို့သော်လည်း သူပြန်မဖြေနိုင်ခင်မှာပဲ ရှန်းရူယန်ကသာ ဆက်ပြီး၊

“ဒီ အဆင့် ၂ ဝိဉာဉ်သွေးကြောနဲ့ အဆင့် ၂ ဝိဉာဉ်အမြစ်ကြောင့် ရှန်းမျိုးနွယ်စုက ရှင့်ကိုအန္တရာယ်ပေးမှာ စိုးရိမ်နေတာလား?”

ထိုသို့ပြောပြီးနောက် ရှန်းရူယန်က သူ့ကိုနှိမ့်သိမ့်သလိုပြုံးပြလာကာ၊

“တခြားလူတွေဘယ်လိုလုပ်လဲတော့ ကျွန်မသေချာမပြောတတ်ပေမယ့် ရှန်းမျိုးနွယ်စုမှာတော့ ဒီလိုကိစ္စမျိုးဖြစ်လာမှာမဟုတ်ဘူး။

ဒါက ဟိုးအရင်ကတည်းက ကျွန်မတို့ရဲ့ကျီဖုအဆင့်ဘိုးဘေးချမှတ်ခဲ့တဲ့စည်းမျဉ်းကြောင့်ပဲ။ ယွင်တိုင်းပြည်ရဲ့ကျင့်ကြံရေးလောကမှ ရှန်းမျိုးနွယ်စု ရှင်သန်နေနိုင်တဲ့ အခြေခံအုတ်မြစ်လည်းဖြစ်တယ်။

အရင်က ရှင် ရှန်းမျိုးနွယ်စုကိုရွေးချယ်ခဲ့တဲ့ အကြောင်းအရင်းက ကမ်းလှမ်းချက်တွေကြောင့်မဟုတ်ဘဲ ရှန်းမျိုးနွယ်စုရဲ့ဂုဏ်သတင်းကြောင့်ပဲဖြစ်မယ်။ ကျွန်မပြောတာမှန်လား?”

***

နှစ်တစ်ရာကျင့်ကြံပြီးနောက်

အပိုင်း ၂၄ ။ ကွေ့ဟွားပင်အဆင့်တက်ခြင်း

ရှန်းရူယန်က ရုတ်တရက် သူမအိတ်ထဲမှ ကျောက်စိမ်းပြားကိုထုတ်ကာ ကျန်းချန်ရွှမ်ကိုပေးလိုက်သည်။

“ဒါက ရှန်းမျိုးနွယ်စုရဲ့စည်းကမ်းလမ်းညွှန်ချက်တွေပဲ။ ရှန်းမျိုးနွယ်စုမှာ အဖွဲ့ဝင်အသစ်လက်ခံပြီး ကျင့်ကြံရေးအမွေအနှစ်တွေပေးတိုင်း ဒီစည်းကမ်းလမ်းညွှန်ချက်တွေကို ချိုးဖောက်မှာမဟုတ်တဲ့အကြောင်း တခါတည်း ကျိန်ဆိုကြရတယ်။

တစ်ယောက်ယောက်သာ စည်းကမ်းဖောက်မယ်ဆိုရင် အဲ့ဒီလူက မျိုးနွယ်စုခေါင်းဆောင်ဖြစ်နေမယ်ဆိုရင်တောင် ပြင်းပြင်းထန်ထန် အပြစ်ပေးခံရဦးမှာပဲ။

ကျွန်မပြောတာယုံပါ။ ရှန်းမျိုးနွယ်စုဆိုတာ အောက်ခြေစည်းမရှိတဲ့မျိုးနွယ်စုတစ်ခုလုံးဝမဟုတ်ဘူး။

ဒီကျောက်စိမ်းပြားထဲမှာ ရှန်းမျိုးနွယ်စုရဲ့ စည်းကမ်းလမ်းညွှန်ချက်တွေကို မှတ်တမ်းတင်ထားတယ်။ ကျွန်မလိမ်လားမလိမ်လား သိရအောင် ရှင်ကိုယ်တိုင် ကြည့်,ကြည့်လိုက်လေ။ အခုကျွန်မပြောလိုက်သမျှအကုန် အမှန်တွေဖြစ်ကြောင်း ကျွန်မ ကျိန်ဆိုတယ်။ အမှားအယွင်းတစ်ခုခုသာပါခဲ့ရင် ဒီကျင့်ကြံရေးလောကကြီးကနေ ကျွန်မပျောက်ကွယ်သွားပါစေ။”

ထိုမျှ အခိုက်အမာပြောနေတာကြောင့် ကျန်းချန်ရွှမ်လည်း မနေနိုင်ဘဲ အနည်းငယ်ရှက်ရွံ့သွားရသည်။

သို့သော်လည်း ဘယ်လောက်ပဲရှက်မိတယ်ဆိုဆို သူ့အသက်ကိုယ်တော့ လက်လွတ်စပယ်သဘောမထားနိုင်ပေ။ ဒါကြောင့် ရှန်းရူယန်ကို ချက်ချင်းတောင်းပန်စကားဆိုကာ သူမလက်ထဲမှ ကျောက်စိမ်းပြားကိုယူလိုက်သည်။

ထို့နောက် ကျောက်စိမ်းပြားထဲရှိ မှတ်တမ်းများကိုအာရုံခံရန်အတွက် နဖူးထက်သို့တင်လိုက်လေသည်။

အဆိုပါကျောက်စိမ်းပြားသည် တကယ်ကိုပင် ရှန်းမျိုးနွယ်စု၏ စည်းကမ်းလမ်းညွှန်ချက်များကို ထည့်သွင်းထားခြင်းပင်။

အစအဖွင့်စာကြောင်းမှာ [ကျင့်ကြံခြင်းဆိုသည်မှာ လူတစ်ဦး၏စိတ်ကိုကျင့်ကြံခြင်းဖြစ်သည်။ တည်ငြိမ်သည့်စိတ်မရှိလျှင် အတွင်းစိတ်နတ်ဆိုးများ၏ကျူးကျော်မှုကိုခံရမည်။]

ဆိုလိုသည်မှာ ကျင့်ကြံခြင်း၏အနှစ်သာရမှာ စိတ်ကိုကျင့်ကြံခြင်းဖြစ်သည်။ ကိုယ့်စိတ်ကိုယ်တောင် တည်ငြိမ်အောင်မကျင့်ကြံနိုင်လျှင် ဘယ်လောက်ပဲ ပါရမီထူးကဲနေပါစေ သေချာပေါက် အလိုဆန္ဒ၏ကျေးကျွန်ဖြစ်သွားပြီး စစ်မှန်သည့်ကိုယ်ကိုယ်တိုင်ကို ဆုံးရှုံးရမည့်ပင်။

ဒါ့အပြင် နောက်ထပ်စာကြောင်းတစ်ကြောင်းလည်း ရှိသေးသည်။

[အလိုလောဘကြောင့် မိတ်ဆွေကို သစ္စာဖောက်သူ၊ စကားမတည်သူများကို ရှန်းမျိုးနွယ်စုက အပြစ်ပေးမည်။]

လက်ရှိကျင့်ကြံရေးလောကတွင် ရှန်းမျိုးနွယ်စုလိုမျိုး စည်းကမ်းလမ်းညွှန်ချက်ထားသည့် မသေမျိုး,မျိုးနွယ်စုမှာ အလွန့်အလွန်ကိုနည်းပါးပေသည်။

ရှန်းမျိုးနွယ်စု၏ဘိုးဘေးများသည် ဘာကြောင့်များ သူတို့၏မျိုးဆက်များကို ဤကဲ့သို့ စည်းကမ်းချက်များသာထားခဲ့ရသလဲဆိုသည်ကိုတော့ ကျန်းချန်ရွှမ်လည်းမသိပေ။၊

ဤကဲ့သို့သော စည်းကမ်းလမ်းချက်များသည် လက်ရှိကျင့်ကြံရေးလောကနှင့် သင့်တော်ရဲ့လားဆိုသည်ကိုလည်း သူ မသိပေ။

သို့သော်လည်း ဤစည်းကမ်းချက်များရှိကြောင်း သိရှိပြီးနောက်တွင်တော့ ကျန်းချန်ရွှမ်အနေနှင့် ရှန်းမျိုးနွယ်စုအပေါ်ထားသည့် ခံစားချက်က ပိုပြီး သက်သောင့်သက်သာဖြစ်သွားသည်ကိုတော့ မငြင်းဆန်နိုင်ပေ။

ထို့နောက် ကျောက်စိမ်းပြားအား ရှန်းရူယန်ထံပြန်ပေးလိုက်ပြီး ရှက်ရွံ့စွာပြုံးလိုက်ကာ၊

“ခင်ဗျားတို့မျိုးနွယ်စုရဲ့ စည်းကမ်းချက်တွေကို တကယ်ပဲ လေးစားမိပါတယ်။ အစောက ကျုပ် နည်းနည်းလေး စိတ်သဘောထားသေးသိမ်သလိုဖြစ်သွားတယ်။ အကြီးအကဲရူယန် စိတ်ထဲမထားဖို့ မျှော်လင့်ပါတယ်။”

ရှန်းရူယန်လည်း ပြုံးကာ ခေါင်းခါလိုက်သည်။

“ရပါတယ်။ ကျွန်မ နားလည်ပါတယ်။

တကယ်တော့ ရှင်သာ ဒီလောက်သတိမထားခဲ့ရင် ရှင့်ကို ပါရမီရှိတယ်လို့ ပြောခဲ့တဲ့စကားတွေကို ကျွန်မပြန်ရုတ်သိမ်းလိုက်မိမှာပဲ။”

ရှန်းရူယန်က စကားပြောကောင်းသည်ဟု ဆိုရမည်ပင်။ စကားလုံးအနည်းငယ်လောက်ဖြင့် နှစ်ယောက်ကြားရှိ နေရခက်နေသည့်အခြေအနေမှာ ပျောက်ကွယ်သွားပြီး ပုံမှန်ပြန်ဖြစ်လာခဲ့သည်။

ထိုအချိန်မှာပဲ သူတို့နှစ်ဦးအနီးတွင်ရှိနေသည့် ငွေရောင်ကွေ့ဟွားပင်မှ ဝိဉာဉ်အလင်းတန်းများထွက်ပေါ်လာခဲ့သည်။ တချိန်တည်းမှာပင် ငွေရောင်ကွေ့ဟွားပင်တစ်ပင်လုံး အပြင်းအထန် စတင်လှုပ်ယမ်းလာခဲ့သည်။ ငွေရောင်အလင်းတန်းများသည် ကွေ့ဟွားပင်၏ အရွက်များကနေပြီး ဒလဟောလျှံထွက်နေသည်။ ကျန်းချန်ရွှမ်နှင့် ရှန်းရူယန်အပေါ် ထိုအလင်းတန်းများကျရောက်လာချိန်တွင်တော့ ချက်ချင်းဆိုသလို သူတို့စိတ်များ ကြည်လင်လာခဲ့သည်။ အစောပိုင်းတိုက်ပွဲကြောင့် ပင်ပန်းခဲ့ရမှုများမှာ ပြယ်လွင့်သွားခဲ့သည်။

ရှန်းရူယန်၏မျက်လုံးများကျဉ်းမြောင်းသွားပြီး လေသံတိုးတိုးဖြင့်ပြောလိုက်သည်။

“ဒီငွေရောင်ကွေ့ဟွားပင်က အဆင့်တက်တော့မှာပဲ”

သူမစကားဆုံးသည်နှင့် ငွေရောင်ကွေ့ဟွားပင်က ရုတ်တရက် မြင့်တက်သွားသည်။ ကမ္ဘာလောကမှ ဝိဉာဉ်ချီများသည်လည်း ငွေရောင်ကွေ့ဟွားပင်ဆီသို့ အလျင်အမြန်တိုးဝင်လာခဲ့သည်။

ပတ်ဝန်းကျင်ရှိ ဝိဉာဉ်ချီသိပ်သည်းမှုမှာ ဆက်တိုက်ဆိုသလို မြင့်တက်လာကြောင်း ကျန်းချန်ရွှမ်နှင့်ရှန်းရူယန်လည်း ခံစားမိပေသည်။ အစက ဝိဉာဉ်ချီသိပ်သည်းမှုမှာ ၂ဆဆိုလျှင် လက်ရှိတွင်တော့ ၅ဆအထိ မြင့်တက်သွားခဲ့ကာ ဆက်ပြီးလည်း မြင့်တက်နေတုန်းပင်။ ၎င်းက ဝိဉာဉ်သွေးကြောပုံသဏ္ဍာန်ပေါ်လာမည့်လက္ခဏာဖြစ်သည်။

သစ်ရွက်များက လှုပ်ယမ်းနေပြီး…

ငွေရောင်ကွေ့ဟွားပင်သည် နဂိုအမြင့် ၃မီတာကျော်မှ ၈မီတာအကျော်အထိမြင့်တက်သွားပြီး ဆက်ပြီးလည်း မြင့်တက်နေတုန်းပင်။

အကြမ်းဖျင်းခန့်မှန်းကြည့်ရလျှင် ၎င်း အပြည့်အဝအဆင့်တက်ပြီးနောက်တွင် အမြင့် ၁၀မီတာကျော်အထိရှိသွားလောက်ပေသည်။

“အကြီးအကဲကျန်း၊ ကျွန်မအရင်ဆုံး ဒီအခြေအနေကို သတင်းပို့လိုက်ဦးမယ်။”

ရှန်းရူယန်က ကျန်းချန်ရွှမ်ကို လှည့်ကြည့်လာခဲ့သည်။

“ရှင်လည်း အဆင့် ၂ ဝိဉာဉ်အမြစ်နဲ့ အဆင့် ၂ ဝိဉာဉ်သွေးကြောရဲ့တန်ဖိုးကို သေချာသိမှာပါ။

ဒီတော့ နောက်ပိုင်းဖြစ်လာနိုင်တဲ့ မတော်တဆမှုအခြေအနေတွေကို ကာကွယ်ဖို့အတွက် တခြားမိသားစုက အကြီးအကဲတွေ ရောက်မလာခင် ရှင် ကျွန်မနဲ့အတူ ဒီနေရာမှာ အချိန်တစ်ခုအထိစောင့်နေပေးဖို့ မျှော်လင့်တယ်။

ဒီကနေ ရလာမယ့်အရာမှန်သမျှ ရှင်လည်းခွဲတမ်းရစေရမယ်လို့ ကျွန်မကတိပေးနိုင်ပါတယ်။”

ကျန်းချန်ရွှမ် မငြင်းခဲ့ပေ။

ရှန်းမျိုးနွယ်စုက သူ့ကိုအန္တရာယ်ပေးမှာမဟုတ်မှန်း သေချာနေပြီဆိုမှတော့ ရှန်းရူယန်နှင့်အတူ ငွေရောင်ကွေ့ဟွားပင်ကို ကာကွယ်ပေးခြင်းသည် သူ့အကျိုးအမြတ်ကိုကာကွယ်ခြင်းနှင့် အတူတူပင်။

အခြေအနေက ဘယ်လောက်ကြီးမှန်း ကျန်းချန်ရွှမ်သိသည်။ ထို့အပြင် ငွေရောင်ကွေ့ဟွားပင်သည် ကျင့်ကြံရေးလောက်တွင် ကြီးမားသည့်လှုပ်ခတ်မှုကြီးဖြစ်ပွားစေနိုင်ကာ တချို့သောလူများ၏အာရုံကို မဆွဲဆောင်မိဘဲနေဖို့ အာမခံရန် ခက်လှသည်။

တချို့လူများသည် ဤငွေရောင်ကွေ့ဟွားပင်အပေါ် မျက်စိကျထားပြီးသားလည်း ဖြစ်နေလောက်သေးသည်။

ထို့ကြောင့် သူတို့နှစ်ယောက် ငွေရောင်ကွေ့ဟွားပင်ကို အတူစောင့်ကြပ်ကာ မထင်မှတ်ထားသည့်မတော်တဆမှုများရှိမလာနိုင်အောင် ပတ်ဝန်းကျင်ကို ဂရုတစိုက်စောင့်ကြည့်နေရမည်။

ကံကောင်းစွာဖြင့် ဘာမတော်တဆမှုမှ မဖြစ်ပွားခဲ့ပေ။ ၂နာရီကြာပြီးနောက် ငွေရောင်ကွေ့ဟွားပင်သည် အောင်အောင်မြင်မြင်အဆင့်တက်သွားကာ အဆင့်နိမ့် (အဆင့် ၂) ဝိဉာဉ်အမြစ်ဖြစ်လာခဲ့သည်။

တချိန်တည်းမှာပင် ၎င်း၏အောက်ခြေအမြစ်များမှ အဆင့် ၂ ဝိဉာဉ်သွေးကြောတစ်ခုလည်း မွေးဖွားလာခဲ့သည်။

နောက်ဆုံးတော့ ကျန်းချန်ရွှမ်နှင့်ရှန်းရူယန်လည်း သက်ပြင်းချနိုင်သွားပေပြီ။

ရုတ်တရက် သူတို့နှစ်ဦးလုံး အဝေးတစ်နေရာသို့ တပြိုင်တည်းကြည့်လိုက်ကြသည်။ သူတို့နှင့် အတန်ငယ်ကွာဝေးသည့်နေရာတွင် ဓားအလင်းတန်း သုံးခု ချဉ်းကပ်လာသည်ကိုတွေ့လိုက်ရပေသည်။

ထိုအလင်းတန်းသုံးခု နီးကပ်လာချိန်မှာတော့ ရှန်းမျိုးနွယ်စုမှ အခြေတည်အဆင့်ကျင့်ကြံသူများဖြစ်ကြောင်း သိလိုက်ရသည်။ ဦးဆောင်လာသူကတော့ တခြားသူမဟုတ်ဘဲ ရှန်းမျိုးနွယ်စု၏လက်ရှိခေါင်းဆောင် ရှန်းတောက်မင်ကိုယ်တိုင်ပင်ဖြစ်သည်။ သူ့ဘေးတွင်တော့ ကျန်းချန်ရွှမ် ယခင်က မြင်ဖူးထားပြီးဖြစ်သည့် ဥပဒေစိုးမိုးရေးခန်းမ၏အကြီးအကဲ ရှုန်းဝမ်တောက်ဖြစ်သည်။

နောက်တစ်ယောက်ကတော့ အသက် ၆၀လောက်ရှိမည့် လူအိုကြီးတစ်ယောက်ဖြစ်သည်။ ထိုသူကို ရွှီချန်းဟယ်ဟုခေါ်ပြီး ရှန်းမျိုးနွယ်တွင် နှစ်တစ်ရာနီးပါး ဧည့်အကြီးအကဲအဖြစ်ရှိနေသည့် အခြေတည် ဆဌမအဆင့်ကျင့်ကြံသူဖြစ်သည်။

ယခုအချိန်တွင်တော့ ထိုသုံးဦး၏အကြည့်များသည် အဆင့်နိမ့် (အဆင့် ၂) ငွေရောင်ကွေ့ဟွားပင်ထံတွင်ရှိနေကြကာ ဝမ်းသာအားရဖြစ်နေကြသည်။

“တကယ်ကို အဆင့်နိမ့် (အဆင့် ၂) ဝိဉာဉ်အမြစ်နဲ့ အဆင့် ၂ ဝိဉာဉ်အကြောရှိနေတာပဲ။”

ထို့နောက် သုံးယောက်လုံးက ကျန်းချန်ရွှမ်နှင့်ရှန်းရူယန်တို့ကို ကြည့်လာကြသည်။

ရှန်းတောက်မင်က ရယ်မောလိုက်ပြီး၊ “အကြီးအကဲကျန်း၊ ရူယန်၊ ဂုဏ်ယူပါတယ်!

မင်းတို့ ဒီတခေါက်တာဝန်ကနေ ဒီလောက်ကြီးမားတဲ့အကျိုးအမြတ်ရလာလိမ့်မယ်လို့ မမျှော်လင့်ထားခဲ့ဘူး။

စိတ်မပူပါနဲ့၊ မင်းတို့နဲ့ထိုက်တန်တဲ့ဆုလာဘ်ကိုပေးမှာပါ။

ဒါပေမယ့် မတိုင်ခင် ဒီနေရာက အခြေအနေကို ငါတို့ထိန်းချုပ်မှဖြစ်မယ်။”

ထို့သို့ပြောပြီးနောက် ရှန်းတောက်မင်က ရွှီချန်းဟယ်ဘက်လှည့်ကာ မေးလိုက်သည်။

“အကြီးအကဲရွှီ၊ ခင်ဗျားဘယ်လိုထင်လဲ? ဒီနေရာမှာ အဆင့် ၂ အကာအကွယ်အစီအရင်ချမယ်ဆိုရင် ပြဿနာရှိလောက်မလား?”

***

နှစ်တစ်ရာကျင့်ကြံပြီးနောက်

အပိုင်း ၂၅ ။ ဝိုင်ကောင်းပဲ

ရှန်းတောက်မင်၏အမေးကိုကြားသည်နှင့် ရွှီချန်းဟယ်က ခဏလောက်တွေးလိုက်ကာ၊

“အဆင့်နိမ့် (အဆင့် ၂) အကာအကွယ်အစီအရင်ကိုတည်ဆောက်ဖို့ကတော့ ပြဿနာမရှိပါဘူး။

ဒါပေမယ့် အလယ်အဆင့် (အဆင့် ၂) အကာအကွယ်အစီအရင်ကို တည်ဆောက်မယ်ဆိုရင်တော့ အချိန်တချို့ယူမှရမယ်။

အဆင့်နိမ့် (အဆင့် ၂) အစီအရင်က ဒီနေရာအတွက်ဆို မလုံလောက်ဘူး။ အလယ်အဆင့် (အဆင့် ၂) အစီအရင်ထားပြီး အခြေတည်အဆင့်ကျင့်ကြံသူတစ်ယောက်လောက်ကို အစောင့်အကြပ်ထားတာက အကောင်းဆုံးပဲ။

ဒီလိုဆို အခြေတည်နှောင်းပိုင်းအဆင့်က ကျင့်ကြံသူတွေလာရင်တောင် ဒီအပင် သူတို့လက်ထဲရောက်သွားဖို့ မဖြစ်နိုင်တော့ဘူး။”

ထိုနေရာအရောက် ရွှီချန်းဟယ်က ဆက်မပြောခင် ခဏလောက်ရပ်လိုက်သည်။

“ကျွန်တော့်အမြင်အရ၊ ကူယန်မြို့ကလူတွေကို ပြောင်းရွှေ့ခိုင်းတာ ဒါမှမဟုတ် ဒီသစ်ပင်ကို ဗဟိုပြုပြီး နောက်ထပ်မြို့တစ်မြို့တည်ထောင်ပြီးတော့ ကီလိုမီတာဒါဇင်ချီဝေးတဲ့ကူယန်မြို့နဲ့ ပေါင်းစည်းတာက အကောင်းဆုံးဖြစ်မယ်လို့ထင်ပါတယ်။

ဒီနည်းအတိုင်းဆို ဒီနေရာက အဆင့် ၂ ဝိဉာဉ်သွေးကြောရယ်၊ ကူယန်မြို့က အဆင့် ၁ ဝိဉာဉ်သွေးကြောရယ်နဲ့ ကျွန်တော်တို့ အဆင့် ၂ ကျင့်ကြံရေးမြို့တစ်မြို့ သေချာပေါက် ဖန်တီးနိုင်သွားမှာပါ။

အဲ့ဒီအချိန်ကျရင် ရှန်းမျိုးနွယ်စုရဲ့ လူဦးရေနဲ့ လွှမ်းမိုးနိုင်စွမ်းက သေချာပေါက် နောက်တစ်ဆင့်ထပ်မြင့်သွားလိမ့်မယ်။”

ထိုစကားကိုကြားပြီး ရှုန်းဝမ်တောက်၏မျက်လုံးများလက်သွားကာ ရှန်းတောက်မင်ကို လှည့်ကြည့်လိုက်သည်။

“လောင်ရွှီပြောတာ အဓိပ္ပါယ်ရှိတယ်လို့ ငါလည်းထင်တယ်။

ငါတို့သာ အဆင့် ၂ ကျင့်ကြံရေးမြို့တစ်မြို့ ဒီနေရာမှာ တည်နိုင်ရင် ရှန်းမျိုးနွယ်စုအတွက် အကျိုးအမြတ်တွေအများကြီးရမှာ အသေအချာပဲ။”

ရှန်းတောက်မင်လည်း ထိုအကြောင်းကို တွေးမိသွားပုံပင်။

“ဒီအကြံပြုချက်က တကယ်ကိုမဆိုးပါဘူး။ ဒါပေမယ့် အဆင့် ၂ ကျင့်ကြံရေးမြို့တစ်မြို့တည်ဆောက်ဖို့ပါဝင်ရမှာတွေက အရမ်းများတယ်။ ငါ မျိုးနွယ်စုအကြီးအကဲတွေနဲ့ အစည်းအဝေးလုပ်ဖို့လိုသေးတယ်။

အစည်းအဝေးပြီးသွားတော့မှ ဆုံးဖြတ်လည်း နောက်မကျသွားပါဘူး။

ဒါနဲ့…”

ရှန်းတောက်မင်က တစ်ခုခုကိုတွေးမိသွားပုံဖြင့် ကျန်းချန်ရွှမ်ကို လှမ်းကြည့်လိုက်သည်။

“အကြီးအကဲကျန်း၊ မင်းကို မိတ်ဆက်ပေးဖို့မေ့နေတာ။

သူကတော့ ရွှီချန်းဟယ်၊ အကြီးအကဲရွှီပဲ။ သူက ရှန်းမျိုးနွယ်စုရဲ့ အဆင့် ၂ အစီအရင်သခင်ပေါ့။”

သူကပြောပြီးနောက် ရွှီချန်းဟယ်ကိုပြန်ကြည့်ကာ ပြုံးလိုက်သည်။

“အကြီးအကဲရွှီ၊ ဒါကတော့ ငါဒီကိုလာတုန်းက မင်းကိုပြောခဲ့ဖူးတဲ့ အကြီးအကဲကျန်း၊ ကျန်းချန်းရွှမ်ပဲ။”

“ဟဟ၊ အကြီးအကဲကျန်းက တကယ်ကို ငယ်ရွယ်ပြီး အလားအလာကောင်းတဲ့သူပဲ။ တွေ့ရတာဝမ်းသာပါတယ်။”

ရွှီချန်းဟယ်က အလွန်ယဉ်ကျေးကာ သူ့လက်နှစ်ဖက်ကိုဆုပ်ပြီး ကျန်းချန်ရွှမ်ကို နှုတ်ဆက်လာတာကြောင့် ကျန်းချန်ရွှမ်လည်း အလျင်အမြန် ပြန်နှုတ်ဆက်လိုက်သည်။

အခုတင် ရှန်းတောက်မင်တို့စကားပြောနေစဉ် ရှန်းရူယန်က သူ့ကို လျှို့ဝှက်အသံပို့လွှတ်ကာ ရွှီချန်းဟယ်အကြောင်း မိတ်ဆက်ပေးပြီးဖြစ်သည်။

ရွှီချန်းဟယ်သည် ရှန်းမျိုးနွယ်စု၏ဧည့်အကြီးအကဲတစ်ယောက်ဖြစ်တာ နှစ်ပေါင်း တစ်ရာနီးပါးရှိပြီဖြစ်ကာ ရှန်းမျိုးနွယ်စု၏ယခင်ခေါင်းဆောင်နှင့် သူငယ်ချင်းကောင်းများဖြစ်ကြသည်။

ဒါကလည်း လွန်ခဲ့သည့် နှစ်တစ်ရာအတွင်း ရွှီချန်းဟယ်တစ်ယောက် ရှန်းမျိုးနွယ်အတွက် အမြောက်အမြားအကျိုးဆောင်ပေးခဲ့ခြင်းကြောင့်ပင်။ ထို့အပြင် သူသည် ရှန်းမျိုးနွယ်အတွက် အစီအရင်သခင်အမြောက်အမြားကိုလည်း ပျိုးထောင်ပေးခဲ့သေးသည်။

ဒါကြောင့်ပဲ..

ဧည့်အကြီးအကဲတစ်ယောက်သာဖြစ်နေတာတောင် ရှန်းမျိုးနွယ်စုရှိ သူ၏အဆင့်အတန်းမှာ အဓိကအကြီးအကဲများထက် မနိမ့်ကျခြင်းဖြစ်သည်။

လက်ရှိတွင်တော့ လူတိုင်း ပြန်ဖို့ရန် ပြင်ဆင်နေကြသည်။

ဒီတော့ မေးစရာရှိတာက၊ ဘယ်သူနေခဲ့မှာလဲ?

ဘာပဲဖြစ်ဖြစ် ဒီနေရာကို ဘာအစောင့်အကြပ်မှမရှိဘဲ ထားခဲ့၍မဖြစ်နိုင်ပေ။ ထို့အပြင် တစ်ယောက်တည်းနေခဲ့ဖို့ကလည်း မလုံလောက်ပြန်။

ရှန်းတောက်မင်ကလွဲ၍ ကျန်သူအားလုံး အခြေတည် နဝမအဆင့်အောက်တွင်သာရှိကြသည်။ သို့သော်လည်း ရှန်းမျိုးနွယ်စု၏ခေါင်းဆောင်တစ်ယောက်အနေနှင့် သူကတော့ နေခဲ့ဖို့မဖြစ်နိုင်ပေ။

ရွှီချန်းဟယ်သည် အစီအရင်အတွက် ပြင်ဆင်မှုများပြုလုပ်ရန် သေချာပေါက် ပြန်ရမည်ဖြစ်တာကြောင့် သူလည်း နေခဲ့ဖို့မဖြစ်နိုင်ပေ။

ကျန်းချန်ရွှမ်နှင့်ရှန်းရူယန်တို့နှစ်ယောက်တွင်တော့ တစ်ယောက်က အဖြစ်အပျက်အလုံးစုံကိုရှင်းပြရန်အတွက် ပြန်မှရပေမည်။ ဒီတော့ နေ့ခဲ့ရမည့်သူက ကျန်းချန်ရွှမ်နှင့် ရှုန်းဝမ်တောက်၊ မဟုတ်လျှင် ရှန်းရူယန်နှင့် ရှုန်းဝမ်တောက်သာဖြစ်ရပေမည်။

“ကျွန်တော် နေခဲ့မယ်။”

ထိုအချိန်မှာပဲ ကျန်းချန်ရွှမ်ကအရင်ဦးစွာ ပြောလိုက်သည်။

သူတို့မထွက်သွားခင် ရှန်းရူယန်က ကျန်းချန်ရွှမ်ထံ အသံပို့လွှတ်ကာ၊

“အကြီးအကဲကျန်း စိတ်မပူပါနဲ့။ ကျွန်မပြန်သွားပြီးရင် ရှင့်ရဲ့စွမ်းဆောင်မှုတွေအကြောင်း သေချာပြောပြပြီး ဆုများများပိုရအောင် ကူညီပေးပါ့မယ်။”

“ကောင်းပါပြီ။ ကျေဇူးတင်ပါတယ် အကြီးအကဲရူယန်။”

ကျန်းချန်ရွှမ်ပြုံးကာ ရှန်းရူယန်အား ကျေးဇူးတင်စကားဆိုလိုက်သည်။

ဒါကပဲ ရှန်းရူယန်ကို ပြန်လွှတ်ရခြင်းမှရရှိမည့် အကျိုးအမြတ်ဖြစ်သည်။ သူမသည် ရှန်းမျိုးနွယ်စုမှဖြစ်တာကြောင့် သူ့လိုအပြင်လူထက် ပို၍ပြောဆိုရလွယ်ကူပေသည်။

သူတို့အားလုံး မြင်ကွင်းမှပျောက်ကွယ်သွားပြီးနောက် ရှုန်းဝမ်တောက်က ကျန်းချန်ရွှမ်ကိုလှည့်ကြည့်လာပြီး ရယ်ရယ်မောမောစကားစလာခဲ့သည်။

“အကြီးအကဲကျန်း၊ ငါတို့ နောက်ဆုံးတစ်ခေါက် ဆုံခဲ့ကြတာ သုံးနှစ်လောက်ရှိသွားပြီမဟုတ်လား?

အဲ့တုန်းက ငါတို့ အချိန်ရရင် ဆုံကြဖို့ပြောထားပေမယ့် နှစ်ယောက်လုံး ဘယ်လိုမှအချိန်မရှိခဲ့ကြဘူးလေ။

အခု နောက်ဆုံးတော့ အချိန်ရလာကြပြီပဲ။”

ရှုန်းတောက်ဝမ်က ပြောပြောဆိုဆိုဖြင့် ဝိုင်တစ်ပုလင်းနှင့် ခွက်နှစ်လုံးကို ထုတ်ယူလိုက်ပြီး ကျန်းချန်ရွှမ်ကို လက်ဟန်ပြလိုက်ကာ၊

“ဘယ်လိုလဲ? အကြီးအကဲကျန်း၊ ငါနဲ့အတူ သောက်ချင်လား?”

ရှုန်းတောက်ဝမ်ဘက်က ပျူငှာစွာဖိတ်ခေါ်လာခြင်းကြောင့် ကျန်းချန်ရွှမ်အတွက် ငြင်းဖို့ခက်လှသည်။

“ဒီလိုဆိုမှတော့ ကျွန်တော်လည်း ယဉ်ကျေးမနေတော့ပါဘူး။”

“ဟားဟားဟား!”

ရှုန်းတောက်ဝမ်က ချက်ချင်းပင် အကျယ်ကြီးထရယ်ကာ ခေါင်းညိတ်လိုက်သည်။

“ငါတို့နှစ်ယောက်လုံးက ရှန်းမျိုးနွယ်စုရဲ့ အကြီးအကဲတွေပဲ။ ဒီတော့ ဘာမှယဉ်ကျေးနေစရာမလိုပါဘူး။”

ပြောရင်းဖြင့် ရှုန်းတောက်ဝမ်က ကျန်းချန်ရွှမ်နှင့်သူ့အတွက် ဝိုင်ငှဲ့လိုက်သည်။

ချက်ချင်းဆိုသလို ဝိုင်၏သင်းပျံ့လှသည့်ရနံ့က ပျံ့လွင့်လာတော့သည်။

ကျန်းချန်ရွှမ် တစ်ချက်အနံ့ခံကြည့်လိုက်သည်နှင့် သူ့ခန္ဓာကိယ်ထဲရှိ စစ်မှန်သောအဆီအနှစ်တို့မှာ လှုပ်ရှားလာသည့်လက္ခဏပြလာကြောင့် ဝိုးတဝါးခံစားမိလိုက်ရသည်။ ဒါကပဲ သူ့ကိုအံ့ဩသွားစေကာ မချီးကျူးဘဲ မနေနိုင်တော့ပေ။

“ဝိုင်ကောင်းပဲ!”

“ဟဟ၊ မဆိုးဘူးမဟုတ်လား?”

ရှုန်းတောက်ဝမ်က အသာပြုံးလိုက်ကာ၊ “ငါ့ရဲ့ဝိုင်ကို လင်းယွင်ကျွေ့လို့နာမည်ပေးထားတယ်။ ဒီဝိုင်ရဖို့အတွက် အဆင့် ၁ ဝိဉာဉ်ဆေးပင် ၄၉မျိုးနဲ့ အဆင့် ၂ ဝိဉာဉ်ဆေးပင် ၃မျိုးတောင် ထည့်ထားတာ။ ပြီးတော့ ၁၀နှစ်တိတိအချိန်ပေးခဲ့ရတယ်။

ဈေးကွက်ထဲက စားသောက်ဆိုင်တော်တော်များများကဆို ငါ့ရဲ့ဝိုင်ဖောက်နည်းကို တန်ကြေးမြင့်မြင့်ပေးပြီး ဝယ်ချင်နေကြတာ၊ ဒါပေမယ့် ငါမရောင်းလိုက်ဘူးလေ။

လာ၊ အကြီးအကဲကျန်း၊ သောက်ကြရအောင်။”

ရှုန်းဝမ်တောက်ကအရင်ဦးစွာ ဝိုင်ခွက်ကိုမြှောက်လိုက်တာကြောင့် ကျန်းချန်ရွှမ်လည်း မြန်မြန်ဆန်ဆန် ခွက်ကိုမြှောက်ကာ တစ်ဖက်လူ၏ခွက်နှင့်တိုက်လိုက်သည်။

“ဒီနေ့ ကျွန်တော်တော့ ကံကောင်းတာပဲ။”

ဝိဉာဉ်ဆေးပင်ပေါင်းများစွာနှင့်ပြုလုပ်ထားသည့် ဝိဉာဉ်စွမ်းအင်ဝိုင်၏တန်ဖိုးမှာ သေချာပေါက်မနည်းကြောင်း ကျန်းချန်ရွှမ်နားလည်ပေသည်။

ဝိုင်ကိုသောက်လိုက်သည်နှင့် ခန္ဓာကိုယ်တွင်းရှိစစ်မှန်သောအဆီအနှစ်သည် မထင်မှတ်ဘဲ ရုန်းကြွလာသည်ကို ကျန်းချန်ရွှမ်ခံစားလိုက်ရသည်။ ကျန်းချန်ရွှမ်လည်း အလျင်စလိုဖြင့် သူ၏ကျင့်ကြံခြင်းနည်းလမ်းကိုတစ်ပတ်လောက် လှည့်ပတ်လိုက်ရာ အမှန်တကယ်ကိုပင် စစ်မှန်သောအဆီအနှစ်၏ခွန်အားမှာ အနည်းငယ်မျှ တိုးများသွားကြောင်း သိလိုက်ရသည်။

ထို့သို့ဖြင့် ဝိုင်ကောင်းကြောင်းကို ဝမ်းသာအားရဖြင့် ချီးမွမ်းမိတော့သည်။

“တကယ်ကိုဝိုင်ကောင်းပဲ!”

***

All Chapters