အခန်း (၆၆-၇၀)
Vol. 4 Ch. 66-70
နှစ်တစ်ရာကျင့်ကြံပြီးနောက်
အခန်း ၆၆ ။ ဘိုးဘေးပြန်လာပြီ
ရုတ်တရက်ကြားလိုက်ရသောအသံကြောင့် ကျန်းချန်ရွှမ်တစ်ယောက် မှင်သက်သွားမိသည်။ သူ့ရှေ့မှောက်တွင်ရှိနေသည့် အကြမ်းထည်ပစ္စည်း တစ်ပုံတစ်ခေါင်းကိုကြည့်ရင်း
“ငါတော့ နောက်ထပ်ဆုတစ်ခု ရဦးမှာပဲ” ဟုတွေးမိလိုက်သည်။ ထိုအတွေးကြောင့် လက်နက်သန့်စင်ခြင်းလုပ်ငန်းတွင် ပိုမိုစိတ်အားထက်သန်လာပြီး အခြေခံပစ္စည်းများကို အားသွန်လျက် စတင်သန့်စင်ပါတော့သည်။
တစ်လအတွင်းမှာပင် ရှန်းရူယန်၏လမ်းညွှန်မှုအောက်တွင် အခြေခံအကြမ်းထည်ပစ္စည်း ၁၀ခုကို သွန်းလုပ်သန့်စင်ပြီးဖြစ်သည်။ ထိုအခါ ရှန်းရူယန်က ကျန်းချန်ရွှမ်အနေနှင့် အခြေခံပစ္စည်းများကို သန့်စင်ရာတွင် ကျွမ်းကျင်မှုရှိလာပြီဖြစ်၍ နောက်တစ်ဆင့်ကိုတက်ရန် ပြောသော်လည်း ကျန်းချန်ရွှမ်က
“ကိုယ် နောက်တစ်ဆင့်တက်ဖို့ အသင့်မဖြစ်သေးဘူးထင်တာပဲ၊ အခြေခံပစ္စည်းတွေကိုပဲ ဆက်သွန်းလိုက်ဦးမယ်”
ထို့နောက် လေးလမျှကြာသွားသည်။ ထိုအတောအတွင်း ရှန်းရူယန်သည် သိသာထင်ရှားသော အရိပ်အယောင်မပြသော်လည်း ကျန်းချန်ရွှမ်တစ်ယောက် အခြေခံအဆင့်၌ ဇွဲကောင်းကောင်းနှင့် ဆက်လက်သွန်းလုပ်လေ့ကျင့်နေရခြင်းမှာ အခြားသောအကြောင်းပြချက်တစ်ခုခုရှိမှန်း သိထားပုံပေါ်သည်။ သို့သော် ကျန်းချန်ရွှမ်အား မေးမြန်းခြင်းမရှိဘဲ စိတ်ရှည်စွာစောင့်ဆိုင်းနေပါသည်။ အချိန်တစ်ခုကြာပြီးသည့်နောက်မှ
“ယောက်ျား ဘယ်လိုလဲ၊ အသင့်ဖြစ်ပြီလား”
“အင်း အချိန်တန်ပြီထင်တယ်”
ကျန်းချန်ရွှမ်က နောက်တစ်ဆင့်တက်ဖို့ သဘောတူလိုက်ပြီဖြစ်သည်။ သူတစ်ဦးတည်းသာ မြင်နေရသော မစ်ရှင်ပြီးမြောက်မှုညွှန်းကိန်းမှာလည်း ၁၀၀% သို့ ရောက်ရှိသွားပြီဖြစ်သည်။ တစ်ချိန်တည်းမှာပင် သူကာလကြာရှည်စွာ စောင့်မျှော်နေခဲ့ရသော စနစ်၏အချက်ပေးသံကို ကြားလိုက်ရပါတော့သည်။
[ ဒင်! ဂုဏ်ပြုပါတယ် စနစ်ပိုင်ရှင်၊ အခြေခံပစ္စည်း ၁၀၀ ကိုသန့်စင်ပြီးပါပြီ၊ သွန်းလုပ်သန့်စင်မှု ပါရမီ +၁ ကို လက်ခံရရှိပါမည်]
ရုတ်တရက် ကျန်းချန်ရွှမ်သည် လက်နက်သွန်းလုပ်သန့်စင်ခြင်းနှင့် ပတ်သက်သည့် အသိပညာသစ်များ ရုတ်တရက်ရရှိလာသလို ခံစားလိုက်မိသည်။ သူအရင်က နားမလည်ခဲ့သော အချက်အလက်များကို ယခုအခါ ရှင်းရှင်းလင်းလင်း နားလည်သွားပြီဖြစ်သည်။
ကျန်းချန်ရွှမ်သည် သူသန့်စင်ထားသော အကြမ်းထည်ပစ္စည်းများကို ကောက်ယူလိုက်ပြီး မှော်စာများခတ်နှိပ်ကာ ရူယန်သင်ပြထားသည့်အတိုင်း မီးအသုံးပြုကာ သန့်စင်လိုက်ပါသည်။ တစ်ရက်အကြာတွင် ကျန်းချန်ရွှမ်၏ လက်ထဲတွင် ရွှေအိုရောင်တလက်လက် တောက်ပနေသော ဓားတစ်စင်းကိုင်လျက် အခန်းထဲက ထွက်လာပါတော့သည်။ ရှန်းရူယန်မြင်လျှင် အံ့သြစွာဖြင့် ရွှေရောင်ဓားကို လှမ်းယူလိုက်ပြီး အသေးစိတ်ကြည့်ရှုလေ့လာပါသည်။ ခဏအကြာတွင် အံ့အားသင့်သောလေသံနှင့်
“ယောက်ျား ရှင်တကယ်ပဲ အဆင့် ၁ ဓမ္မလက်နက်ကို သွန်းလုပ်နိုင်ခဲ့ပြီပေါ့၊ ရှင့်ရဲ့လက်နက်သန့်စင်မှုပါရမီက….”
သူမအံ့သြရင်လည်း အံ့သြလောက်စရာဖြစ်သည်။ ကျန်းချန်ရွှမ် လက်နက်သန့်စင်မှုပညာကို လေ့လာသည်မှာ တစ်နှစ်ပင်မပြည့်သေးသော်လည်း အဆင့်၁ ဓမ္မလက်နက်ကို သွန်းလုပ်နိုင်ပြီဖြစ်၍ အဆင့် ၁ လက်နက်သန့်စင်သူ ဖြစ်လာပြီဖြစ်သည်။ ဤပါရမီမျိုးသည် ပြိုင်ဖက်ကင်းဟု မခေါ်ဆိုနိုင်သည့်တိုင် ရှားပါးလှသော ပါရမီမျိုးဖြစ်သည်။
“ရှင့်ပါရမီက ကျွန်မထင်ထားတာထက် အများကြီးသာလွန်နေတယ်၊ ဒီအတိုင်းဆိုရင် နောက်တစ်ဆင့်ကိုမြန်မြန်သင်ပေးရတော့မှာပေါ့”
ကျန်းချန်ရွှမ်က ပြုံးလျက်
“မိန်းမရဲ့သင်ကြားပေးမှုကြောင့်ပါ ကိုယ့်ပါရမီက အဲဒီလောက် မမြင့်ပါဘူး”
ရူယန်လည်း ပြောစရာစကားမရှိတော့ဘဲ လက်နက်သန့်စင်ခြင်းနည်းစနစ်များကို နောက်တစ်ဆင့်တက်၍ ပြသပေးပါသည်။ တစ်ချိန်တည်းမှာပင် ရူယန်သည် သူမ၏ရတနာလောင်း သန့်စင်ခြင်းလုပ်ငန်းကို တစ်ပြိုင်နက်တည်း ဆောင်ရွက်နေခဲ့သည်။
….
နှစ်အနည်းငယ်ကြာပြီးနောက်…..
မျက်စိကျိန်းမတတ် အလင်းများနှင့် တောက်ပနေပြီး မီးလျှံခပ်ဖျော့ဖျော့ ဖုံးလွှမ်းထားသည့် ဓမ္မရတနာလောင်းသည် ရှန်းရူယန်၏ ရှေ့မှောက်၌ တည်ငြိမ်စွာလွင့်မျောလျက်ရှိသည်။ ရူယန်က လက်ချောင်းဖြင့် ဓားသွားကိုထိခတ်လိုက်သည့်အချိန် ဓမ္မရတနာလောင်းသည် အလင်းစီးကြောင်းအဖြစ်ပြောင်းကာ ရူယန်၏ မျက်လုံးနှစ်ခုကြားနေရာကို တိုးဝင်ပျောက်ကွယ်သွားတော့သည်။
ဤသည်မှာ ဓမ္မရတနာများ၏ စွမ်းအားတစ်ခုဖြစ်ပြီး ကျင့်ကြံသူနှင့် တစ်သားတည်းဖြစ်တည်နိုင်ပြီး ကျင့်ကြံသူ၏ခန္ဓာကို အသုံးပြုလျက် ပျိုးထောင်နိုင်ခြင်းဖြစ်သည်။ ကျင့်ကြံသူ ကျီဖုအဆင့်သို့ရောက်လျှင် ရတနာလောင်းသည်လည်း ရတနာအစစ်အဖြစ်သို့ ကူးပြောင်းနိုင်မည်ဖြစ်သည်။
တစ်ချိန်တည်းမှာပင် ကျန်းချန်ရွှမ်၏ လက်နက်သန့်စင်မှုအဆင့်မှာလည်း အရှိန်အဟုန်ဖြင့် တိုးတက်လာပြီဖြစ်ပြီး ယခုအခါ အဆင့် ၁ အလယ်အလတ် လက်နက်များကိုပင် သန့်စင်နေနိုင်ပြီဖြစ်သည်။ ထို့ပြင် ယွီဟွာတောင်မှ ရရှိလာသော ဒြပ်ငါးပါးမန္တန်များကိုလည်း ကနဦးအဆင့်ထိ ကျင့်ကြံပြီးပြီဖြစ်သည်။
ထိုအချိန်မှာပင် ရှန်းမျိုးနွယ်စုက သူတို့ကို အကြောင်းကြားလာပါသည်။ ဘိုးဘေးရှန်းယွမ်လုံနှင့် အခြားအကြီးအကဲများ ပြန်လည်ရောက်ရှိပြီဖြစ်၍ ယွီဟွာတောင်ကို အမြန်လာခဲ့ရန်ဖြစ်သည်။ ကျန်းချန်ရွှမ်တို့လည်း အချိန်ဆွဲမနေဘဲ အမြန်ထွက်ခွာလာခဲ့ကြသည်။ ခေါ်ယူရသည့်အကြောင်းရင်းကို မသိရသော်လည်း မကြာခင်လာမည့် နတ်ဆိုးသားရဲအဓိကရုဏ်းနှင့် ပတ်သက်မည်ဟု ထင်ရပါသည်။ ဘိုးဘေးယွမ်လုံပြန်လည်ရောက်ရှိလာသည့်သတင်းက စီရင်စုတစ်ခုလုံးကို ပျံ့နှံ့သွားသည်ဖြစ်ရာ ကျန်းချန်ရွှမ်တို့ ကျောက်စိမ်းဖြူစျေးမှ လူသိရှင်ကြားထွက်ခွာလာသော်လည်း မည်သူမှ ပြဿနာရှာရဲခြင်းမရှိတော့ပါ။
ယွီဟွာတောင်သို့ ရောက်ရောက်ချင်း ကျန်းချန်ရွှမ်တို့သည် ခန်းမဆောင်အတွင်းသို့ တန်းဝင်လိုက်သည်။ ထိုအချိန်တွင် သတ္တုတွင်းကိုစောင့်ကြပ်နေသည့် ရွှီချန်းဟယ်နှင့် ကူယန်မြို့ရှိ ဝိညာဉ်သွေးကြောကို စောင့်ကြည့်နေသည့် ရှန်းတောက်ယွမ်တို့လည်း ရောက်ရှိနေပြီဖြစ်သည်ကို တွေ့လိုက်ရသည်။ ထိုစဉ် စင်မြင့်ထက်တွင် ရှန်းယွမ်လုံနှင့်အတူ ကန်းယန်ဂိုဏ်းသို့ လိုက်ပါသွားသည့် ရှုချန်းနန်၊ ရှုန်းဝမ်တောက်၊ ရှုပိုင်ဖေးနှင့် ရှန်းတောင်းဖန်တို့ကိုတွေ့ရှိရသည့်အတွက် သည်တစ်ခါ ရှန်းမျိုးနွယ်စုအတွက် အသေအပျောက်မရှိသည်မှာ ထင်ရှားပါသည်။ ဤသည်မှာ ထိုနေ့က ရှန်းမန်ရွှယ်၏ ရှန်းယွမ်လုံကို သတိပေးခဲ့မှုကြောင့် ဖြစ်သည်မှာ သေချာပါသည်။ မဟုတ်လျှင် ယခုရှိနေသော အကြီးအကဲများအနက် အချို့မှာ အိမ်ပြန်လာနိုင်တော့မည် မဟုတ်ပါ။
ရှန်းယွမ်လုံက ရောက်ရှိနေသော လူအုပ်ကိုတစ်ချက်ဝေ့ကြည့်ပြီး
“မင်းတို့ကို ဘာလို့ဆင့်ခေါ်ရလဲဆိုတာနဲ့ ပတ်သက်ပြီး သိချင်နေကြလိမ့်မယ်ထင်တယ်၊ အကြောင်းရင်းကတော့ နတ်ဆိုးသားရဲကိစ္စပဲ၊ ငါရထားတဲ့သတင်းအရ နတ်ဆိုးသားရဲအဓိကရုဏ်းဟာ သုံးနှစ်အတွင်းဖြစ်လာလိမ့်မယ်”
“ဘာ သုံးနှစ်အတွင်း ဟုတ်လား”
လူအားလုံး အုံကြွအုံကြွဖြစ်သွားကြသည်။ သားရဲအရေးမှာ အနှေးနှင့်အမြန် ရောက်ရှိလာမည်ကို သိသော်လည်း ယခုလို သုံးနှစ်အတွင်း မြန်မြန်ဆန်ဆန်ဖြစ်လာလိမ့်မည်ဟု မည်သူမှမထင်ထားခဲ့ကြပါ။ သည်တစ်ခါ နတ်ဆိုးသားရဲအဓိကရုဏ်းမှာ မျှော်လင့်ထားသည်ထက် ၇ နှစ်စော၍ ရောက်ရှိလာမည်ဖြစ်သည်။
***
နှစ်တစ်ရာကျင့်ကြံပြီးနောက်
အခန်း ၆၇ ။ တိုက်ပွဲအကြို
ရှန်းယွမ်လုံ၏စကားအရ အဆင့်မြင့်တိုက်ပွဲစဉ်များတွင် လူသားမျိုးနွယ်သည် နတ်ဆိုးမျိုးနွယ်ကို ရင်ဆိုင်ခုခံရန် အလွန်ခက်ခဲသော်လည်း ယခုအချိန်တွင် နတ်ဆိုးသားရဲများသည် သဘောတူညီချက်ကိုဖောက်ဖျက်ကာ သတ်မှတ်ချိန်ထက် စောစီးစွာရောက်ရှိလာမည်ဖြစ်၍ လူသားတို့ဘက်မှ ကျင့်ကြံမှုအဆင့်မြင့်သူများသည်လည်း မဖြစ်မနေကြားဝင်လာကြတော့မည်ဖြစ်သည်။
ရှန်းယွမ်လုံက ဆက်လက်၍
“ဒါကြောင့် ငါတို့အနေနဲ့ ဒီနတ်ဆိုးသားရဲအဓိကရုဏ်းကို ဖြေရှင်းဖို့ ရှိသမျှအင်အားတွေကို စုစည်းဖို့လိုမယ်၊ အပြင်မှာရှိနေတဲ့ ငါတို့ပိုင်ဆိုင်တဲ့လုပ်ငန်းတွေကို အထဲပြန်သွင်းရမယ်၊ သွင်းဖို့မဖြစ်နိုင်ရင် ရသမျှစျေးနဲ့ရောင်းပြီး စစ်ပွဲအတွက်လိုအပ်တဲ့ ရင်းမြစ်တွေကို ဖြည့်တင်းတဲ့နေရာမှာ အသုံးပြုရမယ်”
ထို့နောက် ရှန်းယွမ်လုံက ခဏရပ်လိုက်ပြီး ရွှီချန်းဟယ်ကို ကြည့်ရင်း ခေတ္တမျှစဉ်းစားနေသည်။ ထို့နောက် စကားကိုဆက်သည်။
“အကြီးအကဲရွှီ မင်းတာဝန်ယူထားတဲ့ ကြက်သွေးရောင်ရွှေသတ္တုတွင်းကို ဆက်ပြီးဖုံးကွယ်ထားပါ။ လောလောဆယ် အသိမပေးထားနဲ့ဦး၊ ဒီနတ်ဆိုးသားရဲအဓိကရုဏ်းပြီးမှ ငါတို့တရားဝင်သိမ်းယူကြမယ်”
ထို့နောက်တွင် ရှန်းယွမ်လုံနှင့် ကလန်အကြီးအကဲများသည် စစ်ပွဲအတွက်ပြင်ဆင်ရန် ကိစ္စအရပ်ရပ်ကို ဆက်လက်ဆွေးနွေးကြသည်။
လဝက်ခန့်ကြာသောအခါ….
ရှန်းမျိုးနွယ်စုကလန်၏ လက်အောက်တွင်ရှိသော စျေးများနှင့်မြို့များတွင်ရှိသည့် စစ်ပွဲအတွက်လိုအပ်မည့် ရင်းမြစ်ပစ္စည်းများကို အကုန်သိမ်းယူပြီးဖြစ်သလို တစ်ချိန်တည်းမှာပင် ပင်းချွမ်စီရင်စုတွင်ရှိသည့် အခြေခံတည်ဆောက်မှုအဆင့် မျိုးနွယ်စုအားလုံးနှင့် တစ်ကိုယ်တော်ကျင့်ကြံသူအားလုံးကို နောက်သုံးနှစ်အကြာတွင် ရှန်းကလန်၏ဌာနချုပ် ယွီဟွာတောင်၌ လာရောက်စုဝေးကြရန် စာပို့လိုက်သည်။
လိုက်နာရန်ပျက်ကွက်သူအားလုံးကို ပင်းချွမ်စီရင်စုမှ နှင်ထုတ်မည်ဖြစ်သလို ရှန်းကလန်၏ နာမည်ပျက်စာရင်း၌လည်းအသွင်းခံရမည်ဖြစ်သည်။ ရှန်းကလန်မှထုတ်ပြန်လိုက်သော အမိန့်သည် ပင်းချွမ်စီရင်စုတွင် နှစ်များစွာအခြေစိုက်လာခဲ့သော မိသားစုအချို့အတွက် လက်မခံနိုင်စရာဖြစ်သည်။ ပင်းချွမ်စီရင်စုမှ နှင်ထုတ်ခံရလျှင် သူတို့၏လက်ရှိပိုင်ဆိုင်မှု အများအပြားဆုံးရှုံးမည်ဖြစ်သည်။ ပထမဆုံး ဆုံးရှုံးမည်က အဆိုပါမိသားစုများ ရှင်သန်ရပ်တည်နိုင်ရေးအတွက် အရေးပါသော ဝိညာဉ်သွေးကြောနှင့် ထိုနေရာတွင်တည်ဆောက်ထားသည့် သူတို့၏အဆက်အသွယ်များဖြစ်သည်။
ထို့ကြောင့် ရှန်းမျိုးနွယ်စုမှ စာပို့ပြီးမကြာခင်တွင်ပင် စီရင်စုအတွင်းရှိ မျိုးနွယ်စုအသီးသီးထံမှ ပြန်စာများရောက်ရှိလာကြပြီး နတ်ဆိုးသားရဲအရေးတွင် ရှန်းမျိုးနွယ်စု၏ ဦးဆောင်မှုနှင့် စီမံမှုကို အကြွင်းမဲ့လိုက်နာမည်ဖြစ်ကြောင်း ကတိပေးကြသည်။ အချို့သောကျင့်ကြံသူများမှာမူ ပင်ချွမ်းစီရင်စုကိုစွန့်ခွာ၍ သူတို့၏ သက်ဆိုင်ရာဂိုဏ်းအသီးသီးကို ပြန်ကာ နတ်ဆိုးသားရဲအဓိကရုဏ်းကို ခုခံရန်ပြင်ဆင်ကြသည်။
ထိုအထဲတွင် ရတနာစင်မြင့် အဖွဲ့သားများလည်း ပါဝင်သည်။ လူသူကင်းမဲ့နေသည့် ကျောက်စိမ်းဖြူစျေးကိုကြည့်ရင်း ဟုန်ဝမ်တောင်တစ်ယောက် လှောင်ရယ်ရယ်လိုက်သည်။
“ဒီတစ်ခါ မင်းတို့ရှန်းမိသားစု ဘယ်လောက်ထိ ခံနိုင်မလဲ ကြည့်ကြသေးတာပေါ့၊ ကျန်းချန်ရွှမ်နဲ့ ရှန်းရူယန် မင်းတို့နှစ်ကောင်လုံး နတ်ဆိုးသားရဲလက်ချက်နဲ့ အသက်ပျောက်ပါစေကွာ”
ဤသို့ ဆုမွန်ကောင်းတောင်းပြီးနောက် ဟုန်ဝမ်တောင်သည် ရတနာစင်မြင့်မှကျင့်ကြံသူအချို့ကို ဦးဆောင်၍ ပင်းချွမ်စီရင်စုမှ ပျံသန်းထွက်ခွာသွားတော့သည်။
နောက်တစ်လကြာသွားသည်။
ပင်းချွမ်စီရင်စုတွင် စစ်ရိပ်စစ်ငွေ့များ သန်းလာသည်။ သာမန်သေမျိုးများမှသည် ချီသန့်စင်ခြင်းနှင့် အခြေခံတည်ဆောက်ခြင်း အဆင့်ကျင့်ကြံသူများအထိ လူအားလုံးမှာ မကြာခင်လာတော့မည့် နတ်ဆိုးသားရဲအရေးကို ရင်ဆိုင်ရန် ပြင်ဆင်နေကြသည့်အတွက် ကောင်းကင်ကိုမော့ကြည့်လိုက်လျှင် ကျင့်ကြံသူအများအပြား လူးလာပျံသန်းနေသည်ကို မမြင်ချင်အဆုံးဖြစ်နေပါလိမ့်မည်။ အဆိုပါကျင့်ကြံသူများသည် ပင်းချွမ်စီရင်စု၏ ရှေ့တန်းစစ်မြေပြင်အတွက် လိုအပ်သည့် ရင်းမြစ်ပစ္စည်းများကို သယ်ယူပို့ဆောင်နေကြခြင်းဖြစ်သည်။
အချို့ကျင့်ကြံသူများကလည်း သူတို့၏မိသားစုများနှင့် ဂိုဏ်းများအတွက် အကာအကွယ်အစီအရင်များကို နေရာချနေကြသည်။ ထိုနေရာများအထိ မမျှော်လင့်ဘဲ ရောက်ရှိလာနိုင်သည့် နတ်ဆိုးသားရဲဘေးမှ ကာကွယ်ရန်ဖြစ်သည်။ ယခုအချိန်တွင် ပင်းချွမ်စီရင်စုတွင် နေထိုင်သူအားလုံး၏ နှလုံးသွေးများမှာ ခါတိုင်းထက် အဆများစွာ ပိုမိုမြန်ဆန်နေသည်ဟု ဆိုလျှင်မှားမည်မထင်ပါ။
ထိုအထဲတွင် ကျန်းချန်ရွှမ်လည်း ပါဝင်သည်။ လတ်တလောတွင် သူ့ကိုယ်ပိုင် ဂူဗိမာန်ထဲတွင်သာ ဂူအောင်းနေထိုင်လျက်ရှိပြီး အခြေခံတည်ဆောက်ခြင်းပဥ္စမအဆင့်ကို တက်လှမ်းရန်ကြိုးစားနေသည်။ လက်ရှိအချိန်တွင် သူ၏အင်အားကို အတိုင်းအတာတစ်ခုထိ တိုးမြှင့်လိုက်နိုင်လျှင် တိုက်ပွဲတွင် အသက်ရှင်ကျန်ရန် အခွင့်အလမ်းပိုများမည် မဟုတ်ပါလား။ သို့သော် လူသားအားလုံးအတွက် အန္တရာယ်အလွန်ကြီးသည့် ယခုလိုကပ်ဘေးကြီးတွင် အသက်ရှင်ကျန်ရစ်နိုင်ပါ့မလား သူ့ကိုယ်သူလည်း မသေချာပါ။ လတ်တလော ကျန်းချန်ရွှမ်တတ်နိုင်သည်က သူ့ကိုယ်သူတိုးတက်ရန် စဉ်ဆက်မပြတ် ကြိုးစားနေရုံသာဖြစ်သည်။
နောက်ထပ်တစ်နှစ်ကြာပြီးနောက်…
ကျန်းချန်ရွှမ်၏အခန်းထဲမှ အလင်းအော်ရာတစ်ခု အတက်အကျမှန်မှန် ထွက်ပေါ်လာသည်။ မျက်လုံးမှိတ်လျက် ငြိမ်သက်စွာထိုင်နေသည့် ကျန်းချန်ရွှမ်မှာ မျက်လုံးအစုံကို ဖြည်းညင်းစွာဖွင့်လိုက်သည်။ အပြုံးတစ်ခုက သူ့မျက်နှာထက်တွင် ပေါ်လာသည်။ နှစ်နှစ်ကြာကျင့်ကြံမှုအပြီး နောက်ဆုံးတွင် သူလုပ်နိုင်ခဲ့ပြီဖြစ်သည်။ လက်ရှိအချိန်တွင် ကျန်းချန်ရွှမ်သည် အခြေခံတည်ဆောက်မှု ပဥ္စမအဆင့် ကျင့်ကြံသူဖြစ်လာခဲ့ပြီဖြစ်သည်။
သူ၏စစ်မှန်မှုအဆီအနှစ်ပမာဏမှာ အရင်ကထက် ၃၀% တိုးတက်လာသလို အရင်က ဥက္ကာမီးလျှံဓားနည်းစနစ်ကို တစ်ကြိမ်သာ အသုံးပြုနိုင်ရာက ယခုအခါ နှစ်ကြိမ်ထိအသုံးပြုလျှင်တောင် အဆီအနှစ်စွမ်းအင်တချို့ ကျန်နေပါသေးသည်။သည်အချက်က သူ့အတွက် အလွန်အရေးပါသည်။ အကယ်၍ ရန်သူအပေါ် ဥက္ကာမီးလျှံနည်းစနစ် နှစ်ကြိမ်အသုံးပြုပြီးနောက် သူလဲပြိုသွားခဲ့ပါက ရန်သူသေသွားလျှင် ကိစ္စမရှိ၊ မသေခဲ့လျှင် သို့မဟုတ် နောက်ထပ်ရန်သူများ ကျန်နေသေးလျှင် သူ့အတွက် အခြေအနေကောင်းမည်မဟုတ်ပါ။
ကျန်းချန်ရွှမ်၏ကျင့်ကြံမှုမှာ ပြီးဆုံးသွားသော်လည်း ဂူထဲမှ အလျင်စလိုထွက်ရန် စိတ်ကူးမရှိဘဲ သူရရှိထားသော အဆောင်လက်နက်ဖန်တီးသည့် ပစ္စည်းများကိုထုတ်ယူကာ တိုက်ပွဲအတွက် လိုအပ်မည့် အဆောင်ပစ္စည်းများကို စီရင်ဖန်တီးရန် ကြံစည်လိုက်သည်။ မီးလျှံမိစ္ဆာဘုရင်နှစ်ကောင်နှင့်တိုက်ပွဲတွင် အဆောင်လက်နက်များ၏ အရေးပါပုံကို ကျန်းချန်ရွှမ် ကောင်းကောင်းနားလည်ခဲ့သည်။ ဒါဇင်နှင့်ချီသော အဆောင်လက်နက်များနှင့် ရင်ဆိုင်ရလျှင် သာမန်ရန်သူမဆိုထားနှင့် အခြေခံတည်ဆောက်ခြင်း နောက်ဆုံးအဆင့် ကျင့်ကြံသူများပင် အထိနာနိုင်သည်။ အဆင့် ၂ အဆောင်လက်နက်စာအုပ်၏ ဒုတိယပိုင်းကို ဖတ်ရှုပြီးနောက် ချေမှုန်းရေးအဆောင်ပစ္စည်းအချို့ကို စီရင်ရန် ကျန်းချန်ရွှမ်ဆုံးဖြတ်လိုက်သည်။
သူဖန်တီးမည့် အဆောင်ပစ္စည်းအားလုံးမှာ အဆင့် ၂ အလယ်အလတ်အဆင့် လက်နက်များဖြစ်ပြီး သူအရင်က အသုံးပြုခဲ့သည့် နတ်ဘုရားလေ အဆောင်လက်နက်အပြင် ခုနှစ်စင်ကြယ် ရွှေဓား အဆောင်လက်နက်လည်းပါဝင်သည်။ အဆိုပါအဆောင်လက်နက်ကို အသုံးပြုလိုက်လျှင် ပေ ၁၀၀ ရှည်လျားသည့် ဓားအလင်းတန်းကြီးအသွင်ပြောင်းသွားမည်ဖြစ်၍ တိုက်ပွဲမြေပြင်ကို ရှင်းလင်းရာတွင် အလွန်အသုံးဝင်မည်ဖြစ်သည်။ ထို့အပြင် ချုပ်နှောင်မှုအဆောင်ကဲ့သို့ အထောက်အကူပြု အဆောင်များလည်း စီရင်လိုက်သည်။
တစ်နှစ်ကြာပြီးနောက် ကျန်းချန်ရွှမ်တစ်ယောက် သူ့ကိုယ်ပိုင်အခန်းထဲမှ ထွက်လာခဲ့သည်။ အပြင်တွင် ရှန်းရူယန် ရပ်စောင့်နေသည်ကို မြင်လိုက်ရပြီး သူမ၏ကျင့်ကြံမှုအဆင့်မှာ အခြေခံတည်ဆောက်မှု နဝမအဆင့်ထိ ရောက်ရှိနေပြီးဖြစ်သည်ကို တွေ့လိုက်ရသည်။ ရှန်းရူယန်နှင့် မတွေ့ရသည်မှာ သုံးနှစ်နီးပါးသာ ရှိသေးသော်လည်း သူမ၏ကိုယ်မှ ဖြာထွက်နေသော နက်ရှိုင်းသည့်အော်ရာများသည် ဘိုးဘေးယွမ်လုံနှင့် သဏ္ဌာန်ချင်း အတော်လေးဆင်တူနေသည်ကို
တွေ့လိုက်ရ၍ ကျန်းချန်ရွှမ်မှာ မအံ့သြဘဲမနေနိုင်တော့ပါ။
“ရူယန် မင်းရဲ့အော်ရာက……”
***
နှစ်တစ်ရာကျင့်ကြံပြီးနောက်
အခန်း ၆၈ ။ နတ်ဆိုးသားရဲများ လာကြပြီ
ရှန်းရူယန်က ပြုံးရင်း
“ကျွန်မအထင်မမှားရင် ဒီအတောအတွင်းမှာ ဉာဏ်အလင်းတစ်ခုပွင့်သွားခဲ့တယ်လေ၊ နတ်ဆိုးသားရဲကိစ္စပြီးရင် ကျီဖုနယ်ပယ်ကို ကျွန်မတက်လှမ်းနိုင်လိမ့်မယ်”
“တကယ်ကြီးလား”
ကျန်းချန်ရွှမ်မှာ ရူယန့်စကားကြောင့် တုန်လှုပ်သွားသည်။ ရှန်းရူယန်တစ်ယောက် ဤမျှအထိ မြန်မြန်ဆန်ဆန်တိုးတက်လာလိမ့်မည်ဟု သူမထင်ထားခဲ့ပါ။ သုံးနှစ်ဆိုသည့်ကာလမှာ ကျင့်ကြံမှုလောကတွင် အချိန်တိုတစ်ခုသာဖြစ်သော်လည်း ရူယန်သည် ကျီဖုအဆင့်ကို တက်လှမ်းခါနီး တံခါးဝတွင် ရောက်ရှိနေပြီဖြစ်သည်။ ကျန်းချန်ရွှမ်အတွေးကို သိနေသည့်အလား ရှန်းရူယန်သည် ပြုံးရင်း ခေါင်းခါပြလိုက်သည်။
“မအံ့သြပါနဲ့ ကျွန်မ ဒီအခြေအနေရောက်တာ အတိတ်ဘဝက ပါရမီဖြည့်တင်းခဲ့မှုကြောင့်ပါ။ တကယ်ချီးကျူးရမှာက ရှင်ပဲ၊ သုံးနှစ်မပြည့်ခင်အတွင်း နောက်တစ်ဆင့်တက်နိုင်ခဲ့ပြီပဲ၊ ဂုဏ်ယူပါတယ်ရှင်”
ထိုစဉ် ယွီဟွာတောင်၏ အဓိကတောင်ထွတ်ပေါ်မှ အရေးပေါ်ခေါင်းလောင်းသံ မြည်လာသည်။ ထိုခေါင်းလောင်းမှာ အရေးကြီးကိစ္စရှိသည့်အခါတွင်သာ အသုံးပြုသည်ဖြစ်၍ နှစ်ဦးသားမှာ တစ်ယောက်မျက်နှာတစ်ယောက် ကြည့်မိလိုက်ကြသည်။ ထို့နောက် အချိန်မဆွဲဘဲ ဂူထဲမှအလျင်အမြန်ထွက်ပြီး တောင်ထွတ်ရှိရာသို့ ဦးတည်လိုက်သည်။
တောင်ထွတ်ပေါ်တွင် ဘိုးဘေးယွမ်လုံက တစ်ယောက်ပြီးတစ်ယောက် ရောက်ရှိလာကြသော အကြီးအကဲများကို လေးနက်တည်ကြည်စွာ ကြည့်ရှုနေသည်။ လူစုံသောအခါ ရှန်းယွမ်လုံက
“နတ်ဆိုးသားရဲတွေ စုစည်းနေတဲ့သတင်းကို အခုပဲရတယ်။ နောက် ၁၅ ရက်နေရင် ဒီကောင်တွေ ဝင်တိုက်လိမ့်မယ်”
သူတို့မျှော်မှန်းထားသည်ထက် သုံးလခန့် ပိုစောနေပြန်သည်။ ရှန်းယွမ်လုံ၏စကားကို ကြားပြီးနောက် လူအုပ်ကြီးမှာ အုံပွက်သွားသည်။ ရှန်းတောက်မင်က မတုန်မလှုပ်သောလေသံနှင့်
“ကန်းယန်ဂိုဏ်းက ဘာပြောပါသေးလဲ ဘိုးဘေးခင်ဗျား၊ ဒီနတ်ဆိုးသားရဲအရေးနဲ့ ပတ်သက်ပြီး ညွှန်ကြားထားတာမျိုး ရှိပါသလား”
ရှန်းတောက်မင်၏မေးခွန်းကြောင့် လူအားလုံး၏အကြည့်မှာ ရှန်းယွမ်လုံထံ ရောက်ရှိသွားသည်။ ပင်းချွမ်စီရင်စုတွင် ရှန်းမျိုးနွယ်စု အခြေစိုက်သောနေရာမှာ နတ်ဆိုးသားရဲများ ချီတက်လာမည့် ရှေ့တန်းနှင့် အနီးဆုံးဖြစ်သည်။ အတိတ်တွင် ရှန်းမျိုးနွယ်စု၊ ကျန်းမျိုးနွယ်စုနှင့် လျှိုယွင်ဂိုဏ်းတို့ အတူလက်တွဲပြီး နတ်ဆိုးသားရဲများကို ခုခံတိုက်ထုတ်နိုင်ခဲ့သည့် အစဉ်အလာရှိခဲ့သော်လည်း ယခုအချိန်တွင် လျှိုယွင်ဂိုဏ်းမှာ ပျက်စီးလုမတတ်ဖြစ်နေသည့်အတွက် တိုက်ပွဲတွင် အထောက်အကူမဖြစ်နိုင်တော့ဘဲ ရှန်းနှင့်ကျန်း မျိုးနွယ်စု နှစ်ရပ်တည်းနှင့် ခုခံဖို့မှာ အထူးတလည်ခက်ခဲသည့် ကိစ္စတစ်ရပ်ဖြစ်လာပါသည်။
နတ်ဆိုးသားရဲများကို မတားဆီးနိုင်ခဲ့လျှင် ကျီဖုနယ်ပယ်အထက် ကျင့်ကြံသူများမှာ အလွယ်တကူထွက်ပြေးနိုင်သော်လည်း ကျီဖုနယ်ပယ်အောက် ကျင့်ကြံသူများနှင့် သန်းပေါင်းများစွာသော သေမျိုးလူသားတို့မှာ သားရဲကြီးများ၏ အစာဖြစ်သွားပါလိမ့်မည်။ ထိုမေးခွန်းကို ရှန်းယွမ်လုံက
“သုံးရက်အတွင်း လော့ရှားမန်ဂိုဏ်းက ထျန်းချီနဲ့ ချန်ထျန်းဂိုဏ်းက ဆောင်ဟွေ့တို့နှစ်ယောက် သူတို့တပည့်တွေနဲ့အတူ ပင်းချွမ်စီရင်စုကို လာပြီး စစ်ကူပေးလိမ့်မယ်”
ထျန်ချင်းနှင့် ဆောင်ဟွေ့တို့မှာ ကျီဖုအဆင့် ကျင့်ကြံသူများဖြစ်ပြီး သူတို့ရောက်ရှိလာမှုက ရှန်းနှင့် ကျန်းမျိုးနွယ်စုများအပေါ်ကျရောက်နေသော ဖိအားများကို အတော်အတန် လျှော့ချပေးနိုင်မှာ သေချာပါသည်။ ထို့နောက် ရှန်းယွမ်လုံက ဆက်လက်၍
“ငါအခုပြောချင်တာက လိုအပ်တဲ့ပြင်ဆင်မှုတွေကို အမြန်ဆုံးလုပ်ထားဖို့ပဲ၊ မျိုးနွယ်စုအားလုံးနဲ့ ဂိုဏ်းအသီးသီးကို ခံစစ်အစီအရင်ကွက်တွေ အမြန်ဆုံး ချထားဖို့ပြောလိုက်၊ ဒါမှ သားရဲတွေရောက်လာရင် အသင့်ခုခံနိုင်မှာ”
ရှန်းယွမ်လုံက အသေးစိတ်အစီအစဉ်များကို မှာကြားပြီး ဂိုဏ်းအကြီးအကဲများကို တာဝန်အသီးသီးခွဲဝေပေးသည်။ ကျန်းချန်ရွှမ်နှင့် ရှန်းရူယန်တို့မှာ စီရင်စုတောင်ပိုင်းရှိ ခံစစ်မျဉ်းတွင် တာဝန်ကျပါသည်။
သုံးရက်အကြာ….
အဖြူရောင်ဝတ်စုံဆင်မြန်းထားသော အမျိုးသမီးကျင့်ကြံသူတစ်ဦးနှင့် အစိမ်းရောင်ဝတ် သက်လတ်ပိုင်း ကျင့်ကြံသူအမျိုးသားတစ်ဦးသည် နောက်လိုက်များကို ဦးဆောင်ကာ ပင်းချွမ်စီရင်စုကို ရောက်ရှိလာပါသည်။ သူတို့အလာကို စောင့်မျှော်နေသော ရှန်းယွမ်လုံနှင့် ကျန်းမျိုးနွယ်စု၏ ဘိုးဘေးဖြစ်သူ ကျန်းပိုင်ယန်တို့လည်း ချက်ချင်းပင် ကြိုဆိုနှုတ်ဆက်လိုက်ကြပါသည်။ သို့သော် ထိုမိတ်ဆွေနှစ်ဦးအား ဧည့်ဝတ်ပြုနေချိန်တွင် သတင်းဆိုးတစ်ခု ဆိုက်ဆိုက်မြိုက်မြိုက် ရောက်ရှိလာပါတော့သည်။
စီရင်စု၏ တောင်နှင့်မြောက်ဘက်တွင် သားရဲများစုဝေးနေကြပြီး ပင်းချွမ်စီရင်စု၏ အလယ်ဗဟိုသို့ တစ်ဟုန်ထိုး ချီတက်လာကြသည်ဆိုသော သတင်းပင်ဖြစ်သည်။ ရှန်းယွမ်လုံနှင့် ကျန်းပိုင်ယန်တို့မှာ ကြားရသည့်သတင်းကြောင့် မျက်စိမျက်နှာပျက်ကုန်ကြသည်။ အနက်ရောင်ဓားကြီးကို လွယ်ထားသော ကျန်းပိုင်ယန်က ဟန်ပင်မဆောင်နိုင်တော့ဘဲ
“သေစမ်း ဒီကောင်တွေ ကျုပ်တို့မှန်းထားတာထက် ပိုမြန်နေတယ်”
ရှန်းယွမ်လုံကမူ တည်တည်ငြိမ်ငြိမ်ဖြင့်
“ကျုပ်တို့မှာ ပြင်ဆင်ချိန်မရှိတော့ဘူးပေါ့၊ တောင်နဲ့မြောက်နှစ်နေရာကို ကျုပ်တို့ချက်ချင်းသွားမှဖြစ်မယ်”
ထျန်းချီနှင့် ဆောင်ဟွေ့တို့လည်း သဘောတူကြသည်။ ထျန်းချီက
“ဟုတ်တယ်၊ ဒီကောင်တွေ စီရင်စုဗဟိုကိုမရောက်ခင် တစ်ခုခုလုပ်မှဖြစ်မယ်”
ထို့နောက် ရှန်းယွမ်လုံကိုကြည့်ပြီး စကားဆက်သည်။
“တာအိုရောင်းရင်းရှန်း ကျွန်မရှင်နဲ့အတူ တောင်ဘက်ကိုလိုက်ခဲ့မယ်”
“ကောင်းပြီ”
ရှန်းယွမ်လုံက ခေါင်းညိတ်ပြလိုက်ပြီး ထျန်းချီကိုခေါ်ကာ တောင်ဘက်ခံစစ်မျဉ်းရှိရာသို့ ပျံသန်းသွားသည်။ ကျန်းပိုင်ယန်နှင့် ဆောင်ဟွေ့တို့မှာ မြောက်ဘက်သို့ချီတက်ကြသည်။
နာရီအနည်းငယ်ကြာပြီးနောက်…
ကျန်းချန်ရွှမ်နှင့် ရှန်းရူယန်တို့သည် အဆင့် ၃ ခံတပ်အစီအရင်အတွင်း၌ နေရာယူလျက်ရှိသည်။ သူတို့၏ရှေ့မြင်ကွင်း မိုးကုပ်စက်ဝိုင်းအလွန်တွင် တဖြည်းဖြည်းပေါ်လာသော နတ်ဆိုးသားရဲအုပ်ကြီးကို ကြည့်ရင်း နှစ်ဦးလုံး၏ မျက်နှာအမူအရာများမှာ မကြုံစဖူးလေးနက်မာကျောလာသည်။ ထိုစဉ် အဆင့် ၃ ခံတပ်အစီအရင်ပတ်လည်တွင် အလင်းများ ရုတ်တရက်ပြိုးပြက်လာသည်။ ခံတပ်အစီအရင် အသက်ဝင်လာပြီဖြစ်သည်။ ဝိညာဉ်ကျောက်တုံးအများအပြား စတင်လောင်ကျွမ်းပြီး အစီအရင်အတွက် စွမ်းအင်အဖြစ် အသွင်ပြောင်းသွားသည်။
ဒုန်း!
ကျန်းချန်ရွှမ်ရှိရာသို့ ဦးတည်ပြေးဝင်လာသည့် နတ်ဆိုးသားရဲများသည် အဆင့် ၃ အကာအကွယ်အစီအရင်ကို ပြေးဆောင့်မိကြသည်။ ချက်ချင်းပင် ထိုသားရဲများသည် အစီအရင်၏လက်ချက်ဖြင့် သွေးမြူများအဖြစ်သို့ ချေမွခြင်းခံလိုက်ရသည်။ သို့သော် အကာအကွယ်အတွင်းရှိလူများမှာ စိတ်သက်သာရာရခြင်းမရှိပါ။ အဘယ်ကြောင့်ဆိုသော် ယခုလို အဆင့်နိမ့်သားရဲများသည် အဆင့်၃ အစီအရင်ကို အကြောက်အလန့်မရှိ ပြေးတိုးရဲသည်ကို ထောက်လျှင် သူတို့၏နောက်တွင် အဆင့် ၃ အထက် နတ်ဆိုးသားရဲများ ရှိနေကြောင်းသေချာနေပါသည်။ မဟုတ်လျှင် သားရဲများမှာ အကာအကွယ်အစီအရင်ကြောင့် သူတို့အဖော်အချို့ သေကုန်သည်ကိုမြင်လျှင် ရှေ့ဆက်မတိုးဘဲ အလိုလိုရပ်တန့်သွားလေ့ရှိသောကြောင့်ဖြစ်သည်။
အကာအအကွယ်အစီအရင်များကို ပြေးတိုက်နေသော နတ်ဆိုးသားရဲအရေအတွက်မှာ တဖြည်းဖြည်းမြင့်တက်လာသည်ကိုမြင်သောအခါ ထျန်းချီနှင့် ရှန်းယွမ်လုံတို့ တစ်ယောက်မျက်နှာတစ်ယောက် ကြည့်မိလိုက်ကြသည်။ ထို့နောက် ထျန်းချီက
“ ကျွန်မတို့ ဒီအတိုင်း ဆက်သွားလို့မဖြစ်ဘူး၊ ခံတပ်အစီအရင်တွေကို အဆင့်နိမ့်သားရဲတွေသုံးပြီး ယိုင်နဲ့အောင် အရင်လုပ်နေကြတာ၊ ဒီအတိုင်းဆိုရင် ခံတပ်တွေပြိုကုန်တော့မယ်”
ရှန်းယွမ်လုံက ထောက်ခံလိုက်ပြီး
“ ဒါဆိုရင် ကျုပ်တို့တွေ တန်ပြန်ထိုးစစ်ဆင်မှဖြစ်မယ်”
ပြောပြီးပြီချင်း သူတို့နှစ်ဦးသားမှာ မြေပြင်တပ်ဖွဲ့များကို ကိုယ်စီအချက်ပြလိုက်ကြသည်။
***
နှစ်တစ်ရာကျင့်ကြံပြီးနောက်
အခန်း ၆၉ ။ စနစ်က မစ်ရှင်အသစ်ပေးပြီ
ရှန်းမျိုးနွယ်စုဝင် ကျင့်ကြံသူများနှင့် ထျန်းချီဦးဆောင်သော လော့ရှားမန်ဂိုဏ်းမှ တပည့်များမှာ နှစ်စုခွဲလျက် အရပ်မျက်နှာအမျိုးမျိုးမှ ပြေးဝင်လာသောသားရဲများကို ရင်ဆိုင်လိုက်ကြသည်။ မန္တန်မျိုးစုံ၊ အဆောင်ပစ္စည်းမျိုးစုံနှင့် ဓမ္မလက်နက်ပစ္စည်းပေါင်းစုံတို့မှာ နတ်ဆိုးသားရဲအုပ်ကြီးများထံ ပြေးဝင်ပေါက်ကွဲကုန်ကြသည်။ ထွက်ပေါ်လာသော အလင်းတန်းများ၊ မီးလျှံများမှာ မိုင်ရာဂဏန်းအကွာမှပင် လှမ်းမြင်နေရသည်။
ကျန်းချန်ရွှမ်နှင့် ရှန်းရူယန်တို့သည် ရှန်းကလန်အဖွဲ့ဝင် ရာပေါင်းများစွာနှင့် အခြေခံတည်ဆောက်ခြင်းအဆင့် ကျင့်ကြံသူအချို့ကို ဦးဆောင်လျက် သားရဲအုပ်ကြီးကြားတွင် ရှေ့နောက်လွန်းထိုး၍ တိုက်ခိုက်လျက်ရှိသည်။ ရှေ့တန်းရှိသားရဲများမှာ အဆင့် ၁ အဆင့်သာရှိကြသောကြောင့် ကျန်းချန်ရွှမ်တို့အတွက် အားသိပ်မစိုက်လိုက်ရဘဲ အကုန်အစင်သုတ်သင်နိုင်လိုက်ကြသည်ဖြစ်ရာ များမကြာမီ နယ်မြေဧရိယာအတော်များများကို ရှင်းလင်းလိုက်နိုင်သည်။ ထိုစဉ် လက်ကျန်သားရဲအုပ်ကြီး၏ အနောက်ဘက်တစ်နေရာမှ ဟိန်းသံခုနှစ်သံ ကြားလိုက်ရသည်။
ချက်ချင်းဆိုသလိုပင် အဆင့် ၁ သားရဲများထက် အဆပေါင်းများစွာ ကြီးမားသလို ပိုမိုကြောက်မက်ဖွယ်ကောင်းသော အော်ရာများထုတ်လွှင့်နေသည့် နတ်ဆိုးသားရဲကြီး ၆ ကောင်ခန့်သည် ကျန်းချန်ရွှမ်တို့ ရှေ့မှောက်တွင်ပေါ်လာသည်။
“အဆင့် ၂ သားရဲကြီးတွေဟ”
ကျန်းချန်ရွှမ်နှင့် ရှန်းရူယန်အပြင် အခြေခံတည်ဆောက်မှုအဆင့် ကျင့်ကြံသူအချို့သည် အဆိုပါသားရဲကြီးများ ၄င်းတို့ထံသို့ တလကြမ်းပြေးဝင်လာသည်ကို ငြိမ်သက်စွာကြည့်နေမိကြသည်။ ထိုသားရဲကြီးများမှာ ဧရာမပိုးဖလံကြီး၊ ဓားခုတ်ကောင်အကြီးစားတစ်ကောင်၊ တောင်ပံများဆန့်ထုတ်လိုက်လျှင် ဆယ်မီတာခန့်ရှိမည့် လင်းယုန်ငှက်ကြီး၊ နှင်းကဲ့သို့ ဆွတ်ဆွတ်ဖြူနေသော မျောက်ဝံကြီး၊ နဖူးတွင် လခြမ်းအမှတ်ပါသော ဧရာမဝံပုလွေကြီးနှင့် ရုပ်စုံမှန်ပြောင်းကဲ့သို့သော မျက်လုံးများရှိသည့် ရောင်စုံစပါးအုံးမြွေကြီးတို့ ဖြစ်ကြပြီး ၆ ကောင်လုံးမှာ အဆင့် ၂ အဆင့်ရှိကြသည့် နတ်ဆိုးသားရဲများဖြစ်သည်။ ထို့ပြင် တစ်ကောင်ချင်းစီ၏နောက်တွင် သူတို့နှင့် မျိုးနွယ်တူသားရဲများ အရေအတွက်မနည်းပါလာကြသေးသည်။
“အကြီးအကဲကျန်း၊ အကြီးအကဲရှန်း ကျွန်တော်တို့ဘာလုပ်ကြမလဲ”
သက်လတ်ပိုင်းအရွယ် အခြေခံတည်ဆောက်မှုအဆင့် ကျင့်ကြံသူဖြစ်သည့် ချန်ဖေးလုံက ကျန်းချန်ရွှမ်နှင့် ရှန်းရူယန်တို့ကို လှမ်းမေးသည်။ ကျန်းချန်ရွှမ်တို့စုံတွဲပြီးလျှင် ချန်ဖေးလုံသည် လက်ရှိအဖွဲ့တွင် ကျင့်ကြံမှုအဆင့်အမြင့်ဆုံးဖြစ်ပြီး အခြေခံတည်ဆောက်ခြင်း စတုတ္ထအဆင့်ရှိသူဖြစ်သည်။ နောက်တစ်ဦးမှာ ချောင်ကျိချန်ဆိုသော အဘိုးကြီးတစ်ယောက်ဖြစ်ပြီး ဒုတိယအဆင့်ဖြစ်သည်။ ကျန်တစ်ယောက်မှာ နင်ရွှမ်းယ ဟူသော အမျိုးသမီးကျင့်ကြံသူဖြစ်ပြီး တတိယအဆင့်ရှိပြီဖြစ်သည်။
ချန်ဖေးလုံ၏အသံကို ကြားသောအခါ သူတို့နှစ်ဦးမှာလည်း ကျန်းချန်ရွှမ်တို့စုံတွဲကို အားကိုးတကြီး ကြည့်လိုက်မိကြသည်။ သူတို့အားလုံး သည်တစ်ကြိမ်တွင် မလွယ်ကူတော့မှန်း သဘောပေါက်ထားကြပြီးဖြစ်သည်။ အဆိုပါ အဆင့်၂ နတ်ဆိုးသားရဲများမှာ ပုံမှန်အဆင့်၂ သားရဲများထက် အန္တရာယ်ပိုမိုကြီးမားပြီး အထူးသဖြင့် သူတို့အဖွဲ့ထဲတွင် ကျင့်ကြံမှုအဆင့် အနိမ့်ဆုံးနှစ်ဦးဖြစ်သည့် ချောင်ကျိချန်နှင့် နင်ရွှမ်းယတို့အတွက် အလွန်စိုးရိမ်စရာဖြစ်သည်။
“အားလုံးပဲ မစိုးရိမ်ပါနဲ့၊ ခင်ဗျားတို့သုံးယောက်ကို သားရဲတစ်ကောင်စီပဲထိန်းပါ၊ ကျန်တာကို ကျုပ်တို့လင်မယားနှစ်ယောက် တာဝန်ယူမယ်”
ကျန်းချန်ရွှမ်၏ မတုန်မလှုပ်တည်ငြိမ်သော အမိန့်ကိုကြားပြီးနောက် ရှန်းရူယန်မှာ ကျန်းချန်ရွှမ်၏ရည်ရွယ်ချက်ကို နားလည်လိုက်သည်။ ထိုရည်ရွယ်ချက်မှာ သူတို့ရှေ့မှောက်ရှိ နတ်ဆိုးသားရဲများကို သုတ်သင်ရာတွင် သူတို့နှစ်ဦး၏ စွမ်းအားအစစ်အမှန်ကို ကျန်သုံးဦးသတိမထားမိစေရန်ဖြစ်သည်။
ထို့နောက် ကျန်းချန်ရွှမ်သည် ရုတ်တရုက် ပုံသဏ္ဌာန်မဲ့သော လေစီးကြောင်းအဖြစ် ပြောင်းလဲသွားပြီး မျက်စိတစ်မှိတ်အတွင်း၌ လေစီးကြောင်းမှ ဓားအလင်းတန်းအဖြစ် ထပ်ဆင့်ပြောင်းလဲကာ ပြေးဝင်လာသော ဓားခုတ်ကောင်ကြီး၏ ၇ မီတာခန့်ရှည်သည့် တြိဂံပုံခေါင်းကြီးကို ပိုင်းဖြတ်ပစ်လိုက်သည်။ အစိမ်းရင့်ရောင်သွေးများက ဦးခေါင်းမဲ့သော ကိုယ်ခန္ဓာကြီးထံမှ ရေတံခွန်ပမာစီးထွက်သွားသည်။ ဓားခုတ်ကောင်ကြီး၏ နောက်လိုက်သားရဲများမှာ တုန်လှုပ်ခြောက်ခြားသွားပြီး ကြောက်ရွံ့စွာ အော်ဟစ်မြည်တမ်းကုန်ကြသည်။
ဂျိန်း!
တစ်ချိန်တည်း၌ လျှပ်စီးပိုက်ကွန်တစ်ခုက ဧရာမပိုးဖလံကြီးအပေါ်သို့ ကျလာသည်။ ပိုးဖလံကြီးက အော်ဟစ်လိုက်ပြီး မီးခိုးရင့်ရောင် အဆိပ်မှုန့်များ ထုတ်လွှတ်လိုက်သော်လည်း ပိုက်ကွန်နှင့်အတွေ့တွင် အငွေ့ပျံကုန်ကြသည်။ ထို့နောက် လျှပ်စီးပိုက်ကွန်ကြီးသည် ရုတ်တရက်ကျုံ့သွားပြီး ဖမ်းဆီးထားသော ပိုးဖလံကြီးကို ဖမ်းညှစ်လိုက်ရာ တရှဲရှဲအသံများ ထွက်ပေါ်လာပြီး ပိုးဖလံကြီး၏ခန္ဓာကိုယ်မှာ တစ်စစီကွဲထွက်သွားသည်။ ပိုးဖလံ၏ ခန္ဓာကိုယ်အတ္တဘောကြီးမှာ ယခုအခါ အသားတစ်များအဖြစ် ပြန့်ကျဲကုန်ပြီး မီးခိုးတူးနံ့များသာ ကျန်ခဲ့ပါတော့သည်။
ကျန်းချန်ရွှမ်တို့အဖွဲ့ကို ထိုးသုတ်ရန် ဒိုင်ဗင်ထိုးဆင်းလာသော လင်းယုန်ကြီးမှာ ပိုးဖလံကြီးနှင့် ဓားခုတ်ကောင်ကြီး၏ဖြစ်အင်ကို မြင်တွေ့ပြီးနောက် စူးရှစွာအော်မြည်လိုက်ပြီး တောင်ပံအစုံကိုဖြန့်လျက် ကောင်းကင်ထက်သို့ ပြန်တက်သွားတော့သည်။
“ဘယ်ကိုပြေးချင်တာလဲ”
ကျန်းချန်ရွှမ်က အဆင့် ၂ အနိမ့်စား ပုံရိပ်ယောင် အဆောင်ပစ္စည်းတစ်ခုကို ပစ်လွှတ်ပြီး ထွက်ပြေးရန်အားထုတ်နေသော လင်းယုန်ကြီးကို လေထဲမှာပင် ရပ်တန့်တားဆီးလိုက်သည်။ တစ်ချိန်တည်းမှာ ကျန်းချန်ရွှမ်၏ အပြာရောင်မီးလျှံဓားက လင်းယုန်ကြီး၏ ဦးခေါင်းကို လေပွေပမာ ဝေ့ဝဲခုတ်ဖြတ်လိုက်သည်။ ငှက်ကြီး၏ကိုယ်ခန္ဓာမှာ မြေပြင်ပေါ်သို့ တစ်ဟုန်ထိုးကျဆင်းလာပြီး အရှိန်ပြင်းလွန်းသည့်အတွက် မြေပြင်နှင့်ရိုက်မိသည့်အခါ ကျင်းကြီးတစ်ခုပင် ဖြစ်ပေါ်လာသည်။
ချန်ဖေးလုံနှင့် ကျန်သုံးဦးမှာ သားရဲကြီးသုံးကောင်နှင့် ကိုယ်စီရင်ဆိုင်နေရာမှ သားရဲကြီးသုံးကောင် သေဆုံးသွားသည်ကို လှမ်းမြင်လိုက်ရပြီးနောက် အံ့သြဝမ်းသာဖြစ်ကုန်ကြသည်။ ကျန်းချန်ရွှမ်နှင့် ရှန်းရူယန်တို့၏ စွမ်းအားမှာ သူတို့မျှော်မှန်းထားသည်ထက် များစွာသာလွန်နေပြီး အဆင့် ၂ နတ်ဆိုးသားရဲသုံးကောင်ကို လွယ်လင့်တကူ သတ်ဖြတ်သွားခြင်းဖြစ်သည်။ သို့သော် သူတို့၏ပျော်ရွှင်မှုမှာ ကြာရှည်မခံလိုက်။ မျောက်ဝံကြီး၊ လခြမ်းဝံပုလွေနှင့် မျက်လုံးလေးခုမြွေကြီးတို့သည် ရုတ်တရက် မာန်ဟုန်ပြင်းစွာ ဟိန်းလိုက်ရာ မြေကြီးများပင် တုန်သွားပြီး သူတို့၏ဝဲနှင့်ယာတွင် နောက်ထပ် အဆင့် ၂ သားရဲ ၆ ကောင်ပေါ်လာကြပြန်သည်။
သည်တစ်ခါ ရောက်ရှိလာသည့် အဆင့် ၂ သားရဲ ၆ ကောင်၏ အော်ရာများမှာ ကျန်းချန်ရွှမ်နှင့် ရူယန်တို့သတ်ဖြတ်လိုက်သည့် အဆင့် ၂ သားရဲသုံးကောင်ထက် များစွာသာလွန်၍ ကြောက်မက်ဖွယ် ကောင်းနေသည်။ ထိုမျှမကသေး သူတို့အဖွဲ့ရှိရာနှင့် မဝေးလှသောနေရာတွင် နောက်ထပ် အဆင့် ၂ သားရဲကြီးများရှိနေသေးပြီး သူတို့ရှိရာနေရာသို့ တစ်ဟုန်ထိုးပြေးဝင်လာနေသည်ကို အာရုံခံမိကြသည်။
“ဘာ....ဘာတွေဖြစ်ကုန်တာလဲ အဆင့် ၂ သားရဲတွေ ဘာလို့အရမ်းများနေတာလဲ”
နင်ရွှမ်းယ၏မျက်နှာမှာ အကြီးအကျယ်ပျက်နေပြီး တုန်လှုပ်စပြုလာသည်။ ချန်ဖေးလုံနှင့် ချောင်ကျိချန်တို့လည်း ထိုနည်းလည်းကောင်းပင်။ အဆင့် ၂ နတ်ဆိုးသားရဲများ၏ အရေအတွက်မှာ သူတို့နားလည်ထားသည့် အစဉ်အလာပမာဏထက် အလွန်အမင်းများပြားနေသည်။ ပုံမှန်ဆိုလျှင် နတ်ဆိုးသားရဲသောင်းကျန်းမှုအစတွင် အဆင့် ၂ နတ်ဆိုးသားရဲ အရေအတွက်မှာ များပြားမှုမရှိပါ။ အကြောက်တရား၏ အရိပ်အယောင်များသည် သူတို့မျက်ဝန်းများထဲတွင် တစွန်းတစ ယှက်သန်းစပြုလာပြီး ကြောက်မက်ဖွယ်အတွေးတစ်ခုက သူတို့သုံးယောက်စိတ်ထဲတွင် တိုင်ပင်ထားသလို ပြိုင်တူပေါ်လာသည်။ ထိုအတွေးမှာ သည်သားရဲအရေးအခင်းကြီးတွင် သူတို့၏ အသက်ရှင်ကျန်ရစ်နိုင်ချေက ၅% အောက်နည်းသည် ဟူ၍ဖြစ်သည်။ ကျန်းချန်ရွှမ်နှင့် ရူယန်တို့မှာလည်း အခြေအနေက ပုံမှန်မဟုတ်မှန်း သတိပြုမိလိုက်ပြီး တစ်ယောက်မျက်နှာ တစ်ယောက်ကြည့်ရင်း ဖြစ်နိုင်ချေအကြောင်းအရင်းတစ်ခုကို ပြိုင်တူတွေးမိလိုက်ကြသည်။ ထို့နောက် အသစ်ရောက်လာသော အဆင့်၂ သားရဲ ၆ ကောင်ရှိရာသို့ နှစ်ဦးသား ပြိုင်တူပြေးဝင်လိုက်ကြပါတော့သည်။
[ဒင်!]
ထိုအခိုက်အတန့်တွင် ကျန်းချန်ရွှမ်၏စိတ်ထဲတွင် စနစ်၏အချက်ပေးသံ ပေါ်လာသည်။
[အောင်မြစ်မှုစနစ်မှ တာဝန်အသစ်ထုတ်ပြန်လာပါပြီ။ ကျေးဇူးပြုပြီး နတ်ဆိုးသားရဲများကို အကြိမ် ၁၀၀ သတ်ဖြတ်ပါ၊ စနစ်ပိုင်ရှင်]]
[ မှတ်ချက် : သတ်ဖြတ်လိုက်သည့် နတ်ဆိုးသားရဲများသည် အနိမ့်ဆုံး အဆင့် ၂ ရှိရမည်။]
[ တာဝန်ပြီးမြောက်မှု : ၂၄%]
***
နှစ်တစ်ရာကျင့်ကြံပြီးနောက်
အခန်း ၇၀ ။ အဆင့် ၃ နတ်ဆိုးသားရဲ
စနစ်မှကြေငြာလိုက်သော မစ်ရှင်အသစ်ကို ကြားလိုက်ရချိန်တွင် ကျန်းချန်ရွှမ်သည် သည်တစ်ခါမစ်ရှင်ကို လွယ်ကူလျင်မြန်စွာ အပြီးသတ်နိုင်မည်မဟုတ်မှန်း သိလိုက်သည်။ သတ်မှတ်ထားသည့်အချိန်တို အတွင်း၌ သတ်ဖြတ်ရမည့် အဆင့်၂ သားရဲအရေအတွက်မှာ များပြားလှသည့်အပြင် သူ၏လက်ရှိစွမ်းအားအဆင့်နှင့်လည်း သတ်ဖြတ်နိုင်ရန် မလွယ်ပါ။
ထို့ကြောင့် မစ်ရှင်ကို အောင်မြင်စွာဆောင်ရွက်နိုင်ရန် တစ်ဆင့်ချင်း ချဉ်းကပ်မှဖြစ်လိမ့်မည်။ သူ့လက်ထဲရှိ ခရမ်းရောင်မီးလျှံဓားသည် အေးစက်စက်အလင်းတစ်ခုအဖြစ် အသွင်ပြောင်းသွားပြီး ရှေ့မှောက်ရှိ အဆင့်၁ သားရဲ တစ်ဒါဇင်ကျော်ကို ခါးများမှနေ၍ နှစ်ပိုင်းစီပိုင်းပစ်လိုက်သည်။ ဓားအလင်းတန်းက ဆက်လက်၍ အဆင့် ၂ ပန်ဂိုလင်သားရဲကြီးကို ခုတ်ပိုင်းတော့မည့် အချိန်တွင် ဧရာမအမြီးရိုက်ချက်နှင့် လက်ဝါးကြီးတစ်ဖက်က ကျန်းချန်ရွှမ်၏ အထက်နှင့် နံဘေးမှ အသီးသီးပြေးဝင်လာကြသည်။ အမြီးရိုက်ချက်မှာ အဆင့် ၂ ပုတ်သင်သားရဲကြီးထံမှဖြစ်ပြီး လက်ဝါးကြီးမှာ အဆင့်၂ ဝက်ဝံသားရဲကြီး၏လက်ချက်ဖြစ်သည်။
ထိုဧရာမသတ္တဝါနှစ်ကောင်ထံမှ ထုတ်လွှတ်နေသော အော်ရာများမှာ အဆင့် ၂ အလယ်အဆင့် သားရဲများထက် များစွာသာလွန်နေသည်။ တစ်ခဏချင်းပင် ကျန်းချန်ရွှမ်က ပုံရိပ်ယောင်တစ်ခုချန်ထားခဲ့ပြီး လျင်မြန်စွာလှုပ်ရှားလိုက်သည်။ ဒုန်းဆိုသည့်အသံနှင့်အတူ ပုတ်သင်အမြီးကြီးက ကောင်းကင်ထက်မှနေ၍ ကျန်းချန်ရွှမ်ပုံရိပ်ယောင်ချန်ခဲ့သည့် မြေပြင်သို့ တစ်ဟုန်ထိုးကျဆင်းထိမှန်ပြီး တွင်းကြီးတစ်ခုဖြစ်သွားသည်။ ထိုစဉ် သူ့ထံသို့ ဘေးဘက်မှနေ၍ တည့်တည့်ဦးတည်ဝင်လာသော ဝက်ဝံလက်ဝါးကြီးကို အဆင့်၂ အကာအကွယ်ဓမ္မလက်နက်ဖြစ်သည့် ခရမ်းဝါရောင် ဝိညာဉ်ဒိုင်း အသုံးပြုလျက် ကာလိုက်ရသည်။
ဒုန်း!
ပြင်းထန်သော လက်ဝါးရိုက်ချက်နှင့် ဒိုင်းတို့ထိတွေ့မိလိုက်ချိန် ဒိုင်း၏မျက်နှာပြင်တွင် အလင်းများကွန့်မြူးလာသည်။ ကြောက်မက်ဖွယ်လက်ဝါးရိုက်ချက်ကြောင့် အဆင့် ၂ ဓမ္မလက်နက်ဒိုင်းကြီးမှာ တုန်ယင်ယိမ်းခါသွားရသော်လည်း ကံကောင်းစွာနှင့် ဝက်ဝံကြီး၏လက်ဝါးချက်ကို တားဆီးနိုင်လိုက်သည််။ ကျန်းချန်ရွှမ်သည် နောက်ဆုတ်လိုခြင်းမရှိဘဲ ရှေ့ဆက်တိုးရန်ဆုံးဖြတ်လိုက်ပြီး အစိမ်းရောင် အဆောင်ပစ္စည်းသုံးခုကို အလျင်အမြန်အသက်သွင်းကာ ပစ်လွှတ်လိုက်ပြန်သည်။ အစိမ်းရောင်နွယ်ပင်များက နတ်ဆိုးသားရဲကြီးသုံးကောင်၏ အောက်ခြေမြေပြင်အတွင်းမှ ထိုးထွက်လာပြီး သားရဲသုံးကောင်ကို ရစ်ပတ်ချုပ်နှောင်လိုက်သည်။ ကျန်းချန်ရွှမ်၏ အဆင့် ၂ အနိမ့်စား အဆောင်လက်နက်ဖြစ်သော နွယ်ပင်ထောက်ချောက် အဆောင်လက်နက်များဖြစ်သည်။
အဆင့်၂ အမြင့်ဆုံး နတ်ဆိုးသားရဲသုံးကောင်အတွက် အဆင့် ၂ အနိမ့်စား နွယ်ပင်အချုပ်အနှောင်များထံမှ လွတ်မြောက်အောင်ရုန်းထွက်ရန်မှာ မခက်ခဲလှပါ။ သို့သော် ကျန်းချန်ရွှမ်လိုချင်သည်ကလည်း ထိုသုံးကောင်ကို ခေတ္တမျှအာရုံလွှဲနိုင်မည့် စက္ကန့်အနည်းငယ်သာဖြစ်သည်။ ကျန်းချန်ရွှမ်၏ ခရမ်းရောင်မီးလျှံဓားမှာ အလင်းတန်းတစ်ခုဖြာထွက်သွားပြီး သားရဲသုံးကောင်ထဲမှ ပန်ဂိုလင်သားရဲကြီး၏ ဦးခေါင်းမှနေ၍ ခြေထောက်အထိ ဒေါင်လိုက်နှစ်ပိုင်းပိုင်းဖြတ်လိုက်သည်။
အဆင့် ၂ ဝက်ဝံကြီး၏နိဂုံးမှာလည်း အလားတူပင်ဖြစ်သည်။ နတ်ဘုရားအာရုံဖြင့် ထောက်လှမ်း၍မရအောင် မြန်ဆန်သည့် အရိပ်ခွဲအလင်းဓားများက ဝက်ဝံကြီး၏ မျက်လုံးများကို ဖောက်ဝင်ပြီး ဧရာခေါင်းကြီးမှာ တစ်စစီပေါက်ကွဲသွားသည်။ အဆင့် ၂ သားရဲကြီးနှစ်ကောင် ရှေ့ဆင့်နောက်ဆင့် သေဆုံးသွားချိန်တွင် ကျန်ရှိသော ပုတ်သင်သားရဲကြီးမှာ နွယ်ပင်အချုပ်အနှောင်မှ လွတ်မြောက်လာပြီဖြစ်သည်။ သို့သော် နှင်းငွေ့များယှက်သန်းနေသည့် ရာချီသောအလင်းတန်းများ ထပ်မံကျရောက်လာပြီး ဧရာမပုတ်သင်ကြီးကို အေးခဲလိုက်ပြန်သည်။ ထို့နောက် ခရမ်းရောင်မီးလျှံဓားက ပုတ်သင်ကြီး၏နဖူးကို ဖောက်ဝင်သွားပြီး ခေါင်းအနောက်ဘက်မှ ပြန်ထွက်လာသည်။
ကျန်းချန်ရွှမ် သားရဲသုံးကောင်ကို လတ်စသတ်ပြီးချိန်တွင် ရှန်းရူယန် မှာလည်း အဆင့်၂ အလယ်အဆင့် သားရဲလေးကောင်ကို မီးသွေးခဲကြီးများအဖြစ် နိဂုံးချုပ်ပေးလိုက်နိုင်ပြီဖြစ်သည်။ ကျန်းချန်ရွှမ်တို့အဖွဲ့မှာ လောလောဆယ် အလေးသာနေသော်လည်း ချန်းဖေးလုံနှင့် ကျန်နှစ်ဦးအပါအဝင် တစ်ဖွဲ့လုံးမှာ စိတ်မအေးရဲသေးပါ။ အဆင့် ၁ နှင့် ၂ သားရဲသတ္တဝါများမှာ အုပ်စုလိုက်ပြေးဝင်လာကြသလို သူတို့ထဲတွင် အဆင့်၂ အမြင့်ဆုံးအဆင့်သားရဲကြီးများ အမြောက်အများပါဝင်နေခြင်းကြောင့်ဖြစ်သည်။
သားရဲသောင်းကျန်းမှုကြီး၏ ပထမဆုံးနေ့ရက်သာ ရှိသေးသော်လည်းသားရဲပမာဏမှာ ထူးဆန်းစွာ အလွန်များပြားနေသည်။ နောက်တန်းမှနေ၍ အကဲခတ်နေသော ရှန်းယွမ်လုံနှင့် ထျန်းချီတို့၏ မျက်နှာအမူအရာများမှာ လေးနက်ပြင်းထန်လာသည်။ ရှန်းယွမ်လုံက ခေါင်းယမ်းလိုက်ရင်း
“တစ်ခုခုတော့မှားနေပြီ၊ ထျန်းချီ ကျုပ်တို့မိတ်ဆွေ တာအိုရောင်းရင်းကျန်းနဲ့ တာအိုရောင်းရင်းတို့ကို ဆက်သွယ်ပြီး မြောက်ဘက်မှာ အခြေအနေဘယ်လိုရှိလဲ မေးလိုက်ပါ”
ထျန်းချီမှာလည်း အလားတူခံစားမိပြီး အချိန်မဆွဲဘဲ ဆက်သွယ်ရေးအဆောင်ပစ္စည်းများကို အမြန်ထုတ်ယူကာ ကျန်းပိုင်ယန်နှင့် ဆောင်ဟွေ့တို့ကို ဆက်သွယ်လိုက်သည်။ သို့သော် ထျန်းချီ၏မျက်နှာမှာ ရုတ်တရက်ပျက်သွားပြီး အဆောင်ပစ္စည်းများကို ပြန်ချလိုက်သည်။
“ဆက်သွယ်ရေးလမ်းကြောင်းကို ပိတ်ဆို့ထားတယ်၊ ရှင်ထင်ထားသလိုပဲ ဒီတစ်ခါ သားရဲတွေရဲ့ပစ်မှတ်က ပင်းချွမ်စီရင်စုရဲ့အလယ်ဗဟိုတစ်ခုတည်းတင် မဟုတ်ဘူး၊ ကျွန်မတို့ရှိနေတဲ့ တောင်ဘက်ဧရိယာလည်း သူတို့ပစ်မှတ်ထဲပါတယ်”
ထျန်းချီ၏စကားဆုံးဆုံးချင်းတွင် ဖွေးဖွေးလှုပ်နေသော သားရဲတပ်ကြီး၏ အနောက်ဘက်တစ်နေရာတွင် ကြောက်မက်ဖွယ်ပုံရိပ်သုံးခု ပေါ်လာပါတော့သည်။ ခရမ်းရောင်မျက်လုံးများနှင့် နတ်ဆိုးဝံပုလွေကြီး၊ မျက်လုံးလေးခု နတ်ဆိုးမြွေကြီး နှင့် မျက်လုံးသုံးခု လင်းယုန်တို့ဖြစ်ပြီး ထိုသုံးကောင်လုံးသည် အဆင့်၃ သားရဲများဖြစ်ကြသည်။
ထိုမြင်ကွင်းကြောင့် ထျန်းချီနှင့် ရှန်းယွမ်လုံတို့၏ နှလုံးသွေးများ အေးခဲသွားသည်။ မြောက်ပိုင်းတွင်ပေါ်လာရမည့် မျက်လုံးသုံးခုလင်းယုန်သည် တောင်ဘက်ခြမ်းတွင် ရုတ်တရက်ပေါ်လာပြီဖြစ်သည်။ လျှပ်စီးမိကျောင်းကြီးသည်လည်း မကြာခင် တောင်ဘက်ကို ရောက်လာဦးမည်လား။ သူတို့၏အတွေးမဆုံးခင်၌ပင် မိုးကြိုးပစ်သံတစ်ချက်ကြားလိုက်ရပြီး မီတာများစွာရှည်လျားကာ တစ်ကိုယ်လုံးတွင် လျှပ်စီးများဖုံးအုပ်ထားသည့် ဧရာမမိကျောင်းကြီးတစ်ကောင် ရုတ်တရက်ပေါ်လာပါတော့သည်။
“အဆင့်၃ လျှပ်စီးမိကျောင်းကြီးဟ”
ကျင့်ကြံသူအားလုံးမှာ မျက်စိမျက်နှာများ ပျက်ကုန်ကြသည်။ သည်တစ်ခါ သားရဲအဓိကရုဏ်းသည် ယခင်အကြိမ်များထက် အဆပေါင်းများစွာ ဆိုးရွားနေလိမ့်မည်ဟု သူတို့မမျှော်လင့်ထားခဲ့ကြပါ။ ပထမဆုံးနေ့တွင်ပင် အဆင့်၃ သားရဲကြီးလေးကောင်နှင့်အတူ အဆင့်၂ သားရဲကြီးများ အုပ်လိုက်ပါဝင်နေသည့်အတွက် သူတို့အားလုံး၏ အခြေအနေမှာ ဆိုးသထက်ဆိုးရွားနေကြောင်း သတိပြုမိလိုက်ကြသည်။
ထျန်းချီနှင့် ရှန်းယွမ်လုံတို့မှာ အချိန်မဆိုင်းတော့ဘဲ အဆင့်၃ သားရဲလေးကောင်ထံသို့ ပြေးဝင်တိုက်ခိုက်လိုက်သော်လည်း သူတို့နှစ်ဦးတည်းနှင့် သားရဲလေးကောင်ကို နှိမ်နင်းရန်မဖြစ်နိုင်ကြောင်း အဖွဲ့သားအားလုံးသိနေကြသည်။ ကျီဖုအဆင့် ရှန်းယွမ်လုံနှင့် ထျန်းချီတို့မှာ သိသိသာသာပင် အရေးနိမ့်နေပါသည်။ သူတို့သာ ရှုံးနိမ့်ခဲ့လျှင် ကျန်တစ်ဖွဲ့လုံးအနေနှင့် အဆင့် ၃ သားရဲများ၏လက်မှ လွတ်မြောက်ရန်မဖြစ်နိုင်သလောက်ရှိသည့်အတွက် ကျင့်ကြံသူအားလုံး၏ စိတ်ထဲတွင် စိတ်ပျက်မှုနှင့် ကြောက်ရွံ့မှုတို့ကြီးစိုးလာပြီး အချို့သော ကျင့်ကြံသူတို့၏ မျက်လုံးများသည် အနက်ရောင်အဖြစ်သို့ ကူးပြောင်းစပြုလာကြသည်။ နတ်ဆိုးကျင့်ကြံသူများအဖြစ်သို့ ပြောင်းလဲနေသော လက္ခဏာများပင်ဖြစ်သည်။
ဂျိန်း
ထိုစဉ် အားလုံး၏နားထဲတွင် မိုးကြိုးသံတစ်ချက် ကြားလိုက်ရပြီး နေရောင်နှင့်တူသော ရွှေအလင်းတန်းများသည် ကျင့်ကြံသူအားလုံး၏ ခန္ဓာကိုယ်များကို ဖြတ်သန်းစီးဆင်းလျက် ထွက်ပေါ်စပြုနေသော အနက်ရောင်အော်ရာများကို အကုန်အစင် ဖယ်ရှားလျက်ရှိသည်။ ကျန်းချန်ရွှမ်၏ အဆင့် ၂ အစွဲချွတ်အဆောင်လက်နက်၏ စွမ်းပကားဖြစ်သည်။ ကျန်းချန်ရွှမ်က ကျင့်ကြံသူအားလုံးကို လှည့်ကြည့်လိုက်ပြီး
“အားလုံးပဲ၊ သတိထားကြပါ၊ ခင်ဗျားတို့အနောက်မှာ ချစ်ရတဲ့မိသားစုတွေ သားသမီး၊ မိတ်ဆွေတွေရှိနေတာကို မမေ့ကြပါနဲ့၊ ခင်ဗျားတို့ပြိုလဲသွားရင် ခင်ဗျားတို့ကာကွယ်ပေးရမဲ့ အရာတွေအားလုံးလည်း အတူပြိုလဲသွားလိမ့်မယ်၊ ကျုပ်တို့နဲ့အတူ တစ်ပြိုင်နက်တည်း တိုက်ခိုက်ပေးကြပါ၊ ကန်းယန်ဂိုဏ်းနဲ့အတူ ဆရာကျန်းနဲ့ ဆရာဆောင်တို့လည်း ဒီမှာဖြစ်ပျက်နေတာကို မသိဘဲနေမှာမဟုတ်ဘူး၊ ကျုပ်တို့ဒီတစ်လှိုင်းကို ကြံ့ကြံ့ခံပြီး အချိန်ဆွဲပေးနိုင်ရင် မကြာခင် ကျီဖုအဆင့်ဆရာသခင်တွေ ရောက်လာပြီး တိုက်ပွဲအခြေအနေပြောင်းသွားလိမ့်မယ်”
***