← Chapters

အခန်း (၅၁-၅၅)

Vol. 3 Ch. 51-55

အခန်း (၅၁-၅၅)

Vol. 3 Ch. 51-55

နှစ်တစ်ရာကျင့်ကြံပြီးနောက်

အခန်း​ ၅၁ ။ လူရွေးပြီ

အတိတ်​တွင်​ ရှန်း​မျိုး​နွယ်စု​သည် နတ်ဆိုး​သားရဲ​တို့၏ ပယောဂ​ကြောင့်​ ရွှေအမြုတေအဆင့်​ မျိုးနွယ်စုဖြစ်လာနိုင်မည့် အခွင့်အရေး​ကို လက်​လွှတ်​ခဲ့ရသလို နောက်​ပိုင်း​တွင် မျိုးနွယ်စု၏ အရှိန်အဝါ​မှာ တဖြည်း​ဖြည်း​ကျဆင်း​လာပြီး အခြေခံတည်ဆောက်​မှု​အဆင့်​ မိသားစု​အဆင့်အထိ ကျဆင်း​သွားခဲ့ရဖူးသည်။ ထို့ကြောင့် နတ်ဆိုး​သားရဲ​သောင်း​ကျန်း​မှု​ ကပ်​ဘေး​ကို မုန်း​တီးသူများစာရင်းတွင် ရှန်းမျိုးနွယ်စုဝင်များမှာ ထိပ်​ဆုံး​နားတွင် ရှိပါလိမ့်မည်။

ထို့​အပြင် နောက်ထပ် ​ထည့်​သွင်း​စဉ်းစား​ရမည့် အချက်​ရှိသေးသည်။ ထိုအချက်ကို မည်သူမှ လူသိ​ရှင်ကြား ထုတ်​ဖော်​ဆွေးနွေးလိုဟန်မတူပါ။ ထိုအချက်​မှာ နတ်ဆိုးသားရဲအဓိကရုဏ်း​မှာ သတ်မှတ်​ထားသည်ထက် များစွာစောပြီး ဖြစ်ပွားလာမည်ကို ထောက်ချင့်​၍ ကျင့်ကြံမှုအဆင့်မြင့်သော လူသားကျင့်ကြံသူများနှင့် နတ်ဆိုး​သားရဲ​တို့အကြား အခြေအနေ​မှာ ပိုမို၍ တင်းမာလာသည်ကို ပြနေခြင်းဖြစ်သည်။ သည်အချက်ကိုတော့ သူတို့​လို အဆင့်​နိမ့်​ကျင့်ကြံသူ​များ​အနေနှင့် ဝင်ရောက်စွက်ဖက်နိုင်စွမ်းမရှိပါ။ လူ​အများ​အပြား​မှာ သူတို့​အနာဂတ်​ကို မကောင်း​မြင်စိတ်များ လွန်ကဲလာရသည့် အဓိကအကြောင်း​ရင်း​မှာ ထိုအချက်​ကြောင့်​ဖြစ်​သည်။

ထို့​အပြင် အမှောင်​ထဲတွင်​ လှုပ်ရှား​နေသော နတ်ဆိုးကျင့်ကြံသူများအရေးလည်း ရှိနေသေးသည်ဖြစ်ရာ သာမန်​ကျင့်ကြံသူများနှင့် သေမျိုးလူသားတို့မှာ အနှစ်​သာရကိုးပါး အင်မော်တယ်ကျင့်ကြံမှုကမ္ဘာတွင် သူတို့​အတွက်​ နေစရာမရှိတော့သလို ခံစားလာကြရသည်။ ဤသို့​ဖြင့်​ အချို့​သော​ကျင့်ကြံသူ​များသည် အမှောင်​လောက၏ သွေး​ဆောင်​မှုအောက်ဝယ် ဖြား​ယောင်း​ခံလိုက်ရပြီး မိစ္ဆာ​လမ်းစဉ်သို့ ကူးပြောင်း​သွားကုန်ကြခြင်းဖြစ်သည်။

အားလုံး​မှာ ရှန်း​ယွမ်လုံ​ရှေ့ဆက်​မည့် စကား​ကို စောင့်​လင့်နေမိကြသည်။ ရှန်း​ယွမ်လုံသည်လည်း အားလုံး၏စိတ်​ခံစားချက်​ကို နားလည်​လိုက်​သည်​ဖြစ်ရာ​ အချိန်​မဆွဲတော့ဘဲ

“နတ်​ဆိုး​သားရဲ​ကိစ္စ​ကို ထိထိရောက်ရောက် ရင်ဆိုင်​နိုင်​ဖို့​အတွက်​ တခြား​ပြဿနာ​တွေကို အရင်​ရှင်း​ဖို့လိုတယ်။ ကွယ်​လျှိုး​နေတဲ့ အန္တရာယ်​တွေကို အရင်​ကိုင်တွယ်​ရလိမ့်မယ်​”

ခန်း​မထဲရှိ လူအားလုံးမှာ ရုတ်တရက် ​ငြိမ်​သက်​တိတ်​ဆိတ်သွားကြသည်။ ရှန်းယွမ်လုံဆိုလို​သည့်​ အကြောင်း​အရာ​ကို သူတို့​အားလုံး​ အကြမ်း​ဖျင်း​နားလည်ထားကြပြီးဖြစ်သည်။ အမှောင်ထဲတွင်​ ကျင်​လည်​ကျက်​စား​နေသော နတ်ဆိုးကျင့်ကြံ​သူများ​ကိစ္စ​ဖြစ်သည်။ ထိုစဉ် ဒဏ်ရာမှ သက်သာ​လာစဖြစ်သည့် ရှန်းရူရွှမ်က ထ၍

“ဘိုး​ဘေး​ရှင့်၊ ဒီကိစ္စ​ကို​ ဘယ်​လို​ရှင်း​မလဲ သိချင်​ပါတယ်၊ မျိုးနွယ်စု​နဲ့ ဂိုဏ်း​တွေက သူတို့နယ်​ကို သူတို့​ သီး​ခြား​ရှင်း​မှာလား၊ ဒါမှမဟုတ်​ ကန်း​ယန်​ဂိုဏ်း​ရဲ့ စီစဉ်​မှုအောက်မှာ သွားရမှာလား”

သူမပြောလိုက်သည့် နှစ်​ချက်မှာ အတော်​လေး​ကွဲပြားပါသည်။ အကယ်၍ အင်မော်တယ်မျိုး​နွယ်စု​အသီးသီးနှင့် ဂိုဏ်း​အသီးသီး​မှာ သူတို့​ပိုင်ဆိုင်​သော နယ်မြေအတွင်းရှိ နတ်ဆိုးကျင့်ကြံ​သူ​များ​ကို ကိုယ်​စီအစီအမံနှင့် ရှင်းလင်းသုတ်သင်မည်ဆိုလျှင် သူတို့​ကိုယ်​ပိုင်​အစီအစဉ်​များကို​ လွတ်လပ်စွာ​ ချမှတ်ဆောင်ရွက်​နိုင်​မှာဖြစ်သည်။ သို့​သော်​ သူတို့၏အင်အားမှာ အကန့်အသတ်ရှိသောကြောင့် နတ်ဆိုးကျင့်ကြံသူအား​လုံး​ကို အပြတ်ရှင်းလင်းရန် အခက်အခဲ​များ​ရှိနိုင်​သည်။

ကန်း​ယန်​ဂိုဏ်း၏ ခေါင်း​ဆောင်​မှု​ကို လက်​ခံလိုက်မည်ဆိုပါက မိသားစု​အားလုံး​နှင့်​ ဂိုဏ်း​အားလုံး​တို့​မှာ ကန်း​ယန်​ဂိုဏ်း၏ လက်​ဝေခံအင်အားစုများ ဖြစ်​သွား​ကြမည်ဖြစ်သလို ကန်း​ယန်​ဂိုဏ်း၏ အမိန့်​ကို မလွဲမသွေနာခံရတော့မည်ဖြစ်သည်။

ထိုအခါ ကန်း​ယန်​ဂိုဏ်း၏ သေစေရှင်စေအမိန့်​ကို မဖြစ်​မနေ ​လိုက်​နာ​ရတော့​မည်​ဖြစ်ပြီး လိုက်​နာ​ခြင်း​မရှိ​လျှင် ကျင့်ကြံမှုလောကမှ ရာသက်ပန်​ဖယ်ကြဉ်ခံရမည်ဖြစ်သည်။ ထို့ကြောင့်​ပင် အကန့်အသတ်​များ​ရှိနေသော်လည်း မျိုး​နွယ်​စုအားလုံးမှာ နတ်ဆိုးကျင့်ကြံသူ​များ​ကို ကိုယ့်အစီအစဉ်နှင့်ကိုယ်သာ ကိုင်တွယ်လိုနေကြခြင်းဖြစ်သည်။

သို့သော်​ ရှန်း​ယွမ်လုံ၏ အဖြေ​က အားလုံး​ကို​စိတ်ပျက်​သွားစေသည်။ ရှန်း​ယွမ်လုံက​ ခေါင်း​ယမ်း​လိုက်​ပြီး တည်​ငြိမ်​စွာဖြင့်

“ငါတို့​အားလုံး​ သီးခြား​လှုပ်ရှား​မဲ့ကိစ္စကို ကန်း​ယန်​ဂိုဏ်း​က ပယ်​ချ​လိုက်​တယ်။ အခြေခံတည်ဆောက်​မှု​အဆင့်​နဲ့ အထက်​မှာရှိတဲ့ အင်​မော်​တယ်​မျိုး​နွယ်စု​တွေနဲ့ ဂိုဏ်းအားလုံး​က လူအင်​အားတွေကို​ တစ်ပတ်​အတွင်း​ သူတို့​ဂိုဏ်း​ကို စေလွှတ်​ပေးဖို့ အမိန့်​ထုတ်ပြန်​ထား​တယ်”

ရှန်း​ယွမ်လုံက ခေတ္တ​နား​လိုက်​ပြီး စကား​ပြန်​ဆက်သည်။

“ကန်း​ယန်​ဂိုဏ်းကို ငါနဲ့အတူလိုက်ပြီး မိစ္ဆာ​ကျင့်ကြံသူတွေကို နှိမ်​နင်း​ဖို့ စစ်ဆင်​ရေး​မှာ ပါဝင်​မဲ့သူတွေကို ရွေး​ရမဲ့​အချိန်​ရောက်ပြီ၊ စည်း​မျဉ်း​အရ ငါတို့​ရှန်း​မိသားစု​ကနေ အနည်းဆုံး​အခြေခံ​တည်ဆောက်​မှု​အဆင့်​ ကျင့်ကြံသူ​လေးဦးနဲ့ ချီသန့်စင်ခြင်းအဆင့်ကျင့်​ကြံ​သူ ၂၀၀ ပို့​ပေးရမယ်၊ ကဲ အားလုံး​ဘယ်​လိုတွေးထားကြလဲ”

ရှန်းယွမ်လုံစကားဆုံးသည်နှင့် ရှန်း​ချန်​နန်က ထရယ်လိုက်ပြီး

“ကျုပ်​ပါမယ်၊ ဒီကောင်​တွေ​ကို မသတ်ရတာကြာပြီ၊ ဒီကောင်၊ ကောင်​မတွေကို ကောင်းကောင်း​ဆုံး​မပေးရမယ်”

“ကျွန်တော်လည်း မပါလို့ဘယ်ဖြစ်မလဲ၊ လိုက်​မယ်​ဗျာ”

ရှုန်းဝမ်တောက်ကလည်း ထအော်သည်။ ထိုစဉ် ရွှီချန်းဟယ်က ပြုံး​ရင်း

“တိုက်ပွဲ​မှာ ကျုပ်​လို အစီအရင်ကွက် ဖန်တီး​တဲ့ဆရာလည်း ကျိန်း​သေလိုမှာပဲ၊ ကျုပ်လည်းလိုက်မယ် မချန်ထားနဲ့”

အစည်းအဝေး​ကို လူကိုယ်တိုင်မတက်ဘဲ အစီအရင်​အသုံးပြု၍ ပုံရိပ်​ထုတ်လွှင့်ကာ တက်ရောက်​နေသော​ ရှန်း​တောက်​ဖုန်းနှင့်​ ရှန်း​ပိုင်​ဖေးတို့ကလည်း အားကျမခံထပြောသည်။

“ဘိုး​ဘေး၊ ကျုပ်​တို့​လည်း​ပါမယ်၊ သေမျိုးလူသားတွေနေတဲ့ မြို့တော်​မှာ ဒီကောင်​တွေ ပြဿနာရှာသွားတဲ့ကိစ္စကို ခုထိမရှင်းရသေးဘူး”

စစ်ဆင်​ရေး​တွင် လိုလို​လားလား​ လိုက်ပါ​လိုသူများ၏ ခံစား​ချက်​များ​ကို ကြား​ပြီးနောက်​ ကျန်း​ချန်​ရွှမ်၏ရင်ထဲတွင် နက်​နက်​နဲနဲခံစားလိုက်ရသည်။ ကန်း​ယန်​ဂိုဏ်း​သို့သွားပြီး နတ်ဆိုးကျင့်ကြံသူနှိမ်နင်းမည့် စစ်ဆင်​ရေး​သည် အန္တရာယ်​များကြောင်း သူတို့​မသိမဟုတ်၊ သိကြပါသည်။ ကျီဖုအဆင့်​ ကျင့်​ကြံသူများအနေနှင့် အနာတရ​မရှိဘဲ လွတ်မြောက်​နိုင်​သော်လည်း အခြေခံ​တည်ဆောက်​မှုအဆင့်နှင့် ချီသန့်စင်ခြင်းအဆင့်ကျင့်ကြံသူများမှာ သတိ​တစ်ချက်​လွတ်​သည်နှင့် အသက်ဆုံးသွားနိုင်ပါသည်။ အတိတ်တွင်လည်း ထိုသို့​ဖြစ်ခဲ့သည့် ကြေကွဲဖွယ် သာဓကများရှိပါသည်။

ထို​အကြောင်း​ကို သိသိလျက်နှင့်ပင် ရှန်း​ချန်းနန်​တို့လူစုမှာ ကြောက်​ရွံ့​သွားခြင်းမရှိပါ။ အထူးသဖြင့်​ ပြင်ပ​အကြီးအကဲ​များသာဖြစ်သည့် ရှုန်း​ဝမ်​တောက်နှင့်ရွှီချန်းဟယ်တို့ ကိုယ်တိုင်ကပင် လိုလို​လားလား​ ဆန္ဒ​ပြု​နေခြင်း​ကို ကျန်း​ချန်​ရွှမ်​တစ်ယောက်​ နားမလည်နိုင်ပါ။ ဒဏ်ရာ​မှ သက်သာ​လာစ ရှန်း​ရူ​ရွှမ်​မှာလည်း​ အား​ကျမခံ ဆန္ဒပြုမည်အလုပ်တွင် ရှန်း​ယွမ်လုံ​က

“အားလုံး​လိုက်ချင်တယ်ဆိုတော့ ငါကပဲဆုံးဖြတ်ပေးလိုက်ပါမယ်”

ထို့နောက်​ ရှန်းယွမ်လုံက လူအားလုံးကို အကဲခတ်​လိုက်ပြီး

“ပထမဆုံး​ အဆင့်​၂ အစီအရင်​အကွက် ဖန်တီး​ရှင်၊ အဆင့်​၂ အဆောင်​ပစ္စည်း​စီရင်​သူ နဲ့ အဆင့်​၂ အဂ္ဂိရတ်​ပညာရှင်တွေဖြစ်တဲ့ အကြီးအကဲ​ရွှီ၊ ကျန်း​ချန်​ရွှမ်နဲ့ ရှန်းရူရွှမ် မင်း​တို့​သုံးယောက်​နေခဲ့ရမယ်၊ ရှန်းရူယန်​ မင်း​လည်း​နေခဲ့၊ ရှန်းတောက်မင်၊ မင်း​ကလည်း​ လက်ရှိ​မျိုး​နွယ်​စုအကြီး​အကဲ​ဖြစ်​တဲ့အတွက်​ မင်း​လည်း​နေခဲ့ရမယ်၊ ဒီမှာပဲ​နေပြီး မိသားစုကို စီမံ​ခန့်ခွဲ​ပါ။ ချန်းနန်၊ တောက်​ဖုန်း​၊ ပိုင်​ဖေးနဲ့ အကြီးအကဲ​ရှုန်းတို့ အသင့်ပြင်ထားကြပါ၊ မင်း​တို့​လေး​ယောက်​လုံး​ သုံး​ရက်​အတွင်း​ ငါနဲ့အတူ ကန်းယန်ဂိုဏ်းကို လိုက်​ရမယ်။ ကျန်တဲ့ ချီ​သန့်​စင်​ခြင်း​အဆင့် တပည့်​ ၂၀၀ အတွက်တော့ မင်း​တို့​ပဲ သင့်တော်သလို ရွေးလိုက်ပါ၊ ပြီး​တော့…”

ထို​အချိန်​တွင်​ ရှန်းယွမ်လုံ၏မျက်​နှာ​သည်​ တည်​ကြည်​လေး​နက်​သွားသည်။

“နေခဲ့မဲ့လူတွေက ရေသာခိုနေလို့မရဘူး။ လာ​မဲ့နတ်ဆိုးသားရဲအဓိကရုဏ်းမှာ မင်း​တို့က​ အဓိက​တိုက်ပွဲ​ဝင်​ရမဲ့အုပ်စုပဲ၊ မင်း​တို့​ရဲ့တာဝန်က ပိုကြီးတဲ့အတွက် ဒီအတောအတွင်း ကောင်း​ကောင်း​ကျင့်ကြံထားပြီး စွမ်းအား​အဆင့်​ကို မြှင့်နိုင်သမျှ မြှင့်တင်​ထားပါ”

စကား​ဆုံးသည်နှင့် အကြီးအကဲ​များ၏ တင်ပြ​ချက်​ကို နား​မထောင်​တော့ဘဲ ရှန်းယွမ်လုံ၏ ပုံရိပ်​မှာ အစည်းအဝေး​ခန်းမထဲမှ ပျောက်​ကွယ်​သွားတော့သည်။

…

နှစ်​ရက်ကြာ​ပြီးနောက်…..

ရှန်း​တောက်မင်​သည် ကျန်း​ချန်​ရွှမ်တို့နှစ်ဦး၏ ဂူသို့ရောက်ချလာပြီး

“ချန်​ရွှမ်​နဲ့ ရူယန်၊ တောက်​ဖုန်း​နဲ့ ဦးလေး​ပိုင်​ဖေးတို့ မနက်ဖြန်​ ကန်းယန်ဂိုဏ်းကိုသွားရမယ်၊ လတ်တလော​မှာ သူတို့​နှစ်ယောက်​က ဝိညာဉ်​သွေးကြောနဲ့ အဆင့်​၂ စျေးကို စောင့်ကြပ်နေတာ။ သူတို့​ခရီး​ထွက်​နေတုန်း သူတို့​နေရာ​ကို တစ်ယောက်ယောက်က အစား​ဝင်​ပေးဖို့လိုတယ်။ ဝိညာဉ်​သွေးကြော​ကို စောင့်​ကြပ်​ဖို့ အကြီးအကဲ​ရွှီကို တာဝန်​ပေးပြီး​ပြီ၊ ကျန်တဲ့ အဆင့်​၂ စျေး​က ရှန်း​မိသားစု​ရဲ့ လုပ်ငန်းတွေအတွက် အရေးကြီး​တဲ့နေရာ​ပဲ၊ အဲဒီ​နေရာ​မှာ မလိုလားအပ်တာတွေမဖြစ်အောင် မင်း​တို့​နှစ်ယောက်​ သွားပြီး​စောင့်ကြပ်ပေးစေချင်တယ်။ ဘယ်လို​သဘော​ရလဲ”

ရှန်းတောက်မင်၏ စကား​ကို​ကြား​ပြီးနောက်​ ကျန်း​ချန်​ရွှမ်နှင့် ရှန်းရူယန်တို့မှာ တစ်ဦးမျက်နှာ တစ်ဦးကြည့်လိုက်မိကြပြီး သဘော​တူလိုက်ကြသည်။

“ကန့်ကွက်​စရာမရှိပါဘူး”

“ဒါဖြင့် အချိန်​မဖြုန်းဘဲ အမြန်​ဆုံး​သွားဖို့ ပြင်ပေတော့။ သြော်​ နောက်​ပြီး အဲဒီ​စျေး​မှာ ၁၅နှစ်တစ်ခါ ကျင်း​ပတဲ့ ရတနာ​ပစ္စည်း​ဖလှယ်​ပွဲက မကြာခင်​ ကျင်း​ပဖို့ရှိတယ်၊ ဒီပြပွဲကိုလည်း မင်းတို့​ပဲ အိမ်​ရှင်​အဖြစ် တာဝန်​ယူကျင်းပပေးလိုက်ပါ။ ဖလှယ်​ပွဲဖွင့်လှစ်ဖို့ မိသားစု​ရတနာ​တိုက်က ရတနာ​ပစ္စည်း​သုံး​ခုကိုပါ တစ်ခါတည်း​ယူသွားပါ”

***

နှစ်တစ်ရာကျင့်ကြံပြီးနောက်

အခန်း​ ၅၂ ။ ရတနာ​ဖလှယ်​ပွဲ​ကျင်းပ​ခြင်း​

မိုးမခပင်ထောင်ချီစျေးပြီးလျှင် ကျောက်​စိမ်း​ဖြူစျေးသည် ရှန်း​မျိုး​နွယ်စု​၏ ဒုတိယ​အကြီးဆုံး​စျေးဖြစ်သည်။ သို့​သော်​ မိုး​ခပင်​ထောင်​ချီစျေး ပျက်စီး​ပြီး​နောက် ရှန်း​မိသားစု၏ ပိုင်ဆိုင်​မှု​အတော်​များများ​ကို ကျောက်​စိမ်း​ဖြူ​စျေး​သို့ ပြောင်း​ရွှေ့ခဲ့သည်ဖြစ်၍ လတ်တလော​တွင်​ ကျောက်​စိမ်း​ဖြူ​စျေး​သည် ရှန်းမိသားစု၏ထိန်းချုပ်မှုအောက်တွင်ရှိသည့်​ စျေး​များ​အားလုံး​အနက်​ အကြီးဆုံး​စျေး​ဖြစ်လာပြီဟု ဆိုနိုင်ပါမည်။ ဤစျေးသည် ရှန်း​မျိုး​နွယ်စု​အတွက်​ တစ်နှစ်​လျှင်.ဝိညာဉ်ကျောက်​တုံး​ တစ်သိန်းခန့် ရှာဖွေ​ပေးနေပါသည်။

ကျောက်​စိမ်း​ဖြူ​စျေး​အတွင်းရှိ ကျောက်​စိမ်း​ဖြူ​နန်းတော်​ဟု ခေါ်​သော အဆောက်အဦးတစ်ခု​အတွင်းတွင် ကျန်း​ချန်​ရွှမ်​နှင့် ရှန်းရူယန်တို့ ဇနီး​မောင်နှံ​သည် စျေးအခြေအနေနှင့်​ အရောင်းအဝယ်စီးဆင်းမှုကို တင်​ပြထားသော အစီရင်ခံ​စာ​ကို ဖတ်ရှုလျက်​ရှိသလို တစ်ချိန်​တည်း​မှာ​ စျေး​သူ​စျေး​သားများ၏ တင်​ပြမှုအသီးသီးကို နားထောင်​ပေး​နေသည်။ ကျောက်စိမ်းဖြူစျေးသို့ သူတို့​နှစ်ဦး​ ရောက်ရှိ​သည်​မှာ သုံးရက်ရှိပြီဖြစ်သည်။

စျေး​တစ်​ခုကို​စီမံခန့်ခွဲရာတွင် လုပ်ငန်း​စဉ်တာဝန်​များ​စွာ​ ရှိပါသည်။ စျေး၏လုံခြုံရေးနှင့်​ လည်ပတ်​မှုစနစ်ကို ထိန်းသိမ်း​ခြင်း၊ စျေး​အတွင်း ဖြစ်ပျက်​မှုပေါင်းစုံကို စစ်ဆေးအဖြေရှာရခြင်း၊ အခြား​ကျီဖု​အဆင့်​မိသားစုများ၏ အုပ်ချုပ်​မှု​အောက်​ရှိ စျေးများနှင့် ချိတ်ဆက်​ဆောင်ရွက်​ခြင်းစသည်တို့ဖြစ်ရာ ထို​လုပ်ငန်း​အားလုံးကို ကျန်းချန်ရွှမ်​နှင့် ရှန်းရူယန်တို့နှစ်ဦးတည်း တာဝန်​ခံရမည်ဆိုပါက ကျင့်​ကြံမှုအတွက် သီးခြား​အချိန်​ပေးနိုင်တော့မည်မဟုတ်ပါ။ သို့​သော်​ ကျန်း​ချန်​ရွှမ်​တို့နှစ်ဦးသည်လည်း စျေးသို့မရောက်ရှိခင်ကတည်းက ထို​အချက်​ကို စဉ်းစား​ပြီးဖြစ်သည်။ သူတို့​အနေနှင့်​ စျေးလုပ်ငန်းစဥ်အားလုံးကို ယေဘုယျ​အနေဖြင့်​သာ ထိန်း​ချုပ်​ပြီး မတက်မဖြစ်သည့် ပွဲအချို့ကိုသာ တက်ရောက်​မည်ဖြစ်​ကာ ကျန်​အသေးစိတ်လုပ်ငန်းအားလုံးကို လက်အောက်​ငယ်​သားများနှင့် လွှဲအပ်ထားမည်ဖြစ်သည်။

နိုင်​သူစားစတမ်း ကျင့်ကြံမှုလောကတွင် ခွန်​အား​နှင့်​ ကျင့်​ကြံ​မှု​အဆင့်တိုးတက်ရေးကသာ အရာရာဖြစ်သည်​မဟုတ်​ပါလား။ လတ်တလော​တွင် စျေး​သူ​စျေး​သား​များ၏ တင်ပြ​မှုကို နားထောင်​ပြီး​သွား​ပြီဖြစ်၍ ရှန်း​ရူယန်က အသက်၇၀ ကျော်ခန့်ရှိပြီဖြစ်သော ရှန်းပိုဟုန်ဆိုသည့် အဘိုး​ကြီး​တစ်ဦး​ကို မေးခွန်း​ထုတ်​လိုက်​သည်။

“အကြီးအကဲ​ပိုဟုန်ရှင့်၊ စျေးနဲ့ပတ်သက်တဲ့ လုပ်ငန်း​အဝဝကို ရှင်​နဲ့ရှင့်လူတွေ လက်ထဲအပ်ပါတယ်၊ အရေး​ကြီး​ကိစ္စ​ရှိမှသာ ကျွန်မ​တို့​ကို အကြောင်း​ကြား​လိုက်​ပါ။ လောလောဆယ်​ ပြော​ချင်တာ​ ဒါအကုန်ပါပဲ”

ရှန်း​ပို​ဟုန်​နှင့် စျေး​တာဝန်​ခံများက နားလည်​ကြောင်း ခေါင်း​ညိတ်​ပြ​လိုက်ကြသည်။ သက်လတ်​ပိုင်း​အရွယ်​ရှိ​သော ရှန်း​ဖေးယန်ဆိုသည့် မိန်း​မတစ်ဦးက

“ရတနာ​ပစ္စည်း​ဖလှယ်​ပွဲက သုံး​ရက်အတွင်း အကြီးအကျယ် ကျင်းပမှာဆိုတော့ အဲဒီရက်ပိုင်းအတွင်းမှာ အကြီးအကဲ​တို့ အနီးကပ်ကြီးကြပ်ပေးစေချင်ပါတယ်”

“ရပါတယ်​ဗျာ​”

ကျန်း​ချန်​ရွှမ် နှင့် ရှန်းရူယန်တို့လည်း သဘော​တူလိုက်ကြသည်။ ရှန်း​ရူယန်​က

“နားလည်​ပါတယ်​၊ ဖလှယ်​ပွဲကို​ ကျွန်မ​တို့​ကိုယ်တိုင်​ ဦး​စီးကျင်းပပေးသွားမှာပါ”

ထို့​နောက်​ ရှန်း​ပိုဟုန်တို့ စျေးတာဝန်ခံများလည်း ကြာကြာမနေတော့ဘဲ ကျန်း​ချန်​ရွှမ်​တို့​ဇနီး​မောင်နှံ​ကို ဦး​ညွတ်​ဂါရဝ​ပြု​ပြီး ခပ်​သုတ်သုတ်​ပြန်​သွား​ကြတော့သည်။

ထိုအခါ ရှန်းရူယန်က ကျန်း​ချန်​ရွှမ်ကို ပြုံးစစနှင့်ကြည့်ပြီး

“နောက်​သုံး​ရက်ကျမှ ရတနာ​ဖလှယ်ပွဲကို အတူတက်ရအောင်၊ ပြပွဲ​မှာ​ ကျွန်​မတို့​အတွက် အကျိုး​ရှိ​မဲ့ပစ္စည်းတွေ တွေ့နိုင်လောက်တယ်။ ဥပမာ ရှင့်ကို အခြေခံတည်ဆောက်မှုအလယ်​အဆင့်​ကို​ တက်​နိုင်​အောင် ကူညီ​ပေးနိုင်တဲ့ ကောင်းကင်ဘုံ​အနှစ်​သာရ​ဆေးပြား​လို ပစ္စည်း​မျိုး​ပေါ့၊ နတ်ဆိုးသားရဲအဓိကရုဏ်းမဖြစ်ခင် ကျွန်မ​တို့​ကျင့်ကြံမှုအဆင့်ကို တတ်​နိုင်​သမျှ​မြှင့်ထားရမယ်”

ပြော​ရင်းဆိုရင်းနှင့်ပင် စားပွဲ​ထက်ရှိ ပစ္စည်း​ပစ္စယများကို သိမ်း​ဆည်း​ပြီး ကျင့်ကြံမည့်အခန်းအတွင်းသို့ နှစ်​ဦး​သား ဝင်ရောက်​သွားကြတော့သည်။ တစ်ချိန်တည်းတွင် ရှန်း​ချန်းနန်​တို့ အခြေ​ခံ​တည်ဆောက်​ခြင်း​အဆင့်​ ကျင့်ကြံသူလေးဦးသည် ဘိုး​ဘေး​ရှန်းယွမ်လုံ ကွပ်​ကဲမှုအောက်တွင် ကန်း​ယန်​ဂိုဏ်း​သို့​ ရောက်ရှိ​သွားကြပြီဖြစ်သည်။ ရှန်း​မန်ရွှယ်​က သူတို့​အား​ စောင့်ကြိုလျက်ရှိသည်ကိုတွေ့ရသည်။ သူမ၏ဆံနွယ်​များမှာ အရင်​လို ဆွတ်ဆွတ်ဖြူလျက်ရှိနေသော်လည်း ရှန်း​ယွမ်လုံသည်​ ညီမဖြစ်သူထံမှ သေခြင်းအော်ရာအချို့ကို ခံစား​မိ​လိုက်​သည်။ ရှန်းယွမ်လုံက စိုး​ရိမ်​တကြီး​ဖြင့်

“ကျန်း​မာရေး​ကောင်း​ရဲ့လား​”

“ဘာမှမဖြစ်​ပါ​ဘူး”

ရှန်း​မန်​ရွှယ်က ပြုံး​လျက်​ ခေါင်း​ခါပြသည်။

“ကောင်း​ကင်​ဘုံ​လျှို့ဝှက်ချက်ကို တူး​ဆွလိုက်လို့ သက်တမ်း​တချို့​ ကုန်​သွားတာပါ”

ထိုသို့​ပြောနေစဉ် ရှန်း​မန်ရွှယ်၏ အမူအရာ​မှာ ထူး​ထူးခြား​ခြား​ တည်​ငြိမ်​လျက်​ရှိသည်။ ထို့နောက်​ မသိမသာနှင့် စကား​လမ်း​ကြောင်း​ပြောင်း​လိုက်ပြီး

“ဒီတစ်ခါ စစ်ဆင်​ရေးနဲ့ပတ်သက်ပြီး စိတ်​ထဲထင့်နေတယ်၊ အစ်ကိုတို့​ ရှန်း​မျိုး​နွယ်စု​ဝင်​အားလုံး အကြီးအကဲ​နန်ကုန်းနဲ့ ဝေးဝေးနေကြဖို့ မှာချင်တယ်၊ ငါဒီလိုပြောတဲ့အကြောင်းကိုလည်း ဘယ်သူ​ကို​မှ လျှောက်​မပြော​နဲ့ဦး”

ရှန်း​မန်ရွှယ် ရည်​ညွန်းသည့် အကြီးအကဲ​နန်​ကုန်း​ဆိုသူမှာ ကန်း​ယန်​ဂိုဏ်း၏ ရွှေအမြုတေအဆင့်ရှိ အင်​မော်​တယ်​တစ်​ဦး​ဖြစ်ပြီး သည်တစ်ခေါက် နတ်ဆိုးကျင့်ကြံသူများကို ​နှိမ်နင်းမည့် ​ စစ်ဆေး​ရေး​ကို ကွပ်​ကဲမည့်သူဖြစ်သည်။ ထိုစကားကြောင့် ရှန်း​ယွမ်လုံ​၏ စိတ်​ထဲတွင်​ ထူးထူးခြားခြား လေးပင်သွားမိသည်။ ရှန်းယွမ်လုံ​အနေ​နှင့်​ ညီမ​ဖြစ်သူ၏စကား​ကို ဘယ်​သောအခါ​မှ​ ပေါ့ပေါ့တန်တန် သဘောမထားခဲ့ပါ။ ရှန်း​မန်ရွှယ်၏ အကြံပေး​မှုကြောင့်​ ရှန်း​မိသားစု​အနေနှင့်​ ဘေးအန္တရာယ်​များ​စွာကို ကျော်​လွှားနိုင်ခဲ့သည်လေ။ သည်​တစ်​ခါ ရှန်းမန်ရွှယ်၏သတိပေးမှုက ပုံမှန်​ထက်​ အရေး​ကြီးဟန်တူသည်။ အခန့်မသင့်ပါက သူတို့​ရှန်း​မျိုး​နွယ်စုမှာ ကျင့်ကြံသူအားလုံး​ ဘေးဒုက္ခဆိုက်သွားနိုင်ကြောင်း ရှန်းယွမ်လုံ​နားလည်​လိုက်​သည်။

ရှန်းယွမ်လုံတို့ ကန်း​ယန်ဂိုဏ်း ရောက်​ရှိ​ပြီး​သုံး​ရက်​အကြာတွင် ကျန်း​ချန်​ရွှမ်နှင့် ရှန်းရူယန်တို့ နှစ်ဦးသားမှာ ကျောက်​စိမ်း​ဖြူ​စျေး​အတွင်း​ရှိ တိမ်လွှာပွဲကြည့််စင်ဟုခေါ်သော ခန်း​တစ်ခုအတွင်းသို့ ရောက်​လာကြ​သည်။ တိမ်လွှာပွဲကြည့်​စင်သည် ရတနာ​ဖလှယ်​ပွဲကျင်းပမည့်နေရာလည်းဖြစ်သည်။ ခန်းမအတွင်းသို့ ဝင်ရောက်​မိသည်နှင့် မျက်​နှာ​စိမ်း​များအကြားတွင် လျှိုယွင်ဂိုဏ်းလက်အောက်ရှိ စျေးတစ်ခုတွင် ကျင်းပခဲ့သော ရတနာ​ဖလှယ်​ပွဲ​တွင် သူမြင်ဖူးခဲ့သည့် ပုဂ္ဂိုလ်​အချို့​ကို ကျန်း​ချန်​ရွှမ်​သတိထားမိလိုက်သည်။

ထို​သူများမှာ လျှိုယွင်ဂိုဏ်းမှ ဝမ်တုန်လဲ့၊ လော့​ရှား​မန်​ဂိုဏ်း​မှ ရန်ကျွန်းလန်၊ ယဲ့အင်မော်တယ်မိသားစုမှ ယဲ့ဖေးချန်းနှင့် ကုကျန်းမင်ဟုခေါ်သော ချန်​ထျန်း​ဂိုဏ်း​မှ အခြေခံ​တည်ဆောက်​မှု​အဆင့်​ကျင့်ကြံသူ တစ်ဦးဖြစ်သည်။ ရှန်းရူယန်ကတော့ ပွဲလာသူအများစုကို သိရှိထားပြီးဖြစ်သည့်အတွက် ထိုလူများအကြောင်းကို ကျန်းချန်ရွှမ်အား အသံပို့စနစ်ဖြင့် မိတ်​ဆက်​ပေးနေသည်။

“ဒီလူက ကျန်း​မိသားစု​က အခြေခံ​တည်ဆောက်​မှု​အဆင့်​ အကြီးအကဲ​ ကျန်း​ခိုင်ရွှမ် တဲ့၊ ဒီဘက်​ကတစ်ယောက်က တစ်ကိုယ်တော်ကျင့်ကြံသူ ဟွမ်ဟယ်၊ ညာဘက်ကလူက ပိုင်ဟောင် ဆိုလားပဲ၊ သူ့နာမည်​ပြောင်က အရူးဓားသမားတဲ့၊ ဓားကိုအထူးပြုကျင့်ကြံသူပေါ့”

ထို​စဉ်​ လော့ရှားမန်ဂိုဏ်းမှ ရန်​ကျွန်း​လန်က သူတို့​နှစ်ဦး​ရှိရာသို့ လျှောက်​လာပြီး​ နှုတ်ဆက်​လိုက်​သည်။

“တာအို​ရောင်းရင်းကျန်း​ မတွေ့ရတာကြာပြီနော်”

ထို့နောက်​ သူမသည် ကျန်း​ချန်​ရွှမ်ဘေးတွင်ရှိနေသည့် ရှန်းရူယန်ကို စူးစမ်း​သလို​ကြည့်လိုက်​သည်။ ထို့ကြောင့်​ ကျန်း​ချန်ရွှမ်လည်း မနေသာတော့ဘဲ မိတ်ဆက်ပေးလိုက်ရသည်။

“တာအိုရောင်းရင်းရန်ရေ ဒီအမျိုးသမီးက ကျုပ်​ရဲ့တာအိုကျင့်ကြံဖက် ရှန်းရူယန် တဲ့၊ ရူယန်၊ ဒါက​ လော့​ရှား​မန်​ဂိုဏ်းက ရန်ကျွန်းလန်တဲ့၊ ချိုး​ယီရွှေရဲ့ ဂျူနီယာညီမပေါ့”

ရန်​ကျွန်း​လန်က​ ရှန်း​ရူယန်​ကို လက်​သီး​ဆုပ်​၍ ဂါရဝ​ပြု​လိုက်​သည်။

“ရှင်က တာအိုရောင်းရင်းကျန်းရဲ့ လက်​တွဲဖော်ကိုး တွေ့ရ​တာ​ဝမ်းသာ​ပါတယ်​ရှင်”

ရှန်း​ရူယန်ကလည်း တစ်ဖန်ပြန်လည်၍ ယဥ်ကျေး​စွာ နှုတ်ဆက်​လိုက်​သည်။ ကျန်းချန်ရွှမ်က ရန်​ကျွန်း​လန်ကိုကြည့်နေရင်း နားမလည်​ဟန်ဖြင့်

“ဒါနဲ့ တာအိုရောင်းရင်း ​ရန် ချိုး​ယီရွှေ ဘာလို့လိုက်မလာတာလဲ”

ကျန်း​ချန်​ရွှမ်၏ အမေးကိုကြားသောအခါ ရန်​ကျွန်း​လန်မှာ အနည်းငယ်​ငေးငိုင်သွားပြီး

“အစ်မ​ချိုး​က ကန်း​ယန်​ဂိုဏ်း​က ခေါ်​လို့ လိုက်​သွားရတယ်၊ အသေးစိတ်​တော့ မသိရသေးဘူး”

***

နှစ်တစ်ရာကျင့်ကြံပြီးနောက်

အခန်း​ ၅၃ ။ ရွှေသံချပ်ကာရုပ်သေးကို နောက်​တစ်​ကြိမ်​ဖန်တီး​ခြင်း

​

ကျန်း​ချန်​ရွှမ်​တစ်ယောက်​ စိတ်​မကောင်း​ဖြစ်​မိသွားသည်။ ကန်း​ယန်​ဂိုဏ်း​နှင့်အတူ လိုက်သွား​ရခြင်း​သည် ကံကောင်း​ခြင်း​လား ကံဆိုး​ခြင်း​လား ယခုအချိန်​တွင် အတပ်မပြော​နိုင်​သေး။ ရန်​ကျွန်း​လန်အား နှစ်​သိမ့်စကား အနည်း​ငယ်​ပြောဆို​ပြီး​နောက် စကားစ​ဖြတ်​လိုက်ကြပြီး မျက်​နှာ​ရင်း​ပုဂ္ဂိုလ်​အချို့​ကို နှုတ်ဆက်​လိုက်​သည်။ များမကြာခင် ရတနာ​ဖလှယ်​ပွဲ​စတင်ပါတော့သည်။

ကျန်း​ချန်ရွှမ်နှင့် ရှန်းရူယန်တို့ နှစ်ဦးလည်း​ စင်မြင့်​ပေါ်​သို့​ တက်​လိုက်​ပြီး ကိုယ့်​ကိုယ်ကို​ မိတ်​ဆက်​လိုက်​ကြသည်။ ထို့နောက် ရတနာ​ပစ္စည်း​သုံး​ခုကို ထုတ်​ယူ​လိုက်​ပြီး​ ရှေ့တွင်ရှိသည့်​ ကျောက်​စိမ်း​စားပွဲ​ပေါ်တွင် တင်လိုက်သည်။ ကျန်း​ချင်း​ရွှမ်က ပွဲလာပရိသတ်ကို ပြုံး​ပြ​လိုက်​ကာ

“ခင်ဗျား​တို့​ရှေ့မှာ​ရှိ​နေတဲ့ ရတနာ​ပစ္စည်း​သုံး​ခု​က အဆင့် ၂ အမြင့်ဆုံး​အဆင့်ရှိ မီးဆူးမြက်ရယ်၊ အဆင့်​၂ အမြင့်ဆုံး​အဆင့်​ပဲဖြစ်တဲ့ အဆီအနှစ် ရွှေရောင်ကျောက်စိမ်းရယ်၊ အဆင့်​၂ ဆေးပြား​ဖြစ်​တဲ့ နဂါး​အား​ဖြည့်ဆေးတို့ပဲဖြစ်ပါတယ်၊ ဒီပစ္စည်းတွေအကြောင်း အသေးစိတ်​ရှင်းပြ​ဖို့​မလိုဘူး ထင်ပါတယ်။ မီးဆူးမြက်​က အဆင့်​၂ အမြင့်ဆုံး​အဆင့်ရှိ​ ဆေးပြား​ဖြစ်​တဲ့ ယန်သုံးပါးဆေးလုံးကို သန့်စင်​တဲ့နေရာမှာ အဓိက​သုံး​တဲ့ ပစ္စည်း​ဖြစ်ပြီး​ ရွှေရောင်​ကျောက်​စိမ်း​ကတော့ အစီအရင်​အကွက်​တွေ ဖန်တီးတဲ့နေရာနဲ့ အဆင့်​၂ အမြင့်ဆုံး​အဆင့် ဓမ္မ​လက်နက်တွေကို ဖန်တီး​တဲ့နေရာမှာ အဓိက​သုံး​ပါတယ်။ အခု​ ရှန်း​မိသားစု​က အဆင့်​၂ ဝိညာဉ်​အမြစ်​ရဲ့ အဆင့်​ကို တိုး​မြင့်​ပေးနိုင်​တဲ့ ရတနာ​ပစ္စည်း​ ဒါမှမဟုတ်​ ဝိညာဉ်​အမြစ်ကို ကျင်ကြံနည်းတစ်ရပ်နဲ့ ဒီရတနာတွေကို လဲလှယ်​ချင်​ပါတယ်၊ ဒီ​ပစ္စည်း​တွေမရှိရင်လည်း တန်​ဖိုး​တူပစ္စည်းတွေနဲ့ လဲလှယ်​လို့ရပါသေးတယ်”

ကျန်း​ချန်​ရွှမ်​တစ်ယောက်​ ရှေ့​ဆောင်​ရှေ့​ရွက်ပြု၍ ရတနာ​ပစ္စည်း​များကို ပြသလိုက်ခြင်းမှာ ရတနာ​ပစ္စည်း​များ​ကို​ အမှန်တကယ် ​ဖလှယ်​လိုခြင်းထက် ပြပွဲ​ပိုင်​ရှင်​ဖြစ်​ကြောင်း​ ပြသ​လိုက်သည့် သဘောဖြစ်သည်။ အကယ်၍ ပွဲလာသူပရိသတ်များအနေနှင့် သူတောင်းဆိုသည့်ရတနာပစ္စည်းများ မရှိ၍ ဝိညာဉ်ကျောက်​တုံး​များ​ဖြင့်​သာ ဝယ်ယူ​လို​ပါသည်ဆိုလျှင်လည်း သူ့အနေနှင့်​ ရွေးစရာမရှိဘဲ လက်​ခံ​ရမည်​သာဖြစ်​သည်။ သို့​သော်​ ကံကောင်း​ပါသည်။ သူဖလှယ်လိုသော ရတနာပစ္စည်းကို ပိုင်ဆိုင်​ထားသူ​ရှိသည်။ ပစ္စည်း​အမည်​မှာ ဝိညာဉ်​သန့်စင်​ဆေးရည်​ဟုခေါ်​သည်။ သို့​သော်​ ထို​ပစ္စည်း​သုံး​ခု​တည်း​နှင့်​ ကျန်း​ချန်​ရွှမ်​တို့​၏ ရတနာ​သုံး​ခုလုံးကို လဲလှယ်​ရန်မဖြစ်နိုင်၍ အဆီ​အနှစ်​ရွှေရောင်​ကျောက်​စိမ်း နှင့် နဂါးအားဖြည့် ဆေးရည်တစ်ပုလင်းကို ဝိညာဉ်​သန့်စင်​ဆေးရည်နှင့်လဲ၍ မီးစူးမှန်သားကို လိပ်ပြာ​ဝိညာဉ်​ပန်း​ဟုခေါ်သည့် အဆင့်​၂ အမြင့်ဆုံး​အဆင့်ရှိ ဝိညာဉ်​ဆေး​ဝါးတစ်မျိုးနှင့် လဲလှယ်​လိုက်ရသည်။

ရှန်း​မိသားစု​​ကိုယ်စား ရတနာ​ဖလှယ်​ပွဲကို ဖွင့်​လှစ်​ပေးပြီးနောက် ကျန်း​ချန်​ရွှမ်​နှင့် ရှန်းရူယန်တို့မှာ သူတို့​ကိုယ်​ပိုင် ရတနာပစ္စည်းများကို ခင်း​ကျင်း​ပြသ၍ လဲလှယ်​လို​သည့်​ပစ္စည်းများကို ကြေငြာကြပါတော့သည်။ ကျန်း​ချန်​ရွှမ်​က အဆင့် ၂ အဆောင်​ပစ္စည်း များ​နှင့် အခြား​တန်ဖိုးရှိရတနာများကို ပြသ၍ စိမ်းဝါရောင်ကျောက်စိမ်းနှင့်​ကောင်း​ကင်​ဝိညာဉ်​နှင်းစက်​ ဆေးပုလင်း​များကို အလို​ရှိကြောင်းကြေညာသည်။ ထို့အပြင်​ အခြေခံ​တည်ဆောက်​မှု​ စတုတ္ထ​အဆင့်​ကို တက်​လှမ်း​ရာ​တွင် အထောက်​အကူ​ပြု​နိုင်သည့် အဆီ​အနှစ်​ ကောင်းကင်ဘုံဆေးပြားကိုလည်း တောင်း​ဆိုလိုက်သည်။ ရှန်း​ရူယန်​ကမူ အဆင့် ၂ အမြင့်ဆုံး​အဆင့်ရှိ ရတနာ​ပစ္စည်း​များ​ဖြစ်​သည့် ဝိညာဉ်​ဆေးဝါး​များမှင့် တန်ဖိုးကြီးကုန်ကြမ်းပစ္စည်းများကို ပြသ၍ လျှပ်​စီး​ကောင်း​ကင်​ဘုံသလင်းကျောက်ကို အလို​ရှိနေ​ကြောင်း​ ကြေငြာလိုက်သည်။ ထို​သလင်း​ကျောက်​တွင် လျှပ်​စီးဒြပ်စင်များ ကိန်း​အောင်း​နေ​ပြီး လျှပ်စီးဓာတ် အခြေခံ​ဓမ္မ​လက်နက်​များ သ​န့်​စင်​ရာတွင်​ အဓိက​အသုံးပြု​သည့်​ပစ္စည်း​ဖြစ်သည်။

မျှော်လင့်​ထား​သည့်​အတိုင်း​ ကျန်း​ချန်​ရွှမ်​နှင့် ​ရှန်း​ရူယန်တို့ အလို​ရှိနေ​သော ပစ္စည်း​များကို ဖလှယ်​မည့်သူနှစ်ဦး ပေါ်​လာပါ​သည်။ ပထမ​တစ်​ယော​က်က တစ်ကိုယ်တော်ကျင့်ကြံသူ ဟွမ်ဟယ်ဖြစ်ပြီး ကျန်တစ်ဦးမှာ ကျန်း​ချန်​ရွှမ်၏ မိတ်ဆွေ​ ရန်​ကျွန်း​လန်ဖြစ်သည်။ ဟွမ်ဟယ်ထံတွင် စိမ်းဝါရောင်ကျောက်စိမ်း၊ လျှပ်စီး​ကောင်း​ကင်ဘုံ သလင်း​ကျောက်​နှင့် အဆီအနှစ် ကောင်းကင်ဘုံဆေးပြားတို့ရှိပြီး ရန်ကျွန်းလန်လက်ထဲတွင် စိမ်းဝါရောင်ကျောက်စိမ်း၊ ကောင်း​ကင်​ဝိညာဉ် နှင်းရေစက်တစ်ပုလင်းနှင့် လျှပ်စီးဓာတ်ပြောင်း သလင်း​ကျောက်​များရှိသည်။ အဆီအနှစ် ကောင်းကင်ဘုံဆေးပြားတော့မရှိပါ။ ကျန်း​ချန်​ရွှမ်​တို့​နှစ်ဦး​လည်း​ အချိန်​မဆိုင်းဘဲ ကိုယ်​စီ အလို​ရှိရာ​ပစ္စည်း​များကို ခပ်​သွက်သွက်​ဖလှယ်လိုက်သည်။ ရှိရင်းစွဲ​ပစ္စည်း​တန်ဖိုး​နှင့်​ မလောက်ငှ၍ ဝိညာဉ်​ကျောက်​တုံး​ ၈၀၀၀ ကိုပါ အပိုထပ်ဆောင်းပေးလိုက်ရသော်လည်း သူတို့​အတွက်​ အကျိုး​ရှိ​သည့် ဖလှယ်​မှု​မျိုး​ဟု ဆိုနိုင်မည်ဖြစ်သည်။ ထို့နောက်​တွင်​ စင်မြင့်ပေါ်သို့ လူများ အသီး​သီး​တက်​ရောက်ကာ ရတနာ​ဖလှယ်ပွဲကြီးကို ကြိတ်​ကြိတ်​တိုး​ ဆင်​နွှဲ​ကြပါ​တော့​သည်။

နတ်ဆိုး​သား​ရဲအဓိကရုဏ်း​နှင့်အတူ ကန်း​ယန်​ဂိုဏ်း၏ နတ်ဆိုးကျင့်ကြံသူနှိမ်နင်း​ရေး တိုက်ပွဲများ​ကြောင့် ဓမ္မ​လက်နက်​ပစ္စည်းများ၊ ကုသ​ရေးဆေး​ဝါးရတနာများ နှင့် တိုက်ပွဲတွင် အထောက်​အကူ​ပြုနိုင်သည့် အဆောင်​လက်နက်​များ၏ ဝယ်​လို​အားမှာ အထူးမြင့်တက်နေသည်ဟု ဆိုရ​ပေမည်။ စား​ပွဲ​ပေါ်​တွင် ထို​ပစ္စည်း​များကို ခင်းကျင်းပြသလိုက်သည်နှင့် အလျှို​လျှို​လဲလှယ်သွားကြသည်။ ဖလှယ်​ပွဲ​ပြီးခါနီးတွင် ဝိညာဉ်​ကျောက်​တုံး​ ၃၀၀၀ ဖြင့်​ အဆင့်​၂ အလယ်​အလတ်​အဆင့်​ စုတ်​တံတစ်ချောင်းကို ကျန်း​ချန်​ရွှမ်ဝယ်ယူလိုက်ပြီးနောက် ဖလှယ်​ပွဲ​တွင် သူ့အတွက် အသုံးဝင်နိုင်သောပစ္စည်းများမရှိတော့ပါ။ ခင်မင်​ရာမိတ်ဆွေအချို့ကို နှုတ်​ဆက်​ပြီး​နောက်​ ဇနီး​မောင်နှံ​နှစ်ဦး​လည်း နေထိုင်​ရာ ကျောက်​စိမ်း​ဖြူ​နန်းတော်​သို့ ပြန်လာခဲ့ကြတော့သည်။

ကျန်း​ချန်​ရွှမ်နှင့် ရှန်းရူယန်တို့မှာ စကားအနည်းငယ် ပြောဆို​ကျီ​စယ်ပြီးနောက် ကိုယ်စီကျင့်ကြံရာ အခန်းများအတွင်းသို့ ဝင်ရောက်​အနားယူ​လိုက်ကြတော့သည်။ အခန်းထဲတွင်​ ကျန်း​ချန်​ရွှမ်​သည် သူ​ရရှိ​လိုက်​သော စိမ်းဝါရောင်ကျောက်စိမ်းသုံးခုနှင့် ကောင်း​ကင်​ဝိညာဉ်​နှင်းရေစက် ပုလင်း​တို့​ကို​ထုတ်​ယူလိုက်သည်။ နဂို​ရှိပြီး တစ်ပုလင်းနှင့်ပေါင်းလျှင် စုစုပေါင်း​နှစ်​ပုလင်း​ရှိသွားပြီဖြစ်၍ ရွှေ​သံချပ်​ကာရုပ်​သေး​အဆောင် နှစ်ခုအထိ ဖန်တီး​နိုင်​မည်ဖြစ်သည်။ သို့​သော်​ ကျန်း​ချန်​ရွှမ်၏ အဆောင်ဖန်တီးခြင်း အဆင့်မှာ အဆင့် ၂ အလယ်​အဆင့် ရောက်​ရှိ​သွားပြီ​ဖြစ်​သလို အဆင့်​၂ အလယ်​အလတ်​အဆင့်​ စုတ်​တံ​ကောင်း​ကောင်း တစ်ချောင်းကိုလည်း ရရှိခဲ့ပြီဖြစ်ရာ အဆောင်​သုံး​ခုအထိ ဖန်တီး​နိုင်​လောက်​မည်ဟု သူတွေးမိသည်။

သို့​နှင့်​ အချိန်​မဆွဲတော့ဘဲ လုပ်ငန်း​စရန်ပြင်လိုက်သည်။ ပထမဆုံး​အနေနှင့်​ စုတ်​တံကို သန့်​စင်​ရန်လို​မည်ဖြစ်​သည်။ တစ်​လကြာပြီးနောက် အဆင့်​၂ အလယ်​အဆင့် စုတ်​တံကို အောင်မြင်​စွာသန့်စင်နိုင်ခဲ့ပြီဖြစ်ပြီး ရွှေ​သံချပ်​ကာ ရုပ်သေး​အဆောင်​များ​ကို စတင်ရေးဆွဲပါသည်။ ကုန်​ကြမ်း​ပစ္စည်း​များမှာ အကန့်အသတ်​ရှိသောကြောင့် အဆောင်သုံး​ခု​အထိ ဖန်တီး​ရာ​တွင် အနည်းငယ်​လက်​ဝင်​သည်ဟု ဆိုရ​မည်။ မလို​အပ်​ဘဲ ကုန်​ကြမ်း​ပစ္စည်း​များကို​ မဖြုန်းတီးမိရန် အထူး​ဂရုစိုက်နေရသော်လည်း ကံကောင်း​စွာနှင့်​ စနစ်​မှ​ချီး​မြှင့်​ထားသော​ အဆောင်​ဖန်တီး​ခြင်း​ ပါရမီစွမ်းရည်မှာ အထူးအသုံးဝင်သွားသည်။ တစ်နှစ်​ကြာ​ပြီးနောက်​ ရွှေ​​သံချပ်ကာ​ရုပ်သေး အဆောင်သုံးခုကို အောင်​မြင်​စွာ​ ဖန်တီး​နိုင်​လိုက်​ပြီဖြစ်သည်။

နဂို​ရှိပြီး​အဆောင်​များ​နှင့်​ပေါင်း​လျှင်​ စုစုပေါင်း​အဆောင်​၆ခုထိ ရှိလာပြီ​ဖြစ်​သည်။ တစ်ချိန်တည်း​တွင်​ ကျန်း​ချန်​ရွှမ်၏ ကျင့်ကြံ​မှု​အဆင့်မှာ တတိယ​အဆင့်​ အထွတ်အထိပ်သို့ ရောက်ရှိ​သွားပြီဖြစ်၍ သူရရှိထားသော အဆီအနှစ်​ကောင်း​ကင်ဘုံ​ဆေးပြား​ကို သုံးစွဲ​ရန်​ အချိန်​ကျလာပြီဖြစ်သည်။ သည်​တစ်ခါ အခြေခံ​တည်ဆောက်​မှု​ အလယ်​အဆင့်​ဖြစ်​သည့် စတုတ္ထ​အဆင့်​ကို တက်​လှမ်း​နိုင်​ပါက သူ၏ခွန်​အား​မှာ အဆပေါင်းစွာ ခုန်တက်လာနိုင်မည်ဖြစ်ပြီး အခြေခံ​တည်ဆောက်​မှု​ နောက်​ဆုံး​အဆင့် ​ကျင့်ကြံသူ​တစ်ဦး​ကိုပင် ထိပ်​တိုက်​ရင်ဆိုင်​နိုင်​စွမ်း​ရှိ​လာ​မည်​ဖြစ်သည်။ ထို့နောက်​ ကျန်းချန်​ရွှမ်​သည် အဆီ​အနှစ် ကောင်း​ကင်ဘုံ​ဆေးပြား​ကို မျို​ချလိုက်​ပြီး ဒြပ်ငါးပါးစစ်မှန်မှု နည်း​စနစ်ကို​ လည်​ပတ်လိုက်တော့သည်။

***

နှစ်တစ်ရာကျင့်ကြံပြီးနောက်

အခန်း​ ၅၄ ။ ယဲ့​မျိုး​နွယ်စု​မှ သတင်း​စကား

အုံး!

ထို​အခိုက်တွင် ကျန်း​ချန်​ရွှမ်၏ ကိုယ်တွင်း​မှ ဆေး​စွမ်း​အင်မှာ ရုတ်တရက်​ထိုး​တက်​ပေါက်ကွဲ​သွားသည်။ အာရုံ​မပျံ့လွင်ရန် အထူး​ဂရုပြု၍ ဒြပ်​ငါး​ပါး​နည်း​စနစ်​ကို ပုံမှန်​လှည့်​ပတ်ပေးလိုက်ပြီး ဆေးစွမ်းအင်ကို သွေးကြော​များ​ရှိရာ​သို့ လမ်း​ညွန်​ပို့​ဆောင်လိုက်သည်။ မကြာ​မီ ပေါက်​ကွဲနေသော ဆေးစွမ်းအင်မှာ သန့်စင်​သော စစ်မှန်​မှု​အဆီ​အနှစ်​အဖြစ်​သို့ ဖြည်း​ဖြည်း​ချင်း​ ကူးပြောင်း​သွား​တော့သည်။ နောက်​တစ်​နှစ်​အကြာတွင်….

ကျန်း​ချန်ရွှမ်၏အခန်းထဲမှ ပြင်း​ထန်​အားပါသော အော်​ရာ​လှိုင်း​များ ထိုးထွက်လာတော့သည်။ ကျန်း​ချန်​ရွှမ်​တစ်ယောက်​ အခြေခံ​တည်ဆောက်​မှု စတုတ္ထအဆင့်သို့ တက်​လှမ်း​နိုင်ခဲ့​ပြီဖြစ်သည်။ ကျန်း​ချန်​ရွှမ်​က မျက်လုံး​များကို​ ဖြည်းညင်းစွာ ဖွင့်​လိုက်သည်။ သူ့မျက်နှာထက်တွင် အပြုံးတစ်ပွင့်က ဆင်ယင်​လျက်။

သူ့​ခန္ဓာကိုယ်​ကို စေ့စပ်​စွာ စစ်ဆေး​ကြည့်​လိုက်​ရာ သူ၏ စစ်မှန်​မှု​အဆီ​အနှစ် ​စွမ်းအင်ပမာဏ​မှာ နဂို​ရှိ​ရင်း​ထက် ၅၀% တိုးတက်လာ​ပြီဖြစ်သည်ကို တွေ့ရသည်။ ယခုအခါ သူ၏စစ်မှန်​မှု​ အဆီ​အနှစ်​စွမ်းအင်အဆင့်မှာ အခြေ​ခံ​တည်ဆောက်​ခြင်း သတ္တမအဆင့် ကျင့်ကြံသူ များ​နှင့်ပင် တန်းတူ​ယှဥ်ပြိုင်​နိုင်​ပြီဖြစ်​သလို ဓမ္မ​လက်နက်​များ၊ အဆောင်​ပစ္စည်း​များ​နှင့် မန္တန်​များ အကူအညီ​နှင့်​ဆိုလျှင် အခြေခံ​တည်ဆောက်​မှု​ နောက်ဆုံး​အဆင့်​တွင် ရှိနေ​သော ကျင့်ကြံသူ​များ​ကိုပင် ရင်ဆိုင်​နိုင်​စွမ်း ရှိလာပြီဖြစ်သည်။ နောက်​ထပ်​တစ်နှစ်အတွင်းတွင် ရရှိပြီး ကျင့်ကြံမှုအဆင့်ကို အခြေ​ခိုင်​အောင်​ မွမ်းမံပြီးနောက် နောက်ဆုံး​တွင် ကျင့်ကြံ​ရာ​အခန်း​မှ ထွက်​လာ​ခဲ့တော့သည်။

အပြင်​ရောက်လျှင်​ ရှန်း​ရူယန်​မှာ သူ့ထက်အရင် ကျင့်ကြံမှုပြီးဆုံး​နေသည်ကို တွေ့လိုက်ရသည်။ သူမသည် ဆက်​သွယ်​ရေး​ကျောက်​စိမ်း​ အဆောင်​ကို​ထုတ်ယူစစ်ဆေးလျက်ရှိပြီး ကျန်း​ချန်​ရွှမ်​မှာ ဇနီး​ဖြစ်သူ​ထံတွင် ပြောင်း​လဲ​မှုများရှိနေသည်ကို အာရုံ​ခံမိပြီးနောက် အံ့သြသွားမိသည်။ ရှန်းရူယန်တစ်ယောက် နောက်​တစ်ဆင့်ကို တက်​လှမ်း​လိုက်​ပြန်​ပြီ​ဖြစ်​သည်။ ယခုအခါ​ အဌမ​အဆင့်​ကို ရောက်ရှိနေ​ပြီဖြစ်သည်။ ရှန်းရူယန်မှာလည်း ကျန်း​ချန်​ရွှမ်၏ ကျင့်ကြံ​မှုအဆင့် ပြောင်းလဲသွားပုံကို သတိ​ထား​မိသွားပြီး ကျန်း​ချန်​ရွှမ်​ကို ပြုံးလျက်ကြည့်ရင်း

“ယောက်ျား​ ရှင်​ဒီတစ်​ခါ ဂူပိတ်ကျင့်ကြံလိုက်တာ အတော်လေး တိုးတက်​လာ​ပုံ​ပဲ၊ အခြေခံ​တည်ဆောက်​မှု​ အလယ်​အဆင့်ကို ရောက်​သွား​ပြီပဲ၊ ဂုဏ်ပြု​ပါတယ်​ရှင်”

ကျန်း​ချန်​ရွှမ်က ပြုံး​လျက် ခေါင်း​ညိတ်​ပြ​လိုက်​သည်။

“ကိုယ့်ရလဒ်က သိပ်မ​ဆိုးဘူးပြောရမှာပဲ၊ ဒါပေမဲ့​ ရူယန်၊ ​မင်း​ရဲ့​သွေး​ကြော​ဖွဲ့စည်း​ပုံက အရင်​နဲ့မတူတော့ဘူး၊ နောက်​တစ်ဆင့်ကို​ တက်​လှမ်း​နိုင်​ခဲ့ပြီပေါ့၊ တကယ်​ကို​အထင်ကြီးမိပါတယ်​”

ထို့နောက်​တွင် ဇနီး​မောင်နှံ​နှစ်ဦးမှာ နှစ်​နှစ်​တာ ဂူပိတ်ကျင့်ကြံမှု ကာလ​အတွင်း​က အတွေ့အကြုံများကို ဖလှယ်ရင်း ကြည်​နူးစွာ စကား​ဖောင်​ဖွဲ့​နေပါ​တော့သည်။ ထိုစဉ်​ ကျန်း​ချန်​ရွှမ်​က

“ဒါနဲ့​ ရူယန်၊ ခုနက​ ဆက်သွယ်​ရေး​ကျောက်စိမ်းပြားကို ကြည့်နေတာတွေ့တယ်၊ မိသားစုက ပို့​လိုက်​တာလား”

“မဟုတ်ဘူး​ ယဲ့​မျိုး​နွယ်စုက ပို့လိုက်တာ”

“ယဲ့​မျိုး​နွယ်စု ဟုတ်​ရဲ့လား”

ကျန်း​ချန်​ရွှမ်​တစ်ယောက်​ မျက်​မှောင်ကုပ်သွားမိသည်။

“ဟုတ်​တယ်​၊ ကြက်​သွေး​ရောင်​ရွှေ သတ္တုတွင်းတစ်ခုကို တွေ့ထားတယ်​တဲ့၊ အသေးစိတ်​အခြေအနေ​ကို မသိရသေး​ပေမဲ့ သူတို့​နဲ့​အတူ ဝင်ရှာဖို့ ဖိတ်ခေါ်​ထား​တာ။ ကျွန်မ​တို့​ကို ၂၀% ဝေစုပေးမယ်လို့ပြောသေးတယ်”

ကျန်း​ချန်​ရွှမ်​မှာ တိုး၍အံ့သြမိပြန်သည်။ ကြက်​သွေးရောင်ရွှေသည် သန့်စင်ခြင်းလုပ်ငန်းတွင် အဓိက​ကုန်​ကြမ်း​ပစ္စည်း​ဖြစ်ပြီး​ သတ္တု​အများ​စုသည် အဆင့်​၂ အနိမ့်စား​အဆင့် အများ​ဆုံး​ရှိကြ​ပြီး အချို့​သတ္တုများမှာ အဆင့်​၂ အမြင့်ဆုံးအဆင့်အထိပင် ရှိတတ်ကြသည်။ ကျန်း​ချန်​ရွှမ်၏ အဆင့် ၂ အနိမ့်စား ဓမ္မလက်နက်​ဖြစ်သော​ ကြက်​သွေး​ရောင်​ရွှေ ဝိညာဉ်​ဒိုင်း​ကို ကြက်​သွေး​ရောင်​ရွှေ​သတ္တု​နှင့် အဓိကပြုလုပ်​ထား​ခြင်း​ဖြစ်​သည်။

ထို့​ကြောင့်​ ကြက်​သွေး​ရောင် ​ရွှေ​သတ္တု​တွင်း​တစ်တွင်းသည် အရွယ်အစားသေးငယ်သည်ဆိုဦးတော့ လူအများ​လိုချင်​တပ်​မက်​ဖွယ်​ တန်ဖိုးကြီးရင်းမြစ်တစ်ခုဖြစ်သည်။ ထို​သတ္တု​တွင်း​မျိုး​ကို ယဲ့​မိသားစု​က တွေ့ရှိပြီးနောက် ဖုံးကွယ်​ခြင်း​မရှိသည့်​အပြင်​ ရှန်း​မိသားစု​ကို​ အသိပေး​၍ ဝေစု​ ၂၀% ပေးမည်ဟုပင် ကမ်းလှမ်း​လိုက်​သေးသည်။ ကျန်း​ချန်​ရွှမ်ကတော့ ထိုအချက်မှာ သံသယဖြစ်ဖွယ်ကောင်းသည်ဟု ထင်​မိသည်။

နောက်​တစ်​ချက်​က သတ္တု​တွင်း​ကို တစ်ဖွဲ့တည်းရှာဖွေရန် အင်​အား​မလုံလောက်၍ ပြင်ပအကူအညီ ယူလိုသည်ထား၊ ရှန်း​မိသားစု​ကို တိုက်​ရိုက်​ဆက်သွယ်​ အကူအညီမတောင်းဘဲ၊ သူတို့​နှစ်ဦး​ကို အဘယ်ကြောင့် တကူးတက​ အကြောင်းကြားရပါသလဲ။ ထို့အပြင်​ ကျီဖုအဆင့်​ရှိသော ဂုဏ်​သိက္ခာ​ကြီးမြင့်သည့် မိသားစု​တစ်ခုအနေနှင့် သတ္တုတွင်းတစ်တွင်းကိုပင် မကိုင်တွယ်နိုင်ဘူးလား ဆိုသည့်​အချက်​လည်း​ရှိ​နေသေးသည်။

စဉ်းစား​လေလေ ကျန်း​ချန်​ရွှမ်အဖို့ မသင်္ကာစရာများလေလေ ဖြစ်​လာသည်။ ရှန်းရူယန်ကို သူ့အမြင်ပြောပြကြည့်သောအခါ ရူယန်ကလည်း​ ထောက်ခံ​သည်။

“ဟုတ်တယ်၊ သူတို့​ပြော​တာ​ကတော့ ကုန်​ကျ​စရိတ်​လျှော့ချင်လို့တဲ့၊ ဒါပေမဲ့​ ရှန်းမိသားစုတစ်ခုလုံးနဲ့ ပူးပေါင်း​ဆောင်ရွက်​ရင်​ ၂၀% အထက်​ပေးရမှာပဲ၊ သူတို့​တစ်ခုခု ဖုံးကွယ်​ထား​တယ်လို့ထင်တယ်။ ထောင်​ချောက်​တစ်​ခု​ဖြစ်​နိုင်​တယ်။ ဒါကြောင့်​ ငြင်းလိုက်ကြရင် မကောင်း​ဘူးလား​”

ကျန်း​ချန်​ရွှမ်က ဇနီး​ဖြစ်သူ၏ ဆုံး​ဖြတ်​ချက်​ကို​ သဘောတူ​လိုက်သည်။ သူ့အမြင်အရသည်လို အရှုပ်အရှင်းမကင်းသည့် အရေး​ကိစ္စ​များတွင်​ လက်​ရှောင်​သည်​က အကောင်း​ဆုံး​ဖြစ်​သည်။ အထူးသဖြင့်​ နတ်ဆိုး​သားရဲ​ကပ်ဘေးကြီး တဖြည်း​ဖြည်း နီးကပ်လာချိန်တွင် အစစအရာရာ​ကို သတိ​ကြီး​ကြီး​ဖြင့်​ ချဉ်းကပ်​ရန်လိုအပ်​သည်။ ယဲ့မိသားစု​အား အကြောင်း​ပြန်​ချက်​ပေးပြီး သုံး​ရက်​အကြာ သတ္တုကြောတစ်ခု၏ ဝင်​ပေါက်​နားတွင်.....

ယဲ့​မျိုး​နွယ်​စု​ဝင် ကျင့်ကြံသူ​လေး​ဦးမှာ တစ်စုံ​တစ်​ရာ​ကို တိုင်​ပင်​ဆွေးနွေး​နေကြသည်။ ထိုလူစုထဲတွင် ကျန်း​ချန်​ရွှမ်​၏ အသိအကျွမ်း​ဖြစ်​သူ ယဲ့​ဖေး​ချန်​လည်းပါဝင်သည်။ ကျန်သုံးဦးမှာ ယဲ့​မိသားစု​၏ ပထမ​အကြီးအကဲ​ဖြစ်သူ ယဲ့ဖေးယန်၊ စတုတ္ထ​အကြီးအကဲ​ ယဲ့ဝမ်ကျူ နှင့်​ အဌမ​အကြီးအကဲ​ ယဲ့တုန်းရှန်တို့ဖြစ်သည်။ ယဲ့တုန်းရှန်က

“ပထမ​အကြီးအကဲ အခြေအနေ​ဘယ်လို​ရှိ​လဲ၊ ဘယ်​နှစ်ယောက်​လာမှာတဲ့လဲ”

ယဲ့ဖေးယန်မှာ မျက်​မှောင်ကုပ်လျက် တည်​ငြိမ်​စွာဖြေသည်။

“ကျန်း​ချန်​ရွှမ်နဲ့ ရှန်း​မိသားစု​ဝင် သူ့မိန်းမရယ်၊ ကျန်း​မိသားစု​က ကျန်း​ခိုင်ရွှမ်​ရယ်၊ ချန်ထျန်း​ဂိုဏ်း​က ကုချန်းရှန်ရယ်၊ လော့​ရှား​မန်​ဂိုဏ်းက အကြီးအကဲ​တချို့​ရယ် ဒီလူတွေ​အားလုံး​ ငြင်း​ထား​တယ်”

“ဘယ်လို....​ဘာလို့​ငြင်းတာတဲ့လဲ”

ယဲ့ဖေးယန်၏ အဖြေ​ကို​ကြားလျှင် ကျန်သုံးဦးမှာ ဒေါပွကုန်ကြသည်။ အဖြူရောင်​ဝတ်စုံ​ ဆင်​မြန်း​ထား​သည့် ယဲ့ဝမ်ကျူ​က အေး​စက်​စက်​လေသံနှင့်

“ဒါ​ဘာသဘောလဲ​၊ ဒီလူတွေက ယဲ့​မိသားစု​ကို အထင်​သေးတာလား”

ယဲ့ဖေးချန်းက ပြေရာပြေကြောင်း ဝင်ပြောသည်။

“ကြည့်​ရတာ​ ကျုပ်​တို့နည်းနည်းလောသွားပုံပဲ၊ ကျန်း​ချန်​ရွှမ်​၊ ကျန်း​ခိုင်ရွှမ် နဲ့ ကုချန်းရှန် ဒီသုံးယောက်က သတိကြီးကြီးထားတဲ့ လူစားမျိုးတွေပဲ၊ ကျုပ်​တို့​ကမ်းလှမ်းချက်က မပြည့်စုံတဲ့အတွက် အရဲမစွန့်ချင်ကြလို့ ဖြစ်​ပါလိမ့်မယ်​”

ယဲ့​တုန်း​ရှန်က သူ့စကားကို ထောက်ခံ​လိုက်​သည်။

“အမှန်​ပဲ၊ ငါတို့​မှာ အချိန်​မရှိခဲ့တဲ့အတွက် အခြေအနေ​ကို အသေးစိတ်မပြောပြလိုက်နိုင်ခဲ့ဘူး၊ မဟုတ်​ရင် သူတို့​ငြင်း​မှာ​မဟုတ်ဘူး​”

“အခု​မှပြောနေလို့ ဘာထူးတော့မှာလဲ၊ ဒီလူတွေ​ မလာ​ရင် ဘာဆက်​လုပ်​ကြမလဲ”

ယဲ့ဝမ်ကျူ​က မကျေမချမ်းနှင့် ရေရွတ်​နေသည်။ ပထမအကြီးအကဲ ယဲ့ဖေးယန်က တွေးတွေးဆဆနှင့် ပြောသည်။

“လာကြမဲ့လူတွေရှိမှာပါ၊ အကျိုး​အမြတ်​အတွက် မစဉ်းစား​ဘဲ စွန့်စားမဲ့လူတွေ ရှိပါတယ်”

***

နှစ်တစ်ရာကျင့်ကြံပြီးနောက်

အခန်း​ ၅၅ ။ အရေးပေါ်​အစည်းအဝေး

ပထမအကြီးအကဲ ယဲ့ဖေးယန်၏ စကား​ကြောင့်​ ကျန်​သုံး​ဦးမှာ မတိုင်ပင်ဘဲ ပြိုင်တူကြည့်မိလိုက်ကြသည်။ ထိုစဉ်​ ယဲ့ဖေးယန်၏ လက်​ထဲရှိ ဆက်သွယ်ရေးကျောက်စိမ်း​ပြား​မှာ ရုတ်တရက်လင်း​သွားပြီး ယဲ့ဖေးယန်​က ကျေနပ်စွာပြုံးလိုက်သည်။

“လျှိုယွင်ဂိုဏ်းက ဝမ်တုန်လဲ့နဲ့ သူ့ရဲ့ဂျူနီယာညီ မားချန်းရှန်တို့က တစ်ရက်အတွင်း ဒီကို လာခဲ့မယ်လို့ပြောတယ်”

“တကယ်လား​”

သည်​သတင်း​ကြောင့်​ ယဲ့ဖေးချန်၊ ယဲ့တုန်းရှန်နှင့် ယဲ့ဝမ်ကျူ​တို့မှာ ဟန်မဆောင်နိုင်လောက်အောင်ပင် ပျော်ရွှင်​သွားကြသည်။ ထို့​နောက်​ ယဲ့ဝမ်ကျူ​က

“ဒါဆို​အခုဦးစားပေးရမဲ့ကိစ္စက……..”

တစ်လ​ကြာပြီးနောက် ထိတ်လန့်​တုန်လှုပ်​ဖွယ် သတင်း​တစ်​ခုက ကျင့်ကြံသူ​များနှင့် ဂိုဏ်းအသီးသီးကြား​တွင် တောမီးလောင်သလို ပျံ့နှံ့​သွားသည်။ လျှိုယွင်ဂိုဏ်းလက်အောက်ရှိ အဆင့် ၂ စျေးနှစ်ခုကို အမျိုး​အမည်​မသိရသော ကျင့်ကြံသူများ ဝင်ရောက်​တိုက်ခိုက်​သွားသည်။ စျေး​ကို​စောင့်ကြပ်​သူနှစ်ဦးဖြစ်သည့် ဝမ်တုန်လဲ့နှင့် မားချန်းရှန်တို့နှစ်ဦးမှာ တိုက်ခိုက်​ခံရ​ချိန်​တွင် ရှိမနေသောကြောင့် စျေးများကို ကာကွယ်​ထား​သည့် ခံစစ်အစီအရင်မှာ အလွယ်တကူ​ပင် ကျိုး​ပျက်​သွားသလို စျေးရှိရတနာအားလုံး လုယက်​ခံလိုက်ရသည်။ စျေး​ရှိ ကျင့်ကြံသူ​အားလုံး​လည်း အသတ်ခံလိုက်ရသည်။

ဤဖြစ်ရပ်ကြောင့် လျှိုယွင်ဂိုဏ်း၏ ထိပ်သီး​အကြီးအကဲများမှာ ဒေါသ​ပေါက်ကွဲ​ပြီး လျှိုယွင်​ဂိုဏ်း၏ ကျီဖုအဆင့်ကျင့်ကြံသူ ကျင်း​ဝူချန်မှ ကျန်ရှိနေသော အခြေခံတည်ဆောက်​မှု​အဆင့်​ နှင့်​ ချီသန့်စင်ခြင်းအဆင့် ကျင့်ကြံသူများကို ဦးဆောင်၍ အဆိုပါကိစ္စအား စုံစမ်း​အရေးယူ​ရန် ခရီး​ထွက်လာရာ လမ်း​ခုလတ်​တွင် ချုံခိုတိုက်ခိုက်ခံလိုက်ရပြန်သည်။ ကျန်း​ဝူချန်မှာ ရုတ်တရက်​ရောက်​လာသော ကျီဖုအဆင့် ကျင့်​ကြံ​သူသုံးဦး၏ ညှပ်​ပူး​ညှပ်​ပိတ်​ တိုက်ခိုက်​မှုကို​ ခံလိုက်ရ​ပြီး သေဆုံးသွားသလို တပည့်များဖြစ်သည့် အခြေခံ​တည်ဆောက်​မှု​အဆင့်​ နှင့်​ ချီသန့်စင်ခြင်း​အဆင့် ကျင့်ကြံသူများမှာလည်း အမည်မသိ ကျီဖုအဆင့်ကျင့်ကြံသူသုံးဦးနှင့် နောက်​ပါများ လက်ချက်ဖြင့် တစ်ယောက်​မကျန် အမြစ်ဖြုတ်​သုတ်သင်ခံလိုက်ရသည်။

ဇာတ်လမ်း​က သည်တွင်မရပ်ဘဲ ကန်း​ယန်​ဂိုဏ်း​သို့ နတ်ဆိုးကျင့်ကြံ​သူ​နှိမ်နင်း​ရာတွင် ပါဝင်ရန်​ ခရီး​သွား​နေသော လျှို​ယွင်​ဂိုဏ်း​သား​များမှလွဲ၍ ကျန်ရစ်ခဲ့သော လျှိုယွင်တစ်ဂိုဏ်းလုံးနီးပါးမှာ အမည်​မသိ​ကျင့်ကြံသူ​များ​လက်ချက်ဖြင့် ချေမှုန်းသုတ်သင်ခံလိုက်ရပြန်သည်။ ကန်း​ယန်​ဂိုဏ်း​တွင် ရောက်ရှိနေ​သော လျှိုယွင်ဂိုဏ်း​သား​များနှင့် ကျီဖုအဆင့် ဂိုဏ်း​ချုပ်​အကြီး​အကဲ​ဖြစ်​သူ ရွှီဟိုင်သာ ကံကောင်း​ထောက်မ၍ မကျန်​ခဲ့ပါက ယွင်​နိုင်ငံ​တွင် နှစ်​ထောင်​ချီရပ်တည်လာခဲ့သည့် ကျီဖုအဆင့်​ရှိသော လျှို​ယွင်​ဂိုဏ်း​ကြီးမှာ အစအနမကျန် ပျောက်​ကွယ်​သွားမည်ဖြစ်သည်။

အဆိုပါ​တုန်​လှုပ်​ဖွယ်​သတင်း​က အင်​မော်​တယ်​မျိုး​နွယ်စု​အားလုံး​နှင့် ဂိုဏ်း​အသီးသီး​ကို တပ်လှန့်လိုက်သလို ဖြစ်သွားသည်။ လူအားလုံး​က ထိုဖြစ်ရပ်အတွက် ယဲ့အင်မော်တယ်မိသားစုကို သဘာဝ​ကျစွာပင် လက်ညှိုး​ထိုးကြသည်။ အဆိုပါ​အဖြစ်အပျက်​မတိုင်မီ ယဲ့မိသားစုက ဂိုဏ်း​အသီးသီး​နှင့် မျိုးနွယ်စု​အသီးသီးမှ အကြီးအကဲများကို သံသယ​ဖြစ်​ဖွယ်​ ဆက်သွယ်​စည်းရုံး​ခဲ့သည်မဟုတ်ပါလား။ များမကြာခင် ချန်ထျန်း​ဂိုဏ်း​၊ လော့​ရှား​မန်​ဂိုဏ်း​နှင့် ကျန်း​မျိုး​နွယ်စုတို့ စုပေါင်း​ပြီး ယဲ့မိသားစုအိမ်တော်သို့ ချီတက်​ကြတော့သည်။ သို့​သော်​ ယဲ့အိမ်တော်ရောက်သည့်အခါ ယဲ့​မျိုးနွယ်စု​ဝင်အများ​အပြား​တို့မှာ အတုံးအရုံး သေဆုံး​နေကြသည်ကို တုန်လှုပ်ဖွယ်တွေ့ရပြီး အလောင်း​များသည်လည်း နတ်ဆိုးကျင့်ကြံသူများ၏ ယဇ်ပူဇော်ခြင်းခံရသလို ခြောက်​ကပ်လျက်ရှိသည်။ ကျီဖုအဆင့်​ကျင့်​ကြံ​သူများ​၏ ခန့်မှန်းချက်အရ​ ယဲ့ဖေးယန်​နှင့် အပေါင်း​အပါသုံးဦး၏ လက်​ချက်​ဖြစ်သည်ဟု ဆိုကြသည်။

ထို​ခန့်​မှန်း​ချက်​သာမှန်သည်ဆိုလျှင် မိမိ၏ မျိုး​နွယ်စု​တစ်​ခု​လုံးနှင့် ယဲ့အိမ်တော်ရှိ သာမန်သေ​မျိုး​လူသား သောင်း​ဂဏန်း​ကို သတ်ဖြတ်​ပစ်သော ယဲ့ဖေးယန်​တို့လေးဦးတို့၏ အကြံ​အစည်မှာ သွေးပျက်ဖွယ် ကြမ်း​ကြုတ်​လွန်းလှသည်။

ထို့​ထက်​အရေးကြီး​သည်မှာ အဆိုပါ​ သွေးပျက်ဖွယ် ကပ်ဘေးကြီး​ဆိုက်​ရောက်ပြီး ဂိုဏ်းကြီးနှစ်ခု ပျက်​သုဉ်းလုမတတ် ဖြစ်သွားသည်ကို ကျီဖုအဆင့်​ မျိုး​နွယ်စု​များနှင့် ဂိုဏ်းအသီးသီး​မှာ ကြိုတင်​ခန့်မှန်း​နိုင်​ခြင်းမရှိ​ခဲ့သလို တုံ့ပြန်နိုင်စွမ်းလည်း မရှိ​ဘဲ လက်ပိုက်​ကြည့်နေ​ခဲ့ရခြင်းဖြစ်သည်။ ကျင့်ကြံသူ​အားလုံး​အနေနှင့် အဆိုပါ​ဖြစ်စဉ်၏ နောက်ကွယ်​တွင် ယဲ့ဖေးယန်​တို့ကို​ ကြိုး​ကိုင်​နေသူများ ရှိကိုရှိရမည်ဟု ယူဆထားကြသည်။

ထို​အချိန်​တွင် ကျောက်​စိမ်း​ဖြူ​စျေး​ရှိ ကျောက်​စိမ်း​ဖြူ​နန်းတော်​တွင် ကျန်း​ချန်​ရွှမ်​တို့ ဇနီးမောင်နှံ​သည် အစီအရင်​ထုတ်​လွှင့်နည်းသုံး၍ ယွီဟွာတောင်တွင် ရှိနေသော ရှန်းတောက်​မင်နှင့် ရှန်း​ရူရွှမ်၊ အဆင့်၂ ဝိညာဉ်​သွေးကြော​ကို စောင့်ကြပ်နေသော ရွှီချန်းဟယ်​တို့​နှင့် အရေး​ပေါ်​စည်း​ဝေးလျက်ရှိသည်။ ရှန်း​တောက်​မင်​က

“ယဲ့​မျိုး​နွယ်စု​က ကျန်နေသေးတဲ့ အခြေခံ​တည်ဆောက်​မှု​အဆင့်​နဲ့ အထက်​ ကျင့်ကြံသူတွေ နတ်ဆိုးလမ်း​စဉ်​နောက် လိုက်​သွားပြီလို့ သတင်း​ကြားတယ်၊ ယဲ့မျိုးနွယ်စုကနေ ကန်း​ယန်​ဂိုဏ်း​ကို စေလွှတ်​ထား​တဲ့အထဲက ခေါင်း​ဆောင်​တချို့​လည်း ထွက်​ပြေးသွားတယ်။ အခု​ကန်း​ယန်​ဂိုဏ်း​က ကျန်ရစ်ခဲ့​တဲ့ ယဲ့​မျိုး​နွယ်စု​ဝင်​အားလုံး​ကို​ ထိန်း​သိမ်း​ထားတယ်။ နောက်​ပြီး​ လျှို​ယွင်​ဂိုဏ်း​ရဲ့ ဂိုဏ်း​ချုပ်​အကြီးအကဲ​ အင်မော်တယ်ရွှီဟိုင်လည်း လုပ်​ကြံ​ခံရတယ်။ လျှို​ယွင်​ဂိုဏ်း​ရဲ့ ဆုံး​ရှုံး​မှု​တွေကြောင့် နတ်ဆိုးကျင့်ကြံသူနှိမ်နင်းတဲ့ စစ်ဆေး​ရေး​မှာ မဆင်ခြင်ဘဲ ဒေါသ​တကြီး​လှုပ်​ရှားရာကနေ နတ်ဆိုးကျင့်ကြံသူတွေရဲ့ ထောင်​ချောက်​မိသွားခဲ့တာ၊ ဒါပေမဲ့​ ကံကောင်း​ထောက်မ​စွာနဲ့ အသက်​တော့​မသေခဲ့ဘူး။ ဒဏ်ရာ​အကြီး​အကျ​ယ် ရသွားတယ်လို့ပြောတယ်။ ကျုပ်​တို့ ရှန်း​မျိုး​နွယ်စုကတော့ ဘာအထိအခိုက်မှမရှိသေးပါဘူး”

ထို့​နောက်​ ရှန်းတောက်မင်၏ မျက်​နှာ​အမူအရာ​မှာ တင်းမာလေးနက်လာပြီး

“နတ်ဆိုး​ကျင့်ကြံသူတွေက လမ်း​မှန်ကျင့်ကြံသူတွေနဲ့ ဂိုဏ်း​အဖွဲ့​တွေအကြား ချစ်ကြည်မှုကို​ သွေး​ထိုး​ဖျက်ဆီး​နေတာ သိသာတယ်။ နောက်​ထပ်​ ဘယ်​မိသားစု​က ယဲ့မိသားစု​လမ်းစဥ်နောက် ထပ်​လိုက်သွားမလဲ မပြောနိုင်ဘူး”

နတ်ဆိုးကျင့်ကြံ​သူများ၏ အကြံအစည်မှာ ပိရိကောက်ကျစ်လှသည်။ အထူးသဖြင့်​ ကန်းယန်​ဂိုဏ်း​အနေနှင့် သီးခြား​ရပ်တည်​နေသော မျိုး​နွယ်စု​များ​နှင့် ဂိုဏ်း​များ​အပေါ် သံသယဝင်လာပါက နတ်ဆိုး​သားရဲ​အရေး မတိုင်ခင်တွင်ပင် ယွင်​နိုင်ငံ​မှာ တစ်စစီပြိုလဲသွားနိုင်ပေသည်။ ထို​အချက်​ကို နားလည်​သော ကျန်း​ချန်​ရွှမ်​နှင့် ကျန်နှစ်ဦးမှာလည်း နှုတ်ဆိတ်လျက်ရှိသည်။ ယခု​အခြေအနေ​မှာ အမှား​မခံနိုင်သော ထိလွယ်ရှလွယ် အနေအထား​မျိုးဖြစ်သလို သည်အတိုင်းဆက်သွားပါက မျိုး​နွယ်စုများနှင့် ဂိုဏ်း​များ​အားလုံး​ တစ်ညီတညွတ်တည်း စုပေါင်း​ပြီး နတ်ဆိုး​သားရဲ​ကပ်​ဘေးကို ရင်ဆိုင်ခုခံနိုင်တော့မည်မဟုတ်ပါ။

“ဒါဖြင့်​ဘယ်​လို​လုပ်​သင့်သလဲ၊ ဘယ်​လို​လုပ်​ရမှာလဲ​”

ရွှီချန်း​ဟယ်​က​ မေးခွန်း​ထုတ်သည်။ အားလုံး၏ အကြည့်က​ ရှန်း​တောက်​မင်ထံ ရောက်သွားသည်။

“စစ်ဆေး​ရမယ်။ ရှန်း​မျိုး​နွယ်စု​ဝင်​အားလုံး အစစ်ဆေးခံရမယ်။ မျိုး​နွယ်စု​ထဲက လူအားလုံး​ အသိ​စိတ်​စင်မြင့်​ပေါ်​တက်​ပြီး မိစ္ဆာ​လမ်း​စဥ်​နောက် လိုက်​နေမှုရှိမရှိ၊ နတ်ဆိုး​ကျင့်ကြံ​သူ​တွေနဲ့ ရှိ​မရှိဆိုတာကို စစ်ဆေး​ရလိမ့်မယ်၊ ခင်ဗျား​တို့ ​ကိုယ်စီ​တာဝန်​ယူထားတဲ့ နေရာ​တွေမှာ အဆင့်​၂ အသိစိတ်စင်မြင့်တွေရှိတယ်၊ အချိန်​ကျတာနဲ့ ချီသန့်စင်ခြင်းအဆင့် ကျင့်ကြံသူအားလုံးကို စင်မြင့်​ပေါ်​တက်ခိုင်းပြီး စစ်ဆေး​ပါ။ အခြေခံတည်ဆောက်​မှု​အဆင့်​ ကျင့်ကြံသူ​တွေကိုတော့ အဆင့် ၃ နလုံးထွင်းစစ်ဆေးခြင်း အဆောင်​ပစ္စည်းတွေသုံးပြီး စစ်ဆေး​ပါ။ သူတို့​ထဲက နတ်ဆိုးကျင့်ကြံ​သူတွေနဲ့ ဆက်စပ်နေကြောင်း ပေါ်​လာရင် ကျုပ်​ကို​တင်​ပြစရာမလိုဘူး၊ ချက်​ချင်း​သုတ်​သင်​ပစ်ပါ”

ရှန်းတောက်မင်၏ လေသံ​မှာ စိုးရိမ်​ပူပန်​ဟန်​နှင့် ဒေါသမာန်များ ပေါင်း​စပ်​ကာ တည်ကြည်လေးနက်နေသည်။ ယဲ့​မိသားစု​သည် ကျန်း​ချန်​ရွှမ်​နှင့် ​ရှန်း​ရူယန်တို့ နှစ်ဦးကိုလည်း စည်း​ရုံး​ခဲ့သေးကြောင်း သူသိပြီးသောအခါ အတော်ပင်တုန်လှုပ်သွားမိခဲ့သည်။ ကျန်း​ချန်​ရွှမ်​တို့​သာ ယဲ့​ဖေး​ယန်၏စကားကို နားယောင်ခဲ့ပါက လျှို​ယွင်​ဂိုဏ်း​နေ​ရာတွင် ရှန်း​မျိုး​နွယ်စု​ဖြစ်​သွားနိုင်​ချေရှိသည် မဟုတ်ပါလား။

သူတို့​လေး​ဦး တိုင်​ပင်​ဆွေးနွေး​နေချိန် ကန်း​ယန်​ဂိုဏ်း​ဌာနချုပ်​မှ ကီ​လို​မီတာ​ ထောင်ချီဝေးသော ရေကန်​ကြီး​တစ်ကန်အနီးတွင် နန်း​ကုန်း​ပိုင်​ကျန်း​သည် သူ့ရှေ့မှောက်ရှိ လူအုပ်​ကြီးကို စူးစူး​ရဲရဲ​ အကဲခတ်​နေသည်။ ထို့နောက်​ နန်းကုန်း​သည် သူ့လက်တစ်ဖက်ကို အသာဝှေ့ယမ်းလိုက်သည်။ ကျယ်​လောင်​သော အသံ​တစ်ခု မြည်ဟိန်း​သွားပြီး မီတာ​ဒါဇင်ပေါင်းများစွာ မြင့်​သော လှေကား​ရှည်​ကြီးတစ်ခု ပေါ်လာသည်။ ထို​လှေကားကြီးသည် ကန်း​ယန်​ဂိုဏ်း​ပိုင်​ဆိုင်​သော အသိစိတ်စင်မြင့် နှစ်ခုအနက် တစ်ခုဖြစ်ပြီး အဆင့်​၄ ရှိသည်။ ထို့နောက်​ နန်းကုန်း​ပိုင်​ကျန်း​က မတုန်မလှုပ်လေသံဖြင့်

“မင်း​တို့​အားလုံး​ ဘာရာထူး ဘာအဆင့်ရှိရှိ အကုန်​လုံး ဒီပေါ်တက်ပြီး စစ်ဆေး​ခံရ​မယ်”

***

All Chapters