အခန်း (၇၁-၇၅)
Vol. 4 Ch. 71-75
နှစ်တစ်ရာကျင့်ကြံပြီးနောက်
အခန်း ၇၁ ။ ရွှေသံချပ်ကာသေးအစွမ်း
ကျန်းချန်ရွှမ်၏စကားကြောင့် ကျန်အဖွဲ့သားများအားလုံး စိတ်အားတက်ကြွလာကြသည်။ အမှန်စင်စစ် တောင်ဘက်ခံစစ်မျဉ်းတွင် သားရဲအုပ်ကြီးများစုပြုံနေသည်ကို အခြားသောနေရာများတွင် အသီးသီးရှိနေသော ကျီဖုအဆင့်ဆရာသခင်များ အာရုံမခံမိဘဲနေမည် မဟုတ်ပါ။ အခြားသော ကျင့်ကြံသူများ၏ စစ်ကူရောက်မလာခင် ရှန်းယွမ်လုံနှင့် ထျန်းချီတို့ ဦးဆောင်သော တောင်ဘက်ခြမ်းတစ်ဖွဲ့သားလုံးအနေနှင့် တတ်စွမ်းသမျှ ခုခံအချိန်ဆွဲနိုင်ခဲ့လျှင် တိုက်ပွဲ၏ချိန်ခွင်လျှာမှာ ပြောင်းလဲသွားဖို့သေချာပါသည်။
ကျန်းချန်ရွှမ်က အခြားသူများ မကြားနိုင်စေရန် အသံပို့စနစ်ဖြင့် ရှန်းရူယန်ကို ပြောလိုက်သည်။
“ဒီတစ်ခါတော့ ကိုယ်တို့ရဲ့အင်အားအစစ်အမှန်ကို ဖုံးထားလို့မဖြစ်တော့ဘူး”
ရှန်းရူယန်က ခေါင်းညိတ်ရင်းပြုံးလိုက်သည်။
“ဟုတ်တယ်၊ ဒီအရေးပြီးသွားအောင် အရင်ဖြတ်လိုက်ကြတာပေါ့”
ထို့နောက် ရှန်းရူယန်သည် မိုးကြိုးဆင်းတံဆိပ်တော်ကို ပစ်လွှတ်လိုက်သည်။ ခဏချင်းပင် လျှပ်ရောင်ထနေသော မိုးကြိုးများအဆက်မပြတ် ကျရောက်လာပြီး သူတို့ရှေ့တွင်ရှိနေသည့် အဆင့်၁ သားရဲအုပ်ကြီးကို မီးသွေးခဲကြီးများအဖြစ် ပြောင်းလဲလိုက်သလို အဆင့်၂ အနိမ့်စားသားရဲများကိုလည်း နေရာမှာတင် ပွဲချင်းပြီးသတ်ဖြတ်လိုက်သည်။ တစ်ချိန်တည်းမှာပင် ကျန်းချန်ရွှမ်က နတ်ဘုရားလေအဆောင်နှင့် ခုနစ်စင်ကြယ်ရွှေဓား အဆောင်နှစ်ခုကို ထုတ်ယူပစ်လွှတ်လိုက်ရာ အစိမ်းရင့်ရောင် လေပွေမုန်တိုင်းတစ်ခုနှင့် မီတာ၁၀၀ ကျော်ရှည်လျားသော ရွှေရောင်အလင်းတန်း ဓားချီတစ်ခု ထွက်ပေါ်လာပြီး အဆင့်၂ အလယ်အလတ်အဆင့်သားရဲနှစ်ကောင်ထံသို့ ပြေးဝင်တိုက်ခိုက်လိုက်သည်။
သားရဲနှစ်ကောင်မှာ တုံ့ပြန်ချိန်ပင် မရလိုက်ဘဲ တစ်ကောင်မှာ နေရာတွင်ပင် နှစ်ပိုင်းပြတ်သွားသလို ကျန်တစ်ကောင်မှာလည်း ဆိုးဝါးစွာဒဏ်ရာရရှိသွားပြီး ဆုတ်ခွာရန်ပြင်လိုက်သည်။ သို့သော် ကျန်းချန်ရွှမ်က အလွတ်မပေးဘဲ အဆင့်၂ ပင်လယ်လောင်မီးမန္တန် အသုံးပြုကာ အဆုံးသတ်ပေးလိုက်သည်။ အဆင့်၂ အလယ်အဆင့် သားရဲကြီးနှစ်ကောင် သေဆုံးမှုက ကျန်သားရဲအုပ်ကြီး၏ အဟုန်ကိုခေတ္တမျှ တန့်သွားစေသည်။ ထိုအခွင့်အရေးကို လက်လွှတ်မခံဘဲ ချန်းဖေးလုံနှင့် ကျန်နှစ်ဦးမှာ သူတို့ရှေ့တွင်စုပြုံတိုးနေသည့် အဆင့်၂ သားရဲများကို နောက်ဆုတ်သွားအောင် တိုက်ထုတ်နိုင်လိုက်သည်။
ထိုအခိုက် တောင်ပံနှစ်ခုပါသည့် ကျားအသွင်ရှိသော နတ်ဆိုးသားရဲသုံးကောင်က ကျန်းချန်ရွှမ်ကို ပစ်မှတ်ထား၍ စုပြုံတိုက်ခိုက်လိုက်သောကြောင့် ကျန်းချန်ရွှမ်မှာ ခံစစ်အနေအထားနှင့် အသည်းအသန်ကာကွယ်နေရသည်။ ရှန်းရူယန်ဘက်ခြမ်းတွင်တော့ အခြေအနေက လွယ်ကူလွန်းနေသည်။ ကျိန်စာအလင်းဓား နည်းစနစ်အောက်တွင် အဆင့်၂ အနိမ့်၊အလယ်၊အမြင့်အားလုံးသော သားရဲများမှာ တစ်ကောင်ပြီးတစ်ကောင် အသက်ပျောက်ကုန်ကြသည်။ ရှန်းရူယန်၏စွမ်းအားကို မျက်မြင်တွေ့လိုက်ရသော ကျင့်ကြံသူများမှာ အံ့အားသင့်ကုန်ကြသည်။
ရှန်းယွမ်လုံ၊ ရှန်းတောက်မင် နှင့် အခြားအကြီးအကဲများမှာလည်း တုန်လှုပ်သွားကြပြီး သူတို့အတွေးထဲတွင် ရှန်းရူယန်တစ်ယောက်၊ ဘယ်အချိန်ကတည်းက အခြေခံတည်ဆောက်မှု နဝမအဆင့်ကို တက်လှမ်းနိုင်ခဲ့သလဲဟု စဉ်းစားနေမိကြသည်။
ထိုအချိန်တွင် မဝေးလှသော တစ်နေရာမှ အော်သံကြီး ကြားလိုက်ရသည်။
“ရှန်းရူရွှမ် သတိထား”
အဆင့် ၂ အလယ်အဆင့်နှင့် အမြင့်ဆုံးအဆင့် အသီးသီးရှိသော ကင်းခြေများကြီးနှင့် အမြီးအနီရောင်ရှိ ပလက်တီနမ်ကြေးခွံ ကင်းမြီးကောက်ကြီးတို့၏တိုက်ခိုက်မှုကြောင့် ရှန်းရူရွှမ်၏ အဆင့်၂ အကာအကွယ်ဓမ္မလက်နက်မှာ လွင့်ထွက်သွားပြီးနောက် အဆိုပါသားရဲကြီးနှစ်ကောင်၏ ထိုးနှက်ချက်များက ရှန်းရူရွှမ်၏ကိုယ်ပေါ် ကျရောက်တော့မည့်ဆဲဆဲတွင် သူမ၏မျက်လုံးများထဲသို့ အကြောက်တရားက ချဉ်းနင်းဝင်ရောက်လာပါတော့သည်။
ထိုစဉ် အစိမ်းရောင်ဓားကြီးတစ်စင်းက ကင်းမြီးကောက်ကြီး၏ အဆိပ်ဆူးကို ကာကွယ်လိုက်ပြီး ရှန်းရူရွှမ်၏ ရှေ့မှောက်သို့ ရှန်းချန်းနန် ရုတ်တရက်ရောက်ရှိလာသည်။
“ဦးလေး ၆”
ရှန်းရူရွှမ် ကယောင်ကတမ်းအော်လိုက်မိချိန်တွင် သူမ၏ခန္ဓာကိုယ်ကို ရှန်းချန်းနန်က ဘေးကင်းရာသို့ အားကုန်ပစ်လွှတ်လိုက်သည်။ တစ်ချိန်တည်းမှာပင် ရှန်းချန်းနန်က
“ရူရွှမ် နင်က အနီးကပ်တိုက်ပွဲမှာ ညံ့တယ်၊ တောက်မင်နဲ့ ရူယန်ကိုပဲ သွားကူလိုက်၊ ဒီနှစ်ကောင်ကို ငါ့တာဝန်ထား”
ထို့နောက် ရှန်းချန်းနန်သည် အဆိုပါသားရဲနှစ်ကောင်ထံသို့ ပြေးဝင်တိုက်ခိုက်လိုက်ပါတော့သည်။ ထိုအချိန်တွင် အဆင့်၂ သားရဲသုံးကောင်၏ ပိတ်ဆို့တိုက်ခိုက်မှုကို အလူးအလဲခံနေရသော ကျန်းချန်ရွှမ်ထံမှ သတ်ဖြတ်ချေမှုန်းလိုသော အော်ရာများ အဆက်မပြတ် ထွက်ပေါ်လာသည်။ ကျန်းချန်ရွှမ်သည် ခေတ္တမျှစဉ်းစားနေပြီးမှ ရွှေရောင်အဆောင်လက်နက်သုံးခု ထုတ်ယူလိုက်သည်။ ထိုအဆောင်များမှာ ရွှေရောင်ချပ်ဝတ်ရုပ်သေး အဆောင်များဖြစ်ပြီး ကျန်းချန်ရွှမ်အနေနှင့် နောက်ဆုံးပွဲသိမ်းလက်နက်အဖြစ်သာ အသုံးပြုဖို့ကြံရွယ်ထားခဲ့သော်လည်း ယခုအခါ ရွေးချယ်စရာမရှိတော့ဘဲ မဖြစ်မနေအသုံးပြုရတော့မည်ဖြစ်သည်။
အဆောင်သုံးခုကို အသက်သွင်းပြီးနောက် ရွှေရောင်သံချပ်ကာဝတ် စစ်သည်သုံးဦး ရုတ်တရက်ပေါ်လာသည်။ သုံးဦးစလုံး၏ လက်ထဲတွင် ရွှေရောင်ဓားပြားကြီးများ ကိုယ်စီကိုင်စွဲထားကြသည်။ စစ်သည်သုံးဦးမှာ ကျန်းချန်ရွှမ်ကို ပိတ်လှောင်တိုက်ခိုက်နေသော ကျားပျံအသွင်ရှိ သားရဲသုံးကောင်ကို မြင်သည်နှင့် တုံ့ဆိုင်းခြင်းမရှိ ဓားများကို ကိုယ်စီဝှေ့ယမ်းတိုက်ခိုက်လိုက်သည်။ ထိုစဉ် အလွန်ပြင်းထန်သော အော်ရာပေါက်ကွဲမှုကြီးတစ်ခု ဖြစ်ပေါ်ပြီး စစ်သည်သုံးဦး ဦးတည်တိုက်ခိုက်လိုက်သော တည်နေရာနှင့် ပတ်လည်မြေပြင် ကီလိုမီတာအနည်းငယ်မှာ ကျင်းကြီးအဖြစ် ပြောင်းလဲသွားသည်။
ကျားရဲသုံးကောင်မှာ ရှောင်ရန်ပင် အချိန်မရလိုက်ဘဲ ပေါက်ကွဲကုန်ကြသည်။ နှစ်ကောင်သော ကျားပျံများ၏ တောင်ပံများမှာ ပြုတ်ထွက်ကုန်သလို ကျန်တစ်ကောင်၏ ခြေထောက်များမှာလည်း ပေါက်ကွဲပျက်စီးကုန်ကြသည်။ ကျားရဲများ၏ နာကျင်စွာ အော်ညည်းသံကြီးက ပဲ့တင်ထပ်သွားသည်။ ကျန်းချန်ရွှမ်သည် ယခုအခါ ရွှေရောင်ချပ်ဝတ်ရုပ်သေးအဆောင်၏ စွမ်းအားအစစ်အမှန်ကို နားလည်လိုက်ပြီဖြစ်ပြီး အချိန်မဆိုင်းဘဲ ကျားရဲသုံးကောင်ကို အဆုံးသတ်ရန် ပြင်ဆင်လိုက်သည်။
ကောင်းကင်ထက်မှ နဂါးဟိန်းသံတစ်ခု ပေါ်လာပြီး အဆင့်၂ အမြင့်ဆုံးအဆင့်ရှိ ကျီယန်ဓားက ကောင်းကင်ထက်မှ တစ်ဟုန်ထိုးဆင်းလာကာ ကျားပျံနှစ်ကောင်၏ ခေါင်းများကို လေထဲမှာပင် ပိုင်းဖြတ်လိုက်သည်။ ကျန်တစ်ကောင်မှာ လေပွေအသွင်ပြောင်းပြီး လစ်ပြေးရန်ကြံသော်လည်း ဗလာနယ်ဓားသည် ကျားပျံ၏အမြီးကိုဖြတ်ပစ်နိုင်လိုက်သည်။
ထိုအဖြစ်အပျက်ကို အစအဆုံးတွေ့မြင်လိုက်ရသော ရှန်းကလန်နှင့် လော့ရှားမန်ဂိုဏ်းတို့၏ အကြီးအကဲများမှာ ကြက်သေသေငိုင်သွားမိသည်။ အဆိုပါ ရွှေရောင်ချပ်ဝတ်အဆောင်မှာ မည်သည့်အဆင့်ရှိ လက်နက်ဖြစ်ပြီး အဘယ်ကြောင့် အစွမ်းထက်လွန်းနေရသနည်းဟူသော အတွေးများကိုယ်စီ တွေးနေမိကြသည်။ ထို့အပြင် အဆိုပါရွှေရောင်သံချပ်ကာဝတ်စစ်သည်များကို အဆောင်ပိုင်ရှင်က ထိန်းချုပ်စရာမလိုဘဲ အလိုအလျောက်တိုက်ခိုက်နိုင်သည့် အစွမ်းကလည်း အထင်ကြီးစရာဖြစ်သည်။ လူကညွှန်ကြားစရာမလိုဘဲ ကိုယ်ပိုင်အသိဥာဏ်ဖြင့် တိုက်ခိုက်နိုင်သော အဆောင်လက်နက်မျိုးကို သူတို့တစ်ခါမှ မမြင်ဖူးကြပါ။
ကျန်းချန်ရွှမ်၏ ချပ်ဝတ်စစ်သည်သုံးဦးကို ငေးမောနေမိကြချိန်တွင် ငိုယိုအော်ဟစ်သံများ ကြားလိုက်ရသည်။
“ညီလေး တောက်ဖုန်း”
“အစ်မကြီး မို”
ရှန်းကလန်မှ ရှန်းတောက်ဖုန်းနှင့် လော့ရှားမန်ဂိုဏ်းမှ အမျိုးသမီးကျင့်ကြံသူတစ်ဦးတို့မှာ သားရဲများကိုခုခံရင်း ကျဆုံးသွားကြရသည်။ တိုက်ပွဲစပြီးကတည်းက ပထမဆုံးအကြိမ် အခြေခံတည်ဆောက်ခြင်းအဆင့်ကျင့်ကြံသူများ အသတ်ခံရခြင်းဖြစ်သည်။ ထိုဖြစ်စဉ်ကြောင့် ရှန်းရူယန်၊ ကျန်းချန်ရွှမ်နှင့် ရှန်းတောက်မင်တို့အပါအဝင် ကျင့်ကြံသူအားလုံး၏ မျက်နှာများ ကိုယ်စီပျက်ကုန်ကြသည်။ အစောပိုင်းက ရှန်းတောက်ဖုန်းလဲကျသွားသောနေရာသို့ အားလုံး၏အကြည့်များ ရောက်ရှိသွားကြသည်။ ရှန်းတောက်ဖုန်း၏ အလောင်းမှာ ရှိမနေတော့ချေ။
***
နှစ်တစ်ရာကျင့်ကြံပြီးနောက်
အခန်း ၇၂ ။ တိုက်ပွဲအခြေအနေပြောင်းလဲခြင်း
နတ်ဆိုးသားရဲများနှင့် ရင်ဆိုင်တိုက်ပွဲများတွင် အဆိုပါဖြစ်ရပ်မျိုးမှာ ပုံမှန်ဖြစ်ရိုးဖြစ်စဉ်ဖြစ်သည်။ ကျင့်ကြံသူတစ်ဦး သေဆုံးသည်နှင့် သားရဲကြီးများ၏ ဝါးမျိုစားသောက်ခြင်းကို မလွဲမသွေခံစားရမည်ဖြစ်သည်။ ထိုမြင်ကွင်းကြောင့် ရှန်းမျိုးနွယ်စုဝင်အားလုံးမှာ စိတ်ထိခိုက်ဝမ်းနည်းကုန်ကြသည်။ မကြာသေးခင်ကပင် ရှန်းတောက်ဖုန်းသည် ဘိုးဘေးရှန်းယွမ်လုံတို့နှင့်အတူ ကန်းယန်ဂိုဏ်းသို့ သွားရောက်၍ နတ်ဆိုးကျင့်ကြံသူများကို နှိမ်နင်းခဲ့စဉ်က ရှန်းမိသားစုအတွက် အသေအပျောက် လုံးဝမရှိခဲ့သော်လည်း ယခု သားရဲသောင်းကျန်းမှု ပထမနေ့တွင်ပင် ရှန်းမိသားစု၏ အကြီးအကဲတစ်ဦး ကျဆုံးသွားရပြီဖြစ်သည်။
ယခုလို ဝမ်းနည်းကြေကွဲစရာဖြစ်ရပ်များသည် မကြာခင်အတောအတွင်း ဆက်လက်ဖြစ်ပွားလိမ့်ဦးမည် ဟူသောအချက်ကို အားလုံးနားလည်လိုက်ကြသည်။ ရှန်းတောက်ဖုန်းနှင့် လော့ရှားမန်ဂိုဏ်းမှ အမျိုးသမီးကျင့်ကြံသူ မို တို့ကျဆုံးပြီးမကြာမီ တိုက်ပွဲ၏ချိန်ခွင်လျှာမှာ ရုတ်တရက်ပြောင်းလဲသွားသည်။
ဥပမာအားဖြင့် ရှန်းချန်းနန်သည် အလွန်စိုးရိမ်ရသော အခြေအနေအတွင်း ဆိုက်ရောက်နေသည်။ တူမဖြစ်သူ ရှန်းရူရွှမ်ကို မကယ်တင်မီကပင် အဆင့်၂ သားရဲအများအပြားနှင့် ရင်ဆိုင်ခဲ့ရပြီး ဒဏ်ရာအပြင်းအထန်ရရှိခဲ့ပြီးဖြစ်သည်။ ယခုအခါ နောက်ထပ် အဆင့်၂ သားရဲနှစ်ကောင်ဖြစ်သည့် ကင်းခြေများကြီးနှင့် အမြီးနီကင်းမြီးကောက်တို့ကို ရင်ဆိုင်ရတော့မည်ဖြစ်သည်။ ထိုနှစ်ကောင်အနက် ပလက်တီနမ်ကြေးခွံ ကင်းမြီးကောက်ကြီးသည် အဆင့် ၂ အမြင့်ဆုံးအဆင့်ရှိ သားရဲဖြစ်ပြီး ရှန်းချန်းနန်မှာ မနည်းရင်ဆိုင်ခုခံနေရသည်။
ထိုနှစ်ကောင်အပြင် အခြားအဆင့်နိမ့်သားရဲများကလည်း ဝိုင်းပြုံတိုက်ခိုက်နေရာ အဘိုးကြီးရှန်းချန်းနန်မှာ ဖိအားအလွန်များနေသည်။ လက်စွပ်ပုံဓမ္မလက်နက်ဖြင့် ကင်းခြေများအဆိပ်ကို ကာကွယ်လိုက်နိုင်သော်လည်း တစ်ဖက်တွင် ချောင်းနေသည့် ကင်းမြီးကောက်ကြီးကို ရှန်းချန်းနန်တစ်ယောက် သတိမပြုမိလိုက်သည့် အခိုက်ဝယ်…..
ဝုန်း
အဆိပ်ဆူးက ရှန်းချန်းနန်၏ဝမ်းဗိုက်ကို ဖောက်ဝင်သွားပြီးနောက် သွေးများအန်ကာ လဲကျသွားသည်။ ရှန်းချန်းနန်၏ ဝမ်းဗိုက်အတွင်းမှ အူကလီစာများကိုပင် လှမ်းမြင်နေရသည်။
“ဦးလေး ၆”
ထိုအခြေအနေက တိုက်ပွဲဝင်နေသည့် ရှန်းမျိုးနွယ်စုဝင်အားလုံး၏ အာရုံကို ဆွဲဆောင်လိုက်သလိုဖြစ်ပြီး ရှန်းရူယန်နှင့်အတူ တိုက်ခိုက်နေသည့် ရှန်းရူရွှမ်မှာ သူမ၏ဦးလေးအဖြစ်ကိုမြင်ပြီး စိုးရိမ်ကြီးစွာနှင့် ရှန်းချန်းနန်ထံသို့ ပြေးဝင်ရန်ပြင်လိုက်သည်။
“ညီမလေး ရူရွှမ် နင်သွားလို့မရတော့ဘူး”
“ဒါပေမဲ့ ဦးလေး ၆…...”
ရူရွှမ်၏မျက်ဝန်းများထဲတွင် မျက်ရည်များ ပြည့်လျှမ်းနေပါသည်။ ရှန်းချန်းနန်ကို ကယ်တင်ဖို့မဖြစ်နိုင်တော့သည်ကို သူတို့အားလုံး နားလည်ထားကြပြီးဖြစ်သည်။ အကယ်၍ ကယ်တင်နိုင်ခဲ့လျှင်တောင် ရှန်းချန်းနန်၏ အသက်ရှင်နိုင်ချေမှာ လုံးဝမရှိတော့ပါ။
ရှန်းချန်းနန်ကလည်း သူ့အနေနှင့် အဖွဲ့သားများအားလုံးအတွက် ဝန်ထုပ်ဝန်ပိုး ဖြစ်စေလိုဟန် မတူပါ။ အနီရင့်ရောင်ဆေးပြားတစ်ခုကို လက်နှင့်စမ်းလျက် ထုတ်ယူလိုက်သည်။
“သွေးလောင်ဆေးပြား”
ရှန်းရူရွှမ်က ရှန်းချန်းနန် သွေးလောင်ဆေးပြားကို ထုတ်ယူလိုက်သည်ကိုမြင်ပြီးနောက် အလန့်တကြား အော်ဟစ်လိုက်သည်။
ထိုဆေးပြားသည် အဆင့်၂ အမြင့်ဆုံးအဆင့်ရှိပြီး သောက်သုံးလိုက်ပါက တစ်ကိုယ်လုံးရှိသွေးများ စဉ်ဆက်မပြတ် လောင်ကျွမ်းပြီး အချိန်ခဏအတွင်း အလွန်ကြီးမားသည့်စွမ်းအားတစ်ရပ်ကို ယာယီပိုင်ဆိုင်စေပါသည်။ ဘေးထွက်ဆိုးကျိုးမှာ တစ်ကိုယ်လုံးရှိသွေးများ လောင်ကျွမ်းကုန်သည့်အတွက် သောက်သုံးသူမှာ မလွဲမသွေသေရမည်ဖြစ်သည်။
“မကောင်းဆိုးဝါးကောင်တွေ ငါ့ကိုသတ်ချင်ရင် လာခဲ့စမ်း”
“အားလုံးပဲ ငါသွားနှင့်မယ်”
ပြောပြီးပြီးချင်းမှာပင် ဆေးပြားကိုသောက်ချလိုက်တော့သည်။ ထို့နောက်တွင် သေလုနီးပါးဖြစ်နေသော ရှန်းချန်းနန်မှာ ရုတ်တရက် အလွန်အားပြင်းသော အော်ရာတစ်ခုကို ထုတ်လွှတ်လိုက်ပြီး သူ့ရှေ့မှောက်ရှိ အဆင့် ၂ ဓမ္မလက်နက် တိုက်ပွဲဝင်ဓားကို ကောက်ယူကိုင်စွဲလိုက်သည်။ ဓားသည်လည်း ချီအလင်းတန်းများ တဖျတ်ဖျတ်တောက်ပနေပြီး အလွန်အမင်းထက်ရှသည့် အသွင်ဆောင်နေသည်။ ရှန်းချန်နန် ကိုင်စွဲလိုက်ချိန်တွင် ဓားသွားတွင် အက်ကြောင်းအနည်းငယ်ပေါ်လာသည်။ ရှန်းချန်းနန်၏ ရုတ်တရက်တိုးမြင့်လာသော အဆီအနှစ်စွမ်းအင်ပမာဏကို ခံနိုင်စွမ်းမရှိ၍ ဖြစ်သည်။ သို့သော်လည်း ဓားသွားတွင် သွေးများဖုံးလွှမ်းနေသည့်အတွက် ပို၍ပင်ကြောက်မက်ဖွယ်အသွင်ကို ဆောင်နေသည်။ ဓားမှထုတ်လွှင့်နေသည့် ပြင်းထန်သောအော်ရာများကို သားရဲကြီးနှစ်ကောင်လုံးလည်း ခံစားမိပြီး နောက်သို့ဆုတ်ခွာရန်ကြိုးစားလိုက်သည်။
ထိုစဉ် ရှန်းချန်းနန်၏မျက်လုံးများမှာ ပြူးကျယ်လာပြီး အစွမ်းကုန်အော်ဟစ်လိုက်သည်။
“ခုတ်စမ်း”
ပေတစ်ထောင်နီးပါးရှိသည့် အနီရင့်ရောင်ဓားအလင်းတန်းကြီးသည် ကျင့်ကြံသူအားလုံး၏ မြင်ကွင်းရှေ့တွင်ပေါ်လာပြီးနောက် မြန်ဆန်လွန်းသော အရှိန်နှင့်အတူ ကင်းခြေများကြီးကို ပိုင်းဖြတ်လိုက်သည်။ ကင်းခြေများသားရဲမှာ တုံ့ပြန်ချိန်ပင်မရလိုက်ဘဲ ခန္ဓာကိုယ်မှာနှစ်ပိုင်းပြတ်ထွက်သွားသည်။ ကျန်ရှိနေသေးသော ပလက်တီနမ်ကြေးခွံ ကင်းမြီးကောက်သားရဲကြီးလည်း သူ့အဖော်သေဆုံးသည်ကို မြင်လျှင် ကျယ်လောင်စွာအော်ဟစ်လျက် ထွက်ပြေးရန်ကြိုးစားသည်။ ထွက်ပြေးရင်းနှင့်ပင် သူ၏ခန္ဓာကိုယ်ကြေးကွက်များပေါ်တွင် သံချပ်ကာနှင့်တူသော ကြေးခွံများပေါ်လာပြီး အမြီးမှလည်း အဆိပ်ဆူးများ အဆက်မပြတ်ပစ်ခတ်လိုက်သည်။ ရှန်းချန်းနန်၏ ဓားချက်ကိုကာရန် ကြိုးစားခြင်းဖြစ်သည်။
သို့ရာတွင် ဓားအမြန်နှုန်းထက် ကျော်လွန်အောင် ပြေးနိုင်ခြင်းမရှိဘဲ ကိုယ်ခန္ဓာတစ်ဝက်မှာ ဓားအလင်းတန်းလက်ချက်ဖြင့် ပြတ်ထွက်သွားသည်။ ကင်းခြေများထက် ကံကောင်းသည့်တစ်ချက်က အမြီးနီကင်းမြီးကောက်မှာ အသက်ရှင်လျက်ကျန်ရှိနေသေးသည့် တစ်ချက်သာဖြစ်ပြီး လှုပ်ရှားတိုက်ခိုက်နိုင်ခြင်းလုံးဝ မရှိတော့ပါ။
ထိုမြင်ကွင်းကိုကြည့်ပြီး အဖွဲ့သားအားလုံးမှာ ဝမ်းနည်းဝမ်းသာ ခံစားလိုက်ရသည်။ ထိုသားရဲကြီးနှစ်ကောင်ကို ရှန်းချန်းနန်သည် သူ့အသက်ကိုရင်း၍ အနိုင်ယူခဲ့ခြင်းဖြစ်သည်။ အလင်းဓားကို နှစ်ကြိမ်အသုံးပြုပြီးနောက် ရှန်းချန်းနန်၏ ခန္ဓာကိုယ်မှာ ကြွေထည်ပစ္စည်းတစ်ခု ကွဲအက်သလို အက်ကြောင်းများပေါ်လာပြီး တစ်ခဏအတွင်းမှာပင် အမှုန်အဖြစ် လွင့်မျောပျောက်ကွယ်သွားပါတော့သည်။
ရှန်းမျိုးနွယ်စုဝင်များအားလုံး၏ နှလုံးမှာ ခေတ္တမျှရပ်တန့်သွားသလို ခံစားမိလိုက်ကြသည်။ ရှန်းချန်းနန်သည် သုံးယောက်မြောက်ကျဆုံးသည့် အခြေခံတည်ဆောက်ခြင်းအဆင့် ကျင့်ကြံသူဖြစ်သည်။ နောက်ထပ် မည်သူတွေ ထပ်မံသေဆုံးရဦးမည်လဲ ဟူသည့်အတွေးက အားလုံး၏ရင်ထဲတွင် ဖိစီးလာသည်။ ထိုအခါ ကျန်းချန်ရွှမ်သည် ရှန်းရူယန်အား လှမ်းကြည့်လိုက်သည်။ အကြည့်ချင်းဆုံသည့်ခဏမှာပင် တစ်ယောက်အတွေးကို တစ်ယောက်သိလိုက်ကြသည်။
ထိုအတွေးက လက်ရှိအတိုင်း ဆက်သွားလျှင် သူတို့အားလုံးအတွက် အခြေအနေကောင်းမည်မဟုတ်။ တိုက်ပွဲ၏ချိန်ခွင်လျှာကို ပြောင်းလဲရန် တစ်ခုခုလုပ်ဆောင်မှဖြစ်မည်။ ထိုချိန်ခွင်လျှာမှာ ကျီဖုအဆင့်ကျင့်ကြံသူနှစ်ဦးအပါ် မူတည်သည်။ ရှန်းယွမ်လုံနှင့်ထျန်းချီတို့ကို သူတို့အားလုံး ဝိုင်းဝန်းကူညီပြီး အဆင့်၃ သားရဲလေးကောင်အနက် တစ်ကောင်ကို သတ်ဖြတ်နိုင်လိုက်လျှင် ကျန်သုံးကောင်မှာ ခေတ္တမျှဆုတ်ခွာသွားရမှာဖြစ်ပြီး သူတို့အားလုံးအတွက် အချိန်ပိုရနိုင်ချေရှိသည်။
ထိုအတွေးကို ရှန်းရူယန်က ရှန်းတောက်မင်ထံသို့ အသံပို့စနစ်ဖြင့် ရှင်းပြလိုက်သည်။ ရှန်းတောက်မင်ကမူ သူတို့နှစ်ဦးမှာ အရဲကိုးလွန်းသည်ဟုမြင်သည်။ အခြေခံတည်ဆောက်မှုအဆင့်နယ်ပယ် ကျင့်ကြံသူများအနေနှင့် အဆင့် ၃ နတ်ဆိုးသားရဲများကို ရင်ဆိုင်ရန် မဖြစ်နိုင်သလောက်ရှိသည်လေ။ သို့သော်၊ ထိုနည်းလမ်းထက် ပိုမိုကောင်းမွန်သည့်နည်းမရှိသည့်အပြင် သူတို့သုံးယောက်၏စွမ်းအားများ ပေါင်းစပ်လိုက်လျှင် အဆင့်၃ သားရဲတစ်ကောင်ကို ယှဉ်ပြိုင်နိုင်လောက်မည်ဟု ယူဆသောကြောင့် ရှန်းတောက်မင်က ထိုအစီအစဉ်ကို လက်ခံလိုက်သည်။
ကျန်းချန်ရွှမ်နှင့် ရှန်းရူယန်တို့တွင် အဆင့်၃ သားရဲများကို ခြိမ်းခြောက်နိုင်သည့် အဆင့်၃ အဆောင်လက်နက်များရှိသလို သူ့တွင်လည်း မိသားစုရတနာဖြစ်သည့် ပင်လယ်ပြာခေါင်းလောင်းရှိသည်။ သူတို့သုံးယောက် ညီညွတ်စွာစုပေါင်းတိုက်ခိုက်နိုင်ခဲ့လျှင် အဆင်၃ သားရဲတစ်ကောင်ကို သတ်ဖြတ်ပြီး တိုက်ပွဲ၏ချိန်ခွင်လျှာကို ပြောင်းလဲနိုင်ချေရှိသည်။
အကယ်၍ အဆိုပါ သားရဲတစ်ကောင်သေပြီးနောက် ကျန်သုံးကောင်က ထွက်မပြေးခဲ့လျှင်ပင် ရှေ့ဆက်တိုးဖို့ အနည်းငယ်တွန့်သွားနိုင်ပေသည်။ သို့ရာတွင် ပြဿနာတစ်ခုပေါ်လာသည်။ ထိုလေးကောင်အနက် မည်သည့်အကောင်ကိုရွေးချယ်သတ်ဖြတ်ရမလဲ ဆိုသည့်မေးခွန်းဖြစ်သည်။
***
နှစ်တစ်ရာကျင့်ကြံပြီးနောက်
အခန်း ၇၃ ။ လျှပ်စီးမိကျောင်းသေဆုံးခြင်း
ကျန်းချန်ရွှမ်နှင့် ရှန်းရူယန်တို့မှာ ထိုမေးခွန်းအတွက် အဖြေရှိပြီးသားဖြစ်သည်။ မျက်လုံးလေးခု နတ်ဆိုးမြွေနှင့် မျက်လုံးသုံးခုလင်းယုန်ငှက်တို့ကို ပစ်မှတ်ထား၍မဖြစ်၊ ထိုနှစ်ကောင်၏ အမြင်အာရုံမှာ ထက်မြက်လွန်းသည့်အပြင် လျင်မြန်စွာ ရွေ့လျားရှောင်တိမ်းစွမ်းလည်း ရှိသည့်အတွက် သူတို့ဗျူဟာနှင့် မကိုက်ညီပေ။ ထိုနည်းတူ ခရမ်းရောင်မျက်လုံး ဝံပုလွေသည်လည်း သဘာဝအားဖြင့် ဉာဏ်များကောက်ကျစ်သည့်အပြင် သူ၏ပတ်ဝန်းကျင်ကို မပြတ်အကဲခတ်နေတတ်သည့် အလေ့အထမျိုးရှိသည့်အတွက် သူ့ကိုလည်း စာရင်းမှပယ်ရမည်ဖြစ်သည်။
နောက်ဆုံးအနေနှင့် လျှပ်စီးမိကျောင်းသားရဲသာ ကျန်သည်။ ထိုလေးကောင်အနက် လျှပ်စီးမိကျောင်းမှာ ခွန်အားအရသော်လည်းကောင်း၊ ခံနိုင်ရည်အရသော်လည်းကောင်း ကျန်သုံးကောင်ထက် သိသိသာသာ သာလွန်နေ၍ မိကျောင်းကို ပစ်မှတ်ထားခြင်းသည် မိုက်မဲသောဆုံးဖြတ်ချက် ဖြစ်သည်ဟု ထင်ရန်ရှိသော်လည်း မိကျောင်း၏တုံ့ပြန်နိုင်စွမ်းနှင့် လျင်မြန်မှုမှာ အတော်လေးနိမ့်ကျသည့်အတွက် စီစဉ်ထားသည့်အတိုင်း အထစ်အငေါ့မရှိခဲ့လျှင် အဆိုပါအဆင့်၃ သားရဲကြီးကို သတ်ဖြတ်နိုင်ချေမှာ ၄၀% ထိရှိမည်ဖြစ်သည်။
မြေပြင်ပေါ်တွင် ကျန်းချန်ရွှမ်၊ ရှန်းရူယန်နှင့် ရှန်းတောက်မင်တို့မှာ သူတို့ရှေ့မှောက်ရှိ သားရဲအုပ်ကြီးကို အစွမ်းကုန် တွန်းလှန်တိုက်ခိုက်နေသည်ဟု ထင်ရန်ရှိသော်လည်း သူတို့သုံးဦး၏အာရုံမှာ ကောင်းကင်ထက်က တိုက်ပွဲကိုသာ ရောက်ရှိနေပါသည်။ အထူးသဖြင့် ကျန်းချန်ရွှမ်သည် အဆင့်၃ မိကျောင်းသားရဲကြီးကို အဆက်မပြတ်လေ့လာလျက်ရှိသည်။
ကျန်းချန်ရွှမ်သည် ဝိညာဉ်အမြင်မျက်လုံးစွမ်းအားကို အသက်သွင်းပြီး တိုက်ခိုက်မှုများကို တိုင်မင်ကိုက်ဆောင်ရွက်နိုင်ရန် ပြင်ဆင်နေသည်။ သူ၏မျက်လုံးများမှာ အလွန်အကျွံအသုံးပြုထားသောကြောင့် စွေးစွေးနီလျက်ရှိသည်။ ကောင်းကင်ထက်ရှိ တိုက်ပွဲမှာလည်း ဆက်လက်ဖြစ်ပွားနေပြီး ရှန်းတောက်လုံနှင့် ထျန်းချီတို့၏ ကိုယ်ပေါ်တွင် ဒဏ်ရာဒဏ်ချက်များ တစ်စထက်တစ်စ များပြားလာသည်။
ဘုန်း!
သားရဲတစ်ကောင်၏ လက်ချက်ဖြင့် ထျန်းချီ၏ ဦးခေါင်းပေါ်ရှိ ခရမ်းရောင်ခြုံထီးမှာ လွင့်စဉ်ထွက်သွားသည်။ ထိုစဉ် ရှန်းယွမ်လုံ၏ အဆင့် ၃ ဓမ္မလက်နက် စကြဝဠာဗလာနယ်ဓားသည် အရှိန်အဟုန်နှင့် အဆင့်၃ သားရဲနှစ်ကောင်ထံသို့ ပြေးဝင်ခုတ်ပိုင်းလိုက်ပြီး ရှန်းယွမ်လုံထံသို့ ပြန်ရောက်ရှိလာသည်။ ဓားချက်ထိမှန်သော ခရမ်းရောင်မျက်လုံး ဝံပုလွေနှင့် လျှပ်စီးမိကျောင်းကြီးမှာ ဓားရာအနည်းငယ် ထင်ရုံမှလွဲ၍ ပြောပလောက်သည့် ထိခိုက်မှုမျိုးမရှိပါ။ သို့သော် ထိုအခိုက်တွင် ပေရာဂဏန်းရှိသော ဧရာမမီးနဂါးကြိီးတစ်ကောင် ရုတ်တရက်ပေါ်လာပြီး အဆိုပါသားရဲနှစ်ကောင်ကို မီးများမှုတ်လျက် တိုက်ခိုက်လိုက်သည်ကို တွေ့ရသည်။ မီးလုံးကြီးများမှာ လေထုထဲသို့ ဆန်တက်လာပြီး အနီးပတ်ဝန်းကျင်တစ်ခုလုံးမှာ မီးပင်လယ်ကြီးအသွင်ပြောင်းသွားသည်။
ရှန်းယွမ်လုံနှင့် ထျန်းချီတို့မှာ အဆိုပါစွမ်းအားသည် ကျီဖုအဆင့် ကျင့်ကြံသူတစ်ဦးထံမှလာခြင်းမဟုတ်ဘဲ အဆင့်၃ အဆောင်လက်နက်တစ်ခုသာ ဖြစ်ကြောင်းသိလိုက်ရချိန်တွင် ကြက်သေသေငိုင်သွားသည်။ သားရဲကြီးလေးကောင်မှာမူ ကျီဖုအဆင့်ကျင့်ကြံသူများ စစ်ကူလာပေးပြီအမှတ်နှင့် ကမူရှူးထိုး နောက်ပြန်ဆုတ်လိုက်မိကြသလို ခရမ်းရောင်မျက်လုံး ဝံပုလွေနှင့် လျှပ်စီးမိကျောင်းတို့သည် သူတို့၏ခန္ဓာကိုယ်ပတ်လည်တွင် အကာအကွယ်စက်ဝန်းများထုတ်လွှင့်လိုက်ကြသည်။
သို့သော် မီးနဂါးကြီးမှာ အရှိန်မလျှော့ဘဲ ထိုအကာအရံနှစ်ခုကို ပြေးဝင်တိုက်လိုက်ရာ အကာနှစ်ခုလုံး ပြိုပျက်သွားသည်။ ထိုစဉ် အပြာရောင်သမ်းနေသည့် ဧရာမခေါင်းလောင်းကြီးသည် အဆိုပါသားရဲနှစ်ကောင်ထံသို့ အားကုန်ပြေးဝင်လာသည်။ သားရဲနှစ်ကောင်မှာ ကျယ်လောင်စွာ မာန်ဖီလိုက်ပြီး ဝံပုလွေသားရဲကြီးက ခရမ်းရောင်မီးလျှံလုံးကြီးများ ထွေးထုတ်၍ ခေါင်းလောင်းရှိရာသို့ ပစ်လွှတ်တိုက်ခိုက်လိုက်သလို လျှပ်စီးမိကျောင်းကြီးသည်လည်း အမြီးနှင့်ရိုက်၍ ငွေရောင်လျှပ်စီးကြောင်းများ ထုတ်လွှင့်လိုက်သည်။ မြေပြင်မှထိန်းချုပ်နေသော ရှန်းတောက်မင်မှာ သွေးတစ်လုပ်အန်မိသွားသည်။ အဆင့် ၃ သားရဲနှစ်ကောင်၏ ပူးပေါင်းတိုက်ခိုက်မှုကို တစ်ဦးတည်းခုခံလိုက်ရ၍ဖြစ်သည်။ သို့သော် သားရဲနှစ်ကောင်မှာ ရှေ့သို့သာ ဦးတည်မဲနေစဉ် ကိုယ်ပျောက်ကောင်းကင်ဓားက အနောက်မှနေ၍ မိကျောင်းသားရဲကို လျှပ်တပြက်ခုတ်ပိုင်းလိုက်သည်။
အဆိုပါဓားမှာ ကျန်းချန်ရွှမ်၏ ကောင်းကင်နတ်နှိမ်ဓား အဆောင်ဖြစ်ပြီး ရှန်းမိသားစု၏ ရတနာခန်းမှ လဲလှယ်ရယူခဲ့သော လက်နက်တစ်ခုဖြစ်ကာ လျှပ်တပြက်အလစ်ချောင်း တိုက်ခိုက်သည့်နေရာမျိုးအတွက် အသုံးတည့်လှသည်။ ကောင်းကင်ဓားမှာ သူ၏တည်ရှိမှုကို ဖုံးကွယ်နိုင်စွမ်းရှိ၍ မိကျောင်းသားရဲကြီးမှာ ရှောင်ရှားရန် အချိန်မမီတော့ဘဲ ဦးခေါင်းကိုထိမှန်ကာ ကောင်းကင်ထက်တွင် တစ်ကိုယ်လုံးလူးလိမ့်သွားသည်။
ထိုစဉ် ထောင်ချီသော မိုးကြိုးလျှပ်စီးများ အဆက်မပြတ် ကျရောက်လာပြီး၊ ကီလိုမီတာရာဂဏန်းတစ်ဝိုက်ရှိ တောင်များမှာ ဖုန်မှုန့်အဖြစ် ပြောင်းလဲသွားပါတော့သည်။ ထိုမြင်ကွင်းကို မြင်လိုက်ရသော ခရမ်းရောင်မျက်လုံးဝံပုလွေမှာလည်း တုန်လှုပ်သွားသည်။ ကျန်းချန်ရွှမ်၏ ကောင်းကင်ရန်နှိမ်ဓားကို သူကိုယ်တိုင်လည်း အာရုံခံနိုင်ခြင်းမရှိခဲ့သည့်အတွက် သူ့ကိုသာ ဦးတည်တိုက်ခိုက်ခဲ့ပါက မိကျောင်းကြီးနေရာတွင် သူရောက်သွားလိမ့်မည်ဟု တွေးမိကာ အန္တရာယ်နှင့်ရင်ဆိုင်မိသောအခါ ပင်ကိုယ်သိစိတ်အရ အလိုအလျောက် အနောက်သို့ ပေ ၁၀၀၀၀ ခန့် နောက်ဆုတ်လိုက်မိသည်။ ထိုစဉ် ရှန်းယွမ်လုံက
“အခွင့်ကောင်းပဲဟေ့”
ရှန်းယွမ်လုံသည် တုံ့ဆိုင်းခြင်းမရှိဘဲ စကြဝဠာဗလာနယ်ဓားကို ပုံသဏ္ဍာန်မဲ့ ဓားချီအသွင်ပြောင်းပြီး လေထဲတွင် လူးလှိမ့်နေသည့် မိကျောင်းကြီးထံသို့ ဦးတည်ပစ်ခတ်လိုက်ရာ ဓားအလင်းတန်းသည် မိကျောင်း၏ဘယ်ဖက်မျက်လုံးကို ဖောက်ဝင်သွားပြီး ဦးခေါင်းအနောက်ဘက်မှ ပြန်ထွက်လာသည်။ တစ်ချိန်တည်းမှာပင် ရှန်းယွမ်လုံသည် လျှပ်စီးမိကျောင်းသားရဲကြီး၏ ဝိညာဉ်ကိုဖျက်ဆီးကာ နိဂုံးချုပ်ပေးလိုက်သည်။
မိကျောင်းကြီး၏ ကိုယ်လုံးကြီးမှာ မြေပြင်ထက်သို့ ကျလာပြီး ဘုန်း ဆိုသည့်အသံကြီးတုန်ဟည်းသွားသည်။ မြေပြင်တွင် တိုက်ခိုက်နေကြသော ကျင့်ကြံသူများနှင့် သားရဲများမှာ ခေတ္တမျှရပ်လျက် အဆိုပါမြင်ကွင်းကို ငေးကြည့်မိလိုက်ကြသည်။
“ဘိုးဘေးတွေ မိကျောင်းကြီးကို သတ်လိုက်နိုင်ပြီဟေ့”
အခြေခံတည်ဆောက်မှုအဆင့် ကျင့်ကြံသူများမှာ ဝမ်းပန်းတသာ အော်ဟစ်ကြွေးကြော်လိုက်ကြသလို ကြောင်ငေးနေသော ကျင့်ကြံသူအချို့မှာလည်း အသိစိတ်ဝင်လာကာ စိတ်ဓာတ်အားမာန်သစ်များနှင့် နတ်ဆိုးသားရဲအုပ်ကြီးကို မီးကုန်ယမ်းကုန် တိုက်ခိုက်စစ်ဆင်လိုက်ကြတော့သည်။ သားရဲများအတွက်မူ သူတို့ခေါင်းဆောင်တစ်ဦး ကျဆုံးသည်ကို မြင်ပြီးကတည်းက တုန်လှုပ်ခြောက်ခြားကာ ဆုတ်ခွာရန်ပြင်ဆင်နေပြီဖြစ်သည်။ များမကြာမီ သားရဲအုပ်ကြီးမှာ တိုက်ပွဲမြေပြင်မှ အလျင်အမြန်ဆုတ်ခွာပြေးပါတော့သည်။ ထိုအထဲတွင် အဆင့်၂ သားရဲများလည်း အမြောက်အများပါဝင်သွားသည်။
ကောင်းကင်ထက်ရှိ ကျန်နေသေးသော အဆင့်၃ သားရဲကြီးသုံးကောင်မှာလည်း မိကျောင်းကြီး သုတ်သင်ခံလိုက်ရသည်ကို မြင်ပြီးနောက် ဆုတ်ခွာထွက်ပြေးရန် ကြံစည်လိုက်သည်။ သည်နေရာတွင် ကြာကြာနေလျှင် မိကျောင်းကြီး၏ကံကြမ္မာမျိုး သူတို့အပေါ်ကျရောက်လာမည်ကို စိုးထိတ်စပြုလာပြီး လာရာလမ်းအတိုင်း အလျင်စလိုဆုတ်ခွာကုန်ကြတော့သည်။
***
နှစ်တစ်ရာကျင့်ကြံပြီးနောက်
အခန်း ၇၄ ။ ယွင်တုန်းရှန်
ထိုမြင်ကွင်းကိုကြည့်ရင်း ကျင့်ကြံသူအားလုံး ပျော်ရွှင်စွာအောင်ပွဲခံလိုက်ကြသည်။ အချို့မှာ ထွက်ပြေးသွားသော သားရဲများနောက်သို့ပင် လိုက်လံတိုက်ခိုက်လိုက်ကြသေးသည်။ ထိုအထဲတွင် ကျန်းချန်ရွှမ်လည်း ပါဝင်သည်။ စနစ်မှပေးအပ်သော မစ်ရှင်အရ သူ့အနေနှင့် နောက်ထပ် အဆင့်၂ သားရဲများကို ထပ်မံ၍သတ်ဖြတ်ဖို့လိုပါသေးသည်။ သို့သော် ကံကောင်းစွာနှင့် အဆင့်၂ သားရဲဆယ်ကောင်ထက်မနည်း သတ်ဖြတ်နိုင်ခဲ့သည်။ စနစ်မှ သတ်မှတ်ထားသော မစ်ရှင်အရ ၄၀% ပြီးမြောက်သွားပြီဖြစ်သည်။
ထိုအချိန်တွင် စနစ်မှ အချက်ပေးသံ မမျှော်လင့်ဘဲ ပေါ်လာသည်။
[ ဒင်! ဂုဏ်ယူပါသည် စနစ်ပိုင်ရှင်၊ အဆင့်၃ နတ်ဆိုးသားရဲကို သတ်ဖြတ်ရာတွင် အကူအညီပေးနိုင်ခဲ့သည့်အတွက် တိုက်ပွဲဝင်စွမ်းရည် +၁ ရရှိပါသည်]
ကျန်းချန်းရွှမ်တစ်ယောက် စနစ်၏အချက်ပေးသံကို မမျှော်လင့်ဘဲ ကြားလိုက်ရ၍ အံ့အားသင့်မိသလို လျှပ်စီးမိကျောင်းအား သတ်ဖြတ်ရာတွင် ကူညီပေးခဲ့သည့် အချက်အတွက် စနစ်က ဆုချီးမြှင့်သည်ကိုလည်း မမျှော်လင့်ထားခဲ့ပါ။ စနစ်မှပေးအပ်လိုက်သော စွမ်းရည်မှာ မည်မျှအထိ အရေးပါမလဲဆိုသည့်အချက်ကိုတော့ လက်တွေ့တိုက်ပွဲနှင့် ရင်ဆိုင်ရမှသာ သိနိုင်မည်ဖြစ်သော်လည်း စနစ်မှချီးမြှင့်ခဲ့သော အရင်ဆုလာဘ်များနှင့် ယှဥ်ထိုးလျှင် နှယ်နှယ်ရရမဟုတ်မှာတော့ သေချာပါသည်။
ထိုအချိန်တွင် ကောင်းကင်ထက်မှ အလင်းတန်းနှစ်ခု ဆင်းလာသည်ကိုမြင်၍ လူအားလုံး၏ အကြည့်မှာ ထိုအလင်းတန်းများအပေါ် ရောက်သွားသည်။ ပထမအလင်းတန်းမှာ သူတို့အားလုံးနှင့် ရင်းနှီးကျွမ်းဝင်ပြီးသား ကျန်းမိသားစု၏ဘိုးဘေး ကျန်းပိုင်ယန်ဖြစ်ပြီး ကျန်အလင်းတန်းပိုင်ရှင်မှာ အသက်၃၀ခန့်ရှိ လူငယ်တစ်ဦးဖြစ်သည်။ ထိုသူသည် အပြာရောင်ဝတ်ရုံကို ဆင်မြန်းထားပြီး သူ၏ချီစွမ်းအင်အော်ရာများမှာ ရှန်းယွမ်လုံနှင့် ထျန်းချီတို့ထက်ပင် သာလွန်နေသည်။
“သူက….”
ရှန်းယွမ်လုံမှာ မမျှော်လင့်ဘဲ ရောက်ရှိလာသော အပြာဝတ်လူငယ်ကို အံ့သြစွာကြည့်မိသည်။ သူတို့နှစ်ဦး မြေပြင်ထက်သို့ ဆင်းလာသောအခါ ရှန်းယွမ်လုံနှင့် ထျန်းချီတို့ အနီးသို့တိုး၍ နှုတ်ဆက်လိုက်ကြသည်။
“ဒါက တာအိုရောင်းရင်း ယွင် မှတ်တယ်”
“ ဟုတ်ပါတယ်”
အပြာဝတ်လူက ခေါင်းညိတ်ပြလိုက်သည်။
မလှမ်းမကမ်းတွင် ရှိနေသော ရှန်းရူယန်က အသံပို့စနစ်ဖြင့် ကျန်းချန်ရွှမ်ကို လှမ်းပြောလိုက်သည်။
“ယောက်ျား၊ ဒီလူက ယွင်တုန်းရှန်တဲ့၊ ကန်းယန်ဂိုဏ်းရဲ့ ကျီဖုအဆင့်ကျင့်ကြံသူပဲ၊ သူ့ရဲ့အဆင့်က ကျီဖုနယ်ပယ်ရဲ့ နောက်ဆုံးအဆင့်ရောက်နေပြီလို့ပြောကြတယ်၊ နောက်တစ်ချက်က သူ့ဆရာက ကျွန်မတို့ဘိုးဘေး မန်ရွှယ်ရဲ့ တာအိုကျင့်ကြံဖက် ရွှေအမြုတေအဆင့်ရှိတဲ့ အင်မော်တယ်ဖေးလုံခေါ် ကျန်းဖေးလုံပဲ”
“ဘာ သူက ကျန်းဖေးလုံတပည့်လား”
ကျန်းချန်ရွှမ်သည် အဆိုပါလူငယ်၏ နောက်ခံကိုသိလိုက်ရ၍ အံသြသွားမိသည်။ ထိုလူသည် ရှန်းမန်ရွှယ်၏ညွှန်ကြားချက်အရ လာရောက်စစ်ကူပေးခြင်း သက်သက်ပဲလား၊ သို့မဟုတ် အခြားအကြောင်းအရင်းများ ရှိနေသေးပါသလား။ ထိုအတွေးက ကျန်းချန်ရွှမ်၏ စိတ်ထဲတွင်လျှပ်တပြက်ပေါ်လာသည်။ ထိုစဉ် ယွင်တုန်းရှန်က
“ကျုပ်ဆရာနဲ့ သူ့ရဲ့တာအိုကျင့်ကြံဖော်ရဲ့ အမိန့်အရ ပင်းချွမ်စီရင်စုကို ကျုပ်လာခဲ့ရတာပါ။ ကျုပ်နဲ့အတူ လက်တွဲတိုက်ခိုက်ပြီး သားရဲတွေကို ဒီနိုင်ငံပြင်ပအထိ တိုက်ထုတ်ပစ်ဖို့ မျှော်လင့်ထားပါတယ်”
ထိုစကားကို ကြားလိုက်ရပြီးနောက် ရှန်းယွမ်လုံတို့မှာ ပျော်ရွှင်အားတက်ကုန်ကြသည်။ ကျီဖုနယ်ပယ် နောက်ဆုံးအဆင့် ကျင့်ကြံသူတစ်ဦးရှိနေလျှင် ပင်းချွမ်စီရင်စုကို သားရဲဘေးမှ ကာကွယ်ရန်မှာ ခက်ခဲ့သည်အရေး မဟုတ်တော့ပါ။ ထို့အပြင် ယွင်တုန်းရှန်သည် နာမည်ကျော် အင်မော်တယ်ဖေးလုံ၏ လက်ရင်းတပည့်ဖြစ်နေ၍ သာမန် ကျီဖုနယ်ပယ် နောက်ဆုံးအဆင့်ကျင့်ကြံသူများထက်ပင် တိုက်စွမ်းရည် သာလွန်နေပါသေးသည်။ ထို့နောက် ယွင်တုန်းရှန်ကပင်
“ဒါတင်မကသေးဘူး နောက်ထပ် ကျင့်ကြံသူတွေ စစ်ကူလာဖို့ရှိသေးတယ်”
“တကယ်လား”
ရှန်းယွမ်လုံအပါအဝင် လူအားလုံးမှာ နောက်ထပ် ကျီဖုအဆင့်ကျင့်ကြံသူများ လာရောက်ကူညီကြဦးမည်ကို မျှော်လင့်ထားခြင်းမရှိပါ။ သူတို့အပေါ် ကျရောက်နေသောဖိအားများမှာ ယခုအခါ လုံးလုံးလျားလျား သက်သာသွားပြီဖြစ်သည်။ ထို့နောက် ယွင်တုန်းရှန်နှင့် အကြီးအကဲများမှာ စကားစမြည်ပြောဆိုကြသည်။ ရှန်းယွမ်လုံက မနေနိုင်တော့ဘဲ
“တာအိုရောင်းရင်းယွင် ကျုပ်အစ်မနဲ့ စီနီယာဖေးလုံတို့ အဆင်ပြေကြရဲ့လား”
ထိုအမေးကို ကြားလိုက်ချိန်တွင် ယွင်တုန်းရှန်၏ မျက်နှာမှာတည်သွားပြီး
“ဆရာကတော့ နေကောင်းပါတယ်၊ သူ့ဇနီးကတော့”
“ကျုပ်အစ်မ ဘာဖြစ်လို့လဲ”
ရှန်းယွမ်လုံ၏ နှလုံးမှာ အခုန်မြန်သွားသည်။ မသိစိတ်က တစ်ခုခုမှားနေမှန်း သိလိုက်မိသည်။ ယွင်တုန်းရှန်က သက်ပြင်းချလျက်
“သူ့အခြေအနေက သိပ်မကောင်းဘူးဗျ၊ ဒါပေမဲ့ သူနေမကောင်းဖြစ်နေချိန်မှာတောင် သူ့ရဲ့တွက်ချက်မှုစနစ်ကို ကျုပ်တို့အားထားနေရတုန်းပဲ၊ ကျုပ်ဒီကိုရောက်နေတာ သူတွက်ချက်ပြီး ဒီမှာအကူအညီလိုနေမှန်း သိလို့ လွှတ်လိုက်တာ။ ဒါပေမဲ့ မစိုးရိမ်ပါနဲ့၊ ကျုပ်ဆရာက ရှန်းကွမ်းမန်ဂိုဏ်းက ကြယ်ရောင်သစ်သီးကို ယူပြီး သူ့ကိုပေးထားပါတယ်၊ ဒီသစ်သီးအစွမ်းနဲ့ နောက်အနှစ်၂၀ တော့ အေးဆေးခံပါတယ်”
“ဟုတ်လား”
ယွင်တုန်းရှန်က အာမခံလိုက်သည့်တိုင် ရှန်းယွမ်လုံ၏ စိုးရိမ်မှုမှာ လျော့ကျသွားခြင်းမရှိပါ။ သို့သော် သူ့အစ်မအတွက် သူလုပ်ပေးနိုင်သည့်အရာလည်းမရှိ၊ သည်အတိုင်းသာဆိုလျှင် နတ်ဆိုးသားရဲအရေးပြီးသည့်အထိပင် မန်ရွှယ်တစ်ယောက် ခံပါ့မလားဟု တွေးမိနေသည်။ အကယ်၍ နတ်ဆိုးသားရဲအရေးမပြီးခင် သူမကွယ်လွန်ခဲ့လျှင် ရှန်းမျိုးနွယ်စုအတွက် ခက်ခဲသော ကာလတစ်ရပ်ကို ဖြတ်သန်းရတော့မည်ဖြစ်သည်။
ထိုအချိန်တွင် ရှန်းရူယန်၊ ရှန်းတောက်မင်နှင့် ကျန်းချန်ရွှမ်အပါအဝင် အသက်ရှင်ကျန်ရစ်သော ကျင့်ကြံသူအားလုံးနှင့်တကွ လော့ရှားမန်ဂိုဏ်းသားများသည် တိုက်ပွဲတွင်ကျဆုံးသွားသော ကျင့်ကြံသူအလောင်းများကို သိမ်းဆည်းနေကြသည်။
တိုက်ပွဲ၏ပြင်းထန်မှုကြောင့် အကောင်းပကတိအတိုင်း ကျန်သောအလောင်း တစ်လောင်းမျှပင် မတွေ့သေးပါ။
အသက်ရှင်ကျန်သူအားလုံး၏ စိတ်နှလုံးမှာ နောက်ကျိနေကြသည်။ အထူးသဖြင့် သေဆုံးသူအရေအတွက်ကို စစ်ဆေးချိန်တွင် အားလုံး၏မျက်နှာများမှာ ပြိုတော့မည့်မိုးကဲ့သို့ဖြစ်နေသည်။ ကျန်းချန်ရွှမ်၊ ရှန်းရူယန်နှင့် ရှန်းတောက်မင်တို့သာ အရဲစွန့်ပြီး အဆင့် ၃ သားရဲသတ္တဝါများကို မတိုက်ခိုက်ခဲ့လျှင် သူတို့၏ကံကြမ္မာ မည်သို့မည်ပုံဖြစ်မည်ကို မတွေးရဲကြပေ။
ထိုစဉ် ရှန်းရူရွှမ်ရောက်ရှိလာပြီး
“အစ်ကိုကျန်း ဘိုးဘေးနဲ့စီနီယာတွေက ရှင့်ကိုတွေ့ချင်လို့တဲ့”
စကားကိုခဏရပ်လိုက်ပြီးမှ ရှန်းရူရွှမ်က ဆက်ပြောသည်။
“ရှင်သုံးခဲ့တဲ့ ရုပ်သေးအဆောင်လက်နက်နဲ့ ပတ်သက်လိမ့်မယ်”
ရူရွှမ်၏စကားကိုကြားပြီးနောက် ရှန်းရူယန်၏ မျက်လုံးများမှာ ရုတ်တရက်အေးစက်သွားသည်။ ကျန်းချန်ရွှမ် အသုံးပြုခဲ့သော ရွှေရောင်သံချပ်ကာရုပ်သေး၏ စွမ်းပကားမှာ အကြီးအကျယ်ဂယက်ရိုက်သွားနိုင်ကြောင်း ရှန်းရူယန် သဘောပေါက်ထားပြီးဖြစ်သည်။ အတိုပြောရလျှင် ထိုအဆောင်မျိုး အရေအတွက်အချို့ကို စုဆောင်းအသုံးပြုနိုင်ပါက စစ်ပွဲ၏ဦးတည်ချက်ကိုပင် ပြောင်းလဲနိုင်စွမ်းရှိသည်။
ထိုအချက်ကပင် အဓိကပြဿနာဖြစ်နေသည်။ ဘိုးဘေးရှန်းယွမ်လုံ နှင့် ကျီဖုအဆင့်စီနီယာများမှာ အဘယ်ကြောင့် ကျန်းချန်ရွှမ်တစ်ဦးတည်းကို ခေါ်ယူဖိတ်ကြားရပါသနည်း။
***
နှစ်တစ်ရာကျင့်ကြံပြီးနောက်
အခန်း ၇၅ ။ ကျန်းချန်ရွှမ်၏ဆုံးဖြတ်ချက်
ကျန်းချန်ရွှမ်က ရှန်းရူယန်၏ပုခုံးကို ပုတ်လိုက်ရင်း ပြုံးလျက်နှစ်သိမ့်လိုက်သည်။
“မစိုးရိမ်ပါနဲ့ ဘာမှမဖြစ်ပါဘူး”
တကယ်တော့ ရွှေရောင်ချပ်ဝတ်အဆောင်ကို အသုံးပြုလိုက်ကတည်းက ဖြစ်လာမည့်အကျိုးဆက်ကို သူကြိုတွေးထားပြီးဖြစ်သည်။ ရှန်းယွမ်လုံနှင့် အခြားသူများ သူ၏ရုပ်သေးအဆောင်ကို မြင်တွေ့ပြီး ထူးထူးခြားခြား မတုံ့ပြန်ခဲ့လျှင် သူ့အနေနှင့် အံ့သြမိမှာဖြစ်သော်လည်း ယခုအခါ ရှန်းယွမ်လုံတို့၏ တုံ့ပြန်မှုမှာ ဆီလျော်သည်ဟု သူယူဆမိသည်။
“ရူရွှမ် ဘိုးဘေးတို့ဆီ သွားကြရအောင်”
ရှန်းရူရွှမ်က ခေါင်းညိတ်ပြလိုက်ပြီး ယာယီဆောက်လုပ်ထားသည့် အဆောက်အအုံတစ်ခုအတွင်းသို့ သူ့ကိုခေါ်ဆောင်သွားသည်။ အထဲတွင် ရှန်းယွမ်လုံနှင့်တကွ ကျီဖုအဆင့် ကျင့်ကြံသူအားလုံးရောက်ရှိနေပြီး ရှန်းတောက်မင်က တိုက်ပွဲအခြေအနေအသေးစိတ်ကို တင်ပြနေသည်။ ကျန်းချန်ရွှမ်ရောက်ရှိလာသောအခါ အားလုံး၏အကြည့်က သူ့ထံရောက်သွားကြသည်။
“အစ်ကိုရှန်း ခင်ဗျားတို့ရှန်းမိသားစုရဲ့ သားသမက်ဆိုတာ သူလား”
ပထမဆုံးစကားစသူက ကျန်းပိုင်ယန်ဖြစ်ပြီး ကျန်းချန်ရွှမ်ကို စေ့စေ့စပ်စပ် ကြည့်ရှုအကဲခတ်နေပါတော့သည်။ ကျန်းချန်ရွှမ်က ဘိုးဘေးရှန်းယွမ်လုံ နှင့် အခြားစီနီယာများအားလုံးကို အရိုအသေပေးလိုက်သည်။
“တွေ့ရတာဝမ်းသာပါတယ် ဘိုးဘေးနဲ့ စီနီယာများခင်ဗျား”
“ချန်ရွှမ် ဒါတွေမလိုပါဘူးကွာ”
ရှန်းယွမ်လုံက ကျေနပ်စွာပြုံးလျက် ခေါင်းညိတ်လိုက်သည်။
“တောက်မင်ဆီကနေ အဖြစ်အပျက်အားလုံးကို ငါတို့သိပြီးပြီ၊ မင်းရဲ့စွမ်းဆောင်ချက် ပြောင်မြောက်ပါပေတယ်”
အမှန်တကယ်လည်း အန္တရာယ်အလွန်များသော အခြေအနေမျိုးတွင် ကျန်းချန်ရွှမ်လို အခြေခံတည်ဆောက်မှု ပဥ္စမအဆင့်သာရှိသော ကျင့်ကြံသူတစ်ဦးအနေနှင့် ထိုကဲ့သို့စွမ်းဆောင်နိုင်ရန်မှာ မလွယ်ကူလှပါ။ အမှန်ပင် ဂုဏ်ပြုထိုက်သော စွမ်းဆောင်ချက်ပင်ဖြစ်သည်။ ထို့ကြောင့် ရှန်းယွမ်လုံနှင့်တကွ အခြားသော ကျီဖုအဆင့် ကျင့်ကြံသူအားလုံးမှာ ကျန်းချန်ရွှမ်ကို ချီးကျူးစကားများ အသီးသီးဆိုကြပါသည်။ ထို့အပြင် ကျန်းချန်ရွှမ်၏ စွမ်းဆောင်မှုကို မှတ်တမ်းတင်ထားပြီး နတ်ဆိုးသားရဲအဓိကရုဏ်းအခင်းပြီးလျှင် ထိုက်တန်စွာ ဆုလာဘ်ချီးမြှင့်မည်ဖြစ်ကြောင်း ကတိပြုကြပါသည်။ ထိုအချိန်တွင် သူရရှိထားသော ဂုဏ်ပြုမှုနှင့်ညီမျှသော ကျင့်ကြံမှု အရင်းအမြစ်များကို လက်ခံရရှိမှာဖြစ်သည်။
ကျန်းချန်ရွှမ်ကလည်း ကျေးဇူးတင်ကြောင်း ပြန်လည်ပြောကြားလိုက်သော်လည်း သူ့ကိုဖိတ်ခေါ်ရခြင်းမှာ သည်ကိစ္စတစ်ခုတည်းအတွက် မဟုတ်မှန်း သူရိပ်မိထားပါသည်။ သူ့အထင်မှန်သည်။ ရှန်းယွမ်လုံနှင့် အခြားစီနီယာများမှာ ချီးကျူးစကားဆိုပြီးသည်နှင့် မျက်နှာတွင် ဝေခွဲမရသည့် အရိပ်အယောင်များ ဖြစ်ပေါ်လာသည်။ သို့သော် ရှန်းယွမ်လုံက တည်တည်ငြိမ်ငြိမ်နှင့်ပင်
“ချန်ရွှမ် တိုက်ပွဲတုန်းက မင်းရုပ်သေးအဆောင်တစ်ခုကို သုံးခဲ့တယ်ကြားတယ် ဟုတ်ရဲ့လား၊ ဒီမေးခွန်းကို မင်းအနေနဲ့ မဖြေချင်ရင် မဖြေပိုင်ခွင့်ရှိတယ်”
ရှန်းယွမ်လုံအနေနှင့် ကျန်းချန်ရွှမ်အတွက် လုပ်ပေးနိုင်သည်မှာ သည်အထိပဲဖြစ်သည်။ သူမဖြေခဲ့လျှင်တော့….
ကျီဖုအဆင့် ကျင့်ကြံသူအားလုံးမှာ ကျန်းချန်ရွှမ်၏ အဖြေကို နားစွင့်နေကြသည်ဖြစ်၍ သူသာမဖြေရန်ဆုံးဖြတ်လိုက်လျှင် ဤနေရာတွင်ရှိနေသော လူအားလုံးကို စော်ကားသည့်သဘောမျိုးသက်ရောက်သွားလိမ့်မည်ဖြစ်ရာ သူ့အတွက် အကျိုးရှိမည့်အရေးတော့မဟုတ်။ ထို့ကြောင့် ကျန်းချန်ရွှမ်သည် ခေတ္တမျှစဉ်းစားလိုက်ပြီးမှ ရိုးသားစွာဝန်ခံလိုက်သည်။
“မှန်ပါတယ် ကျွန်တော့်မှာရှိပါတယ်၊ ဒီအဆောင်လက်နက်ကို မမျှော်လင့်ဘဲရရှိခဲ့တာပါ၊ နာမည်က ရွှေရောင်သံချပ်ကာရုပ်သေး အဆောင်လို့ခေါ်ပါတယ်၊ ဒီလက်နက်ကို သုံးလိုက်ရင် အခြေခံတည်ဆောက်မှု ပထမအဆင့်နဲ့ညီမျှတဲ့ သံချပ်ကာရုပ်သေးတစ်ရုပ်ကို ဆင့်ခေါ်နိုင်စွမ်းရှိပြီး ကြာချိန်က ဆယ်မိနစ်ပါ”
“ဘယ်လို”
သူတို့အားလုံးမှာ ကျန်းချန်ရွှမ်၏ ရုပ်သေးလက်နက်မှာ စွမ်းအားကြီးမှန်းသိသော်လည်း အဆောင်လက်နက်၏ အသုံးပြုပုံအစစ်အမှန်ကို ကြားလိုက်ရချိန်တွင် အမှန်ပင်တုန်လှုပ်မိသွားကြသည်။ ထိုအဆောင်လက်နက်၏တန်ဖိုးကို ယခုအခါ သူတို့အားလုံး သဘောပေါက်လိုက်ကြပြီဖြစ်သည်။ ထိုအဆောင်ဖန်တီးစီရင်နည်းကို ရရှိလိုက်လျှင် အခြေခံတည်ဆောက်ခြင်းပထမအဆင့်ရှိသော ရုပ်သေးစစ်သည်များကို စစ်မြေပြင်တွင် အစုအပြုံလိုက် အသုံးချနိုင်မည်လိမ့်ဖြစ်သည်။
ထိုအဖြေကိုကြားလိုက်ရချိန် ရှန်းယွမ်လုံမှာ ကျန်းချန်ရွှမ်ကို အလောတကြီး ခေါ်ယူမေးမြန်းမိသည့်အတွက် နောင်တရမိလိုက်သည်။ အဆိုပါအဆောင်လက်နက်မှာ သည်မျှအထိ အစွမ်းကြီးမှန်းသိလျှင် ကျန်းချန်ရွှမ်ကို မည်သူ့ကိုမှ အသိမပေးဘဲ လျှို့ဝှက်ထားဖို့ သူကိုယ်တိုင် တိုက်တွန်းမိလိမ့်မည်။ ယခုတော့ အချိန်နှောင်းသွားပြီဖြစ်သည်။
ထျန်းချီက သိချင်ဇောဖြင့် ထပ်မေးသည်။
“မင်း ဆင့်ခေါ်လိုက်တဲ့ ရွှေရောင်သံချပ်ကာရုပ်သေးသုံးရုပ်က နောက်ပိုင်းမှာ ပေါက်ကွဲသွားတယ်လို့ပြောကြတယ်၊ အဲဒါဘာကြောင့်လဲ”
ကျန်လူများမှာ ကျန်းချန်ရွှမ်၏အဖြေကို နားစွင့်နေကြသည်။ ကျန်းချန်ရွှမ်မှာ ခေတ္တမျှဆိုင်းလိုက်ပြီးမှ
“စီနီယာခင်ဗျား ဒါက ရုပ်သေးရုပ်တွေရဲ့ ကိုယ့်ကိုယ်ကို အလိုအလျောက် ဖျက်ဆီးတဲ့စနစ်ဖြစ်ပါတယ်၊ ဒီစစ်သည်သုံးရုပ်ရဲ့ ဖောက်ခွဲမှုအားက ပြင်ဆင်ထားခြင်းမရှိတဲ့ အခြေခံတည်ဆောက်မှု သတ္တမအဆင့် ကျင့်ကြံသူတစ်ဦးကို ဖောက်ခွဲပစ်နိုင်ပါတယ်”
ကျန်းချန်ရွှမ်၏စကားကိုကြားသော ကျီဖုအဆင့် စီနီယာပုဂ္ဂိုလ်များမှာ ပါးစပ်အဟောင်းသားဖြစ်ကုန်ကြသည်။ ထိုအဆောင်များတွင် အလိုအလျောက်ဖောက်ခွဲသည့်စနစ် ပါဝင်လျှင် သူတို့ထင်ထားသည်ထက်ပင် ပိုမိုတန်ဖိုးရှိလာမည်ဖြစ်သည်။ ကျီဖုအဆင့်ကျင့်ကြံသူအားလုံးမှာ တိုင်ပင်ထားခြင်းမရှိဘဲ တစ်ယောက်မျက်နှာ တစ်ယောက်ကြည့်မိလိုက်ကြသည်။
ထိုစဉ် ကျန်းချန်ရွှမ်သည် စားပွဲ၏ထိပ်ဆုံးတွင် ထိုင်နေသော ယွင်တုန်းရှန်ကိုကြည့်ပြီး လက်သီးဆုပ်၍ ဂါရဝပြုလိုက်သည်။
“စီနီယာယွင်၊ ဒီအဆောင်လက်နက်ဖန်တီးနည်းကို ဘိုးဘေးမန်ရွှယ်ထံ ဆက်သချင်ပါတယ်၊ သူ့ကို ခင်ဗျားကနေတစ်ဆင့် ပေးလိုက်ပါရစေ”
“ဘယ်လို”
ကျန်းချန်ရွှမ်၏စကားဆုံးသည်နှင့် ကျန်ပုဂ္ဂိုလ်များမှာ အံ့အားသင့်သွားကြသည်။ ရှန်းယွမ်လုံပင် ခေတ္တမျှ ဆွံ့အသွားမိသည်။ ထို့နောက် ချက်ချင်းပင် ကျန်းချန်ရွှမ်၏အကြံအစည်ကို နားလည်သွား၍ လေးစားစွာကြည့်မိလိုက်သည်။ သူ့အစ်မကိုယ်တိုင် မျှော်လင့်ထားသောလူငယ်ဖြစ်သည်နှင့်အညီ ကျန်းချန်ရွှမ်၏ ဉာဏ်ရည်ဉာဏ်သွေးမှာ တော်ရုံလူယှဥ်လို့မရချေ။ ဘိုးဘေးမန်ရွှယ်၏ နောက်ခံမှာ အားလုံးသိကြသည့်အတိုင်း သူမသည် ရှန်းမျိုးနွယ်စု၏ဘိုးဘေး ဖြစ်သလို ကန်းယန်ဂိုဏ်း၏ ပထမဆုံး ကျီဖုအဆင့်ကျင့်ကြံသူဖြစ်သည်။ တစ်ချိန်တည်းမှာ ကန်းယန်ဂိုဏ်း၏ အထွတ်အထိပ်ဖြစ်သူ အင်မော်တယ်ဖေးလုံ၏ တာအိုကျင့်ကြံဖက် ဇနီးလည်းဖြစ်သည်။ သူမကို ထိုအဆောင်လက်နက်အပ်လိုက်ခြင်းက အဖွဲ့အစည်းသုံးရပ်လုံး၏ အကာအကွယ်ကိုယူလိုက်သလိုဖြစ်သည်သာမက သည်အရေးတွင် အင်မော်တယ်ဖေးလုံကိုပါ ကျန်းချန်ရွှမ်က ပါးပါးနပ်နပ်နှင့် ဆွဲထည့်လိုက်ခြင်းဖြစ်သည်။ ကျန်းဖေးလုံသာ သူ့နောက်မှာရှိလျှင် အနာဂတ်တွင် မည်သူက သူ့ကိုပြဿနာရှာရဲဦးမည်နည်း။
နောက်တစ်ချက်က ကျန်းဖေးလုံသည် အလွန်ရက်ရောသူဟု နာမည်ကြီးသည်။ ကျန်းချန်ရွှမ်လို လူငယ်တစ်ဦးဆီမှ တန်ဖိုးကြီးလက်ဆောင်ကို လက်ခံရာတွင် ကျန်းချန်ရွှမ်ကို တစ်ခုခုပြန်မပေးဘဲမနေပါ။ ထို့ကြောင့် ယွင်တုန်းရှန်သည်ပင် ကျန်းချန်ရွှမ်၏ ဆုံးဖြတ်ချက်ကို မလေးစားဘဲမနေနိုင်တော့ပါ။ သူကပြုံးလျက် ခေါင်းညိတ်ပြလိုက်ရင်း
“ဒါဖြင့် စီနီယာမန်ရွှယ်အစား ကျုပ်ကပဲ ကျေးဇူးတင်စကား ပြောပါရစေ”
***