← Chapters

အခန်း (၄၆-၅၀)

Vol. 3 Ch. 46-50

အခန်း (၄၆-၅၀)

Vol. 3 Ch. 46-50

နှစ်တစ်ရာကျင့်ကြံပြီးနောက်

အခန်း​ ၄၆ ။ အဆင့် ၂ အဆောင်​ပစ္စည်း​ အခု​ ၁၀၀ ပြီး​စီး​ခြင်း

ယခုအချိန်​တွင်​ ကျန်း​ချန်​ရွှမ်၏ စစ်​မှန်​မှု​အဆီ​အနှစ်​စွမ်းအင်​မှာ ၃၀% ကျော် ပိုမို​တိုးတက်​လာ​ပြီ​ဖြစ်ကာ အခြေခံ​တည်ဆောက်​မှု ပဥ္စမအဆင့်​ ကျင့်ကြံသူတစ်ဦး၏ အဆီအနှစ်စွမ်းအင်နှင့်ယှဉ်လျှင် တန်းတူ သို့မဟုတ် ပို၍ပင် သာလွန်​သွားပြီးဖြစ်သည်။ အခြေခံ​တည်ဆောက်​မှု​တတိယ​အဆင့်​ကို တက်​လှမ်း​နိုင်​ခဲ့ခြင်းကြောင့် ဓမ္မ​လက်နက်​များ သန့်စင်ခြင်းနှင့် အဆောင်​ပစ္စည်း​များ​ ဖန်တီး​စီရင်​ခြင်းတို့​ကို ဆောင်ရွက်​ရာတွင်​ သိသိသာသာ​ပင် မြန်ဆန်ကျွမ်းကျင်​လာခဲ့ပြီဖြစ်သည်။

သုံး​လအတွင်း​ ကျန်း​ချန်​ရွှမ်​သည် အဆင့်​၂ အလယ်​အလတ် အဆင့် ဓမ္မလက်နက်နှစ်ခုဖြစ်သည့် သစ်​သား​စိမ်း ကောင်း​ကင်​အလင်း​ဒိုင်းနှင့် အရိပ်ခွဲအလင်းဓားတို့ကို အောင်​မြင်​စွာ​ သန့်​စင်​နိုင်ခဲ့ပြီဖြစ်သည်။ ထို့​ကြောင့် နောက်ခြောက်လကို ရှန်း​ယွမ်လုံ​ပေးအပ်​ခဲ့သည့် ကျီယန်ဓားကို သန့်စင်​ရာတွင်​ အသုံးပြုလိုက်​သည်။ ရှိရင်းစွဲ ခရမ်းရောင်​မီးလျှံဓားနှင့် ခရမ်း​ဝါ​ရောင်​ဝိညာဉ်​ဒိုင်းများကို ထည့်​တွက်လျှင် ကျန်း​ချန်ရွှမ်တွင် ယခုအခါ​ ဓမ္မ​လက်နက်​ငါးခုထိ ရှိလာပြီ​ဖြစ်သည်။ ထိုအထဲတွင် ခရမ်းရောင်​မီးလျှံဓားနှင့် သစ်သား​စိမ်း ကောင်း​ကင်​ဝိညာဉ်​ဒိုင်း​တို့မှာ အဆင့် ၂ အလယ်​အဆင့် လက်နက်​များဖြစ်သည်။

ဗလာ​နယ်​နဂါးဓားမှာ အဆင့် ၂ အမြင့်ဆုံး​အဆင့်​ဖြစ်ပြီး အရေး​မသာ​သည့် တိုက်​ပွဲ​အခြေအနေ​မျိုးတွင် အလှည့်​အပြောင်းလက်နက်အဖြစ် အသုံး​ဝင်မည်ဖြစ်သည်။ ဆက်လက်၍ ကျန်း​ချန်​ရွှမ်​သည် အဆင့် ၂ အလယ်​အဆင့် မန္တန်​နှစ်​ခုဖြစ်သည့် ပင်လယ်ပြာလောင်မီး​မန္တန်​နှင့် လိပ်​ခွံမြေဝိညာဥ်ဒိုင်းမန္တန် နှစ်ခုကို ကျင့်ကြံလိုက်သည်။ သူ့တွင် ယင်ယန်ဒြပ်ငါးပါး ဝိညာဉ်​သွေးကြော​ရှိသည့်အတွက် အဆို​ပါ​မန္တန်​နှစ်ခုကို ကျင့်ကြံရာတွင် လွယ်​ကူချောမွေ့လျက်ရှိသည်။ နောက်​နှစ်​နှစ်တာ ကုန်​ဆုံး​ပြီးနောက် ထိုမန္တန်နှစ်ခုကို ကနဦးအဆင့်ထိ ကျင့်ကြံနိုင်လိုက်ပြန်သည်။ ထိုမန္တန်နှစ်ခုကို အချိန်​မရွေး အသုံးပြု​နိုင်​ခြင်းဖြင့် ကျန်း​ချန်​ရွှမ်​၏ကျင့်ကြံမှုစွမ်းအားသည် အခြေခံ​တည်ဆောက်​ခြင်း​ အလယ်​အဆင့်​ ကျင့်ကြံသူများကိုပင် ကောင်း​ကောင်း​ခြိမ်း​ခြောက်​နိုင်နေပြီဖြစ်သည်။

နောက်​တစ်​နှစ်​ခွဲကာလကို စနစ်မှ​ချီးမြှင့်​ထား​သည့် ချင်း​ဖုန်း​ဓားနည်းစနစ်​ကို နောက်​ဆုံး​အဆင့်အထိ ကျင့်ကြံရင်း သုံး​စွဲလိုက်သည်။ ချင်း​ဖုန်း​ဓား၏ နောက်ဆုံး​အဆင့်​စွမ်း​အားကို မစမ်းသပ်ရသေးသော်လည်း ကနဦးအဆင့်စွမ်းအားနှင့် ယှဥ်​ထိုး​ဆုံးဖြတ်​လျှင်​ နောက်​ဆုံး​အဆင့်​စွမ်းအားသည် အခြေခံ​တည်ဆောက်​မှု​ ဆဌမ​အဆင့်​ကျင့်ကြံသူ​များကို​ပင် ဒုက္ခကောင်း​ကောင်း​ပေးနိုင်​မည်မှာ မလွဲပါ။ နောက်ဆုံး​အနေ​နှင့်​ ကျန်း​ချန်​ရွှမ်​သည် အဆင့်​၂ အဆောင်​ပစ္စည်း​များ​ ရေးဆွဲ​စီရင်ခြင်းကို အာရုံစိုက်​လိုက်သည်။ သို့​သော်​ ရွှေသံချပ်​ကာရုပ်​သေး​ အဆောင်​များကို အဆောတလျင်​ စီရင်​ခြင်း​မပြုသေးဘဲ အဆင့်​၂ အနိမ့်စား​အဆင့်​ အဆောင်​များ​ကို သွေးပူလေ့ကျင့်သည့်အနေနှင့် အရင်ဆုံးဖန်တီးရေးဆွဲရန် ဆုံးဖြတ်​လိုက်သည်။

ဥပမာ​အနေနှင့်​ သစ်အသားတက်ခြင်း အဆောင်၊ မီးမြွေအဆောင်နှင့် နိဗ္ဗာန်ရေခဲဓားအဆောင်တို့လို အနိမ့်စား​အဆောင်​ပစ္စည်း​များဖြစ်သည်။ ထိုအဆောင်များမှာ ဖန်တီး​ရာတွင် အလွယ်ကူဆုံးနှင့် အရိုးရှင်းဆုံးဖြစ်သည်။ ရွှေသံချပ်ကာရုပ်​သေး​ကဲ့သို့ ခက်​ခဲသော အဆောင်​ပစ္စည်း​များကို ရေးဆွဲ​လာခဲ့သည့် ကျန်းချန်​ရွှမ်​အတွက် သစ်အသားတက်ခြင်းအဆောင်ကဲ့သို့ အပေါ​စား ခပ်ညံ့ညံ့အဆောင်များကို ရေးဆွဲ​သည့်အလုပ်မှာ လွယ်ကူလွန်းနေတော့သည်။ထိုအဆောင်​များကို ပျက်စီး​ခြင်း​မရှိဘဲ ဆက်​တိုက်​ရေးဆွဲ​ဖန်တီးလိုက်သည့် ကြာချိန်မှာ သူထင်ထားသည်ထက် တိုတောင်း​နေပါ​တော့သည်။

ဤနည်းဖြင့် ကျန်း​ချန်​ရွှမ်​တစ်ယောက်​ သူအဆောင်​ဖန်တီး​ခြင်းအဆင့်မှာ အဆင့် ၂ အနိမ့်စားအဆင့် ရရှိပြီဖြစ်ကြောင်း သေချာ​လျှင် နောက်​တစ်​ဆင့်တက်၍ အဆင့်​၂ အလယ်​အဆင့်​ အဆောင်​များ​ကို ဖန်တီး​ရန် ဆုံးဖြတ်​လိုက်သည်။ ရွှေဝါရောင်ကျောက်စိမ်းနှင့် ကောင်းကင်ဝိဉာဉ်နှင်းရေစက် ပုလင်း​များနှင့်​ အခြားလိုအပ်သည့်​ ကုန်ကြမ်း​ပစ္စည်း​များကိုထုတ်ယူပြီး ရွှေ​သံချပ်​ကာရုပ်သေး အဆောင်များကို စတင်​ရေး​ဆွဲပါတော့သည်။

နောက်​တစ်နှစ်အကြာ……

ကျန်း​ချန်ရွှမ်သည် ရွှေဝါရောင်ကျောက်စိမ်းနှင့် ကောင်းကင်ဝိဉာဉ်နှင်းရေစက် ပေါင်းစပ်ဖွဲ့စည်းထားသည့် အကြမ်း​ထည်ပေါ်သို့ နောက်ဆုံး​စုတ်ချက်တစ်ခုတင်လိုက်သည့်အချိန် အဆောင်​အကြမ်း​ထည် မျက်နှာ​ပြင်​သည် စူး​ရှသောအလင်းများ ကွန့်မြူး​လာတော့သည်။ ရွှေဝါရောင်ကျောက်စိမ်း၏ နဂိုမူလမျက်နှာပြင်တွင် ရှုပ်​ထွေးပွေလီလှသော ပုံစံအကွက်များ ပြည့်နှက်နေပြီဖြစ်သည်။ အခြေခံ​တည်ဆောက်​မှု​နယ်ပယ် အောက်​တွင်​ရှိသည့် ကျင့်ကြံသူ​များ​က ထိုပုံစံအကွက်များကို နတ်ဘုရားအာရုံ အသုံးပြု၍ စစ်ဆေး​ကြည့်​လိုက်​မည်ဆိုလျှင် သူတို့၏ဝိညာဉ်​မှာ ဒဏ်ရာ​အကြီး​အကျ​ယ်​ရရှိ​သွားမည်ဖြစ်သည်။

ကျန်း​ချန်​ရွှမ်​သည် ပြီးစီးသွားသော ရွှေသံချပ်ကာ ရုပ်​သေးအဆောင်ကို ကိုင်​လျက် အတွေး​နယ်​ချဲ့နေမိသည်။ စနစ်​မှ​ချီး​မြှင့်​သော အဆောင်​လက်နက်​သည် အခြား​သော သာမန်အဆောင်​များနှင့်​ယှဥ်​လျှင် အဆင့်​အတန်းချင်း ကွာခြား​သလို စွမ်းအားအဆင့်ကိုပင် သတ်​မှတ်​နိုင်ခြင်းမရှိချေ။ ဤအဆောင်​လက်နက်ပြုလုပ်နည်းကိုသာ လက်​နက်​ရတနာ​ဖလှယ်ပွဲတွင် ရောင်း​ချလိုက်မည်ဆိုလျှင် အခြေခံ​တည်ဆောက်​မှု​အဆင့်​ မိသားစု​များနှင့် ဂိုဏ်း​များ​အကြားတွင် ပွက်​လော​ရိုက်​သွားမည်မှာ သေချာ​သည်။ ကျီဖုအဆင့်​ မိသားစု​ဖြစ်သည့် ရှန်းအင်မော်တယ်မျိုးနွယ်စုသည်ပင် ရွှေသံချပ်ကာ​ရုပ်သေး​ အဆောင်​ကို လိုချင်တပ်မက်လိမ့်မည်မှာ သေချာ​လုနီးပါးဖြစ်သည်။

ထို့နောက်​ ကျန်း​ချန်​ရွှမ်​သည် ဆက်​မတွေးတော့ဘဲ ဒုတိယ​မြောက်​ ရုပ်​သေး​အဆောင်​ကို ဆက်​လက်​ရေး​ဆွဲလိုက်သည်။ ပထမ​တစ်​ကြိမ်​ အောင်မြင်​ပြီး​နောက် ဒုတိယအကြိမ်ရေးဆွဲရာတွင် ပိုမို​မြန်ဆန်​ချော​မွေ့လာပါသည်။ ဤတစ်ခါ ရေးဆွဲ​ရာတွင်​ ငါး​လမျှသာ ကြာမြင့်​လိုက်​သည်။ တတိယ​အကြိမ်​ရေးဆွဲ​ရာတွင်တော့ အမြန်​နှုန်း​မှာ အဆများစွာ တိုး​တက်​လာပြီဖြစ်ပြီး လေးလ​ခွဲသာ အချိန်​ယူလိုက်ရပါသည်။ ထို့​ကြောင့်​ ကျန်း​ချန်​ရွှမ်​တွင် ယခု​အခါ​ ရုပ်​သေး​အဆောင်​သုံး​ခုရှိလာပြီဖြစ်ကာ နောက်​ထပ် ​ရွှေဝါရောင်ကျောက်စိမ်းနှင့် ကောင်းကင်ဝိဉာဉ်နှင်းရေစက်​များ စုဆောင်း​နိုင်​ပါက စတုတ္ထမြောက်​ ရုပ်​သေး​အဆောင်​ကို​ ဖန်တီး​နိုင်​မည်ဖြစ်သည်။

ရွှေရောင်​သံချပ်​ကာ ​ရုပ်သေး​အဆောင် ရေး​ဆွဲ​နည်း​ကို လူအများ​သိရှိ​သွား​ပါက အဆောင်ဖန်တီး​ရာတွင် အဓိက​ကုန်​ကြမ်း​ဖြစ်သည့် အဆိုပါ​ပစ္စည်း​များ၏ စျေး​နှုန်း​မှာ မိုးအထိထိုးတက်သွားမည်မှာ မြေကြီး​လက်​ခတ်​မလွဲဖြစ်သည်။

နောက်​ထပ်​နှစ်နှစ် ကုန်​လွန်သွားပြန်သည်။

ကျန်း​ချန်​ရွှမ်၏လက်ထဲတွင် အဆင့် ၂ အနိမ့်စား အဆောင်​ပစ္စည်း​ ၅၀ မှ ၆၀ အထိရှိနေပြီဖြစ်ပြီး အဆောင်​လက်နက်​များမှာ တိုက်ခိုက်​ရေး၊ ကာကွယ်ရေး၊ အဆိပ်ဖယ်ရှား​ခြင်း၊ ဒဏ်ရာ​ကုသခြင်း နှင့် စေစားလှည့်ဖျားခြင်းစသည့် အမျိုး​အစား​ပေါင်း​စုံ ပါဝင်သည်။ ထို​နှစ်​နှစ်တာကာလအတွင်း ကျန်း​ချန်​ရွှမ် စိတ်ပျက်မိသည့်အရာတစ်ခုမှာ အဆင့်​၂ အလယ်​အဆင့် အဆောင်​များ​ကို အကြိမ်မနည်း ဖန်တီးခဲ့သော်လည်း တစ်ခုမျှမအောင်မြင်ခဲ့ခြင်းဖြစ်သည်။ မကြာ​မီ သူသဘောပေါက်လိုက်သည်က မအောင်​မြင်ရခြင်း အကြောင်း​ရင်းမှာ သူ၏အဆောင်ဖန်တီး​ခြင်း​စွမ်း​ရည်နှင့် မသက်ဆိုင်ဘဲ သုံးစွဲ​သည့် စုတ်တံကြောင့်သာဖြစ်ကြောင်း သိလိုက်ရသည်။

နောက်​ထပ်​ အဆင့် ၂ အလယ်​အဆင့် အဆောင်​ပစ္စည်း​ကို ရေး​ဆွဲ​ရာတွင်​ ထပ်မံကျရှုံးပြီးနောက် စုတ်​တံကို အသာချလိုက်သည်။ အဆင့်​၂ အလယ်​အဆင့် စုတ်​တံ​ကောင်း​ကောင်း​တစ်ချောင်း ဝယ်ယူရန်လိုအပ်နေပြီဖြစ်သည်။ ထိုသို့​တွေးမိလိုက်သည့် ခဏတွင်​ စနစ်​မှ​အချက်ပေးသံ​တစ်ခုကို သူ့​စိတ်​ထဲတွင်ကြားလိုက်ရသည်။

[ ဒင်! ဂုဏ်ပြု​ပါတယ် ​စနစ်​ပိုင်​ရှင်၊ အဆင့် ၂ အဆောင်​ပစ္စည်း​ ၁၀၀ ကို​ရေးဆွဲ​ဖန်တီး​ပြီးပါပြီ၊ ပါရ​မီစွမ်းရည် +၁ ကို လက်ခံ​ရရှိ​ပါ​မည်]

“ဘာလဲ​ဟ”

ကျန်း​ချန်​ရွှမ်မှာ ထိုအသံကိုကြားလိုက်ရ၍ အံ့အားသင့်မိသွားသည်။ စနစ်​က သူ့ကို ထိုမစ်ရှင်မျိုး ပေးအပ်ထား​ခြင်းမရှိ​ပါ။ အလုပ်​တစ်ခုကို​အကြိမ် ​၁၀၀ လုပ်ခြင်း​ကြောင့် စနစ်က ဆုချီးမြှင့်သည်ဆိုလျှင် အကြိမ်​ ၁၀၀ စားခြင်းနဲ့ အိပ်စက်ခြင်းတို့အတွက်တော့ ဘာကြောင့်​မပေး​ရသလဲဟု သူတွေးမိလိုက်သေးသည်။ သို့မဟုတ်​ ယခုမစ်ရှင်သည် သူ့ကို ​အရင်​က ပေးအပ်ခဲ့သော အဆင့် ၂ အဆောင်​ပစ္စည်း​ ၃၀ ရေး​ဆွဲ​ခိုင်း​သည့် မစ်​ရှင်​နှင့်​ ဆက်စပ်​နေသည်လား။ ထိုမစ်ရှင်မှာ အကြို​မစ်ရှင်မျိုးဖြစ်ပြီး အဆောင်​ပစ္စည်း​ ၃၀ ကို​ကျော်၍ အရေအတွက်​ ၁၀၀ အထိရေးဆွဲလိုက်သောအခါ နောက်​တစ်ဆင့်​ မစ်ရှင်တစ်ခုကို အသစ်ဖွင့်လိုက်သလို ဖြစ်​သွားသည်များလား။ ဤသည်က လတ်​တလော ဖြစ်နိုင်​ချေအရှိဆုံးဖြစ်သည်။

***

နှစ်တစ်ရာကျင့်ကြံပြီးနောက်

အခန်း​ ၄၇ ။ အဆင့် ၂ အလယ်​အဆင့် အဆောင်​ဖန်တီး​သူ

ထိုစဉ် ကျန်း​ချန်​ရွှမ်သည် သူ၏ခန္ဓာကိုယ်​တွင် တစ်စုံ​တစ်​ခုပြောင်းလဲသွားသလို ခံစားလိုက်ရ​သည်။ ထို​ပြောင်း​လဲမှုကို အာရုံစိုက်၍ ရှာဖွေ​လိုက်သောအခါ ပျောက်ချင်းမလှ ပျောက်​သွား​ပြန်​သည်။ ထို့နောက်​ သူ့အရှေ့တွင် ပုံလျက်သားရှိသော မအောင်မြင်ခဲ့သည့် အဆောင်​ပစ္စည်း​အကြမ်း​ထည်များကို မျက်​စိက လျှပ်တပြက်ရောက်သွားစဉ် သူပြုလုပ်ခဲ့မိသော အမှား​များ​ တစ်ပုံတစ်ပင်ကို တွေ့လိုက်ရတော့သည်။ ထိုအမှားများကို သူအနေနှင့် အလွယ်တကူ​ရှောင်​ရှားနိုင်ခဲ့သင့်သည်ဟု တွေးမိလိုက်သည်။ သူနားမလည်ခဲ့သော၊ နား​လည်ရန် ရုန်းကန်ခဲ့ရသော အစီရင်​ရေးဆွဲနည်း​အဆင့်များမှာ ယခုအခါ လယ်ပြင်​ဆင်သွားသလို ရှင်း​လင်း​လျက်ရှိတော့သည်။ ကျန်း​ချန်​ရွှမ်​အနေ​နှင့် ထိုအဆောင်ပစ္စည်းများကို အသစ်ပြန်လည်ဖန်တီးလျှင် ကျရှုံးတော့မည်မဟုတ်ဟု ခံစား​မိနေပြီဖြစ်သည်။

အထက်​ပါအခြင်းအရာများကို စေ့ငုကြည့်သောအခါ ကျန်း​ချန်​ရွှမ်​ ကောင်း​စွာ သဘောပေါက်​သွားတော့သည်။ အဆိုပါ​ပြောင်းလဲ​မှု၏အရင်းခံသည် စနစ်​က ပေးအပ်လိုက်​သည့် အဆောင်​ဖန်တီး​ခြင်း​ ပါရမီအမှတ် +၁ ကြောင့်ဖြစ်သည်။ မဟုတ်​လျှင်​ အချိန်​တို​အတွင်း​ ရှုပ်​ထွေးသော အဆောင်​ရေးဆွဲ​စီရင်ခြင်း နည်းနာများကို ယခုလို အလွယ်တကူ​ ထိုးထွင်းသိမြင်နိုင်မည် မဟုတ်​ပေ။ နား​လည်​သဘော​ပေါက်​သွားသော ကျန်း​ချန်​ရွှမ်သည် အချိန်​မဆွဲတော့ဘဲ စုတ်​တံကို​ကောက်​ကိုင်​ကာ သစ်သားအသက်ဓာတ် ဟုခေါ်သည့် အဆင့်​၂ အလယ်​အဆင့် အဆောင်​တစ်ခုကို​ ရေးဆွဲ​လိုက်​တော့သည်။ အဆိုပါ​အဆောင်၏ အဓိက​အသုံးပြု​ပုံမှာ အဆင့်​၁ သို့မဟုတ်​ ၂ အဆင့်​ရှိ ဝိညာဉ်အပင်များ၏ အသက်​ဓာတ်​ကို ပြန်​လည်​အသက်​သွင်း​ခြင်း​ဖြစ်​ပြီး အင်မော်တယ်မိသားစု​အကြီးစားများနှင့် ကျင့်ကြံခြင်းဂိုဏ်းများတွင် အသုံး​များ​ကြသည်။

ကျန်း​ချန်​ရွှမ် အရင်​က ထို​အဆောင်​ပစ္စည်း​ကို ဆယ်ကြိမ်ထက်မနည်း ရေး​ဆွဲ​ခဲ့သော်လည်း ဆယ်​ကြိမ်​လုံး မအောင်မြင်ခဲ့။ ယခုလည်း အဆင့်​၂ အနိမ့်စား​စုတ်​တံဖြင့် အဆိုပါ​အဆောင်ကို အောင်​မြင်​စွာ ရေးဆွဲ​နိုင်​လိမ့်မည်ဟု အတပ်​မပြောရဲသေးပါ။ များ​မကြာ​ခင်​ ကျန်း​ချန်​ရွှမ်​လက်ထဲရှိ စုတ်​တံအဖျားတွင် ဝိညာဉ်​အလင်း​မျှင်များ ယှက်သန်း​လာကာ အဆောင်​စီရင်​သော စက္ကူ​ပြားပေါ်တွင် ရှုပ်ထွေး​ဆန်း​ကြယ်သော မှော်သင်္ကေများ အစီအရီ​ပေါ်ပေါက်လာတော့သည်။

တစ်​လကြာပြီးနောက်…

နောက်ဆုံး​သောစုတ်ချက်ကို ဆွဲလျက် အဆင့်​၂ အလယ်​အဆင့် သစ်သား​အသက်​ဓာတ်.အဆောင်​ပစ္စည်း​စီရင်ခြင်းကို အောင်မြင်​စွာ​ အဆုံးသတ်​လိုက်သည်။ ကျန်း​ချန်​ရွှမ်၏ မျက်​နှာ​ထက်တွင် ကြည်နူးရိပ်များ သန်းနေသည်။ အဆင့်​၂ အလယ်​အဆင့်​ သစ်သားအသက်ဓာတ် အဆောင်​ကို အဆင့်​၂ အနိမ့်စား​စုတ်​တံနှင့် ရေးဆွဲဖန်တီးနိုင်ခဲ့ပြီဖြစ်သည်။ ထို့နောက်​ စီရင်ပြီးအဆောင်ကို ကောက်​ယူ၍ စစ်ဆေးကြည့်လိုက်သည်။ အဆောင်​၏အရည်အသွေးမှာ အတော်လေး ကောင်း​မွန်​ပြီး အဆင့်​၂ အလယ်​အဆင့်​ ဝါရင့်အဆောင်ရေးဆွဲသူ၏ လက်ရာနှင့် ကောင်း​စွာယှဉ်ပြိုင်​နိုင်ပါသည်။ ကျန်း​ချန်​ရွှမ်​အနေ​နှင့် အဆင့် ၂ အဆောင်​ဖန်တီး​နည်း​စာအုပ်၏ ဒုတိယပိုင်းကိုသာ ရယူဖို့လိုပါတော့သည်။ စာအုပ်​ပထမ​ပိုင်း​တွင် ဖော်ပြထား​သော အဆင့်​၂ အလယ်​အလတ်​ အဆောင်​ပစ္စည်း​ဖန်​တီးပုံ နည်း​လမ်း​များ​မှာ အရေအတွက်အားဖြင့်​ အကန့်အသတ်​ရှိသလို​ အများ​စုမှာ အထောက်​အကူ​ပြု အဆောင်ပစ္စည်း​များ​သာ ဖြစ်​ကြသည်။

တိုက်​ပွဲတွင် တိုက်​ရို​က်အသုံးပြုနိုင်သော အဆောင်​များမှာ နည်း​ပါးလှသည်။ ထိုစဉ်​ ကျန်းချန်​ရွှမ်​၏ အကြည့်က အချုပ်​အ​နှောင်​ အဆောင်​ပစ္စည်း​ထံသို့ ရောက်​သွားသည်။ စာအုပ်​ပထမ​ပိုင်း​တွင် မှတ်​တမ်း​တင်ထားသော အဆောင်​ပစ္စည်း​များ​အား​လုံး​အနက်​ ဤအဆောင်​သည် အသုံး​ဝင်ဆုံးသော တိုက်​ခိုက်​ရေးအဆောင်လက်နက်ဖြစ်သည်။ နောက်ထပ်​ နှစ်​နှစ်အကြာ ကျန်း​ချန်​ရွှမ်​နေထိုင်​ရာ လှိုဏ်ဂူအပြင်တွင်…….

အလင်း​စီး​ကြောင်း​နှစ်ခု ရုတ်တရက်​ကျဆင်းလာသည်။ ရှန်း​မိသားစု၏ လတ်​တလော အကြီးအကဲ​ဖြစ်သူ​ ရှန်း​တောက်​မင်​နှင့် သူ့ညီမဖြစ်သူ ရှန်းရူယန်တို့ဖြစ်ကြသည်။ ၁၂နှစ်ကြာ ဂူပိတ်ကျင့်ကြံပြီးနောက် ရှန်းရူယန်၏ ကျင့်ကြံမှုအဆင့်မှာ တစ်ဟုန်ထိုးတိုးတက်လာပြီဖြစ်ကာ အခြေခံ​တည်ဆောက်​မှု​ စတုတ္ထ​အဆင့်​မှ ယခုအခါ​ ဆဌမ​အဆင့်​သို့ တက်လှမ်းနိုင်ခဲ့ပြီဖြစ်သည်။ ရှန်း​တောက်​မင်ကိုယ်တိုင်ပင် ညီမဖြစ်သူ၏ တိုးတက်​မှုကို မအံ့သြဘဲ မနေနိုင်တော့ပါ။ ဤနေရာတွင် တစ်ခုသိထားရမည်က အခြေခံ​တည်ဆောက်​မှု အလယ်​အဆင့်ဟု သတ်မှတ်သည့် စတုတ္ထ​အဆင့်​ကိုရောက်​လျှင် များသော​အားဖြင့်​ နောက်​တစ်ဆင့်​ကို တက်​လှမ်းရန် ၁၀ နှစ်မှ ၁၅ နှစ်အထိ ကြာမြင့်တတ်ကာ ပင်​ကိုယ်​ပါရမီ​နည်း​သူများမှာ နောက်​တစ်ဆင့်​ဖြစ်သည့် ပဥ္စမအဆင့်ကို မတက်လှမ်းနိုင်တော့ဘဲ ကျင့်ကြံမှုခရီး ထာဝရရပ်တန့်သွားကြတော့သည်။

ရှန်း​ရူယန်​ကတော့ ၁၂နှစ်အတွင်း ကျင့်ကြံမှုနှစ်ဆင့် ခုန်တက်နိုင်ခဲ့သည်။ ရှန်း​တောက်​မင်က အစီအရင်အကွက်များ အတားအဆီးများဖြင့် ပိတ်​ဆို့ထားသော လှိုဏ်ဂူကိုကြည့်လျက်

“အကြီးအကဲ​ကျန်းလည်း မင်းလိုပဲ အချိန်​အကြာကြီး ဂူပိတ်ကျင့်နေတာပဲ၊ ဘယ်​အချိန်​မှ ထွက်​လာမလဲမသိဘူး”

ရှန်း​ရူယန်က ကျန်း​ချန်​ရွှမ်၏ဂူကို ကြည့်လျက် တည်ငြိမ်​စွာပြောလိုက်သည်။

“အစ်ကို​ ဘိုး​ဘေး​က ကျွန်​မနဲ့ ကျန်း​ချန်​ရွှမ်တို့ နှစ်ယောက်​ကို ခေါ်​ရတဲ့အကြောင်းရင်းကို မပြောပြတော့ဘူးလား”

ရှန်း​တောက်မင်မှာ အနည်း​ငယ်ကသိကအောင့် ဖြစ်​သွား​ပြီး

“မင်း​ကို​ပြောပြီးပြီပဲ၊ ဘိုး​ဘေး​နဲ့တွေ့ရင် အကြောင်း​စုံသိရမယ်လို့၊ ငါ့ကို​ဒုက္ခ​မပေးစမ်းပါနဲ့”

တကယ်​လည်း​ ညီမဖြစ်သူ​ကို ဘယ်လိုဘယ်ပုံ ရှင်းပြရမှန်း သူမသိပါ။ ထို့အပြင်​ ဤ​တစ်ခါ ဂူပိတ်ကျင့်ကြံပြီး အပြင်​ထွက်လာသော ရှန်းရူယန်​သည် အရင်​က ရှန်းရူယန်နှင့် မတူတော့သလို သူခံစားနေမိသည်။ ရှန်းရူယန်၏ ​အနား​တွင် ရှိနေခြင်းသည် ဘိုးဘေးရှန်းယွမ်လုံ​၏ အနီး​တွင်​ ရှိ​နေသလိုပင် ရှင်း​ပြရန်ခက်သော ဖိအား​တစ်မျိုး သူ့အပေါ်​ သက်ရောက်​နေသည်။ အမှန်​တွင် ရှန်း​ရူယန်၏ကိုယ်​မှ ဖိအား​သည် ဘိုးဘေးထက်ပင် အား​ကောင်း​နေသေးသည်။ ထိုခံစားမှုကြောင့် ရှန်း​တောက်မင်တစ်ယောက်​ သူ့ညီမဖြစ်သူကို ရုတ်တရက်​နား​မလည်နိုင်တော့သလို ဇဝေဇဝါ​ခံစားမှုမျိုး ဖြစ်ပေါ်​နေမိသည်။ ထိုအကြောင်းကို ညီမဖြစ်သူ​အား ပွင့်​ပွင့်လင်း​လင်း​ ထုတ်​မေးရလျှင် ကောင်း​မလား​ဟု စဉ်းစား​နေချိန်​တွင်ပင် ရှန်းရူယန်​က ရုတ်တရက်​ရေရွတ်လိုက်သည်။

“သူထွက်လာပြီ”

ထိုခဏတွင် မြူခိုး​ထုတစ်ခုက ဂူဝအနီးတဝိုက်တွင် ရစ်ဆိုင်းလာသည်။ မြူ​ခိုး​များ ကင်းစင်သွားချိန်တွင် လှိုဏ်ဂူကို တစ်ဖန်ပြန်မြင်လိုက်ရပြီး ဂူတံခါးရှေ့တွင် ကျန်းချန်ရွှမ်မှာ မတ်တတ်ရပ်​လျက်ရှိနေသည်။ ထို့နောက်​သူက ပြုံး​ရင်း နှုတ်​ဆ​က်လိုက်သည်။

“မိသားစု​ခေါင်းဆောင်ရှန်းနဲ့ အကြီးအကဲ​ရူယန်၊ မတွေ့တာ​ကြာပြီ​နော်​”

ကျန်း​ချန်​ရွှမ်​ကို မြင်​သောအခါ မောင်​နှမနှစ်ဦးလည်း လက်သီးဆုပ်၍ ပြန်လည်​နှုတ်ဆက်​လိုက်​သည်။ ထို့နောက်​ ကျန်း​ချန်ရွှမ်က

“နှစ်ယောက်​သား ရောက်​လက်စနဲ့ အထဲဝင်ပြီး ထိုင်​ပါဦး​လား”

ရှန်း​တောက်မင်​က လာရင်းကိစ္စကို ရှင်းပြမည်အလုပ် ရှန်း​ရူယန်​က အစ်ကို​ဖြစ်သူ၏ လက်​မောင်း​ကိုရိုက်လျက် တားမြစ်လိုက်သည်။ ထို့နောက်​ ရှန်းရူယန်​က ကျန်း​ချန်​ရွှမ်ကို ပြုံး​ပြ​လိုက်​ပြီး

“ဝင်​ပါ့မယ်ရှင်”

ပြော​ပြောဆို​ဆိုနှင့် ရှန်းရူယန်​သည် ဂူထဲသို့ ခပ်သုတ်သုတ်ဝင်သွားရာ ရှန်းတောက်မင်လည်း မပြော​သာတော့ဘဲ ဂူထဲသို့ဝင်လိုက်ရသည်။ ဂူအတွင်းသို့ဝင်ဝင်ချင်းတွင် ဝိညာဉ်​ချီသိပ်သည်းမှုကို နှစ်ယောက်​လုံး​ခံစားမိလိုက်သည်။ အပေါ်​ကို​မော့ကြည့်​လိုက်​ရာ အရေအတွက်​မနည်း​သော အဆင့်​၂ အလယ်​အဆင့်​ ဝိညာဉ်ဖမ်းဆီး​ခြင်း​အဆောင်​များ ချိတ်ဆွဲ​ထားသည်​ကို တွေ့လိုက်ရ​ပြီး ရှန်း​တောက်​မင်မှာ အနည်းငယ်​အံ့သြသွားမိသည်။

“အကြီးအကဲ​ကျန်း ဒီအဆောင်တွေကို ကိုယ်​တိုင်​ဝယ်ထားတာလား”

ရှန်းတောက်မင် မေး​ရခြင်း​အကြောင်း​ရင်း​မှာ အဆိုပါ.အဆင့်​၂ ဝိညာဉ်ဖမ်းဆီးခြင်းအဆောင်​များ​မှာ ရှန်း​မျိုး​နွယ်စုထံတွင် များများစားစားမရှိသောကြောင့်ဖြစ်သည်။ အများ​စုကို ဝိညာဉ်​ချီ​ဖမ်း​ရန် ရည်ရွယ်​ချက်​နှင့်​ တောင်​ထိပ်​များ​ပေါ်​တွင် ချိတ်ဆွဲ​ထား​ရခြင်းကြောင့် ဖြစ်သည်။

“မဟုတ်ဘူး​”

ကျန်း​ချန်​ရွှမ်က ရှန်းတောက်​မင်နှင့် ရှန်းရူယန် အတွက်​ ဝိညာဉ်​လက်​ဖက်​ရည် တည်​ခင်း​ရင်း ပြော​လိုက်သည်။ ထို့နောက်​ သူက ပြုံး​လျက်​ဖြေသည်။

“ကျုပ်​ဆွဲထားတာပါ၊ သိပ်​တော့မ​ကြာသေးဘူး”

ထို​အဖြေ​ကိုကြားပြီးနောက် ရှန်း တောက်​မင် မှာ သောကနေ​သော လက်ဖက်​ရည်​ကို အယောင်ယောင်​ အမှား​မှား​နှင့်​ ထွေးထုတ်မိသည်။ ထို့နောက်​ ကျန်း​ချန်​ရွှမ်​ကို အံ့သြ​စွာ​ကြည့်လျက်

“အကြီးအကဲ​ကျန်း ဒီ အဆင့်၂ ဝိညာဉ်​ဖမ်းဆီး​ခြင်း အဆောင်တွေကို ခင်ဗျား​ကိုယ်တိုင်​ ဖန်တီး​ခဲ့တယ်လို့ ပြော​လိုက်​တာလား​”

***

နှစ်တစ်ရာကျင့်ကြံပြီးနောက်

အခန်း​ ၄၈ ။ ဟွားဝူတောင်သို့ အလည်​တစ်​ခေါက်

ရှန်း​တောက်မင်​မှတ်​မိသလောက် ကျန်း​ချန်​ရွှမ်​တစ်ယောက်​ ရှန်းမျိုး​နွယ်စုကို စတင်ဝင်ရောက်​ချိန်​တွင် အဆင့်​၁ အမြင့်ဆုံး​အဆင့် အဆောင်​ဖန်တီး​သူသာ ရှိသေးသည်။ ၁၂ နှစ်​တာ ကာလအတွင်း အဆင့်​၂ အလယ်​အဆင့်​ အဆောင်​ဖန်တီး​သူအဖြစ်သို့ တိုးတက်​သွားခဲ့ပြီဖြစ်သည်။

ရှန်း​တောက်မင်​သည် ကျန်း​ချန်​ရွှမ်၏ ကျင့်ကြံ​မှုအဆင့်ကို အစော​ပိုင်းက​ သတိထားမိသော်​လည်း​ ယခုအခါ​ ကျန်း​ချန်​ရွှမ်၏ ကျင့်ကြံ​မှုအဆင့်တွင် အပြောင်းအလဲတစ်ခု ရှိနေသည်ကို သတိထား​မိလိုက်သည်။ ကျန်း​ချင်း​ရွှမ်၏ ကျင့်ကြံမှုအဆင့်မှာ အခြေခံ​တည်ဆောက်​မှု​ စတုတ္ထ​အဆင့်​သို့ ရောက်​ရှိ​သွား​ပြီ​ဖြစ်သည်။ နှစ် ၂၀ မပြည့်ခင်အတွင်း တတိယ​အဆင့်​ကို တက်​လှမ်း​နိုင်​ခဲ့သည့်အပြင် တစ်ချိန်တည်းတွင်​ အဆင့်​၂ အလယ်​အလတ်​အဆင့်​ အဆောင်​ဖန်တီး​သူအဖြစ်ကို ရောက်ရှိခဲ့ပြီဖြစ်သည်။

ရှန်း​တောက်မင်​ခမျာ ပြောစရာ​စကား​ပင် မရှိတော့​ပါ။ ကျန်း​ချင်း​ရွှမ်​၏ ကျင့်ကြံ​မှု​နှုန်း​မှာ မြန်ဆန်​လွန်း​နေသည်လေ။ ဘေး​တွင်နားထောင်နေသော ရှန်းရူယန်​မှာလည်း မျက်​လုံး​လေး​များ​မှာလည်း အရောင်​လက်​သွားကာ

“အကြီးအကဲ​ကျန်း​ ဒါဆို​ အဆင့် ၂ အလယ်​အဆင့် အဆောင်​ဖန်တီး​သူ ဖြစ်တာကြာပြီပေါ့”

ကျန်း​ချန်ရွှမ်ကလည်း ကွယ်ဝှက်နေလည်း မထူးတော့သည့်အတွက် အမှန်​အတိုင်း​ ဝန်​ခံလိုက်သည်။

“ဟုတ်တယ်​၊ စကား​မစပ်​ အကြီးအကဲ​ရူယန်​ ပေးလိုက်​တဲ့ အဆောင်​ဖန်တီး​ခြင်း ​စာအုပ်အတွက်​ ကျေး​ဇူး​တင်ရဦးမယ်။ ဒီစာအုပ်ကြောင့်သာ တိုး​တက်​မှုမြန်ခဲ့တာပါ”

“အကြီးအကဲ​ကျန်း ရှင်​က အတော်နှိမ့်ချတတ်တာပဲ”

ရှန်း​ရူယန်​က ဘေး​တွင်ရပ်နေသည့် ရှန်း​တောက်​မင်​ဘက်ကို လှည့်ကြည့်ရင်း

“အစ်ကို​ရေ အကြီးအကဲ​ကျန်း​လည်း အဆင့်၂ အလယ်​အဆင့်​ အဆောင်​ဖန်တီး​သူ​ဖြစ်သွား​ပြီဆိုတော့ စာအုပ်​ဒုတိယ​ပိုင်း​ကို ဂုဏ်ပြု​လက်ဆောင်​အနေနဲ့ ပေးလိုက်​ရအောင်လား”

ရှန်း​တောက်မင်​သည်လည်း မထင်​မှတ်ထား​သော စကားကြောင့် အနည်း​ငယ်တွေဝေသွားပြီးမှ ခေါင်း​ညိတ်​လိုက်​သည်။

“ကောင်း​ပြီလေ”

ထို့နောက်​ ရှန်းတောက်​မင်သည် ကျန်း​ချန်​ရွှမ်အား စိုက်​ကြည့်​လျက်

“အကြီးအကဲ​ကျန်း​ အဆင့် ၂ အဆောင်​တွေထဲက ဘယ်​ပစ္စည်း​ကို​ ဖန်တီး​နိုင်​ပြီလဲ”

“စာအုပ်​ပထမ​ပိုင်း​မှာပါတဲ့ အဆောင်​မှန်​သမျှလို့ပဲ ပြောရမယ်​ထင်​ပါတယ်၊ ဒါတွေ​က ကျွန်တော်​ မကြာ​သေး​ခင်ကမှ ရေးဆွဲ​ထား​တဲ့ အဆောင်​တွေပါ၊ ကြည့်​လိုက်​ပါဦး​၊ သဘောကျ​ရင်​ ယူသွား​လို့​ရပါတယ်​”

ကျန်း​ချန်​ရွှမ်က ပြောပြော​ဆို​ဆို​နှင့် အဆောင်​ပစ္စည်း​ ဆယ်​ခုခန့် ထုတ်​ယူလိုက်သည်။ ထိုအထဲတွင်​ သစ်သား​အသက်ဓာတ်​အဆောင်၊ သစ်​အသားတက်ခြင်းအဆောင်၊ မီးမြွေအဆောင်၊ အချုပ်​အ​နှောင်​အဆောင်​နှင့် ဝိညာဉ်​ဖမ်းဆီး​ခြင်း အဆောင်ကဲ့သို့သော အဆင့် ၂ အနိမ့်စား နှင့် အလယ်​အလတ်​ အဆောင်​များပါဝင်သည်။ ရှန်းရူယန်​နှင့် ရှန်းတောက်မင်တို့၏ မျက်​ခုံး​များ​မှာ မြင့်​တက်​သွားသည်။ အဆောင်​အားလုံးမှာ အသုံး​ဝင်​သည့် ပစ္စည်း​များ​သာဖြစ်​သည်။ ရှန်းရူယန်​က ခြေ​သွက်လက်သွက်ဖြင့် အဆောင်​နှစ်ခုကို ကောက်ယူ​လိုက်သည်။

ပထမ​တစ်​ခုမှာ အချုပ်​အ​နှောင်​အဆောင် ဖြစ်​ပြီး အဆင့် ၂ အလယ်​အဆင့် ထိန်း​ချုပ်​ခြင်း​အမျိုး​အစား​ အဆောင်​လက်နက်​ဖြစ်သည်။ ဒုတိယ​တစ်​ခုမှာ ခုနှစ်​စင်​ကြယ် နေရာရွှေ့ပြောင်း​ခြင်း​ အဆောင်​ဖြစ်​ပြီး ထွက်​ပြေး​ခြင်း​နှင့် နေရာ​ရွှေ့​ပြောင်း​ခြင်းတို့တွင် အသုံးပြုသည်။ နှစ်​ခုလုံး​မှာ အရည်အသွေး​မြင့်​ပစ္စည်း​များဖြစ်သလို အသုံး​လည်းဝင်လှသည်။

ထို​အချိန်​ ရှန်းတောက်မင်​တစ်ယောက်​ အဆောင်​ပစ္စည်းများကို​ကြည့်​ရင်း​ ချီတုံချတုံဖြစ်နေသည်။ အဆိုပါ​အဆောင်​များ​သည်​ ကျီဖုအဆင့်​မိသားစု​ဖြစ်သော ရှန်းမျိုးနွယ်စု​အတွက်​ပင် အသုံးဝင်သော လက်​နက်​ပစ္စည်း​များဖြစ်သော်လည်း ထိုအဆောင်​များထက် ကျန်း​ချန်​ရွှမ်၏ ကျင့်ကြံ​မှုပါရမီကို ရှန်း​တောက်​မင် ပို၍ တန်ဖိုးထားမိသည်။ အဆင့်​၂ အလယ်​အဆင့် ​အဆောင်​ပစ္စည်း​များ​ကို ရေးဆွဲ​နိုင်​သော အခြေခံ​တည်ဆောက်​မှု​ တတိယ​အဆင့်​ ကျင့်ကြံသူတစ်ဦး၏ အရေးပါပုံမှာ သာမန်​တတိယ​အဆင့်​ ကျင့်ကြံသူ​ထက် များစွာ​ပို​ပါသည်။ ရှန်း​တောက်​မင်​တွေဝေနေသည်ကိုကြည့်ပြီး ရှန်းရူယန်ကပြုံးလျက်

“အစ်ကို​ ဒီပစ္စည်းတွေကို ယူသွား​ချင်​တယ်ဆိုရင် ဒီပစ္စည်းတွေရဲ့ တန်​ဖိုး​အလို​က်ကို မိသားစု​အကျိုး​ဆောင်​ရမှတ်အဖြစ် ပြန်လဲပေးလိုက်ပေါ့”

ရှန်းတောက်မင်က ခဏမျှစဉ်းစားလိုက်ပြီး

“အကြီးအကဲ​ကျန်း​ ခင်ဗျား​မှာ ဒါမျိုး​ဘယ်နှစ်ခုရှိလဲ သိချင်​တယ်၊ အထူးသဖြင့်​ သစ်​သားအသက်​ဓာတ်​နဲ့ အဆင့် ၂ ဝိညာဉ်​ဖမ်းအဆောင်​တွေပေါ၊ ကျန်သေးတယ်ဆိုရင် တစ်ခုချင်းစီကို ထောက်ပံ့မှုအမှတ် ၁၅၀၀ နဲ့ ၂၀၀၀ ကြား ပေးမယ်၊ ဘယ်​လို​လဲ”

“ရပါတယ်​”

ကျန်း​ချန်​ရွှမ်အနေနှင့် ရှန်းတောက်​မင်၏ ကမ်း​လှမ်းမှုကို ငြင်း​ပယ်​ရလောက်အောင် တုံးအခြင်းမရှိပါ။ ရှန်း​တောက်​မင် ရည်ညွှန်း​သော အဆောင်​အမျိုး​အစားနှစ်ခုကို လက်ထဲတွင်​ရှိသ​မျှ အကုန်​ရောင်း​ချပေးလိုက်သည်။ စုစုပေါင်း​ ၈ ခုရှိသည်။ အပြန်အလှန်အနေနှင့် ကျန်း​ချန်​ရွှမ်သည် ထောက်ပံ့မှုအမှတ် တစ်သောင်းခွဲခန့် ရရှိလိုက်သည်။ ထို့နောက်​ ရှန်း​တောက်​မင်က အဆိုပါ​အဆောင်​များကို အချိန်အားလျှင်အားသလို ရေးဆွဲ​ထား​ဖို့ မှာကြား​လိုက်​သေးသည်။ ကျန်းချန်ရွှမ်သည်လည်း ငြင်း​ပယ်​ခြင်း​မပြုပါ၊ သို့သော်​ သူ့တွင်​အချိန်​ရှိ​မှ ရေးဆွဲပေးနိုင်မည်ဖြစ်ကြောင်း ပြော​လိုက်​ရသည်။

လော​လော​ဆယ်​ သူ့တွင် လုပ်​စရာ​အများကြီး​ရှိသည် မဟုတ်​ပါ​လား။ အထူး​သဖြင့်​ ကျင့်ကြံ​မှု​အဆင့်ကို အစွမ်း​ကုန်​မြှင့်တင်​ရန်ဖြစ်သည်။ ရှန်း​မိသားစု​အကျိုး​ကိုဆောင်ရင်း သူ့အချိန်တွေအားလုံးကို ကုန်​ဆုံး​လိုက်၍ မရပါ။ ရှန်း​တောက်​မင်​သည်​လည်း​ ထိုအချက်ကို နားလည်​ပါသည်။ ကျင့်ကြံသူ​တစ်ဦး​အတွက် ကျင့်ကြံမှုအဆင့်နှင့် စွမ်းအားတိုးတက်ရေးထက် အရေး​ကြီး​သည့်​အရာ​မရှိပါ။ သုံး​ယောက်​သား​မှာ စကားအနည်းငယ်​ပြော​ဆို​ဆွေးနွေး​ပြီး​နောက်​ ရှန်း​တောက်​မင်​က​ လာရင်းကိစ္စကို ဖွင့်ဟလိုက်တော့သည်။

ကျန်း​ချန်​ရွှမ်ကို ဟွားဝူတောင်ထိပ်သို့ ဖိတ်​ခေါ်​ရန်ဖြစ်သည်။ ကျန်း​ချန်​ရွှမ်​မှာ အနည်းငယ်​ အံ့သြ​မိသွားသည်။ ဆယ်နှစ်ကျော်ကြာပြီးနောက် ဟွားဝူတောင်ထိပ်သို့ ပြန်​လာရမည်​ဟု သူမထင်ထားခဲ့ပါ။ ထို့​ပြင်​ သည်တစ်ခါ သူ့ကို​ဖိတ်​ခေါ်​သူကလည်း နောက်ဆုံး​အကြိမ်​ကဲ့သို့ ရှန်း​ယွမ်လုံ​ပင် ဖြစ်နေပြန်သည်။ ထို့နောက်​ သုံး​ယောက်​သားမှာ အချိန်မဖြုန်းတော့ဘဲ ဂူအတွင်းမှ ထွက်​ခွာလာပြီး အလင်း​တန်း​များ အသွင်​ပြောင်း​ကာ ဟွားဝူတောင်သို့​ ချီတက်​ကြတော့သည်။

ဟွားဝူတောင်ထိပ်သို့ ရောက်ရှိ​ကြသောအခါ ရှန်း​ယွမ်လုံ​မှာ သူတို့​သုံး​ဦး​အား အသင့်​စောင့်​ကြို​လျက်​ရှိသည်ကို တွေ့ရသည်။ ကျန်း​ချန်​ရွှမ်​တို့လည်း ဦးညွတ်လျက် နှုတ်ဆက်လိုက်ကြသည်။

“နှုတ်​ခွန်း​ဆက်​ပါတယ်​ ဘိုး​ဘေး”

ရှန်းယွမ်လုံက ပြုံးရင်း လက်​ကိုအသာယမ်းလျက်

“ဒါတွေ​မလိုပါဘူးကွာ ထိုင်ကြပါဦး”

ပြော​ပြောဆို​ဆိုနှင့် ရှန်းယွမ်လုံသည် လက်ကိုဝှေ့ယမ်း၍ ကျောက်​တုံး​စားပွဲ​နှင့်​ကုလား​ထိုင်​များကို ဆင့်ခေါ်​လိုက်သည်။ ထို့နောက်​ နောက်​တစ်ခါ ဝှေ့ယမ်း​လိုက်ရာ အငွေ့တထောင်းထောင်း ထနေသော လက်ဖက်ရည်​များ​ ရောက်​ရှိ​လာကြ​ပြန်သည်။

“အဆင့် ၃ ဝိညာဉ်​နိုးထခြင်းလက်ဖက်ရည်ပဲ၊ မင်း​တို့ဘိုးဘေး မန်ရွှယ်​ဆီက မလာတာ။ သောက်ကြည့်ဦး”

***

နှစ်တစ်ရာကျင့်ကြံပြီးနောက်

အခန်း ၄၉ ။ အဆင့်​၃ ဝိညာဉ်​နိုး​လက်ဖက်ရည်

ထို​စကား​ကြောင့် ကျန်း​ချန်​ရွှမ်နှင့် ရှန်းတောက်မင်တို့နှစ်ဦးသားမှာ အလန့်တကြား​ဖြစ်​သွားရသည်။ အဆင့် ၂ ဝိညာဉ်​နိုး​လက်ဖက်ရည်သည် ကျင့်ကြံသူတစ်ဦး၏ စိတ်​ဝိညာဉ်​ရှိ အညစ်​အကြေး​များကို သန့်စင်​ဖယ်ရှား​ပေးသည်ဟု သူတို့​အားလုံး​ကြားဖူးကြသော်လည်း အဆင့် ၃ လက်​ဖက်ရည်၏ အကျိုး​အာနိသင်​ကိုတော့ သိရှိ​ထား​ခြင်း​မရှိ​ပါ။ သူတို့နှစ်ဦးလောက်​ အံသြ​တုန်​လှုပ်​ခြင်းမရှိသူက ရှန်းရူယန် ဖြစ်​သည်။ သူမရှေ့မှောက်ရှိ လက်ဖက်ရည်​ခွက်​ကို အသာအယာ​ကောက်​ယူ​လျက်​ တစ်ငုံမျှ သောက်​ကြည့်​ပြီးနောက် ခေါင်း​ညိတ်​ညိတ်​လုပ်​နေပြီး​ တစ်စုံ​တစ်​ရာ​မှတ်ချက်​ပေးခြင်း​တော့မရှိပေ။

ကျန်း​ချန်​ရွှမ်နှင့် ရှန်း​တောက်​မင်တို့​နှစ်​ဦးမှာ လက်​ဖက်ရည်ခွက်ကို ကိုင်၍ တစ်ငုံမျှမြည်းစမ်းကြည့်သောအခါ သူတို့​ကိုယ်​ခန္ဓာ​အတွင်း​သို့ အလွန်အကဲအေးစိမ့်နေသော လေစီးကြောင်းတစ်ခု ဝင်​ရောက်​လာပြီး​ စိတ်​ဝိညာဉ်​များကို​ သန့်စင်​ပေး​လိုက်​သလို ခံစား​မိလိုက်ကြသည်။ တစ်​ခွက်​လုံးကုန်အောင် သောက်သုံးပြီးသော​အခါ ပါးစပ်​နှင့်​နှာခေါင်း​များမှ မီးခိုး​ရင့်ရောင်​ အခိုးအငွေ့​များ ထွက်လာသည်ကိုတွေ့ရသည်။ စိတ်​ဝိညာဉ် ​အညစ်အကြေး​များပင် ဖြစ်သည်။

“ကောင်း​လိုက်တဲ့​ လက်ဖက်ရည်​ဗျာ”

ရှန်းတောက်မင်က မနေနိုင်တော့ဘဲ နှုတ်​မှဖွင့်၍ ချီးကျူး​မိလိုက်သည်။ သူ့စကားကို ကျန်းချန်​ရွှမ်​ကလည်း ခေါင်း​ညိတ်၍ ထောက်ခံ​သည်။ ရှန်းရူယန်​ကတော့ တစ်စုံတစ်ရာမပြောဘဲ ငြိမ်​ချက်​သား​ကောင်းနေသည်။ ထို​စဉ် ရှန်း​ယွမ်လုံ​၏ အကြည့်က ကျန်း​ချန်​ရွှမ်နှင့် ရှန်းရူယန်တို့အပေါ် တစ်လှည့်စီကျရောက်လာသည်။ ရှန်း​ယွမ်လုံ​က ပြုံးလျက်

“ငါတို့​နောက်ဆုံး​တွေ့ခဲ့​တာ လွန်ခဲ့တဲ့ ဆယ်​နှစ်​ကပဲ၊ ဒီအတောအတွင်း မင်းတို့နှစ်ယောက်လုံး​ရဲ့ ကျင့်ကြံ​မှုအဆင့်​နဲ့ စွမ်း​အားပမာဏက အတော်​တိုးတက်​လာခဲ့ပြီပေါ့”

ခဏမျှစကားရပ်လိုက်ပြီးနောက် ရှန်းယွမ်လုံက ဆက်​ပြောပြန်သည်။

“မင်း​တို့ နှစ်ယောက်​လုံးကို တောက်​မင်​ကတစ်ဆင့် ခေါ်​ခိုင်း​လိုက်​ရတာက မင်းတို့လူငယ်နှစ်ယောက်​ တာအို​ကျင့်ကြံဖက်တွေ အဖြစ်​နဲ့ လက်​တွဲသွားဖို့ ဆန္ဒ​ရှိလား မေးချင်လို့ပဲ”

“အယ်​”

ရှန်းယွမ်လုံ၏ မမျှော်လင့်သောစကားကြောင့် ကျန်း​ချန်​ရွှမ်​နှင့် ရှန်းရူယန်တို့မှာ ကြက်သေသေငိုင်သွားကြပြီး တစ်ယောက်​မျက်နှာ​ တစ်ယောက်​ကြည့်​မိ​လိုက်​ကြသည်။ ထိုအခိုက်​အတန့်​တွင် အမျိုး​အမည်​မသိသော ခံစား​ချက်​တစ်မျိုးက သူတို့​နှစ်ဦး​ရင်ထဲသို့ တိုးဝင်လာသည်။ ခဏမျှတိတ်ဆိတ်သွားပြီးနောက် ရှန်းရူယန်​က ပြုံးလျက် ခေါင်းညိတ်လိုက်​ရင်း

“အကြီးအကဲ​ကျန်းရဲ့ တာအိုကျင့်ကြံဖက် ဖြစ်​ခွင့်ရရင် ကျွန်မ​ဂုဏ်​ယူမိမှာပါ”

“ကောင်း​တယ်”

ရှန်းယွမ်လုံက သူမ​အဖြေ​ကြောင့် အားရ​ပါးရပြုံးလိုက်ပြီးနောက် ကျန်း​ချန်​ရွှမ်​ဖက်သို့ လှည့်​လိုက်​သည်။ ကျန်း​ချန်​ရွှမ်​၏ စိတ်​ထဲတွင်​ မေးခွန်း​များ​ပြည့်​နှက်နေသော်လည်း ရှန်းရူယန်​နှင့်​ နှစ်​များစွာ​ထိတွေ့​ဆက်ဆံ​လာပြီး​နောက် ကျန်း​ချန်​ရွှမ်​အနေ​နှင့်​ သူမအပေါ်တွင် ခံစား​ချက်​များ ရှိနေ​ပြီဖြစ်သည်။ သည်​အတိုင်း​ဆက်​သွားလျှင်လည်း သူတို့​နှစ်ဦး​သား၏ ဆက်​ဆံရေးမှာ အနှေးနဲ့အမြန် မိတ်ဆွေ​အဆင့်မှ ပိုလာလိမ့်မည်ဟုလည်း သူယုံကြည်မိသည်။ သို့သော်​ ရှန်း​ယွမ်လုံ​ကိုယ်​တိုင်​က ထို​ကိစ္စကို​ စတင်​လော​ဆော်ရပါသနည်း။

သူ့အပေါ်​ထား​ရှိသည့် ရှန်းရူယန်၏ သဘော​ထား​ကို​လည်း သူကြားရသောအခါ အနည်းငယ်​အံ့သြမိသည်။ ကျန်း​ချန်​ရွှမ်​က ရှန်းရူယန်ကို ကြည့်၍ပြုံးပြ​လိုက်​သည်။ ထို့နောက်​ ရှန်းယွမ်လုံအား

“ဘိုး​ဘေး ခင်ဗျား​၊ အကြီးအကဲ​ရှန်းရဲ့ တာအိုကျင့်​ကြံ​ဖက်​ဖြစ်ဖို့ ကျွန်တော်​ဆန္ဒ​ရှိပါတယ်”

“ကောင်း​ပါပေတယ်”

ကျန်း​ချန်​ရွှမ်​တို့​နှစ်ဦး​လုံး၏ အဖြေကို ကြားလိုက်​ရပြီးနောက် ရှန်း​ယွမ်လုံမှာ ဟန်မဆောင်နိုင်လောက်အောင် ပျော်ရွှင်​သွား​ပုံရသည်။ သိုလှောင်​လက်​စွပ်​နှစ်ကွင်းကို ထုတ်​ယူ၍ ကျန်း​ချန်​ရွှမ်​နှင့် ​ရှန်း​ရူယန်တို့ နှစ်ဦးကို ကမ်းပေးလိုက်သည်။

“ချန်​ရွှမ်နဲ့ ရူယန် ဒီလက်စွပ်တွေက မင်း​တို့​အတွက် ငါ့ရဲ့​လက်ဆောင်​ပဲ၊ အထဲမှာ​ မင်းတို့အတွက်​ ရတနာ​ပစ္စည်း​တွေ ထည့်​သွင်း​ပေးထား​တယ်။ မင်း​တို့​နှစ်ယောက်​လုံး​ ဝီရိယ​ရှိ​ရှိနဲ့ ကျင့်ကြံပြီး တာအို​လမ်း​စဉ်​ကို လက်​တွဲပြီး ရှာဖွေ​နိုင်​ကြပါစေကွာ”

ဘေး​တွင်ရပ်၍ နားထောင်​နေသော ရှန်း​တောက်​မင်မှာ အနည်းငယ်​အံ့သြသွားသည်။ ရှန်းယွမ်လုံ​၏ မင်္ဂလာလက်ဆောင်မှာ သိုလှောင်​လက်​စွပ်​နှစ်​ကွင်း ဖြစ်​လိမ့်မည်ဟု သူမထင်ထားပါ။ သိုလှောင်​ခြင်း​ဓမ္မ​ပစ္စည်း​များအနက် သိုလှောင်​အိတ်​များ​မှာ အခြေခံအကျ​ဆုံး​နှင့် ​အရိုးရှင်းဆုံးဖြစ်သည်။ ထို​အိတ်​များသည်​ ပိုင်​ရှင်​ဖြစ်​သူကို အသိအမှတ်ပြုနိုင်ခြင်းမရှိပါ။ ထို​အိတ်​များကို ပိုင်ရှင်​မဟုတ်သူများ ဖွင့်​နိုင်​ခြင်း​မရှိ​စေရန် ချိတ်​ပိတ်​ကန့်သတ်မှုတချို့ ပြုလုပ်​နိုင်​သော်လည်း ထို​အ​တား​အဆီးများကို သာမန်ကျင့်ကြံသူ​တစ်ဦးမှ လွယ်လင့်တကူ ချိုး​ဖျက်​နိုင်ပေသည်။

သိုလှောင်​လက်​စွပ်​များမှာမူ တစ်မူကွဲပြားပါသည်။ သိုလှောင်​နိုင်​သော ဧရိယာ​နေရာ​လွတ်မှာ များ​စွာ​ပိုမိုကျယ်ပြန့်​သလို ပိုင်​ရှင်​ဖြစ်​သူကို​လည်း​ မှတ်မိ​နိုင်စွမ်းရှိသည်။ ပိုင်ရှင်ဖြစ်​သူ မသေမချင်း သို့မဟုတ်​ အဆင့်​မြင့်​ ကျင့်ကြံသူ​တစ်ဦးက အတင်း​အကြပ်​မချိုးဖျက်မချင်း သာမန်​ကျင့်ကြံသူ​များ​အနေ​နှင့်​ ထိုလက်စွပ်များကို ရရှိခဲ့လျှင်တောင် ဖွင့်နိုင်​ခြင်း​ရှိ​မည်မဟုတ်ပါ။

ကျန်း​ချန်​ရွှမ်နှင့် ရှန်းရူယန်တို့မှာလည်း လက်​ဆောင်​အား ငြင်းပယ်ခြင်းမပြုပါ။

ရှန်း​ယွမ်လုံ​အား ကျေးဇူးတင်​စကား​ ဆိုပြီး​နောက်​ လက်​စွပ်​တစ်ကွင်းစီ ယူလိုက်ပါသည်။ အချိန်​အနည်းငယ်​ကြာ​ပြီးနောက်​ ကျန်း​ချန်​ရွှမ်​တို့သုံးဦးသားမှာ ရှန်းယွမ်လုံကို နှုတ်​ဆက်​လျက်​ ဟွားဝူတောင်မှ ထွက်​ခွာ​လာပါတော့သည်။ လမ်း​တွင် ရှန်း​တောက်​မင်​က သူတို့​နှစ်ဦး​အား ပြုံး​လျက်​ကြည့်​ရင်း

“မင်း​တို့​နှစ်ယောက်​ တာအိုကျင့်ကြံဖက်တွေ ဖြစ်​သွားကြတဲ့အကြောင်းကို မိသားစု​ကို အသိပေး​လိုက်ဦးမယ်၊ မင်း​တို့​မှာ လတ်တလော လုပ်​စရာ​မရှိသေးဘူးဆိုရင် ရှန်းမိသားစုရဲ့​ ဘိုး​ဘေး​ခန်းမ​ကို လိုက်​ခဲ့ကြပါ”

ရှန်းတောက်မင် သူတို့​နှစ်ဦး​အား ဘိုးဘေး​ခန်း​မသို့ ခေါ်​ဆောင်​သွားရခြင်းမှာ ရှန်းရူယန်နှင့်သူတို့ မောင်​နှမနှစ်ဦး၏ ကွယ်​လွန်သွားပြီဖြစ်သော မိဘနှစ်ပါးကို ဂါရဝပြုပြီး မင်္ဂလာသတင်းကို အသိပေး​ရန်​ဖြစ်သည်။ ကျင့်ကြံသူနှစ်ဦး လက်ထပ်​ရာတွင်​ တစ်​နည်း​အားဖြင့်​ တာအို​ကျင့်​ကြံ​ဖက်​များ​အဖြစ်​ လက်​တွဲရာတွင် သေမျိုးလူသားများကဲ့သို့ ရှုပ်ထွေး​သော ရိုးရာအစဉ်အလာထုံးတမ်း​များမရှိပေ။ မိသားစု​နှစ်ခုအကြား လက်​ထပ်​ခြင်း​ကဲ့သို့သော အရေး​ပါသည့် ဖြစ်စဉ်များတွင်သာ မင်္ဂလာပွဲကျင်းပလေ့ရှိသည်။ ကျန်း​ချန်​ရွှမ်​နှင့်​ ရှန်းရူယန်တို့​မှာလည်း​ ရေးကြီးခွင်ကျယ် မလုပ်တတ်သူများဖြစ်၍ ထိုအစဉ်အလာ အခမ်းအနား​များ​ကို ဆောင်ရွက်​မည်မဟုတ်​ပါ။

ရှန်း​တောက်မင်၏ စကား​ကို​ကြားလျှင် နှစ်​ဦး​သားမှာ တစ်ဦး​ကို​တစ်ဦး ကြည့်လျက်ခေါင်းညိတ်​လိုက်​ကြမိသည်။ မကြာ​မီ ရှန်းမိသားစု၏ အထွတ်အမြတ်​ထား​ရာ ဘိုး​ဘေး​ခန်းမ​ဆောင်သို့ သုံး​ဦး​သား ရောက်​ရှိလာကြသည်။ ခန်းမဆောင်တစ်လျှောက်လုံးကို ဖြတ်​သန်း​လာပြီး​နောက် အထိမ်းအမှတ် ကျောက်ပြားနှစ်ခုရှေ့တွင် ရပ်​တန့်​လိုက်ကြသည်။ ရှန်း​တောက်​မင်သည် ထို​ကျောက်ပြားနှစ်ချပ်ကို ညွှန်​ပြလိုက်ပြီး

“ယောက်​ဖ၊ ဒါတွေက ကျုပ်​နဲ့ ရူယန်တို့ရဲ့ မိဘတွေပဲ၊ ဂါရဝ​ပြုပေးပါ”

ရှန်း​တောက်မင်က အမွှေးတိုင်၆ချောင်းကို ယူလာပြီး သူတို့​နှစ်​ဦးလက်ထဲသို့ သုံး​ချောင်း​စီ ထည့်​ပေးလိုက်သည်။ ကျန်း​ချန်​ရွှမ်​နှင့် ရှန်းရူယန်တို့နှစ်ဦးလည်း ရိုသေ​စွာ လက်ခံယူလိုက်ပြီး အမွှေးတိုင်များကို မီးထွန်းညှိပြီးနောက် မိဘနှစ်ပါးကိုရည်စူးလျက် ဦးညွတ်​အရိုအသေ​ပြုံလိုက်​ကြသည်။ ထိုမြင်ကွင်းကို ကြည့်နေသော ရှန်းတောက်မင်သည် အမှတ်တရ​ကျောက်​ပြား​နှစ်​ချပ်​ကို ကြည့်၍ တုန်​ရီသောအသံဖြင့်

“အဖေနဲ့အမေရေ ရူယန်တစ်ယောက်​ လက်​တွဲ​ဖော်​မရမှာကို အမေတို့စိုးရိမ်ခဲ့ကြတယ်မလား၊ ရူယန်​ရဲ့ စိတ်​နေ​စိတ်ထား​က ကျင့်ကြံမှုလောကမှာ အများ​နဲ့မတူ ကွဲထွက်နေတယ်လို့ ပြော​ခဲ့​ကြတယ်လေ၊ အခုတွေ့ပြီမလား၊ ရူယန်တစ်ယောက်​ ပြောင်း​လဲသွားပြီ အမေတို့ရဲ့၊ တာအို​ကျင့်​ကြံ​ဖက်​တောင် ရသွားပြီ၊ အခုသူ့ဘေးမှာရပ်နေတာ သူ့ရဲ့​တာအို​ကျင့်​ကြံ​ဖက်​ပဲ၊ ကျန်း​ချန်ရွှမ်တဲ့၊ ရှန်း​မိသားစု​ရဲ့ ပြင်ပအကြီးအကဲနဲ့ အဆင့် ၂ အဆောင်​ပစ္စည်း​ဖန်တီး​သူပါ၊ အခု​သူက ရူယန်ရဲ့တာအိုကျင့်ကြံဖော် ဖြစ်​လာပြီ​ဆိုတော့ ကျွန်တော်​တို့​ရှန်း​မိသားစု​ဝင်တစ်ဦး ဖြစ်လာပြီပေါ့”

***

နှစ်တစ်ရာကျင့်ကြံပြီးနောက်

အခန်း​ ၅၀ ။ အရေးပေါ်​အစည်းအဝေး

ထို့နောက်​ ရှန်းတောက်မင်သည် ကျန်း​ချန်​ရွှမ်တို့နှစ်ဦးအား လည်ပြန်ကြည့်လိုက်သည်။ သူတို့​နှစ်ဦးစ​လုံး​ ဂါရဝ​ပြုပြီးသွားပြီဖြစ်၍ နောက်​ထပ်​အမွှေးတိုင်များ ထပ်​ပေး​လိုက်ပြန်သည်။ သည်​တစ်​ခါတွင်တော့ ရှန်း​မိသားစု၏ အစဉ်အဆက် ဘိုးဘေးများ​ကို ဂါရဝ​ပြု​ရမည့်​အလှည့်​ဖြစ်သည်။ ဘိုး​ဘေး​အား​လုံး​ကို​ ပူဇော်​ဂါရဝ​ပြု​ပြီးသည့်နောက်တွင် ဘိုးဘေး​ခန်း​မဆောင်မှ သုံး​ဦး​သား​ထွက်ခွာလာကြတော့သည်။

ခန်းမ​အပြင်​ရောက်လျှင် ရှန်း​တောက်​မင်က

“မိသားစု​အကြီး​အကဲ​တွေကို အသိပေး​ဖို့ စီစဉ်​လိုက်​ကြရအောင်၊ ဒါနဲ့​ စကားမစပ်​ မင်းတို့ဖိတ်​ချင်​တဲ့ မိတ်ဆွေ​သူငယ်ချင်း​တွေရှိရင် တစ်ခါ​တည်း​ဖိတ်ထားလို့ရတယ်”

ကျန်း​ချန်​ရွှမ်နှင့် ရှန်းရူယန်တို့မှာ ရှန်းတောက်မင်၏ စီစဉ်​မှုကို ကန့်ကွက်​ခြင်း​မရှိ လိုက်နာ​ရန်​ဆုံးဖြတ်​လိုက်သည်။ နောက်​ပြဿနာ​တစ်ခုမှာ ဇနီး​မောင်နှံ​နှစ်ဦး​ နေထိုင်မည့်နေရာဖြစ်သည်။

“နောက်​ထပ်​လှိုဏ်ဂူအသစ်တစ်ခုမှာ နေချင်​လား၊ ဒါမှမဟုတ်​ ချန်​ရွှမ်​ရဲ့ဂူကို လိုက်သွားချင်လား၊ ဒါမှမဟုတ်​ ချန်​ရွှမ်​ကပဲ ရူယန့်ရဲ့ဂူမှာ သွား​နေမလား”

ရှန်းတောက်မင်၏ မေးခွန်း​ကို​ကြား​သောအခါ ရှန်းရူယန်​က ဆိုင်း​တွခြင်းမရှိဘဲ

“ကျွန်မ​ခင်ပွန်း​ရဲ့ဂူမှာ လိုက်​နေမှာပေါ့၊ သူ့ကို ​ကျွန်မနေရာ ခေါ်​သွား​လို့​ဘယ်​ဖြစ်​မလဲ​”

ရှန်းရူယန်၏ ကျန်း​ချန်​ရွှမ်အား ခင်​ပွန်း​ဟု သုံး​နှုန်း​လိုက်သည့် စကား​ကို​ကြားသောအခါ ရှန်းတောက်မင်တစ်ယောက် အမျိုး​အမည်​မဖော်ပြတတ်သည့် ခံစား​မှု​တစ်မျိုး ရရှိလိုက်သည်။ ထို​ခဏ၌ အစ်ကို​ကြီးတစ်ဦး အဖြစ်​မှ ဖခင်​တစ်ဦး​အဖြစ် ပြောင်းလဲခံစားမိပြီး လက်​ထပ်​တော့​မည့် သမီး​ကိုကြည့်၍ ပီတိဖြစ်နေသော မိဘတစ်ဦးနေရာတွင် ကြား​ဝင်​ခံစားမိလိုက်သည်။ ထို့နောက်​ ရှန်း​တောက်​မင်က ခေါင်းညိတ်​လျက်

“မင်း​တို့​သဘော​ပဲလေ၊ စိတ်​ပြောင်း​သွား​ရင်တော့ ငါ့​ကိုအသိပေးလိုက်ပါ”

ထို့နောက် ကျန်း​ချန်​ရွှမ်တို့ နှစ်ဦးမှာ အချိန်​မဆွဲတော့ဘဲ ရှန်းတောက်မင်အားနှုတ်ဆက်ပြီး ကျန်း​ချန်​ရွှမ်​နေထိုင်​ရာ ဂူ​ဆီသို့​ထွက်​ခွာ​လာကြ​တော့သည်။

ရက်​အနည်းငယ်​ကြာပြီးနောက် ကျန်း​ချန်​ရွှမ်နှင့် ရှန်းရူယန်တို့၏ မင်္ဂလာအခမ်းအနားကို အကျဉ်းချုံး၍ ကျင်း​ပပြီးပြီဖြစ်သည်။ နောက်ဆုံး​ဧည့်သည်​ဖြစ်သည့် ရှုန်းဝမ်တောက်ကို ဂူဝသို့​လိုက်​ပို့​ကာ​နှုတ်ဆက်​ပြီး​နောက်​ သူတို့​နှစ်ဦး​သား​မှာ တရား​ဝင် တာအိုကျင့်ကြံဖက်များ​ဖြစ်​သွား​ကြပြီ​ဖြစ်သည်။ ဂူအတွင်းဆင်ယင်ထားသော အပြင်အဆင်​များ​ကို ကြည့်​လျက်​ နှစ်ဦး​သား​မှာ မတိုင်ပင်ဘဲ ပြုံး​မိလိုက်ကြသည်။ ရှန်းရူယန်​က

“ယောက်ျား​ရေ ဘဝဆိုတဲ့ခရီးက ရှည်​လျားသလို အကွေ့​အကောက်​လည်း​များ​ပေမဲ့​ ကျွန်မတို့​နှစ်​ဦး အဆုံး​ထိ အတူနေထိုင်နိုင်လိမ့်မယ်လို့ မျှော်လင့်​မိတယ်​”

ကျန်း​ချန်​ရွှမ်က ရှန်းရူယန်၏ခါးလေးကို ဖက်လျက် သူ့ကိုယ်တွင်းသို့ ဆွဲသွင်းလိုက်သည်။ ထို့နောက်​ သူမ၏နဖူး​လေးကို ကြင်​နာစွာ ခပ်ဖွဖွနမ်းလိုက်သည်။ စကား​တွေ​အများကြီး​ ထပ်ပြောရန်မလိုတော့ပါ။ နှစ်​ဦး​အကြားတွင် နားလည်​မှုများ မြဲမြံ​နေပြီ​မဟုတ်ပါလား။

…..

လအနည်းငယ်​ကြာ​ပြီးနောက်….​

ကျန်း​ချန်​ရွှမ်သည် ရှန်းရူယန်ဂူပိတ်ကျင့်ကြံနေသော အခန်း​ထဲမှ အော်ရာဖွဲ့စည်းပုံတစ်မျိုးကို အာရုံ​ခံမိပြီးနောက် တုန်​လှုပ်​သွားသည်။ သူ့အတွေးများ နေသားတကျမဖြစ်သေးခင်မှာပင် အခန်း​တံခါး​ပွင့်သွားပြီး ရှန်းရူယန်ထွက်လာသည်ကို မြင်​လိုက်​ရသည်။ သူမမျက်လုံးများမှာ အပြာ​ရောင်​လျှပ်စီးများ ယှက်​သန်း​နေသည်။

“ရူယန်​ အခြေခံ​တည်ဆောက်​ခြင်း​နောက်​တစ်ဆင့်ကို ရောက်​သွား​ပြန်​ပြီလား”

ရှန်းရူယန်က ပြုံးလျက် ခေါင်း​ညိတ်​ပြလိုက်သည်။ ကျန်း​ချင်း​ရွှမ်မှာ မအံ့သြဘဲမနေနိုင်တော့၊ ရူယန်​တစ်ယောက်​ အခြေခံ​တည်ဆောက်​မှု​ ဆဌမ​အဆင့်​ကို တက်​လှမ်း​နိုင်​ခဲ့သည်မှာ လွန်ခဲ့​သည့်​ လအနည်းငယ်​ကတင်ဖြစ်သည်။ ယခုအခါ​ အခြေခံတည်ဆောက်​ခြင်း​ အလယ်​အဆင့်၏ နောက်ဆုံး​အဆင့်​ဖြစ်​သော သတ္တမအဆင့်ကို အောင်​မြင်​စွာ​ တက်​လှမ်း​နိုင်​ခဲ့ပြီဖြစ်သည်လေ။ ဤမျှတိုတောင်းသော ကာလအတွင်း နောက်​ထပ်​တစ်ဆင့်​ကိုတက်ဖို့ ဖြစ်​နိုင်​ပါ၏လော။ ကောင်း​ကင်​ဘုံ​ဝိညာဉ်​အမြစ်ရှိသော ကျင့်ကြံသူများနှင့် သူကိုယ်တိုင်ပင် ထိုသို့မစွမ်းဆောင်နိုင်ပါ။ သို့မဟုတ်​ ရှန်းရူယန်​တစ်ယောက်​ ကျင့်ကြံမှုတိုးမြှင့်ပေးနိုင်သော ရတနာ​ပစ္စည်း​တစ်ခုကို ရရှိခဲ့လေသလား။ ထို​အချက်​သည်​လည်း​ မဖြစ်​နိုင်​ပါ။

“ယောက်ျား​”

ရှန်းရူယန်သည် ကျန်း​ချန်​ရွှမ်၏ အနား​သို့ တိုးကပ်လာပြီး သူ့မျက်ဝန်းများအတွင်းသို့ စိုက်ကြည့်​လိုက်​သည်။

“ရှင်​က ကျွန်​မ​ခင်​ပွန်း​နဲ့ တာအို​ကျင့်​ကြံ​ဖော်ပါ၊ ကျွန်မ​အနေ​နဲ့ ရှင့်ကို ဘယ်​တော့​မှ​ ဖုံးကွယ်​တာမျိုး လုပ်​မှာ၊ လုပ်​ချင်​မှာမဟုတ်​ဘူး၊ ကျွန်မ​ရဲ့​ကျင့်ကြံ​မှုအဆင့်​ကို တခြားလူတွေ​မပြော​နဲ့ ကျွန်မ​အစ်ကို​တောင် မသိအောင် ဖုံးကွယ်​ထား​ခဲ့ပေမဲ့ ရှင့်ကိုတော့ ဖုံးကွယ်​မှာမဟုတ်​ဘူး”

ရှန်းရူယန်၏စကားဆုံးသည်နှင့် သူမကျင့်ကြံ​မှု​အဆင့်​မှာ သတ္တ​မအဆင့်မှ ဆဋ္ဌမ​အဆင့်​သို့ မျက်​စိ​တစ်​မှိတ်​အတွင်း ကျဆင်း​သွားသည်ကို ကျန်းချန်ရွှမ် မြင်​တွေ့​လိုက်​ရပြီး အကြီးအကျ​ယ် တုန်​လှုပ်​သွား​မိသည်။ သူ၏ အတွင်းစိတ်မျက်လုံးစွမ်းအားနှင့်ပင် ရှန်းရူယန်၏ ကျင့်ကြံ​မှု​အဆင့် အစစ်အမှန်ကို ခန့်မှန်း​နိုင်​ခြင်းမရှိပေ။

သူ့မျက်လုံးနှင့် ကိုယ်​တိုင်​မျက်​မြင်​ တွေ့ခဲ့ခြင်းသာ မရှိခဲ့လျှင် ရှန်းရူယန်တစ်ယောက် သတ္တ​မ​အဆင့်​ကို ရောက်​ရှိနေပြီဆိုသည့်အချက်ကို ဘယ်နည်း​နှင့်​မှ လက်ခံ​နိုင်​မည်​မဟုတ်​ပေ။ အခြေခံ​တည်ဆောက်​မှု​အဆင့်​ ကျင့်ကြံသူ​တစ်ဦးက ယခု​လို​ကျင့်ကြံမှုအဆင့်ကို ကွယ်​ဝှက်ထားနိုင်သည့် စွမ်းအား​မျိုး​ ပိုင်ဆိုင်​ထား​လိမ့်မည်ဟု သူမမျှော်လင့်ထားခဲ့ပါ။

“ရူယန် ဒါဆို….”

ရှန်းရူယန်က ခေါင်း​ညိတ်​ပြလိုက်သည်။

“ဟုတ်​တယ် ကျွန်​မရဲ့ ကျင့်ကြံမှုအဆင့်ကို ဖုံးကွယ်​ထား​နိုင်​ပါတယ်”

ခဏမျှ တိတ်​ဆိတ်​သွားပြီးနောက် ရှန်းရူယန်က စကား​ဆက်​သည်။

“ကျွန်မ​အခု ရှင့်ကိုအသိပေးတယ်ဆိုတာက ရှင်​နဲ့ကျွန်မက လက်တွဲဖော်တွေဖြစ်သွားတဲ့အတွက် ရှင့်ကို​လိမ်ဖို့မပြောနဲ့ ရှင်မသိအောင် ဖုံးကွယ်တာမျိုးကိုတောင် ကျွန်မ​မလုပ်​ချင်လို့ပဲ၊ အဖြူ​ရောင်​မုသားဆိုရင်တောင် ကျွန်မ​ပြောထွက်မှာ မဟုတ်ဘူး၊ ဒါပေမဲ့​ လောလောဆယ်​မှာ​ ရှင့်ကို​ရှင်းပြလို့မရသေးတာ၊ အသေးစိတ်​ပြောပြလို့ မဖြစ်​သေးတာတွေ ရှိ​နေသေးတယ်၊ ဒါကလည်း ရှင့်အတွက် သိသွားရင်လည်း အကျိုး​ရှိ​မှာ မဟုတ်​လို့​ပဲ၊ ကျွန်မ​ပြော​ချင်​တာကို နားလည်​တယ်​မလား”

“ကိုယ်​နားလည်​ပါတယ်​”

ကျန်း​ချန်​ရွှမ်လည်း အရူးမဟုတ်ပါ၊ သူ၏ဇနီး​ဖြစ်သူ​ထံတွင် လျှို့ဝှက်​ချက်​များ​စွာ​ ရှိနေကြောင်း​ ရိပ်​စား​ထားပြီးဖြစ်သည်။ သို့​သော်​ ရှန်း​ရူယန်၏ ရိုးရိုး​သားသား ဝန်ခံလိုက်ခြင်းက သူ့အတွေးများကို တစ်နည်း​တစ်ဖုံ​ ပြောင်းလဲ​သွားစေသည်။ သူကိုယ်တိုင်တွင်လည်း ထုတ်​ဖော်​ပြော​ပြ၍ မဖြစ်​သည့် လျှို့ဝှက်​စနစ်ကဲ့သို့သော လျှို့ဝှက်​ချက်​များ ရှိနေ​သည်ဖြစ်၍ ရှန်းရူယန်အား ကိုယ်​ချင်းစာ​ပေးနိုင်ပါသည်။ လတ်တလော​တွင် ထိုလျှို့ဝှက်ချက်များကို တစ်ဦးကိုတစ်ဦး ဖွင့်​ပြော​၍ မဖြစ်သေးသည့်အလျောက် တစ်​ဦး​နှင့်​တစ်ဦး​ လေးစား​မှုနှင့် ရှေ့​ဆက်​သွားရန် လိုအပ်ပါမည်။

တစ်​ဦး​နှင့်​တစ်ဦး နားလည်​မှုရှိထားသရွေ့ ကိုယ်​စီ​ဖုံးကွယ်​ထား​သော လျှို့ဝှက်​ချက်​များမှာ သူတို့​နှစ်ဦး၏ ဆက်ဆံရေး​ကို ထိခိုက်​နိုင်​လိမ့်မည် မဟုတ်​ပါ။

ကျွီ!

ထို​အချိန်​တွင် ကျန်း​ချန်​ရွှမ်တို့ နှစ်ဦး၏ ဆက်သွယ်​ရေး ကျောက်​စိမ်း​အဆောင်​များမှာ ရုတ်တရက်​လင်း​လာပြီး စိတ်​အာရုံ​ထဲတွင် အသံတစ်ခုကြားလိုက်ရသည်။

[ ပင်မ​တောင်​ထွတ်ပေါ်က အစည်းအဝေးအခန်းထဲကို ချက်ချင်း​လာပါ]​

သတင်း​စကား​ကို ကြား​ပြီးနောက်​ နှစ်​ဦးသား အကြည့်ချင်းဆုံမိလိုက်ကြသည်။ အလွန်အရေးကြီး​ဟန်တူသည့် အသိပေး​ချက်​ဖြစ်သောကြောင့် အချိန်​မဆွဲတော့ဘဲ​ ယွီဟွာတောင်ထိပ်ပေါ်ရှိ အစည်းအဝေးခန်းမသို့ ပျံသန်း​လာကြ​တော့သည်။

ခေတ္တ​မျှကြာပြီးနောက်…

အစည်း​အဝေး​ခန်းမထက်သို့ နှစ်​ဦးသား ဆင်း​သက်​လိုက်​ကြသည်။ ရှန်း​တောက်​မင်နှင့် အခြေခံ​တည်ဆောက်​မှု​အဆင့်​ အကြီးအကဲ​များ​အားလုံးကို​ စုံစုံညီညီ တွေ့လိုက်ရသည့်အပြင် ဘိုး​ဘေး​ရှန်းယွမ်လုံကိုယ်တိုင် ရောက်ရှိ​နေသည်ကို အံ့သြ​ဖွယ်​တွေ့လိုက်ရ​သည်။ ရှန်း​ယွမ်လုံ​ကို နှစ်​ဦးသား​ အလျင်အမြန်​ ဂါရဝ​ပြုလိုက်ရသည်။ ရှန်း​ယွမ်လုံ​က ပြုံးလျက် ခေါင်း​ညိတ်​ပြ​လိုက်​သည်။

“ထိုင်​ကြပါ”

နှစ်​ဦးသား နေရာ​ယူလိုက်​ကြပြီးနောက် ရှန်း​ယွမ်လုံက​ စကား​စသည်။

“ကန်း​ယန်​ဂိုဏ်းကနေ အခု​ပဲသတင်းရတယ်၊ လာမဲ့​ ၁၀ နှစ်​အတွင်း​ ဖြစ်​လာမဲ့ နတ်ဆိုးသားရဲအဓိကရုဏ်းအရေးကြီးက ငါတို့​ထင်ထားတာထက် ပိုစောစောဖြစ်လာလိမ့်မယ်တဲ့”

“ဘာ”

ရှန်း​မျိုး​နွယ်စု၏ အကြီးအကဲ​များအားလုံးမှာ ရှန်းယွမ်လုံ၏ စကား​ကြောင့်​ တုန်​လှုပ်​သွား ကြ​သည်။ ရှန်း​ယွမ်လုံ၏ ဘေး​ကပ်​လျက်​တွင် ထိုင်​နေသည့် ရှန်း​ချန်းနန်​မှာ ဒေါသ​ပေါက်ကွဲ​သွားပြီး

“ဘာကိစ္စနဲ့​ ရှေ့တိုးလာပြန်တာလဲ၊ အဆင့်​မြင့်​လူသား​ကျင့်ကြံသူ​တွေနဲ့ နတ်ဆိုးသားရဲတွေ​ကြား သဘော​တူထားတဲ့အချက်က မရှိတော့​တာလားဟ”

***

All Chapters