အခန်း (၈၆-၉၀)
Vol. 5 Ch. 86-90
နှစ်တစ်ရာကျင့်ကြံပြီးနောက်
အခန်း ၈၆ ။ ဥက္ကာမီးလျှံဓား နောက်ဆုံးအဆင့်
“ဘယ်လိုလုပ်ပြီး…. “
ပထမတွင် ရှန်းမျိုးနွယ်စုအကြီးအကဲများမှာ နားမလည်နိုင်ဖြစ်သွားသော်လည်း တဖြည်းဖြည်းနှင့် ရှန်းယွမ်လုံ၏ အကြံအစည်ကို သဘောပေါက်လိုက်သောအခါ ငြိမ်ကျသွားကြသည်။
“ဘိုးဘေးဆိုလိုတာက ကျွန်တော်တို့ရှန်းမိသားစုက….”
ရှန်းယွမ်လုံက ချက်ချင်းပင် ခေါင်းညိတ်တုံ့ပြန်လိုက်သည်။
“ဟုတ်တယ်၊ ဟုန်ဖေးချန်တောင်းဆိုတာကို လိုက်လျောလိုက်ရင် ဒီလိုဖြစ်မှာမဟုတ်ဘူး။ အခုငါသူ့ကိုငြင်းလိုက်ပုံက သူတို့ဟုန်မိသားစုကို စော်ကားသလိုဖြစ်သွားတယ်။ ငါ့အမြင်မှာ ဒီကောင်တွေ ငါတို့ရှန်းမိသားစုရဲ့ စီးပွားရေးလုပ်ငန်းတွေကို နည်းမျိုးစုံနဲ့ ဒုက္ခပေးမှာသေချာတယ်။ မြန်မြန်သွားပြင်ဆင်ကြစမ်း၊ အချိန်နှောင်းသွားရင် စျေးကောင်းမရဘဲ နေလိမ့်မယ်”
ရှန်းမိသားစုအကြီးအကဲများမှာ ဘိုးဘေးရှန်းယွမ်လုံ၏ ဆုံးဖြတ်ချက်ကို မနှစ်သက်သော်လည်း ရွေးချယ်စရာမရှိတော့ကြောင်း နားလည်လိုက်ကြသည်ဖြစ်ရာ ချက်ချင်းပင် အပြေးအလွှားစီစဉ်ကြပါတော့သည်။
နောက်၆လအကြာတွင် ဂူပိတ်ကျင့်ကြံနေသော ကျန်းချန်ရွှမ်သည် အဆင့် ၂ အမြင့်ဆုံး ဓမ္မလက်နက်ဖြစ်သည့် ပင်လယ်ကွင်းခေါင်းလောင်းကို သန့်စင်ပြီးဖြစ်သော်လည်း ဂူထဲမှမထွက်သေးဘဲ ရှန်းယွမ်လုံပေးအပ်ခဲ့သည့် ဗလာနယ်နဂါးဓားကို ဆက်လက်သန့်စင်ပြီး အဆင့်၂ အမြင့်ဆုံးအဆင့်ရှိ ဓားနည်းစနစ်ဖြစ်သည့် ဥက္ကာမီးလျှံဓားနည်းစနစ်ကို လေ့လာနေလိုက်သည်။ စနစ်၏အဆိုအရ ဤဓားနည်းစနစ်ကို ပြီးပြည့်စုံသည်အထိ ကျင့်ကြံနိုင်ပါက အဆင့်၃ အနိမ့်စား မန္တန်တစ်ခု၏ စွမ်းအားနှင့်ညီသော အင်အားကိုထုတ်ဖော်နိုင်လိမ့်မည်။
အားရစရာကောင်းသည့် စွမ်းအားမျိုးဖြစ်သော်လည်း အဆိုပါဓားနည်းစနစ်ကို ပြီးပြည့်စုံသည်အထိ ကျင့်ကြံရန်မှာ မလွယ်ရေးချမလွယ်ပါ။ ကျန်းချင်းရွှမ်တစ်ယောက် ကြိုးစားနေသည်မှာ သုံးလကြာခဲ့ပြီဖြစ်သော်လည်း ပြီးပြည့်စုံသည့်အဆင့်နှင့် ဝေးကွာနေပါသေးသည်။ သို့သော် ကံကောင်းထောက်မသည်ဆိုရမလား စနစ်ထံမှ အချက်ပေးသံတစ်ခု ကြားလိုက်ရတော့သည်။
[ဒင်! အောင်မြစ်မှုစနစ်မှ တာဝန်အသစ်ထုတ်ပြန်လာပါပြီ။ စနစ်ပိုင်ရှင် အဆင့်၂ အမြင့်ဆုံးမန္တန်ကို ၁၀၀ % ပြီးမြောက်သည်အထိ သင်ယူပါ]
[လက်ရှိတိုးတက်မှု : ၁၀%]
ရှေ့ဆက်မတက်နိုင်ဘဲ အခက်တွေ့နေသော ကျန်းချန်ရွှမ်အတွက် ရေငတ်နေသူ ရေတွင်းထဲကျသည့်အလား စနစ်၏ မစ်ရှင်တစ်ခု အဆင်သင့်ဝင်လာသည့်အတွက် ထခုန်မိမတတ် ပျော်ရွှင်သွားမိသည်။ ထို့နောက် စိတ်ကိုတည်ငြိမ်အောင် စုစည်းကာ ဥက္ကာမီးလျှံဓားနည်းစနစ်ကို နားလည်ရန် တစ်ဖန်ကြိုးစားပါတော့သည်။ သုံးလအကြာတွင် မစ်ရှင်အသစ်၏ ၂၂% အထိဆောင်ရွက်နိုင်ခဲ့ကာ နောက်၆လ အကြာတွင် ၅၀% အထိ ပြီးဆုံးသွားပါသည်။
တစ်ချိန်တည်းမှာပင် ကျန်းချန်ရွှမ်၏ ဥက္ကာမီးလျှံဓားအပေါ် နားလည်မှုမှာ တစ်စတစ်စ တိုးတက်လာသလို နောက်နှစ်လအကြာတွင် မစ်ရှင်မှာလည်း ၇၀% အထိပြီးဆုံးခဲ့ပြီဖြစ်သည်။ နောက်ထပ်နှစ်လကြာလျှင် ကျန်းချန်ရွှမ်သည် မီးလျှံဓားနည်းစနစ်ကို ၁၀၀% နားလည်ခဲ့ပြီဖြစ်သည်။ ထိုအချိန်မှာပင် ကျန်းချန်ရွှမ်မှာ ဉာဏ်အလင်းပွင့်သလို အခြေအနေတစ်ရပ်ကို ဆိုက်ရောက်သွားပြီး ဥက္ကာမီးလျှံဓားကို အစအဆုံး ညက်ညက်ကျေသည်အထိ ပိုင်နိုင်ခဲ့ပြီဖြစ်သည်။
နောက်ဆုံးတွင် ကျန်းချန်ရွှမ်၏ ဒူးပေါ်တွင်တင်ထားသော ဗလာနယ်နဂါးဓားသည် အလိုအလျောက်တုန်ခါလာပြီး ဓားသွား၏ပတ်လည်တွင် နီရဲရဲအရောင် အော်ရာကွင်းများ ထုတ်လွှတ်ပြီးနောက် ဓားတစ်စင်းလုံးမှာ မီးတန်းအသွင်ပြောင်းလျက် ကောင်းကင်ပေါ်ထိုးတက်သွားပါသည်။ ထို့နောက် ဥက္ကာခဲနှင့်တူသော ကျောက်တုံးကြီးများ မြေပြင်ထက်သို့ ပြုတ်ကျလာပါသည်။ ဥက္ကာခဲသုံးခုမှာ ကျန်းချန်ရွှမ်၏ ဂူဗိမာန်ကို ကာရံထားသော အကာအကွယ်အစီအရင်ကို တုန်ခါသွားစေပြီး ခုနှစ်လုံးအမြောက်တွင် အစီအရင်မှာ ကွဲအက်စပြုလာတော့သည်။ ပြီးပြည့်စုံသော ဥက္ကာမီးလျှံဓားမှာ ဥက္ကာခဲ ၉၉ လုံးအထိ ဆင့်ခေါ်နိုင်စွမ်းရှိသည့်အပြင် ဥက္ကာခဲများ၏ ပြင်းအားမှာ တစ်လုံးထက်တစ်လုံး တဖြည်းဖြည်းတိုးလာခြင်းကြောင့် ၉၉ လုံးမြောက်၏ ဖျက်ဆီးနိုင်စွမ်းမှာ တုန်လှုပ်ဖွယ်ကောင်းမည်မှာ သေချာပါသည်။ ကျန်းချန်ရွှမ်မှာ ဟန်ပင်မဆောင်နိုင်တော့ဘဲ ကြည်နူးနှစ်သိမ့်နေမိသည်။ နှစ်ရှည်လများ ကြိုးစားခဲ့ရသော မစ်ရှင်မှာ နောက်ဆုံးတွင် အပြီးသတ်နိုင်ခဲ့ပြီဖြစ်သည်။
ထိုအချိန်တွင် စောင့်မျှော်နေသော စနစ်မှ အချက်ပေးသံ ဝင်လာတော့သည်။
[ ဒင်! ဂုဏ်ပြုပါတယ် စနစ်ပိုင်ရှင်၊ အဆင့် ၂ အမြင့်ဆုံးမန္တန်ကို ၁၀၀% အထိ ကျင့်ကြံပြီးပြီဖြစ်၍ သင်ယူနိုင်စွမ်း +၁ ရရှိပါသည်]
ထိုအချိန်တွင် ကျန်းချန်ရွှမ်၏ စိတ်အစဉ်မှာ နဂိုထက် အဆများစွာ ကြည်လင်လာပြီး သူလေ့လာခဲ့သော ဥက္ကာမီးလျှံဓားနည်းစနစ်၏ နည်းနာများသည် ခေါင်းထဲသို့ အလျှိုလျှိုဝင်လာတော့သည်။ ထို့နောက် မျက်လုံးကိုဖြည်းညင်းစွာ ပိတ်လျက် ဓားနည်းစနစ်တစ်ခုလုံးကို စိတ်ထဲမှာပင် ခွဲခြားစိပ်ဖြာလိုက်ပြီး အစအဆုံး ပြန်လည်သုံးသပ်လိုက်သည်။ ထိုစဉ် တစ်ခုခုမှားယွင်းနေသလို ခံစားမိလိုက်သည်။ ကျန်းချန်ရွှမ်သည် မျက်လုံးကိုပြန်ဖွင့်ပြီး ခေါင်းယမ်းမိသည်။ ပြီးပြည့်စုံသောအဆင့်သည် ဥက္ကာမီးလျှံဓား၏ အဆုံးစွန်သော စွမ်းဆောင်ရည်ကို မဖော်ထုတ်နိုင်သေးမှန်း သူသိလိုက်သည်။ ထိုစဉ် ဗလာနယ်ဓားသည် သူ့ရှေ့မှောက်သို့ ပြန်လည်ရောက်ရှိလာပြီး တစ်ဖန်တုန်ခါနေပြန်သည်။ သည်တစ်ခါတွင် ဓားသွားထံမှ တိုးဖွသော အူညည်းသံတစ်မျိုး ကြားနေရသည်။ ထိုအခိုက်တွင် ကျန်းချန်ရွှမ်၏ မျက်လုံးအစုံမှာ ပြူးကျယ်သွားပြီး စိတ်လှုပ်ရှားစွာဖြင့် ရေရွတ်လိုက်မိသည်။
“ဥက္ကာခဲ ၉၉ လုံးကို တစ်လုံးတည်းပေါင်းပြီး အလုံး ၁၀၀ မြောက်ကို ဆင့်ခေါ်လို့ရမယ်။ ဒီ ၁၀၀ မြောက်အလုံးက အရင် ၉၉ လုံးကနေ ဖြစ်ပေါ်မှာဖြစ်သလို အစွမ်းထက်ဆုံး ဥက္ကာခဲဖြစ်လိမ့်မယ်၊ ဒီတိုက်ခိုက်မှုမျိုးကို ကျီဖုအဆင့် ရောက်ခါစ ကျင့်ကြံသူတောင် ခံနိုင်စွမ်းရှိမှာ မဟုတ်ဘူး၊ ကျီဖုနယ်ပယ် ဒုတိယအဆင့်ကျင့်ကြံသူတွေတောင် သတိမထားမိရင် ဒဏ်ရာအကြီးအကျယ်ရနိုင်လိမ့်မယ်၊ ဒီဓားနည်းစနစ်ရဲ့ စွမ်းအားက အဆင့် ၂ အမြင့်ဆုံးအဆင့်ရှိ ဓားနည်းစနစ်တစ်ခုက ဘယ်လိုမှလိုက်မမီတဲ့ စွမ်းအားမျိုးပဲ။ နောက်တစ်ချက်က ဒီနောက်ဆုံးတိုက်ခိုက်မှုကို သုံးပြီးတာနဲ့ ငါ့ကိုယ်ထဲက စစ်မှန်မှုအနှစ်သာရစွမ်းအင်တွေ ကုန်သွားလိမ့်မယ်။ ဒါကြောင့် ဒုတိယအချီကို ဆက်တိုက်နိုင်မှာတော့မဟုတ်ဘူး၊ ဒါပေမဲ့ ဒီ ၁၀၀ မြောက် ဥက္ကာခဲက ငါ့ရဲ့ပွဲသိမ်းဝှက်ဖဲဖြစ်လာမှာပဲ၊ နောက်ပြီး ငါ့ရဲ့အခြေခံတည်ဆောက်မှုအဆင့်က သတ္တမဖြစ်လာတဲ့အတွက် ဓမ္မရတနာလောင်းတစ်ခု ပြင်ဆင်ထားဖို့လိုလိမ့်မယ်၊ ဒါနောက်မှစီစဉ်မယ်၊ လောလောဆယ် ငါ့အဆင့်နဲ့ကိုက်မဲ့ ခန္ဓာကိုယ်မွမ်းမံရေး နည်းစနစ်တစ်ခု ရှာဖို့လိုမယ်”
ရှေ့ဆက်ဘယ်လိုဆောင်ရွက်မလဲ ပြင်ဆင်ပြီးနောက် ကျန်းချန်ရွှမ်သည် စိတ်ကိုငြိမ်အောင်ထားပြီး စတင်ကျင့်ကြံပါတော့သည်။ မျက်စိတစ်မှိတ်အတွင်း နောက်ထပ်တစ်နှစ် ကုန်ဆုံးသွားပြန်သည်။ ကျန်းချန်ရွှမ်သည် အဆီအနှစ်ဆေးပြားအကူအညီနှင့် အခြေခံတည်ဆောက်မှု သတ္တမအဆင့်အတွက် စစ်မှန်မှုစွမ်းအင်ကို ကျင့်ကြံမြှင့်တင်ပြီးနောက် ဂူထဲမှ ထွက်လာပါတော့သည်။
***
နှစ်တစ်ရာကျင့်ကြံပြီးနောက်
အခန်း ၈၇ ။ လျှို့ဝှက်ချက်ကို ဖွင့်ပြောပြီ
ကျန်းချန်ရွှမ်ဂူပိတ်ကျင့်ကြံရာမှ ထွက်လာပြီဖြစ်သော်လည်း ရှန်းရူယန်မှာ ကျင့်ကြံမှုမပြီးသေးဘဲ ဆက်လက် ဂူပိတ်ကျင့်ကြံလျက်ရှိနေသေးသည်။ သို့သော် ရူယန်၏အခန်းအတွင်းမှ ထွက်ပေါ်လာသော အော်ရာလှိုင်းများကိုကြည့်၍ ရှန်းရူယန်တစ်ယောက် အရေးကြီးသော အဆုံးအဖြတ်အခိုက်အတန့်ကို ရောက်ရှိနေမှန်း ကျန်းချန်ရွှမ်သိလိုက်သည်။ ထို့ကြောင့် ဇနီးဖြစ်သူ၏ ဂူတံခါးရှေ့တွင် နေ့ညမပြတ်စောင့်ကြည့်ပေးရန် ဆုံးဖြတ်လိုက်သည်။
နောက်၆လ အကြာတွင် ကျန်းချန်ရွှမ်တစ်ယောက် ဂူတံခါးရှေ့တွင် စောင့်ကြပ်နေရာမှ တံခါးဖွင့်သံကြားလိုက်ရ၍ လှည့်ကြည့်မိလိုက်သည်။ တံခါးမှာ ဖြည်းဖြည်းချင်း ပွင့်လာပြီးနောက် ရှန်းရူယန်ထွက်လာပါတော့သည်။ သူမကိုယ်ပေါ်ရှိ ချီအော်ရာများမှာ ထူးခြားနေပြီး အိပ်မက်ဝိညာဉ်ဆန်နေသလို ခံစားရသည်။ ထို့အပြင် ထိုလှိုင်းများကြောင့် အနီးရှိလူအားလုံးအပေါ် ဖိအားတစ်မျိုး သက်ရောက်နေသည်ကို ကြည့်၍ ရှန်းရူယန်တစ်ယောက် အရင်ကထက် တိုးတက်ပြောင်းလဲလာကြောင်း ကျန်းချန်ရွှမ်သိလိုက်သည်။
သို့သော် တစ်ချိန်တည်းတွင် ရှန်းရူယန်၏ ကျင့်ကြံမှုအဆင့်မှာ ကျီဖုနယ်ပယ်သို့ မရောက်သေးကြောင်းလည်း သတိပြုမိလိုက်သည်။ ကျန်းချန်ရွှမ် သူမ၏ဂူရှေ့တွင် စောင့်ကြပ်ပေးနေသည်ကိုမြင်လျှင် ရှန်းရူယန်မှာ ကျေနပ်ပြုံးလေးပြုံးမိလိုက်သည်။
“စောင့်ကြည့်ပေးတဲ့အတွက် ကျေးဇူးပါ ယောက်ျား”
“ ဘာလို့စိမ်းကားတဲ့စကားတွေ ပြောနေရတာလဲ၊ ကိုယ်တို့နှစ်ယောက်ကြားမှာ ဒါတွေလိုလို့လား”
“ဟုတ်ပါပြီ”
ရှန်းရူယန်က ခပ်ဖွဖွပြုံးရင်း ခေါင်းညိတ်လိုက်သည်။ ထို့နောက် သူမက ကျန်းချန်ရွှမ်ကိုကြည့်လျက်
“ယောက်ျား ရှင့်အခြေအနေကရော ဘယ်လိုလဲ”
“မဆိုးပါဘူး”
ထို့နောက် ကျန်းချန်ရွှမ်သည် ဇနီးဖြစ်သူအား ဖုံးကွယ်ထားရန် မကြိုးစားတော့ဘဲ သည်တစ်ခေါက် ကျင့်ကြံမှုမှ တိုးတက်ခဲ့သမျှကို အကုန်အစင်ပြောပြလိုက်တော့သည်။ ရှန်းရူယန်၏ မျက်ဝန်းများမှာ အရောင်လက်သွားပြီး အံသြသောလေသံဖြင့်
“ဒီလိုအချိန်တိုအတွင်း ရှင်ဒီလောက်ထိ တိုးတက်လာမယ်လို့ မထင်ထားခဲ့ဘူး။ အခုရှင်က အခြေခံတည်ဆောက်မှု သတ္တမအဆင့်ပဲ ရှိသေးပေမဲ့ ကျီဖုအဆင့် ကျင့်ကြံသူတစ်ယောက်ကိုတောင် ခြိမ်းခြောက်နိုင်စွမ်းရှိနေပြီ။ အနာဂတ်မှာ ကျင့်ကြံမှုအဆင့် မြင့်လာတာနဲ့အမျှ တကယ်ကိုပြောင်မြောက်တဲ့ ကျင့်ကြံသူတစ်ပါး ဖြစ်လာမှာပါပဲ”
ချီးကျူးစကားကို ကျန်းချန်ရွှမ်က အပြုံးနှင့်သာ တုံ့ပြန်လျက် မေးခွန်းပြန်ထုတ်လိုက်သည်။
“ကိုယ့်အကြောင်းက အရေးမကြီးပါဘူး၊ သည်တစ်ခါ ကျင့်ကြံမှု ဘယ်လောက်ထိရခဲ့လဲ၊ ကိုယ်က မင်းကျီဖုအဆင့်ကို ရောက်ပြီထင်နေတာ”
ရှန်းရူယန်က ခေါင်းခါလိုက်ပြီး
“ကျီဖုအဆင့်ကို မရောက်သေးပေမဲ့ လျှပ်စီးကျောက်တုံးကို မိုးကြိုးလျှပ်စီးမီးဓားနဲ့ ပေါင်းစပ်နိုင်ခဲ့ပြီ၊ လက်နက်အရည်အသွေးက အဆင့်၃ ဓမ္မရတနာတစ်ပါးနဲ့ တန်းတူရှိတယ်၊ ဒီလက်နက်နဲ့ဆိုရင် ကျီဖုအဆင့် ကျင့်ကြံသူတွေကိုတောင် ရင်ဆိုင်ရဲပါတယ်”
နတ်ဆိုးသားရဲ အရေးအခင်းကာလက ရှန်းရူယန်သည် လင်းနို့သားရဲကြီးကို အဆင့် ၃ ဓမ္မရတနာလောင်းအဆင့် လက်နက်ဖြင့် သတ်ဖြတ်ပြနိုင်ခဲ့သည်။ ယခုအခါ အဆိုပါလက်နက်ကို ဓမ္မရတနာစစ်စစ်အဖြစ်သို့ အဆင့်မြှင့်နိုင်ခဲ့သည့်အတွက် သူမ၏တိုက်ပွဲဝင်စွမ်းရည်မှာ နှစ်ဆခန့် မြင့်တက်လာမည်ဖြစ်သည်။
ထိုစဉ် ရှန်းရူယန်က ကျန်းချန်ရွှမ်ကို ဖုံးကွယ်ထားလိုဟန် မတူတော့ဘဲ
“ကျွန်မကျီဖုအဆင့် ကိုတက်ချင်ရင် အခုတက်လည်းရပါတယ်၊ ဒါပေမဲ့ အလောတကြီးတက်လို့မဖြစ်သေးဘူး၊ လိုအပ်ချက်တစ်ခုရှိနေသေးလို့ပဲ”
“ဘာလိုနေတာလဲ”
ကျန်းချန်ရွှမ်က နားမလည်ဟန်နှင့် ပြန်မေးသည်။
“ပိုင်ယွင်ဂိုဏ်းပိုင်နက်ထဲက လျှပ်စီးရေကန်ပဲ၊ ကျီဖုအဆင့်ကို အဲဒီရေကန်မှာ အချိန်ကိုက်တက်လှမ်းနိုင်မှ ကျွန်မရဲ့လျှပ်စစ်ဓာတ်အခြေခံ ကျင့်ကြံမှုအုတ်မြစ်ကို အားဖြည့်ပေးနိုင်မှာ။ အတိတ်ဘဝတုန်းက ကျွန်မမှာ လျှပ်စီးဝိညာဉ်သွေးကြော တစ်ခုတည်းရှိတဲ့အတွက် ရှေ့ဆက်တက်ဖို့ ခက်ခဲနေခဲ့တယ်။ ဒါကြောင့် ထပ်တလဲလဲကျင့်ကြံခြင်းကိုပဲ ဆောင်ရွက်ခဲ့ရတယ်။ ပြီးတော့ နောက်ဘဝမှာ ကျွန်မရဲ့ကျင့်ကြံမှုအလားအလာကို မြှင့်တင်နိုင်ဖို့ လျှပ်စီးရေကန်တစ်ခုကို ကြိုတင်ပြင်ဆင်ခဲ့တယ်”
ရှန်းရူယန်သည် သူမတစ်ခါမျှ ထုတ်ဖော်ပြောခြင်းမရှိသော လျှို့ဝှက်ချက်များကို ကျန်းချန်ရွှမ်ထံ အသိပေးနေပြီဖြစ်သည်။ ရှန်းရူယန်သည် ယွင်နိုင်ငံ ကန်းယန်ဂိုဏ်းလက်အောက်ရှိ ရှန်း မိသားစုတွင် မွေးဖွားလာခဲ့သူဖြစ်သော်လည်း သူမအတိတ်ဘဝမှ မှတ်ဉာဏ်များကို ပြန်အမှတ်ရလိုက်ခြင်းက သူမ၏ဘဝကို အကြီးအကျယ်ပြောင်းလဲစေလိမ့်မည်ဟု ကျန်းချန်ရွှမ်တွေးမိလိုက်သည်။
ထိုအချက်ကြောင့်ပင် ရှန်းရူယန်မှာ သူစစသိခဲ့သော ရူယန်နှင့် ကွဲပြားနေခြင်းဖြစ်သည်။ ကွဲပြားသည်ဆိုရာတွင် စိတ်ဓာတ်ပိုင်းဆိုင်ရာတွင်သာမက အတွေ့အကြုံ၊ ဗဟုသုတ နှင့် တခြားသော အရည်အချင်းများပါ ပါဝင်သည်။ ထိုအရည်အသွေးများမှာ နှစ်ရာချီကျင့်ကြံလာသော အဆင့်မြင့် ကျင့်ကြံသူတစ်ဦးသာ ပိုင်ဆိုင်နိုင်ပြီး ကျီဖုအဆင့်မိသားစုတစ်ခု၏ သာမန်ဂိုဏ်းတပည့်တစ်ဦး ပိုင်ဆိုင်နိုင်သည့် အရည်အသွေးမျိုးမဟုတ်ပါ။ လက်ရှိရှန်းရူယန်သည် အရင်က ရှန်းရူယန်နှင့် ပုံပန်းသွင်ပြင်ချင်း တူသော်လည်း ကျန်အရာများတွင် တစ်ခုမျှမတူညီတော့ပါ။ ပြောရလျှင် လက်ရှိရှန်းရူယန်သည် အရင်က ရှန်းရူယန်နှင့် အတိတ်ဘဝက ရှန်းရူယန်တို့ ပေါင်းစပ်ထားခြင်းဖြစ်သည်ဟု ဆိုနိုင်ပါမည်။
ထိုစဉ် ကျန်းချန်ရွှမ်သည် ရှန်းရူယန်၏စကားကို နားထောင်နေရာမှ အတွေးတစ်ခုရလိုက်ပြီး
“ဒါဆို မင်းယွင်နိုင်ငံမှာ မွေးဖွားလာတာတို့ လျှပ်စီးဓာတ်အခြေခံ အုတ်မြစ်မျိုး ပိုင်ဆိုင်ထားတာတို့က အရင်ဘဝက ကြိုပြီးစီစဉ်ထားတာပေါ့”
ရှန်းရူယန်က ခေါင်းညိတ်ပြရင်း
“ဟုတ်လောက်မယ်၊ ဒါပေမဲ့ အတိတ်ဘဝတုန်းက ကျွန်မက ကိုယ်ပြန်မွေးဖွားမဲ့နေရာတို့ မိသားစုတို့ကို ကြိုရွေးနိုင်ခြင်းမရှိသေးဘူး၊ တချို့အချက်အလက်တွေကို ကြိုစီစဉ်ထားနိုင်ပေမဲ့ ကျွန်မမွေးမဲ့နေရာနဲ့ အသေးစိတ်အတိအကျကို မထိန်းချုပ်နိုင်ခဲ့ဘူးပေါ့၊ ပြီးတော့ တခြားအချက်တွေရှိဦးမယ်၊ လောလောဆယ် ကျွန်မပြန်မရသေးတဲ့ မှတ်ဉာဏ်တွေရှိသေးတယ်။ အခုလည်း ကျင့်ကြံမှုအဆင့်ကို တိုးမြင့်နိုင်မဲ့အခွင့်အရေးဆိုလို့ ဒီလျှပ်စီးရေကန်တစ်ခုပဲ မှတ်မိသေးတယ်၊ ဘာလို့လဲဆိုတော့ ကျွန်မရဲ့ကျင့်ကြံမှုနဲ့ ပတ်သက်ပြီး စစိုးရိမ်မိတဲ့အချိန်ကျမှ ဒီမှတ်ဉာဏ်ပေါ်လာလို့ပဲ”
ထို့နောက် ရှန်းရူယန်က ကျန်းချန်ရွှမ်ကို ထူးဆန်းစွာကြည့်လိုက်ပြီး
“ယောက်ျား ရှင်နဲ့ကျွန်မက သိပ်မကွာဘူးလို့ ကျွန်မပြောခဲ့ဖူးတာကို မှတ်မိသေးလား”
“မှတ်မိတယ်လေ ဘာဖြစ်လို့လဲ”
ရှန်းရူယန်က ပြုံးရယ်ရင်း
“ရှင်နဲ့ကျွန်မနှစ်ယောက်လုံး အနာဂတ်မှာ အမတကျင့်ကြံသူတွေ ဖြစ်လာနိုင်တယ်လို့ပြောတာ၊ ရှင့်ကိုယ်ထဲမှာ ဟန်ချက်ညီနေတဲ့ ဒြပ်ငါးပါးအော်ရာကို ကျွန်မခံစားမိလို့ပဲ။ ဒီလိုအော်ရာမျိုးက စစ်မှန်တဲ့ ဒြပ်ငါးပါးဝိညာဉ်သွေးကြော ပိုင်ဆိုင်တဲ့လူတွေမှာပဲ ရှိတာလေ။ ကျင့်ကြံသူအများစုရဲ့ ဒြပ်ငါးပါးသွေးကြောတွေက ဟန်ချက်မညီကြဘူး။ ဒြပ်ငါးပါးလုံး တစ်ပါးနဲ့တစ်ပါး ညီညွတ်မျှတပြီး ဟန်ချက်ညီနေမှ မဟာတာအိုစွမ်းအင်ရဲ့ အခြေခံကိုတည်ထောင်နိုင်မှာ။ လတ်တလောမှာ ကျွန်မရဲ့ကိုယ်ထဲမှာ လျှပ်စီးဝိညာဉ်သွေးကြော တစ်ခုပဲရှိနေပေမဲ့ နောက်ထပ်အရန်အစီအစဉ်တစ်ခုရှိသေးတယ်။ ပြီးတော့ ကျီဖုအဆင့်ကို မရောက်သေးတဲ့အတွက် ဝိညာဉ်သွေးကြောတွေကို ပြန်တည်ဆောက်လို့လည်းရသေးတယ်။ လျှပ်စီးရေကန်ကိုသွားပြီး ကျန်တဲ့ဒြပ်လေးပါးကို စုပ်ယူနိုင်ခဲ့ရင် ဒြပ်ငါးပါးညီမျှတဲ့ သွေးကြောကို ရနိုင်ချေရှိတယ်”
ရှန်းရူယန်၏ စကားများမှာ ကျန်းချန်ရွှမ်အား စနစ်မှအသိပေးခဲ့သည့် အချက်အလက်များနှင့် ဆင်တူလျက်ရှိသည်။ အနှစ်သာရကိုးပါး မသေမျိုးကျင့်ကြံရေးလောကတွင် ကျင့်ကြံသူအများစုသည် ဒြပ်ငါးပါးစစ်မှန်မှု ဝိညာဉ်သွေးကြောအကြောင်းကို မသိကြပါ၊ အကယ်၍ သိခဲ့လျှင်တောင် ပျိုးထောင်ဖို့မဆိုထားနှင့် အဓိပ္ပာယ်ကိုပင် ခွဲခြားသိမြင်နိုင်မည်မဟုတ်ပါ။
နောက်တစ်ချက်တွေးမိသည်က ရှန်းရူယန်၏ အတိတ်ဘဝကျင့်ကြံသူသည် သူထင်ထားသည်ထက် များစွာသာလွန်အဆင့်မြင့်နေခဲ့မည် ဟူသောအတွေးဖြစ်သည်။ ထိုအတွေးကို ရှန်းရူယန်က ရိပ်စားမိဟန်ဖြင့်
“အချိန်တန်ရင် ရှင့်ကိုအကုန်ပြောပြမှာပါ၊ အခုမပြောသေးတာက ရှင့်ကို တစ်စုံတစ်ရာ ထိခိုက်လာမှာစိုးလို့ပဲ။ ဒါကိုရှင်နားလည်နိုင်မယ်ထင်ပါတယ်”
***
နှစ်တစ်ရာကျင့်ကြံပြီးနောက်
အခန်း ၈၈ ။ ကျီဖုအဆင့် မျိုးနွယ်စုအသစ်
ရှန်းရူယန်က ကျန်းချန်ရွှမ်အား သိထားသမျှကို ဆက်လက်ရှင်းပြနေသည်။ ကောင်းကင်ဝိညာဉ်သွေးကြောနှင့် သန္ဓေပြောင်းဝိညာဉ်သွေးကြော ပိုင်ရှင်များသည် ရွှေအမြုတေအဆင့် နှင့် အောက်တွင် ပါရမီရှင်များအဖြစ် သတ်မှတ်ခံရသော်လည်း အဆင့်မြင့်နယ်ပယ်များတွင်တော့ အသုံးမဝင်တော့ကြောင်းဖြစ်သည်။ အထူးသဖြင့် အခြေတည်ဝိညာဉ်နယ်ပယ်နှင့် ဝိညာဉ်ဖွဲ့စည်းခြင်းနယ်ပယ်အဆင့်များကို တက်လှမ်းနိုင်သူများတွင် ကောင်းကင်ဝိညာဉ်သွေးကြော မပါရှိကြဘဲ ဝိညာဉ်သွေးကြောနှစ်ခု သို့မဟုတ် သုံးခုပါဝင်နေကြခြင်းဖြစ်သည်။
ထိုသို့ဖြစ်ရခြင်းမှာ အဆိုပါအဆင့်နှစ်ရပ်သည် အောက်ခြေကျင့်ကြံမှုအဆင့်များနှင့် ယှဉ်လျှင် ဓမ္မစွမ်းအင်လိုအပ်မှု ပိုမိုများပြား၍ဖြစ်သည်။ အဆိုပါ ဝိညာဉ်သွေးကြောနှစ်ခု၊ သုံးခုနှင့် မွေးဖွားလာသူ ကျင့်ကြံသူများ အဆိုပါအဆင့်နှစ်ရပ်ကို တက်လှမ်းနိုင်ခဲ့လျှင် ရှိရင်းစွဲ ဝိညာဉ်သွေးကြောများအပြင် ဒြပ်ငါးပါးစက်ဝန်းကိုပါ ထုတ်ဖော်နိုင်စွမ်းရှိလာကြမည်ဖြစ်သည်။ အဆိုပါစွမ်းအင်မျိုးသည် အကန့်အသတ်မရှိ၊ ကုန်ဆုံးခြင်းမရှိသည့် စွမ်းအင်မျိုးဖြစ်သည်။
ကောင်းကင်ဝိညာဉ်သွေးကြော သို့မဟုတ် သန္ဓေပြောင်းဝိညာဉ်သွေးကြော ပိုင်ရှင်များအတွက်မူ အခြေတည်ဝိညာဉ်အဆင့်နှင့် ဝိညာဉ်ဖွဲ့စည်းမှုအဆင့်များကို တက်လှမ်းနိုင်ရန် ခက်ခဲမည်ဖြစ်သည်။ ရွှေအမြုတေအဆင့်ရောက်လျှင် သူတို့ပိုင်ဆိုင်ထားသော ဝိညာဉ်သွေးကြောများမှာ အသုံးမဝင်တော့သည့်အပြင် သူတို့၏မွေးရာပါ ဝိညာဉ်သွေးကြောအတွက် ဒြပ်တစ်ခုတည်း၏ ဓမ္မစွမ်းအင်များကိုသာ စုဆောင်းနိုင်တော့မည်ဖြစ်၍ ကျင့်ကြံမှုဖြစ်စဉ်မှာ နှေးကွေးသွားမည်ဖြစ်သည်။
အဆိုပါကျင့်ကြံသူ၏ သိမြင်မှုစွမ်းရည်နှင့် ပါရမီအလွန်ကြီးမှသာ ဒြပ်တစ်ခုတည်းပါဝင်သော ဓမ္မစွမ်းအင်ကိုသာ ပိုင်ဆိုင်ရခြင်း၏ အကန့်အသတ်ကို ကျော်လွှားနိုင်ကာ အခြေတည်ဝိညာဉ်အဆင့်နှင့် ဝိညာဉ်ဖွဲ့စည်းမှုအဆင့်များကို တက်လှမ်းနိုင်မည်ဖြစ်သည်။ ယခု ရှန်းရူယန်ပြောပြသည့် အချက်များကိုတော့ ကျန်ချန်ရွှမ်သိထားခြင်းမရှိပါ။ အောက်ခြေကျင့်ကြံမှုလောကတွင် လူတိုင်းသိရှိထားသည်က ကောင်းကင်ဝိညာဉ်သွေးကြော နှင့် သန္ဓေပြောင်းဝိညာဉ်သွေးကြောပိုင်ရှင်များသည်သာ ပါရမီရှင်များဖြစ်ပြီး ထိုသူများသာ ကျီဖုအဆင့်နှင့် ရွှေအမြုတေအဆင့်ကို တက်လှမ်းနိုင်မည် ဟူသောအမြင်ဖြစ်သည်။ ထိုသို့ လွဲမှားစွာ မြင်နေရခြင်းမှာ ယွင်နိုင်ငံတစ်ခုလုံးပေါင်းမှ အခြေတည်ဝိညာဉ်အဆင့်နှင့် ဝိညာဉ်ဖွဲ့စည်းမှုအဆင့်များကို တက်လှမ်းနိုင်သူ တစ်ယောက်မှ မပေါ်ထွန်းခဲ့ခြင်းကြောင့်လည်း ဖြစ်နိုင်သည်။ အဆိုပါအဆင့်မျိုးကို မရောက်ရှိသရွေ့ အဆင့်မြင့်ကျင့်ကြံမှုလောက အကြောင်းကို နားလည်နိုင်မည်မဟုတ်ပါ။
နှစ်ယောက်သား စကားတပြောပြောနှင့် ကျင့်ကြံရာဂူဗိမာန်မှ ထွက်လာပြီး ယွီဟွာတောင်ထိပ်သို့ ဦးတည်လျှောက်လာစဉ် ပတ်ဝန်းကျင်တစ်ခုလုံးမှာ လေးပင်နေပြီး ရှန်းမိသားစုတစ်ခုလုံး အကျပ်ရိုက်နေဟန်ဖြင့် ကြံရာမရဖြစ်နေကြသည်ကို တွေ့လိုက်ရ၍ ကျန်းချန်ရွှမ်တစ်ယောက် မျက်မှောင်ကြုံ့လိုက်မိသည်။ ယွီဟွာတောင်ထိပ်သို့ ရောက်လာချိန်တွင် ရှန်းပိုင်ဖေး၊ ရှန်းရူရွှမ််နှင့် ရှန်းတောက်ယွမ် အစရှိသည့် အကြီးအကဲများ လူစုံတက်စုံ ရောက်ရှိနေသည်ကို တွေ့လိုက်ရ သည်။ သူတို့အားလုံး၏မျက်နှာတွင် စိုးရိမ်မှုနှင့် ဝမ်းနည်းဒေါသတို့ ရောပြွန်းနေကြသည်။
ကျန်းချန်ရွှမ်နှင့် ရှန်းရူယန်တို့လည်း မနေသာတော့ဘဲ အနည်းငယ်တီးခေါက်ကြည့်မှ အကြောင်းစုံသိလိုက်ရသည်။ မကြာသေးမီက လင်းမိသားစုသည် ကျီဖုအဆင့်မျိုးနွယ်စုအဖြစ် အဆင့်တိုးမြင့်သတ်မှတ်ခံခဲ့ရပြီးနောက် ပင်းချွမ်စီရင်စုကို မိသားစုအခြေစိုက်ရာအဖြစ် ရွေးချယ်လိုက်သည်။ ပထမတွင် လျှိုယွင်ဂိုဏ်း၏ အဆင့်၃ ဝိညာဉ်သွေးကြောရှိသည့် ဌာနချုပ်နေရာကို ရွေးရန်စီစဉ်ခဲ့သော်လည်း နတ်ဆိုးသားရဲအဓိကရုဏ်းတွင် လျှိုယွင်ဂိုဏ်း၏ ဌာနချုပ်အပြင် ဝိညာဉ်သွေးကြောပါ ဖျက်ဆီးခံရသည့်အတွက် နောက်ထပ် နေရာအသစ်တစ်ခုကို ရွေးချယ်ရန်လိုအပ်လာသည်။
ပုံမှန်အားဖြင့် ပင်းချွမ်စီရင်စုသည် ကျီဖုအဆင့် မျိုးနွယ်စုများ အခြေချရန် အသင့်တော်ဆုံးဖြစ်သည့်အတွက် လင်းမိသားစု ပင်းချွမ်တွင် အခြေလာစိုက်ကာ စားကျက်လုမည့်အရေးကို ပင်းချွမ်ဒေသခံ မျိုးနွယ်စုများအနေနှင့် အသည်းအသန် ကန့်ကွက်ကြမည်ဖြစ်သည်။ သို့သော် နတ်ဆိုးသားရဲဘေး ပြီးဆုံးပြီးနောက် ပင်းချွမ်စီရင်စုသည် ကန်းယန်ဂိုဏ်း၏ နယ်မြေများအနက် အင်အားအနည်းဆုံးဖြစ်လာသည့်အပြင် ကျီဖုအဆင့်သို့ အသစ်တိုးမြှင့်သတ်မှတ်ခံရသော လင်းမိသားစုသည် ဟုန်မိသားစုနှင့် အဆက်အစပ်ရှိနေခြင်းကြောင့် ပင်းချွမ်တွင် ရှိနှင့်ပြီးသား ဒေသခံမျိုးနွယ်စုများမှာ ကန်ကွက်ခြင်းမပြုဝံ့တော့ပါ။ ပင်းချွမ်တွင် အင်အားအကြီးဆုံး မိသားစုဖြစ်သည့် ကျန်းမိသားစုပင် တစ်စုံတစ်ရာ ဝင်ရောက်ကန့်ကွက်ခြင်းမရှိပါ။
ရှန်းမိသားစုသည်လည်း လင်းမိသားစု ပင်းချွမ်တွင် အခြေချမည့်ကိစ္စကို ကန့်ကွက်ရန်မရှိသော်လည်း လင်းမိသားစု အခြေချရန် ရွေးချယ်လိုက်သည့်နေရာက ကြက်သွေးရောင်ရွှေသတ္တုတွင်း ရှိသည့်နေရာဖြစ်နေသည်။ အဆိုပါ သတ္တုတွင်းသည် လက်ရှိတွင် ရှန်းမိသားစုအတွက် အရေးကြီးဆုံးလုပ်ငန်းဖြစ်နေ၍ ရှန်းမျိုးနွယ်စုဝင်အားလုံးအတွက် လက်ခံနိုင်စရာမရှိသလို သတ္တုတွင်းထဲ၌ မကြာခင်ပျိုးထောင်ခြင်းဖြစ်စဉ် ပြီးဆုံးတော့မည့် ကြက်သွေးရောင် မီးလျှံသလင်းကျောက်လည်း ရှိနေပါသေးသည်။
ထိုစဉ် ကျန်းချန်ရွှမ်က ကြားဖြတ်၍ မေးခွန်းထုတ်လိုက်သည်။
“သတ္တုတွင်းရှိတဲ့နေရာကို လင်းမိသားစုက သူတို့ရဲ့ဌာနချုပ်နေရာအဖြစ် ရွေးတာက သတ္တုတွင်းရှိတဲ့နေရာမှန်း တမင်ရွေးတာမျိုးလား”
အကြီးအကဲများအားလုံးအနက် ဝါအရင့်ဆုံးဖြစ်သူ ရှန်းပိုင်ဖေးက ခေါင်းခါလိုက်ပြီး
“မဟုတ်လောက်ဘူး သူတို့ရွေးတဲ့နေရာက ကျုပ်တို့ရဲ့သတ္တုတွင်း ရှိတဲ့နေရာဖြစ်နေတာ”
“ဒါဆို မတော်တဆဖြစ်သွားတာပေါ့”
ရှန်းရူယန်က ဝင်မေးသည်။ ရှန်းရူရွှမ်က မျက်နှာအိုအိုနှင့် ခေါင်းညိတ်ပြီး ရှင်းပြသည်။
“အစကတော့ မတော်တဆပဲ၊ ဒါပေမဲ့ ကျွန်မတို့အတင်းကန့်ကွက်တော့ သူတို့လည်း မသင်္ကာဖြစ်လာပုံရတယ်၊ ကျွန်မတို့ တစ်ခုခုဖုံးကွယ်ထားတာ ရှိရမယ်ဆိုပြီး အဲဒီနေရာမှာပဲ အခြေချမယ်ဆိုပြီး အဆောက်အဦးတွေပါ ဆောက်နေကြပြီ”
ရှုံးဝမ်တောင်ကလည်း တွေးတွေးဆဆနှင့် ဝင်ပြောသည်။
“ပိုဆိုးတာက ဘိုးဘေးရဲ့ အခြေအနေကလည်း တစ်နေ့တစ်ခြား ဆိုးဝါးလာလို့ ဂူပိတ်ကျင့်ကြံပြီး ကုသနေရတယ်၊ ကျုပ်တို့လည်း သူ့ကို ဒီကိစ္စအတွက်နဲ့ မနှောက်ယှက်ချင်ဘူး”
ရှန်းတောက်ယွမ်ကလည်း ဝင်ရောက်မှတ်ချက်ပေးပြန်သည်။
“ပြီးတော့ မိသားစုအကြီးအကဲရှန်း ကလည်း ကျီဖုအဆင့်တက်နိုင်ဖို့ ဂူပိတ်ကျင့်ကြံရာကနေ ထွက်မလာနိုင်သေးဘူးဆိုတော့ ကျုပ်တို့လည်း ဘာလုပ်ရမှန်းကို မသိတော့ဘူး”
အကြောင်းစုံသိပြီးနောက် ကျန်းချန်ရွှမ်နှင့် ရှန်းရူယန်တို့မှာ တစ်ယောက်မျက်နှာ တစ်ယောက်ကြည့်မိလိုက်ကြသည်။ သည်ကိစ္စသည် ကြီးကြီးကျယ်ကျယ် မဟုတ်သော်လည်း လျှော့ပေါ့ကိုင်တွယ်၍ မရသည့်ကိစ္စမျိုးဖြစ်သည်။ လင်းမိသားစုကို အဆိုပါနေရာတွင် အခြေချခြင်းမပြုရန် တားမြစ်နိုင်သည်မှာ ဘိုးဘေးရှန်းယွမ်လုံ ဂူပိတ်ကျင့်ကြံနေရာမှ အပြင်ထွက်လာ၍ တားမြစ်မှသာ ဖြစ်နိုင်မည်။ သို့သော် ရှန်းယွမ်လုံတစ်ယောက် ကျင့်ကြံမှုကိုရုတ်တရက်ရပ်လိုက်ရပြီး ဂူပြင်ထွက်လာရလျှင် သူ၏သက်တမ်းမှာ ဆိုးဆိုးဝါးဝါး လျော့နည်းသွားမည်ဖြစ်သည်။
“လင်းမိသားစုက သူတို့ကို ကျုပ်တို့ရှန်းမိသားစု လှန်ရဲမှာမဟုတ်ဘူးလို့ တစ်ထစ်ချတွေးထားပုံပဲ”
ကျန်းချန်ရွှမ်က တွေးတွေးဆဆနှင့် မှတ်ချက်ချသည်။ ထို့နောက် သူက လူအားလုံးကြားနိုင်ရန် အသံကိုမြှင့်လိုက်ပြီး
“အားလုံးပဲ၊ ကျုပ်တို့ဒီကိစ္စကို ချက်ချင်းကိုင်တွယ်ဖို့ လိုတယ်၊ သတ္တုတွင်းရှိနေတဲ့သတင်း ပေါက်ကြားသွားရင် လင်းမိသားစုတင်မကဘူး အနီးနားက မျိုးနွယ်စုအားလုံးပါ ဝိုင်းလုကြမှာ သေချာတယ်”
ထို့နောက် ကျန်းချန်ရွှမ်က ခေတ္တရပ်လိုက်ပြီးမှ တစ်ဖန်ပြန်ဆက်သည်။
“ကျုပ်နဲ့ရူယန် ဒီကိစ္စကိုသွားဖြေရှင်းမယ်”
ကျန်းချန်ရွှမ်၏စကားကိုကြားပြီးနောက် လူအားလုံး လှုပ်လှုပ်ရွရွဖြစ်သွားသည်။ ရှန်းရူရွှမ်က စိုးရိမ်ဟန်နှင့်
“အန္တရာယ်မများဘူးလား၊ လင်းမိသားစုရဲ့ ဘိုးဘေးက ကျီဖုအဆင့် ရောက်သွားတာမကြာသေးဘူး”
ကျန်းချန်ရွှမ်က ပြုံးလျက်
“ရူရွှမ် မင်းမေ့သွားပြီလား၊ နတ်ဆိုးသားရဲတွေနဲ့ တိုက်တုန်းက ရူယန်က အဆင့်၃ လင်းနို့သားရဲကြီးကို လွယ်လွယ်လေး သတ်ပြနိုင်ခဲ့တယ်လေ၊ လင်းမိသားစုရဲ့ ဘိုးဘေးက အခုမှ ကျီဖုအဆင့်ကိုရောက်တာဆိုတော့ လင်းနို့သားရဲထက် နည်းနည်းလောက်ပဲသာမယ်၊ နောက်ဆုံး အခြေအနေမဟန်လို့ ထွက်ပြေးရရင်တောင် သူ့လက်ထဲက အလွယ်တကူလွတ်နိုင်ပါတယ်။ အရေးကြီးဆုံးအချက်က ဒီလိုအခက်အခဲမျိုးနဲ့ ရင်ဆိုင်ရချိန်မှာ ကျုပ်တို့ရှန်းမျိုးနွယ်စုအနေနဲ့ အလျှော့မပေးဘဲ ကြံ့ကြံ့ခံတိုက်ပွဲဝင်ဖို့လိုတယ်။ မဟုတ်ရင် ဒီလိုခက်ခဲတဲ့ အခြေအနေမျိုးတွေကို အနှေးနဲ့အမြန် ထပ်ကြုံရလိမ့်မယ်”
***
နှစ်တစ်ရာကျင့်ကြံပြီးနောက်
အခန်း ၈၉ ။ အချင်းများကြခြင်း
ကျန်းချန်ရွှမ်၏ စကားကို ရှန်းပိုင်ဖေးက ခေါင်းညိတ်ထောက်ခံလိုက်ပြီး
“ချန်ရွှမ် ပြောတာမှန်တယ်၊ ဒီကိစ္စမှာ ငါတို့မိသားစု အလျှော့ပေးလို့မဖြစ်ဘူး၊ မဟုတ်ရင် ကျန်တဲ့မိသားစုတွေကပါ ငါတို့ကို စိန်ခေါ်လာကြလိမ့်မယ်”
ထို့နောက် ရှန်းပိုင်ဖေးသည် ကျန်းချန်ရွှမ်နှင့် ရှန်းရူယန်တို့ ဇနီးမောင်နှံကို အသေအချာ စိုက်ကြည့်လိုက်ပြီး
“ချန်ရွှမ်နဲ့ ရူယန် ငါတို့ဘိုးဘေးက ဂူပိတ်ပြီး ကုသမှုခံယူနေရသလို တောက်မင်ကလည်း ကျီဖုအဆင့်ကို တက်လှမ်းနိုင်ဖို့ ဂူပိတ်ကျင့်ကြံနေရပြန်တယ်။ လောလောဆယ် ဒီကိစ္စကိုကိုင်တွယ်နိုင်မှာ မင်းတို့ပဲရှိတဲ့အတွက် ငါမတားမြစ်တော့ပါဘူး၊ ဒါပေမဲ့ ငါအထူးမှာကြားချင်တာက ကိုယ့်အသက်ကို ဦးစားပေးစောင့်ရှောက်ဖို့ပဲ၊ အခြေအနေမဟန်ရင် သတ္တုတွင်းကို စွန့်လွှတ်လိုက်ပြီး ပြန်ဆုတ်ခွာပေးပါ”
စကားအဆုံးတွင် ရှန်းပိုင်ဖေးသည် ကျန်းချန်ရွှမ်တို့နှစ်ဦးအား ဦးညွတ်အရိုအသေပြုလိုက်သည်။ ကျန်လူအားလုံးလည်း ကျန်းချန်ရွှမ်နှင့် ရှန်းရူယန်တို့ကို ဦးညွတ်ဂါရဝပြုလိုက်ကြတော့သည်။ ထိုမြင်ကွင်းကိုကြည့်၍ ကျန်းချန်ရွှမ်တို့လည်း ခေါင်းညိတ်လိုက်ကြပြီး
“မစိုးရိမ်ပါနဲ့ ကျွန်တော်တို့သတိထားပါ့မယ်”
ထို့နောက် ကျန်းချန်ရွှမ်နှင့် ရှန်းရူယန်တို့လည်း အချိန်မဆိုင်းဘဲ ယွီဟွာတောင်မှ သတ္တုတွင်းရှိရာသို့ ပျံသန်းလာကြတော့သည်။
ထိုအချိန်တွင် သတ္တုတွင်းနေရာကို စောင့်ကြပ်နေရသော ရွှီချန်းဟယ်သည် လင်းမျိုးနွယ်စုဝင်များကို စိတ်ဆိုးမာန်ဆိုးနှင့် ကြည့်နေမိသည်။ ထိုလူများသည် အရပ်မျက်နှာအသီးသီးမှ အလျှိုလျှိုရောက်လာကြပြီး သူ့ကိုဂရုစိုက်ခြင်းပင်မရှိဘဲ အိမ်များ၊ အဆောက်အဦးများကို စတင်ဆောက်လုပ်နေကြပြီဖြစ်သည်။ ရွှီချန်းဟယ်က မနေနိုင်တော့ဘဲ မြင်းမျက်နှာရှိသည့် သတ်လတ်ပိုင်းအရွယ် လူတစ်ယောက်ကို ဒေါသတကြီးလှမ်းအော်လိုက်သည်။
“ခင်ဗျားတို့ကို ပြောပြီးပြီနော်၊ ဒီနေရာက ရှန်းမိသားစုပိုင်တဲ့နေရာ။ ခင်ဗျားတို့လုပ်ရပ်က ရှန်းမိသားစုကို စော်ကားရာ ရောက်နေတာကိုသိလား”
လင်းမိသားစု၏ အကြီးအကဲဖြစ်ဟန်တူသည့် မြင်းမျက်နှာလူက ရွှီချန်းဟယ်၏စကားကိုကြားလျှင် နှာခေါင်းရှုံ့လိုက်ပြီး
“ဒီနေရာက မင်းတို့ပိုင်တယ်လို့ ဘယ်သူပြောလဲ၊ ဘာသက်သေရှိလဲ”
“မင်း…”
ရွှီချန်းဟယ်မှာ ထိုလူ့စကားကြောင့် ဒေါသကြီးသထက်ကြီးလာတော့သည်။ မြင်းမျက်နှာလူက ဂရုစိုက်ဟန်မတူဘဲ ဆက်ပြောပြန်သည်။
“နောက်ပြီး ငါတို့က အသိမပေးဘဲ ခိုးဝင်လာတာလည်း မဟုတ်ဘူး၊ မင်းတို့ရှန်းမိသားစုကို အသိပေးတဲ့အပြင် တန်ကြေးပေးပြီးပါ ဝယ်ခဲ့တာ။ မင်းတို့မရောင်းတာတော့ ငါ့အပြစ်မဟုတ်ဘူးလေ”
ထို့နောက် လင်းမိသားစု၏ လက်ရှိအကြီးအကဲဖြစ်သူ လင်းဝမ်ယွမ်သည် မျက်နှာထားတင်းတင်းနှင့် ရွှီချန်းဟယ်ကို စေ့စေ့ကြည့်လျက်
“ဒီနေရာရွေးတဲ့သူက ငါတို့ဘိုးဘေးပဲ၊ မင်းမကျေနပ်ရင် သူ့ကိုသွားပြော”
“ဟုတ်လား”
လင်းဝမ်ယွမ်ပြောပြီးပြီးချိန်တွင် မတုန်မလှုပ်သော အသံတစ်ခု ကောင်းကင်ထက်မှ မမျှော်လင့်ဘဲ ထွက်ပေါ်လာပါတော့သည်။ လင်းဝမ်ယွမ်သည် ရုတ်တရက်တုန်လှုပ်သွားကာ အသံကြားရာသို့ ကမန်းကတန်း လှည့်ကြည့်မိသည်။ သူနှင့်မနီးမဝေးတွင် ကျန်းချန်ရွှမ်နှင့် ရှန်းရူယန်တို့နှစ်ဦး မတ်တပ်ရပ်လျက်ရှိသည်ကို တွေ့လိုက်ရသည်။
“မင်းတို့က ဘယ်သူတွေလဲ”
လင်းဝေယွမ်၏ မျက်လုံးများမှာ ကျဉ်းမြောင်းသွားပြီး သတိကြီးကြီးနှင့် မေးလိုက်သည်။
သူသည် အခြေခံတည်ဆောက်မှု အဌမအဆင့် ကျင့်ကြံသူ ဖြစ်သော်လည်း ထိုနှစ်ဦးချဉ်းကပ်လာသည်ကို အာရုံခံနိုင်ခြင်းမရှိခဲ့သည့်အတွက် တစ်ခုခုမှားနေသယောင် ခံစားလိုက်ရသည်။ သူသိထားသလောက် ရှန်းမျိုးနွယ်စုတစ်ခုလုံးတွင် ကျီဖုအဆင့်ကျင့်ကြံသူမှာ ရှန်းယွမ်လုံတစ်ယောက်သာရှိပြီး ယခုရောက်ရှိလာသော စုံတွဲမှာလည်း ကျီဖုအဆင့်ဟု ခန့်မှန်းလိုက်မိ၍ သတိကြီးစွာထား၍ မေးမြန်းလိုက်ခြင်းဖြစ်သည်။
“အကြီးအကဲကျန်းနဲ့ အကြီးအကဲရှန်း”
ရွှီချန်းဟယ်မှာ ဝမ်းသာအားရ ထအော်လိုက်မိသည်။ သူအခက်တွေ့နေချိန်တွင် ရောက်ရှိလာသူများမှာ ကျန်းချန်ရွှမ်တို့ စုံတွဲဖြစ်နေမည်ဟု သူမထင်ခဲ့ပါ။ တစ်ချိန်တည်းတွင် ထိုဇနီးမောင်နှံနှစ်ဦး၏ စွမ်းအားအစစ်အမှန်ကို ရွှီချန်းဟယ် ကောင်းကောင်းနားလည်ထား၍ ဝမ်းသာအားရဖြစ်သွားခြင်းဖြစ်သည်။ ရှန်းမိသားပြင်ပမှ ပုဂ္ဂိုလ်များမှာ ကျန်းချန်ရွှမ်နှင့် ရှန်းရူယန်တို့၏ ကျင့်ကြံမှုအဆင့်အတန်းကို ရေရာစွာ မသိကြသော်လည်း ရှန်းမိသားစုအကြီးအကဲများမှာမူ ကောင်းကောင်းနားလည်သိရှိပြီးဖြစ်ပါသည်။ သူတို့နှစ်ဦးရှိနေလျှင် အနည်းဆုံးတော့ သတ္တုတွင်း၏ လျှို့ဝှက်ချက်များ ပေါက်ကြားနိုင်စရာ အကြောင်းမရှိတော့ပါ။
“မင်းတို့က ရှန်းမိသားစုကလား”
လင်းဝေယွမ်က ကျန်းချန်ရွှမ်တို့ နှစ်ဦးအား အကဲခတ်နေရင်း မေးလိုက်သည်။ သူ့အနေနှင့် ကျန်းချန်ရွှမ်နှင့် ရှန်းရူယန်တို့ကို သိရှိခြင်းမရှိပါ။ သူသိထားသည်က ရွှီချန်းဟယ်၊ ရှန်းပိုင်ဖေးနှင့် အခြားအကြီးအကဲတချို့သာဖြစ်သည်။ သို့သော် ထိုနှစ်ဦးအား တွေ့တွေ့ ချင်းပင် အန္တရာယ်များသောလူများ ဖြစ်ကြောင်း သတိပြုမိလိုက်သည့်အပြင် သတ္တုတွင်းတစ်ဝိုက်တွင် ရှိနေသော လင်းမိသားစုအကြီးအကဲများသည်လည်း ထူးဆန်းသော အော်ရာလှိုင်းနှစ်ခုကို ခံစားမိလိုက်ကြ၍ အလျင်အမြန်ရောက်ရှိလာကြသည်။ စုစုပေါင်း လူလေးဦးဖြစ်ပြီး အခြေခံတည်ဆောက်မှု တတိယအဆင့်မှ သတ္တမအဆင့်ထိ ပါဝင်သည်။ ရှိနှင့်ပြီးသား လင်းဝေယွမ်နှင့်ပေါင်းလျှင် လင်းမိသားစုဘက်တွင် အခြေခံတည်ဆောက်မှုအဆင့် ကျင့်ကြံသူငါးဦးတိတိရှိသည်။ ထိုလူများအားလုံးသည် ကျန်းချန်ရွှမ်နှင့် ရှန်းရူယန်တို့ကို မသိမသာ ဝိုင်းရံထားလိုက်ကြသည်။
ထိုစဉ် ပိန်ပိန်ရှည်ရှည်လူတစ်ယောက်က
“ဒါ လင်းမိသားစုပိုင်နက်ပဲ၊ မင်းတို့ဒီကိုဝင်ခွင့်ရဖို့ ခွင့်တောင်းခဲ့လား”
“ဘာ လင်းမိသားစုပိုင်ဟုတ်လား”
ကျန်းချန်ရွှမ်မှာ ထိုလူ့စကားကြားလျှင် ဒေါသဖြစ်လွန်း၍ ရယ်မောလိုက်မိသည်။
“ခင်ဗျားတို့ပြောတဲ့အတိုင်း လင်းမိသားစုပိုင်ပဲထား၊ ဘယ်မလဲသက်သေ၊ ပြစမ်းပါ”
ထိုအခါ ပိန်ပိန်ရှည်ရှည်လူနှင့် လင်းဝေယွမ်တို့၏ မျက်နှာမှာ တင်းမာသွားကြသည်။ အထူးသဖြင့် လင်းဝေယွမ်ဖြစ်သည်။
“မင်းတို့ရှန်းမျိုးနွယ်စုက ငါတို့နဲ့ ရန်သူဖြစ်ချင်နေတာပေါ့”
ပြောနေရင်းနှင့် လင်းဝေယွမ်၏ မျက်လုံးများတွင် လူသတ်လိုသော အရိပ်အငွေ့များ ထင်ဟပ်သွားသည်။ တစ်ချိန်တည်းတွင် အခြားသော ကျင့်ကြံသူလေးဦးသည် အော်ရာများ ကိုယ်စီထုတ်ဖော်လိုက်ပြီး ကျန်းချန်ရွှမ်နှင့် ရှန်းရူယန်တို့အပေါ် ကာရံထားလိုက်ကြသည်။ လင်းဝေယွမ်အမိန့်ပေးလိုက်လျှင် သို့မဟုတ် ကျန်းချန်ရွှမ်တို့ လှုပ်ရှားမိလိုက်လျှင် ထိုလေးဦးမှာ ချက်ချင်းတိုက်ခိုက်တော့မည်ဖြစ်သည်။
ကျန်းချန်ရွှမ်မှာ ထိုမြင်ကွင်းကိုမြင်လျှင် မျက်နှာထား အေးစက်တင်းမာသွားကာ လင်းဝေယွမ်နှင့် ကျန်လေးဦးကို တည်ငြိမ်စွာကြည့်လျက်
“ရှန်းမျိုးနွယ်စုက လင်းမိသားစုနဲ့ ရန်သူဖြစ်ချင်နေတာ မဟုတ်ဘူး။ ခင်ဗျားတို့လင်းမိသားစုရဲ့ လုပ်ရပ်ကသာ လွန်နေတာဖြစ်တယ်။ ဒီနေရာကို မရောင်းဘူးလို့ ရှန်းမိသားစုဘက်က အကြိမ်ကြိမ်ငြင်းခဲ့ပါလျက်နဲ့ ခင်ဗျားတို့ဘက်က အဆောက်အဦးတွေဆောက်ပြီး အပိုင်သိမ်းဖို့ကြိုးစားနေတယ်။ ဒီတော့ ခင်ဗျားတို့ကသာ ကျုပ်တို့ကို အထင်သေးပြီး ရန်စနေတာပဲ”
ထိုအချိန်တွင် ကျန်းချန်ရွှမ်၏အသံသည် သတ်ဖြတ်လိုသော အရိပ်အယောင်များ ယှက်သန်းနေသည်။ ထို့နောက် ကျန်းချန်ရွှမ်ကပင်
“နောက်ဆုံးအကြိမ်ပြောမယ်၊ ဒီနေရာကနေ ချက်ချင်းထွက်ခွာသွားကြပါ။ မထွက်ရင်တော့ ကျုပ်တို့အဆိုးမဆိုပါနဲ့”
***
နှစ်တစ်ရာကျင့်ကြံပြီးနောက်
အခန်း ၉၀ ။ ငါးယောက်တစ်ယောက်ရင်ဆိုင်ခြင်း
“အတင့်ရဲလိုက်တာ”
ကျန်းချန်ရွှမ်၏စကားကိုကြားလျှင် လင်းဝေယွမ်အပါအဝင် ငါးဦးလုံး ဒေါသပေါက်ကွဲသွားကြသည်။ ရှန်းမျိုးနွယ်စု၏ သာမန်အကြီးအကဲတစ်ယောက်က သူ့ကို ယခုလိုစော်ကားဝံ့မည်ဟု လင်းဝေယွမ် မထင်ထားသလို ရှန်းမိသားစုက သူတို့လင်းမိသားစုကို အာခံဝံ့လိမ့်မည်ဟူ၍လည်း မျှော်လင့်ထားခြင်းမရှိပါ။ လင်းဝေယွမ်၏မျက်လုံးများတွင် ရက်စက်ကြမ်းကြုတ်သည့် အရိပ်လက္ခဏာများ ပေါ်လာတော့သည်။ မမျှော်လင့်ဘဲ ယခုလိုအခြေအနေမျိုး ဆိုက်လာပြီဖြစ်၍ တိုက်ခိုက်ရန်မှလွဲ၍ အခြားမရှိတော့ဟု လင်းဝေယွမ် ဆုံးဖြတ်လိုက်သည်။ လင်းမိသားစုအနေနှင့် ရွေးချယ်ပြီးသား မြေနေရာကို စွန့်လွှတ်ရန် အစီအစဉ်မရှိသလို သည်နေရာကို ရှန်းမိသားစုက အသည်းအသန်ကာကွယ်နေသည်ကို ထောက်လျှင် သည်အနီးဝန်းကျင်တွင် လျှို့ဝှက်ချက်တစ်ခုခု ရှိရမည်ဟု သူတွေးပြီးဖြစ်သည်။
ရှန်းယွမ်လုံနှင့် ထိပ်တိုက်တွေ့မည်ကို စိုးရိမ်၍ အစပထမက ရှန်းမျိုးနွယ်စုကို ရန်ပြုရန် အစီအစဉ်မရှိသော်လည်း ယခုအခါ အကြောင်းပြချက်ကောင်းကောင်း ရှိသွားပြီဖြစ်သည်။ ကျန်းချန်ရွှမ်ဆိုသော ရှန်းမျိုးနွယ်စုဝင် အကြီးအကဲတစ်ဦးက သူတို့ကိုစော်ကားလိုက်ပြီ မဟုတ်ပါလား။
လင်းဝေယွမ်က ထိုစုံတွဲကို သတ်ပြီးလျှင် သည်နေရာတစ်ခုလုံးကို အစီအရင်ကွက်များဖြင့် ကာရံပြီး အပြီးသိမ်းယူလိုက်မည်ဟု စိတ်ကူးလိုက်သည်။ ထိုအချိန်ရောက်၍ ရှန်းယွမ်လုံကိုယ်တိုင် ရောက်လာလျှင်ပင် စိုးရိမ်စရာမလိုတော့ဘဲ ခံစစ်အစီအရင် အကူအညီဖြင့် သူတို့ဘိုးဘေးက ရှန်းယွမ်လုံကို အနိုင်ပင်ပိုင်းနိုင်လိမ့်မည်ဟု လင်းဝေယွမ်တွေးမိသည်။ ရှန်းယွမ်လုံသေလျှင် ရှန်းမိသားစုတွင် သူတို့ကိုခြိမ်းခြောက်နိုင်မည့်သူ ရှိတော့မှာ မဟုတ်သလို တစ်ချိန်တည်းတွင် ဟုန်မိသားစု၏ ဆုလာဘ်ချီးမြှင့်ခြင်းကိုလည်း ခံရမည်မလွဲပါ။
သို့သော် လင်းဝေယွမ်တို့ငါးဦး ထိုစုံတွဲအနီးသို့ ချဉ်းကပ်လိုက်ချိန်တွင် တစ်ခုခုမှားနေမှန်း သိရှိလိုက်ရသည်။ အေးစက်စက်လေလှိုင်းတစ်ခု ရုတ်တရက်ပေါ်လာပြီး သူတို့ငါးဦးလုံးကို လှည့်ပတ်နေသည်။ ပိန်ရှည်ရှည်လူက ကမန်းကတန်း စက်ဝိုင်းပုံ ဓမ္မလက်နက်ကို ထုတ်ယူလိုက်ချိန်တွင် သူ့လည်ကုပ်နေရာတွင် အေးခနဲဖြစ်သွားပြီး အောက်ကိုငုံ့ကြည့်လိုက်သောအခါ သူ၏ ဦးခေါင်းမဲ့နေသော ခန္ဓာကိုယ်ကြီးမှာ မြေပြင်ပေါ် ပုံလျက်သား လဲကျသွားသည်ကို တုန်လှုပ်ဖွယ်မြင်လိုက်ရသည်။ လင်းဝေယွမ်နှင့် ကျန်လေးဦးမှာ မယုံနိုင်သည့် မျက်လုံးများနှင့် တုန်လှုပ်စွာ အော်ဟစ်မိလိုက်ကြသည်။
“ဝမ်ဟိုင်း”
ဝမ်ဟိုင်းဆိုသော ပိန်ရှည်ရှည်လူမှာ ချက်ချင်းပင် အသက်ပျောက်သွားတော့သည်။ ထိုအချိန်ကျမှ သူတို့အားလုံး၏ ရှေ့မှောက်တွင် ရှိနေခဲ့သော ကျန်းချန်ရွှမ်သည် ဝမ်ဟိုင်းအနောက်သို့ ရောက်ရှိနေပြီဖြစ်သည်ကို သတိပြုမိလိုက်ကြသည်။
“မင်း ဝမ်ဟိုင်းကို သတ်လိုက်ပြီပေါ့”
မီးခိုးရောင်ဆံပင်နှင့် လင်းမိသားစုအကြီးအကဲက ဒေါသတကြီး အော်ဟစ်လိုက်သည်။ ဝမ်ဟိုင်းသည် လင်းမိသားစု၏ အခြေခံတည်ဆောက်မှုအဆင့် ကျင့်ကြံသူများအနက် အငယ်ဆုံးဖြစ်သလို လက်ရှိကျင့်ကြံမှုအဆင့်မှာ တတိယအဆင့်ရှိပြီး အနာဂတ်တွင် အခြေခံတည်ဆောက်မှု နောက်ဆုံးအဆင့်ကို တက်လှမ်းနိုင်ချေများသည့်အတွက် သူသေဆုံးမှုမှာ လင်းမိသားစုအတွက် ထိုးနှက်ချက်တစ်ခုဖြစ်သည်။ ကျန်လေးဦးထဲမှ အသက်ကြီးကြီးကျင့်ကြံသူတစ်ဦးသည် အလွန်အမင်းဒေါသထွက်နေ၍ အသံများပင် တုန်ယင်နေသည်။
“ဟေ့ကောင် မင်းဒီကနေ အသက်ရှင်လျက် ထွက်သွားဖို့ မစဉ်းစားနဲ့တော့”
ထို့နောက် ခဏအတွင်းချင်းပင် အေးစက်စက်အော်ရာများ အပြည့်နှင့် ရေခဲပုတီးတစ်လုံးကို ကျန်းချန်ရွှမ်ထံ ပစ်လွှတ်လိုက်သည်။ ရေခဲပုတီး လေထုကို ထိုးခွဲဖြတ်သန်းသွားချိန်တွင် ပတ်ဝန်းကျင်လေထုတစ်လျှောက်တွင် ကျိုးကြေသည့်အသံများ ထွက်ပေါ်သွားသည်ကိုကြည့်၍ ထိုရေခဲပုတီးမှ စိမ့်ထွက်နေသော ရေခဲငွေ့များမှာ ကြောက်မက်ဖွယ်ကောင်းကြောင်း မြင်နိုင်သည်။ တစ်ချိန်တည်းတွင် လင်းဝေယွမ်နှင့် ကျန်နှစ်ဦးသည်လည်း အလျင်အမြန်လှုပ်ရှားလိုက်သည်။ လင်းဝေယွမ်က ပေါင်တစ်ထောင်ခန့် အလေးချိန်ရှိမည်ဟု ခန့်မှန်းရသည့် တံဆိပ်ကြီးကို ထုတ်ယူကာ ကျန်းချန်ရွှမ်အပေါ်ကို ဖိချလိုက်သည်။ ကျန်နှစ်ဦးအနက် တစ်ဦးမှာ မီးလျှံများ တောက်လောင်နေသည့် သံမဏိသော့အိမ်ကြီးကို ထုတ်ယူလိုက်သလို ကျန်တစ်ဦးမှာ ရွှေရောင်အလင်းတောက်နေသည့် ဓားမရှည်ကြီးနှင့် ပိုင်းချလိုက်သည်။ သုံးဦးစလုံးမှာ အင်အားချွေတာခြင်းမရှိဘဲ သတ်ဖြတ်လိုသော အော်ရာလှိုင်းများ ထုတ်လွှင့်လျက် သူတို့အားလုံး၏အင်အားကို အစွမ်းကုန် ထုတ်ဖော်တိုက်ခိုက်လိုက်ခြင်းဖြစ်သည်။ အခြေခံတည်ဆောက်မှုအဆင့် ကျင့်ကြံသူလေးဦး၏ ပူးပေါင်းတိုက်ခိုက်မှုကို ရင်ဆိုင်နေရသည်ဖြစ်၍ ကျန်းချန်ရွှမ်မှာ မပေါ့ဆဝံ့ပါ။
ပထမဆုံး ရေခဲပုတီးတိုက်ခိုက်မှုကို အာတိတ်နတ်ဘုရားအလင်းနှင့် ကာကွယ်လိုက်ပြီးနောက် သစ်သားစိမ်း ကောင်းကင်အလင်းဒိုင်းကို ထုတ်ယူကာ ကျန်နှစ်ဦး၏ ပူးပေါင်းတိုက်ခိုက်မှုကို ချေဖျက်လိုက်သည်။ တစ်ဆက်တည်းတွင် အဆင့်၂ အမြင့်ဆုံးအဆင့်ရှိ ပင်လယ်ကွင်းခေါင်းလောင်းကို ထုတ်ယူပြီး လင်းဝေယွမ်၏ တောင်နှင့်မြစ် တံဆိပ်တော်ကို ကာကွယ်လိုက်သည်။ ကျန်းချန်ရွှမ်၏ ဆက်တိုက် ဆင့်ကဲကာကွယ်လိုက်ပုံကြောင့် လေးဦးစလုံး မှင်သက်သွားသလို ကျန်းချန်ရွှမ်ထံတွင် အကာအကွယ်ဓမ္မလက်နက်နှစ်ခု ရှိနေသည့်အတွက်လည်း အံ့သြသွားမိကြသည်။ ထိုနှစ်ခုအနက် တစ်ခုမှာ အဆင့် ၂ အမြင့်ဆုံးအဆင့်ရှိသည်ကို တွေ့သောအခါ လင်းမိသားစုအကြီးအကဲလေးဦးမှာ လိုချင်တပ်မက်စိတ်များ ဖြစ်ပေါ်လာကြတော့သည်။ လင်းဝေယွမ်တွင်ပင် ထိုကဲ့သို့ဓမ္မလက်နက်မျိုး ပိုင်ဆိုင်နိုင်ခြင်းမရှိပါ။
သို့သော် မကြာမီတွင် လောဘစိတ်နေရာတွင် ကြောက်ရွံ့စိတ်များ အစားထိုးဝင်ရောက်လာတော့သည်။ ကျန်းချန်ရွှမ် ထိုလေးဦး၏ တိုက်ခိုက်မှုကို ချေဖျက်ပြီးသည်နှင့် သူတို့အားလုံး၏ ပတ်ပတ်လည်တွင် မီးလျှံပင်လယ်ကြီး ဖြစ်ပေါ်လာသည်။ အဆိုပါမီးလျှံများသည် လင်းဝေယွမ်တို့ လေးဦးသားအနီး တစ်မီတာအကွာ ရောက်လျှင် ရုတ်တရက်ပြင်းထန်စွာ ပေါက်ကွဲကုန်ကြသည်။ ပေါက်ကွဲမှုဒဏ်ကြောင့် သူတို့ခန္ဓာကိုယ်ကို လွှမ်းခြုံထားသော အကာအကွယ် ဝိညာဉ်အလင်းလွှာများမှာ အားနည်းဖျော့တော့လာပါသည်။
“ဒါအဆင့် ၂ အလယ်အဆင့် ပင်လယ်လောင်မီးမန္တန်ပဲ၊ ဒီမန္တန်က ဘာလို့အစွမ်းကြီးနေရတာလဲ။ အဆင့်၂ အလယ်အဆင့် မန္တန်တစ်ခုက ဒီလောက်ထိမစွမ်းသင့်ဘူးလေ”
လေးဦးထဲမှ မျက်နှာလေးထောင့်နှင့်လူ အလန့်တကြား ထအော်လိုက်မှ လင်းဝေယွမ်တို့သုံးဦး သတိဝင်သွားကြတော့သည်။ ထိုမန္တန်မှာ အမှန်ပင် ပင်လယ်လောင်မီးဖြစ်ကာ လင်းမိသားစုတွင်လည်း ထိုမန္တန်ကို ကျင့်ကြံသူအချို့ရှိသော်လည်း ယခုလို စွမ်းအားအလွန်ကြီးသည့် မန္တန်မျိုးမဟုတ်ဘဲ သာမန် အဆင့်၂ အလယ်အလတ်အဆင့် မန္တန်တစ်ခုသာဖြစ်သည်။ ပုံမှန်မဟုတ်ဘဲ တစ်ခုခုမှားယွင်းနေပြီဟု သူတို့လေးဦးလုံး ခံစားမိလိုက်ချိန်တွင် လေးယောက်အနက် အသက်ကြီးကြီးလူတစ်ဦး၏ မျက်ခုံးနှစ်ခုကြားနေရာတွင် အပ်နှင့်စိုက်ထားသလို အနီရောင်အစက်တစ်ခု ပေါ်လာသည်ကိုမြင်၍ တုန်လှုပ်သွားမိကြသည်။
ချက်ချင်းဆိုသလိုပင် ထိုလူ၏အော်ရာမှာ ရုတ်တရက်ပျောက်ကွယ်သွားပြီး မြေပြင်ပေါ်လဲကျသေဆုံးသွားပါတော့သည်။ ထိုမြင်ကွင်းကို လင်းဝေယွမ်နှင့် ကျန်နှစ်ဦးမှာ မျက်လုံးများပြူးကျယ်လျက် ငေးကြည့်နေမိကြသည်။ တိုက်ခိုက်လိုက်သည့် အရိပ်အယောင်ကို လုံးဝမမြင်လိုက်ရသော်လည်း ဂိုဏ်းအကြီးအကဲတစ်ဦး ရုတ်တရက် သတ်ဖြတ်ခံလိုက်ရသည်ကို ကြည့်ရင်း ကျောရိုးတစ်လျှောက် စိမ့်တက်သွားသည်အထိ အကြောက်တရားကို ခံစားမိလိုက်ကြသည်။
ရန်သူက မည်သို့မည်ပုံ တိုက်ခိုက်လိုက်သည်ကို မသိဘဲ ခုခံရန်မှာ ဘယ်နည်းနှင့်မှမဖြစ်နိုင်ပါ။ ရှန်းမျိုးနွယ်စုတွင် ယခုလို အစွမ်းထက်သည့် ကျင့်ကြံသူတစ်ဦး ရှိနေမည်ဟုလည်း သူတို့အားလုံး အိပ်မက်ပင်မမက်ဖူးကြပါ။ အစောကတည်းက ကြိုသိလျှင် အလျင်စလိုတိုက်ခိုက်ခဲ့မည် မဟုတ်သော်လည်း ယခုအခါ နောက်ကျသွားပြီဖြစ်မှန်း သူတို့အားလုံးသိလိုက်ရသည်။ အကြောင်းမှာ ထိုအခိုက်အတန့်တွင်ပင် အပ်ပုံစံဓမ္မလက်နက်တစ်ခုက လေးထောင့်မျက်နှာနှင့်လူ၏နဖူးကို ဖောက်ထွင်းသွား၍ ဖြစ်သည်။
***