← Chapters

အခန်း (၃၆-၄၀)

Vol. 2 Ch. 36-40

အခန်း (၃၆-၄၀)

Vol. 2 Ch. 36-40

နှစ်တစ်ရာကျင့်ကြံပြီးနောက်

အပိုင်း ၃၆ ။ ပစ္စည်းဖလှယ်ပွဲစတင်ပါပြီ

“မင်္ဂလာပါ၊ တာအိုရောင်းရင်းကျန်း။”

ချိုးယီရွှေ၏မိတ်ဆက်ပေးမှုကြောင့် ယန်ကျွင်းလန်ကလည်း ချက်ချင်းပင် ပြုံးကာ ကျန်းချန်ရွှမ်အား နှုတ်ဆက်လိုက်သည်။

သူမက ကျန်းချန်ရွှမ် သူတို့လော့ရှားမန်ဂိုဏ်းကို မရွေးချယ်ခဲ့သည့်အပေါ် သို့မဟုတ် တမင်တကာ လျစ်လျူရှုခဲ့သည့်အပေါ် ရန်ငြှိုးထားသည့်အမူအရာမျိုးမပြပေ။ အခြေတည်အဆင့်သို့ရောက်ရှိပြီးသား ကျင့်ကြံသူများသည် အကြောင်းမရှိ ရန်သူဖွဲ့ရလောက်သည်အထိ မိုက်မဲသူများမဟုတ်ကြတော့ပေ။

ဒါပေါ့ ဒီလိုလူမျိုး လုံးဝမရှိဘူးရယ်လို့လည်း မဟုတ်ပါဘူး။ ဒါပေမယ့် အနည်းစုလောက်ပဲရှိတာပေါ့။

အနည်းဆုံးတော့ ကျန်းချန်ရွှမ်သည်တော့ ထိုသို့သောလူမျိုးနှင့် မကြုံတွေ့ဖူးသေးပေ။

အချင်းချင်း ဖော်ရွေသည့်အပြုအမူလေးတွေဖလှယ်လိုက်ကြပြီးနောက် ရုတ်တရက် ချိုးယီရွှေက အရှေ့ကိုကြည့်လိုက်သည်။

ထိုနေရာတွင်တော့ လျိုယွင်ဂိုဏ်း၏အကြီးအကဲဝတ်စုံဝတ်ဆင်ထားသည့် သက်လတ်ပိုင်းအမျိုးသားတစ်ဦးက စင်ပေါ်သို့ ခပ်ဖြည်းဖြည်းတက်လာနေသည်ပင်။

ကျန်းချန်ရွှမ်၏မျက်လုံးထဲ အံ့ဩရိပ်တစ်စဖြတ်ပြေးလို့သွားသည်။

အခု စင်ပေါ်သို့တက်လာသည့် သက်လတ်ပိုင်းအရွယ်အမျိုးသားသည်လည်း တခြားသူမဟုတ်ဘဲ ယခင်က သူ့ကိုဂိုဏ်းထဲသို့ဝင်ရန် ကမ်းလှမ်းခဲ့သည့် လျိုယွင်ဂိုဏ်း၏အကြီးအကဲ ဝမ်တုန်လဲ့သာဖြစ်နေသည်။

လက်ရှိတွင်တော့ သူက စင်အောက်ရှိလူအားလုံးကို ဝေ့ကြည့်ကာ၊

“ကျုပ်က လျိုယွင်ဂိုဏ်းရဲ့ ဝမ်တုန်လဲ့ပါ။ ပစ္စည်းဖလှယ်ပွဲစတင်ဖို့ အချိန်ကျပါပြီ။”

သူက ခဏရပ်လိုက်ပြီး၊

“ဒီပစ္စည်းဖလှယ်ပွဲကို လျိုယွင်ဂိုဏ်းက ဦးစီးကျင်းပတာဖြစ်တာကြောင့် ဒီနေ့ပွဲကို ကျုပ်ကပဲ ဦးဆောင်လိုက်ပါမယ်။”

ထိုသို့ပြောပြီးနောက် ဝမ်တုန်လဲ့က သူ့ကိုယ်ပေါ်မှ ပစ္စည်းအနည်းငယ်ကို ထုတ်ယူလိုက်သည်။

ဆေးလုံးများပါဝင်သည့်ပုလင်းတစ်လုံး၊ ဓမ္မရတနာတစ်ခုနှင့် လက်ဖဝါးအရွယ်ရှိ မီးနီကျောက်တုံးတစ်တုံးတို့ဖြစ်သည်။

သူက ပစ္စည်းသုံးမျိုးကို လူတိုင်းအား ပြသလိုက်သည်။

ဆေးပုလင်းထဲတွင်တော့ အခြေတည်နှောင်းပိုင်းအဆင့်ကျင့်ကြံသူများအတွက် သူတို့၏စစ်မှန်သောအဆီအနှစ်နှင့် ကျင့်ကြံဆင့်ကို အလျင်အမြန်တိုးတက်စေရန် အဓိက ကူညီပေးနိုင်သည့် အဆီအနှစ်သိပ်သည်းဆေးလုံးများပါဝင်သည်။

ဓမ္မရတနာသည်တော့ အဆင့်မြင့် (အဆင့် ၂) လှံတစ်ချောင်းဖြစ်သည်။

၎င်းကို ကျန့်ဝူထိုက်ယိလှံဟုခေါ်ပြီး အဖိုးတန် အဆင့်မြင့် (အဆင့် ၂) ပစ္စည်းဖြစ်သော ထိုက်ယိရွှေသလင်းသံနှင့် ပြုလုပ်ထားခြင်းဖြစ်သည်။ ၎င်းတွင် ထိုးစစ်ဆင်သည့်မှော်အက္ခရာများစွာရေးထွင်းထားကာ အနီးကပ်တိုက်ပွဲဝင်သည့်ကျင့်ကြံသူများအွက် အထူးသင့်လျော်ပေသည်။

နောက်ဆုံးတစ်ခုသည်တော့ စစ်မှန်သောမီးကောင်းကင်သလင်းဟုခေါ်သည့် အဆင့်မြင့် (အဆင့် ၂) ရတနာပင်ဖြစ်သည်။ ၎င်းသည် ကျင့်ကြံသူများကို အဆင့်မြင့် (အဆင့် ၂) မီးဒြပ်စင်မန္တာန်များ မြန်မြန်ဆန်ဆန်ထုတ်ဖော်နိုင်ရန် အကူအညီပေးကာ အဆင့်မြင့် (အဆင့် ၂) တိုက်ခိုက်ရေးအစီအရင်များ ခင်းကျင်းရာတွင် အသုံးပြုနိုင်သလို အဆင့်မြင့် (အဆင့် ၂) မီးဒြပ်စင်လက်နက် သွင်းလုပ်ရာတွင်လည်း အသုံးပြုနိုင်ပေသည်။ ပြောရလျှင်တော့ အတော်လေး အဖိုးတန်သည့်ပစ္စည်းတစ်မျိုးပင်။

ဝမ်တုန်လဲ့ထုတ်ယူလာသည့် ပစ္စည်းသုံးမျိုးလုံးမှာ အလွန်ရှားပါးသည့်အထဲပါဝင်ကြသည်။

စင်အောက်ရှိကျင့်ကြံဿူများ၏မျက်လုံးများ တောက်ပနေကာ ထိုပစ္စည်းများကို အလွန်စိတ်ဝင်စားနေကြသည်။

ထိုအချိန်မှာပဲ ဝမ်တုန်လဲ့က ပြုံးလိုက်ကာ၊

“ဒါကတော့ အဆီအနှစ်သိပ်သည်းဆေးလုံးတစ်ပုလင်း၊ အဆင့်မြင့် (အဆင့် ၂) ဓမ္မရတနာလက်နက်နဲ့ စစ်မှန်သောမီးကောင်းကင်သလင်းတို့ပဲ။ ဒီပစ္စည်းသုံးမျိုးရဲ့တန်ဖိုးနဲ့ပတ်သတ်ပြီး ခင်ဗျားတို့ကို အကျယ်တဝံ့ရှင်းပြနေဖို့တော့ မလိုတော့ဘူးထင်တယ်။

ဒီနေ့ ဒီပစ္စည်းသုံးမျိုးကိုသုံးပြီး အဆင့် ၂ အရည်အသွေးတူ သစ်သားနဲ့မြေဒြပ်စင်ပစ္စည်း ဒါမှမဟုတ် အရည်အသွေးတူညီတဲ့ လေနဲ့မိုးကြိုးဒြပ်စင်ပစ္စည်းနဲ့ လဲလှယ်ချင်တယ်။

ဒါပေါ့၊ တကယ်လို့ အရည်အသွေးတူတဲ့ လေနဲ့မိုးကြိုးဒြပ်စင်ပစ္စည်းပဲရှိတယ်ဆိုရင်လည်း ကျုပ်တို့ ဈေးညှိနှိုင်းနိုင်ပါတယ်။”

ဝမ်တုန်လဲ့လိုချင်သည့်အခြေအနေများကိုကြားပြီးနောက် ကျင့်ကြံသူအများအပြားမှာ စိတ်ပျက်လက်ပျက်မကြည့်မိကြဘဲ မနေနိုင်ခဲ့ပေ။ သိသိသာသာကိုပဲ သူတို့မှာ ဝမ်တုန်လဲ့လိုချင်သည့် ပစ္စည်းများရှိမနေကြပေ။

သို့သော်လည်း ထိုသို့သောအဖိုးတန်ပစ္စည်းများရှိသည့် ကျင့်ကြံသူဆိုတာ လုံးဝမရှိဘဲလည်းနေသည်မဟုတ်ပေ။ မကြာခင်မှာပဲ အခြေတည်နှောင်းပိုင်းအဆင့် အမျိုးသမီးကျင့်ကြံသူတစ်ဦးက အဆင့်မြင့် (အဆင့် ၂) မြေဒြပ်စင်ပစ္စည်းကို ထုတ်ယူလာကာ ဝမ်တုန်လဲ့နှင့်လဲလှယ်လိုက်သည်။

ထို့နောက် နောက်ထပ် အခြေတည်နှောင်းပိုင်းအဆင့်ကျင့်ကြံသူ နှစ်ယောက်ကလည်း မြေဒြပ်စင်ပစ္စည်းများကိုသုံးကာ ဝမ်တုန်လဲ့ထံတွင်ကျန်သည့် နောက်ပစ္စည်းနှစ်မျိုးကိုပါ လဲလှယ်လိုက်ကြသည်။

ဝမ်တုန်လဲ့သည်တော့ အသိအသာကို ကျေနပ်နေခြင်းမရှိပေ။

တကယ်တော့ သူဒီတစ်ခေါက်အလိုချင်ဆုံးပစ္စည်းမှာ လေနှင့်မိုးကြိုးဒြပ်စင်ပစ္စည်းများသာဖြစ်သည်။ သို့သော်လည်း ထိုသို့ အဖိုးတန်အထူးဒြပ်စင်များဖြစ်သော လေနှင့်မိုးကြိုးဒြပ်စင်များသည် အဆင့် ၂ မဆိုထားနှင့် ပုံမှန်အရည်အသွေးတူဆိုလျှင်ပင် ရရှိရန် ခက်ခဲလှကြောင်း သူလည်း ကောင်းကောင်းနားလည်ပေသည်။

ထို့နောက် ဝမ်တုန်လဲ့ စင်ပေါ်မှ ဆင်းသွားခဲ့သည်။

ချက်ချင်းဆိုသလိုပဲ အခြေတည် နဝမအဆင့်ကျင့်ကြံသူတစ်ယောက်က တက်လာကာ တိမ်နှင့်တူသည့်ပစ္စည်းတစ်ခုကိုထုတ်လိုက်ပြီး အားလုံးကိုပြောလိုက်သည်။

“အားလုံးပဲ ဒီပစ္စည်းကို အိပ်မက်အခိုးငွေ့ လို့ခေါ်တယ်။ အဓိကအနေနဲ့တော့ အဆင့်မြင့် (အဆင့် ၂) ပုံရိပ်ယောင်အစီအရင် ခင်းကျင်းတဲ့နေရာမှာသုံးတယ်။ ဒါ့အပြင် အထူးလက်နက်တွေသန့်စင်ရာမှာလည်း သုံးနိုင်တယ်။

သူ့ရဲ့တန်ဖိုးကတော့ ဒီလောက်ပြောရုံနဲ့တင် သိသာနေလောက်ပါပြီ။ ငါ ဒီပစ္စည်းကို ကျီဖု(အဆင့်)ဆေးလုံးတစ်လုံး ဒါမှမဟုတ် အတွင်းစိတ်နတ်ဆိုးကို တိုက်ဖျက်နိုင်တဲ့ရတနာတစ်ခုခုနဲ့ လဲလှယ်ချင်တယ်။”

ကျီဖုဆေးလုံး?

ထိုနာမည်ကိုကြားပြီး ကျန်းချန်ရွှမ်၏နှလုံးခုန်နှုန်း မြန်ဆန်သွားခဲ့သည်။

သူမှတ်မိတာသာမှန်မယ်ဆိုလျှင် ကျီဖုဆေးလုံးသည် ကျင့်ကြံသူများ ကျီဖုအဆင့်သို့တက်ရာတွင် ကျရှုံးခဲ့လျှင် သူတို့၏ တာအိုနှလုံးသားနှင့်ဝိညာဉ်ကို ကာကွယ်ရာတွင် အထောက်အကူပေးသည့်ပုံပင်။

ကျီဖုအဆင့်ကိုချိုးဖြတ်အောင်မြင်နိုင်နှုန်းကိုတော့ မတိုးတက်စေနိုင်သော်လည်း ၎င်းကိုသောက်ပါက အနည်းဆုံးတော့ အသက်အာမခံချက်ရှိသွားပေသည်။

အကယ်၍မင်းသာ အသက်မသေဘဲ ၈နှစ်ကနေ ၁၀နှစ်လောက်အထိ ကောင်းကောင်း အားပြန်ဖြည့်လိုက်မည်ဆိုလျှင် ကျီဖုအဆင့်ကိုချိုးဖြတ်ရန် ဒုတိယအကြိမ်အခွင့်အရေးကို ရရှိနိုင်ပေလိမ့်မည်။

ကျန်းချန်ရွှမ်ဘေးတွင်ရပ်နေသည့် ချိုးယီရွှေက အခြေတည်နဝမအဆင့်ကျင့်ကြံသူလိုချင်သည့်ပစ္စည်းကိုကြားလိုက်ရာ ခေါင်းအသာယမ်းလေသည်။

“အိပ်မက်အခိုးငွေ့က ကျီဖုဆေးလုံးတစ်လုံးကိုလဲဖို့အထိ မလုံလောက်ဘူး။ ကြည့်ရတာ ဒီတာအိုရောင်းရင်းက အနာဂါတ်မှာ ကျီဖုအဆင့်ကိုချိုးဖြတ်ဖို့ ကြိုးစားမယ့်ပုံပဲ။”

ထိုစကားကြောင့် ကျန်းချန်ရွှမ် သူမကိုလှည့်ကြည့်ကာ မမေးကြည့်ဘဲ မနေနိုင်ခဲ့ပေ။

“တာအိုရောင်းရင်းချိုး၊ ဒီတာအိုရောင်းရင်းက ဘာလို့ သူ့ရဲ့အတွင်းစိတ်နတ်ဆိုးကို တိုက်ဖျက်နိုင်မယ့် ရတနာကို လိုချင်ရတာလဲ?”

ယန်ကျွင်းလန်က သူ့ကိုကြည့်လာကာ၊ “ဘာလို့လဲဆိုတာ မင်းမသိဘူးလား?”

ကျန်းချန်ရွှမ်ကတော့ လုံးဝရှက်မသွားဘဲ ခေါင်းယမ်းပြလိုက်သည်။

“ကျွန်တော် တကယ်ကိုမသိဘူး။ တကယ်တော့ တာအိုရောင်းရင်းချိုးလဲ သိသားပဲ၊ ကျွန်တော် အခြေတည်အဆင့်ကိုချိုးဖြတ်နိုင်ခဲ့တာ အခုမှ ၄-၅နှစ်ပဲရှိသေးတယ်လေ။”

ချိုးယီရွှေက နားလည်စွာခေါင်းညိတ်လိုက်သည်။

“အမှန်ပဲ။”

“တကယ်လို့ ငါတို့လို အခြေတည်အဆင့်ကျင့်ကြံသူတွေသာ ကျီဖုအဆင့်ကိုချိုးဖြတ်ချင်ရင် အရေးအကြီးဆုံးအဆင့်အနေနဲ့ နီဝမ်နန်းတော်ကိုဖွယ်ဖို့အတွက် ငါတို့ရဲ့နတ်ဝိညာဉ်စွမ်းအားကို သုံးပြီး စစ်မှန်သောအဆီအနှစ်ကို မှော်စွမ်းအားအဖြစ် ပြောင်းလဲရမယ်။ ဒီလိုလုပ်ဆောင်နေစဉ်အတွင်း အတိဒုက္ခမျိုးစုံကိုလည်း ကြုံတွေ့ရလိမ့်မယ်။

အန္တရာယ်အများဆုံးကတော့ အတွင်းစိတ်နတ်ဆိုးပေါ်လာတာပဲ။ အဲ့ဒီအချိန်ကျရင် မင်းက အပြစ်ရှိစိတ်၊ နောင်တရစိတ်၊ ဝမ်းနည်းစိတ်၊ ဒေါသ၊ ပျော်ရွှင်မှု၊ ခံစားချက်တွေအားလုံး ရောမွှေနေသလိုခံစားရလိမ့်မယ်။ အဲ့လိုအချိန်ကျရင် မင်းရဲ့တာအိုနှလုံးသားကို မကာကွယ်နိုင်ဘူးဆိုရင် ဒီခံစားချက်တွေရဲ့ ဝါးမြိုမှုကို ခံလိုက်ရလိမ့်မယ်။

ဒီလိုဆို စစ်မှန်သောအဆီအနှစ်က ပရမ်းပတာဖြစ်သွားပြီး မင်းရဲ့ကျင့်ကြံဆင့်ကလည်း ဆုတ်ယုတ်သွားမယ့်အပြင် နတ်ဝိညာဉ်လည်း ပျက်စီးသွားလိမ့်မယ်။

ဒါကြောင့်ပဲ ငါတို့က ပြင်ပအကူအညီကိုလိုအပ်တာ။”

ကျန်းချန်းရွှမ် နားလည်သွားကာ ခေါင်းညိတ်လိုက်သည်။ “အဲလိုကိုး။”

လက်ရှိတွင်..

အခြေတည်နဝမအဆင့်ကျင့်ကြံသူသည် သူလိုချင်သည့်ပစ္စည်းနှင့်လဲလှယ်ဖို့ တစ်ယောက်မှမထွက်လာသည်ကိုမြင်ပြီး သူ၏လဲလှယ်မှုက ကျရှုံးသွားကြောင်း နားလည်လိုက်သည်။ အဆုံးမှာတော့ သူလည်း စိတ်ပျက်လက်ပျက်ဖြင့် စင်ပေါ်မှ ထွက်သွားခဲ့ပေသည်။

***

နှစ်တစ်ရာကျင့်ကြံပြီးနောက်

အပိုင်း ၃၇ ။ ရှန်းမျိုးနွယ်စုမှ ရုတ်တရက်အပြောင်းအလဲ

နောက်ဆက်ပြီး စင်ပေါ်သို့ ကျင့်ကြံသူများစွာ တက်ကြဆင်းကြဖြင့် ရှိခဲ့သည်။ သူတို့သည်လည်း သူတို့တွင်မရှိသည့် ပစ္စည်းမျိုးစုံကို လဲလှယ်လိုခဲ့ကြသည်။

ကျင့်ကြံသူတချို့က ဆေးလုံးများလဲလှယ်လိုပြီး၊ တချို့ကတော့ ဓမ္မရတနာများ၊ တချို့ကတော့ ကျင့်ကြံခြင်းနည်းစနစ်များ၊ တချို့သည်တော့ စိတ်ဝိညာဉ်ဆေးပင်များစသည်ဖြင့် အမျိုးမျိုးပင်။

အဆုံးမှာတော့ ချိုးယီရွှေနှင့် ယန်ကျွင်းလန်တောင်မှ စင်ပေါ်သို့တစ်ယောက်ပြီးတစ်ယောက် တက်သွားခဲ့ကြသည်။

တစ်ဖက်တွင်တော့ ကျန်းချန်ရွှမ်သည် ဤနေရာသို့ရောက်ဖူးသည်က ပထမဆုံးအကြိမ်ဖြစ်သလို သူ၏ကျင့်ကြံဆင့်မှာလည်း ထူးခြားနေခြင်းမဟုတ်တာကြောင့် နောက်တန်းမှာ ချောင်ကပ်လို့နေသည်။

နောက်ဆုံး သူစင်ပေါ်သို့တက်သည့်အလှည့်ရောက်သွားချိန်မှာတော့ စင်အောက်တွင်ကျန်ရှိသည့်ကျင့်ကြံသူအရေအတွက်မှာ အလွန်နည်းပါးလို့နေလေပြီ။ သိသိသာသာကိုပဲ လူများက သူတို့လိုချင်သည့်ပစ္စည်းများကိုလဲလှယ်၍ပြီးနောက် စောစောစီးစီးပြန်လည်ထွက်ခွာသွားခဲ့ကြပြီဖြစ်သည်။

ကျန်ရှိနေသည့်လူများကိုတစ်ချက်ကြည့်လိုက်ပြီးနောက် ကျန်းချန်ရွှမ်က နတ်ဆိုးကျင့်ကြံသူထံမှရရှိထားသည့် ရေဖန်သားကျောက်ကိုထုတ်ယူလိုက်ကာ၊

“ဒါကတော့ အဆင့် ၂ ရေဒြပ်စင်ဓမ္မလက်နက်သန့်စင်ရာမှာ အဓိကသုံးတဲ့ ရေဖန်သားကျောက်ပါ။ ကျုပ် ဒါကိုသုံးပြီး ကောင်းကင်ဝိညာဉ်နှင်းရေစက် ၂ ပုလင်းနဲ့လဲလှယ်ချင်ပါတယ်။

ဒါပေါ့ မင်းမှာ တစ်ပုလင်းတည်းရှိတယ်ဆိုရင်လည်း ဝိညာဉ်ကျောက်တုံး ၅၀၀ အလိုက်ပေးပြီး ဒီကျောက်နဲ့လဲလှယ်နိုင်တယ်။”

ကျန်းချန်ရွှမ်ထုတ်ယူလာသည့်ပစ္စည်းကိုမြင်ပြီးနောက် တချို့လူများ၏မျက်လုံးများက အရောင်တောက်သွားကြသည်။

သို့သော်လည်း ကျန်းချန်ရွှမ် လိုချင်သည့်ပစ္စည်းကိုကြားပြီးနောက်တွင်တော့ အတော်များများက မျက်မှောင်မကြုတ်မိဘဲမနေနိုင်ကြပေ။

အကြောင်းကတော့ ကောင်းကင်ဝိညာဉ်နှင်းရေစက်ကိုစုဆောင်းနိုင်သည့်လူမှာ အနည်းစုသာရှိခြင်းကြောင့်ပင်။

ယခုနေရာတွင်ရှိနေသည့်လူအများစုမှာတော့ မရှိကြပေ။

သို့သော်လည်း ထိုအချိန်မှာပဲ ပစ္စည်းဖလှယ်ပွဲ၏ကြီးကြပ်သူ ဝမ်တုန်လဲ့က ပြုံးကာ ကျန်းချန်ရွှမ်ကို ပြောလိုက်သည်။

“တာအိုရောင်းရင်းကျန်း၊ မတွေ့တာကြာပေါ့။ တိုက်တိုက်ဆိုင်ဆိုင်ပဲ ငါ့မှာ ကောင်းကင်ဝိညာဉ်နှင်းရေစက် ၂ပုလင်းရှိထားတယ်။

ဒါပေမယ့်လို့ ငါသာ ဒီကောင်းကင်ဝိညာဉ်နှင်းရေစက် ၂ ပုလင်းကို မင်းရဲ့ရေဖန်သားကျောက်နဲ့လဲလှယ်မယ်ဆိုရင် မင်း ငါ့ကိုထပ်ပြီးဝိညာဉ်ကျောက်တုံးတွေထပ်ပေးဖို့လိုဦးမယ်ထင်တယ်။”

ဝမ်တုန်လဲ့၏စကားများကိုကြားပြီးနောက် အစက အနည်းငယ်စိတ်ပျက်နေမိသည့် ကျန်းချန်ရွှမ်မှာ ချက်ချင်းပင် စိတ်လှုပ်ရှားသွားတော့သည်။

သူက ချက်ချင်းပင် ဝမ်တုန်လဲ့ကို ခေါင်းညိတ်ပြလိုက်ကာ၊ “ကိစ္စမရှိဘူး၊ ဒီရေဖန်သားကျောက်အတွက် ကောင်းကင်ဝိညာဉ်နှင်းရေစက် ၂ပုလင်းယူမယ်။ ဒါ့အပြင် ခင်ဗျားကို နောက်ထပ် ဝိညာဉ်ကျောက်တုံး ၅၀၀ပါ ထပ်ပေးမယ်။”

“အပေးအယူဖြစ်ပြီ!”

ဝမ်တုန်လဲ့က ချက်ချင်းပင် ကျောက်စိမ်းပုလင်း ၂လုံးကို ထုတ်ယူလိုက်ကာ ကျန်းချန်ရွှမ်အား ပေးလိုက်သည်။

ကျန်းချန်ရွှမ်လည်း လက်ခံရယူကာ ကြည့်လိုက်ပြီးနောက် သူ့မျက်နှာထက်တွင် စိတ်ကျေနပ်အားရသည့်အပြုံးတစ်ပွင့် ပေါ်ထွက်လာခဲ့သည်။

သူတို့နှစ်ဦးကြားမှာ လဲလှယ်မှုပြီးသွားချိန်မှာတော့ ယနေ့ပစ္စည်းဖလှယ်ပွဲကိုအဆုံးသတ်မည့်အချိန်ကိုလည်း ရောက်ရှိသွားခဲ့ပေပြီ။

ချိုးယီရွှေက ကျန်းချန်ရွှမ်ကိုကြည့်ပြီး ပြုံးလိုက်ကာ၊ “တာအိုရောင်းရင်းကျန်း၊ နောက်ဆက်ပြီးဘာမှလုပ်ဖို့ စီစဉ်ထားလဲ? ငါနဲ့အတူ လော့ရှားမန်ဂိုဏ်းကို မလိုက်ချင်ဘူးလား?”

ကျန်းချန်ရွှမ်က ချက်ချင်းပင် ခေါင်းယမ်းလိုက်သည်။

“တာအိုရောင်းရင်းချိုးရဲ့ဖိတ်ခေါ်မှုအတွက် ကျေးဇူးတင်ပါတယ်။ ဒါပေမယ့် ကျွန်တော့်မှာ အရေးကြီးလုပ်စရာလေးရှိသေးလို့ အရင်ပြန်မှဖြစ်ပါဦးမယ်။ နောက်တစ်ခေါက်မှပေါ့။ ကျွန်တော့်မှာအချိန်ရှိတာနဲ့ သေချာပေါက် မင်းရဲ့ဂိုဏ်းကိုလာလည်ပါ့မယ်။”

“ဒါဆိုလည်း ကောင်းပါပြီ။”

ချိုးယီရွှေက ကျန်းချန်ရွှမ်၏ငြင်းပယ်မှုကို အသာတကြည်လက်ခံလိုက်သည်။

နှစ်ယောက်သား ဆက်သွယ်နိုင်မည့် ကျောက်စိမ်းတိုကင်များကို လဲလိုက်ကြပြီးနောက် နှုတ်ဆက်ခဲ့ကြသည်။

အစကတော့ ကျန်းချန်းရွှမ်သည် လျိုယွင်ဂိုဏ်း၏စီရင်မှုအောက်ရှိ တခြားဈေးများသို့သွားကာ တစ်ခုခုဝယ်ချင်တာရှိမလားရှာကြည့်ဖို့ စိတ်ကူးထားခဲ့သည်။ သို့သော်လည်း အခုတော့ ရှန်းမျိုးနွယ်စုထံမှ သူနှင့်တခြားသောအခြေတည်အဆင့်အကြီးအကဲများကို ယွီဟွာတောင်သို့ အမြန်ဆုံးပြန်လာပေးရန် အရေးပေါ် အကြောင်းကြားစာ ရောက်လာခဲ့သည်။

အကြောင်းကြားစာကိုလက်ခံရရှိပြီးနောက် ကျန်းချန်ရွှမ်ရင်ထဲ ဒိန်းခနဲမြည်သွားသည်။ ရှန်းမျိုးနွယ်စုမှာ တစ်ခုခုဖြစ်သွားသည်ဟုလည်း အလိုလိုခံစားမိလိုက်တာကြောင့် သူ မနှောင့််နှေးဝံ့တော့ပေ။

ဈေးမှထွက်ခွာပြီးနောက် အလယ်အဆင့် (အဆင့် ၂) ကျီယန်ဓားကို ချက်ချင်းထုတ်ကာ ယွီဟွာတောင်သို့ အမြန်ဆုံးခရီးနှင်တော့သည်။

……

နှစ်ရက်ကြာပြီးနောက်…

ကျန်းချန်ရွှမ်၏ဓားအလင်းတန်းက ယွီဟွာတောင်ပေါ်သို့ သက်ဆင်းလာသည်။

ချက်ချင်းဆိုသလိုပင် တစ်စုံတစ်ခုမှားယွင်းနေကြောင်းကိုလည်း သူခံစားမိလိုက်သည်။

ယွီဟွာတောင်တစ်ခုလုံး၏လေထုအခြေအနေမှာ တင်းမာနေခြင်းပင်။

ဘာတွေဖြစ်သွားတာလဲ?

ကျန်းချန်ရွှမ်း နားမလည်နိုင်စွာ စိတ်ရှုပ်ထွေးနေချိန်မှာပဲ သူ့နောက်မှ ရင်းနှီးနေသည့်အသံတစ်သံက ထွက်ပေါ်လာခဲ့သည်။

“အကြီးအကဲကျန်း။”

ကျန်းချန်ရွှမ်လှည့်ကြည့်လိုက်ရာ ခရမ်းရောင်ဝတ်စုံဝတ်ဆင်ထားသည့် ရှန်းရူယန်က သူ့ဆီလျှောက်လာနေခြင်းပင်။

သို့သော်လည်း အမြဲတမ်း မျက်နှာထက်တွင် အပြုံးတစ်ပွင့်ပန်ဆင်နေကျဖြစ်သည့် ရှန်းရူယန်သည် ယနေ့တွင်တော့ အလွန်လေးနက်ကာတည်ကြည်နေခဲ့သည်။

ကျန်းချန်ရွှမ်တောင်မှာ သူမမျက်လုံးများထဲရှိ အတင်းအကြပ်ဖိနှိပ်ထားရသော ဒေါသကို မြင်တွေ့နိုင်ပေသည်။

“အကြီးအကဲရူယန်။”

ကျန်းချန်ရွှမ်လည်း ပြန်နှုတ်ဆက်ကာ လိုရင်းကိုချက်ချင်းမေးလိုက်သည်။

“ဘာတွေဖြစ်နေလို့လဲ? ဘာလို့ ကျွန်တော်တို့ကို ရုတ်တရက်ကြီး ပြန်ခေါ်ရတာလဲ?”

“တစ်ခုခုဖြစ်သွားတယ်။” ရှန်းရူယန်က ခေါင်းညိတ်လိုက်သည်။

“မကြာသေးခင်တုန်းက ရှန်းမျိုးနွယ်စီရင်စုအောက်က မိုးမခထောင်ချီဈေးကို နတ်ဆိုးကျင့်ကြံသူတွေအတင်းတိုးဝင်လာခဲ့တယ်။ အဲ့တုန်းက ဈေးကိုစောင့်ကြပ်ဖို့တာဝန်ယူထားတဲ့ ဝမ်းကွဲရူရွှမ် ဒဏ်ရာအပြင်းအထန်ရသွားပြီး ကျွန်မတို့ဂိုဏ်းသားတွေအများကြီးလည်း သေသွားတယ်။”

“ဘာ?”

ထိုသတင်းကိုကြားလိုက်ပြီး ကျန်းချန်ရွှမ် ထိတ်လန့်လို့သွားလေသည်။

ရှန်းရူယန်ပြောသည့် ရှန်းမျိုးနွယ်စုလက်အောက်မှ အကြီးမားဆုံးဖြစ်သော အဆင့် ၂ရှိသည့် မိုးမခထောင်ချီဈေးအကြောင်းကို သူသိပေသည်။ ၎င်းဈေးသည် ရှန်းမျိုးနွယ်စုပိုင်ဆိုင်မှု၏ ၃၀ရာခိုင်နှုန်းဟုပင် သတ်မှတ်၍ရသည်။

ယခုတော့ အဆင့် ၂ အဂ္ဂိရတ်ပညာရှင်ဖြစ်သည့် ရှန်းရူရွှမ်က ဒဏ်ရာအပြင်းအထန်ရခဲ့ကာ ရှန်းမျိုးနွယ်စု၏ဂိုဏ်းသားအများအပြားလည်း သေဆုံးခဲ့တယ်ဆိုတော့ ပြောရရင် မိုးမခထောင်ချီဈေးကြီးက…

ကျန်းချန်ရွှမ်ဘာမေးချင်နေသည်ကို ရှန်းရူယန်ကလည်း ခန့်မှန်းမသိလိုဖြင့် ခက်ခက်ခဲခဲ ခေါင်းညိတ်ပြလိုက်သည်။

“အမှန်ပဲ။ မိုးမခထောင်ချီဈေးက မမျှော်လင့်ထားတဲ့ထိခိုက်ပျက်စီမှုတွေအများကြီး ကြုံလိုက်ရတယ်။ လုပ်ငန်းတော်တော်များများလည်း ဖျက်ဆီးခံလိုက်ရတယ်။ ကျွန်မတို့ဘိုးဘေး ဝမ်းကွဲရူရွှမ်အတွက်ထားပေးခဲ့တဲ့ အဆင့် ၃ အဆောင်ကြောင့်သာမဟုတ်ရင် သူမလည်း အခုချိန် သေသွားလောက်ပြီ။ ပြီးတော့…”

ထိုခဏ ရှန်းရူယန်က ကျန်းချန်ရွှမ်ကို ဆက်ပြီးမပြောနိုင်ခင် အသက်ပြင်းပြင်းဖြတ်ရှူလိုက်သည်။

“ရှန်းမျိုးနွယ်စုအုပ်ချုပ်မှုအောက်မှာရှိတဲ့ သေမျိုး ၈သိန်းရှိတဲ့မြို့တစ်မြို့ကိုလည်း နတ်ဆိုးကျင့်ကြံသူတွေ ဝင်တိုက်ခိုက်သွားသေးတယ်။

ကံမကောင်းစွာဘဲ သူတို့တွေကတော့ ကျွန်မဝမ်းကွဲလို ကောင်းမွန်တဲ့ကံတရားမျိုးမရှိခဲ့ဘူး။

မြို့ထဲမှာရှိတဲ့ သေမျိုး ၈သိန်းလုံးအပြင် မြို့ကိုစောင့်ကြပ်နေဲ့ ကျင့်ကြံသူတွေအားလုံးပါ အသတ်ခံလိုက်ရတယ်။ တစ်ယောက်မှ မရှင်ကျန်ခဲ့ဘူး။”

ကျန်းချန်ရွှမ် မထိန်းနိုင်စွာ သက်ပြင်းမောချမိသည်။

ရုတ်တရက်ရောက်လာသည့်သတင်းများကြောင့် အသက်ရှူတောင်ကြပ်မိသလိုပင်ဖြစ်ကာ ကျန်းချန်ရွှမ်အနေနှင့် ဖြစ်ခဲ့သမျှကို မျက်လုံးထဲ စိတ်ကူးကြည့်၍တောင်မရပေ။

လူပေါင်း ၈သိန်းက ဒီအတိုင်းပဲ သေသွားခဲ့သည်။ ဤမျှထိတ်လန့်စရာကောင်းသည့်ကိစ္စမျိုး ပြီးခဲ့သည့် နှစ်တစ်ရာကျော်အတွင်း သူတစ်ကြိမ်မှ မကြုံတွေ့ဖူးပေ။

ဤသည်မှာ နတ်ဆိုးကျင့်ကြံသူများ မည်မျှ ရက်စက်ကြမ်းကြုတ်ကြောင်း သူပထမဆုံးအကြိမ် အစစ်အမှန်ကြုံတွေ့ဖူးခြင်းဖြစ်သည်။

သူတို့မျက်လုံးထဲတွင် သေမျိုးများသည် အချိန်မရွေးသတ်ပစ်နိုင်သည့် ကျွဲနွားများလိုပင်။

“ဒီကိစ္စနှစ်ခုအပြင် ရှင်တို့ကို မျိုးနွယ်စုဆီ ပြန်ခေါ်ရတဲ့ အရေးအကြီးဆုံးအကြောင်းအရင်းလည်းရှိသေးတယ်…”

ရှန်းရူယန်က အသက်ပြင်းပြင်းရှူကာ ကျန်းချန်ရွှမ်ကိုကြည့်လိုက်သည်။

“နတ်ဆိုးကျင့်ကြံသူတွေလိုက်နေတဲ့ နောက်ထပ် ပန်းတိုင်တစ်ခုရှိသေးတယ်။ အဲ့ဒါကတော့ ရှင်တို့လို အပြင်မှာရောက်နေတဲ့ အခြေတည်အဆင့်အကြီးအကဲတွေကို လိုက်သတ်ဖို့ တာဝန်ယူထားတာပဲ။”

***

နှစ်တစ်ရာကျင့်ကြံပြီးနောက်

အပိုင်း ၃၈ ။ အခြေအနေများ

ကျန်းချန်ရွှမ်တစ်ယောက် သူ့ကိုပြန်လည်ခေါ်ယူရသည့်အကြောင်းအရင်းကို သိလိုက်ရပြီးနောက် သူရှန်းမျိုးနွယ်စုကထွက်ပြီးနောက် ကြုံတွေ့ခဲ့ရသည့် နတ်ဆိုးကျင့်ကြံသူနှစ်ဦးကို ရုတ်တရက် ပြန်အမှတ်ရသွားသည်။

ဒီလူနှစ်ယောက်ကလည်း ရှန်းမျိုးနွယ်စုအကြီးအကဲတွေကို သတ်ဖို့တာဝန်ယူထားတဲ့လူတွေဖြစ်နေမလား?

ဒီလိုသာဆိုရင်တော့ သူရုတ်တရက်ကြီး အတိုက်ခိုက်ခံရသည်နှင့်ပတ်သတ်၍ အဓိပ္ပါယ်ရှိသွားပေပြီ။

“အကြီးအကဲကျန်း၊ ဘာမှားနေလို့လဲ?” ကျန်းချန်ရွှမ်၏ ပုံမှန်မဟုတ်သည့်တုံ့ပြန်မှုကြောင့် ရှန်းရူယန် နားမလည်နိုင်စွာဖြင့် မေးလိုက်သည်။

ကျန်းချန်ရွှမ်သည်လည်း ဘယ်ဟာကိုမှ ဖုန်းကွယ်မနေတော့ဘဲ သူရှန်းမျိုးနွယ်စုမှထွက်ပြီးနောက် နတ်ဆိုးကျင့်ကြံသူနှစ်ဦးထံမှ တိုက်ခိုက်ခံခဲ့ရသည့်အကြောင်းကို ချက်ချင်းပြောပြလိုက်တော့သည်။

“အကြီးအကဲကျန်း၊ ရှင်ပြောတာတွေ အကုန်အမှန်ပဲလား?”

ကျန်းချန်ရွှမ် ခေါင်းညိတ်လိုက်ကာ၊ “အကြီးအကဲရူယန်၊ ဒါကိုကြည့်လိုက်။”

ကျန်းချန်ရွှမ်ကပြောရင်း ယခင်တိုက်ခိုက်မှုတွင် လူထွားကြီးအသုံးပြုခဲ့သည့် ဓမ္မရတနာလက်သည်းကို ထုတ်ယူလိုက်သည်။

ထို့နောက် အရပ်ရှည်ရှည်လူနှင့် လူထွားကြီးတို့၏သိုလှောင်အိတ်များမှရရှိထားသော ပစ္စည်းအချို့ကိုပါ ထုတ်လိုက်သည်။

“ဒါတွေက…?”

ရှန်းရူယန် မျက်လုံးများကျဉ်းမြောင်းသွားရသည်။

သူမ လမ်းလှမ်းကာ ထိုပစ္စည်းများကိုယူလိုက်ပြီးနောက် သေချာစစ်ကြည့်လိုက်လေသည်။ ခဏကြာပြီးနောက် သူမသက်ပြင်းရှည်တစ်ချက်ချကာ ခေါင်းညိတ်လိုက်တော့သည်။

“တကယ်ကိုပဲ ဒီပစ္စည်းတွေက နတ်ဆိုးကျင့်ကြံသူတွေသုံးကြတဲ့ပစ္စည်းတွေပဲ။

ကျွန်မမှတ်မိတာသာမမှားရင် ဒီဓမ္မရတနာလက်သည်းက ကျောက်ကွေ့ရှို့လို့ခေါ်တဲ့လူရဲ့ လက်နက်ပဲ။

ဒီကျန်တဲ့ပစ္စည်းတွေကတော့…”

ရှန်းရူယန်က သူမမှတ်ဉာဏ်များထဲမှ ပြန်လည်ရှာဖွေလို့နေသည်။

“ဒီပစ္စည်းတွေကို တချို့မကောင်းဆိုးဝါးဝိညာဉ်တွေကို သန့်စင်ရာမှာ အသုံးပြုလောက်တယ်။

ရှင်ပြောပြတဲ့လူရဲ့ပုံစံအရဆိုရင် အဲ့ဒီလူက ကောရှဲ့လင်းလို့ခေါ်တဲ့လူဖြစ်ဖို့ သေချာတယ်။

သူ့ရဲ့ကျော်ကြားတဲ့ ဓမ္မရတာတွေက အဆင့်နိမ့် (အဆင့် ၂) နတ်ဆိုးဓားရှည်နဲ့ မကောင်းဆိုးဝါးဝိညာဉ်ကိုဆင့်ခေါ်နိုင်တဲ့ အလံတစ်ခုပဲ။”

ထိုအချက်ရောက်ပြီးနောက် ရှန်းရူယန်က တစ်ခုခုကို သတိထားမိသွားပုံရကာ ကျန်းချန်ရွှမ်ကို အံ့ဩတကြီးမကြည့်မိဘဲ မနေနိုင်တော့ပေ။

“အကြီးအကဲကျန်း၊ ရှင်ပြောတာက ဒီလူနှစ်ယောက်လုံးရှင့်လက်ထဲမှာ သေသွားတယ်ပေါ့?”

ကျန်းချန်ရွှမ် ခေါင်းညိတ်လိုက်သည်။

ဒီကိစ္စမှာ သူဘာကိုမှဖုံးကွယ်နေစရာအကြောင်းမရှိတော့ဟု ခံစားရသည်။

အထူးသဖြင့် ဤကဲ့သို့သောအခြေအနေမျိုးမှာပေါ့။

သို့သော်လည်း အဆုံးတွင်တော့ သူထပ်ဖြည့်ပြီးပြောလိုက်သေးသည်။

“ကျွန်တော်ကံကောင်းသွားရုံပါ။ သူတို့သာ ပိုပြီးသတိထားခဲ့ရင် အခြေအနေတွေက မတူနိုင်တော့ဘူး။”

ဤသည်က သူ့ကိုယ်သူနှိမ့်ချနေခြင်းမဟုတ်ပေ။ ကျန်းချန်ရွှမ် ထိုလူနှစ်ယောက်ကို သတ်နိုင်ခဲ့သည့်အကြောင်းအရင်းမှာ သူတို့ဘက်က အစပိုင်းတွင် ရန်သူကို လျှော့တွက်ခဲ့ခြင်းနှင့်များစွာဆက်စပ်လို့နေသည်။

သို့သော်လည်း ဘာပဲဖြစ်ဖြစ် အခြေတည် တတိယအဆင့်နှင့် စတုတ္ထအဆင့်မှကျင့်ကြံသူနှစ်ယောက်ကို သူသတ်နိုင်ခဲ့ခြင်းကပင် သူ့ခွန်အားကို သက်သေပြနေပြီးသားဖြစ်သည်။

ထိုအချိန်ကအခြေအနေအတိအကျကို ရှန်းရူယန်မသိသော်လည်း ဘယ်လောက်အန္တရာယ်များမှန်းကိုတော့ သူမစိတ်ကူးကြည့်နိုင်သည်။ ကျန်းချန်ရွှမ်၏စကားကိုကြားပြီးနောက် သူမချက်ချင်းပင် စိတ်သက်သာရာရစွာ သက်ပြင်းချလိုက်ပြီး၊

“ကံကောင်းလို့ အကြီးအကဲကျန်း အနာတရကင်းကင်းနဲ့ပြန်လာနိုင်တာ၊ မဟုတ်ရင် ကျွန်မ…”

ကျန်တစ်ဝက်ကို ရှန်းရူယန်ဆက်မပြောသော်လည်း သူမထံမှအေးစက်သည့်အရှိန်အဝါလှိုင်းတစ်ခုကို ကျန်းချန်ရွှမ် သေသေချာချာခံစားမိလိုက်သည်။

ဤအဖြစ်က သူ့ကိုအနည်းငယ်မှင်သက်မိသွားစေသလို တချိန်တည်းမှာပဲ တစ်ယောက်ယောက်က သူသာထိခိုက်ခဲ့လျှင် ပြန်လက်စားချေပေးမည့်အကြောင်းသိလိုက်ရ၍ ရင်ထဲနွေးထွေးသွားမိသည်။

ထို့နောက် နှစ်ယောက်သားအခြေဖြုန်းမနေတော့ဘဲ ယွီဟွာတောင်ထိပ်သို့ ဦးတည်ခဲ့ကြသည်။

လက်ရှိတွင် ယွီဟွာတောင်ထိပ်၌ ရှန်းမျိုးနွယ်စုမှ အကြီးအကဲများစွာ စုဝေးလို့နေကြပြီးဖြစ်ကာ ရှုန်းဝမ်တောက်၊ ရွှီချန်းဟယ်နှင့် ရှန်းချန်းနျန်တို့လည်း ပါဝင်သည်။

သူတို့အားလုံး၏အမူအရာများမှာတော့ အလွန်လေးနက်နေကြသည်။

အသေအချာကိုပဲ လက်ရှိဖြစ်ရပ်က ရှန်းမျိုးနွယ်စုမှ အကြီးအကဲများကို အလွန်တရာဒေါသပုန်ထစေခဲ့သည်။ အခုချိန်မှာတော့ ကျန်းချန်ရွှမ်နှင့်ရှန်းရူယန်တို့ ဝင်လာသည်ကိုမြင်ပြီး သူတို့က နှုတ်ဆက်သည့်အနေဖြင့် ခေါင်းညိတ်ပြလာကြသည်။

ကျန်းချန်ရွှမ်နှင့်ရှန်းရူယန်သည်လည်း အများနှင့်နှုတ်ဆက်စကားအပြန်အလှန်ဆိုကြဖို့ စိတ်မပါတာသိသာစွာ နေရာတစ်ခုရှာပြီးသာ ထိုင်လိုက်ကြသည်။ မကြာလိုက်ပါဘဲ ရှန်းမျိုးနွယ်စု၏လက်ရှိခေါင်းဆောင်ဖြစ်သော ရှန်းတောက်မင်က အလင်းတန်းတစ်ခုသဖွယ်ပျံသန်းရောက်ရှိလာခဲ့သည်။

သူဝင်လာသည်နှင့် သူ့လက်ထဲတွင် သွေးစွန်းနေသည့်ဦးခေါင်းတစ်ခုကို ကိုင်ထားကြောင်း အားလုံးမြင်လိုက်ရပေသည်။ ထိုခေါင်းပြတ်၏မျက်လုံးများမှာ ပြူးကျယ်နေပြီး မျက်လုံးပွင့်လျက်ဖြင့်ပင် သေသွားခဲ့ပုံပင်။

“ဒါက..?”

အားလုံးထိတ်လန့်မိသွားကြသည်။

ရှန်းတောက်မင်က အားလုံးကိုတစ်ချက်ကြည့်လိုက်ပြီးနောက် အေးစက်စက်လေသံဖြင့်၊

“ဒီခေါင်းက အခြေတည်နဝမအဆင့် နတ်ဆိုးကျင့်ကြံသူ ချန်းကျိုရှောင်းရဲ့ခေါင်းပဲ။ သူက ဒီတစ်ခေါက် မိုးမခထောင်ချီဈေးကိုတိုက်ခိုက်ခဲ့တဲ့ အဓိကတရားခံတွေထဲကတစ်ယောက်ပဲ။”

“အဲ့ဒါ သူပေါ့!”

ရှန်းတောက်မင်၏စကားများကိုကြားပြီးနောက် နေရာတွင်ရှိနေသည့်လူအားလုံး လှုပ်လှုပ်ရှားရှားဖြစ်သွားကြသည်။

တချိန်တည်းမှာပဲ သူတို့အနည်းငယ်လည်း အံ့ဩလို့သွားလေသည်။

ချန်းကျိုရှောင်းလို အခြေတည်နဝမအဆင့်နတ်ဆိုးကျင့်ကြံသူတစ်ယောက်က ရှန်းမျိုးနွယ်စုခေါင်းဆောင်ထံမှ အသတ်ခံလိုက်ရလိမ့်မယ်လို့ သူတို့တကယ်ကို မထင်ထားမိပေ။ ဤသည်ကိုကြည့်ခြင်းအားဖြင့် ရှန်းမျိုးနွယ်စုခေါင်းဆောင်သည် ကျီဖုအဆင့်သို့ဝင်ရောက်နိုင်ရန် သိပ်အလှမ်းမဝေးတော့သည့်ပုံပင်။

ရှန်းတောက်မင်က ချန်းကျိုမင်၏ဦးခေါင်းကို အလျဉ်းသင့်သလို မြေပေါ်သို့ပစ်ချလိုက်ပြီးနောက် အားလုံးကိုပြောလိုက်သည်။

“ခဏနေကျရင် ဒီတိုက်ပွဲအတွင်းမှာ သေဆုံးသွားခဲ့ကြတဲ့ ငါတို့ရဲ့ကျင့်ကြံဿူတွေအပြင်၊ အပြစ်မဲ့တဲ့ သေမျိုး ၈သိန်းအတွက် သူ့ကိုသုံးပြီး ပူဇော်ပွဲလုပ်မယ်။

အခုကတော့ နောက်ဆက်တွဲအစီအစဉ်တွေနဲ့ပတ်သတ်ပြီး ဆွေးနွေးကြတာပေါ့။”

ရှန်းတောက်မင်ကပြောရင်းဖြင့် သူ့အကြည့်က အားလုံးကိုတစ်ချက်ဝေ့လိုက်သည်။

“ရိုးရိုးသားသားပြောရရင် ဒီတစ်ခေါက် ရှန်းမျိုးနွယ်စုမှာဖြစ်သွားတဲ့ကိစ္စက နတ်ဆိုးကျင့်ကြံသူတွေရဲ့ လက်တုံ့ပြန်မှုကြောင့်ပဲ။”

“နေပါဦး၊ ဘာပြောလိုက်တယ်?”

ရှန်းတောက်မင်၏စကားကိုကြားပြီး လက်ရှိနေရာတွင်ရှိနေကြသူများအားလုံး ရှုပ်ထွေးသွားကြသည်။ အသိအသာကိုပဲ ရှန်းမျိုးနွယ်စုက လက်စားပြန်ချေခံရသည့်အကြောင်းကို သူတို့မသိထားကြပေ။

ရှန်းတောက်မင်က ဆက်ပြီး၊ “လွန်ခဲ့တဲ့နှစ်ပေါင်းတစ်ရာကျော်တုန်းက လက်ရှိ ရှန်းမျိုးနွယ်စုဘိုးဘေးက နတ်ဆိုးကျင့်ကြံသူတွေရဲ့အဓိကနယ်မြေကို ဖျက်ဆီးဖို့အတွက် ရှန်းမျိုးနွယ်စုကိုဦးဆောင်ခဲ့တယ်။

အဲ့ဒီဖြစ်ရပ်မှာပဲ အဲ့ဒီအချိန်က ကျီဖုအဆင့်ကိုရောက်နေပြီဖြစ်တဲ့ နတ်ဆိုးကျင့်ကြံသူတစ်ယောက်နဲ့ အခြေတည်အဆင့်နတ်ဆိုးကျင့်ကြံသူများစွာကို ငါတို့ဘိုးဘေးက သတ်ဖြတ်ခဲ့တယ်။

ဒါပေမယ့် အဝေးကိုရောက်နေတဲ့နတ်ဆိုးကျင့်ကြံသူတချို့ကတော့ သေဘေးကလွတ်သွားခဲ့တယ်။

ဒီတစ်ခေါက် ရှန်းမျိုးနွယ်စုကြုံတွေ့ရတဲ့ကိစ္စကတော့ အဲ့ဒီလွတ်မြောက်သွားတဲ့သူတွေလုပ်တာပဲ။

အရေးအကြီးဆုံးအချက်ကတော့ သူတို့ထဲကတစ်ယောက်က မကြာသေးခင်ကပဲ ကျီဖုအဆင့်ကိုချိုးဖြတ်သွားနိုင်ခဲ့တာပဲ။

ကံကောင်းစွာနဲ့ မိုးမခထောင်ချီဈေးမှာ ငါတို့အစီအရင်တစ်ခုတည်ဆောက်ထားခဲ့တာပဲ။ မဟုတ်ရင်တော့ ရှန်းမျိုးနွယ်စုအတွက်ဆုံးရှုံးမှုက အခုထက်အဆများစွာပိုကြီးမားသွားလိမ့်မယ်။”

ရှန်းတောက်မင်၏စကားများကိုနားထောင်ပြီးနောက် ရှုန်းဝမ်တောက်၊ ရွှီချန်းဟယ် နှင့် အခြားအတွေ့အကြုံရင့်ရှန်းမျိုးနွယ်စုအကြီးအကဲများမှာ အနည်းငယ်အံ့ဩသွားခဲ့ကြသည်။

သူတို့သည်လည်း တိုက်ခိုက်မှု၏နောက်ကွယ်က အကြောင်းအရင်းကို မသိခဲ့ကြတာထင်ရှားပေသည်။

ကျန်းချန်ရွှမ်ကတော့ ကပ်သီးလေးလွတ်သွားသည်ဟုသာ တွေးမိပေသည်။ ကံကောင်းလို့ အဲ့နေ့က သူ့ကိုပစ်မှတ်ထားတဲ့သူတွေက အခြေတည် တတိယနှင့်စတုတ္ထအဆင့်တွေပဲဖြစ်နေလို့သာပေါ့။

အခြေတည်နှောင်းပိုင်းအဆင့်မှနတ်ဆိုးကျင့်ကြံသူများသာ သူ့ကိုလာတိုက်မည်ဆိုလျှင် သေချာပေါက် အန္တရာယ်ရှိပေသည်။

ထိုအချိန်မှာပဲ ရှုန်းဝမ်တောက်နှင့် ရွှီချန်းဟယ်တို့က ရှန်းတောက်မင်ကို ကြည့်ကာ မမေးဘဲမနေနိုင်စွာ ထမေးလိုက်ကြသည်။

“အစ်ကိုတောက်မင်၊ ဒီလိုသာဆို အခုချိန် အဲ့ဒီကျီဖုအဆင့်ရောက်နေတဲ့နတ်ဆိုးကျင့်ကြံသူ ဘာတွေများလုပ်နေလဲ သိချင်သားပဲ။”

***

နှစ်တစ်ရာကျင့်ကြံပြီးနောက်

အပိုင်း ၃၉ ။ ရှန်းမျိုးနွယ်စုဘိုးဘေး (၁)

ရှုန်းဝမ်တောက်တို့၏စကားကိုကြားပြီး ကျန်းချန်ရွှမ်၊ ရှန်းရူယန်နှင့် ရှန်းချန်းနျန်တို့သည်လည်း ရှန်းတောက်မင်ကို လှည့်ကြည့်လာကြသည်။

သူတို့အားလုံးသည်လည်း ကျီဖုအဆင့်နတ်ဆိုးကျင့်ကြံသူ၏အခြေအနေအတိအကျကို သိချင်နေကြသည်။

သို့သော်လည်း ရှန်းတောက်မင် ပြန်မဖြေနိုင်သေးခင်မှာပဲ ရုတ်တရက်ဆိုသလို အားလုံး၏ရှေ့မှောက်၌ အစိမ်းရောင်ဝတ်ရုံဝတ်ဆင်ထားသည့် သက်လတ်ပိုင်းအမျိုးသားတစ်ဦးက ပေါ်လာခဲ့သည်။

ရှန်းတောက်မင်အပါအဝင် ရှိနေသည့်လူတိုင်းမှာ ထိုသူကိုမြင်သည်နှင့် အံ့ဩမှင်သက်လို့သွားကြသည်။

ထို့နောက် ရှန်းတောက်မင်၊ ရှန်းရူယန်နှင့် အခြားလူများက အလျင်အမြန် ဦးညွှတ်ကာ နှုတ်ဆက်လိုက်ကြသည်။

“ဘိုးဘေးကို နှုတ်ဆက်ပါတယ်!”

ဘိုးဘေး?

ကျန်းချန်ရွှမ် မှင်သက်သွားရသည်။

သူတို့ရှေ့မှာ အစိမ်းရောင်ဝတ်ရုံကြီးဖြင့် ရုတ်တရက်ပေါ်လာသည့် သက်လတ်ပိုင်းအမျိုးသားသည် ရှန်းမျိုးနွယ်စုမှ ကျီဖုအဆင့်ကျင့်ကြံသူဖြစ်လိမ့်မည်ဟု သူမထင်ထားခဲ့ပေ။

ဤသည်မှာ သူကျင့်ကြံသူစဖြစ်ကတည်းက ကျီဖုအဆင့်ကျင့်ကြံသူတစ်ယောက်ကို ပထမဆုံးအကြိမ်မြင်တွေ့ဖူးခြင်းလည်းဖြစ်သည်။

ကျီဖုအဆင့်ကျင့်ကြံသူကို တွေ့မြင်လိုက်ရသည့် ပထမဆုံးခံစားချက်ကတော့ အလွန်အင်အားကြီးကာ နားမလည်နိုင်လောက်အောင် နက်နဲလွန်းသူဟုပင်။

သူ့ရှေ့တွင် ကျန်းချန်ရွှမ်သည် အချိန်မရွေးသေသွားနိုင်သည့် မြေကြီးပေါ်က ပုရွက်ဆိတ်တစ်ကောင်သဖွယ် ခံစားရသည်။

လက်ရှိတွင်တော့ ရှန်းမျိုးနွယ်စုဘိုးဘေး ရှန်းယွမ်လုံက အားလုံးကိုခေါင်းညိတ်ပြလိုက်သည်။

“ကျီဖုအဆင့်နတ်ဆိုးကျင့်ကြံသူကို ငါမသတ်ခဲ့ပေမယ့် သူ့ကိုဒဏ်ရာအပြင်းအထန်ရအောင်လုပ်ခဲ့တယ်။ သူ အဲ့ဒီဒဏ်ရာတွေကနေပြန်ကောင်းဖို့ဆို အနည်းဆုံး နှစ် ၇၀လောက်လိုအပ်တယ်။

မင်းတို့ သူ့အကြောင်း ဘာမှစိုးရိမ်နေဖို့မလိုတော့ဘူး။

လွတ်သွားတဲ့ ချီသန့်စင်ခြင်းနဲ့အခြေတည်အဆင့်က နတ်ဆိုးကျင့်ကြံသူတွေကတော့ မင်းတို့ သူတို့ကို ခြေရာခံလိုက်ပြီး အတတ်နိုင်ဆုံး အချိန်တိုအတွင်းဖယ်ရှားနိုင်အောင်လုပ်ကြ။”

ရှန်းယွမ်လုံက ပြောနေရင်း ရုတ်တရက် လူအုပ်ဘက်သို့လှည့်လိုက်ကာ သူ့မျက်နှာထက်တွင်လည်း အပြုံးပါးပါးပေါ်လာခဲ့သည်။

“မင်းက ကျန်းချန်ရွှမ် မဟုတ်လား?

ငါကြားတာတော့ မင်း အခြေတည်အဆင့်ကျင့်ကြံသူနှစ်ယောက်ကို သတ်ခဲ့တယ်ဆို။ မဆိုးဘူး၊ မဆိုးဘူး။”

ထို့နောက် ရှန်းယွမ်လုံ၏လက်ထဲတွင် အဆင့်မြင့် (အဆင့် ၂) ဓားပျံတစ်ချောင်းပေါ်လာကာ ကျန်းချန်ရွှမ်ကို ကမ်းပေးလာသည်။

“ဒါက ငါအရင် အခြေတည်အဆင့်မှာရှိတုန်းက သုံးခဲ့တဲ့ အဆင့် ၂ ဓမ္မရတနာပဲ။ မင်း အခြေတည်အဆင့်နတ်ဆိုးကျင့်ကြံနှစ်ယောက်ကို သတ်နိုင်ခဲ့တဲ့အတွက်ပေးတဲ့ ဆုအနေနဲ့ ယူထားလိုက်။”

ရှန်းယွမ်လုံပေးလာသည့် အဆင့်မြင့် (အဆင့် ၂) ဓားပျံကိုကြည့်ရင်း ကျန်းချန်ရွှမ်တစ်ယောက် မှင်သက်နေခဲ့သည်။

ဘာလို့ ရှန်းမျိုးနွယ်စုဘိုးဘေးက ရုတ်တရက်ကြီး သူ့ကိုအာရုံစိုက်နေမှန်း နားမလည်နိုင်ဖြစ်နေသည်။

ပြီးတော့.. သူ အခြေတည်အဆင့်နတ်ဆိုးကျင့်ကြံသူနှစ်ယောက်ကိုသတ်ခဲ့တာ ဒီလူက ဘယ်လိုလုပ်သိသွားတာလဲ?

အစောပိုင်းက သူနဲ့ရှန်းရူယန်တို့ပြောနေတဲ့စကားဝိုင်းကို ကြားသွားလို့များလား?

ဒါလည်း မဖြစ်နိုင်တာတော့ မဟုတ်ပါဘူး။

ဒါပေမယ့် ဒီလိုကိစ္စလေးအတွက်နဲ့ အဆင့်မြင့် (အဆင့် ၂) ဓားပျံတစ်ချောင်းကို အထူးတလည်ပေးရလောက်တဲ့အထိ လိုအပ်လို့လား?

ပြောရမယ်ဆို အခြေတည်နဝမအဆင့်နတ်ဆိုးကျင့်ကြံသူကို သတ်ခဲ့တဲ့ ရှန်းတောက်မင်ကမှ သူ့ထက်ပိုပြီးဆုချသင့်တာမဟုတ်ဘူးလား?

သူသာ တစ်ယောက်ယောက်ကိုမဖြစ်မနေ ဆုပေးချင်နေရင် ဒီဓားပျံကို ကျန်းချန်ရွှမ်ကိုမဟုတ်ဘဲ ရှန်းတောက်မင်ကိုသာ ပေးလိုက်သင့်ပေသည်။

သို့သော်လည်း ရှန်းယွမ်လုံဘက်ကတော့ ရှင်းပြလိုစိတ်ရှိဟန်လုံးဝပြမလာပေ။

ကျန်းချန်ရွှမ်ကို အဆင့် ၂ ဓားပျံပေးလိုက်ပြီးနောက် သူက ရှန်းတောက်မင်ကို အသံလှိုင်းပို့ကာ ကျန်းချန်ရွှမ်နှင့်ရှန်းရူယန်တို့ကို သူနေထိုင်သည့်နေရာသို့ခေါ်လာရန် ပြောခဲ့သည်။ ထို့နောက် သူက အလင်းတန်းတစ်ခုသဖွယ် အားလုံး၏ရှေ့မှောက်မှ ရုတ်တရက် ပျံသန်းထွက်ခွာသွားပြန်သည်။

ရှုန်းဝမ်တောက်၊ ရွှီချန်းဟယ်နှင့် ရှန်းချန်းနျန်တို့မှာ ကျန်းချန်ရွှမ်ကို ဝိုင်းမကြည့်ဘဲမနေနိုင်ကြပေ။ သူတို့လည်း အံ့ဩနေကြကြောင်း သိသာလှသည်။

ကျန်းချန်ရွှမ်က အခြေတည်အဆင့်နတ်ဆိုးကျင့်ကြံသူနှစ်ယောက်ကို သတ်ခဲ့အတွက် သူတို့အံ့ဩမိကြသလို ရှန်းယွမ်လုံ၏လုပ်ရပ်ကြောင့်လည်း အံ့ဩမိကြသည်။

ရှန်းတောက်မင်နှင့် ရှန်းရူယန်ပင်လျှင် သူတို့ဘိုးဘေးဘာလုပ်ချင်နေမှန်း မခန့်မှန်းနိုင်ကြပေ။

ဤဖြစ်ရပ်က ကျန်းချန်ရွှမ်ကို အနည်းငယ်ထိတ်လန့်နေစေလေသည်။

ဒီဘိုးဘေးဆိုတဲ့လူက သူ့ကိုတမင် အားလုံးအာရုံစိုက်စရာဖြစ်အောင် တမင်လုပ်လိုက်ခြင်းဖြစ်သည်ဟု သူခံစားနေမိသည်။

သို့သော်လည်း သူ့မှာ ငြင်းနိုင်စွမ်းမရှိခဲ့ပေ။ အခုတော့ သူ့လက်ထဲရှိ အဆင့် ၂ ဓားပျံကို ရှန်းတောက်မင်ထံ ကမ်းပေးရင်း မနည်းဖြစ်ညှစ်ပြုံးပြလိုက်ရသည်။

“မိသားစုခေါင်းဆောင်၊ ဒီဓမ္မရတနာကို ခင်ဗျားပဲယူလိုက်ပါ။ ကျွန်တော်နဲ့ မထိုက်တန်ပါဘူး။”

သို့ပေမယ့် ရှန်းတောက်မင်က အလေးအနက်ပင် ခေါင်းယမ်းလာသည်။

“အကြီးအကဲကျန်း၊ မလုပ်ပါနဲ့။ ဒီဆုက ဘိုးဘေးကိုယ်တိုင်ပေးခဲ့တာဆိုမှတော့ မင်းယူထားလိုက်ပါ။ ဖိအားများသလိုတွေ ခံစားမနေနဲ့။”

ရှန်းတောက်မင်ကပါပြောလာခြင်းကြောင့် ကျန်းချန်ရွှမ်လည်း အဆင့်မြင့် (အဆင့် ၂) ဓားပျံအား အချိန်တစ်ခုအထိ ချောင်ကပ်ထားရုံသာတတ်နိုင်တော့သည်။

ထိုအချိန်မှာပဲ ရှန်းတောက်မင်က လူတိုင်းကိုပြန်ကြည့်လာကာ စကားဆိုခဲ့သည်။

“အားလုံးပဲ၊ အစောက ဘိုးဘေးပြောသွားတာကို မင်းတို့အားလုံးလည်း ကြားကြရောပေါ့။

အခုဆက်ပြီး အရေးအကြီးဆုံးလုပ်ရမယ့်ကိစ္စကတော့ ထွက်ပြေးလွတ်မြောက်သွားတဲ့ ချီသန့်စင်ခြင်းအဆင့်နဲ့ အခြေတည်အဆင့်က နတ်ဆိုးကျင့်ကြံသူတွေကို ခြေရာကောက်ဖို့ပဲ။ ပြီးရင် တွေ့သမျှလူတိုင်းကို သတ်ပစ်ရမယ်။

အခုတော့ အကြီးအကဲတောက်ဖုန်းနဲ့ အကြီးအကဲပိုင်ဖေးတို့က အဆင့် ၂ ဝိညာဉ်သွေးကြောနဲ့ အဆင့် ၂ ဈေးကို စောင့်ကြပ်နေကြတယ်။

လက်ရှိ သူတို့ရဲ့အဓိကတာဝန်က ငါတို့ရဲ့အခုလုပ်မယ့်တာဝန်မှာ ပါဝင်ဖို့မဟုတ်ပေမယ့် လိုအပ်ရင်တော့ ငါတို့ကို အထောက်အပံ့လုပ်ပေးလိမ့်မယ်။

ဝမ်းကွဲရူရွှမ်ကတော့ ဒဏ်ရာပြင်းပြင်းထန်ထန်ရထားပြီး ပြန်လည်းမကောင်းသေးတာကြောင့် ဒီတစ်ခေါက် ငါတို့ရဲ့စစ်ဆင်ရေးမှာ ပါဝင်မှာမဟုတ်ဘူး”

ထိုအချက်ရောက်ချိန်တွင် ရှန်းတောက်မင်က ဆက်မပြောခင် ခဏရပ်သွားခဲ့သည်။

“ဒါကြောင့် ဒီတစ်ခေါက်တာဝန်မှာ ငါတို့က အဓိကပဲ။”

ထို့နောက် ရှန်းတောက်မင်က မြေပုံတစ်ခုကိုထုတ်ယူပြီး နေရာတစ်ခုကို ထောက်ပြလိုက်သည်။

“ပြီးတော့ ငါက ဒီမြောက်ပိုင်းရဲ့အကြီးဆုံးနယ်မြေကို ရှာဖွေရှင်းလင်းဖို့ တာဝန်ယူမယ်။”

ဆက်ပြီး သူက တခြားနယ်မြေများကိုပါ ညွှန်ပြလိုက်ကာ၊

“အကြီးအကဲရှုန်းက တောင်ပိုင်းရဲ့ ဒီနေရာကိုတာဝန်ယူရမယ်။ အကြီးအကဲရွှီကတော့ အရှေ့ပိုင်းရဲ့ဒီနေရာကို တာဝန်ယူရမယ်။ ဆဌမဦးလေးကတော့ အနောက်ပိုင်းရဲ့ ဒီနေရာကို တာဝန်ယူပေးပါ။ အဆင်ပြေလား?”

ပြောရင်းဖြင့် ရှန်းတောက်မင်က ရှန်းချန်းနျန်ကိုကြည့်လိုက်သည်။

ရှန်းချန်းနျန်က ပြုံးကာ ခေါင်းညိတ်လိုက်ပြီး၊

“ငါ့အတွက်တော့ ပြဿနာမရှိပါဘူး။”

ရှန်းတောက်မင်လည်း ခေါင်းညိတ်လိုက်သည်။

နောက်ဆုံးမှာတော့ သူက ကျန်းချန်ရွှမ်နှင့်ရှန်းရူယန်တို့ကို ကြည့်ကာ

“အကြီးအကဲကျန်းနဲ့ ရူယန်၊ မင်းတို့နှစ်ယောက်ကတော့ မိုးမခထောင်ချီဈေးကိုရှာဖွေဖို့ တာဝန်ယူလိုက်။ မင်းတို့ ထူးဆန်းတာတစ်ခုခု ရှာတွေ့ခဲ့တာနဲ့ ချက်ချင်းအချက်ပြကိုလွှတ်ရမယ်။”

ရှန်းတောက်မင်၏စီစဉ်ပေးမှုများကို နားထောင်ပြီးနောက် အားလုံးခေါင်းညိတ်လိုက်ကြသည်။

ခဏအကြာတွင်တော့ အားလုံး သက်ဆိုင်ရာတာဝန်များကို ဆောင်ရွက်ရန် ထွက်ခွာခဲ့ကြသည်။

သို့သော်လည်း ကျန်းချန်ရွှမ်နှင့်ရှန်းရူယန်တို့ အတူတူထွက်သွားတော့မည့်အချိန်တွင်ပဲ ရှန်းတောက်မင်က သူတို့ကို တားလိုက်သည်။

“အကြီးအကဲကျန်း၊ ရူယန်၊ ခဏနေကြဦး။”

“ဘာဖြစ်လို့လဲ?”

ကျန်းချန်ရွှမ်ရော ရှန်းရူယန်ပါ ရုတ်တရက် တားလိုက်ခြင်းကြောင့် နားမလည်နိုင်စွာဖြင့် လှည့်ကြည့်လာကြသည်။

ရှန်းတောက်မင်က၊ “မင်းတို့မသွားခင် ငါနဲ့ ဟွားဝူတောင်ထွတ်ကို လိုက်ခဲ့ဦး။ အစောကပဲ ဘိုးဘေးက ငါ့ဆီ အသံပို့ပြီး မင်းတို့နှစ်ယောက်ကို ခေါ်လာဖို့ပြောထားတယ်။”

“ဟွားဝူတောင်ထွတ်ကိုလား?”

ရှန်းတောက်မင်၏စကားကြောင့် ကျန်းချန်ရွှမ်နှင့် ရှန်းရူယန်တို့ အံ့အားသင့်သွားကြသည်။ ဘိုးဘေးက သူတို့ကို တွေ့ဖို့ခေါ်လိမ့်မည်ဟု မထင်မှတ်ထားခဲ့ကြပေ။

“အစ်ကို၊ ဘိုးဘေးက ဘာအတွက်ခေါ်လဲဆိုတာရောပြောသေးလား?”

ရှန်းရူယန်ကမေးလိုက်သည်။

သို့သော်လည်း ရှန်းတောက်မင်က ခါးသီးစွာပြုံးလိုက်ပြီး ခေါင်းသာယမ်းလေသည်။

“ငါလည်း သေချာမသိဘူး။ ဘိုးဘေးကဘာမှမပြောဘူးလေ။ ဘာပဲဖြစ်ဖြစ် သူကပြောလာမှတော့ ငါတို့လိုက်နာရမှာပေါ့။”

ကျန်းချန်ရွှမ်နှင့် ရှန်းရူယန်တို့ တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်မိကြသည်။

နှစ်ယောက်သားမှာ ထွေထွေထူးထူးဘာမှပြောမနေတော့ဘဲ ရှန်းယွမ်လုံရှိရာ ဟွားဝူတောင်ထွတ်သို့သာ ရှန်းတောက်မင်နောက်မှ လိုက်ခဲ့တော့သည်။

***

နှစ်တစ်ရာကျင့်ကြံပြီးနောက်

အပိုင်း ၄၀ ။ ရှန်းမျိုးနွယ်စုဘိုးဘေး (၂)

ဟွားဝူတောင်ထွတ်~

ဤနေရာသည် ရှန်းမျိုးနွယ်စု၏ဘိုးဘေးဖြစ်သူ ရှန်းယွမ်လုံ ကျင့်ကြံအားထုတ်သည့်နေရာပင်။

အခုတော့ ရှန်းယွမ်လုံတစ်ယောက် ကျောက်စိမ်းစားပွဲတစ်လုံးတွင် ထိုင်နေခဲ့သည်။ သူ၏ဆန့်ကျင်ဘက်တွင်တော့ အဝါဖျော့ဖျော့ဝတ်စုံဝတ်ဆင်ထားသည့် လှကာ အဖြူရောင်ဆံနွယ်များရှိသော အမျိုးသမီးတစ်ယောက်ရှိနေသည်။

ရှန်းယွမ်လုံက လက်ဖက်ရည်တစ်ခွက်ငှဲ့ကာ ထိုအဖြူရောင်ဆံနွယ်များနှင့်အမျိုးသမီး၏ရှေ့သို့ ချပေးလိုက်ပြီး ဖြည်းညှင်းစွာပြောလာခဲ့သည်။

“ညီမလေး၊ ငါ မင်းပြောတဲ့အတိုင်း လုပ်ပြီးသွားပြီ။”

ရှန်းယွမ်လုံက စကားကိုခဏရပ်လိုက်ကာ သူ၏မျက်နှာထက်တွင် လေးနက်သည့်အရိပ်အယောင်တပျဖြတ်ပြေးလို့သွားသည်။

“မင်းတစ်ခုခုမြင်ခဲ့တာလား? တကယ်တော့ မင်း ဒီလိုလုပ်ဖို့ မလိုပါဘူး။ နှစ်ပေါင်းများစွာ မင်း အနစ်နာခံခဲ့ရပြီးပြီ။ ဒီအတိုင်းသာဆက်သွားမယ်ဆိုရင် ငါစိုးရိမ်တာ၊ မင်းရဲ့သက်တမ်းက…”

ကျန်အပိုင်းကိုတော့ ရှန်းယွမ်လုံ ဆက်မပြောခဲ့ပေ။

ဆံပင်အဖြူနှင့်အမျိုးသမီးက၊ “အဆင်ပြေပါတယ်၊ အစ်ကို။ ကျွန်မ တွက်ချက်တာကို ရပ်လိုက်မယ်ဆိုရင်တောင်မှ ကျွန်မအတွက် အချိန်က သိပ်မကျန်လောက်တော့မှာ စိုးရတယ်။”

ရှန်းယွမ်လုံ၏အမူအရာက မည်းမှောင်လို့သွားခဲ့သည်။

ဆံပင်အဖြူနှင့်အမျိုးသမီးကဆက်ပြီး၊

“ကျွန်မ တကယ်ကို တစ်ခုခုမြင်ထားတာရှိတယ်။ ဒါကြောင့်ပဲ ကျွန်မရဲ့မှန်းဆချက်ကို အတည်ပြုဖို့အတွက် ကန်းယန်ဂိုဏ်းကနေ အလျင်စလိုရောက်လာခဲ့ရတာပေါ့။

ဒါကို ကြည့်လိုက်တော့ ကျွန်မမြင်ခဲ့တာက မမှားလောက်ဘူး။ ကျွန်မတို့ ရှန်းမျိုးနွယ်စု အနာဂါတ်မှာ မြင့်မားနိုင်ဖို့အတွက် မျှော်လင့်ချက်က သူတို့နှစ်ယောက်ပေါ်မှာ မူတည်နေတာဖြစ်ဖို့ အရမ်းများတယ်။ ဒါပေမယ့် ကျွန်မ အသေးစိတ်သိရအောင် သူတို့ကို ကိုယ်တိုင်တော့ တွေ့ဖို့လိုသေးတယ်။”

ထိုသို့ဖြင့် ရှန်းယွမ်လုံ၏ဆန့်ကျင်ဘက်တွင် ထိုင်နေသည့် အဖြူရောင်ဆံပင်နှင့်အမျိုးသမီးမှာ အခြားသူမဟုတ်ဘဲ ညီမဖြစ်သူ ရှန်းမန်ရွှယ်ပင် ဖြစ်နေလေသည်။

လက်ရှိတွင် သူမသည် ကန်းယန်ဂိုဏ်းမှ ကျီဖုအဆင့်အကြီးအကဲတစ်ယောက်ဖြစ်သလို ရွှေအမြုတေအဆင့်ဘိုးဘေးအကြီးအကဲ၏ တာအိုအဖော်လည်းဖြစ်သည်။

ရှန်းမန်ရွှမ်၏စကားများကို ရှန်းယွမ်လုံနားထောင်ပြီးနောက်၊ “ဒါဆို အခုကစပြီး ငါလုပ်ပေးဖို့လိုတာ တစ်ခုခုများရှိလား?”

ရှန်းမန်ရွှမ်က ခေါင်းအသာယမ်းလိုက်သည်။

“အစ်ကို ဘာမှထွေထွေထူးထူးလုပ်ပေးစရာမရှိပါဘူး။ သူတို့နှစ်ယောက် အကူအညီလိုအပ်တဲ့အချိန်မှာသာ ကူညီပေးရုံပဲ။ အဲ့ဒါတွေထက် အနာဂါတ်မှာ သူတို့နှစ်ယောက် အတူတူရှိနေနိုင်မယ့်အခွင့်အရေးမျိုး များများဖန်တီးပေးဖို့တော့လိုတယ်။ အချိန်ကျလာရင်.. အစ်ကိုလည်း…”

သူမစကားမဆုံးလိုက်ခင်မှာပဲ နှစ်ယောက်လုံး၏အကြည့်ကာ ဝေးကွာလှသည့်ကောင်းကင်သို့ရောက်ရှိသွားသည်။ ထိုနေရာတွင်တော့ သူတို့ရှိရာသို့ ဦးတည်လာနေသည့်အလင်းတန်း သုံးခုရှိနေလေသည်။

သူတို့နီးကပ်လာသည်နှင့် ရှန်းယွမ်လုံက ချက်ချင်းလက်ကိုမြှောက်ကာ အကာအကွယ်အစီအရင်ကို ဖွင့်ပေးလိုက်သည်။

မကြာလိုက်ပါဘဲ အလင်းတန်းသုံးခုဖြစ်သော ကျန်းချန်ရွှမ်၊ ရှန်းရူယန်နှင့် ရှန်းတောက်မင်တို့က ရှန်းယွမ်လုံနှင့် ရှန်းမန်ရွှမ်တို့ရှေ့သို့ရောက်ရှိလာခဲ့သည်။

“မင်းတို့ရောက်ပြီပေါ့။”

သူတို့သုံးယောက်ကိုမြင်သည်နှင့် ရှန်းယွမ်လုံ၏မျက်နှာထက်တွင် မှိန်ဖျော့သည့်အပြုံးတစ်ခု ပေါ်ထွက်လာခဲ့သည်။

ကျန်းချန်ရွှမ်၏ပုံစံက ပုံမှန်သာဖြစ်သော်လည်း တစ်ဖက်တွင်တော့ ရှန်းရူယန်နှင့်ရှန်းတောက်မင်တို့၏မျက်နှာသည်တော့ အလွန်အံ့အားသင့်နေသည့်အမူအရာများရှိလို့နေသည်။

“ဘိုးဘေးတို့ကိုနှုတ်ဆက်ပါတယ်!”

“နေပါဦး၊ ဘာလိုခေါ်လိုက်တယ်?”

ရှန်းမောင်နှမ၏နှုတ်ခွန်းဆက်စကားကြောင့် ကျန်းချန်ရွှမ် သတိလက်လွတ် ပြန်မေးလိုက်မိသည်။

ဘိုးဘေးနှစ်ယောက်လား?

သူ သတိလက်လွတ်ဖြင့် အဖြူရောင်ဆံပင်နှင့်အမျိုးသမီးကို ကြည့်လိုက်ရာ သူမ၏လှပသောမျက်ဝန်းများကလည်း ထိုအခိုက်တွင် သူ့ကိုကြည့်နေခြင်းဖြစ်ကြောင်း တွေ့လိုက်ရသည်။ သူမက ချက်ချင်းပင် သူ့ကိုပြုံးပြလာကာ၊

“မင်းက ကျန်းချန်ရွှမ်ပဲဖြစ်ရမယ်၊ ဟုတ်တယ်မလား? ဒါ ငါတို့ပထမဆုံးအကြိမ်တွေ့ဆုံတာပဲ။ ဒီမြေစွမ်းအင်အဆီအနှစ်ဆေးလုံးပုလင်းကို ငါ့ရဲ့လက်ဆောင်အဖြစ်မှတ်ယူလိုက်ပါ။”

ရှန်းမန်ရွှယ်က ကျန်းချန်ရွှမ်ကို ဆေးတစ်ပုလင်း ပေးလာခဲ့သည်။

ကျန်းချန်ရွှမ်သည်တော့ ဆွံ့အမှင်သက်နေတုန်းပင်။

ဘာတွေဖြစ်ကုန်တာလဲ? အစောကတော့ ရှန်းယွမ်လုံက သူ့ကို အဆင့်မြင့် (အဆင့် ၂) ဓားပျံတစ်ချောင်းပေးလာတယ်။ အခုတော့ ဒီကန်းယန်ဂိုဏ်းမှာနေတဲ့ ရှန်းမျိုးနွယ်စုရဲ့ဘိုးဘေးကလည်း သူ့ကို လက်ဆောင်ပေးလာပြန်ပြီလား။

ကိစ္စများမှာ အမှန်တကယ်ဖြစ်နေခြင်းပင်။

လက်ရှိတွင် ကျန်းချန်ရွှမ်က သူ့ရှေ့တွင်ရှိနေသည့် ဆံပင်အဖြူရောင်နှင့်အမျိုးသမီး၏သရုပ်မှန်ကို မှတ်မိသွားခဲ့ပြီဖြစ်သည်။

ဒါ့ပေမယ့် သူမက ဘာလို့ မြေစွမ်းအင်အဆီအနှစ်ဆေးလုံးပုလင်း ပေးလာရတာလဲ?

မြေစွမ်းအင်အဆီအနှစ်ဆေးလုံးသည် အထူးတလည်အဖိုးတန်သော ဆေးလုံးမဟုတ်သော်လည်း အခြေတည်အစောပိုင်းအဆင့်ကျင့်ကြံသူများ စစ်မှန်သောအဆီအနှစ်ကိုစုဆောင်းရာတွင် အထူးအသုံးပြုသော ဆေးလုံးမျိုးတော့ဖြစ်သည်။

ဤပုလင်းတွင် ဆေးလုံး ခြောက်လုံးပါဝင်တာကြောင့် အနည်းဆုံး ဝိညာဉ်ကျောက်တုံး ၃၀၀၀ မှ ၄၀၀၀အထိ တန်ဖိုးရှိပေသည်။

ရှန်းရူယန်နှင့်ရှန်းတောက်မင်တို့ပင်လျှင် အနည်းငယ်စိတ်ရှုပ်သွားကြသည်။

သူတို့နှစ်ယောက်လည်း ဘာကြောင့် သူတို့၏ဘိုးဘေးနှစ်ယောက်က ကျန်းချန်ရွှမ်ကို အထူးတလည်ဆက်ဆံနေလဲဆိုသည်ကို နားမလည်နိုင်ကြပေ။

သို့သော်လည်း သူတို့ကိုပိုပြီး စိတ်ရှုပ်ထွေးသွားစေသည်က ရှန်းမန်ရွှယ်တစ်ယောက် မြေစွမ်းအင်အဆီအနှစ်ဆေးပုလင်းကို ပေးပြီးနောက် အပြုံးတစ်ပွင့်ဖြင့်ပြောလာသည့် စကားများကြောင့်ပင်။

“ကောင်းပြီ၊ ဘာကိစ္စမှမရှိတော့ဘူး။ မင်းတို့ပြန်လို့ရပြီ။”

ထိုစကားကြောင့် သုံးယောက်သား စိတ်ရှုပ်ထွေးစွာဖြင့် တစ်ယောက်ကိုတစ်ယောက် မကြည့်မိဘဲ မနေနိုင်တော့ပေ။

သူတို့ဘိုးဘေးတွေ ဘာကိုဆိုလိုမှန်း တကယ်ကို နားမလည်နိုင်တော့ဘူး။

သို့သော်လည်း ဘိုးဘေးများက ပြောလာခြင်းဖြစ်တာကြောင့် သူတို့လည်း ကြာကြာ ဆက်မနေကြတော့ပေ။

ဘိုးဘေးနှစ်ယောက်ကို ဂါရဝပြုပြီးနောက် ကျန်းချန်ရွှမ်တို့ သုံးယောက်သား ဟွားဝူတောင်ထွတ်မှ ပြန်လည်ထွက်ခွာသွားခဲ့ကြသည်။

သူတို့သုံးဦး ထွက်သွားသည်ကိုကြည့်ရင်း ရှန်းယွမ်လုံက ရှန်းမန်ရွှယ်ကို လှည့်ကြည့်ကာ မေးလိုက်သည်။

“မင်းရဲ့ခန့်မှန်းချက်ကို အတည်ပြုပြီးပြီလား?”

ရှန်းမန်ရွှမ်က ပြုံးကာ ခေါင်းညိတ်လိုက်သည်။ “တကယ်ကိုပဲ။ အချိန်ကျလာရင် သူတို့နှစ်ယောက်ကို တာအိုအဖော်တွေဖြစ်အောင် ကြိုးစား…”

ထိုစကားကိုပြောနေချိန်မှာပဲ ရုတ်တရက် ရှန်းမန်ရွှယ်၏ညည်းညူသံက ထွက်ပေါ်လာခဲ့သည်။

ထို့နောက် ချက်ချင်းဆိုသလို နီညိုရောင်သွေးများက သူမနှာခေါင်းမှတဆင့် စီးကျလာပြီး ကျောက်စိမ်းစားပွဲကို အနီရောင်ဆိုးသွားခဲ့သည်။

ရှန်းယွမ်လုံတစ်ယောက် ထိတ်လန့်သွားကာ အလျင်အမြန်ပင် ရှန်းမန်ရွှယ်ကို ထိန်းကိုင်ပေးလိုက်ပြီး စိုးရိမ်ပူပန်စွာဖြင့်မေးမြန်းလေသည်။

“ညီမလေး၊ အဆင်ပြေရဲ့လား? ငါ အခုပဲ မင်းကို ကန်းယန်ဂိုဏ်းဆီပြန်ပို့ပေးမယ်။”

သို့သော်လည်း ရှန်းမန်ရွှယ်က လက်ကိုအသာယမ်းကာ ပြုံးလိုက်သည်။

“ဒါက ကောင်းကင်ဘုံရဲ့လျှို့ဝှက်ချက်ကို ထုတ်ပြောတဲ့အတွက် တန်ပြန်သက်ရောက်မှုပဲ။

ကျွန်မအခြေအနေကို ကျွန်မကောင်းကောင်းသိပါတယ်။ လောလောဆယ်တော့ မသေနိုင်သေးပါဘူး။

ဒါပေမယ့် ဒါကပဲ ကျွန်မအရင်ခန့်မှန်းထားတာက မမှားကြောင်း အတည်ပြုပြီးသားဖြစ်သွားတာကြောင့် ရှန်းမျိုးနွယ်စုရဲ့အနာဂါတ်က တကယ်ကို သူတို့နှစ်ယောက်ရဲ့လက်ထဲမှာရှိနေတာ ဖြစ်နိုင်တယ်။”

ထို့နောက် သူမက အနီတောက်တောက်ဆေးလုံးတစ်လုံးကိုထုတ်ယူကာ မြိုချလိုက်သည်။

တောက်ပသည့်အနီရောင်ဆေးလုံးကို မြိုချလိုက်ပြီးနောက် သူမ၏နဂို ဖြူဖျော့နေသည့်မျက်နှာမှာ ချက်ချင်းပင် သွေးရောင်လွှမ်းလာကာ အတော်လေးပြန်သက်သာသွားပုံပင်။

သို့သော်လည်း ရှန်းယွမ်လုံတစ်ယောက်သာ သူ့ညီမ၏သက်တမ်းက သိပ်မကြာခင် ကုန်ဆုံးတော့မည်ဖြစ်ကြောင်း သိနေခဲ့သည်။

….

တစ်ချိန်တည်းမှာပင်။

ကျန်းချန်ရွှမ်တို့သုံးယောက် ဟွားဝူတောင်ထွတ်မှထွက်ခွာခဲ့ကြပြီးနောက် ရှန်းမျိုးနွယ်စုပင်မနေရာဖြစ်သည့် ယွီဟွာတောင်သို့ ပြန်လာခဲ့ကြသည်။

လမ်းတစ်လျှောက်တွင်..

ကျန်းချန်ရွှမ်နှင့် ရှန်းရူယန်တို့က ရှန်းတောက်မင်ကို လှည့်ကြည့်လာကြသည်။

ထို့နောက် ကျန်းချန်ရွှမ်က သူ့သိချင်စိတ်ကို ဆက်မထိန်းနိုင်တော့ဘဲ မေးမြန်းတော့သည်။

“မိသားစုခေါင်းဆောင်၊ အစောက ဘိုးဘေးနှစ်ယောက်၊ တကယ်ပဲ ဘာကို..?”

ရှန်းရူယန်က ကျန်းချန်ရွှမ် တွန့်ဆုတ်နေတာကြောင့် ဖြတ်ပြောလိုက်သည်။

“ဟုတ်တယ်၊ အစ်ကိုကြီး။ ဘိုးဘေးနှစ်ယောက်က တကယ်ပဲ ဘာကိုဆိုလိုချင်တာလဲ?”

သို့သော်လည်း ရှန်းတောက်မင်ကတော့ ခါးခါးသီးသီးပြုံးကာ ခေါင်းသာယမ်းနိုင်လေသည်။

“မင်းတို့ ငါ့ကိုမေးလာရင်တောင် ငါလည်း မသိဘူးလေ။ ဘိုးဘေးနှစ်ယောက်ဘာတွေတွေးနေလဲဆိုတာ ငါကဘယ်လိုလုပ်သိနိုင်မှာလဲ?”

သူကပြောရင်း ကျန်းချန်ရွှမ်ကိုကြည့်လာခဲ့သည်။ ထို့နောက် ခဏတွေးလိုက်ကာ၊

“အကြီးအကဲကျန်း၊ ဘာမှစိတ်ဖိစီးသလိုခံစားနေဖို့မလိုဘူး။ ဘိုးဘေးတွေက မင်းကို အထူးတလည် ကောင်းမွန်တဲ့သဘောထားတွေ ပြလာတယ်ဆိုမှတော့ မင်း လက်သာခံထားလိုက်ပါ။

စိတ်မပူပါနဲ့။ ဘိုးဘေးနှစ်ယောက်အပေါ် ငါ့ရဲ့နားလည်ထားမှုအရတော့ သူတို့မှာ ဘာအန္တရာယ်ပြုချင်တဲ့သဘောမှမရှိဘူး။”

သူတို့စကားပြောလာရင်းဖြင့်ပင် လမ်းခွဲတစ်ခုသို့ ရောက်ရှိလို့လာသည်။

ရှန်းတောက်မင်က၊ “ကောင်းပြီ။ ဒီနေရာကနေပဲ လမ်းခွဲကြတာပေါ့။ အကြောင်းတစ်ခုခုထူးရင် ငါ့ကိုချက်ချင်း အချက်ပေးဖို့ မမေ့ကြနဲ့ဦး။”

ထို့သို့ဖြင့် ရှန်းတောက်မင်က ကျန်းချန်ရွှမ်ဘက်သို့လှည့်ကာ လက်နှစ်ဖက်ဆုပ်လို့ နှုတ်ဆက်ပြီး ရှန်းရူယန်ကိုတော့ ခေါင်းအသာညိတ်ပြလိုက်ကာ အလင်းတန်းတစ်ခုအသွင်အဖြစ် မြောက်အရပ်သို့ဦးတည်ထွက်ခွာသွားတော့သည်။

***

စာစဉ် ၂ ပြီး၏။

All Chapters