← Chapters

အခန်း (၈၁-၈၅)

Vol. 5 Ch. 81-85

အခန်း (၈၁-၈၅)

Vol. 5 Ch. 81-85

နှစ်တစ်ရာကျင့်ကြံပြီးနောက်

အခန်း​ ၈၁ ။ ရွှေအမြုတေ​အဆင့် သုံးဦး

ထို​သား​ရဲများ​မှာ မှင်စပါးအုံးမြွေတောင်တန်းမှ အဆင့် ၃ နတ်ဆိုး​သားရဲ​များ ဖြစ်​ကြောင်း​ ယွင်​တုန်း​ရှန်၊ ရှန်း​ယွမ်လုံ​နှင့် ကျန်​လူအားလုံး​ မှတ်​မိ​လိုက်​ကြသည်။ ကျင့်ကြံသူ​အားလုံး​၏ နှလုံး​သွေးများမှာ ရပ်​တန့်မလိုဖြစ်သွားသည်။ သီးခြား​တောင်​တန်း​မှ နတ်ဆိုး​သားရဲ​ငါးကောင်၊ မှင်​စပါးအုံး​မြွေ​တောင်​တန်း​မှ သားရဲ​သုံး​ကောင်​နှင့် ကျီဖုအဆင့် နတ်ဆိုးကျင့်ကြံသူ လေးဦးတို့ပါဝင်သည့် ရန်သူအင်အားစုကြီးတွင် ကျီဖုအဆင့်နှင့် အထက်ရှိသူ ဆယ့်နှစ်ကောင်ပါဝင်သည်။ ထို့​ပြင်​ နတ်ဆိုးကျင့်ကြံသူများတွင် အဆင့်​၄ ဓမ္မရတနာ​များ​လည်း ပါလာနိုင်သေးသည်။ သားရဲ​များ​အနေ​နှင့်​ သည်​တစ်​ခါတော့ ပင်းချွမ်စီရင်စုကို မရရအောင် ဖျက်ဆီး​ပစ်မည်ဟု ရည်ရွယ်​ထား​ပုံရသည်။

အခြေအနေ​အရပ်ရပ်​ကိုသုံးသပ်ပြီးနောက် ယွင်တုန်း​ရှန်​နှင့် ရှန်း​ယွမ်လုံ​တို့​မှာ တစ်ဦးတစ်မျက်နှာ တစ်ဦး ကြည့်မိလိုက်ကြပြီး စိတ်​ဓာတ်​များကျဆင်းကုန်သည်။ သည်တစ်ခါ ရှန်း​မျိုး​နွယ်စုမှာ အလုံး​စုံပျက်သုဉ်းရတော့မည်လား။ ရှန်း​ယွမ်လုံ​မှာ လက်ရှိရှန်းမိသားစု​၏ အကြီးအကဲ​ဖြစ်သော်လည်း ယခုအချိန်​တွင်​ သူတတ်နိုင်တာမရှိတော့ပါ။ လက်ရှိ​ရင်ဆိုင်​နေရ​သော ရန်သူ​အများ​အပြား​ကို အနိုင်​ယူဖို့ လုံးဝ​မဖြစ်​နိုင်​သည့်​အပြင်​ ကျန်းပိုင်ယန်နှင့် ဆောင်​ဟွေ့တို့ စစ်ကူလာခဲ့လျှင်ပင် အခြေအနေပြောင်း​နိုင်​စရာမရှိပါ။

အင်​မော်​တယ်​ကျန်း​ပိုင်​လုံ ရှိနေလျှင်တော့ အခြေအနေ​မှာ​ ပြောင်း​ပြန်​ဖြစ်သွားနိုင်သည်။ သို့သော်​ သူ​အချိန်​မီရောက်​လာနိုင်​ချေက အလွန်နည်းလှသည်။ ရှန်း​ယွမ်လုံ၏အတွေးကို ရိပ်စားမိဟန်နှင့် နတ်ဆိုးကျင့်ကြံသူတစ်ဦးက ရယ်သွမ်းသွေးလျက် ပြောလိုက်​သည်။

“အင်မော်တယ် ပိုင်​လုံ လာကူမယ်ထင်နေတာလား၊ တစ္ဆေ​ရိပ်​နတ်ဆိုး၊ ဖေးယန် နဲ့ လေနက်မြွေဘုရင် သုံး​ယော​က်လုံး ကျန်​ပိုင်​လုံ ဒီကိုလာမဲ့လမ်းမှာ အသင့်စောင့်နေတယ်၊ဒီတော့​ ဘာမှမျှော်လင့်မနေနဲ့။ ဒီနေ့မှာ ပင်း​ချွမ်စီရင်စုက ကောင်တွေအားလုံး ကျုပ်တို့​သားရဲ​တွေရဲ့ အစာ​ဖြစ်​ပြီပဲ”

နတ်ဆိုးကျင့်ကြံသူ၏စကားကို ကြားပြီး​နောက် ကျင့်ကြံသူ​အားလုံး၏မျက်နှာ​များ​တွင် စိတ်​ဓာတ်​ကျ​ခြင်း၊ ကြောက်​ရွံ့​ခြင်းတို့ ဖိစီးလာကြသည်။ သူပြောသလိုပင် လက်ရှိအခြေအနေတွင်​ သူတို့​အားလုံး​အတွက်​ မျှော်လင့်​နိုင်​စရာ အခွင့်အရေး​မရှိကြောင်း နားလည်​ကြပြီးဖြစ်သည်။

“ဟုတ်​ပါ့မလား”

ထို​အ​ချိန်တွင်​ အားလုံး၏နား​ထဲတွင် သာယာသောအသံတစ်သံ ကြားလိုက်​ရသည်။

“ဘယ်​ကကောင်​လဲကွ”

နတ်ဆိုးကျင့်ကြံသူများနှင့် နတ်ဆိုး​သားရဲ​တို့မှာ လှုပ်​လှုပ်​ရှား​ရှား​ဖြစ်သွားပြီး အသံကြားရာသို့ ကမန်းကတန်း​လှည့်​ကြည့်​မိကြသည်။ အဝေးမှတိမ်​လွှာများကြားတွင် အစက်အပြောက်တစ်ခု ရွေ့လျား​နေသည်ကို တွေ့ရပြီး အနီး​သို့ရောက်လာချိန်တွင် အညိုရောင်ဝတ်စုံဆင်မြန်းထားသည့် သတ်လတ်ပိုင်းလူတစ်ယောက် လေပေါ်မတ်တပ်ရပ်လျက် သူတို့အနီးကို ချဉ်းကပ်​လာသည်ကို မြင်​လိုက်​ရသည်။ သူ့ဘေးတွင် နောက်​ထပ်​လူ​နှစ်ယောက်​ပါသေးသည်။ သူတို့​ထဲမှ တစ်ယောက်​မှာ အရပ်ရှည်ပြီး လှံတစ်ချောင်းကိုကိုင်ထားသည်။ ထိုပုဂ္ဂိုလ်မှာ ကန်း​ယန်​ဂိုဏ်း​၏ အထွတ်အထိပ်​သုံးဦး​အနက်​ တစ်ဦးဖြစ်သူ​ နန်ကုန်းပိုင်ကျန်း ဖြစ်ပြီး​ ဒုတိယ​တစ်ဦး​မှာ တျန့်ချီဖြစ်သည်။ နောက်ဆုံး​တစ်​ယောက်​မှာ ကြယ်ပွင့်အလင်းသရဖူကို ဆောင်းထားပြီး ထိုသူ၏ ပတ်လည်​တွင် အဆုံး​မရှိသည့်ကြယ်များ ဝိုင်း​ရံထားသလို အလင်း​ငွေ့တစ်မျိုး ဖြာထွက်​နေသည်။ ထိုသူ​မှာ​ ရှန်ကွမ်းမန်ဂိုဏ်း၏ အထွတ်အထိပ်​အကြီးအကဲ​ စီးတုကျန်ဖြစ်သည်။

ထို​ပုဂ္ဂိုလ်​သုံးဦး ရောက်​လာ​သည်ကိုမြင်လျှင် နတ်ဆိုးကျင့်ကြံသူများ​နှင့် နတ်ဆိုးသားရဲများမှာ ပုရွက်အုံမီးမြှိုက်သလို လှုပ်​လှုပ်​ရွ​ရွ​ဖြစ်​ကာ ကြောက်​လန့်တကြား​ဖြစ်ကုန်ကြသည်။

“ဟုန်​တျန့်ချီ နန်​ကုန်း​ပိုင်​ကျန်း​ စီးတုကျန် မင်း​တို့​သုံး​ကောင်​လုံး​ ဇီယွမ်စီရင်စုမှာ ရှိနေရမှာမလား။ ပြီးတော့​ စီးတုကျန်​ ကန်း​ယန်​ဂိုဏ်း​နဲ့ မင်းဘယ်တုန်းက ပေါင်းလိုက်တာလဲ”

စီးတုကျန်က စက်​ဆုပ်​အထင်သေးသည့် အမူအရာ​နှင့် ပြုံးပြ​လိုက်​ပြီး

“ငါတို့ဒီကို​လာတာ​က ရှင်း​ပါတယ်၊ မင်း​တို့ကို​ အမြစ်​ဖြုတ်​ပေးချင်လို့ပါ၊ ပထမ​တော့ မင်း​တို့​ဆရာကြီး ဝံပုလွေ​ဘုရင်​နဲ့ လေ​နက်​မြွေ​ဘုရင်​ဆိုတဲ့ နှစ်ကောင်လာမှ လူလုံးထွက်ပြမလို့ပဲ။ ဒါပေမဲ့​ ဒီကောင်တွေ​ အန္တရာယ်​ရှိမှန်း အနံ့ရပုံရတယ်၊ မင်း​တို့​လို ခပ်ညံ့ညံ့ကောင်လေးတွေကိုပဲ လွှတ်​လိုက်တယ်၊ ဒါပေမဲ့​ ငါတို့​လာရတဲ့ခရီးက လုံးလုံးအကျိုးမရှိ​တာတော့ မဟုတ်ဘူး၊ ငါတို့ရှာနေတဲ့တစ်ယောက် ဒီမှာရှိနေတာပဲ၊ ဟုတ်တယ်​နော် အစ်ကိုကုချန်”

စီးတုကျန်က ထို​စကား​ကိုပြောပြီးပြီးချင်း ကြယ်​အလင်း​သရဖူမှာ အလင်း​များ ပြိုးပြက်လာပြီးနောက် အလင်းစီးကြောင်းတစ်ခု ဖြစ်​ပေါ်​လာကာ ကောင်း​ကင်တစ်နေရာသို့ ဦးတည်ပြေးဝင်သွားသည်။ ထိုအခါ အရိပ်​ထဲတွင် ပုန်း​ကွယ်​နေသော ပုံရိပ်​တစ်ခုမှာ ဆက်လက်​ဖုံးကွယ်​ရန်မဖြစ်နိုင်တော့ဘဲ ခုန်​ထွက်​လာ​ရတော့သည်။ ထိုသူမှာ ရွှေအမြုတေအဆင့်ရှိ​ နတ်ဆိုးကျင့်ကြံသူ အရိပ်​နတ်ဆိုး​ ကျောင်း​ကုချန် ပင်ဖြစ်သည်။ ကုချန်သည် အလင်း​များဖြာထွက်နေသော စီးတုကျန်ကို စိုက်​ကြည့်​နေပြီး အံကိုကြိတ်ကာ တစ်ခွန်းချင်းပြောလိုက်သည်။

“ရှန်ကွမ်းမန်ဂိုဏ်းရဲ့ အဆင့် ၄ ဓမ္မ​ရတနာ ရွှန်း​လက်သရဖူပဲ”

ရွှန်း​လက်သရဖူ ရတနာမှာ ကုချန်၏ အားနည်း​ချက်​ဖြစ်ပြီး ထိုရတနာရှိနေပါက စီးတုကျန်ကို ထိပ်​တိုက်မ​ရင်ဆိုင်ဝံ့ပါ။ ထို့​ပြင်​ နောက်ထပ် ရွှေအမြုတေ​အဆင့်​ကျင့်ကြံသူများ​ဖြစ်သည့် တျန့်ချီ နှင့် နန်​ကုန်း​ပိုင်​ကျန်း​တို့​လည်း​ ရှိနေပါ​သေးသည်။ ထို့ကြောင့်​ကျောင်း​ကုချန်​သည် အလင်း​နက်အသွင်ပြောင်းပြီး ထွက်ပြေး​ပါတော့သည်။ သူ့တပည့်များကိုတော့ လှည့်၍ပင်မကြည့်သွားပါ။ သူ့အသက်မသေဖို့ပင် အနိုင်နိုင်ရုန်းနေရချိန်​ တပည့်​များ၏အသက်ကို စဉ်းစား​ပေးစရာ​အကြောင်း​မရှိပါ။

“အစ်ကို​စီးတု၊ ကုချန်ကို ခင်ဗျား​တာဝန်​ယူလိုက်”

ဟုန်​တျန့်ချီက စီးတုကျန်ကို တည်​ငြိမ်​စွာ ပြော​လိုက်​သည်။

“ဒီကောင်​လေးတွေကိုတော့ ကျုပ်​နဲ့ နန်ကုန်း ကိုင်​တွယ်​လိုက်မယ်၊ ရှင်း​ပြီး​တာနဲ့ ခင်ဗျား​နောက်ကို​ လိုက်​လာခဲ့မယ်၊ ကျောင်း​ကုချန်​ကို ဒီနေ့အပြီးရှင်းနိုင်မယ် ထင်​တာပဲ​”

“ကောင်း​ပြီ”

စီးတုကျန်က ခေါင်း​ညိတ်​ပြလိုက်ပြီး ကြယ်​မှုန်​များ​အသွင်ပြောင်းကာ မျက်စိအောက်မှ ပျောက်​ကွယ်​သွားတော့​သည်။

အဖြစ်​အပျက်များမှာ မြန်ဆန်​လှ၍ ကျန်လူအားလုံးမှာ ယခုမှပင် သတိဝင်လာကြတော့သည်။ အထူးသဖြင့်​ ရှန်း​မျိုး​နွယ်စု​နှင့် လော့​ရှား​မန် ဂိုဏ်းမှ ကျင့်ကြံသူများ ဖြစ်​ကြသည်။ အစော​ပိုင်း​က ပြောစကားအရ ဟုန်​တျန့်ချီတို့သုံးဦး တိုက်ပွဲမြေပြင်​ကို ရောက်​နေတာကြာပြီဖြစ်သည်။ သို့​သော်​ သူတို့​အား ကူညီတိုက်ခိုက်ပေးခြင်း လုံး​ဝမရှိသည့်အပြင် ထျန်း​ချင်အသတ်ခံရပြီး ရှန်းမျိုးနွယ်စုဘိုးဘေး ဒဏ်ရာ​အကြီး​အကျ​ယ်​ရခဲ့သည်ကိုလည်း ရပ်ကြည့်နေလိုက်သေးသည်။ ဘာကြောင့်​ပါလဲ။

အဓိက​အကြောင်း​ပြချက်​မှာ ဝံပုလွေ​ဘုရင်​နှင့် အခြား​သော​ ထိပ်သီး​နတ်ဆိုး​သားရဲ​များကို မျှားခေါ်လိုခြင်း ဖြစ်​နိုင်​သည်။ ထို​အခြင်းအရာ​ကိုကြည့်ခြင်းဖြင့် လူသား​မျိုး​နွယ်​ကို နှစ်ရာချီဒုက္ခပေးနေသော ဝံပုလွေ​ဘုရင်​ကိုသာ ​သုတ်​သင်​နိုင်မည်​ဆိုလျှင်​ ထို​လူ​သုံးဦး​သည် ထျန်း​ချင်​နှင့် ရှန်းယွမ်လုံတို့လို ကျီဖုအဆင့်သာမန်​ကျင့်ကြံသူ​များ မဆိုထားနှင့် ယွင်တုန်းရှန်လို အင်​မော်​တယ်​​ပိုင်​လုံ၏ လက်ရင်း​တ​ပ​ည့်​ဖြစ်သူ​ အသက်ကို​ပင် ဂရုစိုက်​မည်​မဟုတ်​ပါ။

ကျင့်​ကြံ​ခြင်း​အဆင့်​နိမ့်သူနှင့် မြင့်သူတို့အကြား တွေး​ခေါ်​ပုံ​ချင်း ခြား​နားကြသလို အဆင့်မြင့်ကျင့်ကြံသူများသည် အမြင့်ဆုံး​အရာများကိုသာ ပစ်မှတ်ထား​ကြပြီး ထိုအရာကိုရရှိရန် လို​အပ်​သည့်စတေး​မှုများကိုလည်း ဆောင်ရွက်​ရန်​ဝန်​မလေးပါ။ သို့​သော်​ ကျန်း​ချန်​ရွှမ်နှင့်​ အခြေခံ​တည်ဆောက်​မှု​အဆင့် နှင့် ချီသန့်စင်ခြင်းအဆင့်​ ကျင့်ကြံသူတို့အမြင်​တွင် ဟုန်​တျန့်ချီတို့၏ လုပ်ရပ်​ကို​နားလည်​ပေးနိုင်​ရန် ခက်ခဲလှသည်။ သူတို့လုပ်ရပ်ကို ကျန်း​ချန်​ရွှမ်​သဘောမတူနိုင်ပါ။ အရေးကြီး​ဆုံး​တာဝန်​ကို ဖြည့်ဆည်း​နိုင်​ရန် လူအများ၏အသက်ကို မလိုအပ်​ဘဲ စတေးခြင်းသည် အဓိပ္ပာယ်​မရှိဟု သူမြင်မိသည်။

သို့သော်​ ကျင့်ကြံမှုလောကတွင် လုံလောက်​သည့် အဆင့်​အတန်း​တစ်ခုမရှိလျှင် ထိုသူပြောသည့်စကားများ အယူအဆ​နှင့် အတွေး​အမြင်​များ​မှာ မှန်​နေဦးတော့ အရာ​ရောက်​မည်မဟုတ်ပါ။ အားနည်း​သူအနေနှင့် အားကြီး​သူကို ခွန်း​တုံ့​ပြန်ရန် မဖြစ်​နိုင်​ပါ။

ထို့​ကြောင့်​ လက်ရှိ​အချိန်​တွင်​ ကျန်း​ချင်း​ရွှမ်​တတ်နိုင်​သည်က ကျင့်ကြံမှုကိုအဆင့်မြှင်တင်ပြီး အင်အား​ကြီး​သထက်ကြီးလာရန် ကြိုးစား​ဖို့ဖြစ်သည်။

***

နှစ်တစ်ရာကျင့်ကြံပြီးနောက်

အခန်း​ ၈၂ ။ အငြင်းပွားခြင်း

ထို​အဖြစ်​ကြောင့် ကျီဖုအဆင့် နတ်ဆိုးကျင့်ကြံသူများ​နှင့် အဆင့်​၃ နတ်ဆိုး​သားရဲ​တို့မှာ ကြောင်​ကိုတွေ့လိုက်ရသည့် ကြွက်များ​ကဲ့သို့ ကစဉ့်ကလျား ထွက်​ပြေး​တိမ်း​ရှောင်​ကုန်ကြသည်။ ရွှေအမြုတေ​အဆင့်​ ကျင့်ကြံသူ​နှစ်​ဦးနှင့် ရင်ဆိုင်​တိုက်ခိုက်​ရန် အခွင့်အရေး​မရှိသည့်​အပြင်​ သူတို့​အားလုံး​ ပူးပေါင်း​တိုက်​စစ်ဆင်လျှင်ပင် မိနစ်​အနည်းငယ်​အထိ ခုခံ​နိုင်​ရန် မျှော်လင့်ချက်​မရှိ​ပါ။

မျှော်လင့်​ချက်​ရှိသည်ဆိုလျှင်ပင် နတ်ဆိုးကျင့်ကြံသူများ၏ ကိုယ်​ကျိုး​ဖက်၍ စဉ်းလဲတတ်သော စရိုက်​သဘာဝကြောင့် တစ်ညီတစ်ညွတ်တည်း လက်​တွဲ​တိုက်ခိုက်​ရန် မဖြစ်နိုင်သလောက်ရှိပါသည်။ ထို့​ကြောင့်ပင် နန်ကုန်းပိုင်​ကျန်း​တို့သုံးဦး ရောက်ရှိလာပြီးနောက် နတ်ဆိုးကျင့်ကြံသူများနှင့် နတ်ဆိုး​သားရဲ​များမှာ​ ဆက်​လက်​တိုက်ခိုက်​ဖို့​မဆိုထားနှင့်​ အသက်ဘေးမှ လွန်​မြောက်​ရန်အတွက်​သာ အနိုင်​နိုင်​ ပြေးရှောင်ကြပါတော့သည်။ သို့​သော်​ ရွှေအမြုတေ​အဆင့်​ ကျင့်ကြံသူ​နှစ်ဦးမှာ နတ်ဆိုးသားရဲ​များ​အား လွတ်မြောက်ခွင့်ပေးလိုပုံမပေါ်ပါ။

တစ်​ခဏချင်းတွင် နန်ကုန်းပိုင်ကျန်းသည် လှံ​ရှည်​လက်နက်​ဖြင့် အဆင့်၃ နတ်ဆိုးသားရဲသုံးကောင်​ကို​ ထုတ်​ချင်း​ပေါက်​ပစ်ခတ်လိုက်ပြီး ခန္ဓာကိုယ်​များကို တစ်စစီ​ဆွဲစုတ်ဖျက်ဆီးလိုက်သည်။ ထို့နောက်​ လက်ကို​ဝှေ့ယမ်း​လိုက်ရာ ကြောက်​မက်​ဖွယ်​ လှံအရိပ်​ကြီး​များက နတ်ဆိုးကျင့်ကြံသူ​နှစ်ဦး​၏ ဦး​ခေါင်း​များကို ဖောက်​ထွင်း​လျက်​ လေထဲမှာပင် ဖျက်ဆီး​ပစ်​လိုက်ပြန်သည်။ တစ်ချိန်​တည်း​မှာပင် ဟုန်​တျန့်ချီက​ လက်​ကို​မြှောက်​လျက်​ လက်ဖျောက်တီးလိုက်သည်။

မိုး​ကြိုး​ပစ်လိုက်​သလို အသံတစ်ခု ကျယ်​လောင်​စွာထွက်ပေါ်လာပြီး ပေတစ်ထောင်ခန့်မြင့်သည့် တောင်​ကြီးတစ်ခုက ကျန်​ရှိနေသေး​သော မိစ္ဆာကျင့်ကြံသူများနှင့်​ နတ်ဆိုး​သားရဲ​အုပ်​အပေါ် အရှိန်​ပြင်း​စွာ​ကျရောက်​လာပါတော့သည်။ ကြောက်လန့်တကြား​ ထွက်​ပြေး​နေကြ​သော နတ်​ဆိုး​သားရဲ​များနှင့် နတ်ဆိုးကျင့်ကြံသူများမှာ ပင့်ကူအိမ်တွင် မိနေသော ပိုးမွှားများကဲ့သို့ တောင်​ကြီး​အောက်တွင် ပိမိပြီး မလူးသာမလွန့်သာ သေဆုံး​ကုန်​ကြသည်။ တောင်​ကြီး​နှင့်အဖိခံရ၍ သေဆုံး​သူ​များ​ထဲတွင်​ မျက်လုံး​လေး​ခု နတ်ဆိုး​မြွေ၊ ခရမ်းရောင်​မျက်လုံး ဝံပုလွေ၊ သုံး​မြီး​မီး​ပုတ်သင်​ကြီး​နှင့်​ မျက်လုံးသုံး​ခု လင်းယုန်တို့အပြင် နတ်ဆိုးကျင့်ကြံသူ​အများ​အပြား ပါဝင်​သွား​ကြသည်။ မျက်လုံး​ပြာ​ မျောက်ဝံ​ကြီး​ကတော့ သူ၏နောက်ဆုံး​အချိန်​တွင် အဆင့်​၄ ဟင်းလင်းပြင်ချိုးဖျက် အဆောင်​ကိုသုံးကာ လက်​မတင်လေး လွတ်မြောက်​သွားသည်။

ထို​မြင်ကွင်း​ကို မြင်​လိုက်ရ​သော ကျင့်ကြံသူအားလုံးမှာ ကြက်သီးများထသည့်အထိ တုန်လှုပ်​သွား​မိကြသည်။ ရွှေအမြုတေအဆင့် ကျင့်ကြံသူ​များ​၏ စွမ်းအား​သည်​ သူတို့အားလုံး​ထက် မိုး​နှင့်​မြေပမာ သာလွန်ကွာခြားနေပြီး စွမ်းအား​မြင့်​ပါသည်ဆိုသော ကျီဖုအဆင့်​ကျင့်ကြံသူ​များသည်ပင် ရွှေအမြုတေ အဆင့်ရှိ ကျင့်ကြံသူတစ်ဦး၏အမြင်တွင် ပုရွက်ဆိတ်​အကြီးစားသာသာပဲ ရှိပါလိမ့်မည်။ ချီ​သန့်စင်​ခြင်း အဆင့်နှင့် အခြေခံတည်ဆောက်ခြင်း အဆင့်များအတွက်တော့ နှိုင်း​ယှဉ်​ရန်ပင် စကားလုံး​ရှိမည်မဟုတ်ပါ။

“ဂိုဏ်း​တပည့်​ယွင် ထွက်​ပြေး​သွားတဲ့ နတ်ဆိုးကျင့်ကြံသူတွေကို နောက်​ကလိုက်ပြီး သုတ်သင်ပါ။ တစ်ယောက်​မှ အသက်ရှင်​လျက် မလွတ်စေနဲ့။ အကြီးအကဲ​နန်ကုန်း​နဲ့ ငါက ကျောင်း​ကုချန်​နောက်​ကို လိုက်​မယ်”

ဟုန်​တျန့်ချီက လူအုပ်​ကြားထဲရှိ ယွင်တုန်းရှန်ကို အမိန့်​ပေးလိုက်သည်။

ယွင်တုန်းရှန်ကလည်း ချက်ချင်းဦးညွတ်လိုက်သည်။

“နားလည်​ပါပြီ​ အဓိပတိ​အကြီးအကဲ​ဟုန်”

သူ​ခေါင်း​မော့လိုက်သည့် အချိန်​တွင် နန်ကုန်းပိုင်​ကျန်း​နှင့် ဟုန်​တျန့်ချီတို့မှာ ကောင်းကင်ထက်တွင် မရှိတော့ချေ။ ယွင်​တုန်း​ရှင်၏ မျက်နှာ​တွင် ခါးသက်သက်အပြုံးတစ်ခု ထင်ဟပ်​လာသည်။ ယခုအချိန်​တွင် သူအနေနှင့်​ ဟုန်​တျန့်ချီနှင့် နန်ကုန်းပိုင်​ကျန်း​တို့၏ အစီအစဉ်​ကို အကြမ်း​ဖျင်း​နားလည်​လိုက်ပြီးဖြစ်သည်။ ထိုရွှေအမြုတေအဆင့် ကျင့်ကြံသူ နှစ်ဦးသည် ဇီယွမ် စီရင်စု​ကို​ ချီတက်​မည်ဟူသော သတင်း​အမှားထုတ်ပြန်ပြီး ရန်​သူများကို​ အာရုံ​လွှဲ​ကာ စီးတုကျန်နှင့်ပူးပေါင်းလျက် ပင်းချွမ်စီရင်စုအတွင်းသို့ လျှို့ဝှက်​ဝင်ရောက်​လာ​ခဲ့​ခြင်း​ဖြစ်​သည်​။

ယွင်တုန်းရှန်​မှာ ထိုနည်းဗျူဟာ​မျိုး​နှင့် မစိမ်းလှပါ။ သူ့​ခန့်မှန်း​ချက်​အရ ဤအကြံမှာ ရှန်းမန်ရွှယ်၏ အကြံသာဖြစ်လိမ့်မည်။ ဟုန်​တျန့်ချီ​နှင့် နန်ကုန်းပိုင်​ကျန်းတို့​သည် တျန့်ချင်းသေဆုံးပြီး ရှန်း​ယွမ်လုံ​ဒဏ်ရာ​အကြီး​အကျ​ယ်​ရနေသည့် အချိန်​အထိ ဝင်ရောက်တိုက်ခိုက်​ခြင်း​မပြု​ဘဲ ရပ်​ကြည့်နေ​ခဲ့သည့်​အဖြစ်​ကို ရှန်း​မန်ရွှယ်​တစ်ယောက်​ ကြားသိလျှင် မည်သို့​မည်ပုံ​ တုံ့ပြန်​မည်နည်း ဆိုသည်ကို ယွင်တုန်း​ရှန်​မခန့်မှန်းတတ်ပါ။ ကန်း​ယန်​ဂိုဏ်း​အကြီး​အကဲ​များ​ကြားတွင် ပဋိပက္ခ​မဖြစ်​ဖို့တော့ သူမျှော်လင့်မိသည်။

ဟုန်​တျန့်ချီတို့၏ အစီအစဉ်​မှာ အလုပ်​ဖြစ်​သည်ကတော့ ငြင်း၍ မရပါ။ ကျောင်းကုချန်ကိုသာ သတ်​နိုင်​ခဲ့လျှင် သည်အစီအစဉ် ရာနှုန်း​ပြည့်​အောင်မြင်​သည်​ဟု ဆိုနိုင်ပါလိမ့်မည်။

ထို​အချိန်​တွင်​ ကျန်း​ပိုင်​လုံ​နှင့် ရင်ဆိုင်​နေသော ရှဲ့ဖေးယန်နှင့် လေနက်မြွေဘုရင်တို့မှာလည်း ကျောင်း​ကုချန်​ ထောင်ချောက်မိ၍ ညှပ်ပူးညှပ်ပိတ် အတိုက်ခံရကြောင်းကို သတင်း​ရလျှင် မျက်နှာ​အကြီးအကျယ်​ပျက်​ကာ အချိန်​မဆွဲတော့ဘဲ​ အမြန်​ဆု​တ်ခွာပါတော့သည်။ ကျန်းပိုင်လုံသည်လည်း လေထဲတွင်ရပ်လျက် ထိုမြင်ကွင်းကိုကြည့်နေရင်း တစ်ကိုယ်တည်း ရေရွတ်​လိုက်​သည်။

“ဟုန်​တျန့်ချီ နဲ့ နန်ကုန်း မင်း​တို့ ငါ့ကို​စိတ်မပျက်စေဖို့ မျှော်လင့်​ပါတယ်။ ရှန်း​မိသားစု​က ဟိုလူငယ်​တစ်ခုခုမဖြစ်အောင် မင်း​တို့​ကာကွယ်ပေး​ရမယ်။ မဟုတ်​ရင်​ မန်​ရွှယ်​ကို ငါ​မျက်​နှာ​ပြဝံ့တော့မှာ မဟုတ်ဘူး​”

….

လဝက်အကြာတွင်…

ယွင်တုန်းရှန်နှင့် ရှန်းယွမ်လုံတို့ သတင်း​တစ်ခု​ကြားရသည်။ အရိပ်​နတ်ဆိုး​ကျောင်းကုချန်သည် စီး​တု​ကျန်၊ နန်ကုန်းပိုင်​ကျန်း​နှင့်​ ဟုန်တျန့်ချီတို့လက်ချက်ဖြင့် ရုပ်ခန္ဓာဆုံး​ရှုံး​လိုက်​ရပြီး ရွှေ​အမြုတေကို ချန်​ထား​လျက် ထွက်​ပြေး​လွတ်မြောက်​သွား​သည် ဟူသော​သတင်း​ဖြစ်သည်။ ရွှေ​အမြုတေ​ကို ခွဲ​ထုတ်​လိုက်​ရခြင်းသည် တာအို​လမ်းစဉ်ကို ကန့်သတ်​လိုက်သည်နှင့် အလား​တူပြီး ပုံမှန်​အတိုင်း​ပြန်​ဖြစ်​ရန် နှစ်​ရာဂဏန်း အချိန်ယူရတော့မည်ဖြစ်သလို မူလ​အတိုင်း​ပြန်​ကောင်း​လျှင်​ပင် နဂိုမူလ ကျင့်ကြံမှုအဆင့်ကို​ ပြန်လည်​ရရှိ​တော့မည်မဟုတ်ပါ။ သည်​ကြားထဲတွင် အခြား​နတ်ဆိုးကျင့်ကြံသူ​များ​၏ သတ်ဖြတ်​ခြင်း​ကို​လည်း​ ခံရနိုင်ပါသေးသည်။ အချင်း​ချင်း​ သတ်ဖြတ်​လုယက်​ခြင်း​မှာ မိစ္ဆာကျင့်ကြံ​သူ​လောကတွင် အထူး​အဆန်း မဟုတ်​ပါ။

ထို့​ပြင်​ နောက်​သတင်း​တစ်ခုက ဟုန်​တျန့်ချီ​ ကန်း​ယန်​ဂိုဏ်းသို့ ပြန်​ရောက်​သောအခါ ရှန်းမန်ရွှယ်​နှင့် အချင်း​များ​ကြသည် ဆိုသော​သတင်း​ဖြစ်သည်။ ရှန်း​မန်ရွှယ်​သည် အတော်လေး ဒေါသပေါက်ကွဲနေပြီး တျန့်ချင်းနှင့် ရှန်းယွမ်လုံကို ကယ်ဆယ်ရန်ပျက်ကွက်ခဲ့အတွက်​ ဟုန်​တျန့်ချီ​ကို ဖြေရှင်းချက်ပေးရန် လူ​ပုံ​အလယ်​တွင် တောင်းဆိုခဲ့သည် ဟုပြောကြသည်။ ဟုန်​တျန့်ချီ​လို အနေအထား​ရှိသူကို ဆန့်ကျင်​ရဲသူမှာ ရှန်း​မန်ရွှယ်​တစ်ယောက်​သာ ရှိသည်​ဟုဆိုရမည်။ သူမသည်​ ကန်း​ယန်​ဂိုဏ်း​အတွက်​ အကျိုးများ စွာပြုခဲ့သည့်အပြင် ဂိုဏ်း​အတွင်း​တွင် ဟုန်​တျန့်ချီ​နှင့် တန်း​တူအရေးပါမှုမျိုး ရှိနေသည့်အတွက်လည်း ဟုန်​တျန့်ချီကို ရင်​ဆိုင်​ဝံ့ခြင်းဖြစ်သည်။

မဟုတ်​လျှင်​ မိမိ​ထက် ကျင့်ကြံမှုအဆင့်မြင့်သူတစ်ဦးကို အံတုဖက်ပြိုင်ခြင်းသည် ကျင့်ကြံသူလောကတွင် မပြု​လုပ်​အပ်သည့် အရာ​တစ်​ခုဖြစ်သည့်အတွက် မိမိ​အတွက်​အကျိုးရှိလိမ့်မည် မဟုတ်​ပါ။ ကျင့်ကြံ​ခြင်း​လောကတွင် ခွန်​အား​ကြီးသူသာ မှန်စမြဲမဟုတ်ပါလား။ သို့သော်​ ယခု​ကိစ္စ​သည် ဟုန်​တျန့်ချီ၏ အမှားဖြစ်သလို ရှန်းမန်ရွှယ်၏ နောက်​တွင် ကျန်း​ပိုင်​လုံရှိနေခြင်းကြောင့်လည်း ရှန်းမန်ရွှယ် တစ်ယောက် ဟုန်​တျန့်ချီကို ပြဿနာ​ရှာဝံ့ခြင်းဖြစ်သည်။

ဟုန်​တျန့်ချီသည် ရှန်း​မန်​ရွှယ်၏ သဘောထား​ကို မနှစ်မြို့သော်လည်း အတိုက်အခံမလုပ်တော့ဘဲ ရှန်း​မန်ရွှယ်​ကို တောင်း​ပန်​သည့်အနေနှင့် ကျီဖုကျောက်စိမ်းပြားကို လက်ဆောင်​အဖြစ်​ပေးအပ်လိုက်သည်။ ကျီဖုကျောက်စိမ်းပြားသည် ကျီဖုအဆင့်​ကျင့်ကြံသူ​တစ်ဦးကို အားဖြည့်​ပေးနိုင်သော အဖိုးတန်​ရတနာ​တစ်ပါး​ဖြစ်​သည်။ သို့​သော်​ ဟုန်​တျန့်ချီ​လို မောက်​မာ​ဝံ့​ကြွား​သူတစ်ဦးအနေနှင့် ရန်​ငြိုး​မထား​ဘဲ ကျေအေး​ပေးသည်ဆိုသည်မှာ မဖြစ်​နိုင်​ပါ။

***

နှစ်တစ်ရာကျင့်ကြံပြီးနောက်

အခန်း​ ၈၃ ။ နတ်ဆိုး​သားရဲ​အဓိကရုဏ်းပြီး​ဆုံး​ခြင်း

ရှန်း​မန်​ရွှယ်သည်လည်း ထို​အချက်​ကို ကောင်း​ကောင်း​နားလည်​ထား၍ ဟုန်​တျန့်ချီ​ထံမှ ရရှိထားသော​ ကျောက်​စိမ်း​ပြား​ကို ရှန်း​မိသားစု​ထံ အလျင်အမြန်​ပို့၍ ချက်​ချင်း​သုံးစွဲရန် မှာကြား​လိုက်​သည်။ ရှန်း​မိသားစု​ပိုင် ယာယီ​လှိုဏ်ဂူတစ်ခုတွင်​ဖြစ်​သည်။ ရှန်း​ယွမ်လုံ​သည် ကျောက်​စိမ်း​ပြား​ကို ကျန်း​ချန်​ရွှမ်၊ ရှန်းရူယန်နှင့် ရှန်းတောက်​မင်တို့၏ ရှေ့ရှိ စား​ပွဲ​ပေါ်​တွင် ချပြလိုက်သည်။ တိုက်ပွဲ​အတွင်း​ ဒဏ်ရာ​ရရှိ​ခဲ့မှု​ကြောင့် ရှန်း​ယွမ်လုံ၏ အော်ရာမှာ ဖျော့တော့အားနည်းနေသလို ဦး​ခေါင်း​ထက်​တွင်​လည်း ဆံပင်​အချို့ ​ဖြူစပြုနေသည်ကို အတိုင်းသားတွေ့ရသည်။ သူက

“ချန်​ရွှမ်၊ ရူယန်နဲ့ တောက်​မင်၊ တိုက်​ပွဲ​မှာ မင်း​တို့​ပြခဲ့တဲ့ စွမ်း​​ဆောင်​မှု​တွေကြောင့် မင်း​တို့​သုံး​ယောက်​လုံး​ ဒီ​ရတနာ​ကို​ ရထိုက်ပါတယ်။ ဘယ်​သူယူမလဲဆိုတာတော့ မင်းတို့အချင်းချင်း​ပဲ ဆွေးနွေး​လို​က်ကြပါ”

ကျန်း​ချန်​ရွှမ်က ပြုံး​လျက်

“ကျွန်တော့်​အနေနဲ့ ကျီဖု​နယ်ပယ်​နဲ့ အဝေး​ကြီး​လိုပါ​သေးတယ်။ ဒီ​ကျောက်​စိမ်း​ပြား​က ကျွန်တော့်အတွက် အသုံး​မဝင်သေးပါဘူး”

တကယ်​တော့​ ကျန်း​ချန်​ရွှမ်တွင် စနစ်၏အကူအညီ​ဖြင့်​ ကျီဖုအဆင့်သို့ တက်​လှမ်းရန်​ အခွင့်အရေး​ရှိ​ပြီးဖြစ်သည်။ နတ်ဆိုး​သားရဲ​ ၁၀၀ ကို သတ်ဖြတ်​ရမည့်​ မစ်​ရှင်​ပြီးမြောက်​သည့်​အချိန်​တွင် စနစ်​မှ​ အဆင့်မြှင့်ပုတီးစေ့ကို ချီး​မြှင့်​ခဲ့ပြီးဖြစ်သည်။ နာမည်​အတိုင်း​ပင် အဆင့်မြှင့်​ပုတီးစေ့မှာ ကျင့်ကြံသူ​ကို​ နောက်​တစ်ဆင့်​သို့​ ဘေး​ထွက်​ဆိုးကျိုး​မရှိ​ဘဲ လွယ်ကူစွာ​တက်ရောက်​နိုင်​ရန် အသုံးပြု​သည့်​ရတနာ​ပစ္စည်း​ဖြစ်သည့်အတွက် ဟုန်တျန့်ချီ၏ ကျောက်​စိမ်း​ပြား​မှာ​ သူ့အတွက် အဖိုး​မတန်လှပေ။

ရှန်းရူယန်က​လည်း ခေါင်း​ခါလိုက်ပြီး

“ကျွန်မ​လည်းမလိုအပ်ပါဘူး။ အစ်ကို​တောက်မင်​ကိုပဲ ပေးလိုက်ပါ”

ထိုအခါ ရှန်း​တောက်မင်က မျက်​မှောင်​ကြုံ့သွားပြီး

“ရူယန်က အခြေခံ​တည်ဆောက်​မှု နဝမအဆင့်ကို ရောက်​နေပြီ​မလား၊ ကျီဖုအဆင့်​ကို တက်ဖို့ ဒီ​ရတနာ​ကို မင်း​လိုလိမ့်မယ်၊ ငါ့အတွက်​တော့ အရေးမကြီးပါဘူး”

ရှန်း​ရူယန်က​ ရှန်းတောက်မင်၏စကားမဆုံးခင်တွင်ပင်

“ကျွန်မ​မလို​ဘူး၊ ကျီဖုအဆင့်ကို တက်​ချင်​ရင် ကိုယ်​ပိုင်​နည်း​လမ်း​ကိုပဲ သုံး​မှာပါ။ ဒါကြောင့်​ အစ်ကို​ပဲယူလိုက်ပါ”

ပြော​ပြောဆို​ဆိုနှင့် ရှန်းရူယန်က ကျောက်​စိမ်း​ပြားကို ရှန်း​တောက်မင်ရှေ့သို့ တွန်းပို့လိုက်သည်။ ရှန်း​တောက်​မင်​က​ ငြင်း​ဆန်​ဦးမည်အပြုတွင် ရှန်းရူယန်က

“အစ်​ကို ကျွန်မ​အနေနဲ့​ ကျီဖု​နယ်ပယ်​ကို တက်​လှမ်း​ချင်ရင် ပြင်ပအကူအညီမပါဘဲ တက်​ရောက်​နိုင်​ဖို့ ၈၀% ယုံကြည်​မှု​ရှိ​ပါတယ်။ ဒါပေမဲ့​ အစ်ကို​သာ​ ဒီကျောက်စိမ်းပြား အကူအညီ​မပါ​ရင် မီးလျှံ​သလင်း​ကျောက်​နဲ့ ခရမ်းရောင်​စစ်​မှန်​မှု​ဆေးပြား နှစ်​ခုလုံး​ကို သုံး​တယ်​ပဲထား၊ ကျီဖုအဆင့်ကို​ ကျိန်းသေရောက်ပါမယ်လို့ အာမခံ​နိုင်လား”

ထို​စကား​ကြောင့် ရှန်းတောက်မင်တစ်ယောက် ငြိမ်​သွားရသလို ရှန်းယွမ်လုံ၏ မျက်လုံးများမှာ အရောင်​လက်​သွား​သည်။ သူက

“ရူယန်​ မင်း​အခုပြောတာ အမှန်ပဲလား”

ရှန်းရူယန်က ခေါင်း​ညိတ်​ပြလိုက်သည်။ ထိုအခါ ရှန်း​ယွမ်လုံ​က ကျေနပ်​အား​ရသည့်​ဟန်​နှင့်

“ကောင်း​ပါပေတယ်၊ မင်း​နဲ့ တောက်​မင်​တို့​နှစ်ယောက်​ ကျီဖုအဆင့်ကို ရောက်​သွား​ရင် ရှန်းမိသားစုရဲ့ အနာဂတ်​ကို မင်း​တို့​လက်​ထဲ စိတ်​ချလက်ချထားနိုင်ပြီပေါ့”

ရှန်းယွမ်လုံ၏အသံမှာ စိတ်​လှုပ်ရှား​ပျော်ရွှင်​မှုကြောင့် တုန်​ယင်နေသည်။ ရှန်း​တောက်​မင်​က​ ကြား​ဖြတ်၍ နှစ်​သိမ့်ပေးလိုက်သည်။

“ဘိုး​ဘေး​ ဒီလို​မပြာပါနဲ့ခင်ဗျာ”

ရှန်း​ယွမ်လုံက​ အသာ​လက်​ကာပြရင်း ပြုံး​လိုက်​သည်။

“ငါ့အခြေအနေ ငါသိပါတယ်ကွာ၊ နောက်​ထပ်နေရ နှစ်​အနည်းငယ်​ပေါ့။ ဒါပေမဲ့​ ငါမရှိတော့ရင် ရှန်း​မိသားစု​ ဘယ်​လို​ဖြစ်ကျန်ခဲ့မလဲတွေးပြီး စိတ်​ပူနေခဲ့ရတယ်။ ဒါပေမဲ့​ မင်းတို့​မောင်နှမ​ ကျီဖုအဆင့်​ကို တက်​လှမ်း​နိုင်ရင်တော့ ငါစိတ်​ချလက်ချ ထွက်သွားလို့ရပြီပေါ့”

ထို့​နောက် ရှန်းယွမ်လုံက ဤအကြောင်းနှင့် ပတ်သက်​ပြီး​ စကား​ဆက်​လိုဟန်မတူဘဲ လက်ကာပြလိုက်သည်။

“ဒီကိစ္စ​ ဒီမှာတင်ပဲ ရပ်​လိုက်​ကြရ​အောင်၊ မကြာခင်​မှာ နတ်ဆိုး​သားရဲ​အဓိကရုဏ်း​ပြီး​လိမ့်မယ်။ ဒီအရေးအခင်းကြီးပြီးသွားတာနဲ့ ဟုန်​မိသားစု​လည်း စလှုပ်ရှားလိမ့်မယ်၊ ငါရှိနေသရွေ့တော့ မင်း​တို့​ဘာ​မှမဖြစ်စေရပါဘူး၊ ဒီတော့​ မင်း​တို့​ရဲ့ ကျင့်ကြံ​မှုအဆင့်ကို ဒီအတောအတွင်း မြှင့်နိုင်သမျှမြှင့်ထားကြပါ”

ရှန်း​ယွမ်လုံပြောသလို နတ်ဆိုး​သားရဲ​အရေးမှာ နှစ်​နှစ်အတွင်းပြီးဆုံးသွားသည်။ အဆင့်​၃ နတ်ဆိုး​သားရဲအများအပြား သေဆုံး​မှုနှင့် အရိပ်​နတ်ဆိုး​ ကျောင်း​ကုချန်၏ အရေးနိမ့်သွားမှုကြောင့် မျှော်​မှန်း​ထားသည်ထက် စောစော​ပြီးဆုံးသွားသည်။ သို့​သော်​ ပင်းချွမ်စီရင်စုနှင့် အခြား​ဒေသ​များတွင်​ နတ်ဆိုး​သားရဲ​ကပ်ဘေးကြီးကြောင့် ထိခိုက်​ဆုံးရှုံး​မှု အဆမတန်​ကြုံတွေ့​ခံစား​ခဲ့ရသည့်အတွက် ကျင့်ကြံသူများနှင့် သေမျိုးလူသား​အားလုံးမှာ​ စိတ်​ဒုက္ခ​ကြီးစွာ ပင်​ပန်း​ဆင်းရဲနေကြရရှာသည်။

ထို​ကြား​ထဲတွင်​ သတင်း​တစ်ပုဒ်​က လူသား​တို့၏ ကျဆင်း​ဆုတ်​ယုတ်​နေသော​ စိတ်​ဓာတ်​ကို​ တိုး၍ပျက်ပြားစေလိုက်သေးသည်။ ထိုသတင်းမှာ နတ်ဆိုး​သားရဲ​သောင်း​ကျန်း​မှု​သည်​ နှစ်​၂၀၀ လျှင်​ တစ်ကြိမ်​သာ ဖြစ်​ပွားနေရာမှ လာမည့်​အနာဂတ်​တွင် နှစ်​၁၀၀ လျှင်​ တစ်ကြိမ်နှုန်း ဖြစ်​ပွားတော့မည်ဟူသောသတင်းဖြစ်သည်။ ပြင်ဆင်​ရန်​အချိန်​ကာလမှာ ထက်​ဝက်တိတိ လျော့ကျ​သွားသည့်အတွက် လူသား​တို့၏ ရှင်​သန်​မှု​ဘဝမှာ အနာဂတ်​တွင် ပိုမို​ခက်ခဲ​လာ​တော့​မည်​ဖြစ်သည်။

ထို​အချိန်​တွင်​ ကျင့်ကြံမှုအလွှာ၏ ထိပ်​ဆုံး​အဆင့်​တွင် ဘာတွေ​ဖြစ်ပျက်​နေသလဲ ဆိုသောမေးခွန်းနှင့် ပတ်သက်​ပြီး​ မည်သူမှ ဖြေကြားနိုင်ခြင်းမရှိသေးပေ။ သည်ဆုံးဖြတ်ချက်နှင့် ပတ်သက်​ပြီး အဆင့်​မြင့်​ကျင့်ကြံသူ​များ​အနေနှင့် တစ်စုံ​တစ်​ရာ​မတုံ့ပြန်ခြင်းကိုလည်း အောက်​ခြေ​ကျင့်ကြံသူများအဖို့ နားမလည်​နိုင်​စရာဖြစ်နေသည်။

ရှန်း​မျိုး​နွယ်စု၏ ဌာနချုပ်​ ယွီဟွာတောင်တွင်ဖြစ်သည်။ ရှန်း​မိသားစု၏ လက်ရှိဘိုးဘေးဖြစ်သူ​ ရှန်း​ယွမ်လုံသည် သူ့ရှေ့မှောက်ရှိ မျိုးနွယ်စုအကြီးအကဲများကိုကြည့်ရင်း တွေးတွေးဆဆနှင့်ပြောသည်။

“နတ်ဆိုး​သားရဲ​ဘေး ဘယ်​အချိန်​မှ လာမယ်ဆိုတဲ့ကိစ္စက ငါတို့​ဆုံးဖြတ်​နိုင်​တဲ့နယ်ပယ် မဟုတ်​ဘူး။ ငါတို့လုပ်နိုင်တာက ဒီကြားထဲမှ ငါတို့​မျိုး​နွယ်​စုရဲ့ အင်အား​ကို အစွမ်း​ကုန်​မြှင့်တင်ထားဖို့ပဲ။ ကဲ အခု​တော့.. နတ်ဆိုး​သား​ရဲအရေးက ရတဲ့​အကျိုး​အမြတ်​တွေ​ကို ဝေစုခွဲတဲ့ကိစ္စကိုပဲ ဆွေးနွေး​ကြ​ရ​အောင်”

စကား​ဆုံး​သည်​နှင့် ရှန်းယွမ်လုံက ဝေစုစာရင်းကို ချပြလိုက်သည်။ ထို​စာရင်း​မှာ ကန်းယန်ဂိုဏ်း​က တိုက်ပွဲ​အတွင်း​စွမ်း​ဆောင်​ရည်​အပေါ်​မူတည်​ပြီး တွက်ချက်ပြုစုထားခြင်းဖြစ်ကာ အသေးစိတ်​ဆွေးနွေး​အတည်ပြု​ပြီး​သည်နှင့် ကန်းယန်ဂိုဏ်း​က ဝေစု​များကို ဂိုဏ်း​အသီးသီး​သို့ လူလွှတ်ပို့ဆောင်ပေးခြင်းဖြစ်သည်။ ကျန်း​ချန်​ရွှမ်​နှင့်​ ရှန်း​ရူယန်​တို့မှာ သူတို့လက်ထဲကို ရောက်​ရှိလာသော ဝေစု​စာရင်းကို ကြည့်ပြီးနောက်​ အံ့အားသင့်​မိသွားကြသည်။ သူတို့​ရရှိသော ဝေစုမှာ အခြေခံတည်ဆောက်မှု အဆင့်ကျင့်ကြံသူများအနက် အများ​ဆုံး​ဖြစ်​သလို ကျီဖုအဆင့်ကျင့်ကြံသူ​ အတော်​များ​များ​ထက်ပင်​ များ​ပြား​နေပါ​သေးသည်။ သူတို့​နှစ်ဦး​သတ်ဖြတ်​ထား​သော နတ်​ဆိုး​သားရဲ​အရေအတွက်​မှာ သာမန်​ကျင့်ကြံသူများ​ထက်​ အဆပေါင်းရာနှင့်ချီ သာလွန်​နေသည်လေ။

***

နှစ်တစ်ရာကျင့်ကြံပြီးနောက်

အခန်း​ ၈၄ ။ ဟုန်​မိသားစု​မှ စေလွှတ်​သူ (၁)

ကျန်း​ချန်​ရွှမ်နှင့် ရှန်းရူယန်တို့ ဝေစု​စာရင်း​တွင်​ ပါဝင်​သည့်​ ရတနာ​ပစ္စည်း​များကို ကြည့်ပြီးနောက် ပထမဆုံး​သတိပြု​မိသည့်အရာမှာ မီးဓာတ်​သလင်း​ကျောက်​များ​ဖြစ်​ပြီး​ ထိုရတနာများမှာ အခြေခံ​တည်ဆောက်​မှု​အဆင့် ကျင့်ကြံသူများကို ကျီဖုအဆင့်သို့ တက်လှမ်း​ရာတွင်​အထောက်​အကူ​ပြု​သည့်ပစ္စည်းများဖြစ်သည်။ ရရှိ​သော သလင်းကျောက်မှာ သုံး​မျိုး​ဖြစ်ပြီး​ သစ်သား​ဓာတ်​ အဇူရာနဂါး သစ်သား​သလင်း​ကျောက်၊ မြေဓာတ်အခြေခံ ဝိညာဉ်​သလင်း​ကျောက်​နှင့်​ သတ္တု​ဓာတ်​ အဖြူရောင်​ဧကရာဇ်​ ရွှေသလင်းကျောက်​တို့ဖြစ်ကြသည်။

ထို့ပြင် ကျင့်ကြံသူ၏ သွေးကြော​နှင့် စိတ်​ဝိညာဉ်​ကို ကာကွယ်​ပေးသည့် ​ခရမ်းရောင်​စစ်​မှန်​မှု​ဆေးပြား​လည်း စာရင်း​တွင်ပါဝင်သည်။ သို့​သော်​ ထိုရတနာများကို လဲလှယ်​ရမည့် ထောက်ပံ့မှုအမှတ်များမှာ မယုံနိုင်စရာ မြင့်​မားလှသည်။ သို့​သော်​ ကျန်း​ချန်​ရွှမ်​တို့ ဇနီးမောင်နှံ​အတွက်တော့ ပြဿနာ​မရှိ​ပါ။ ထို​ရတနာ​များမှာ သူတို့​အတွက် အသုံးဝင်သည်ဟု မဆိုနိုင်ပါ။

သို့သော်​ ရှန်းရူယန်​သည် သူမမှာရှိထားသော ထောက်ပံ့မှုအမှတ်​များ​ကို အသုံးပြု၍ ခရမ်းရောင်​စစ်​မှန်​မှု​ဆေးပြားကို လဲလှယ်​ရယူလိုက်သည်။ သူ​မအတွက်​ မလိုအပ်သော်လည်း မိသားစုမှ အခြေခံ​တတည်ဆောက်မှုအဆင့် ကျင့်ကြံသူများအတွက် ဝယ်ယူ​လိုက်​ခြင်းဖြစ်သည်။ ကြက်​သွေး​ရောင်​ရွှေ​သတ္တု​တွင်းမှ ရရှိထားသော မီးလျှံသလင်းကျောက်​နှင့်​ပေါင်း​လျှင်​ ရှန်း​မိသားစု​မှ ကျီဖုအဆင့်​ကျင့်ကြံသူ​ နောက်တစ်ဦးထွက်​ပေါ်​လာရန် အခွင့်​အလမ်းပိုများလာမည်ဖြစ်သည်။ ဤသည်မှာ မိမိ​ကို ကျွေးမွေး​စောင့်​ရှောက်​လာသော မိသားစု​ကို​ ရှန်းရူယန်​အနေနှင့် ကျေးဇူးပြန်ဆပ်လိုက်ခြင်းဖြစ်သည်။

ထို့နောက်​တွင်​ ရှန်းရူယန်​သည် ကျန်​ရှိနေ​သော အကျိုး​ဆောင်​အမှတ်​အားလုံး​ကို လျှပ်စီးကျောက်​တုံး​တစ်ခု လဲလှယ်​ရာတွင် အသုံးပြု​လို​က်သည်။ အဆိုပါ​ရတနာ​သည် လျှပ်စစ်​ဓာတ်​အခြေခံ​ ရတနာ​ပစ္စည်း​များ​အနက် အဆင့်​၃ အဆင့်ရှိ​သော တန်ဖိုးကြီးရတနာတစ်ပါးဖြစ်ပြီး ဓမ္မ​ရတနာ​များ​နှင့် ပေါင်း​စပ်​၍သော်​လည်းကောင်း၊ သို့မဟုတ်​ ဓမ္မ​ရတနာ​လောင်းများ၏ စွမ်း​အား​နှင့် အရည်အသွေး​ကို မြှင့်တင်သန့်စင်ရာတွင်လည်းကောင်း​ အသုံးပြု​နိုင်​ပါသည်။ အဆိုပါ​ရတနာ​ကို​ ဝယ်ယူရခြင်းမှာ ရှန်း​ရူယန်၏ မိုး​ကြိုးလျှပ်စီး မီး​ဓားလက်နက်နှင့် ပေါင်း​စပ်​အသုံးပြု​လို၍ ဖြစ်သည်။

ရှန်းရူယန်တစ်ယောက် လိုအပ်​သည့်ပစ္စည်းများကို လဲလှယ်​ပြီး​ချိန်​တွင် ကျန်းချန်ရွှမ်သည်လည်း လိုအပ်​သည်​များကို လဲလှယ်​ပြီးဖြစ်သည်။ သူလဲလှယ်လိုက်သော ပစ္စည်း​များ​မှာ ကျီဖုအဆင့်​ကျင့်ကြံသူ​များ အသုံးပြု​နိုင်​သော ဒြပ်​ငါး​ပါးနည်းစနစ်နှင့် အဆင့် ၂ အမြင့်ဆုံး​အဆင့်ရှိ ကာကွယ်​ရေးဓမ္မလက်နက်တစ်ခုဖြစ်သည့် ပင်လယ်ကွင်းခေါင်းလောင်း ဖြစ်သည်။ ပင်​လယ်​ကွင်း​ခေါင်း​လောင်း​မှာ ကောင်းကင်ကြေးဝါနှင့် ပြုလုပ်​ထား​ပြီး ရေဓာတ်သိပ်သည်းကျောက်စိမ်းနှင့် ဗလာနယ်ရွှေသလင်း​ကျောက်​တို့ တပ်​ဆင်​ထားသ​ည့် ကာကွယ်ရေးပစ္စည်းတစ်မျိုးဖြစ်သည်။

ပင်​လယ်​ကွင်း​ခေါင်း​လောင်း​တွင် အလွန်​အစွမ်းထက်​သည့် ခုခံ​ကာကွယ်ရေး​ လုပ်ဆောင်ချက်​များ​ ပါဝင်​သလို တိုက်​ခိုက်​မှုအချို့ကို တန်ပြန်​ပစ်လွှတ်နိုင်သည့် စွမ်းရည်လည်း​ပါဝင်​သည့်အတွက်​ အဆင့်​၂ အမြင့်ဆုံး​အဆင့်ရှိ ကာကွယ်ရေးဓမ္မလက်နက်များအနက် ထိပ်တန်း​အဆင့်​လက်​နက်​ဟု သတ်​မှတ်​နိုင်ပါ​သည်။ နတ်ဆိုး​သားရဲ​များ​နှင့်​ တိုက်ပွဲ​အတွင်း​က လင်း​နို့​သား​ရဲ​ကြီး၏ တိုက်ခိုက်​မှုကို ကာကွယ်​ရန် ကျီကျင်း​ဝိညာဉ်​ဒိုင်း​နှင့် သစ်သား​စိမ်း​ ကောင်း​ကင်​အလင်း​ဒိုင်း​တို့ကို​ အသုံးပြု​ခဲ့ရသော​ကြောင့်​ ပထမ​တစ်ခု​မှာ လုံးဝ​ပျက်စီး​သွားပြီး ဒုတိယ​တစ်​ခု​ဖြစ်​သည့် သစ်သားစိမ်းကောင်းကင်​အလင်း​ဒိုင်း​မှာလည်း ဆိုး​ဆိုးရွား​ရွား ထိခိုက်​သွားခဲ့သည်။ ထိုဒိုင်းလက်နက်ကို ယခုအခါ​ပြင်ဆင်​ပြီး​ပြီ​ ဖြစ်​သော်လည်း ​အဆင့် ၂ အလယ်​အဆင့် ဒိုင်းများနှင့် ရေရှည်​ဆက်​သွား​နေ၍ မဖြစ်​မှန်း ကျန်း​ချန်​ရွှမ်​နားလည်​ထား​ပြီးဖြစ်၍ ပင်လယ်ကွင်း​ဒိုင်း​ကိုဝယ်ယူခြင်းဖြင့် သူ၏တိုက်စစ်နှင့် ခံစစ်နှစ်ရပ်လုံးကို တစ်ပြိုင်နက်တည်း မြှင့်တင်​လိုက်​နိုင်မည်​ဖြစ်သည်။

အလို​ရှိသော ရတနာ​ပစ္စည်း​များကို ရှန်း​မျိုး​နွယ်စု​ဝင်​အား​လုံး ရွေးချယ်​လဲလှယ်​ပြီး​သည်နှင့် ရှန်း​ယွမ်လုံက အချိန်​ဆိုင်း​မနေတော့ဘဲ အစည်းအဝေး​ပြီး​ဆုံး​ပြီ ဖြစ်​ကြောင်း​ ကြေညာလိုက်ပါသည်။ ရက်​အနည်းငယ်​အကြာ​တွင် ကျန်း​ချန်​ရွှမ်တို့ လဲလှယ်​ထား​သော​ ရတနာ​များ ရောက်ရှိ​လာပါတော့သည်။ မကြာ​ခင်​ ရှန်း​မျိုး​နွယ်စုဝင် ကျင့်ကြံသူများမှာ​ ကိုယ်စီဂူပိတ်၍ ကျင့်​ကြံ​မှုအဆင့်​တိုးတက်ရန် ကြိုးစား​နေကြတော့သည်။ ထို​အထဲတွင်​ မိသားစု​အကြီး​အကဲ​ဖြစ်သူ​ ရှန်း​တောက်​မင်၊ ရှန်းရူယန်နှင့် ကျန်း​ချန်​ရွှမ်တို့လည်း ပါဝင်သည်။

ရှန်း​တောက်မင်​သည် လက်ရှိ​ကျင့်ကြံ​မှု​အဆင့်​ကို ချိန်​ညှိ၍ ကျီဖုအဆင့်သို့​ တက်​လှမ်း​ရန် ကြိုးစား​နေသလို ရှန်းရူယန်သည်လည်း အဆင့် ၃ ဓမ္မ​ရတနာ​လောင်းနှင့် လျှပ်စီးကျောက်တုံးကို ပေါင်း​စပ်​သန့်စင်ရန် ကြိုး​ပမ်း​လျက်​ရှိသည်။ ကျန်း​ချန်​ရွှမ်​မှာ​မူ အခြေခံ​တည်ဆောက်​မှု​နောက်ဆုံး​အဆင့်ကို တက်​လှမ်း​ရန်​နှင့် အဆင့်​၂ အမြင့်ဆုံး​အဆင့်​ ကာကွယ်​ရေး​ဓမ္မ​လက်နက်​ဖြစ်သည့် ပင်လယ်​ကွင်းခေါင်းလောင်းကို သန့်​စင်ရန်ကြိုးစားနေသည်။ သူ့ကိုယ်ပိုင်​ ကျင့်ကြံရာဂူအတွင်းသို့ ပြန်လာပြီးနောက် စစ်မှန်မှုဆေးပြား​ကို ထုတ်​ယူကြည့်ရှုလိုက်သည်။ ထို​ဆေး​ပြားမှာ အခြေခံ​တည်ဆောက်မှု နောက်ဆုံး​အဆင့်​သို့ တက်​လှမ်း​ရာတွင်​ အသုံးပြု​သည့်ဆေးဝါးဖြစ်ပြီး ရှန်း​မိသားစု၏ ရတနာ​တိုက်​မှ လဲလှယ်​ရယူထားခြင်းဖြစ်သည်။

လွန်ခဲ့သော​နှစ်နှစ်​တာအတွင်း ကျန်း​ချန် ရွှမ်သည် နတ်ဆိုး​သားရဲ​များ​စွာနှင့် ရင်ဆိုင်တိုက်ခိုက်​ရင်း အခြေခံ​တည်ဆောက်​မှု​ ဆဌမ​အဆင့်ကို ပြီးမြောက်​ခဲ့ပြီးဖြစ်သလို ယခုအခါ​ နောက်​ဆုံး​အဆင့်၏ ကနဦးအစဖြစ်သည့် သတ္တ​မအဆင့်​ကို တက်​လှမ်း​နိုင်​ရန် လက်​တစ်​ကမ်းသာ လိုပါ​တော့သည်။ ကျန်း​ချန်​ရွှမ်​တစ်ယောက်​ စစ်​မှန်​မှု​ဆေးပြား​ကို သောက်​သုံး​လိုက်ပြီး​နောက်​ ကိုယ်​တွင်း​မှ စစ်မှန်​မှု​အနှစ်သာရ​ စွမ်း​အင်​မှာ ထူးထူးခြား​ခြား​ တက်​ကြွလာတော့သည်။ အလျင်မလိုဘဲ ဒြပ်​ငါး​ပါး နည်းစနစ်ကို အသုံးပြုလည်ပတ်၍ စွမ်းအင်​ပမာဏ​ကို မြှင့်တင်​လိုက်သည်။ တစ်ဆ၊ နှစ်​ဆ မှသည် ဆယ်​ဆ၊ အဆနှစ်ဆယ်နှင့် သုံး​ဆယ်​အထိ…….

ထို​အချိန်​တွင် သူ့ကို​ယ်​တွင်း​မှ တစ်ခုခု​ကျိုးကြေသည့် အသံတစ်ခု​ထွက်ပေါ်​လာ​သည်။ အတား​အ​ဆီး​တစ်ခု ရုတ်တရက်​ကျိုး​ပျက်သွားသည့်အသံမျိုး။ သူ့ကိုယ်တွင်းရှိ စစ်​မှန်​မှု အနှစ်သာရ​စွမ်း​အင်​လှိုင်းမှာ နဂိုကထက် ၄၀% ပိုမို​ထူထဲလာပြီး ခန္ဓာကိုယ်​အနှံ့​ စုန်​ဆန်​လည်​ပတ်​နေတော့​သည်။ ကျန်း​ချန်​ရွှမ်​တစ်ယောက်​ ကျေနပ်​စွာပြုံးလိုက်မိသည်။ အခြေခံတည်ဆောက်​မှု​ သတ္တ​မ အဆင့်ကို တက်​လှမ်း​နိုင်​ခဲ့ပြီဖြစ်သည်။

နောက်​၆လအကြာတွင် ကျန်း​ချန်​ရွှမ်သည် အခြေခံ​တည်ဆောက်မှု သတ္တ​မအဆင့်ကို အခြေခိုင်​အောင်​ ကျင့်​ကြံပြီးဖြစ်သည့်အတွက် ပင်​လယ်​ကွင်း​ခေါင်း​လောင်း​ကို သန့်စင်နေပြီဖြစ်​သည်။ ထိုစဉ်​ ဟုန်​မိသားစု​မှ ကျီဖုအဆင့် ကျင့်ကြံသူတစ်ဦး ရှန်းမိသားစု​ထံ ရောက်​ရှိ​လာ​တော့သည်။ ထို​လူ၏အမည်​မှာ ဟုန်​ချန်​ဖေးဖြစ်ပြီး ဟုန်​ဝမ်တောင်​တို့ မိသားစုမျိုး​ဆက်၏ ဘိုး​ဘေး​ဖြစ်သည်။ သူနှင့်​အတူ​ လူအချို့ပါ ခေါ်ဆောင်လာသည့်အတွက် ရှန်း​မိသားစု​တစ်ခုလုံး​ လှုပ်​လှုပ်​ရှား​ရှားဖြစ်ကုန်သည်။ ဘိုးဘေး​ရှန်း​ယွမ်လုံ ကိုယ်တိုင်​ အပြင်​ထွက်၍ ဟုန်​ချန်​ဖေးကို ကြို​ဆို​လိုက်ရသည်။

“တာအိုရောင်းရင်း​ဟုန်​၊ အဝေး​ကြီး​ကနေ လာခဲ့တာ ဘာကိစ္စရှိလို့ပါလဲ”

ဟုန်​ချန်​ဖေးက ခပ်​ဖွဖွပြုံးလျက်

“ကျုပ်​တို့​အဝေးကနေ လာရတာ သိလျက်နဲ့ ဘာလို့အထဲဝင်ခိုင်းပြီး ဧည့်ဝတ်မပြုသေးတာလဲ အစ်ကို​ယွမ်လုံ​ရဲ့”

ဟုန်​ချန်​ဖေး​၏စကား​ကြောင့် ရှန်း​ယွမ်လုံဘေးမှ ရှန်း​မျိုး​နွယ်စုဝင်များမှာ မကျေမချမ်းဖြစ်သွားကြသည်။ ရှန်း​ယွမ်လုံက​ ဒေါ​သထွက်ခြင်းမရှိဘဲ ပြုံးလျက် ဖိတ်ခေါ်လိုက်သည်။

“တောင်း​ပန်ပါတယ်၊ ကြွပါ တာအို​ရောင်းရင်း​ဟုန်​”

ရှန်းယွမ်လုံသည် ဟုန်​ချန်​ဖေး​နှင့် သူ့​လူများကို ဧည့်​ခန်းဆောင်အတွင်းသို့ ဖိတ်ခေါ်နေရာချပေးလိုက်သည်။ ရှန်း​မိသားစု၏ ဂိုဏ်း​တပည့်​များ ဝိညာဉ်​လက်​ဖက်​ရည်​များ​ တည်ခင်းအပြီးတွင် ရှန်း​ယွမ်လုံ​က မနေနိုင်တော့ဘဲ

“တာအိုရောင်းရင်း ဟုန် ၊ ဘာအကြောင်းထူးရှိပါသလဲ”

ဟုန်​ချန်​ဖေးက လက်ဖက်ရည်​ခွက်ကို ကောက်​ယူလျက် တစ်ငုံမျှ ​သောက်​လိုက်​ပြီးနောက် ရှန်း​ယွမ်လုံကို ပြုံးပြလိုက်သည်။

“အစ်ကို​ယွမ်လုံ ခင်ဗျား​လည်းလူပါးပဲဗျာ၊ ကျုပ်​တို့​ဒီကိုလာရတဲ့ အကြောင်း​ရင်း​ကို ခင်ဗျား​မသိဘဲမနေပါဘူး”

ထို​စကား​ကြောင့် ရှန်းယွမ်လုံမျက်နှာပေါ်ရှိ အပြုံးမှာ ပျောက်​ကွယ်​သွားပြီး ဟုန်​ချန်​ဖေး​ကို စူး​စိုက်​ကြည့်​လျက်

“တာအို​ရောင်းရင်း​ဟုန် ခင်ဗျား​ဒီကိုလာတဲ့ ကိစ္စ​ကို ကျုပ်​တကယ်မသိဘူး”

“ကောင်း​ပြီလေ”

ဟုန်​ချန်ဖေးက ပုခုံးတွန့်လိုက်ပြီး လက်​ဖက်ရည်ခွက်ကို အသာချလျက် ရှန်းယွမ်လုံအား စေ့စေ့​ကြည့်​ရင်း

“ကျီဖုကျောက်စိမ်းပြား”

“ဘာ”

ဟုန်​ချန်​ဖေး​၏ စကား​ကြောင့် ရှန်းယွမ်လုံနှင့်တကွ ရှန်းမိသားစု​ဝင်​အားလုံး​မှာ မျက်နှာပျက်သွား​ကြတော့သည်။ ရှန်း​ယွမ်လုံ၏ မျက်​လုံး​အစုံမှာ ကျဉ်းမြောင်းသွားပြီး ဟုန်ချန်​ဖေးကို တည့်တည့်ကြည့်လျက်

“ခင်ဗျား​ပြောတာ​နား​မ​လည်​သေးဘူး။ ခင်ဗျား​တို့​ဘိုး​ဘေး ​ပေး​ထား​ပြီး​သားပစ္စည်းကို ပြန်​လာ​တောင်းတာလား”

***

နှစ်တစ်ရာကျင့်ကြံပြီးနောက်

အခန်း ၈၅ ။ ဟုန်​မိသားစု​မှ​စေလွှတ်​သူ (၂)

ရှန်းယွမ်လုံ၏စကားကိုကြားလျှင် ဟုန်​ချန်​ဖေးက မထီတရီ​ပြုံးလျက်

“အစ်ကို​ယွမ်လုံ ခင်ဗျား​ဘာတွေ​ပြော​နေတာလဲ၊ ကျုပ်​တို့ဘိုးဘေးက ပေးခဲ့​တဲ့​ပစ္စည်း​ကို ကျုပ်​တို့​က ပြန်ယူရဲမလားဗျာ”

“ဒါဖြင့်​ ဘာလို​ချင်လို့​လဲ”

ရှန်းယွမ်လုံက မေးလိုက်​သည့်တိုင် ဟုန်​ချန်​ဖေး ဘာအလိုရှိသည်ကို သူရိပ်စားမိပြီးဖြစ်သည်။ ဟုန်​ချန်​ဖေးက ပြုံးလျက်

“အဲဒီ​ကျောက်​စိမ်း​ပြား​ကို ပြန်​ဝယ်​ချင်​တယ်၊ အစ်ကို​ယွမ်လုံ ဟုန်​မိသားစု​ရဲ့​မျက်နှာကိုထောက်​ပြီး ငြင်း​ဖို့မကြိုးစားပါနဲ့”

ဟုန်​ချန်​ဖေး၏စကား​လုံး​သည် ယဉ်​ကျေး​သယောင်ရှိသော်လည်း ခြိမ်း​ခြောက်​မှု​အငွေ့အသက်​များ​ ပါဝင်နေသည်​ဖြစ်ရာ ရှန်း​ပိုင်​ဖေး၊ ရှန်း​ရူရွှမ်​နှင့် ရှန်း မိသားစုအကြီးအကဲများမှာ ဒေါသ​ပေါက်ကွဲ​လုနီးနီးဖြစ်နေသည်။ ရှန်း​ယွမ်လုံ​တစ်ယောက်​သာလျှင် ဟန်​မပျက်​ဘဲ ကိုယ်​အမူအရာ​ကို ထိန်းသိမ်း​ထားနိုင်​ခြင်း​ဖြစ်​သည်။ သူက

“ဒါဆို​ ကျီဖု​ကျောက်​စိမ်းပြားကို ဘယ်​စျေးနဲ့ဝယ်မှာလဲ”

“ဘိုး​ဘေး​”

ရှန်း​ပိုင်​ဖေး​နှင့် အခြား​ဂိုဏ်း​အကြီး​အကဲ​များမှာ ဝင်ရောက်​တားမြစ်​လို​ဟန်​တူသော်လည်း ရှန်း​ယွမ်လုံ​က အသာ​လက်​ကာပြလိုက်သည်။ ဟုန်ချန်ဖေးက ထို​မြင်​ကွင်း​ကို အရသာခံလျက် ကြည့်​ရှု​ရင်းနှင့်

“မစိုးရိမ်ပါနဲ့၊ ဟုန်​မိသားစု​က ဒီ​ကျောက်​စိမ်း​ပြား​ကို ဝိညာဉ်​ကျောက်​တုံး တစ်​သိန်း​နှစ်​သောင်း ပေးဝယ်မှာပါ၊ ဘယ်​လို​သဘော​ရလဲ အစ်​ကို​ယွမ်လုံ​”

ဟုန်​ချန်​ဖေး၏ စျေးကိုကြားရသောအခါ ရှန်းယွမ်လုံကိုယ်တိုင်ပင် စိတ်​မထိန်းနိုင်ဖြစ်လာပြီး ဒေါသ​အငွေ့အသက်​များ ယှက်သန်း​လာတော့သည်။ ကျီဖု​ကျောက်​စိမ်း​ပြား​တစ်​ချပ်​သည် အခြေခံ​တည်ဆောက်​မှု​အဆင့်​ ကျင့်ကြံသူတစ်ဦးကို ကျီဖုအဆင့်သို့ တက်လှမ်းနိုင်ရန် အရေးကြီး​သော​ အခန်းကဏ္ဍ​မှကူညီပေးသည့်အပြင် အဆိုပါ​ကျင့်ကြံသူ​ကိုလည်း တက်လှမ်း​မှုဖြစ်စဉ်တွင် သေကြေ​ဒဏ်ရာရ​ခြင်း​မရှိ​ရန် အာမခံ​ပေးသည့်အတွက် အဖိုးများစွာ​ထိုက်တန်ပါသည်။ ယခု ဟုန်​ချန်​ဖေး​ပေးသော စျေး​သည် အနိမ့်​ဆုံး​စျေးကို တမင်​နှိမ်ပေးထားမှန်း သိသာ​နေသည်။ ကျီဖု​ကျောက်​စိမ်း​ပြားတစ်ပြားသည် စျေးကွက်ပေါက်​စျေး​အရ အနည်းဆုံး​ ဝိညာဉ်​ကျောက်​တုံး​ တစ်​သိန်း​ခွဲမှ နှစ်​သိန်း​အထိ​ရှိသည်။

ထို့​ကြောင့်​ သည်​ကိစ္စ​တွင် ဟုန်​ချန်​ဖေး​နှင့်​ အပေါင်း​အပါများမှာ ရိုး​သား​မှုမရှိကြောင်း ပေါ်လွင်​နေပါ​တော့​သည်။ ရှန်း​ယွမ်လုံ၏ မျက်​နှာမှာ တင်းမာခက်ထန်သွားပြီး

“စိတ်​မကောင်း​ပါဘူး တာအိုရောင်းရင်း​ဟုန်၊ ကျုပ်​လက်​မခံနိုင်ပါဘူး၊ ဒါ့အပြင် ဒီကျောက်စိမ်းပြားက ကျုပ်​တို့​ရှန်း​မျိုး​နွယ်စု​ တိုးတက်​ရေးအတွက်​လည်း​ အရေးပါနေတာမလို့ ရောင်း​လို့​ဖမြစ်ပါဘူး”

ထို​စကား​ကို​ကြား​လျှင်​ ဟုန်​ချန်​ဖေး၏မျက်နှာ​ပေါ်က အပြုံး​မှာ​ ရုတ်တရက်​ပျောက်​ကွယ်​သွားတော့သည်။ ထို့နောက်​ ရှန်း​ယွမ်လုံကို စေ့စေ့ကြည့်လိုက်ကာ မတုန်မလှုပ်အမူအရာနှင့်

“သေချာ​ရဲ့လား၊ ခင်ဗျား​အစ်​မရဲ့သက်တမ်းက သိပ်​မကျန်​တော့ဘူးဆိုတာ သိမယ်ထင်တယ်၊ ရေရှည်​မှာ ဟုန်​မိသားစု​ကို စိတ်ငြိုငြင်အောင် လုပ်​တာက အကျိုး​ဆက်​မကောင်း​ဘူး​ဆိုတာ သိထား​ဖို့​လို​မယ်ထင်တယ်”

ထိုစဉ် ရှန်းယွမ်လုံ၏ အော်​ရာမှာ ရုတ်တရက်​ထိုး​တက်​သွားပြီး​ ကြောက်​မက်​ဖွယ်​ ချီလှိုင်းများ၏ ရိုက်​ခတ်​မှုကြောင့် ဟုန်​မိသားစုဝင် ကျင့်ကြံသူ​များ၏ မျက်​နှာ​များ​သည် သွေးဆုတ်​သလို ​ဖြူလျော်သွားတော့​သည်။ ရှန်း​ယွမ်​လုံသည် မတ်တတ်​ထရပ်ပြီး ဟုန်ချန်ဖေးကို စိုက်​ကြည့်​လိုက်​သည်။ သူ၏အသံမှာလည်း ယဉ်ကျေး​ပျူငှာ​နေရာမှ ရုတ်တရက် ​အေးစက်​တင်း​မာ​သွားသည်။

“ဟုန်​ချန်​ဖေး မင်း​ငါ့ကိုခြိမ်းခြောက်နေတာလား၊ မင်း​ကိုအိမ်မပြန်နိုင်အောင် ငါမလုပ်ရဲဘူးထင်နေတာလား”

ထိုအခါ ဟုန်​ချန်​ဖေးတို့လူစုမှာ မမျှော်လင့်ထားသည့် အခြေအနေ​ကြောင့်​ စိတ်​ထဲတွင် တုန်လှုပ်​သွား​မိကြပြီး ဟုန်​ချန်​ဖေး​မှာ ရှန်း​ယွမ်လုံအား စိတ်​ထဲမှ ကျိန်​ဆဲလိုက်မိသည်။ ရှန်းယွမ်လုံ၏ သက်​တမ်း​မှာ ကုန်ဆုံး​ခါနီး​ဖြစ်သော်လည်း သူ၏ အရှိန်အဝါ​မှာ လေးစားခန့်ညား​ဖွယ် ကောင်း​နေသေးသည်ဖြစ်သလို သေခါနီး​လူများ​မှာ ပို၍ပင်​ ကြောက်မက်ဖွယ်ကောင်းတတ်သည့် သဘော​ရှိ​သည်​မဟုတ်​ပါ​လား။ ထို့​ကြောင့်​ ရှန်းယွမ်လုံလို လူစားမျိုး​နှင့် ဖက်ပြိုင်​ရလျှင် သူ့အတွက်​အကျိုး​အမြတ်​မရှိဟု ဟုန်​ချန်​ဖေး​တွေးမိသည်။ ကျောက်စိမ်းပြားတစ်ပြားအတွက် သူ့အသက်ကိုရင်းရမည်မှာ မတန်လှပါ။

ထို့​ကြောင့်​ ရှန်း​ယွမ်လုံ​နှင့်​ ရှန်း​မန်ရွှယ်တို့ သေဆုံး​သောအခါမှ ဟုန်​မိသားစု​ကို မလေးမစားပြုမူခဲ့သည့် ရှန်း​မျိုး​နွယ်စု​ကို ရန်​ကြွေးပြန်ဆပ်တော့မည်ဟု ဟုန်​ချန်​ဖေး​တွေးမိလိုက်သည်။သို့​နှင့် ဟုန်​ချန်​ဖေးသည် ရှန်းယွမ်လုံကို ရန်​စရန်မကြိုးစားတော့ဘဲ အဓိပ္ပာယ်​ပါပါ​နှင့်​ ခေါင်း​ညိတ်​လိုက်​ရင်း

“ကျုပ်​လာတဲ့အချိန် မှားသွားတယ်ထင်တယ်၊ ဒါဖြင့်​ ခင်ဗျား​ကို​မနှောင့်ယှက်တော့ပါဘူး။ စိတ်​ပြောင်း​သွား​ရင်တော့​ အချိန်​မရွေး​ အကြောင်း​ကြား​လိုက်​ပါ”

ထို့နောက်​ ဟုန်​ချန်​ဖေး​တို့​လူစု​သည် ကြာကြာ​မနေရဲတော့ဘဲ ထွက်​ခွာ​သွားပါတော့​သည်။ ဟုန်​ချန်​ဖေး​နှင့်​အတူ ယွီဟွာတောင်မှ ထွက်ခွာလာသော ဟုန်​ဝမ်​တောင်​သည် လမ်း​တွင် မနေနိုင်တော့ဘဲ မေးမြန်း​လိုက်​မိသည်။

“ဘိုး​ဘေး ၊ ဒီ​ရှန်းမိသားစုက အတော်အတင့်ရဲတာပဲ၊ ဟုန်​မိသားစု​ရဲ့ ကမ်းလှမ်း​ချက်​ကို ​ငြင်းရဲတယ်။ ဒီကောင်​တွေ​ကို​ ဒီအတိုင်း​ လွှတ်​ပေးလိုက်​မှာလား​”

ထိုအခါ ဟုန်​ချန်​ဖေးက ဟုန်​ဝမ်တောင်ကို လှည့်​ကြည့်​လိုက်ပြီး ဒေါသ​တကြီး ငေါက်ငမ်း​လိုက်သည်။

“မင်း​က ဒီကောင်​တွေကို​ သင်​ခန်း​စာပေးချင်လို့လား၊ လုပ်​ကြည့်​လိုက်​လေ။ ရှန်းယွမ်လုံဆိုတဲ့ အဘိုး​ကြီးက ချောင်​ပိတ်​ရိုက်​ရင်​ ဘာမဆိုပြန်လုပ်ရဲတဲ့လူစားမျိုး။ သူဒေါသထွက်နေချိန်မှာ ငါတို့​ဟုန်​မိသားစု​နဲ့ ဖြဲ​ခြောက်လို့ကြောက်မယ်ထင်လား”

ထိုအခါ​ ဟုန်​ဝမ်​တောင်​တစ်ယောက်​ ငြိမ်​ကျသွားပြီး

“ဘိုး​ဘေး​ပြော​တာ​လည်း​ ဟုတ်​တာပဲ”

ဟုန်​ချန်​ဖေးက နှာခေါင်း​ရှုံ့​လိုက်ရင်း

“သူတို့​မောင်​နှမ မရှိတော့​တဲ့အချိန်​ကျရင် ရှန်း​မိသားစု​ဝင်​တွေ ဘာဆက်​လုပ်​မလဲ ကြည့်ကြသေးတာပေါ့၊ အဲဒီ​အချိန်​ရောက်​ရင်​တော့ ငါတို့​အလှည့်​ပေါ့​ကွာ”

ထို​အချိန်​တွင်​ ဟုန်​ချန်​ဖေး​တို့​လူစု ထွက်​ခွာ​ပြီး​ပြီးချင်းတွင် ရှန်း​ယွမ်လုံ၏ အော်​ရာမှာ​ပြိုကျသွားသလို မျက်​နှာ​မှာလည်း​ ဖျော့​တော့​သွားသည်။ ရှန်း​ပိုင်​ဖေး​၊ ရှန်းရူရွှမ််နှင့် အကြီးအကဲ​များ​လည်း​ စိုးရိမ်​တကြီး​ဖြင့် ချဉ်းကပ်​လာကြ​သည်။

“ဘိုး​ဘေး အဆင်​ပြေ​ရဲ့လား”

ရှန်း​ယွမ်လုံက​ လက်​ကာပြလျက်

“ငါ​ဘာမှမဖြစ်​ဘူး”

ထို့နောက်​ ရှန်း​ယွမ်လုံသည် အချိန်​အနည်းငယ်​အကြာ တွေး​တော​စဉ်းစား​နေပြီးမှ နောက်ဆုံး​တွင်

“အမိန့်​ထုတ်ပြန်​လိုက်၊ ကန်း​ယန်​ဂိုဏ်း​လက်​အောက်က ရှန်း​မိသားစု​ပိုင်​ ဆေး​ဝါးနဲ့ ဓမ္မလက်နက်​ အ​ရောင်း​ဆိုင်​အားလုံးကို​ တစ်​ဆိုင်​နှစ်​ဆိုင်​လောက်ပဲချန်ပြီး အကုန်ရောင်းပစ်လိုက်​တော့။ ရတဲ့​ငွေကို ငါတို့​မျိုး​နွယ်စု​ဝင်​ ကျင့်ကြံသူ​တွေ အဆင့်တက်ဖို့အတွက် သုံး​မယ်​”

ရှန်း​ယွမ်လုံ၏ အမိန့်​ကြောင့် အကြီးအကဲ​အားလုံး​ တုန်လှုပ်​သွားကြသည်။ ကန်း​ယန်​ဂိုဏ်း​လက်​အောက်ရှိ စျေးများတွင် ဖွင့်လှစ်​ထားသည့် ရှန်းမိသားစု​ပိုင်ဆိုင်​များအား​လုံး​ကို ရောင်းချ​လို​က်​လျှင်​ တစ်​နှစ်​ကို ဝိညာဉ်​ကျောက်​တုံး သုံး​သောင်း​မှ ငါး​သောင်း​ရရှိနေသော ဝင်​ငွေ​အားလုံး​ဆုံး​ရှုံး​ရမည်ဖြစ်သည်။

သို့သော်​ ရှန်း​ယွမ်လုံ​သည် ဆုံး​ဖြတ်​ချက်​ကို ပြင်​တော့​မည့်​ပုံမပေါ်ပါ။

“မကြားဘူးလား ငါ​ထပ်​ပြောရမှာလား”

ဘိုး​ဘေး​ဒေါသ​ထွက်​သည်ကိုမြင်လျှင် အကြီးအကဲ​များ​လည်း မလွန်ဆန်ရဲတော့ဘဲ အမိန့်အတိုင်း​ လိုက်​နာကြရပါတော့သည်။ ထို့နောက်​ ရှန်း​ယွမ်လုံ၏ လေသံ​မှာ အနည်းငယ်​ပျော့သွားပြီး

“မြန်​မြန်​လုပ်​ကြ၊ ငါတို့​နောက်​ကျ​သွား​ရင် စျေးမှန်ရတော့မှာ မဟုတ်ဘူး”

***

All Chapters