အခန်း (၉၁-၉၅)
Vol. 5 Ch. 91-95
နှစ်တစ်ရာကျင့်ကြံပြီးနောက်
အခန်း ၉၁ ။ လင်းမိသားစုဘိုးဘေး
မျက်နှာလေးထောင့်လူ၏ အော်သံကြီးက ပဲ့တင်ထပ်သွားသည်။ လင်းဝေယွမ်နှင့် ကျန်တစ်ဦး၏ မျက်နှာများသည်လည်း တင်းမာနိုင်ခြင်းမရှိတော့။ ငါးယောက်နှင့်တစ်ယောက် တိုက်ခိုက်ခဲ့သော်လည်း ယခုအခါ သုံးယောက်သေဆုံးသွားပြီဖြစ်၍ နှစ်ဦးသာ ကျန်ပါတော့သည်။ နှစ်ဦးစလုံးလည်း တိုက်ခိုက်လိုစိတ် မရှိတော့ဘဲ ကြောက်ရွံ့စိုးရိမ်စိတ်များ ဖိစီးလာကြတော့သည်။
အထူးသဖြင့် လင်းဝေယွမ်ဖြစ်သည်။ လင်းမိသားစု၏ မျိုးနွယ်စုအကြီးအကဲ ဖြစ်သည့်အတွက် စည်းစိမ်ဥစ္စာနှင့် ဂုဏ်သရေအချို့ ပိုင်ဆိုင်ထားသူဖြစ်ရာ ရှန်းမိသားစုမှ အမည်မသိ ကျင့်ကြံသူတစ်ဦးလက်ချက်ဖြင့်တော့ မသေဆုံးချင်ပါ။ ထိုအတွေးကြောင့် လင်းဝေယွမ်၏ မျက်နှာကြီးမှာ သွေးဆုတ်ဖြူလျော်လာပြီး ယခုချက်ချင်းပင် ဆုတ်ခွာထွက်ပြေးလိုစိတ်များ ဖြစ်လာတော့သည်။ သို့သော် နောက်ဆုံးတွင် စိတ်ကိုအစွမ်းကုန်တင်းလိုက်ပြီး ကြောက်မက်ဖွယ် အော်ရာများ ထုတ်လွှင့်နေသည့် အဆောင်ပစ္စည်းတစ်ခုကို ထုတ်ယူလိုက်တော့သည်။
ထိုအဆောင်မှာ အဆင့်၃ အဇူရာသစ်သားနဂါး အဆောင်ဖြစ်ပြီး လင်းဝေယွမ်၏ နောက်ဆုံးဝှက်ဖဲဖြစ်သည်။
“ဟေ့ကောင် မင်း ဒီလက်နက်နဲ့ သေရမှာကို ဂုဏ်ယူလိုက်စမ်း”
ထို့နောက် လင်းဝေယွမ်သည် တုံ့ဆိုင်းခြင်းမရှိဘဲ အဇူရာသစ်သားနဂါး အဆောင်ကို. အသက်သွင်းလိုက်တော့သည်။ တစ်ခဏချင်းပင် အဇူရာနဂါးအဆောင်သည် အစိမ်းရောင်ဓားချီအဖြစ် အသွင်ပြောင်းပြီး ကောင်းကင်ပေါ် ထိုးတက်သွားကာ နဂါးတစ်ကောင်ပမာ ဟိန်းဟောက်လျက် မြေပြင်ထက်သို့ တစ်ဖန်ပြန်ဆင်းပြီး ကျန်းချန်ရွှမ်ထံသို့ အားကုန်ပြေးဝင်သွားသည်။
“သတိထား”
မလှမ်းမကမ်းက ရှန်းရူယန်ပင် စိုးရိမ်တကြီး သတိပေးလိုက်မိသည်။ အဆင့်၃ အဆောင်လက်နက်၏ စွမ်းပကားကို ဘယ်နည်းနှင့်မျှ လျှော့တွက်၍မဖြစ်သည်ကို ကျန်းချန်ရွှမ်သည်လည်း ကောင်းစွာနားလည်ပါသည်။ သူ့မျက်လုံးအစုံမှာ ကျဉ်းမြောင်းသွားပြီးနောက် တစ်ခဏချင်းတွင် ဗလာနယ်နဂါးဓားသည် ကျယ်လောင်စွာမြည်ဟိန်းလျက် အရောင်တလက်လက် တောက်ပနေသော ဓားအလင်းတန်းကြီးအဖြစ် အသွင်ပြောင်းကာ ကောင်းကင်သို့ ထိုးတက်သွားသည်။
ဂျိန်း!
ထိုအခိုက်တွင် မီးလောင်ကျွမ်းနေသည့် ဧရာမဥက္ကာခဲကြီးများ ကောင်းကင်ပေါ်မှ ကြွေကျလာသည်။ ထိုဥက္ကာခဲကြီးများတွင် ထိတွေ့မိသမျှ အရာအားလုံးကို ဖျက်ဆီးနိုင်သည့် စွမ်းအားမျိုးကို သယ်ဆောင်ကာ လင်းဝေယွမ်၏ အဇူရာနဂါးဓားချီနှင့် အဟုန်ပြင်းစွာ တိုးတိုက်မိပြီး လေထုထဲတွင် ပေါက်ကွဲမှုကြီးတစ်ခု ဖြစ်ပေါ်လာတော့သည်။ ပထမဆုံးဥက္ကာခဲကို အဇူရာနဂါးဓားချီက ဖျက်ဆီးပစ်လိုက်သော်လည်း ဒုတိယမြောက်၊ တတိယမြောက်မှ အစပြုပြီး အကြိမ်၉၀ မြောက် ဥက္ကာခဲအထိ ဆက်တိုက်ဆိုသလို ကျဆင်းလာတော့သည်။
ဥက္ကာခဲကြီးများသည် တစ်လုံးထက်တစ်လုံး ပို၍ အားကောင်းလာသလို အမြန်နှုန်းမှာလည်း တဖြည်းဖြည်းသာလွန်လာသည်။ ကောင်းကင်တစ်ခုလုံး မီးပင်လယ်ကြီးပမာ ပေါက်ကွဲမှုများနှင့် ပြည့်နှက်နေသလို အနီရောင်နှင့် မိုးပြာရောင်အလင်းများလည်း ရောယှက်နေတော့သည်။ ကနဦးတွင် အဇူရာနဂါးဓားချီက အသာရနေသော်လည်း အချိန်ကြာလာသည်နှင့်အမျှ ဥက္ကာခဲများဖက်မှ ပိုမိုအားကောင်းလာသည့်အတွက် ဓားချီမှာ အားပျော့လာပြီး နောက်ဆုံးတွင် အစအနမကျန် ပျက်စီးပျောက်ကွယ်သွားတော့သည်။
ထိုမြင်ကွင်းကို လင်းဝေယွမ်တို့အားလုံး တုန်လှုပ်မှင်သက်စွာ ကြည့်နေမိကြသည်။ သူတို့ကိုယ်တိုင် မျက်မြင်မတွေ့ခဲ့လျှင် အဆင့် ၃ အဆောင်လက်နက်ကို အခြေခံတည်ဆောက်မှုအဆင့် ကျင့်ကြံသူတစ်ဦးက အလွယ်တကူဖျက်ဆီးပြသွားသည်ကို ဘယ်နည်းနှင့်မှ ယုံနိုင်မည်မဟုတ်ပါ။ မြင်ကွင်းမှာ ယုံကြည်နိုင်စရာ ကင်းမဲ့လွန်း၍ လင်းဝေယွမ်တို့မှာ အရူးများပမာ ခေါင်းကိုခါယမ်းမိလိုက်ကြသည်။ သည်ရလဒ်ကို သူတို့အနေနှင့် လက်ခံနိုင်စွမ်းမရှိပါ။
သို့သော် သူတို့လက်ခံလိုသည်ဖြစ်စေ၊ မလိုသည်ဖြစ်စေ အရှိတရားက သူတို့ရှေ့မှောက်တွင် ရှိနှင့်ပြီးသားဖြစ်သည်။ ကျန်းချန်ရွှမ်သည် ထိုလူစုအား ညှာတာဖို့ မစဉ်းစားတော့ဘဲ အဆုံးသတ်ရန်ပြင်လိုက်သည်။ ဗလာနယ်နဂါးဓားသည် ရုတ်တရက် မီးလျှံဓားအလင်းတန်းကြီးအဖြစ် ပြောင်းလဲကာ လင်းဝေယွမ်နှင့် ကျန်တစ်ဦးကို ခုတ်ပိုင်းလိုက်သည်။ လင်းဝေယွမ်တို့လည်း အကာအကွယ်ဓမ္မလက်နက်ကို အလျင်အမြန် ထုတ်ယူကာကွယ်လိုက်သည်။ ကျန်းချန်ရွှမ်၏ ဓားအလင်းတန်းနှင့် လင်းဝေယွမ်၏ တောင်နှင့်မြစ် တံဆိပ်တော်နှစ်ခု တိုးတိုက်မိပြီး လူရော တံဆိပ်ပါ လွင့်စင်သွားသည်။ ထို့နောက် ဗလာနယ်ဓားသည် လေထဲတွင် ရပ်တန့်သွားပြီး တစ်ဖန်ပြန်ကွေ့ကာ ကျန်တစ်ဦး၏ ဓမ္မလက်နက်ကိုပါ နှစ်ပိုင်းဖြတ်လိုက်သည်။
ဓားအလင်းတန်းကြီးသည် အရှိန်လျော့သွားခြင်းမရှိဘဲ တုန်လှုပ်စွာ မော့ကြည့်နေမိသော ထိုလူ၏ ခန္ဓာကိုယ်ကြီးကိုပါ ဆက်တိုက်ပိုင်းဖြတ်လိုက်သည်။ သွေးများက လေထုထဲသို့ ပြန့်ကျဲသွားသည်။
ထိုမြင်ကွင်းကို ကောင်းကင်ထက်သို့ လွင့်စင်သွားသော လင်းဝေယွမ်မြင်လိုက်ရပြီးနောက် နာကျင်စွာ အသံကုန်အော်ဟစ်လိုက်မိသည်။ ယခုအခါ သူနောင်တကြီးစွာ ရနေပြီဖြစ်သည်။ ရန်သူသာ ထိုမျှစွမ်းအားကြီးမည်မှန်း ကြိုသိခဲ့လျှင် မည်သည့်အကြောင်းနှင့်မှ စတင်တိုက်ခိုက်ခဲ့မည်မဟုတ်ပါ။ ယခုတော့ အရာရာနောက်ကျသွားပြီဖြစ်သည်။ ကျန်းချန်ရွှမ်၏ ဓားက လင်းဝေယွမ်ကို ခုတ်ပိုင်းတော့မည်အပြုတွင် အေးစက်စက်လှောင်ရယ်သံတစ်ခု ပေါ်လာပြီး ဓမ္မစွမ်းအင်ဖြင့် ဖန်တီးထားသော လက်ကြီးတစ်စုံက ကျန်းချန်ရွှမ်၏ ဗလာနယ်ဓားကို ခတ်ထုတ်လိုက်သည်။
အုံး!
ကျယ်လောင်သော တန်ပြန်လှိုင်းကြီးက အရပ်ဆယ်မျက်နှာသို့ ဖြာထွက်သွားသည်။ ဓမ္မစွမ်းအင်လက်ကြီးမှာ ရုတ်ချည်းမှိန်ဖျော့သွားသလို ဗလာနယ်နဂါးဓားသည်လည်း အော်ညည်းလျက် ကျန်းချန်ရွှမ်ထံသို့ ပြန်လည်ပြေးဝင်သွားသည်။ ထိုမြင်ကွင်းကြောင့် ကျန်းချန်ရွှမ်သည် မျက်နှာအနည်းငယ်ပျက်သွားပြီး ကောင်းကင်ပေါ်သို့ မော့ကြည့်မိလိုက်သည်။ အစိမ်းရောင်ဝတ်ရုံဝတ်ထားသော သက်လတ်ပိုင်းအရွယ် လူတစ်ယောက်သည် လေထဲတွင်ရပ်လျက် ကျန်းချန်ရွှမ်အား စူးစူးရဲရဲစိုက်ကြည့်နေသည်။
“ကျီဖုအဆင့် ပဲ”
ကျန်းချန်ရွှမ်တစ်ယောက် ဖြည်းညင်းစွာ ရေရွတ်လိုက်မိသည်။ ထိုအချိန်တွင် လင်းဝေယွမ်မှာ ထိုသူကိုမြင်ပြီး အံ့အားသင့်လျက် ထအော်သည်။ “ဘိုးဘေး”
လင်းမိသားစု၏ ဘိုးဘေးဖြစ်သူ လင်းထျန်းဖန်သည် လင်းဝေယွမ်အား လှည့်ကြည့်ပြီးနောက် ခေါင်းညိတ်ပြသည်။ ထို့နောက် ကျန်းချန်ရွှမ်ကို စိုက်ကြည့်လျက်
“မင်းဘယ်သူလဲတော့မသိပေမဲ့ ငါတို့လင်းမိသားစုရဲ့ အကြီးအကဲတွေကို သတ်ပစ်လိုက်တဲ့အတွက် ခွင့်မလွှတ်ပေးနိုင်ဘူး။ ငါ့လက်နဲ့သေချင်သလား၊ ကိုယ့်ဘာသာ သတ်သေမလား”
လင်းထျန်းဖန်၏ ခြိမ်းခြောက်စကားကိုကြားသောအခါ ကျန်းချန်ရွှမ်၏ မျက်နှာမှာ တင်းမာသွားသည်။ ယခုရင်ဆိုင်ရတော့မည့် ရန်သူသည် ကျီဖုအဆင့်ကို ယခုမှရောက်ရှိထားသည် ဆိုသော်လည်း သူ၏ကျင့်ကြံမှုအဆင့်ထက် သာလွန်နေသော ကျီဖုအဆင့် ကျင့်ကြံသူဖြစ်နေသည်။ ကျန်းချန်ရွှမ်သည် သူ့ထံတွင် ဝှက်ဖဲတစ်ခုရှိထားသည် ဆိုရုံမျှနှင့် ကျီဖုအဆင့်ကျင့်ကြံသူတစ်ဦးကို အလွယ်တကူ အနိုင်မယူနိုင်ကြောင်း သိရှိထားပြီးဖြစ်သည်။ သူ့တွင်ဝှက်ဖဲရှိသလို လင်းထျန်းဖန်တွင်လည်း ဝှက်ဖဲရှိနေနိုင်သည်လေ။
တစ်ချိန်တည်းတွင် ကျန်းချန်ရွှမ် တွေးမိသည်က သူသည် ကိုယ့်ကိုယ်ကို လိုသည်ထက် အထင်ကြီးနေမိခဲ့သည်ဟူ၍ ဖြစ်သည်။ ယနေ့ကံကောင်းထောက်မ၍ မသေခဲ့လျှင်တောင် သူ၏မောက်မာဘဝင်မြင့်မှုကြောင့် တစ်နေ့နေ့ အသတ်ခံရနိုင်ကြောင်းလည်း သူစဉ်းစားမိသည်။ ကျင့်ကြံခြင်းလမ်းစဉ်တွင် ရန်သူကိုအထင်သေးခြင်းသည် အကြီးဆုံးအမှားဖြစ်သလို လက်ရှိ သူကျင့်ကြံမှုအဆင့်အတန်းနှင့် ဘယ်ရန်သူကိုမှ အထင်သေးခွင့်မရှိသေးကြောင်း သူနားလည်လိုက်သည်။
ထိုအချိန်တွင် ဗလာနယ်နဂါးဓားသွား တစ်ခုလုံးသည် ရုတ်တရက်တုန်ခါလာတော့သည်။ ထို့နောက်တွင် ဓားထံမှ အော်ညည်းသံ အချို့နှင့်အတူ ကြောက်မက်ဖွယ် အော်ရာလှိုင်းတစ်ခု ဖြာထွက်လာတော့သည်။ ထိုမြင်ကွင်းကြောင့် လင်းထျန်းဖန်၏ မျက်လုံးများမှာ ကျဉ်းမြောင်းသွားကာ စိတ်ထဲတွင် ရုတ်တရက်တုန်လှုပ်သွားမိသည်။
“ဒီအော်ရာက……. မဖြစ်နိုင်ဘူး”
***
နှစ်တစ်ရာကျင့်ကြံပြီးနောက်
အခန်း ၉၂ ။ ကျီဖုအဆင့်ကို သတ်ဖြတ်ခြင်း
ထိုအချိန်တွင် ကျန်းချန်ရွှမ်လက်အတွင်းရှိ ဗလာနယ်နဂါးဓားသည် အနီရောင် အလင်းတန်းအဖြစ် လင်းထျန်းဖန်ထံသို့ ပြေးဝင်သွားသည်။ အဆိုပါစွမ်းအင်သည် ကျန်းချန်ရွှမ်၏ အကြိမ်၁၀၀ မြောက်ဥက္ကာခဲ၏ စွမ်းအားဖြစ်ပြီး ကြက်သွေးရောင်အလင်းဟု ခေါ်တွင်ကာ ထိုစွမ်းအင်ကို ထုတ်ဖော်လိုက်ပါက မိုင်တစ်ရာအတွင်းရှိ အရာအားလုံး အနီရောင်အဖြစ် ပြောင်းလဲသွားမည်ဖြစ်သည်။
လင်းထျန်းဖန်သည် အလွန်အန္တရာယ်ကြီးမားသည့် အရာတစ်ခု သူ့ထံပြေးဝင်ချဉ်းကပ်လာသည်ကို ငေးကြည့်နေမိရင်း မျက်နှာတစ်ခုလုံးမှာ သွေးဆုတ်သလို ဖြူလျော်သွားသည်။ အခြေခံတည်ဆောက်မှုအဆင့် ကျင့်ကြံသူတစ်ဦးက ဤမျှစွမ်းအားကြီးသော တိုက်ခိုက်မှုကို ဖော်ထုတ်နိုင်ခြင်းမှာ သူ့အတွက်တော့ ယုံကြည်နိုင်စရာမရှိပေ။ လင်းထျန်းဖန်သည် တစ်စုံတစ်ရာကို အလျင်အမြန်ရွတ်ဆိုလိုက်သည်။
ထိုခဏတွင် လင်းထျန်းဖန်၏ ဦးခေါင်းထက်မှ ကျောက်စိမ်းဖြူစေတီတစ်ဆူ ပေါ်ထွက်လာပြီး ကျန်းချန်ရွှမ်၏ ကြက်သွေးရောင်အလင်းတန်းကိူ ကာကွယ်ခုခံလိုက်သည်။ တစ်ချိန်တည်းတွင် စေတီမှာ ပေတစ်ထောင်ခန့်အထိ ဆန့်ထွက်လာပြီး စေတီပတ်လည်တွင် အလင်းစက်ကွင်းများ အစီအရီပေါ်ပေါက်လာကာ ကျန်းချန်ရွှမ်၏ အနီရောင်အလင်းတန်းအား လွှမ်းခြုံကာ စတင်ချေဖျက်တော့သည်။ သို့သော် ကျန်းချန်ရွှမ်၏ ရှိသမျှအားအင်အကုန် ထုတ်ဖော်၍ တိုက်ခိုက်လိုက်သော အလင်းတန်းကြီးကို ရေရှည်မခုခံနိုင်တော့ဘဲ စေတီပတ်လည်ရှိ အလင်းစက်ကွင်းများမှာ တစ်ခုပြီးတစ်ခု ပျောက်ကွယ်ကုန်သည်။
နောက်ဆုံးတွင် အနီရောင်အလင်းတန်းနှင့် ကျောက်စိမ်းဖြူစေတီတို့ ထိပ်တိုက်တွေ့မိပြီး ခေါင်းလောင်းတီးခတ်လိုက်သလို ကျယ်လောင်သောအသံကြီး မြည်ဟည်းကာ တန်ပြန်ပေါက်ကွဲမှုလှိုင်းကြီးသည် လေဆာအလင်းတန်းများသဖွယ် အရပ်မျက်နှာအနှံ့သို့ ပျံ့လွင့်သွားသည်။ လေဆာတန်းများအနက် တစ်ခုသည် အဝေးရှိ မီတာတစ်ထောင်ခန့်မြင့်သည့် တောင်ကြီးတစ်လုံးကို ရိုက်ခတ်မိပြီး တောင်ကြီးမှာ ဓားနှင့်ခုတ်သလို နှစ်ပိုင်းပြတ်သွားတော့သည်။ မရေမတွက်နိုင်သော မြေမှုန့်မြေခဲထုကြီးများသည်လည်း ကောင်းကင်အထက် ဆန်တက်၍ မိုးကောင်းကင်တစ်ခြမ်းမှာ မှောင်မဲသွားသည်။
ထိုအချိန်တွင် လင်းထျန်းဖန်၏ ပါးစပ်အတွင်းမှ သွေးတစ်လုပ် အန်ထွက်လာသည်။ ကောင်းကင်ထက်တွင် ရပ်လျက်ရှိသော သူ့ခန္ဓာကိုယ်မှာလည်း တဖြည်းဖြည်း တုန်ယင်လာသည်။
“ကျောက်စိမ်းဖြူစေတီပြန်လာခဲ့”
လင်းထျန်းဖန်ရေရွတ်ပြီးနောက် ပေတစ်ထောင်ခန့်ရှိသည့် စေတီမှာ ချာလပတ်ရမ်းလျက် သူ့ထံသို့ပျံသန်းလာသည်။ ပျံလာနေစဉ် စေတီ၏ အရွယ်အစားမှာ တဖြည်းဖြည်းသေးငယ်လာပြီး လင်းထျန်းဖန်၏ လက်အတွင်း ပြန်လည်ရောက်ရှိသည့်အခါ လက်တစ်ဝါးခန့်သာ ကျန်ရှိတော့သည်။ ထို့အပြင် စေတီ၏အော်ရာများမှာ အရောင်မှိန်သွားသည့်အပြင် ကိုယ်ထည်တွင်လည်း အက်ကြောင်းများ ထနေပြီး ပျက်စီးလုနီးပါး ဖြစ်သွားပြီဖြစ်သည်။
လင်းထျန်းဖန်၏ မျက်လုံးများသည် သွေးကဲ့သို့ ချင်းချင်းနီလာပြီး ရန်သူအား အဆုံးစွန်အထိ အားကုန်တိုက်ခိုက်ရန် ဆုံးဖြတ်လိုက်တော့သည်။ ထိုစဉ် လင်းထျန်းဖန်၏ ဦးခေါင်းထက်မှ သွေးကဲ့သို့ နီစွေးသော လေများစုဝေးဖြစ်တည်လာသည်။ ကိုယ်တွင်းရှိသွေးများကို လောင်ကျွမ်းစေလိုက်သည့် လက္ခဏာဖြစ်သည်။ ထို့နောက် သူ့ဦးခေါင်းအပေါ်မှ ငွေရောင်လှံတစ်စင်း ပျံထွက်လာပြီး အရာအားလုံးကို ချေမှုန်းနိုင်စွမ်းရှိသည့် အဟုန်ကိုသယ်ဆောင်လျက် ကျန်းချန်ရွှမ်၏ ကြက်သွေးရောင်အလင်းထံ ပျံသန်းသွားသည်။ အနီးနားရှိ လေထုကိုပင် တုန်လှုပ်သွားစေသည့် အသံကြီးတစ်ခု မြည်ဟည်းသွားပြီး ကြက်သွေးရောင်အလင်းနှင့် ထိပ်တိုက်တိုးတော့သည်။ သွေးလောင်ကျွမ်းခြင်းစွမ်းအား ပံ့ပိုးထားမှုကြောင့် ငွေရောင်လှံမှာ အဆမတန်အားကောင်းနေပြီး သိသိသာသာပင် အသာရလျက်ရှိသည်။ ထို့ကြောင့် လင်းထျန်းဖန်သည် ကျေနပ်စွာပြုံးလိုက်ရင်း
“ကောင်လေး ကျီဖုအဆင့်နဲ့ အခြေခံတည်ဆောက်မှုအဆင့် ဘယ်လောက်ကွာလဲဆိုတာ ဒီနေ့ မင်းကိုပြမယ်”
“ဟုတ်လား”
လင်းထျန်းဖန်ကြိမ်းဝါးလိုက်ပြီးနောက် ရှန်းရူယန်၏ မတုန်မလှုပ်အသံက သူ့နားထဲသို့ ရောက်ရှိလာသည်။ တစ်စုံတစ်ရာ မတုံ့ပြန်နိုင်သေးခင်ပင် ကြက်သွေးရောင်အလင်းထက်ပင် ပိုမိုကြောက်မက်ဖွယ်ကောင်းသော ဓားအလင်းတန်းတစ်ခုက လင်းထျန်းဖန်၏ ရှေ့မှောက်တွင် ပေါ်လာတော့သည်။
“အဆင့် ၃ ဓမ္မရတနာပဲ”
လင်းထျန်းဖန်တစ်ယောက် တုန်လှုပ်စွာ ရေရွတ်လိုက်မိသည်။ ကျန်းချန်ရွှမ်နှင့် အတူပါလာသော အဖော်သည်လည်း စွမ်းအားအလွန်မြင့်သော ကျင့်ကြံသူတစ်ဦးဖြစ်နေမည်ဟု သူမထင်ထားခဲ့ပေ။ အမှန်မှာ ကျန်းချန်ရွှမ်ပြသခဲ့သော စွမ်းအားထက်ပင် ပိုမိုသာလွန်နေသေးသည်။ ဓားအလင်းတန်းမှာ လျင်မြန်လွန်းသည့်အပြင် အငိုက်မိသွားခြင်းကြောင့် လင်းထျန်းဖန်သည် တုံ့ပြန်ချိန်မရလိုက်ဘဲ သူ့ခန္ဓာကိုယ်မှာ နှစ်ပိုင်းပြတ်သွားပြီး ဓားအလင်း၏ ဝါးမျိုခြင်းကို ခံလိုက်ရတော့သည်။
တကယ်တော့ ရှန်းရူယန်၏ တိုက်ခိုက်မှုမှာ ချောင်းမြောင်းတိုက်ခိုက်မှုဟု သတ်မှတ်နိုင်ပါသည်။ လင်းထျန်းဖန်၏ အာရုံအလုံးစုံမှာ ကျန်းချန်ရွှမ်ထံတွင် ရောက်ရှိနေစဉ် ရှန်းရူယန်သည် အခွင့်ကောင်းယူလျက် အဆင့်၃ ဓမ္မရတနာ မိုးကြိုးလျှပ်စီး မီးဓားလက်နက်ဖြင့် တစ်ချက်တည်း အဆုံးသတ်လိုက်ခြင်းဖြစ်သည်။ တစ်ချိန်တည်းတွင် ကျန်းချန်ရွှမ်၏ ကြက်သွေးရောင်အလင်းနှင့် ရင်ဆိုင်နေသော ငွေရောင်လှံမှာ ပိုင်ရှင်မဲ့သွားသည့်အတွက် အားပျော့ကာ အဝေးသို့ လွင့်စင်သွားတော့သည်။ လေထဲတွင် ရပ်လျက်ရှိသည့် ရှန်းရူယန်က ငွေလှံကိုဖမ်းယူလိုက်သည်။ ရှန်းရူယန်လက်ထဲ ရောက်ရှိသွားသော ငွေလှံသည် အစပထမတွင် အနည်းငယ် ရုန်းကန်လူးလွန့်နေသော်လည်း လက်ဖြင့်ဖိဆုပ်လိုက်သောအခါ ငြိမ်သက်သွားသည်။
ထိုအချိန်တွင် လင်းဝေယွမ်မှလွဲ၍ လင်းမိသားစုခေါင်းဆောင်အားလုံး သေဆုံးကုန်ဖြစ်သည်။ လင်းဝေယွမ်သည် အဖြစ်အပျက်အားလုံးကို မြင်တွေ့ပြီးနောက် အရူးပမာ ခေါင်းကိုယမ်းနေသည်။ ထို့နောက် ကိုယ်တွင်းရှိ သွေးများကို လောင်ကျွမ်းလိုက်ပြီး အဝေးသို့ ဒရောသောပါး ထွက်ပြေးပါတော့သည်။
“မဖြစ်နိုင်ဘူး၊ သူတို့နှစ်ယောက်လုံး အခြေခံတည်ဆောက်မှုအဆင့်ပဲ ရှိသေးတာ။ ကျီဖုအဆင့် ဘိုးဘေးကို ဘယ်လိုလုပ်ပြီး သတ်နိုင်တာလဲ။ ဒါမဖြစ်နိုင်ဘူး၊ ဟုန်မိသားစုကို ချက်ချင်းအသိပေးမှ ဖြစ်မယ်။ ဟုန်မိသားစုက ဒါမျိုးကို လုံးဝသည်းခံမှာ မဟုတ်ဘူး။ မင်းတို့ကြည့်နေပါ၊ ဒီကိစ္စမပြီးသေးဘူး၊ မင်းတို့ရှန်းမျိုးနွယ်စုတစ်ခုလုံး ပြန်ပေးဆပ်ရမယ်”
စိတ်ထဲတွင်ကြိမ်းဝါးနေရင်း လင်းဝေယွမ်မှာ ကီလိုမီတာ ရာဂဏန်း အကွာအထိ ရောက်ရှိသွားသည်။ လင်းဝေယွမ်တစ်ယောက် ကြောက်မက်ဖွယ် ကျင့်ကြံသူနှစ်ဦးလက်ထဲမှ လွတ်မြောက်ပြီဟု စိတ်ထဲတွေးမိလိုက်သည့်အခိုက်တွင် အမျိုးသမီးတစ်ဦး၏ အေးစက်စက်အသံကို ကြားလိုက်ရသည်။
“လင်းမိသားစုအကြီးအကဲက ဘယ်သွားမလို့လဲ”
လင်းဝေယွမ်သည် အသံကြားရာသို့ ကြောက်လန့်တကြား လှည့် ကြည့် မိလိုက်သည်။ ရှန်းရူယန်သည် သူနှင့်ဘေးချင်းယှဉ်လျက် ပျံသန်းနေသည်ကို ထိတ်လန့်ဖွယ်တွေ့မြင်လိုက်ရတော့သည်။ လင်းဝေယွမ်သည် အနိုင်နိုင်အားယူလျက် ပြုံးပြလိုက်ပြီး အထစ်ထစ်အငေါ့ငေါ့နှင့် တောင်းပန်ရန် ကြိုးစားလိုက်သည်။
“အခုဖြစ်သွားတာက နားလည်မှုလွဲကြတာပါ၊ ကျုပ်မှာ ဟုန်မိသားစုနဲ့ ပတ်သက်ပြီး လျှို့ဝှက်ချက်တစ်ခု သိထားပါတယ်၊ အသက်ချမ်းသာပေးရင် ပြောပြပါ့မယ်”
“ဟုတ်လား”
ရှန်းရူယန်က သူ့စကားကို စိတ်ဝင်စားဟန်မပြဘဲ မတုန်မလှုပ်ပြောလိုက်သည်။
“မလိုဘူး၊ ငါ့အခုလာတာ နင့်ကိုငရဲပို့ဖို့ပဲ”
စကားဆုံးသည်နှင့် ရှန်းရူယန်သည် လက်ကိုမြှောက်လိုက်ရာ လျှပ်စီးနှင့် မီးလျှံများ ကွန့်မြူးနေသော မိုးကြိုးအသွင် ဓားအလင်းတန်းတစ်ခု ပေါ်ပေါက်လာတော့သည်။ လင်းဝေယွမ်သည် အလွန်တုန်လှုပ်သွားပြီး ကြောက်လန့်တကြားအော်ဟစ်ပါတော့သည်။
“မလုပ်ပါနဲ့၊ ချမ်းသာပေးပါ။ လင်းမိသားစုမှာ ရတနာတွေ အများကြီးရှိပါတယ်။ လိုက်ပြပေး......”
လင်းဝေယွမ်၏ စကားမဆုံးခင်တွင်ပင် ရှန်းရူယန်၏ မိုးကြိုးလျှပ်စီး မီးလျှံဓားလက်ချက်ဖြင့် သွေးမြူအဖြစ်သို့ ပြောင်းသွားတော့သည်။
***
နှစ်တစ်ရာကျင့်ကြံပြီးနောက်
အခန်း ၉၃ ။ အဆုံးသတ်ခြင်း
သွေးမြူအဖြစ် ပြောင်းသွားသော လင်းဝေယွမ်၏ အလောင်းကိုကြည့်ရင်း ရှန်းရူယန် ရေရွတ်လိုက်သည်။
“အချိန်ကျလာရင် နင်တို့လင်းမိသားစုရဲ့ ရတနာအားလုံးကို ငါယူမှာပါ”
ထို့နောက် ရှန်းရူယန်သည် လျှပ်စီးကြောင်းအသွင် ပြောင်းပြီး ကျန်းချန်ရွှမ်၏ နံဘေးသို့ ပြန်လည်ရောက်ရှိလာတော့သည်။ ထိုအချိန်တွင် ကျန်းချန်ရွှမ်သည် ကြက်သွေးရောင် ရွှေသတ္တုတွင်းကို ကာရံထားသည့် အစီအရင်ကွက်ရှိရာနေရာသို့ ရောက်ရှိနေပြီးဖြစ်သည်။ ကျန်းချန်ရွှမ် စစ်မှန်မှုအနှစ်သာရဆေးပြားကို ထုတ်ယူသောက်သုံးပြီးနောက် မရှေးမနှောင်းတွင် ရှန်းရူယန် ပြန်လည်ရောက်ရှိလာသည်ကို တွေ့ရသည်။ ရှန်းရူယန်က ကျန်းချန်ရွှမ်ထံ လျှောက်လာပြီး စိုးရိမ်တကြီးမေးလိုက်သည်။
“ယောက်ျား ဘာဖြစ်သွားသေးလဲ။ အဆင်ပြေရဲ့လား”
ကျန်းချန်ရွှမ်က ပြုံးရင်း ခေါင်းညိတ်ပြသည်။
“မစိုးရိမ်နဲ့၊ ကိုယ်ဘာမှမဖြစ်ဘူး၊ နည်းနည်းပင်ပန်းသွားရုံပါ”
“တော်သေးတာပေါ့”
ထိုစဉ် ရှန်းရူယန်က တစ်စုံတစ်ခုကို သတိရမိလိုက်ပြီး အံ့သြတကြီးမေးလိုက်မိသည်။
“အကြီးအကဲရွီရော၊ ဘယ်ပျောက်သွားတာလဲ”
စကားမဆုံးသေးခင်မှာပင် မနီးမဝေးအရပ်မှ အလင်းတန်းတစ်ခု ပျံသန်းလာသည်ကို မြင်လိုက်ရသည်။ ထိုအလင်းတန်းမှာ ရွှီချန်းဟယ်ဖြစ်ပြီး လင်းမိသားစုဝင် ဂိုဏ်းတပည့်များ ထွက်ပြေးသွားသည့်နောက်သို့ လိုက်သွားခြင်းဖြစ်သည်။ ဝါရင့်အခြေခံတည်ဆောက်မှုအဆင့် ကျင့်ကြံသူတစ်ဦးဖြစ်သူ ရွှီချန်းဟယ်သည် ကျန်းချန်ရွှမ်နှင့် ရှန်းရူယန်တို့ ယနေ့ဆောင်ရွက်ခဲ့သည့် လုပ်ရပ်မှာ အံ့အားသင့်စရာကောင်းလွန်းနေမှန်း နားလည်လိုက်သည်။
အခြေခံတည်ဆောက်မှုအဆင့် ကျင့်ကြံသူတစ်ဦးက ကျီဖုအဆင့် ကျင့်ကြံသူတစ်ဦးကို သတ်ဖြတ်လိုက်နိုင်ခြင်းမျိုးကို ရွှီချန်းဟယ်တစ်ယောက် အရင်က မြင်ဖို့မဆိုထားနှင့် ကြားပင်မကြားဖူးပါ။ ကျင့်ကြံမှုနယ်ပယ်တစ်ဆင့်သာ ကွာခြားသော်လည်း ကျီဖုနယ်ပယ်နှင့် အခြေခံတည်ဆောက်မှုနယ်ပယ်မှာ ပိုးစုန်းကြူးနှင့် လမင်းပမာ ကွာဟပါသည်။
ထို့ကြောင့် ရွှီချန်းဟယ် ပထမဆုံးတွေးမိသည်က အဆိုပါအဖြစ်အပျက် လူသိရှင်ကြား ပြန့်ပွားမှုမရှိစေရန် လင်းမိသားစု၏ ဂိုဏ်းတပည့်အားလုံးကို နှုတ်ပိတ်ပစ်ရန်ဖြစ်သည်။
“အကြီးအကဲရွှီ”
ပြန်လည်ရောက်ရှိလာသော ရွှီချန်းဟယ်ကို ကျန်းချန်ရွှမ်နှင့် ရှန်းရူယန်တို့က နှုတ်ဆက်လိုက်ကြသည်။ ရွှီချန်းဟယ်က ခေါင်းညိတ်၍ တုံ့ပြန်နှုတ်ဆက်လိုက်ပြီး သက်ပြင်းချလိုက်သည်။
“မင်းတို့နှစ်ယောက်ရဲ့ အဆင့်အတန်းက ဒီအနေအထားအထိ ရောက်နေပြီပဲ၊ ပြီးတော့ မစိုးရိမ်နဲ့။ ထွက်ပြေးသွားတဲ့ လင်းမိသားစု ဂိုဏ်းတပည့်တွေကို အကုန်ရှင်းခဲ့ပြီးပြီ။ ဒီနေ့ဖြစ်ခဲ့တာတွေကို ဘယ်သူမှ သိမှာမဟုတ်ပါဘူး”
ထို့နောက် ရွှီချန်းဟယ်က တစ်ခုခုစဉ်းစားမိဟန်ဖြင့် မျက်နှာထားမှာ ရုတ်တရက်လေးနက်သွားပြီး မေးခွန်းထုတ်လိုက်သည်။
“ဒါနဲ့ လင်းမိသားစုကို ငါတို့ဘာဆက်လုပ်သင့်လဲ”
ထိုမေးခွန်းကြောင့် ကျန်းချန်ရွှမ်နှင့် ရှန်းရူယန်တို့မှာ တစ်ယောက်မျက်နှာ တစ်ယောက်ကြည့်မိလိုက်ကြသည်။ ထို့နောက် ကျန်းချန်ရွှမ်က သက်ပြင်းချလျက်
“အကြီးအကဲရွှီ ကျုပ်တို့နဲ့ လင်းမိသားစုက မဟာရန်သူဖြစ်သွားကြပြီ။ ဒီတော့ ကျုပ်တို့တတ်နိုင်တာ မရှိတော့ဘူး။ သူတို့အားလုံးကို အပြတ်ရှင်းရတော့မှာပေါ့”
“မှန်ပါတယ်”
ရွှီချန်းဟယ်က ကျန်းချန်ရွှမ်၏ အမြင်ကို သဘောတူလိုက်သည်။ ထို့နောက် ခေတ္တမျှ စဉ်းစားလိုက်ပြီး
“လင်းမိသားစုအားလုံးကို သုတ်သင်မဲ့ကိစ္စနဲ့ ပတ်သက်ပြီး မင်းတို့နှစ်ယောက် ဝင်မပါရင် အဆင်ပြေလိမ့်မယ်။ လတ်တလောမှာ မင်းတို့ရဲ့ စွမ်းအားအစစ်အမှန်ကို ဖုံးကွယ်ထားတာ အကောင်းဆုံးပဲ။ ပြီးတော့ လင်းမိသားစုရဲ့ ဘိုးဘေးနဲ့ အကြီးအကဲတွေလည်း သေကုန်ပြီဆိုတော့ ငါတို့နဲ့တင် လုံလောက်ပါတယ်၊ ဒီကိစ္စနဲ့ပတ်သက်ပြီး အစ်ကိုပိုင်ဖေးတို့နဲ့ သေချာဆွေးနွေးလိုက်မယ်။ လင်းမိသားစုကို တတ်နိုင်သမျှ အမြန်ဆုံးသုတ်သင်ဖို့ စီစဉ်လိုက်မယ်၊ မင်းတို့ဘယ်လိုသဘောရလဲ”
ရွှီချန်းဟယ်သည် ထိုစကားကို အတွေ့အကြုံရင့်ပြီး ပါးနပ်သော အကြီးအကဲတစ်ဦးအနေနှင့် ချင့်ချင့်ချိန်ချိန် ပြောကြားလိုက်ခြင်းဖြစ်သည်။ နတ်ဆိုးသားရဲများနှင့် တိုက်ပွဲအတွင်းကပင် ရှန်းရူယန်သည် အဆင့်၃ လင်းနို့သားရဲကို သတ်ဖြတ်လိုက်နိုင်ခြင်းကြောင့် လူအများ၏ အာရုံစိုက်မှုကို ရရှိခဲ့ပြီးဖြစ်သည်။ သို့သော် ထိုအချိန်က လူသားမျိုးနွယ်အတွက် သေရေးရှင်ရေးဖြစ်နေသည့်အပြင် ရှန်းရူယန်၏ စွမ်းဆောင်မှုအတွက် ရှင်းပြနိုင်စရာ အနေအထားတစ်ခုရှိသည့်အတွက် ကျင့်ကြံသူအများစုမှာ သံသယမဝင်ခဲ့ကြဘဲ ရှန်းမိသားစုကိုပင် ရှန်းရူယန်လို ပါရမီရှင်တစ်ဦး မွေးထုတ်ပေးသည့်အတွက် ချီးကျူးစကားဆိုခဲ့ကြပါသေးသည်။
သို့တိုင် ရှန်းရူယန်မှာ ကျင့်ကြံသူအချို့၏ အာရုံစိုက်မှုကို ဆက်လက်ခံနေခဲ့ရပြီး ကန်းယန်ဂိုဏ်း၏ အကြီးအကဲများအနက် ပထမဆုံး ကျီဖုအဆင့် အကြီးအကဲဖြစ်လာသူ ရှန်းမန်ရွှယ်၏ သြဇာအာဏာကို အသုံးပြုလျက် လူအများ၏သံသယဝင်မှုကို ရှောင်လွှဲခဲ့ရသည်။ သို့သော် ယခုအခြေအနေက အတိတ်ကဖြစ်စဉ်နှင့် လုံးဝမတူပါ။ အဆင့်၃ သားရဲကို သတ်ဖြတ်နိုင်စဉ်က ကျန်းချန်ရွှမ်နှင့် ရှန်းယွမ်လုံ၏ တိုက်ခိုက်မှုကြောင့် လင်းနို့သားရဲမှာ ဒဏ်ရာအကြီးအကျယ် ရရှိထားပြီးသားဖြစ်သော်လည်း ယခုရှန်းရူယန် သတ်ဖြတ်လိုက်သည်က ဒဏ်ရာအပြင်းအထန်မရထားသည့် အကောင်းပကတိနီးပါး ကျီဖုအဆင့်ကျင့်ကြံသူဖြစ်နေသည်။
ထိုမျှမကသေး လူသားကျင့်ကြံသူများတွင် အဆောင်လက်နက်များ၊ ဓမ္မရတနာများ အကူအညီရှိခြင်းကြောင့် အဆင့်တူ၊ နယ်ပယ်တူ နတ်ဆိုးသားရဲများနှင့် ယှဉ်ပြိုင်လျှင် တစ်ပန်းသာနေပြီးသားဖြစ်၍ လူသားတစ်ဦးက သူ့ထက် တစ်ဆင့်မြင့်သော နတ်ဆိုးသားရဲကိုသတ်ဖြတ်နိုင်ခြင်းမှာ အံ့သြစရာကောင်းသော်လည်း အကြောင်းပြချက်ပေးနိုင်သေးပြီး တန်းတူလူသားချင်း ရင်ဆိုင်ရသည့် အခြေအနေမျိုးတွင် အခြေခံတည်ဆောက်မှုအဆင့် ကျင့်ကြံသူက ကျီဖုအဆင့်ကို သတ်ဖြတ်လိုက်နိုင်ခြင်းမှာတော့ ရှင်းပြနိုင်စရာ အကြောင်းပြချက်မရှိပါ။
သည်သတင်းသာ ပေါက်ကြားသွားပါက ယွင်နိုင်ငံရှိ ကျင့်ကြံမှုလောကတစ်ခုလုံးကို ရိုက်ခတ်သွားနိုင်ပါသည်။ ထို့ကြောင့် ရှန်းရူယန် နှင့် ကျန်းချန်ရွှမ်တို့အနေနှင့် လတ်တလော လူမြင်မခံဘဲ သိုသိုသိပ်သိပ် နေထိုင်ရမည်ဖြစ်ပြီး လင်းမိသားစုဘိုးဘေးသည် ရှန်းမိသားစုဘိုးဘေး၏ လက်ချက်ဖြင့် သေဆုံးရသည်ဟု သတင်းလွှင့်မည်ဖြစ်သည်။ ကျန်းချန်ရွှမ်နှင့် ရှန်းရူယန်တို့လည်း ရွှီချန်းဟယ်၏အကြံကို လက်သင့်ခံလိုက်ကြသည်။ ရွှီချန်းဟယ်လည်း အချိန်မဆိုင်းဘဲ သတ္တုတွင်းကို စောင့်ကြပ်သည့် အစီအရင်အလံကို လက်လွှဲပေးပြီး ယွီဟွာတောင်သို့ တက်သုတ်နှင်ပါတော့သည်။
ယွီဟွာတောင်တွင် စောင့်မျှော်နေကြသော ရှန်းပိုင်ဖေးနှင့် ဂိုဏ်းအကြီးအကဲများသည်လည်း ဖြစ်စဉ်အားလုံးကို ကြားသိပြီးနောက် အကြီးအကျယ်တုန်လှုပ်သွားသလို တစ်ချိန်တည်းတွင် ထခုန်မိမတတ် ဝမ်းမြောက်သွားကြသည်။ ကျန်းချန်ရွှမ်နှင့် ရှန်းရူယန်တို့၏ ကျင့်ကြံမှုအဆင့် တိုးတက်ပုံမှာ မြန်ဆန်လွန်းမှန်း ရှေးကတည်းက သိရှိပြီးဖြစ်သော်လည်း နှစ်အနည်းငယ်ကျင့်ကြံပြီးနောက် လက်ရှိအဆင့်အတန်းအထိ ရောက်ရှိလာကြလိမ့်မည်ဟု သူတို့မျှော်လင့်ထားခြင်းမရှိပါ။ သို့သော် ထိုကိစ္စကို အသာထား၍ လတ်တလောပြဿနာကိုသာ ဖြေရှင်းရန်ကြံရွယ်လိုက်ကြသည်။ ရွှီချန်းဟယ်နှင့် အနည်းငယ်ဆွေးနွေးပြီးနောက် လင်းမိသားစုတစ်ခုလုံးကို သုတ်သင်မျိုးဖြုတ်ရန် ဆုံးဖြတ်လိုက်ကြသည်။
မကြာခင်အတွင်းမှာပင် ရှန်းမျိုးနွယ်စုဝင် ကျင့်ကြံသူအများအပြား စုဝေးမိလိုက်ကြသည်။ ရှန်းပိုင်ဖေးက ဦးဆောင်လျက် ဘိုးဘေးခန်းမကို ဝင်ရောက်ပြီး အဆင့်၃ ဓမ္မရတနာဖြစ်သည့် ပင်လယ်ပြာခေါင်းလောင်းကို ယူလိုက်သည်။ ထို့နောက် ရှန်းမိသားစု၏ ကျင့်ကြံသူတပ်ကြီးသည် လင်းမိသားစုရှိရာ ယာယီစခန်းသို့ ချီတက်ကြပါတော့သည်။ သူတို့အားလုံး၏ စိတ်ထဲတွင် လင်းမိသားစုကို အပြီးတိုင်ဖျက်ဆီးပစ်ရန် ရည်သန်ထားကြသည်။ ထိုအချိန်တွင် ကြက်သွေးရောင် ရွှေသတ္တုတွင်း၌ ရောက်ရှိနေသော ကျန်းချန်ရွှမ်နှင့် ရှန်းရူယန်တို့သည် လင်းထျန်းဖန်၊ လင်းဝေယွမ်နှင့်အခြားလူများ ကျန်ရစ်ခဲ့သော သိုလှောင်အိတ်များကို လှန်လှောရှာဖွေနေကြသည်။
***
နှစ်တစ်ရာကျင့်ကြံပြီးနောက်
အခန်း ၉၄ ။ လင်းမိသားစု၏ကံကြမ္မာ
ကျန်းချန်ရွှမ်နှင့် ရှန်းရူယန်တို့ သည်တစ်ချီ အတော်များများ ရလိုက်သည်ဟု ဆိုရမည်။ လင်းထျန်းဖန်လို လင်းမိသားစုဘိုးဘေးနှင့် မိသားစုအကြီးအကဲဖြစ်သူ လင်းဝေယွမ်တို့ထံမှ တန်ဖိုးကြီးရတနာများ မနည်းမနောရရှိလိုက်သည့်အပြင် ကျန်အခြေခံတည်ဆောက်မှုအဆင့် ကျင့်ကြံသူများထံမှလည်း အဆောင်ပစ္စည်း၊ ဓမ္မရတနာ၊ ဆေးရည်ဆေးပြား စသဖြင့် တန်ဖိုးရှိပစ္စည်းများကို သိမ်းပိုက်နိုင်လိုက်သည်။
စုစုပေါင်းတန်ဖိုးမှာ ဝိညာဉ်ကျောက်တုံးပေါင်း သုံးသောင်းခန့်ရှိပြီး လင်းထျန်းဖန်နှင့် လင်းဝေယွမ်ထံမှ ရရှိလိုက်သော ပစ္စည်းတန်ဖိုးမှာ ပိုမိုများပြားသည်။ ထို့ပြင် လင်းထျန်းဖန်၏ သိုလှောင်အိတ်ထဲမှ အဆင့်၃ အနိမ့်စား ဓမ္မလက်နက်နှစ်ခုကိုလည်း ရရှိလိုက်သေးသည်။ ကျောက်စိမ်းဖြူစေတီနှင့် အကုသိုလ်ရတနာခုနှစ်ပါး လှံပျံတို့ဖြစ်သည်။ ကျောက်စိမ်းဖြူစေတီမှာ ကျန်းချန်ရွှမ်နှင့် တိုက်ပွဲတွင် အကြီးအကျယ် ထိခိုက်ပျက်စီးသွားသော်လည်း အဆင့်၃ ဓမ္မရတနာဖြစ်၍ တန်ဖိုးကြီးမြင့်နေဆဲဖြစ်ပြီး အနည်းဆုံး ဝိညာဉ်ကျောက်တုံးနှစ်သောင်းခန့် တန်ကြေးရှိဦးမည်ဖြစ်သည်။ အကုသိုလ်ရတနာခုနှစ်ပါး လှံပျံကိုတော့ ဝိညာဉ်ကျောက်တုံး သုံးသောင်းခန့်ဖြင့် ရောင်းချနိုင်မည်ဖြစ်သည်။၊
ထိုမျှမကသေး လင်းထျန်းဖန်၏ သိုလှောင်အိတ်အတွင်းမှ စိတ်ဝင်စားဖွယ် ပစ္စည်းတစ်ခုကိုလည်း ရရှိလိုက်သည်။ လက်သီးဆုပ်အရွယ်ရှိသော သတ္တုဖြူကျောက်တုံး ဟုခေါ်သည့် အဆင့်၃ ရတနာပစ္စည်းတစ်မျိုးဖြစ်ကာ အဆင့်၃ ဓမ္မရတနာများကို သန့်စင်ရာတွင် အသုံးပြုသည့် ကုန်ကြမ်းပစ္စည်းဖြစ်သည်။ အဆိုပါပစ္စည်းမှာ ရှားပါးသည်ဖြစ်၍ အနည်းဆုံး ဝိညာဉ်ကျောက်တုံးခန့် တန်မည်ဖြစ်သည်။
ကျန်းချန်ရွှမ်တို့အနေနှင့် လင်းထျန်းဖန်တွင် မည်သည့်အကြောင်းကြောင့် တန်ဖိုးကြီးပစ္စည်းများ ပိုင်ဆိုင်ထားသည်ကို အသေအချာ မသိသော်လည်း လင်းမိသားစု၏ နောက်ကွယ်တွင် ဟုန်မိသားစုရှိနေပြီး လင်းထျန်းဖန်လိုအပ်သမျှကို ဟုန်မိသားစုက လိုလေသေးမရှိ ထောက်ပံ့နေသောကြောင့် ဖြစ်မည်ဟုခန့်မှန်းရသည်။
ဟုန်မိသားစု၏အကြံမှာ လင်းမိသားစုကို နောက်ကွယ်မှထောက်ပံ့ပေးကာ ပင်းချွမ်စီရင်စုတွင် အခြေချစေပြီး ရှန်းမျိုးနွယ်စု ကို နည်းလမ်းပေါင်းစုံဖြင့် ဒုက္ခပေးရန်ဖြစ်သည်ဟု ကောက်ချက်ချနိုင်သည်။ သို့သော် ဟုန်မိသားစုအတွက် ကံမကောင်းစွာနှင့် သူတို့ထောက်ပံ့ပေးထားသော လင်းထျန်းဖန်နှင့်တကွ ဟုန်မိသားစု၏ အကြီးအကဲများမှာ ကျန်းချန်ရွှမ်နှင့် ရှန်းရူယန်တို့နှစ်ဦး၏ လက်ချက်ဖြင့် အသက်ပျောက်သွားရပြီဖြစ်သည်။
လင်းထျန်းဖန်ထံမှ အဆင့် ၃ အနိမ့်စား ဓမ္မရတနာနှစ်ခုနှင့် အဆင့်၃ သတ္တုဖြူကျောက်တုံးတို့အပြင် အဆင့် ၂ ဓမ္မလက်နက်များနှင့် များစွာသော ဆေးရည်ဆေးပြားများ၊ ဓမ္မပစ္စည်းများကိုလည်း မနည်းမနော သိမ်းပိုက်ရရှိလိုက်ပြန်သည်။ ရရှိလိုက်သော အဆင့်၂ အမြင့်ဆုံးအဆင့်ရှိ ဓမ္မလက်နက်များအနက် တစ်ခုမှာ ရေကြည်ကန်ဓားပျံဖြစ်ပြီး ထိုတစ်ခုတည်းနှင့်တင် ကျန်းချန်ရွှမ်တစ်ယောက် သည်တိုက်ပွဲတွင် ဆုံးရှုံးခဲ့ရသမျှကို ပြန်ကာမိလိုက်သည်။ ကြက်သွေးရောင်အလင်းကို အသုံးပြုစဉ် ကျန်းချန်ရွှမ်၏ ဗလာနယ်နဂါးဓားမှာလည်း ပျက်စီးလုမတတ် ဖြစ်သွားခဲ့သည် မဟုတ်ပါလား။
အဆိုပါ အဆင့်၂ ရတနာပစ္စည်းအားလုံး၏ တန်ဖိုးမှာ ဝိညာဉ်ကျောက်တုံး သုံးသောင်းမှ လေးသောင်းအတွင်း ရှိပါလိမ့်မည်။ လင်းဝေယွမ်ထံမှ ရရှိလိုက်သော ပစ္စည်းတန်ဖိုးမှာလည်း မနည်းလှပေ။ ဒြပ်ငါးပါးအဆီအနှစ် ချီစီးကြောင်း တစ်သိန်းနီးပါးနှင့် မိုးကြိုး၊ လေ၊ ရေခဲဓာတ်များ၏ ချီစီးကြောင်းပမာဏ တစ်သိန်းခန့် တွေ့ရှိရသည်။
ထိုပစ္စည်းများမှာလည်း ဓမ္မရတနာများကို ပျိုးထောင်ရန်နှင့် သန့်စင်ရန် အဓိကလိုအပ်သော ကုန်ကြမ်းများဖြစ်ကြသည်။
အခြေခံတည်ဆောက်မှုအဆင့် မိသားစုများနှင့် ဂိုဏ်းများသည် အဆိုပါချီစီးကြောင်းများကို အခဲအဖြစ်ပြောင်းပြီး ကျီဖုအဆင့်နှင့်အထက် မိသားစုများကို ရောင်းချခြင်းဖြင့် သူတို့လိုအပ်သော ဝိညာဉ်ကျောက်တုံးများနှင့် ကျင့်ကြံရေးရင်းမြစ်များကို ရယူလေ့ရှိကြသည်။ ကျီဖုအဆင့်နှင့်အထက် မိသားစုများ၊ ဂိုဏ်းများအတွက် ဒြပ်ငါးပါးချီနှင့် အခြားဓာတ်အခြေခံ ချီစွမ်းအင်များမှာ အမြဲမပြတ် လိုအပ်လေ့ရှိကြသည်။
ဥပမာ ရှန်းရူယန်အနေနှင့် အဆင့် ၃ ဓမ္မရတနာဖြစ်သည့် မိုးကြိုးလျှပ်စီး မီးလျှံဓားကို သန့်စင်ရန် မီးဓာတ်နှင့် လျှပ်စစ်ဓာတ်အခြေခံ ချီစွမ်းအင်စီးကြောင်း ၅၀၀၀၀ ခန့်လိုအပ်မည်ဖြစ်သလို အနာဂတ်တွင် ကျန်းချန်ရွှမ်အနေနှင့်လည်း ကိုယ်ပိုင်ဓမ္မရတနာလောင်းကို သန့်စင်ပြုပြင်ပြီး အဆင့်၃ ဓမ္မရတနာအဖြစ် အသွင်ပြောင်းနိုင်ရန် ဒြပ်ငါးပါးအဆီအနှစ် ချီစွမ်းအင်ပမာဏ အတော်များများ လိုဦးမည်ဖြစ်သည်။ ထို့ကြောင့် လင်းဝေယွမ်ထံမှ ရရှိလိုက်သော ချီစွမ်းအင်စီးကြောင်းများမှာ ကျန်းချန် ရွှမ်တို့ နှစ်ဦးလုံးအတွက် အကျိုးရှိသည့်အပြင် လင်းဝေယွမ်ထံမှပင် အစီအရင်ပြားများ၊ စိတ်ဝိညာဉ်သစ်ဥသစ်ဖုများနှင့် အခြားသော အဆင့်၂ ရတနာပစ္စည်းများကိုလည်း သိမ်းဆည်းရရှိမိပြန်သည်။ လင်းဝေယွမ်သည် မိသားစုအကြီးအကဲဖြစ်နေ၍ သူ၏သိုလှောင်အိတ်တွင် ကျန်လူများထက် ရတနာပစ္စည်းများ ပိုမိုပါဝင်နေသည်ဟု ခန့်မှန်းရသည်။
သူအသုံးပြုခဲ့သော တောင်နှင့်မြစ်တံဆိပ်တော်ကိုလည်း တွေ့ရှိလိုက်သည်။ အဆိုပါတံဆိပ်သည် အဆင့်၂ အမြင့်ဆုံးအဆင့် ဓမ္မလက်နက်ဖြစ်ပြီး ဖိသိပ်ခြင်းနှင့် ကာကွယ်ခြင်းဟူ၍ လုပ်ဆောင်ချက်နှစ်မျိုးရှိကာ အနည်းဆုံး ဝိညာဉ်ကျောက်တုံး ၉၀၀၀ ခန့်တန်ဦးမည်ဖြစ်သည်။ လတ်တလော ရှန်းရူယန်ထံတွင် ကာကွယ်ရေးဓမ္မပစ္စည်း တစ်ခုမှရှိမနေသည်ကို သတိမထားမိသော ကျန်းချန်ရွှမ်က တံဆိပ်တော်ကို ရှန်းရူယန်လက်ထဲ ထည့်ပေးလိုက်သည်။
ကျန်းချန်ရွှမ်တို့နှစ်ဦး သိမ်းဆည်းရရှိမိသော ပစ္စည်းအားလုံးကို ရေတွက်ပြီးချိန်တွင် ရှန်းပိုင်ဖေးဦးဆောင်သည့် ရှန်းမျိုးနွယ်စုတပ်ကြီးသည် လင်းမိသားစု ယာယီအခြေစိုက်ရာ စခန်းအနီးသို့ ရောက်ရှိလာကြပြီဖြစ်သည်။ ရှန်းပိုင်ဖေးသည် အဆင့်၂ အစီအရင်ဖျက် အဆောင်လက်နက်များကို အသက်သွင်းလိုက်သည်။ အစီအရင်အကွက် ဖန်တီးဖွဲ့စည်းမှုတွင် ကျွမ်းကျင်သော ရွှီချန်းဟယ်အကူအညီဖြင့် လင်းမိသားစု၏ စခန်းကို ကာရံထားသော အစီအရင်အကွက်များကို အလွယ်တကူ ချိုးဖျက်နိုင်လိုက်သည်။
လင်းမိသားစုသည် လင်းထျန်းဖန် ကျီဖုအဆင့်ကို မတက်လှမ်းနိုင်ခင်က အလတ်စား အခြေခံတည်ဆောက်ခြင်း အဆင့် မိသားစုတစ်ခုသာဖြစ်ပြီး အခြေခံတည်ဆောက်ခြင်းအဆင့် ကျင့်ကြံသူ ၆ဦးမှ ၇ ဦးအထိသာရှိသည်။ ယခုအခါ ဘိုးဘေးဖြစ်သူ လင်းထျန်းဖန်နှင့်တကွ အခြေခံတည်ဆောက်ခြင်း အဆင့်ကျင့်ကြံသူငါးဦး ဆုံးရှုံးလိုက်ရပြီဖြစ်၍ လင်းမိသားစုမှာ အင်အားပြုန်းတီးလုမတတ်ဖြစ်နေတော့သည်။ အကာအကွယ်အစီအရင် ပြိုလဲသွားသောအခါ အခြေခံတည်ဆောက်မှု စတုတ္ထအဆင့် ကျင့်ကြံသူတစ်ဦးနှင့် ချီသန့်စင်ခြင်းအဆင့် ကျင့်ကြံသူ အများအပြား ခုန်ထွက်တိုက်ခိုက်လာတော့သည်။
သူတို့အားလုံးမှာ လက်ရှိဖြစ်ပွားနေသော အခြေအနေကို နားလည်ကြဟန်မတူပါ။ အဆိုပါ အခြေခံတည်ဆောက်ခြင်းအဆင့် ကျင့်ကြံသူမှာ ရှန်းပိုင်ဖေးနှင့် ရွှီချန်းဟယ်တို့ လက်ချက်ဖြင့် သေဆုံးသွားသည်။ ကျန်ချီသန့်စင်ခြင်းအဆင့် ကျင့်ကြံသူများသည်လည်း ရေရှည်ခုခံနိုင်စွမ်းမရှိဘဲ အတုံးအရုံးသေဆုံးကုန်ကြသည်။ ထို့နောက် ရှန်းပိုင်ဖေးဦးဆောင်၍ လင်းမိသားစုပိုင်ရတနာပစ္စည်းများကို သိမ်းပိုက်လိုက်ကြတော့သည်။
အဆိုပါအဖြစ်အပျက်များ ဖြစ်ပွားပြီး လဝက်ခန့်အကြာတွင် ရွှီချန်းဟယ်သည် သတ္တုတွင်းထံ ပြန်လည်ရောက်ရှိလာပြီး ကျန်းချန်ရွှမ်နှင့်ရှန်းရူယန်တို့ကို အကြောင်းစုံရှင်းပြလိုက်သည်။ ထို့နောက် ရွှီချန်းဟယ်က ပြုံးလျက်
“မင်းတို့နှစ်ယောက် ဘာမှလုပ်စရာမရှိရင် ယွီဟွာတောင်ကို ပြန်လို့ရပါပြီ။ အစ်ကိုပိုင်ဖေးနဲ့ငါ ဆွေးနွေးပြီးပြီ။ လင်းမိသားစုကို အပြတ်ရှင်းနိုင်တာ မင်းတို့ကြောင့်ဖြစ်တဲ့အတွက် ရထားတဲ့ပစ္စည်းအားလုံးထဲက မင်းတို့ကြိုက်ရာကို အရင်ရွေးခွင့်ပေးမယ်တဲ့”
***
နှစ်တစ်ရာကျင့်ကြံပြီးနောက်
အခန်း ၉၅ ။ ယွီဟွာတောင်သို့အပြန်
ကျန်းချန်ရွှမ်တို့လည်း သဘောတူလိုက်ကြသည်။ ရှန်းရူယန်က
“အရင်ဆုံး အိမ်ပြန်ပြီး ဒီတစ်ခေါက်ရလိုက်တဲ့ ပစ္စည်းတွေကို စီမံလိုက်ကြတာပေါ့”
ကျန်းချန်ရွှမ်နှင့် ရှန်းရူယန်တို့၏ မူလအစီအစဉ်မှာ ပိုင်ယွင်ဂိုဏ်း၏ ပိုင်နက်နယ်မြေအတွင်းရှိ လျှပ်စီးရေကန်ကို ရာဖွေရန်ဖြစ်သည်။ သို့သော် လင်းမိသားစုနှင့် ဖြစ်ပွားခဲ့သည့် ပဋိပက္ခက ထင်ထားသည်ထက် ကျယ်ပြန့်သွားခဲ့သည့်အတွက် မမျှော်လင့်ဘဲ အဖိုးတန်ရတနာပစ္စည်းများ တပွေ့တပိုက်ရရှိခဲ့သည်ဖြစ်ရာ ထိုပစ္စည်းများကို သန့်စင်သင့်သည်ကို သန့်စင်ပြီး ရောင်းချသင့်သည်ကို ရောင်းချ၍ စီမံခန့်ခွဲရတော့မည်ဖြစ်သည်။ ထို့ကြောင့် မူလအစီအစဉ်ကို ခေတ္တရွှေ့ဆိုင်းပြီး ရတနာပစ္စည်းများအတွက် အချိန်တစ်ခုပေးရန် လိုအပ်လာပြီဖြစ်သည်။
သို့သော် တစ်ချိန်တည်းတွင် လင်းမိသားစုထံမှ သိမ်းယူရရှိသော ဆေးဝါး၊ လက်နက်နှင့် ရတနာများ အကူအညီဖြင့် ကျန်းချန်ရွှမ် နှင့်ရှန်းရူယန်တို့၏ တိုက်ပွဲဝင်စွမ်းရည်မှာ ပိုမိုတိုးတက်လာမည်ဖြစ်၍ ပိုင်ယွင်ဂိုဏ်းပိုင်နက်တွင် လှုပ်ရှားရမည့် အရေးကိစ္စအတွက် ပိုမိုစိတ်ချနိုင်မည်ဖြစ်သည်။ ကျန်းချန်ရွှမ်တို့ဇနီးမောင်နှံအတွက် ကန်းယန်ဂိုဏ်း၏ ပိုင်နက်နယ်မြေကို ပထမဆုံးအကြိမ် စွန့်ခွာပြီး နယ်မြေစိမ်းတွင် လှုပ်ရှားရမည်ဖြစ်၍ မမျှော်လင့်ထားသော အန္တရာယ်များနှင့် ရင်ဆိုင်ရနိုင်သည်လေ။
ထိုအချိန်မျိုးတွင် ကျန်းချန်ရွှမ်တို့နှစ်ဦးအတွက် ကိုယ့်အားကိုယ်ကိုးရုံမှလွဲ၍ အခြားမရှိပါ။ ထို့နောက်တွင် ကျန်းချန်ရွှမ်တို့လည်း ရွှီချန်းဟယ်ကို နှုတ်ဆက်ပြီး ယွီဟွာတောင်သို့ ပျံသန်းလာကြတော့သည်။ ရက်အနည်းငယ်အကြာတွင် လင်းမိသားစု အမြစ်ဖြုတ်သုတ်သင်ခံရသည့်သတင်းက ဟုန်မိသားစုထံ ရောက်ရှိသွားသည်။ ဟုန်မိသားစု၏ ခန်းမဆောင်ကြီးတစ်ခုတွင် ကျီဖုအဆင့်ကျင့်ကြံသူ အကြီးအကဲများသည် ငယ်သားများ၏ အစီရင်ခံမှုကို မျက်နှာသုန်သုန်မှုန်မှုန်နှင့် နားထောင်နေကြသည်။
အထူးသဖြင့် ဟုန်ချန်ဖေးဖြစ်သည်။ ရှန်းမိသားစုထံသွားရောက်၍ ညှိနှိုင်းမှုမအောင်မြင်ပြီးကတည်းက ဟုန်ချန်ဖေး၏ ရှန်းမိသားစုအပေါ် ထားရှိသည့်ရန်ငြိုးမှာ ပိုမိုပြင်းထန်လာခဲ့ပြီး လင်းမိသားစုကို ပင်းချွမ်စီရင်စုတွင် ခြေကုပ်ယူ၍ ရှန်းမိသားစုအား ဒုက္ခပေးရန် စီစဉ်ခဲ့သည်။ ထို့ကြောင့် ဟုန်မိသားစုကလည်း လင်းမိသားစုကို တိုက်ရိုက်တဖုံ၊ သွယ်ဝိုက်၍တနည်း ထောက်ပံ့ကူညီခဲ့ခြင်းဖြစ်သည်။
ထိုအတွက်ကြောင့် လင်းမိသားစု ရုတ်တရက်ချေမှုန်းခံလိုက်ရသည့် သတင်းကို ကြားသိသောအခါ ဟုန်မိသားစုခေါင်းဆောင်အားလုံး မကျေမလည်ဖြစ်နေကြခြင်းဖြစ်သည်။
“သောက်ရေးမပါတာ”
ဟုန်ချန်ဖေးတစ်ယောက် စိတ်မထိန်းနိုင်တော့ဘဲ ဆဲဆိုမိလိုက်တော့သည်။ ထို့နောက် သူက အကြီးအကဲများအလယ်ရှိ သက်လတ်ပိုင်းအရွယ်လူကို ကြည့်လျက်
“မိသားစုအကြီးအကဲခင်ဗျား ရှန်းယွမ်လုံဆိုတဲ့ကောင်ကြီး ဒီလောက်ထိ အတင့်ရဲမယ်လို့ မထင်ထားခဲ့ဘူး၊ ကျုပ်အထင်တော့ ဒီအဘိုးကြီးသေခါနီးနေလို့ မထူးဇာတ်ခင်းပြီး သောင်းကျန်းပြနေတာဖြစ်မယ်၊ ရှန်းမျိုးနွယ်စုကို လူလွှတ်ပြီး သွေးတိုးစမ်းသင့်တယ် မထင်ဘူးလား။ ကျုပ်တို့ဒီကိစ္စကို ဒီအတိုင်းထားလိုက်လို့တော့ မရဘူး”
အကြီးအကဲတစ်ဦးဖြစ်သည့် ဟုန်ချန်းလုံဆိုသူက မနေနိုင်တော့ဘဲ ကြားဖြတ်၍
“အစ်ကိုချန်ဖေး ဒီအဘိုးကြီးသေတော့မယ်ဆိုတာ ကျုပ်တို့အားလုံးသိပြီးပြီပဲ။ လူလွှတ်စရာ လိုပါဦးမလား၊ နောက်ပြီး ဒီအဘိုးကြီးကို ဖိအားအရမ်းပေးလိုက်ရင် သေခါနီး အကုန်ပတ်ရမ်းနေရင် ခက်နေဦးမယ်။ အစ်ကိုချန်ဖေးက လင်းမိသားစုလို ဖြစ်စဉ်မျိုး ထပ်ဖြစ်မှာ စိုးရိမ်နေတာလား”
ဟုန်ချန်းလုံ၏စကားမှာ ဆီလျော်မှုရှိသောကြောင့် ဟုန်ချန်ဖေးတစ်ယောက် အနည်းငယ်ဆွံ့အသွားမိသည်။ ထို့နောက် ဟုန်ချန်ဖေးက နှာခေါင်းရှုံ့လိုက်ပြီး
“အဲဒီအဘိုးကြီး ရမ်းချင်ရင်တောင် ရမ်းလို့ရတဲ့ အနေအထားမျိုးရှိပါ့မလား”
ထို့နောက် ကျေနပ်ဟန်မတူသေးသော ဟုန်ချန်ဖေးက နောက်ထပ်ပြောဆိုဦးမည်အလုပ်တွင် ဟုန်မျိုးနွယ်စု၏ လက်ရှိအကြီးအကဲဖြစ်သူ ဟုန်တောက်ယွမ်က လက်ကာပြလိုက်သည်။
“တော်လောက်ပြီ၊ ဒီကိစ္စဒီမှာတင်ရပ်မယ်။ ရှန်းမိသားစုရဲ့ လှုပ်ရှားမှုမှန်သမျှကို စောင့်ကြည့်ပြီး သတင်းပြန်ပို့ပါ။ ပြီးတော့ တခြားဂိုဏ်းနဲ့ မိသားစုတွေကိုလည်း ကြေညာလိုက်၊ ရှန်းမိသားစုနဲ့ လုပ်ငန်းအတူတွဲလူပ်တာမျိုး မမြင်ချင်ဘူးလို့”
ထိုအချိန် ယွီဟွာတောင်တွင်........
ကျန်းချန်ရွှမ်နှင့် ရှန်းရူယန်တို့ ပြန်ရောက်လာကြသည်ကို မြင်လျှင် ရှန်းပိုင်ဖေးနှင့် အကြီးအကဲများအားလုံး အားရဝမ်းသာ ဆီးကြိုလိုက်ကြကာ လင်းထျန်းဖန်နှင့် တိုက်ပွဲအတွင်း ဒဏ်ရာရမှုရှိမရှိ မေးမြန်းပြီး အားလုံးအဆင်ပြေကြောင်း ကြားသိရသောအခါ ရှန်းပိုင်ဖေးက ပြုံးရယ်လျက်
“ချန်ရွှမ် ရူယန် မင်းတို့နှစ်ယောက် ကယ်လို့ပေါ့ကွာ။ ဒီမှာ.... ငါတို့လင်းမိသားစုဆီက ရခဲ့သမျှ ရတနာပစ္စည်းအားလုံးပဲ။ လိုချင်တာရှိရင် ယူဖို့အားမနာပါနဲ့”
ကျန်းချန်ရွှမ်နှင့် ရှန်းရူယန်တို့လည်း သူပြောသည့်အတိုင်း အားနာမနေတော့ဘဲ ပစ္စည်းစာရင်းကို စစ်ဆေးလိုက်ကြတော့သည်။ သည်တစ်ခေါက်ရရှိလိုက်သော ရတနာပစ္စည်းများမှာ အတော်ပင်များပြားသလို အမျိုးအမည်လည်း စုံလင်လှပါသည်။ ကုန်ကြမ်းပစ္စည်း၊ ဝိညာဉ်သစ်ဖုသစ်ဥများ၊ ကျင့်ကြံခြင်းနည်းစနစ်များ စသဖြင့် အမျိုးစုံလင်စွာပါဝင်ပြီး ဝိညာဉ်ကျောက်တုံးတစ်မျိုးတည်းပင် တစ်သောင်းကျော် ပါဝင်နေသည်။
လင်းမိသားစုတစ်ခုလုံး၏ ပိုင်ဆိုင်မှုအားလုံးဖြစ်၍ အထူးတလည်အံ့သြစရာတော့မရှိ။ သို့သော် ပစ္စည်းအများစုမှာ ကျန်းချန်ရွှမ် နှင့် ရှန်းရူယန်တို့အတွက် အသုံးဝင်လှခြင်းမရှိပါ။ လက်နက်သန့်စင်ရာတွင် လိုအပ်သည့် ကုန်ကြမ်းအချို့၊ စိမ်းဝါရောင်ကျောက်စိမ်းနှင့် ကောင်းကင်ဝိညာဉ်နှင်းရေစက်ပုလင်းတို့မှလွဲလျှင် ကျန်းချန်ရွှမ်အတွက် အသုံးဝင်သည့် ပစ္စည်းမရှိပါ။ သို့သော် ထိုပစ္စည်းများသည်လည်း အရေအတွက် အနည်းငယ်သာရှိပါသည်။
လိုအပ်သည်များကိုရွေးချယ်ပြီးနောက် ကျန်းချန်ရွှမ်တို့လည်း အချိန်မဖြုန်းတော့ဘဲ ရှန်းပိုင်ဖေးတို့ကို နှုတ်ဆက်ပြီး နေထိုင်ရာလှိုဏ်ဂူသို့ ပြန်လာခဲ့ကြသည်။ အပြန်ခရီးတွင် နှစ်ဦးသားတိုင်ပင်ပြီး အချိန်အတန်ကြာ ဂူပိတ်ကျင့်ကြံကြရန် ဆုံးဖြတ်လိုက်ကြသည်။ ရှန်းရူယန်အနေနှင့် ကိုယ်ပိုင်ဓမ္မရတနာကို ဆက်လက်ပျိုးထောင်ရန် အချိန်ပေးရမည်ဖြစ်သလို တစ်ချိန်တည်းတွင် လင်းထျန်းဖန်၏ အဆင့်၃ ဓမ္မရတနာ ငွေရောင်လှံပျံကိုလည်း သန့်စင်ရဦးမည်ဖြစ်သည်။ နောက်ထပ်ဓမ္မရတနာဖြစ်သည့် ကျောက်စိမ်းဖြူစေတီကိုလည်း သန့်စင်ပြုပြင်မည်ဟု ကြံရွယ်ထားသော်လည်း စေတီမှာ ဆိုးဆိုးရွားရွား ထိခိုက်ပျက်စီးထားသောကြောင့် ကုန်ကြမ်းရင်းမြစ်များစွာ လိုအပ်မည်ဖြစ်၍ အခက်တွေ့နေရသည်။
ကျန်းချန်ရွှမ်အတွက်လည်း ဆောင်ရွက်စရာ အများအပြားရှိနေပြီး လင်းထျန်းဖန်ထံမှပင် ရရှိထားသော အဆင့်၂ ရေကြည်ကန် ဓားပျံကို သန့်စင်ရမည်ဖြစ်သည်။ တစ်ချိန်တည်းတွင် လက်နက်အမျိုးအစား အများအပြားကို ဆက်လက်သန့်စင်ပြီး လက်နက်ဖန်တီးသန့်စင်ခြင်း စွမ်းရည်ကို အချိန်တိုအတွင်း မြှင့်တင်ရမည်ဖြစ်သည်။ နောက်ဆုံးအနေနှင့် အလယ်အဆင့် ရွှေသံချပ်ကာရုပ်သေး အဆောင်များကိုလည်း စီရင်ရေးဆွဲရဦးပေမည်။
ရွှေသံချပ်ကာရုပ်သေး အဆောင်ပစ္စည်းများကို ရေးဆွဲရန် မလိုအပ်တော့သော်လည်း ဆက်လက်ရေးဆွဲနေခြင်းဖြင့် စနစ်၏ လျှို့ဝှက်မစ်ရှင်ကို ဖွင့်လှစ်နိုင်မည်ဟု ကျန်းချန်ရွှမ်ယုံကြည်ထားမိသည်။ ထိုမစ်ရှင်မှရရှိသည့် ဆုလာဘ်က အမြင့်ဆုံးအဆင့်ရှိ ရွှေသံချပ်ကာရုပ်သေး အဆောင်များကို ဖန်တီးရေးဆွဲနည်း ဖြစ်နေနိုင်သည်လေ။ လင်းထျန်းဖန်နှင့် တိုက်ပွဲပြီးကတည်းက ကျန်းချန်ရွှမ်၏ အခြေခံတည်ဆောက်ခြင်း သတ္တမအဆင့် ချီစုဆောင်းမှုသည် ပြီးပြည့်စုံသည့်အနေအထားသို့ ရောက်ရှိနေပြီးဖြစ်၍ မကြာမီ အဌမအဆင့်သို့ တက်လှမ်းနိုင်မည်ဟု သူ ယုံကြည်ထားသည်။
***