← Chapters

အခန်း (၇၁-၇၅)

Vol. 4 Ch. 71-75

အခန်း (၇၁-၇၅)

Vol. 4 Ch. 71-75

နှစ်တစ်ရာကျင့်ကြံပြီးနောက်

အခန်း​ ၇၁ ။ ရွှေ​သံချပ်ကာသေးအစွမ်း

ကျန်း​ချန်​ရွှမ်၏စကားကြောင့် ကျန်​အဖွဲ့​သား​များ​အားလုံး​ စိတ်​အား​တက်ကြွ​လာကြသည်။ အမှန်​စင်စစ် တောင်​ဘက်​ခံစစ်မျဉ်းတွင် သားရဲအုပ်ကြီးများစုပြုံနေသည်ကို အခြား​သော​နေရာ​များ​တွင် အသီးသီး​ရှိနေ​သော ကျီဖုအဆင့်​ဆရာသခင်များ အာရုံ​မခံ​မိဘဲနေမည် မဟုတ်​ပါ။ အခြား​သော ကျင့်ကြံသူများ၏ စစ်ကူရောက်​မလာခင် ရှန်း​ယွမ်လုံ​နှင့် ထျန်း​ချီ​တို့ ဦး​ဆောင်​သော တောင်​ဘက်​ခြမ်းတစ်ဖွဲ့သားလုံးအနေနှင့် တတ်စွမ်းသမျှ ခုခံ​အချိန်​ဆွဲနိုင်ခဲ့လျှင် တိုက်ပွဲ၏ချိန်ခွင်လျှာမှာ ပြောင်း​လဲ​သွားဖို့သေချာပါသည်။

ကျန်း​ချန်ရွှမ်က အခြား​သူများ မကြားနိုင်စေရန် အသံ​ပို့စနစ်ဖြင့် ရှန်းရူယန်ကို ပြောလိုက်သည်။

“ဒီတစ်ခါတော့ ကိုယ်​တို့​ရဲ့အင်အားအစစ်အမှန်ကို ဖုံးထားလို့မဖြစ်တော့ဘူး”

ရှန်းရူယန်က ခေါင်း​ညိတ်​ရင်းပြုံးလိုက်သည်။

“ဟုတ်​တယ်၊ ဒီအရေးပြီးသွားအောင် အရင်ဖြတ်လိုက်ကြတာပေါ့”

ထို့နောက်​ ရှန်းရူယန်သည် မိုး​ကြိုး​ဆင်း​တံဆိပ်​တော်ကို ပစ်လွှတ်လိုက်သည်။ ခဏချင်းပင် လျှပ်​ရောင်​ထနေသော မိုး​ကြိုး​များအဆက်မပြတ် ကျရောက်​လာပြီး သူတို့ရှေ့တွင်ရှိနေသည့် အဆင့်​၁ သားရဲ​အုပ်​ကြီး​ကို မီးသွေးခဲကြီးများအဖြစ် ပြောင်းလဲလိုက်သလို အဆင့်​၂ အနိမ့်စား​သားရဲ​များ​ကိုလည်း နေရာ​မှာတင် ပွဲချင်းပြီးသတ်ဖြတ်လိုက်သည်။ တစ်ချိန်​တည်း​မှာ​ပင်​ ကျန်း​ချန်​ရွှမ်​က နတ်ဘုရားလေအဆောင်​နှင့် ခုနစ်​စင်ကြယ်ရွှေဓား အဆောင်​နှစ်ခုကို ထုတ်​ယူပစ်လွှတ်လိုက်ရာ အစိမ်းရင့်ရောင် လေပွေမုန်တိုင်းတစ်ခုနှင့် မီတာ၁၀၀ ကျော်​ရှည်လျားသော ရွှေ​ရောင်အလင်းတန်း ဓားချီတစ်ခု ထွက်​ပေါ်​လာပြီး အဆင့်​၂ အလယ်အလတ်​အဆင့်​သားရဲ​နှစ်​ကောင်​ထံသို့​ ပြေးဝင်တိုက်ခိုက်လိုက်သည်။

သား​ရဲနှစ်ကောင်မှာ တုံ့​ပြန်​ချိန်​ပင်​ မရလိုက်ဘဲ တစ်ကောင်​မှာ နေရာ​တွင်​ပင် နှစ်ပိုင်းပြတ်​သွားသလို ကျန်​တစ်ကောင်​မှာလည်း ဆိုး​ဝါး​စွာဒဏ်ရာရရှိသွားပြီး ဆုတ်ခွာရန်​ပြင်​လိုက်သည်။ သို့​သော်​ ကျန်း​ချန်​ရွှမ်​က အလွတ်​မပေးဘဲ အဆင့်​၂ ပင်လယ်လောင်မီးမန္တန် အသုံးပြု​ကာ အဆုံး​သတ်​ပေးလိုက်သည်။ အဆင့်​၂ အလယ်အဆင့်​ သားရဲ​ကြီး​နှစ်​ကောင်​ သေဆုံး​မှုက ကျန်​သားရဲ​အုပ်​ကြီး၏ အဟုန်ကိုခေတ္တမျှ တန့်သွားစေသည်။ ထို​အခွင့်အရေး​ကို​ လက်​လွှတ်​မခံဘဲ ချန်းဖေးလုံနှင့် ကျန်​နှစ်ဦးမှာ သူတို့​ရှေ့​တွင်​စုပြုံတိုးနေသည့် အဆင့်​၂ သားရဲ​များ​ကို​ နောက်​ဆုတ်သွားအောင်​ တိုက်​ထုတ်​နိုင်​လိုက်သည်။

ထိုအခိုက် တောင်​ပံနှစ်ခုပါသည့် ကျားအသွင်ရှိသော နတ်ဆိုးသားရဲ​သုံး​ကောင်​က ကျန်းချန်ရွှမ်ကို ပစ်​မှတ်ထား၍ စုပြုံ​တိုက်​ခိုက်​လိုက်သောကြောင့် ကျန်း​ချန်​ရွှမ်မှာ ခံစစ်အနေအထားနှင့် အသည်းအသန်​ကာကွယ်​နေရသည်။ ရှန်းရူယန်ဘက်ခြမ်းတွင်တော့ အခြေ​အနေ​က လွယ်​ကူလွန်းနေသည်။ ကျိန်စာအလင်းဓား နည်းစနစ်အောက်တွင် အဆင့်၂ အနိမ့်၊အလယ်၊အမြင့်​အားလုံး​သော သား​ရဲများမှာ တစ်ကောင်​ပြီး​တစ်ကောင် အသက်​ပျောက်​ကုန်​ကြသည်။ ရှန်းရူယန်၏စွမ်းအားကို မျက်​မြင်​တွေ့လိုက်ရသော ကျင့်​ကြံ​သူ​များမှာ အံ့အားသင့်ကုန်ကြသည်။

ရှန်းယွမ်လုံ၊ ရှန်း​တောက်မင် နှင့်​ အခြား​အကြီးအကဲများမှာလည်း တုန်​လှုပ်​သွားကြပြီး သူတို့​အတွေး​ထဲတွင်​ ရှန်း​ရူယန်​တစ်ယောက်၊ ဘယ်​အချိန်​ကတည်းက​ အခြေခံတည်ဆောက်​မှု​ နဝမအဆင့်ကို တက်လှမ်းနိုင်ခဲ့သလဲဟု စဉ်းစား​နေမိကြသည်။

ထို​အချိန်​တွင်​ မဝေးလှသော တစ်နေရာမှ အော်​သံကြီး ကြားလိုက်ရသည်။

“ရှန်း​ရူရွှမ် သတိ​ထား”

အဆင့် ၂ အလယ်​အဆင့်နှင့် အမြင့်​ဆုံး​အဆင့် အသီး​သီးရှိသော ကင်းခြေများကြီးနှင့် အမြီးအနီရောင်ရှိ ပလက်တီနမ်ကြေးခွံ ကင်းမြီးကောက်ကြီးတို့၏တိုက်ခိုက်​မှုကြောင့် ရှန်းရူရွှမ်၏ အဆင့်၂ အကာအကွယ်​ဓမ္မ​လက်နက်​မှာ လွင့်ထွက်သွားပြီးနောက် အဆို​ပါ​သားရဲ​ကြီး​နှစ်​ကောင်​၏ ထိုး​နှက်​ချက်​များက ရှန်း​ရူရွှမ်၏ကိုယ်ပေါ် ကျရောက်တော့မည့်ဆဲဆဲတွင် သူမ၏မျက်​လုံးများထဲသို့​ အကြောက်တရားက ချဉ်းနင်းဝင်ရောက်လာပါတော့သည်။

ထို​စဉ်​ အစိမ်း​ရောင်​ဓားကြီးတစ်စင်းက ကင်း​မြီး​ကောက်​ကြီး၏ အဆိပ်​ဆူးကို ကာကွယ်လိုက်ပြီး ရှန်း​ရူရွှမ်၏ ရှေ့မှောက်​သို့​ ရှန်းချန်းနန် ရုတ်တရက်​ရောက်​ရှိ​လာ​သည်။

“ဦးလေး​ ၆”

ရှန်းရူရွှမ် ကယောင်ကတမ်းအော်လိုက်မိချိန်တွင် သူမ၏ခန္ဓာကိုယ်​ကို ရှန်း​ချန်း​နန်က ဘေးကင်းရာသို့ အား​ကုန်​ပစ်လွှတ်လိုက်သည်။ တစ်ချိန်​တည်း​မှာ​ပင်​ ရှန်း​ချန်း​နန်က

“ရူရွှမ် နင်က အနီး​ကပ်တိုက်ပွဲမှာ ညံ့တယ်၊ တောက်​မင်​နဲ့ ရူယန်​ကို​ပဲ သွားကူလိုက်၊ ဒီနှစ်ကောင်ကို​ ငါ့တာဝန်ထား”

ထို့နောက်​ ရှန်း​ချန်း​နန်​သည် အဆိုပါ​သားရဲ​နှစ်​ကောင်​ထံသို့ ပြေး​ဝင်​တိုက်ခိုက်​လိုက်ပါတော့​သည်။ ထို​အချိန်​တွင်​ အဆင့်၂ သားရဲသုံး​ကောင်၏ ပိတ်ဆို့​တိုက်ခိုက်​မှုကို အလူးအလဲ​ခံနေရ​သော ကျန်း​ချန်​ရွှမ်​ထံမှ သတ်ဖြတ်​ချေမှုန်း​လိုသော အော်ရာများ အဆက်​မပြတ်​ ထွက်​ပေါ်​လာသည်။ ကျန်း​ချန်​ရွှမ်သည် ခေတ္တမျှ​စဉ်းစားနေ​ပြီးမှ ရွှေရောင်အဆောင်​လက်နက်​သုံး​ခု ထုတ်​ယူလိုက်သည်။ ထို​အဆောင်​များ​မှာ ရွှေရောင်ချပ်ဝတ်ရုပ်သေး အဆောင်​များဖြစ်ပြီး ကျန်း​ချန်​ရွှမ်​အနေ​နှင့်​ နောက်ဆုံးပွဲသိမ်းလက်နက်​အဖြစ်သာ​ အသုံးပြု​ဖို့​ကြံရွယ်​ထားခဲ့​သော်လည်း ယခုအခါ​ ရွေးချယ်စရာမရှိတော့​ဘဲ မဖြစ်​မနေ​အသုံးပြု​ရတော့မည်ဖြစ်သည်။

အဆောင်​သုံး​ခုကို​ အသက်​သွင်း​ပြီး​နောက်​ ရွှေရောင်​သံ​ချပ်​ကာဝတ် စစ်သည်​သုံးဦး​ ရုတ်တရက်​ပေါ်​လာသည်။ သုံးဦး​စလုံး၏ လက်ထဲတွင်​ ရွှေ​ရောင်​ဓား​ပြားကြီးများ ကိုယ်စီကိုင်စွဲထားကြသည်။ စစ်သည်​သုံးဦးမှာ ကျန်း​ချန်​ရွှမ်ကို ပိတ်လှောင်တိုက်ခိုက်နေသော​ ကျားပျံ​အသွင်ရှိ သားရဲ​သုံး​ကောင်ကို​ မြင်သည်နှင့် တုံ့ဆိုင်းခြင်းမရှိ ဓားများ​ကို ​ကိုယ်စီဝှေ့ယမ်းတိုက်​ခိုက်​လိုက်​သည်။ ထို​စဉ်​ အလွန်ပြင်းထန်သော အော်​ရာပေါက်ကွဲမှုကြီးတစ်ခု ဖြစ်​ပေါ်​ပြီး စစ်သည်​သုံးဦး​ ဦး​တည်​တိုက်ခိုက်​လိုက်​သော တည်​နေရာ​နှင့် ပတ်လည်မြေပြင် ​ကီလိုမီတာ​အနည်းငယ်မှာ ကျင်းကြီးအဖြစ် ပြောင်းလဲသွားသည်။

ကျား​ရဲသုံးကောင်မှာ ရှောင်​ရန်ပင် အချိန်​မရလိုက်ဘဲ ​ပေါက်ကွဲ​ကုန်ကြသည်။ နှစ်ကောင်သော​ ကျား​ပျံများ၏ တောင်​ပံများမှာ ပြုတ်ထွက်ကုန်သလို ကျန်တစ်ကောင်၏ ခြေ​ထောက်​များ​မှာလည်း​ ပေါက်​ကွဲ​ပျက်စီးကုန်ကြသည်။ ​ကျား​ရဲ​များ၏ နာကျင်​စွာ အော်ညည်းသံကြီးက ပဲ့တင်ထပ်သွားသည်။ ကျန်း​ချန်​ရွှမ်​သည် ယခုအခါ​ ရွှေရောင်ချပ်ဝတ်ရုပ်သေး​အဆောင်၏ စွမ်း​အား​အစစ်အမှန်ကို နားလည်​လိုက်ပြီ​ဖြစ်ပြီး အချိန်မဆိုင်းဘဲ ကျား​ရဲသုံးကောင်ကို အဆုံး​သတ်ရန် ပြင်​ဆင်​လိုက်သည်။

ကောင်း​ကင်ထက်မှ နဂါး​ဟိန်းသံတစ်ခု ပေါ်​လာပြီး အဆင့်၂ အမြင့်ဆုံး​အဆင့်​ရှိ ကျီယန်ဓားက ကောင်း​ကင်​ထက်​မှ တစ်ဟုန်ထိုးဆင်းလာကာ ကျား​ပျံ​နှစ်​ကောင်၏ ခေါင်း​များ​ကို​ လေထဲမှာပင် ပိုင်း​ဖြတ်​လိုက်သည်။ ကျန်တစ်ကောင်မှာ လေပွေအသွင်ပြောင်းပြီး လစ်ပြေးရန်ကြံသော်လည်း ဗလာ​နယ်ဓားသည် ကျားပျံ၏အမြီးကို​ဖြတ်ပစ်နိုင်လိုက်သည်။

ထို​အဖြစ်အပျက်​ကို အစအဆုံးတွေ့မြင်လိုက်ရသော ရှန်း​ကလန်​နှင့် လော့ရှားမန်ဂိုဏ်းတို့၏ အကြီးအကဲ​များမှာ ကြက်သေသေငိုင်သွားမိသည်။ အဆိုပါ​ ရွှေရောင်​ချပ်​ဝတ်အဆောင်မှာ မည်​သည့်အဆင့်ရှိ လက်နက်​ဖြစ်ပြီး အဘယ်ကြောင့် အစွမ်းထက်လွန်းနေရသနည်းဟူသော အတွေး​များ​ကိုယ်​စီ တွေးနေမိကြသည်။ ထို့အပြင် အဆိုပါ​ရွှေရောင်​သံ​ချပ်​ကာဝတ်​စစ်သည်​များ​ကို အဆောင်​ပိုင်ရှင်က ထိန်း​ချုပ်​စရာမလိုဘဲ အလို​အလျောက်​တိုက်​ခိုက်​နိုင်​သည့် အစွမ်းကလည်း အထင်​ကြီး​စရာ​ဖြစ်သည်။ လူက​ညွှန်ကြား​စရာမလို​ဘဲ ကိုယ်​ပိုင်​အသိဥာဏ်ဖြင့် တိုက်​ခိုက်​နိုင်​သော အဆောင်​လက်နက်မျိုး​ကို သူတို့​တစ်ခါမှ မမြင်​ဖူးကြပါ။

ကျန်း​ချန်​ရွှမ်၏ ချပ်​ဝတ်​စစ်သည်​သုံးဦး​ကို ငေးမောနေမိကြချိန်တွင် ငိုယို​အော်​ဟစ်သံများ ကြား​လိုက်​ရသည်။

“ညီလေး တောက်ဖုန်း”

“အစ်မကြီး မို”

ရှန်း​ကလန်​မှ ရှန်း​တောက်​ဖုန်း​နှင့် လော့​ရှား​မန်​ဂိုဏ်း​မှ အမျိုးသမီး​ကျင့်ကြံသူ​တစ်ဦး​တို့မှာ သားရဲ​များ​ကို​ခုခံရင်း ကျဆုံး​သွားကြရသည်။ တိုက်ပွဲ​စပြီး​ကတည်းက ပထမ​ဆုံး​အကြိမ်​ အခြေခံ​တည်ဆောက်​ခြင်း​အဆင့်​ကျင့်ကြံသူများ အသတ်​ခံရခြင်းဖြစ်သည်။ ထိုဖြစ်စဉ်ကြောင့် ရှန်းရူယန်၊ ကျန်း​ချန်​ရွှမ်​နှင့် ရှန်းတောက်​မင်တို့အပါအဝင် ကျင့်ကြံသူအားလုံး၏ မျက်​နှာ​များ​ ကိုယ်​စီပျက်ကုန်ကြသည်။ အစောပိုင်းက ရှန်းတောက်ဖုန်း​လဲကျသွားသောနေရာ​သို့ အား​လုံး၏အကြည့်များ ရောက်​ရှိ​သွားကြသည်။ ရှန်းတောက်ဖုန်း၏ အလောင်းမှာ ရှိမနေတော့ချေ။

***

နှစ်တစ်ရာကျင့်ကြံပြီးနောက်

အခန်း​ ၇၂ ။ တိုက်ပွဲ​အခြေအနေ​ပြောင်း​လဲ​ခြင်း

နတ်ဆိုး​သား​ရဲ​များ​နှင့် ရင်ဆိုင်​တိုက်ပွဲ​များတွင် အဆိုပါ​ဖြစ်ရပ်မျိုး​မှာ ပုံမှန်​ဖြစ်​ရိုး​ဖြစ်​စဉ်​ဖြစ်​သည်။ ကျင့်ကြံသူ​တစ်ဦး သေ​ဆုံး​သည်နှင့် သားရဲ​ကြီး​များ​၏ ဝါး​မျို​စား​သောက်​ခြင်း​ကို မလွဲမသွေခံစားရမည်ဖြစ်သည်။ ထို​မြင်​ကွင်း​ကြောင့်​ ရှန်း​မျိုး​နွယ်စု​ဝင်​အား​လုံးမှာ စိတ်ထိခိုက်​ဝမ်း​နည်း​ကုန်​ကြသည်။ မကြာ​သေး​ခင်ကပင် ရှန်း​တောက်​ဖုန်း​သည် ဘိုးဘေးရှန်းယွမ်လုံ​တို့နှင့်အတူ ကန်း​ယန်​ဂိုဏ်း​သို့ သွား​ရောက်၍ နတ်ဆိုးကျင့်ကြံသူများကို​ နှိမ်နင်း​ခဲ့စဉ်က ရှန်း​မိသားစု​အတွက်​ အသေအပျောက် လုံးဝမရှိခဲ့သော်လည်း ယခု​ သား​ရဲ​သောင်း​ကျန်း​မှု ပထမ​နေ့​တွင်​ပင်​ ရှန်း​မိသားစု၏ အကြီးအကဲတစ်ဦး ကျဆုံး​သွား​ရပြီဖြစ်သည်။

ယခု​လို​ ဝမ်း​နည်း​ကြေကွဲစရာဖြစ်ရပ်များသည် မကြာ​ခင်​အတောအတွင်း​ ဆက်​လက်​ဖြစ်​ပွားလိမ့်ဦးမည် ဟူသောအချက်ကို အားလုံး​နားလည်​လိုက်ကြသည်။ ရှန်း​တောက်​ဖုန်းနှင့် လော့ရှားမန်ဂိုဏ်းမှ အမျိုးသမီး​ကျင့်ကြံသူ မို တို့ကျဆုံးပြီးမကြာမီ တိုက်ပွဲ၏ချိန်ခွင်လျှာမှာ ရုတ်တရက်​ပြောင်းလဲ​သွားသည်။

ဥပမာ​အားဖြင့်​ ရှန်း​ချန်းနန်သည် အလွန်​စိုးရိမ်​ရသော အခြေအနေ​အတွင်း​ ဆိုက်ရောက်နေသည်။ တူမ​ဖြစ်သူ ရှန်း​ရူရွှမ်​ကို မကယ်တင်မီကပင် အဆင့်​၂ သားရဲအများ​အပြား​နှင့်​ ရင်ဆိုင်​ခဲ့ရပြီး ဒဏ်ရာ​အပြင်းအထန်ရရှိခဲ့ပြီးဖြစ်သည်။ ယခုအခါ​ နောက်ထပ်​ အဆင့်​၂ သားရဲ​နှစ်​ကောင်​ဖြစ်​သည့် ကင်း​ခြေများကြီးနှင့် အမြီးနီကင်းမြီးကောက်တို့ကို ရင်ဆိုင်​ရတော့​မည်​ဖြစ်သည်။ ထို​နှစ်​ကောင်​အနက်​ ပလက်တီနမ်ကြေးခွံ​ ကင်းမြီးကောက်ကြီးသည် အဆင့် ၂ အမြင့်ဆုံး​အဆင့်ရှိ သားရဲဖြစ်ပြီး ရှန်း​ချန်းနန်​မှာ မနည်း​ရင်​ဆိုင်​ခုခံ​နေရသည်။

ထို​နှစ်​ကောင်​အပြင် အခြား​အဆင့်​နိ​မ့်သားရဲများကလည်း ဝိုင်း​ပြုံတိုက်ခိုက်နေရာ အဘိုးကြီး​ရှန်း​ချန်းနန်မှာ ဖိအား​အလွန်​များ​နေသည်။ လက်​စွပ်ပုံဓမ္မလက်နက်ဖြင့် ကင်းခြေများအဆိပ်​ကို​ ကာကွယ်လိုက်​နိုင်သော်လည်း တစ်ဖက်တွင် ချောင်း​နေသည့် ကင်းမြီးကောက်​ကြီးကို ရှန်း​ချန်းနန်​တစ်ယောက်​ သတိမပြုမိလိုက်သည့် အခိုက်​ဝယ်…..

ဝုန်း​

အဆိပ်​ဆူးက ရှန်းချန်းနန်၏ဝမ်းဗိုက်ကို ဖောက်​ဝင်သွားပြီး​နောက်​ သွေး​များအန်ကာ လဲကျသွားသည်။ ရှန်း​ချန်းနန်၏ ဝမ်းဗိုက်​အတွင်းမှ အူကလီစာများကိုပင် လှမ်းမြင်နေရသည်။

“ဦးလေး ၆”

ထို​အခြေအနေက တိုက်​ပွဲ​ဝင်​နေသည့်​ ရှန်း​မျိုး​နွယ်စု​ဝင်​အား​လုံး​၏ အာရုံ​ကို​ ဆွဲဆောင်​လိုက်သလိုဖြစ်ပြီး ရှန်း​ရူယန်​နှင့်​အတူ တိုက်ခိုက်နေသည့် ရှန်း​ရူရွှမ်​မှာ သူမ၏ဦးလေးအဖြစ်ကိုမြင်ပြီး စိုး​ရိမ်​ကြီးစွာနှင့် ရှန်း​ချန်းနန်ထံ​သို့ ပြေးဝင်ရန်ပြင်လိုက်သည်။

“ညီမလေး​ ရူရွှမ် နင်သွားလို့မရတော့ဘူး”

“ဒါပေမဲ့​ ဦးလေး ၆…...”

ရူရွှမ်၏မျက်ဝန်း​များ​ထဲတွင် မျက်​ရည်​များ ပြည့်လျှမ်းနေပါသည်။ ရှန်း​ချန်းနန်​ကို ကယ်တင်​ဖို့မဖြစ်နိုင်တော့သည်ကို သူတို့​အားလုံး​ နားလည်​ထားကြပြီးဖြစ်သည်။ အကယ်၍ ကယ်​တင်​နိုင်​ခဲ့လျှင်တောင် ရှန်း​ချန်းနန်​၏ အသက်​ရှင်​နိုင်​ချေမှာ လုံးဝမရှိတော့ပါ။

ရှန်း​ချန်းနန်​ကလည်း​ သူ့အနေနှင့် အဖွဲ့​သားများ​အား​လုံး​အတွက်​ ဝန်​ထုပ်ဝန်ပိုး ဖြစ်စေလိုဟန် မတူပါ။ အနီရင့်ရောင်ဆေးပြားတစ်ခုကို လက်​နှင့်စမ်းလျက် ထုတ်ယူလိုက်သည်။

“သွေး​လောင်​ဆေးပြား”

ရှန်း​ရူရွှမ်​က ရှန်းချန်းနန် သွေးလောင်ဆေးပြားကို ထုတ်​ယူလိုက်​သည်​ကိုမြင်ပြီးနောက် အလန့်တကြား​ အော်​ဟစ်လိုက်သည်။

ထို​ဆေး​ပြားသည် အဆင့်​၂ အမြင့်ဆုံး​အဆင့်ရှိပြီး သောက်​သုံး​လိုက်ပါ​က တစ်​ကိုယ်​လုံး​ရှိသွေးများ စဉ်​ဆက်​မပြတ်​ လောင်​ကျွမ်း​ပြီး အချိန်​ခဏအတွင်း အလွန်​ကြီး​မား​သည့်​စွမ်းအားတစ်ရပ်ကို ယာယီပိုင်ဆိုင်စေပါသည်။ ဘေး​ထွက်​ဆိုးကျိုး​မှာ တစ်ကိုယ်လုံးရှိသွေးများ လောင်​ကျွမ်း​ကုန်သည့်အတွက် သောက်သုံး​သူမှာ မလွဲမသွေသေရမည်ဖြစ်သည်။

“မကောင်း​ဆိုးဝါး​ကောင်​တွေ ငါ့​ကိုသတ်​ချင်ရင် လာခဲ့​စမ်း”

“အားလုံး​ပဲ ငါသွားနှင့်မယ်”

ပြော​ပြီးပြီးချင်းမှာပင် ဆေးပြား​ကိုသောက်ချလိုက်တော့သည်။ ထို့နောက်​တွင် သေလုနီးပါးဖြစ်နေသော ရှန်း​ချန်း​နန်မှာ ရုတ်​တရက် အလွန်​အား​ပြင်းသော အော်ရာတစ်ခု​ကို ထုတ်​လွှတ်လိုက်ပြီး သူ့ရှေ့မှောက်ရှိ အဆင့် ၂ ဓမ္မ​လက်နက်​ တိုက်ပွဲဝင်ဓား​ကို ကောက်​ယူကိုင်စွဲလိုက်သည်။ ဓားသည်လည်း ချီအလင်းတန်းများ တဖျတ်ဖျတ်​တောက်​ပနေပြီး အလွန်​အမင်းထက်ရှသည့် အသွင်ဆောင်နေသည်။ ရှန်းချန်နန် ကိုင်​စွဲလိုက်ချိန်တွင် ဓား​သွားတွင် အက်​ကြောင်းအနည်းငယ်ပေါ်လာသည်။ ရှန်း​ချန်းနန်၏ ရုတ်တရက်​တိုး​မြင့်​လာသော အဆီအနှစ်စွမ်းအင်ပမာဏကို ခံနိုင်​စွမ်း​မရှိ၍ ဖြစ်​သည်။ သို့​သော်​လည်း​ ဓား​သွားတွင် သွေးများဖုံးလွှမ်းနေသည့်​အတွက်​ ပို၍ပင်ကြောက်​မက်ဖွယ်အသွင်ကို ဆောင်​နေသည်။ ဓားမှထုတ်လွှင့်နေသည့် ပြင်းထန်သောအော်ရာများကို သားရဲ​ကြီး​နှစ်​ကောင်​လုံး​လည်း ခံစား​မိပြီး နောက်သို့ဆုတ်ခွာရန်ကြိုးစားလိုက်သည်။

ထို​စဉ် ရှန်း​ချန်းနန်​၏မျက်လုံး​များမှာ ပြူး​ကျယ်​လာပြီး​ အစွမ်းကုန်​အော်​ဟစ်​လိုက်သည်။

“ခုတ်​စမ်း”

ပေတစ်ထောင်နီးပါးရှိသည့် အနီ​ရင့်ရောင်​ဓားအလင်းတန်းကြီးသည် ကျင့်ကြံသူအားလုံး၏ မြင်ကွင်း​ရှေ့တွင်ပေါ်လာပြီးနောက် မြန်​ဆန်​လွန်း​သော အရှိန်နှင့်အတူ ကင်း​ခြေ​များ​ကြီး​ကို ပိုင်း​ဖြတ်​လိုက်သည်။ ကင်း​ခြေ​များ​သားရဲမှာ တုံ့ပြန်ချိန်​ပင်မရလိုက်ဘဲ​ ခန္ဓာကိုယ်​မှာနှစ်ပိုင်းပြတ်ထွက်သွားသည်။ ကျန်​ရှိနေ​သေးသော ပလက်တီနမ်​ကြေး​ခွံ ​ကင်း​မြီးကောက်သားရဲကြီးလည်း သူ့အဖော်သေဆုံးသည်ကို မြင်လျှင် ကျယ်​လောင်​စွာအော်ဟစ်လျက် ထွက်​ပြေး​ရန်ကြိုးစားသည်။ ထွက်ပြေးရင်းနှင့်ပင် သူ၏ခန္ဓာ​ကိုယ်​ကြေးကွက်များပေါ်တွင် သံချပ်​ကာနှင့်တူသော ကြေး​ခွံ​များပေါ်လာပြီး အမြီး​မှလည်း အဆိပ်​ဆူးများ အဆက်​မပြတ်​ပစ်ခတ်လိုက်သည်။ ရှန်းချန်းနန်၏ ဓားချက်ကိုကာရန် ကြိုးစား​ခြင်း​ဖြစ်​သည်။​

သို့​ရာ​တွင်​ ဓားအမြန်​နှုန်း​ထက် ကျော်​လွန်အောင် ပြေး​နိုင်ခြင်း​မရှိဘဲ​ ကိုယ်ခန္ဓာတစ်ဝက်မှာ ဓား​အလင်း​တန်း​လက်​ချက်​ဖြင့် ပြတ်​ထွက်​သွားသည်။ ကင်းခြေများ​ထက် ကံကောင်း​သည့်တစ်ချက်က အမြီး​နီကင်း​မြီး​ကောက်​မှာ အသက်ရှင်လျက်​ကျန်ရှိနေသေးသည့် တစ်ချက်သာ​ဖြစ်​ပြီး လှုပ်ရှား​တိုက်​ခိုက်​နိုင်​ခြင်းလုံး​ဝ မရှိတော့ပါ။

ထို​မြင်​ကွင်း​ကို​ကြည့်ပြီး အဖွဲ့​သားအားလုံးမှာ ဝမ်း​နည်း​ဝမ်း​သာ ခံစား​လိုက်​ရသည်။ ထိုသားရဲကြီးနှစ်ကောင်ကို ရှန်းချန်းနန်​သည် သူ့အသက်ကိုရင်း၍ အနိုင်ယူခဲ့ခြင်းဖြစ်သည်။ အလင်း​ဓားကို နှစ်​ကြိမ်​အသုံးပြု​ပြီးနောက်​ ရှန်း​ချန်းနန်၏ ခန္ဓာကိုယ်​မှာ ကြွေ​ထည်ပစ္စည်း​တစ်ခု ကွဲအက်သလို အက်ကြောင်းများပေါ်လာပြီး တစ်ခဏအတွင်း​မှာပင် အမှုန်​အဖြစ် လွင့်မျောပျောက်ကွယ်သွားပါတော့သည်။

ရှန်း​မျိုး​နွယ်​စုဝင်​များအား​လုံး၏ နှလုံး​မှာ ခေတ္တ​မျှရပ်တန့်သွားသလို ခံစားမိလိုက်ကြသည်။ ရှန်း​ချန်းနန်​သည် သုံးယောက်​မြောက်​ကျဆုံး​သည့်​ အခြေခံတည်ဆောက်​ခြင်း​အဆင့်​ ကျင့်ကြံသူ​ဖြစ်​သည်။ နောက်​ထပ်​ မည်​သူတွေ ထပ်မံသေဆုံးရဦးမည်လဲ ဟူသည့်အတွေးက အား​လုံး၏ရင်​ထဲတွင် ဖိစီးလာသည်။ ထိုအခါ ကျန်း​ချန်​ရွှမ်​သည် ရှန်းရူယန်အား လှမ်းကြည့်လိုက်သည်။ အကြည့်ချင်းဆုံသည့်ခဏမှာပင် တစ်ယောက်​အတွေးကို တစ်ယောက်​သိလိုက်ကြသည်။

ထို​အတွေးက လက်​ရှိ​အတိုင်း​ ဆက်သွားလျှင် သူတို့​အားလုံး​အတွက်​ အခြေအနေကောင်းမည်​မဟုတ်။ တိုက်​ပွဲ၏ချိန်​ခွင်​လျှာ​ကို​ ပြောင်း​လဲ​ရန်​ တစ်ခုခု​လုပ်​ဆောင်​မှဖြစ်မည်။ ထို​ချိန်​ခွင်လျှာမှာ​ ကျီဖုအဆင့်​ကျင့်​ကြံ​သူ​နှစ်ဦးအပါ် မူတည်​သည်။ ရှန်းယွမ်လုံ​နှင့်ထျန်း​ချီ​တို့ကို​ သူတို့​အားလုံး​ ဝိုင်းဝန်း​ကူညီ​ပြီး အဆင့်၃ သားရဲ​လေး​ကောင်အနက် တစ်​ကောင်​ကို သတ်​ဖြတ်​နိုင်​လိုက်​လျှင် ကျန်​သုံး​ကောင်​မှာ ခေတ္တ​မျှ​ဆုတ်ခွာ​သွား​ရမှာဖြစ်ပြီး သူတို့​အားလုံး​အတွက်​ အချိန်​ပိုရနိုင်ချေရှိသည်။

ထို​အတွေးကို ရှန်းရူယန်က ရှန်းတောက်မင်​ထံသို့​ အသံ​ပို့စနစ်ဖြင့် ရှင်း​ပြလိုက်သည်။ ရှန်းတောက်​မင်​ကမူ သူတို့​နှစ်ဦး​မှာ အရဲကိုးလွန်းသည်ဟုမြင်သည်။ အခြေခံတည်ဆောက်​မှု​အဆင့်နယ်ပယ် ကျင့်ကြံသူ​များအနေနှင့် အဆင့် ၃ နတ်ဆိုးသားရဲများ​ကို ရင်ဆိုင်​ရန် မဖြစ်နိုင်​သလောက်​ရှိသည်လေ။ သို့သော်၊ ထိုနည်းလမ်းထက် ပိုမို​ကောင်းမွန်​သည့်နည်းမရှိသည့်အပြင် သူတို့​သုံးယောက်၏စွမ်းအားများ ပေါင်း​စပ်​လိုက်​လျှင်​ အဆင့်၃ သားရဲ​တစ်​ကောင်​ကို ယှဉ်ပြိုင်နိုင်​လောက်မည်ဟု ယူဆသောကြောင့် ရှန်း​တောက်​မင်က ထို​အစီအစဉ်​ကို လက်ခံ​လိုက်​သည်။

ကျန်း​ချန်ရွှမ်နှင့် ရှန်းရူယန်တို့တွင် အဆင့်​၃ သားရဲ​များ​ကို ခြိမ်း​ခြောက်​နိုင်​သည့် အဆင့်​၃ အဆောင်​လက်နက်​များ​ရှိသလို သူ့တွင်​လည်း​ မိသားစု​ရတနာ​ဖြစ်​သည့် ပင်လယ်ပြာခေါင်းလောင်းရှိသည်။ သူတို့​သုံးယောက်​ ညီညွတ်စွာစုပေါင်းတိုက်ခိုက်နိုင်ခဲ့လျှင် အဆင်၃ သားရဲ​တစ်ကောင်​ကို သတ်ဖြတ်​ပြီး​ တိုက်​ပွဲ၏ချိန်​ခွင်​လျှာ​ကို ပြောင်း​လဲ​နိုင်​ချေ​ရှိသည်။

အကယ်၍ အဆိုပါ ​သားရဲတစ်ကောင်သေပြီးနောက် ကျန်​သုံး​ကောင်​က ထွက်​မပြေးခဲ့လျှင်ပင် ရှေ့​ဆက်​တိုးဖို့ အနည်းငယ်​တွန့်​သွား​နိုင်​ပေ​သည်။ သို့ရာတွင်​ ပြဿနာတစ်ခုပေါ်လာသည်။ ထိုလေးကောင်အနက် မည်သည့်အကောင်ကိုရွေးချယ်သတ်ဖြတ်ရမလဲ ဆိုသည့်​မေးခွန်း​ဖြစ်သည်။

***

နှစ်တစ်ရာကျင့်ကြံပြီးနောက်

အခန်း​ ၇၃ ။ လျှပ်​စီး​မိကျောင်း​သေဆုံး​ခြင်း

ကျန်း​ချန်​ရွှမ်​နှင့် ရှန်းရူယန်တို့မှာ ထိုမေးခွန်းအတွက် အဖြေ​ရှိ​ပြီးသား​ဖြစ်သည်။ မျက်လုံးလေး​ခု နတ်ဆိုး​မြွေနှင့် မျက်​လုံး​သုံး​ခု​လင်းယုန်ငှက်တို့ကို ပစ်မှတ်ထား၍မဖြစ်၊ ထို​နှစ်​ကောင်၏ အမြင်​အာရုံ​မှာ ထက်မြက်​လွန်း​သည့်အပြင် လျင်​မြန်​စွာ ရွေ့လျားရှောင်တိမ်း​စွမ်းလည်း ရှိသည့်အတွက် သူတို့​ဗျူဟာ​နှင့် မကိုက်ညီပေ။ ထိုနည်းတူ ခရမ်း​ရောင်​မျက်လုံး​ ဝံပုလွေသည်လည်း သဘာဝ​အားဖြင့်​ ဉာဏ်များကောက်ကျစ်သည့်အပြင် သူ၏ပတ်​ဝန်းကျင်​ကို မပြတ်အကဲခတ်နေတတ်သည့် အလေ့​အထမျိုးရှိသည့်အတွက် သူ့ကို​လည်း ​စာရင်း​မှပယ်ရမည်ဖြစ်သည်။

နောက်ဆုံး​အနေနှင့် လျှပ်​စီးမိကျောင်း​သားရဲသာ ကျန်​သည်။ ထို​လေး​ကောင်အနက်​ လျှပ်စီး​မိကျောင်း​မှာ ခွန်အား​အရသော်လည်းကောင်း၊ ခံနိုင်​ရည်အရသော်လည်းကောင်း ကျန်​သုံး​ကောင်​ထက် သိသိသာသာ​ သာလွန်နေ၍ မိကျောင်း​ကို ပစ်မှတ်​ထား​ခြင်းသည် မိုက်​မဲသောဆုံးဖြတ်ချက် ဖြစ်​သည်​ဟု ထင်​ရန်​ရှိသော်လည်း မိကျောင်း၏တုံ့ပြန်နိုင်စွမ်းနှင့် လျင်​မြန်​မှုမှာ အတော်လေး​နိမ့်ကျသည့်အတွက် စီစဉ်ထားသည့်အတိုင်း အထစ်အငေါ့မရှိခဲ့လျှင် အဆိုပါ​အဆင့်​၃ သားရဲ​ကြီး​ကို သတ်ဖြတ်နိုင်​ချေမှာ ၄၀% ထိရှိမည်ဖြစ်သည်။

မြေ​ပြင်​ပေါ်​တွင်​ ကျန်း​ချန်​ရွှမ်၊ ရှန်းရူယန်နှင့် ရှန်းတောက်မင်တို့မှာ သူတို့ရှေ့မှောက်ရှိ သားရဲအုပ်ကြီးကို အစွမ်း​ကုန် ​တွန်းလှန်တိုက်ခိုက်နေသည်ဟု ထင်ရန်ရှိသော်လည်း သူတို့​သုံးဦး၏အာရုံ​မှာ ကောင်း​ကင်​ထက်က တိုက်ပွဲ​ကိုသာ ရောက်ရှိနေပါသည်။ အထူးသဖြင့်​ ကျန်း​ချန်​ရွှမ်​သည် အဆင့်​၃ မိကျောင်း​သားရဲကြီးကို အဆက်​မပြတ်​လေ့လာလျက်ရှိသည်။

ကျန်း​ချန်​ရွှမ်​သည် ဝိညာဉ်​အမြင်​မျက်​လုံး​စွမ်းအား​ကို အသက်​သွင်းပြီး တိုက်​ခိုက်​မှုများ​ကို တိုင်​မင်ကိုက်ဆောင်ရွက်နိုင်ရန် ပြင်ဆင်​နေသည်။ သူ၏မျက်​လုံး​များ​မှာ အလွန်အကျွံ​အသုံးပြု​ထား​သော​ကြောင့် စွေးစွေးနီလျက်ရှိသည်။ ကောင်း​ကင်ထက်ရှိ တိုက်​ပွဲမှာလည်း ဆက်​လက်​ဖြစ်ပွားနေပြီး ရှန်း​တောက်​လုံနှင့် ထျန်းချီတို့၏ ကိုယ်​ပေါ်​တွင် ဒဏ်ရာ​ဒဏ်ချက်​များ တစ်စထက်တစ်စ များပြား​လာသည်။

ဘုန်း!

သား​ရဲ​တစ်ကောင်၏ လက်​ချက်​ဖြင့် ထျန်း​ချီ၏ ဦးခေါင်း​ပေါ်​ရှိ ခရမ်း​ရောင်​ခြုံထီးမှာ လွင့်စဉ်ထွက်သွားသည်။ ထို​စဉ်​ ရှန်း​ယွမ်လုံ၏ အဆင့် ၃ ဓမ္မ​လက်နက်​ စကြဝဠာဗလာနယ်ဓားသည် အရှိန်​အဟုန်နှင့် အဆင့်​၃ သားရဲ​နှစ်​ကောင်​ထံသို့ ပြေးဝင်ခုတ်ပိုင်းလိုက်ပြီး ရှန်းယွမ်လုံထံသို့ ပြန်ရောက်​ရှိလာသည်။ ဓားချက်ထိမှန်သော ခရမ်း​ရောင်​မျက်လုံး​ ဝံပုလွေ​နှင့် လျှပ်​စီး​မိကျောင်း​ကြီး​မှာ ဓားရာအနည်းငယ် ထင်ရုံမှလွဲ၍ ပြောပ​လောက်​သည့် ထိခိုက်​မှုမျိုးမရှိပါ။ သို့​သော်​ ထို​အခိုက်​တွင် ပေရာဂဏန်းရှိသော ဧရာမ​မီး​နဂါး​ကြိီးတစ်ကောင် ရုတ်တရက်​ပေါ်လာ​ပြီး​ အဆိုပါ​သားရဲ​နှစ်​ကောင်​ကို မီး​များမှုတ်လျက် တိုက်​ခိုက်​လိုက်​သည်ကို တွေ့​ရသည်။ မီးလုံးကြီးများ​မှာ လေထုထဲသို့ ဆန်တက်လာပြီး အနီး​ပတ်​ဝန်းကျင်​တစ်ခုလုံး​မှာ မီးပင်လယ်​ကြီး​အသွင်ပြောင်းသွားသည်။

ရှန်း​ယွမ်လုံနှင့် ထျန်းချီ​တို့မှာ အဆိုပါ​စွမ်း​အားသည် ကျီဖုအဆင့်​ ကျင့်ကြံသူတစ်ဦးထံမှလာခြင်း​မဟုတ်​ဘဲ အဆင့်​၃ အဆောင်​လက်နက်​တစ်ခုသာ ဖြစ်ကြောင်းသိလိုက်ရချိန်တွင် ကြက်​သေသေငိုင်သွားသည်။ သားရဲ​ကြီး​လေး​ကောင်​မှာမူ ကျီဖုအဆင့်​ကျင့်ကြံသူ​များ​ စစ်​ကူလာပေးပြီအမှတ်နှင့် ကမူရှူးထိုး နောက်​ပြန်ဆုတ်လိုက်မိကြသလို ခရမ်းရောင်​မျက်​လုံး ဝံပုလွေ​နှင့် လျှပ်​စီး​မိကျောင်း​တို့သည် သူတို့၏ခန္ဓာကိုယ်​ပတ်​လည်တွင် အကာအကွယ်​စက်ဝန်းများထုတ်လွှင့်လိုက်ကြသည်။

သို့သော် မီး​နဂါး​ကြီးမှာ အရှိန်​မလျှော့ဘဲ ထိုအကာအရံနှစ်ခုကို ပြေးဝင်တိုက်လိုက်ရာ အကာ​နှစ်​ခုလုံး ပြို​ပျက်​သွားသည်။ ထို​စဉ်​ အပြာရောင်သမ်းနေသည့် ဧရာမခေါင်းလောင်းကြီးသည် အဆိုပါ​သားရဲ​နှစ်​ကောင်​ထံသို့ အားကုန်​ပြေးဝင်လာသည်။ သားရဲ​နှစ်​ကောင်​မှာ ကျယ်​လောင်စွာ မာန်ဖီလိုက်ပြီး ဝံပုလွေ​သားရဲကြီးက ခရမ်း​ရောင်​မီးလျှံ​လုံး​ကြီးများ ထွေးထုတ်၍ ခေါင်း​လောင်း​ရှိရာသို့ ပစ်​လွှတ်​တိုက်ခိုက်​လိုက်​သလို​ လျှပ်စီးမိကျောင်းကြီးသည်လည်း အမြီး​နှင့်ရိုက်၍ ငွေရောင်လျှပ်စီးကြောင်းများ ထုတ်လွှင့်​လိုက်သည်။ မြေပြင်​မှထိန်းချုပ်နေသော ရှန်းတောက်​မင်မှာ သွေးတစ်လုပ်အန်မိသွားသည်။ အဆင့် ၃ သားရဲ​နှစ်​ကောင်၏ ပူးပေါင်း​တိုက်​ခိုက်​မှုကို တစ်ဦး​တည်းခုခံလိုက်ရ၍ဖြစ်​သည်။ သို့​သော်​ သားရဲ​နှစ်​ကောင်​မှာ ရှေ့သို့သာ ဦးတည်​မဲနေစဉ် ကိုယ်​ပျောက်​ကောင်းကင်ဓားက အနောက်​မှနေ၍ မိကျောင်း​သား​ရဲကို လျှပ်တပြက်​ခုတ်​ပိုင်း​လိုက်သည်။

အဆိုပါ​ဓားမှာ ကျန်း​ချန်​ရွှမ်​၏ ကောင်း​ကင်​နတ်နှိမ်ဓား အဆောင်​ဖြစ်ပြီး​ ရှန်း​မိသားစု၏ ရတနာ​ခန်း​မှ လဲလှယ်​ရယူခဲ့သော လက်​နက်​တစ်ခုဖြစ်ကာ လျှပ်​တ​ပြက်​အလစ်ချောင်း တိုက်​ခိုက်​သည့်​နေရာ​မျိုးအတွက် အသုံး​တည့်လှသည်။ ကောင်း​ကင်​ဓားမှာ သူ၏တည်ရှိမှုကို ဖုံးကွယ်​နိုင်​စွမ်း​ရှိ၍ မိကျောင်း​သားရဲကြီးမှာ ရှောင်​ရှားရန် အချိန်မမီတော့ဘဲ ဦး​ခေါင်း​ကို​ထိမှန်ကာ ကောင်း​ကင်​ထက်​တွင်​ တစ်ကိုယ်လုံးလူးလိမ့်သွားသည်။

ထိုစဉ်​ ထောင်​ချီ​သော မိုးကြိုး​လျှပ်​စီးများ အဆက်မပြတ် ကျရောက်​လာပြီး၊ ကီလိုမီတာ​ရာဂဏန်းတစ်ဝိုက်ရှိ တောင်​များ​မှာ ဖုန်​မှုန့်အဖြစ် ပြောင်း​လဲ​သွား​ပါ​တော့သည်။ ထိုမြင်ကွင်းကို မြင်​လိုက်ရ​သော​ ခရမ်းရောင်​မျက်​လုံး​ဝံပုလွေ​မှာလည်း တုန်လှုပ်သွားသည်။ ကျန်း​ချန်ရွှမ်၏ ကောင်း​ကင်​ရန်​နှိမ်ဓားကို သူကိုယ်တိုင်လည်း အာရုံခံနိုင်ခြင်းမရှိခဲ့သည့်အတွက် သူ့ကို​သာ ဦး​တည်​တိုက်ခိုက်​ခဲ့​ပါက မိကျောင်းကြီးနေရာတွင် သူရောက်သွားလိမ့်မည်ဟု တွေးမိကာ အန္တရာယ်​နှင့်​ရင်​ဆိုင်​မိသောအခါ ပင်ကိုယ်သိစိတ်အရ အလို​အလျောက်​ အနောက်​သို့​ ပေ ၁၀၀၀၀ ခန့် နောက်ဆုတ်​လိုက်မိ​သည်။ ထို​စဉ် ရှန်းယွမ်လုံက

“အခွင့်ကောင်းပဲဟေ့”

ရှန်းယွမ်လုံသည် တုံ့​ဆိုင်း​ခြင်းမရှိ​ဘဲ စကြဝဠာဗလာနယ်ဓားကို ပုံသဏ္ဍာန်​မဲ့ ဓားချီအသွင်ပြောင်းပြီး လေထဲတွင် လူးလှိမ့်​နေသည့် မိကျောင်း​ကြီးထံသို့ ဦးတည်​ပစ်ခတ်​လိုက်ရာ ဓား​အလင်း​တန်း​သည် မိကျောင်း၏ဘယ်ဖက်မျက်လုံးကို ဖောက်ဝင်သွားပြီး ဦးခေါင်း​အနောက်​ဘက်မှ ပြန်​ထွက်လာသည်။ တစ်ချိန်​တည်း​မှာပင် ရှန်း​ယွမ်လုံ​သည်​ လျှပ်စီးမိကျောင်းသားရဲကြီး၏ ဝိညာဉ်​ကို​ဖျက်​ဆီးကာ နိဂုံးချုပ်ပေးလိုက်သည်။

မိကျောင်း​ကြီး၏ ကိုယ်​လုံး​ကြီးမှာ မြေပြင်​ထက်​သို့ ကျလာပြီး ဘုန်း ​ဆိုသည့်​အသံကြီးတုန်ဟည်းသွားသည်။ မြေ​ပြင်​တွင် တိုက်ခိုက်​နေကြသော ကျင့်ကြံသူ​များ​နှင့် သားရဲ​များ​မှာ ခေတ္တ​မျှရပ်လျက် အဆိုပါ​မြင်​ကွင်း​ကို ငေးကြည့်မိလိုက်ကြသည်။

“ဘိုး​ဘေး​တွေ မိကျောင်း​ကြီး​ကို သတ်​လိုက်​နိုင်​ပြီဟေ့”

အခြေခံ​တည်ဆောက်​မှု​အဆင့်​ ကျင့်ကြံသူ​များမှာ ဝမ်း​ပန်း​တသာ အော်ဟစ်ကြွေးကြော်လိုက်ကြသလို ကြောင်​ငေးနေသော ကျင့်ကြံသူ​အချို့မှာလည်း အသိစိတ်ဝင်လာကာ စိတ်​ဓာတ်​အားမာန်သစ်များနှင့် နတ်​ဆိုး​သားရဲ​အုပ်​ကြီးကို မီးကုန်ယမ်း​ကုန်​ တိုက်ခိုက်​စစ်ဆင်လိုက်ကြတော့သည်။ သားရဲ​များ​အတွက်​မူ သူတို့​ခေါင်း​ဆောင်​တစ်ဦး ကျဆုံး​သည်​ကို မြင်​ပြီးကတည်းက တုန်​လှုပ်​ခြောက်ခြားကာ ဆုတ်ခွာရန်ပြင်ဆင်နေပြီဖြစ်သည်။ များ​မကြာ​မီ သားရဲ​အုပ်​ကြီးမှာ တိုက်ပွဲ​မြေပြင်​မှ အလျင်အမြန်ဆုတ်ခွာပြေးပါတော့သည်။ ထို​အထဲတွင်​ အဆင့်​၂ သားရဲ​များလည်း အမြောက်​အများ​ပါဝင်သွားသည်။

ကောင်း​ကင်​ထက်​ရှိ ကျန်​နေသေး​သော အဆင့်​၃ သားရဲ​ကြီး​သုံး​ကောင်​မှာလည်း မိကျောင်း​ကြီး သုတ်​သင်​ခံလိုက်ရသည်ကို မြင်​ပြီးနောက် ဆုတ်ခွာ​ထွက်​ပြေးရန် ကြံစည်လိုက်သည်။ သည်နေရာတွင် ကြာကြာ​နေလျှင် မိကျောင်း​ကြီး၏ကံကြမ္မာ​မျိုး သူတို့​အပေါ်​ကျရောက်​လာမည်​ကို စိုးထိတ်စပြုလာပြီး လာရာလမ်းအတိုင်း အလျင်စလို​ဆုတ်​ခွာကုန်ကြတော့သည်။

***

နှစ်တစ်ရာကျင့်ကြံပြီးနောက်

အခန်း​ ၇၄ ။ ယွင်တုန်းရှန်

ထို​မြင်​ကွင်းကိုကြည့်ရင်း ကျင့်ကြံသူ​အား​လုံး​ ပျော်ရွှင်​စွာအောင်ပွဲခံလိုက်ကြသည်။ အချို့မှာ ထွက်ပြေး​သွား​သော သား​ရဲများ​နောက်​သို့ပင် လိုက်လံတိုက်ခိုက်လိုက်​ကြသေးသည်။ ထို​အထဲတွင်​ ကျန်း​ချန်​ရွှမ်​လည်း ပါဝင်​သည်။ စနစ်​မှပေးအပ်သော မစ်ရှင်အရ သူ့​အနေ​နှင့်​ နောက်​ထပ်​ အဆင့်​၂ သားရဲ​များကို​ ထပ်မံ၍သတ်ဖြတ်ဖို့လိုပါသေးသည်။ သို့​သော်​ ကံကောင်း​စွာနှင့်​ အဆင့်​၂ သားရဲဆယ်ကောင်ထက်မနည်း သတ်ဖြတ်​နိုင်ခဲ့သည်။ စနစ်​မှ သတ်​မှတ်​ထားသော မစ်ရှင်​အရ ၄၀% ပြီး​မြောက်​သွားပြီဖြစ်သည်။

ထို​အချိန်​တွင်​ စနစ်​မှ အချက်ပေးသံ မမျှော်လင့်ဘဲ ပေါ်​လာသည်။

[ ဒင်! ဂုဏ်​ယူ​ပါသည်​ ​စနစ်​ပိုင်​ရှင်၊ အဆင့်​၃ နတ်ဆိုးသားရဲကို သတ်​ဖြတ်​ရာတွင်​ အကူအညီ​ပေး​နိုင်​ခဲ့သည့်အတွက် တိုက်​ပွဲဝင်စွမ်းရည် +၁ ရရှိ​ပါသည်]

ကျန်း​ချန်း​ရွှမ်​တစ်ယောက်​ စနစ်၏အချက်​ပေးသံ​ကို မမျှော်လင့်ဘဲ​ ကြား​လိုက်​ရ၍ အံ့အားသင့်​မိသလို လျှပ်စီးမိကျောင်းအား သတ်​ဖြတ်​ရာတွင်​ ကူညီ​ပေး​ခဲ့သည့် အချက်အတွက် ​စနစ်​က ဆု​ချီးမြှင့်​သည်​ကိုလည်း မမျှော်လင့်ထားခဲ့ပါ။ စနစ်မှပေးအပ်လိုက်သော စွမ်း​ရည်မှာ မည်မျှ​အထိ အရေး​ပါမလဲဆိုသည့်အချက်ကိုတော့ လက်​တွေ့​တိုက်ပွဲ​နှင့် ရင်ဆိုင်​ရမှသာ သိနိုင်​မည်ဖြစ်သော်လည်း စနစ်​မှချီးမြှင့်ခဲ့သော အရင်​ဆုလာဘ်​များနှင့် ယှဥ်ထိုးလျှင် နှယ်နှယ်ရရမဟုတ်မှာတော့ သေချာ​ပါသည်။

ထို​အချိန်​တွင် ကောင်းကင်ထက်မှ အလင်း​တန်း​နှစ်ခု ဆင်း​လာသည်​ကိုမြင်၍ လူအားလုံး၏ အကြည့်မှာ ထိုအလင်းတန်းများအပေါ် ရောက်သွားသည်။ ပထမအလင်းတန်းမှာ သူတို့​အားလုံး​နှင့် ရင်း​နှီးကျွမ်းဝင်ပြီးသား ကျန်း​မိသားစု၏ဘိုးဘေး ကျန်း​ပိုင်​ယန်​ဖြစ်​ပြီး ကျန်​အလင်း​တန်း​ပိုင်​ရှင်မှာ အသက်​၃၀ခန့်ရှိ လူငယ်​တစ်ဦးဖြစ်သည်။ ထိုသူသည် အပြာ​ရောင်​ဝတ်ရုံ​ကို ဆင်​မြန်းထားပြီး သူ၏ချီစွမ်းအင်အော်ရာများမှာ ရှန်း​ယွမ်လုံ​နှင့် ​ထျန်း​ချီတို့ထက်ပင် သာလွန်​နေ​သည်။

“သူက….”

ရှန်းယွမ်လုံမှာ မမျှော်လင့်ဘဲ ရောက်​ရှိလာသော အပြာ​ဝတ်လူငယ်ကို အံ့သြ​စွာ​ကြည့်မိသည်။ သူတို့​နှစ်ဦး​ မြေပြင်​ထက်​သို့ ဆင်း​လာသောအခါ ရှန်း​ယွမ်လုံ​နှင့်​ ထျန်းချီတို့ အနီး​သို့တိုး၍ နှုတ်ဆက်​လိုက်​ကြသည်။

“ဒါက တာအိုရောင်းရင်း ယွင် မှတ်တယ်”

“ ဟုတ်​ပါတယ်​”

အပြာ​ဝတ်​လူက ခေါင်း​ညိတ်​ပြ​လိုက်​သည်။

မလှမ်းမကမ်းတွင်​ ရှိနေ​သော ရှန်း​ရူယန်​က အသံပို့စနစ်ဖြင့် ကျန်း​ချန်ရွှမ်ကို လှမ်းပြောလိုက်​သည်။

“ယောက်ျား​၊ ဒီလူက ယွင်တုန်းရှန်တဲ့၊ ကန်း​ယန်​ဂိုဏ်း​ရဲ့ ကျီဖုအဆင့်ကျင့်ကြံသူပဲ၊ သူ့ရဲ့အဆင့်​က ကျီဖုနယ်ပယ်​ရဲ့ နောက်ဆုံး​အဆင့်​ရောက်​နေပြီလို့ပြောကြတယ်၊ နောက်တစ်​ချက်​က သူ့ဆရာက ကျွန်မ​တို့​ဘိုးဘေး မန်ရွှယ်ရဲ့ တာအို​ကျင့်ကြံဖက် ရွှေအမြုတေအဆင့်ရှိတဲ့ အင်​မော်​တယ်​ဖေး​လုံ​ခေါ်​ ကျန်း​ဖေး​လုံပဲ”

“ဘာ သူက ကျန်းဖေးလုံတပည့်လား”

ကျန်း​ချန်​ရွှမ်သည် အဆိုပါ​လူငယ်၏ နောက်​ခံကိုသိလိုက်ရ၍ အံသြ​သွား​မိသည်။ ထို​လူသည် ရှန်း​မန်ရွှယ်၏ညွှန်ကြား​ချက်​အရ လာရောက်​စစ်ကူပေးခြင်း သက်သက်ပဲလား၊ သို့မဟုတ်​ အခြား​အကြောင်း​အရင်း​များ ရှိနေ​သေးပါသလား။ ထို​အတွေး​က ကျန်းချန်ရွှမ်၏ စိတ်​ထဲတွင်​လျှပ်​တ​ပြက်​ပေါ်​လာ​သည်။ ထိုစဉ်​ ယွင်​တုန်း​ရှန်က

“ကျုပ်​ဆရာ​နဲ့ သူ့ရဲ့​တာအို​ကျင့်ကြံဖော်​ရဲ့ အမိန့်အရ ပင်း​ချွမ်စီရင်စုကို ကျုပ်လာခဲ့ရတာပါ။ ကျုပ်​နဲ့​အတူ​ လက်တွဲ​တိုက်​ခိုက်​ပြီး သားရဲ​တွေကို ဒီနိုင်ငံပြင်ပအထိ တိုက်​ထုတ်​ပစ်ဖို့ မျှော်လင့်​ထား​ပါတယ်​”

ထို​စကား​ကို ကြားလိုက်​ရပြီး​နောက်​ ရှန်း​ယွမ်လုံ​တို့မှာ ပျော်ရွှင်​အားတက်ကုန်ကြသည်။ ကျီဖုနယ်ပယ် နောက်ဆုံး​အဆင့်​ ကျင့်ကြံသူ​တစ်ဦးရှိနေလျှင် ပင်း​ချွမ်စီရင်စုကို​ သားရဲဘေး​မှ ကာကွယ်​ရန်​မှာ ခက်​ခဲ့သည်အရေး မဟုတ်​တော့​ပါ။ ထို့​အပြင်​ ယွင်တုန်းရှန်သည် နာမည်​ကျော်​ အင်မော်တယ်ဖေးလုံ၏ လက်ရင်း​တပည့်ဖြစ်နေ၍ သာမန် ​ကျီဖုနယ်ပယ် နောက်ဆုံး​အဆင့်​ကျင့်ကြံသူ​များထက်ပင် တိုက်​စွမ်း​ရည် သာလွန်နေပါသေးသည်။ ထို့နောက်​ ယွင်တုန်းရှန်ကပင်

“ဒါတင်မကသေးဘူး နောက်​ထပ်​ ကျင့်ကြံသူတွေ စစ်ကူလာဖို့ရှိသေးတယ်”

“တကယ်​လား​”

ရှန်းယွမ်လုံအပါအဝင် လူအားလုံးမှာ နောက်​ထပ်​ ကျီဖုအဆင့်​ကျင့်ကြံသူများ လာရောက်​ကူညီကြဦးမည်ကို မျှော်လင့်​ထား​ခြင်းမရှိ​ပါ။ သူတို့​အပေါ်​ ကျရောက်​နေသော​ဖိအား​များမှာ ယခု​အခါ​ လုံး​လုံး​လျားလျား သက်သာသွားပြီဖြစ်သည်။ ထို့နောက်​ ယွင်တုန်းရှန်နှင့် အကြီး​အကဲ​များ​မှာ စကား​စမြည်ပြောဆိုကြသည်။ ရှန်း​ယွမ်လုံက မနေနိုင်တော့ဘဲ

“တာအို​ရောင်းရင်း​ယွင်​ ကျုပ်​အစ်မနဲ့ စီနီယာဖေးလုံတို့ အဆင်ပြေ​ကြ​ရဲ့လား”

ထို​အမေး​ကို ကြားလိုက်​ချိန်​တွင် ယွင်တုန်းရှန်၏ မျက်နှာ​မှာတည်သွားပြီး

“ဆရာ​ကတော့ နေကောင်း​ပါတယ်၊ သူ့ဇနီးကတော့”

“ကျုပ်​အစ်မ ဘာဖြစ်လို့လဲ​”

ရှန်းယွမ်လုံ၏ နှလုံး​မှာ အခုန်မြန်သွားသည်။ မသိစိတ်က တစ်ခုခု​မှားနေမှန်း သိလိုက်မိသည်။ ယွင်တုန်းရှန်​က သက်ပြင်းချလျက်

“သူ့အခြေအနေက သိပ်​မကောင်းဘူး​ဗျ၊ ဒါပေမဲ့​ သူ​နေမကောင်းဖြစ်နေချိန်မှာတောင် သူ့ရဲ့​တွက်​ချက်​မှုစနစ်ကို ကျုပ်​တို့​အားထားနေရတုန်းပဲ၊ ကျုပ်​ဒီကိုရောက်နေတာ သူတွက်ချက်ပြီး ဒီမှာအကူအညီလိုနေမှန်း သိလို့ လွှတ်​လိုက်​တာ။ ဒါပေမဲ့​ မစိုးရိမ်​ပါ​နဲ့၊ ကျုပ်​ဆရာက​ ရှန်းကွမ်းမန်ဂိုဏ်းက ကြယ်​ရောင်သစ်သီးကို ယူပြီး သူ့ကို​ပေးထားပါတယ်၊ ဒီသစ်သီးအစွမ်းနဲ့ နောက်​အနှစ်​၂၀ တော့ အေးဆေး​ခံပါတယ်”

“ဟုတ်​လား”

ယွင်တုန်း​ရှန်​က အာမခံ​လိုက်သည့်တိုင် ရှန်း​ယွမ်လုံ၏ စိုးရိမ်​မှုမှာ လျော့ကျသွားခြင်းမရှိပါ။ သို့​သော်​ သူ့အစ်မအတွက် သူလုပ်ပေးနိုင်သည့်အရာလည်းမရှိ၊ သည်အတိုင်းသာဆိုလျှင် နတ်ဆိုး​သားရဲ​အရေး​ပြီးသည့်အထိပင် မန်ရွှယ်တစ်ယောက် ခံပါ့မလားဟု တွေးမိနေသည်။ အကယ်၍ နတ်ဆိုး​သားရဲ​အရေးမပြီးခင် သူမကွယ်လွန်ခဲ့လျှင် ရှန်းမျိုး​နွယ်​စုအတွက် ခက်​ခဲသော ကာလတစ်ရပ်​ကို​ ဖြတ်သန်းရတော့​မည်​ဖြစ်​သည်။

ထို​အချိန်​တွင် ရှန်းရူယန်၊ ရှန်းတောက်​မင်နှင့် ကျန်း​ချန်​ရွှမ်အပါအဝင်​ အသက်ရှင်ကျန်ရစ်သော ကျင့်ကြံသူ​အားလုံး​နှင့်တကွ လော့ရှားမန်ဂိုဏ်းသားများသည် တိုက်ပွဲ​တွင်​ကျဆုံး​သွား​သော ကျင့်ကြံသူ​အလောင်းများကို သိမ်း​ဆည်း​နေကြသည်။

တိုက်ပွဲ၏ပြင်းထန်​မှုကြောင့်​ အကောင်း​ပကတိ​အတိုင်း​ ကျန်သောအလောင်း တစ်လောင်းမျှပင် မတွေ့သေးပါ။

အသက်​ရှင်​ကျန်​သူအားလုံး၏ စိတ်​နှလုံး​မှာ နောက်​ကျိနေကြသည်။ အထူးသဖြင့်​ သေဆုံးသူအရေအတွက်ကို စစ်ဆေးချိန်တွင် အားလုံး၏မျက်နှာများမှာ ပြိုတော့မည့်မိုးကဲ့သို့ဖြစ်နေသည်။ ကျန်း​ချန်​ရွှမ်၊ ရှန်းရူယန်နှင့် ရှန်း​တောက်မင်တို့သာ အရဲစွန့်ပြီး အဆင့် ၃ သားရဲ​သတ္တဝါ​များကို​ မတိုက်ခိုက်​ခဲ့လျှင် သူတို့​၏ကံကြမ္မာ​ မည်သို့မည်​ပုံ​ဖြစ်မည်ကို မတွေးရဲကြပေ။

ထိုစဉ်​ ရှန်း​ရူရွှမ်​ရောက်​ရှိလာပြီး

“အစ်ကိုကျန်း ဘိုး​ဘေးနဲ့စီနီယာတွေက ရှင့်ကိုတွေ့ချင်လို့တဲ့”

စကား​ကို​ခဏရပ်လိုက်ပြီးမှ ရှန်းရူရွှမ်က ဆက်ပြောသည်။

“ရှင်သုံးခဲ့တဲ့ ရုပ်​သေးအဆောင်လက်နက်နဲ့ ပတ်သက်​လိမ့်မယ်”

ရူရွှမ်၏စကားကိုကြားပြီးနောက် ရှန်းရူယန်၏ မျက်လုံး​များမှာ ရုတ်တရက်အေးစက်သွားသည်။ ကျန်း​ချန်​ရွှမ် အသုံးပြု​ခဲ့သော ရွှေရောင်သံချပ်ကာရုပ်သေး၏ စွမ်း​ပ​ကား​မှာ အကြီး​အကျယ်​ဂယက်ရိုက်သွားနိုင်ကြောင်း ရှန်းရူယန် သဘော​ပေါက်​ထားပြီး​ဖြစ်သည်။ အတို​ပြော​ရလျှင် ထိုအဆောင်မျိုး အရေအတွက်​အချို့ကို စုဆောင်းအသုံးပြုနိုင်ပါက စစ်​ပွဲ၏ဦးတည်​ချက်​ကိုပင် ပြောင်းလဲနိုင်စွမ်းရှိသည်။

ထိုအချက်ကပင် အဓိက​ပြဿနာ​ဖြစ်​နေသည်။ ဘိုး​ဘေး​ရှန်း​ယွမ်လုံ နှင့် ကျီဖုအဆင့်စီနီယာများ​မှာ အဘယ်ကြောင့် ကျန်း​ချန်​ရွှမ်​တစ်ဦးတည်းကို ခေါ်ယူဖိတ်ကြားရပါသနည်း။

***

နှစ်တစ်ရာကျင့်ကြံပြီးနောက်

အခန်း​ ၇၅ ။ ကျန်း​ချန်​ရွှမ်၏ဆုံးဖြတ်​ချက်

ကျန်း​ချန်​ရွှမ်​က ရှန်းရူယန်၏ပုခုံးကို ပုတ်​လိုက်​ရင်း ပြုံး​လျက်​နှစ်သိမ့်​လိုက်သည်။

“မစိုးရိမ်​ပါနဲ့ ဘာမှမဖြစ်​ပါ​ဘူး”

တကယ်​တော့ ရွှေရောင်ချပ်ဝတ်အဆောင်ကို အသုံးပြု​လိုက်​ကတည်းက​ ဖြစ်​လာ​မည့်အကျိုးဆက်ကို သူကြိုတွေးထားပြီးဖြစ်သည်။ ရှန်း​ယွမ်လုံ​နှင့် အခြား​သူများ သူ၏ရုပ်သေး​အဆောင်​ကို မြင်​တွေ့ပြီး ထူးထူးခြားခြား မတုံ့ပြန်ခဲ့လျှင် သူ့အနေနှင့် အံ့သြမိမှာဖြစ်သော်လည်း ယခုအခါ ရှန်း​ယွမ်လုံ​တို့၏ တုံ့ပြန်​မှုမှာ ဆီလျော်​သည်ဟု သူယူဆမိသည်။

“ရူရွှမ် ဘိုးဘေးတို့ဆီ သွားကြ​ရအောင်”

ရှန်း​ရူရွှမ်​က ခေါင်း​ညိတ်​ပြ​လိုက်​ပြီး ယာယီဆောက်လုပ်ထားသည့် အဆောက်အအုံ​တစ်ခု​အတွင်း​သို့ သူ့ကို​ခေါ်​ဆောင်သွားသည်။ အထဲတွင် ရှန်း​ယွမ်လုံ​နှင့်တကွ ကျီဖုအဆင့်​ ကျင့်ကြံသူအားလုံး​ရောက်​ရှိနေပြီး ရှန်း​တောက်​မင်က တိုက်ပွဲ​အခြေအနေ​အသေးစိတ်​ကို တင်ပြ​နေသည်။​ ကျန်း​ချန်​ရွှမ်​ရောက်ရှိ​လာသောအခါ အားလုံး၏အကြည့်က သူ့​ထံရောက်သွားကြသည်။

“အစ်ကို​ရှန်း ခင်ဗျား​တို့​ရှန်း​မိ​သားစု​ရဲ့ သားသမက်ဆိုတာ သူလား”

ပထမဆုံး​စကား​စသူက ကျန်း​ပိုင်​ယန်ဖြစ်ပြီး ကျန်း​ချန်​ရွှမ်ကို စေ့စေ့​စပ်စပ်​ ကြည့်​ရှု​အကဲခတ်​နေပါတော့သည်။ ကျန်း​ချန်​ရွှမ်​က ဘိုး​ဘေး​ရှန်းယွမ်လုံ နှင့် အခြားစီနီယာများအားလုံးကို အရိုအသေပေးလိုက်သည်။

“တွေ့ရ​တာ​ဝမ်းသာ​ပါတယ်​ ဘိုး​ဘေး​နဲ့ စီနီယာ​များ​ခင်ဗျား​”

“ချန်​ရွှမ် ဒါတွေ​မလိုပါဘူးကွာ”

ရှန်းယွမ်လုံက ကျေနပ်​စွာပြုံးလျက် ခေါင်းညိတ်​လိုက်သည်။

“တောက်​မင်ဆီကနေ အဖြစ်အပျက်​အားလုံး​ကို ငါတို့​သိပြီးပြီ၊ မင်းရဲ့စွမ်းဆောင်ချက် ပြောင်​မြောက်​ပါပေတယ်”

အမှန်တကယ်​လည်း အန္တရာယ်​အလွန်​များ​သော အခြေအနေ​မျိုး​တွင် ကျန်း​ချန်​ရွှမ်​လို အခြေခံ​တည်ဆောက်​မှု​ ပဥ္စမအဆင့်​သာရှိသော ကျင့်ကြံသူတစ်ဦးအနေနှင့် ထိုကဲ့သို့စွမ်းဆောင်နိုင်ရန်မှာ မလွယ်​ကူလှပါ။ အမှန်​ပင်​ ဂုဏ်ပြု​ထိုက်​သော စွမ်းဆောင်ချက်​ပင်ဖြစ်​သည်။ ထို့ကြောင့် ရှန်း​ယွမ်လုံ​နှင့်တကွ​ အခြား​သော ကျီဖုအဆင့်​ ကျင့်​ကြံ​သူအားလုံး​မှာ ကျန်း​ချန်​ရွှမ်​ကို ချီးကျူး​စကား​များ အသီးသီး​ဆိုကြပါသည်။ ထို့အပြင်​ ကျန်း​ချန်​ရွှမ်၏ စွမ်းဆောင်​မှု​ကို မှတ်တမ်း​တင်ထားပြီး နတ်ဆိုးသားရဲအဓိကရုဏ်းအခင်း​ပြီးလျှင် ထိုက်တန်​စွာ ဆုလာဘ်​ချီးမြှင့်​မည်ဖြစ်ကြောင်း ကတိပြုကြပါသည်။ ထိုအချိန်တွင် သူရရှိထားသော ဂုဏ်ပြု​မှုနှင့်ညီမျှသော ကျင့်ကြံမှု အရင်းအမြစ်​များကို လက်​ခံ​ရရှိ​မှာဖြစ်သည်။

ကျန်း​ချန်​ရွှမ်​ကလည်း ကျေးဇူးတင်​ကြောင်း​ ပြန်လည်​ပြောကြားလိုက်သော်လည်း သူ့ကို​ဖိတ်ခေါ်​ရခြင်း​မှာ သည်​ကိစ္စ​တစ်ခုတည်းအတွက် မဟုတ်​မှန်း​ သူရိပ်မိထားပါသည်။ သူ့အထင်မှန်သည်။ ရှန်း​ယွမ်လုံ​နှင့် အခြား​စီနီယာများမှာ ချီးကျူး​စကား​ဆိုပြီးသည်နှင့် မျက်​နှာ​တွင် ဝေခွဲ​မရ​သည့် အရိပ်​အ​ယောင်​များ ဖြစ်ပေါ်​လာသည်။ သို့​သော်​ ရှန်းယွမ်လုံက တည်တည်ငြိမ်ငြိမ်နှင့်ပင်

“ချန်​ရွှမ်​ တိုက်ပွဲ​တုန်း​က မင်း​ရုပ်​သေး​အဆောင်​တစ်ခုကို သုံး​ခဲ့တယ်​ကြားတယ် ဟုတ်ရဲ့လား၊ ဒီမေးခွန်းကို မင်း​အနေနဲ့​ မဖြေချင်ရင် မဖြေပိုင်ခွင့်ရှိတယ်”

ရှန်းယွမ်လုံအနေနှင့် ကျန်း​ချန်​ရွှမ်အတွက် လုပ်​ပေးနိုင်သည်မှာ သည်အထိပဲဖြစ်သည်။ သူမဖြေခဲ့လျှင်တော့….

ကျီဖုအဆင့် ကျင့်ကြံသူ​အား​လုံးမှာ ကျန်း​ချန်​ရွှမ်၏ အဖြေ​ကို နား​စွင့်နေကြသည်ဖြစ်၍ သူသာမဖြေရန်ဆုံးဖြတ်လိုက်လျှင် ဤနေရာတွင်​ရှိနေ​သော လူအားလုံးကို စော်ကား​သည့်​သဘော​မျိုး​သက်ရောက်သွားလိမ့်မည်ဖြစ်ရာ သူ့အတွက် ​အကျိုးရှိမည့်အရေးတော့မဟုတ်။ ထို့​ကြောင့်​ ကျန်း​ချန်​ရွှမ်​သည် ခေတ္တမျှစဉ်းစားလိုက်ပြီးမှ ရိုးသား​စွာဝန်ခံလိုက်သည်။

“မှန်​ပါတယ်​ ကျွန်တော့်မှာရှိပါတယ်၊ ဒီအဆောင်လက်နက်ကို မမျှော်လင့်ဘဲ​ရရှိ​ခဲ့တာပါ၊ နာမည်​က ရွှေ​ရောင်​သံချပ်ကာရုပ်သေး အဆောင်လို့ခေါ်ပါတယ်၊ ဒီလက်နက်ကို သုံးလိုက်ရင် အခြေခံ​တည်ဆောက်​မှု​ ပထမ​အဆင့်​နဲ့ညီမျှတဲ့ သံချပ်ကာရုပ်သေးတစ်ရုပ်ကို ဆင့်ခေါ်​နိုင်စွမ်း​ရှိ​ပြီး ကြာချိန်က ဆယ်​မိနစ်​ပါ”

“ဘယ်လို​”

သူတို့​အားလုံး​မှာ ကျန်း​ချန်​ရွှမ်၏ ရုပ်​သေးလက်နက်မှာ စွမ်း​အား​ကြီးမှန်းသိသော်လည်း အဆောင်​လက်နက်၏ အသုံးပြု​ပုံအစစ်အမှန်ကို ကြားလိုက်​ရချိန်တွင် အမှန်ပင်တုန်လှုပ်မိသွားကြသည်။ ထို​အဆောင်​လက်နက်၏တန်ဖိုးကို ယခု​အခါ​ သူတို့အားလုံး​ သဘော​ပေါက်​လိုက်​ကြပြီ​ဖြစ်သည်။ ထို​အဆောင်​ဖန်တီးစီရင်နည်းကို ရရှိလိုက်လျှင် အခြေခံ​တည်ဆောက်​ခြင်း​ပထမ​အဆင့်​ရှိသော ရုပ်​သေးစစ်သည်များကို စစ်မြေပြင်​တွင် အစုအပြုံလိုက် အသုံးချနိုင်မည်လိမ့်ဖြစ်သည်။

ထို​အဖြေ​ကိုကြားလိုက်ရချိန် ရှန်း​ယွမ်လုံ​မှာ ကျန်း​ချန်ရွှမ်ကို အလောတကြီး ခေါ်ယူမေးမြန်းမိသည့်အတွက် နောင်တရ​မိလိုက်သည်။ အဆိုပါ​အဆောင်လက်နက်မှာ သည်​မျှ​အထိ အစွမ်းကြီးမှန်းသိလျှင် ကျန်း​ချန်​ရွှမ်​ကို မည်သူ့ကိုမှ အသိမပေးဘဲ လျှို့ဝှက်ထားဖို့ သူကိုယ်တိုင် တိုက်​တွန်း​မိလိမ့်မည်။ ယခု​တော့ အချိန်နှောင်းသွားပြီဖြစ်သည်။

ထျန်း​ချီ​က သိချင်​ဇောဖြင့် ထပ်မေးသည်။

“မင်း ဆင့်ခေါ်​လိုက်တဲ့ ရွှေရောင်​သံချပ်​ကာရုပ်သေးသုံးရုပ်က နောက်​ပိုင်းမှာ​ ပေါက်ကွဲသွား​တယ်လို့ပြောကြတယ်၊ အဲဒါဘာကြောင့်လဲ”

ကျန်​လူများမှာ ကျန်း​ချန်​ရွှမ်၏အဖြေကို နား​စွင့်နေကြသည်။ ကျန်း​ချန်​ရွှမ်​မှာ ခေတ္တ​မျှ​ဆိုင်း​လိုက်​ပြီးမှ

“စီနီယာ​ခင်ဗျား​ ဒါက ရုပ်​သေး​ရုပ်​တွေရဲ့ ကိုယ့်ကိုယ်ကို​ အလို​အလျောက် ​ဖျက်ဆီးတဲ့စနစ်ဖြစ်ပါတယ်၊ ဒီစစ်သည်သုံးရုပ်ရဲ့ ဖောက်​ခွဲမှုအားက ပြင်ဆင်ထားခြင်းမရှိတဲ့ အခြေခံ​တည်ဆောက်​မှု​ သတ္တ​မအဆင့် ကျင့်ကြံသူတစ်ဦးကို ဖောက်​ခွဲပစ်နိုင်ပါတယ်”

ကျန်း​ချန်​ရွှမ်၏စကားကို​ကြားသော ကျီဖုအဆင့် စီနီယာ​ပုဂ္ဂိုလ်​များမှာ ပါးစပ်အဟောင်းသား​ဖြစ်​ကုန်​ကြသည်။ ထို​အဆောင်​များ​တွင် အလိုအလျောက်ဖောက်ခွဲသည့်​စနစ် ပါဝင်​လျှင်​ သူတို့​ထင်​ထား​သည်​ထက်​ပင် ပိုမိုတန်ဖိုးရှိလာမည်ဖြစ်သည်။ ကျီဖုအဆင့်​ကျင့်​ကြံ​သူအားလုံး​မှာ တိုင်​ပင်​ထား​ခြင်းမရှိ​ဘဲ တစ်ယောက်​မျက်နှာ ​တစ်ယောက်ကြည့်မိလိုက်ကြသည်။

ထိုစဉ် ကျန်း​ချန်ရွှမ်သည် စား​ပွဲ၏ထိပ်​ဆုံး​တွင် ထိုင်​နေသော ယွင်တုန်းရှန်​ကိုကြည့်ပြီး လက်​သီး​ဆုပ်၍ ဂါရဝ​ပြု​လိုက်​သည်။

“စီနီယာ​ယွင်​၊​ ဒီအဆောင်လက်နက်ဖန်တီးနည်းကို ဘိုး​ဘေး​မန်ရွှယ်ထံ ဆက်သချင်ပါတယ်၊ သူ့ကို ခင်ဗျား​ကနေတစ်ဆင့် ပေးလိုက်​ပါရစေ”

“ဘယ်လို​”

ကျန်း​ချန်​ရွှမ်၏စကား​ဆုံး​သည်​နှင့် ကျန်​ပုဂ္ဂိုလ်​များ​မှာ အံ့အားသင့်​သွားကြသည်။ ရှန်းယွမ်လုံပင် ခေတ္တ​မျှ ဆွံ့အသွားမိသည်။ ထို့နောက်​ ချက်​ချင်း​ပင် ကျန်းချန်ရွှမ်၏အကြံအစည်ကို နားလည်​သွား၍ လေးစား​စွာကြည့်မိလိုက်သည်။ သူ့အစ်မကိုယ်တိုင် မျှော်လင့်​ထားသော​လူငယ်ဖြစ်သည်နှင့်အညီ ကျန်း​ချန်​ရွှမ်၏ ဉာဏ်ရည်​ဉာဏ်သွေး​မှာ တော်​ရုံ​လူယှဥ်လို့မရချေ။ ဘိုး​ဘေး​မန်ရွှယ်၏ နောက်​ခံမှာ အားလုံး​သိကြသည့်အတိုင်း သူမသည် ရှန်းမျိုး​နွယ်စု၏ဘိုးဘေး ဖြစ်​သလို ကန်းယန်ဂိုဏ်း၏ ပထမဆုံး​ ကျီဖုအဆင့်​ကျင့်​ကြံ​သူဖြစ်သည်။ တစ်​ချိန်​တည်း​မှာ ကန်းယန်​ဂိုဏ်း၏ အထွတ်အထိပ်ဖြစ်သူ အင်​မော်​တယ်​ဖေး​လုံ​၏ တာအိုကျင့်ကြံဖက် ဇနီးလည်းဖြစ်​သည်။ သူမကို ထို​အဆောင်​လက်နက်​အပ်လိုက်ခြင်းက အဖွဲ့အစည်းသုံးရပ်လုံး၏ အကာအကွယ်​ကိုယူလိုက်သလိုဖြစ်သည်သာမက သည်အရေးတွင် အင်​မော်​တယ်​ဖေးလုံကိုပါ ကျန်း​ချန်​ရွှမ်က ပါးပါး​နပ်​နပ်​နှင့် ဆွဲထည့်လိုက်ခြင်းဖြစ်သည်။ ကျန်း​ဖေး​လုံ​သာ သူ့နောက်မှာရှိလျှင် အနာဂတ်​တွင် မည်သူက သူ့ကို​ပြဿနာ​ရှာရဲဦးမည်နည်း။

နောက်​တစ်​ချက်​က ကျန်း​ဖေး​လုံ​သည် အလွန်​ရက်​ရောသူဟု နာမည်​ကြီးသည်။ ကျန်းချန်ရွှမ်​လို လူငယ်တစ်ဦးဆီမှ တန်​ဖိုး​ကြီး​လက်ဆောင်​ကို လက်​ခံရာတွင် ကျန်းချန်ရွှမ်​ကို တစ်ခုခု​ပြန်​မပေးဘဲမနေပါ။ ထို့​ကြောင့်​ ယွင်တုန်း​ရှန်​သည်ပင် ကျန်းချန်ရွှမ်​၏ ဆုံးဖြတ်​ချက်​ကို​ မ​လေးစား​ဘဲမနေနိုင်တော့ပါ။ သူကပြုံးလျက် ခေါင်းညိတ်​ပြ​လိုက်​ရင်း

“ဒါဖြင့် စီနီယာမန်ရွှယ်အစား ကျုပ်​ကပဲ ကျေးဇူးတင်စကား ပြောပါရစေ”

***

All Chapters