အခန်း (၈၁-၈၅)
Vol. 5 Ch. 81-85
နှစ်တစ်ရာကျင့်ကြံပြီးနောက်
အခန်း ၈၁ ။ ရွှေအမြုတေအဆင့် သုံးဦး
ထိုသားရဲများမှာ မှင်စပါးအုံးမြွေတောင်တန်းမှ အဆင့် ၃ နတ်ဆိုးသားရဲများ ဖြစ်ကြောင်း ယွင်တုန်းရှန်၊ ရှန်းယွမ်လုံနှင့် ကျန်လူအားလုံး မှတ်မိလိုက်ကြသည်။ ကျင့်ကြံသူအားလုံး၏ နှလုံးသွေးများမှာ ရပ်တန့်မလိုဖြစ်သွားသည်။ သီးခြားတောင်တန်းမှ နတ်ဆိုးသားရဲငါးကောင်၊ မှင်စပါးအုံးမြွေတောင်တန်းမှ သားရဲသုံးကောင်နှင့် ကျီဖုအဆင့် နတ်ဆိုးကျင့်ကြံသူ လေးဦးတို့ပါဝင်သည့် ရန်သူအင်အားစုကြီးတွင် ကျီဖုအဆင့်နှင့် အထက်ရှိသူ ဆယ့်နှစ်ကောင်ပါဝင်သည်။ ထို့ပြင် နတ်ဆိုးကျင့်ကြံသူများတွင် အဆင့်၄ ဓမ္မရတနာများလည်း ပါလာနိုင်သေးသည်။ သားရဲများအနေနှင့် သည်တစ်ခါတော့ ပင်းချွမ်စီရင်စုကို မရရအောင် ဖျက်ဆီးပစ်မည်ဟု ရည်ရွယ်ထားပုံရသည်။
အခြေအနေအရပ်ရပ်ကိုသုံးသပ်ပြီးနောက် ယွင်တုန်းရှန်နှင့် ရှန်းယွမ်လုံတို့မှာ တစ်ဦးတစ်မျက်နှာ တစ်ဦး ကြည့်မိလိုက်ကြပြီး စိတ်ဓာတ်များကျဆင်းကုန်သည်။ သည်တစ်ခါ ရှန်းမျိုးနွယ်စုမှာ အလုံးစုံပျက်သုဉ်းရတော့မည်လား။ ရှန်းယွမ်လုံမှာ လက်ရှိရှန်းမိသားစု၏ အကြီးအကဲဖြစ်သော်လည်း ယခုအချိန်တွင် သူတတ်နိုင်တာမရှိတော့ပါ။ လက်ရှိရင်ဆိုင်နေရသော ရန်သူအများအပြားကို အနိုင်ယူဖို့ လုံးဝမဖြစ်နိုင်သည့်အပြင် ကျန်းပိုင်ယန်နှင့် ဆောင်ဟွေ့တို့ စစ်ကူလာခဲ့လျှင်ပင် အခြေအနေပြောင်းနိုင်စရာမရှိပါ။
အင်မော်တယ်ကျန်းပိုင်လုံ ရှိနေလျှင်တော့ အခြေအနေမှာ ပြောင်းပြန်ဖြစ်သွားနိုင်သည်။ သို့သော် သူအချိန်မီရောက်လာနိုင်ချေက အလွန်နည်းလှသည်။ ရှန်းယွမ်လုံ၏အတွေးကို ရိပ်စားမိဟန်နှင့် နတ်ဆိုးကျင့်ကြံသူတစ်ဦးက ရယ်သွမ်းသွေးလျက် ပြောလိုက်သည်။
“အင်မော်တယ် ပိုင်လုံ လာကူမယ်ထင်နေတာလား၊ တစ္ဆေရိပ်နတ်ဆိုး၊ ဖေးယန် နဲ့ လေနက်မြွေဘုရင် သုံးယောက်လုံး ကျန်ပိုင်လုံ ဒီကိုလာမဲ့လမ်းမှာ အသင့်စောင့်နေတယ်၊ဒီတော့ ဘာမှမျှော်လင့်မနေနဲ့။ ဒီနေ့မှာ ပင်းချွမ်စီရင်စုက ကောင်တွေအားလုံး ကျုပ်တို့သားရဲတွေရဲ့ အစာဖြစ်ပြီပဲ”
နတ်ဆိုးကျင့်ကြံသူ၏စကားကို ကြားပြီးနောက် ကျင့်ကြံသူအားလုံး၏မျက်နှာများတွင် စိတ်ဓာတ်ကျခြင်း၊ ကြောက်ရွံ့ခြင်းတို့ ဖိစီးလာကြသည်။ သူပြောသလိုပင် လက်ရှိအခြေအနေတွင် သူတို့အားလုံးအတွက် မျှော်လင့်နိုင်စရာ အခွင့်အရေးမရှိကြောင်း နားလည်ကြပြီးဖြစ်သည်။
“ဟုတ်ပါ့မလား”
ထိုအချိန်တွင် အားလုံး၏နားထဲတွင် သာယာသောအသံတစ်သံ ကြားလိုက်ရသည်။
“ဘယ်ကကောင်လဲကွ”
နတ်ဆိုးကျင့်ကြံသူများနှင့် နတ်ဆိုးသားရဲတို့မှာ လှုပ်လှုပ်ရှားရှားဖြစ်သွားပြီး အသံကြားရာသို့ ကမန်းကတန်းလှည့်ကြည့်မိကြသည်။ အဝေးမှတိမ်လွှာများကြားတွင် အစက်အပြောက်တစ်ခု ရွေ့လျားနေသည်ကို တွေ့ရပြီး အနီးသို့ရောက်လာချိန်တွင် အညိုရောင်ဝတ်စုံဆင်မြန်းထားသည့် သတ်လတ်ပိုင်းလူတစ်ယောက် လေပေါ်မတ်တပ်ရပ်လျက် သူတို့အနီးကို ချဉ်းကပ်လာသည်ကို မြင်လိုက်ရသည်။ သူ့ဘေးတွင် နောက်ထပ်လူနှစ်ယောက်ပါသေးသည်။ သူတို့ထဲမှ တစ်ယောက်မှာ အရပ်ရှည်ပြီး လှံတစ်ချောင်းကိုကိုင်ထားသည်။ ထိုပုဂ္ဂိုလ်မှာ ကန်းယန်ဂိုဏ်း၏ အထွတ်အထိပ်သုံးဦးအနက် တစ်ဦးဖြစ်သူ နန်ကုန်းပိုင်ကျန်း ဖြစ်ပြီး ဒုတိယတစ်ဦးမှာ တျန့်ချီဖြစ်သည်။ နောက်ဆုံးတစ်ယောက်မှာ ကြယ်ပွင့်အလင်းသရဖူကို ဆောင်းထားပြီး ထိုသူ၏ ပတ်လည်တွင် အဆုံးမရှိသည့်ကြယ်များ ဝိုင်းရံထားသလို အလင်းငွေ့တစ်မျိုး ဖြာထွက်နေသည်။ ထိုသူမှာ ရှန်ကွမ်းမန်ဂိုဏ်း၏ အထွတ်အထိပ်အကြီးအကဲ စီးတုကျန်ဖြစ်သည်။
ထိုပုဂ္ဂိုလ်သုံးဦး ရောက်လာသည်ကိုမြင်လျှင် နတ်ဆိုးကျင့်ကြံသူများနှင့် နတ်ဆိုးသားရဲများမှာ ပုရွက်အုံမီးမြှိုက်သလို လှုပ်လှုပ်ရွရွဖြစ်ကာ ကြောက်လန့်တကြားဖြစ်ကုန်ကြသည်။
“ဟုန်တျန့်ချီ နန်ကုန်းပိုင်ကျန်း စီးတုကျန် မင်းတို့သုံးကောင်လုံး ဇီယွမ်စီရင်စုမှာ ရှိနေရမှာမလား။ ပြီးတော့ စီးတုကျန် ကန်းယန်ဂိုဏ်းနဲ့ မင်းဘယ်တုန်းက ပေါင်းလိုက်တာလဲ”
စီးတုကျန်က စက်ဆုပ်အထင်သေးသည့် အမူအရာနှင့် ပြုံးပြလိုက်ပြီး
“ငါတို့ဒီကိုလာတာက ရှင်းပါတယ်၊ မင်းတို့ကို အမြစ်ဖြုတ်ပေးချင်လို့ပါ၊ ပထမတော့ မင်းတို့ဆရာကြီး ဝံပုလွေဘုရင်နဲ့ လေနက်မြွေဘုရင်ဆိုတဲ့ နှစ်ကောင်လာမှ လူလုံးထွက်ပြမလို့ပဲ။ ဒါပေမဲ့ ဒီကောင်တွေ အန္တရာယ်ရှိမှန်း အနံ့ရပုံရတယ်၊ မင်းတို့လို ခပ်ညံ့ညံ့ကောင်လေးတွေကိုပဲ လွှတ်လိုက်တယ်၊ ဒါပေမဲ့ ငါတို့လာရတဲ့ခရီးက လုံးလုံးအကျိုးမရှိတာတော့ မဟုတ်ဘူး၊ ငါတို့ရှာနေတဲ့တစ်ယောက် ဒီမှာရှိနေတာပဲ၊ ဟုတ်တယ်နော် အစ်ကိုကုချန်”
စီးတုကျန်က ထိုစကားကိုပြောပြီးပြီးချင်း ကြယ်အလင်းသရဖူမှာ အလင်းများ ပြိုးပြက်လာပြီးနောက် အလင်းစီးကြောင်းတစ်ခု ဖြစ်ပေါ်လာကာ ကောင်းကင်တစ်နေရာသို့ ဦးတည်ပြေးဝင်သွားသည်။ ထိုအခါ အရိပ်ထဲတွင် ပုန်းကွယ်နေသော ပုံရိပ်တစ်ခုမှာ ဆက်လက်ဖုံးကွယ်ရန်မဖြစ်နိုင်တော့ဘဲ ခုန်ထွက်လာရတော့သည်။ ထိုသူမှာ ရွှေအမြုတေအဆင့်ရှိ နတ်ဆိုးကျင့်ကြံသူ အရိပ်နတ်ဆိုး ကျောင်းကုချန် ပင်ဖြစ်သည်။ ကုချန်သည် အလင်းများဖြာထွက်နေသော စီးတုကျန်ကို စိုက်ကြည့်နေပြီး အံကိုကြိတ်ကာ တစ်ခွန်းချင်းပြောလိုက်သည်။
“ရှန်ကွမ်းမန်ဂိုဏ်းရဲ့ အဆင့် ၄ ဓမ္မရတနာ ရွှန်းလက်သရဖူပဲ”
ရွှန်းလက်သရဖူ ရတနာမှာ ကုချန်၏ အားနည်းချက်ဖြစ်ပြီး ထိုရတနာရှိနေပါက စီးတုကျန်ကို ထိပ်တိုက်မရင်ဆိုင်ဝံ့ပါ။ ထို့ပြင် နောက်ထပ် ရွှေအမြုတေအဆင့်ကျင့်ကြံသူများဖြစ်သည့် တျန့်ချီ နှင့် နန်ကုန်းပိုင်ကျန်းတို့လည်း ရှိနေပါသေးသည်။ ထို့ကြောင့်ကျောင်းကုချန်သည် အလင်းနက်အသွင်ပြောင်းပြီး ထွက်ပြေးပါတော့သည်။ သူ့တပည့်များကိုတော့ လှည့်၍ပင်မကြည့်သွားပါ။ သူ့အသက်မသေဖို့ပင် အနိုင်နိုင်ရုန်းနေရချိန် တပည့်များ၏အသက်ကို စဉ်းစားပေးစရာအကြောင်းမရှိပါ။
“အစ်ကိုစီးတု၊ ကုချန်ကို ခင်ဗျားတာဝန်ယူလိုက်”
ဟုန်တျန့်ချီက စီးတုကျန်ကို တည်ငြိမ်စွာ ပြောလိုက်သည်။
“ဒီကောင်လေးတွေကိုတော့ ကျုပ်နဲ့ နန်ကုန်း ကိုင်တွယ်လိုက်မယ်၊ ရှင်းပြီးတာနဲ့ ခင်ဗျားနောက်ကို လိုက်လာခဲ့မယ်၊ ကျောင်းကုချန်ကို ဒီနေ့အပြီးရှင်းနိုင်မယ် ထင်တာပဲ”
“ကောင်းပြီ”
စီးတုကျန်က ခေါင်းညိတ်ပြလိုက်ပြီး ကြယ်မှုန်များအသွင်ပြောင်းကာ မျက်စိအောက်မှ ပျောက်ကွယ်သွားတော့သည်။
အဖြစ်အပျက်များမှာ မြန်ဆန်လှ၍ ကျန်လူအားလုံးမှာ ယခုမှပင် သတိဝင်လာကြတော့သည်။ အထူးသဖြင့် ရှန်းမျိုးနွယ်စုနှင့် လော့ရှားမန် ဂိုဏ်းမှ ကျင့်ကြံသူများ ဖြစ်ကြသည်။ အစောပိုင်းက ပြောစကားအရ ဟုန်တျန့်ချီတို့သုံးဦး တိုက်ပွဲမြေပြင်ကို ရောက်နေတာကြာပြီဖြစ်သည်။ သို့သော် သူတို့အား ကူညီတိုက်ခိုက်ပေးခြင်း လုံးဝမရှိသည့်အပြင် ထျန်းချင်အသတ်ခံရပြီး ရှန်းမျိုးနွယ်စုဘိုးဘေး ဒဏ်ရာအကြီးအကျယ်ရခဲ့သည်ကိုလည်း ရပ်ကြည့်နေလိုက်သေးသည်။ ဘာကြောင့်ပါလဲ။
အဓိကအကြောင်းပြချက်မှာ ဝံပုလွေဘုရင်နှင့် အခြားသော ထိပ်သီးနတ်ဆိုးသားရဲများကို မျှားခေါ်လိုခြင်း ဖြစ်နိုင်သည်။ ထိုအခြင်းအရာကိုကြည့်ခြင်းဖြင့် လူသားမျိုးနွယ်ကို နှစ်ရာချီဒုက္ခပေးနေသော ဝံပုလွေဘုရင်ကိုသာ သုတ်သင်နိုင်မည်ဆိုလျှင် ထိုလူသုံးဦးသည် ထျန်းချင်နှင့် ရှန်းယွမ်လုံတို့လို ကျီဖုအဆင့်သာမန်ကျင့်ကြံသူများ မဆိုထားနှင့် ယွင်တုန်းရှန်လို အင်မော်တယ်ပိုင်လုံ၏ လက်ရင်းတပည့်ဖြစ်သူ အသက်ကိုပင် ဂရုစိုက်မည်မဟုတ်ပါ။
ကျင့်ကြံခြင်းအဆင့်နိမ့်သူနှင့် မြင့်သူတို့အကြား တွေးခေါ်ပုံချင်း ခြားနားကြသလို အဆင့်မြင့်ကျင့်ကြံသူများသည် အမြင့်ဆုံးအရာများကိုသာ ပစ်မှတ်ထားကြပြီး ထိုအရာကိုရရှိရန် လိုအပ်သည့်စတေးမှုများကိုလည်း ဆောင်ရွက်ရန်ဝန်မလေးပါ။ သို့သော် ကျန်းချန်ရွှမ်နှင့် အခြေခံတည်ဆောက်မှုအဆင့် နှင့် ချီသန့်စင်ခြင်းအဆင့် ကျင့်ကြံသူတို့အမြင်တွင် ဟုန်တျန့်ချီတို့၏ လုပ်ရပ်ကိုနားလည်ပေးနိုင်ရန် ခက်ခဲလှသည်။ သူတို့လုပ်ရပ်ကို ကျန်းချန်ရွှမ်သဘောမတူနိုင်ပါ။ အရေးကြီးဆုံးတာဝန်ကို ဖြည့်ဆည်းနိုင်ရန် လူအများ၏အသက်ကို မလိုအပ်ဘဲ စတေးခြင်းသည် အဓိပ္ပာယ်မရှိဟု သူမြင်မိသည်။
သို့သော် ကျင့်ကြံမှုလောကတွင် လုံလောက်သည့် အဆင့်အတန်းတစ်ခုမရှိလျှင် ထိုသူပြောသည့်စကားများ အယူအဆနှင့် အတွေးအမြင်များမှာ မှန်နေဦးတော့ အရာရောက်မည်မဟုတ်ပါ။ အားနည်းသူအနေနှင့် အားကြီးသူကို ခွန်းတုံ့ပြန်ရန် မဖြစ်နိုင်ပါ။
ထို့ကြောင့် လက်ရှိအချိန်တွင် ကျန်းချင်းရွှမ်တတ်နိုင်သည်က ကျင့်ကြံမှုကိုအဆင့်မြှင်တင်ပြီး အင်အားကြီးသထက်ကြီးလာရန် ကြိုးစားဖို့ဖြစ်သည်။
***
နှစ်တစ်ရာကျင့်ကြံပြီးနောက်
အခန်း ၈၂ ။ အငြင်းပွားခြင်း
ထိုအဖြစ်ကြောင့် ကျီဖုအဆင့် နတ်ဆိုးကျင့်ကြံသူများနှင့် အဆင့်၃ နတ်ဆိုးသားရဲတို့မှာ ကြောင်ကိုတွေ့လိုက်ရသည့် ကြွက်များကဲ့သို့ ကစဉ့်ကလျား ထွက်ပြေးတိမ်းရှောင်ကုန်ကြသည်။ ရွှေအမြုတေအဆင့် ကျင့်ကြံသူနှစ်ဦးနှင့် ရင်ဆိုင်တိုက်ခိုက်ရန် အခွင့်အရေးမရှိသည့်အပြင် သူတို့အားလုံး ပူးပေါင်းတိုက်စစ်ဆင်လျှင်ပင် မိနစ်အနည်းငယ်အထိ ခုခံနိုင်ရန် မျှော်လင့်ချက်မရှိပါ။
မျှော်လင့်ချက်ရှိသည်ဆိုလျှင်ပင် နတ်ဆိုးကျင့်ကြံသူများ၏ ကိုယ်ကျိုးဖက်၍ စဉ်းလဲတတ်သော စရိုက်သဘာဝကြောင့် တစ်ညီတစ်ညွတ်တည်း လက်တွဲတိုက်ခိုက်ရန် မဖြစ်နိုင်သလောက်ရှိပါသည်။ ထို့ကြောင့်ပင် နန်ကုန်းပိုင်ကျန်းတို့သုံးဦး ရောက်ရှိလာပြီးနောက် နတ်ဆိုးကျင့်ကြံသူများနှင့် နတ်ဆိုးသားရဲများမှာ ဆက်လက်တိုက်ခိုက်ဖို့မဆိုထားနှင့် အသက်ဘေးမှ လွန်မြောက်ရန်အတွက်သာ အနိုင်နိုင် ပြေးရှောင်ကြပါတော့သည်။ သို့သော် ရွှေအမြုတေအဆင့် ကျင့်ကြံသူနှစ်ဦးမှာ နတ်ဆိုးသားရဲများအား လွတ်မြောက်ခွင့်ပေးလိုပုံမပေါ်ပါ။
တစ်ခဏချင်းတွင် နန်ကုန်းပိုင်ကျန်းသည် လှံရှည်လက်နက်ဖြင့် အဆင့်၃ နတ်ဆိုးသားရဲသုံးကောင်ကို ထုတ်ချင်းပေါက်ပစ်ခတ်လိုက်ပြီး ခန္ဓာကိုယ်များကို တစ်စစီဆွဲစုတ်ဖျက်ဆီးလိုက်သည်။ ထို့နောက် လက်ကိုဝှေ့ယမ်းလိုက်ရာ ကြောက်မက်ဖွယ် လှံအရိပ်ကြီးများက နတ်ဆိုးကျင့်ကြံသူနှစ်ဦး၏ ဦးခေါင်းများကို ဖောက်ထွင်းလျက် လေထဲမှာပင် ဖျက်ဆီးပစ်လိုက်ပြန်သည်။ တစ်ချိန်တည်းမှာပင် ဟုန်တျန့်ချီက လက်ကိုမြှောက်လျက် လက်ဖျောက်တီးလိုက်သည်။
မိုးကြိုးပစ်လိုက်သလို အသံတစ်ခု ကျယ်လောင်စွာထွက်ပေါ်လာပြီး ပေတစ်ထောင်ခန့်မြင့်သည့် တောင်ကြီးတစ်ခုက ကျန်ရှိနေသေးသော မိစ္ဆာကျင့်ကြံသူများနှင့် နတ်ဆိုးသားရဲအုပ်အပေါ် အရှိန်ပြင်းစွာကျရောက်လာပါတော့သည်။ ကြောက်လန့်တကြား ထွက်ပြေးနေကြသော နတ်ဆိုးသားရဲများနှင့် နတ်ဆိုးကျင့်ကြံသူများမှာ ပင့်ကူအိမ်တွင် မိနေသော ပိုးမွှားများကဲ့သို့ တောင်ကြီးအောက်တွင် ပိမိပြီး မလူးသာမလွန့်သာ သေဆုံးကုန်ကြသည်။ တောင်ကြီးနှင့်အဖိခံရ၍ သေဆုံးသူများထဲတွင် မျက်လုံးလေးခု နတ်ဆိုးမြွေ၊ ခရမ်းရောင်မျက်လုံး ဝံပုလွေ၊ သုံးမြီးမီးပုတ်သင်ကြီးနှင့် မျက်လုံးသုံးခု လင်းယုန်တို့အပြင် နတ်ဆိုးကျင့်ကြံသူအများအပြား ပါဝင်သွားကြသည်။ မျက်လုံးပြာ မျောက်ဝံကြီးကတော့ သူ၏နောက်ဆုံးအချိန်တွင် အဆင့်၄ ဟင်းလင်းပြင်ချိုးဖျက် အဆောင်ကိုသုံးကာ လက်မတင်လေး လွတ်မြောက်သွားသည်။
ထိုမြင်ကွင်းကို မြင်လိုက်ရသော ကျင့်ကြံသူအားလုံးမှာ ကြက်သီးများထသည့်အထိ တုန်လှုပ်သွားမိကြသည်။ ရွှေအမြုတေအဆင့် ကျင့်ကြံသူများ၏ စွမ်းအားသည် သူတို့အားလုံးထက် မိုးနှင့်မြေပမာ သာလွန်ကွာခြားနေပြီး စွမ်းအားမြင့်ပါသည်ဆိုသော ကျီဖုအဆင့်ကျင့်ကြံသူများသည်ပင် ရွှေအမြုတေ အဆင့်ရှိ ကျင့်ကြံသူတစ်ဦး၏အမြင်တွင် ပုရွက်ဆိတ်အကြီးစားသာသာပဲ ရှိပါလိမ့်မည်။ ချီသန့်စင်ခြင်း အဆင့်နှင့် အခြေခံတည်ဆောက်ခြင်း အဆင့်များအတွက်တော့ နှိုင်းယှဉ်ရန်ပင် စကားလုံးရှိမည်မဟုတ်ပါ။
“ဂိုဏ်းတပည့်ယွင် ထွက်ပြေးသွားတဲ့ နတ်ဆိုးကျင့်ကြံသူတွေကို နောက်ကလိုက်ပြီး သုတ်သင်ပါ။ တစ်ယောက်မှ အသက်ရှင်လျက် မလွတ်စေနဲ့။ အကြီးအကဲနန်ကုန်းနဲ့ ငါက ကျောင်းကုချန်နောက်ကို လိုက်မယ်”
ဟုန်တျန့်ချီက လူအုပ်ကြားထဲရှိ ယွင်တုန်းရှန်ကို အမိန့်ပေးလိုက်သည်။
ယွင်တုန်းရှန်ကလည်း ချက်ချင်းဦးညွတ်လိုက်သည်။
“နားလည်ပါပြီ အဓိပတိအကြီးအကဲဟုန်”
သူခေါင်းမော့လိုက်သည့် အချိန်တွင် နန်ကုန်းပိုင်ကျန်းနှင့် ဟုန်တျန့်ချီတို့မှာ ကောင်းကင်ထက်တွင် မရှိတော့ချေ။ ယွင်တုန်းရှင်၏ မျက်နှာတွင် ခါးသက်သက်အပြုံးတစ်ခု ထင်ဟပ်လာသည်။ ယခုအချိန်တွင် သူအနေနှင့် ဟုန်တျန့်ချီနှင့် နန်ကုန်းပိုင်ကျန်းတို့၏ အစီအစဉ်ကို အကြမ်းဖျင်းနားလည်လိုက်ပြီးဖြစ်သည်။ ထိုရွှေအမြုတေအဆင့် ကျင့်ကြံသူ နှစ်ဦးသည် ဇီယွမ် စီရင်စုကို ချီတက်မည်ဟူသော သတင်းအမှားထုတ်ပြန်ပြီး ရန်သူများကို အာရုံလွှဲကာ စီးတုကျန်နှင့်ပူးပေါင်းလျက် ပင်းချွမ်စီရင်စုအတွင်းသို့ လျှို့ဝှက်ဝင်ရောက်လာခဲ့ခြင်းဖြစ်သည်။
ယွင်တုန်းရှန်မှာ ထိုနည်းဗျူဟာမျိုးနှင့် မစိမ်းလှပါ။ သူ့ခန့်မှန်းချက်အရ ဤအကြံမှာ ရှန်းမန်ရွှယ်၏ အကြံသာဖြစ်လိမ့်မည်။ ဟုန်တျန့်ချီနှင့် နန်ကုန်းပိုင်ကျန်းတို့သည် တျန့်ချင်းသေဆုံးပြီး ရှန်းယွမ်လုံဒဏ်ရာအကြီးအကျယ်ရနေသည့် အချိန်အထိ ဝင်ရောက်တိုက်ခိုက်ခြင်းမပြုဘဲ ရပ်ကြည့်နေခဲ့သည့်အဖြစ်ကို ရှန်းမန်ရွှယ်တစ်ယောက် ကြားသိလျှင် မည်သို့မည်ပုံ တုံ့ပြန်မည်နည်း ဆိုသည်ကို ယွင်တုန်းရှန်မခန့်မှန်းတတ်ပါ။ ကန်းယန်ဂိုဏ်းအကြီးအကဲများကြားတွင် ပဋိပက္ခမဖြစ်ဖို့တော့ သူမျှော်လင့်မိသည်။
ဟုန်တျန့်ချီတို့၏ အစီအစဉ်မှာ အလုပ်ဖြစ်သည်ကတော့ ငြင်း၍ မရပါ။ ကျောင်းကုချန်ကိုသာ သတ်နိုင်ခဲ့လျှင် သည်အစီအစဉ် ရာနှုန်းပြည့်အောင်မြင်သည်ဟု ဆိုနိုင်ပါလိမ့်မည်။
ထိုအချိန်တွင် ကျန်းပိုင်လုံနှင့် ရင်ဆိုင်နေသော ရှဲ့ဖေးယန်နှင့် လေနက်မြွေဘုရင်တို့မှာလည်း ကျောင်းကုချန် ထောင်ချောက်မိ၍ ညှပ်ပူးညှပ်ပိတ် အတိုက်ခံရကြောင်းကို သတင်းရလျှင် မျက်နှာအကြီးအကျယ်ပျက်ကာ အချိန်မဆွဲတော့ဘဲ အမြန်ဆုတ်ခွာပါတော့သည်။ ကျန်းပိုင်လုံသည်လည်း လေထဲတွင်ရပ်လျက် ထိုမြင်ကွင်းကိုကြည့်နေရင်း တစ်ကိုယ်တည်း ရေရွတ်လိုက်သည်။
“ဟုန်တျန့်ချီ နဲ့ နန်ကုန်း မင်းတို့ ငါ့ကိုစိတ်မပျက်စေဖို့ မျှော်လင့်ပါတယ်။ ရှန်းမိသားစုက ဟိုလူငယ်တစ်ခုခုမဖြစ်အောင် မင်းတို့ကာကွယ်ပေးရမယ်။ မဟုတ်ရင် မန်ရွှယ်ကို ငါမျက်နှာပြဝံ့တော့မှာ မဟုတ်ဘူး”
….
လဝက်အကြာတွင်…
ယွင်တုန်းရှန်နှင့် ရှန်းယွမ်လုံတို့ သတင်းတစ်ခုကြားရသည်။ အရိပ်နတ်ဆိုးကျောင်းကုချန်သည် စီးတုကျန်၊ နန်ကုန်းပိုင်ကျန်းနှင့် ဟုန်တျန့်ချီတို့လက်ချက်ဖြင့် ရုပ်ခန္ဓာဆုံးရှုံးလိုက်ရပြီး ရွှေအမြုတေကို ချန်ထားလျက် ထွက်ပြေးလွတ်မြောက်သွားသည် ဟူသောသတင်းဖြစ်သည်။ ရွှေအမြုတေကို ခွဲထုတ်လိုက်ရခြင်းသည် တာအိုလမ်းစဉ်ကို ကန့်သတ်လိုက်သည်နှင့် အလားတူပြီး ပုံမှန်အတိုင်းပြန်ဖြစ်ရန် နှစ်ရာဂဏန်း အချိန်ယူရတော့မည်ဖြစ်သလို မူလအတိုင်းပြန်ကောင်းလျှင်ပင် နဂိုမူလ ကျင့်ကြံမှုအဆင့်ကို ပြန်လည်ရရှိတော့မည်မဟုတ်ပါ။ သည်ကြားထဲတွင် အခြားနတ်ဆိုးကျင့်ကြံသူများ၏ သတ်ဖြတ်ခြင်းကိုလည်း ခံရနိုင်ပါသေးသည်။ အချင်းချင်း သတ်ဖြတ်လုယက်ခြင်းမှာ မိစ္ဆာကျင့်ကြံသူလောကတွင် အထူးအဆန်း မဟုတ်ပါ။
ထို့ပြင် နောက်သတင်းတစ်ခုက ဟုန်တျန့်ချီ ကန်းယန်ဂိုဏ်းသို့ ပြန်ရောက်သောအခါ ရှန်းမန်ရွှယ်နှင့် အချင်းများကြသည် ဆိုသောသတင်းဖြစ်သည်။ ရှန်းမန်ရွှယ်သည် အတော်လေး ဒေါသပေါက်ကွဲနေပြီး တျန့်ချင်းနှင့် ရှန်းယွမ်လုံကို ကယ်ဆယ်ရန်ပျက်ကွက်ခဲ့အတွက် ဟုန်တျန့်ချီကို ဖြေရှင်းချက်ပေးရန် လူပုံအလယ်တွင် တောင်းဆိုခဲ့သည် ဟုပြောကြသည်။ ဟုန်တျန့်ချီလို အနေအထားရှိသူကို ဆန့်ကျင်ရဲသူမှာ ရှန်းမန်ရွှယ်တစ်ယောက်သာ ရှိသည်ဟုဆိုရမည်။ သူမသည် ကန်းယန်ဂိုဏ်းအတွက် အကျိုးများ စွာပြုခဲ့သည့်အပြင် ဂိုဏ်းအတွင်းတွင် ဟုန်တျန့်ချီနှင့် တန်းတူအရေးပါမှုမျိုး ရှိနေသည့်အတွက်လည်း ဟုန်တျန့်ချီကို ရင်ဆိုင်ဝံ့ခြင်းဖြစ်သည်။
မဟုတ်လျှင် မိမိထက် ကျင့်ကြံမှုအဆင့်မြင့်သူတစ်ဦးကို အံတုဖက်ပြိုင်ခြင်းသည် ကျင့်ကြံသူလောကတွင် မပြုလုပ်အပ်သည့် အရာတစ်ခုဖြစ်သည့်အတွက် မိမိအတွက်အကျိုးရှိလိမ့်မည် မဟုတ်ပါ။ ကျင့်ကြံခြင်းလောကတွင် ခွန်အားကြီးသူသာ မှန်စမြဲမဟုတ်ပါလား။ သို့သော် ယခုကိစ္စသည် ဟုန်တျန့်ချီ၏ အမှားဖြစ်သလို ရှန်းမန်ရွှယ်၏ နောက်တွင် ကျန်းပိုင်လုံရှိနေခြင်းကြောင့်လည်း ရှန်းမန်ရွှယ် တစ်ယောက် ဟုန်တျန့်ချီကို ပြဿနာရှာဝံ့ခြင်းဖြစ်သည်။
ဟုန်တျန့်ချီသည် ရှန်းမန်ရွှယ်၏ သဘောထားကို မနှစ်မြို့သော်လည်း အတိုက်အခံမလုပ်တော့ဘဲ ရှန်းမန်ရွှယ်ကို တောင်းပန်သည့်အနေနှင့် ကျီဖုကျောက်စိမ်းပြားကို လက်ဆောင်အဖြစ်ပေးအပ်လိုက်သည်။ ကျီဖုကျောက်စိမ်းပြားသည် ကျီဖုအဆင့်ကျင့်ကြံသူတစ်ဦးကို အားဖြည့်ပေးနိုင်သော အဖိုးတန်ရတနာတစ်ပါးဖြစ်သည်။ သို့သော် ဟုန်တျန့်ချီလို မောက်မာဝံ့ကြွားသူတစ်ဦးအနေနှင့် ရန်ငြိုးမထားဘဲ ကျေအေးပေးသည်ဆိုသည်မှာ မဖြစ်နိုင်ပါ။
***
နှစ်တစ်ရာကျင့်ကြံပြီးနောက်
အခန်း ၈၃ ။ နတ်ဆိုးသားရဲအဓိကရုဏ်းပြီးဆုံးခြင်း
ရှန်းမန်ရွှယ်သည်လည်း ထိုအချက်ကို ကောင်းကောင်းနားလည်ထား၍ ဟုန်တျန့်ချီထံမှ ရရှိထားသော ကျောက်စိမ်းပြားကို ရှန်းမိသားစုထံ အလျင်အမြန်ပို့၍ ချက်ချင်းသုံးစွဲရန် မှာကြားလိုက်သည်။ ရှန်းမိသားစုပိုင် ယာယီလှိုဏ်ဂူတစ်ခုတွင်ဖြစ်သည်။ ရှန်းယွမ်လုံသည် ကျောက်စိမ်းပြားကို ကျန်းချန်ရွှမ်၊ ရှန်းရူယန်နှင့် ရှန်းတောက်မင်တို့၏ ရှေ့ရှိ စားပွဲပေါ်တွင် ချပြလိုက်သည်။ တိုက်ပွဲအတွင်း ဒဏ်ရာရရှိခဲ့မှုကြောင့် ရှန်းယွမ်လုံ၏ အော်ရာမှာ ဖျော့တော့အားနည်းနေသလို ဦးခေါင်းထက်တွင်လည်း ဆံပင်အချို့ ဖြူစပြုနေသည်ကို အတိုင်းသားတွေ့ရသည်။ သူက
“ချန်ရွှမ်၊ ရူယန်နဲ့ တောက်မင်၊ တိုက်ပွဲမှာ မင်းတို့ပြခဲ့တဲ့ စွမ်းဆောင်မှုတွေကြောင့် မင်းတို့သုံးယောက်လုံး ဒီရတနာကို ရထိုက်ပါတယ်။ ဘယ်သူယူမလဲဆိုတာတော့ မင်းတို့အချင်းချင်းပဲ ဆွေးနွေးလိုက်ကြပါ”
ကျန်းချန်ရွှမ်က ပြုံးလျက်
“ကျွန်တော့်အနေနဲ့ ကျီဖုနယ်ပယ်နဲ့ အဝေးကြီးလိုပါသေးတယ်။ ဒီကျောက်စိမ်းပြားက ကျွန်တော့်အတွက် အသုံးမဝင်သေးပါဘူး”
တကယ်တော့ ကျန်းချန်ရွှမ်တွင် စနစ်၏အကူအညီဖြင့် ကျီဖုအဆင့်သို့ တက်လှမ်းရန် အခွင့်အရေးရှိပြီးဖြစ်သည်။ နတ်ဆိုးသားရဲ ၁၀၀ ကို သတ်ဖြတ်ရမည့် မစ်ရှင်ပြီးမြောက်သည့်အချိန်တွင် စနစ်မှ အဆင့်မြှင့်ပုတီးစေ့ကို ချီးမြှင့်ခဲ့ပြီးဖြစ်သည်။ နာမည်အတိုင်းပင် အဆင့်မြှင့်ပုတီးစေ့မှာ ကျင့်ကြံသူကို နောက်တစ်ဆင့်သို့ ဘေးထွက်ဆိုးကျိုးမရှိဘဲ လွယ်ကူစွာတက်ရောက်နိုင်ရန် အသုံးပြုသည့်ရတနာပစ္စည်းဖြစ်သည့်အတွက် ဟုန်တျန့်ချီ၏ ကျောက်စိမ်းပြားမှာ သူ့အတွက် အဖိုးမတန်လှပေ။
ရှန်းရူယန်ကလည်း ခေါင်းခါလိုက်ပြီး
“ကျွန်မလည်းမလိုအပ်ပါဘူး။ အစ်ကိုတောက်မင်ကိုပဲ ပေးလိုက်ပါ”
ထိုအခါ ရှန်းတောက်မင်က မျက်မှောင်ကြုံ့သွားပြီး
“ရူယန်က အခြေခံတည်ဆောက်မှု နဝမအဆင့်ကို ရောက်နေပြီမလား၊ ကျီဖုအဆင့်ကို တက်ဖို့ ဒီရတနာကို မင်းလိုလိမ့်မယ်၊ ငါ့အတွက်တော့ အရေးမကြီးပါဘူး”
ရှန်းရူယန်က ရှန်းတောက်မင်၏စကားမဆုံးခင်တွင်ပင်
“ကျွန်မမလိုဘူး၊ ကျီဖုအဆင့်ကို တက်ချင်ရင် ကိုယ်ပိုင်နည်းလမ်းကိုပဲ သုံးမှာပါ။ ဒါကြောင့် အစ်ကိုပဲယူလိုက်ပါ”
ပြောပြောဆိုဆိုနှင့် ရှန်းရူယန်က ကျောက်စိမ်းပြားကို ရှန်းတောက်မင်ရှေ့သို့ တွန်းပို့လိုက်သည်။ ရှန်းတောက်မင်က ငြင်းဆန်ဦးမည်အပြုတွင် ရှန်းရူယန်က
“အစ်ကို ကျွန်မအနေနဲ့ ကျီဖုနယ်ပယ်ကို တက်လှမ်းချင်ရင် ပြင်ပအကူအညီမပါဘဲ တက်ရောက်နိုင်ဖို့ ၈၀% ယုံကြည်မှုရှိပါတယ်။ ဒါပေမဲ့ အစ်ကိုသာ ဒီကျောက်စိမ်းပြား အကူအညီမပါရင် မီးလျှံသလင်းကျောက်နဲ့ ခရမ်းရောင်စစ်မှန်မှုဆေးပြား နှစ်ခုလုံးကို သုံးတယ်ပဲထား၊ ကျီဖုအဆင့်ကို ကျိန်းသေရောက်ပါမယ်လို့ အာမခံနိုင်လား”
ထိုစကားကြောင့် ရှန်းတောက်မင်တစ်ယောက် ငြိမ်သွားရသလို ရှန်းယွမ်လုံ၏ မျက်လုံးများမှာ အရောင်လက်သွားသည်။ သူက
“ရူယန် မင်းအခုပြောတာ အမှန်ပဲလား”
ရှန်းရူယန်က ခေါင်းညိတ်ပြလိုက်သည်။ ထိုအခါ ရှန်းယွမ်လုံက ကျေနပ်အားရသည့်ဟန်နှင့်
“ကောင်းပါပေတယ်၊ မင်းနဲ့ တောက်မင်တို့နှစ်ယောက် ကျီဖုအဆင့်ကို ရောက်သွားရင် ရှန်းမိသားစုရဲ့ အနာဂတ်ကို မင်းတို့လက်ထဲ စိတ်ချလက်ချထားနိုင်ပြီပေါ့”
ရှန်းယွမ်လုံ၏အသံမှာ စိတ်လှုပ်ရှားပျော်ရွှင်မှုကြောင့် တုန်ယင်နေသည်။ ရှန်းတောက်မင်က ကြားဖြတ်၍ နှစ်သိမ့်ပေးလိုက်သည်။
“ဘိုးဘေး ဒီလိုမပြာပါနဲ့ခင်ဗျာ”
ရှန်းယွမ်လုံက အသာလက်ကာပြရင်း ပြုံးလိုက်သည်။
“ငါ့အခြေအနေ ငါသိပါတယ်ကွာ၊ နောက်ထပ်နေရ နှစ်အနည်းငယ်ပေါ့။ ဒါပေမဲ့ ငါမရှိတော့ရင် ရှန်းမိသားစု ဘယ်လိုဖြစ်ကျန်ခဲ့မလဲတွေးပြီး စိတ်ပူနေခဲ့ရတယ်။ ဒါပေမဲ့ မင်းတို့မောင်နှမ ကျီဖုအဆင့်ကို တက်လှမ်းနိုင်ရင်တော့ ငါစိတ်ချလက်ချ ထွက်သွားလို့ရပြီပေါ့”
ထို့နောက် ရှန်းယွမ်လုံက ဤအကြောင်းနှင့် ပတ်သက်ပြီး စကားဆက်လိုဟန်မတူဘဲ လက်ကာပြလိုက်သည်။
“ဒီကိစ္စ ဒီမှာတင်ပဲ ရပ်လိုက်ကြရအောင်၊ မကြာခင်မှာ နတ်ဆိုးသားရဲအဓိကရုဏ်းပြီးလိမ့်မယ်။ ဒီအရေးအခင်းကြီးပြီးသွားတာနဲ့ ဟုန်မိသားစုလည်း စလှုပ်ရှားလိမ့်မယ်၊ ငါရှိနေသရွေ့တော့ မင်းတို့ဘာမှမဖြစ်စေရပါဘူး၊ ဒီတော့ မင်းတို့ရဲ့ ကျင့်ကြံမှုအဆင့်ကို ဒီအတောအတွင်း မြှင့်နိုင်သမျှမြှင့်ထားကြပါ”
ရှန်းယွမ်လုံပြောသလို နတ်ဆိုးသားရဲအရေးမှာ နှစ်နှစ်အတွင်းပြီးဆုံးသွားသည်။ အဆင့်၃ နတ်ဆိုးသားရဲအများအပြား သေဆုံးမှုနှင့် အရိပ်နတ်ဆိုး ကျောင်းကုချန်၏ အရေးနိမ့်သွားမှုကြောင့် မျှော်မှန်းထားသည်ထက် စောစောပြီးဆုံးသွားသည်။ သို့သော် ပင်းချွမ်စီရင်စုနှင့် အခြားဒေသများတွင် နတ်ဆိုးသားရဲကပ်ဘေးကြီးကြောင့် ထိခိုက်ဆုံးရှုံးမှု အဆမတန်ကြုံတွေ့ခံစားခဲ့ရသည့်အတွက် ကျင့်ကြံသူများနှင့် သေမျိုးလူသားအားလုံးမှာ စိတ်ဒုက္ခကြီးစွာ ပင်ပန်းဆင်းရဲနေကြရရှာသည်။
ထိုကြားထဲတွင် သတင်းတစ်ပုဒ်က လူသားတို့၏ ကျဆင်းဆုတ်ယုတ်နေသော စိတ်ဓာတ်ကို တိုး၍ပျက်ပြားစေလိုက်သေးသည်။ ထိုသတင်းမှာ နတ်ဆိုးသားရဲသောင်းကျန်းမှုသည် နှစ်၂၀၀ လျှင် တစ်ကြိမ်သာ ဖြစ်ပွားနေရာမှ လာမည့်အနာဂတ်တွင် နှစ်၁၀၀ လျှင် တစ်ကြိမ်နှုန်း ဖြစ်ပွားတော့မည်ဟူသောသတင်းဖြစ်သည်။ ပြင်ဆင်ရန်အချိန်ကာလမှာ ထက်ဝက်တိတိ လျော့ကျသွားသည့်အတွက် လူသားတို့၏ ရှင်သန်မှုဘဝမှာ အနာဂတ်တွင် ပိုမိုခက်ခဲလာတော့မည်ဖြစ်သည်။
ထိုအချိန်တွင် ကျင့်ကြံမှုအလွှာ၏ ထိပ်ဆုံးအဆင့်တွင် ဘာတွေဖြစ်ပျက်နေသလဲ ဆိုသောမေးခွန်းနှင့် ပတ်သက်ပြီး မည်သူမှ ဖြေကြားနိုင်ခြင်းမရှိသေးပေ။ သည်ဆုံးဖြတ်ချက်နှင့် ပတ်သက်ပြီး အဆင့်မြင့်ကျင့်ကြံသူများအနေနှင့် တစ်စုံတစ်ရာမတုံ့ပြန်ခြင်းကိုလည်း အောက်ခြေကျင့်ကြံသူများအဖို့ နားမလည်နိုင်စရာဖြစ်နေသည်။
ရှန်းမျိုးနွယ်စု၏ ဌာနချုပ် ယွီဟွာတောင်တွင်ဖြစ်သည်။ ရှန်းမိသားစု၏ လက်ရှိဘိုးဘေးဖြစ်သူ ရှန်းယွမ်လုံသည် သူ့ရှေ့မှောက်ရှိ မျိုးနွယ်စုအကြီးအကဲများကိုကြည့်ရင်း တွေးတွေးဆဆနှင့်ပြောသည်။
“နတ်ဆိုးသားရဲဘေး ဘယ်အချိန်မှ လာမယ်ဆိုတဲ့ကိစ္စက ငါတို့ဆုံးဖြတ်နိုင်တဲ့နယ်ပယ် မဟုတ်ဘူး။ ငါတို့လုပ်နိုင်တာက ဒီကြားထဲမှ ငါတို့မျိုးနွယ်စုရဲ့ အင်အားကို အစွမ်းကုန်မြှင့်တင်ထားဖို့ပဲ။ ကဲ အခုတော့.. နတ်ဆိုးသားရဲအရေးက ရတဲ့အကျိုးအမြတ်တွေကို ဝေစုခွဲတဲ့ကိစ္စကိုပဲ ဆွေးနွေးကြရအောင်”
စကားဆုံးသည်နှင့် ရှန်းယွမ်လုံက ဝေစုစာရင်းကို ချပြလိုက်သည်။ ထိုစာရင်းမှာ ကန်းယန်ဂိုဏ်းက တိုက်ပွဲအတွင်းစွမ်းဆောင်ရည်အပေါ်မူတည်ပြီး တွက်ချက်ပြုစုထားခြင်းဖြစ်ကာ အသေးစိတ်ဆွေးနွေးအတည်ပြုပြီးသည်နှင့် ကန်းယန်ဂိုဏ်းက ဝေစုများကို ဂိုဏ်းအသီးသီးသို့ လူလွှတ်ပို့ဆောင်ပေးခြင်းဖြစ်သည်။ ကျန်းချန်ရွှမ်နှင့် ရှန်းရူယန်တို့မှာ သူတို့လက်ထဲကို ရောက်ရှိလာသော ဝေစုစာရင်းကို ကြည့်ပြီးနောက် အံ့အားသင့်မိသွားကြသည်။ သူတို့ရရှိသော ဝေစုမှာ အခြေခံတည်ဆောက်မှု အဆင့်ကျင့်ကြံသူများအနက် အများဆုံးဖြစ်သလို ကျီဖုအဆင့်ကျင့်ကြံသူ အတော်များများထက်ပင် များပြားနေပါသေးသည်။ သူတို့နှစ်ဦးသတ်ဖြတ်ထားသော နတ်ဆိုးသားရဲအရေအတွက်မှာ သာမန်ကျင့်ကြံသူများထက် အဆပေါင်းရာနှင့်ချီ သာလွန်နေသည်လေ။
***
နှစ်တစ်ရာကျင့်ကြံပြီးနောက်
အခန်း ၈၄ ။ ဟုန်မိသားစုမှ စေလွှတ်သူ (၁)
ကျန်းချန်ရွှမ်နှင့် ရှန်းရူယန်တို့ ဝေစုစာရင်းတွင် ပါဝင်သည့် ရတနာပစ္စည်းများကို ကြည့်ပြီးနောက် ပထမဆုံးသတိပြုမိသည့်အရာမှာ မီးဓာတ်သလင်းကျောက်များဖြစ်ပြီး ထိုရတနာများမှာ အခြေခံတည်ဆောက်မှုအဆင့် ကျင့်ကြံသူများကို ကျီဖုအဆင့်သို့ တက်လှမ်းရာတွင်အထောက်အကူပြုသည့်ပစ္စည်းများဖြစ်သည်။ ရရှိသော သလင်းကျောက်မှာ သုံးမျိုးဖြစ်ပြီး သစ်သားဓာတ် အဇူရာနဂါး သစ်သားသလင်းကျောက်၊ မြေဓာတ်အခြေခံ ဝိညာဉ်သလင်းကျောက်နှင့် သတ္တုဓာတ် အဖြူရောင်ဧကရာဇ် ရွှေသလင်းကျောက်တို့ဖြစ်ကြသည်။
ထို့ပြင် ကျင့်ကြံသူ၏ သွေးကြောနှင့် စိတ်ဝိညာဉ်ကို ကာကွယ်ပေးသည့် ခရမ်းရောင်စစ်မှန်မှုဆေးပြားလည်း စာရင်းတွင်ပါဝင်သည်။ သို့သော် ထိုရတနာများကို လဲလှယ်ရမည့် ထောက်ပံ့မှုအမှတ်များမှာ မယုံနိုင်စရာ မြင့်မားလှသည်။ သို့သော် ကျန်းချန်ရွှမ်တို့ ဇနီးမောင်နှံအတွက်တော့ ပြဿနာမရှိပါ။ ထိုရတနာများမှာ သူတို့အတွက် အသုံးဝင်သည်ဟု မဆိုနိုင်ပါ။
သို့သော် ရှန်းရူယန်သည် သူမမှာရှိထားသော ထောက်ပံ့မှုအမှတ်များကို အသုံးပြု၍ ခရမ်းရောင်စစ်မှန်မှုဆေးပြားကို လဲလှယ်ရယူလိုက်သည်။ သူမအတွက် မလိုအပ်သော်လည်း မိသားစုမှ အခြေခံတတည်ဆောက်မှုအဆင့် ကျင့်ကြံသူများအတွက် ဝယ်ယူလိုက်ခြင်းဖြစ်သည်။ ကြက်သွေးရောင်ရွှေသတ္တုတွင်းမှ ရရှိထားသော မီးလျှံသလင်းကျောက်နှင့်ပေါင်းလျှင် ရှန်းမိသားစုမှ ကျီဖုအဆင့်ကျင့်ကြံသူ နောက်တစ်ဦးထွက်ပေါ်လာရန် အခွင့်အလမ်းပိုများလာမည်ဖြစ်သည်။ ဤသည်မှာ မိမိကို ကျွေးမွေးစောင့်ရှောက်လာသော မိသားစုကို ရှန်းရူယန်အနေနှင့် ကျေးဇူးပြန်ဆပ်လိုက်ခြင်းဖြစ်သည်။
ထို့နောက်တွင် ရှန်းရူယန်သည် ကျန်ရှိနေသော အကျိုးဆောင်အမှတ်အားလုံးကို လျှပ်စီးကျောက်တုံးတစ်ခု လဲလှယ်ရာတွင် အသုံးပြုလိုက်သည်။ အဆိုပါရတနာသည် လျှပ်စစ်ဓာတ်အခြေခံ ရတနာပစ္စည်းများအနက် အဆင့်၃ အဆင့်ရှိသော တန်ဖိုးကြီးရတနာတစ်ပါးဖြစ်ပြီး ဓမ္မရတနာများနှင့် ပေါင်းစပ်၍သော်လည်းကောင်း၊ သို့မဟုတ် ဓမ္မရတနာလောင်းများ၏ စွမ်းအားနှင့် အရည်အသွေးကို မြှင့်တင်သန့်စင်ရာတွင်လည်းကောင်း အသုံးပြုနိုင်ပါသည်။ အဆိုပါရတနာကို ဝယ်ယူရခြင်းမှာ ရှန်းရူယန်၏ မိုးကြိုးလျှပ်စီး မီးဓားလက်နက်နှင့် ပေါင်းစပ်အသုံးပြုလို၍ ဖြစ်သည်။
ရှန်းရူယန်တစ်ယောက် လိုအပ်သည့်ပစ္စည်းများကို လဲလှယ်ပြီးချိန်တွင် ကျန်းချန်ရွှမ်သည်လည်း လိုအပ်သည်များကို လဲလှယ်ပြီးဖြစ်သည်။ သူလဲလှယ်လိုက်သော ပစ္စည်းများမှာ ကျီဖုအဆင့်ကျင့်ကြံသူများ အသုံးပြုနိုင်သော ဒြပ်ငါးပါးနည်းစနစ်နှင့် အဆင့် ၂ အမြင့်ဆုံးအဆင့်ရှိ ကာကွယ်ရေးဓမ္မလက်နက်တစ်ခုဖြစ်သည့် ပင်လယ်ကွင်းခေါင်းလောင်း ဖြစ်သည်။ ပင်လယ်ကွင်းခေါင်းလောင်းမှာ ကောင်းကင်ကြေးဝါနှင့် ပြုလုပ်ထားပြီး ရေဓာတ်သိပ်သည်းကျောက်စိမ်းနှင့် ဗလာနယ်ရွှေသလင်းကျောက်တို့ တပ်ဆင်ထားသည့် ကာကွယ်ရေးပစ္စည်းတစ်မျိုးဖြစ်သည်။
ပင်လယ်ကွင်းခေါင်းလောင်းတွင် အလွန်အစွမ်းထက်သည့် ခုခံကာကွယ်ရေး လုပ်ဆောင်ချက်များ ပါဝင်သလို တိုက်ခိုက်မှုအချို့ကို တန်ပြန်ပစ်လွှတ်နိုင်သည့် စွမ်းရည်လည်းပါဝင်သည့်အတွက် အဆင့်၂ အမြင့်ဆုံးအဆင့်ရှိ ကာကွယ်ရေးဓမ္မလက်နက်များအနက် ထိပ်တန်းအဆင့်လက်နက်ဟု သတ်မှတ်နိုင်ပါသည်။ နတ်ဆိုးသားရဲများနှင့် တိုက်ပွဲအတွင်းက လင်းနို့သားရဲကြီး၏ တိုက်ခိုက်မှုကို ကာကွယ်ရန် ကျီကျင်းဝိညာဉ်ဒိုင်းနှင့် သစ်သားစိမ်း ကောင်းကင်အလင်းဒိုင်းတို့ကို အသုံးပြုခဲ့ရသောကြောင့် ပထမတစ်ခုမှာ လုံးဝပျက်စီးသွားပြီး ဒုတိယတစ်ခုဖြစ်သည့် သစ်သားစိမ်းကောင်းကင်အလင်းဒိုင်းမှာလည်း ဆိုးဆိုးရွားရွား ထိခိုက်သွားခဲ့သည်။ ထိုဒိုင်းလက်နက်ကို ယခုအခါပြင်ဆင်ပြီးပြီ ဖြစ်သော်လည်း အဆင့် ၂ အလယ်အဆင့် ဒိုင်းများနှင့် ရေရှည်ဆက်သွားနေ၍ မဖြစ်မှန်း ကျန်းချန်ရွှမ်နားလည်ထားပြီးဖြစ်၍ ပင်လယ်ကွင်းဒိုင်းကိုဝယ်ယူခြင်းဖြင့် သူ၏တိုက်စစ်နှင့် ခံစစ်နှစ်ရပ်လုံးကို တစ်ပြိုင်နက်တည်း မြှင့်တင်လိုက်နိုင်မည်ဖြစ်သည်။
အလိုရှိသော ရတနာပစ္စည်းများကို ရှန်းမျိုးနွယ်စုဝင်အားလုံး ရွေးချယ်လဲလှယ်ပြီးသည်နှင့် ရှန်းယွမ်လုံက အချိန်ဆိုင်းမနေတော့ဘဲ အစည်းအဝေးပြီးဆုံးပြီ ဖြစ်ကြောင်း ကြေညာလိုက်ပါသည်။ ရက်အနည်းငယ်အကြာတွင် ကျန်းချန်ရွှမ်တို့ လဲလှယ်ထားသော ရတနာများ ရောက်ရှိလာပါတော့သည်။ မကြာခင် ရှန်းမျိုးနွယ်စုဝင် ကျင့်ကြံသူများမှာ ကိုယ်စီဂူပိတ်၍ ကျင့်ကြံမှုအဆင့်တိုးတက်ရန် ကြိုးစားနေကြတော့သည်။ ထိုအထဲတွင် မိသားစုအကြီးအကဲဖြစ်သူ ရှန်းတောက်မင်၊ ရှန်းရူယန်နှင့် ကျန်းချန်ရွှမ်တို့လည်း ပါဝင်သည်။
ရှန်းတောက်မင်သည် လက်ရှိကျင့်ကြံမှုအဆင့်ကို ချိန်ညှိ၍ ကျီဖုအဆင့်သို့ တက်လှမ်းရန် ကြိုးစားနေသလို ရှန်းရူယန်သည်လည်း အဆင့် ၃ ဓမ္မရတနာလောင်းနှင့် လျှပ်စီးကျောက်တုံးကို ပေါင်းစပ်သန့်စင်ရန် ကြိုးပမ်းလျက်ရှိသည်။ ကျန်းချန်ရွှမ်မှာမူ အခြေခံတည်ဆောက်မှုနောက်ဆုံးအဆင့်ကို တက်လှမ်းရန်နှင့် အဆင့်၂ အမြင့်ဆုံးအဆင့် ကာကွယ်ရေးဓမ္မလက်နက်ဖြစ်သည့် ပင်လယ်ကွင်းခေါင်းလောင်းကို သန့်စင်ရန်ကြိုးစားနေသည်။ သူ့ကိုယ်ပိုင် ကျင့်ကြံရာဂူအတွင်းသို့ ပြန်လာပြီးနောက် စစ်မှန်မှုဆေးပြားကို ထုတ်ယူကြည့်ရှုလိုက်သည်။ ထိုဆေးပြားမှာ အခြေခံတည်ဆောက်မှု နောက်ဆုံးအဆင့်သို့ တက်လှမ်းရာတွင် အသုံးပြုသည့်ဆေးဝါးဖြစ်ပြီး ရှန်းမိသားစု၏ ရတနာတိုက်မှ လဲလှယ်ရယူထားခြင်းဖြစ်သည်။
လွန်ခဲ့သောနှစ်နှစ်တာအတွင်း ကျန်းချန် ရွှမ်သည် နတ်ဆိုးသားရဲများစွာနှင့် ရင်ဆိုင်တိုက်ခိုက်ရင်း အခြေခံတည်ဆောက်မှု ဆဌမအဆင့်ကို ပြီးမြောက်ခဲ့ပြီးဖြစ်သလို ယခုအခါ နောက်ဆုံးအဆင့်၏ ကနဦးအစဖြစ်သည့် သတ္တမအဆင့်ကို တက်လှမ်းနိုင်ရန် လက်တစ်ကမ်းသာ လိုပါတော့သည်။ ကျန်းချန်ရွှမ်တစ်ယောက် စစ်မှန်မှုဆေးပြားကို သောက်သုံးလိုက်ပြီးနောက် ကိုယ်တွင်းမှ စစ်မှန်မှုအနှစ်သာရ စွမ်းအင်မှာ ထူးထူးခြားခြား တက်ကြွလာတော့သည်။ အလျင်မလိုဘဲ ဒြပ်ငါးပါး နည်းစနစ်ကို အသုံးပြုလည်ပတ်၍ စွမ်းအင်ပမာဏကို မြှင့်တင်လိုက်သည်။ တစ်ဆ၊ နှစ်ဆ မှသည် ဆယ်ဆ၊ အဆနှစ်ဆယ်နှင့် သုံးဆယ်အထိ…….
ထိုအချိန်တွင် သူ့ကိုယ်တွင်းမှ တစ်ခုခုကျိုးကြေသည့် အသံတစ်ခုထွက်ပေါ်လာသည်။ အတားအဆီးတစ်ခု ရုတ်တရက်ကျိုးပျက်သွားသည့်အသံမျိုး။ သူ့ကိုယ်တွင်းရှိ စစ်မှန်မှု အနှစ်သာရစွမ်းအင်လှိုင်းမှာ နဂိုကထက် ၄၀% ပိုမိုထူထဲလာပြီး ခန္ဓာကိုယ်အနှံ့ စုန်ဆန်လည်ပတ်နေတော့သည်။ ကျန်းချန်ရွှမ်တစ်ယောက် ကျေနပ်စွာပြုံးလိုက်မိသည်။ အခြေခံတည်ဆောက်မှု သတ္တမ အဆင့်ကို တက်လှမ်းနိုင်ခဲ့ပြီဖြစ်သည်။
နောက်၆လအကြာတွင် ကျန်းချန်ရွှမ်သည် အခြေခံတည်ဆောက်မှု သတ္တမအဆင့်ကို အခြေခိုင်အောင် ကျင့်ကြံပြီးဖြစ်သည့်အတွက် ပင်လယ်ကွင်းခေါင်းလောင်းကို သန့်စင်နေပြီဖြစ်သည်။ ထိုစဉ် ဟုန်မိသားစုမှ ကျီဖုအဆင့် ကျင့်ကြံသူတစ်ဦး ရှန်းမိသားစုထံ ရောက်ရှိလာတော့သည်။ ထိုလူ၏အမည်မှာ ဟုန်ချန်ဖေးဖြစ်ပြီး ဟုန်ဝမ်တောင်တို့ မိသားစုမျိုးဆက်၏ ဘိုးဘေးဖြစ်သည်။ သူနှင့်အတူ လူအချို့ပါ ခေါ်ဆောင်လာသည့်အတွက် ရှန်းမိသားစုတစ်ခုလုံး လှုပ်လှုပ်ရှားရှားဖြစ်ကုန်သည်။ ဘိုးဘေးရှန်းယွမ်လုံ ကိုယ်တိုင် အပြင်ထွက်၍ ဟုန်ချန်ဖေးကို ကြိုဆိုလိုက်ရသည်။
“တာအိုရောင်းရင်းဟုန်၊ အဝေးကြီးကနေ လာခဲ့တာ ဘာကိစ္စရှိလို့ပါလဲ”
ဟုန်ချန်ဖေးက ခပ်ဖွဖွပြုံးလျက်
“ကျုပ်တို့အဝေးကနေ လာရတာ သိလျက်နဲ့ ဘာလို့အထဲဝင်ခိုင်းပြီး ဧည့်ဝတ်မပြုသေးတာလဲ အစ်ကိုယွမ်လုံရဲ့”
ဟုန်ချန်ဖေး၏စကားကြောင့် ရှန်းယွမ်လုံဘေးမှ ရှန်းမျိုးနွယ်စုဝင်များမှာ မကျေမချမ်းဖြစ်သွားကြသည်။ ရှန်းယွမ်လုံက ဒေါသထွက်ခြင်းမရှိဘဲ ပြုံးလျက် ဖိတ်ခေါ်လိုက်သည်။
“တောင်းပန်ပါတယ်၊ ကြွပါ တာအိုရောင်းရင်းဟုန်”
ရှန်းယွမ်လုံသည် ဟုန်ချန်ဖေးနှင့် သူ့လူများကို ဧည့်ခန်းဆောင်အတွင်းသို့ ဖိတ်ခေါ်နေရာချပေးလိုက်သည်။ ရှန်းမိသားစု၏ ဂိုဏ်းတပည့်များ ဝိညာဉ်လက်ဖက်ရည်များ တည်ခင်းအပြီးတွင် ရှန်းယွမ်လုံက မနေနိုင်တော့ဘဲ
“တာအိုရောင်းရင်း ဟုန် ၊ ဘာအကြောင်းထူးရှိပါသလဲ”
ဟုန်ချန်ဖေးက လက်ဖက်ရည်ခွက်ကို ကောက်ယူလျက် တစ်ငုံမျှ သောက်လိုက်ပြီးနောက် ရှန်းယွမ်လုံကို ပြုံးပြလိုက်သည်။
“အစ်ကိုယွမ်လုံ ခင်ဗျားလည်းလူပါးပဲဗျာ၊ ကျုပ်တို့ဒီကိုလာရတဲ့ အကြောင်းရင်းကို ခင်ဗျားမသိဘဲမနေပါဘူး”
ထိုစကားကြောင့် ရှန်းယွမ်လုံမျက်နှာပေါ်ရှိ အပြုံးမှာ ပျောက်ကွယ်သွားပြီး ဟုန်ချန်ဖေးကို စူးစိုက်ကြည့်လျက်
“တာအိုရောင်းရင်းဟုန် ခင်ဗျားဒီကိုလာတဲ့ ကိစ္စကို ကျုပ်တကယ်မသိဘူး”
“ကောင်းပြီလေ”
ဟုန်ချန်ဖေးက ပုခုံးတွန့်လိုက်ပြီး လက်ဖက်ရည်ခွက်ကို အသာချလျက် ရှန်းယွမ်လုံအား စေ့စေ့ကြည့်ရင်း
“ကျီဖုကျောက်စိမ်းပြား”
“ဘာ”
ဟုန်ချန်ဖေး၏ စကားကြောင့် ရှန်းယွမ်လုံနှင့်တကွ ရှန်းမိသားစုဝင်အားလုံးမှာ မျက်နှာပျက်သွားကြတော့သည်။ ရှန်းယွမ်လုံ၏ မျက်လုံးအစုံမှာ ကျဉ်းမြောင်းသွားပြီး ဟုန်ချန်ဖေးကို တည့်တည့်ကြည့်လျက်
“ခင်ဗျားပြောတာနားမလည်သေးဘူး။ ခင်ဗျားတို့ဘိုးဘေး ပေးထားပြီးသားပစ္စည်းကို ပြန်လာတောင်းတာလား”
***
နှစ်တစ်ရာကျင့်ကြံပြီးနောက်
အခန်း ၈၅ ။ ဟုန်မိသားစုမှစေလွှတ်သူ (၂)
ရှန်းယွမ်လုံ၏စကားကိုကြားလျှင် ဟုန်ချန်ဖေးက မထီတရီပြုံးလျက်
“အစ်ကိုယွမ်လုံ ခင်ဗျားဘာတွေပြောနေတာလဲ၊ ကျုပ်တို့ဘိုးဘေးက ပေးခဲ့တဲ့ပစ္စည်းကို ကျုပ်တို့က ပြန်ယူရဲမလားဗျာ”
“ဒါဖြင့် ဘာလိုချင်လို့လဲ”
ရှန်းယွမ်လုံက မေးလိုက်သည့်တိုင် ဟုန်ချန်ဖေး ဘာအလိုရှိသည်ကို သူရိပ်စားမိပြီးဖြစ်သည်။ ဟုန်ချန်ဖေးက ပြုံးလျက်
“အဲဒီကျောက်စိမ်းပြားကို ပြန်ဝယ်ချင်တယ်၊ အစ်ကိုယွမ်လုံ ဟုန်မိသားစုရဲ့မျက်နှာကိုထောက်ပြီး ငြင်းဖို့မကြိုးစားပါနဲ့”
ဟုန်ချန်ဖေး၏စကားလုံးသည် ယဉ်ကျေးသယောင်ရှိသော်လည်း ခြိမ်းခြောက်မှုအငွေ့အသက်များ ပါဝင်နေသည်ဖြစ်ရာ ရှန်းပိုင်ဖေး၊ ရှန်းရူရွှမ်နှင့် ရှန်း မိသားစုအကြီးအကဲများမှာ ဒေါသပေါက်ကွဲလုနီးနီးဖြစ်နေသည်။ ရှန်းယွမ်လုံတစ်ယောက်သာလျှင် ဟန်မပျက်ဘဲ ကိုယ်အမူအရာကို ထိန်းသိမ်းထားနိုင်ခြင်းဖြစ်သည်။ သူက
“ဒါဆို ကျီဖုကျောက်စိမ်းပြားကို ဘယ်စျေးနဲ့ဝယ်မှာလဲ”
“ဘိုးဘေး”
ရှန်းပိုင်ဖေးနှင့် အခြားဂိုဏ်းအကြီးအကဲများမှာ ဝင်ရောက်တားမြစ်လိုဟန်တူသော်လည်း ရှန်းယွမ်လုံက အသာလက်ကာပြလိုက်သည်။ ဟုန်ချန်ဖေးက ထိုမြင်ကွင်းကို အရသာခံလျက် ကြည့်ရှုရင်းနှင့်
“မစိုးရိမ်ပါနဲ့၊ ဟုန်မိသားစုက ဒီကျောက်စိမ်းပြားကို ဝိညာဉ်ကျောက်တုံး တစ်သိန်းနှစ်သောင်း ပေးဝယ်မှာပါ၊ ဘယ်လိုသဘောရလဲ အစ်ကိုယွမ်လုံ”
ဟုန်ချန်ဖေး၏ စျေးကိုကြားရသောအခါ ရှန်းယွမ်လုံကိုယ်တိုင်ပင် စိတ်မထိန်းနိုင်ဖြစ်လာပြီး ဒေါသအငွေ့အသက်များ ယှက်သန်းလာတော့သည်။ ကျီဖုကျောက်စိမ်းပြားတစ်ချပ်သည် အခြေခံတည်ဆောက်မှုအဆင့် ကျင့်ကြံသူတစ်ဦးကို ကျီဖုအဆင့်သို့ တက်လှမ်းနိုင်ရန် အရေးကြီးသော အခန်းကဏ္ဍမှကူညီပေးသည့်အပြင် အဆိုပါကျင့်ကြံသူကိုလည်း တက်လှမ်းမှုဖြစ်စဉ်တွင် သေကြေဒဏ်ရာရခြင်းမရှိရန် အာမခံပေးသည့်အတွက် အဖိုးများစွာထိုက်တန်ပါသည်။ ယခု ဟုန်ချန်ဖေးပေးသော စျေးသည် အနိမ့်ဆုံးစျေးကို တမင်နှိမ်ပေးထားမှန်း သိသာနေသည်။ ကျီဖုကျောက်စိမ်းပြားတစ်ပြားသည် စျေးကွက်ပေါက်စျေးအရ အနည်းဆုံး ဝိညာဉ်ကျောက်တုံး တစ်သိန်းခွဲမှ နှစ်သိန်းအထိရှိသည်။
ထို့ကြောင့် သည်ကိစ္စတွင် ဟုန်ချန်ဖေးနှင့် အပေါင်းအပါများမှာ ရိုးသားမှုမရှိကြောင်း ပေါ်လွင်နေပါတော့သည်။ ရှန်းယွမ်လုံ၏ မျက်နှာမှာ တင်းမာခက်ထန်သွားပြီး
“စိတ်မကောင်းပါဘူး တာအိုရောင်းရင်းဟုန်၊ ကျုပ်လက်မခံနိုင်ပါဘူး၊ ဒါ့အပြင် ဒီကျောက်စိမ်းပြားက ကျုပ်တို့ရှန်းမျိုးနွယ်စု တိုးတက်ရေးအတွက်လည်း အရေးပါနေတာမလို့ ရောင်းလို့ဖမြစ်ပါဘူး”
ထိုစကားကိုကြားလျှင် ဟုန်ချန်ဖေး၏မျက်နှာပေါ်က အပြုံးမှာ ရုတ်တရက်ပျောက်ကွယ်သွားတော့သည်။ ထို့နောက် ရှန်းယွမ်လုံကို စေ့စေ့ကြည့်လိုက်ကာ မတုန်မလှုပ်အမူအရာနှင့်
“သေချာရဲ့လား၊ ခင်ဗျားအစ်မရဲ့သက်တမ်းက သိပ်မကျန်တော့ဘူးဆိုတာ သိမယ်ထင်တယ်၊ ရေရှည်မှာ ဟုန်မိသားစုကို စိတ်ငြိုငြင်အောင် လုပ်တာက အကျိုးဆက်မကောင်းဘူးဆိုတာ သိထားဖို့လိုမယ်ထင်တယ်”
ထိုစဉ် ရှန်းယွမ်လုံ၏ အော်ရာမှာ ရုတ်တရက်ထိုးတက်သွားပြီး ကြောက်မက်ဖွယ် ချီလှိုင်းများ၏ ရိုက်ခတ်မှုကြောင့် ဟုန်မိသားစုဝင် ကျင့်ကြံသူများ၏ မျက်နှာများသည် သွေးဆုတ်သလို ဖြူလျော်သွားတော့သည်။ ရှန်းယွမ်လုံသည် မတ်တတ်ထရပ်ပြီး ဟုန်ချန်ဖေးကို စိုက်ကြည့်လိုက်သည်။ သူ၏အသံမှာလည်း ယဉ်ကျေးပျူငှာနေရာမှ ရုတ်တရက် အေးစက်တင်းမာသွားသည်။
“ဟုန်ချန်ဖေး မင်းငါ့ကိုခြိမ်းခြောက်နေတာလား၊ မင်းကိုအိမ်မပြန်နိုင်အောင် ငါမလုပ်ရဲဘူးထင်နေတာလား”
ထိုအခါ ဟုန်ချန်ဖေးတို့လူစုမှာ မမျှော်လင့်ထားသည့် အခြေအနေကြောင့် စိတ်ထဲတွင် တုန်လှုပ်သွားမိကြပြီး ဟုန်ချန်ဖေးမှာ ရှန်းယွမ်လုံအား စိတ်ထဲမှ ကျိန်ဆဲလိုက်မိသည်။ ရှန်းယွမ်လုံ၏ သက်တမ်းမှာ ကုန်ဆုံးခါနီးဖြစ်သော်လည်း သူ၏ အရှိန်အဝါမှာ လေးစားခန့်ညားဖွယ် ကောင်းနေသေးသည်ဖြစ်သလို သေခါနီးလူများမှာ ပို၍ပင် ကြောက်မက်ဖွယ်ကောင်းတတ်သည့် သဘောရှိသည်မဟုတ်ပါလား။ ထို့ကြောင့် ရှန်းယွမ်လုံလို လူစားမျိုးနှင့် ဖက်ပြိုင်ရလျှင် သူ့အတွက်အကျိုးအမြတ်မရှိဟု ဟုန်ချန်ဖေးတွေးမိသည်။ ကျောက်စိမ်းပြားတစ်ပြားအတွက် သူ့အသက်ကိုရင်းရမည်မှာ မတန်လှပါ။
ထို့ကြောင့် ရှန်းယွမ်လုံနှင့် ရှန်းမန်ရွှယ်တို့ သေဆုံးသောအခါမှ ဟုန်မိသားစုကို မလေးမစားပြုမူခဲ့သည့် ရှန်းမျိုးနွယ်စုကို ရန်ကြွေးပြန်ဆပ်တော့မည်ဟု ဟုန်ချန်ဖေးတွေးမိလိုက်သည်။သို့နှင့် ဟုန်ချန်ဖေးသည် ရှန်းယွမ်လုံကို ရန်စရန်မကြိုးစားတော့ဘဲ အဓိပ္ပာယ်ပါပါနှင့် ခေါင်းညိတ်လိုက်ရင်း
“ကျုပ်လာတဲ့အချိန် မှားသွားတယ်ထင်တယ်၊ ဒါဖြင့် ခင်ဗျားကိုမနှောင့်ယှက်တော့ပါဘူး။ စိတ်ပြောင်းသွားရင်တော့ အချိန်မရွေး အကြောင်းကြားလိုက်ပါ”
ထို့နောက် ဟုန်ချန်ဖေးတို့လူစုသည် ကြာကြာမနေရဲတော့ဘဲ ထွက်ခွာသွားပါတော့သည်။ ဟုန်ချန်ဖေးနှင့်အတူ ယွီဟွာတောင်မှ ထွက်ခွာလာသော ဟုန်ဝမ်တောင်သည် လမ်းတွင် မနေနိုင်တော့ဘဲ မေးမြန်းလိုက်မိသည်။
“ဘိုးဘေး ၊ ဒီရှန်းမိသားစုက အတော်အတင့်ရဲတာပဲ၊ ဟုန်မိသားစုရဲ့ ကမ်းလှမ်းချက်ကို ငြင်းရဲတယ်။ ဒီကောင်တွေကို ဒီအတိုင်း လွှတ်ပေးလိုက်မှာလား”
ထိုအခါ ဟုန်ချန်ဖေးက ဟုန်ဝမ်တောင်ကို လှည့်ကြည့်လိုက်ပြီး ဒေါသတကြီး ငေါက်ငမ်းလိုက်သည်။
“မင်းက ဒီကောင်တွေကို သင်ခန်းစာပေးချင်လို့လား၊ လုပ်ကြည့်လိုက်လေ။ ရှန်းယွမ်လုံဆိုတဲ့ အဘိုးကြီးက ချောင်ပိတ်ရိုက်ရင် ဘာမဆိုပြန်လုပ်ရဲတဲ့လူစားမျိုး။ သူဒေါသထွက်နေချိန်မှာ ငါတို့ဟုန်မိသားစုနဲ့ ဖြဲခြောက်လို့ကြောက်မယ်ထင်လား”
ထိုအခါ ဟုန်ဝမ်တောင်တစ်ယောက် ငြိမ်ကျသွားပြီး
“ဘိုးဘေးပြောတာလည်း ဟုတ်တာပဲ”
ဟုန်ချန်ဖေးက နှာခေါင်းရှုံ့လိုက်ရင်း
“သူတို့မောင်နှမ မရှိတော့တဲ့အချိန်ကျရင် ရှန်းမိသားစုဝင်တွေ ဘာဆက်လုပ်မလဲ ကြည့်ကြသေးတာပေါ့၊ အဲဒီအချိန်ရောက်ရင်တော့ ငါတို့အလှည့်ပေါ့ကွာ”
ထိုအချိန်တွင် ဟုန်ချန်ဖေးတို့လူစု ထွက်ခွာပြီးပြီးချင်းတွင် ရှန်းယွမ်လုံ၏ အော်ရာမှာပြိုကျသွားသလို မျက်နှာမှာလည်း ဖျော့တော့သွားသည်။ ရှန်းပိုင်ဖေး၊ ရှန်းရူရွှမ််နှင့် အကြီးအကဲများလည်း စိုးရိမ်တကြီးဖြင့် ချဉ်းကပ်လာကြသည်။
“ဘိုးဘေး အဆင်ပြေရဲ့လား”
ရှန်းယွမ်လုံက လက်ကာပြလျက်
“ငါဘာမှမဖြစ်ဘူး”
ထို့နောက် ရှန်းယွမ်လုံသည် အချိန်အနည်းငယ်အကြာ တွေးတောစဉ်းစားနေပြီးမှ နောက်ဆုံးတွင်
“အမိန့်ထုတ်ပြန်လိုက်၊ ကန်းယန်ဂိုဏ်းလက်အောက်က ရှန်းမိသားစုပိုင် ဆေးဝါးနဲ့ ဓမ္မလက်နက် အရောင်းဆိုင်အားလုံးကို တစ်ဆိုင်နှစ်ဆိုင်လောက်ပဲချန်ပြီး အကုန်ရောင်းပစ်လိုက်တော့။ ရတဲ့ငွေကို ငါတို့မျိုးနွယ်စုဝင် ကျင့်ကြံသူတွေ အဆင့်တက်ဖို့အတွက် သုံးမယ်”
ရှန်းယွမ်လုံ၏ အမိန့်ကြောင့် အကြီးအကဲအားလုံး တုန်လှုပ်သွားကြသည်။ ကန်းယန်ဂိုဏ်းလက်အောက်ရှိ စျေးများတွင် ဖွင့်လှစ်ထားသည့် ရှန်းမိသားစုပိုင်ဆိုင်များအားလုံးကို ရောင်းချလိုက်လျှင် တစ်နှစ်ကို ဝိညာဉ်ကျောက်တုံး သုံးသောင်းမှ ငါးသောင်းရရှိနေသော ဝင်ငွေအားလုံးဆုံးရှုံးရမည်ဖြစ်သည်။
သို့သော် ရှန်းယွမ်လုံသည် ဆုံးဖြတ်ချက်ကို ပြင်တော့မည့်ပုံမပေါ်ပါ။
“မကြားဘူးလား ငါထပ်ပြောရမှာလား”
ဘိုးဘေးဒေါသထွက်သည်ကိုမြင်လျှင် အကြီးအကဲများလည်း မလွန်ဆန်ရဲတော့ဘဲ အမိန့်အတိုင်း လိုက်နာကြရပါတော့သည်။ ထို့နောက် ရှန်းယွမ်လုံ၏ လေသံမှာ အနည်းငယ်ပျော့သွားပြီး
“မြန်မြန်လုပ်ကြ၊ ငါတို့နောက်ကျသွားရင် စျေးမှန်ရတော့မှာ မဟုတ်ဘူး”
***