← Chapters

အခန်း (၇၆-၈၀)

Vol. 4 Ch. 76-80

အခန်း (၇၆-၈၀)

Vol. 4 Ch. 76-80

နှစ်တစ်ရာကျင့်ကြံပြီးနောက်

အခန်း​ ၇၆ ။ အင်​မော်​တယ်​ပိုင်​လုံ

ယွင်တုန်းရှန်က တစ်ခု​စဉ်းစား​မိဟန်နှင့်

“အစော​ပိုင်းက​ နတ်ဆိုး​သားရဲ​တွေ စုပြုံ​တိုက်​ခိုက်​မှုမျိုး မကြာခင်ထပ်ဖြစ်လာနိုင်တဲ့အတွက် ရွှေသံချပ်ကာ​ရုပ်သေး​အဆောင်​တွေ ကြို​လုပ်​ထား​လို့ရလား၊ လိုအပ်တဲ့ကုန်ကြမ်းပစ္စည်းတွေကို ပြောပါ၊ အကုန်​ဖြည့်ဆည်း​ပေးပါ့မယ်၊ အလကားလုပ်ခိုင်းမှာမဟုတ်ဘူး၊ ဒီရုပ်သေးအဆောင်တွေ လုပ်​ပေးတဲ့အတွက် ထိုက်​သင့်တဲ့ ချီးမြှင့်​မှု​မျိုး ပေးမှာပါ”

ယွင်တုန်းရှန်မှာ သိသိသာသာ​ပင် ကျန်း​ချန်​ရွှမ်၏ အကျိုး​အတွက်​ လမ်းခင်းပေးလိုက်ခြင်းဖြစ်သည်။ သူ့ဆုံးဖြတ်ချက်မှန်ကန်ခြင်း၏ အကျိုးဆက်​ကို ယခု​ပင် ခံစား​နေရပြီဖြစ်သည်။

ကျန်း​ချန်​ရွှမ်​အနေ​နှင့် အဆင့်၂ အလယ်​အဆင့် ရုပ်​သေး​အဆောင်​ပြု​လုပ်​နည်းကို ရရှိရန် အဆင့်​၂ အနိမ့်စား အဆောင်​ ၁၀ ခုကို ရေးဆွဲရမည့်ဟူသော စနစ်၏သတ်မှတ်​ချက်​ကို သတိရ​မိလိုက်သည်။ ယခုယွင်တုန်းရှန်၏ ကမ်း​လှမ်းချက်မှာ ရေကန်​အသင့် ကြာအသင့်ဖြစ်နေသည်။

ကျန်း​ချန်ရွှမ်က တွေးတွေး​ဆဆနှင့်

“လာမဲ့တိုက်ပွဲအတွက် ရုပ်​သေး​အဆောင်​တွေ စီရင်ထားဖို့က ​ခက်ခဲ​တဲ့​ကိစ္စ​မဟုတ်ပါဘူး၊ ဒါပေမဲ့​ ကုန်​ကြမ်း​ပစ္စည်း​ကတော့ လိုအပ်ပါတယ်”

ထို့နောက်​ လိုအပ်​သော ကုန်​ကြမ်း​ပစ္စည်း​များကို ရွတ်​ပြလိုက်ရာ ယွင်​တုန်း​ရှန်​နှင့် စီနီယာပုဂ္ဂိုလ်​များမှာ​ အံ့သြကုန်ကြသည်။

“ရွှေဝါရောင်ကျောက်စိမ်းနဲ့ ကောင်းကင်ဝိဉာဉ်နှင်းရေစက် ဟုတ်​လား”

ကျန်း​ချန်​ရွှမ် တောင်း​ဆိုသောပစ္စည်းများကို သူတို့​အားလုံး​ ကောင်း​ကောင်း​သိပါ​သည်။ ထို​ပစ္စည်း​များမှာ လူကြိုက်များလှသည့် ရတနာပစ္စည်းမျိုးမဟုတ်ဘဲ ကျင့်ကြံသူ​အနည်းစုသာ လိုလို​လားလား ရှာဖွေ​တတ်ကြသည့် ပစ္စည်း​များ​ဖြစ်​သည်။ သို့​သော်​ မကြာ​မီအတွင်း ထို​ပစ္စည်း​များ၏ စျေး​နှုန်း​မှာ အရှိန်​နှင့်ထိုးတက်တော့မှာ သေချာ​ပါသည်။ ယွင်တုန်း​ရှန်​က ခေါင်း​ညိတ်​လိုက်​ပြီး

“ကိစ္စ​မရှိပါဘူး​ လို​အပ်​တဲ့​ပစ္စည်း​တွေ ပို့ပေးလိုက်မယ်”

ထို့နောက်​ ကျန်း​ချန်​ရွှမ်က နှုတ်ဆက်​စကားဆိုပြီး အဆောက်အအုံ​အပြင်​သို့ အရင်ထွက်လာလိုက်သည်။ ရှန်း​ရူယန်​က အပြင်​တွင်စောင့်ဆိုင်းနေပြီး သူ့ကို​မြင်​သည်နှင့် ခပ်​သုတ်သုတ်​လျှောက်လာကာ စိုး​ရိမ်​တကြီး မေးရှာပါသည်။

“ယောက်ျား​ ဘိုး​ဘေးက ရှင့်ကိုဘာပြောလွှတ်လိုက်လဲ”

ကျန်း​ချန်​ရွှမ်က ပြုံး​လျက်

“မစိုးရိမ်ပါနဲ့​”

နှစ်ယောက်​သား စကား​တပြောပြောနှင့် ကျင့်ကြံရာလှိုဏ်ဂူသို့ ပြန်​လာခဲ့ကြသည်။ လမ်း​တွင် ဖြစ်​ခဲ့သမျှ အကြောင်း​စုံ​ကို ပြောပြလိုက်ရာ ရူယန်​က

“ရှင့်​ဆုံးဖြတ်​ချက်​မှန်တယ်၊ ကျွန်မ​ အင်​မော်​တယ်​ပိုင်​လုံအကြောင်း​ ကြားဖူးတယ်၊ ရှင့်​လို​လူငယ်တစ်ယောက်ဆီက အဖိုးတန်တာတစ်ခုယူပြီးရင် တန်ဖိုး​ကြီး​တာတစ်ခု ပြန်မပေးဘဲနေမှာ မဟုတ်ဘူး၊ ပြဿနာ​တစ်ခုတော့ရှိတယ်။ ရှင့်ရဲ့ ရွှေရောင်သံချပ်ကာရုပ်သေးက နောင်​ဆိုရင် ရှင်​တစ်ဦး​တည်း​ပိုင်​ဆိုင်​တဲ့ လက်နက်​မဟုတ်တော့မှာကိုပဲ”

ကျန်း​ချန်ရွှမ်က စိုးရိမ်​ဟန်မပြဘဲ

“ဒါကို​ ဆုံး​ရှုံး​မှုလို့ သတ်မှတ်​လို့​မရဘူး၊ အနာဂတ်​မှာ ကိုယ်​တို့ရရှိမဲ့အကျိုးက ဒီထက်အဆများစွာ ပိုနေလိမ့်မယ်”

ကျန်း​ချန်​ရွှမ်၏ စကား​ကိုကြားပြီးနောက် ရှန်းရူယန်၏ နှလုံး​ခုန်နှုန်းမြန်ဆန်လာသည်။ သူတို့​နှစ်ဦး​မှာ စိတ်​ချင်း​ဆက်သွယ်နေသည့်အတွက် ကျန်း​ချန်​ရွှမ်​၏ ဆိုလို​ရင်းကို ချက်ချင်းနားလည်လိုက်သည်။ ရှန်းရူယန်​က ခေါင်း​ညိတ်​ရင်း​

“ဒီအရေးကြီးပြီးရင် ကျွန်မ​တို့နှစ်ယောက်ကို အင်​မော်​တယ်​ပိုင်​လုံ​က သတိထား​မိမှာအမှန်ပဲ၊ ဒီအခွင့်အရေးကို အရမ်း​လိုချင်နေ​တဲ့ ကျီဖုအဆင့်​ကျင့်​ကြံသူတွေတင် မနည်းဘူး”

စကားတ​ပြော​ပြောနှင့်ပင် နေထိုင်​ရာဂူဗိမာန်တို့ ရောက်လာကြပြီး ကိုယ်စီကျင့်ကြံရာအခန်းများ အတွင်း​သို့ ဝင်ရောက်အနားယူလိုက်ကြတော့သည်။

ရက်​အနည်းငယ် ကြာပြီးနောက်…

ယွင်တုန်း​ရှန်က ကတိအတိုင်း ရွှေဝါရောင်ကျောက်စိမ်းနှင့် ကောင်းကင်ဝိဉာဉ်နှင်းရေစက်များကို အများအပြား​ပို့ပေးလိုက်သည်။ ရရှိ​သောကုန်ကြမ်းပမာဏအရ ရုပ်​သေး​အဆောင်​ တစ်ဒါဇင်ခန့် ဖန်တီး​စီရင်​နိုင်မည်ဖြစ်သည်။ ကျန်း​ချန်​ရွှမ်​က စိတ်​လှုပ်ရှား​စွာ သက်ပြင်းချလိုက်မိသည်။ စွမ်းအား​ကြီး​သူတစ်ဦး နောက်ကွယ်​တွင်ရှိနေခြင်းသည် ကျင့်ကြံခြင်းခရီးတွင် အလွန်​အရေး​ပါမှန်း သူသိလိုက်ရသည်။ အရင်​ကဆိုလျှင် ရွှေဝါရောင်ကျောက်စိမ်းနှင့် ကောင်းကင်ဝိဉာဉ်နှင်းရေစက်ကို ရှာဖွေဖို့ သူ့အနေနှင့်​ အစွမ်း​ကုန်​ကြိုးစားခဲ့သော်လည်း ၆ စုံသာရရှိခဲ့သည်။

အခြား​ပုဂ္ဂိုလ်​များ​အတွက်​တော့ ငှက်​ပျောသီးနွှာစားရသည်ထက် လွယ်​ကူနေတော့သည်။ ရရှိ​ထား​သော ကုန်ကြမ်း​ပစ္စည်း​ကိုတွက်၍ စနစ်​မှသတ်မှတ်ထားသော အရေအတွက်​ကို ပြည့်မီမမီ ခန့်မှန်း​လိုက်​သည်။ မပြည့်မီနိုင်လျှင် အဆောင်​အရေ​အတွက်​ အနည်းငယ်​သာ ပြုလုပ်​မည်ဖြစ်သည်။ ကျန်း​ချန်​ရွှမ်​တစ်ယောက်​ ရွှေသံချပ်ကာရုပ်​သေး​အဆောင်​များ စတင်ဖန်တီးနေသည့်အချိန်တွင် ကန်း​ယန်​ဂိုဏ်းတပ်စွဲထားသော စစ်မြေပြင်ကောင်း​ကင်​ထက်တွင် ဂိုဏ်း၏အထွတ်အထိပ်သုံးဦးအနက် တစ်ဦးဖြစ်သူ ကျန်း​ပိုင်လုံသည် သူ့လက်ထဲရှိ ကျောက်​စိမ်း​ပြားကို စိတ်ဝင်တစား ကြည့်ရှုနေသည်။

ထို​ပုဂ္ဂိုလ်​မှာ အသက်၄၀ကျော်ခန့်ရှိပြီး နူးညံ့​ယဥ်ကျေး​သည့် အသွင်ကိုဆောင်နေသည်။ သူ့ကို​မမြင်ဖူးသူလူစိမ်း​တစ်ဦးသာ သူ့ကို​ပထမဆုံး​အကြိမ်​တွေ့ပါက စာပေပညာရှင်တစ်ဦးနှင့် တူသည့် အဆိုပါ​ပုဂ္ဂိုလ်​ကို ရွှေအမြုတေအဆင့်ရှိ ကျန်းဖေးလုံဟုပြောလျှင် ယုံနိုင်မှာမဟုတ်ပေ။

“စိတ်​ဝင်​စားစရာပဲ”

ကျန်း​ဖေးလုံက ကျောက်​စိမ်း​ပြားကို ပြန်ချလိုက်ပြီး ပြုံး​လျက်​ရေရွတ်လိုက်သည်။ ထို့နောက် သူ့ဘေးတွင်ရှိနေသော​ ဆံပင်​အဖြူ​ရောင်​ရှိသည့် မိန်း​ကလေးတစ်ဦးကို လှည့်ကြည့်ရင်း ပြော​လိုက်​ပြန်​သည်။

“မန်ရွှယ် မင်း​ရဲ့ရှန်းမိသားစုမှာ စိတ်​ဝင်စား​ဖို့​ကောင်းတဲ့ သားမက်​တစ်ယောက်ရှိနေမှန်း ငါမသိခဲ့ပါလား”

“ ရှင်​ဒီလိုမချီးကျူးတာ အတော်ကြာပြီမှတ်တယ်”

မန်​ရွှယ်က ပြုံးရင်းပြောလိုက်သည်။

“ဒါဖြင့် ရှင်​ဘယ်လို​လုပ်​ချင်သလဲ၊ လူငယ်​တစ်ယောက်ရဲ့ပစ္စည်းကို အလကား​သိမ်းယူမှာတော့ မဟုတ်ပါဘူး​နော်​”

“ဘယ်​ဟုတ်​မလဲ”

ကျန်း​ပိုင်​လုံက​ ပြုံး​ရယ်ရင်း ခေါင်း​ခါပြလိုက်သည်။

“မင်း​အထင်​ကြီးနေတဲ့ ဒီလူငယ်လေးက ရွှေအမြုတေအဆင့်ရောက်ဖို့ အလားအလာကောင်းတယ်၊ သူနဲ့​ငါမိတ်ဆွေ​ဖွဲ့ထားသင့်တာပေါ့”

ထို့နောက်​ ကျန်း​ပိုင်လုံက တိုကင်ပြားတစ်ခုကို ထုတ်​ယူလိုက်​ပြီး လေထဲတွင် ပစ်​မြှောက်​ဆော့ကစားလိုက်သည်။

“မှော်​စွမ်းအင်​တချို့ ထည့်သွင်း​ထားတဲ့ သေခြင်း​ကင်းလွတ်​ခွင့် အမိန့်​ပြားက သူ့အတွက်​ ငါ့ရဲ့မိတ်ဆက်လက်ဆောင်ပဲ၊ ဒီအမိန့်ပြားကို လူကြုံတစ်ယောက်နဲ့ ထည့်ပေးလိုက်မယ်၊ ဒီအမိန့်ပြားက ရွှေ​အမြုတေ​အဆင့်အောက်က တိုက်​ခိုက်​မှုအားလုံးကနေ သူ့ကို​ကာကွယ်​ပေးနိုင်​လိမ့်မယ်၊ ရွှေ​အမြုတေ​အဆင့် တိုက်ခိုက်​မှု​နဲ့ ရင်ဆိုင်​ရရင်တောင် တစ်ကြိမ်​တော့ ကာကွယ်​ပေးနိုင်မယ်”

ရှန်းမန်ရွှယ်က ထိုအမိန့်ပြားကို မြင်​လိုက်သောအခါ အံ့အားသင့်​သွားပြီးနောက်မှ ပြုံးရယ်​လျက်

“ယောက်ျား​ ရှင်လည်း ဒီကောင်​လေးကို အထင်​ကြီးနေတာပဲမလား”

ကျန်းပိုင်လုံက ပြုံးလျက်

“မင်းကို ဘာမှဖုံးကွယ်လို့မရပါလား”

ထို့နောက်​ ခေါင်း​ကိုတဆတ်ဆတ်ညိတ်ရင်း

“ငါ့အတွက်​ တန်​ဖိုး​အရမ်း​ကြီးတဲ့ပစ္စည်းမဟုတ်ပါဘူး မင်း​ရဲ့သားမက်လေးနဲ့ ရင်းနှီး​မှု​ရဖို့ ဒီလောက်​တော့ ရင်းရမှာပေါ့”

တစ်​နှစ်​ခွဲခန့်အကြာ…

ကျန်း​ချန်ရွှမ်သည် ရှန်းယွမ်လုံနှင့် ယွင်တုန်းရှန်တို့ ထောက်​ပံ့ထားသည့် ကုန်ကြမ်းပစ္စည်းများကို​ အသုံးပြု​ပြီး ရွှေ​ရောင်​သံချပ်​ကာရုပ်သေး​များကို အောင်မြင်​စွာ​ဖန်တီး​နိုင်​ခဲ့ပြီဖြစ်သည်။ ထို​အချိန်​မှာပင်​ စနစ်ထံမှ အချက်ပေးသံတစ်ခု ဝင်လာသည်။

***

နှစ်တစ်ရာကျင့်ကြံပြီးနောက်

အခန်း​ ၇၇ ။ လျှို့ဝှက်​အကျပ်အတည်း

[ ဂုဏ်ပြု​ပါသည်​ စနစ်​ပိုင်ရှင်၊ ရွှေရောင်​သံချပ်​ကာရုပ်သေး အဆောင်​ ၁၀ ခုကို ဆက်​တိုက်​ဖန်တီး​ပြီးပါပြီ၊ အဆင့်​၂ အလယ်​အဆင့်​ ရွှေရောင်သံချပ်ကာ ​ရုပ်သေး​အဆောင်​ပြုလုပ်နည်းကို လက်ခံ​ရရှိ​ပါသည်​]

စနစ်ထံမှ အချက်​ပေးသံ​ကိုကြားပြီးနောက် ကျန်း​ချန်​ရွှမ်သည် ကျေနပ်​စွာဖြင့် ရေရွတ်​လိုက်​သည်။

“ငါထင်ထားတဲ့အတိုင်းပဲ”

ထို့နောက်​ ကျန်း​ချန်​ရွှမ်သည် အဆင့် ၂ အလယ်​အဆင့် ရွှေရောင်သံချပ်ကာ ရုပ်သေးအဆောင်​ စီရင်​နည်းကို အသေးစိတ်လေ့လာပါတော့သည်။ အသုံးပြု​သော ပစ္စည်းများ​မှာ အနိမ့်စား​အဆင့် အဆောင်​ဖန်တီး​နည်းကဲ့သို့ပင် ကောင်းကင်ဝိဉာဉ်နှင်းရေစက်ကို လိုအပ်​နေသေးသော်လည်း ရွှေဝါရောင်ကျောက်စိမ်းနေရာတွင် ရွှေ​ဝါ​ရောင်​ဝိညာဉ်​ကျောက်​စိမ်း ပြောင်း​သွား​သည်။ ဝိညာဉ်​တစ်လုံး​သာ ပိုသော်လည်း ကုန်​ကြမ်း​နှစ်​မျိုး၏ စျေး​နှုန်း​မှာ မိုး​နှင့်​မြေလို ကွာခြားပါသည်။

ရွှေ​ဝါ​ရောင်​ကျောက်စိမ်းကို ရုပ်သေး​အဆောင်​ပြုလုပ်​ရာတွင် အဓိက​အသုံးပြု​သည်​ဟူသော သတင်း​များ မပျံ့နှံ့မီက ကျောက်​စိမ်း​တစ်တုံးလျှင် ဝိညာဉ်​ကျောက်​တုံး ၁၀၀၀ သာရှိသော်လည်း ရွှေ​ဝါ​ရောင် ဝိညာဉ်​ကျောက်​စိမ်း​မှာ တစ်​တုံး​လျှင် ၈၀၀၀ ခန့်ရှိ၍ အဆင့်​၂ အမြင့်ဆုံး​အဆင့်​ အကာအကွယ်ပစ္စည်းတစ်ခု၏ စျေး​နီးပါး​ခန့်ရှိသည်။ ထို့​အပြင်​ ရွှေဝါရောင်ဝိညာဉ်​ကျောက်​စိမ်း၏ အသုံးဝင်ပုံမှာလည်း များ​စွာပိုပါသည်။

ကျန်း​ချန်​ရွှမ်​အနေ​နှင့် အဆင့်၂ အမြင့်ဆုံး​အဆင့် ရွှေရောင် သံချပ်ကာရုပ်သေး အဆောင်များကို ဖန်တီး​နည်း​အား ရရှိလိုပါက အဆင့်​၂ အလယ်​အဆင့်​ ရွှေရောင်သံချပ်ကာရုပ်သေး အဆောင်​များကို အရေအတွက်​မနည်း အရင်ဖန်တီးရမည်ဖြစ်၍ သူ့အတွက်​ အချိန်​ယူ၍စောင့်​ဆိုင်း​ရမည်ဖြစ်ကြောင်း နားလည်​လိုက်​သည်။ သို့​သော်​ အဆင့်၂ အလယ်​အဆင့်​ ရုပ်​သေး​အဆောင်​သည် အနိမ့်​စားအဆင့်ထက် အဘက်ဘက်က သာလွန်သည်။

အလယ်​အဆင့်​ ရုပ်​သေးအဆောင်မှ ဆင့်​ခေါ်​သည့် သံချပ်​ကာစစ်သည်၏ တိုက်​စွမ်း​ရည်​မှာ အခြေခံ​တည်ဆောက်​မှု​ပဉ္စမအဆင့်​နှင့် ညီမျှသည့်အပြင် ကြာချိန်မှာလည်း နာရီ​ဝက်ဖြစ်သည်။ အလယ်​အဆင့်​ရုပ်​သေး၏ ဖောက်ခွဲ​စွမ်းအားသည်လည်း အခြေခံတည်ဆောက်​မှု​ သတ္တ​မ​အဆင့်​ ကျင့်ကြံသူတစ်ဦးကို ကောင်းကောင်းခြိမ်းခြောက်နိုင်စွမ်းရှိပါသည်။ အချိန်​အတန်​ကြာ​ပြီးနောက်​ ကျန်းချန်ရွှမ်သည် နောက်​ထပ် ရွှေရောင်သံချပ်ကာ ရုပ်သေး​အဆောင်​ ရှစ်ခုပြီးစီးသွားပြန်သည်။ နောက်ဆုံး​အကြိမ်​နှင့်ယှဥ်လျှင် သူ၏အမြန်နှုန်းမှာ သိသိသာသာ​ တက်​လာပါ​သည်။ တစ်ချိန်​တည်း​တွင် ကျန်း​ချန်​ရွှမ်​သည် သူ၏ကျင့်ကြံမှုကိုလည်း ပစ်ထားခြင်းမရှိပါ။

ယခု​အခါ အခြေခံ​တည်ဆောက်​မှု​ပဥ္စမအဆင့်​ ကျင့်ကြံမှုပမာဏကို အမြင့်​ဆုံး​စုဆောင်း​ပြီးဖြစ်၍ ကျင့်ကြံမှုအဆင့် တိုး​မြှင့်​ပေးသည့် ဆေးပြား​အသုံးပြုလိုက်လျှင် ဆဌမ​အဆင့်​ကို တက်​လှမ်း​နိုင်ဖို့ ၅၀% အထက် ယုံကြည်မှု​ရှိနေပြီဖြစ်သည်။ ထို့​အပြင်​ သူ့ထံတွင် ကျန်းပိုင်လုံ​ပေးအပ်​ထားသည့် သေခြင်း​ကင်းလွတ်​အမိန့်​ပြား ရှိနေ​ပြီဖြစ်သည့်အတွက် ရွှေအမြုတေအဆင့်​အောက်ရှိ တိုက်ခိုက်​မှုအားလုံးကို အလွယ်တကူ ကျော်​လွှားနိုင်မည်ဖြစ်သည်။ ထိုမျှမကသေး ထိုအမိန့်ပြားပိုင်ဆိုင်ထားသော ကျန်းချန်ရွှမ်ကို တော်​ရုံဦးနှောက်​ရှိသူများအနေနှင့် မလေး​မစားပြုလုပ်ရဲမည် မဟုတ်​ပေ။

လအနည်းငယ်ကြာပြီးနောက် ရွှေ​ရောင်​သံချပ်ကာ ရုပ်သေး​အဆောင်​ငါးခုကို ဘိုးဘေးရှန်းယွမ်လုံလက်ထဲအပ်လိုက်သည်။ ရှန်း​ယွမ်လုံ၏မျက်နှာမှာ မကောင်း​လှကြောင်း ကျန်းချန်ရွှမ် သတိ​ထား​မိ၍ မနေနိုင်တော့ဘဲ မေးမြန်း​မိလိုက်သည်။

“ဘိုး​ဘေး​ခင်ဗျား​ တစ်ခုခု​ဖြစ်ခဲ့လို့လား”

ရှန်းယွမ်လုံက တုံ့​ဆိုင်း​နေပြီး​မှ ခေါင်း​ညိတ်​ဝန်​ခံလိုက်သည်။

ဇီယွမ်စီရင်စုကို နတ်ဆိုး​သားရဲတွေ စီးမိသွားပြီလို့ အခုပဲ​သတင်းရတယ်”

“ဘာ”

ကျန်း​ချန်​ရွှမ်မှာ ထိုစကားကြောင့် အကြီး​အကျ​ယ်တုန်လှုပ်သွားသည်။ ဇီယွမ်စီရင်စုမှာ သူတို့၏​ပင်း​ချွမ်စီရင်စုနှင့် အသွင်တူညီပြီး ထိုနေရာတွင် စောင့်​ကြပ်နေသော ကျီဖုအဆင့်​ကျင့်​ကြံ​သူ အရေအတွက်​မှာ ပင်းချွမ်စီရင်စုရှိ ကျင့်ကြံသူ​အင်အား​ထက်ပိုများသည်ဖြစ်ရာ ထိုနေရာမျိုးကို နတ်​ဆိုး​သား​ရဲများ သိမ်း​ပိုက်​နိုင်လိုက်သည့် အကြောင်း​အရင်း​ကို နားမလည်နိုင်​ဖြစ်နေသည်။ ဇီယွမ်စီရင်စုတွင် သေမျိုးလူသားနှင့် ကျင့်ကြံသူ​များ သန်းရာဂဏန်းခန့်နေထိုင်လျက် ရှိသည်ဖြစ်ရာ…

ကျန်း​ချန်​ရွှမ်​၏အတွေးကို ရိပ်​မိဟန်နှင့် ရှန်း​ယွမ်လုံ​က

“ဟုတ်တယ်​ မင်း​ထင်သလိုပဲ ဇီယွမ်စီရင်စုက သေမျိုးလူသားနဲ့ ကျင့်ကြံသူ သန်း​ရာနဲ့ချီပြီး သားရဲ​တွေအစာဖြစ်ကုန်ပြီ၊ ဒီကောင်​တွေက ငါတို့​ပင်းချွမ်နဲ့ တခြား​စီရင်​စုနှစ်ခုကို ဦးတည်​တိုက်​ခိုက်​သလို လှည့်စားသွားတာ၊ သူတို့​ပစ်မှတ်အစစ်က ဇီယွမ် ပဲ”

“ဘယ်လို​လုပ်​ပြီး”

ရှန်းယွမ်လုံ၏စကားကိုကြားပြီးနောက် ကျန်း​ချန်​ရွှမ်​၏ ကျောရိုး​မှာ စိမ့်တက်သွားသည်။ သားရဲ​များ၏ အဓိက​ပစ်မှတ်မှာ သူတို့၏ပင်းချွမ်စီရင်စုသာ ဖြစ်ခဲ့လျှင် ဆိုသည့်​အတွေးက ရုတ်တရက်​ဖိစီးလာသည်။ ထို့ကြောင့်ပင် ပထမဆုံး​သားရဲ​တိုက်ခိုက်မှု ပြီး​ဆုံး​ကတည်းက ပင်း​ချွမ်စီရင်စုကို သားရဲ​များလာရောက်တိုက်ခိုက်မှုမျိုး မရှိ​တော့ခြင်းဖြစ်လိမ့်မည်။ ထိုအချိန်​တွင်​ နတ်​ဆိုး​သားရဲ​များမှာ အကြံအစည်တစ်ခုရှိနေမှန်း သူတို့ခန့်မှန်းမိသော်လည်း ဇီယွမ်စီရင်စုကို ပစ်မှတ်ထားတိုက်ခိုက်လိမ့်မည်ဟု မတွေးမိခဲ့ပါ။

“ဘိုး​ဘေး​ အဲဒီ​မှာ အခြေ​အနေ​ဘယ်လို​ရှိလဲ၊ ကန်း​ယန်​ဂိုဏ်း​က ဘာလုပ်​ဖို့စီစဉ်ထားလဲ”

ဇီယွမ်​စီရင်စု​မှာ လူသား​မျိုး​နွယ်၏ပိုင်​နက်တွင် ပါဝင်​သော​ကြောင့်​ ကန်း​ယန်​ဂိုဏ်း​အနေ​နှင့်​ တစ်​ခုခု​မလုပ်​ဘဲ နေမည်မဟုတ်ပါ။

ရှန်း​ယွမ်လုံက​ ခေါင်း​ညိတ်​ပြလိုက်ရင်း

“လောလောဆယ်​ ကန်းယန်ဂိုဏ်းက အကြီးအကဲ​ နန်ကုန်းနဲ့ တျန့်ချီတို့ တပည့်အသီးသီးကို ဦးဆောင်ပြီး ဇီယွမ်​စီရင်စု​ကို ထွက်​သွားပြီလို့ကြားတယ်၊ တခြား​နေရာတွေက အင်အားတွေကို​လည်း ဇီယွမ်​ကို​ပို့​ဖို့ စီစဉ်​ထားတယ်၊ ငါတို့​ပင်းချွမ်စီရင်စုက ကျင့်ကြံသူအင်အားအချို့ကိုပါ အဲဒီကိုပို့ဖို့ စီစဉ်​ထား​ပေမဲ့ ငါ့အစ်မ ရှန်းမန်ရွှယ်ရဲ့ကန့်ကွက်မှုကြောင့် ပျက်​သွားတယ်”

“ဘာကြောင့်​လဲ”

ရှန်း​မန်ရွှယ်တွင် ကောင်း​ကင်​ဘုံ​လျှို့ဝှက်​တွက်ချက်ခြင်း နည်း​စနစ် ရှိနေ​သည်ဖြစ်၍ ပင်းချွမ်မှ ကျင့်ကြံသူ​အင်အားကို လျော့နည်းသွားခြင်း မရှိ​စေရန်​ သူမ၏ရည်ရွယ်​ချက်​က ပင်း​ချွမ်စီရင်စုတွင် အကျပ်​အတည်း တစ်ခုရှိနေ​ခြင်း​ကြောင့်ပေလားဟု ကျန်းချန်ရွှမ်တစ်ယောက်​ တွေးမိပါသည်။ ရှန်း​ယွမ်လုံက​ သူ့မေးခွန်းကို မဖြေနိုင်မီအတွင်းမှာပင် အရေး​ပေါ်​ခေါင်း​လောင်းသံ​ကြား​လိုက်​ရပြီး​ ကောင်း​ကင်ထက်တွင် မီးလျှံ​ကြီးတစ်ခု တိုး​ထွက်လာသည်ကို တွေ့လိုက်ရပါသည်။

“မကောင်း​တော့ဘူး​ နတ်​ဆိုး​သားရဲတွေ အလုံးအရင်း​နဲ့ တိုက်​ခိုက်​ပြီဆိုတဲ့ လက္ခဏာ​ပဲ”

နှစ်ဦးစလုံးမှာ အချိန်​မဆွဲဘဲ​ ရှေ့တန်းသို့ အလျင်အမြန် ပြေးထွက်လာကြပါတော့သည်။

ခဏအကြာတွင်…

အဆင့်၃ အကာအကွယ် အစီအရင်တံတိုင်း​ကြီးအတွင်း၌ ကျင့်ကြံသူ​အားလုံး​စုဝေးပြီးဖြစ်သည်။ ယွင်တုန်း​ရှန်​က တံတိုင်း​အပြင်​ဘက်ရှိ စစ်​မြေပြင်​နှင့်အပြည့် သားရဲ​အုပ်​ကြီးကို ကြည့်လိုက်သည်။ ထို့နောက်​ တံတိုင်း​အတွင်း​ရှိ မျက်​နှာ​များ​တင်းမာနေသော ကျင့်ကြံသူ​အားလုံး​ကို ကြည့်လိုက်ပြန်သည်။

“ စိတ်​မကောင်း​ပေမဲ့ အခြေအနေ​တွေက ထိန်း​ချုပ်​လို့မရတော့ဘူး၊ အခု​ကျုပ်​တို့ကို ဝိုင်းရံထားတဲ့ နတ်ဆိုး​သားရဲ​အရေအတွက်​က ဇီယွမ်​စီရင်စု​ကို​ဖျက်ဆီး​သွားတဲ့ သားရဲအုပ်ကြီးနဲ့ တန်းတူ​ရှိတယ်”

ယွင်တုန်းရှန်၏ စကား​ကြောင့်​ လူအုပ်​ကြီးမှာ ကြက်သေသေငိုင်သွားကြသည်။ ထျန်းချင်က

“မဖြစ်​နိုင်တာ​ နတ်ဆိုး​သားရဲအုပ်ကြီးက ဇီယွမ်​စီရင်စု​အနား​မှာပဲ ရှိသေးတယ်၊ အဲဒီသားရဲအုပ်ကြီးအင်အားနဲ့တန်းတူ နောက်​ထပ် သားရဲအုပ်ကြီးက ဒီကိုရောက်လာစရာ အကြောင်း​မရှိ​ဘူး”

***

နှစ်တစ်ရာကျင့်ကြံပြီးနောက်

အခန်း​ ၇၈ ။ ဉာဏ်အလင်းပွင့်ခြင်း

ကျန်​ပုဂ္ဂိုလ်​အားလုံး​မှာလည်း​ ထျန်း​ချင်နှင့် တစ်​သဘော​တည်း​ရှိပြီး ပင်း​ချွမ်စီရင်စုကို ယခုတိုက်ခိုက်ရန်ပြင်နေသည့် သားရဲ​တပ်​ကြီး မည်​သည့်​နေရာ​မှ မည်သို့​မည်ပုံ ရောက်ရှိလာသည်ကို နားလည်နိုင်​ခြင်း​မရှိကြပါ။ သို့​မဟုတ်​ နတ်ဆိုး​သားရဲ​မှာ တစ်ဖွဲ့တည်းမဟုတ်ဘဲ နောက်​ထပ်​နတ်ဆိုး​အင်​အားစုများ ပါဝင်​ပတ်သက်​နေသလားဟု တွေးမိကြကာ လူအားလုံးမှာ ကျောရိုး​များစိမ့်သွားသည့်အထိ တုန်​လှုပ်​မိကုန်ကြသည်။ ယွင်တုန်း​ရှန်​သည် လေးနက်​တည်ကြည်​သော အမူအရာ​နှင့် ခေါင်း​ညိတ်​ပြ​လိုက်​ပြီး

“အားလုံး​တွေးနေကြတဲ့ အတွေးက မှန်​ပါတယ်၊ ဒီ​နတ်ဆိုးသားရဲအဓိကရုဏ်းမှာ သီးခြား​တောင်​တန်း​ပေါ်က ဝံပုလွေ​ဘုရင်​ခေါင်း​ဆောင်​တဲ့ အင်အား​စုတစ်ခုတည်း ပါဝင်တာမဟုတ်ဘဲ မှင်စပါးအုံးမြွေတောင်ပေါ်က လေနက်မြွေဘုရင်လည်း ပါဝင်နေပါတယ်”

“ဘာ”

ယွင်တုန်းရှန်၏စကား​ကြောင့် ကျင့်ကြံ​သူအားလုံး​ တုန်​လှုပ်​သွားမိကြသည်။ သည်​အရေးအခင်း​ကို အစပျိုးခဲ့သူမှာ သီးခြား​တောင်​တန်းပေါ်တွင် နေထိုင်​သည့် ဝံပုလွေဘုရင်ဖြစ်​ပြီး ထိုသူသည် လူသား​မျိုး​နွယ်၏ အကြီးဆုံး​ရန်သူတော်များအနက် တစ်ဦး​ဖြစ်​သည်။ လွန်ခဲ့​သည့် နှစ် ၆၀၀ အတွင်း​ ဖြစ်​ပွားခဲ့သမျှသော နတ်ဆိုးသားရဲအဓိကရုဏ်းအားလုံးသည် အဆိုပါ​နတ်ဆိုး​ဘုရင်၏ လက်​ချက်​ဖြစ်သည်။ သို့သော်​ ယခုအခါ​တွင် လေနက်မြွေဘုရင်ပါ ဤပဋိပက္ခ​တွင် ပါဝင်ပတ်သက်လာပြီဖြစ်သည်။

လေနက်မြွေဘုရင်၏ စွက်ဖက်ပါဝင်လာမှုကို သူတို့​အားလုံး​ ကြို​တင်​ခန့်​မှန်းနိုင်စွမ်း မရှိခဲ့ပါ။ သူတို့၏နတ်ဘုရားစိတ်အာရုံများကို တစ်ယောက်​ယောက်​က အကြံအစည်​နှင့် တမင်ပိတ်ဆို့ခဲ့ခြင်းဖြစ်နိုင်သည်။ မဟုတ်​လျှင်​ ရွှေအမြုတေအဆင့်ရှိ​ ကျန်း​ပိုင်​လုံ​နှင့် ကောင်း​ကင်​ဘုံ​တွက်​ချက်​နည်းစနစ်ပိုင်ရှင် ရှန်း​မန်ရွှယ်​တို့အနနှင့် ကြိုတင်​မသိဘဲ နေလိမ့်မည်မဟုတ်ပါ။

“ဒါဆို​ ဘယ်​လို​လုပ်ကြမလဲ”

တစ်ယောက်​သောသူ၏မေးခွန်း​ကို ယွင်တုန်း​ရှန်​က တည်​တည်ငြိမ်​ငြိမ်​နှင့်ပင် ဖြေကြား​လိုက်​သည်။

“ကျုပ်​ဆရာကို အကြောင်း​ကြား​ပြီးပြီ၊ သူနဲ့ စီနီယာ​ပုဂ္ဂိုလ်​တွေ အမြန်ဆုံးရောက်လာကြလိမ့်မယ်၊ ဒီအတောအတွင်းမှာ​ ကျုပ်​တို့​တာဝန်က ပင်းချွမ်စီရင်စုကို​ သားရဲ​တွေ​လက်​ထဲ မကျ​သွားအောင် အစွမ်းကုန်ခုခံဖို့ပဲ၊ ကျုပ်တို့တတ်နိုင်တာ ဒါပဲ​ရှိတယ်​”

ထို့နောက်​ ယွင်တုန်းရှန်၊ ရှန်းယွမ်လုံ နှင့် ထျန်းချင်တို့၏ ဦးဆောင်မှုအောက်တွင် လူအားလုံးမှာ ခံတပ်​များ၊ အရံအတားများ ပြင်ဆင်​ကြသည်။ ကျန်း​ပိုင်​ယန်​နှင့် ဆောင်ဟွေ့တို့မှာ မူလ​အစီအစဉ်အတိုင်း ပင်း​ချွမ်စီရင်စု၏ မြောက်​ပိုင်း​ကို ဆက်လက်စောင့်ကြပ်မည်ဖြစ်သည်။ မကြာမီတွင် အကာအရံ​အစီအရင်၏ အပြင်​တွင် နတ်ဆိုးသားရဲများ အပြည့်အဝစုစည်းမိကြသည်။

ထို​နတ်ဆိုး​သားရဲ​တို့မှာ အသေခံအမိန့် ပေးထားခံရသည့်အလား အဆင့်​၃ အကာအရံအစီအရင် စက်ဝန်းကို အဆက်​မပြတ်​ ပြေးဝင်ပစ်ဆောင့်ကြသည်။

ဒုန်း​ ဒုန်း​ ဒုန်း!

တစ်​ခဏချင်း​တွင် နတ်ဆိုး​သားရဲ​အများ​အပြား​ သေဆုံး​ကုန်​ကြသော်လည်း သားရဲ​အုပ်​ကြီး​မှာ နောက်​ဆုတ်​ခြင်းမရှိ ဆက်​လက်​ထိုး​နှက်ပစ်တိုက်လျက်ရှိသည်။ ထိုမြင်ကွင်းကိုကြည့်ရင်း ယွင်တုန်း​ရှန်​၊ ရှန်းယွမ်လုံနှင့် ထျန်းချင်တို့၏ စိတ်များမှာ​ မကြုံစဖူးလေးပင်နေကြသည်။ ရှန်း​ယွမ်လုံ​က

“ဒီအတိုင်း​ ရပ်ကြည့်နေလို့မဖြစ်တော့ဘူး၊ ဒီကောင်​တွေထဲက အဆင့်​နိမ့်​သားရဲ​တွေကို အသေခံခိုင်းပြီး ကျုပ်​တို့​အစီအရင်ကို အားပျော့အောင်လုပ်နေတာ”

ထျန်းချင်က ခေါင်း​ညိတ်​လျက် ထောက်ခံ​လိုက်သည်။

“ဟုတ်တယ်​ အစီအရင် အားပျော့လာရင် တဖြည်းဖြည်း​နဲ့ တည်​ငြိမ်​မှုနည်းလာလိမ့်မယ်”

“ဒါဖြင့် ပြန်ချကြစို့ဗျာ”

ယွင်တုန်းရှန်က ထိုသို့ပြောလိုက်သည့် အခိုက်​တွင် ပြွတ်​သိပ်​နေသော နတ်ဆိုးသားရဲတပ်ကြီး၏ အနောက်​ဘက်တစ်နေရာတွင် ကြောက်​မက်ဖွယ်သတ္တဝါ ငါးကောင် ပေါ်​လာတော့သည်။ အဆင့်​၃ နတ်ဆိုး​သားရဲ​ငါးကောင်ဖြစ်ပြီး ထိုအထဲမှ သုံးကောင်​မှာ သူတို့​နှင့်​ရင်ဆိုင်​ဖူးသော မျက်လုံး​လေး​ခု နတ်ဆိုး​မြွေ၊ မျက်​လုံး​သုံး​ခု လင်းယုန်ကြီးနှင့် ခရမ်းရောင်​မျက်လုံး ဝံပုလွေ တို့ဖြစ်သည်။ နောက်​ထပ်နှစ်ကောင်မှာ သုံးမြီး မီးပုတ်သင်ကြီးနှင့် မျက်​လုံး​ပြာ မျောက်ဝံကြီးဖြစ်သည်။ နောက်ဆုံး​နှစ်​ကောင်၏ အော်​ရာများသည် အဆင့် ၃ နောက်ဆုံး​အဆင့်​နီးပါးရှိနေပြီဖြစ်ပြီး ထို​နှစ်​ကောင်၏ အဓိကရည်ရွယ်​ချက်မှာ ကျီဖုနယ်ပယ် နောက်ဆုံး​အဆင့်​ကျင့်ကြံသူ​ ယွင်​တုန်း​ရှန်​ကို ကိုင်တွယ်​ရန် ဖြစ်ဖို့များပါသည်။ သူတို့၏ အော်ရာများမှာ လေထုထဲတွင် တိုး​တိုက်မိပြီး ပတ်ပတ်လည်​ကို သဏ္ဌာန်​မဲ့လှိုင်းများအဖြစ် ထုတ်လွှင့်လျက်ရှိသည်။

ချက်​ချင်း​ဆို​သလို​ပင်​ သားရဲ​နှစ်​ကောင်၏ အမူအရာ​များမှာ မသိမသာပြောင်းလဲသွားသည်။ ယွင်တုန်း​ရှန်​တို့သုံးဦးနှင့် ထိုသားရဲနှစ်ကောင်တို့မှာ တစ်​ဖက်​နှင့်တစ်ဖက် အကဲခတ်လျက်သာရှိပြီး မည်​သည့်ဘက်ကမှ စတင်တိုက်ခိုက်ခြင်းမရှိသေးပါ။ လက်ရှိအချိန်တွင် သူတို့​အနေနှင့် ပါဝင်​ရန်မသင့်သေးကြောင်း နားလည်​ထားကြ​ပြီး​ဖြစ်သည်။

မြေ​ပြင်​ရှိ ကျန်းချန်ရွှမ်တို့အဖွဲ့မှာမူ အကာအကွယ်​ အစီအရင်​အပြင်​ဘက်ကို ထွက်​ထွက်​ချင်း​ နတ်ဆိုး​သားရဲ​အုပ်​ကြီး၏ အမဲဖျက်တိုက်ခိုက်ခြင်းကို ခံလိုက်ရ​သည်။ သို့​သော်​ သူတို့​နှစ်ဦး၏ စွမ်းအား​အဆင့်​မြင့်​မားလာမှုကြောင့် အဆင့်​၂ အမြင့်ဆုံး​အဆင့်ရှိ သားရဲများသည်ပင် ပြဿနာ​မဟုတ်​တော့​ပါ။ ထို့​ပြင်​ သူတို့​တွင် ဝှက်ဖဲများစွာလည်း ရှိပါသေးသည်။

မကြာ​မီ နတ်ဆိုး​သားရဲ​များစွာ သူတို့​နှစ်ဦး​လက်​ချက်ဖြင့် အတုံး​အရုံးသေဆုံးကုန်ကြပြီး ထိုအထဲတွင် အဆင့် ၂ သားရဲ​များစွာပါဝင်သည်။ ကျန်း​ချန်​ရွှမ်​သည် သူ့မြင်လွှာတွင် ပေါ်နေသော​ မစ်ရှင်အခြေအနေ​ပြ ကိန်း​တန်းမှာ တဖြည်း​ဖြည်း​တက်လာသည်ကို ကြည့်​ပြီး တွန့်ဆုတ်​ခြင်း​မရှိဘဲ ခရမ်းရောင်​မီးလျှံ​ဓားကို လေဝဲများအသွင်ပြောင်းပြီး သားရဲအုပ်အတွင်း​သို့ ထိုး​နှက်​ပစ်လိုက်သည်။ နတ်ဆိုး​သားရဲများမှာ တစ်ကောင်ပြီးတစ်ကောင် ဇီဝိန်ကြွေကုန်တော့သည်။ အချိန်​အနည်းငယ်​ကြာပြီးနောက် ကျန်း​ချန်​ရွှမ်​မှာ ပတ်ဝန်းကျင်လေထုနှင့် တစ်သားတည်းဖြစ်နေသလို ခံစား​မိလိုက်သလို သူ့လက်ထဲရှိ​ ဓားမှာလည်း ဓားတစ်စင်းနှင့် မတူတော့ဘဲ လေစီးကြောင်းများ လူးလွန့်ရစ်ပတ်နေသည့် အသွင်​ဆောင်နေသည်။

တဖြည်း​ဖြည်း​နှင့် ကျန်း​ချန်​ရွှမ်၏ ပုံရိပ်​မှာ ဝေဝါးသထက် ဝေဝါးလာသလိုသူ၏လှုပ်ရှားမှုများမှာ တွက်​ဆ၍မရတော့သည့်အပြင် လှုပ်ရှားမှုအမြန်နှုန်းမှာလည်း လိုက်​မမီတော့သည်အထိ မြန်​ဆန်​လာသည်။

ထို​မြင်​ကွင်း​ကို တွေ့လိုက်ရသော ရှန်းရူယန်၏မျက်လုံး​များမှာ​ ရုတ်တရက်ဝင်းလက်သွားသည်။ ကျန်း​ချန်​ရွှမ်​တစ်ယောက် ဉာဏ်အလင်း​ပွင့်ခြင်း. အခြေအနေ​ကို ဆိုက်ရောက်​သွားသည်လား။ ယခုလို သေရေးရှင်ရေးအခြေအနေမျိုးတွင် ထိုဖြစ်စဉ်မှာ ရှားပါး​လွန်း​လှသည်။ သူမ၏ခင်ပွန်း​သည် ရွှေ​အမြုတေ​အဆင့်. ကျင့်ကြံသူများပင် အငမ်းမရ​လိုချင်ကြသော ဉာဏ်အလင်း​ပွင့်ခြင်း​ကို ရရှိခဲ့ပြီလား။ ထိုအဖြစ်အပျက်​မှာ ကြုံခေါင့်ကြုံခဲဖြစ်စဉ်မှန်း ရှန်းရူယန်​ကောင်း​ကောင်း​နားလည်​ပါသည်။

ထို့​ကြောင့်​ ကျန်း​ချန်​ရွှမ်ကို​ မနှောင့်ယှက်ရန် ဆုံးဖြတ်​လိုက်​သည်။ အကယ်၍ သူ့ကို​နှောင့်ယှက်မိပါက ကျန်းချန်ရွှမ်သည် ထိုအခြေအနေမှ မဖြစ်​မနေ​ပြန်ထွက်လာရမည် ဖြစ်သည်။ ထို့​ပြင်​ သူ့ထံတွင် အင်မော်တယ်ပိုင်လုံ၏ သေခြင်း​ကင်းလွတ်​အမိန့်​ပြား​ ရှိနေသည့်အတွက်​ ထိုသားရဲများမှာ ကျန်းချန်ရွှမ်ကို အန္တရာယ်​ပြု​နိုင်​မည်မဟုတ်​ပါ။

ကျန်း​ချန်​ရွှမ်၏ ပုံရိပ်​မှာ ဝိညာဉ်​ဆန်​သထက်ဆန်လာသည်။ သူ၏လှုပ်ရှား​ရွေ့လျားမှုများမှာ အရိပ်​အ​ယောင်​ပင် မကျန်​တော့ဘဲ လေထု​နှင့်တစ်သားတည်း ဖြစ်​တည်လျက် အသွင်သဏ္ဌာန်​မဲ့သွားတော့သည်။ ထိုစဉ်​ ကျန်း​ချန်​ရွှမ်​ကို အနောက်​မှ အလစ်တိုက်ခိုက်လိုက်သော အဆင့်​၂ သားရဲ​တစ်ကောင်​မှာ ခေါင်း​ပြတ်လျက် ခန္ဓာကိုယ်​မှာ ဘယ်ညာယိမ်းထိုးပြီး မြေပြင်​ထက်​သို့ ဘုန်း​ကနဲကျသွားသည်။ ထို​မြင်ကွင်းကို ရှန်းရူယန်အပါအဝင်​ လူအတော်များများ မြင်​တွေ့လိုက်ရသည်။ သူမ၏ခင်ပွန်း​သည် အဆင့်​၂ အမြင့်ဆုံး​အဆင့်ရှိ​ သားရဲ​တစ်ကောင်​ကို တစ်ချက်​တည်း​နှင့် သုတ်သင်​နိုင်လိမ့်မည်ဟု မထင်​ထား​ခဲ့ပါ။ အဆို​ပါစွမ်းအားမျိုးသည် အခြေခံ​တည်ဆောက်​မှု​နောက်ဆုံး​အဆင့်နှင့် ညီမျှသည်။

တစ်ချိန်​တည်း​မှာပင် ကျန်း​ချန်​ရွှမ်​ကို ဗဟို​ပြု၍ အစိမ်း​ရောင်အလင်းဘီးများစွာသည် စက်ဝိုင်းများပမာ လည်ပတ်​နေသည်။ ပထမ​တွင် အလင်း​ဘီးများမှာ အရွယ်ငယ်သော်လည်း တဖြည်း​ဖြည်း​ကြီးမားလာသလို လည်​ပတ်​မှုအရှိန်မှာလည်း မြန်သထက်မြန်လာသည်။ နောက်​ဆုံး​တွင် အစိမ်း​ရောင်​အလင်းဘီးများမှာ တဖြည်း​ဖြည်း​ပျောက်​ကွယ်သွားတော့သည်။ ကျန်း​ချန်​ရွှမ်၏ ပတ်ပတ်လည်​ မီတာ​ရာချီသည့် စက်ဝိုင်းဧရိယာအတွင်းရှိ နတ်ဆိုး​သားရဲ​များမှာ တစ်ကောင်​မျှ အသက်​ရှင်​လျက်​မရှိတော့ချေ။

***

နှစ်တစ်ရာကျင့်ကြံပြီးနောက်

အခန်း ၇၉ ။ ချောင်း​မြောင်း​တိုက်​ခိုက်​မှု

မြင်​ကွင်း​က လူအားလုံး​ကို မှင်​သက်သွားစေသည်။ ကျန်း​ချန်​ရွှမ်၏ စွမ်း​အား​ကို သူတို့​နားလည်​နိုင်​စွမ်းမရှိပါ။ အချိန်​တို​ခဏအတွင်း​ နတ်ဆိုး​သားရဲ​အများ​အပြား​မှာ သူ့လက်ချက်ဖြင့် ဇီဝိန်ကြွေကုန်ကြသည်။ ရှန်း​ရူယန်​သည်​ပင် သူမ၏အံ့သြမှုကို မဖုံးကွယ်နိုင်တော့ပါ။ သူမ၏ခင်ပွန်း​သည် သေရေးရှင်ရေးအချိန်မှာပင် ကျင့်ကြံမှုနောက်တစ်ဆင့်ကို တက်​လှမ်း​နိုင်​ခဲ့ပြီဖြစ်မှန်း နားလည်လိုက်သည်။

ကျန်း​ချန်​ရွှမ်၏ ချင်း​ဖုန်း​ဓားနည်းစနစ်မှာ ပြီးပြည့်စုံသည့်နယ်ပယ်ကို ရောက်ရှိသွားပြီဖြစ်သည်။ ဓားအမြန်​နှုန်း​မှာ အဆများစွာ တိုးတက်​လာသည့်အပြင် အသုံးပြု​ရသော အဆီအနှစ် စွမ်းအင်ပမာဏမှာလည်း သိသိသာသာ​လျော့ကျ​သွား​သည်။ ထို့ပြင် အရေးကြီး​ဆုံး​အချက်​မှာ ကျန်း​ချန်​ရွှမ်​သည် အခြေခံ​တည်ဆောက်မှု ဆဌမအဆင့်ကို အောင်မြင်​စွာ​တက်​လှမ်း​နိုင်ခဲ့ခြင်းဖြစ်သည်။ သူ၏ စစ်​မှန်မှုအဆီအနှစ် စွမ်းအင်​မှာ ၃၀% အထိတိုးတက်လာသည်။

အဆိုပါ​တိုး​တက်​မှုအား​လုံး​သည် စနစ်​မှပေးအပ်ခဲ့သော တိုက်​စွမ်းရည် +၁ ဆုလာဘ်​နှင့် ပတ်သက်​လိမ့်မည်ဟု ကျန်း​ချန်​ရွှမ်​တွေးမိသည့်အတွက် သူ၏မြင်လွှာထက်ရှိ မစ်​ရှင်​အခြေအနေ​ပြ ကိန်း​တန်းကိုကြည့်မိလိုက်ရာ ၉၈% အထိရောက်ရှိနေသည်ကို တွေ့လိုက်ရတော့သည်။ မစ်​ရှင်​ပြီးမြောက်ဖို့ နောက်​ထပ်​ အဆင့် ၂ သားရဲ​လေး​ကောင်​ကို သတ်ဖြတ်​ရန်​သာ လိုတော့သည်။

ထိုစဉ်​ ကြောက်​မက်​ဖွယ်​စူးရှပြင်းထန်သော အသံလှိုင်းတစ်ခုက ကျန်း​ချန်​ရွှမ်ထံ ပြေးဝင်လာသည်။ ထိုအသံလှိုင်းတစ်လျှောက်တွင် အားပါး​ပြင်း​ထန်သော ဆင့်ကဲ​လှိုင်း​များပါ ရိုက်​ခတ်​သွားသည့်အတွက် မြေပြင်​အထက်ရှိ ကျောက်​ဆောင်​များပင် ကွဲကြေကုန်ကြသည်။ ကျန်း​ချန်​ရွှမ်၏ မျက်လုံး​များ​မှာ ပြူး​ကျယ်သွားသလို ရှန်းရူယန်​သည်​လည်း​ ရုတ်တရက်​တုန်လှုပ်​မိသွားသည်။

“အဆင့် ၃ နတ်ဆိုးသားရဲပဲ”

အဆင့် ၁ နှင့် ၂ သားရဲ​အုပ်​ကြီးထဲတွင် လင်း​နို့နှင့်တူသော နတ်​ဆိုး​သားရဲ​တစ်​ကောင်​သည် တောင်​ပံများကိုဖြန့်ပြီး ထူးဆန်း​သောအော်ရာတစ်မျိုးကို ထုတ်​လွှ​င့်လျက် ကျန်း​ချန်​ရွှမ်ကို စိုက်​ကြည့်နေသည်။ အဆင့်နိမ့်သားရဲများကြားထဲတွင် အဆင့် ၃ နတ်ဆိုး​သားရဲ​က ပုန်းကွယ်​နေပြီး အခြေခံ​တည်ဆောက်​မှု​အဆင့်​ ကျင့်ကြံသူ​တစ်ဦးကို ခိုးကြောင်​ခိုး​ဝှက်​တိုက်ခို​က်လိမ့်မည်ဟု မည်သူ​မှထင်ထားကြမည်မဟုတ်ပေ။

ယခု​သတ္တဝါ​လို ဉာဏ်များ​သော အဆင့် ၃ သားရဲ​နှင့် ရင်ဆိုင်​ရပါက အခြေခံတည်ဆောက်မှုအဆင့်​ သာမန်​ကျင့်ကြံသူ​တစ်ဦးမှာ မလွဲမသွေရှုံးနိမ့်မည်ဖြစ်သည်။ သို့​သော်​ ကျန်း​ချန်​ရွှမ်​မှာ သာမန်​ကျင့်ကြံသူ​မဟုတ်ပါ။ အန္တရာယ်​အငွေ့​အသက်ကို ခံစားမိလိုက်သည့် အခိုက်​အတန့်​တွင်ပင် သူ့တွင်​ရှိသမျှ အဆင့်​၂ ကာကွယ်ရေး​အဆောင်အားလုံးကို ထုတ်​ယူ​ပစ်​လွှတ်​လိုက်​သည်။ မြေဝိညာဥ်ဒိုင်း၊ မီးလျှံ​အလင်း​အကာအရံ အဆောင်​၊ ရေအနှစ် မဟာ​တံတိုင်း​အဆောင်​၊ လိပ်ခွံ​ဝိညာဉ်​အဆောင်​စသည့် အဆောင်လက်နက်များ​ဖြစ်သည်။

တစ်ချိန်​တည်း​တွင် အဆင့်​၂ ကာကွယ်​ရေးမန္တန် အ​များအပြားကို မန်းမှုတ်​လိုက်​ပြန်​သည်။ ထို​မျှ​မကသေး အဆင့်​၂ ဓမ္မ​လက်နက်​များ​ဖြစ်သည့် အဆင့်​၂ အနိမ့်စား​ ခရမ်း​ဝါဝိညာဉ်ဒိုင်းနှင့် အဆင့်​၂ အလယ်​အဆင့်​ သစ်စိမ်း​ကောင်း​ကင်အလင်းဒိုင်း တို့ကိုပါထုတ်ယူပြီး အမြန်ကာကွယ်လိုက်သည်။

အသံလှိုင်းနှင့် ကာကွယ်ရေး​အဆောင်လက်နက်များ လေထဲတွင် တိုး​တိုက်​မိကုန်ပြီး တဒိန်းဒိန်းအသံများ အဆက်မပြတ်​ထွက်​ပေါ်​လာသည်။ အဆင့် ၂ ကာကွယ်ရေး​အဆောင်​လက်နက်​များမှာ တစ်စစီ​ကျိုး​ပဲ့ကုန်သလို ကျန်း​ချန်​ရွှမ်၏ အဆင့်​၂ မန္တန်​များမှာလည်း အသံလှိုင်းကို တားဆီး​နိုင်​ခြင်း​မရှိ​ပါ။ အသံလှိုင်းကြီးသည် နောက်ဆုံး​ခံတပ်​နှစ်ခုဖြစ်သော အဆင့်​၂ ဓမ္မ​လက်နက်​များ​နှင့် ထိပ်​တိုက်​တွေ့ကြသည်။

ခရမ်း​ဝါ​ဝိညာဉ်​ဒိုင်း​မှာ ကြာ​ကြာမခံလိုက်ဘဲ ကျိုး​ပဲ့ပျက်စီးသွားသည်။ သစ်​စိမ်း​ကောင်း​ကင်​အလင်း​ဒိုင်း​ကတော့ ခေတ္တ​မျှကြံ့ကြံ့ခံပေးခဲ့သော်လည်း အဆုံး​တွင် လွင့်ထွက်ပျက်စီးသွားရတော့သည်။ အသံလှိုင်းမှာ ကျန်းချန်ရွှမ်ရှိရာသို့ ဆက်​လက်ဦးတည်​လာသည်ကို မြင်​သောအခါ ကျန်း​ချန်​ရွှမ်​သည် အံကိုတင်းတင်းကြိတ်လျက် ရွှေသံချပ်ကာရုပ်သေး​အဆောင်ငါးခုကို တစ်ပြိုင်နက်တည်း ပစ်လွှတ်လိုက်တော့သည်။ ရွှေရောင်​သံချပ်​ကာ​စစ်သည်ငါးဦးမှာ ဓား​များကိုကိုင်မြှောက်လျက် အော်ရာအလင်းတန်းများ ထုတ်​လွှ​တ်ကာ ကိုယ့်ကိုယ်ကို​ဖျက်ဆီး​ဖောက်​ခွဲ​လိုက်ကြ​သည်။ ခဏအကြာတွင်​ မှို​ပွင့်​ပုံတိမ်တိုက်ကြီးအဖြစ် ပေါက်ကွဲ​သွားသည်။

ကျန်း​ချန်​ရွှမ်သည် မီတာ​ရာ​ဂဏန်း​ အကွာအဝေးအထိ ပျံ​သန်း​တိမ်းရှောင်လိုက်ပြီး နောက်ဆုံး​တွင် တောင်​ကုန်း​တစ်​ခု​ထက်​သို့ ဆင်း​လိုက်​သည်။ သူ့နှုတ်ခမ်းထောင့်တွင် သွေးအနည်းငယ်စီးကျနေသည်။ သူ၏ဝှက်​ဖဲ​အားလုံး​ကို အသုံးပြု​ပြီး​နောက်​ နောက်​ဆုံး​တွင်​ အသံလှိုင်းရန်မှ လွတ်မြောက်​နိုင်​ခဲ့ပြီဖြစ်သည်။

“ခွေး​မသား​ မင်း​သေချင်နေပြီ”

ရှန်းယွမ်လုံက ဒေါသကြီးစွာ ဟိန်းဟောက်​လိုက်​ပြီး သူ၏ဓမ္မ​ရတနာ​ဖြစ်သည့် စကြဝဠာဗလာ​နယ်​ဓားကို အလင်း​အသွင်​ပြောင်း​ပြီး အဆင့်​၃ လင်း​နို့သားရဲကို ပစ်ခတ်လိုက်သည်။ အဆင့်​နိမ့်​သားရဲ​များကြားတွင် ပုန်း​ခိုနေပြီး ကောက်​ကျစ်​စွာ အလစ်တိုက်ခိုက်လိုက်သော လင်း​နို့​သားရဲကို ရှန်း​ယွမ်လုံ​တစ်ယောက်​ အတော်​ပင်​ ဒေါသထွက်နေ​ဟန်တူသည်။

အလင်း​ဓားမှာ​ လေဟုန်ခွင်းလိုက်ကာ ဗလာနယ်ကိုပင် ဆွဲဆုတ်လိုက်ဟန် အရှိန်​မျိုး​နှင့် လင်းနို့​သားရဲ​ထံ ပြေးဝင်သွားသည်။ လင်းနို့သားရဲမှာ အဆင့်​၃ နယ်​ပယ်​သို့ ရောက်ရှိ​သည်မှာ မကြာ​သေး၍ ရှန်း​ယွမ်လုံ၏ တိုက်ခိုက်​မှုကို ခုခံ​နိုင်​စွမ်းမရှိပါ။ အလင်း​ဓားက တောင်ပံတစ်ဖက်ကို ဖောက်​ဝင်​သွားပြီး​ ခရမ်း​ရင့်ရောင်သွေးများမှာ လေထဲသို့ ပန်းထွက်လာသည်။ သို့​သော်​ ရှန်း​ယွမ်လုံ​ဆက်​လက်​တိုက်​ခိုက်​မည်အပြုတွင် ငြိမ်သက်စွာအကဲခတ်နေသော အဆင့်​၃ နတ်ဆိုး​သားရဲငါးကောင်မှာ စတင်လှုပ်ရှားပါတော့သည်။

ထို့​ကြောင့်​ ယွင်တုန်း​ရှန်​နှင့် ထျန်း​ချင်​တို့လည်း ဝင်ရောက်​တိုက်ခိုက်​ရပါတော့သည်။ ကျီဖုအဆင့်​ကျင့်​ကြံ​သူ သုံးဦး​နှင့် အဆင့်​၃ နတ်ဆိုး​သားရဲ ​ငါးကောင်အကြား ကောင်းကင်တိုက်ပွဲ​က စတင်​ပြီဖြစ်သည်။ ကောင်း​ကင်​ထက်တွင် မုန်တိုင်း​ကျသလို ပြင်းထန်ဆူညံသော အသံများကြားတွင် ရှန်း​ရူယန်မှာ လင်း​နို့​သားရဲကို​ မမှိတ်မသုန်ကြည့်ရှုနေသည်။

ကျန်း​ချန်​ရွှမ်ကို အလစ်အငိုက်ဝင်တိုက်သည့် လင်း​နို့​သားရဲကို​ ရှန်း​ရူယန်​တစ်​ယောက် ဒေါသအကြီးအကျယ်ထွက်နေသည်မှာ ထင်ရှားသည်။ တိုက်​ခိုက်​ရန်​ အကောင်း​ဆုံး​အချိန်​ကို​ စောင့်​ဆိုင်း​ရင်း သူမနှင့် လင်း​နို့​သားရဲကြား အကွာအဝေးကို တွက်​ချက်​နေသည်။

နောက်​ဆုံး​တွင် လင်း​နို့​သား​ရဲသည် ကောင်း​ကင်​တိုက်​ပွဲမှခွာပြီး မြေပြင်​ထက်​ရှိ အခြေခံ​တည်ဆောက်​မှု​အဆင့်​ ကျင့်ကြံသူ​များကို လက်စတုံးရန် တစ်ဟုန်ထိုးဆင်းလာသည်။ မြေပြင်​ထက်​တွင် အခွင့်​ကောင်း​ကိုစောင့်နေသော ရှန်းရူယန်​သည် လျှပ်​စီး​ကြောင်း​အသွင်ပြောင်းလိုက်ရာ ရောင်​စုံ​လျှပ်​စီးများ ယှက်သန်းသွားသည်။

အခြေခံ​တည်ဆောက်​မှု​အဆင့်​ ကျင့်ကြံသူ​တစ်ဦးအနေနှင့် အဆင့် ၃ နတ်ဆိုး​သားရဲ​ကို စတင်​တိုက်ခိုက်​ရဲမည်မဟုတ်ဟု တွေးထားသော လင်း​နို့​သားရဲ​မှာ မမျှော်လင့်သော တိုက်ခိုက်​မှု​ကို​ခံလိုက်ရ​ကာ လျှပ်​စီး​အလင်း​များကြောင့် မျက်​စိများကျိန်းစပ်သွားသည်။ ထိုအချိန်​တွင်​ အလျှံတညီးညီး တောက်​လောင်​နေသော​ ဓား​ပျံ​တစ်စင်းက သူ့ကို​ယ်​ပေါ်​ကျရောက်​သွားသည်။

အစော​ပိုင်း​က ရှန်းယွမ်လုံကြောင့် ဒဏ်ရာရ​ထားသော အတောင်​ပံမှာ ရှန်းရူယန်လက်ချက်ဖြင့်​ လုံးဝ​ပြတ်​ထွက်သွားသည်။ ထိတ်လန့်​တုန်လှုပ်​လာသော လင်းနို့သားရဲသည် ကျီဖုအဆင့် ​ကျင့်​ကြံသူတစ်ဦးက အမှောင်ထဲတွင်ပုန်းခိုပြီး တိုက်ခိုက်နေခြင်းဖြစ်သည်ဟု ထင်​မှတ်ကာ အနောက်​သို့​ အလျင်အမြန်​ ဆုတ်ခွာလိုက်သည်။ သို့​သော်​ သူ့​အနောက်​တွင် လျှပ်​စီးပိုက်ကွန်တစ်ခုက အသင့်စောင့်ကြိုနေပြီး လင်း​နို့​သား​ရဲ​ကြီးကို အုပ်လွှမ်းဖမ်းချုပ်လိုက်သည်။

ပိုက်​ကွန်​တစ်​လျှောက်​တွင် လျှပ်​စီး​များစီးဝင်နေသည့်အတွက် လင်း​နို့​နတ်ဆိုး​သားရဲ၏ ကိုယ်​ခန္ဓာ​မှာ ပြင်းထန်​သောထုံကျင်မှုကို ခံစား​လိုက်ရ​သည်။ သူ့အတွက်​ သေရေးရှင်ရေးအချိန်​ဖြစ်​ကြောင်း​ လင်း​နို့​သား​ရဲ​ကြီး နား​လည်​လိုက်သော်လည်း အချိန်နှောင်း​သွားပြီးဖြစ်သည်။ အစော​ပိုင်းက​ မီးလျှံ​ဓားနှင့် လျှပ်စဳကြောင်းများမှာ ရာနှင့်ချီသော ဓား​အရိပ်​များ​အဖြစ် အသွင်​ပြောင်း​သွားပြီး​နောက်​ ဓားအလင်းတန်းတစ်ခုတည်းအဖြစ် ပေါင်း​စပ်​လိုက်​သည်။ ထို့နောက်​တွင်​ ​ဓားအလင်းတန်းကြီးသည် လင်း​နို့​သား​ရဲ၏ကိုယ်​ခန္ဓာကြီး​ကို ပိုင်း​ဖြတ်​ပစ်လိုက်​တော့သည်။

***

နှစ်တစ်ရာကျင့်ကြံပြီးနောက်

အခန်း​ ၈၀ ။ မမျှော်လင့်သောဖြစ်ရပ်

သွေး​များ​က နေရာ​အနှံ့​ပြန့်ကျဲသွားပြီး လင်း​နို့​သား​ရဲ​ကြီး​မှာ ကိုယ်​ခန္ဓာ​နှစ်​ပိုင်း​ပြတ်​လျက် မြေပြင်​ပေါ်​သို့ လဲကျ​သွား​တော့​သည်။ လျှပ်စီးများနှင့် မီးလျှံ​အကြွင်း​အကျန်​များ​မှာ လင်းနို့အသေကောင်ကြီး၏ အလောင်း​ကို ဝါးမြိုလောင်ကျွမ်းလျက်ရှိသည်။ ထိုအချိန်တွင်ပင် ရှန်းရူယန်သည် ကျင့်ကြံ​သူ​အားလုံး၏မြင်ကွင်း​တွင်​ ပြန်လည်ပေါ်လာတော့သည်။ ပတ်ဝန်းကျင်မှာ ရုတ်တရက်​ငြိမ်​သက်​သွားပြီး လူအားလုံးသည် လင်းနို့သား​ရဲ​ အသေကောင်ကြီးကို မယုံ​ကြည်​နိုင်​ဟန်​ဖြင့် ကြည့်နေမိကြသည်။

ကျီဖုနယ်ပယ် ကျင့်ကြံသူတစ်ဦးနှင့် ညီမျှသော အဆင့် ၃ နတ်ဆိုးသားရဲ​ကို အခြေခံတည်ဆောက်​မှု​အဆင့်​ ကျင့်ကြံသူ​တစ်ဦးက သတ်​ဖြတ်​နိုင်​လိုက်​သည့် မြင်ကွင်းထက် အံ့သြ​စရာ​ကောင်း​သည့်အရာ မရှိ​တော့​ပါ။ လင်း​နို့​သား​ရဲ​ကြီး​မှာ ရှန်းယွမ်လုံလက်ချက်ကြောင့် ဒဏ်ရာ​ရနှင့်ပြီးသားဖြစ်သည်မှာ မှန်​သော်လည်း အခြေခံတည်ဆောက်​မှု​အဆင့်​နယ်ပယ်​ကျင့်ကြံသူ မှ အဆင့်၃ သားရဲ​ကြီးကို သတ်ဖြတ်ပြလိုက်ခြင်းမှာ သူတို့​အတွက်​ တုန်​လှုပ်​မင်​သက်စရာဖြစ်စဉ်ဖြစ်သည်။

ကျန်း​ချန်​ရွှမ်သည်ပင် အံ့သြ​ခြင်းကို မဖုံးကွယ်နိုင်ပါ။ လင်း​နို့​သား​ရဲ​ကြီးမှ သူအား​ အလစ်အငိုက် ဝင်ရောက်တိုက်ခိုက်စဉ်က ထို​သားရဲ​ကြီး၏ စွမ်းအားကြီးမားပုံကို သူနားလည်ပြီးဖြစ်သည်။ သို့​သော်​ ရှန်း​ရူယန်​သည် သူမ၏ကျင့်ကြံမှုအဆင့် တစ်ခုတည်းကို အသုံးပြု​ပြီး​ လင်း​နို့​သား​ရဲ​ကို သတ်​ဖြတ်​ပြ​လိုက်​ပြီဖြစ်သည်။

ကျန်း​ချန်​ရွှမ်မှာ ပြော​စရာ​စကားလုံး​ပင် ရှာမရတော့။ တစ်​ချိန်​တည်း​မှာ​ပင်​ ရှန်း​ရူယန်၏ သူ့ကို​ကာကွယ်​လိုစိတ် ကြီးမားပုံကို ပြန်​ပြောင်း​တွေး​ရင်း​ ကြည်နူး​မိ​သလို​ ခံစားလိုက်ရသည်။ ထို​စဉ်​ အဆင့် ၃ နတ်ဆိုး​ သားရဲ​ငါးကောင်မှာ လင်းနို့သားရဲသေဆုံးမှုကြောင့်​ တုန်​လှုပ်​သွားရာမှ ရုတ်တရက်​အသိပြန်ဝင်လာပြီး ဒေါသကြီးစွာ ဟိန်းဟောက်​လိုက်​ကြသည်။ လတ်တလော​တွင် သားရဲ​ငါးကောင်​လုံး၏ စိတ်ထဲတွင်​ရှိနေ​သည်​က ရှန်းရူယန်ကို အမြန်ဆုံး​သတ်ဖြတ်ဖို့ဖြစ်သည်။ သူမ၏ကျင့်ကြံမှုအဆင့်​ မြင့်မားလာသည်နှင့်အမျှ သူတို့နတ်ဆိုး​သားရဲ​မျိုး​နွယ်​အတွက် ​ခြိမ်းခြောက်​မှု​လည်း​ပိုများလာမည်ဖြစ်သည်။ ကျန်း​ချန်​ရွှမ်​လည်း​ ထို​နည်း​လည်းကောင်း​ပင်။ အခြေခံ​တည်ဆောက်​မှု​အလယ်​အဆင့်​သာ ရှိသော်လည်း ပြီး​ပြည့်စုံ​သော အခြေခံတည်ဆောက်​မှု​အဆင့်​နှင့်​ညီသော စွမ်း​အား​ကိုပြသခဲ့သူဖြစ်သည့်အတွက် သူ့ကိုလည်း​ အမြန်​ဆုံး​ရှင်းပစ်ရမည်ဖြစ်သည်။

“ငါနဲ့​တိုက်နေတုန်း အာရုံ​လွင့်ရဲတယ်ပေါ့ ငါ့အကြောင်းကို မသိသေး​ဘူးမှတ်တယ်”

ယွင်တုန်းရှန်က ရယ်​သွမ်း​သွေး​လိုက်ပြီးနောက်တွင် သူ့ဦးခေါင်းထက်ရှိ လခြမ်း​ကွေးပုံ ဓမ္မရတနာ​မှာ အလင်း​တန်း​များ ကွန့်မြူးလာပြီး ရောင်​ခြည်​တန်းများ ပစ်လွှတ်တိုက်ခိုက်လိုက်သည်။ သုံး​မြီး မီး​ပုတ်သင်​နှင့်​ မျက်​လုံး​ပြာ​မျောက်ဝံ​ကြီးတို့၏ ခန္ဓာကိုယ်​များ​ကို ထိမှန်​ပြီး အပေါက်​ရာများ ပေါ်​လာကြသည်။

သားရဲ​ကြီး​နှစ်​ကောင်မှာ နာကျင်​စွာ​ ဟိန်းဟောက်​ရင်း အမြန်​ဆုတ်ခွာ​လိုက်​သည်။ ထို့နောက်​ မီး​ပုတ်သင်​ကြီး၏ အမြီး​သုံး​ခုတွင် အနီ အပြာ နှင့် အဝါမီးလျှံများ ပေါ်ထွန်းလာသလို မျက်​လုံး​ပြာ​မျောက်ဝံ​ကြီးသည် ပါးစပ်​ထဲမှ စိန်​ပွင့်ပုံ ဓမ္မရတနာကို ထွေးထုတ်​လိုက်ပြီး အဆိုပါ​ရတနာ​နှင့် မိစ္ဆာ​စက်ဝန်း​တစ်ခုကို ရေးဆွဲလိုက်သည်။ မီးပုတ်သင်​နှင့်​ မျောက်ဝံကြီးနှစ်ကောင်မှာ အတူပူးပေါင်း​လိုက်​ပြီး ယွင်တုန်းရှန်၏အလင်းများ​ကို အသည်းအသန်​ကာကွယ်​လိုက်​ရသည်။

ထိုစဉ် ကောင်း​ကင်သည် ရုတ်တရက်​မှိန်သွားပြီး မှုန်​ပျပျ​ကြယ်​အလင်း​တစ်ခု လေထု​ထဲတွင် တောက်ပလာသည်။ ထို​အလင်း​ပွင့်သည် ရုတ်တရက်​ ဓားမိုးအဖြစ်ပြောင်းလဲပြီး သားရဲကြီးနှစ်​ကောင်ထံ အရှိန်အဟုန်ဖြင့် မနားတမ်းရွာသွန်းပစ်ခတ်လိုက်သည်။ အဆိုပါနည်း​စနစ်​မှာ ယွင်တုန်း​ရှန်၏ နာမည်​ကျော် အလင်း​ခဲဓားမန္တန်ဖြစ်သည်။

ဓား​အလင်း​တန်းများသည် မိုးစက်မိုးပေါက်များပမာ သုံး​မြီး​မီး​ပုတ်သင်​နှင့် မျောက်ဝံကြီးတို့၏ မိစ္ဆာ​စက်ဝန်း​ပေါ်​သို့ အဆက်​မပြတ်​ကျရောက်ကုန်သည့်အတွက် ကောင်း​ကင်​ယံ၌ အမြောက်​ပစ်သလို တဒိန်းဒိန်းအသံများ တုန်​ဟည်း​သွားတော့သည်။ သားရဲ​ကြီး​နှစ်ကောင်မှာ ယွင်တုန်းရှန်၏တိုက်စစ်ကို မနည်း​ကြံ့ကြံ့ခံ​ရင်း သူတို့၏ ကိုယ်​ခန္ဓာ​များမှာ တုန်ရီလာသလို ပါးစပ်​ထဲမှလည်း သွေး​များစီးကျစပြုလာသည်။ ထို​အချိန်​တွင်​ မျောက်ဝံကြီးသည် ကျယ်​လောင်​စွာ​နှင့် ဟိန်းဟောက်​ရေရွတ်​လိုက်သည်။

“မင်း​တို့က အရှုံး​မပေးချင်ဘူးပေါ့၊ မင်း​တို့​အကုန်​လုံးကို​ တစ်ကောင်​ပြီး​တစ်ကောင်​ သတ်ပြမယ်”

နတ်ဆိုး​သား​ရဲများမှာ အဆင့် ၃ သို့ရောက်သည်နှင့် လူသား​တို့​ထက် မနိမ့်ကျသော ဉာဏ်ရည်​မျိုးကို ပိုင်ဆိုင်​လာ​သည့်​အပြင် ပုံမှန်​လူသားကဲ့သို့ စကား​ပြော​ဆို​နိုင်​စွမ်း​လည်း​ရှိလာပါသည်။ ခြွင်းချက်​တစ်​ခု​တော့ရှိသည်။ သူတို့၏ဉာဏ်ရည်​မှာ မြင့်တက်လာသည် မှန်သော်လည်း​ သားရဲ​တို့၏ အရိုင်းစိတ်မှာ ကျန်ရှိနေသေး၍ အန္တရာယ်​နှင့်​ကြုံ​လျှင် သို့မဟုတ်​ ဒေါသ​ထွက်​လျှင်​ ဆင်ခြင်​နိုင်​စွမ်း​ကင်း​မဲ့လာပြီး သားရဲသဘာဝအရ အလိုအလျောက်​ပြု​မူဆောင်ရွက်တတ်ကြခြင်းဖြစ်သည်။

ထို​အချိန်​တွင် ကောက်​ကျစ်​စဉ်းလဲသည့် လက္ခဏာ​များ​ ယှက်သန်း​နေသော​ ရယ်​သံကြီးတစ်ခုကို သူတို့​အားလုံး​ကြားလိုက်​ရပါတော့သည်။ သားရဲ​နှစ်​ကောင်​ကို အသာ​စီး​မှ ဖိတိုက်နိုင်နေသည့် ယွင်တုန်း​ရှန်​မှာ မျက်​နှာ​အကြီး​အကျ​ယ်ပျက်သွားပြီး အော်ဟစ်လိုက်သည်။

“အားလုံး​ သတိထား​ကြ”

သူ့သတိပေးချက်မှာ အချိန်​နှောင်းသွားခဲ့သည်။ သူ့စကားဆုံးဆုံးချင်းမှာပင် အနက်ရောင်လက်​သည်းတစ်ခုက ထျန်း​ချင်၏ရင်ဘတ်ကို ဖောက်ဝင်သွားပြီး နှလုံးကိုဆွဲထုတ်လိုက်သည်။

“အား….”

ထျန်းချင်မှာ ရုတ်တရက်တိုက်ခိုက်ခံရမည်ဟု မမျှော်လင့်ထားသည့်အတွက် အံသြ​စွာဖြင့် သူမ၏ရင်ဘတ်ကို ငုံ့​ကြည့်လိုက်မိသည်။ ပါးစပ်​အတွင်း​မှလည်း​ သွေးများတလဟောစီးထွက်နေသည်။ ထို့နောက်​ ထျန်း​ချင်​သည် မပီမသရေရွတ်လိုက်သည်။

“အရိပ်​နတ်ဆိုး​”

ထို​ခဏတွင် အနက်​ရောင်​အလင်း​တစ်ခု လက်​သွားပြီး ထျန်းချင်​၏ဦးခေါင်းမှာ ပြတ်ထွက်သွားပါတော့သည်။ ထို​အဖြစ်အပျက်​ကို မြင်​လိုက်ရ​သော လော့ရှားမန်ဂိုဏ်းသားများမှာ ဝမ်းပမ်း​တနည်းနှင့် အော်​ဟစ်​လိုက်ကြသည်။

“အကြီးအကဲထျန်း”

ထို​အချိန်တွင်​ မျက်​လုံး​သုံး​ခု​လင်းယုန်​နှင့် ခရမ်းရောင်​မျက်လုံး ဝံပုလွေနှစ်ကောင်ကို ရင်ဆိုင်နေရသော ရှန်းယွမ်လုံသည် အန္တရာယ်​တစ်​ခုချဉ်းကပ်လာသည်ကို သတိထား​မိပြီး အလျင်အမြန်​ဆုတ်ခွာ​လိုက်သည်။ သို့​သော်​ ခြေတစ်လှမ်းနောက်ကျသွားသည်ဟု ပြောရမည်။

အနက်​ရောင်​အလင်း​က သူ၏ညာလက်ကို လက်​မောင်းရင်းမှ ဖြတ်​ချလိုက်ပြီး အေးစက်​စက် အနက်​ရောင်​မီးလျှံ​များက သူ၏ခန္ဓာ​ကိုယ်​ပတ်လည်ကို ရစ်ပတ်​စပြုလာသည်။ သို့​သော်​ ရှန်းယွမ်လုံ​က ဆုံးဖြတ်​ချက်​တစ်​ခု ခပ်​မြန်မြန်​ချလိုက်သည်။

အရောင်မှိန်သွားသည့် စကြဝဠာ​ဗလာ​နယ်​ဓားမှာ ရုတ်တရက် စူးရှစွာ ​လင်း​လာပြီး သူ၏ကိုယ်​ပတ်လည်​ကို စက်​ဝိုင်း​ပမာ လှည့်​ပတ်နေလိုက်သောအခါ အနက်ရောင်မီးလျှံများမှာ တဖြည်း​ဖြည်းငြိမ်း​သတ်သွားသည်။ သို့​သော်​ ရှန်း​ယွမ်လုံ​မှာ ဒဏ်ရာ​အကြီး​အကျ​ယ် ရရှိလိုက်ပြီး သူ့၏သက်တမ်းမှာလည်း အတိုင်းအတာ​တစ်ခုထိ လျော့ကျ​သွား​ပြီဖြစ်သည်။ သို့​သော်​ ရှန်း​ယွမ်လုံက ဂရုစိုက်​ဟန်​မပေါ်​ဘဲ သူ၏အကြည့်မှာ​ သူ့ညာဘက်ရှိ အရိပ်​အသွင် ပုံသဏ္ဍာန်​တစ်ခုအပေါ်သာ ရောက်​ရှိနေသည်။ ထိုအရိပ်အသွင်ရှိသော ပုဂ္ဂိုလ်​မှာ အနက်ရောင်​အရိုး​လက်​သည်းကို ကိုင်​လျက် မသတီစရာ ရယ်မောလျက်ရှိသည်။

“ကျေနပ်​တာကွာ မင်း​လို​တရား​ဘက်တော်သား ယောင်​ယောင် ဘာယောင်ယောင်ကောင်က ဒီ​လို​နေ့မျိုးကြုံရမယ်လို့ ငါ​မထင်ထားခဲ့ဘူးကွ”

“အရိပ်​နတ်ဆိုးလက်သည်း​ပဲ”

ရှန်းယွမ်လုံ နှင့် ယွင်တုန်းရှန်​တို့​မှာ ထိုသူ၏လှောင်​ပြောင်​ရယ်​မောခြင်းကို ဂရုမပြုပါ၊ ထိုသူ့လက်ထဲရှိ အနက်​ရောင်​အရိုး​လက်​သည်းကို​သာ မမှိတ်မသုန်​စိုက်​ကြည့်​နေပါသည်။

“မိစ္ဆာ​ရတနာအစစ်ပဲ သေချာ​တယ်​”

ယွင်တုန်းရှန်​က အံကိုကြိတ်လိုက်သည်။ သူတို့​ရှေ့​မှောက်​တွင် ရယ်​မော​နေသူ ကိုင်ဆောင်ထားသည်​မှာ အဆင့်​၄ နီးပါး​ရှိသည့် မိစ္ဆာ​ရတနာ​ဖြစ်ပြီး အရိပ်​နတ်ဆိုး​ဟု လူသိ​များ​သော ရွှေအမြုတေအဆင့်ရှိ​ နတ်ဆိုးကျင့်ကြံသူတစ်ဦး၏လက်နက်ဖြစ်သည်။ ထိုလက်နက်ကြောင့် ထျန်း​ချင်​သေဆုံးခဲ့​သလို ရှန်း​ယွမ်လုံ​သည်​လည်း​ ဒဏ်ရာ​အကြီး​အကျ​ယ်ရလိုက်သည်။

“သေပြီဟေ့”

ယွင်တုန်းရှန်​တစ်​ယောက်​ အံကြိတ်​ရင်းရေရွတ်မိသည်။ ရယ်​မော​နေသည့် နတ်ဆိုးကျင့်ကြံသူအပြင် အခြား​သော နတ်ဆိုးကျင့်ကြံသူအများ​အပြားလည်း ရောက်ရှိနေပြီဖြစ်သည်ကို မြင်​လိုက်​ရသည်။ ထိုသူတို့​သည် နတ်ဆိုး​သားရဲ​များ၏ မဟာမိတ်များဖြစ်သည် ဆိုသည့် အချက်​မှာ သေချာလှ​ပါ​သည်။

ထို​အချိန်​မှာပင် အလွန်​အမင်း​ကြောက်ရွံ့​ဖွယ်ကောင်းသော အော်​ရာ​များ ထုတ်လွှင့်​နေသည့် ဧရာမ​သတ္တဝါ​ကြီးများ ရောက်​ရှိလာကြပြန်သည်။ နောက်ထပ်​ အဆင့်​၃ နတ်ဆိုး​သားရဲ​များ​ဖြစ်​သည်။

***

စာစဉ် ၄ ပြီး၏။

All Chapters