← Chapters

အခန်း (၆၁-၆၅)

Vol. 4 Ch. 61-65

အခန်း (၆၁-၆၅)

Vol. 4 Ch. 61-65

နှစ်တစ်ရာကျင့်ကြံပြီးနောက်

အပိုင်း​ ၆၁ ။ အခြေအနေ​​စုံစမ်း​ခြင်း

ရှန်းတောက်မင်၏ စကားကို​ကြားပြီးနောက် ရှန်း​ရူယန်က

“မိုင်း​တွင်း​အကြောင်း​ကို သိထားတာ ကျွန်​မတို့​အပြင်​ ဘယ်သူတွေရှိသေးလဲ”

ရှန်း​ရူယန်၏မေးခွန်း​ကြောင့် ကျန်​လူအားလုံး၏ မျက်နှာ​များ​မှာ ရုတ်ချည်းဆိုသလိုလေးနက်​သွားကြသည်။ အမှန်တကယ်​လည်း​ ကြက်သွေးရောင်ရွှေသတ္တုတွင်းလို နေရာမျိုးတည်ရှိနေမှုမှာ အလွန်​အရေး​ပါပြီး သတ္တုတွင်း၏တည်​နေရာ​ကို တတ်နိုင်​သမျှ​လျှို့​ဝှက်​ထားရ​မည်ဖြစ်သည်။ ဤအချက်​ကို အား​လုံး​လည်း သဘော​ပေါက်​ထားပြီး​ဖြစ်​သည်။

ရှန်းတောက်မင်က

“အခုထိတော့ ငါတို့​အပြင် ကြက်​သွေး​ရောင်​ရွှေ​သတ္တု​တွင်း​ကို စတွေ့ခဲ့တဲ့ ရှန်းအန်ပေ့တစ်ယောက်တည်းပဲသိသေးတယ်။ ကောင်​လေးက​နပ်တယ်၊ သတ္တု​တွင်း​ကို တွေ့တွေ့ချင်း နှုတ်​ဖွာပြီးလျှောက်မအော်ဘူး။ ငါ့ဆီ​ချက်ချင်းအကြောင်းကြားတယ်၊ ဒီကိစ္စ​အရမ်း​အရေးကြီး​မှန်းကို​လည်း​ နားလည်​အောင်​ပြောပြီးပြီ၊ သူဘယ်သူ့ကိုမှ လျှောက်​ပြော​မှာမဟုတ်​ပါဘူး​”

“တော်​သေးတာပေါ့”

အားလုံး၏စိတ်​တွင် ဘဝင်​ကျသွားပြီး ခေါင်း​ညိတ်​လိုက်​မိကြသည်။

သတ္တု​တွင်း​သတင်းမပေါက်ကြားရေးကိစ္စမှာ လောလောဆယ်​ ပြေလည်​သွား​သော်​လည်း​ နောက်​ထပ်​ပြဿနာ​တစ်​ခုက ဤသတ္တုတွင်းကို ဘယ်လိုဘယ်ပုံကိုင်တွယ်ကြမလဲ ဆိုသည့်အရေးပင်ဖြစ်သည်။ ယခုလိုများပြားလှသည့် ရတနာ​သိုက်​ကြီးကို​ ရှန်းအင်​မော်​တယ်​မျိုး​နွယ်စုက လက်​လွှတ်ခံမည်မဟုတ်သည်ကတော့ သေချာ​ပါသည်။ ထိုစဉ်​ ရွှီချန်းဟယ်က

“ကျွန်တော့်​အတွေးမမှားရင် အခုလို လူတွေ​မဖော်ထုတ်ရသေးတဲ့ အနီရောင်​သတ္တု​တွင်းမျိုးက ​အန္တရာယ်​တွေ​နဲ့ပြည့်နေမှာသေချာတယ်။ ပထမဆုံး​အန္တရာယ်​က သတ္တု​တွင်း​ထဲမှာကြီး​စိုး​နေမဲ့ ကြက်သွေး​ရောင်​မီးမိစ္ဆာတွေပဲ၊ ဒီမိုင်းတွင်းရဲ့အရွယ်အစားအရ အထဲမှာရှိနေမဲ့ မီးမိစ္ဆာတွေရဲ့အဆင့်က အဆင့်​ ၂ အထက်​တော့​ရှိရမယ်၊ ဒါပေမဲ့ ဒီကြက်သွေး​ရောင်​ရွှေတွင်းက အလတ်​စားအရွယ်မရောက်မချင်း အဆင့်​၃ မီးမိစ္ဆာတွေကို မွေးထုတ်နိုင်မှာမဟုတ်ဘူး၊ အသေးဆုံးနဲ့ အငယ်စားအရွယ် ကြက်​သွေး​ရောင်​ရွှေ​သတ္တု​တွင်းတွေက အဆင့် ၃အထက် မီးမိစ္ဆာ​တွေကိုမွေးထုတ်ပေးနိုင်တယ်ဆိုတာ အရမ်း​ရှားတယ်လေ”

ရွှီချန်းဟယ်၏အတွေး​ကို အားလုံး​က လက်ခံသဘောတူဟန်ဖြင့် ခေါင်း​ညိတ်​လိုက်​ကြသည်။

တစ်​ဖန်​ ရှန်း​တောက်​မင်က စကား​ဆက်သည်။

“ကျုပ်​ ရှန်းအန်ပေ့ကိုသေချာမေးပြီးပြီ၊ သူ့အပြောအရဆိုရင် ဒီသတ္တုတွင်းက လွန်ရောကျွံရော အငယ်စားအဆင့်ပဲရှိလိမ့်မယ်၊ ကျုပ်​ကိုယ်​ပိုင်အမြင်အရဆိုရင် အသေးဆုံးအဆင့်ပဲရှိဖို့များတယ်”

“အသေး​ဆုံး​အဆင့်တဲ့လား”

အား​လုံး​မှာ ယခု​မှစိတ်သက်သာရာရသွားကြသည်။ အမှန်တကယ်​အသေးဆုံးအဆင့်​သတ္တု​တွင်း​ဖြစ်သည်ဆိုလျှင် လက်ရှိ​ရှန်းမျိုး​နွယ်​စု၏ အင်အားဖြင့် သတ္တုတွင်းတစ်ခုလုံးကို​သိမ်း​ဆည်းဖို့ ခက်​ခဲမည်မဟုတ်ပါ။ အကယ်၍အငယ်စားအရွယ်​ဆိုပါက ရှန်းမျိုး​နွယ်​စုအတွက် အတော်​လေး​အား​ထုတ်​ရုန်း​ကန်​ရမည်​မှာသေချာပြီး အလတ်​စားအရွယ် သတ္တုတွင်းသာဖြစ်နေပါက ကျီဖုအဆင့်ရှိသူ ဘိုး​ဘေး​ရှန်းယွမ်လုံရှိနေလျှင်တောင် ရှန်း​မျိုး​နွယ်​စုအနေနှင့် သတ္တု​တွင်း​ကို လက်​ဝါကြီး​အုပ်ရန်အလွန်ခက်ခဲလိမ့်မည်ဖြစ်သည်။ ထို​စဉ်​ ရှန်း​ရူယန်​က

“ဒါတွေ​ခဏထားလိုက်ပါ လောလောဆယ်​အရေး​ကြီး​တာက ကိုယ်တိုင်​သွားကြည့်ပြီးမှ ဆုံးဖြတ်​ဖို့ပဲ၊ သတ္တု​တွင်းရဲ့အဆင့်ကို အရင်​အတည်​ပြု​ပြီးမှ ဘာဆက်​လုပ်​ရမလဲစီစဉ်ရင်လည်း နောက်​မကျပါဘူး”

ရူယန်၏အကျိုး​အကြောင်း​ညီသောစကားကို အားလုံး​ကလက်ခံလိုက်ကြသည်။

“ပြဿနာ​က ကျုပ်​တို့ထဲက​ ဘယ်သူ့​ကိုသွား​ကြည့်ခိုင်းသင့်လဲဆိုတာပဲ”

ရှန်းတောက်မင်က ရှိနေသည့်လူအားလုံးကို အကဲခတ်ရင်း ပြောလိုက်​ခြင်း​ဖြစ်​သည်။ ထိုစဉ်​ အခြေ​ခံ​တည်ဆောက်​ခြင်း​နယ်​ပယ်​အဆင့်​ကျင့်​ကြံ​သူတစ်ဦးဖြစ်သည့် ရှန်းတောက်ယွမ်က

“ကျုပ်​သွားမယ်လေ၊ လတ်တလော​ ဘာ​တာဝန်မှမရှိလို့ ပျင်း​နေတာ၊ သတ္တုတွင်းကိုသွားကြည့်ပြီး စနည်း​နာရုံပဲမလား၊ ပြဿနာ​မရှိ​လောက်ပါဘူး”

ရှန်းတောက်ယွမ်က​ လိုလို​လားလားဆန္ဒပြုသည်ကိုမြင်တော့ ရှန်း​တောက်မင်လည်း ထွေထွေထူး​ထူး​မပြောတော့ဘဲ အသာခေါင်းညိတ်ပြလိုက်သည်။

“ကောင်းပြီ ဒီအရေးကို တောက်ယွမ်လက်ထဲအပ်လိုက်မယ်၊ ကိုယ့်လုံခြုံရေးကိုဦးစားပေးပါ၊ မလိုဘဲမစွန့်စားနဲ့၊ တစ်ခုခု​အကြောင်းထူးရင် ချက်​ချင်း​အကြောင်း​ကြားပါ”

“ကောင်း​ပါပြီ”

ရှန်းတောက်ယွမ်က ခေါင်း​ညိတ်​ပြ​လိုက်​သည်။

ရက်​အနည်းငယ်​အကြာတွင်​ ရှန်းတောက်ယွမ်မှ လှမ်း​အကြောင်း​ကြားသည်။ ရှန်းအန်ပေ့၏ဖော်ပြချက်မှာ မှန်ကန်ပြီး ကြက်​သွေး​ရောင်​ရွှေ​သတ္တု​တွင်း အမှန်​တကယ်​တည်ရှိနေသည့်အပြင် အရွယ်မှာလည်း အငယ်ဆုံးအဆင့်သာဖြစ်ကြောင်း၊ သို့​သော်​လည်း​ ရှန်း​တောက်​ယွမ်၏လေ့လာချက်အရ သတ္တု​တွင်းမှာလက်ရှိတွင် အသေးဆုံးအဆင့်ဖြစ်သော်လည်း အငယ်စားအဆင့်သို့ ကူး​ပြောင်း​လုနီးနီးအဆင့်ကိုရောက်ရှိနေပြီဖြစ်ကြောင်း၊ မကြာမီအချိန်အတွင်း အငယ်စားအဆင့်သို့ကူးပြောင်းနိုင်လိမ့်မည်ဖြစ်ကြောင်း ဖော်ပြ​ထား​သည်။

ရှန်းတောက်ယွမ်၏သတင်းမှာ ရှန်း​မျိုး​နွယ်​စုအတွက် အလွန်အရေးကြီးသောသတင်းဖြစ်နေ၍ ရှန်းတောက်မင်က အစည်းအဝေးတစ်ခု အလျင်အမြန်​ခေါ်​ပြီး ရရှိထားသောသတင်းကို အားလုံး​သိစေ​ရန်​ပြောပြ​လိုက်​သည်။ စကား​အဆုံး​တွင် ရှန်း​တောက်​မင်​က လေးနက်တည်ကြည်စွာဖြင့်

“အခြေအနေ​ကိုအကြမ်းဖျဉ်းသိရပြီဆိုတော့ ဒီသတ္တုတွင်းကို ဘယ်လို​သိမ်း​ပိုက်​ရမလဲစဉ်းစားဖို့ အချိန်​တန်ပြီထင်တယ်၊ သတ်​မှတ်​ထား​တဲ့​အချိန်​ရောက်​ရင် အဖွဲ့တစ်ဖွဲ့ကို ကျုပ်​ကိုယ်​တိုင်​ဦးဆောင်ပြီး သတ္တု​တွင်း​ထဲဝင်မယ်၊ ကျုပ်​နဲ့အတူ မိသားစုရဲ့ရတနာဖြစ်တဲ့ ပင်လယ်​ပြာခေါင်းလောင်းကိုပါ တစ်ပါတည်း လိုရ​မယ်ရယူသွားမယ်”

ပင်လယ်​ပြာခေါင်းလောင်းမှာ ဘိုး​ဘေးခန်းမဆောင်တွင် ထားရှိသည့် အ​ဆင့်၃ ဓမ္မ​ရတနာ​ဖြစ်​ပြီး ကျင့်​ကြံ​ခြင်းလောကတွင် ရှန်း​မျိုး​နွယ်​စုကြံ့ကြံ့ခံရပ်တည်နိုင်ရန် အား​ကိုး​အားထားပြုခဲ့ရသည့် လက်​နက်​ရတနာ​လည်း​ဖြစ်​သည်။ အဆို​ပါရတနာမျိုးကို လက်​ရှိအရေးတွင် အသုံးပြု​တော့မည်ကိုထောက်လျှင် ရှန်း​တောက်မင်တစ်ယောက် ယခုစစ်ဆင်ရေးကို အလွန်​ဂရုစိုက်​နေကြောင်း​သိသာနေပါသည်။

“ဒါဆို ​ကျုပ်​လည်း​လိုက်မယ်၊ အထဲမှာ ပုံစံအတားအဆီး​တို့ ဘာတို့ရှိရင်​

ကျုပ်​ကူဖျက်ပေးလို့ရတယ်လေ”

ရွှီချန်းဟယ်၏ဆန္ဒ​ကိုကြားသောအခါ ရှန်းတောက်မင်သည် ခေတ္တ​မျှ​တွေဝေသွားပြီးနောက်မှ သဘောတူ​သည့်အနေနှင့် ခေါင်း​ညိတ်​ပြ​လိုက်​သည်။ သတ္တု​တွင်း​ကို​သိမ်း​ပိုက်​ပြီးလျှင်တောင် အစီအရင် အတားအဆီးများဆောင်ရွက်ရန် ရွှီချန်းဟယ်ကို လိုအပ်​ဦး​မည်​ဖြစ်​သည်။ ပထမဆုံး​အနေနှင့် သတ္တုတွင်း၏တည်ရှိမှုကိုဖုံးကွယ်ရမည်ဖြစ်ပြီး ဒုတိယ​အချက်​မှာ သတ္တု​တွင်း​ကို တစ်ပါးသူများခိုးယူမသွားနိုင်ရန် ကာကွယ်​ရမည်​ဖြစ်သည်။

ထို​အချိန်​တွင်…….

ကျန်းချန်းရွှမ်နှင့် ရှန်းရူယန်​တို့​မှာ တစ်ဦး​ကို​တစ်ဦး​ကြည့်​လိုက်ပြီး ရှန်း​တောက်​မင်ကို​ပြောလိုက်​သည်။

“အစ်ကို​ ကျွန်​မတို့​နှစ်​ယောက်​လည်းလိုက်ခဲ့မယ်၊ ကျွန်​မတို့​မရှိတုန်းမှာ ယွမ်​ဇီကိုခေါ်ပြီး ဌာနချုပ်​ကိုကြည့်ခိုင်းထားလို့ရတယ်မလား”

ရှန်းတောက်မင်က ရှန်းရူယန်၏စကား​ကိုကြားပြီးနောက် ခေတ္တ​စဉ်းစားလိုက်ပြီး သဘောတူလိုက်သည်။ လောလောဆယ်​တွင် သူ့အနေနှင့် ကျန်း​ချန်​ရွှမ်နှင့် ရှန်းရူယန်၏အကူအညီကို လိုအပ်​နေသည်လေ။ ရှန်းရူယန်မှာ အဂ္ဂိရတ်​ပညာရှင်​အဖြစ်​နှင့် ယွီဟွာတောင်ကိုစောင့်ကြပ်ဖူးသည့် အတွေ့အကြုံလည်းရှိသည်။ ရှန်းတောက်ယွမ်မှာလည်း ​အခြေ​ခံတည်ဆောက်ခြင်းအဆင့်ကို မကြာသေးခင်ကမှရရှိသူဖြစ်သည့်အတွက် သူ့ထံမှပြောပလောက်အောင် အကူအညီရမည်​မဟုတ်။ ထို့​အတွက်​ ကျန်း​ချန်​ရွှမ်နှင့် ရှန်းရူယန်တို့မရှိသည့်အတောအတွင်း ရှန်းတောက်ယွမ်ကို ကျောက်စိမ်းဖြူစျေးသို့စေလွှတ်စောင့်ကြည့်ခိုင်းထားသည်က ပိုသင့်လျော်မည်ဖြစ်သည်။ စျေး​ထဲတွင်ဖွဲ့စည်းထားသော အစီအရင်၏အကူအညီ​ဖြင့်​ ရှန်းတောက်ယွမ်မှာ တော်​ရုံအကျပ်အတည်းလောက်တော့ အလွယ်ဖြေရှင်းနိုင်မည်ဖြစ်သည်။

သို့သော်​ ရွှီချန်းဟယ်ထွက်ခွာသွားလျှင် ကူယန်မြို့ရှိ ဝိညာဉ်​သွေးကြောမှာ အကာအကွယ်​မဲ့ကျန်ရစ်ခဲ့မည်ဖြစ်ပြီး အခြေ​ခံ​တည်ဆောက်​မှုအဆင့် ကျင့်​ကြသူအများစုမှာလည်း ကန်းယန်​ဂိုဏ်း​ကိုထွက်ခွာသွားသည်ဖြစ်၍ ရှန်းမျိုးနွယ်စုတွင် လူအင်အားနည်းပါးလျက်ရှိနေပါသည်။

သို့သော်​ ကံကောင်း​စွာဖြင့်​ ထိပ်​တန်း​အဆင့် ၂ အစီအရင်​ပညာရှင် ​ရွှီချန်းဟယ်က သူမထွက်ခွာမီ အကာအကွယ်​အစီအရင်တစ်ခုဖန်တီးပေးနိုင်သည်ဟု အာမခံ၍ ပြဿနာ​မှာပြေလည်သွားပါသည်။

နောက်​ဆုံး​တွင် သတ္တု​တွင်း​စစ်ဆင်ရေးတွင် ပါဝင်မည့်အဖွဲ့ဝင်များကို အပြီး​သတ်​ဆုံးဖြတ်​လိုက်​ကြသည်။

မျိုး​နွယ်စု၏အကြီးအကဲဖြစ်သလို အခြေခံ​တည်ဆောက်​မှုနယ်ပယ် အဆင့်​၉ ရှိသူ​ ရှန်းတောက်မင်က အဖွဲ့ကိုဦးဆောင်မည်ဖြစ်ပြီး အဖွဲ့​ဝင်​များ​မှာ ရွှီချန်းဟယ်၊ ကျန်းချန်ရွှမ်နှင့်​ ရှန်းရူယန်တို့ဖြစ်သည်။

***

နှစ်တစ်ရာကျင့်ကြံပြီးနောက်

အခန်း​ ၆၂ ။ ကြက်​သွေး​ရောင်​မီးသလင်းကျောက်

တစ်ရက်​ကြာ​ပြီးနောက်…..

ကျောက်​စိမ်း​ဖြူ​စျေး​သို့ ရှန်းတောက်ယွမ်ရောက်ရှိလာပြီး ကျန်း​ချန်ရွှမ်နှင့် ရှန်းရူယန်တို့ထံမှ တာဝန်​ကိုလက်လွှဲရယူပါသည်။ ကျန်း​ချန်ရွှမ်တို့မှာ စျေး​မှ သူတို့ခေတ္တထွက်​ခွာမည့်အကြောင်းကို မည်သူ့ကိုမှ အသိပေး​ထားခြင်း​မရှိ၍ တာဝန်​လွှဲ​ပြောင်း​မှုမှာ တိတ်​တိတ်ဆိတ်​ဆိတ်​နှင့်ပြီးသွားပါသည်။ ရှန်း​တောက်​ယွမ်​ကိုလည်း ရတနာပွဲကြည့်စင်မှလူများကို သတိထား​ရန်​နှင့်​ ထိုလူများပြဿနာရှာလာပါက ညှာတာမနေဘဲ လိုအပ်​သလို အရေးယူဆောင်ရွက်ရန်နှင့် စျေးအတွင်းချထားသော အစီအရင်​ကွက်ကို အသက်​သွင်း၍ ထိုလူ​စု​အားသင်ခန်းစာကောင်းကောင်းပေးရန် မှာကြား​လိုက်​ပါသေးသည်။

သူတို့နှစ်ဦးမရှိသည့်အတောအတွင်း မည်​သည့်​ပြဿနာ​မှမဖြစ်ပွားသည်ကတော့ အကောင်း​ဆုံး​ဖြစ်​ပေလိမ့်မည်။

ရှန်း​တောက်​ယွမ်မှာ စျေးကို နှစ်​များ​စွာစောင့်ကြပ်လာသည့် အတွေ့အကြုံရှိသည့်အပြင် လမ်း​ဘေးပြဿနာများကို ကိုင်​တွယ်​ရာတွင်ထူးချွန်သူလည်းဖြစ်သည့်အတွက် တည်ငြိမ်စွာ ခေါင်းညိတ်​ပြလိုက်ပြီး

“မစိုးရိမ်နဲ့​ ကျုပ်​ဘာ​လုပ်​ရမလဲ​သိပါတယ်”

“ဒါဖြင့် ဒီကကိစ္စတွေကို အစ်​ကို​တောက်ယွမ်လက်ထဲ စိတ်​ချ​လက်​ချအပ်ထားခဲ့မယ်နော်”

နှစ်​ဦး​သား ရှန်းတောက်ယွမ်ကိုနှုတ်ဆက်ပြီးနောက် အချိန်​မဆွဲဘဲ ရုပ်​ဖျက်​ပြီး စျေးမှတိတ်တဆိတ်ထွက်ခွာလာကြသည်။ သူတို့၏ဦး​တည်​ရာက ကြက်​သွေး​ရောင်​ရွှေ​သတ္တု​တွင်းဆီသို့။

နှစ်​ရက်ကြာပြီးနောက်….

သတ္တု​တွင်း၏အဝင်ဝတွင် ကျန်း​ချန်ရွှမ်၊ ရှန်း​ရူယန်​၊ ရှန်း​တောက်မင်နှင့် ရွှီချန်းဟယ်တို့ လေးဦးလုံးစုစည်းမိကြသည်။ သတ္တ​တွင်း၏ဝင်ပေါက်နှင့် ဘေးဘီပတ်ဝန်းကျင်ကိုလည်း စေ့စပ်​စွာလေ့လာစုံစမ်းပြီးဖြစ်သည်။ အန္တရာယ်​ရှိသည့်လက္ခဏာ မပေါ်​ကြောင်း ​အတည်​ပြုပြီး​သောအခါ ရှန်း​တောက်​မင်က တစ်​ဖွဲ့လုံးကိုကြည့်လိုက်ပြီး

“ဒါဆို​ သတ္တု​တွင်း​ထဲဝင်ပြီး လေ့လာ​ကြည့်ကြရအောင်”

“ကောင်း​ပြီ”

သတ္တု​တွင်း​ထဲမဝင်မီ ရွှီချန်းဟယ်က သူ့အိတ်ထဲမှအစီအရင်ပြား အနည်းငယ်ကိုထုတ်ယူပြီး ဝင်​ပေါက်​နှင့် ဝဲယာဝန်းကျင်တဝိုက်၌ နေရာချထားလိုက်သည်။ ယာယီ​အားဖြင့်​ သတ္တု​တွင်း​ကို လူမြင်ကွင်းမှဖျောက်ထားနိုင်ပါလိမ့်မည်။

အစီအရင်​ချပြီးနောက် သတ္တု​တွင်း​အတွင်းသို့ လေးဦးစလုံး စတင်ခြေချ ဝင်ရောက်လိုက်ပါတော့သည်။ ဝင်​ဝင်​ချင်း​ခဏမှာပင် သူတို့၏​ပတ်ပတ်​လည်​တွင် အလွန်အမင်းပူပြင်းသော မီး​ဒြပ်​စင်​များ၏အငွေ့အသက်ကို ခံစား​မိလိုက်ကြရသည်။ အနီရင့်ရောင်အလင်းများက ပြိုးခနဲပြက်ခနဲ လင်း​လက်​နေသည်။ ကျန်း​ချန်ရွှမ်​တို့၏​ ဘေးဘီ၊ အထက်​နှင့်အောက်​တို့တွင် အနီရောင်ကျောက်ဆောင်များ နေရာအနှံ့တည်ရှိနေပြီး ထိုကျောက်များထံမှ မကြာခဏဆိုသလို မီးပွားမီးစများပွင့်ထွက်နေလိုက်သေးသည်။

သူတို့၏​ကိုယ်​ခန္ဓာ​ပတ်​လည်ကို​ကာရံထားသော စစ်မှန်​မှုအဆီအနှစ်အကာအကွယ်ကို ထိုမီး​ပွားများထိခတ်မိသောအခါ မီးကိုရေလောင်းလိုက်သလို တရှဲရှဲမြည်သံများ ထွက်ပေါ်လာသော်လည်း အန္တရာယ်​တော့ပေးနိုင်စွမ်းမရှိပါ။ လေး​ဦး​စလုံး​မှာ ကျင့်​ကြံ​သူများ​ဖြစ်နေသည့်အချက်ကြောင့်လည်း ပါဝင်ပြီး သာမန်​သေမျိုးတစ်ဦးသာ ဤ​နေရာကို​ဝင်လာလျှင် ထိုသေမျိုးလူသားမှာ အစွမ်းအထက်​ဆုံး​သိုင်း​ပညာရှင်​ဖြစ်နေပါစေ မို​င်းတွင််း၏ အပူချိန်​နှင့် မီးလျှံ​တို့်၏ဝါးမျိုမှုကြောင့် ပြာအဖြစ် ချက်ချင်းပြောင်းသွားမည်ဖြစ်သည်။

မိုင်း​တွင်း၏အတွင်း​ပိုင်း​သို့​တိုး​ဝင်​လာ​မိ​သည်နှင့်အမျှ ကျန်း​ချန်ရွှမ်တို့၏လက်ထဲတွင် အရွယ်​စုံကျောက်တုံးများ များသထက်များလာတော့သည်။ ကျောက်​များ၏ အပူချိန်မှာမြင့်မားရုံမက မျက်​နှာပြင်များပေါ်တွင်လည်း သတ္တုကဲ့သို့အလွှာတစ်မျိုး ဖုံးအုပ်​ထားသည်ကိုတွေ့ရသည်။ သည်​အခြင်းအရာမှာ ကြက်​သွေး​ရောင်​ရွှေ​သတ္တု​၏ ထူးခြား​မှု​တစ်ရပ်​ဖြစ်သည်။ သို့​သော်​ ကျန်း​ချန်​ရွှမ်တို့ ကောက်​ယူလာသော ကျောက်တုံးများမှာ အရည်အသွေး​မကောင်းလှဘဲ အလွန်​ဆုံး အဆင့်​၁ အလတ်​စားခန့်သာရှိပြီး ထိုကျောက်များမှာ ချီသန့်စင်ခြင်းနယ်ပယ် ကျင့်ကြံသူများအတွက် တန်​ဖိုး​ရှိမည်ဖြစ်သော်လည်း ကျန်း​ချန်းရွှမ်တို့ လူစုအတွက်တော့ တန်ဖိုး​ကြီးသည့်ရတနာများ မဟုတ်​ပါ။

ထို​နေရာ​မှ ရှေ့​သို့​အနည်းငယ်​သွားပြီးချိန်တွင် ပုံ​သဏ္ဌာန်​မျိုး​စုံနှင့်​ အရွယ်​အစား​စားရှိသော မိစ္ဆာ​များကို ကျန်း​ချန်ရွှမ်တို့တွေ့လိုက်ရပါတော့သည်။ မိစ္ဆာ​များမှာ မြွေ၊ လင်း​ယုန်၊ ကျား၊ ကျား​သစ်၊ လူသား ပုံစံ​မျိုး​စုံပါဝင်သော်လည်း သူတို့​အားလုံး​တွင် တူညီ​နေသည့်အချက်က သူတို့၏ခန္ဓာကိုယ်ပေါ်​တွင် နီညိုရောင်မီးလျှံတစ်မျိုးလွှမ်းခြုံထားပြီး သတ်​ဖြတ်​လိုသောအော်ရာများ ထွက်ပေါ်​နေခြင်းဖြစ်သည်။ အဆိုပါ​သတ္တဝါ​များ​မှာ သတ္တု​တွင်း​ကိုကြီးစိုးနေသော ကြက်​သွေး​ရောင်​မီး​မိစ္ဆာ​များဖြစ်သည််မှာ သေချာ​သလောက်​ရှိပါသည်။

ထို​မိစ္ဆာ​များ​တွင် အသိ​ဉာဏ်​လုံးဝ​မရှိ​ဘဲ ကျန်း​ချန်​ရွှမ်တို့လူစုကို မြင်​လိုက်သည့်ခဏ၌ တစ်ဟုန်ထိုးပြေးဝင်တိုက်ခိုက်ကြပါတော့သည်။ ကျန်း​ချန်ရွှမ်တို့လည်း နောက်​သို့အလျင်အမြန်ဆုတ်ကာ ပြန်​လည်​ခုခံ​ကြရသည်။ မျက်​စိတစ်မှိတ်အတွင်းတွင် အဆိုပါ​အဆင့် ၁ မိစ္ဆာ​များ​အားလုံး​ကို သုတ်​သင်ပစ်လိုက်နိုင်ပြီး ကျန်း​ချန်ရွှမ်တို့ ​ခရီးဆက်နိုင်ခဲ့ကြသည်။ သတ္တု​တွင်း၏ဗဟိုရှိရာသို့ နက်​ရှိုင်း​စွာတိုးဝင်လာမိသည်နှင့်အမျှ ရွှေ​သတ္တု​များမှာ အရည်အသွေး​ ကောင်း​သထက်ကောင်းလာသလို လမ်းတွင်ရင်ဆိုင်ရသည့် မီးမိစ္ဆာများ၏စွမ်း​အားမှာလည်း မြင့်သထက်မြင့်လာသည်။

ထို​နေရာ​တစ်ဝိုက်ရှိ အဆင့် ၂ မိစ္ဆာ​များကို​သုတ်သင်ပြီးသောအခါ ကျန်း​ချန်ရွှမ်တို့မှာ သတ္တု​တွင်း၏ ဗဟိုချက်မဧရိယာ​ကို ရောက်ရှိ​လာကြပြီဖြစ်သည်။ ဗဟို​ချက်​မ၏ အလယ်တည့်တည့်တွင် ပေပေါင်းရာနှင့်ချီမြင့်သည့် အနီရင့်ရောင်တောင်ကုန်းတစ်ခု တည်​ရှိ​နေသည်​ကိုတွေ့လိုက်ကြရပြီး ထိုတောင်​ကုန်း၏ပတ်လည်​တွင် ချော်ရည်ကဲ့သို့အရည်တစ်မျိုးစီးဆင်းနေသည်။

“ဒါကြီးက…..​”

ရွှီချန်းဟယ်၏မျက်နှာတွင် တုန်​လှုပ်​သောအရိပ်အယောင်ပေါ်လာပြီး အံ့အားသင့်စွာရေရွတ်လိုက်သည်။ ကျန်း​ချန်​ရွှမ်နှင့်​ ရှန်းတောက်​မင်တို့လည်း​ ရွှီချန်းဟယ်ကို ကမန်းကတန်းလှည့်ကြည့်မိသည်။

ရှန်း​တောက်မင်က

“အကြီးအကဲ​ရွှီ ဒီတောင်က ဘာ​လဲ”

ရွှီချန်းဟယ်က တည်​ကြည်သောလေသံဖြင့်

“ကျုပ်​ထင်တာမမှားရင် ကျုပ်​တို့​ရှေ့က တောင်​ကုန်းက ကြက်​သွေး​ရောင်​မီးလျှံ မီးတောင်ကြီး ပဲ”

“ကြက်​သွေးရောင်မီးတောင် ဟုတ်​လား”

“ဟုတ်​တယ် “

ရွှီချန်းဟယ်က ခေါင်းညိတ်​ပြပြီး ဆက်ပြောသည်။

“ကြက်​သွေး​ရောင်​မီး​တောက်ရှိတဲ့ ကြက်​သွေး​ရောင်​ရွှေ​သတ္တု​တွင်း​တိုင်းဟာ ရွှေသတ္တုတွင်းအကြီးစားအဖြစ်ကို ကူးပြောင်း​နိုင်​တဲ့ အလားအလာ​ရှိတယ်​တဲ့၊ အနိမ့်ဆုံးအနေနဲ့ အလတ်​စား​အရွယ်ထိ ရောက်​နိုင်​တယ်၊ ဒါက​အရေးမကြီးသေးဘူး၊ အဓိက​အရေး​ကြီး​တာက ကြက်​သွေး​ရောင်​မီး​တောင်က နှစ်​ ၃၀၀ မှာတစ်ကြိမ် ကြက်သွေး​ရောင်​မီး​သလင်း​ကျောက်ကို မွေးထုတ်ပေးနိုင်တယ်ဆိုတဲ့အချက်ပဲ”

“ကြက်​သွေး​ရောင်​မီး​သလင်း​ကျောက် ဟုတ်​လား”

ရွှီချန်းဟယ်၏စကားကို​ကြားလိုက်ရချိန် ကျန်းချန်ရွှမ်နှင့် ရှန်းတောက်မင်တို့၏မျက်နှာများမှာ လေးနက်​သွားကြသည်။

ကျီဖုအဆင့် (ခရမ်း​ရောင်​နန်းတော်​နယ်​ပယ်) ​ကိုတက်လှမ်းနိုင်ရန်အတွက် အကောင်း​ဆုံး​ရတနာမှာ ခရမ်း​ရောင်တိမ်လွှာကျောက်စိမ်းဖြစ်သည်ကို သူတို့​အားလုံး​သိရှိ​ပြီး​ဖြစ်သည်။

အဆိုပါရတနာသည် ကျင့်ကြံသူတစ်ဦးအား ကျီဖုအဆင့်​ကိုရောက်ရှိနိုင်ချေကို ၅၀% နီးပါးထိ တိုးမြှင့်​ပေးသလို တစ်​ချိန်​တည်း​၌ ကျင့်ကြံသူ၏စိတ်​နှင့်ခန္ဓာကို ကာကွယ်​ပေးထားနိုင်သည်ဖြစ်၍ ထိုကျင့်ကြံသူမှာ ကျီ​ဖုအဆင့်သို့မတက်လှမ်းနိုင်ခဲ့လျှင်တောင် ဆိုး​ဆိုး​ဝါး​ဝါး​ဒဏ်ရာရ​ရှိမည်မဟုတ်ဘဲ နှစ်​အနည်းငယ်​မျှအနားယူရုံနှင့် ဒုတိယ​အကြိမ်​ပြန်လည်​ကြိုးစား​ခွင့်ရရှိမည်ဖြစ်သည်။

သို့သော်​ ကျီ​ဖုနယ်ပယ်ကိုရောက်ရှိရန် ကူညီပေး​နိုင်​သည့်ရတနာမှာ ဤရတနာတစ်ခုတည်းမဟုတ်ဘဲ ဒြပ်​စင်​ငါး​ပါးကိုကိုယ်စားပြုသော ဝိညာဉ်​ရတနာငါးမျိုးရှိနေပါသေးသည်။ ထို​ရတနာ​များ​မှာ သစ်​သားဓာတ်ဖြစ်သော အဇူရာနဂါး သစ်သားသလင်းကျောက်တုံး၊ မီးဓာတ်ဖြစ်သော ကြက်​သွေး​ရောင်​မီးသလင်းကျောက်​တုံး၊ မြေ​ဓာတ်​ဖြစ်သော ကမ္ဘာ​မြေဝိညာဉ်သလင်းကျောက်တုံး၊ သတ္တု​ဓာတ်​ဖြစ်​သော အဖြူရောင်​ဧကရာဇ် ရွှေ​သလင်း​ကျောက်​တုံး နှင့် ရေဓာတ်ဖြစ်သည့် လိပ်​နက်​သလင်း​ကျောက်​တုံး​တို့ဖြစ်ကြသည်။

အဆို​ပါရတနာများမှာ ခရမ်း​ရောင်​တိမ်လွှာ​ကျောက်စိမ်းလောက် အာနိသင်​မရှိသော်လည်း ကျင့်​ကြံ​သူတစ်ဦးအား ကျီဖုနယ်ပယ်သို့ ရောက်ရှိနိုင်ချေကို ၃၀% အထိ တိုးမြှင့်ပေးနိုင်ပါသည်။ ကျင့်​ကြံသူတွင် ခရမ်း​သွေးပြာဆေးလုံးရှိထားသည်ဆိုပါက ကျီဖုနယ်ပယ်သို့ တက်လှမ်းရန်ကြိုးစားပိုင်ခွင့်ရှိပြီး မအောင်မြင်ခဲ့လျှင်တောင် ဆေးလုံးအစွမ်းကြောင့် အသက်​အန္တရာယ်​ထိိခိုက်မည်​မဟုတ်​ပါ။ ထို့ပြင် အဆို​ပါ ဝိညာဥ်ရတနာများသည် အဆင့် ၃ အလယ်အလတ်​အဆင့် သို့မဟုတ်​ အမြင့်​ဆုံး​အဆင့် ဓမ္မ​လက်​နက်​ပစ္စည်း​များကို​ သန့်စင်​ရာတွင် အဓိက​အသုံးပြု​သည့် အဖိုးအလွန်ထိုက်တန်သော ပစ္စည်း​များ​လည်း​ဖြစ်​နေ​သေးသည်။

ထို့​ကြောင့် ရွှီချန်းဟယ်၏စကား​ကိုကြားပြီးပြီးချင်း ကျန်း​ချန်း​ရွှမ်၊ ရှန်း​တောက်​မင်​နဲ့ ကျန်​လူအားလုံး၏ စိတ်​ထဲတွင် ပထမဆုံး​တွေးမိသည်က ရှန်းမျိုးနွယ်စုတော့ ဒီတစ်ခါပွပေါက်တိုးပြီဟူ၍ ဖြစ်သည်။

ဒုတိယ​အတွေး​က ဤသတ္တုတွင်းတည်ရှိနေမှုကို အစွမ်း​ကုန်လျှို့ဝှက်ထားဖို့လိုသည် ဆိုသော​အချက်​ဖြစ်သည်။ ကြက်​သွေး​ရောင်​မီးလျှံ​သလင်းကျောက်သည် အဆင့် ၃ ရှိသည့် ဝိညာဉ်​ရတနာ​ဖြစ်သလို အဆင့်​၃ ရတနာ​များ​အားလုံး​အနက် အရည်အသွေး​အမြင့်​ဆုံး​လည်းဖြစ်သည်။ ကျီဖုနယ်ပယ်အဆင့်ကျင့်ကြံသူတစ်ဦးသာ ဤသတ္တုတွင်းအကြောင်း သိရှိသွားလျှင် အလစ်သုတ် မောင်ပိုင်စီးရန် နှောင့်​နှေး​နေမည်မဟုတ်ပါ။ ထို့​အတွက်​ ရှန်း​အင်​မော်​တယ်​မျိုး​နွယ်​စု​အနေနှင့် သည်သတ္တုတွင်း​ကို အစွမ်း​ကုန်​ကာကွယ်​ထားဖို့လိုပေလိမ့်မည်။

***

နှစ်တစ်ရာကျင့်ကြံပြီးနောက်

အခန်း​ ၆၃ ။ ဥက္ကာ​မီးလျှံ​ဓားနည်းစနစ်

ကျန်းချန်ရွှမ်တို့အဖွဲ့ မျက်​စိရှေ့မှောက်တွင်ရှိနေသော မီးတောင်ကိုကြည့်ရင်း ပျော်​မြူး​နေကြချိန်တွင် အရေ​အတွက်​အား​ဖြင့်​ အလွန်​များ​ပြားသောမီးလျှံ​မိစ္ဆာများ မီးတောင်ပေါ်တွင် ရုတ်​တရက်ပေါ်လာတော့သည်။ ခဏချင်း​တွင် မီး​မိစ္ဆာ​များသည် ကျန်းချန်ရွှမ်တို့​အဖွဲ့ကိုဦးတည်၍ ပြေးဝင်တိုက်ခိုက်ကြသည်။ မိစ္ဆာ​အားလုံး​နီးပါး​မှာ အဆင့် ၁ အမြင့်ဆုံး​အဆင့်များဖြစ်ပြီး ရှေ့​ဆုံးကနေဦးဆောင်ပြေးဝင်လာသော တစ်ဒါဇင်ခန့်ရှိသည့်မိစ္ဆာ​တို့​မှာ အဆင့်​၂ တွင်မှ အနိမ့်ဆုံးနဲ့ အလယ်​အဆင့်များဖြစ်ကြသည်။

ထို​မိစ္ဆာ​များကို​ ကျန်း​ချန်ရွှမ်တို့အဖွဲ့အနေနှင့် မစိုးရိမ်ပါ။ ထိုသတ္တဝါများသည် သူတို့ကို​ပြောပလောက်အောင် ခြိမ်း​ခြောက်​နိုင်​စွမ်းမရှိ။ သူတို့​အမှန်တကယ်​စိုး​ရိမ်​နေရသည်က မိစ္ဆာ​အုပ်​ထဲမှာ ထူးခြား​သောသတ္တဝါနှစ်ကောင်ဖြစ်သည်။ ထိုမိစ္ဆာနှစ်ကောင်တွင် တောင်ပံနှင့် ဦးချိုနှစ်ဖက်ရှိသည့်အပြင် မျက်​လုံး​များ​မှလည်း ပြာလဲ့လဲ့မီးလျှံများထွက်ပေါ်နေသည်။

ထို​နှစ်​ကောင်​ထံမှ ဖြာထွက်နေသောအော်ရာမှာ ကျန်​မိစ္ဆာ​များ​အားလုံး​ထက် ပို​မို​ကြောက်မက်​ဖွယ်​ကောင်း​နေသည်။ နှစ်​ကောင်​စလုံး​မှာ အဆင့်၂ ၏ အမြင့်​ဆုံး​အဆင့်ကိုပင် ကျော်​လွန်​နေပြီ​ဖြစ်​ပြီး​ အဆင့် ၃ သို့​ရောက်​လုနီးပြီဖြစ်သည်။

“​ကြက်​သွေးရောင်မီးလျှံမိစ္ဆာဘုရင် ပဲ”

ရွှီချန်းဟယ်၏မျက်နှာမှာ ရုတ်ခြည်း​ဖြူဆုတ်သွားသည်။ အဆင့် ၃ နီးပါး​ရှိသည့်​ မီးလျှံမိစ္ဆာ​ဘုရင်နှစ်ကောင်ကို ယခုလို​ အငယ်ဆုံးသတ္တု​တွင်းအဆင့်မျိုးတွင် တွေ့ရ​မည်​ဟု သူတို့​အားလုံး​မမျှော်လင့်ထားကြသလို ပုံမှန်​အားဖြင့်​လည်း တွေ့နိုင်စရာအကြောင်းမရှိပါ။ မီး​တောင်၏ ပယောဂကြောင့်သာ ထိုမိစ္ဆာဘုရင်နှစ်ကောင်ရှိနေခြင်း ဖြစ်နိုင်သည်။ ထိုအခြင်းအရာကိုတွေးမိသော ရှန်း​တောက်​မင်​က ကျန်လူများဖက်ကိုလှည့်ကာ အသံအုပ်အုပ်ဖြင့်

“အကြီးအကဲ​ရွှီ၊ ချန်ရွှမ်နဲ့ ရူယန်​ ကျန်တဲ့ မီး​လျှံ​မိစ္ဆာ​တွေကို မင်းတို့​ကိုင်တွယ်​လိုက်။ ဘုရင်​နှစ်​ကောင်​ကို ငါ​ထိန်း​ထားလိုက်မယ်”

စကား​ဆုံး​ဆုံး​ချင်း​မှာပင် ရှန်း​တောက်​မင်​၏လက်​ထဲတွင်​ နှစ်​မီတာရှည်၍ တစ်မီတာခန့် အပြန့်ရှိသော အလွန်​ကြီးမားလေးလံ​သည့်ဓားကြီးနှစ်စင်း ရောက်ရှိ​လာသည်။ တစ်စင်းမှာအဖြူဖြစ်ပြီး နောက်​တစ်စင်းမှာအနက်ဖြစ်သည်။ ထို​ဓား​များ​သည် ရှန်းတောက်မင်၏ အဆင့်၂ အမြင့်​ဆုံး​အဆင့်ရှိ ဓမ္မ​လက်​နက်​ပစ္စည်း​များ​ဖြစ်​ကြပြီး တာအိုအဖြူနှင့် တာအိုအနက်ဓားဟုခေါ်သည်။ ဓား​နှစ်​စင်း​မှာ ချက်​ချင်း​ဆို​သလို​ အဖြူ​နှင့်​အနက် အလင်း​စီးကြောင်းများအဖြစ် အသွင်ပြောင်းသွားပြီး မီးမိစ္ဆာဘုရင်နှစ်ကောင်အား ခုတ်​ပိုင်း​လိုက်​ကြသည်။

ကျန်း​ချန်​ရွှမ်တို့သုံးဦးမှာလည်း အချိန်​ဆွဲ​မနေတော့ဘဲ ဓမ္မ​လက်​နက်​များကို​ ကိုယ်စီဆွဲထုတ်လိုက်ကြပြီး မီး​လျှံ​မိစ္ဆာ​များကို ဦး​တည်​တိုက်ခိုက်​လိုက်​ကြသည်။

ရွှီချန်းဟယ်က အစီအရင်အလံ ဒါ​ဇင်ပေါင်းများစွာကို ပစ်​လွှတ်​လိုက်​သည်။ အလံများသည် ချေမှုန်း​ရေးအစီအရင်များ၊ ထောင်ချောက်အစီအရင်များနှင့် ပုံ​ရိပ်ယောင် အစီအရင်များအဖြစ်သို့ ပြောင်း​လဲသွားသည်။ မျက်​စိတစ်မှိတ်အတွင်း မီးလျှံ​မိစ္ဆာ​များမှာ အစီအရင်လက်နက်များအောက်ဝယ် အတုံးအရုံး​သေဆုံး​ကုန်​ကြသည်။

ထို​အထဲတွင် အဆင့် ၂ မီးမိစ္ဆာအတော်များများ ပါသွားကြသည်။ တစ်ချိန်​တည်း​တွင် ရှန်းရူယန်​သည်လည်း မိုး​ကြိုးစည်းတံဆိပ်ကို ဆွဲ​ထုတ်​လိုက်​သည်။ ရုတ်တရက်​ဆိုသလို​ မီး​လျှံ​မိစ္ဆာ​များအပေါ်​သို့ ကောင်း​ကင်မှမိုးကြိုးများ အဆက်​မပြတ်ကျဆင်းပစ်ခတ်ပြီး မိစ္ဆာ​များ​မှာ နေရာတွင်​ပင်​ မီးသွေးခဲဖြစ်ကုန်ကြသည်။ တစ်ဆက်တည်းမှာပင် ရှန်း​ရူယန်က လက်​သင်္ကေတအချို့ကိုပြုလုပ်လိုက်ရာ လျှပ်​စီးမြွေများ ရုတ်​တရုတ်​ထွက်ပေါ်လာပြီး​ မိစ္ဆာ​များကို​ အလုအယက်​ဝါးမြိုကြပြန်သည်။ ရူယန်​အသုံးပြုသောနည်းစနစ်မှာ လေခွင်းလျှပ်စီးမြွေ နည်းစနစ်ဖြစ်ပြီး အဆင့်​၂ အလယ်​အလတ်​အဆင့်ရှိ နည်းစနစ်တစ်ခုဖြစ်သည်။ ဆုံး​ခန်း​တိုင်သည်အထိ ကျင့်ကြံနိုင်ခဲ့လျှင် အဆင့် ၂ အမြင့်​ဆုံး​အဆင့်​စွမ်းအား​ကို ပိုင်ဆိုင်​နိုင်​သည်။

ထို​အ​ချိန်တွင်​ ကျန်းချန်ရွှမ်မှာ လေပြေ​ဓားနည်းစနစ်ဖြင့် မိစ္ဆာ​ရှစ်​ကောင်ခန့် သတ်ဖြတ်​ပြီးဖြစ်သည်။ ထို​ခဏ၌ သူ့စိတ်ထဲတွင် စနစ်၏အချက်​ပေးသံကို ရုတ်တရက်​ကြားလိုက်​ရသည်။

[ဒင်! အောင်မြစ်မှုစနစ်မှ တာဝန်အသစ်ထုတ်ပြန်လာပါပြီ။ ကျေးဇူးပြုပြီး မီး​လျှံ​မိစ္ဆာ​အကောင်​ ၁၀၀ ကိုသတ်ဖြတ်ပါ၊ စနစ်ပိုင်ရှင်။]

[တာဝန်ပြီးမြောက်မှု ​ : ၂၃%]

ယခု​လို​အချိန်​မျိုး​တွင် စနစ်ကအချက်ပေးလာမည်ကို ကျန်း​ချန်ရွှမ် မျှော်လင့်ထားခြင်းမရှိ၍ အံ့အားသင့်​မိသွားသည်။ ထို့နောက်​ သူ့အထက်ကိုမော့ကြည့်လိုက်ရာ မီး​လျှံ​မိစ္ဆာ​ အကောင်​တစ်ရာ​နီးပါး​ကျန်​နေသေးသည်ကို တွေ့လိုက်ရ၍ သူ၏မျက်လုံး​အစုံမှာ ကျဉ်းမြောင်း​သွားပြီး နောက်​ထပ်​ဓားတစ်စင်းနှင့်အတူ အဆင့်​၁ နှင့်​ အဆင့်​ ၂ အနိမ့်စား ချေ​မှုန်းရေးအဆောင်များကို ထုတ်​ယူပစ်လွှတ်လိုက်သည်။

“ရူယန်​၊ အကြီးအကဲရွှီ ဒီကောင်​တွေကို ကျုပ်​တာဝန်​ထား၊ ကျုပ်​ရှင်း​လိုက်​မယ်”

ဂျိန်း!

ပစ်​လွှတ်​လိုက်​သောအဆောင်များသည် ရေခဲပန်းဆွဲများ၊ ရေဓားများနှင့် နွယ်ပင်များအဖြစ်သို့ပြောင်းလဲသွားပြီး မိစ္ဆာ​များ​ကို ပုံ​သဏ္ဌာန်​အမျိုးမျိုးဖြင့် သတ်​ဖြတ်​ပါတော့​သည်။ အဆင့် ၂ အဆောင်​လက်​နက်​များ၏ လက်ချက်မိပါက အဆင့် ၁ မီး​မိစ္ဆာများမှာ ပွဲချင်းပြီးသေဆုံးကုန်ကြသည်။ ကျန်း​ချန်ရွှမ်၏အပြု​အမူကိုကြည့်ရင်း ရှန်းရူယန်နှင့် ရွှီချန်းဟယ်တို့မှာ ဇဝေဇဝါဖြစ်နေကြသည်။ ကျန်း​ချန်ရွှမ်တစ်ယောက် မီးလျှံ​မိစ္ဆာ​များ​ကို အသည်းအသန်​သတ်ဖြတ်နေလိုရသည့် အကြောင်း​အရင်း​ကို​သူတို့​နား​မလည်ပါ။ ကျန်းချန်ရွှမ်ပစ်လွှတ်တိုက်ခိုက်နေသော အဆောင်​ပစ္စည်း​များ​မှာ အဆင့်၂ အနိမ့်စားအဆင့်သာရှိသော်လည်း တစ်ခုကို​ ဝိညာဉ်​ကျောက်​တုံး​ ၁၀၀၀ မှ ၂၀၀၀ အတွင်း ​ကုန်​ကျပါသည်။

လက်​ရှိ​အချိန်​တွင် ကျန်းချန်ရွှမ်အနေနှင့် သူတို့ကို​ရှင်းပြချိန်မရှိသလို ရှင်းပြလိုစိတ်လည်းမရှိပါ။ ကျန်းချန်ရွှမ်မှာ ဓား​နဲ့လူတစ်သားတည်းဖြစ်သွားပြီး ဓားအလင်းတန်းမှာ မိစ္ဆာ​အုပ်အတွင်းသို့ ရှေ့နောက်လွန်းထိုး၍ တရစပ်​ပိုင်းဖြတ်နေသည်။ အဆင့်​ ၂ အနိမ့်စားနှင့် အလယ်​အလတ်​အဆင့်​ရှိသော မီး​လျှံ​မိစ္ဆာ​များ​ပင် ကျန်း​ချန်း​ရွှမ်၏ ပြီး​ပြည့်စုံ​သော​အဆင့်​ရှိသည့် တိုက်​လေဓားနည်းစနစ်ကို ခံ​နိုင်​စွမ်းမရှိဘဲ မီးလျှံ​အခိုးအငွေ့များအဖြစ် ပြောင်း​လဲကာသေဆုံးကုန်ကြသည်။

နောက်​ထပ် အဆင့်၂ အနိမ့်စား မီး​လျှံ​မိစ္ဆာ​နှစ်​ကောင်​အား သတ်ဖြတ်​ပြီး​နောက်​တွင် စနစ်မှအချက်ပေးသံကို ကြားလိုက်ရပြန်သည်။

[ဂုဏ်ပြု​ပါတယ်​ Host၊ ကြက်​သွေး​ရောင်​မီး​လျှံ​မိစ္ဆာ​ ၁၀၀ အား​သတ်​ဖြတ်​ပြီးပါပြီ၊ အဆင့် ၂ အမြင့်ဆုံး​အဆင့်ရှိ ဓားနည်းစနစ်​ကို သင်လက်ခံရရှိလိုက်ပါပြီ၊ နည်း​စနစ်၏အမည်​မှာ ဥက္ကာ​မီးလျှံ​ဓားနည်းစနစ်​ဖြစ်သည်။]​

[ ဤနည်းစနစ်​ဖြင့် ဥက္ကာ​ခဲနှင့်တူသော မီးဓားစွမ်းအင်ကို ထုတ်​ဖော်​နိုင်​မည်​ဖြစ်ပြီး နည်းစနစ်​ကို ဆုံး​ခန်းတိုင်သည်အထိ ကျင့်ကြံနိုင်ပါက မီး​ဥက္ကာ​ခဲ ၉၉ လုံးကို တစ်ပြိုင်နက်တည်း ဆင့်ခေါ်တိုက်ခိုက်နိုင်မည်ဖြစ်သည်။ ဤနည်းစနစ်၏စွမ်း​အားမှာ အဆင့်၃ အနိမ့်စား​ မန္တန်​တစ်ခုနှင့်ယှဉ်နိုင်သည်။]​

ကျန်း​ချန်း​ရွှမ်​တစ်ယောက်​ အနည်းငယ်​အံ့အားသင့်​သွားသည်။ ဒီတစ်​ခါ စနစ်ကချီးမြှင့်လိုက်​သော ဓားနည်းစနစ်က အဆင့်၃ အနိမ့်စား​မှော်​စွမ်းအား​နှင့် အဆင့်တူသည်တဲ့။ အဆင့်​ ၂ အမြင့်ဆုံး​အဆင့် နည်း​စနစ်​များနှင့် မန္တန်​များတွင်​ အဆင့်​ ၃ အနိမ့်စား​အဆင့် မန္တန်​များ​ကိုယှဥ်နိုင်သည့် နည်း​စနစ်​မှာ ရှာမှရှားလှသည်လေ။ ထိုခဏတွင် ကျန်းချင်းရွှမ်၏စိတ်​ခန္ဓာ​အတွင်း​သို့​ မှတ်​ဉာဏ်​အသစ်တစ်ခု ဝင်​ရောက်​လာပါသည်။ ထိုမှတ်ဉာဏ်သစ်မှာ ဥက္ကာ​မီးလျှံ​ဓားနည်းစနစ်​ပင်​ဖြစ်​သည်။ မှတ်ဉာဏ်နှင့်အတူ နက်​နဲလွန်းသော စွမ်းအားသစ်တစ်ရပ်သည်လည်း သူ့ခန္ဓာကိုယ်တွင်းသို့ ဝင်​ရောက်လာကာ ထိုဓားနည်းစနစ်ကို တစ်ခဏချင်း တတ်​မြောက်​သွား​ပါသည်။

မျက်​စိ​တစ်​မှိတ်​အတွင်း​မှာပင် အဆိုပါ​ဓားနည်းစနစ်၏ က​နဦးအဆင့်ကို တက်လှမ်းသွားနိုင်ပါတော့သည်။ စက္ကန့်​ပိုင်း​မျှအကြာတွင် ကျန်း​ချန်း​ရွှမ်​မှာ နောက်ဆုံး​အဆင့်​ကိုရော​က်ရှိသွားခဲ့ပြီဖြစ်ပြီး ဓား​နည်း​စနစ်၏စွမ်း​အား​မှာ အဆင့် ၃ နားအထိ မြင့်တက်သွားပါသည်။ ယခု​အချိန်​တွင်​ အဆင့်​ ၃ အောက်​ရှိ ကျင့်​ကြံသူများ၊ နတ်ဆိုး​မိစ္ဆာများအားလုံးသည် ဥက္ကာ​မီးလျှံ​ဓားနည်းစနစ်၏ ဓားချက်တစ်ချက်ကိုပင် ခံနိုင်​စွမ်း​ရှိကြတော့မည်မဟုတ်ပါ။ သို့​သော်​ ပြဿနာ​တစ်ခုက နောက်ဆုံးအဆင့်ကိုရောက်ရှိသောအခါ ဓားနည်းစနစ်​ကိုထုတ်ဖော်လိုက်တိုင်း သူ့ကိုယ်တွင်းမှ စစ်မှန်​မှုအဆီအနှစ်အများစုမှာ ရုတ်​ခြည်းဆိုသလို ကုန်ဆုံးသွားခြင်းဖြစ်သည်။ တစ်နည်း​ဆို​ရ​လျှင် သူ၏လက်​ရှိကျင့်ကြံမှုအဆင့်ဖြစ်သော အခြေခံ​တည်ဆောက်​ခြင်း​နယ်ပယ်အဆင့်တွင် ဥက္ကာ​မီးလျှံ​ဓားနည်းစနစ်​ကို တစ်ကြိမ်သာအများဆုံး ထုတ်​ဖော်​နိုင်​မှာဖြစ်သည်။ သို့​ဖြစ်၍ ဤနည်းစနစ်ကို နောက်ဆုံး​ပွဲသိမ်းလက်နက်အဖြစ်သာ အသုံးပြု​ရန် ကျန်း​ချန်း​ရွှမ်​ဆုံးဖြတ်​လိုက်သည်။

ထို​အချိန်​တွင်​ မီး​လျှံ​မိစ္ဆာ​အား​လုံး​နီးပါးမှာ ကျန်း​ချန်​ရွှမ်၏လက်ချက်ဖြင့် သေဆုံးကုန်ကြပြီဖြစ်ပြီး ကျန်​မိစ္ဆာ​များ​ကို​လည်း ရှန်းရူယန်နှင့် ရွှီချန်းဟယ်တို့က ပွဲသိမ်းပေး​လိုက်​ကြသည်။ နောက်ဆုံး​ကျန်နေသည်က မီးလျှံ​မိစ္ဆာ​ဘုရင်​နှစ်​ကောင်​ဖြစ်သည်။ အဆင့်၃ နီးပါး​ရှိသော မီး​မိစ္ဆာ​ဘုရင်​နှစ်ကောင်မှာ ရင်ဆိုင်​ရအလွန်ခက်ခဲပြီး အခြေခံ​တည်ဆောက်​ခြင်းနယ်ပယ် နဝမအဆင့်တွင်ရှိသူ ရှန်းတောက်မင်သည်ပင် အဆင့် ၂ အမြင့်ဆုံးအဆင့် ​ဓမ္မ​လက်နက်များအကူအညီဖြင့် တိုက်ခိုက်​နေသော်လည်း အရေးနိမ့်နေသည်ကိုတွေ့ရသည်။ ရှန်းတောက်မင်ရှုံးလုဆဲဆဲတွင် ကျန်း​ချန်ရွှမ်၊ ရှန်း​ရူယန်​နှင့်​ ရွှီချန်းဟယ်တို့ ကူ​ညီရန်အပြေးရောက်ရှိလာကြသည်။

***

နှစ်တစ်ရာကျင့်ကြံပြီးနောက်

အခန်း ​၆၄ ။ ကြက်​သွေးရောင်မီးမိစ္တာဘုရင်များကို သတ်ဖြတ်ခြင်း

ရွှီချန်းဟယ်က အစီအရင်အလံအချို့ကို ပစ်လွှတ်ကာ ရှန်းတောက်​မင်ကို တိုက်​ခိုက်​နေသော မိစ္ဆာ​ဘုရင်​နှစ်​ကောင်​ကို တား​ဆီးဖို့ကြိုးစားလိုက်သည်။ သို့​သော်​ သာမန်မီးမိစ္ဆာများ​ကို​ အလွယ်တကူ​ချုပ်​နှောင်​နိုင်​သော ရွှီချန်းဟယ်၏အစီအရင်​များမှာ မိစ္ဆာ​ဘုရင်​နှစ်​ကောင်​လက်​ချက်​ဖြင့် ပြာမှုန့်အဖြစ်သို့ လောင်​ကျွမ်း​သွားပါတော့သည်။

ချွင်!

တစ်ချိန်​တည်း​၌ ရှန်း​ရူယန်၏အဆင့်၂ ဓမ္မ​လက်နက်​ဖြစ်​သော ကျိန်​စာအလင်းတန်းဓားမှာ မိစ္ဆာ​ဘုရင်​တစ်ကောင်၏ကိုယ်ကို ပိုင်း​ဖြတ်​မိပြီး ဒဏ်ရာ​အပေါက်​တစ်ခု​ဖြစ်​ပေါ်​လာသော်လည်း စက္ကန့်​အနည်းငယ်​အတွင်း​ ဒဏ်ရာ​မှာ အလိုလိုကျက်သွားပြန်သည်။ ဤသည်ကိုမြင်လိုက်ရသော ကျန်း​ချန်ရွှမ်နှင့် ရွှီချန်းဟယ်​တို့မှာ ပါးစပ်​အဟောင်းသားဖြစ်သွားရသည်။ အဆင့်​၂ အမြင့်ဆုံး​အဆင့်​ဖြစ်​သော ဓားပျံလက်နက်မှာ မိစ္ဆာ​ဘုရင်​နှစ်​ကောင်​ကို ပြော​ပလောက်သည့်ဒဏ်ရာမျိုး မပေးနိုင်ပေ။

ကျန်း​ချန်ရွှမ်လည်း မစဉ်းစား​တော့​ဘဲ အဆင့်၂ အလယ်အလတ်​ အဆောင်​လက်နက်​သုံးလေးခု ထုတ်​ယူပြီး အားကုန်​ပစ်​လွှတ်​လိုက်​သည်။ ထို​အဆောင်​များ​ထဲတွင်​ နတ်ဆိုးကျင့်ကြံသူတစ်ဦးထံမှ ရရှိထားသည့် နတ်​ဘုရား​လေ အဆောင်​လည်းပါဝင်သည်။

နတ်ဘုရားများ၏စွမ်းအားနှင့် အလားတူသည့် လေပွေများတဝီဝီတိုက်ခတ်လာသည်။ တွဲဖက်​ပစ်​လွှတ်​လိုက်​သော ချုပ်နှောင်မှုအဆောင်ကလည်း မိစ္ဆာ​ဘုရင်​နှစ်​ကောင်​ကို လေထဲမှာပင် လော့​ချချုပ်နှောင်နိုင်လိုက်သည်။ သို့​သော်​ လက်တဖျစ်စာအချိန်အတွင်းမှာပင် နတ်ဘုရားလေပွေမှာ ပျောက်လွင့်သွားပြီး ချုပ်​ မိစ္ဆာ​ဘုရင်​နှစ်​ကောင်၏စွမ်း​အား​ကို​ ထိန်း​ချုပ်​နိုင်​ခြင်း​မရှိတော့ဘဲ လောင်ကျွမ်းသွားပါတော့သည်။

ထိုစဉ် ချုပ်​နှောင်​မှု​အဆောင်​မှ လွတ်မြောက်​လာသော မိစ္ဆာ​ဘုရင်​နှစ်​ကောင်​အနက်​ တစ်ကောင်ကိုယ်​ခန္ဓာ​ကို ရေခဲအလွှာပါးတစ်ခု ရုတ်တရက်ဖုံးလွှမ်းသွားသည်။ ရှန်းတောက်မင်က အခွင့်အရေး​ကိုလက်​လွှတ်မခံပါ။ သူ့လက်ထဲရှိ ပင်လယ်ပြာခေါင်းလောင်းမှာ ဧရာမခေါင်းလောင်းကြီးအဖြစ်ပြောင်းသွားပြီး ဟိန်းသံတစ်ခုထွက်ပေါ်လာကာ မိစ္ဆာ​ဘုရင်​ကောင်ထံ ပစ်လွှတ်လိုက်ပါသည်။ ထိုခဏတွင် မီးလျှံ​မိစ္ဆာ​ဘုရင်၏ကိုယ်မှာ တစ်စစီပေါက်​ကွဲသွားပြီး မီး​ပွား​များအဖြစ် ပြန့်ကျဲသွားပါသည်။

ဤအဖြစ်ကိုမြင်လိုက်ရသော ကျန်း​ချန်​ရွှမ်နှင့် ရွှီချန်းဟယ်တို့မှာ မအံ့သြဘဲမနေနိုင်တော့။ အဆင့် ၃ လက်​နက်​ရတနာတစ်ခုက ယခုလို ​အလွန်​အစွမ်းထက်နေလိမ့်မည်ဟု ​သူတို့​မမျှော်လင့်ထားကြပါ။ အစောပိုင်းက သူတို့​အစွမ်းကုန် အားသွန်တိုက်ခိုက်ခဲ့ကြသော်လည်း မိစ္ဆာ​ဘုရင်​နှစ်​ကောင်​ကို ခြစ်​ရာလေးတစ်ခုထင်ဖို့ပင် အနိုင်​နိုင်ဖြစ်နေချိန် အဆင့် ၃ လက်​နက်​ရတနာတစ်ခုအတွက်တော့ မိစ္ဆာဘုရင်တစ်ကောင်​ကို သတ်ဖြတ်​ရန် တစ်ချက်တည်းသာ လိုသည်လေ။ သို့​သော် ရတနာ​လက်​နက်​ကို အသုံးပြု​ပြီးသည်နှင့် ရှန်း​တောက်​မင်၏ ခန္ဓာကိုယ်​မှာ လဲပြိုလုမတတ် အား​အင်များကုန်ခန်းလုနီး ဖြစ်​သွား​ရပါသည်။ မျက်​နှာ​မှာလည်း သွေးဆုတ်​သလို​ဖြူလျော်သွားသလို ကိုယ်​ခန္ဓာ​မှာလည်း ယိုင်လဲလုနီးဖြစ်သွားသည့်အတွက် ပင်​လယ်​ပြာ​ခေါင်း​လောင်း​ကို နောက်​တစ်​ကြိမ်​အသုံးပြု​နိုင်​စွမ်း​မရှိတော့​ပါ။

ကျန်​နေသေးသော မီး​လျှံ​မိစ္ဆာ​ဘုရင်​မှာ သူ့အဖော်အသတ်ခံလိုက်ရသည်ကို မြင်​ပြီးနောက် ဒေါမာန်ပြင်းစွာဖြင့်ဟိန်းလိုက်သလို ခန္ဓာကိုယ်​မှလည်း အလျှံတငြီးငြီးတောက်လောင်နေသော မီးလျှံ​ကြီးများ ပေါ်​ထွက်လာသည်။ ထိုမီးများမှာ အနီရောင်​မှ ပြာလဲ့လဲ့အဖြစ်သို့ အသွင်ပြောင်းနေသည်။

“မကောင်း​တော့ဘူး​ ဒီကောင် ​အဆင့်​၃ ကိုတက်နေတာ၊ ကျုပ်​တို့​အမြန်ဆုံး​တားမှဖြစ်မယ်”

ရွှီချန်းဟယ်က စိုး​ရိမ်​ကြီးစွာဖြင့် လောဆော်လိုက်သော်လည်း ရှန်း​တောက်​မင်မှာ ဆက်လက်​တိုက်​ခိုက်​နိုင်​စွမ်းမရှိတော့ပါ။ ထိုစဉ် ရှန်း​ရူယန်​က ရုတ်တရက်​ရှေ့ထွက်လာပြီး တစ်စုံတစ်ခုကို ပစ်​လွှတ်​လိုက်​သည်။ ရူယန်​ပစ်လိုက်သောအရာမှာ အဆင့် ၃ အဆင့်ရှိ လေနက်အဆောင်ဖြစ်မှန်း ကျန်း​ချန်​ရွှမ်မြင်လိုက်ရသည်။ တစ်ခဏချင်းပင် အနက်​ရောင်​လေဆင်​နှာမောင်း​တစ်ခုက မိစ္ဆာ​ဘုရင်​ကို တစ်ဟုန်ထိုးဖြတ်ဝှေ့သွားသည်။ လေဆင်​နှာမောင်း​ခဲတွင် ချာလပတ်ယမ်းနေသော မိစ္ဆာဘုရင်၏ကိုယ်ပေါ်ရှိ မီးလျှံ​များမှာငြိမ်းသွားပြီး ခန္ဓာကိုယ်​ကြီး​မှာလည်း ပြာအဖြစ်​လောင်​ကျွမ်းပျောက်ကွယ်သွားပါတော့သည်။

ကျန်း​ချန်ရွှမ်မှာ နောက်​တစ်ကြိမ်​ ပါးစပ်​အဟောင်း​သား​ဖြစ်ရပြန်သည်။ အဆင့်၃ အနိမ့်စား​အဆင့်ရှိ​ အဆောင်​လက်​နက်၏စွမ်းပကားမှာ တုန်လှုပ်​ဖွယ်​ကောင်း​လှသည်။ အဆင့်​ ၃ အနိမ့်စား​အဆင့် ဓမ္မ​ရတနာဖြစ်သော ပင်လယ်​ပြာခေါင်းလောင်းကဲ့သို့ပင် အဆင့် ၃ နီး​ပါး​ရှိ​နေသည့် မီးလျှံ​မိစ္ဆာ​ဘုရင်​တစ်​ကောင်​ကို တစ်​ချက်​တည်းနှင့် သုတ်​သင်​နိုင်​စွမ်း​ရှိသည်။

သို့​သော်​ ထို​အဆောင်လက်နက််၏စျေး​နှုန်း​ကို မြင်​ယောင်​ကြည့်​လိုက်​ချိန် ကျန်း​ချန်​ရွှမ်မှာ စိတ်​ထိ​ခိုက်​သွားရသည်။ ရူယန်ပစ်လွှတ်လိုက်သော လေနက်အဆောင်တစ်ခုသည် ဝိညာဉ်​ကျောက်​တုံး​ပေါင်း​ သောင်း​ဂဏန်း​နှင့်ညီသည်။

သို့သော်​ သည်တစ်ခါစစ်ဆင်ရေးသည် ရှန်း​မျိုး​နွယ်​စုအကျိုး​စီးပွား​နှင့်ယှဥ်သော စစ်ဆင်ရေးဖြစ်၍ ရူယန်​တစ်ယောက်​ အဆင့် ၃ အဆောင်​လက်နက်​ကို အသုံးပြုလိုက်ရသော်လည်း သူမ၏​မိသားစုက အချိန်မရွေးပြန်လည်ဖြည့်ဆည်းပေးနိုင်ပါသည်။

“အစ်ကို​ ဘာဖြစ်​သွား​သေးလဲ”

ရူယန်​က ရှန်းတောက်မင်ကို လှည့်ကြည့်ပြီး စိုးရိမ်​တ​ကြီး​နှင့် မေးလိုက်သည်။ ကျန်း​ချန်ရွှမ်​နှင့် ရွှီချန်းဟယ်​တို့လည်း​ ရှန်း​တောက်​မင်​ဘေးနား ရောက်​လာကြသည်။ ရှန်းတောက်​မင်​က စစ်​မှန်​သောအဆီအနှစ်ကို ပြန်​လည်​ဖြည့်​တင်း​ပေးသော ဆေးပြားကိုသောက်ပြီး မျက်​လုံး​မှိတ်လျက် အသက်​ရှု​နှုန်း​ကို ချိန်ညှိလိုက်ပြီးမှ ပြုံးရယ်ရင်း ခေါင်း​ခါပြလိုက်သည်။

“ဘာမှ​မဖြစ်ဘူး​ အဆီ​အနှစ်​စွမ်း​အင်​ကို သုံးတာများသွားလို့ပါ၊ အခုပြန်ကောင်းနေပြီ”

ထို့နောက်​ ရှန်း​တောက်​မင်​က သူတို့၏ရှေ့​တွင် ရှိ​နေသည့် မီးတောင်ကိုစိုက်ကြည့်လိုက်ပြီး

“သွားစို့ မိစ္ဆာ​တွေကိုရှင်းပြီးပြီဆိုတော့ မီး​တောင်​ကိုလေ့လာရမဲ့ အချိန်​ရောက်​ပြီ”

မကြာ​မီ လေးဦးသား မီးတောင်ရှိရာသို့ ပျံသန်း​လာကြပါတော့သည်။ မီး​တောင်​အနီး​သို့ ချဉ်းကပ်​မိသည့်အချိန် မီးဒြပ်စင်၏ သိပ်​သည်းဆကို ကျန်း​ချန်​ရွှမ်နှင့်အဖွဲ့သားများ ခံစားမိလိုက်ကြသည်။ မီး​တောင်​ထိပ်​ဝမှ အတွင်းအူတိုင်သို့ အနည်းငယ်ဝင်ရောက်ပြီးချိန်၌ သွေး​ကဲ့သို့​စွေးစွေးနီသော ဝိညာဉ်​ဂျင်​ဆင်းများမှာ ချော်ရည်​နှင့်တူသော အရည်​တစ်မျိုးပေါ်တွင် မျောလျက်ရှိသည်ကို တွေ့ရသည်။

“ဒါ ချော်ရည်​ဂျင်​ဆင်း​တွေပဲ”

ထို​မြင်​ကွင်းကို ရှန်းတောက်​မင်နှင့် ရွှီချန်းဟယ်တို့ အံ့သြ​တကြီးဖြစ်သွားသည်။ ချော်ရည်ဂျင်​ဆင်း​မှာ အဆင့် ၂ မီး​ဓာတ်​အမျိုး​အစား​ ဝိညာဉ်​ဆေးဝါးဖြစ်ပြီး သက်တမ်းအပေါ်​မူတည်​ပြီး အဆင့်​အတန်းနဲ့ အာနိသင်​ အစားစား​ရှိသည်။ သူတို့​မြင်နေရသော ဂျင်ဆင်း​များ​မှာ နှစ်​တစ်ရာ​သက်တမ်းရှိသော အဆင့်၂ အနိမ့်စား​ဆေးမြစ်များဖြစ်သည်။ သို့သော်​ ရှေ့​သို့အနည်းငယ် ခရီး​ဆက်​လိုက်​ချိန်​တွင် နှစ်ပေါင်း​ ၁၅၀ သက်တမ်း​ရှိသော အဆင့်၂ အလယ်​အလတ်​ ဂျင်​ဆင်း​များ​ကို တွေ့ရပါတော့သည်။ မီးတောင်၏ဗဟိုချက်မအနီး ရောက်​သည့်အခါ နှစ်​ ၂၀၀ သက်​တမ်း​ရှိသည့် အဆင့်​၂ အမြင့်ဆုံး​အဆင့် ဂျင်​ဆင်းများကိုပင် တွေ့ရပါသည်။

ထိုမျှမကသေး။ သူတို့​ရှေ့မှောက်ရှိ ချော်ရည်အိုင်တစ်ခုအတွင်း၌ ဖြည်းညင်းစွာမျောနေသော အနီရင့်ရောင်သလင်းကျောက်တစ်ခုကို တွေ့လိုက်ရပါတော့သည်။

“ဒါ… ဒါကြီးက ဒြပ်​စင်​ငါးပါးထဲက မီးဒြပ်စင်ဖြစ်တဲ့ ကြက်သွေးရောင်မီးသလင်းကျောက်ပဲ”

ကျန်း​ချန်ရွှမ်နှင့်အဖွဲ့သားတို့၏ မျက်​လုံး​များမှာ အရောင်​လက်​သွားကြသည်။

ရှန်းတောက်မင်က ရွှီချန်းဟယ်ဖက်ကိုလှည့်ပြီးမေးသည်။

“အကြီးအကဲ​ရွှီ ဒီမီးသလင်းကျောက်က အပြည့်အဝ သိပ်​သည်း​ပြီးထားတဲ့ကျောက်လား”

ရွှီချန်းဟယ်သည် ရှေ့အနည်းငယ်တိုးလိုက်ပြီး နတ်​ဘုရား​စိတ်​အာရုံ​ဖြင့် စစ်ဆေး​လိုက်​ပြီးနောက်​ ခေါင်း​ယမ်းပြလိုက်သည်။

“မသိပ်သည်းရသေးဘူး”

ထို့နောက်​ ခေတ္တ​မျှစဉ်းစားလိုက်ပြီးမှ ရွှီ​ချန်း​ဟယ်က စကား​ကို​ဆက်သည်။

“ဒါပေမဲ့​ ကျုပ်​လေ့လာမိသလောက် ဒီမီးသလင်းကျောက်က အပြည့်အဝသိပ်သည်းမိဖို့ သိပ်​မလိုတော့ပါဘူး၊ အကြမ်း​ဖျင်းမှန်း​ရရင် ဆယ်​နှစ်​ကနေ နှစ်​နှစ်​ဆယ်အတွင်းတော့ ကြာလိမ့်မယ်၊ အဲဒီ​အချိန်​ရောက်ရင် ခရမ်း​ပြာဆေးလုံးအကူအညီနဲ့ ဒီမီးသလင်းကျောက်ကိုသုံးပြီး ကျီဖုနယ်ပယ်ကို တက်​လှမ်း​လို့ရပါပြီ”

ရွှီချန်းဟယ်၏အဖြေကိုကြားပြီး ရှန်း​တောက်​မင်​ အနည်း​ငယ်​စိတ်​ပျက်​သွား​သည်။ နတ်ဆိုးသားရဲအဓိကရုဏ်းက ရှိနေသေးသည်မဟုတ်ပါလား။ ရှန်း​တောက်​မင်​သာအဆိုပါ​ကိစ္စ​မတိုင်ခင် ကြိုတင်ပြီး မီးသလင်းကျောက်​အကူအညီ​ဖြင့်​ ကျီဖုအဆင့်ကို တက်လှမ်းထားနိုင်ခဲ့လျှင် ရှန်းမျိုးနွယ်စုတစ်ခုလုံးကို သူအနေနှင့် လွယ်​ကူစွာကာကွယ်နိုင်လိမ့်မည်ဖြစ်သည်။ ယခု​တော့​ကံမကောင်း​စွာနှင့်ပင် နတ်ဆိုးသားရဲအဓိကရုဏ်း ဖြစ်​မလာခင် မီး​သလင်း​ကျောက်​မှာ အချိန်မီသိပ်သည်းနိုင်ပါ့မလား သူအနေနှင့် မပြောတတ်တော့ပါ။

***

နှစ်တစ်ရာကျင့်ကြံပြီးနောက်

အခန်း​ ၆၅ ။ ဓမ္မ​ရတနာ​အလောင်းအလျာကို သန့်​စင်ခြင်း

ထို့​နောက်​တွင် သတ္တု​တွင်း​အတွင်း​ရှိ ဝိညာဉ်​ရတနာများကို လေးယောက်​သား ရှာဖွေသိမ်းဆည်း​ကြပါတော့သည်။

ရက်​အနည်းငယ်​ကြာပြီးနောက်.....

ရွှီချန်းဟယ်သည် နောက်ဆုံး​သော အစီအရင်​အလံကို နေရာချလိုက်သည်။ ကျန်း​ချန်ရွှမ်၊ ရှန်း​ရူယန်​နှင့် ရှန်းတောက်​မင်​တို့​မှာ မလှမ်းမကမ်းတွင် ရပ်ကြည့်နေကြသည်။ တစ်ခဏချင်းမှာပင် ဝိညာဉ်​အလင်း​တန်းများ ကွန့်မြူးနေသော ကြက်သွေးရောင်ရွှေသတ္တုတွင်းကြီးသည် သာမန်​တောင်​ကုန်း​တစ်ခုကဲ့သို့ အသွင်ပြောင်းသွားသည်။ ရှန်း​တောက်​မင်က ရွှီချန်းဟယ်​ကို ကျေးဇူးတင်သောအကြည့်နှင့် ကြည့်ရှုရင်း

“အကြီး​အကဲရွှီရေ ခင်ဗျား​ကို ဒီနေရာ​မှာ စောင့်​ခိုင်း​ထားရတာ အားနာ​ပါတယ်၊ ဘိုးဘေးတွေပြန်ရောက်တာနဲ့ ခင်ဗျား​အစား တခြား​တစ်ယောက်​ကို လွှတ်​လိုက်​ပါ့မယ်”

အချိန်​အတန်​ကြာ အချေအတင်ဆွေးနွေးပြီးနောက် ရှန်း​တောက်​မင်​တို့​အဖွဲ့သည် အစီအရင်ခင်းကျင်းခြင်းအတတ်တွင် အထူး​ကျွမ်းကျင်​သူ ရွှီချန်းဟယ်ကို သတ္တု​တွင်း​အား စောင့်​ကြည်ရန်တာဝန်ကို ပေးအပ်​ဖို့​ဆုံးဖြတ်​ခဲ့​ခြင်း​ဖြစ်သည်။ ကူယန်မြို့​ရှိ ဝိညာဉ်သွေးကြော​အတွက်​မူ ကျန်း​ချန်​ရွှမ်နှင့်​ရှန်း​ရူယန်တို့ ကျောက်​စိမ်း​ဖြူ​စျေး​ကို ပြန်လည်ရောက်ရှိ​သည့်အချိန်တွင် ရှန်းတောက်​ယွမ်​ကို ကူယန်သို့စေလွှတ်လိုက်မည်ဖြစ်သည်။

ရွှီချန်းဟယ်က​ ပြုံးရယ်လျက်

“မစိုးရိမ်​ပါနဲ့ ကျုပ်​မသေသရွေ့ ဒီသတ္တုတွင်း ဘာမှမဖြစ်စေရဘူး”

ထို့နောက်​တွင်​ ကျန်း​ချန်ရွှမ်တို့သုံးဦးသည် ရွှီချန်းဟယ်​ကို နှုတ်ဆက်​ပြီး ကိုယ်​စီခရီးကိုထွက်ခွာလာကြတော့သည်။ ကျန်း​ချန်ရွှမ်နှင့် ရှန်း​ရူယန်​တို့​မှာ ကျောက်စိမ်းဖြူစျေး​သို့ အလောတကြီးပြန်စရာမလိုသည့်အတွက် ရှန်းတောက်မင်နှင့်အတူ ယွီဟွာတောင်သို့ လိုက်​ပါလာခဲ့ကြသည်။ တောင်ပေါ်ရောက်သည့်အခါ​ ကျန်း​ချန်​ရွှမ်တို့​နှစ်ဦးသည် သည်တစ်ခါ စစ်ဆင်ရေးမှရရှိခဲ့သော မိသားစု​အကျိုး​ဆောင်ရမှတ်များကို အသုံးပြု​ပြီး လိုအပ်သည်များကို လဲလှယ်ကြသည်။

ကျန်း​ချန်​ရွှမ်​က အဆင့်၂ မီးဓာတ် မန္တန်​အနည်းငယ်၊ အခြေခံ​တည်ဆောက်​ခြင်း​ အလယ်အဆင့်ကျင့်ကြံမှုကို အထောက်​အကူ​ပြုမည့် ဆေး​ဝါးအချို့နှင့် အဆင့်၂ အဆောင်လက်နက်​များကို ဖန်တီး​ရာတွင် လိုအပ်​သောပစ္စည်းအချို့ကို လဲလှယ်လိုက်သည်။ ရှန်းရူယန်​ကမူ အဆင့်၃ အဆောင်​ပစ္စည်း​အချို့​အပြင် သူမရရှိထားသော အကျိုး​ဆောင်​အမှတ်များအားလုံးကို လက်​နက်​သန့်စင်ရာတွင် အသုံးပြု​သည့်ပစ္စည်းများနှင့် လဲလှယ်ပစ်လိုက်သည်။ သို့​သော်​ သူမလိုအပ်နေသည့် ပစ္စည်း​များမှာ လုံလောက်ဟန်မတူသေး။ ကျန်း​ချန်​ရွှမ်နှင့်အတူ အခြား​ဂိုဏ်း​များ၏စျေးများအထိ သွားရောက်လည်ပတ်​ဝယ်ယူခဲ့သော်လည်း ရူယန်​လိုအပ်​နေသော ပစ္စည်းအရေအတွက်မှာ ပြည့်မီပုံမပေါ်သေးပါ။

ဘေး​မှအတူလိုက်ပါနေသော ကျန်း​ချန်​ရွှမ်​မှာ ရူယန်​တစ်ယောက်​ မည်​သည့်အရာကို သန့်စင်လိုနေ၍ သည်မျှအထိ အပင်ပန်းခံဝယ်ယူနေရသနည်း ဆိုသည်ကို သိချင်စိတ်ပြင်းပြနေပါတော့သည်။ ရှန်း​ရူယန်​ကလည်း ကွယ်ဝှက်ခြင်းမရှိပါ။ သူမသန့်စင်လိုသည့်အရာမှာ အဆင့်​၃ ဓမ္မ​ရတနာလောင်းဖြစ်သည်ဟု ဝန်ခံပါသည်။

အနာဂတ်​တွင် ရူယန်​တစ်ယောက်​ ကျီ​ဖုနယ်ပယ်ကို တက်လှမ်းနိုင်ခဲ့လျှင် ဤဓမ္မရတနာလောင်းသည် သူမ၏ကိုယ်ပိုင်ရတနာတစ်ပါးဖြစ်လာမည်ဖြစ်သည်။ အားလုံး​သိကြ​သည့်အတိုင်း ကျီဖုနယ်ပယ်ကိုတက်လှမ်းနိုင်သော ကျင့်ကြံသူတစ်ဦးသည် ကိုယ်ပိုင်ရတနာကို သွန်း​လုပ်သန့်စင်ခွင့်ရှိပြီး ထိုအချိန်တွင် သူတို့၏လက်နက်များမှာ “ဓမ္မ​လက်နက်ပစ္စည်း” အဖြစ်​မှ “ဓမ္မ​ရတနာ” အဖြစ်​သို့​ အဆင့်မြင့်သွားမည်ဖြစ်သည်။ ဓမ္မရတနာ​လောင်းဆိုသည်မှာ ဓမ္မ​လက်နက်​ပစ္စည်း​နှင့် ဓမ္မ​ရတနာနှစ်ခုအကြားက ကြားခံအဆင့်ဖြစ်ပြီး ရတနာ​လောင်း၏စွမ်းအားမှာ ဓမ္မ​လက်နက်​ပစ္စည်း​များ​ထက် ပိုမိုသာလွန်​ပြီး ဓမ္မ​ရတနာ​များ​ထက်တော့ နိမ့်ကျပါသည်။

ထို့​အပြင် ​ရတနာလောင်းများတွင် ရတနာ​အစစ်များကဲ့သို့ လုပ်ဆောင်​နိုင်​စွမ်း​အချို့ရှိပြီး ဥပမာအနေနှင့် ကျင့်ကြံသူတစ်ဦးသည် ရတနာ​လောင်း​ကို သူ၏ဒန်တျန်သွေးကြောအတွင်းသို့ စုပ်ယူနိုင်စွမ်းရှိသည်။ အဆို​ပါကျင့်ကြံသူသည် ကျီဖုအဆင့်သို့ရောက်ရှိသွားပါက ထိုရတနာလောင်းကို ဓမ္မ​ရတနာ​အစစ်အဖြစ်သို့ သန့်စင်နိုင်မည်ဖြစ်သည်။ အချုပ်​ဆိုရလျှင် လိုအပ်သည့်ရင်း​မြစ်​ပစ္စည်း​များနှင့် ကျင့်ကြံမှုအဆင့်တစ်ခု မရှိဘဲ ဓမ္မ​ရတနာ​လောင်းကို သန့်စင်ဖို့ လုံးဝ​မဖြစ်နိုင်ပါ။

ထို့နောက်​တွင် ကျန်း​ချန်​ရွှမ်​တို့​နှစ်ဦး​သား ကျောက်စိမ်းဖြူစျေးသို့ ပြန်လည်ရောက်ရှိလာပါတော့သည်။ သူမတို့မရှိသည့်အတောအတွင်း ဖြစ်​ပွားခဲ့သည့် အခြင်း​အရာများကို မေးမြန်း​စုံစမ်း​ပြီးနောက် ရူယန်​သည် သူမ၏ရတနာလောင်းကို သန့်စင်ဖို့အလျင်အမြန် ပြင်​ဆင်​ပါသည်။ သည်တစ်ခါ ကျန်း​ချန်​ရွှမ်ကိုပါ ဘေးကနေစောင့်ကြည့်ဖို့ ဖိတ်ခေါ်ပါသည်။

အနာ​ဂါတ်​တွင် ကျန်း​ချန်​ရွှမ်​တစ်ယောက်​ ကျီဖုအဆင့်သို့ ရောက်ရှိသွားလျှင် သူ၏ကိုယ်ပိုင်ရတနာကို သန့်စင်ရမည်ဖြစ်၍ ရှန်း​ရူယန်​က ရတနာသန့်စင်​နည်းကို တစ်ခါတည်းသင်ပြပေးလိုခြင်းဖြစ်သည်။ ကျန်း​ချန်​ရွှမ်အနေနှင့် ရူအယ်​တစ်ယောက်​ လက်​နက်​သ​န့်​စင်နည်းများကို ကျွမ်းကျင်နေမှန်း မသိထားခဲ့ပါ။ ယခု​ ရူယန်၏ဝန်ခံချက်အရ သူ့တွေးထင်ချက်အချို့ မှန်​ကန်နေပြီဖြစ်ကြောင်း သေချာ​သွားပါသည်။ မဟုတ်​လျှင်​ အချိန်​တို​အတွင်း​ လူတစ်ယောက်​မှာ ဤမျှအထိ ပြောင်းလဲ​သွား​နိုင်​စရာ အကြောင်း​မရှိပါ။ ကျန်း​ချန်​ရွှမ်​ တွေးတောနေသည့်အရာကို သိနေသည့်အလား ရှန်း​ရူယန်က ပြုံးရင်း

“ယောက်ျား​ရေ ကျွန်​မအရင်ကပြောဖူးတယ်မလား၊ အချိန်​တန်​ရင် ရှင့်ကို​အသိပေးရမဲ့အရာတွေရှိတယ်လို့၊ အခုလောလောဆယ်တော့ ကျွန်​မပိုင်ဆိုင်ခဲ့တဲ့ မှတ်ဉာဏ်အချို့ကို မကြာသေးခင်အချိန်က ပြန်ရထားခဲ့တယ်လို့ ရှင်​သိထား​ရင် လုံလောက်ပါပြီ”

ဤစကားကိုကြားလိုက်ရ၍ ကျန်း​ချန်​ရွှမ်၏အတွေးမှန်ကန်သည်မှာ လုံးဝ​သေချာ​သွားသည်။ သူ၏တာအိုကျင့်ကြံဖော် ရူယန်​သည် သူမ၏ အတိတ်​ဘဝတွင် အဆင့်မြင့်ကျင့်ကြံသူတစ်ဦးဖြစ်လိမ့်မည်။ သူမ၏ အတိတ်​မှတ်ဉာဏ်များကို လက်ရှိရူယန်က တစ်နည်းနည်း​နှင့်​ ရရှိသွားခြင်းဖြစ်ပေလိမ့်မည်။ သို့​သော်​ သူနားမလည်သည့်အချက်က ရူယန်​သာ အတိတ်​ဘဝက ကျင့်ကြံမှုအဆင့်မြင့်မားခဲ့သူဖြစ်လျှင် သူ့ကို​သူမ၏တာအိုကျင့်ကြံဖော်အဖြစ် အဘယ်အတွက် လက်​ခံခဲ့သနည်း ဆိုသည့်အချက်​ပင်​ဖြစ်​သည်။ ထို​အခါ​ရူယန်​က

“အတွေး​မလွန်ပါနဲ့ ယောက်ျား​ရယ် ရှင်​နဲ့​ကျွန်​မက ဘဝတူတွေပါပဲ၊ ဒီရှည်လျားတဲ့ အမတခရီးကို ကျွန်​မနဲ့​ရှင်​ပဲ အတူလက်တွဲပြီး လျှောက်​လှမ်းနိုင်မှာလေ”

ကျန်းချန်ရွှမ်တစ်ယောက် ရူယန်၏စကားကြောင့် တုန်လှုပ်သွားမိသည်။ ဘဝတူဆိုသည့်စကားက ဘာကိုဆိုလိုသနည်း။ ရူယန်​တစ်ယောက်​ သူနှင့်ပတ်သက်သည့်တစ်ခုခုကို သိထား​သည်များလား။ ရူယန်​က တစ်ဖန်ပြုံးလိုက်ရင်း စကားဆက်ပြန်သည်။

“ရှင်​နဲ့​ကျွန်​မက တာအိုကျင့်ကြံဖော်တွေ ဖြစ်နေပြီပဲ၊ တစ်ယောက်​နဲ့​တစ်ယောက်​ ရိုးသားစွာဆက်ဆံရမှာမှန်ပေမဲ့ ကိုယ်ပိုင်​လျှို့ဝှက်​ချက်​လေးတွေတော့ ရှိထားသင့်တယ်ထင်တာပဲ၊ လောလောဆယ်​အတောအတွင်း​ပေါ့၊ ရှင်​ဘယ်လိုသဘောရလဲ”

ရူယန်သည် ဤစကားကို ကျန်း​ချန်​ရွှမ်၏မျက်လုံး​ကို နက်ရှိုင်း​စွာ စေ့စေ့ကြည့်လျက်ပြောခြင်းဖြစ်သည်။ ကျန်း​ချန်​ရွှမ်၏နှလုံး​မှာ အခုန်မြန်လာပြီး အနိုင်နိုင်ပြုံးလျက် ခေါင်း​ညိတ်​ပြလိုက်ရသည်။

“ဒါပေါ့​ မိန်း​မ​မှန်ပါတယ်၊ ကိုယ်​နားလည်​တယ်​”

ထို့နောက်​တွင် နှစ်​ယောက်​သား ​စကားစဖြတ်လိုက်ကြပြီး ဓမ္မ​ရတနာ​အလောင်း​ သန့်စင်​သည့်ကိစ္စ​ကိုသာ အာရုံစိုက်​လို​က်ကြသည်။ ရှန်း​ရူယန်​က

“ဒီတစ်ခါ သန့်စင်​မဲ့ရတနာလောင်းက မိုး​ကြိုးသွား လျှပ်​စီးမီးဓား ပဲ၊ ကျွန်​မရဲ့​ဝိညာဉ်​အမြစ်​က လျှပ်​စီးဓာတ်ဆိုတော့ လျှပ်​စီးဓာတ်အခြေခံ ဓမ္မ​ရတနာ​တွေကို အသုံးပြု​တာ အကောင်း​ဆုံး​ပဲ၊ ဒါကြောင့်​ ဒီ “မိုး​ကြိုးသွား လျှပ်စီးမီးဓား” က လျှပ်​စစ်ဓာတ်အခြေခံ ဓမ္မရတနာ​ဖြစ်တယ်၊ ဒါပေမဲ့​ လက်​နက်ရဲ့သတ်ဖြတ်နိုင်စွမ်းကို မြှင့်ဖို့ မီးဓာတ်​အဆီ​အနှစ်အချို့ ထည့်​သွင်း​ပေါင်း​စပ်ထားတယ်”

ပြောရင်း​ဆို​ရင်းနှင့်ပင် ရူယန်​က ကျန်း​ချန်​ရွှမ်ကို လက်နက်​သန့်စင်နည်းများအကြောင်း အခြေခံ​မှစ၍​ သင်ကြားပေးပါတော့သည်။ ရှန်း​ရူယန်၏ လက်​နက်​သ​န့်စင်​ခြင်း​နှင့် ပတ်သက်​သည့်​အသိပညာမှာ အတော်​လေးအဆင့်မြင့်မားသည်ဟု ဆိုရမည်ဖြစ်သည်။ လအနည်းငယ်​အတွင်း လက်​နက်​သ​န့်​စင်​ခြင်းပညာကို တီးမိခေါက်မိရှိလာရုံမက ရှန်းရူယန််၏ အနီး​ကပ်​ညွှန်ကြား​မှုဖြင့် အခြေ​ခံလက်နက်အချို့ကိုပင် သန့်စင်နိုင်နေပြီဖြစ်သည်။ ထို​အခိုက်​ စနစ်၏အသံက ရုတ်တရက်​ထွက်​ပေါ်​လာပါတော့သည်။

[ဒင်! ဆောင်​ရွက်​ရန် မစ်​ရှင်​တစ်ခု ကြေငြာ​လိုက်သည်၊ စနစ်​ပိုင်ရှင်၊ အခြေခံပစ္စည်းများကို သန့်စင်မှု အကြိမ်​ ၁၀၀ ပြုလုပ်ပါ]​

[တာဝန်ပြီးမြောက်မှု ​: ၆%]

***

All Chapters