← Chapters

အခန်း (၉၆-၁၀၀)

Vol. 5 Ch. 96-100

အခန်း (၉၆-၁၀၀)

Vol. 5 Ch. 96-100

နှစ်တစ်ရာကျင့်ကြံပြီးနောက်

အခန်း​ ၉၆ ။ လေး​နှစ်​အကြာ

သည်​လို​နှင့်​ လေးနှစ်တာ ကုန်​ဆုံး​သွား​ပြန်​သည်။

ပထမ​နှစ်​တွင် ကျန်း​ချန်​ရွှမ်​တစ်ယောက်​ အခြေခံ​တည်ဆောက်​ခြင်း​ အဌမ​အဆင့်သို့ တက်​လှမ်း​နိုင်​ခဲ့သည်။ ကိုယ်​တွင်း​ရှိ စစ်မှန်​မှု​အဆီအနှစ် စွမ်းအင်ပမာဏသည် ၃၀% တိုး​တက်​လာ​ခဲ့ပြီဖြစ်သည်။ ထို့နောက်​တွင် ရေကြည်​ကန်​ဓားပျံကို​ စတင်​သန့်စင်​ပါတော့​သည်။ သည်​တစ်​ကြိမ်​တွင် သုံး​လအတွင်း အပြီးသန့်စင်နိုင်ခဲ့သည်​ဖြစ်ရာ​ ဆက်လက်၍ လက်​နက်​သန့်စင်​ခြင်း​စွမ်း​ရည်ကို ​မြှင့်တင်​လိုက်ပြန်သည်။

ထို​အချိန်တွင် စနစ်မှ အချက်​ပေးသံဝင်လာတော့သည်။

[ဒင်! အောင်မြစ်မှုစနစ်မှ တာဝန်အသစ်ထုတ်ပြန်လာပါပြီ။ စနစ်​ပိုင်​ရှင်​၊ လက်​နက်​ဖန်တီး​ခြင်း​ကဏ္ဍ​တွင် အဆင့်​၂ ကို နှစ်​နှစ်​အတွင်း ရောက်​ရှိရန်ကြိုးစားပါ။]

သည်​နှစ်​အတောအတွင်း​၌ ကျန်း​ချန်​ရွှမ်​အတွက်​ လက်​နက်​ဖန်တီး​သန့်စင်​ခြင်း​စွမ်း​ရည်ကို သီးခြား​ကျင့်ကြံရန် အချိန်​မရှိခဲ့သည့်အတွက် အဆင့်​၁ အမြင့်ဆုံး​အဆင့်အထိသာ ရောက်ရှိ​​ခဲ့ပါသည်။ ပုံမှန်​ အဆင့်​၁ အမြင့်ဆုံး​အဆင့်ရှိ​ လက်​နက်​သန့်စင်​သူများအတွက် နှစ်​နှစ်အတွင်း အဆင့်​၂သို့ ရောက်​ရှိ​ရန်မှာ မဖြစ်​နိုင်​သလောက် ခဲယဉ်းပါသည်။

ပါရမီနည်းပါးသူများအဖို့ တစ်ဘဝလုံးကျင့်ကြံလျှင်တောင် အဆင့်​၂သို့ တက်​လှမ်း​နိုင်​ရန်​ မ​သေချာ​ပါ။ သို့​သော်​ ကျန်း​ချန်​ရွှမ်​အတွက်မူ စနစ်​မှ​ချီးမြှင့်​ထားသော ပါရမီ​စွမ်း​ရည်​အမှတ်များ ရှိထားသလို လက်​နက်​သန့်စင်​ရန် လိုအပ်​သည့် ကုန်ကြမ်းအရင်းအမြစ်များသည်လည်း အလုံအလောက်ရှိနေ၍ ကံကောင်း​သည်ဟု ဆိုရပေမည်။ ထို့ကြောင့် တစ်နှစ်​ခွဲခန့်​ ကျင့်ကြံမှုအပြီးတွင် အဆင့်​၂ လက်​နက်​သန့်စင်သူအဖြစ်သို့ ရောက်ရှိ​ခဲ့ပါ​တော့သည်။ ထို​အချိန်​တွင်​ပင်​ စနစ်၏အချက်​ပေးသံ ပေါ်လာပြန်သည်။

[ ဂုဏ်ပြု​ပါသည် စနစ်​ပိုင်​ရှင်၊ အဆင့်​၂ လက်​နက်​သန့်စင်​ခြင်း​အဆင့်ကို ရောက်ရှိ​ပါပြီ။ လက်​နက်​သန့်စင်​ခြင်း​ ပါရမီ​အမှတ် +၁ ရရှိ​ပါမည်။ ထို့​အပြင်​ အဆင့်​၃ ဓမ္မရတနာဖြစ်သည့် ရွှေဗလာနယ်ဓား ဖန်တီး​သန့်စင်​နည်းကိုလည်း ရရှိပါမည်။]

ယခု​အကြိမ်​သည် ပထမဆုံး​အကြိမ်အဖြစ်​ စနစ်မှ ဆုလာဘ်​နှစ်​ခုကို တစ်ပြိုင်နက်တည်း ရရှိခြင်း​ဖြစ်သည်။ ပထမ​ဆုလာဘ်​မှာ ထူးခြား​မှုမရှိဘဲ စနစ်​ထံမှ အမြဲလိုလိုရရှိနေကျ ပါရမီ​အမှတ်များ​ဖြစ်​သည်။ သို့​သော်​ ကျန်း​ချန်​ရွှမ်​တစ်ယောက်​ အချိန်​တိုအတွင်း အဆင့်​၂ သို့ တက်​လှမ်း​နိုင်​ရ​ခြင်းမှာ စနစ်​က ချီးမြှင့်​ခဲ့သော ပါရမီ​ရမှတ်များကြောင့်လည်း ပါဝင်ပါသည်။

ဒုတိယ​ဆုလာဘ်​မှာ သူအလိုရှိနေသောအရာဖြစ်သည်။ လင်း​ထျန်း​ဖန်​နှင့်​ တိုက်ပွဲပြီးကတည်းက​ အဆင့် ၃ ဓမ္မ​ရတနာလောင်းတစ်ပါးကို ဖန်တီး​သန့်စင်​ရန် စိတ်ကူးရှိခဲ့သော်လည်း ကျန်း​ချန်​ရွှမ်​အနေနှင့် ကိုယ့်​ကိုယ်​ကို အသင့်​မဖြစ်​သေးဟု ယူဆနေခဲ့မိသည်။ ရှန်းရူယန်​ကိုယ်​တိုင်​ လိုအပ်​သည့်​အကြံ​ဉာဏ်​များ ပေးခဲ့သော်လည်း ကျန်း​ချန်​ရွှမ်​တစ်ယောက် တစ်ခုခု​လိုအပ်​နေသေးသလို ခံစား​နေခဲ့မိသည်။ ဓမ္မရတနာဆိုသည်မှာ​ ကျင့်​ကြံ​ခြင်း​လမ်းစဉ်တစ်လျှောက် ထာဝရလက်တွဲသွားရမည့် လက်​နက်​ရတနာ​ဖြစ်၍ အပြစ်အနာအဆာ မရှိစေရန်မှာ အထူးအရေးကြီးလှသည်။ သန့်စင်နေချိန်တွင် အမှား​အ​ယွင်း​တစ်ခုခု ဖြစ်​ပေါ်​ခဲ့ပါက ရရှိလာမည့် ဓမ္မ​ရတနာ​သည် ကိုယ်​နှင့်သဟဇာတ ဖြစ်​တော့မည်​မဟုတ်ပါ။ ထို့​ကြောင့်​ ကျန်း​ချန်​ရွှမ်အနေနှင့် အဆင့်​၃ ဓမ္မ​ရတနာ​လောင်း သန့်စင်​မည့်ကိစ္စကို ဝန်​လေးနေမိခြင်းဖြစ်သည်။

သို့သော်​ ယခုစနစ်မှ ချီးမြှင့်​လိုက်သော ရွှေဗလာနယ်ဓားကို မြင်​လိုက်​ရသည့်အခါ အဆိုပါ​လက်နက်​သည် သူ၏ပထမဆုံး​ ဓမ္မ​လက်​နက်​ဖြစ်​လာမည်ကို အသေအချာ​ယုံကြည်​မိလိုက်သည်။ ထိုထက်အရေးကြီးသည်က အဆင့်​၃ ဓမ္မ​ရတနာလောင်းကို သန့်စင်တော့မည်ဟု စိတ်​ပိုင်း​ဖြတ်​လိုက်​ချိန်တွင်​ စနစ်​မှ​အချက်ပေးသံ​ ဝင်​လာခြင်း​ဖြစ်သည်။

[ဒင်! အောင်မြစ်မှုစနစ်မှ တာဝန်အသစ်ထုတ်ပြန်လာပါပြီ။ စနစ်​ပိုင်​ရှင်၊ အဆင့်​၃ ဓမ္မ​ရတနာကို ပြီးမြောက်​သည်​အထိ သန့်စင်ပါ ]

သည်​တစ်ခါ စနစ်၏မစ်ရှင်က အရင်လို တစ်ဆင့်​ချင်း​မဟုတ်တော့ဘဲ အဆင့်​၃ ဓမ္မရတနာအထိ သွန်း​လုပ်​သန့်စင်ခိုင်းခြင်းဖြစ်၍ စနစ်ထံမှ ဓမ္မ​ရတနာ​လောင်း​ သန့်စင်နည်းကိုသာ ရရှိထားသော ကျန်း​ချန်​ရွှမ်အနေနှင့် ဓမ္မ​ရတနာ​အဆင့်အထိ ရောက်ရှိ​ရန်​ ကိုယ့်​အား​ကိုယ်​ကိုးရတော့မည်ဖြစ်သည်။ ဓမ္မရတနာ​လောင်း​ကို သန့်စင်ရန် ပထမဆုံး​လို​အပ်​ချက်​မှာ လက်နက်​သန့်​စင်​ခြင်း​စွမ်း​ရည်​ကို​ အဆင့် ၃အထိ အရင်မြှင့်တင်ရမည်ဖြစ်သည်။ ထိုအဆင့်ထိ တက်​လှမ်း​နိုင်​ခဲ့လျှင် စနစ်​ထံမှ လျှို့ဝှက်မစ်ရှင်​တစ်ခု ထပ်​ရနိုင်သေးသည်ဟု ကျန်း​ချန်​ရွှမ်​တစ်ယောက် တွေးမိလိုက်သေးသည်။

ထို့နောက်​တွင် ကျန်း​ချန်​ရွှမ်​သည် အလယ်​အလတ်​အဆင့် ရွှေသံချပ်ကာရုပ်သေး အဆောင်များကို စတင်ရေးဆွဲတော့သည်။ အဆောင်​ဖန်တီး​ခြင်း​စွမ်း​ရည်မှာ အဆင့် ၂ အလယ်​အဆင့်ထိ ရရှိထားပြီးဖြစ်၍ အဆင့်​၂ အလယ်​အဆင့်​ အဆောင်​များကို ဖန်တီးရေးဆွဲ​ရာတွင် ခက်ခဲမှုမရှိလှပါ။ နောက်​ခြောက်​လအကြာတွင် ရွှေသံချပ်ကာရုပ်သေး ​အဆောင်သုံးခုထိ ရေး​ဆွဲ​နိုင်​ခဲ့ပြီးဖြစ်သည်။ အဆင့်​၂ အလယ်အလတ်​အဆင့် ရွှေသံချပ်ကာရုပ်သေး၏ စွမ်းအား​မှာ အခြေခံ​တည်ဆောက်​ခြင်း​ ပဥ္စမအဆင့် နှင့် ဆဌမ​အဆင့် ကျင့်ကြံသူများနှင့် ညီမျှသလို မိမိကိုယ်​ကို ဖျက်ဆီးဖောက်ခွဲ​ခြင်း​စွမ်းအင်​သည်လည်း အခြေခံ​တည်ဆောက်​ခြင်း နောက်​ဆုံး​အဆင့် ကျင့်ကြံသူများနှင့် ညီမျှပါသည်။ ကြာ​ချိန်​အားဖြင့်​လည်း​ မိနစ်​လေး​ဆယ်​အထိ ရှိလာမည်ဖြစ်သည်။

ထို့​ကြောင့်​ အဆင့်​၂ အမြင့်ဆုံး​အဆင့်ရှိ​ ရွှေသံချပ်ကာရုပ်သေး၏ ဖျက်ဆီး​နိုင်​စွမ်း​မှာ ကျီဖုအဆင့်​ကျင့်ကြံသူ​တစ်ဦး၏ စွမ်းအား​ကို​ပင် ယှဉ်​နိုင်​လိမ့်မည်ဟု ကောက်ချက်ချနိုင်သည်။ လုပ်​စရာ​ရှိသည်အားလုံးကို ဆောင်ရွက်​ပြီးသည်ဖြစ်သော်လည်း ကျန်းချန်ရွှမ်သည် ဂူအပြင်သို့ မထွက်သေးဘဲ စိတ်​အေးလက်အေးထိုင်ရင်း သည်နှစ်အတောအတွင်း သူသင်ယူခဲ့ရသမျှကို ပြန်လည်​သုံးသပ်​နေမိသည်။ ထိုသို့​တွေးတောသုံးသပ်ရင်းနှင့်ပင် သူ့ကိုယ်ပိုင် နည်း​စနစ်များ၊ ကျင့်ကြံမှုအဆင့်နှင့် စွမ်းရည်များအကြောင်းကို ပို၍ ထဲထဲဝင်ဝင် နားလည်​လာခဲ့တော့သည်။

နောက်ဆုံး​ ဂူအပြင်သို့​ထွက်​ရန် ဆုံးဖြတ်​လိုက်​ချိန်​တွင် လေး​နှစ်​တာ ကုန်ဆုံးခဲ့ပြီဖြစ်သည်။ ကျန်း​ချန်​ရွှမ်​ ဂူအပြင်သို့ရောက်ရှိချိန်တွင် ရှန်းရူယန်သည်လည်း ကျင့်ကြံရာ​ဂူ​အတွင်း​မှ အချိန်​ကိုက်ထွက်လာခိုက်ဖြစ်သည်။ နှစ်​ဦးသား​ တစ်ယောက်​ကို​တစ်ယောက်​ကြည့်၍ ပြံးလိုက်ပြီး လေးနှစ်တာ အတွေ့အ​ကြုံ​များကို ဆွေးနွေးဖလှယ်ကြတော့သည်။

ရှန်းရူယန်ပြောပြသည်က လင်း​မိသားစုထံမှ ရရှိခဲ့​သော ကုန်ကြမ်း​ပစ္စည်း​များ​ဖြင့် သူမ၏ဓမ္မ​ရတနာ​လောင်း​ဖြစ်သော မိုး​ကြိုး​လျှပ်​စီးမီးလျှံဓားကို အဆင့်မြှင့်တင်နိုင်ခဲ့ကြောင်း​နှင့်​ လင်း​ထျန်း​ဖန်၏ အဆင့်၃ ဓမ္မ​ရတနာ​ ငွေရောင်လှံကိုလည်း အောင်မြင်စွာသန့်စင်နိုင်ခဲ့ကြောင်းဖြစ်သည်။ တစ်ချိန်​တည်း​တွင်​ သူမ၏ စစ်မှန်မှုအဆီအနှစ် ​စွမ်းအင်ကိုလည်း ဖိနှိပ်​နိုင်​ခဲ့သည်​ဖြစ်ရာ သူမအဆီအနှစ်စွမ်းအင်သည် ဓမ္မ​စွမ်းအင်နှင့် တန်း​တူနီးပါး တိုး​တက်​လာကြောင်းလည်း ပါဝင်သည်။

သို့သော်​ အဆိုပါ​ဖြစ်စဉ်​မှာ အန္တရာယ်​များသောအရာဖြစ်သည်။ ဖိနှိပ်​ရာတွင်​ အမှားအယွင်း​ တစ်ခုခု​ရှိခဲ့လျှင် ဖိသိပ်​ထားသော အဆီအနှစ်​စွမ်းအင်​သည် အထိန်းအချုပ်လွတ်ကာ သွေးကြော​များ​နှင့် ဒန်တျန်များကို ပျက်စီး​စေနိုင်သည်။ ထိုအခါ​ အသက်​မသေသည့်တိုင် ဒုက္ခိတ​ဖြစ်သွား​နိုင်သည်ဖြစ်၍ ကျန်း​ချန်​ရွှမ်မှာ​ ရှန်းရူယန်တစ်ယောက် အရဲကိုးလွန်းခြင်းအပေါ် အံ့အားသင့်​မိသည်။ သို့သော် ရှန်းရူယန်အနေနှင့် အောင်​မြင်​စွာ​ ဆောင်ရွက်​နိုင်​ခဲ့ပြီ​ဖြစ်၍ သူမသာ ကျီဖုအဆင့်​သို့ တက်လှမ်း​နိုင်ခဲ့လျှင် သူမ၏ဓမ္မ​စွမ်းအင်​မှာ တန်း​တူ​ကျီဖုအဆင့် ​ကျင့်ကြံသူများနှင့်ယှဉ်လျှင် တစ်ပန်းသာနေမည်ဖြစ်သည်။ အနည်းဆုံး​တော့​ စွမ်းအင်ပမာဏ​နှင့်​ အရည်အသွေး​မှာ သာမန်​ကျီဖုအဆင့်​များထက် များစွာသာလွန်နေမည်ဖြစ်သည်။

ကျန်း​ချန်​ရွှမ်​သည်​လည်း အခြေခံ​တည်ဆောက်​ခြင်း​ နဝမအဆင့်သို့ ရောက်​ရှိ​လျှင်​ အဆီအနှစ်​စွမ်းအင်​ဖိသိပ်ခြင်းကို စမ်း​သပ်​ကြည့်​ရန် ဆုံးဖြတ်​လိုက်​သည်။ သို့ရာတွင်​ ပထမဆုံး​လိုအပ်​သည့်​အချက်က ရုပ်​ပိုင်း​ဆိုင်ရာ​ ခန္ဓာကိုယ်​ကို အရင်​ပြု​ပြင်​ဖို့ဖြစ်သည်။ ထို့​ကြောင့်​ သူနှင့်​သင့်လျော်​သော ကိုယ်​ခန္ဓာ​မွမ်း​မံခြင်းနည်းစနစ်ကို ရှာဖွေရန်လိုအပ်ပါသည်။ ရှန်း​မျိုး​နွယ်စု​တစ်ခုလုံး​တွင် ကျန်း​ချန်​ရွှမ်အလိုရှိသော ကိုယ်ခန္ဓာ​မွမ်းမံ​ခြင်း​နည်း​စနစ်​မျိုး တစ်ခုမှမရှိပါ။ ကန်း​ယန်​ဂိုဏ်း၏စျေး သို့မဟုတ်​ ပိုင်ယွင်​ဂိုဏ်း​နှင့်​ လော့​ရှား​မန်ဂိုဏ်း စသည့်​နေရာ​မျိုး​တွင်တော့ သူနှင့်ကိုက်ညီမည့် ကိုယ်ခန္ဓာ​မွမ်း​မံ​ခြင်း​နည်း​စနစ်ကို​ ရှာ​တွေ့​ကောင်း​ရှာ​တွေ့​နိုင်ပါလိမ့်မည်။

နောက်​တစ်​ရက်အကြာတွင် ကျန်း​ချန်​ရွှမ်တို့နှစ်ဦး ဂူအတွင်းမှထွက်၍ ယွီဟွာတောင်ထိပ်သို့ တက်​လိုက်​သည်။ တောင်​ထိပ်​တွင် ရှန်း​ရူရွှမ််​နှင့် ဆုံမိလိုက်​ချိန်​တွင် ရူရွှမ်​တစ်ယောက်​ အနည်းငယ်​အံ့သြ​သွားပုံရသည်။

“ချန်​ရွှမ်နဲ့ ရူယန်၊ အပြင်​ထွက်​လာကြ​ပြီလား။ ဘိုးဘေး​လည်း​ ဂူထဲကထွက်လာတာ မကြာ​သေးဘူး။ မင်း​တို့​ ဂူ​ပိတ်​ကျင့်​ကြံ​ပြီးရင် သူနဲ့လာတွေ့ပါလို့ပြောထားတယ်”

***

နှစ်တစ်ရာကျင့်ကြံပြီးနောက်

အခန်း​ ၉၇ ။ ရှန်းယွမ်လုံ၏ဝန်ခံ​ခြင်း

“ဘိုး​ဘေး ဂူထဲကထွက်လာပြီလား”

ရှန်း​ယွမ်လုံ၏ ဒဏ်​ရာမှာ အတော်​ပြင်းထန်​သောကြောင့် ယခုလို​မြန်​မြန်​ဆန်​ဆန်​နှင့် ကျင့်ကြံ​ကုသမှု​ပြီးသွားလိမ့်မည်ဟု မထင်​ထား​သောကြောင့် ကျန်း​ချန်​ရွှမ်​တို့​နှစ်ဦး​လည်း အံ့သြမိသွားကြသည်။ လင်း​မိသားစု​နှင့် ပြဿနာ​တက်​သည့် အချိန်​မှာပင် ဘိုး​ဘေး​ရှန်းယွမ်လုံကို အနှောက်အယှက်​ပြုရာ ရောက်​မည်​စိုး၍ မိမိတို့ဘာသာ​ ကြိတ်၍ဖြေရှင်းခဲ့ရ​သည်​လေ။ ယခု​ ဘိုးဘေး​ဂူထဲမှ ထွက်​လာပြီ​တိုသည့်အခါ ကျန်းချန်ရွှမ်နှင့် ရှန်းရူယန်တို့၏ စိတ်​ထဲတွင်​ လေးပင်​သွားပြီး တစ်ခုခု​မှားယွင်း​နေသလို​ ခံစား​မိနေသည်။

ထို့နောက်​ အချိန်​မဆိုင်းဘဲ​ ဘိုး​ဘေး​ရှိရာ ဟွားဝူတောင်ထွတ်သို့ ထွက်​လာ​ခဲ့ကြသည်။ တောင်​ထွတ်​တစ်နေရာတွင် ဘိုး​ဘေး​ရှန်းယွမ်လုံ အသင့်စောင့်ဆိုင်းနေသည်ကို တွေ့ရသည်။ ဘိုးဘေး၏ဆံပင်​များမှာ တစ်ခေါင်းလုံး ဆွတ်​ဆွတ်​ဖြူ​လျက်ရှိ​သလို ခန္ဓာကိုယ်​ရှိ​ အော်​ရာမှာလည်း မကြုံစဖူး ဖျော့တော့မှေးမှိန်လျက်ရှိသည်။ ရှန်းယွမ်လုံ၏ဘဝနိဂုံးမှာ မကြာခင်​ချဉ်းနင်းဝင်ရောက်လာတော့မည်ဖြစ်သည်။ ဘိုးဘေးက သူတို့​နှစ်ဦး​ကို မြင်​သောအခါ ပြုံးလိုက်ပြီး

“ချန်​ရွှမ် ရူယန် မင်း​တို့ရောက်လာပြီလား”

ထို့နောက်​ ထိုင်​ခုံနှစ်ခုကို ညွှန်​ပြလျက် နေရာ​ချပေးပြီးမှ စကား​ဆက်​သည်။

“ဖြစ်​ခဲ့တာ​တွေ​အားလုံး​ကို ငါ​သိ​ပြီးပြီ၊ မင်း​တို့​တော်ပါပေတယ်။ ငါတို့​ရှန်း​မျိုး​နွယ်စု​အနေနဲ့​ မင်း​တို့​နှစ်ယောက်​ကို ပိုင်ဆိုင်​ခွင့်ရတာ တကယ်​ကံကောင်း​ပါပေတယ်”

ကျန်း​ချန်​ရွှမ်က​ မိမိကိုယ်​ကို နှိမ့်ချသည့်သဘောနှင့်

“ဘိုး​ဘေးက ကျွန်တော်​တို့ကို မြှောက်​နေပြန်ပါပြီ”

ရှန်းယွမ်လုံက ခေါင်း​ယမ်းလိုက်ရင်း တည်ကြည်​လေး​နက်​သည့်ဟန်ဖြင့်

“မဟုတ်ဘူး​ ငါမြှောက်နေတာမဟုတ်ဘူး၊ မင်း​တို့​နှစ်ယောက်​ အနာဂတ်​မှာ ဒီထက်​မက ဖြစ်​ထွန်း​ဦး​မယ်​ဆိုတာ ငါသိတယ်။ ဒါကြောင့်​ မင်းတို့​ကို ကြိုတင်​မှာချင်တာလေးတွေ ရှိတယ်​”

ထို့နောက်​ ရှန်း​ယွမ်လုံက ခေတ္တ​စဉ်းစား​နေပြီးမှ စကား​ပြန်​ဆက်​သည်။

“တစ်​ချိန်​ချိန်​မှာ မင်း​တို့​နှစ်ယောက်​ အနေအထား​တစ်ခုခု ရောက်​လာရင် ငါတို့​ရှန်းမျိုးနွယ်စုကို စွန့်​ခွာပြီး ကိုယ်​ပိုင်​မျိုး​နွယ်စု​တစ်ခု ထူထောင်​ဖို့ စဉ်းစား​လာလိမ့်မယ်။ ဒီအကြောင်း​ကို မင်းအစ်ကိုတောက်မင်နဲ့လည်း ငါ​ဆွေးနွေး​ဖို့ရှိတယ်”

ဘိုးဘေး​ဖြစ်သူ၏ မမျှော်လင့်သော စကား​ကို​ကြားရ၍ ကျန်း​ချန်​ရွှမ်​တို့​နှစ်ဦးလည်း စိတ်မကောင်း​ဖြစ်​သွားပြီး တစ်ခုခု​ပြောရန် ဟန်ပြင်လိုက်သည်။ သို့​သော်​ ရှန်း​ယွမ်လုံက​ လက်ကာ​ပြလိုက်ပြီး

“ငါ့စကားကိုဆုံးအောင် နားထောင်​ပါဦး၊ ငါမင်းတို့ကို အရိုးသားဆုံး အကြံဉာဏ်ပေးနေတာပါ။ တစ်ချိန်​ချိန်မှာ​ ငါတို့​ရှန်း​မိသားစု​က မင်း​တို့​အတွက် လုံလောက်​အောင်​ ဖြည့်ဆည်း​ပေးနိုင်​စွမ်း​ ရှိတော့​မှာမဟုတ်​ဘူး။ နဂါးတစ်ကောင်အတွက်​တော့ ကောင်း​ကင်သာလျှင် သူ့ရဲ့နားခိုရာ အစစ်အမှန်ဖြစ်နိုင်မှာလေ။ ငါတို့​အနေနဲ့​ မင်းတို့​ကို အတင်း​ဆွဲ​ခေါ်ထားရင် နှစ်ဖက်လုံးအတွက်​ အကျိုး​ရှိ​မှာမဟုတ်​ဘူး။ ငါပြောချင်တာကို မင်း​တို့​နားလည်​မယ်​လို့ မျှော်လင့်​ပါတယ်​”

ဘိုးဘေး၏ စကား​ကို​ကြား​ပြီးနောက် ကျန်း​ချန်​ရွှမ်နှင့် ရှန်းရူယန်တို့ နှစ်​ဦး​လုံး​ တိတ်ဆိတ်သွား​မိ​ကြသည်။ ဘိုး​ဘေး​၏စကား​မှာ ဝမ်းနည်း​ဖွယ်​ဖြစ်​သော်လည်း သူတို့၏လက်​ရှိ​အခြေအနေ​နှင့် အမှန်​တကယ်​ပင် ကိုက်​ညီ​နေပါ​သည်။ ရှန်း​ယွမ်လုံ​က ဆက်လက်​ပြီး

“ဒါကြောင့်​ အနာဂတ်​မှာ မင်း​တို့​နှစ်ယောက်​ ကိုယ်​ပိုင်​မျိုး​နွယ်စု ဒါမှမဟုတ်​ ဂိုဏ်းထူထောင်​ခဲ့ရင် ငါတို့​ရှန်း​မိသားစု​ အကူအညီ​လိုအပ်တဲ့အခါ မင်း​တို့​တတ်နိုင်​တဲ့ ဘောင်​အတွင်း​ကနေ ကူညီပေးဖို့ပါပဲ၊ ငါမင်း​တို့ဆီက တောင်း​ဆို​ချင်​တာ ဒီတစ်ခုတည်းပါပဲ”

အဆိုပါ​စကား​များ​ကို ရှန်း​ယွမ်လုံအနေနှင့် ကျန်း​ချန်​ရွှမ်နှင့် ရှန်းရူယန်တို့ ဇနီး​မောင်နှံ​ဖြစ်သွားသည့်နေ့ကတည်းက ပြော​ဆိုလိုခဲ့ခြင်းဖြစ်သည်။ ထိုအချိန်က အခွင့်အခါမသင့်သေး၍ သူမပြောခဲ့ခြင်းဖြစ်သည်။ သည်​စကားလုံး​များမှာ ရှန်း​ယွမ်လုံ၏ ကျန်း​ချန်​ရွှမ်တို့မောင်နှံအတွက် နောက်ဆုံး​ဆန္ဒ​ဖြစ်သလို သူ၏နှလုံးသား​မှလာသည့် စေတနာစကားလုံးများလည်းဖြစ်သည်။

“ဘိုး​လေး​ရယ်…”

ထို​အချိန်​တွင်​ ကျန်း​ချန်​ရွှမ်နှင့် ရှန်းရူယန်တို့နှစ်ဦးလုံး၏ စိတ်​ထဲတွင်​ ခံစား​ချက်​အမျိုး​မျိုး​ ရောပြွမ်း​နေမိကြသည်။ ကျန်း​ချန်​ရွှမ်​အတွက်​တော့ ရှန်း​မျိုး​နွယ်စုဝင်အဖြစ် ပါဝင်လှုပ်ရှားရခြင်း​ကို နှစ်​ခြိုက်​မိသလို ရှန်း​မိသားစု အသိုက်​အဝန်း​ကိုလည်း သဘောကျမိသည်။ သို့သော်​ ကျန်း​ချန်​ရွှမ်​သည် ရှန်းမျိုး​နွယ်​အဖြစ်​ မွေးဖွား​လာသူ သွေးသားရင်း မဟုတ်​သည့်​အတွက်​ ကန့်သတ်​ချက်​များရှိနေသည်မှာ ငြင်းမရသည့်အချက်ဖြစ်သည်။

ရှန်း​ယွမ်လုံ​ပြောသလို​ပင်​ သူနှင့်​ရှန်း​ရူယန်တို့၏ ကျင့်​ကြံ​မှုအဆင့်​မှာ အနာဂတ်​တွင် သည့်ထက် သာလွန်တိုးတက်​ဦး​မည်ဖြစ်သလို သူတို့​မောင်နှံနှစ်ဦးမှ မျိုးဆက်​သစ်များ ထပ်​မံ​မွေးဖွား​လာဦးမည်ဖြစ်သည်။ အကယ်၍ ရှန်း​မိသားစု​တွင်​ ဆက်​နေခဲ့လျှင် နှစ်ကာလများစွာ ကြာသည့်အခါ ရှန်း​မိသားစု​သည် နဂို​မူလအတိုင်း ဆက်​ရှိနေ​မည်လား၊ ကျန်း​ချန်​ရွှမ်​၏ ကျန်း​မိသားစု​၏ လက်​ဝေခံမိသားစု အဆင့်သို့ ရောက်​ရှိ​သွား​မည်လား မှန်း​ဆရခက်လိမ့်မည်​ဖြစ်​သည်။

ကျန်း​ချန်​ရွှမ်နှင့် ရှန်းရူယန်တို့သာ သာမန်​အဆင့် ကျင့်ကြံသူများဖြစ်နေလျှင် ထိုပြဿနာမှာ စိုးရိမ်​ရန်​မရှိဘဲ သူတို့​နှစ်ဦး၏ မျိုးဆက်​များသည်လည်း ရှန်းမျိုးနွယ်စုဝင်များအဖြစ် ဆက်လက်​ခံယူလိုက်ရုံသာဖြစ်သည်။ သို့​သော်​ ကျန်း​ချန်​ရွှမ်​နှင့် ​ရှန်း​ရူယန်တို့၏ ကျင့်​ကြံ​မှုအဆင့်မှာ မကြာခင်​ ရှန်းမျိုး​နွယ်စုတစ်ခုလုံးထက် သာလွန်တော့မည်မှာ သေချာ​သလောက်​ဖြစ်နေ၍ နှစ်​ဦး​နှစ်​ဖက်​အကြား နားလည်မှု​နှင့် ပဋိပက္ခ​များ​ ရှောင်​လွှဲ​နိုင်​ရန်​ ကြိုတင်​ပြင်​ဆင်​သင့်သည့်​များကို ပြင်ဆင်​ဆွေးနွေး​ထား​ရန်​ လိုအပ်​ပါသည်။

ကံကောင်း​စွာနှင့်​ ရှန်း​ယွမ်လုံ​နှင့်​ ရှန်း​မန်​ရွှယ်တို့ မောင်​နှမနှစ်ဦး​စလုံး​ ကျန်းချန်ရွှမ်တို့အပေါ်​ နားလည်မှု​အပြည့်ရှိကြခြင်းဖြစ်သည်။ ထို့ကြောင့်​ ရှန်းယွမ်လုံအနေနှင့်​ ထိုစကားကို ပွင့် ပွင့်လင်းလင်း ချပြဆွေးနွေးခြင်းဖြစ်သည်။ စကားဝိုင်း​မှာ ခေတ္တ​မျှ​ တိတ်ဆိတ်​သွား​ပြီးနောက်​ ရှန်းယွမ်လုံက သူတို့​နှစ်ဦး​ကို ကြည့်​လျက်​ ပြုံး​လိုက်​ပြန်​သည်။

“ဟုတ်​ပါပြီ​၊ မင်း​တို့​ရဲ့ အနာဂတ်​အစီအစဉ်​အကြောင်း​ ပြောကြရအောင်၊ ငါ့အမြင်မှာ မင်းတို့​နှစ်ယောက်​လုံး​ ကျီဖုအဆင့်ကို တက်​လှမ်း​ဖို့ အချိန်​ကျတော့​မယ်လို့ ငါထင်တယ်”

“မှန်​ပါတယ်​”

နှစ်​ဦးသားလည်း ငြင်းဆန်​မနေတော့ဘဲ ဝန်​ခံလိုက်ကြပြီး သူတို့ရှေ့ဆက်မည့် အစီအစဉ်များကို ချပြလိုက်ကြသည်။ ရှန်း​ယွမ်လုံ​တစ်ယောက်​ သူတို့​ပြော​သမျှကို​ နားထောင်​နေရင်း​နှင့်​ အနည်းငယ်​အံ့သြ​နေဟန်တူသော်လည်း နောက်​ဆုံး​တွင် နားလည်သဘောပေါက်​ဟန်​နှင့် ခေါင်း​ညိတ်​လိုက်​သည်။

“ဒါပေါ့ မင်း​တို့​နှစ်ယောက်​ အပြင်​ထွက်​ချိန်တန်ပြီပဲ။ ငါရှိနေတုန်း မင်း​တို့ စိတ်​ချ​လက်​ချ ခရီး​ထွက်​လို့​ရပါတယ်။ ဒါပေမဲ့​ ဂရုတော့စိုက်ပါ။ တတ်​နိုင်​သမျှ​ လူသိ​မခံ​ဘဲ တိတ်တိတ်လေးသွားရင် အကောင်း​ဆုံး​ပဲ”

ထို့နောက်​ ရှန်းယွမ်လုံသည် အနည်း​ငယ်​တုံ့​ဆိုင်း​နေပြီးမှ ကျန်း​ချန်​ရွှမ်တို့​နှစ်ဦးအား

“မင်း​တို့​ခရီး​သွားနေရင်း ဖြစ်နိုင်​ရင်ပေါ့ ဘိုး​ဘေး​မန်​ရွှယ်ကို သွားတွေ့စေချင်တယ်။ သူကလည်း​ မင်း​တို့ကို သူ့​ဆီခေါ်လာပေးဖို့ ငါ့ကို​ပြောထားသေးတယ်။ ဒါပေမဲ့​ မင်းတို့ဘိုးဘေး​နဲ့​ သွား​တွေ့တဲ့အခါ သိုသိုသိပ်​သိပ်​ဖြစ်အောင်တော့ စီမံရလိမ့်မယ်။ ဒီဆက်သွယ်ရေးကျောက်စိမ်းပြားက သူ့ပစ္စည်းပဲ၊ အချိန်​တစ်ခုရောက်လာရင် ဒီပစ္စည်းကိုသုံးပြီး သူနဲ့​ဆက်သွယ်​လို့​ရပါလိမ့်မယ်”

ထို့နောက်​ ရှန်းယွမ်လုံသည် နို့​နှစ်ကဲ့သို့ ဖြူ​ဖွေး​နေသော ကျောက်​စိမ်း​အဆောင်​တစ်ခုကို ထုတ်​ယူလိုက်ပြီး ကျန်း​ချန်​ရွှမ်တို့လက်ထဲ အပ်လိုက်သည်။

***

နှစ်တစ်ရာကျင့်ကြံပြီးနောက်

အခန်း.​၉၈ ။ ရှန်း​မန်​ရွှယ်​နှင့်​ ပြန်လည်​ဆုံ​ဆည်း​ခြင်း

ကျန်း​ချန်​ရွှမ်က ကျောက်​စိမ်း​အဆောင်​ကို ရိုသေ​စွာ လက်​ခံရယူလိုက်ပြီး ခေါင်းညိတ်လျက်

“ကျွန်တော်တို့ နားလည်​ပါတယ်​ ဘိုးဘေး”

ရှန်းရူယန်က ရှန်းယွမ်လုံကိုကြည့်ရင်း စိုး​ရိမ်​စွာဖြင့်

“ဘိုး​ဘေးရဲ့ ကျန်းမာရေး​အခြေအနေ​က….”

ထို​မေးခွန်း​ကို ကြို​တင်သိနေသည့်အလား ရှန်း​ယွမ်လုံက ပြုံး​ရင်း ကြားဖြတ်ဖြေကြားလိုက်သည်။

“ငါ့အတွက်​မစိုးရိမ်ပါနဲ့၊ ဒီအချိန်ထိ အသက်​ရှင်​နေသေးတာကိုက ငါထင်​ထား​တာထက် အခြေအနေ​ပိုကောင်း​နေတာလို့ ပြောရမယ်။ နောက်​ထပ်​နှစ်​အန​ည်းငယ် နေရဖို့ မျှော်လင့်ပါတယ်။ ငါမသွားခင် မင်း​တို့​နှစ်ယောက်​ခရီး​ထွက်ပြီး ပြန်​လာတာ​နဲ့ တောက်​မင်​ ကျင့်ကြံမှုပြီးလို့ ဂူထဲကထွက်လာတာရယ်ကို မြင်​ချင်​ပါသေးတယ်”

ရှန်းယွမ်လုံမှာ သေမည့်အရေးကို အမှုမထားဟန်နှင့် ပေါ့​ပေါပါးပါး ပြောဆို​နေသော်လည်း​ ကျန်း​ချန်​ရွှမ်​နှင့် ရှန်းရူယန်တို့အတွက်မူ စိတ်​ထဲတွင် နာကျင်​ခံစားမိလိုက်သည်။ ရှန်းယွမ်လုံသည်​ သည်​နှစ်ကာလတစ်လျှောက်လုံးတွင် သူတို့​နှစ်ဦး​စလုံး​ကို အမြဲတမ်းကာကွယ်​ပေးခဲ့သည် မဟုတ်ပါ​လား။ ရှန်းယွမ်လုံ၏ အကူအညီ​သာ မရရှိခဲ့​လျှင် လက်​ရှိ​အချိန်​တွင် သူတို့နှစ်ဦးစလုံး သည်အနေအထားကို ဆိုက်​ရောက်​နိုင်​လိမ့်မည်ဟု မသေချာပါ။

“ဘိုးဘေး အသက်​ရှည်​ရှည်​နေပေးပါ။ ကျွန်တော်​တို့ အမြန်ဆုံး​ပြန်လာမှာပါ”

ကျန်း​ချန်​ရွှမ်နှင့် ရှန်းရူယန်တို့လည်း လေးနက်​စွာ ကတိပြုလိုက်သည်။

ရှန်း​ယွမ်လုံက အားရ​ကျေနပ်​စွာ ပြုံးရင်း

“ကောင်း​ပါ​တယ်၊ သို့သော်​ မင်း​တို့​အရေး​ကိုပဲ အဓိကဦးစားပေးရမယ်၊ ဒါကို​မမေ့နဲ့”

လက်ရှိ​အချိန်​တွင် ရှန်း​ယွမ်လုံ​ထံတွင် သေခြင်း​တရား​ကို လက်​ခံနိုင်​စွမ်း​ရှိသူများထံမှသာ တွေ့ရလေ့ရှိသည့် တည်ငြိမ်​မှုမျိုး​ကို တွေ့နေရသည်။ ကျန်း​ချန်​ရွှမ်​တို့လည်း ဘိုး​ဘေး​၏ ရောဂါ​အခြေအနေ​နှင့် စပ်​လျဉ်းပြီး စကားဆက်ဖို့ မကြိုးစားတော့ဘဲ ရှန်း​ယွမ်လုံနှင့်အတူ နှစ်​ရက်​တိတိ​ အဖော်​ပြုနေထိုင်ပေးပြီးမှ ဘိုး​ဘေး​ကို​နှုတ်ဆက်​ကာ ရှန်း​တောက်မင် ​ဂူပိတ်​ကျင့်ကြံနေရာ လှိုဏ်ဂူအနီးသို့ ထွက်လာကြသည်။၊

ထို​နေရာ​တွင် ရက်​အနည်းငယ်​စောင့်​ဆိုင်း​ပြီး​မှ ရှန်း​တောက်​မင်​၏ ဂူပိတ်ကျင့်ကြံမှု ပြီးဆုံးရန် ကြာဦးမည်ကို သိသောအခါ ယွီဟွာတောင်မှ ထွက်​ခွာ၍ ကန်း​ယန်​ဂိုဏ်း​ထံ ဦးတည်​ပျံသန်း​လိုက်​တော့သည်။ ရှန်း​မန်​ရွှယ်က သူတို့​နှစ်ဦး​ကို တွေ့ချင်နေသည်ဆိုသောကြောင့် ဘိုး​ဘေး​မန်​ရွှယ်ထံ အရင်​ဝင်မည်ဖြစ်သည်။ ဘိုးဘေး​က သူတို့​ဇနီး​မောင်နှံ​နှစ်ဦး​အား မှာကြား​စရာ​တစ်ခုခုရှိ၍သာ သူတို့​နှစ်ဦး​ကို အခေါ်လွှတ်လိုက်ခြင်း ဖြစ်နိုင်​သည်။ ယွီဟွာတောင်နှင့် ကန်း​ယန်​ဂိုဏ်း​မှာ မိုင်တစ်သန်းခန့် ကွာဝေးပြီး အရင်​က ပင်း​ချွမ်စီရင်စုမှ ကန်း​ယန်​ဂိုဏ်းသို့လာလျှင် တစ်လခွံအထိကြာမြင့်သည်။

လက်ရှိ​ကျန်း​ချန်​ရွှမ်​တို့၏ ကျင့်ကြံမှုအဆင့်နှင့် ဆိုပါက အမြင့်ဆုံး​နှုန်းနှင့် မပျံသန်းလျှင်တောင် လဝက်အတွင်းတွင် ကန်း​ယန်​ဂိုဏ်းနှင့် ကီလိုမီတာ​ ၅၀၀၀ ခန့်အကွာထိ ရောက်​ရှိ​လာနိုင်​ခဲ့သည်။

များ​မကြာ​မီ လူသူကင်းမဲ့သော တောင်​ထွတ်​တစ်​နေရာတွင်….

ကျန်းချန်​ရွှမ်သည် လက်​ထဲရှိ ဆက်သွယ်​ရေးအဆောင်​ကို ဆုတ်​ချေလိုက်သည်။ ကျန်းချန်ရွှမ်​တို့​နှစ်ဦး စိတ်​ရှည်​စွာ စောင့်​ဆိုင်း​နေသည်​မှာ နှစ်နာရီနီးပါးရှိနေပြီဖြစ်သည်။ ထို​အချိန်​တွင်​ ဆံပင်​များ ဆွတ်​ဆွတ်​ဖြူ​နေသော်လည်း လှပတင့်တယ်သော အသွင်ဆောင်နေသည့် အမျိုးသမီး​တစ်ဦး​ ကျန်း​ချန်​ရွှမ်​တို့ ရှေ့​မှောက်တွင် ပေါ်လာတော့သည်။ ထို​အမျိုး​သမီး​သည် ရှန်း​မန်ရွှယ်​ဖြစ်ပြီး သူမ၏ပုံပန်း​သဏ္ဌာန်​မှာ နှစ်ကာလ​ကြာသွားသည့်တိုင် ပြောင်း​လဲ​သွားခြင်းမရှိပါ။ သို့​သော်​ ရှန်းမန်ရွှယ်၏ကိုယ်ပေါ်​တွင် သေခြင်း​အော်​ရာ​များ အုံ့ဆိုင်းနေသည်ကို သူတို့နှစ်ယောက်လုံး​ အာရုံ​ခံ​မိလိုက်ကြသည်။ ကောင်း​ကင်​ဘုံ​လျှို့ဝှက်​ချက်​ကို တွက်ချက်ခြင်း​နည်းစနစ်၏ ဘေး​ထွက်​ဆိုးကျိုး​များ​ဖြစ်သည်။

ရှန်း​ရူယန်​တို့လည်း ဘိုးဘေး၏ အခြေအနေ​ကို​ အကဲခတ်​ရင်း

“ဘိုး​ဘေး​ရဲ့ ကျန်းမာရေး​အခြေအနေ​က…..”

ရှန်း​မန်ရွှယ်​က သူတို့​မေးမည့်မေးခွန်းကို ကြိုတင်​သိနေသည့်အလား လက်​ကာ​ပြရင်း

“ဘာမှမဖြစ်​ပါဘူး​၊ ဒီအတွက် ငါကိုယ်တိုင်ရွေးချယ်ခဲ့တာပါ။ ဖြစ်​လာမဲ့ အဆိုးဆုံးတွေအတွက် ငါ​ကြို​တင်​ပြင်ဆင်​ပြီး​ပါပြီ​”

ထို့နောက်​ ရှန်း​မန်​ရွှယ်သည် ကျန်း​ချန်​ရွှမ် တို့​နှစ်ဦး​လုံးကို အသေအချာ​ကြည့်ပြီးနောက် ပြုံး​ရင်း​ခေါင်း​ညိတ်​လိုက်​သည်။

“ကောင်း​ပါတယ်။ နှစ်ယောက်​လုံး​ ကျီဖုအဆင့်​ကို ရောက်​တော့မှာပဲ။ ဒါနဲ့ မင်း​တို့​ရဲ့ ဘိုးဘေး​ယွမ်လုံ မင်း​တို့ကို​ ငါ့ဆီလာတွေ့ခိုင်းတာ ထင်​ပါရဲ့”

သူတို့​နှစ်ဦး​ပြန်​မဖြေနိုင်ခင်မှာပင် ရှန်း​မန်ရွှယ်က ဆက်​လက်​ပြီး

“သူ့​မှာ အချိန်​သိပ်​မရှိ​တော့ဘူး၊ ငါလည်း​တူတူ​ပဲ၊ မင်း​တို့​ရဲ့ အနာဂတ်​ကိစ္စ​အတွက်​လည်း သူ​ရှင်း​ပြပြီးပြီထင်ပါတယ်။ အခု​မင်း​တို့ကို​ ခေါ်​လိုက်​ရတာက​ ပေးစရာ​လေး​တွေရှိ​လို့ပါ​”

ထို့နောက်​ ရှန်းမန်ရွှယ်သည် လက်​ဖဝါး​ကို​လှန်လိုက်ရာ ပစ္စည်း​အချို့​ရုတ်တရက်​ပေါ်လာတော့သည်။ ကျောက်​စိမ်း​ပြား​နှစ်ချပ်၊ တိုကင်ပြားတစ်ခုနှင့် သိုလှောင်လက်စွပ်တစ်ကွင်းတို့ဖြစ်သည်။ ကျောက်​စိမ်း​ပြား​နှစ်​ချပ်​တွင် ကျင့်ကြံခြင်းနည်းစနစ်​နှစ်ခုစီ ရေးသား​ထား​ပြီး တစ်ခုမှာ​ ကျန်း​ချန်​ရွှမ် လတ်တလော​ လိုအပ်​နေသည့် ကိုယ်​ခန္ဓာ​မွမ်း​မံခြင်း​နည်းစနစ်ဖြစ်သည်။ နာမည်​မှာ အကန့်အသတ်​မဲ့ဘီး ဟုခေါ်​တွင်​ပြီး ထို​နည်း​စနစ်ကို​ ရှန်း​မန်ရွှယ်​တစ်ယောက်​ ကျင့် ကြံ​ခြင်း​လောက​တွင် လှည့်လည်​သွားလာနေခဲ့စဉ် အခါက မတော်တဆ​ ရရှိ​ခဲ့ခြင်း​ဖြစ်သည်။

ထို​နည်း​စနစ်​ကို ကျင့်ကြံရန် ကနဦး​အခြေအနေ​များမှာ ပြင်း​ထန်​သလို အစအဆုံးရေးသားထား​ခြင်း​မရှိ​ဘဲ တစ်စိတ်တပိုင်းသာ မှတ်တမ်းတင်ထားနိုင်ခြင်းဖြစ်သည်။ သို့​သော်​ ရှန်း​မန်ရွှယ်​တွေးမိသည်က အဆိုပါ​နည်းစနစ်မျိုးသည် ထိပ်တန်း​အဆင့်​ ကိုယ်​ခန္ဓာ​မွမ်း​မံ​ခြင်း နည်းစနစ် ဖြစ်သည့်အတွက် ကျင့်ကြံမည့်သူမရှိလျှင် နှမြော​စရာကောင်းပြီး အဓိပ္ပာယ်​မဲ့လိမ့်မည် ဟူ၍ဖြစ်သည်။ ကျန်း​ချန်​ရွှမ်​နှင့်​ တွေ့သည့်အချိန်မှာတော့ အဆိုပါ​နည်း​စနစ်​ကို ကျင့်​ကြံနိုင်မည့်သူ တွေ့ပြီ​ဟု မှတ်ယူ​လိုက်မိတော့သည်။

ကျန်း​ချန်​ရွှမ်​အတွက်​မူ ကိုယ်​ခန္ဓာ​မွမ်းမံ​ခြင်း နည်းစနစ်တစ်ရပ် အသည်း​အသန်​လိုအပ်နေချိန်၌ အဆိုပါ​နည်းစနစ်ကို ရရှိ​လိုက်​ခြင်း​အတွက်​ ရေကန်​အသင့် ကြာအသင့် ဖြစ်​သွားသလို သည်နည်းစနစ်သည် လတ်​တ​လော​တွင်​ ပြည့်​စုံ​ခြင်း​မရှိ​သေးသည့်တိုင် သူနှင့်ကိုက်ညီမည့် နည်း​စနစ်​ဖြစ်​ကြောင်း​ကို အခိုင်​အမာယုံကြည်နေမိသည်။

နောက်​ထပ်​ကျောက်​စိမ်း​ပြားတွင်လည်း အကန့်အသတ်​မဲ့ဘီး ကဲ့သို့​ အရေးပါ​သော နည်းစနစ်​တစ်ရပ်​ရေးသားထားသည်။ ထိုနည်းစနစ်မှာ ကောင်း​ကင်ဘုံ​တွက်ချက်​ခြင်း​ နည်းစနစ်​ဖြစ်​ပြီး လက်ရှိ​ ရှန်း​မန်ရွှယ်​ အမှီပြုနေရသော နည်း​စနစ်​လည်း​ဖြစ်သည်။ အဆိုပါ​နည်း​စနစ်၏ ထူးခြား​ချက်​မှာ ကောင်း​ကင်ဘုံ​လျှို့ဝှက်​ချက်​များ​ကို တွက်​ချက်​ခန့်​မှန်း​နိုင်​သည့်အပြင် မိမိ​ကိုယ်​ပိုင် လျှို့ဝှက်​ချက်​များ​ကိုလည်း အခြား​သူများ မ​သိမြင်​စေရန် ဖုံးကွယ်​ထား​နိုင်​ခြင်း​ဖြစ်​သည်။သို့​သော် အဆိုပါ​နည်း​စနစ်​ကို ကျင့်​ကြံ​ရန် ရှိရမည့်​အခြေအနေ​များမှာ အထူးကြမ်းတမ်းသလို ကျင့်ကြံသူ၏ ဘဝသက်တမ်းကို ကုန်ဆုံးစေမည်ဖြစ်သည်။ ထို့ကြောင့်​ လက်ရှိ​အချိန်​တွင် ယွင်နိုင်ငံကျင့်ကြံရေးလောကတွင် အဆိုပါ​နည်းစနစ်ကို ပိုင်ဆိုင်​ထား​သူမှာ ရှန်းမန်ရွှယ်တစ်ဦးတည်းသာရှိသည်။

အထက်​ပါ တန်ဖိုး​ကြီး​ နည်း​စနစ်နှစ်ရပ်ကို ရှန်း​မန်ရွှယ်​က ကျန်း​ချန်​ရွှမ်တို့နှစ်ဦးကို ပေးအပ်​လိုက်​ပြီဖြစ်သည်။ သို့​သော်​ သူမအနေနှင့်​ အဆိုပါ​နည်းစနစ်​နှစ်​ရပ်​ကို ကျန်းချန်ရွှမ်​တို့​နှစ်ဦး​အား မဖြစ်​မနေ ကျင့်ကြံစေလိုခြင်း မဟုတ်ဘဲ လေ့လာ​သုံးသပ်၍ အခြေခံ​သဘော​ကို နားလည်​စေရန်​ဖြစ်​သည်။ နောက်​တစ်ခု​မှာ တိုကင်ပြားဖြစ်သည်။ ကျန်း​ချန်​ရွှမ်​တို့​အတွက်​ မဟုတ်​ဘဲ ရှန်း​မိသားစု​ထံ လူကြုံပါး​လိုက်ခြင်း​ဖြစ်သည်။ ​တိုကင်ပြား​ပိုင်​ရှင်သည် ကန်း​ယန်​ဂိုဏ်း​အတွင်း​သို့​ ဝင်​ရောက်​ခွင့်ရှိပြီး ပင်မဂိုဏ်းတပည့်အဖြစ်​လည်း ထမ်းဆောင်​ခွင့်​ရမည်​ဖြစ်​သည်။

နောက်​ဆုံး​ပစ္စည်း​ဖြစ်​သည့် သိုလှောင်​လက်​စွပ်ထဲတွင် လွန်ခဲ့သော​ နှစ်​ရာ​ဂဏန်း​အတွင်း ရှန်း​မန်ရွှယ်​စုဆောင်း​ခဲ့သမျှ ရတနာ​ပစ္စည်း​အားလုံး​၏ ၈၀% ပါဝင်ထည့်သွင်းထားသည်။ အဆိုပါပစ္စည်းများမှာ ကျန်း​ချန်​ရွှမ်​နှင့် ရှန်းရူယန်တို့အပြင် ရှန်မျိုး​နွယ်စုအတွက်လည်း ပါဝင်​သည်ဟု သိရသည်။ သို့ရာတွင်​ သူတို့​နှစ်ဦး​က ပထမဆုံး​ ကြိုက်​ရာရွေးခွင့်ကို ရရှိမည်ဖြစ်ပြီး ကျန်​ပစ္စည်း​များကိုသာ ရှန်းမျိုး​နွယ်စုထံ ပို့​ပေးမည်ဖြစ်သည်။ သည်အချက်ကို​ကြည့်၍ ရှန်း​မန်ရွှယ်​အနေနှင့် ကျန်း​ချန်​ရွှမ်တို့နှစ်ဦးအား အထူးဂရုစိုက်သည်မှာ ပေါ်​လွင်​နေပါ​တော့​သည်။ ထို့နောက်​ ရှန်းမန်ရွှယ်က ပြုံး​လျက်​

“ကဲ ငါပြန်​ချိန်​တန်ပြီ၊ ဂရုစိုက်​ကြပါ”

ကျန်း​ချန်​ရွှမ်တို့နှစ်ဦး မတားလိုက်နိုင်ခင်မှာပင် ရှန်းမန်ရွှယ်၏ပုံရိပ်​မှာ ချက်​ချင်း​ပင် ပျောက်​ကွယ်​သွားပြီဖြစ်သည်။

***

နှစ်တစ်ရာကျင့်ကြံပြီးနောက်

အခန်း​ ၉၉ ။ ငါး​နေရာ

ရှန်းမန်ရွှယ်​ထွက်​ခွာ​သွားပြီး​နောက် ကျန်း​ချန်​ရွှမ်​နှင့်​ ရှန်းရူယန်တို့ နှစ်​ဦးသား​မှာ အတွေးနယ်​ချဲ့လျက် ကျန်​ရစ်​ခဲ့ကြသည်။ သည်​တစ်ကြိမ်​သည် ရှန်း​မန်ရွှယ်​အား နောက်ဆုံး​အကြိမ်​ တွေ့ဆုံ​ခွင့်​ရခြင်း​ဖြစ်သည်ဟု စိတ်​ထဲခံစားမိနေကြသည်။ ထို့အတူ ရှန်းယွမ်လုံကိုလည်း သူတို့​နှစ်ဦး​ခရီး​မှပြန်​ရောက်​ချိန်​တွင် ​တွေ့ခွင့်ရဖို့ မသေချာ​တော့ပါ။ အဆိုပါ​ခံစား​ချက်​များကို​ ခေတ္တ​ဘေး​ဖယ်​ထားပြီးနောက် ကျန်း​ချန်​ရွှမ်တို့လည်း ပိုင်ယွင်ဂိုဏ်း၏ ပိုင်​နက်​နယ်မြေအတွင်းသို့ ဦးတည်​ပျံသန်း​လိုက်​ကြသည်။

ယခု​သူတို့​ရှိသောနေရာနှင့် ပိုင်​ယွင်​ဂိုဏ်း​တည်နေရာကြား အကွာအဝေးမှာ ယွီဟွာတောင်မှ ကန်း​ယန်​ဂိုဏ်း​အကြား​ခရီးထက် ဆယ်​ဆခန့်​ပိုကွာဝေးသည့်အတွက် သူတို့၏လက်ရှိ ကျင့်ကြံ​မှု​အဆင့်​နှင့်ပင် အမြန်ဆုံးနှုန်းပျံသန်းလျှင် သုံးလခန့်ကြာမည်ဖြစ်သည်။ ထို​ခရီး၏ ရည်ရွယ်​ချက်​ကတော့ ရှင်း​လင်း​ပါသည်။ ရှန်းရူယန်၏ အတိတ်​ဘဝက ချန်​ထားခဲ့​သည့် လျှပ်​စီး​ရေကန်​ကို ရှာဖွေ​ရန်​ဖြစ်​သည်။ သို့သော်​ နှစ်ကာလအတန်ကြာပြီဖြစ်၍ ရှန်းရူယန်ကိုယ်တိုင်ပင် ရေကန်​တည်​နေရာ အတိအကျ​ကို မသိရှိတော့ပါ။

ထို့​ကြောင့်​ ရေကန်​ကိုမရှာဖွေခင် ပိုင်​ယွင်​ဂိုဏ်း​ပိုင်​နက်​အတွင်းသို့ အရင်ဝင်ရောက်စုံစမ်းဖို့လိုမည်ဖြစ်သည်။ မျက်​စိ​တစ်​မှိတ်​အတွင်း လေးလကုန်ဆုံးခဲ့ပြီဖြစ်သည်။

နောက်ဆုံး​တွင် ရှန်းရူယန်​တို့လည်း ခွန်တောင်တန်းစျေး အမည်​ရှိ အဆင့်​၂ စျေးမြို့တစ်မြို့ကို ရောက်​ရှိ​လာကြတော့သည်။ အဆိုပါ​စျေး​မြို့​သည် ပိုင်​ယွင်​ဂိုဏ်း၏ လက်​ဝေ​ခံ​ဂိုဏ်း​ဖြစ်​သော ခွန်​တောင်​တန်း​ဂိုဏ်း၏ အုပ်ချုပ်​မှု​အောက်​တွင် ရှိကြောင်း​သိရသည်။ စျေး​မှာ အတော်လေး​စည်​ကားသည်ဟု ဆိုရ​မည်​ဖြစ်သည်။ ကျန်း​ချန်​ရွှမ်​နှင့် ​ရှန်းရူယန်တို့လည်း ရုပ်​ဖျက်​ပြီး နေ​စရာ​အတွက်​ လှိုဏ်ဂူတစ်လုံး ငှား​ရမ်းလိုက်ကြသည်။ ထို့နောက်​တွင်​တော့ ပိုင်​ယွင်​ဂိုဏ်း​နယ်​မြေ တစ်ခု​လုံးအကြောင်း စုံစမ်းထောက်လှမ်းရသည်။

နှစ်​လကျော်ကြာပြီးနောက် သဲလွန်စ​အချို့​ရရှိလိုက်ပြီဖြစ်သည်။

“ကျွန်မ​အထင်​မမှားရင် လျှပ်စီးရေကန်က ဒီငါးနေရာထဲက တစ်နေရာမှာ ရှိ​ကို​ရှိရမယ်”

ရှန်းရူယန်က စား​ပွဲ​ထက်​ရှိ မြေပုံ​ကိုထောက်လျက် အခိုင်​အမာ ပြောလိုက်​သည်။ ကျန်းချန်ရွှမ်​သည် ရူယန်ထောက်ပြလိုက်သော အမှတ်​၅ခုကိုကြည့်၍ နက်နက်နဲနဲစဉ်းစားနေသည်။ ထိုငါးနေရာမှာ ရွက်ကြွေတောင်တန်း၊ ဆောင်းဦးလေဟုန်တောင်​ကြော၊ တိမ်လွှာ​လှိုင်း​ရေကန်​၊ လမင်း​မြို့တော်​နှင့်​ သက်တန့်ပျံရွှံ့နွံအိုင် တို့​ဖြစ်ကြ​သည်။ ငါးနေရာအနက် ရွက်​ကြွေ​တောင်​တန်း​နှင့် ဆောင်းဦးလေဟုန်တောင်ကြားတို့သည် နတ်ဆိုး​သားရဲ​များ ကျက်စားရာနယ်မြေများဖြစ်ပြီး အန္တရာယ်​တော့များလှခြင်းမရှိ။

တိမ်​လွှာလှိုင်းရေကန်ကတော့ ပိုင်​ယွင်​ဂိုဏ်း​ပိုင်​နက်​အတွင်း အကြီး​ဆုံး​ရေကန်​ဖြစ်​ပြီး အလွန်​ကျယ်​ပြောသည့်အရပ်ဖြစ်သည်။ လက်ရှိ​ကျန်း​ချန်​ရွှမ်​တို့၏ ကျင့်ကြံ​မှုအဆင့်အရ အဆိုပါ​ဒေသ​တွင် အန္တရာယ်​ကြီး​ကြီး​မား​မား​ မရှိသော်လည်း အဓိကပြဿနာမှာ အလွန်ကျယ်​ပြောခြင်းဖြစ်သည်။ ထို့ကြောင့်​ လျှပ်​စီး​ရေကန်​ကို ရှာဖွေ​ရန်​မှာ အချိန်အတန်ကြာ​ယူရလိမ့်မည်ဖြစ်သည်။ နောက်​တစ်ခုက​ လမင်းမြို့တော်ဖြစ်သည်။ သည်မြို့သည် ကျီဖုအဆင့်​မိသားစု​ဖြစ်သည့် လကြည့်ဂိုဏ်း၏ နံပါတ်တစ်မြို့တော်ဖြစ်သည့်အတွက် အပြင်​လူများ​ ဝင်ရောက်​ရန်​မလွယ်​ပါ။

နောက်ဆုံး​နေရာဖြစ်သည့် သက်​တန့်​ပျံအိုင်သည်လည်း အန္တရာယ်​အလွန်​များ​ပြီး သုံးမြီးနတ်ဆိုးမိကျောင်းများ ကျက်စားရာ အရပ်လည်းဖြစ်သည်။ လက်ရှိ​ ကျန်းချန်ရွှမ်နှင့်​ ရှန်းရူယန် တို့၏ ကျင့်ကြံ​မှုအဆင့်နှင့်ပင် ထို​နေရာ​မှ အသက်​ရှင်​လျက်​ ထွက်​လာ​နိုင်​မည်​ဟု အာမခံ​နိုင်​ခြင်း​မရှိပါ။

“ယောက်ျား၊ ရွက်​ကြွေ​တောင်​တန်း​နဲ့ ဆောင်း​ဦး​လေဟုန်​တောင်​ကြောက အန္တရာယ်​အနည်းဆုံး​ပဲ၊ အဲဒီ​နှစ်နေရာမှာ အရင်​ရှာကြရအောင်၊ မတွေ့​မှ ကျန်တဲ့သုံးနေရာကို စဉ်းစား​ကြ​တာပေါ့​”

ရှန်းရူယန်၏ အကြံပြုချက်မှာ သင့်လျော်သည်ဖြစ်၍ ကျန်း​ချန်​ရွှမ် သဘော​တူ​လိုက်​သည်။

.”ကန့်ကွက်​စရာမရှိပါဘူး”

ထို​အချိန်​မှာပင် သူတို့​နေထိုင်​ရာဂူတံခါးရှိ အဆီးအတား​ အစီအရင်​မှာ အသက်​ဝင်​သွား​ကြောင်း သိ​လိုက်​ရ၍ နှစ်​ယောက်​သား မျက်​မှောင်​ကြုံ့မိသွားသည်။ ဂူအပြင်တွင် ရပ်နေသော​လူသုံးဦးကို မြင်​လျှင် သတိကြီးကြီးထား၍ အကဲခတ်​လိုက်သည်။ အန္တရာယ်​ရှိ​ဟန်​မတူသောကြောင့် ဂူထဲမှထွက်လာပြီး အဆိုပါ​လူသုံးဦးကို​ မေးမြန်း​လိုက်​သည်။

“ခင်​ဗျား​တို့ကို​ ကျုပ်​တို့​မသိဘူးမှတ်တယ်၊ ဘာကိစ္စရှိလို့လဲဗျ”

လူသုံးဦးအနက် နှစ်​ဦး​မှာ ယောက်ျား​ဖြစ်ပြီး ကျန်​တစ်​ဦး​မှာ မိန်းမ​ဖြစ်သည်။ ဦးဆောင်လာသူ​မှာ ခန္ဓာကိုယ်​တုတ်ခိုင်သူဖြစ်ပြီး အခြေခံ​တည်ဆောက်​မှု​ စတုတ္ထ​အဆင့်​ရှိ​သူဖြစ်သည်။ ထို​သူက​ ကျန်း​ချန်​ရွှမ်​၏ အမေး​ကိုကြားလျှင် လက်​သီး​ဆုပ်၍ ဂါရဝပြုလိုက်ပြီး

“ကျုပ်​နာမည်​က လေဖုန်းပါ တစ်ကိုယ်တော်ကျင့်ကြံသူပေါ့၊ ဒီက​နှစ်ယောက်​က ကောကျိရှောင်နဲ့ ဆွန်ယုချင် ပါ။ သူတို့​လည်း​ ကျုပ်​လိုပဲ အခြေခံ​တည်ဆောက်​ခြင်း ​အဆင့်​ကျင့်​ကြံသူတွေပါ။ ကျုပ်​တို့​ဒီကိုလာရတဲ့ကိစ္စက ခင်ဗျား​တို့​နှစ်ယောက်​ ကျင့်ကြံသူတစ်ပါး ချန်​ထား​ခဲ့တဲ့ပစ္စည်းတစ်ခုကို လိုက်ရှာနေမှန်း သိလို့ပါ”

ထိုလူစကားကိုကြားလျှင် ကျန်း​ချန်​ရွှမ်တို့၏ မျက်​နှာ​များမှာ အနည်းငယ်တင်းမာသွားသည်။ သူနှင့် ရှန်းရူယန်​တို့ သည်စျေးအတွင်း စုံစမ်း​နေသည်မှာ အချိန်​အတန်​ကြာ​ပြီဖြစ်၍ လူအချို့အတွက် သံသယဝင်စရာ ဖြစ်​လာသည်​မှာ သဘာဝကျပါသည်။ သို့​သော်​ သူတို့​မမျှော်လင့်ထားသည်က သူတို့​ထံ အဦးဆုံးရောက်လာသူများမှာ ဒေသခံ​ ကျီဖုအဆင့်​ မိသားစု​များနှင့် ​ဂိုဏ်း​များ​မဟုတ်​ဘဲ တစ်ကိုယ်တော်ကျင့်ကြံသူများ ဖြစ်​နေခြင်း​ပင်။

နောက်​တစ်ချက်​က ထိုလူများက သူတို့​သည်​ တစ်​ကိုယ်​တော်​ကျင့်ကြံသူ​များဖြစ်သည်ဟု မိတ်ဆက်သော်လည်း ရှန်းရူယန်​တို့​အနေနှင့် တစ်ထစ်ချယုံကြည်ခြင်းမရှိပါ။ ထိုအခါ လေဖုန်းဆိုသူက ပြုံး​လျက်

“လာရင်းကိစ္စကတော့ ကွယ်လွန်​ပြီး စီနီယာကျင့်ကြံသူတစ်ဦး နေထိုင်​သွား​တဲ့ ဂူတစ်လုံးကို ရှာ​တွေ့​ထား​တယ်ဗျ၊ ဒါပေမဲ့​ အဲဒီ​ကျင့်ကြံသူ​က ဂူကို အတားအဆီးတွေနဲ့ ကာရံ​ထားတော့ အထဲကိုဝင်နိုင်ဖို့ လူအင်အားလိုနေတယ်။ ခင်ဗျား​တို့​နှစ်ယောက်​လည်း ကျုပ်​တို့​လို တစ်ကိုယ်တော်ကျင့်ကြံသူတွေ ဆိုတာ​သိပါတယ်။ ဒီတော့ ဘဝတူချင်း ရိုင်းပင်း​ပြီး ကျုပ်​တို့​နဲ့အတူ​ ဂူထဲဝင်ဖို့ ဖိတ်​ခေါ်​တာပါ။ ဝေစုကိုလည်း စွမ်း​ဆောင်​မှုအပေါ် မူတည်​ပြီး​ ခွဲပေးမှာမလို့ စိတ်​မ​ပူ​ပါနဲ့”

လေဖုန်း၏ ကမ်း​လှမ်း​ချက်​မှာ ဆွဲ​ဆောင်​မှုရှိသည်ဟု ဆိုရ​မည်။ ကျန်း​ချန်​ရွှမ်​နှင့်​ ရှန်းရူယန်တို့ စုံတွဲ​ကို စုံစမ်း​ထောက်လှမ်း​ရာ၌ သတိ​ကြီး​ကြီး​ထား၍ ချဉ်းကပ်နေခြင်းဖြစ်သည်။ ကျန်း​ချန်​ရွှမ်​တို့​သာ သူတို့​ထင်ထားသလို တစ်ကိုယ်တော်ကျင့်ကြံသူ​များဖြစ်ပြီး စီနီယာကျင့်ကြံသူတစ်ဦး ချန်​ရစ်​ခဲ့သည့် ဂူကိုရှာဖွေနေကြသူဖြစ်လျှင် လေဖုန်း၏ ကမ်း​လှမ်း​ချက်​ကို လက်ခံကောင်းခံလိမ့်မည်ဖြစ်သော်လည်း သူတို့လက်ရှိရှာဖွေနေသည်က ထိုအရာမဟုတ်ပါ။

နယ်​မြေစိမ်းတွင် အရေးကြီး​ဆုံး​အချက်​မှာ သူစိမ်း​များကို အလွယ်တကူမယုံကြည်ဖို့ဖြစ်သည်။ ထို့ကြောင့်​ လေဖုန်း၏စကား​ကို ကြား​ပြီးနောက်​ ကျန်း​ချန်ရွှမ်နှင့် ရှန်းရူယန်တို့လည်း ခေါင်း​ခါပြလိုက်ကြသည်။

“စိတ်​မကောင်း​ပေမဲ့ ခင်ဗျား​တို့​ကမ်းလှမ်း​ချက်​ကို စိတ်​မဝင်​စားပါဘူး”

***

နှစ်တစ်ရာကျင့်ကြံပြီးနောက်

အခန်း​ ၁၀၀ ။ အရိပ်​ခြေရာ​ခံ​ပိုး​ကောင်

ကျန်း​ချန်​ရွှမ်၏ မမျှော်လင့်ထားသော အဖြေ​ကို​ကြား​လျှင် လေဖုန်း​နှင့် ကျန်​နှစ်​ဦးတို့မှာ အံ့အားသင့်​သွား​ဟန်တူသည်။ သူတို့​ကမ်းလှမ်း​ချက်​ကို ကျန်း​ချန်​ရွှမ်​တို့​နှစ်ဦး​ ငြင်း​နိုင်​မည်မဟုတ်​ဟု ထင်​ထား​ကြပုံပေါ်သည်။

“တာအိုရောင်းရင်း​တို့​ ပြန်​စဉ်းစား​ပါဦးလား။ ကျုပ်​တို့​ဘက်​က​ ရိုးသား​မှု…..”

လေဖုန်း​က ဆက်​လက်နားချလိုသော်လည်း ကျန်း​ချန်​ရွှမ်​နှင့် ရှန်းရူယန်တို့​က နားထောင်လိုဟန်မတူပါ။ ကျန်း​ချန်​ရွှမ်​က လက်ကာပြလျက်

“မလို​တော့​ပါဘူး။ ကျေးဇူးပြု​ပြီး​ ပြန်ကြပါ”

ကျန်း​ချန်​ရွှမ်သည် ပြောဆို​ပြီး​ပြီးချင်းပင် လေဖုန်း​တို့၏ တုံ့ပြန်​မှု​ကို မစောင့်တော့ဘဲ ဂူတံခါးကို​ပိတ်ချလိုက်တော့သည်။ လေဖုန်း​နှင့်​ ကျန်​နှစ်ဦးမှာ​ ပါးစပ်အဟောင်းသားဖြစ်လျက် ကျန်​ရစ်ခဲ့သည်။ ကောကျိရှောင်းနှင့် ဆွန်ယုချင်တို့နှစ်ဦးက ဒေါသ​ဖြစ်​စွာနှင့်

“အကောင်းအဆိုးနားမလည်တဲ့လူတွေပဲ၊ စေတနာကောင်းနဲ့ တကူးတက​ လာဖိတ်တာကို ဒီလိုရိုင်းရိုင်းစိုင်းစိုင်း တုံ့ပြန်​ရလား”

ထို့နောက် ကောကျိရှောင်းက လေဖုန်းကို စိုး​ရိမ်​ဟန်​နှင့်မေးသည်။

“အစ်ကို​လေ ဒီနှစ်​ယောက်​က မလိုက်​ချင်ဘူးဆိုတော့ ကျုပ်​တို့​ဘာ​ဆက်​လုပ်​ရမလဲ”

လေဖုန်းက အနည်း​ငယ်​တွေဝေနေပြီးမှ

“သူတို့​မလိုက်လည်း တခြား​လူရှာကြတာပေါ့။ ဒီခွန်တောင်တန်းစျေးမှာ လူတွေမနည်းပါဘူး။ ငါတို့​နဲ့အလုပ်လုပ်ချင်တဲ့သူတွေ ​ ရှိကြမှာပါ”

ထို့နောက်​တွင် လေဖုန်း​ဦး​ဆောင်​သော သုံး​ယောက်​သားသည် ကျန်း​ချန်ရွှမ်တို့ဂူရှေ့မှ ခပ်သုတ်သုတ် ထွက်​ခွာ​သွားကြတော့သည်။

ထို​အချိန်​တွင် ကျန်း​ချန်​ရွှမ်တို့ ယာယီတည်းခိုနေသော ဂူထဲတွင်ဖြစ်သည်။ ရှန်းရူယန်​က တစ်စုံ​တစ်ခုကို​ စဉ်းစား​မိဟန်နှင့်

“ယောက်ျား​ ကျွန်မ​တို့​ရုပ်​ဖျက်​သင့်ပြီထင်တယ်”

ရှန်းရူယန်၏ တွေးဆချက်မမှားပါ။ လွန်ခဲ့သည့်နှစ်လတာအတွင်း သိုသိုသိပ်သိပ်​ လှုပ်ရှားခဲ့​သည့်​တိုင် သူတို့၏လှုပ်ရှား​မှုများ​ကို သတိထား​မိသွားကြသူများ ရှိနေသည်လေ။ ထို့ကြောင့်​ နာမည်​နှင့်​ ပုံပန်း​သွင်​ပြင်​များ​ကို ပြောင်း​လဲရန်လိုအပ်လာပြီဖြစ်သည်။ ကျန်းချန်​ရွှမ်​ကလည်း သဘောတူ​လိုက်ပြီး

“ဟုတ်တယ်၊ ရွက်​ကြွေ​တောင်​တန်း​ကို မသွားခင် ကြိုတင်ပြီး ပြင်ဆင်လိုက်ကြတာပေါ့”

ရက်​အနည်းငယ်​အကြာ​တွင်​ ကျန်း​ချန်​ရွှမ်နှင့် ရှန်းရူယန်တို့ ​ဇနီး​မောင်နှံလည်း ရုပ်ဖျက်ကာ ခွန်​တောင်တန်း​စျေး​မှ ထွက်​လာ​ကြတော့​သည်။ သူတို့​ရှိနေသောနေရာနှင့် အနီး​ဆုံး​ဖြစ်သော​ ရွက်​ကြွေ​တောင်​တန်း​ကို အရင်​ဆုံး​ခရီးနှင်မည်ဖြစ်သည်။ အနီးဆုံးဆိုသော်လည်း​ ကီလိုမီတာ​သုံး​သောင်း​မှ လေး​သောင်း​အတွင်း​ ကွာ​ဝေးပါသည်။

သူတို့၏လက်ရှိ​ ကျင့်ကြံ​မှုအဆင့်​နှင့်ဆိုလျှင် ရွက်​ကြွေ​တောင်​တန်း​ကို​ ရောက်​ရှိ​ရန်​ သုံးလေး​ရက်ခန့်ကြာမည်ဖြစ်သည်။

ခရီး​စထွက်ပြီး ကီလိုမီတာ​ငါးထောင်ခန့် အရောက်တွင် ကျန်း​ချန်​ရွှမ်တို့​နှစ်ဦးသည် ပျံသန်းနေ​မှု​ကိုရပ်ပြီး နောက်​လှည့်​ကြည့်​လိုက်​သည်။ ထို့နောက် ​ကျန်း​ချန်​ရွှမ်က

“ခင်ဗျား​တို့​နောက်​ကနေ လိုက်​နေတာ အတော်​ကြာပြီ​ထင်တယ်။ ထွက်​လာ​လို့ရ​ပါပြီ”

သူ့စကားအဆုံးတွင် လူလေးဦး ပုန်း​ကွယ်​နေရာ​မှ အောင့်သက်​သက်​ဖြင့် ထွက်လာကြပါတော့သည်။ အမျိုးသား​သုံးဦး​နှင့်​ အမျိုးသမီး​တစ်ဦး​တို့​ဖြစ်သည်။ ရှေ့ဆုံးမှလူသည် အခြေခံ​တည်ဆောက်​မှု​ အဌမ​အဆင့်ရှိသည့် ကတုံး​ပြောင်​ပြောင် လူထွားကြီးတစ်ဦးဖြစ်သည်။ ထို​လူက​ ကျန်း​ချန်​ရွှမ်​တို့ကို​ကြည့်ပြီး ရယ်​သွမ်း​သွေးလျက်

“ခရီး​မစသေးခင်မှာပဲ မိသွားမယ်လို့ မထင်​ထားဘူး၊ ကံမကောင်း​လိုက်တာများ”

ကတုံး​နှင့် ကျန်​သုံး​ဦးတို့၏ မျက်နှာ​များ​ကို​ မြင်​တွေ့​ပြီးနောက် ကျန်း​ချန်​ရွှမ်​နှင့်​ ရှန်းရူယန်တို့လည်း အနည်းငယ်​အံ့သြမိသွားသည်။ ပထမ​တော့ သူတို့​နှစ်ဦး​နောက်ကို ခြေရာ​ခံလိုက်နေသူများမှာ လေဖုန်းတို့သုံးဦးဟု ထင်မှတ်​ထား​ခဲ့သော်လည်း ယခု​လူလေးဦးမှာ သူတို့​မမြင်မတွေ့ဖူးသော မျက်​နှာ​စိမ်း​များဖြစ်နေသည်။ ကျန်း​ချန်​ရွှမ်၏ မျက်လုံး​အစုံ​မှာ ကျဉ်းမြောင်းသွားပြီး ထို​လေး​ဦးအား အကဲခတ်​ရင်း

“ခင်ဗျား​တို့​ကို ကျုပ်​တို့​မသိဘူးမှတ်တယ်။ ဘာလို့​ကျုပ်​တို့​နောက်​ လိုက်​နေတာလဲ”

ထို​အချိန်​တွင် ကတုံး​ကြီးဘေးတွင် ရပ်နေသော မိန်း​မလျာဟန်ပန်နှင့်လူက ရယ်သွမ်းသွေး​လိုက်ပြီး

“မင်း​တို့​ရုပ်​ဖျက်​လိုက်​ရုံနဲ့ ငါတို့​မမှတ်မိတော့ဘူး ထင်​နေတာလား”

ထိုလူက ပြောပြော​ဆို​ဆို​နှင့်​ လက်​ဖဝါး​ကို ဖွင့်​ပြလိုက်ရာ ပုရစ်နှင့်တူသော ပိုးကောင်တစ်မျိုး​ကို တွေ့လိုက်ရသည်။ သို့​သော်​ ထို​ပိုး​ကောင်​သည်​ ပုရစ်ထက် အရွယ်ပိုမို​ကြီး​သလို မျက်လုံး​များ​မှာလည်း စုပေါင်း​ဖွဲ့စည်း​ထားပြီး​ အစိမ်းရောင်သန်းနေသည်။

“ဒါက ဘာလဲ…”

ကျန်း​ချန်​ရွှမ်သည် သတိ​ကို​မြဲမြံစွာထားရင်း မေးလိုက်သည်။

မိန်း​မလျာနှင့်တူသောလူက ပြုံးရယ်​လျက် ပြန်​ဖြေ​သည်။

“ဘာလို့​မေးနေတာလဲ၊ ငါ့​ရဲ့ရတနာအကြောင်း မကြားဖူးဘူးလား။ နာမည်က အရိပ်ခြေရာခံကု လို့ခေါ်​တယ်။ လူတစ်ယောက်​ရဲ့ အော်​ရာကနေတဆင့် သူ့ရဲ့တည်နေရာကို အာရုံ​ခံ​နိုင်စွမ်း​ရှိတဲါ ပိုးကောင်​တစ်​မျိုး​ပေါ့၊ ဒါကြောင့်​ မင်း​တို့​ရုပ်ဖျက်ထား​ပေမဲ့ ငါ့ရဲ့ အရိပ်​ခြေရာ​ခံကု လက်ထဲကမလွတ်တာပေါ့။”

“အဲဒီ​တော့ ဘာဖြစ်​လဲ”

ရှန်း​ရူယန်က​ အေးတိအေးစက် အသံပြတ်နှင့် မေးလိုက်သည်။ မိန်း​မ​လျာ​လူနှင့် ကတုံး​လူတို့မှာ မျက်​နှာထားတည်သွားပြီး

“မင်း​တို့ ရတနာ​တစ်ခုခုကို ​ရှာ​နေတယ်ဆိုတာ ငါတို့သိတယ်၊ အဲဒါ​ဘာလဲ ငါတို့သိချင်နေတာပါ။ ပြီးတော့​ မစိုးရိမ်​နဲ့၊ မင်း​တို့ပြောပြမဲ့အကြောင်းက စိတ်ဝင်စားဖို့ကောင်းမယ်ဆိုရင် မင်း​တို့ကို​ အခက်တွေ့အောင် မလုပ်ပါ​ဘူး”

ထို​စကား၏ အဓိပ္ပာယ်​မှာ အကယ်၍ ကျန်း​ချန်​ရွှမ်​တို့၏ အဖြေက သူတို့​အတွက် ကျေနပ်ဖွယ်​မဟုတ်လျှင် သို့မဟုတ်​ ကျန်း​ချန်​ရွှမ်တို့က သူတို့ကို​ပြောပြဖို့ငြင်းဆန်လျှင် ဒုက္ခ​ကြီး​ကြီး​တွေ့မည် ဆိုသော​ အဓိပ္ပာယ်​ဖြစ်​သည်။ တစ်​နည်းဆိုရလျှင်​ ပညာသားပါပါနှင့် ခြိမ်း​ခြောက်​နေ​ခြင်း​ဖြစ်​သည်။

ကျန်း​ချန်​ရွှမ်​တို့​နှစ်ဦးမှာ သူတို့​လက်​ခုပ်ထဲက ရေကဲ့သို့ လွယ်​ကူ​မည်​ထင်နေ၍လား၊ သို့တည်း​မဟုတ်​ ကတုံး​ဦးဆောင်​သော လူလေးဦး​ကပင် ကိုယ့်ကိုယ်ကို ယုံကြည်မှုပြင်းထန်နေ၍လား မသိသော်လည်း ထို​သူတို့၏ အမူအရာ၊ လေသံမှာ ရဲတင်းလွန်း​လှသည်ဟု ကျန်း​ချန်​ရွှမ်​တွေးမိသည်။ ထို့နောက်​ ရှည်​ရှည်​ဝေး​ဝေး တွေးမနေတော့ဘဲ ကျန်း​ချန်​ရွှမ်​သည် ရေကြည်​ကန်ဓားကို ဆွဲထုတ်​လျက် မိန်းမလျာလူကို ခုတ်​ပိုင်း​လိုက်သည်။ ရှန်းရူယန်​ကလည်း​ လက်​မနှေးဘဲ ကျိန်စာအလင်းဓား​ကို ထုတ်​လိုက်သည်။

လျှပ်​တစ်​ပြက်​အတွင်း ကျိန်စာအလင်းဓားသည် ကတုံး​လူ၏ ရှေ့မှောက်​သို့ ရောက်ရှိလာတော့သည်။ ကတုံးကြီးတို့လူစုမှာ ကျန်း​ချန်​ရွှမ်တို့ဘက်မှ စတင်တိုက်ခိုက်လိမ့်​မည်ဟု​ မမျှော်လင့်ထား၍ မျက်လုံး​ပြူး​သွားတော့သည်။

“သေ​ချင်​နေပြီထင်တယ်”

ရုတ်​ချည်း​ဆိုသလို​ပင် ကတုံး​လူထွားကြီးနှင့် မိန်း​မ​လျာ​လူတို့၏ မျက်လုံး​များ​ထဲတွင် သတ်​ဖြတ်​နှိပ်​စက်လိုသော အရိပ်​အငွေ့များ ထင်​ဟပ်လာကြသည်။ သူတို့​နှစ်ဦး၏ လက်ထဲတွင် ပုဆိန်​တစ်လက်နှင့် ယပ်တောင်​တစ်ချောင်းစီ ပေါ်​လာတော့သည်။ ပုဆိန်မှာ ရွှေအိုရောင်ရှိပြီး အရိုး​နှင့် အသွားပတ်လည်တွင် အစိမ်း​ရောင်​အော်ရာများက လေပွေ​လို လှည့်​ပတ်​ရစ်ဝဲနေသည်။ မိန်း​မ​လျာ​နှင့်တူသော​လူ၏ ယပ်​တောင်​လက်​နက်မှာ ပို၍ပင် ဆန်း​ကြယ်​နေသေးသည်။ ထုတ်​ယူ​လိုက်​သည့် တစ်ခဏတွင် ပေပေါင်းများစွာ ဆန့်​ထွက်ရှည်လျားလာပြီး တစ်ချက်​ခတ်လိုက်လျှင် မဲနက်​နေသော လေပြင်းများ တဟူးဟူးတိုက်ခတ်လာတော့သည်။

ကျန်နှစ်ဦးမှာလည်း ရပ်​ကြည့်မနေတော့ဘဲ ကိုယ်​စီ​လက်​နက်​များ​ကို အသီးသီး​ဆွဲထုတ်​လိုကကြ​တော့သည်။ ပထမ​တစ်ဦးသည် နက်​မှောင်​နေသော လွန်း​ပျံပုံစံ ဓမ္မ​လက်နက်​တစ်ခုကို ဆွဲထုတ်၍ ကျန်း​ချန်​ရွှမ်​တို့​ထံ ပစ်​လွှတ်​လိုက်​သည်။ လက်နက်​မှာ အနက်​ရောင် အတိပြီးသည့်အတွက် ပုံပန်း​သွင်​ပြင်​ကို ရှင်း​ရှင်း​လင်း​လင်း မမြင်​ရနိုင်ပါ။ နောက်​ဆုံး​တစ်​ဦး​မှာ အမျိုးသမီး​ကျင့်ကြံသူ​ဖြစ်ပြီး ချီ​သိပ်​သည်း​မှုမြင့်မားသော အဏ္ဏဝါအပြာရောင်ဓားပျံကို ဆွဲထုတ်​လိုက်​ခြင်းဖြစ်​သည်။

ကျန်း​ချန်​ရွှမ်​သည် သစ်သား​စိမ်း ​ကောင်းကင်အလင်း​ဒိုင်း​ကို အလျင်အမြန်​ထုတ်၍ လွန်းပျံ​ဓမ္မ​လက်​နက်၏ တိုက်​ခိုက်​မှုကို​ ကာကွယ်​လိုက်​ရသည်။ ထို​အချိန်​တွင်​ ရှန်းရူယန်က ဗလာ​နယ်​လျှပ်​စီးကို ဆင့်ခေါ်​၍ ရန်သူ​ကိုညွှန်ပြလိုက်ရာ မျက်​စိကျိန်းမတတ် လင်းလက်​နေသော လျှပ်စီးကြောင်းတစ်ခုက အမျိုးသမီး​ကျင့်ကြံသူ​ထံ ပြေး​ဝင်​သွားသည်။ လျှပ်​စီး​ကြောင်း​နှင့်​ အဏ္ဏဝါအပြာရောင်ဓားတို့ ရိုက်​ခတ်​မိသောအခါ ဓား၏အော်ရာမှာ မှိန်​ဖျော့​သွားတော့သည်။

***

စာစဉ် ၅ ပြီး၏။

All Chapters