အခန်း (၂၆-၃၀)
Vol. 2 Ch. 26-30
နှစ်တစ်ရာကျင့်ကြံပြီးနောက်
အပိုင်း ၂၆ ။ နတ်ဆိုးသားရဲအဓိကရုဏ်း
“ဒါဆို များများသာသောက်။”
ရှုန်းဝမ်သောက်က ကျန်းချန်ရွှမ်အတွက် နောက်ထပ်ဝိုင်တစ်ခွက်ထပ်ငှဲ့ပေးလိုက်ပြန်သည်။
နှစ်ယောက်သားခွက်ကိုမြှောက်ကာ တိုက်လိုက်ကြသော်လည်း ဤတစ်ကြိမ်တွင်တော့ တခါတည်းအပြီးမသောက်ဘဲ တစ်ငုံသာသောက်ခဲ့ကြသည်။
စိတ်ဝိဉာဉ်ဝိုင်ထဲတွင်ပါဝင်သည့် ဆေးဖက်ဝင်စွမ်းအင်အားလုံးကို စစ်မှန်သောအဆီအနှစ်ထဲသို့ပြောင်းလဲပြီးနောက် ရှုန်းဝမ်တောက်က ကျန်းချန်ရွှမ်ကိုကြည့်ကာ ပြုံးလိုက်လေသည်။
“အကြီးအကဲကျန်း၊ ဒါက ငါတို့ဒုတိယအကြိမ်တွေ့ဆုံကြတာဆိုပေမယ့် ငါတို့နှစ်ယောက်အတော်လေး စိတ်ညီတယ်လို့ခံစားရတယ်။
ဒါကြောင့် ငါမင်းကို ဘာမှဖုံးကွယ်မနေတော့ဘူး။”
ကျန်းချန်ရွှမ်တစ်ယောက် ရင်တစ်ချက်တုန်သွားမိသည်။
ထို့နောက် ရှုန်းဝမ်တောက်ကိုကြည့်လိုက်ပြီး၊
“အစ်ကိုရှုန်း၊ ပြောစရာရှိရင်ပြောပါ။”
ချက်ချင်းပင် ရှုန်းဝမ်တောက်၏အမူအရာမှာ အလွန်လေးနက်သွားပြီး၊
“ညီလေးကျန်း၊ မင်းဒီနေရာကို ရအောင်တက်လှမ်းနိုင်ခဲ့မှတော့ ငါတို့ကျင့်ကြံရေးလောကမှာ ဘာကအရေးကြီးဆုံးလဲဆိုတာ မင်းကောင်းကောင်းနားလည်မှာပဲ၊ ဟုတ်တယ်မလား?”
ရှုန်းဝမ်တောက်က အမေးစကားဖြင့် အစချီလိုက်သော်လည်း ကျန်းချန်ရွှမ်၏အဖြေစကားကိုတော့ စောင့်မနေခဲ့ပေ။
“အဲ့ဒါက ကြွယ်ဝမှုလည်းမဟုတ်ဘူး ငွေလည်းမဟုတ်ဘူး။ အသက်ပဲ။ မင်းဘဝအတွက် အာမခံချက်ရှိမှသာ ကြွယ်ဝမှုရော ငွေရော ရှာဖွေနိုင်လိမ့်မယ်။
မင်းရဲ့ဒီတစ်ခေါက်စွမ်းဆောင်ပေးမှုကြောင့် သေချာပေါက် ထောက်ပံ့မှုအမှတ်တွေအများကြီးရမှာပဲ။
ဒီထောက်ပံ့မှုအမှတ်တွေနဲ့ဆိုရင် မင်း ရှန်းမျိုးနွယ်စုကနေ အဖိုးတန်အရင်းအမြစ်တွေအများကြီး လဲလှယ်နိုင်တယ်။
ဒါပေမယ့် မင်း ငါပြောတာကိုတော့ သေချာလေးမှတ်ထားဖို့လိုတယ်။ ရှန်းမျိုးနွယ်စုကနေ မင်းကို အထူးပစ္စည်းတချို့လဲလှယ်ခွင့်ပေးလာခဲ့ရင် အဲ့ဒါတွေက ထောက်ပံ့မှုအမှတ် ဘယ်လောက်ပဲပေးရပေးရ မင်းအနေနှင့် အရင်ဆုံး အသက်ကယ်ပစ္စည်းတွေကို ဦးစားပေးရွေးချယ်ရမယ်၊ နားလည်လား?
မင်းသာ ဒီအခွင့်အရေးကိုလက်လွှတ်လိုက်ရရင် နောက်တစ်ကြိမ် ဒီလိုလဲလှယ်ခွင့်ထပ်ရဖို့ရှိလာနိုင်ပါ့မလားဆိုတာ ဘယ်သူမှမသိနိုင်ဘူး။
မင်းမှာ ဝိဉာဉ်ကျောက်တုံးဘယ်လောက်ပဲ အများကြီးရှိရှိ၊ ဒီလိုအရာတွေက အပြင်မှာဝယ်ချင်တိုင်းဝယ်လို့မရဘူး။
ဒီတော့… သူတို့က မင်းကိုအထူးပစ္စည်းလဲလှယ်ခွင့်မပေးလာရင်တော့ထားလိုက်၊ ပေးသာပေးလာခဲ့ရင် အကောင်းဆုံးသာအသုံးချက်။ အခွင့်အရေးကို လုံးဝလက်မလွတ်စေနဲ့!!
ဘာကြောင့်လဲဆိုတော့…”
ထိုနေရာအရောက် ရှုန်းဝမ်တောက်က စကားစကိုခဏရပ်ကာ အသက်ပြင်းပြင်းရှူလိုက်ပြီး လေသံတိုးတိုးဖြင့်ဆက်ပြောလာသည်။
“နှစ် ၂၀၀ တိုင်းဖြစ်ပွားနေကျ နတ်ဆိုးသားရဲအဓိကရုဏ်းလာဖို့က သိပ်မလိုတော့ဘူး။ အများဆုံးမှာ နှစ် ၃၀၊ နှစ် ၄၀ လောက်ပဲကြာတော့မှာ။ အဲ့ဒီအချိန်ကျရင် ငါတို့လို အခြေတည်အဆင့်ကျင့်ကြံသူတွေဆိုတာ ဒီအတိုင်းအမြှောက်စာကောင်လေးတွေပဲ။
ငါတို့သာ သတိမထားရင် ဒီကပ်ဘေးဆိုးကြီးကြောင့် ပြာဘဝပြောင်းသွားရလိမ့်မယ်။”
“နတ်ဆိုးသားရဲအဓိကရုဏ်းလား?”
ထိုအကြောင်းကြားလိုက်ရသည်နှင့် ကျန်းချန်ရွှမ်၏ဦးရေပြားတို့ထုန်ကျဉ်သွားရသည်။
ပွင့်ပွင့်လင်းလင်းပြောရလျှင် ရှုန်းဝမ်တောက်ပြောသွားသည့်ကိစ္စအကြောင်း သူများများစားစား သိထားခြင်းမရှိပေ။ သူ၏ယခင်အခြေအနေအရ သိရှိနိုင်သည့်သတင်းအချက်အလက်မှာ အကန့်အသတ်ရှိခဲ့သည်။
သူတို့ကိုဒုက္ခပေးသည့် နတ်ဆိုးသားရဲများအကြောင်း တခါတရံကြားဖူးနားဝရှိခဲ့သော်လည်း ဟိုတစ်စဒီတစ်စနှင့် အနည်းအကျဉ်းသာဖြစ်ပြီး ဘာကိုမှရှင်းရှင်းလင်းလင်း နားမလည်ခဲ့ပေ။ အခုတော့ ရုတ်တရက်ကြီး ဒီလိုသတင်းမျိုးကိုကြားလိုက်ရတာကြောင့် သူထိတ်လန့်မိသွားသည်မှာ ပုံမှန်ပင်။
ကျန်းချန်ရွှမ်၏တုံ့ပြန်မှုကို မျှော်လင့်ထားပြီးသားဖြစ်သလိုမျိုး ရှုန်းဝမ်တောက်မှာ ခါးသီးစွာမပြုံးဘဲမနေနိုင်ခဲ့ပေ။
“မင်းနည်းနည်းကြောက်သွားတယ်မဟုတ်လား?
ရိုးရိုးသားသားပြောရရင် ငါ ဒီအကြောင်းစသိရတုန်းကဆို မင်းထက်တောင်မှ တုံ့ပြန်မှုကြီးမားသေးတယ်။
ဒီလောက်ကြီးမားတဲ့ကပ်ဘေးဆိုးကြီးက ငါတို့လို အခြေတည်အဆင့်တွေအတွက်တော့ အရမ်းအန္တရာယ်များတယ်လေ။
သေဆုံးမှုနှုန်းက ၇၀ကနေ ၈၀ ရာခိုင်နှုန်းလောက်အထိကိုရှိတာ။
ရှန်းမျိုးနွယ်စုရဲ့အင်အားက ဘယ်လောက်အထိရှိခဲ့ဖူးတယ်ထင်လဲ?”
ဤတစ်ကြိမ်လည်း ကျန်းချန်ရွှမ်၏အဖြေကိုမစောင့်ပဲ ရှုန်းတောက်ဝမ်က ဆက်ပြောလာပြန်သည်။
“ငါသိသလောက်ဆို အရင်တုန်းက ရှန်းမျိုးနွယ်စုအထွတ်အထိပ်မှာရှိနေတဲ့အချိန် သူတို့မှာ ကျီဖုအဆင့်တောင် ၈ယောက် ၉ယောက်လောက်အထိရှိခဲ့တယ်။
ငါတို့လိုမျိုး အခြေတည်အဆင့်ကျင့်ကြံသူတွေဆို အယောက်တစ်ယောက်နီးပါးတောင်ရှိခဲ့တာ။ အဲ့ဒီအချိန်တုန်းက ရှန်းမျိုးနွယ်စုကို ခြေကုပ်ခိုင်မာပြီး ရွှေအမြုတေအဆင့်အမတမျိုးနွယ်စုတစ်စုဖြစ်နေပြီလို့ပြောရင်တောင် ချဲ့ကားနေတာမဟုတ်ဘူး။ သူတို့မှာ ရွှေအမြုတေအဆင့်ခေါင်းဆောင်တစ်ယောက်ပဲလိုတော့တာ။
ပြောကြတာတော့ အဲ့ဒီအချိန်တုန်းက ရှန်းမျိုးနွယ်စုရဲ့ခေါင်းဆောင်ကလည်း တကယ်ကို ရွှေအမြုတေအဆင့်တက်နိုင်တဲ့အခွင့်အလမ်းရှိခဲ့တယ်ဆိုပဲ။
ကံကမကောင်းချင်တော့ အဲ့ဒီအချိန်မှာပဲ နတ်ဆိုးသားရဲအဓိကရုဏ်းက မျှော်လင့်ထားတာထက် ပိုစောပြီးဖြစ်ပွားခဲ့တယ်လေ။ အဓိကစစ်မြေပြင်က ငါတို့အခုရှိနေတဲ့ ပင်းချွမ်စီရင်စုပဲ။
အဲ့တုန်းက ရှန်းမျိုးနွယ်စုက ပင်းချွမ်စီရင်စုရဲ့နံပါတ်တစ် ကျင့်ကြံသူမျိုးနွယ်စုဆိုတော့ သေချာပေါက် ရှေ့တန်းကိုသွားရတယ်လေ။
ရှန်းမျိုးနွယ်စုခေါင်းဆောင်လည်း စိတ်မကောင်းစွာနဲ့သေဆုံးခဲ့ရတယ်။ ရှန်းမျိုးနွယ်စုရဲ့ ကျီဖုအဆင့်အကြီးအကဲသုံးယောက်လည်း ဒဏ်ရာပြင်းပြင်းထန်ထန်ရပြီး သူတို့ရဲ့တာအိုလမ်းကြောင်းက ဆုံးခန်းတိုင်သွားတယ်။
ကျန်တဲ့ကျီဖုအဆင့်အကြီးအကဲသုံးယောက်ကလည်း အဆင့် ၃ နတ်ဆိုးသားရဲတွေကိုတိုက်ခိုက်ရင်း သေဆုံးခဲ့ကြတယ်။ ကျီဖုအဆင့်ကိုတက်ခါစ အငယ်ဆုံးအကြီးအကဲတစ်ယောက်တည်းသာ အခြေစိုက်စခန်းကိုကာကွယ်ဖို့တာဝန်ယူထားရတဲ့အတွက် အသက်ရှင်ကျန်ခဲ့တာ။
နောက်တော့ ဒဏ်ရာအပြင်းအထန်ရထားတဲ့ကျီဖုအဆင့်အကြီးအကဲသုံးယောက် ပြန်လာပြီး သိပ်မကြာပါဘူး၊ သူတို့ရဲ့ဒဏ်ရာတွေကို မကုသနိုင်တာကြောင့် တစ်ယောက်ပြီးတစ်ယောက် လောကကြီးကနေ စွန့်ခွာသွားကြရပြန်တယ်။
ဒီတိုက်ပွဲကြီးက ကျီဖုအဆင့်ကျင့်ကြံသူတွေအတွက် တစ်ခုတည်းသော ကပ်ဘေးကြီးလိုတောင်ပြောလို့ရတယ်။ ငါတို့လို အခြေတည်အဆင့်တွေအတွက်ဆို ဘယ်လောက်တောင်ဆိုးနေမလဲ ပြောစရာတောင်မလိုတော့ဘူး။
အဲ့တုန်းက ကျဆုံးခဲ့တဲ့အခြေတည်အဆင့်ကျင့်ကြံသူအရေအတွက် အတိအကျကိုတော့ ငါမသိပေမယ့် အဲ့အချိန်ကစပြီး ရှန်းမျိုးနွယ်စုမှာ အခြေတည်အဆင့်ကျင့်ကြံသူဆိုတာ ဘယ်တော့မှ ဆယ်ယောက်ထက်မပိုတော့ဘူး။”
ရှုန်းဝမ်တောက်၏စကားများကိုနားထောင်ပြီးနောက် ကျန်းချန်ရွှမ်၏ရင်ထဲ လေးလံသွားခဲ့သည်။ နတ်ဆိုးသားရဲအဓိကရုဏ်းက ထိုမျှလောက်ပြင်းထန်ကာ ကြောက်စရာကောင်းလိမ့်မည်ဟု သူမထင်ထားခဲ့ပေ။
ကျီဖုအဆင့်ရောက်နေတဲ့လူတွေတောင်မှ အသက်မရှင်နိုင်တာ သူတို့လို ချီသန့်စင်ခြင်းအဆင့်နှင့် အခြေတည်အဆင့်ကျင့်ကြံသူတွေဆို ရှင်သန်နိုင်စွမ်းက အရမ်းမနိမ့်သွားဘူးလား?
ချက်ချင်းပင် ကျန်းချန်ရွှမ်၏စိတ်ထဲ ရှန်းမျိုးနွယ်စုနှင့် ပင်းချွမ်စီရင်စုမှထွက်သွားရန် နည်းလမ်းစဉ်းစားထားသင့်ပြီလားပင် တွေးမိသွားသည်။
သို့သော်လည်း နတ်ဆိုးသားရဲအဓိကရုဏ်းအမှန်တကယ်ဖြစ်လာပြီဆိုလျှင် ယွင်တိုင်းပြည်၏ကျင့်ကြံရေးလောကတစ်ခုလုံးကို သေချာပေါက် သက်ရောက်မှုရှိမည်ပင်။
သူ ရှန်းမျိုးနွယ်စုနှင့် ပင်းချွမ်စီရင်စုကနေထွက်သွားမယ်ဆိုရင်တောင် သူဘယ်ကိုများသွားရမှာလဲ?
ကျန်းချန်ရွှမ် ခေါင်းယမ်းလိုက်ကာ ရှုန်းဝမ်တောက်ကိုသာကြည့်ပြီး မေးလိုက်တော့သည်။
“အစ်ကိုရှုန်း၊ နတ်ဆိုးသားရဲအဓိကရုဏ်းက ကျင့်ကြံရေးလောကတစ်ခုလုံးရဲ့ကံကြမ္မာအတွက် စိုးရိမ်စရာဖြစ်နေမှတော့ အထက်အဆင့်ဂိုဏ်းတစ်ခုဖြစ်တဲ့ ကန်းယန်ဂိုဏ်းက ဘာမှမလုပ်ဘူးလား?
အနည်းဆုံးတော့ သူတို့မှာ ဆုံးရှုံးမှုသက်သာစေလောက်မယ့် အထောက်အပံ့တွေရှိတယ်မဟုတ်လား?
မဟုတ်ရင် အနာဂါတ်မှာ ဘယ်သူကများ ရှန်းမျိုးနွယ်စုလို နတ်ဆိုးသားရဲအဓိကရုဏ်းကျရင် ရှေ့တန်းထွက်ချင်တော့မှာလဲ?”
ကျန်းချန်ရွှမ်၏အမေးကိုကြားရာ ရှုန်းဝမ်တောက် ခေါင်းညိတ်လိုက်သည်။
“သူတို့မှာ အမှန်ကိုပဲ အသက်ကယ် အထောက်အပံ့တွေရှိတယ်ဆိုပေမယ့် အများကြီးတော့မရှိနိုင်ဘူး။
ကန်းယန်ဂိုဏ်းက ငါတို့ကို မထောက်ပံ့ပေးချင်လို့မဟုတ်ဘဲ သူတို့လည်း တကယ်ကိုမတတ်နိုင်ကြတာကြောင့်ပါ။ တကယ်တော့ ကန်းယန်ဂိုဏ်းတင်မကဘူး ပိုင်ယွင်ဂိုဏ်းနဲ့ ရှန်းကွမ်းမန်ဂိုဏ်းတွေတောင် လုံလောက်အောင် မထောက်ပံ့ပေးနိုင်ဘူး။”
“ဟမ်?”
ကျန်းချန်ရွှမ် နားမလည်နိုင်ဖြစ်လို့သွားသည်။
“ဘာလို့လဲ?”
ရှုန်းဝမ်တောက်က ထပ်ပြီး ခါးသီးစွာပြုံးလိုက်ပြန်ကာ ကျန်းချန်ရွှမ်ကိုကြည့်ပြီး မေးလိုက်သည်။
“ညီလေးကျန်း၊ နတ်ဆိုးသားရဲအဓိကရုဏ်းစဖြစ်ခဲ့တာ အချိန်ဘယ်လောက်ကြာသွားပြီလဲသိလား?”
***
နှစ်တစ်ရာကျင့်ကြံပြီးနောက်
အပိုင်း ၂၇ ။ ရှန်းမျိုးနွယ်စုသို့အပြန်
ထိုမေးခွန်းအတွက်အဖြေကို ကျန်းချန်ရွှမ် တကယ်မသိပေ။
ရှုန်းဝမ်တောက်ဘက်ကလည်း ကျန်းချန်ရွှမ်ထံမှအဖြေကို အစကတည်းက မမျှော်လင့်ထားခဲ့ပေ။
“ငါသိထားသလောက်ဆို၊ နှစ် ၂၀၀တိုင်း နတ်ဆိုးသားရဲအဓိကရုဏ်းစဖြစ်ခဲ့တာ နှစ်ပေါင်း ၁သောင်းကျော်ခဲ့ပြီ။
အဲ့ထက်တောင် ကြာရင်ကြာနေဦးမှာ။
အထူးသဖြင့် ဒီတခေါက် ငါတို့လူသားတွေနဲ့ နတ်ဆိုးသားရဲတွေရဲ့တိုက်ပွဲမှာ ငါတို့လူသားတွေဘက်က တကယ်တော့ လုံးဝကိုအခြေအနေမကောင်းနေဘူး။ ဘယ်လိုအခြေအနေကြောင့်လဲ အတိအကျတော့မသိပေမယ့် ငါတို့လူသားမျိုးနွယ်တွေရဲ့ပိုင်နက်ကတော့ အရင်နှစ်ထောင်ပေါင်းများစွာတုန်းကရဲ့ လေးပုံတစ်ပုံလောက်တောင် မရှိတော့ဘူးဆိုတာပဲ သိတယ်။
တွေးကြည့်လိုက်လေ၊ နတ်ဆိုးသားရဲအဓိကရုဏ်းက ဒီလောက်အဆက်မပြတ်ဖြစ်နေတာကို ကန်းယန်ဂိုဏ်းလိုမျိုး ရွှေအမြုတေအဆင့်မသေမျိုးဂိုဏ်းဖြစ်နေရင်တောင် လိုအပ်တဲ့အရင်းအမြစ်တွေကို ဘယ်လောက်စုနိုင်တော့မှာလဲ? ဂန်းယန်ဂိုဏ်းတောင်ဒီလိုဆို တခြားရွှေအမြုတေအဆင့်ဂိုဏ်းတွေဆိုတာလဲ ပိုပြီးထူးနေစရာအကြောင်းမရှိတော့ဘူးလေ။
ဒီအခြေအနေမျိုးမှာ ကန်းယန်ဂိုဏ်းလိုအထက်အဆင့်ဂိုဏ်းမျိုးတွေနဲ့ အခြေတည်ဝိဉာဉ်အဆင့်ဂိုဏ်းကြီးတွေဆိုတာ ငါတို့အတွက် အသက်ကယ်အထောက်အပံ့တွေ မပေးချင်ကြတာမဟုတ်ဘဲ ပေးဖို့ကို မတတ်နိုင်ကြတာ။”
ရှုန်းဝမ်တောက်၏စကားများကိုကြားပြီး ကျန်းချန်ရွှမ်၏နှလုံးသားမှာ နစ်မြုပ်သွားသည်။ လူသားကျင့်ကြံရေးလောကတစ်ခုလုံး၏အခြေအနေက ဒီလောက်အထိ အန္တရာယ်ထဲရောက်နေမည်ဟု သူမထင်မှတ်ထားခဲ့ပေ။
ဒါသာအမှန်ဆိုရင် အနာဂါတ်မှာ သူဘယ်လိုများ အေးအေးချမ်းချမ်းနဲ့ ကျင့်ကြံနိုင်ပါတော့မလဲ?
ဒါ့အပြင် သူသိထားသလောက်ဆို သူတို့ရန်သူတွေက နတ်ဆိုးသားရဲတွေတင်မဟုတ်ဘဲ အမြဲတည်ရှိနေပြီးသား နတ်ဆိုးကျင့်ကြံသူတွေလည်းပါသေးတယ်။ ဒီလူတွေက လုယက်သက်ဖြတ်တာတွေကနေပြီး အဓိကကျင့်ကြံကြတာ။ ပြီးတော့ သူတို့က ကျင့်စဉ်တစ်ခုပြီးမြောက်ဖို့အတွက် သေမျိုးရာထောင်ချီကို ယဇ်ပူဇော်ရတဲ့ မိစ္ဆာကျင့်စဉ်တွေကိုလည်း မကြာခဏသုံးလေ့ရှိကြသေးတယ်။
ပြောရရင်တော့ ထိုလူများပေါ်လာသည်နှင့် သေမျိုးများအတွက် ကပ်ဘေးပင်။ လမ်းစဉ်မှန်ကိုကျင့်ကြံသည့် သူတို့လိုကျင့်ကြံသူတွေသာ သေမျိုးမြို့တွေမှာ တစ်နှစ်ပတ်လုံး တပ်မစွဲထားဘူးဆိုလျှင် သာမာန်သေမျိုးများအတွက် ဤကမ္ဘာလောကကြီးတွင် အသက်ရှင်ရပ်တည်နိုင်ဖို့ မဖြစ်နိုင်ပေ။
ထိုအခိုက်အတန့်လေးတွင် ကျန်းချန်ရွှမ်တစ်ယောက် တစ်ကြိမ်တစ်ခါမှမကြုံဖူးသည့် အလွန်အရေးကြီးကာ အလျင်လိုသည့်ခံစားချက်ကို ရုတ်တရက် ခံစားလိုက်ရသည်။
ဤလောကတွင် သန်မာဖို့သည်သာ အရေးအကြီးဆုံးပင်။
မင်းသာ လုံလုံလောက်လောက် သန်မာနေခြင်းမရှိလျှင် သူများချနင်းသွားဖို့ ပစ်မှတ်ထားခံရမည့် အမြှောက်စာသာဖြစ်နေလိမ့်မည်။ ထိုသို့ဆိုလျှင် တစ်နေရာတည်းမှာပဲ လောကီရေးရာတွေနဲ့ကင်းကွာအောင်နေကာ ကျင့်ကြံဖို့ မဖြစ်နိုင်ပေ။ ဘာလို့ဆို မင်းက ဘယ်သူ့ကိုမှ သွားမနှောက်ယှက်ရင်တောင်မှ တခြားလူတွေကတော့ မင်းကို အေးအေးဆေးဆေးနေခွင့်ပေးမည် မဟုတ်ခြင်းကြောင့်ပင်။
ဆိုရိုးအရပြောရလျှင် ‘အသိုက်သာ မှောက်သွားလျှင် ဥသည်လည်း အကောင်းအတိုင်းကျန်မည်မဟုတ်ပေ။’ အနာဂါတ်တွင် လူသားကျင့်ကြံသူတွေသာ ရှုံးနိမ့်သွားလျှင် သို့တည်းမဟုတ် နတ်ဆိုးကျင့်ကြံသူတွေသာ ကျင့်ကြံရေးလောကတစ်ခုလုံးကို သိမ်းပိုက်နိုင်သွားလျှင် ကိုယ့်မှာ အသက်ရှင်သည်အထိ ကံကောင်းခြင်းရှိနေပါလျှင်တောင် သေချာပေါက် ရှေ့ဆက်ပြီးကောင်းကောင်းမွန်မွန်နေထိုင်နိုင်မည်မဟုတ်ပေ။
ကျန်းချန်ရွှမ် စိတ်ဆုံးဖြတ်လိုက်သည်။ ဤတစ်ကြိမ် သူပြန်ရောက်လျှင် ရှိသမျှပုံအောသုံးကာ သူ့ခွန်အားကို မြှင့်တင်တော့မည်။
သူ့ကိုယ်ပိုင်အင်အားကြီးလာလေ ပိုကောင်းလေပင်။ ဒီလိုသာဆို လာမည့် ဆယ်စုနှစ်အတွင်း နတ်ဆိုးသားရဲအဓိကရုဏ်းဖြစ်လာလျှင်တောင် သူ့မှာ အသက်ရှင်ဖို့ မျှော်လင့်ချက်ရှိလာပေမည်။
ထို့နောက် နှစ်ဦးသား ထိုလေးနက်လွန်းသည့်စကားဝိုင်းကိုရပ်ကာ တခြားအကြောင်းအရာများဘက်လှည့်လိုက်ကြသည်။
ငါးရက်ဆိုသည့်အချိန်က မျက်စိတမှိတ်အတွင်းပင် ကုန်ဆုံးသွားခဲ့သည်။
ထိုနေ့မနက်တွင်…
ကျယ်ပြောလှသည့်ကောင်းကင်ပြင်ကြီးကိုဖြတ်ကာ အလင်းတန်းသုံးခုက ချဉ်းကပ်လို့လာခဲ့သည်။ ထိုသူများကတော့ ရှန်းရူယန်၊ ရွှီချန်းဟယ်နှင့် ရှန်းတောက်ဖုန်းတို့ပင်။
နှစ်ဖက်အပြန်အလှန်နှုတ်ဆက်စကားဆိုပြီးနောက် ရှန်းရူယန်က၊ “အကြီးအကဲရှုန်း၊ နောက်ကျရင် အကြီးအကဲရွှီက ဒီနေရာမှာ အလယ်အဆင့် (အဆင့် ၂) အကာအကွယ်အစီအရင်တည်ဆောက်မှာပါ။ အခုကစပြီး ကျွန်မအစ်ကိုက ဒီမှာနေလိမ့်မယ်။ ဒီအတောအတွင်း အကြီးအကဲရွှီနဲ့ပူးပေါင်းပေးဖို့အတွက် အကြီးအကဲရှုန်းနဲ့ကျွန်မအစ်ကိုကိုပဲ ဒုက္ခပေးရတော့မယ်။
အစီအရင်ပြီးသွားရင်တော့ ပြန်လို့ရကြပါပြီ။
အကြီးအကဲကျန်းကတော့ ကျွန်မ သူ့ကိုပြန်ခေါ်သွားရမယ်။ ဒီကိုခဏလောက်တော့ ပြန်လာနိုင်မှာမဟုတ်ဘူး။”
ရှန်းရူယန်၏စကားကိုကြားတော့ ရှုန်းတောက်ဝမ်က ချက်ချင်းပြုံးကာ ခေါင်းညိတ်လိုက်သည်။
“ကိစ္စမရှိဘူး။ ညီလေးကျန်းကိုပြန်ခေါ်သွားလိုက်ပါ။ ငါနဲ့ တောက်ဖုန်းသာရှိနေရင် ဘာမှဖြစ်စရာအကြောင်းမရှိဘူး။”
ထို့နောက် ရှန်းရူယန်လည်း ကျန်းချန်ရွှမ်ကိုကြည့်ကာ၊
“အကြီးအကဲကျန်း၊ ဘာကိစ္စမှမရှိတော့ရင် ကျွန်မတို့အရင်ပြန်ကြရအောင်။”
“ကောင်းပြီ။”
ကျန်းချန်ရွှမ်ခေါင်းညိတ်လိုက်ကာ ရှုန်းဝမ်တောက်၊ ရွှီချန်းဟယ်နှင့် ရှန်းတောက်ဖုန်းတို့ကို နှုတ်ဆက်လိုက်သည်။
“အစ်ကိုရှုန်း၊ အကြီးအကဲရွှီ၊ အကြီးအကဲတောက်ဖုန်း ဂရုစိုက်ပါ။”
ထိုသို့ဖြင့် ကျန်းချန်ရွှမ်တစ်ယောက် ရှန်းရူယန်နှင့်အတူ အဆင့် ၂ ဝိဉာဉ်သွေးကြောရှိရာမှ ထွက်လာခဲ့တော့သည်။
အပြန်လမ်းတွင် ရှန်းရူယန်က၊
“အကြီးအကဲကျန်း၊ ကြည့်ရတာ ဒီရက်တွေအတွင်း အကြီးအကဲရှုန်းနဲ့ တော်တော်လေးအဆင်ပြေခဲ့ပုံပဲ။”
“အင်း၊ မဆိုးပါဘူး။”
ကျန်းချန်ရွှမ် ပြုံးကာ စကားလမ်းကြောင်းလွှဲလိုက်သည်။
“ဒါနဲ့၊ အကြီးအကဲတွေအစည်းအဝေးလုပ်တာ ဘာများထူးထူးခြားခြားရလဒ်ရှိခဲ့လဲ?”
ဧည့်အကြီးအကဲတစ်ယောက်အနေနှင့် ကျန်းချန်ရွှမ်သည်လည်း ရှန်းမျိုးနွယ်စု၏အကြီးအကဲအစည်းအဝေးပွဲတွင်ပါဝင်ဖို့ အရည်အချင်းပြည့်မှီပေသည်။ ထို့ကြောင့် ရှန်းရူယန်ကလည်း ဖုံးကွယ်မနေခဲ့ပေ။
“အဖြေကတော့ထွက်လာပြီ။ အကြီးအကဲရွှီ အလယ်အဆင့် (အဆင့် ၂) အကာအကွယ်အစီအရင်ကို တည်ဆောက်ပြီးတာနဲ့ ကျွန်မတို့ အဲ့နေရာကို ကူယန်မြို့နဲ့ချိတ်ဆက်ဖို့ကြိုးစားကြမှာ။
အဲ့ကျရင် အဆင့် ၂ ကျင့်ကြံရေးမြို့တော်တစ်ခုကို တည်ဆောက်နိုင်ပြီ။ ဒီလိုသာဆို သေမျိုးလူသားတွေကိုရော ဝိဉာဉ်သွေးကြောကိုပါ တခါတည်းကာကွယ်နိုင်ပြီးသားပဲ။”
မှန်ပေသည်။ အဆင့် ၂ ဝိဉာည်သွေးကြောနှင့် အဆင့်နိမ့် (အဆင့် ၂) ဝိဉာဉ်အမြစ်ကို သူတို့ရှာတွေ့ခဲ့သည်ဆိုလျှင်တောင် ကူယန်မြို့မှ သေမျိုးလူသားသောင်းချီကို အကာအကွယ်မပေးဘဲ ချန်ထားခဲ့၍မဖြစ်ပေ။
ဒါကြောင့် နယ်မြေနှစ်ခုကိုပေါင်းစည်းဖို့ရန်မှာ မလွဲမသွေလုပ်ရမည့်ကိစ္စပင်။ မဟုတ်ပါက နတ်ဆိုးကျင့်ကြံသူများသာ ကူယန်မြို့ကိုတိုက်ခိုက်လျှင် သူတို့တွေ ဤအဆင့် ၂ ဝိဉာဉ်သွေးကြောရှိရာကနေထွက်ပြီး လူတွေကိုသွားကူရမှာလား? သူတို့သာထွက်သွားရင် ကျန်ခဲ့မယ့် ဝိဉာဉ်သွေးကြောကိုကျ ဘယ်သူက ကာကွယ်တော့မှာလဲ?
ဒီတော့…
ဘေးအကင်းဆုံးနှင့် အသင့်တော်ဆုံးနည်းလမ်းကတော့ နေရာနှစ်ခုကို ဆက်သွယ်ပြီး ကြီးမားသည့် အဆင့် ၂ အကာအကွယ်အစီအရင်တစ်ခုတည်ဆောက်လိုက်ခြင်းပင်။
ကျန်းချန်ရွှမ်သာ ဆုံးဖြတ်ချက်ချက်ရမည့်သူဆိုလျှင် သူလည်းပဲ သေချာပေါက် ဤနည်းလမ်းကိုသာ ရွေးချယ်ပေလိမ့်မည်။
ထိုအချိန်တွင် နှစ်ဦးသားမှာ ရှန်းမျိုးနွယ်စုသို့ရောက်ရှိလာတော့မည်ဖြစ်သည်။
ရုတ်တရက် ရှန်းရူယန်က၊ “အကြီးအကဲကျန်း၊ ကျွန်မတို့ရဲ့ ထောက်ပံ့မှုအမှတ်ကို တွက်ပြီးသွားပြီ။ တာဝန်ကရတာရယ်၊ ကျွန်မတို့သတ်ခဲ့တဲ့ အဆင့် ၂နဲ့အဆင့် ၁ နတ်ဆိုးသားရဲတွေကိုပါပေါင်းလိုက်ရင် စုစုပေါင်း မျိုးနွယ်စုထောက်ပံ့မှုအမှတ် ၈၀၀၀ ရထားတယ်။
တာဝန်တစ်ခုတည်းကတော့ ထောက်ပံ့မှုအမှတ် ၁၄၀၀ ပဲရတယ်။ အဆင့် ၁ နတ်ဆိုးသားရဲတွေကရတဲ့ ပစ္စည်းအများစုက ပျက်စီးသွားတာကြောင့် အားလုံးပေါင်း အမှတ် ၁၂၀၀ ပဲရခဲ့တယ်။ ကြက်သွေးရောင်မီးတောက်ကင်းမြွေ သုံးကောင်ရဲ့ရုပ်ကြွင်းကနေပြီး အမှတ်ပေါင်း ၃၀၀၀ ရခဲ့တယ်။ အဆင့်မြင့် (အဆင့် ၂) မဟူရာစပါးအုံးမြွေရုပ်ကြွင်းက ထောက်ပံ့မှုအမှတ် ၂၄၀၀ တန်တယ်။”
ရှန်းရူယန် ရှင်းပြတာကိုနားထောင်ပြီး ကျန်းချန်ရွှမ် စိတ်မလှုပ်ရှားလာဘဲ မနေနိုင်ခဲ့ပေ။
မျိုးနွယ်စုထောက်ပံ့မှုအမှတ် ၈၀၀၀ ဆိုသည်မှာ တကယ်ကို များပြားလှသည့်ပမာဏပင်။
သူတို့ကြိုတင်သဘောတူထားသည့်ခွဲဝေမှုအစီအစဉ်အရဆိုလျှင် သူကိုယ်တိုင်အတွက် ထောက်ပံ့မှုအမှတ် ၄၀၀၀ ရမည်ပင်။
ထိုအမှတ်များကိုသာ ဝိဉာဉ်ကျောက်တုံးများဖြင့် လဲလှယ်လိုက်လျှင် ဝိဉာဉ်ကျောက်တုံး ၄၀၀၀ ရမည်။
နှစ်တစ်ရာကျော်ကြာ ကျင့်ကြံခဲ့တာတောင်မှ ထိုမျှများပြားသည့်ပမာဏရှိသည်အထိ ကျန်းချန်ရွှမ် မချမ်းသာခဲ့ဖူးပေ။
ဒါ့အပြင်…
ဒါတွေက နတ်ဆိုးသားရဲများကိုသတ်ခြင်းမှရသည့် အမှတ်များသာဖြစ်သေးသည်။ အဆင့် ၂ ဝိဉာဉ်အမြစ်နှင့် အဆင့် ၂ ဝိဉာဉ်သွေးကြောရှာတွေ့ခြင်းအတွက် ရရှိမည့်ဆုလာဘ်မပါသေးပေ။
***
နှစ်တစ်ရာကျင့်ကြံပြီးနောက်
အပိုင်း ၂၈ ။ မျိုးနွယ်စု၏ရတနာသိုလှောင်ခန်း
ကျန်းချန်ရွှမ်မှာ မေးချင်တာတွေရှိနေသေးကြောင်း ရိပ်မိတာကြောင့် ရှန်းရူယန် မပြုံးမိဘဲမနေနိုင်ခဲ့ပေ။
“အားလုံး ဆွေးနွေးကြည့်ပြီးတဲ့နောက် အဆင့် ၂ ဝိဉာဉ်သွေးကြောနဲ့ အဆင့် ၂ ဝိဉာဉ်အမြစ်ကို ရှာတွေ့ခဲ့တာအတွက် ထောက်ပံ့မှုအမှတ်ပေးဖို့ကို ၃၂၀၀၀ ပေးမယ်လို့ ဆုံးဖြတ်ချက်ချလိုက်တယ်။
ဒါပေါ့ ရှင်နဲ့ကျွန်မမှာ အဆင့် ၂ ဝိဉာဉ်သွေးကြောနဲ့ အဆင့် ၂ ဝိဉာဉ်အမြစ်ကို တစ်စိတ်တစ်ပိုင်းပိုင်ဆိုင်ခွင့်ရမယ့် ရွေးချယ်မှုလည်းရှိသေးတယ်။ ကိုယ့်စိတ်ကြိုက်ရွေးချယ်နိုင်တယ်။ မျိုးနွယ်ဘက်က ရှင့်ကို ဖိအားပေးမှာမဟုတ်ဘူး။”
ထိုအကြောင်းကိုကြားပြီး ကျန်းချန်ရွှမ် ရင်ခုန်သွားရသည်။ ပြီးခဲ့သည့်ရက်ပိုင်းက ရှုန်းဝမ်တောက်နဲ့စကားပြောခဲ့စဉ် အဆင့် ၂ ဝိဉာဉ်သွေးကြောနှင့် အဆင့် ၂ ဝိဉာဉ်အမြစ်၏တန်ဖိုးနှင့်ပတ်သတ်၍လည်း ပြောခဲ့ကြသေးသည်။
ရှုန်းဝမ်တောက်၏အဆိုအရ အဆင့်နိမ့် (အဆင့် ၂) ဝိဉာဉ်အမြစ်တစ်ခု၏ ဈေးကွက်ပေါက်ဈေးမှာ ဝိဉာဉ်ကျောက်တုံး ၈၀၀၀ မှ ၁၅၀၀၀ ကြားတွင်ရှိသည်။ ၎င်းမှာ ဝိဉာဉ်အမြစ်၏အစွမ်းသတ္တိအပေါ်မူတည်ပြီး ဈေးအနိမ့်အမြင့်ကွာသွားခြင်းပင်။
တဖက်မှာတော့ အဆင့် ၂ ဝိဉာဉ်သွေးကြောတစ်ခုသည် အကြမ်းဖျင်း ဝိဉာဉ်ကျောက်တုံး ၂၀ မှ ၄၀,၀၀၀ အထိတန်ကာ ဝိဉာဉ်စွမ်းအင်သိပ်သည်းမှုအပေါ် မူတည်ခြင်းဖြစ်သည်။
ပုံမှန်အခြေအနေများတွင်တော့ ထိုရတနာများကိုပိုင်ဆိုင်ထားသည့် ဂိုဏ်း သို့မဟုတ် မျိုးနွယ်စုများအနေဖြင့် ထိုမျှအဖိုးတန်ကာ အသုံးဝင်သည့်အရင်းအမြစ်များကို အလွယ်တကူ ထုတ်ရောင်းလိမ့်မည်မဟုတ်ပေ။
ထို့အပြင် ၎င်းတို့၏တန်ဖိုးသည် မြေပြင်နှင့်ပတ်ဝန်းကျင်အပေါ်လည်း သက်ရောက်မှုရှိသည်။
ဥပမာအားဖြင့်၊ နတ်ဆိုးသားရဲအဓိကရုဏ်း၏ ရှေ့တန်းတွင်ရှိသည့် ဝိဉာဉ်သွေးကြော နှင့် အေးချမ်းတိတ်ဆိတ်သည့်နေရာတွင်ရှိသည့် ဝိဉာဉ်သွေးကြောတို့ တန်ဖိုးမှာ ကွာခြားပေသည်။
အတိုချုပ်ပြောရလျှင်တော့ ဝိဉာဉ်အမြစ်များနှင့် ဝိဉာဉ်သွေးကြောများသည် အလွန်အဖိုးတန်သည်မှန်သော်လည်း အထူးသဖြင့် ဝိဉာဉ်သွေးကြောဆိုသည်မှာ အလွယ်တကူ ရွှေ့ပြောင်း၍ရသည့်အရာမျိုးမဟုတ်ပေ။
၎င်းတို့၏ ဈေးကွက်တန်ဖိုးသည်လည်း ပတ်ဝန်းကျင်အနေအထားနှင့် အခြေအနေအချိန်အခါပေါ်မူတည်ပြီး ကွဲပြားသွားပေလိမ့်မည်။
ရှန်းမျိုးနွယ်စုက သူတို့ကို ထောက်ပံ့မှုအမှတ် ၃၂,၀၀၀ ပေးလာသည်က အလွန်ရက်ရောနေပြီဟုပင် ပြော၍ရသည်။
ပြောရလျှင် ၎င်းတို့သည် မကြာခင်ကမှ အဆင့်တက်လာသည့် အဆင့်နိမ့် (အဆင့် ၂) ဝိဉာဉ်အမြစ်နှင့် အဆင့် ၂ ဝိဉာဉ်သွေးကြောများသာဖြစ်ပေသည်။
သူတို့သာ ၎င်းကို ဈေးကွက်ထဲချရောင်းမည်ဆိုလျှင် သေချာပေါက် ဈေးမြင့်မြင့်ရမည်မဟုတ်ပေ။
ရှန်းမျိုးနွယ်စုနှင့်အတူ အဆင့် ၂ ဝိဉာဉ်အမြစ်နှင့် အဆင့် ၂ ဝိဉာဉ်သွေးကြော၏ ပိုင်ဆိုင်မှုကို ခွဲဝေယူခြင်းကတော့ဖြင့်…
အစမှအဆုံးတိုင် ထိုအရာနှင့်ပတ်သတ်၍ ဝင်ရောက်စွက်ဖက်ဖို့စိတ်ကူး ကျန်းချန်ရွှမ်တွင် နည်းနည်းလေးတောင် မရှိခဲ့ပေ။
ကြည့်ရလျှင်ဖြင့် ရှန်းမျိုးနွယ်စုသည် ငွေရောင်ကွေ့ဟွားပင်နှင့် အဆင့် ၂ ဝိဉာဉ်သွေးကြောကို အလွန်တန်ဖိုးထားကြောင်း သိသာလှသည်။
ဒါကြောင့်ပဲ အလယ်အဆင့် (အဆင့် ၂) အကာအကွယ်အစီအရင်လိုမျိုး အစီအရင်အကြီးကြီးကို တည်ဆောက်ဖို့ရန် အရင်းအမြစ်အမြောက်အမြားကို တုံ့ဆိုင်းခြင်းမရှိ ထုတ်သုံးခဲ့ခြင်းဖြစ်ပေသည်။ ထို့အပြင် အနာဂါတ်တွင်လည်း ရင်းနှီးမြှုပ်နှံ့ရမည့်ပမာဏက ပိုလို့ကြီးမားလာပေမည်။
သူသာ ပိုင်ဆိုင်မှုခွဲဝေယူဖို့ ရွေးချယ်လိုက်လျှင် ရှန်းမျိုးနွယ်စုကို ဆန့်ကျင်သလိုဖြစ်သွားပေမည်။ အမြတ်နှင့်အရှုံးကို ချိန်ဆကြည့်ပြီးနောက် ဘယ်ဟာက ဉာဏ်ရှိသည့်ရွေးချယ်မှုလည်း ပိုလို့ထင်ရှားလာခဲ့သည်။
ကျန်းချန်ရွှမ်တစ်ယောက် ရှန်းရူယန်ကို ပြုံးကြည့်လိုက်ကာ၊
“ကျုပ် ဝိဉာဉ်သွေးကြောနဲ့ ဝိဉာဉ်အမြစ် ပိုင်ဆိုင်မှုကို ခွဲဝေယူဖို့ စိတ်မဝင်စားဘူး။ မျိုးနွယ်စုရဲ့ ထောက်ပံ့အမှတ်ကမှ ကျုပ်အတွက် ပိုပြီးလက်တွေ့ကျသေးတယ်။ အကြီးအကဲရူယန်ကရော?”
“ကျွန်မလည်း အဆင်ပြေပါတယ်။ ရှင်က ထောက်ပံ့မှုအမှတ်လိုချင်တယ်ဆိုမှတော့ ကျွန်မလည်း အတူတူပဲ ရွေးလိုက်တာပေါ့။”
ထိုနေရာအရောက် ရှန်းရူယန်က သူမစကားကိုမဆက်ခင် ခဏလောက်ရပ်သွားခဲ့သည်။
“ဒါပေမယ့် အကြီးအကဲကျန်း အခုလို ထောက်ပံ့မှုအမှတ်ကိုရွေးလိုက်တာ တကယ်ကို ဉာဏ်အရှိဆုံး ရွေးချယ်မှုပဲ။ ဘာလို့ဆို ဒီတစ်ခေါက် ရှင့်အတွက် အထူးလဲလှယ်ခွင့်ရအောင် ကျွန်မ ကူညီပေးထားတယ်လေ။”
“အထူးလဲလှယ်ခွင့်?”
ကျန်းချန်ရွှမ် နှလုံးခုန်နှုန်းမြန်သွားပြန်သည်။ သူ့အတွေးထဲမှာပဲ ရှုန်းဝမ်တောက်ပြောခဲ့ဖူးသည့်စကားများကို ပြန်စဉ်းစားမိသွားခဲ့သည်။
ရှန်းရူယန်ပြောတဲ့ အထူးလဲလှယ်ခွင့်ဆိုတာ ရှုန်းဝမ်တောက် သူ့ကိုပြောပြဖူးတာနဲ့အတူတူပဲလား?
“ကဲပါ၊ ကြည့်ရတာ အကြီးအကဲရှုန်းက ရှင့်ကို တစ်ခုခုတော့ ပြောပြပြီးသွားပြီထင်တယ်။”
ရှန်းရူယန် ရုတ်တရက် ပြုံးလိုက်သည်။
“ရှင် ဘာတွေလဲလှယ်နိုင်မလဲဆိုတာကတော့ လဲလှယ်မှုစာရင်းတွေ့ရင် သိနိုင်လိမ့်မယ်။ ရှင် အရမ်းသိချင်နေအောင် ကျွန်မဒီအထိပဲပြောတော့မယ်။”
ထိုအခိုက်တွင် ရှန်းရူယန်၏မျက်နှာထက်၌ ကျီစားချင်သည့်အမူအရာမျိုးရှိလို့နေသည်။ ထိုပုံစံမှာ သူ့စိတ်ထဲမှ ရှန်းရူယန်၏ပုံရိပ်နှင့် အတော်လေးကိုက်ညီမနေပေ။
သို့သော်လည်း သူမ၏ ထိုကျီစားသလိုအမူအရာမှာ သိပ်ကြာကြာမတည်ရှိလိုက်ဘဲ ပုံမှန်အနေအထားသို့ အလျင်အမြန်ပြန်လည်ရောက်ရှိသွားပြီး ဆက်ပြောလာခဲ့သည်။
“ကျွန်မတို့တွေ ထောက်ပံ့မှုအမှတ်ပဲယူမယ်လို့ ဆုံးဖြတ်ပြီးသွားပြီဆိုမှတော့ တာဝန်ခန်းမကို သွားကြရအောင်။
စည်းမျဉ်းစည်းကမ်းတွေအတိုင်း လုပ်ဆောင်ပြီးရင် မျိုးနွယ်စုရဲ့ရတနာသိုလှောင်ခန်းမကို ဝင်နိုင်ပြီ။”
ထိုအဆိုအတွက် ကျန်းချန်ရွှမ်တွင် ငြင်းပယ်စရာအကြောင်းမရှိပေ။
…
ခဏကြာပြီးနောက်..
နှစ်ယောက်သား ရှန်းမျိုးနွယ်၏အဓိကနေရာဖြစ်သော ယွီဟွာတောင်သို့ ရောက်ရှိလာခဲ့ကြသည်။
သူတို့၏တံဆိပ်ပြားများကို တာဝန်ခန်းမသို့ပြပြီး တာဝန်အချက်အလက်များကို အတည်ပြုပြီးနောက် ကျန်းချန်ရွှမ်နှင့် ရှန်းရူယန်တို့ တစ်ယောက်ကို ထောက်ပံ့မှုအမှတ် ၂၀,၀၀၀ ရရှိသွားကြသည်။
ဤသည်မှာ ကျန်းချန်ရွှမ်အတွက် တခါတည်းဖြင့် ပိုင်ဆိုင်မှုအများကြီးရှိဖူးသည့် ပထမဆုံးအကြိမ်ပင်။ သူ လုံးဝစိတ်မလှုပ်ရှားနေဘူးဟုပြောလျှင် လိမ်နေခြင်းသာဖြစ်သည်။
တကယ်တော့ ရှန်းမျိုးနွယ်စုခေါင်းဆောင်၏ညီမဖြစ်သည့် ရှန်းရူယန်တောင်မှ ပျော်ရွှင်နေသည့်အမူအရာကို မဖုံးကွယ်ထားနိုင်ခဲ့ပေ။ သူမစိတ်အခြေအနေက အတော်လေးကောင်းလာကြောင်း သိသာနေသည်။
“မျိုးနွယ်စုရတနာသိုလှောင်ခန်းကိုသွားကြရအောင်”
ရှန်းရူယန်က ရုတ်တရက်လှည့်ကာ ကျန်းချန်ရွှမ်ကိုပြောလိုက်ပြီး သူမကဦးဆောင်ကာ ခပ်လှမ်းလှမ်းရှိတောင်တစ်ခုသို့ ဦးတည်သွားခဲ့သည်။
ဒါကိုမြင်တော့ ကျန်းချန်ရွှမ်လည်း အလျင်အမြန် နောက်ကလိုက်သွားခဲ့သည်။
ခဏကြာ ပျံသန်းပြီးနောက် ရှန်းရူယန်က အခုံးသဏ္ဍာန်အဆောက်အဦးတစ်ခုသို့ ကျန်းချန်ရွှမ်ကို ခေါ်ဆောင်သွားသည်။
ထိုနေရာသို့ရောက်သည်နှင့် သူနှင့်ရှန်းရူယန်၏လမ်းကို ပိတ်ဆို့ထားသည့် အတားအဆီးများစွာရှိနေကြောင်း ကျန်းချန်ရွှမ် ခံစားမိလိုက်ပေသည်။
သာမာန်လူသာ ဤနေရာသို့ဖောက်ဝင်ရဲလျှင် သူတို့မြေပြင်ပေါ် ခြေမချနိုင်ခင်မှာတင် သွေးမြူများအဖြစ်သို့ ပြောင်းလဲသွားပေလိမ့်မည်။
ထိုအချိန်တွင်..
ရှန်းရူယန်က သူမ၏တံဆိပ်ပြားကိုထုတ်ကာ သူမရှေ့ရှိ အတားအဆီးတစ်ခုထောက်လိုက်သည်။ ချက်ချင်းဆိုသလိုပင် မှုန်ဝါးဝါးအလင်းစက်ကွင်းတစ်ခုထွက်ပေါ်လာပြီး မူလက သူတို့ရှေ့တွင် ပိတ်နေသည့်အတားအဆီးမှာ ချက်ချင်းဆိုသလို တဖြည်းဖြည်းပျောက်ကွယ်လာခဲ့သည်။
ရှန်းရူယန်က ကျန်းချန်ရွှမ်ကို လှည့်ကြည့်ကာ ပြုံးပြလိုက်ပြီး၊
“သွားကြရအောင်..” ဟုပြောကာ ကျန်းချန်ရွှမ်ကိုခေါ်ဆောင်၍ အဆောက်အဦးထဲသို့ ဝင်သွားခဲ့သည်။
***
နှစ်တစ်ရာကျင့်ကြံပြီးနောက်
အပိုင်း ၂၉ ။ အထူးလဲလှယ်ခွင့်၊ အဆင့် ၃ အဆောင်
မကြာခင်မှာပဲ နှစ်ယောက်သားမှာ သက်လတ်ပိုင်းလူကြီးတစ်ယောက်၏ရှေ့သို့ ရောက်ရှိလို့သွားသည်။
ထိုလူသည် ရှန်းပိုင်ဖေးဖြစ်ပြီး အခြေတည်အဌမအဆင့်ကျင့်ကြံသူတစ်ဦးဖြစ်သည်။ ဒါ့အပြင် ကျန်းချန်ရွှမ်မတွေ့ဖူးသေးသည့် တစ်ဦးတည်းသော အခြေတည်အဆင့်အကြီးအကဲလည်းဖြစ်သေးသည်။
ရှန်းရူယန်က သူ့ကိုတွေ့သည်နှင့် ချက်ချင်းပင်ပြုံးကာ နှုတ်ဆက်လိုက်သည်။
“တတိယဦးလေး။”
ရှန်းရူယန် တတိယဦးလေးဟုခေါ်လိုက်သည့် ရှန်းပိုင်ဖေးက သူမကို ပြန်ပြီးခေါင်းညိတ်ပြကာ ကျန်းချန်ရွှမ်ကိုကြည့်လိုက်သည်။
“ဒီတစ်ယောက်က အကြီးအကဲကျန်းပဲဖြစ်ရမယ်။ ကြည့်ရတာ မင်းတို့ ရတနာတွေလဲလှယ်ဖို့ရောက်လာတာနဲ့တူတယ်။”
ရှန်းရူယန်က ခေါင်းညိတ်လိုက်သည်။
“ဟုတ်ပါတယ်၊ တတိယဦးလေး။ ကျွန်မတို့ကို စာရင်းလေးပြပေးပါဦး။”
ထိုစကားကိုကြားပြီး ရှန်းပိုင်ဖေး ဘာမှပြန်ပြောလာခြင်းမရှိဘဲ ကျောက်စိမ်းပြားနှစ်ချပ်ကိုသာ ကျန်းချန်ရွှမ်နှင့် ရှန်းရူယန်တို့ကို ထုတ်ပေးလာခဲ့သည်။
“လဲလှယ်ခွင့်ရှိတဲ့ရတနာတွေအားလုံး ဒီကျောက်စိမ်းပြားတွေထဲမှာ မှတ်တမ်းတင်ထားတယ်။ မင်းတို့လဲချင်တာတွေ့ရင် ငါ့ကိုပြော။ ငါသွားယူပေးမယ်။”
“ကျေးဇူးတင်ပါတယ်၊ တတိယဦးလေး။”
ထို့နောက် ရှန်းရူယန်က ကျန်းချန်ရွှမ်နှင့်အတူ ကျောက်စိမ်းပြားထဲတွင်ပါရှိသည့် အကြောင်းအရာများကို စတင်ဖတ်ရှုခဲ့သည်။
ကျန်းချန်ရွှမ်အတွက်တော့ ကျီဖုအဆင့်အမတမျိုးနွယ်တစ်ခု၏ ရတနာစာရင်းကိုမြင်ဖူးခြင်းမှာ ပထမဆုံးအကြိမ်ဖြစ်သည်။
ဤရတနာများသည် သူ့အမြင်ကိုအမှန်တကယ် ကျယ်ပြန့်သွားစေသည်ဟုပင် ပြော၍ရသည်။ အဆင့် ၂ အဖိုးတန် လက်နက်၊ ဆေးလုံး၊ ဓမ္မရတနာ၊ ကျင့်ကြံခြင်းနည်းစနစ် နှင့် အဆောင်ပေါင်း ဒါဇင်များစွာရှိလို့နေသည်။ အဆင့် ၁ ပစ္စည်းများဆိုလျှင် အလွန်တရာများပြားလွန်းလှကာ အကြည့်တချက်ဖြင့်ပင် အနည်းဆုံး ရာထောင်ချီမည်ဟု ကျန်းချန်ရွှမ် ပြောနိုင်သည်။
ဒါမျိုးကို ကျီဖုအဆင့်အမတမျိုးနွယ်လို့ခေါ်တာပေါ့။
တကယ်ကို သာမာန်လေလွင့်ကျင့်ကြံသူတစ်ဦး ဒါမှမဟုတ် အခြေတည်အဆင့်မျိုးနွယ်တစ်ခုယှဉ်နိုင်တာမျိုး ဟုတ်မနေဘူး။
‘ဒါပေါ့’
ဤတစ်ခေါက် ရှန်းမျိုးနွယ်၏ရတနာသိုလှောင်ခန်းကို လိုက်ခဲ့ရသည့် အဓိကရည်ရွယ်ချက်မှာ ဒီအဆင့် ၂၊ အဆင့် ၁ ရတနာလေးတွေကို လိုချင်လို့မှမဟုတ်ဘဲ။ ဒါတွေမဟုတ်ဘဲ အထူးလဲလှယ်ခွင့်ရှိထားသည့်လူများသာ လဲလှယ်နိုင်မည့် ပစ္စည်းများရယူဖို့ သူလာခဲ့ခြင်းဖြစ်သည်။
စာရင်း၏အောက်ဘက်ကို တစ်ချက်ဆက်ကြည့်လိုက်သည်နှင့် ချက်ချင်းပင် အထူးပစ္စည်း သုံးမျိုးကိုတွေ့လိုက်ရသည်။
အဆောင်သုံးမျိုးပင်။
သို့သော်လည်း ထိုအဆောင် ၃မျိုးသည် သာမာန် အဆင့် ၁ နှင့် အဆင့် ၂ အဆောင်များမဟုတ်ဘဲ အဆင့် ၃ ပင်!
အားလုံးသိထားသည်အရ အဆင့် ၃ အဆောင်တစ်ခုသည် ကျီဖုအဆင့်နှင့်ညီမျှပေသည်။ ဤကဲ့သို့ပစ္စည်းမျိုးသည် သူတို့လိုမျိုးအခြေတည်အဆင့်ကျင့်ကြံသူများ လက်ဝယ်ပိုင်ဆိုင်နိုင်သည့်အရမဟုတ်ပေ။
ရှန်းမျိုးနွယ်စုလိုမျိုး ကျီဖုအဆင့်အမတမျိုးနွယ်စုတစ်ခုသာလျှင် ဤကဲ့သို့ပစ္စည်းမျိုးကို မျိုးနွယ်စုဝင်များအား ထောက်ပံ့ပေးနိုင်ခြင်းဖြစ်သည်။
ထိုသို့ဆိုလျှင်ပင် သာမာန်အခြေအနေများတွင်တော့ ရှန်းမျိုးနွယ်စုဝင်များသည်လည်း ထိုပစ္စည်းကိုလဲလှယ်ခွင့်မရှိဘဲ အထူးလဲလှယ်ခွင့်မျိုးရထားသူသည်သာ ရရှိနိုင်မည်ဖြစ်သည်။
ကျန်းချန်ရွှမ် စိတ်လှုပ်ရှားလာသည်။
သူသာ အထူးလဲလှယ်ခွင့်ရရှိလာလျှင် ဘာကိုမှမတွေးဘဲ အထူးပစ္စည်းကိုသာလဲလှယ်ဖို့ရန် ရှုန်းဝမ်တောက်ပြောလာခြင်းမှာ အံ့ဩစရာမရှိတော့ပေ။ ဒါက တကယ့်အကြောင်းအရင်းကိုး။
အခြေတည်အဆင့်ကျင့်ကြံသူတစ်ယောက်အတွက်တော့ အဆင့် ၃ ပစ္စည်းတစ်ခု ရနိုင်ခြင်းဆိုသည်မှာ အမှန်ကို ထီကြီးပေါက်သည်ထက်ပင် ပိုသည့် ကောင်းချီးပေးခံရခြင်းပင်။
အထူးသဖြင့် လာတော့မည့် နတ်ဆိုးသားရဲတိုက်ပွဲအတွင်းတွင် ဤပစ္စည်းကို သူ့အသက်ကယ်ပစ္စည်းအဖြစ် သေချာပေါက် အသုံးပြုနိုင်ပေမည်။
ကျန်းချန်ရွှမ်တစ်ယောက် အချိန်ဆွဲမနေတော့ဘဲ အဆင့် ၃ အဆောင်သုံးခုနှင့်သက်ဆိုင်သည့် အချက်အလက်များကို ဂရုတစိုက်ဖတ်ရှုလိုက်သည်။
ဤအဆင့် ၃ အဆောင် ၃ခုလုံးသည် အဆင့်နိမ့် (အဆင့် ၃) တိုက်ခိုက်ရေးအဆောင်များဖြစ်ကြပြီး ၎င်းတို့ကို မီးနဂါးအဆောင်၊ လေနက်အဆောင်၊ ကောင်းကင်ဘုံဓားအဆောင်ဟူ၍ ခေါ်သည်။
နာမည်အတိုင်းပင် မီးနဂါးအဆောင်ကိုအသုံးပြုလိုက်သည်နှင့် ရန်သူကို မီးနဂါးပုံစံဖြင့်တိုက်ကွက်ဖြင့် တိုက်ခိုက်မည်ဖြစ်သည်။ ထိုအဆောင်၏သက်ရောက်မှုအတွင်းတွင်ရှိသော ရန်သူမှန်သမျှကို ချက်ချင်းမဆိုင်းပြာမှုန့်များအဖြစ်သို့ ပြောင်းလဲသွားစေနိုင်သည့်အစွမ်းရှိပေသည်။
လေနက်အဆောင်သည်လည်း အလားတူပင်ဖြစ်ကာ တိုက်ခိုက်စွမ်းရည်ကြီးမားပေသည်။ ၎င်းကိုအသုံးပြုလိုက်သည်နှင့် အနက်ရောင်လေပွေတစ်ခုဖြစ်ပေါ်လာမည်ဖြစ်ကာ ထိုအနက်ရောင်လေဖြင့်ထိမိသည့် ကျင့်ကြံသူမှန်သမျှ အသွေးရောအသားရော စိတ်ဝိဉာဉ်ပါမကျန် တစ်စစီကွဲထွက်သွားမည်ဖြစ်သည်။
ကောင်းကင်ဘုံဓားအဆောင်သည်တော့ ရန်သူ၏နတ်အာရုံကို ပစ်မှတ်ထားသည့် ရှားပါးအဆောင်မျိုးဖြစ်သည်။ ၎င်းကိုအသုံးပြုလိုက်သည်နှင့် အဆောင်သည် ကောင်းကင်ဘုံဓားတစ်ခုအဖြစ်သို့ပြောင်းလဲကာ ရန်သူ၏စိတ်ဝိဉာဉ်ပင်လယ်ကို ထိုးခွဲပြီး နတ်အာရုံကို ဖျက်ဆီးပစ်မည်ပင်။
အဆောင်၏အဆင့်နှင့်ကိုက်ညီသည့် အကာအကွယ်နည်းလမ်းသာမရှိပါက ခုခံဖို့မဖြစ်နိုင်ပေ။ ကျီဖုအဆင့်ရှိကျင့်ကြံသူဖြစ်နေလျှင်တောင်မှ ထိုအဆောင်၏တိုက်ခိုက်မှုကိုခံရလျှင် ထိခိုက်မှုအလွန်တရာကြီးမားပေလိမ့်မည်။
ပြောနေစရာမလိုအောင် ကျန်းချန်ရွှမ်ကတော့ ထိုအဆောင်သုံးမျိုးလုံးကို လိုချင်နေတော့သည်။ သို့သော်လည်း လက်ရှိ သူ့တွင်ရှိသည့် မျိုးနွယ်ထောက်ပံ့မှုအမှတ်မှာ အဆောင်တစ်မျိုးကိုလဲလှယ်ဖို့ရာသာ လုံလောက်ပေသည်။
ဤအဆောင်သုံးမျိုးလုံး၏ တန်ကြေးမှာ မတူညီကြပေ။ တစ်ခုက ထောက်ပံ့မှုအမှတ် ၁၃,၅၀၀ လိုပြီး၊ နောက်တစ်ခုသည်တော့ ၁၄,၀၀၀ မှတ်ဖြစ်ကာ ကျန်သည်က အမှတ်ပေါင်း ၁၆,၀၀၀ လိုအပ်သည်။ ရှင်းရှင်းပြောရလျှင်တော့ ကောင်းကင်ဘုံဓားအဆောင်သည် ကျန်အဆောင်နှစ်မျိုးထက် ပို၍တန်ဖိုးကြီးပေသည်။
ကျန်းချန်ရွှမ်တစ်ယောက် ဘယ်အဆောင်ကိုရွေးရမှန်းမသိဖြစ်ကာ အနည်းငယ်ဝေခွဲရခက်လို့နေသည်။
ခဏကြာစဉ်းစားကြည့်ပြီး နောက်ဆုံးတွင်တော့ ဈေးအကြီးဆုံးဖြစ်သည့် ကောင်းကင်ဘုံဓားအဆောင်ကိုသာ ကျန်းချန်ရွှမ်ရွေးချယ်လိုက်တော့သည်။ အကြောင်းကတော့ ဤအဆောင်သည် ကျီဖုအဆင့်ကျင့်ကြံသူများကိုပင် ခြိမ်းခြောက်နိုင်စွမ်းရှိသောကြောင့်ပင်။
အခြားအဆောင်နှစ်မျိုး၏စွမ်းအားသည်လည်း ကျီဖုအဆင့်၏အစောပိုင်းရှိ ကျင့်ကြံသူတချို့ကို ခြိမ်းခြောက်နိုင်စွမ်းရှိပေသည်။ သို့သော်လည်း အခြေတည်အဆင့်ကျင့်ကြံသူတစ်ယောက်၏အမြန်နှုန်းဖြင့်ဆိုလျှင် တိုက်ပွဲအတွင်းတွင် ထိုအဆောင်များကို ကျီဖုအဆင့်ရန်သူထံသို့တည့်တည့်မတ်မတ်ထိမှတ်အောင် ပစ်နိုင်ဖို့ဆိုသည်က အင်မတန်ခက်ခဲပေသည်။
ကောင်းကင်ဘုံဓားအဆောင်သည်တော့ ကွဲခြားသည်။ ၎င်းသည် နတ်အာရုံကို တိုက်ခိုက်ရာတွင် အထူးပြုထားသည့်အဆောင်ဖြစ်တာကြောင့် ရန်သူဘက်က သတိပြုမိဖို့ရန် အလွန်ခက်ခဲလှသည်။ ကျီဖုအဆင့်ကျင့်ကြံသူဖြစ်နေလျှင်တောင်မှ ထိမှန်ဖို့အခွင့်အရေးမြင့်ပေသည်။
ထိုကောင်းကင်ဘုံဓားအဆောင်ကိုလဲလှယ်ပြီးနောက်တွင်တော့ ကျန်းချန်ရွှမ်တွင် ထောက်ပံ့မှုအမှတ် ၄,၀၀၀ သာကျန်ရှိတော့သည်။
သူ့အစီအစဉ်အရ ထိုအမှတ်များဖြင့် အဆင့် ၂ အကာအကွယ်ဓမ္မရတနာတစ်ခု၊ အခြေတည်အဆင့်၏နောက်ထပ်အဆင့်သေးတစ်ဆင့်ကိုချိုးဖြတ်နိုင်မည့် ဆေးလုံးတစ်လုံးနှင့် အဆင့်နိမ့် (အဆင့် ၂) မန္တာန်တစ်ခုကိုလဲလှယ်မည်ပင်။ ထို့နောက် အမှတ်လောက်သေးလျှင် အဆင့် ၂ အဆောင်ပြုလုပ်သည့် ပစ္စည်းတချို့ကိုဆက်ပြီးလဲလှယ်မည်ဖြစ်သည်။
ထိုသို့တွေးလိုက်ပြီးနောက် ကျန်းချန်ရွှမ်၏အကြည့်က အဆင့် ၂ ပစ္စည်းများဘက်သို့ပြန်လည်ရောက်ရှိသွားသည်။
ပထမဆုံးသူမြင်လိုက်သည်က အဆင့်နိမ့် (အဆင့် ၂) အကာအကွယ်ဓမ္မရတနာတစ်မျိုးဖြစ်သည့် ကျီကျင်းဝိဉာဉ်ဒိုင်းဖြစ်သည်။ ၎င်းကို ခရမ်းရွှေနက်ရောင်သံဖြင့်ပြုလုပ်ထားပြီး အကာအကွယ်စည်းများစွာရေးထွင်းထားသည်။ ၎င်းကိုအသက်သွင်းလိုက်သည်နှင့် နှစ်မီတာမြင့်သည့်ဒိုင်းအဖြစ်သို့ပုံပေါ်ကာ အခြေတည်အစောပိုင်းအဆင့်ကျင့်ကြံသူများ၏ တိုက်ခိုက်မှုအများစုကို တောင့်ခံနိုင်စွမ်းရှိပေမည်။
အခြေတည်အလယ်အဆင့် ကျင့်ကြံသူတစ်ဦး၏တိုက်ခိုက်မှုဆိုလျှင်တောင်မှ ခဏလောက်တော့ တောင့်ခံနိုင်ဦးမည်။
၎င်းကို အတော်အတန်ကောင်းမွန်သည့် အဆင့်နိမ့် (အဆင့် ၂) ဓမ္မရတနာတစ်ခုအဖြစ်ယူဆနိုင်သည်။
ထို့အပြင် ၎င်းသည် ထောက်ပံ့မှုအမှတ် ၁,၀၀၀သာ ကျသင့်ပေသည်။
အပြင်လောကတွင်သာဆိုလျှင် အနည်းဆုံး ဝိဉာဉ်ကျောက်တုံး ၁,၄၀၀ လောက်ကျမည်ဖြစ်သည်။
ကျန်းချန်ရွှမ်တစ်ယောက် နှောင့်နှေးမနေဘဲ ထိုဓမ္မရတနာကို သူ၏လဲလှယ်မည့်စာရင်းထဲသို့ ချက်ချင်းထည့်သွင်းလိုက်တော့သည်။
ထို့နောက် နောက်ထပ် ထောက်ပံ့မှုအမှတ် ၆၀၀ကိုသုံးကာ ရှန်းယွမ်ဆေးလုံးဟုခေါ်သော အဆင့်ချိုးဖြတ်သည့် အဆင့် ၂ ဆေးလုံးတစ်လုံးကိုလည်း လဲလှယ်ခဲ့သည်။
ဆက်လက်ပြီး ပုံရိပ်ယောင်ခြေလှမ်းဟုခေါ်သည့် အဆင့်နိမ့် (အဆင့် ၂) မန္တာန်တစ်ခုကို ကျပန်းရွေးချယ်လိုက်ကာ ထောက်ပံ့မှုအမှတ် ၇၀၀ ကျသင့်ခဲ့သည်။
ထိုမန္တာန်သည် ရွေ့လျားမှုအမျိုးအစားမန္တာန်တစ်ခုဖြစ်ကာ ကျင့်ကြံမှုအောင်မြင်သွားပါက အရှိန်ကိုတိုးမြင့်စေနိုင်ရုံမကဘဲ ရန်သူကို စိတ်ရှုပ်ထွေးစေမည့် ပုံရိပ်ယောင် တစ်ခုနှစ်ခုကိုလည်း ဖန်တီးလာနိုင်မည်ဖြစ်သည်။
ထိုမန္တာန်ကိုချိုးဖြတ်ရန် သက်ဆိုင်သည့်နည်းလမ်းသာမရှိထားပါလျှင် အချိန်တိုအတွင်း ဘယ်ဟာကအစစ် ဘယ်ဟာက ပုံရိပ်ယောင်မှန်း ခွဲခြားရအလွန်ခက်ပေမည်။
အားလုံးကိုလဲလှယ်ပြီးနောက် ကျန်းချန်ရွှမ်လက်ထဲတွင် ထောက်ပံ့မှုအမှတ် ၁၇,၀၀သာကျန်ရှိတော့သည်။
နောကထပ်ရနိုင်မည့်တစ်ခုခုထပ်ရှာကာ လဲလှယ်သင့်သလား ကျန်းချန်ရွှမ် စဉ်းစားနေတုန်းမှာပဲ ရုတ်တရက်ဆိုသလို သူ့စိတ်ထဲရှိ စနစ်ထံမှအသံက ထွက်ပေါ်လာခဲ့သည်။
***
နှစ်တစ်ရာကျင့်ကြံပြီးနောက်
အပိုင်း ၃၀ ။ တံခါးပိတ်ကျင့်ကြံခြင်း
[ဒင်! အောင်မြစ်မှုစနစ်မှ တာဝန်အသစ်ထုတ်ပြန်လာပါပြီ။ ကျေးဇူးပြုပြီး အဆင့် ၂ အဆောင် အခု၃၀ ရေးဆွဲပေးပါ၊ Host။]
[လက်ရှိတာဝန်ပြီးမြောက်မှု : ၁၈ ရာခိုင်နှုန်း]
စနစ်၏အသံကိုကြားပြီး ကျန်းချန်ရွှမ်၏ပထမဆုံးတုံ့ပြန်မှုမှာ အံ့ဩသွားခြင်းဖြစ်သည်။ ဒီတခေါက် စနစ်က ဘာလို့ သူ့ကိုအကြိမ်တစ်ရာလုပ်ဖို့မပြောတာပါလိမ့်?
သို့သော်လည်း ဒုတိယတုံ့ပြန်မှုသည်တော့ သက်ပြင်းချနိုင်သွားခြင်းပင်။ ကံကောင်းစွာဖြင့်စနစ်က သူ့ကို အဆင့် ၂ အဆောင် အကြိမ်တစ်ရာ မဆွဲခိုင်းခဲ့ပေ။ သူ့လက်ရှိအနေအထားအရ အဆင့် ၂ အဆောင် အခုတစ်ရာဆွဲဖို့ မတတ်နိုင်ပေ။ ပြောရမည်ဆိုလျှင် အဆင့် ၂ အဆောင်ရေးဆွဲရာတွင်အသုံးပြုရသည့် ပါဝင်ပစ္စည်းများသည် အဆင့် ၁ အဆောင်ထက် များစွာပိုဈေးကြီးနေခြင်းကြောင့်ဖြစ်သည်။
သူသာ ကျန်ချန်ရှိသည့် ထောက်ပံ့မှုအမှတ် ၁,၇၀၀လုံးကို အဆင့် ၂ အဆောင်ရေးဆွဲရန် လိုအပ်သည်များဝယ်လိုက်ပါလျှင် အများဆုံးမှ အဆင့် ၂ အဆောင် အခု၄၀ ဆွဲဖို့သာလုံလောက်သည့်ပစ္စည်းများရပေလိမ့်မည်။ ထို့အပြင် အားလုံးမှာ ဈေးအပေါဆုံး အဆင့် ၂ အဆောင်အတွက်သာ။
သို့သော်လည်း အခုတော့ အဆင့် ၂ အဆောင် အခု၃၀သာ ရေးဆွဲရမည်ဖြစ်တာကြောင့် သူတတ်နိုင်ပေပြီ။ ထို့အပြင် စနစ်က သူ ယခင်ရေးဆွဲခဲ့ပြီးသား အဆင့် ၂ အဆောင်တွေအတွက်ကိုပါ ထည့်တွက်ပေးထားခဲ့သေးသည်။
ကျန်းချန်ရွှမ် စာရင်းကိုသေချာပြန်စစ်လိုက်သည်။ အဆုံးတွင်တော့ ထောက်ပံ့မှုအမှတ် ၆၀၀ တန်သည့် အဆင့်နိမ့် (အဆင့် ၂) အဆောင်စုတ်တံကိုရွေးချယ်လိုက်သည်။
ဘာပဲဖြစ်ဖြစ် သူသာ အဆင့် ၂ အဆောင်များကိုလေ့လာဖို့ အမှန်တကယ်စီစဉ်ထားပါက အဆင့် ၂ အဆောင်စုတ်တံတစ်ခုက သေချာပေါက် လိုအပ်သည်။
ကျန်သည့် ထောက်ပံ့မှုအမှတ် ၁,၁၀၀ အတွက်ကိုတော့ အားလုံးကို အဆင့် ၂ အဆောင်ပြုလုပ်သည့်ပစ္စည်းများ ဝယ်လိုက်ဖို့ရန် ဆုံးဖြတ်လိုက်သည်။
ဒီလောက်ဆို သူ့ကို စနစ်မှ ပေးသည့်တာဝန်ပြီးမြောက်အောင် ထောက်ပံ့ဖို့ရန်အထိ လုံလောက်ပေပြီ။
သူနှင့်ရှန်းရူယန်တို့ လဲလှယ်ချင်သည့်ပစ္စည်းများကို ရှန်းပိုင်ဖေးကိုပြောပြီးနောက် ရှန်းပိုင်ဖေးက ခဏထွက်သွားခဲ့ကာ သိုလှောင်အိတ်နှစ်လုံးဖြင့် ပြန်ရောက်လာခဲ့သည်။
သူက သိုလှောင်အိတ်နှစ်လုံးကို ကျန်းချန်ရွှမ်နှင့်ရှန်းရူယန်ထံသို့ ပေးလိုက်ပြီး၊
“ဒီမှာ မင်းတို့လဲချယ်တဲ့ပစ္စည်းတွေ၊ စစ်ကြည့်လိုက်ဦး။”
သိုလှောင်အိတ်ကိုယူပြီးနောက် ကျန်းချန်ရွှမ်နှင့်ရှန်းရူယန်လည်း စစ်ကြည့်လိုက်သည်။ သူတို့လဲလှယ်သည့်ပစ္စည်းအားလုံး အပြည့်အစုံပါကြောင်း အတည်ပြုပြီးနောက် ရှန်းပိုင်ဖေးကို ခေါင်းညိတ်ပြကာ ကျေးဇူးတင်လိုက်ကြသည်။
ထို့နောက် ရှန်းပိုင်ဖေးကိုနှုတ်ဆက်လိုက်သည်။
အပြင်ဘက်ရောက်ချိန်တွင်… ရှန်းရူယန်က ကျန်းချန်ရွှမ်ကိုကြည့်ကာ ပြုံးလိုက်ပြီး၊ “အကြီးအကဲကျန်း၊ ရှင် နောက်တစ်ခေါက် တံခါးပိတ်ကျင့်ကြံဖို့ စီစဉ်နေတာလား?”
“ဟုတ်တယ်။”
ကျန်းချန်ရွှမ် ခေါင်းညိတ်လိုက်သည်။ “ခင်ဗျားရော?”
“ကျွန်မလည်း ပြန်မသွားတော့ဘူး။ ဒါဆို ဒီမှာပဲ လမ်းခွဲကြတာပေါ့။ အချိန်ရရင် ပြန်တွေ့ကြမယ်။
“ကောင်းပါပြီ။ နောက်မှတွေ့ကြတာပေါ့။”
ခဏကြာပြီးနောက် ကျန်းချန်ရွှမ်၏ သူ၏ဂူသို့ပြန်ရောက်လာခဲ့ကာ တံခါးပိတ်ကျင့်ကြံခြင်းကို စတင်လိုက်တော့သည်။
ဤတစ်ကြိမ် တံခါးပိတ်ကျင့်ကြံခြင်းတွင် ကျန်းချန်ရွှမ်အနေနှင့် လုပ်စရာ ၆ မျိုးရှိပေသည်။
ပထမဆုံးအနေနှင့် ရှန်းယွမ်ဆေးလုံးကိုသောက်ကာ အခြေတည်ဒုတိယအဆင့်ကိုချိုးဖြတ်ရမည်။ ဆက်ပြီး အဆင့်နိမ့် (အဆင့် ၂) ဓမ္မရတနာဖြစ်သည့် ကျီကျင်းဝိဉာဉ်ဒိုင်းနှင့် အဆင့်နိမ့် (အဆင့် ၂) အဆောင်စုတ်တံကိုသန့်စင်မည်။
ထို့နောက်တွင်တော့ အဆင့်နိမ့် (အဆင့် ၂) မန္တာန် ပုံရိပ်ယောင်ခြေလှမ်းနှင့် ချင်းဖုန်းဓားနည်းစနစ်ကို ကျင့်ကြံမည်ဖြစ်သည်။
ဒါနဲ့ဆို ငါးမျိုးရှိသွားပြီဖြစ်ကာ နောက်ဆုံးတစ်ခုအနေနှင့် အဆင့် ၂ အဆောင်များလုပ်မည်ပင်။
ကျန်းချန်ရွှမ်တစ်ယောက် အကြမ်းဖျင်းအစီအစဉ်ချကြည့်လိုက်ပြီးနောက် ဤတာဝန် ၆ မျိုးကိုပြီးမြောက်ဖို့ရန် ၄နှစ်-၅နှစ်ခန့်အချိန်ပေးရမည်ဟု ခန့်မှန်းလိုက်သည်။
….
အချိန်က ဖြည်းညှင်းစွာပင် ကုန်ဆုံးလို့နေသည်…
မျက်စိတစ်မှိတ်အတွင်းတွင်ပဲ နှစ်တစ်ဝက်ကုန်ဆုံးသွားခဲ့သည်။
လက်ရှိတွင် ကျန်းချန်ရွှမ်သည် ရှန်းယွမ်ဆေးလုံးကိုစားပြီး အခြေတည်ဒုတိယအဆင့်ကိုချိုးဖြတ်ပြီးခဲ့ပေပြီ။ သူ့ခန္ဓာကိုယ်တွင်းရှိ စစ်မှန်သောအဆီအနှစ်ပမာဏမှာ ၂၀ရာခိုင်နှုန်းအထိ တိုးများလာခဲ့သည်။ ယခင်ကဆိုလျှင် သူ၏စစ်မှန်သောအဆီအနှစ်မှာ အာတိတ်နတ်အလင်းတန်းကို ၂ကြိမ်အသုံးပြုပြီးနောက် ကုန်ဆုံးသွားမည်ဖြစ်သော်လည်း အခုတော့ ထိုသို့ထပ်ဖြစ်တော့မည်မဟုတ်ပေ။
အနည်းဆုံးတော့ အာတိတ်နတ်အလင်းတန်းကို ၂ကြိမ်သုံးပြီးလျှင်တောင်မှ သူ့တွင် ထွက်ပြေးဖို့ ခွန်အားကျန်ရှိနေပေဦးမည်။
ထို့အပြင် သူ့စစ်မှန်သောအဆီအနှစ်၏ခွန်အားသည် အခြေတည် စတုတ္ထအဆင့်မှကျင့်ကြံသူကိုပင် ယှဉ်၍ရသည်။
အလယ်အဆင့် (အဆင့် ၂) ကျီယန်ဓားနည်းစနစ်ကိုပါ ထည့်ပေါင်းလိုက်လျှင်တော့ သူ၏လက်ရှိခွန်အားမှာ အခြေတည်စတုတ္ထအဆင့်ရှိ ကျင့်ကြံသူကိုပင် ခြိမ်းခြောက်နိုင်စွမ်းရှိလောက်အောင် လုံလောက်နေတော့သည်။
နောက်နှစ်တစ်ဝက်အတွင်းတွင် ကျန်းချန်ရွှမ်သည် သူ၏စွမ်းအင်အားအများစုကို ကျီကျင်းဝိဉာဉ်ဒိုင်းနှင့် အဆင့် ၂ အဆောင်စုတ်တံကို သန့်စင်ရာတွင်သာ အသုံးပြုခဲ့သည်။ ရှေ့တစ်ခုက သူ၏ကိုယ့်ကိုယ်ကို ကာကွယ်နိုင်စွမ်းအားကို တိုးမြှင့်စေပြီး နောက်တစ်ခုသည်တော့ အဆင့် ၂ အဆောင်ရေးဆွဲရေးဆွဲရာတွင် ပိုမိုကောင်းမွန်ကာ လျင်မြန်စေနိုင်သည်။ အားလုံး အဖိုးတန်သည့်ပစ္စည်းများပင်။
ကျန်းချန်ရွှမ်တစ်ယောက် သန့်စင်ရာတွင် လုံးဝသတိမလွတ်ရဲခဲ့ပေ။ ကံကောင်းစွာဖြင့် အရာအားလုံး ချောမွေ့နေ့ခဲ့ပြီး နှစ်ဝက်ကျော်ကြာပြီးနောက်တွင်တော့ နှစ်မျိုးလုံးကို အောင်မြင်စွာ သန့်စင်နိုင်ခဲ့သည်။
ဒိုင်းနှင့်စုတ်တံကို သန့်စင်ပြီးသွားသော်လည်း ကျန်းချန်ရွှမ်တွင် ဖြုန်းရန်အချိန်မရှိဘဲ သူ၏စိတ်စွမ်းအင်အလုံးစုံကို အဆင့်၂ မန္တာန်တစ်ခုဖြစ်သည့် ပုံရိပ်ယောင်ခြေလှမ်းနှင့် ချင်းဖုန်းဓားနည်းစနစ်ကို လေ့ကျင့်ရာတွင် အာရုံစိုက်ထားပြန်သည်။
ချင်းဖုန်းဓားနည်းစနစ်သည် စနစ်ထံမှရရှိထားသည့် ဆုလက်ဆောင်ဖြစ်တာကြောင့် ပြဿနာမရှိပေ။ ကျန်းချန်ရွှမ် ၎င်းကိုကျင့်ကြံရာတွင် အခက်အခဲများများစားစားမကြုံတွေ့ခဲ့ရဘဲ နှစ်တစ်ဝက်အကြာတွင်ပဲ ချင်းဖုန်းဓားနည်းစနစ်၏အစောပိုင်းအဆင့်ကို အောင်အောင်မြင်မြင် ကျင့်ကြံနိုင်ခဲ့သည်။
စနစ်ထံမှရရှိခဲ့သည့် ဤဓားနည်းစနစ်သည် အမှန်ကို အလွန်အင်အားကြီးကြောင်း ဝန်ခံရပေမည်။ စနစ်က ဤဓားနည်းစနစ်၏အဆင့်အကြောင်း ဘာမှမပြောခဲ့သော်လည်း ကျန်းချန်ရွှမ်ကတော့ ချင်းဖုန်းဓားနည်းစနစ်၏အစောပိုင်းအဆင့်ကပင် တချို့သော ပြီးပြည့်စုံသည့် အဆင့်နိမ့် (အဆင့် ၂) မန္တာန်များကိုပင် ကျော်လွန်နိုင်နေပြီဖြစ်ကြောင်း ခံစားရသည်။ သူသာ ချင်းဖုန်းဓားနည်းစနစ်ကို နှောင်းပိုင်းအဆင့် သို့မဟုတ် ပြီးပြည့်စုံသည့်အဆင့်သို့တိုင် ရောက်အောင် ကျင့်ကြံနိုင်သွားလျှင် သေချာပေါက် အဆင့်မြင့် (အဆင့် ၂) မန္တာန်ကိုပင် ယှဉ်နိုင်ပေလိမ့်မည်။
ယှဉ်ကြည့်လိုက်လျှင် ပုံရိပ်ယောင်ခြေလှမ်းသည်တော့ ကျန်းချန်ရွှမ်ကို အတော်လေး ခေါင်းကိုက်စေခဲ့သည်။
သို့သော်လည်း ၎င်းမှာ သာမာန်အခြေအနေဟုသာ ယူဆ၍ရသည်။ အားလုံးသိကြသည့်အတိုင်း ရွေ့လျားမှုအမျိုးအစားမန္တာန်များသည် တခါတရံ တိုက်ခိုက်မှုအမျိုးအစားမန္တာန်များထက်ပင် လေ့ကျင့်ရ ပို၍ခက်ခဲတတ်ကြသည်။
ထို့အပြင် သူ၏နားလည်နိုင်စွမ်းသည်ကလည်း ထူးခြားနေသည့်ထဲမပါပေ။
ဒါကြောင့် ပုံရိပ်ယောင်ခြေလှမ်းကိုလေ့ကျင့်ရာမှာ အခက်အခဲများနှင့်ရင်ဆိုင်ရသည်က အံ့ဩစရာမရှိပေ။
ကံကောင်းစွာဖြင့် ထိုအခြေအနေမှာ သိပ်ပြီး မကြာလိုက်ပါဘဲ နှစ်တစ်ဝက်ခန့်ကြာပြီးနောက်တွင်တော့ ကျန်းချန်ရွှမ်တစ်ယောက် ပုံရိပ်ယောင်ခြေလှမ်း၏ အစောပိုင်းအဆင့်ကို ကျွမ်းကျင်သွားခဲ့သည်။
လက်ရှိတွင် သူ၏အမြန်နှုန်းမှာ ယခင်ထက် ၂၀ရာခိုင်နှုန်း ပို၍မြန်ဆန်လာခဲ့ပေပြီ။ သူတစ်ချက်ခုန်လိုက်သည်နှင့် သူနှင့်တစ်ထပ်တည်းတူညီသည့် ပုံရိပ်တစ်ခုက သူ့နောက်တွင် ပေါ်လာပေလိမ့်မည်။ ဤမန္တာန်ကိုချိုးဖြတ်နိုင်မည့် သက်ဆိုင်သောမန္တာန်တစ်ခုသာမရှိပါက ဘယ်ဟာကတော့ သူ့ခန္ဓာကိုယ်အစစ်ဖြစ်ပြီး ဘယ်ဟာကတော့ သူ့ပုံရိပ်ယောင်ဖြစ်ကြောင်း အလွယ်တကူခွဲခြားနိုင်တော့မည်မဟုတ်ပေ။
ထိုသို့ဖြင့် အချိန် ၂နှစ်ကျော် ကုန်ဆုံးသွားခဲ့သည်။ ကျန်းချန်ရွှမ်ကတော့ တံခါးပိတ်ကျင့်ကြံခြင်းမှ ထွက်ဖို့ရန် စိတ်ကူးမရှိသေးပေ။
အကြောင်းကတော့ သူ့တွင် နောက်ဆုံးလုပ်ဆောင်ရမည့် အဆင့် ၂ အဆောင်များရေးဆွဲကာ သူ၏အဆောင်ရေးဆွဲခြင်းကို မြှင့်တင်ဖို့ရန် မကျင့်ကြံရသေးခြင်းကြောင့်ဖြစ်သည်။
ဤတစ်ကြိမ်တွင်တော့ အရင်လိုမျိုး အတူညီသည့် အဆင့်နိမ့် (အဆင့် ၂) အဆောင်များကို ကျန်းချန်ရွှမ် မရေးဆွဲတော့ဘဲ ဟွေ့ချွင်းအဆောင်ဟုခေါ်သည့် အဆင့်နိမ့် (အဆင့် ၂) အဆောင်ကိုသာ အာရုံစိုက်ခဲ့သည်။ တကယ်တော့ ၎င်းသည် ဒဏ်ရာများကိုကုသရန်အသုံးပြုသည့် ကုသရေးအဆောင်တစ်ခုဖြစ်သည်။
အဆင့်နိမ့် (အဆင့် ၂) အဆောင်များစွာထဲတွင် အစပြုဖို့အလွယ်ကူဆုံးအဆောင်လည်းဖြစ်သည်။
သူ အဆောင် ၄-၅ခုကို တဆက်တည်းရေးဆွဲခဲ့သော်လည်း တစ်ခုမှမအောင်မြင်ပေ။ ကံကောင်းစွာဖြင့် တာဝန်ပြီးမြောက်မှုနှုန်းသည်တော့ ၁၈ရာခိုင်နှုန်းမှ ၃၅ ရာခိုင်နှုန်းအထိ တိုးတက်လာခဲ့သည်။
***