အခန်း (၅၆-၆၀)
Vol. 3 Ch. 56-60
နှစ်တစ်ရာကျင့်ကြံပြီးနောက်
အခန်း ၅၆ ။ အရေခြုံမန္တန်
နန်ကုန်းပိုင်ကျန်းစကားကြောင့် လူအားလုံး ကျွက်စီကျွက်စီ ဖြစ်ကုန်သည်။ အသိစိတ်စင်မြင့်ပေါ်သို့ တက်လိုက်သည်နှင့် တက်သူမှာ မိမိအတွေးကို ထိန်းချုပ်နိုင်စွမ်းမရှိတော့ဘဲ စင်မြင့်ကိုထိန်းချုပ်သူ မေးသမျှကို ခြွင်းချန်ခြင်းမရှိ ဖြေဆိုကြရတော့မည်ဖြစ်သည်။ အကယ်၍ နန်းကုန်းပိုင်ကျန်းသာ ဂိုဏ်းအသီးသီး၏ လျှို့ဝှက်ချက်များကို မေးမြန်းမည်ဆိုပါက သူတို့အားလုံး ကွယ်ဝှက်နိုင်ခြင်းမရှိဘဲ အကုန်အစင် ဖွင့်ဟရတော့မည်ဖြစ်ရာ သူတို့၏စိုးရိမ်ပူပန်မှုမှာ သဘာဝကျပါသည်။
နန်းကုန်းပိုင်ကျန်းက လူအများ၏ စိုးရိမ်မှုကို သဘောပေါက်လိုက်ပြီး အသံခပ်ပြတ်ပြတ်နှင့် တုံ့ပြန်လိုက်သည်။
“စင်မြင့်ပေါ် တက်သွားတဲ့လူကို မဆိုင်တဲ့မေးခွန်းတွေ မေးမှာမဟုတ်ဘူး။ နတ်ဆိုးကျင့်ကြံသူတွေနဲ့ ပတ်သက်မှုရှိမရှိဆိုတဲ့ မေးခွန်းပဲမေးမှာဖြစ်တယ်”
သူ၏အာမခံစကားကို ကြားလိုက်မှ ကျင့်ကြံသူအားလုံး စိတ်သက်သာရာရသွားကြသည်။ ကန်းယန်ဂိုဏ်း၏ ရွှေအမြုတေအဆင့် အကြီးအကဲသုံးဦးအနက် တစ်ဦးဖြစ်သည့် နန်ကုန်းပိုင်ကျန်း၏ ကတိစကားမှာ အာမခံမှုအပြည့်ရှိသည်လေ။ ခဏအကြာတွင် ကန်းယန်ဂိုဏ်းမှ ကျင့်ကြံသူတစ်ဦးက စင်မြင့်ပေါ်သို့ ပထမဆုံးတက်ပြီး အစစ်ဆေးခံလိုက်သည်။ နန်းကုန်းပိုင်ကျန်းက
“မင်းက နတ်ဆိုးကျင့်ကြံသူလား၊ ဒါမှမဟုတ် နတ်ဆိုးကျင့်ကြံသူတွေနဲ့ ပတ်သက်မှုရှိလား”
ကန်းယန်ဂိုဏ်းသား ကျင့်ကြံသူက ချက်ချင်းပြန်ဖြေသည်။
“နတ်ဆိုးကျင့်ကြံသူမဟုတ်ပါဘူး။ နတ်ဆိုးကျင့်ကြံသူများနဲ့လည်း ဆက်စပ်မှုမရှိပါဘူး”
ထိုအခါ နန်းကုန်းပိုင်ကျန်းက ထိုလူအား စင်မြင့်အောက်သို့ ပြန်ဆင်းခိုင်းလိုက်တော့သည်။ ထိုမြင်ကွင်းကြောင့် စိုးရိမ်စိတ်အနည်းငယ် ကျန်နေသေးသူတို့မှာ လုံးလုံးလျားလျား စိတ်သက်သာရာရလိုက်ကြသည်။ ထို့နောက် လူအားလုံးသည် တစ်ယောက်ပြီးတစ်ယောက် စင်မြင့်ပေါ်သို့ တက်ကာ အစစ်ဆေးခံကြသည်။ ရှန်းယွမ်လုံနှင့် ရှန်းမျိုးနွယ်စုဝင် ကျင့်ကြံသူ အားလုံးမှာလည်း အစစ်ဆေးခံပြီးပြီဖြစ်သည်။ သို့သော် ရှန်းယွမ်လုံ၏ နားထဲတွင် ရှန်းမန်ရွှယ်၏မှာကြားချက်က စွဲမြဲနေသလို ခံစားနေရသည့်အတွက် စင်မြင့်ပေါ်မှ ဆင်းပြီးသည်နှင့် နန်ကုန်းပိုင်ကျန်းအား မနှုတ်ဆက်တော့ဘဲ ထွက်ခွာရန်ပြင်လိုက်သည်။
နန်းကုန်းပိုင်ကျန်း၏ ပတ်လည်တွင် သူ့ထံမှ မျက်နှာသာရလိုသော ကျင့်ကြံသူများနှင့် ပြည့်လျှံနေသည်။ ထိုလူများမှာ နန်းကုန်းပိုင်ကျန်း၏ အနားသို့ မရအရတိုးကပ်၍ အမျိုးမျိုးအဖုံဖုံ ရှာကြံမြှောက်ပင့်လျက်ရှိရာ နန်းကုန်း၏ မူလတင်းမာသော မျက်နှာထားမှာ ပြုံးယောင်သမ်းလာတော့သည်။ ထိုအခိုက်တွင် စင်မြင်ပေါ်မှ စစ်ဆေးမှုခံယူပြီး ဆင်းလာသော အခြေခံတည်ဆောက်မှုအဆင့် ကျင့်ကြံသူအချို့မှာ နန်ကုန်းပိုင်ကျန်းအနီးသို့ ခြေလှမ်းကျဲကျဲဖြင့် ချဉ်းကပ်လာသည်။ နန်းကုန်းပိုင်ကျန်းအား မျက်နှာချိုသွေးနေသော ကျီဖုအဆင့် ကျင့်ကြံသူများမှာ မျက်မှောင်ကြုံ့သွားပြီး မေးခွန်းထုတ်လိုက်သည်။
“ရပ်လိုက်စမ်း မင်းတို့ဘာကိစ္စရှိလို့လဲ”
အနားသို့ကပ်လာသော အခြေခံတည်ဆောက်မှုအဆင့် ကျင့်ကြံသူများမှာ တစ်ဦးမျက်နှာတစ်ဦး ကြည့်လိုက်ပြီးနောက် ဖြေကြားခြင်းမပြုဘဲ နန်းကုန်းပိုင်ကျန်းထံသို့ လျင်မြန်စွာလျှောက်လာကြသည်။
ကျီဖုအဆင့် ကျင့်ကြံသူများမှာ မျက်နှာများတင်းမာသွားကြသလို လူအုပ်ကြီး၏ အလယ်တွင် ပိတ်မိနေသည့် နန်းကုန်းပိုင်ကျန်းမှာလည်း တစ်ခုခုမှားယွင်းနေသည်ကို အာရုံခံလိုက်မိပြီး မျက်နှာအကြီးအကျယ် ပျက်သွားသည်။
“အခြေအနေမကောင်းဘူး အားလုံး ရှောင်ကြဟေ့”
အုံး!
ပြင်းထန်သော ပေါက်ကွဲမှုကြီးတစ်ခု ဖြစ်ပေါ်ကာ မီးလျှံများမှာ ကောင်းကင်ထိ ထိုးတက်သွားသည်။ ပေါက်ကွဲမှုကြီး၏ နောက်ဆက်တွဲအဖြစ် အားပါပြင်းထန်ပြီး နတ်ဆိုးချီအငွေ့အသက်များ ပြည့်လျှံနေသော လှိုင်းဂယက်ကြီးတစ်ခုသည် ပေါက်ကွဲမှုဧရိယာကို ဗဟိုပြုလျက် ဖြာထွက်ပြန့်ကားသွားသည်။ ဒဏ်ရာမှသက်သာစပြုနေသော လျှိုယွင်ဂိုဏ်း၏ ဂိုဏ်းချူပ်အကြီးအကဲ ရွှီဟိုင်မှာ ကြောက်မက်ဖွယ်လှိုင်းဂယက်ကြီး၏ တိုက်စားမှုကြောင့် တစ်စစီပေါက်ကွဲသွားသလို အခြားသော ကျီဖုအဆင့် ကျင့်ကြံသူများသည်လည်း ပေါက်ကွဲသံကြားကြားချင်း အကာအကွယ်ဓမ္မလက်နက်များ ကမန်းကတန်း ထုတ်ယူကာကွယ်လိုက်သော်လည်း အနည်းငယ်နောက်ကျသွားပြီး အချို့မှာ ဒဏ်ရာအကြီးအကျယ်ရရှိသွားကြသည်။
“ဟား ဟား ဟားဟား”
အားရပါးရရယ်မောသံကြီးကို ကျင့်ကြံသူအားလုံးကြားလိုက်ရသည်။ ချက်ချင်းဆိုသလိုပင် မိစ္ဆာချီအော်ရာများ ရစ်ပတ်ထားသည့် ဧရာမ အနက်ရောင် ပုတီးစေ့ကြီးလေးလုံးက သူတို့အားလုံးထံ ဦးတည်ပျံသန်းလာသည်။
“မိစ္ဆာပုတီးတွေဟ”
မသေမပျောက်ဘဲ ကျန်ရစ်သူ ကျီဖုအဆင့် ကျင့်ကြံသူများမှာ အလန့်တကြားထအော်လိုက်မိသည်။ သူတို့ကို ဒဏ်ရာအပြင်းအထန် ရရှိစေခဲ့သည့် တိုက်ခိုက်မှုမှာ အဆင့်၃ မိစ္ဆာပုတီးလက်နက်ကြောင့်ဖြစ်ကြောင်း နားလည်လိုက်မိကြသည်။ ယခု နောက်ထပ် ပုတီးလေးလုံး ဝင်လာပြန်ပြီဖြစ်သည်။ သည်ပုတီးလုံးများ ထိမှန်မိပါက အသက်မသေလျှင်တောင် မသေရုံတမည် ဒဏ်ရာရရှိပြီး တာအိုလမ်းစဉ်ကို အပြီးအပိုင် စွန့်လွှတ်လိုက်ရမည်ဖြစ်သည်။
“တစ္ဆေအရိပ် ရှဲ့ဖေးယန်၊ မင်းလက်ချက်ကိုးကွ”
ထိုစဉ် နန်ကုန်းပိုင်ကျန်း၏ အသံကြီးကို အားလုံးကြားလိုက်ရပြန်သည်။ ထို့နောက်တွင် နန်ကုန်းပိုင်ကျန်းရှိနေသောနေရာမှ အစွမ်းထက်မှော်စွမ်းအင်များ ဝန်းရံထားသည် လှံရှည်ကြီးတစ်ခု တိုးထွက်လာပြီး ပျံဝဲနေသည့် ပုတီးလေးလုံးကို လေထဲမှာပင် ဖျက်ဆီးလိုက်သည်။ ရွှေအမြုတေအဆင့် ကျင့်ကြံသူ နန်းကုန်းပိုင်ကျန်း မည်မျှအထိ အစွမ်းကြီးသည်ကို ထိုတစ်ချက်တည်းနှင့်ပင် သိမြင်နိုင်ပါသည်။ သူ၏မျက်လုံးများမှာ ဒေါသမီးဖြင့် အလျှံတညီးညီး တောက်လောင်နေသလို ဒဏ္ဍာရီလာ စစ်နတ်ဘုရားတစ်ပါး အသွင်ဆောင်နေသည်။ နန်ကုန်းပိုင်ကျန်း၏အကြည့်က လူအုပ်ကြားထဲရှိ ချီသန့်စင်ခြင်းအဆင့်သာရှိသော သာမန်ကျင့်ကြံသူတစ်ဦးအပေါ် ရောက်ရှိနေသည်။ ထိုကျင့်ကြံသူမှာ ရုတ်တရက် ပြုံးပြလိုက်သည်။ သူ့အပြုံးမှာ ကျောချမ်းစရာ ကြောင်စီစီနိုင်လှသည်။
ထိုခဏတွင် ထိုကျင့်ကြံသူ၏ ခန္ဓာကိုယ်သည် ဖယောင်းတိုင်အရည်ပျော်သလို ကြုံ့ဝင်သွားပြီး ဝါညိုရောင်အရေပြားမှာ မြေပြင်ပေါ်သို့ ကွာကျသွားတော့သည်။
“ဒါ မိစ္ဆာအတတ် အရေခြုံမန္တန်ပဲ”
ကျင့်ကြံသူအချို့မှာ ထိုမန္တန်ကို သိရှိလိုက်ပြီးနောက် တုန်လှုပ်စွာ ရေရွတ်လိုက်ကြသည်။ အစဉ်အလာစကားအရ ထိုမန္တန်ကို ကျင့်ကြံထားသူသည် ခန္ဓာကိုယ်အရေပြားတစ်ခုအတွင်းသို့ သူ့ဝိညာဉ်ကိုထည့်သွင်းနိုင်စွမ်းရှိသည်။ သို့သော် ထိုမန္တန်အသုံးပြုသူ၏ အသားစိုင်များ၊ သွေးများနှင့် အရိုးများမှာ တိုက်စားပျောက်ကွယ်သွားပြီး အရေပြားတစ်ချပ်သာ ကျန်ကာ လူမဟုတ် တစ္ဆေမဟုတ်သည့် မကောင်းဆိုးဝါးတစ်ကောင်အသွင် ပြောင်းလဲသွားမည်ဖြစ်သည်။
ထို့ပြင် အဆိုပါမန္တန်ကို ကျင့်ကြံသူများအတွက် လူ့အရေပြားများစွာ လိုအပ်သည့်အတွက် တစ်ရက်လျှင် လူအရေအတွက်မနည်း စတေးဖို့လိုအပ်သည်။ နားလည်အောင်ရှင်းပြရလျှင် သာမန်လူများ နေစဥ်အဝတ်လဲသလိုဖြစ်သည်။ သို့သော် သူတို့အတွက်တော့ အဝတ်အင်္ကျီအစား လူအရေပြားကို လဲလှယ်ရခြင်းဖြစ်သည်။
“နန်ကုန်း မင်းတို့ကန်းယန်ဂိုဏ်းကို သတိပေးလိုက်တဲ့သဘောပဲ၊ မင်းတို့ရှေ့ဆက်တိုးရင် ငါတို့စတေးရမဲ့ ယဇ်ကောင်တွေက မင်းတို့ဖြစ်သွားလိမ့်မယ်”
ဆိုးယုတ်ခြင်း နှင့် ရက်စက်ကြမ်းကြုတ်ခြင်းတို့ ရောပြွမ်းနေသော အေးစက်စက်အသံတစ်ခုက လေထုထဲမှတစ်ဆင့် ပဲ့တင်ထပ်လာသည်။ ကျင့်ကြံသူအားလုံးမှာ ဟန်မဆောင်နိုင်တော့ဘဲ ကြောက်ရွံ့တုန်လှုပ်နေမိကြသည်။ ထိုအထဲတွင် ကျီဖုအဆင့်ကျင့်ကြံသူများပင် ပါဝင်နေသည်။ ရှဲ့ဖေးယန်သည် ရွှေအမြုတေအဆင့်ရှိ နတ်ဆိုးကျင့်ကြံသူများအနက် စွမ်းအားအကြီးဆုံးနှင့် အကောက်ကျစ်ဆုံးဖြစ်မှန်း သူတို့အားလုံး နားလည်ထားကြပြီးဖြစ်သည်။
ရှဲ့ဖေးယန်၏ အရေခြုံမန္တန်မှာ နက်ရှိုင်းသော နောက်ဆုံးအဆင့်ကို ရောက်ရှိနေပြီဖြစ်ပြီး ရွှေအမြုတေအဆင့် ကျင့်ကြံသူအမြောက်အများ စုဖွဲ့၍ ဝိုင်းဝန်းတိုက်ခိုက်လျှင်ပင် သူ့ကိုအနိုင်ရရန်မသေချာပါ။ ထို့အပြင် သူ၏ခန္ဓာကိုယ်အစစ်မှာ အမှောင်ထဲတွင် ပုန်းလျှိုးနေပြီး လူအားလုံးမှည အရေခြုံထားသည့် ခန္ဓာကိုယ်ကိုသာ တွေ့ဖူးကြခြင်းဖြစ်သည်။
“သေချင်ပြီထင်တယ်”
နန်ကုန်းပိုင်ကျန်းလက်ထဲရှိ လှံမှာ ရွှေရောင်အလင်းများ တောက်ပလာပြီး မြေပေါ်ကျသွားသည့် ဝါညိုရောင်အရေပြားပုံကြီး ရှိရာသို့ အရှိန်ဖြင့် ပစ်လွှတ်လိုက်ရာ အရေပြားချပ်ကြီးသည် ဖုန်မှုန့်အဖြစ်ပြောင်းသွားတော့သည်။ ထို့နောက် နန်ကုန်းပိုင်ကျန်းလည်း ရုတ်တရက်ပျောက်ကွယ်သွားတော့သည်။
ခဏအကြာတွင် လူအားလုံးမှာ ကောင်းကင်ပေါ်သို့ အလန့်တကြားမော့ကြည့်မိကြသည်။ ကောင်းကင်ထက်တွင် ပေါက်ကွဲမှုကြီးတစ်ခု ဖြစ်ပေါ်လာပြီး မှိုပွင့်ပုံ တိမ်တိုက်ကြီးတစ်ခု ဖြစ်တည်လာသလို နောက်ဆက်တွဲ လှိုင်းဂယက်က ကီလိုမီတာသောင်းဂဏန်း အကွာအဝေးအထိ ပြန့်ကားသွားသည်။ ဆယ်မိနစ်ခန့်အကြာ နန်ကုန်းပိုင်ကျန်းသည် လှံကိုကိုင်စွဲလျက် မြေပြင်ထက်သို့ ပြန်ဆင်းလာသည်။ သူ၏ဝမ်းဗိုက်တွင် အပေါက်ကြီးတစ်ခု ဖြစ်နေသည်ကို လူအားလုံးတွေ့လိုက်ရသည်။ သွေးများနှင့် အသားစိုင်များမှာ လှုပ်ရှားပွတ်တိုက်နေပြီး ဝမ်းဗိုက်အတွင်းမှ အနက်ရောင်ဓာတ်ငွေ့တစ်မျိုးမှာ တရှဲရှဲ အသံမြည်လျက် စိမ့်ထွက်နေသည်။ များမကြာမီ နန်ကုန်းပိုင်ကျန်း၏ ဝမ်းဗိုက်မှာ နဂိုမူလအတိုင်း ပြန်ဖြစ်သွားသည်။
ထို့နောက် နန်ကုန်းပိုင်ကျန်းသည် လူအားလုံးအား အကဲခတ်လိုက်ပြီး
“အားလုံးပဲ၊ နတ်ဆိုးကျင့်ကြံသူတွေကို ငါတို့ ဆက်ပြီးရှင်းကြမယ်၊ တွေ့တာနဲ့ အရှင်မထားနဲ့”
“ဟုတ်ကဲ့”
***
နှစ်တစ်ရာကျင့်ကြံပြီးနောက်
အခန်း ၅၇ ။ ရတနာပွဲကြည့်စင်
ရက်အနည်းငယ်အကြာ...
ရှန်းတောက်မင်ထံမှ ပို့လိုက်သော သတင်းစကားကို ကျန်းချန်ရွှမ်နှင့် ရှန်းရူယန်တို့ အပြန်ပြန်အလှန်လှန် ဖတ်ရှုနေသည်။ ရှန်းယွမ်လုံတို့ ရောက်ရှိနေသော ကန်းယန်ဂိုဏ်းတွင် ဖြစ်ပွားခဲ့သည့်ဖြစ်စဉ်မှာ ယွင် တစ်နိုင်ငံလုံးသို့ ပျံ့နှံ့သွားသည်။ ထိုဖြစ်စဉ်တွင် ကျီဖုအဆင့် ကျင့်ကြံသူတစ်ဦးသေဆုံးပြီး အများအပြား ဒဏ်ရာရရှိခဲ့သည်။
ရှန်းမျိုးနွယ်စုဝင်တစ်ဦးမျှ ထိခိုက်ခြင်းမရှိသည်ကတော့ အဆိုးထဲမှ အကောင်းဖြစ်သည်။ မဟုတ်လျှင် ရှန်းမိသားစုသည်လည်း လျှိုယွင် ဂိုဏ်း၏လမ်းစဥ်နောက်သို့ လိုက်ရမည်မှာ သေချာပါသည်။ ကျီဖုအဆင့် နှင့် အခြေခံတည်ဆောက်မှုအဆင့် ကျင့်ကြံသူများ မရှိတော့သည့် လျှိုယွင်ဂိုဏ်းမှာ ပျက်သုဉ်းလုနီးပါး ဖြစ်သွားခဲ့သည်။
လျှိုယွင်ဂိုဏ်း၏ ပိုင်ဆိုင်မှုများနှင့် ရတနာပစ္စည်းများကို ကျန်ဂိုဏ်းများ သိမ်းပိုက်ခြင်းမရှိကြသေးသည်မှာ ကန်းယန်ဂိုဏ်း၏ စစ်ဆင်ရေးမပြီးသေး၍ဖြစ်သလို ယခုလိုအချိန်မျိုးတွင် သူတစ်ပါးပစ္စည်းကို အမဲဖျက်သိမ်းပိုက်သည့် အရှက်ရစရာလုပ်ရပ်မျိုးကို မည်သည့်အဖွဲ့အစည်းကမှ သိက္ခာအကျခံ၍ မဆောင်ရွက်လိုသေးကြောင့်လည်း တစ်စိတ်တပိုင်း ပါဝင်ပါသည်။
သို့သော် အနာဂတ်တွင် ကန်းယန်ဂိုဏ်းအနေနှင့် လျှိုယွင်ဂိုဏ်းအား ကူညီထောက်ပံ့ခဲ့သည့်တိုင် ကျီဖုအဆင့်နှင့် အခြေခံတည်ဆောက်မှုအဆင့် ကျင့်ကြံသူများမရှိဘဲ လျှိုယွင်ဂိုဏ်းမှာ အခြေခံအုတ်မြစ်ကို ကာကွယ်နိုင်မည်မဟုတ်ဟု ကျန်းချန်ရွှမ်ယုံကြည်မိသည်။ ဤသည်မှာ ကျင့်ကြံခြင်းလောက၏ ပကတိ အမှန်တရားဖြစ်သည်။ ရောက်ရှိနေသော အနေအထားနှင့် မထိုက်တန်သည့်အရာမျိုး ပိုင်ဆိုင်ထားပါက ထိုအရာကို ထိုက်တန်သူများက အဓမ္မဆောင်ကြဉ်းသွားပါလိမ့်မည်။
တစ်နေ့နေ့တွင် လျှိုယွင်ဂိုဏ်း သည်လောကမှ အပြီးတိုင်ပျောက်ကွယ်သွားပြီ ဆိုသောသတင်းကြားရလျှင် ကျန်းချန်ရွှမ်တစ်ယောက် အထူးတလည်အံ့သြမိမည်မဟုတ်။ သူအံ့သြမိသည်က ရွှေအမြုတေအဆင့် နတ်ဆိုးကျင့်ကြံသူ ရှဲ့ဖေးယန်၏ ကောက်ကျစ်ပြီး အကြံအစည်ကြီးမားပုံကိုဖြစ်သည်။ မိစ္ဆာကျင့်ကြံသူများသည် ကျင့်ကြံခြင်းလောကအတွက် ကင်ဆာဆဲလ်တစ်ခုနှင့် တူသည်ဟု ပြောဆိုလေ့ရှိသည်မှာ ချဲ့ကားပြောဆိုခြင်း မဟုတ်မှန်း သူနားလည်လိုက်မိပြီဖြစ်သည်။ ကင်ဆာအကျိတ်နှင့်တူသော နတ်ဆိုးကျင့်ကြံသူများကို ဘယ်နည်းနှင့်မဆို သုတ်သင်ဖယ်ရှားပစ်ရမည်ဖြစ်သည်။
ထို့နောက် ကျန်းချန်ရွှမ်သည် အချိန်ယူစဉ်းစားလိုက်ပြီးမှ ရှန်းရူယန်ကိုပြောလိုက်သည်။
“ရူယန်၊ အချိန်ကျပြီထင်တယ်၊ စျေးထဲကလူတွေအားလုံးကို စပြီး စစ်ဆေးသင့်ပြီထင်တယ်”
စစ်ဆေးခြင်းကို လွန်ခဲ့သည့် ရက်အနည်းငယ်ကပင် စတင်ရန် စီစဉ်ထားသော်လည်း ကျန်းချန်ရွှမ်က စျေးပတ်လည်ရှိ ခံစစ်အစီအရင်အကွက်များကို အရင်ဆုံးပြင်ဆင်အားဖြည့်သင့်ကြောင်း တိုက်တွန်း၍ ရက်ရွှေ့ခဲ့ရခြင်းဖြစ်သည်။ နောက်တစ်ရက်အကြာတွင် ကျန်းချန်ရွှမ်တို့၏ အမိန့်ထုတ်ပြန်ချက်ကြောင့် စျေးအတွင်းရှိလူအားလုံးနီးပါး ကျောက်စိမ်းဖြူနန်းတော်ရှေ့ရှိ ရင်ပြင်ပေါ်တွင် စုဝေးမိကြသည်။ ထိုလူများအနက် စစ်ဆေးခံရမည်ကို သဘောမတွေ့သည့်လူများလည်း ပါဝင်သည်။ စင်မြင့်ထက်သို့ ရောက်သည်နှင့် မိမိတို့၏ လျှို့ဝှက်ချက်များမှာ လုံခြုံမှုရှိတော့မည်မဟုတ်၍ ကျင့်ကြံသူအတော်များများမှာ စိုးရိမ်နေကြဟန်ရှိသည်။
သို့သော် ကျန်းချန်ရွှမ်နှင့် ရှန်းရူယန်တို့ ဇနီးမောင်နှံနှစ်ဦးက ရှန်းမိသားစု၏ အမည်နာမကို သက်သေထား၍ အာမခံလိုက်မှ စျေးသူစျေးသားအားလုံးနီးပါးမှာ အစစ်ဆေးခံရန် သဘောတူလိုက်ကြသည်။ သဘောမတူသည့် ကျင့်ကြံသူအချို့လည်း ရှိနေပါသေးသည်။ ဥပမာ ရတနာပွဲကြည့်စင်မှ ကျင့်ကြံသူများဖြစ်သည်။
ရတနာပွဲကြည့်စင်သည် ကျောက်စိမ်းဖြူစျေးတွင် ရှန်းမျိုးနွယ်စုပိုင် အရောင်းခန်းမပြီးလျှင် ဒုတိယအကြီးဆုံး အရောင်းဆိုင်ကြီးဖြစ်သလို ရောင်းကုန်များမှာ ဆေးဝါးပစ္စည်းများ၊ ဝိညာဉ်ရတနာများမှသည် ဓမ္မလက်နက်များနှင့် ရှားပါးအဆောင်ပစ္စည်းများအထိ အစုံအလင်ရောင်းချသည့် လုပ်ငန်းကြီးဖြစ်သည်။ နောက်တစ်ချက်က ရတနာပွဲကြည့်စင်သည် ကန်းယန်ဂိုဏ်း၏ ဟုန်မိသားစုနှင့် နီးကပ်စွာဆက်နွယ်နေသည့် အချက်ကလည်း ရတနာပွဲကြည့်စင်၏ နောက်ခံအင်အားကို အထူးတောင့်တင်းစေပြီး စျေးပိုင်ရှင်ရှန်းမိသားစု ကိုယ်တိုင်ပင် သတိထားဆက်ဆံနေရပါသည်။
ကန်းယန်ဂိုဏ်း၏ နောက်ဆုံးသော ရွှေအမြုတေအဆင့် ကျင့်ကြံသူမှာ ဟုန်မိသားစု၏ ဘိုးဘေးဖြစ်သူ ဟုန်တျန့်ချီ ခေါ် အင်မော်တယ်တျန့်ချီဖြစ်သည်။ သူသည် ကန်းယန်ဂိုဏ်း၏ မိသားစုဌာန၏ အကြီးအကဲလည်းဖြစ်သည်။ အများအားဖြင့် သေမျိုးလူသားများနှင့် ဆက်စပ်နေသည့် စီးပွားရေးလုပ်ငန်းများတွင် ဝင်ရောက်စွက်ဖက်လေ့မရှိသော်လည်း ဟုန်မိသားစု၏ ဂုဏ်သိက္ခာကိုထိပါးလာလျှင်တော့ စွက်ဖက်ရန်ဝန်မလေးသူဖြစ်သည်။ ထိုအချက်ကြောင့်လည်း ဟုန်မိသားစုမှာ မောက်မာရိုင်းစိုင်းနေရခြင်းဖြစ်သည်။
ဟုန်မိသားစုသည် ကန်းယန်ဂိုဏ်းတွင် နေရာအတော်များများယူထားပြီး အကျိုးအမြတ်များစွာ ရရှိနေသည်ကိုပင် မတင်းတိမ်နိုင်ဘဲ အခြားသော မိသားစုများနှင့် ဂိုဏ်းများ၏ ပိုင်နက်နယ်မြေများကိုလည်း လက်ဝါးကြီးအုပ်လျက်ရှိသောကြောင့် ပင်းချွမ်စီရင်စုရှိ မျိုးနွယ်စုအတော်များများမှာ သဘောကျခြင်းမရှိသော်လည်း မချစ်သော်လည်း အောင့်ကာနမ်းနေရသည့် အနေအထားမျိုးဖြစ်သည်။
ထိုအချိန်တွင် ရတနာပွဲကြည့်စင်၏ ခန်းမတစ်ခုတွင် အသက်၃၀ ကျော်ခန့်ရှိသည့် အစိမ်းရောင်ဝတ်ရုံဝတ် လူတစ်ဦးမှာ အလိုမကျသည့်ဟန်ဖြင့် ဆက်သွယ်ရေးအဆောင်ပြားကို ငုံ့ကြည့်နေသည်။ ထိုလူ၏အမည်မှာ ဝမ်ဟုန်တောင်ဖြစ်ပြီး ဟုန်မိသားစု၏ စျေးကွက်ပိုင်ဆိုင်မှုများကို စီမံရသူဖြစ်ကာ အခြေခံတည်ဆောက်မှု ပဥ္စမအဆင့်ရှိသူလည်းဖြစ်သည်။ ဝမ်ဟုန်တောင်သည် ကျောက်စိမ်းပြားကို တင်းတင်းဆုပ်လိုက်ရာ တစ်စစီကွဲကြေသွားသည်။ ဘေးတွင်ရှိနေသည့် ဟုန်ယွမ်ဆိုသည့် မိသားစုတပည့်တစ်ဦးက မနေနိုင်တော့ဘဲ မေးမြန်းလိုက်မိသည်။
“ဦးလေး ကျန်းချန်ရွှမ်တို့ လင်မယားက အတော်ရိုင်းစိုင်းတာပဲ။ ကျွန်တော်တို့ကိုများ စစ်ဆေးမလို့တဲ့၊ ကျွန်တော်တို့ သွားသင့်တယ်လို့ ထင်လား”
ဟုန်ယွမ့်စကားကြောင့် ဟုန်ဝမ်တောင်၏ မျက်နှာတွင် အထင်သေးစက်ဆုပ်သည့် အသွင်ထင်ဟပ်လာသည်။
“ဘာလို့သွားရမှာလဲ၊ ဒီကောင်တွေမိသားစုက မိန်းမတစ်ယောက်ကို အားကိုးနေရတဲ့ ကျီဖုအဆင့် မိသားစုပဲ။ ငါတို့ဂရုစိုက်ဖို့လိုသလား”
ဟုန်ဝမ်တောင်၏ စကားကိုကြားလျှင် ဟုန်ယွမ်က ခေါင်းတဆတ်ဆတ်ညိတ်လျက်
“ဟုတ်တယ်ဦးလေး၊ သူတို့က ဘာအဆင့်မှမရှိတာ၊ ကျွန်တော်တို့မလာရင် သူတို့ဘာလုပ်ရဲမှာလဲ”
ထိုအချိန်တွင် ကျောက်စိမ်းဖြူရင်ပြင်သို့ အစစ်ဆေးခံမည့် လူပေါင်းထောင်ချီလျက် တဖွဲဖွဲလာရောက်နေကြသည်။ ရင်ပြင်ပေါ်တွင် ရှစ်မီတာခန့်မြင့်သည့် အသိစိတ်စင်မြင့်တစ်ခုရှိသည်။ ကျန်းချန်ရွှမ်၊ ရှန်းရူယန်၊ ရှန်းပိုဟုန်နှင့် ရှန်းဖေးယန်တို့မှာ လူအုပ်ကြီးကို နေသားတကျဖြစ်စေရန် စီမံခန့်ခွဲနေရသည်။ တဖြည်းဖြည်းနှင့် လူအုပ်ကြီးမှာ တစ်သောင်းနီးပါးရှိလာသည်။ ရှန်းရူယန်က ရှန်းပိုဟုန်နှင့် ရှန်းဖေးယန်တို့နှစ်ဦးအား
“အချိန်ကျတော့မယ်၊ လူစုံပြီလား ကြည့်လိုက်ပါဦး”
ရှန်းပိုဟုန်၊ ရှန်းဖေးယန်နှင့် စျေးတာဝန်ထံများလည်း ခေါင်းညိတ်ပြလိုက်ပြီး လူရေတွက်ပါတော့သည်။ ခဏအကြာတွင် ရှန်းပိုဟုန်နှင့် ရှန်းဖေးယန်တို့မှာ စိတ်အိုက်သည့်အမူအရာနှင့် တစ်ယောက်ကို တစ်ယောက်ကြည့်လိုက်ကြသည်။ ကျန်းချန်ရွှမ်နှင့် ရှန်းရူယန်တို့သည်လည်း သတိထားမိလိုက်ကြပြီး
“ဘာဖြစ်လဲ၊ ပြဿနာရှိနေလို့လား”
ရှန်းပိုဟုန်နှင့် စျေးတာဝန်ခံတို့မှာ တစ်ယောက်မျက်နှာ တစ်ယောက်ကြည့်နေရင်း အချိန်အနည်းငယ်ကြာမှ ကျန်းချန်ရွှမ်တို့ကို ပြောလိုက်သည်။
“ကျောက်စိမ်းဖြူတစ်စျေးလုံးနီးပါး လာကြပါတယ်၊ မလာတဲ့လူအနည်းငယ်တော့ ရှိပါတယ်”
ရှန်းပိုဟုန်၏စကားကိုကြားလျှင် ရှန်းရူယန်နှင့် ကျန်းချန်ရွှမ်တို့မှာ မျက်မှောင်ကြုံ့လိုက်မိကြသည်။ ရှန်းရူယန်က
“ဘယ်သူတွေ မလာတာလဲ”
***
နှစ်တစ်ရာကျင့်ကြံပြီးနောက်
အခန်း ၅၈ ။ ခြိမ်းခြောက်မှု
ရှန်းပိုဟုန်သည် ခေတ္တမျှတွေဝေနေပြီးမှ နောက်ဆုံးတွင် မဖြေချင်ဖြေချင်နှင့်
“ရတနာပွဲကြည့်စင် အဖွဲ့ ကလူတွေနဲ့ သူတို့နဲ့ ပတ်သက်ရာပတ်သက်ကြောင်း လူတွေပါ”
ရတနာပွဲကြည့်စင် ဟူသော စကားလုံးကိုကြားသောအခါ ကျန်းချန်ရွှမ်တစ်ယောက် မျက်မှောင်ကြုံ့မိသွားသလို ရှန်းရူယန်၏ မျက်လုံးများမှာလည်း စူးရှအေးစက်သွားသည်။ ရတနာပွဲကြည့်စင်၏ နောက်ခံအင်အားတောင့်တင်းပုံကို သူတို့နှစ်ယောက်လုံး ကောင်းစွာနားလည်ထားကြသည်။ သို့သော် ရှန်းမိသားစုအမိန့်ကိုဖီဆန်၍ အများနည်းတူ စစ်ဆေးမှုကို လာရောက်မခံယူခြင်းသည် ရှန်းမိသားစုကို စော်ကားခြင်းဟု သူတို့ယူဆမိသည်။ ဟုန်မိသားစုဝင် ဖြစ်နေရုံမျှနှင့် စစ်ဆေးမှုမှ ကင်းလွတ်ခွင့်မရှိသလို အပြစ်ကင်းစင်သည်ဟုလည်း မယူဆနိုင်ပါ။
အကယ်၍ ဟုန်မိသားစုဝင်များအနေနှင့် နတ်ဆိုးကျင့်ကြံသူများနှင့် ပတ်သက်မှုမရှိဘဲ အပြစ်ကင်းစင်သည်ထား၊ သူတို့၏အစေခံများနှင့် ပြင်ပအလုပ်သမားများထဲတွင် နတ်ဆိုးကျင့်ကြံသူများ ပါဝင်နေခြင်းမရှိဟု အာမမခံနိုင်ပါ။ စစ်ဆေးရာတွင် တစ်ခုခုလစ်ဟင်းသွားသည်နှင့် တန်ဖိုးအကြီးဆုံး.ပေးဆပ်ရမည်မှာ ရှန်းမိသားစုဖြစ်သည်။ ထို့ပြင် ဟုန်းမိသားစုတွင် နောက်ခံအင်အား ကောင်းကောင်းရှိထားသလို ရှန်းမိသားစု၏ နောက်ခံအင်အားမှာလည်း မခေလှပါ။ ရှန်းမျိုးနွယ်စု၏ ဘိုးဘေးဖြစ်သူ ရှန်းမန်ရွှယ်သည် အင်မော်တယ်ကျန်းပိုင်လုံ၏ တာအိုကျင့်ကြံဖက်ဖြစ်သလို ကန်းယန်ဂိုဏ်း၏ အဓိကပုဂ္ဂိုလ်များအနက် တစ်ဦးလည်းဖြစ်သည်။ ရှန်းမန်ရွှယ်၏ တွက်ချက်ခြင်းနည်းစနစ်ကြောင့် ကန်းယန်ဂိုဏ်းအနေနှင့် အကျိုးအမြတ်များစွာ ရရှိခဲ့သလို ရန်သူပေါင်းများစွာကိုလည်း မိမိတို့ဘက်တွင် ဆုံးရှုံးမှုကြီးကြီးမားမား မရှိဘဲ အလွယ်တကူ နှိမ်နင်းနိုင်ခဲ့သည်။
ကန်းယန်ဂိုဏ်း၏ ကျီဖုအဆင့် ကျင့်ကြံသူများအနက် ရှန်းမန်ရွှယ်သည် ထိပ်ဆုံးနေရာတွင်ရှိသလို ကျီဖုနယ်ပယ် နဝမအဆင့်ရှိသူ အကြီးအကဲသည်ပင် ရှန်းမန်ရွှယ်အား မလေးမခန့် မပြုဝံ့ပါ။ ရှန်းရူယန်သည် အဆင့်၃ အဆောင်ပစ္စည်းတစ်ခုကို ရှန်းပိုဟုန်လက်ထဲ အပ်လိုက်ပြီး
“အကြီးအကဲပိုဟုန်၊ ဒီအဆောင်ကို ရတနာပွဲကြည့်စင်ကို ယူသွားပြီး ဟုန်ဝမ်တောင်နဲ့ သူ့လူတွေကို စစ်ဆေးပွဲကို တက်ရောက်ဖို့ ဖိတ်လိုက်ပါ။ ရတနာပွဲကြည့်စင်ကလူတွေ ကျွန်မတို့ကို တကယ်ဆန့်ကျင်နေတာလား ဆိုတာကို အတည်ပြုချင်တယ်”
ရှန်းရူယန်၏ အဆင့် ၃ အဆောင်ကို မြင်သောအခါ ရှန်းပိုဟုန်နှင့် စျေးတာဝန်ခံများမှာ မျက်လုံးပြူးသွားကြသည်။ ရှန်းဖေးယန်က
“ကျွန်မပါ ရှန်းပိုဟုန်နဲ့ လိုက်သွားလိုက်မယ်”
ရှန်းပိုဟုန်တို့နှစ်ဦး ထွက်ခွာသွားပြီးနောက် ရှန်းရူယန်က
“ယောက်ျား၊ ကျွန်မလုပ်ရပ်က အပ်နဲ့ထွင်းရမှာကို ပုဆိန်နဲ့ခုတ်သလို ဖြစ်နေမလား”
ကျန်းချန် ရွှမ်က ခေါင်းခါလိုက်ပြီး
“ဒီတစ်ခါ ပြတ်ပြတ်သားသား မကိုင်တွယ်၍ နောက်ပိုင်းပိုဆိုးလာနိုင်တယ်”
ကျန်းချန်ရွှမ်အနေနှင့် ထိပ်တိုက်ရင်ဆိုင်ခြင်းမျိုးကို တတ်နိုင်သမျှ ရှောင်ရှားလိုသော်လည်း သူရဲဘောကြောင်သူတော့မဟုတ်ပါ။ ကိုယ့်ကို ပါးရိုက်သူအား အပြုံးနှင့်တုံ့ပြန်ပါက ထိုသူသည် နောက်တစ်ခါထပ်ရိုက်ရန် ဝန်လေးတော့မည်မဟုတ်ပါ။
သည်တစ်ခါ ရတနာပွဲကြည့်စင်၏ အပြုအမူသည် ရှန်းမိသားစုကို စော်ကားလိုက်ခြင်းဖြစ်သည်။ ကျန်းချန်ရွှမ်အနေနှင့် အတိတ်ကလို ရှန်းမိသားစုအတွက် အပြင်လူသာ ဖြစ်နေခဲ့လျှင် သည်လိုကိစ္စမျိုးကို လက်ရှောင်ခဲ့လိမ့်မည် ဖြစ်သော်လည်း ယခုအခါ ရှန်းမိသားစုဝင် လူရင်းတစ်ဦးဖြစ်နေပြီဖြစ်၍ မိသားစုအရေးကိစ္စများကို ကိုင်တွယ်ရာတွင် အထူးအာရုံစိုက်ရန်လိုအပ်လာပြီဖြစ်သည်။
ရတနာပွဲကြည့်စင်၏ အရှေ့ခန်းမတွင် ဟုန်ဝမ်တောင်သည် ရှန်းပိုဟုန်နှင့် ရှန်းဖေးယန်တို့နှစ်ဦးကို စူးစူးရဲရဲကြည့်ကာ
“မင်းတို့ပြောလိုက်တဲ့စကားကို နောက်တစ်ခါပြန်ပြောစမ်း”
ဟုန်ဝမ်တောင်၏ တစ်မုဟုတ်ချင်း ထိုးတက်လာသည့် အော်ရာအငွေ့အသက်များကြောင့် ရှန်းဟုန်ပိုတို့နှစ်ဦးမှာ တုန်လှုပ်သွားမိသော်လည်း အံကိုတင်းတင်းကြိတ်ကာ
“စီနီယာဟုန်၊ ကျောက်စိမ်းဖြူရင်ပြင်ကို ခင်ဗျားရဲ့တပည့်အားလုံးကိုပါ ခေါ်လာပြီး စစ်ဆေးမှုကို ခံယူပေးစေချင်ပါတယ်”
အနားတွင်ရှိနေသည့် ဟုန်ယွမ်မှာ ကျန်းချန်ရွှမ်တို့၏ လုပ်ရပ်ကို နားမလည်နိုင်ဖြစ်နေသည်။ သူတို့လင်မယားနှစ်ဦးသည် ရတနာပွဲကြည့်စင်နှင့် ဟုန်မိသားစု၏ အင်အားကိုနားမလည်သေး၍ သူတို့ကိုဆန့်ကျင်ဝံ့နေသည်လား။ ဟုန်ယွမ်က ရှန်းပိုဟုန်တို့နှစ်ဦးအား စက်ဆုပ်စွာကြည့်လိုက်ပြီး
“ရှန်းပိုဟုန်နဲ့ ရှန်းဖေးယန် မင်းတို့အခုစကားပြောနေတာ ဘယ်သူလဲဆိုတာ မသိဘူးလား၊ ငါတို့ဟုန်မိသားစုက နတ်ဆိုးကျင့်ကြံသူတွေနဲ့ ပတ်သက်စရာလား”
ထိုအခါ ရှန်းဖေးယန်က တုန်လှုပ်ဟန်မပြဘဲ
“ဒါတွေတော့ မပြောတတ်ပါဘူး၊ ကျွန်မတို့သိတာကတော့ ဒီစျေးက ရှန်းမိသားစုပိုင် ဖြစ်တဲ့အတွက် စျေးထဲမှာရှိတဲ့ လူအားလုံးနဲ့ ကျင့်ကြံသူအားလုံး တစ်ယောက်မကျန် ရှန်းမိသားစုရဲ့ စစ်ဆေးမှုကို ခံယူရပါလိမ့်မယ်”
“အတင့်ရဲလှချည်လား”
ဟုန်ယွမ်၏ မျက်နှာမှာ ချက်ချင်းမည်းမှောင်သွားသည်။ ဟုန်ဝမ်တောင်က အသာလက်ကာပြပြီး ရှန်းဟုန်ပိုအား မေးမြန်းလိုက်သည်။
“ငါတို့မလာဘူးဆိုရင် ရှန်းမိသားစုက ဘာလုပ်မှာတဲ့လဲ”
ထိုစကားကိုကြားသောအခါ ရှန်းပိုဟုန်နှင့် ရှန်းဖေးယန်တို့မှာ တစ်ဦးမျက်နှာတစ်ဦးကြည့်ပြီးနောက် ရှန်းပိုဟုန်သည် အဆင့်၃ အဆောင်လက်နက်ကို ထုတ်ယူလိုက်ပြီး အသက်သွင်းရန်ဟန်ပြင်လိုက်သည်။ သူသည် ဟုန်ဝမ်တောင်နှင့် ရတနာပွဲကြည့်စင်မှ လူများကို တစ်ချက်ဝေ့ကြည့်လိုက်ပြီး
“မလာဘူးဆိုရင်တော့ ရှန်းမိသားစုချမှတ်ထားတဲ့ စည်းမျဉ်းအရ နတ်ဆိုးကျင့်ကြံသူတွေနဲ့ ပူးပေါင်းနေတယ်လို့ သတ်မှတ်ခံရမှာဖြစ်ပါတယ်။ နတ်ဆိုးကျင့်ကြံသူတွေက အသွင်အမျိုးမျိုးနဲ့ ရုပ်ဖျက်ပုန်းခိုနေနိုင်တယ်လေ”
ထိုစဉ်မှာပင် ရှန်းဟုန်ပို၏ အဆောင်လက်နက်မှာ ကြောက်မက်ဖွယ် အော်ရာလှိုင်းတစ်ခု ထုတ်လွှတ်လိုက်ပြီး အချိန်မရွေး တိုက်ခိုက်တော့မည့် အသွင်ဆောင်နေသည်။ ဟုန်ဝမ်တောင်၊ ဟုန်ယွမ်နှင့် ကျန်လူများမှာ မျက်နှာအကြီးအကျယ် ပျက်သွားကြသည်။
“အဆင့်၃ တိုက်ခိုက်ရေးအဆောင်ပဲ”
ဟုန်ဝမ်တောင်တို့အနေနှင့် ရှန်းပိုဟုန်တို့လို ချီသန့်စင်ခြင်းအဆင့် ကျင့်ကြံသူနှစ်ဦးထံတွင် အဆင့် ၃ အဆောင်လက်နက်ရှိနေမည်ဟု မထင်ထားပါ။ ထိုလက်နက်မှာ ကျီဖုအဆင့် ကျင့်ကြံသူများပင် သတိထားစိုးရွံ့ရသည့် အဆောင်လက်နက်ဖြစ်သည်။ ထိုလက်နက်ကို ကျန်းချန်ရွှမ်တို့လင်မယားမှ သူတို့နှစ်ဦးအား ပေးအပ်ထားခြင်းဖြစ်ရမည်ဟု ဟုန်ဝမ်တောင်တွေးမိသည်။ မဟုတ်လျှင် ရှန်းပိုဟုန်တို့လို အဆင့်နိမ့်ကျင့်ကြံသူများလက်ထဲတွင် ထိုလက်နက်မျိုးပိုင်ဆိုင်ထားနိုင်စရာမရှိပါ။
ဟုန်ဝမ်တောင်၏ မျက်လုံးများတွင် ဒေါသအရိပ်အယောင်များ ယှက်သန်းသွားသည်။ ကျန်းချန်ရွှမ်တို့ လင်မယားနှစ်ယောက်က သူ့ကိုပမာမခန့်ပြုဝံ့သလား။ သို့သော် ဟုန်ဝမ်တောင်သည် သူ၏စိတ်ခံစားချက်များကို အချိန်မီချုပ်ထိန်းလိုက်သည်။ ကျောက်စိမ်းဖြူစျေးသည် ရှန်းမိသားစု၏ အရေးပါဆုံးသော စျေးများအနက်တစ်ခုဖြစ်၍ အမျိုးမျိုးသော အကာအကွယ်အစီအရင်များကို စျေးအတွင်းချမှတ်စီရင်ထားမည်မှာ သေချာသည့်အတွက် ရှန်းမိသားစုပိုင်နက်ထဲတွင် မလိုအပ်ဘဲ စွန့်စားမှုမျိုးမလုပ်သင့်ဟု သူတွေးမိသည်။ ဘိုးဘေးဖြစ်သူက သူ့အားပေးအပ်ထားသော နိုင်ဖဲလက်နက်သည်ပင် သည်လိုအခြေအနေမျိုးတွင် အသုံးဝင်လိမ့်မည်မဟုတ်ဟု သူတွေးမိသည်။ သည်တစ်ခါ ကြိတ်မှိတ်သည်းခံပြီး အနာဂတ်တွင် အခွင့်အခါကြုံလျှင် အတိုးနှင့်ပြန်ပေးဆပ်မည်ဟု စိတ်ထဲတွင်ကြုံးဝါးလိုက်သည်။ ထို့နောက် ဟုန်းဝမ်တောင်၏ မျက်နှာမှာ ပျော့ပြောင်းသွားပြီး
“ဒီလိုလုပ်စရာမလိုပါဘူး၊ မိတ်ဆွေကြီး ကျန်းချန်ရွှမ်နဲ့ ရှန်းရူယန်တို့ ဇနီးမောင်နှံက တိုက်တွန်းနေမှတော့ ကျုပ်တို့လည်းလိုက်နာရတော့မှာပေါ့၊ သွားနှင့်ကြပါ၊ ကျုပ်တို့နောက်ကနေ လိုက်ခဲ့ပါ့မယ်”
***
နှစ်တစ်ရာကျင့်ကြံပြီးနောက်
အခန်း ၅၉ ။ နမူနာအရေးယူပြရခြင်း
ကျန်းချန်ရွှမ်နှင့် ရှန်းရူယန်တို့မှာ ဟုန်ဝမ်တောင်တို့လူစုအလာကို အချိန်အတန်ကြာ စောင့်ဆိုင်းနေရပြီးနောက်တွင် ဟုန်ဝမ်တောင်တို့ရောက်ရှိလာကြပါတော့သည်။ ရှန်းပိုဟုန်နှင့် ရှန်းဖေးယန်တို့မှာ ရတနာပွဲကြည့်စင်တွင် ဖြစ်ပျက်ခဲ့သမျှကို ကျန်းချန်ရွှမ်တို့ထံ အကုန်အစင်ပြောပြပြီးပြီဖြစ်သည်။ ရောက်ရှိလာသော ဟုန်ဝမ်တောင်က ကျန်းချန်ရွှမ်နှင့် ရှန်းရူယန်တို့အား ပြုံးပြလိုက်ပြီး
“ကျုပ်တောင်းပန်ပါတယ်၊ ဒီတလော အလုပ်များနေလို့ မအားလပ်တဲ့အတွက် နည်းနည်းနောက်ကျသွားမိတယ်၊ ဗွေမယူဘူးလို့ မျှော်လင့်ပါတယ်”
ဟုန်ဝမ်တောင်စကားကိုကြားပြီးနောက် ကျန်းချန်ရွှမ်က ခေါင်းတညိတ်ညိတ်နှင့် ပြုံးလိုက်ပြီး
“နားလည်ပေးနိုင်ပါတယ်၊ဒါပေမဲ့…..”
ထိုအချိန်တွင် ကျန်းချန်ရွှမ်၏ အပြုံးမှာ ရုတ်တရက်ပျောက်ကွယ်သွားပြီး ရတနာပွဲကြည့်စင်မှ လူများ၏ အနောက်တွင် လိုက်ပါလာသည့် ကျင့်ကြံသူများကို ညွှန်ပြလျက်
“အမတစားသောက်ဆိုင်နဲ့ အသိပညာကျောက်စိမ်းပွဲကြည့်စင်က လူတွေက ဘာလို့နောက်ကျနေတာလဲ၊ ခင်ဗျားတို့လည်း အလုပ်များနေတာပဲလား”
ကျန်းချန်ရွှမ် ရည်ညွှန်းလိုက်သော ဆိုင်နှစ်ဆိုင်မှာ စားသောက်ဆိုင်တစ်ဆိုင်နှင့် အဆောင်လက်နက် အရောင်းဆိုင်တစ်ခုဖြစ်ပြီး ထိုဆိုင်များမှလူများသည် ဟုန်ဝမ်တောင်၏ နောက်မြီးဆွဲများအဖြစ် လူသိများကြသည်။ ကျန်းချန်ရွှမ်၏ နာမည်တပ်၍ မေးမြန်းမှုကြောင့် အဆိုပါဆိုင်များ၏ ပိုင်ရှင်နှစ်ဦး၏မျက်နှာမှာ သွေးဆုတ်သလို ဖြူလျော်သွားသည်။ ကျန်းချန်ရွှမ်သည် သည်ကိစ္စကို အလွယ်တကူ ကျေအေးပေးမည် မဟုတ်မှန်း ရိပ်စားမိလိုက်ကြ၍ ဆိုင်ရှင်နှစ်ဦးမှာ တုန်လှုပ်သွားမိကြသည်။
ကျန်းချန်ရွှမ်က ခပ်ဖွဖွပြုံးလိုက်သည်။ သူ့အနေနှင့် ရတနာပွဲကြည့်စင်မှ လူများကို တိုက်ရိုက်အပြစ်မပေးနိုင်သော်လည်း ဟုန်ဝမ်တောင်၏ နောက်လိုက်များကိုတော့ ဆုံးမ၍ရပါသည်။ သူနှင့်ရှန်းရူယန်တို့သည် ဟုန်ဝမ်တောင်ကို စော်ကားမိလိုက်သလိုဖြစ်ပြီး ဟုန်ဝမ်တောင်နှင့် သူတို့ဇနီးမောင်နှံမှာ ယနေ့မှစ၍ ရန်သူများဖြစ်သွားကြပြီဖြစ်သည်ကို ကျန်းချန်ရွှမ်နားလည်လိုက်သည့်အတွက် သူကအရင် လက်ဦးမှုရယူလိုခြင်းဖြစ်သည်။ ရတနာပွဲကြည့်စင်၏ နောက်ခံအင်အားက တောင့်တင်းလှ၍ ထိပ်တိုက်မရင်ဆိုင်သေးနိုင်သော်လည်း နောက်လိုက်များကိုတော့ အခွင့်အရေးရခိုက် အရေးယူထားနိုင်မည်ဖြစ်သည်။
“စီနီယာဟုန်”
ဆိုင်ရှင်နှစ်ဦးမှာ ဟုန်ဝမ်တောင်မျက်နှာကို အားကိုးတကြီးနှင့် ကြည့်မိလိုက်ကြသည်။ ဟုန်ဝမ်တောင်၏ မျက်နှာထားမှာ တည်သွားပြီး မျက်လုံးများတွင် လူသတ်လိုသော အရိပ်အငွေ့များ ထင်ဟပ်လာသည််။ သို့သော် အလျင်အမြန်ထိန်းချုပ်လိုက်ပြီး
“တာအိုရောင်းရင်းကျန်းရေ၊ သူတို့နှစ်ယောက်က ကျုပ်ကိုကူညီပေးနေရလို့ နောက်ကျသွားတာပါ၊ ဒီကိစ္စကို ဒီမှာတင်ပဲ ရပ်ကြရအောင်ပါ၊ နောက်မှ ခင်ဗျားကို သေချာတောင်းပန်ခိုင်းလိုက်ပါမယ်”
ဟုန်ဝမ်တောင်၏ စကားလုံးများမှာ ချိုမြိန်နေသော်လည်း အနှစ်အသားမပါ၊ ဟန်ဆောင်စကားများသာဖြစ်ကြောင်း လူတိုင်းသိကြမည်ဖြစ်သည်။ လူအားလုံးမှာ ကျန်းချန်ရွှမ်တို့စကားဝိုင်းကို အာရုံစိုက်နားထောင်နေကြပြီး ရှန်းမိသားစုအနေနှင့် သည်ကိစ္စကို မည်သို့မည်ပုံ ကိုင်တွယ်မည်ကို စိတ်ဝင်စားနေကြသည်။ ကျန်းချန်ရွှမ်ကလည်း ဤအချက်ကို နားလည်ထားသည်။ သူအကိုင်အတွယ်မတတ်လျှင် ရှန်းမိသားစု၏ဂုဏ်သိက္ခာ အကြီးအကျယ်ထိခိုက်မည်ဖြစ်သည်။
ထို့ကြောင့် ဝမ်ဟုန်တောင်၏ တောင်းပန်စကားကိုကြားသောအခါ ကျန်းချန်ရွှမ်၏ မျက်လုံးများမှာ ကျဉ်းမြောင်းသွားပြီး အန္တရာယ်ကြီးသော အော်ရာတစ်ခုက လေထုထဲတွင် လွင့်ပျံ့လာသည်။ အခြေအနေက တင်းမာစပြုလာပြီဖြစ်သည်။
“တာအိုရောင်းရင်းဟုန် ခင်ဗျားနောက်နေတာ မဟုတ်ဘူးမလား၊ ဒီလူနှစ်ယောက် ဘာသဘောနဲ့ စစ်ဆေးပွဲကို မလာလဲဆိုတာ ကျုပ်သိတယ်။ သူတို့ကိုကာကွယ်ပြောဆိုပေးခြင်းဟာ ရှန်းမိသားစုကို ဆန့်ကျင်တာပဲ”
ကျန်းချန်ရွှမ်၏စကားကို ကြားသောအခါ ဟုန်ဝမ်တောင်မျက်နှာမှာ မည်းမှောင်သွားသည်။
“ကျန်းချန်ရွှမ် မင်းငါ့ကို မျက်နှာသာမပေးချင်တာ သေချာတယ်ပေါ့”
ထို့နောက် ရှန်းရူယန်ဖက်သို့ လှည့်၍
“ရှန်းမိသားစုရဲ့ တရားဝင်သွေးသားဖြစ်တဲ့ မင်းအနေနဲ့ မင်းယောက်ျားကို လူလိုနားလည်အောင် သွန်သင်ထားသင့်တယ်၊ မဟုတ်ရင် သူ့ကြောင့် မင်းတို့မိသားစု ဒုက္ခအကြီးအကျယ်တွေ့လိမ့်မယ်”
“ဘယ်သူဒုက္ခပေးမှာလဲ နင်လား”
ရှန်းရူယန်က လှောင်ပြုံးပြုံးလိုက်သည်။
“ဟုန်ဝမ်တောင် နင်က ကိုယ့်ကိုယ်ကို အထင်ကြီးနေပုံပဲ၊ နင့်ကိုအခုသတ်လိုက်ရင်တောင် ဟုန်မိသားစုက ငါတို့ကိုဘာမှလုပ်နိုင်မှာမဟုတ်ဘူး”
“မင်း….”
ဟုန်ဝမ်တောင်၏မျက်နှာမှာ အကြီးအကျယ်ပျက်ယွင်းသွားတော့သည်။ သို့သော် သူ့စကားမဆုံးခင်မှာပင် ရှန်းရူယန်က ကြားဖြတ်လျက်
“ငါ့ယောက်ျားက သူ့ဆုံးဖြတ်ချက်နဲ့သူ ဆောင်ရွက်တာမလို့ ငါ့အနေနဲ့ တားစရာအကြောင်းမရှိတဲ့အပြင် သူလုပ်သမျှကို ငါထောက်ခံတယ်။ နောက်တစ်ခါ ဒီလိုစော်ကားတဲ့ အသုံးအနှုန်းမျိုး ဆက်သုံးနေရင် နင့်လျှာကိုဖြတ်ပြီး ခွေးကျွေးပစ်မယ်”
ကျန်းချန်ရွှမ်က ဟုန်ဝမ်တောင်၏ မျက်နှာကို အကဲခတ်လိုက်သည်။ ဟုန်ဝမ်တောင်မှာ ဒေါသထွက်နေသော်လည်း တစ်စုံတစ်ရာ တုံ့ပြန်မည့်ပုံမပေါ်၍ ကျန်းချန်ရွှမ် စိတ်အနည်းငယ်ပျက်သွားရသည်။ ဟုန်ဝမ်တောင်သာ ဒေါသမထိန်းနိုင်ဘဲ စတင်တိုက်ခိုက်မည်ဆိုပါက သူ့ကိုအရေးယူအပြစ်ပေးရန် တရားဝင် အခွင့်အရေးရမည်ဖြစ်သော်လည်း မတုန်မလှုပ် တည်ငြိမ်သွားသော ဟုန်ဝမ်တောင်ကိုကြည့်ပြီး အနည်းငယ်စိုးရိမ်သွားသည်။
စိတ်ခံစားချက်ကို မထိန်းချုပ်နိုင်သော ရန်သူများမှာ စိုးထိတ်စရာမလိုသော်လည်း ဟုန်ဝမ်တောင်ကဲ့သို့သော လူစားမျိုးမှာ အမှန်တကယ် အန္တရာယ်ကြီးသည့် ရန်သူမျိုးဖြစ်သည်။ ထိုလူများကို တတ်နိုင်သမျှ ရန်သူမဖွဲ့မိရန်လိုပြီး ရန်ငြိုးဖွဲ့မိပါက ထိုလူများသည် သင့်ကို နည်းလမ်းပေါင်းစုံဖြင့် ဖြိုလှဲသတ်ဖြတ်ရန် ဆင်ကြံကြံနေမည်ဖြစ်သည်။
ကျန်းချန်ရွှမ်မှာ ထိုအချက်ကို ကောင်းကောင်းနားလည်၍ သူကိုယ်တိုင်လည်း အတတ်နိုင်ဆုံး ရန်သူမဖွဲ့မိရန် ကြိုးစားသော်လည်း ရန်သူဖြစ်သွားလျှင်တော့ ရသမျှနည်းလမ်းသုံး၍ ရန်စွယ်ကို ရှင်းပစ်လေ့ရှိသည် မဟုတ်ပါလား။ ထို့နောက် ကျန်းချန်ရွှမ်သည် ရတနာပွဲကြည့်စင်မှလူများကို အာရုံစိုက်ခြင်းမရှိတော့ဘဲ ဆိုင်ရှင်နှစ်ဦးကိုသာ စူးစိုက်ကြည့်လိုက်သည်။
“ခင်ဗျားတို့နှစ်ယောက်လုံး ပြောစရာမရှိတော့ဘူးထင်တယ်၊ ကျောက်စိမ်းဖြူစျေးရဲ့ စည်းကမ်းကိုမလိုက်နာခဲ့တဲ့အတွက် ကျုပ်ကိုအပြစ်မတင်ပါနဲ့”
ကျန်းချန်ရွှမ်၏ စကားဆုံးသည်နှင့် ဆိုင်ရှင်နှစ်ဦးမှာ အလျင်အမြန် ဒူးထောက်လိုက်ပြီး ကြောက်ရွံ့စွာနှင့် တောင်းပန်လိုက်သည်။
“အကြီးအကဲကျန်း ကျွန်တော်တို့ကို ခွင့်လွှတ်ပေးပါ၊ တမင်ရည်ရွယ်တာ မဟုတ်ပါဘူး၊ တကယ်ပါ”
ကျန်းချန်ရွှမ်က ဝမ်ဟုန်တောင်ကို အကဲခတ်လိုက်သည်။ ဝမ်ဟုန်တောင်သည် ဒေါသကိုထိန်းချုပ်နိုင်လိုက်ပြီးနောက် တစ်ခွန်းတစ်ပါဒမျှ ပြောဆိုခြင်းမရှိဘဲ ငြိမ်ချက်သားကောင်းနေသည်။ ဝမ်ဟုန်တောင်၏ နောက်လိုက် ဆိုင်ရှင်နှစ်ဦးမှာ ကြောက်ရွံ့နေသော်လည်း ဝမ်ဟုန်တောင်ကို သစ္စာပျက်မည့်ဟန်မပေါ်ပါ။ အကယ်၍ သစ္စာပျက်ယွင်းမိပါက သူတို့ကျိန်းသေ အသုတ်သင်ခံရမည်ကို သိထား၍ဖြစ်နိုင်သည်။ သို့သော် ဆိုင်ရှင်နှစ်ဦးသည် အင်အားကြီးမိသားစုများ၏ ကောက်ကျစ်ရက်စက်ပုံကို ကောင်းကောင်းနားမလည်သေးဟု ကျန်းချန်ရွှမ်တွေးမိလိုက်သည်။ သူတို့ပါးစပ်များကို ပိတ်ထားရုံဖြင့် ဟုန်ဝမ်တောင်၏ ချမ်းသာပေးခြင်းကိုခံရမည်မဟုတ်ပါ။
ကျန်းချန်ရွှမ်သည် ဆိုင်ရှင်နှစ်ဦး၏ တောင်းပန်မှုကို လျစ်လျူရှု၍ အားလုံးရှေ့တွင်ပင် သူတို့နှစ်ဦး၏ ကျင့်ကြံမှုကို ဖျက်ဆီးပစ်လိုက်ပြီး ထိုနှစ်ဦးအား ကျောက်စိမ်းဖြူစျေးမှ မောင်းထုတ်၍ ပိုင်ဆိုင်မှုအားလုံးကို သိမ်းယူရန် ညွှန်ကြားလိုက်သည်။
***
နှစ်တစ်ရာကျင့်ကြံပြီးနောက်
အခန်း ၆၀ ။ ကြက်သွေးရောင် ရွှေသတ္တုတွင်း
လူအားလုံးမှာ ထိုမြင်ကွင်းကြောင့် တုန်လှုပ်သွားကြပြီး ရှန်မိသားစု၏ စည်းမျဉ်းများကို ဆန့်ကျင်ရန် စိတ်မကူးဝံ့တော့ပေ။ ကျန်းချန်ရွှမ်လိုချင်သည်မှာလည်း သည်အချက်ပင်ဖြစ်သည်။ ထို့နောက် ရှန်းမိသားစု၏ ကျင့်ကြံသူများ စီမံခန့်ခွဲမှုအောက်တွင် လူအားလုံးမှာ အသိစိတ်စင်မြင့်ပေါ်သို့ တစ်ယောက်ပြီး
တစ်ယောက်တက်ကာ အစစ်ဆေးခံကြပါတော့သည်။ လူများစွာအနက် နှစ်ယောက်သောသူမှာ နတ်ဆိုးကျင့်ကြံသူဖြစ်နေသည့်အတွက် ကျန်းချန်ရွှမ်ကိုယ်တိုင် သုတ်သင်ပစ်လိုက်ရသည်။
ချီသန့်စင်ခြင်းအဆင့် ကျင့်ကြံသူ အားလုံး စစ်ဆေးပြီးချိန်တွင် အခြေခံတည်ဆောက်မှုအဆင့် ကျင့်ကြံသူများကို စစ်ဆေးရန် အလှည့်ကျလာသည်။ ကျန်းချန်ရွှမ်က ဟုန်ဝမ်တောင်နှင့် အခြေခံတည်ဆောက်မှု အဆင့်ကျင့်ကြံသူအားလုံးကို
“ခင်ဗျားတို့ကိုတော့ အဆင့် ၃ အသိစိတ် အဆောင်ပစ္စည်းသုံးပြီး စစ်မေးမှာပါ”
အဆင့် ၂ အသိစိတ်စင်မြင့်သည် ချီသန့်စင်ခြင်းအဆင့် ကျင့်ကြံသူများကို စစ်မေးရန် လုံလောက်သော်လည်း အခြေခံတည်ဆောက်မှုအဆင့် များကိုတော့ စစ်ဆေးရန် မလုံလောက်ပါ။ ထို့ကြောင့် အဆင့်၃ အသိစိတ်ဝိညာဉ် အဆောင်ပစ္စည်းများကိုအသုံးပြု၍ တစ်ဦးချင်းစီ စစ်မေးဖို့ လိုအပ်လာပါသည်။
အခြေခံတည်ဆောက်မှုအဆင့် ကျင့်ကြံသူများမှာ အရေအတွက်မများသည့်အတွက် ကျန်းချန်ရွှမ်တို့ ရှန်းမိသားစုတွင် အဆောင်အရေအတွက် အလုံအလာက်ရှိသည့်အပြင် ပိုလျှံနေပါသေးသည်။ ဟုန်ဝမ်တောင်နှင့် ကျင့်ကြံသူအချို့မှာ သဘောကျဟန်မတူသော်လည်း တစ်စုံတစ်ရာမပြောဘဲ အသာတကြည်လက်ခံလိုက်ကြသည်။ ဟုန်ဝမ်တောင်နှင့် ရတနာပွဲကြည့်စင်မှ လူများကို စစ်မေးရာတွင် နတ်ဆိုးကျင့်ကြံသူများနှင့် ပတ်သက်မှုမရှိကြောင်း တွေ့ရသည်။
စစ်မေးပွဲပြီးဆုံးသောအခါ ရှန်းရူယန်က ဖြစ်သမျှအကြောင်းစုံကို ရှန်းတောက်မင်ထံ စာပို့၍ တင်ပြလိုက်တော့သည်။ ရှန်းတောက်မင်ကြားသိသောအခါ မျက်နှာထားတင်းမာသွားပြီး ကျန်းချန်ရွှမ်နှင့် ရှန်းရူယန်တို့အား မစိုးရိမ်ရန်နှင့် ဟုန်ဝမ်တောင် ယခုလိုဆက်လက်ပြုမူနေလျှင် ကျောက်စိမ်းဖြူစျေးမှ မောင်းထုတ်ပစ်မည်ဟု ကတိပေးလိုက်သည်။ ဟုန်မိသားစုက ပြဿနာရှာလာလျှင် ဘိုးဘေးရှန်းမန်ရွှယ်ကို အကူအညီတောင်းရန်လည်း စဉ်းစားထားလိုက်သည်။
ထိုအချိန်တွင် ရတနာပွဲကြည့်စင်သို့ ပြန်ရောက်လာသော ဟုန်ဝမ်တောင်မှာ ဒေါသအကြီးအကျယ်ထွက်ကာ တွေ့သမျှပစ္စည်းတိုင်းကို ရိုက်ချိုးဖျက်ဆီးနေပါတော့သည်။
“ကျန်းချန်ရွှမ် နဲ့ ရှန်းရူယန် မင်းတို့လွန်သွားပြီ၊ ငါဒီအတိုင်း ကျေအေးလိုက်မှာမဟုတ်ဘူး”
ဟုန်ယွမ်၏ မျက်နှာမှာလည်း ဒေါသကြောင့် ချင်းချင်းနီနေသည်။ သူက ဟုန်ဝမ်တောင်ကို စေ့စေ့ကြည့်လျက်
“ဦးလေး ကျန်းချန်ရွှမ်တို့လူစု ဒီနေ့ ကျွန်တော်တို့ကို အကြီးအကျယ် အရှက်ရစေခဲ့တာပဲ၊ တော်ရုံလောက်နဲ့တော့ မကျေနပ်နိုင်ဘူး။ ဦးလေး ဒီအတိုင်း ရပ်ကြည့်နေမှာတော့ မဟုတ်ဘူးမလား”
ဟုန်ယွမ်၏ စကားကြောင့် ဟုန်ဝမ်တောင်မှာ ပို၍ ဒေါပွလာပြီး အော်ဟစ်လိုက်သည်။
“ဘာလို့ရပ်ကြည့်နေရမှာလဲ”
ထို့နောက်တွင် ဝမ်ဟုန်တောင်မှာ တဖြည်းဖြည်း ပြန်လည်တည်ငြိမ်လာပြီး မျက်လုံးများမှာ စူးရှတောက်ပြောင်လာသည်။ သူက အနိမ့်အမြင့်မရှိသော ပုံမှန်လေသံဖြင့်
“ဒီစျေးထဲမှာတော့ သူတို့ကို ဘာမှလုပ်လို့မရဘူး၊ ဒါပေမဲ့ သူတို့က ဒီထဲမှာပဲ တစ်သက်လုံးနေသွားမှာမှ မဟုတ်တာ။ ပြီးတော့ နတ်ဆိုးသားရဲအရေးက လာမဲ့နှစ်အနည်းငယ်အတွင်း ဖြစ်လိမ့်မယ်၊ အဲဒီအချိန်ရောက်ရင် ငါတို့အတွက် လက်စားချေစရာအခွင့်အရေးတွေ အများကြီးရှိလာလိမ့်မယ်၊ ကျန်းချန်ရွှမ်နဲ့ ရှန်းရူယန် မင်းတို့ငါ့ကိုစော်ကားခဲ့တဲ့အတွက် နောင်တရမိလိမ့်မယ်”
ကျောက်စိမ်းဖြူနန်းတော်အတွင်း၌ဖြစ်သည်။ ကျန်းချန်ရွှမ်၊ ရှန်းရူယန်၊ ရှန်းပိုဟုန် နှင့် ရှန်းဖေးယန်တို့လေးဦးသား ခေါင်းချင်းဆိုင် ဆွေးနွေးနေကြသည်။
“ရတနာပွဲကြည့်စင်မှာ လှုပ်ရှားမှုရှိလား”
ရှန်းပိုဟုန်နှင့် ရှန်းဖေးယန်တို့က ခေါင်းခါရင်း
“လောလောဆယ်တော့ မရှိဘူး၊ ကျွန်မတို့ ဘာဆက်လုပ်ပေးရမလဲ”
ကျန်းချန်ရွှမ်က ထွေထွေထူးထူး မပြောတော့ဘဲ
“မရှိပါဘူး၊ နားလို့ရပါပြီ”
ရှန်းရူယန်ကတော့ မျက်နှာမဲ့လိုက်ပြီး
“ဟုန်ဝမ်တောင်ဆိုတဲ့လူက ဉာဏ်တော့အများသား၊ သူမလုပ်သင့်တာကို မလုပ်ဖို့သိတယ်၊ ဒါပေမဲ့ ဒီလိုလူစားမျိုးက ပိုအန္တရာယ်များတယ်။ ကျွန်မတို့ အခွင့်အရေးရတာနဲ့ ဖြေရှင်းလိုက်သင့်တယ်”
ကျန်းချန်ရွှမ်လည်း တစ်သဘောတည်းရှိသည်။ လောလောဆယ်တွင် တုံ့ပြန်မှုမရှိသေးသော်လည်း ထိုလူစားမျိုးသည် အခွင့်ရလျှင် ဒုက္ခပေးရန် ဆင်ကြံကြံနေတတ်သူများ ဖြစ်သလို ယခုလည်း အကြံအစည်ကြီးကြီးမားမား တစ်ခုကို ဖော်ဆောင်ရန်ပြင်နေနိုင်သည်။ ဟုန်မိသားစုဝင်သာ မဟုတ်ခဲ့လျှင် ကျန်းချန်ရွှမ်တို့အနေနှင့် ဟုန်ဝမ်တောင်လို လူစားမျိုးကို အစောကတည်းက ရှင်းပစ်ပြီဖြစ်နေပါလိမ့်မည်။
လအနည်းငယ်ကြာပြီးနောက် ယွီဟွာတောင်မှ သတင်းကောင်းနှစ်ခု ရောက်လာသည်။ ပထမသတင်းမှာ ရှန်းတောက်မင်နှင့် ရှန်းရူယန်တို့နှင့် မျိုးဆက်တစ်ခုတည်းဖြစ်သော ရှန်းတောက်ယွမ်သည် အခြေခံတည်ဆောက်မှုအဆင့်ကို တက်လှမ်း နိုင်ခဲ့ခြင်းဖြစ်သည်။ သူ့အသက်မှာ ၅၆ နှစ်ရှိပြီးဖြစ်ကာ ငယ်စဉ်ဘဝကို ပြင်ပကမ္ဘာတွင် ခရီးသွားလာခြင်းဖြင့် ကုန်ဆုံးခဲ့ပြီး ရှန်းမျိုးနွယ်စုထံသို့ ပြန်ရောက်လာသည်မှာ မကြာသေးပါ။ ပြန်ရောက်ပြီးမကြာမီတွင် ကျင့်ကြံခြင်းကို အချိန်ပေးပြီး အခြေခံတည်ဆောက်မှုအဆင့်ကို တက်လှမ်းရန် စတင်ကြိုးစားခဲ့ရာ ပထမဆုံးအကြိမ်တွင်ပင် အောင်မြင်သွားခဲ့ခြင်းဖြစ်သည်။ ယခုအခါ ရှန်းမျိုးနွယ်စု၏ ဆယ်ယောက်မြောက် အခြေခံတည်ဆောက်မှုအဆင့်ကျင့်ကြံသူ ဖြစ်လာခဲ့ပြီဖြစ်သည်။
ထိုနည်းတူ ရှန်းရူယန်၏ဝမ်းကွဲ ညီအစ်မတော်စပ်သူ ရှန်းရူရွှမ်သည်လည်း ကောင်းကင်ဘုံ အဆီအနှစ်ဆေးပြားကို အောင်မြင်စွာ သန့်စင်နိုင်ခဲ့ပြီး အဆင့်၂ အလယ်အလတ်အဆင့် အဂ္ဂိရတ်ပညာရှင် ဖြစ်လာခဲ့ပြီဖြစ်သည်။ ထို့ကြောင့် အခြေခံတည်ဆောက်မှု သတ္တမအဆင့်အောက်ရှိ ကျင့်ကြံသူများအတွက် ဆေးရည်၊ ဆေးပြားများ ပြတ်လပ်မည်ကို စိုးရိမ်စရာမလိုတော့ပေ။
အဆိုပါသတင်းကောင်းနှစ်ခု ရောက်ရှိပြီး သုံးလအကြာတွင် တတိယသတင်းကောင်းရောက်လာပြန်သည်။ ရှန်းအန်ပေ့ ဟုခေါ်သော ရှန်းမိသားစုမှ ချီသန့်စင်ခြင်းအဆင့် ၈ ရှိသူတစ်ဦးသည် ပင်းချွမ်စီရင်စု အစွန်အဖျား တစ်နေရာတွင် ကြက်သွေးရောင်ရွှေသတ္တုတွင်းတစ်တွင်းကို ရှာဖွေတွေ့ရှိခဲ့ခြင်းဖြစ်သည်။ ကြက်သွေးရောင်ရွှေသတ္တုမှာ မီးဓာတ် ပါဝင်သော ရှားပါးဓာတ်သတ္တုရိုင်းတစ်မျိုးဖြစ်ပြီး ယဲ့မိသားစု လိမ်ညာလှည့်ဖျားခဲ့သော ခရမ်းရောင်ရွှေသတ္တုနှင့် ယှဥ်၍မရသော်လည်း တန်ဖိုးမြင့်သော ပစ္စည်းများ ဖြစ်ပါသည်။ အရည်အသွေးမြင့် ကြက်သွေးရောင်ရွှေသတ္တုများမှာ အဆင့် ၂ မီးဓာတ်အခြေခံ ဓမ္မလက်နက်များကို ဖန်တီးရာတွင် အသုံးပြုကြသည်။ သတ္တုကြောကို ရှာဖွေနိုင်ခဲ့လျှင် ရှန်းမိသားစုအတွက် တစ်နှစ်လျှင် ဝိညာဉ်ကျောက်တုံး သောင်းချီရှာဖွေပေးနိုင်မည်ဖြစ်၍ ရှန်းမိသားစု၏ ဓနအင်အားနှင့် အခြေခံအုတ်မြစ်ကို မြှင့်တင်ပေးနိုင်ပါလိမ့်မည်။
ထိုအချိန်တွင် ကျောက်စိမ်းဖြူနန်းတော်ရှိ ကျန်းချန်ရွှမ်နှင့် ရှန်းရူယန်တို့၏ ရှေ့မှောက်တွင် ရှန်းတောက်မင်၊ရွှီချန်းဟယ်၊ ရှန်းရူရွှမ်် နှင့် အခြေခံတည်ဆောက်ခြင်း အဆင့်ကို ပူပူနွေးနွေးရရှိထားသူ ရှန်းတောက်ယွမ်တို့၏ ပုံရိပ်ယောင်များ ရှိနေသည်။ လူအားလုံးမှာ စိတ်လှုပ်ရှားပျော်ရွှင်နေကြသည်။ ထိုစဥ် ရှန်းတောက်မင်က
“လက်ရှိအခြေအနေကတာ့ ဒါပဲ၊ အားလုံးအနေနဲ့ ဒီကိစ္စကို ဘယ်လိုသဘောရလဲ”
***
စာစဉ် ၃ ပြီး၏။