အခန်း (၄၆-၅၀)
Vol. 3 Ch. 46-50
နှစ်တစ်ရာကျင့်ကြံပြီးနောက်
အခန်း ၄၆ ။ အဆင့် ၂ အဆောင်ပစ္စည်း အခု ၁၀၀ ပြီးစီးခြင်း
ယခုအချိန်တွင် ကျန်းချန်ရွှမ်၏ စစ်မှန်မှုအဆီအနှစ်စွမ်းအင်မှာ ၃၀% ကျော် ပိုမိုတိုးတက်လာပြီဖြစ်ကာ အခြေခံတည်ဆောက်မှု ပဥ္စမအဆင့် ကျင့်ကြံသူတစ်ဦး၏ အဆီအနှစ်စွမ်းအင်နှင့်ယှဉ်လျှင် တန်းတူ သို့မဟုတ် ပို၍ပင် သာလွန်သွားပြီးဖြစ်သည်။ အခြေခံတည်ဆောက်မှုတတိယအဆင့်ကို တက်လှမ်းနိုင်ခဲ့ခြင်းကြောင့် ဓမ္မလက်နက်များ သန့်စင်ခြင်းနှင့် အဆောင်ပစ္စည်းများ ဖန်တီးစီရင်ခြင်းတို့ကို ဆောင်ရွက်ရာတွင် သိသိသာသာပင် မြန်ဆန်ကျွမ်းကျင်လာခဲ့ပြီဖြစ်သည်။
သုံးလအတွင်း ကျန်းချန်ရွှမ်သည် အဆင့်၂ အလယ်အလတ် အဆင့် ဓမ္မလက်နက်နှစ်ခုဖြစ်သည့် သစ်သားစိမ်း ကောင်းကင်အလင်းဒိုင်းနှင့် အရိပ်ခွဲအလင်းဓားတို့ကို အောင်မြင်စွာ သန့်စင်နိုင်ခဲ့ပြီဖြစ်သည်။ ထို့ကြောင့် နောက်ခြောက်လကို ရှန်းယွမ်လုံပေးအပ်ခဲ့သည့် ကျီယန်ဓားကို သန့်စင်ရာတွင် အသုံးပြုလိုက်သည်။ ရှိရင်းစွဲ ခရမ်းရောင်မီးလျှံဓားနှင့် ခရမ်းဝါရောင်ဝိညာဉ်ဒိုင်းများကို ထည့်တွက်လျှင် ကျန်းချန်ရွှမ်တွင် ယခုအခါ ဓမ္မလက်နက်ငါးခုထိ ရှိလာပြီဖြစ်သည်။ ထိုအထဲတွင် ခရမ်းရောင်မီးလျှံဓားနှင့် သစ်သားစိမ်း ကောင်းကင်ဝိညာဉ်ဒိုင်းတို့မှာ အဆင့် ၂ အလယ်အဆင့် လက်နက်များဖြစ်သည်။
ဗလာနယ်နဂါးဓားမှာ အဆင့် ၂ အမြင့်ဆုံးအဆင့်ဖြစ်ပြီး အရေးမသာသည့် တိုက်ပွဲအခြေအနေမျိုးတွင် အလှည့်အပြောင်းလက်နက်အဖြစ် အသုံးဝင်မည်ဖြစ်သည်။ ဆက်လက်၍ ကျန်းချန်ရွှမ်သည် အဆင့် ၂ အလယ်အဆင့် မန္တန်နှစ်ခုဖြစ်သည့် ပင်လယ်ပြာလောင်မီးမန္တန်နှင့် လိပ်ခွံမြေဝိညာဥ်ဒိုင်းမန္တန် နှစ်ခုကို ကျင့်ကြံလိုက်သည်။ သူ့တွင် ယင်ယန်ဒြပ်ငါးပါး ဝိညာဉ်သွေးကြောရှိသည့်အတွက် အဆိုပါမန္တန်နှစ်ခုကို ကျင့်ကြံရာတွင် လွယ်ကူချောမွေ့လျက်ရှိသည်။ နောက်နှစ်နှစ်တာ ကုန်ဆုံးပြီးနောက် ထိုမန္တန်နှစ်ခုကို ကနဦးအဆင့်ထိ ကျင့်ကြံနိုင်လိုက်ပြန်သည်။ ထိုမန္တန်နှစ်ခုကို အချိန်မရွေး အသုံးပြုနိုင်ခြင်းဖြင့် ကျန်းချန်ရွှမ်၏ကျင့်ကြံမှုစွမ်းအားသည် အခြေခံတည်ဆောက်ခြင်း အလယ်အဆင့် ကျင့်ကြံသူများကိုပင် ကောင်းကောင်းခြိမ်းခြောက်နိုင်နေပြီဖြစ်သည်။
နောက်တစ်နှစ်ခွဲကာလကို စနစ်မှချီးမြှင့်ထားသည့် ချင်းဖုန်းဓားနည်းစနစ်ကို နောက်ဆုံးအဆင့်အထိ ကျင့်ကြံရင်း သုံးစွဲလိုက်သည်။ ချင်းဖုန်းဓား၏ နောက်ဆုံးအဆင့်စွမ်းအားကို မစမ်းသပ်ရသေးသော်လည်း ကနဦးအဆင့်စွမ်းအားနှင့် ယှဥ်ထိုးဆုံးဖြတ်လျှင် နောက်ဆုံးအဆင့်စွမ်းအားသည် အခြေခံတည်ဆောက်မှု ဆဌမအဆင့်ကျင့်ကြံသူများကိုပင် ဒုက္ခကောင်းကောင်းပေးနိုင်မည်မှာ မလွဲပါ။ နောက်ဆုံးအနေနှင့် ကျန်းချန်ရွှမ်သည် အဆင့်၂ အဆောင်ပစ္စည်းများ ရေးဆွဲစီရင်ခြင်းကို အာရုံစိုက်လိုက်သည်။ သို့သော် ရွှေသံချပ်ကာရုပ်သေး အဆောင်များကို အဆောတလျင် စီရင်ခြင်းမပြုသေးဘဲ အဆင့်၂ အနိမ့်စားအဆင့် အဆောင်များကို သွေးပူလေ့ကျင့်သည့်အနေနှင့် အရင်ဆုံးဖန်တီးရေးဆွဲရန် ဆုံးဖြတ်လိုက်သည်။
ဥပမာအနေနှင့် သစ်အသားတက်ခြင်း အဆောင်၊ မီးမြွေအဆောင်နှင့် နိဗ္ဗာန်ရေခဲဓားအဆောင်တို့လို အနိမ့်စားအဆောင်ပစ္စည်းများဖြစ်သည်။ ထိုအဆောင်များမှာ ဖန်တီးရာတွင် အလွယ်ကူဆုံးနှင့် အရိုးရှင်းဆုံးဖြစ်သည်။ ရွှေသံချပ်ကာရုပ်သေးကဲ့သို့ ခက်ခဲသော အဆောင်ပစ္စည်းများကို ရေးဆွဲလာခဲ့သည့် ကျန်းချန်ရွှမ်အတွက် သစ်အသားတက်ခြင်းအဆောင်ကဲ့သို့ အပေါစား ခပ်ညံ့ညံ့အဆောင်များကို ရေးဆွဲသည့်အလုပ်မှာ လွယ်ကူလွန်းနေတော့သည်။ထိုအဆောင်များကို ပျက်စီးခြင်းမရှိဘဲ ဆက်တိုက်ရေးဆွဲဖန်တီးလိုက်သည့် ကြာချိန်မှာ သူထင်ထားသည်ထက် တိုတောင်းနေပါတော့သည်။
ဤနည်းဖြင့် ကျန်းချန်ရွှမ်တစ်ယောက် သူအဆောင်ဖန်တီးခြင်းအဆင့်မှာ အဆင့် ၂ အနိမ့်စားအဆင့် ရရှိပြီဖြစ်ကြောင်း သေချာလျှင် နောက်တစ်ဆင့်တက်၍ အဆင့်၂ အလယ်အဆင့် အဆောင်များကို ဖန်တီးရန် ဆုံးဖြတ်လိုက်သည်။ ရွှေဝါရောင်ကျောက်စိမ်းနှင့် ကောင်းကင်ဝိဉာဉ်နှင်းရေစက် ပုလင်းများနှင့် အခြားလိုအပ်သည့် ကုန်ကြမ်းပစ္စည်းများကိုထုတ်ယူပြီး ရွှေသံချပ်ကာရုပ်သေး အဆောင်များကို စတင်ရေးဆွဲပါတော့သည်။
နောက်တစ်နှစ်အကြာ……
ကျန်းချန်ရွှမ်သည် ရွှေဝါရောင်ကျောက်စိမ်းနှင့် ကောင်းကင်ဝိဉာဉ်နှင်းရေစက် ပေါင်းစပ်ဖွဲ့စည်းထားသည့် အကြမ်းထည်ပေါ်သို့ နောက်ဆုံးစုတ်ချက်တစ်ခုတင်လိုက်သည့်အချိန် အဆောင်အကြမ်းထည် မျက်နှာပြင်သည် စူးရှသောအလင်းများ ကွန့်မြူးလာတော့သည်။ ရွှေဝါရောင်ကျောက်စိမ်း၏ နဂိုမူလမျက်နှာပြင်တွင် ရှုပ်ထွေးပွေလီလှသော ပုံစံအကွက်များ ပြည့်နှက်နေပြီဖြစ်သည်။ အခြေခံတည်ဆောက်မှုနယ်ပယ် အောက်တွင်ရှိသည့် ကျင့်ကြံသူများက ထိုပုံစံအကွက်များကို နတ်ဘုရားအာရုံ အသုံးပြု၍ စစ်ဆေးကြည့်လိုက်မည်ဆိုလျှင် သူတို့၏ဝိညာဉ်မှာ ဒဏ်ရာအကြီးအကျယ်ရရှိသွားမည်ဖြစ်သည်။
ကျန်းချန်ရွှမ်သည် ပြီးစီးသွားသော ရွှေသံချပ်ကာ ရုပ်သေးအဆောင်ကို ကိုင်လျက် အတွေးနယ်ချဲ့နေမိသည်။ စနစ်မှချီးမြှင့်သော အဆောင်လက်နက်သည် အခြားသော သာမန်အဆောင်များနှင့်ယှဥ်လျှင် အဆင့်အတန်းချင်း ကွာခြားသလို စွမ်းအားအဆင့်ကိုပင် သတ်မှတ်နိုင်ခြင်းမရှိချေ။ ဤအဆောင်လက်နက်ပြုလုပ်နည်းကိုသာ လက်နက်ရတနာဖလှယ်ပွဲတွင် ရောင်းချလိုက်မည်ဆိုလျှင် အခြေခံတည်ဆောက်မှုအဆင့် မိသားစုများနှင့် ဂိုဏ်းများအကြားတွင် ပွက်လောရိုက်သွားမည်မှာ သေချာသည်။ ကျီဖုအဆင့် မိသားစုဖြစ်သည့် ရှန်းအင်မော်တယ်မျိုးနွယ်စုသည်ပင် ရွှေသံချပ်ကာရုပ်သေး အဆောင်ကို လိုချင်တပ်မက်လိမ့်မည်မှာ သေချာလုနီးပါးဖြစ်သည်။
ထို့နောက် ကျန်းချန်ရွှမ်သည် ဆက်မတွေးတော့ဘဲ ဒုတိယမြောက် ရုပ်သေးအဆောင်ကို ဆက်လက်ရေးဆွဲလိုက်သည်။ ပထမတစ်ကြိမ် အောင်မြင်ပြီးနောက် ဒုတိယအကြိမ်ရေးဆွဲရာတွင် ပိုမိုမြန်ဆန်ချောမွေ့လာပါသည်။ ဤတစ်ခါ ရေးဆွဲရာတွင် ငါးလမျှသာ ကြာမြင့်လိုက်သည်။ တတိယအကြိမ်ရေးဆွဲရာတွင်တော့ အမြန်နှုန်းမှာ အဆများစွာ တိုးတက်လာပြီဖြစ်ပြီး လေးလခွဲသာ အချိန်ယူလိုက်ရပါသည်။ ထို့ကြောင့် ကျန်းချန်ရွှမ်တွင် ယခုအခါ ရုပ်သေးအဆောင်သုံးခုရှိလာပြီဖြစ်ကာ နောက်ထပ် ရွှေဝါရောင်ကျောက်စိမ်းနှင့် ကောင်းကင်ဝိဉာဉ်နှင်းရေစက်များ စုဆောင်းနိုင်ပါက စတုတ္ထမြောက် ရုပ်သေးအဆောင်ကို ဖန်တီးနိုင်မည်ဖြစ်သည်။
ရွှေရောင်သံချပ်ကာ ရုပ်သေးအဆောင် ရေးဆွဲနည်းကို လူအများသိရှိသွားပါက အဆောင်ဖန်တီးရာတွင် အဓိကကုန်ကြမ်းဖြစ်သည့် အဆိုပါပစ္စည်းများ၏ စျေးနှုန်းမှာ မိုးအထိထိုးတက်သွားမည်မှာ မြေကြီးလက်ခတ်မလွဲဖြစ်သည်။
နောက်ထပ်နှစ်နှစ် ကုန်လွန်သွားပြန်သည်။
ကျန်းချန်ရွှမ်၏လက်ထဲတွင် အဆင့် ၂ အနိမ့်စား အဆောင်ပစ္စည်း ၅၀ မှ ၆၀ အထိရှိနေပြီဖြစ်ပြီး အဆောင်လက်နက်များမှာ တိုက်ခိုက်ရေး၊ ကာကွယ်ရေး၊ အဆိပ်ဖယ်ရှားခြင်း၊ ဒဏ်ရာကုသခြင်း နှင့် စေစားလှည့်ဖျားခြင်းစသည့် အမျိုးအစားပေါင်းစုံ ပါဝင်သည်။ ထိုနှစ်နှစ်တာကာလအတွင်း ကျန်းချန်ရွှမ် စိတ်ပျက်မိသည့်အရာတစ်ခုမှာ အဆင့်၂ အလယ်အဆင့် အဆောင်များကို အကြိမ်မနည်း ဖန်တီးခဲ့သော်လည်း တစ်ခုမျှမအောင်မြင်ခဲ့ခြင်းဖြစ်သည်။ မကြာမီ သူသဘောပေါက်လိုက်သည်က မအောင်မြင်ရခြင်း အကြောင်းရင်းမှာ သူ၏အဆောင်ဖန်တီးခြင်းစွမ်းရည်နှင့် မသက်ဆိုင်ဘဲ သုံးစွဲသည့် စုတ်တံကြောင့်သာဖြစ်ကြောင်း သိလိုက်ရသည်။
နောက်ထပ် အဆင့် ၂ အလယ်အဆင့် အဆောင်ပစ္စည်းကို ရေးဆွဲရာတွင် ထပ်မံကျရှုံးပြီးနောက် စုတ်တံကို အသာချလိုက်သည်။ အဆင့်၂ အလယ်အဆင့် စုတ်တံကောင်းကောင်းတစ်ချောင်း ဝယ်ယူရန်လိုအပ်နေပြီဖြစ်သည်။ ထိုသို့တွေးမိလိုက်သည့် ခဏတွင် စနစ်မှအချက်ပေးသံတစ်ခုကို သူ့စိတ်ထဲတွင်ကြားလိုက်ရသည်။
[ ဒင်! ဂုဏ်ပြုပါတယ် စနစ်ပိုင်ရှင်၊ အဆင့် ၂ အဆောင်ပစ္စည်း ၁၀၀ ကိုရေးဆွဲဖန်တီးပြီးပါပြီ၊ ပါရမီစွမ်းရည် +၁ ကို လက်ခံရရှိပါမည်]
“ဘာလဲဟ”
ကျန်းချန်ရွှမ်မှာ ထိုအသံကိုကြားလိုက်ရ၍ အံ့အားသင့်မိသွားသည်။ စနစ်က သူ့ကို ထိုမစ်ရှင်မျိုး ပေးအပ်ထားခြင်းမရှိပါ။ အလုပ်တစ်ခုကိုအကြိမ် ၁၀၀ လုပ်ခြင်းကြောင့် စနစ်က ဆုချီးမြှင့်သည်ဆိုလျှင် အကြိမ် ၁၀၀ စားခြင်းနဲ့ အိပ်စက်ခြင်းတို့အတွက်တော့ ဘာကြောင့်မပေးရသလဲဟု သူတွေးမိလိုက်သေးသည်။ သို့မဟုတ် ယခုမစ်ရှင်သည် သူ့ကို အရင်က ပေးအပ်ခဲ့သော အဆင့် ၂ အဆောင်ပစ္စည်း ၃၀ ရေးဆွဲခိုင်းသည့် မစ်ရှင်နှင့် ဆက်စပ်နေသည်လား။ ထိုမစ်ရှင်မှာ အကြိုမစ်ရှင်မျိုးဖြစ်ပြီး အဆောင်ပစ္စည်း ၃၀ ကိုကျော်၍ အရေအတွက် ၁၀၀ အထိရေးဆွဲလိုက်သောအခါ နောက်တစ်ဆင့် မစ်ရှင်တစ်ခုကို အသစ်ဖွင့်လိုက်သလို ဖြစ်သွားသည်များလား။ ဤသည်က လတ်တလော ဖြစ်နိုင်ချေအရှိဆုံးဖြစ်သည်။
***
နှစ်တစ်ရာကျင့်ကြံပြီးနောက်
အခန်း ၄၇ ။ အဆင့် ၂ အလယ်အဆင့် အဆောင်ဖန်တီးသူ
ထိုစဉ် ကျန်းချန်ရွှမ်သည် သူ၏ခန္ဓာကိုယ်တွင် တစ်စုံတစ်ခုပြောင်းလဲသွားသလို ခံစားလိုက်ရသည်။ ထိုပြောင်းလဲမှုကို အာရုံစိုက်၍ ရှာဖွေလိုက်သောအခါ ပျောက်ချင်းမလှ ပျောက်သွားပြန်သည်။ ထို့နောက် သူ့အရှေ့တွင် ပုံလျက်သားရှိသော မအောင်မြင်ခဲ့သည့် အဆောင်ပစ္စည်းအကြမ်းထည်များကို မျက်စိက လျှပ်တပြက်ရောက်သွားစဉ် သူပြုလုပ်ခဲ့မိသော အမှားများ တစ်ပုံတစ်ပင်ကို တွေ့လိုက်ရတော့သည်။ ထိုအမှားများကို သူအနေနှင့် အလွယ်တကူရှောင်ရှားနိုင်ခဲ့သင့်သည်ဟု တွေးမိလိုက်သည်။ သူနားမလည်ခဲ့သော၊ နားလည်ရန် ရုန်းကန်ခဲ့ရသော အစီရင်ရေးဆွဲနည်းအဆင့်များမှာ ယခုအခါ လယ်ပြင်ဆင်သွားသလို ရှင်းလင်းလျက်ရှိတော့သည်။ ကျန်းချန်ရွှမ်အနေနှင့် ထိုအဆောင်ပစ္စည်းများကို အသစ်ပြန်လည်ဖန်တီးလျှင် ကျရှုံးတော့မည်မဟုတ်ဟု ခံစားမိနေပြီဖြစ်သည်။
အထက်ပါအခြင်းအရာများကို စေ့ငုကြည့်သောအခါ ကျန်းချန်ရွှမ် ကောင်းစွာ သဘောပေါက်သွားတော့သည်။ အဆိုပါပြောင်းလဲမှု၏အရင်းခံသည် စနစ်က ပေးအပ်လိုက်သည့် အဆောင်ဖန်တီးခြင်း ပါရမီအမှတ် +၁ ကြောင့်ဖြစ်သည်။ မဟုတ်လျှင် အချိန်တိုအတွင်း ရှုပ်ထွေးသော အဆောင်ရေးဆွဲစီရင်ခြင်း နည်းနာများကို ယခုလို အလွယ်တကူ ထိုးထွင်းသိမြင်နိုင်မည် မဟုတ်ပေ။ နားလည်သဘောပေါက်သွားသော ကျန်းချန်ရွှမ်သည် အချိန်မဆွဲတော့ဘဲ စုတ်တံကိုကောက်ကိုင်ကာ သစ်သားအသက်ဓာတ် ဟုခေါ်သည့် အဆင့်၂ အလယ်အဆင့် အဆောင်တစ်ခုကို ရေးဆွဲလိုက်တော့သည်။ အဆိုပါအဆောင်၏ အဓိကအသုံးပြုပုံမှာ အဆင့်၁ သို့မဟုတ် ၂ အဆင့်ရှိ ဝိညာဉ်အပင်များ၏ အသက်ဓာတ်ကို ပြန်လည်အသက်သွင်းခြင်းဖြစ်ပြီး အင်မော်တယ်မိသားစုအကြီးစားများနှင့် ကျင့်ကြံခြင်းဂိုဏ်းများတွင် အသုံးများကြသည်။
ကျန်းချန်ရွှမ် အရင်က ထိုအဆောင်ပစ္စည်းကို ဆယ်ကြိမ်ထက်မနည်း ရေးဆွဲခဲ့သော်လည်း ဆယ်ကြိမ်လုံး မအောင်မြင်ခဲ့။ ယခုလည်း အဆင့်၂ အနိမ့်စားစုတ်တံဖြင့် အဆိုပါအဆောင်ကို အောင်မြင်စွာ ရေးဆွဲနိုင်လိမ့်မည်ဟု အတပ်မပြောရဲသေးပါ။ များမကြာခင် ကျန်းချန်ရွှမ်လက်ထဲရှိ စုတ်တံအဖျားတွင် ဝိညာဉ်အလင်းမျှင်များ ယှက်သန်းလာကာ အဆောင်စီရင်သော စက္ကူပြားပေါ်တွင် ရှုပ်ထွေးဆန်းကြယ်သော မှော်သင်္ကေများ အစီအရီပေါ်ပေါက်လာတော့သည်။
တစ်လကြာပြီးနောက်…
နောက်ဆုံးသောစုတ်ချက်ကို ဆွဲလျက် အဆင့်၂ အလယ်အဆင့် သစ်သားအသက်ဓာတ်.အဆောင်ပစ္စည်းစီရင်ခြင်းကို အောင်မြင်စွာ အဆုံးသတ်လိုက်သည်။ ကျန်းချန်ရွှမ်၏ မျက်နှာထက်တွင် ကြည်နူးရိပ်များ သန်းနေသည်။ အဆင့်၂ အလယ်အဆင့် သစ်သားအသက်ဓာတ် အဆောင်ကို အဆင့်၂ အနိမ့်စားစုတ်တံနှင့် ရေးဆွဲဖန်တီးနိုင်ခဲ့ပြီဖြစ်သည်။ ထို့နောက် စီရင်ပြီးအဆောင်ကို ကောက်ယူ၍ စစ်ဆေးကြည့်လိုက်သည်။ အဆောင်၏အရည်အသွေးမှာ အတော်လေး ကောင်းမွန်ပြီး အဆင့်၂ အလယ်အဆင့် ဝါရင့်အဆောင်ရေးဆွဲသူ၏ လက်ရာနှင့် ကောင်းစွာယှဉ်ပြိုင်နိုင်ပါသည်။ ကျန်းချန်ရွှမ်အနေနှင့် အဆင့် ၂ အဆောင်ဖန်တီးနည်းစာအုပ်၏ ဒုတိယပိုင်းကိုသာ ရယူဖို့လိုပါတော့သည်။ စာအုပ်ပထမပိုင်းတွင် ဖော်ပြထားသော အဆင့်၂ အလယ်အလတ် အဆောင်ပစ္စည်းဖန်တီးပုံ နည်းလမ်းများမှာ အရေအတွက်အားဖြင့် အကန့်အသတ်ရှိသလို အများစုမှာ အထောက်အကူပြု အဆောင်ပစ္စည်းများသာ ဖြစ်ကြသည်။
တိုက်ပွဲတွင် တိုက်ရိုက်အသုံးပြုနိုင်သော အဆောင်များမှာ နည်းပါးလှသည်။ ထိုစဉ် ကျန်းချန်ရွှမ်၏ အကြည့်က အချုပ်အနှောင် အဆောင်ပစ္စည်းထံသို့ ရောက်သွားသည်။ စာအုပ်ပထမပိုင်းတွင် မှတ်တမ်းတင်ထားသော အဆောင်ပစ္စည်းများအားလုံးအနက် ဤအဆောင်သည် အသုံးဝင်ဆုံးသော တိုက်ခိုက်ရေးအဆောင်လက်နက်ဖြစ်သည်။ နောက်ထပ် နှစ်နှစ်အကြာ ကျန်းချန်ရွှမ်နေထိုင်ရာ လှိုဏ်ဂူအပြင်တွင်…….
အလင်းစီးကြောင်းနှစ်ခု ရုတ်တရက်ကျဆင်းလာသည်။ ရှန်းမိသားစု၏ လတ်တလော အကြီးအကဲဖြစ်သူ ရှန်းတောက်မင်နှင့် သူ့ညီမဖြစ်သူ ရှန်းရူယန်တို့ဖြစ်ကြသည်။ ၁၂နှစ်ကြာ ဂူပိတ်ကျင့်ကြံပြီးနောက် ရှန်းရူယန်၏ ကျင့်ကြံမှုအဆင့်မှာ တစ်ဟုန်ထိုးတိုးတက်လာပြီဖြစ်ကာ အခြေခံတည်ဆောက်မှု စတုတ္ထအဆင့်မှ ယခုအခါ ဆဌမအဆင့်သို့ တက်လှမ်းနိုင်ခဲ့ပြီဖြစ်သည်။ ရှန်းတောက်မင်ကိုယ်တိုင်ပင် ညီမဖြစ်သူ၏ တိုးတက်မှုကို မအံ့သြဘဲ မနေနိုင်တော့ပါ။ ဤနေရာတွင် တစ်ခုသိထားရမည်က အခြေခံတည်ဆောက်မှု အလယ်အဆင့်ဟု သတ်မှတ်သည့် စတုတ္ထအဆင့်ကိုရောက်လျှင် များသောအားဖြင့် နောက်တစ်ဆင့်ကို တက်လှမ်းရန် ၁၀ နှစ်မှ ၁၅ နှစ်အထိ ကြာမြင့်တတ်ကာ ပင်ကိုယ်ပါရမီနည်းသူများမှာ နောက်တစ်ဆင့်ဖြစ်သည့် ပဥ္စမအဆင့်ကို မတက်လှမ်းနိုင်တော့ဘဲ ကျင့်ကြံမှုခရီး ထာဝရရပ်တန့်သွားကြတော့သည်။
ရှန်းရူယန်ကတော့ ၁၂နှစ်အတွင်း ကျင့်ကြံမှုနှစ်ဆင့် ခုန်တက်နိုင်ခဲ့သည်။ ရှန်းတောက်မင်က အစီအရင်အကွက်များ အတားအဆီးများဖြင့် ပိတ်ဆို့ထားသော လှိုဏ်ဂူကိုကြည့်လျက်
“အကြီးအကဲကျန်းလည်း မင်းလိုပဲ အချိန်အကြာကြီး ဂူပိတ်ကျင့်နေတာပဲ၊ ဘယ်အချိန်မှ ထွက်လာမလဲမသိဘူး”
ရှန်းရူယန်က ကျန်းချန်ရွှမ်၏ဂူကို ကြည့်လျက် တည်ငြိမ်စွာပြောလိုက်သည်။
“အစ်ကို ဘိုးဘေးက ကျွန်မနဲ့ ကျန်းချန်ရွှမ်တို့ နှစ်ယောက်ကို ခေါ်ရတဲ့အကြောင်းရင်းကို မပြောပြတော့ဘူးလား”
ရှန်းတောက်မင်မှာ အနည်းငယ်ကသိကအောင့် ဖြစ်သွားပြီး
“မင်းကိုပြောပြီးပြီပဲ၊ ဘိုးဘေးနဲ့တွေ့ရင် အကြောင်းစုံသိရမယ်လို့၊ ငါ့ကိုဒုက္ခမပေးစမ်းပါနဲ့”
တကယ်လည်း ညီမဖြစ်သူကို ဘယ်လိုဘယ်ပုံ ရှင်းပြရမှန်း သူမသိပါ။ ထို့အပြင် ဤတစ်ခါ ဂူပိတ်ကျင့်ကြံပြီး အပြင်ထွက်လာသော ရှန်းရူယန်သည် အရင်က ရှန်းရူယန်နှင့် မတူတော့သလို သူခံစားနေမိသည်။ ရှန်းရူယန်၏ အနားတွင် ရှိနေခြင်းသည် ဘိုးဘေးရှန်းယွမ်လုံ၏ အနီးတွင် ရှိနေသလိုပင် ရှင်းပြရန်ခက်သော ဖိအားတစ်မျိုး သူ့အပေါ် သက်ရောက်နေသည်။ အမှန်တွင် ရှန်းရူယန်၏ကိုယ်မှ ဖိအားသည် ဘိုးဘေးထက်ပင် အားကောင်းနေသေးသည်။ ထိုခံစားမှုကြောင့် ရှန်းတောက်မင်တစ်ယောက် သူ့ညီမဖြစ်သူကို ရုတ်တရက်နားမလည်နိုင်တော့သလို ဇဝေဇဝါခံစားမှုမျိုး ဖြစ်ပေါ်နေမိသည်။ ထိုအကြောင်းကို ညီမဖြစ်သူအား ပွင့်ပွင့်လင်းလင်း ထုတ်မေးရလျှင် ကောင်းမလားဟု စဉ်းစားနေချိန်တွင်ပင် ရှန်းရူယန်က ရုတ်တရက်ရေရွတ်လိုက်သည်။
“သူထွက်လာပြီ”
ထိုခဏတွင် မြူခိုးထုတစ်ခုက ဂူဝအနီးတဝိုက်တွင် ရစ်ဆိုင်းလာသည်။ မြူခိုးများ ကင်းစင်သွားချိန်တွင် လှိုဏ်ဂူကို တစ်ဖန်ပြန်မြင်လိုက်ရပြီး ဂူတံခါးရှေ့တွင် ကျန်းချန်ရွှမ်မှာ မတ်တတ်ရပ်လျက်ရှိနေသည်။ ထို့နောက်သူက ပြုံးရင်း နှုတ်ဆက်လိုက်သည်။
“မိသားစုခေါင်းဆောင်ရှန်းနဲ့ အကြီးအကဲရူယန်၊ မတွေ့တာကြာပြီနော်”
ကျန်းချန်ရွှမ်ကို မြင်သောအခါ မောင်နှမနှစ်ဦးလည်း လက်သီးဆုပ်၍ ပြန်လည်နှုတ်ဆက်လိုက်သည်။ ထို့နောက် ကျန်းချန်ရွှမ်က
“နှစ်ယောက်သား ရောက်လက်စနဲ့ အထဲဝင်ပြီး ထိုင်ပါဦးလား”
ရှန်းတောက်မင်က လာရင်းကိစ္စကို ရှင်းပြမည်အလုပ် ရှန်းရူယန်က အစ်ကိုဖြစ်သူ၏ လက်မောင်းကိုရိုက်လျက် တားမြစ်လိုက်သည်။ ထို့နောက် ရှန်းရူယန်က ကျန်းချန်ရွှမ်ကို ပြုံးပြလိုက်ပြီး
“ဝင်ပါ့မယ်ရှင်”
ပြောပြောဆိုဆိုနှင့် ရှန်းရူယန်သည် ဂူထဲသို့ ခပ်သုတ်သုတ်ဝင်သွားရာ ရှန်းတောက်မင်လည်း မပြောသာတော့ဘဲ ဂူထဲသို့ဝင်လိုက်ရသည်။ ဂူအတွင်းသို့ဝင်ဝင်ချင်းတွင် ဝိညာဉ်ချီသိပ်သည်းမှုကို နှစ်ယောက်လုံးခံစားမိလိုက်သည်။ အပေါ်ကိုမော့ကြည့်လိုက်ရာ အရေအတွက်မနည်းသော အဆင့်၂ အလယ်အဆင့် ဝိညာဉ်ဖမ်းဆီးခြင်းအဆောင်များ ချိတ်ဆွဲထားသည်ကို တွေ့လိုက်ရပြီး ရှန်းတောက်မင်မှာ အနည်းငယ်အံ့သြသွားမိသည်။
“အကြီးအကဲကျန်း ဒီအဆောင်တွေကို ကိုယ်တိုင်ဝယ်ထားတာလား”
ရှန်းတောက်မင် မေးရခြင်းအကြောင်းရင်းမှာ အဆိုပါ.အဆင့်၂ ဝိညာဉ်ဖမ်းဆီးခြင်းအဆောင်များမှာ ရှန်းမျိုးနွယ်စုထံတွင် များများစားစားမရှိသောကြောင့်ဖြစ်သည်။ အများစုကို ဝိညာဉ်ချီဖမ်းရန် ရည်ရွယ်ချက်နှင့် တောင်ထိပ်များပေါ်တွင် ချိတ်ဆွဲထားရခြင်းကြောင့် ဖြစ်သည်။
“မဟုတ်ဘူး”
ကျန်းချန်ရွှမ်က ရှန်းတောက်မင်နှင့် ရှန်းရူယန် အတွက် ဝိညာဉ်လက်ဖက်ရည် တည်ခင်းရင်း ပြောလိုက်သည်။ ထို့နောက် သူက ပြုံးလျက်ဖြေသည်။
“ကျုပ်ဆွဲထားတာပါ၊ သိပ်တော့မကြာသေးဘူး”
ထိုအဖြေကိုကြားပြီးနောက် ရှန်း တောက်မင် မှာ သောကနေသော လက်ဖက်ရည်ကို အယောင်ယောင် အမှားမှားနှင့် ထွေးထုတ်မိသည်။ ထို့နောက် ကျန်းချန်ရွှမ်ကို အံ့သြစွာကြည့်လျက်
“အကြီးအကဲကျန်း ဒီ အဆင့်၂ ဝိညာဉ်ဖမ်းဆီးခြင်း အဆောင်တွေကို ခင်ဗျားကိုယ်တိုင် ဖန်တီးခဲ့တယ်လို့ ပြောလိုက်တာလား”
***
နှစ်တစ်ရာကျင့်ကြံပြီးနောက်
အခန်း ၄၈ ။ ဟွားဝူတောင်သို့ အလည်တစ်ခေါက်
ရှန်းတောက်မင်မှတ်မိသလောက် ကျန်းချန်ရွှမ်တစ်ယောက် ရှန်းမျိုးနွယ်စုကို စတင်ဝင်ရောက်ချိန်တွင် အဆင့်၁ အမြင့်ဆုံးအဆင့် အဆောင်ဖန်တီးသူသာ ရှိသေးသည်။ ၁၂ နှစ်တာ ကာလအတွင်း အဆင့်၂ အလယ်အဆင့် အဆောင်ဖန်တီးသူအဖြစ်သို့ တိုးတက်သွားခဲ့ပြီဖြစ်သည်။
ရှန်းတောက်မင်သည် ကျန်းချန်ရွှမ်၏ ကျင့်ကြံမှုအဆင့်ကို အစောပိုင်းက သတိထားမိသော်လည်း ယခုအခါ ကျန်းချန်ရွှမ်၏ ကျင့်ကြံမှုအဆင့်တွင် အပြောင်းအလဲတစ်ခု ရှိနေသည်ကို သတိထားမိလိုက်သည်။ ကျန်းချင်းရွှမ်၏ ကျင့်ကြံမှုအဆင့်မှာ အခြေခံတည်ဆောက်မှု စတုတ္ထအဆင့်သို့ ရောက်ရှိသွားပြီဖြစ်သည်။ နှစ် ၂၀ မပြည့်ခင်အတွင်း တတိယအဆင့်ကို တက်လှမ်းနိုင်ခဲ့သည့်အပြင် တစ်ချိန်တည်းတွင် အဆင့်၂ အလယ်အလတ်အဆင့် အဆောင်ဖန်တီးသူအဖြစ်ကို ရောက်ရှိခဲ့ပြီဖြစ်သည်။
ရှန်းတောက်မင်ခမျာ ပြောစရာစကားပင် မရှိတော့ပါ။ ကျန်းချင်းရွှမ်၏ ကျင့်ကြံမှုနှုန်းမှာ မြန်ဆန်လွန်းနေသည်လေ။ ဘေးတွင်နားထောင်နေသော ရှန်းရူယန်မှာလည်း မျက်လုံးလေးများမှာလည်း အရောင်လက်သွားကာ
“အကြီးအကဲကျန်း ဒါဆို အဆင့် ၂ အလယ်အဆင့် အဆောင်ဖန်တီးသူ ဖြစ်တာကြာပြီပေါ့”
ကျန်းချန်ရွှမ်ကလည်း ကွယ်ဝှက်နေလည်း မထူးတော့သည့်အတွက် အမှန်အတိုင်း ဝန်ခံလိုက်သည်။
“ဟုတ်တယ်၊ စကားမစပ် အကြီးအကဲရူယန် ပေးလိုက်တဲ့ အဆောင်ဖန်တီးခြင်း စာအုပ်အတွက် ကျေးဇူးတင်ရဦးမယ်။ ဒီစာအုပ်ကြောင့်သာ တိုးတက်မှုမြန်ခဲ့တာပါ”
“အကြီးအကဲကျန်း ရှင်က အတော်နှိမ့်ချတတ်တာပဲ”
ရှန်းရူယန်က ဘေးတွင်ရပ်နေသည့် ရှန်းတောက်မင်ဘက်ကို လှည့်ကြည့်ရင်း
“အစ်ကိုရေ အကြီးအကဲကျန်းလည်း အဆင့်၂ အလယ်အဆင့် အဆောင်ဖန်တီးသူဖြစ်သွားပြီဆိုတော့ စာအုပ်ဒုတိယပိုင်းကို ဂုဏ်ပြုလက်ဆောင်အနေနဲ့ ပေးလိုက်ရအောင်လား”
ရှန်းတောက်မင်သည်လည်း မထင်မှတ်ထားသော စကားကြောင့် အနည်းငယ်တွေဝေသွားပြီးမှ ခေါင်းညိတ်လိုက်သည်။
“ကောင်းပြီလေ”
ထို့နောက် ရှန်းတောက်မင်သည် ကျန်းချန်ရွှမ်အား စိုက်ကြည့်လျက်
“အကြီးအကဲကျန်း အဆင့် ၂ အဆောင်တွေထဲက ဘယ်ပစ္စည်းကို ဖန်တီးနိုင်ပြီလဲ”
“စာအုပ်ပထမပိုင်းမှာပါတဲ့ အဆောင်မှန်သမျှလို့ပဲ ပြောရမယ်ထင်ပါတယ်၊ ဒါတွေက ကျွန်တော် မကြာသေးခင်ကမှ ရေးဆွဲထားတဲ့ အဆောင်တွေပါ၊ ကြည့်လိုက်ပါဦး၊ သဘောကျရင် ယူသွားလို့ရပါတယ်”
ကျန်းချန်ရွှမ်က ပြောပြောဆိုဆိုနှင့် အဆောင်ပစ္စည်း ဆယ်ခုခန့် ထုတ်ယူလိုက်သည်။ ထိုအထဲတွင် သစ်သားအသက်ဓာတ်အဆောင်၊ သစ်အသားတက်ခြင်းအဆောင်၊ မီးမြွေအဆောင်၊ အချုပ်အနှောင်အဆောင်နှင့် ဝိညာဉ်ဖမ်းဆီးခြင်း အဆောင်ကဲ့သို့သော အဆင့် ၂ အနိမ့်စား နှင့် အလယ်အလတ် အဆောင်များပါဝင်သည်။ ရှန်းရူယန်နှင့် ရှန်းတောက်မင်တို့၏ မျက်ခုံးများမှာ မြင့်တက်သွားသည်။ အဆောင်အားလုံးမှာ အသုံးဝင်သည့် ပစ္စည်းများသာဖြစ်သည်။ ရှန်းရူယန်က ခြေသွက်လက်သွက်ဖြင့် အဆောင်နှစ်ခုကို ကောက်ယူလိုက်သည်။
ပထမတစ်ခုမှာ အချုပ်အနှောင်အဆောင် ဖြစ်ပြီး အဆင့် ၂ အလယ်အဆင့် ထိန်းချုပ်ခြင်းအမျိုးအစား အဆောင်လက်နက်ဖြစ်သည်။ ဒုတိယတစ်ခုမှာ ခုနှစ်စင်ကြယ် နေရာရွှေ့ပြောင်းခြင်း အဆောင်ဖြစ်ပြီး ထွက်ပြေးခြင်းနှင့် နေရာရွှေ့ပြောင်းခြင်းတို့တွင် အသုံးပြုသည်။ နှစ်ခုလုံးမှာ အရည်အသွေးမြင့်ပစ္စည်းများဖြစ်သလို အသုံးလည်းဝင်လှသည်။
ထိုအချိန် ရှန်းတောက်မင်တစ်ယောက် အဆောင်ပစ္စည်းများကိုကြည့်ရင်း ချီတုံချတုံဖြစ်နေသည်။ အဆိုပါအဆောင်များသည် ကျီဖုအဆင့်မိသားစုဖြစ်သော ရှန်းမျိုးနွယ်စုအတွက်ပင် အသုံးဝင်သော လက်နက်ပစ္စည်းများဖြစ်သော်လည်း ထိုအဆောင်များထက် ကျန်းချန်ရွှမ်၏ ကျင့်ကြံမှုပါရမီကို ရှန်းတောက်မင် ပို၍ တန်ဖိုးထားမိသည်။ အဆင့်၂ အလယ်အဆင့် အဆောင်ပစ္စည်းများကို ရေးဆွဲနိုင်သော အခြေခံတည်ဆောက်မှု တတိယအဆင့် ကျင့်ကြံသူတစ်ဦး၏ အရေးပါပုံမှာ သာမန်တတိယအဆင့် ကျင့်ကြံသူထက် များစွာပိုပါသည်။ ရှန်းတောက်မင်တွေဝေနေသည်ကိုကြည့်ပြီး ရှန်းရူယန်ကပြုံးလျက်
“အစ်ကို ဒီပစ္စည်းတွေကို ယူသွားချင်တယ်ဆိုရင် ဒီပစ္စည်းတွေရဲ့ တန်ဖိုးအလိုက်ကို မိသားစုအကျိုးဆောင်ရမှတ်အဖြစ် ပြန်လဲပေးလိုက်ပေါ့”
ရှန်းတောက်မင်က ခဏမျှစဉ်းစားလိုက်ပြီး
“အကြီးအကဲကျန်း ခင်ဗျားမှာ ဒါမျိုးဘယ်နှစ်ခုရှိလဲ သိချင်တယ်၊ အထူးသဖြင့် သစ်သားအသက်ဓာတ်နဲ့ အဆင့် ၂ ဝိညာဉ်ဖမ်းအဆောင်တွေပေါ၊ ကျန်သေးတယ်ဆိုရင် တစ်ခုချင်းစီကို ထောက်ပံ့မှုအမှတ် ၁၅၀၀ နဲ့ ၂၀၀၀ ကြား ပေးမယ်၊ ဘယ်လိုလဲ”
“ရပါတယ်”
ကျန်းချန်ရွှမ်အနေနှင့် ရှန်းတောက်မင်၏ ကမ်းလှမ်းမှုကို ငြင်းပယ်ရလောက်အောင် တုံးအခြင်းမရှိပါ။ ရှန်းတောက်မင် ရည်ညွှန်းသော အဆောင်အမျိုးအစားနှစ်ခုကို လက်ထဲတွင်ရှိသမျှ အကုန်ရောင်းချပေးလိုက်သည်။ စုစုပေါင်း ၈ ခုရှိသည်။ အပြန်အလှန်အနေနှင့် ကျန်းချန်ရွှမ်သည် ထောက်ပံ့မှုအမှတ် တစ်သောင်းခွဲခန့် ရရှိလိုက်သည်။ ထို့နောက် ရှန်းတောက်မင်က အဆိုပါအဆောင်များကို အချိန်အားလျှင်အားသလို ရေးဆွဲထားဖို့ မှာကြားလိုက်သေးသည်။ ကျန်းချန်ရွှမ်သည်လည်း ငြင်းပယ်ခြင်းမပြုပါ၊ သို့သော် သူ့တွင်အချိန်ရှိမှ ရေးဆွဲပေးနိုင်မည်ဖြစ်ကြောင်း ပြောလိုက်ရသည်။
လောလောဆယ် သူ့တွင် လုပ်စရာအများကြီးရှိသည် မဟုတ်ပါလား။ အထူးသဖြင့် ကျင့်ကြံမှုအဆင့်ကို အစွမ်းကုန်မြှင့်တင်ရန်ဖြစ်သည်။ ရှန်းမိသားစုအကျိုးကိုဆောင်ရင်း သူ့အချိန်တွေအားလုံးကို ကုန်ဆုံးလိုက်၍ မရပါ။ ရှန်းတောက်မင်သည်လည်း ထိုအချက်ကို နားလည်ပါသည်။ ကျင့်ကြံသူတစ်ဦးအတွက် ကျင့်ကြံမှုအဆင့်နှင့် စွမ်းအားတိုးတက်ရေးထက် အရေးကြီးသည့်အရာမရှိပါ။ သုံးယောက်သားမှာ စကားအနည်းငယ်ပြောဆိုဆွေးနွေးပြီးနောက် ရှန်းတောက်မင်က လာရင်းကိစ္စကို ဖွင့်ဟလိုက်တော့သည်။
ကျန်းချန်ရွှမ်ကို ဟွားဝူတောင်ထိပ်သို့ ဖိတ်ခေါ်ရန်ဖြစ်သည်။ ကျန်းချန်ရွှမ်မှာ အနည်းငယ် အံ့သြမိသွားသည်။ ဆယ်နှစ်ကျော်ကြာပြီးနောက် ဟွားဝူတောင်ထိပ်သို့ ပြန်လာရမည်ဟု သူမထင်ထားခဲ့ပါ။ ထို့ပြင် သည်တစ်ခါ သူ့ကိုဖိတ်ခေါ်သူကလည်း နောက်ဆုံးအကြိမ်ကဲ့သို့ ရှန်းယွမ်လုံပင် ဖြစ်နေပြန်သည်။ ထို့နောက် သုံးယောက်သားမှာ အချိန်မဖြုန်းတော့ဘဲ ဂူအတွင်းမှ ထွက်ခွာလာပြီး အလင်းတန်းများ အသွင်ပြောင်းကာ ဟွားဝူတောင်သို့ ချီတက်ကြတော့သည်။
ဟွားဝူတောင်ထိပ်သို့ ရောက်ရှိကြသောအခါ ရှန်းယွမ်လုံမှာ သူတို့သုံးဦးအား အသင့်စောင့်ကြိုလျက်ရှိသည်ကို တွေ့ရသည်။ ကျန်းချန်ရွှမ်တို့လည်း ဦးညွတ်လျက် နှုတ်ဆက်လိုက်ကြသည်။
“နှုတ်ခွန်းဆက်ပါတယ် ဘိုးဘေး”
ရှန်းယွမ်လုံက ပြုံးရင်း လက်ကိုအသာယမ်းလျက်
“ဒါတွေမလိုပါဘူးကွာ ထိုင်ကြပါဦး”
ပြောပြောဆိုဆိုနှင့် ရှန်းယွမ်လုံသည် လက်ကိုဝှေ့ယမ်း၍ ကျောက်တုံးစားပွဲနှင့်ကုလားထိုင်များကို ဆင့်ခေါ်လိုက်သည်။ ထို့နောက် နောက်တစ်ခါ ဝှေ့ယမ်းလိုက်ရာ အငွေ့တထောင်းထောင်း ထနေသော လက်ဖက်ရည်များ ရောက်ရှိလာကြပြန်သည်။
“အဆင့် ၃ ဝိညာဉ်နိုးထခြင်းလက်ဖက်ရည်ပဲ၊ မင်းတို့ဘိုးဘေး မန်ရွှယ်ဆီက မလာတာ။ သောက်ကြည့်ဦး”
***
နှစ်တစ်ရာကျင့်ကြံပြီးနောက်
အခန်း ၄၉ ။ အဆင့်၃ ဝိညာဉ်နိုးလက်ဖက်ရည်
ထိုစကားကြောင့် ကျန်းချန်ရွှမ်နှင့် ရှန်းတောက်မင်တို့နှစ်ဦးသားမှာ အလန့်တကြားဖြစ်သွားရသည်။ အဆင့် ၂ ဝိညာဉ်နိုးလက်ဖက်ရည်သည် ကျင့်ကြံသူတစ်ဦး၏ စိတ်ဝိညာဉ်ရှိ အညစ်အကြေးများကို သန့်စင်ဖယ်ရှားပေးသည်ဟု သူတို့အားလုံးကြားဖူးကြသော်လည်း အဆင့် ၃ လက်ဖက်ရည်၏ အကျိုးအာနိသင်ကိုတော့ သိရှိထားခြင်းမရှိပါ။ သူတို့နှစ်ဦးလောက် အံသြတုန်လှုပ်ခြင်းမရှိသူက ရှန်းရူယန် ဖြစ်သည်။ သူမရှေ့မှောက်ရှိ လက်ဖက်ရည်ခွက်ကို အသာအယာကောက်ယူလျက် တစ်ငုံမျှ သောက်ကြည့်ပြီးနောက် ခေါင်းညိတ်ညိတ်လုပ်နေပြီး တစ်စုံတစ်ရာမှတ်ချက်ပေးခြင်းတော့မရှိပေ။
ကျန်းချန်ရွှမ်နှင့် ရှန်းတောက်မင်တို့နှစ်ဦးမှာ လက်ဖက်ရည်ခွက်ကို ကိုင်၍ တစ်ငုံမျှမြည်းစမ်းကြည့်သောအခါ သူတို့ကိုယ်ခန္ဓာအတွင်းသို့ အလွန်အကဲအေးစိမ့်နေသော လေစီးကြောင်းတစ်ခု ဝင်ရောက်လာပြီး စိတ်ဝိညာဉ်များကို သန့်စင်ပေးလိုက်သလို ခံစားမိလိုက်ကြသည်။ တစ်ခွက်လုံးကုန်အောင် သောက်သုံးပြီးသောအခါ ပါးစပ်နှင့်နှာခေါင်းများမှ မီးခိုးရင့်ရောင် အခိုးအငွေ့များ ထွက်လာသည်ကိုတွေ့ရသည်။ စိတ်ဝိညာဉ် အညစ်အကြေးများပင် ဖြစ်သည်။
“ကောင်းလိုက်တဲ့ လက်ဖက်ရည်ဗျာ”
ရှန်းတောက်မင်က မနေနိုင်တော့ဘဲ နှုတ်မှဖွင့်၍ ချီးကျူးမိလိုက်သည်။ သူ့စကားကို ကျန်းချန်ရွှမ်ကလည်း ခေါင်းညိတ်၍ ထောက်ခံသည်။ ရှန်းရူယန်ကတော့ တစ်စုံတစ်ရာမပြောဘဲ ငြိမ်ချက်သားကောင်းနေသည်။ ထိုစဉ် ရှန်းယွမ်လုံ၏ အကြည့်က ကျန်းချန်ရွှမ်နှင့် ရှန်းရူယန်တို့အပေါ် တစ်လှည့်စီကျရောက်လာသည်။ ရှန်းယွမ်လုံက ပြုံးလျက်
“ငါတို့နောက်ဆုံးတွေ့ခဲ့တာ လွန်ခဲ့တဲ့ ဆယ်နှစ်ကပဲ၊ ဒီအတောအတွင်း မင်းတို့နှစ်ယောက်လုံးရဲ့ ကျင့်ကြံမှုအဆင့်နဲ့ စွမ်းအားပမာဏက အတော်တိုးတက်လာခဲ့ပြီပေါ့”
ခဏမျှစကားရပ်လိုက်ပြီးနောက် ရှန်းယွမ်လုံက ဆက်ပြောပြန်သည်။
“မင်းတို့ နှစ်ယောက်လုံးကို တောက်မင်ကတစ်ဆင့် ခေါ်ခိုင်းလိုက်ရတာက မင်းတို့လူငယ်နှစ်ယောက် တာအိုကျင့်ကြံဖက်တွေ အဖြစ်နဲ့ လက်တွဲသွားဖို့ ဆန္ဒရှိလား မေးချင်လို့ပဲ”
“အယ်”
ရှန်းယွမ်လုံ၏ မမျှော်လင့်သောစကားကြောင့် ကျန်းချန်ရွှမ်နှင့် ရှန်းရူယန်တို့မှာ ကြက်သေသေငိုင်သွားကြပြီး တစ်ယောက်မျက်နှာ တစ်ယောက်ကြည့်မိလိုက်ကြသည်။ ထိုအခိုက်အတန့်တွင် အမျိုးအမည်မသိသော ခံစားချက်တစ်မျိုးက သူတို့နှစ်ဦးရင်ထဲသို့ တိုးဝင်လာသည်။ ခဏမျှတိတ်ဆိတ်သွားပြီးနောက် ရှန်းရူယန်က ပြုံးလျက် ခေါင်းညိတ်လိုက်ရင်း
“အကြီးအကဲကျန်းရဲ့ တာအိုကျင့်ကြံဖက် ဖြစ်ခွင့်ရရင် ကျွန်မဂုဏ်ယူမိမှာပါ”
“ကောင်းတယ်”
ရှန်းယွမ်လုံက သူမအဖြေကြောင့် အားရပါးရပြုံးလိုက်ပြီးနောက် ကျန်းချန်ရွှမ်ဖက်သို့ လှည့်လိုက်သည်။ ကျန်းချန်ရွှမ်၏ စိတ်ထဲတွင် မေးခွန်းများပြည့်နှက်နေသော်လည်း ရှန်းရူယန်နှင့် နှစ်များစွာထိတွေ့ဆက်ဆံလာပြီးနောက် ကျန်းချန်ရွှမ်အနေနှင့် သူမအပေါ်တွင် ခံစားချက်များ ရှိနေပြီဖြစ်သည်။ သည်အတိုင်းဆက်သွားလျှင်လည်း သူတို့နှစ်ဦးသား၏ ဆက်ဆံရေးမှာ အနှေးနဲ့အမြန် မိတ်ဆွေအဆင့်မှ ပိုလာလိမ့်မည်ဟုလည်း သူယုံကြည်မိသည်။ သို့သော် ရှန်းယွမ်လုံကိုယ်တိုင်က ထိုကိစ္စကို စတင်လောဆော်ရပါသနည်း။
သူ့အပေါ်ထားရှိသည့် ရှန်းရူယန်၏ သဘောထားကိုလည်း သူကြားရသောအခါ အနည်းငယ်အံ့သြမိသည်။ ကျန်းချန်ရွှမ်က ရှန်းရူယန်ကို ကြည့်၍ပြုံးပြလိုက်သည်။ ထို့နောက် ရှန်းယွမ်လုံအား
“ဘိုးဘေး ခင်ဗျား၊ အကြီးအကဲရှန်းရဲ့ တာအိုကျင့်ကြံဖက်ဖြစ်ဖို့ ကျွန်တော်ဆန္ဒရှိပါတယ်”
“ကောင်းပါပေတယ်”
ကျန်းချန်ရွှမ်တို့နှစ်ဦးလုံး၏ အဖြေကို ကြားလိုက်ရပြီးနောက် ရှန်းယွမ်လုံမှာ ဟန်မဆောင်နိုင်လောက်အောင် ပျော်ရွှင်သွားပုံရသည်။ သိုလှောင်လက်စွပ်နှစ်ကွင်းကို ထုတ်ယူ၍ ကျန်းချန်ရွှမ်နှင့် ရှန်းရူယန်တို့ နှစ်ဦးကို ကမ်းပေးလိုက်သည်။
“ချန်ရွှမ်နဲ့ ရူယန် ဒီလက်စွပ်တွေက မင်းတို့အတွက် ငါ့ရဲ့လက်ဆောင်ပဲ၊ အထဲမှာ မင်းတို့အတွက် ရတနာပစ္စည်းတွေ ထည့်သွင်းပေးထားတယ်။ မင်းတို့နှစ်ယောက်လုံး ဝီရိယရှိရှိနဲ့ ကျင့်ကြံပြီး တာအိုလမ်းစဉ်ကို လက်တွဲပြီး ရှာဖွေနိုင်ကြပါစေကွာ”
ဘေးတွင်ရပ်၍ နားထောင်နေသော ရှန်းတောက်မင်မှာ အနည်းငယ်အံ့သြသွားသည်။ ရှန်းယွမ်လုံ၏ မင်္ဂလာလက်ဆောင်မှာ သိုလှောင်လက်စွပ်နှစ်ကွင်း ဖြစ်လိမ့်မည်ဟု သူမထင်ထားပါ။ သိုလှောင်ခြင်းဓမ္မပစ္စည်းများအနက် သိုလှောင်အိတ်များမှာ အခြေခံအကျဆုံးနှင့် အရိုးရှင်းဆုံးဖြစ်သည်။ ထိုအိတ်များသည် ပိုင်ရှင်ဖြစ်သူကို အသိအမှတ်ပြုနိုင်ခြင်းမရှိပါ။ ထိုအိတ်များကို ပိုင်ရှင်မဟုတ်သူများ ဖွင့်နိုင်ခြင်းမရှိစေရန် ချိတ်ပိတ်ကန့်သတ်မှုတချို့ ပြုလုပ်နိုင်သော်လည်း ထိုအတားအဆီးများကို သာမန်ကျင့်ကြံသူတစ်ဦးမှ လွယ်လင့်တကူ ချိုးဖျက်နိုင်ပေသည်။
သိုလှောင်လက်စွပ်များမှာမူ တစ်မူကွဲပြားပါသည်။ သိုလှောင်နိုင်သော ဧရိယာနေရာလွတ်မှာ များစွာပိုမိုကျယ်ပြန့်သလို ပိုင်ရှင်ဖြစ်သူကိုလည်း မှတ်မိနိုင်စွမ်းရှိသည်။ ပိုင်ရှင်ဖြစ်သူ မသေမချင်း သို့မဟုတ် အဆင့်မြင့် ကျင့်ကြံသူတစ်ဦးက အတင်းအကြပ်မချိုးဖျက်မချင်း သာမန်ကျင့်ကြံသူများအနေနှင့် ထိုလက်စွပ်များကို ရရှိခဲ့လျှင်တောင် ဖွင့်နိုင်ခြင်းရှိမည်မဟုတ်ပါ။
ကျန်းချန်ရွှမ်နှင့် ရှန်းရူယန်တို့မှာလည်း လက်ဆောင်အား ငြင်းပယ်ခြင်းမပြုပါ။
ရှန်းယွမ်လုံအား ကျေးဇူးတင်စကား ဆိုပြီးနောက် လက်စွပ်တစ်ကွင်းစီ ယူလိုက်ပါသည်။ အချိန်အနည်းငယ်ကြာပြီးနောက် ကျန်းချန်ရွှမ်တို့သုံးဦးသားမှာ ရှန်းယွမ်လုံကို နှုတ်ဆက်လျက် ဟွားဝူတောင်မှ ထွက်ခွာလာပါတော့သည်။ လမ်းတွင် ရှန်းတောက်မင်က သူတို့နှစ်ဦးအား ပြုံးလျက်ကြည့်ရင်း
“မင်းတို့နှစ်ယောက် တာအိုကျင့်ကြံဖက်တွေ ဖြစ်သွားကြတဲ့အကြောင်းကို မိသားစုကို အသိပေးလိုက်ဦးမယ်၊ မင်းတို့မှာ လတ်တလော လုပ်စရာမရှိသေးဘူးဆိုရင် ရှန်းမိသားစုရဲ့ ဘိုးဘေးခန်းမကို လိုက်ခဲ့ကြပါ”
ရှန်းတောက်မင် သူတို့နှစ်ဦးအား ဘိုးဘေးခန်းမသို့ ခေါ်ဆောင်သွားရခြင်းမှာ ရှန်းရူယန်နှင့်သူတို့ မောင်နှမနှစ်ဦး၏ ကွယ်လွန်သွားပြီဖြစ်သော မိဘနှစ်ပါးကို ဂါရဝပြုပြီး မင်္ဂလာသတင်းကို အသိပေးရန်ဖြစ်သည်။ ကျင့်ကြံသူနှစ်ဦး လက်ထပ်ရာတွင် တစ်နည်းအားဖြင့် တာအိုကျင့်ကြံဖက်များအဖြစ် လက်တွဲရာတွင် သေမျိုးလူသားများကဲ့သို့ ရှုပ်ထွေးသော ရိုးရာအစဉ်အလာထုံးတမ်းများမရှိပေ။ မိသားစုနှစ်ခုအကြား လက်ထပ်ခြင်းကဲ့သို့သော အရေးပါသည့် ဖြစ်စဉ်များတွင်သာ မင်္ဂလာပွဲကျင်းပလေ့ရှိသည်။ ကျန်းချန်ရွှမ်နှင့် ရှန်းရူယန်တို့မှာလည်း ရေးကြီးခွင်ကျယ် မလုပ်တတ်သူများဖြစ်၍ ထိုအစဉ်အလာ အခမ်းအနားများကို ဆောင်ရွက်မည်မဟုတ်ပါ။
ရှန်းတောက်မင်၏ စကားကိုကြားလျှင် နှစ်ဦးသားမှာ တစ်ဦးကိုတစ်ဦး ကြည့်လျက်ခေါင်းညိတ်လိုက်ကြမိသည်။ မကြာမီ ရှန်းမိသားစု၏ အထွတ်အမြတ်ထားရာ ဘိုးဘေးခန်းမဆောင်သို့ သုံးဦးသား ရောက်ရှိလာကြသည်။ ခန်းမဆောင်တစ်လျှောက်လုံးကို ဖြတ်သန်းလာပြီးနောက် အထိမ်းအမှတ် ကျောက်ပြားနှစ်ခုရှေ့တွင် ရပ်တန့်လိုက်ကြသည်။ ရှန်းတောက်မင်သည် ထိုကျောက်ပြားနှစ်ချပ်ကို ညွှန်ပြလိုက်ပြီး
“ယောက်ဖ၊ ဒါတွေက ကျုပ်နဲ့ ရူယန်တို့ရဲ့ မိဘတွေပဲ၊ ဂါရဝပြုပေးပါ”
ရှန်းတောက်မင်က အမွှေးတိုင်၆ချောင်းကို ယူလာပြီး သူတို့နှစ်ဦးလက်ထဲသို့ သုံးချောင်းစီ ထည့်ပေးလိုက်သည်။ ကျန်းချန်ရွှမ်နှင့် ရှန်းရူယန်တို့နှစ်ဦးလည်း ရိုသေစွာ လက်ခံယူလိုက်ပြီး အမွှေးတိုင်များကို မီးထွန်းညှိပြီးနောက် မိဘနှစ်ပါးကိုရည်စူးလျက် ဦးညွတ်အရိုအသေပြုံလိုက်ကြသည်။ ထိုမြင်ကွင်းကို ကြည့်နေသော ရှန်းတောက်မင်သည် အမှတ်တရကျောက်ပြားနှစ်ချပ်ကို ကြည့်၍ တုန်ရီသောအသံဖြင့်
“အဖေနဲ့အမေရေ ရူယန်တစ်ယောက် လက်တွဲဖော်မရမှာကို အမေတို့စိုးရိမ်ခဲ့ကြတယ်မလား၊ ရူယန်ရဲ့ စိတ်နေစိတ်ထားက ကျင့်ကြံမှုလောကမှာ အများနဲ့မတူ ကွဲထွက်နေတယ်လို့ ပြောခဲ့ကြတယ်လေ၊ အခုတွေ့ပြီမလား၊ ရူယန်တစ်ယောက် ပြောင်းလဲသွားပြီ အမေတို့ရဲ့၊ တာအိုကျင့်ကြံဖက်တောင် ရသွားပြီ၊ အခုသူ့ဘေးမှာရပ်နေတာ သူ့ရဲ့တာအိုကျင့်ကြံဖက်ပဲ၊ ကျန်းချန်ရွှမ်တဲ့၊ ရှန်းမိသားစုရဲ့ ပြင်ပအကြီးအကဲနဲ့ အဆင့် ၂ အဆောင်ပစ္စည်းဖန်တီးသူပါ၊ အခုသူက ရူယန်ရဲ့တာအိုကျင့်ကြံဖော် ဖြစ်လာပြီဆိုတော့ ကျွန်တော်တို့ရှန်းမိသားစုဝင်တစ်ဦး ဖြစ်လာပြီပေါ့”
***
နှစ်တစ်ရာကျင့်ကြံပြီးနောက်
အခန်း ၅၀ ။ အရေးပေါ်အစည်းအဝေး
ထို့နောက် ရှန်းတောက်မင်သည် ကျန်းချန်ရွှမ်တို့နှစ်ဦးအား လည်ပြန်ကြည့်လိုက်သည်။ သူတို့နှစ်ဦးစလုံး ဂါရဝပြုပြီးသွားပြီဖြစ်၍ နောက်ထပ်အမွှေးတိုင်များ ထပ်ပေးလိုက်ပြန်သည်။ သည်တစ်ခါတွင်တော့ ရှန်းမိသားစု၏ အစဉ်အဆက် ဘိုးဘေးများကို ဂါရဝပြုရမည့်အလှည့်ဖြစ်သည်။ ဘိုးဘေးအားလုံးကို ပူဇော်ဂါရဝပြုပြီးသည့်နောက်တွင် ဘိုးဘေးခန်းမဆောင်မှ သုံးဦးသားထွက်ခွာလာကြတော့သည်။
ခန်းမအပြင်ရောက်လျှင် ရှန်းတောက်မင်က
“မိသားစုအကြီးအကဲတွေကို အသိပေးဖို့ စီစဉ်လိုက်ကြရအောင်၊ ဒါနဲ့ စကားမစပ် မင်းတို့ဖိတ်ချင်တဲ့ မိတ်ဆွေသူငယ်ချင်းတွေရှိရင် တစ်ခါတည်းဖိတ်ထားလို့ရတယ်”
ကျန်းချန်ရွှမ်နှင့် ရှန်းရူယန်တို့မှာ ရှန်းတောက်မင်၏ စီစဉ်မှုကို ကန့်ကွက်ခြင်းမရှိ လိုက်နာရန်ဆုံးဖြတ်လိုက်သည်။ နောက်ပြဿနာတစ်ခုမှာ ဇနီးမောင်နှံနှစ်ဦး နေထိုင်မည့်နေရာဖြစ်သည်။
“နောက်ထပ်လှိုဏ်ဂူအသစ်တစ်ခုမှာ နေချင်လား၊ ဒါမှမဟုတ် ချန်ရွှမ်ရဲ့ဂူကို လိုက်သွားချင်လား၊ ဒါမှမဟုတ် ချန်ရွှမ်ကပဲ ရူယန့်ရဲ့ဂူမှာ သွားနေမလား”
ရှန်းတောက်မင်၏ မေးခွန်းကိုကြားသောအခါ ရှန်းရူယန်က ဆိုင်းတွခြင်းမရှိဘဲ
“ကျွန်မခင်ပွန်းရဲ့ဂူမှာ လိုက်နေမှာပေါ့၊ သူ့ကို ကျွန်မနေရာ ခေါ်သွားလို့ဘယ်ဖြစ်မလဲ”
ရှန်းရူယန်၏ ကျန်းချန်ရွှမ်အား ခင်ပွန်းဟု သုံးနှုန်းလိုက်သည့် စကားကိုကြားသောအခါ ရှန်းတောက်မင်တစ်ယောက် အမျိုးအမည်မဖော်ပြတတ်သည့် ခံစားမှုတစ်မျိုး ရရှိလိုက်သည်။ ထိုခဏ၌ အစ်ကိုကြီးတစ်ဦး အဖြစ်မှ ဖခင်တစ်ဦးအဖြစ် ပြောင်းလဲခံစားမိပြီး လက်ထပ်တော့မည့် သမီးကိုကြည့်၍ ပီတိဖြစ်နေသော မိဘတစ်ဦးနေရာတွင် ကြားဝင်ခံစားမိလိုက်သည်။ ထို့နောက် ရှန်းတောက်မင်က ခေါင်းညိတ်လျက်
“မင်းတို့သဘောပဲလေ၊ စိတ်ပြောင်းသွားရင်တော့ ငါ့ကိုအသိပေးလိုက်ပါ”
ထို့နောက် ကျန်းချန်ရွှမ်တို့ နှစ်ဦးမှာ အချိန်မဆွဲတော့ဘဲ ရှန်းတောက်မင်အားနှုတ်ဆက်ပြီး ကျန်းချန်ရွှမ်နေထိုင်ရာ ဂူဆီသို့ထွက်ခွာလာကြတော့သည်။
ရက်အနည်းငယ်ကြာပြီးနောက် ကျန်းချန်ရွှမ်နှင့် ရှန်းရူယန်တို့၏ မင်္ဂလာအခမ်းအနားကို အကျဉ်းချုံး၍ ကျင်းပပြီးပြီဖြစ်သည်။ နောက်ဆုံးဧည့်သည်ဖြစ်သည့် ရှုန်းဝမ်တောက်ကို ဂူဝသို့လိုက်ပို့ကာနှုတ်ဆက်ပြီးနောက် သူတို့နှစ်ဦးသားမှာ တရားဝင် တာအိုကျင့်ကြံဖက်များဖြစ်သွားကြပြီဖြစ်သည်။ ဂူအတွင်းဆင်ယင်ထားသော အပြင်အဆင်များကို ကြည့်လျက် နှစ်ဦးသားမှာ မတိုင်ပင်ဘဲ ပြုံးမိလိုက်ကြသည်။ ရှန်းရူယန်က
“ယောက်ျားရေ ဘဝဆိုတဲ့ခရီးက ရှည်လျားသလို အကွေ့အကောက်လည်းများပေမဲ့ ကျွန်မတို့နှစ်ဦး အဆုံးထိ အတူနေထိုင်နိုင်လိမ့်မယ်လို့ မျှော်လင့်မိတယ်”
ကျန်းချန်ရွှမ်က ရှန်းရူယန်၏ခါးလေးကို ဖက်လျက် သူ့ကိုယ်တွင်းသို့ ဆွဲသွင်းလိုက်သည်။ ထို့နောက် သူမ၏နဖူးလေးကို ကြင်နာစွာ ခပ်ဖွဖွနမ်းလိုက်သည်။ စကားတွေအများကြီး ထပ်ပြောရန်မလိုတော့ပါ။ နှစ်ဦးအကြားတွင် နားလည်မှုများ မြဲမြံနေပြီမဟုတ်ပါလား။
…..
လအနည်းငယ်ကြာပြီးနောက်….
ကျန်းချန်ရွှမ်သည် ရှန်းရူယန်ဂူပိတ်ကျင့်ကြံနေသော အခန်းထဲမှ အော်ရာဖွဲ့စည်းပုံတစ်မျိုးကို အာရုံခံမိပြီးနောက် တုန်လှုပ်သွားသည်။ သူ့အတွေးများ နေသားတကျမဖြစ်သေးခင်မှာပင် အခန်းတံခါးပွင့်သွားပြီး ရှန်းရူယန်ထွက်လာသည်ကို မြင်လိုက်ရသည်။ သူမမျက်လုံးများမှာ အပြာရောင်လျှပ်စီးများ ယှက်သန်းနေသည်။
“ရူယန် အခြေခံတည်ဆောက်ခြင်းနောက်တစ်ဆင့်ကို ရောက်သွားပြန်ပြီလား”
ရှန်းရူယန်က ပြုံးလျက် ခေါင်းညိတ်ပြလိုက်သည်။ ကျန်းချင်းရွှမ်မှာ မအံ့သြဘဲမနေနိုင်တော့၊ ရူယန်တစ်ယောက် အခြေခံတည်ဆောက်မှု ဆဌမအဆင့်ကို တက်လှမ်းနိုင်ခဲ့သည်မှာ လွန်ခဲ့သည့် လအနည်းငယ်ကတင်ဖြစ်သည်။ ယခုအခါ အခြေခံတည်ဆောက်ခြင်း အလယ်အဆင့်၏ နောက်ဆုံးအဆင့်ဖြစ်သော သတ္တမအဆင့်ကို အောင်မြင်စွာ တက်လှမ်းနိုင်ခဲ့ပြီဖြစ်သည်လေ။ ဤမျှတိုတောင်းသော ကာလအတွင်း နောက်ထပ်တစ်ဆင့်ကိုတက်ဖို့ ဖြစ်နိုင်ပါ၏လော။ ကောင်းကင်ဘုံဝိညာဉ်အမြစ်ရှိသော ကျင့်ကြံသူများနှင့် သူကိုယ်တိုင်ပင် ထိုသို့မစွမ်းဆောင်နိုင်ပါ။ သို့မဟုတ် ရှန်းရူယန်တစ်ယောက် ကျင့်ကြံမှုတိုးမြှင့်ပေးနိုင်သော ရတနာပစ္စည်းတစ်ခုကို ရရှိခဲ့လေသလား။ ထိုအချက်သည်လည်း မဖြစ်နိုင်ပါ။
“ယောက်ျား”
ရှန်းရူယန်သည် ကျန်းချန်ရွှမ်၏ အနားသို့ တိုးကပ်လာပြီး သူ့မျက်ဝန်းများအတွင်းသို့ စိုက်ကြည့်လိုက်သည်။
“ရှင်က ကျွန်မခင်ပွန်းနဲ့ တာအိုကျင့်ကြံဖော်ပါ၊ ကျွန်မအနေနဲ့ ရှင့်ကို ဘယ်တော့မှ ဖုံးကွယ်တာမျိုး လုပ်မှာ၊ လုပ်ချင်မှာမဟုတ်ဘူး၊ ကျွန်မရဲ့ကျင့်ကြံမှုအဆင့်ကို တခြားလူတွေမပြောနဲ့ ကျွန်မအစ်ကိုတောင် မသိအောင် ဖုံးကွယ်ထားခဲ့ပေမဲ့ ရှင့်ကိုတော့ ဖုံးကွယ်မှာမဟုတ်ဘူး”
ရှန်းရူယန်၏စကားဆုံးသည်နှင့် သူမကျင့်ကြံမှုအဆင့်မှာ သတ္တမအဆင့်မှ ဆဋ္ဌမအဆင့်သို့ မျက်စိတစ်မှိတ်အတွင်း ကျဆင်းသွားသည်ကို ကျန်းချန်ရွှမ် မြင်တွေ့လိုက်ရပြီး အကြီးအကျယ် တုန်လှုပ်သွားမိသည်။ သူ၏ အတွင်းစိတ်မျက်လုံးစွမ်းအားနှင့်ပင် ရှန်းရူယန်၏ ကျင့်ကြံမှုအဆင့် အစစ်အမှန်ကို ခန့်မှန်းနိုင်ခြင်းမရှိပေ။
သူ့မျက်လုံးနှင့် ကိုယ်တိုင်မျက်မြင် တွေ့ခဲ့ခြင်းသာ မရှိခဲ့လျှင် ရှန်းရူယန်တစ်ယောက် သတ္တမအဆင့်ကို ရောက်ရှိနေပြီဆိုသည့်အချက်ကို ဘယ်နည်းနှင့်မှ လက်ခံနိုင်မည်မဟုတ်ပေ။ အခြေခံတည်ဆောက်မှုအဆင့် ကျင့်ကြံသူတစ်ဦးက ယခုလိုကျင့်ကြံမှုအဆင့်ကို ကွယ်ဝှက်ထားနိုင်သည့် စွမ်းအားမျိုး ပိုင်ဆိုင်ထားလိမ့်မည်ဟု သူမမျှော်လင့်ထားခဲ့ပါ။
“ရူယန် ဒါဆို….”
ရှန်းရူယန်က ခေါင်းညိတ်ပြလိုက်သည်။
“ဟုတ်တယ် ကျွန်မရဲ့ ကျင့်ကြံမှုအဆင့်ကို ဖုံးကွယ်ထားနိုင်ပါတယ်”
ခဏမျှ တိတ်ဆိတ်သွားပြီးနောက် ရှန်းရူယန်က စကားဆက်သည်။
“ကျွန်မအခု ရှင့်ကိုအသိပေးတယ်ဆိုတာက ရှင်နဲ့ကျွန်မက လက်တွဲဖော်တွေဖြစ်သွားတဲ့အတွက် ရှင့်ကိုလိမ်ဖို့မပြောနဲ့ ရှင်မသိအောင် ဖုံးကွယ်တာမျိုးကိုတောင် ကျွန်မမလုပ်ချင်လို့ပဲ၊ အဖြူရောင်မုသားဆိုရင်တောင် ကျွန်မပြောထွက်မှာ မဟုတ်ဘူး၊ ဒါပေမဲ့ လောလောဆယ်မှာ ရှင့်ကိုရှင်းပြလို့မရသေးတာ၊ အသေးစိတ်ပြောပြလို့ မဖြစ်သေးတာတွေ ရှိနေသေးတယ်၊ ဒါကလည်း ရှင့်အတွက် သိသွားရင်လည်း အကျိုးရှိမှာ မဟုတ်လို့ပဲ၊ ကျွန်မပြောချင်တာကို နားလည်တယ်မလား”
“ကိုယ်နားလည်ပါတယ်”
ကျန်းချန်ရွှမ်လည်း အရူးမဟုတ်ပါ၊ သူ၏ဇနီးဖြစ်သူထံတွင် လျှို့ဝှက်ချက်များစွာ ရှိနေကြောင်း ရိပ်စားထားပြီးဖြစ်သည်။ သို့သော် ရှန်းရူယန်၏ ရိုးရိုးသားသား ဝန်ခံလိုက်ခြင်းက သူ့အတွေးများကို တစ်နည်းတစ်ဖုံ ပြောင်းလဲသွားစေသည်။ သူကိုယ်တိုင်တွင်လည်း ထုတ်ဖော်ပြောပြ၍ မဖြစ်သည့် လျှို့ဝှက်စနစ်ကဲ့သို့သော လျှို့ဝှက်ချက်များ ရှိနေသည်ဖြစ်၍ ရှန်းရူယန်အား ကိုယ်ချင်းစာပေးနိုင်ပါသည်။ လတ်တလောတွင် ထိုလျှို့ဝှက်ချက်များကို တစ်ဦးကိုတစ်ဦး ဖွင့်ပြော၍ မဖြစ်သေးသည့်အလျောက် တစ်ဦးနှင့်တစ်ဦး လေးစားမှုနှင့် ရှေ့ဆက်သွားရန် လိုအပ်ပါမည်။
တစ်ဦးနှင့်တစ်ဦး နားလည်မှုရှိထားသရွေ့ ကိုယ်စီဖုံးကွယ်ထားသော လျှို့ဝှက်ချက်များမှာ သူတို့နှစ်ဦး၏ ဆက်ဆံရေးကို ထိခိုက်နိုင်လိမ့်မည် မဟုတ်ပါ။
ကျွီ!
ထိုအချိန်တွင် ကျန်းချန်ရွှမ်တို့ နှစ်ဦး၏ ဆက်သွယ်ရေး ကျောက်စိမ်းအဆောင်များမှာ ရုတ်တရက်လင်းလာပြီး စိတ်အာရုံထဲတွင် အသံတစ်ခုကြားလိုက်ရသည်။
[ ပင်မတောင်ထွတ်ပေါ်က အစည်းအဝေးအခန်းထဲကို ချက်ချင်းလာပါ]
သတင်းစကားကို ကြားပြီးနောက် နှစ်ဦးသား အကြည့်ချင်းဆုံမိလိုက်ကြသည်။ အလွန်အရေးကြီးဟန်တူသည့် အသိပေးချက်ဖြစ်သောကြောင့် အချိန်မဆွဲတော့ဘဲ ယွီဟွာတောင်ထိပ်ပေါ်ရှိ အစည်းအဝေးခန်းမသို့ ပျံသန်းလာကြတော့သည်။
ခေတ္တမျှကြာပြီးနောက်…
အစည်းအဝေးခန်းမထက်သို့ နှစ်ဦးသား ဆင်းသက်လိုက်ကြသည်။ ရှန်းတောက်မင်နှင့် အခြေခံတည်ဆောက်မှုအဆင့် အကြီးအကဲများအားလုံးကို စုံစုံညီညီ တွေ့လိုက်ရသည့်အပြင် ဘိုးဘေးရှန်းယွမ်လုံကိုယ်တိုင် ရောက်ရှိနေသည်ကို အံ့သြဖွယ်တွေ့လိုက်ရသည်။ ရှန်းယွမ်လုံကို နှစ်ဦးသား အလျင်အမြန် ဂါရဝပြုလိုက်ရသည်။ ရှန်းယွမ်လုံက ပြုံးလျက် ခေါင်းညိတ်ပြလိုက်သည်။
“ထိုင်ကြပါ”
နှစ်ဦးသား နေရာယူလိုက်ကြပြီးနောက် ရှန်းယွမ်လုံက စကားစသည်။
“ကန်းယန်ဂိုဏ်းကနေ အခုပဲသတင်းရတယ်၊ လာမဲ့ ၁၀ နှစ်အတွင်း ဖြစ်လာမဲ့ နတ်ဆိုးသားရဲအဓိကရုဏ်းအရေးကြီးက ငါတို့ထင်ထားတာထက် ပိုစောစောဖြစ်လာလိမ့်မယ်တဲ့”
“ဘာ”
ရှန်းမျိုးနွယ်စု၏ အကြီးအကဲများအားလုံးမှာ ရှန်းယွမ်လုံ၏ စကားကြောင့် တုန်လှုပ်သွား ကြသည်။ ရှန်းယွမ်လုံ၏ ဘေးကပ်လျက်တွင် ထိုင်နေသည့် ရှန်းချန်းနန်မှာ ဒေါသပေါက်ကွဲသွားပြီး
“ဘာကိစ္စနဲ့ ရှေ့တိုးလာပြန်တာလဲ၊ အဆင့်မြင့်လူသားကျင့်ကြံသူတွေနဲ့ နတ်ဆိုးသားရဲတွေကြား သဘောတူထားတဲ့အချက်က မရှိတော့တာလားဟ”
***