အခန်း (၉၆-၁၀၀)
Vol. 5 Ch. 96-100
နှစ်တစ်ရာကျင့်ကြံပြီးနောက်
အခန်း ၉၆ ။ လေးနှစ်အကြာ
သည်လိုနှင့် လေးနှစ်တာ ကုန်ဆုံးသွားပြန်သည်။
ပထမနှစ်တွင် ကျန်းချန်ရွှမ်တစ်ယောက် အခြေခံတည်ဆောက်ခြင်း အဌမအဆင့်သို့ တက်လှမ်းနိုင်ခဲ့သည်။ ကိုယ်တွင်းရှိ စစ်မှန်မှုအဆီအနှစ် စွမ်းအင်ပမာဏသည် ၃၀% တိုးတက်လာခဲ့ပြီဖြစ်သည်။ ထို့နောက်တွင် ရေကြည်ကန်ဓားပျံကို စတင်သန့်စင်ပါတော့သည်။ သည်တစ်ကြိမ်တွင် သုံးလအတွင်း အပြီးသန့်စင်နိုင်ခဲ့သည်ဖြစ်ရာ ဆက်လက်၍ လက်နက်သန့်စင်ခြင်းစွမ်းရည်ကို မြှင့်တင်လိုက်ပြန်သည်။
ထိုအချိန်တွင် စနစ်မှ အချက်ပေးသံဝင်လာတော့သည်။
[ဒင်! အောင်မြစ်မှုစနစ်မှ တာဝန်အသစ်ထုတ်ပြန်လာပါပြီ။ စနစ်ပိုင်ရှင်၊ လက်နက်ဖန်တီးခြင်းကဏ္ဍတွင် အဆင့်၂ ကို နှစ်နှစ်အတွင်း ရောက်ရှိရန်ကြိုးစားပါ။]
သည်နှစ်အတောအတွင်း၌ ကျန်းချန်ရွှမ်အတွက် လက်နက်ဖန်တီးသန့်စင်ခြင်းစွမ်းရည်ကို သီးခြားကျင့်ကြံရန် အချိန်မရှိခဲ့သည့်အတွက် အဆင့်၁ အမြင့်ဆုံးအဆင့်အထိသာ ရောက်ရှိခဲ့ပါသည်။ ပုံမှန် အဆင့်၁ အမြင့်ဆုံးအဆင့်ရှိ လက်နက်သန့်စင်သူများအတွက် နှစ်နှစ်အတွင်း အဆင့်၂သို့ ရောက်ရှိရန်မှာ မဖြစ်နိုင်သလောက် ခဲယဉ်းပါသည်။
ပါရမီနည်းပါးသူများအဖို့ တစ်ဘဝလုံးကျင့်ကြံလျှင်တောင် အဆင့်၂သို့ တက်လှမ်းနိုင်ရန် မသေချာပါ။ သို့သော် ကျန်းချန်ရွှမ်အတွက်မူ စနစ်မှချီးမြှင့်ထားသော ပါရမီစွမ်းရည်အမှတ်များ ရှိထားသလို လက်နက်သန့်စင်ရန် လိုအပ်သည့် ကုန်ကြမ်းအရင်းအမြစ်များသည်လည်း အလုံအလောက်ရှိနေ၍ ကံကောင်းသည်ဟု ဆိုရပေမည်။ ထို့ကြောင့် တစ်နှစ်ခွဲခန့် ကျင့်ကြံမှုအပြီးတွင် အဆင့်၂ လက်နက်သန့်စင်သူအဖြစ်သို့ ရောက်ရှိခဲ့ပါတော့သည်။ ထိုအချိန်တွင်ပင် စနစ်၏အချက်ပေးသံ ပေါ်လာပြန်သည်။
[ ဂုဏ်ပြုပါသည် စနစ်ပိုင်ရှင်၊ အဆင့်၂ လက်နက်သန့်စင်ခြင်းအဆင့်ကို ရောက်ရှိပါပြီ။ လက်နက်သန့်စင်ခြင်း ပါရမီအမှတ် +၁ ရရှိပါမည်။ ထို့အပြင် အဆင့်၃ ဓမ္မရတနာဖြစ်သည့် ရွှေဗလာနယ်ဓား ဖန်တီးသန့်စင်နည်းကိုလည်း ရရှိပါမည်။]
ယခုအကြိမ်သည် ပထမဆုံးအကြိမ်အဖြစ် စနစ်မှ ဆုလာဘ်နှစ်ခုကို တစ်ပြိုင်နက်တည်း ရရှိခြင်းဖြစ်သည်။ ပထမဆုလာဘ်မှာ ထူးခြားမှုမရှိဘဲ စနစ်ထံမှ အမြဲလိုလိုရရှိနေကျ ပါရမီအမှတ်များဖြစ်သည်။ သို့သော် ကျန်းချန်ရွှမ်တစ်ယောက် အချိန်တိုအတွင်း အဆင့်၂ သို့ တက်လှမ်းနိုင်ရခြင်းမှာ စနစ်က ချီးမြှင့်ခဲ့သော ပါရမီရမှတ်များကြောင့်လည်း ပါဝင်ပါသည်။
ဒုတိယဆုလာဘ်မှာ သူအလိုရှိနေသောအရာဖြစ်သည်။ လင်းထျန်းဖန်နှင့် တိုက်ပွဲပြီးကတည်းက အဆင့် ၃ ဓမ္မရတနာလောင်းတစ်ပါးကို ဖန်တီးသန့်စင်ရန် စိတ်ကူးရှိခဲ့သော်လည်း ကျန်းချန်ရွှမ်အနေနှင့် ကိုယ့်ကိုယ်ကို အသင့်မဖြစ်သေးဟု ယူဆနေခဲ့မိသည်။ ရှန်းရူယန်ကိုယ်တိုင် လိုအပ်သည့်အကြံဉာဏ်များ ပေးခဲ့သော်လည်း ကျန်းချန်ရွှမ်တစ်ယောက် တစ်ခုခုလိုအပ်နေသေးသလို ခံစားနေခဲ့မိသည်။ ဓမ္မရတနာဆိုသည်မှာ ကျင့်ကြံခြင်းလမ်းစဉ်တစ်လျှောက် ထာဝရလက်တွဲသွားရမည့် လက်နက်ရတနာဖြစ်၍ အပြစ်အနာအဆာ မရှိစေရန်မှာ အထူးအရေးကြီးလှသည်။ သန့်စင်နေချိန်တွင် အမှားအယွင်းတစ်ခုခု ဖြစ်ပေါ်ခဲ့ပါက ရရှိလာမည့် ဓမ္မရတနာသည် ကိုယ်နှင့်သဟဇာတ ဖြစ်တော့မည်မဟုတ်ပါ။ ထို့ကြောင့် ကျန်းချန်ရွှမ်အနေနှင့် အဆင့်၃ ဓမ္မရတနာလောင်း သန့်စင်မည့်ကိစ္စကို ဝန်လေးနေမိခြင်းဖြစ်သည်။
သို့သော် ယခုစနစ်မှ ချီးမြှင့်လိုက်သော ရွှေဗလာနယ်ဓားကို မြင်လိုက်ရသည့်အခါ အဆိုပါလက်နက်သည် သူ၏ပထမဆုံး ဓမ္မလက်နက်ဖြစ်လာမည်ကို အသေအချာယုံကြည်မိလိုက်သည်။ ထိုထက်အရေးကြီးသည်က အဆင့်၃ ဓမ္မရတနာလောင်းကို သန့်စင်တော့မည်ဟု စိတ်ပိုင်းဖြတ်လိုက်ချိန်တွင် စနစ်မှအချက်ပေးသံ ဝင်လာခြင်းဖြစ်သည်။
[ဒင်! အောင်မြစ်မှုစနစ်မှ တာဝန်အသစ်ထုတ်ပြန်လာပါပြီ။ စနစ်ပိုင်ရှင်၊ အဆင့်၃ ဓမ္မရတနာကို ပြီးမြောက်သည်အထိ သန့်စင်ပါ ]
သည်တစ်ခါ စနစ်၏မစ်ရှင်က အရင်လို တစ်ဆင့်ချင်းမဟုတ်တော့ဘဲ အဆင့်၃ ဓမ္မရတနာအထိ သွန်းလုပ်သန့်စင်ခိုင်းခြင်းဖြစ်၍ စနစ်ထံမှ ဓမ္မရတနာလောင်း သန့်စင်နည်းကိုသာ ရရှိထားသော ကျန်းချန်ရွှမ်အနေနှင့် ဓမ္မရတနာအဆင့်အထိ ရောက်ရှိရန် ကိုယ့်အားကိုယ်ကိုးရတော့မည်ဖြစ်သည်။ ဓမ္မရတနာလောင်းကို သန့်စင်ရန် ပထမဆုံးလိုအပ်ချက်မှာ လက်နက်သန့်စင်ခြင်းစွမ်းရည်ကို အဆင့် ၃အထိ အရင်မြှင့်တင်ရမည်ဖြစ်သည်။ ထိုအဆင့်ထိ တက်လှမ်းနိုင်ခဲ့လျှင် စနစ်ထံမှ လျှို့ဝှက်မစ်ရှင်တစ်ခု ထပ်ရနိုင်သေးသည်ဟု ကျန်းချန်ရွှမ်တစ်ယောက် တွေးမိလိုက်သေးသည်။
ထို့နောက်တွင် ကျန်းချန်ရွှမ်သည် အလယ်အလတ်အဆင့် ရွှေသံချပ်ကာရုပ်သေး အဆောင်များကို စတင်ရေးဆွဲတော့သည်။ အဆောင်ဖန်တီးခြင်းစွမ်းရည်မှာ အဆင့် ၂ အလယ်အဆင့်ထိ ရရှိထားပြီးဖြစ်၍ အဆင့်၂ အလယ်အဆင့် အဆောင်များကို ဖန်တီးရေးဆွဲရာတွင် ခက်ခဲမှုမရှိလှပါ။ နောက်ခြောက်လအကြာတွင် ရွှေသံချပ်ကာရုပ်သေး အဆောင်သုံးခုထိ ရေးဆွဲနိုင်ခဲ့ပြီးဖြစ်သည်။ အဆင့်၂ အလယ်အလတ်အဆင့် ရွှေသံချပ်ကာရုပ်သေး၏ စွမ်းအားမှာ အခြေခံတည်ဆောက်ခြင်း ပဥ္စမအဆင့် နှင့် ဆဌမအဆင့် ကျင့်ကြံသူများနှင့် ညီမျှသလို မိမိကိုယ်ကို ဖျက်ဆီးဖောက်ခွဲခြင်းစွမ်းအင်သည်လည်း အခြေခံတည်ဆောက်ခြင်း နောက်ဆုံးအဆင့် ကျင့်ကြံသူများနှင့် ညီမျှပါသည်။ ကြာချိန်အားဖြင့်လည်း မိနစ်လေးဆယ်အထိ ရှိလာမည်ဖြစ်သည်။
ထို့ကြောင့် အဆင့်၂ အမြင့်ဆုံးအဆင့်ရှိ ရွှေသံချပ်ကာရုပ်သေး၏ ဖျက်ဆီးနိုင်စွမ်းမှာ ကျီဖုအဆင့်ကျင့်ကြံသူတစ်ဦး၏ စွမ်းအားကိုပင် ယှဉ်နိုင်လိမ့်မည်ဟု ကောက်ချက်ချနိုင်သည်။ လုပ်စရာရှိသည်အားလုံးကို ဆောင်ရွက်ပြီးသည်ဖြစ်သော်လည်း ကျန်းချန်ရွှမ်သည် ဂူအပြင်သို့ မထွက်သေးဘဲ စိတ်အေးလက်အေးထိုင်ရင်း သည်နှစ်အတောအတွင်း သူသင်ယူခဲ့ရသမျှကို ပြန်လည်သုံးသပ်နေမိသည်။ ထိုသို့တွေးတောသုံးသပ်ရင်းနှင့်ပင် သူ့ကိုယ်ပိုင် နည်းစနစ်များ၊ ကျင့်ကြံမှုအဆင့်နှင့် စွမ်းရည်များအကြောင်းကို ပို၍ ထဲထဲဝင်ဝင် နားလည်လာခဲ့တော့သည်။
နောက်ဆုံး ဂူအပြင်သို့ထွက်ရန် ဆုံးဖြတ်လိုက်ချိန်တွင် လေးနှစ်တာ ကုန်ဆုံးခဲ့ပြီဖြစ်သည်။ ကျန်းချန်ရွှမ် ဂူအပြင်သို့ရောက်ရှိချိန်တွင် ရှန်းရူယန်သည်လည်း ကျင့်ကြံရာဂူအတွင်းမှ အချိန်ကိုက်ထွက်လာခိုက်ဖြစ်သည်။ နှစ်ဦးသား တစ်ယောက်ကိုတစ်ယောက်ကြည့်၍ ပြံးလိုက်ပြီး လေးနှစ်တာ အတွေ့အကြုံများကို ဆွေးနွေးဖလှယ်ကြတော့သည်။
ရှန်းရူယန်ပြောပြသည်က လင်းမိသားစုထံမှ ရရှိခဲ့သော ကုန်ကြမ်းပစ္စည်းများဖြင့် သူမ၏ဓမ္မရတနာလောင်းဖြစ်သော မိုးကြိုးလျှပ်စီးမီးလျှံဓားကို အဆင့်မြှင့်တင်နိုင်ခဲ့ကြောင်းနှင့် လင်းထျန်းဖန်၏ အဆင့်၃ ဓမ္မရတနာ ငွေရောင်လှံကိုလည်း အောင်မြင်စွာသန့်စင်နိုင်ခဲ့ကြောင်းဖြစ်သည်။ တစ်ချိန်တည်းတွင် သူမ၏ စစ်မှန်မှုအဆီအနှစ် စွမ်းအင်ကိုလည်း ဖိနှိပ်နိုင်ခဲ့သည်ဖြစ်ရာ သူမအဆီအနှစ်စွမ်းအင်သည် ဓမ္မစွမ်းအင်နှင့် တန်းတူနီးပါး တိုးတက်လာကြောင်းလည်း ပါဝင်သည်။
သို့သော် အဆိုပါဖြစ်စဉ်မှာ အန္တရာယ်များသောအရာဖြစ်သည်။ ဖိနှိပ်ရာတွင် အမှားအယွင်း တစ်ခုခုရှိခဲ့လျှင် ဖိသိပ်ထားသော အဆီအနှစ်စွမ်းအင်သည် အထိန်းအချုပ်လွတ်ကာ သွေးကြောများနှင့် ဒန်တျန်များကို ပျက်စီးစေနိုင်သည်။ ထိုအခါ အသက်မသေသည့်တိုင် ဒုက္ခိတဖြစ်သွားနိုင်သည်ဖြစ်၍ ကျန်းချန်ရွှမ်မှာ ရှန်းရူယန်တစ်ယောက် အရဲကိုးလွန်းခြင်းအပေါ် အံ့အားသင့်မိသည်။ သို့သော် ရှန်းရူယန်အနေနှင့် အောင်မြင်စွာ ဆောင်ရွက်နိုင်ခဲ့ပြီဖြစ်၍ သူမသာ ကျီဖုအဆင့်သို့ တက်လှမ်းနိုင်ခဲ့လျှင် သူမ၏ဓမ္မစွမ်းအင်မှာ တန်းတူကျီဖုအဆင့် ကျင့်ကြံသူများနှင့်ယှဉ်လျှင် တစ်ပန်းသာနေမည်ဖြစ်သည်။ အနည်းဆုံးတော့ စွမ်းအင်ပမာဏနှင့် အရည်အသွေးမှာ သာမန်ကျီဖုအဆင့်များထက် များစွာသာလွန်နေမည်ဖြစ်သည်။
ကျန်းချန်ရွှမ်သည်လည်း အခြေခံတည်ဆောက်ခြင်း နဝမအဆင့်သို့ ရောက်ရှိလျှင် အဆီအနှစ်စွမ်းအင်ဖိသိပ်ခြင်းကို စမ်းသပ်ကြည့်ရန် ဆုံးဖြတ်လိုက်သည်။ သို့ရာတွင် ပထမဆုံးလိုအပ်သည့်အချက်က ရုပ်ပိုင်းဆိုင်ရာ ခန္ဓာကိုယ်ကို အရင်ပြုပြင်ဖို့ဖြစ်သည်။ ထို့ကြောင့် သူနှင့်သင့်လျော်သော ကိုယ်ခန္ဓာမွမ်းမံခြင်းနည်းစနစ်ကို ရှာဖွေရန်လိုအပ်ပါသည်။ ရှန်းမျိုးနွယ်စုတစ်ခုလုံးတွင် ကျန်းချန်ရွှမ်အလိုရှိသော ကိုယ်ခန္ဓာမွမ်းမံခြင်းနည်းစနစ်မျိုး တစ်ခုမှမရှိပါ။ ကန်းယန်ဂိုဏ်း၏စျေး သို့မဟုတ် ပိုင်ယွင်ဂိုဏ်းနှင့် လော့ရှားမန်ဂိုဏ်း စသည့်နေရာမျိုးတွင်တော့ သူနှင့်ကိုက်ညီမည့် ကိုယ်ခန္ဓာမွမ်းမံခြင်းနည်းစနစ်ကို ရှာတွေ့ကောင်းရှာတွေ့နိုင်ပါလိမ့်မည်။
နောက်တစ်ရက်အကြာတွင် ကျန်းချန်ရွှမ်တို့နှစ်ဦး ဂူအတွင်းမှထွက်၍ ယွီဟွာတောင်ထိပ်သို့ တက်လိုက်သည်။ တောင်ထိပ်တွင် ရှန်းရူရွှမ််နှင့် ဆုံမိလိုက်ချိန်တွင် ရူရွှမ်တစ်ယောက် အနည်းငယ်အံ့သြသွားပုံရသည်။
“ချန်ရွှမ်နဲ့ ရူယန်၊ အပြင်ထွက်လာကြပြီလား။ ဘိုးဘေးလည်း ဂူထဲကထွက်လာတာ မကြာသေးဘူး။ မင်းတို့ ဂူပိတ်ကျင့်ကြံပြီးရင် သူနဲ့လာတွေ့ပါလို့ပြောထားတယ်”
***
နှစ်တစ်ရာကျင့်ကြံပြီးနောက်
အခန်း ၉၇ ။ ရှန်းယွမ်လုံ၏ဝန်ခံခြင်း
“ဘိုးဘေး ဂူထဲကထွက်လာပြီလား”
ရှန်းယွမ်လုံ၏ ဒဏ်ရာမှာ အတော်ပြင်းထန်သောကြောင့် ယခုလိုမြန်မြန်ဆန်ဆန်နှင့် ကျင့်ကြံကုသမှုပြီးသွားလိမ့်မည်ဟု မထင်ထားသောကြောင့် ကျန်းချန်ရွှမ်တို့နှစ်ဦးလည်း အံ့သြမိသွားကြသည်။ လင်းမိသားစုနှင့် ပြဿနာတက်သည့် အချိန်မှာပင် ဘိုးဘေးရှန်းယွမ်လုံကို အနှောက်အယှက်ပြုရာ ရောက်မည်စိုး၍ မိမိတို့ဘာသာ ကြိတ်၍ဖြေရှင်းခဲ့ရသည်လေ။ ယခု ဘိုးဘေးဂူထဲမှ ထွက်လာပြီတိုသည့်အခါ ကျန်းချန်ရွှမ်နှင့် ရှန်းရူယန်တို့၏ စိတ်ထဲတွင် လေးပင်သွားပြီး တစ်ခုခုမှားယွင်းနေသလို ခံစားမိနေသည်။
ထို့နောက် အချိန်မဆိုင်းဘဲ ဘိုးဘေးရှိရာ ဟွားဝူတောင်ထွတ်သို့ ထွက်လာခဲ့ကြသည်။ တောင်ထွတ်တစ်နေရာတွင် ဘိုးဘေးရှန်းယွမ်လုံ အသင့်စောင့်ဆိုင်းနေသည်ကို တွေ့ရသည်။ ဘိုးဘေး၏ဆံပင်များမှာ တစ်ခေါင်းလုံး ဆွတ်ဆွတ်ဖြူလျက်ရှိသလို ခန္ဓာကိုယ်ရှိ အော်ရာမှာလည်း မကြုံစဖူး ဖျော့တော့မှေးမှိန်လျက်ရှိသည်။ ရှန်းယွမ်လုံ၏ဘဝနိဂုံးမှာ မကြာခင်ချဉ်းနင်းဝင်ရောက်လာတော့မည်ဖြစ်သည်။ ဘိုးဘေးက သူတို့နှစ်ဦးကို မြင်သောအခါ ပြုံးလိုက်ပြီး
“ချန်ရွှမ် ရူယန် မင်းတို့ရောက်လာပြီလား”
ထို့နောက် ထိုင်ခုံနှစ်ခုကို ညွှန်ပြလျက် နေရာချပေးပြီးမှ စကားဆက်သည်။
“ဖြစ်ခဲ့တာတွေအားလုံးကို ငါသိပြီးပြီ၊ မင်းတို့တော်ပါပေတယ်။ ငါတို့ရှန်းမျိုးနွယ်စုအနေနဲ့ မင်းတို့နှစ်ယောက်ကို ပိုင်ဆိုင်ခွင့်ရတာ တကယ်ကံကောင်းပါပေတယ်”
ကျန်းချန်ရွှမ်က မိမိကိုယ်ကို နှိမ့်ချသည့်သဘောနှင့်
“ဘိုးဘေးက ကျွန်တော်တို့ကို မြှောက်နေပြန်ပါပြီ”
ရှန်းယွမ်လုံက ခေါင်းယမ်းလိုက်ရင်း တည်ကြည်လေးနက်သည့်ဟန်ဖြင့်
“မဟုတ်ဘူး ငါမြှောက်နေတာမဟုတ်ဘူး၊ မင်းတို့နှစ်ယောက် အနာဂတ်မှာ ဒီထက်မက ဖြစ်ထွန်းဦးမယ်ဆိုတာ ငါသိတယ်။ ဒါကြောင့် မင်းတို့ကို ကြိုတင်မှာချင်တာလေးတွေ ရှိတယ်”
ထို့နောက် ရှန်းယွမ်လုံက ခေတ္တစဉ်းစားနေပြီးမှ စကားပြန်ဆက်သည်။
“တစ်ချိန်ချိန်မှာ မင်းတို့နှစ်ယောက် အနေအထားတစ်ခုခု ရောက်လာရင် ငါတို့ရှန်းမျိုးနွယ်စုကို စွန့်ခွာပြီး ကိုယ်ပိုင်မျိုးနွယ်စုတစ်ခု ထူထောင်ဖို့ စဉ်းစားလာလိမ့်မယ်။ ဒီအကြောင်းကို မင်းအစ်ကိုတောက်မင်နဲ့လည်း ငါဆွေးနွေးဖို့ရှိတယ်”
ဘိုးဘေးဖြစ်သူ၏ မမျှော်လင့်သော စကားကိုကြားရ၍ ကျန်းချန်ရွှမ်တို့နှစ်ဦးလည်း စိတ်မကောင်းဖြစ်သွားပြီး တစ်ခုခုပြောရန် ဟန်ပြင်လိုက်သည်။ သို့သော် ရှန်းယွမ်လုံက လက်ကာပြလိုက်ပြီး
“ငါ့စကားကိုဆုံးအောင် နားထောင်ပါဦး၊ ငါမင်းတို့ကို အရိုးသားဆုံး အကြံဉာဏ်ပေးနေတာပါ။ တစ်ချိန်ချိန်မှာ ငါတို့ရှန်းမိသားစုက မင်းတို့အတွက် လုံလောက်အောင် ဖြည့်ဆည်းပေးနိုင်စွမ်း ရှိတော့မှာမဟုတ်ဘူး။ နဂါးတစ်ကောင်အတွက်တော့ ကောင်းကင်သာလျှင် သူ့ရဲ့နားခိုရာ အစစ်အမှန်ဖြစ်နိုင်မှာလေ။ ငါတို့အနေနဲ့ မင်းတို့ကို အတင်းဆွဲခေါ်ထားရင် နှစ်ဖက်လုံးအတွက် အကျိုးရှိမှာမဟုတ်ဘူး။ ငါပြောချင်တာကို မင်းတို့နားလည်မယ်လို့ မျှော်လင့်ပါတယ်”
ဘိုးဘေး၏ စကားကိုကြားပြီးနောက် ကျန်းချန်ရွှမ်နှင့် ရှန်းရူယန်တို့ နှစ်ဦးလုံး တိတ်ဆိတ်သွားမိကြသည်။ ဘိုးဘေး၏စကားမှာ ဝမ်းနည်းဖွယ်ဖြစ်သော်လည်း သူတို့၏လက်ရှိအခြေအနေနှင့် အမှန်တကယ်ပင် ကိုက်ညီနေပါသည်။ ရှန်းယွမ်လုံက ဆက်လက်ပြီး
“ဒါကြောင့် အနာဂတ်မှာ မင်းတို့နှစ်ယောက် ကိုယ်ပိုင်မျိုးနွယ်စု ဒါမှမဟုတ် ဂိုဏ်းထူထောင်ခဲ့ရင် ငါတို့ရှန်းမိသားစု အကူအညီလိုအပ်တဲ့အခါ မင်းတို့တတ်နိုင်တဲ့ ဘောင်အတွင်းကနေ ကူညီပေးဖို့ပါပဲ၊ ငါမင်းတို့ဆီက တောင်းဆိုချင်တာ ဒီတစ်ခုတည်းပါပဲ”
အဆိုပါစကားများကို ရှန်းယွမ်လုံအနေနှင့် ကျန်းချန်ရွှမ်နှင့် ရှန်းရူယန်တို့ ဇနီးမောင်နှံဖြစ်သွားသည့်နေ့ကတည်းက ပြောဆိုလိုခဲ့ခြင်းဖြစ်သည်။ ထိုအချိန်က အခွင့်အခါမသင့်သေး၍ သူမပြောခဲ့ခြင်းဖြစ်သည်။ သည်စကားလုံးများမှာ ရှန်းယွမ်လုံ၏ ကျန်းချန်ရွှမ်တို့မောင်နှံအတွက် နောက်ဆုံးဆန္ဒဖြစ်သလို သူ၏နှလုံးသားမှလာသည့် စေတနာစကားလုံးများလည်းဖြစ်သည်။
“ဘိုးလေးရယ်…”
ထိုအချိန်တွင် ကျန်းချန်ရွှမ်နှင့် ရှန်းရူယန်တို့နှစ်ဦးလုံး၏ စိတ်ထဲတွင် ခံစားချက်အမျိုးမျိုး ရောပြွမ်းနေမိကြသည်။ ကျန်းချန်ရွှမ်အတွက်တော့ ရှန်းမျိုးနွယ်စုဝင်အဖြစ် ပါဝင်လှုပ်ရှားရခြင်းကို နှစ်ခြိုက်မိသလို ရှန်းမိသားစု အသိုက်အဝန်းကိုလည်း သဘောကျမိသည်။ သို့သော် ကျန်းချန်ရွှမ်သည် ရှန်းမျိုးနွယ်အဖြစ် မွေးဖွားလာသူ သွေးသားရင်း မဟုတ်သည့်အတွက် ကန့်သတ်ချက်များရှိနေသည်မှာ ငြင်းမရသည့်အချက်ဖြစ်သည်။
ရှန်းယွမ်လုံပြောသလိုပင် သူနှင့်ရှန်းရူယန်တို့၏ ကျင့်ကြံမှုအဆင့်မှာ အနာဂတ်တွင် သည့်ထက် သာလွန်တိုးတက်ဦးမည်ဖြစ်သလို သူတို့မောင်နှံနှစ်ဦးမှ မျိုးဆက်သစ်များ ထပ်မံမွေးဖွားလာဦးမည်ဖြစ်သည်။ အကယ်၍ ရှန်းမိသားစုတွင် ဆက်နေခဲ့လျှင် နှစ်ကာလများစွာ ကြာသည့်အခါ ရှန်းမိသားစုသည် နဂိုမူလအတိုင်း ဆက်ရှိနေမည်လား၊ ကျန်းချန်ရွှမ်၏ ကျန်းမိသားစု၏ လက်ဝေခံမိသားစု အဆင့်သို့ ရောက်ရှိသွားမည်လား မှန်းဆရခက်လိမ့်မည်ဖြစ်သည်။
ကျန်းချန်ရွှမ်နှင့် ရှန်းရူယန်တို့သာ သာမန်အဆင့် ကျင့်ကြံသူများဖြစ်နေလျှင် ထိုပြဿနာမှာ စိုးရိမ်ရန်မရှိဘဲ သူတို့နှစ်ဦး၏ မျိုးဆက်များသည်လည်း ရှန်းမျိုးနွယ်စုဝင်များအဖြစ် ဆက်လက်ခံယူလိုက်ရုံသာဖြစ်သည်။ သို့သော် ကျန်းချန်ရွှမ်နှင့် ရှန်းရူယန်တို့၏ ကျင့်ကြံမှုအဆင့်မှာ မကြာခင် ရှန်းမျိုးနွယ်စုတစ်ခုလုံးထက် သာလွန်တော့မည်မှာ သေချာသလောက်ဖြစ်နေ၍ နှစ်ဦးနှစ်ဖက်အကြား နားလည်မှုနှင့် ပဋိပက္ခများ ရှောင်လွှဲနိုင်ရန် ကြိုတင်ပြင်ဆင်သင့်သည့်များကို ပြင်ဆင်ဆွေးနွေးထားရန် လိုအပ်ပါသည်။
ကံကောင်းစွာနှင့် ရှန်းယွမ်လုံနှင့် ရှန်းမန်ရွှယ်တို့ မောင်နှမနှစ်ဦးစလုံး ကျန်းချန်ရွှမ်တို့အပေါ် နားလည်မှုအပြည့်ရှိကြခြင်းဖြစ်သည်။ ထို့ကြောင့် ရှန်းယွမ်လုံအနေနှင့် ထိုစကားကို ပွင့် ပွင့်လင်းလင်း ချပြဆွေးနွေးခြင်းဖြစ်သည်။ စကားဝိုင်းမှာ ခေတ္တမျှ တိတ်ဆိတ်သွားပြီးနောက် ရှန်းယွမ်လုံက သူတို့နှစ်ဦးကို ကြည့်လျက် ပြုံးလိုက်ပြန်သည်။
“ဟုတ်ပါပြီ၊ မင်းတို့ရဲ့ အနာဂတ်အစီအစဉ်အကြောင်း ပြောကြရအောင်၊ ငါ့အမြင်မှာ မင်းတို့နှစ်ယောက်လုံး ကျီဖုအဆင့်ကို တက်လှမ်းဖို့ အချိန်ကျတော့မယ်လို့ ငါထင်တယ်”
“မှန်ပါတယ်”
နှစ်ဦးသားလည်း ငြင်းဆန်မနေတော့ဘဲ ဝန်ခံလိုက်ကြပြီး သူတို့ရှေ့ဆက်မည့် အစီအစဉ်များကို ချပြလိုက်ကြသည်။ ရှန်းယွမ်လုံတစ်ယောက် သူတို့ပြောသမျှကို နားထောင်နေရင်းနှင့် အနည်းငယ်အံ့သြနေဟန်တူသော်လည်း နောက်ဆုံးတွင် နားလည်သဘောပေါက်ဟန်နှင့် ခေါင်းညိတ်လိုက်သည်။
“ဒါပေါ့ မင်းတို့နှစ်ယောက် အပြင်ထွက်ချိန်တန်ပြီပဲ။ ငါရှိနေတုန်း မင်းတို့ စိတ်ချလက်ချ ခရီးထွက်လို့ရပါတယ်။ ဒါပေမဲ့ ဂရုတော့စိုက်ပါ။ တတ်နိုင်သမျှ လူသိမခံဘဲ တိတ်တိတ်လေးသွားရင် အကောင်းဆုံးပဲ”
ထို့နောက် ရှန်းယွမ်လုံသည် အနည်းငယ်တုံ့ဆိုင်းနေပြီးမှ ကျန်းချန်ရွှမ်တို့နှစ်ဦးအား
“မင်းတို့ခရီးသွားနေရင်း ဖြစ်နိုင်ရင်ပေါ့ ဘိုးဘေးမန်ရွှယ်ကို သွားတွေ့စေချင်တယ်။ သူကလည်း မင်းတို့ကို သူ့ဆီခေါ်လာပေးဖို့ ငါ့ကိုပြောထားသေးတယ်။ ဒါပေမဲ့ မင်းတို့ဘိုးဘေးနဲ့ သွားတွေ့တဲ့အခါ သိုသိုသိပ်သိပ်ဖြစ်အောင်တော့ စီမံရလိမ့်မယ်။ ဒီဆက်သွယ်ရေးကျောက်စိမ်းပြားက သူ့ပစ္စည်းပဲ၊ အချိန်တစ်ခုရောက်လာရင် ဒီပစ္စည်းကိုသုံးပြီး သူနဲ့ဆက်သွယ်လို့ရပါလိမ့်မယ်”
ထို့နောက် ရှန်းယွမ်လုံသည် နို့နှစ်ကဲ့သို့ ဖြူဖွေးနေသော ကျောက်စိမ်းအဆောင်တစ်ခုကို ထုတ်ယူလိုက်ပြီး ကျန်းချန်ရွှမ်တို့လက်ထဲ အပ်လိုက်သည်။
***
နှစ်တစ်ရာကျင့်ကြံပြီးနောက်
အခန်း.၉၈ ။ ရှန်းမန်ရွှယ်နှင့် ပြန်လည်ဆုံဆည်းခြင်း
ကျန်းချန်ရွှမ်က ကျောက်စိမ်းအဆောင်ကို ရိုသေစွာ လက်ခံရယူလိုက်ပြီး ခေါင်းညိတ်လျက်
“ကျွန်တော်တို့ နားလည်ပါတယ် ဘိုးဘေး”
ရှန်းရူယန်က ရှန်းယွမ်လုံကိုကြည့်ရင်း စိုးရိမ်စွာဖြင့်
“ဘိုးဘေးရဲ့ ကျန်းမာရေးအခြေအနေက….”
ထိုမေးခွန်းကို ကြိုတင်သိနေသည့်အလား ရှန်းယွမ်လုံက ပြုံးရင်း ကြားဖြတ်ဖြေကြားလိုက်သည်။
“ငါ့အတွက်မစိုးရိမ်ပါနဲ့၊ ဒီအချိန်ထိ အသက်ရှင်နေသေးတာကိုက ငါထင်ထားတာထက် အခြေအနေပိုကောင်းနေတာလို့ ပြောရမယ်။ နောက်ထပ်နှစ်အနည်းငယ် နေရဖို့ မျှော်လင့်ပါတယ်။ ငါမသွားခင် မင်းတို့နှစ်ယောက်ခရီးထွက်ပြီး ပြန်လာတာနဲ့ တောက်မင် ကျင့်ကြံမှုပြီးလို့ ဂူထဲကထွက်လာတာရယ်ကို မြင်ချင်ပါသေးတယ်”
ရှန်းယွမ်လုံမှာ သေမည့်အရေးကို အမှုမထားဟန်နှင့် ပေါ့ပေါပါးပါး ပြောဆိုနေသော်လည်း ကျန်းချန်ရွှမ်နှင့် ရှန်းရူယန်တို့အတွက်မူ စိတ်ထဲတွင် နာကျင်ခံစားမိလိုက်သည်။ ရှန်းယွမ်လုံသည် သည်နှစ်ကာလတစ်လျှောက်လုံးတွင် သူတို့နှစ်ဦးစလုံးကို အမြဲတမ်းကာကွယ်ပေးခဲ့သည် မဟုတ်ပါလား။ ရှန်းယွမ်လုံ၏ အကူအညီသာ မရရှိခဲ့လျှင် လက်ရှိအချိန်တွင် သူတို့နှစ်ဦးစလုံး သည်အနေအထားကို ဆိုက်ရောက်နိုင်လိမ့်မည်ဟု မသေချာပါ။
“ဘိုးဘေး အသက်ရှည်ရှည်နေပေးပါ။ ကျွန်တော်တို့ အမြန်ဆုံးပြန်လာမှာပါ”
ကျန်းချန်ရွှမ်နှင့် ရှန်းရူယန်တို့လည်း လေးနက်စွာ ကတိပြုလိုက်သည်။
ရှန်းယွမ်လုံက အားရကျေနပ်စွာ ပြုံးရင်း
“ကောင်းပါတယ်၊ သို့သော် မင်းတို့အရေးကိုပဲ အဓိကဦးစားပေးရမယ်၊ ဒါကိုမမေ့နဲ့”
လက်ရှိအချိန်တွင် ရှန်းယွမ်လုံထံတွင် သေခြင်းတရားကို လက်ခံနိုင်စွမ်းရှိသူများထံမှသာ တွေ့ရလေ့ရှိသည့် တည်ငြိမ်မှုမျိုးကို တွေ့နေရသည်။ ကျန်းချန်ရွှမ်တို့လည်း ဘိုးဘေး၏ ရောဂါအခြေအနေနှင့် စပ်လျဉ်းပြီး စကားဆက်ဖို့ မကြိုးစားတော့ဘဲ ရှန်းယွမ်လုံနှင့်အတူ နှစ်ရက်တိတိ အဖော်ပြုနေထိုင်ပေးပြီးမှ ဘိုးဘေးကိုနှုတ်ဆက်ကာ ရှန်းတောက်မင် ဂူပိတ်ကျင့်ကြံနေရာ လှိုဏ်ဂူအနီးသို့ ထွက်လာကြသည်။၊
ထိုနေရာတွင် ရက်အနည်းငယ်စောင့်ဆိုင်းပြီးမှ ရှန်းတောက်မင်၏ ဂူပိတ်ကျင့်ကြံမှု ပြီးဆုံးရန် ကြာဦးမည်ကို သိသောအခါ ယွီဟွာတောင်မှ ထွက်ခွာ၍ ကန်းယန်ဂိုဏ်းထံ ဦးတည်ပျံသန်းလိုက်တော့သည်။ ရှန်းမန်ရွှယ်က သူတို့နှစ်ဦးကို တွေ့ချင်နေသည်ဆိုသောကြောင့် ဘိုးဘေးမန်ရွှယ်ထံ အရင်ဝင်မည်ဖြစ်သည်။ ဘိုးဘေးက သူတို့ဇနီးမောင်နှံနှစ်ဦးအား မှာကြားစရာတစ်ခုခုရှိ၍သာ သူတို့နှစ်ဦးကို အခေါ်လွှတ်လိုက်ခြင်း ဖြစ်နိုင်သည်။ ယွီဟွာတောင်နှင့် ကန်းယန်ဂိုဏ်းမှာ မိုင်တစ်သန်းခန့် ကွာဝေးပြီး အရင်က ပင်းချွမ်စီရင်စုမှ ကန်းယန်ဂိုဏ်းသို့လာလျှင် တစ်လခွံအထိကြာမြင့်သည်။
လက်ရှိကျန်းချန်ရွှမ်တို့၏ ကျင့်ကြံမှုအဆင့်နှင့် ဆိုပါက အမြင့်ဆုံးနှုန်းနှင့် မပျံသန်းလျှင်တောင် လဝက်အတွင်းတွင် ကန်းယန်ဂိုဏ်းနှင့် ကီလိုမီတာ ၅၀၀၀ ခန့်အကွာထိ ရောက်ရှိလာနိုင်ခဲ့သည်။
များမကြာမီ လူသူကင်းမဲ့သော တောင်ထွတ်တစ်နေရာတွင်….
ကျန်းချန်ရွှမ်သည် လက်ထဲရှိ ဆက်သွယ်ရေးအဆောင်ကို ဆုတ်ချေလိုက်သည်။ ကျန်းချန်ရွှမ်တို့နှစ်ဦး စိတ်ရှည်စွာ စောင့်ဆိုင်းနေသည်မှာ နှစ်နာရီနီးပါးရှိနေပြီဖြစ်သည်။ ထိုအချိန်တွင် ဆံပင်များ ဆွတ်ဆွတ်ဖြူနေသော်လည်း လှပတင့်တယ်သော အသွင်ဆောင်နေသည့် အမျိုးသမီးတစ်ဦး ကျန်းချန်ရွှမ်တို့ ရှေ့မှောက်တွင် ပေါ်လာတော့သည်။ ထိုအမျိုးသမီးသည် ရှန်းမန်ရွှယ်ဖြစ်ပြီး သူမ၏ပုံပန်းသဏ္ဌာန်မှာ နှစ်ကာလကြာသွားသည့်တိုင် ပြောင်းလဲသွားခြင်းမရှိပါ။ သို့သော် ရှန်းမန်ရွှယ်၏ကိုယ်ပေါ်တွင် သေခြင်းအော်ရာများ အုံ့ဆိုင်းနေသည်ကို သူတို့နှစ်ယောက်လုံး အာရုံခံမိလိုက်ကြသည်။ ကောင်းကင်ဘုံလျှို့ဝှက်ချက်ကို တွက်ချက်ခြင်းနည်းစနစ်၏ ဘေးထွက်ဆိုးကျိုးများဖြစ်သည်။
ရှန်းရူယန်တို့လည်း ဘိုးဘေး၏ အခြေအနေကို အကဲခတ်ရင်း
“ဘိုးဘေးရဲ့ ကျန်းမာရေးအခြေအနေက…..”
ရှန်းမန်ရွှယ်က သူတို့မေးမည့်မေးခွန်းကို ကြိုတင်သိနေသည့်အလား လက်ကာပြရင်း
“ဘာမှမဖြစ်ပါဘူး၊ ဒီအတွက် ငါကိုယ်တိုင်ရွေးချယ်ခဲ့တာပါ။ ဖြစ်လာမဲ့ အဆိုးဆုံးတွေအတွက် ငါကြိုတင်ပြင်ဆင်ပြီးပါပြီ”
ထို့နောက် ရှန်းမန်ရွှယ်သည် ကျန်းချန်ရွှမ် တို့နှစ်ဦးလုံးကို အသေအချာကြည့်ပြီးနောက် ပြုံးရင်းခေါင်းညိတ်လိုက်သည်။
“ကောင်းပါတယ်။ နှစ်ယောက်လုံး ကျီဖုအဆင့်ကို ရောက်တော့မှာပဲ။ ဒါနဲ့ မင်းတို့ရဲ့ ဘိုးဘေးယွမ်လုံ မင်းတို့ကို ငါ့ဆီလာတွေ့ခိုင်းတာ ထင်ပါရဲ့”
သူတို့နှစ်ဦးပြန်မဖြေနိုင်ခင်မှာပင် ရှန်းမန်ရွှယ်က ဆက်လက်ပြီး
“သူ့မှာ အချိန်သိပ်မရှိတော့ဘူး၊ ငါလည်းတူတူပဲ၊ မင်းတို့ရဲ့ အနာဂတ်ကိစ္စအတွက်လည်း သူရှင်းပြပြီးပြီထင်ပါတယ်။ အခုမင်းတို့ကို ခေါ်လိုက်ရတာက ပေးစရာလေးတွေရှိလို့ပါ”
ထို့နောက် ရှန်းမန်ရွှယ်သည် လက်ဖဝါးကိုလှန်လိုက်ရာ ပစ္စည်းအချို့ရုတ်တရက်ပေါ်လာတော့သည်။ ကျောက်စိမ်းပြားနှစ်ချပ်၊ တိုကင်ပြားတစ်ခုနှင့် သိုလှောင်လက်စွပ်တစ်ကွင်းတို့ဖြစ်သည်။ ကျောက်စိမ်းပြားနှစ်ချပ်တွင် ကျင့်ကြံခြင်းနည်းစနစ်နှစ်ခုစီ ရေးသားထားပြီး တစ်ခုမှာ ကျန်းချန်ရွှမ် လတ်တလော လိုအပ်နေသည့် ကိုယ်ခန္ဓာမွမ်းမံခြင်းနည်းစနစ်ဖြစ်သည်။ နာမည်မှာ အကန့်အသတ်မဲ့ဘီး ဟုခေါ်တွင်ပြီး ထိုနည်းစနစ်ကို ရှန်းမန်ရွှယ်တစ်ယောက် ကျင့် ကြံခြင်းလောကတွင် လှည့်လည်သွားလာနေခဲ့စဉ် အခါက မတော်တဆ ရရှိခဲ့ခြင်းဖြစ်သည်။
ထိုနည်းစနစ်ကို ကျင့်ကြံရန် ကနဦးအခြေအနေများမှာ ပြင်းထန်သလို အစအဆုံးရေးသားထားခြင်းမရှိဘဲ တစ်စိတ်တပိုင်းသာ မှတ်တမ်းတင်ထားနိုင်ခြင်းဖြစ်သည်။ သို့သော် ရှန်းမန်ရွှယ်တွေးမိသည်က အဆိုပါနည်းစနစ်မျိုးသည် ထိပ်တန်းအဆင့် ကိုယ်ခန္ဓာမွမ်းမံခြင်း နည်းစနစ် ဖြစ်သည့်အတွက် ကျင့်ကြံမည့်သူမရှိလျှင် နှမြောစရာကောင်းပြီး အဓိပ္ပာယ်မဲ့လိမ့်မည် ဟူ၍ဖြစ်သည်။ ကျန်းချန်ရွှမ်နှင့် တွေ့သည့်အချိန်မှာတော့ အဆိုပါနည်းစနစ်ကို ကျင့်ကြံနိုင်မည့်သူ တွေ့ပြီဟု မှတ်ယူလိုက်မိတော့သည်။
ကျန်းချန်ရွှမ်အတွက်မူ ကိုယ်ခန္ဓာမွမ်းမံခြင်း နည်းစနစ်တစ်ရပ် အသည်းအသန်လိုအပ်နေချိန်၌ အဆိုပါနည်းစနစ်ကို ရရှိလိုက်ခြင်းအတွက် ရေကန်အသင့် ကြာအသင့် ဖြစ်သွားသလို သည်နည်းစနစ်သည် လတ်တလောတွင် ပြည့်စုံခြင်းမရှိသေးသည့်တိုင် သူနှင့်ကိုက်ညီမည့် နည်းစနစ်ဖြစ်ကြောင်းကို အခိုင်အမာယုံကြည်နေမိသည်။
နောက်ထပ်ကျောက်စိမ်းပြားတွင်လည်း အကန့်အသတ်မဲ့ဘီး ကဲ့သို့ အရေးပါသော နည်းစနစ်တစ်ရပ်ရေးသားထားသည်။ ထိုနည်းစနစ်မှာ ကောင်းကင်ဘုံတွက်ချက်ခြင်း နည်းစနစ်ဖြစ်ပြီး လက်ရှိ ရှန်းမန်ရွှယ် အမှီပြုနေရသော နည်းစနစ်လည်းဖြစ်သည်။ အဆိုပါနည်းစနစ်၏ ထူးခြားချက်မှာ ကောင်းကင်ဘုံလျှို့ဝှက်ချက်များကို တွက်ချက်ခန့်မှန်းနိုင်သည့်အပြင် မိမိကိုယ်ပိုင် လျှို့ဝှက်ချက်များကိုလည်း အခြားသူများ မသိမြင်စေရန် ဖုံးကွယ်ထားနိုင်ခြင်းဖြစ်သည်။သို့သော် အဆိုပါနည်းစနစ်ကို ကျင့်ကြံရန် ရှိရမည့်အခြေအနေများမှာ အထူးကြမ်းတမ်းသလို ကျင့်ကြံသူ၏ ဘဝသက်တမ်းကို ကုန်ဆုံးစေမည်ဖြစ်သည်။ ထို့ကြောင့် လက်ရှိအချိန်တွင် ယွင်နိုင်ငံကျင့်ကြံရေးလောကတွင် အဆိုပါနည်းစနစ်ကို ပိုင်ဆိုင်ထားသူမှာ ရှန်းမန်ရွှယ်တစ်ဦးတည်းသာရှိသည်။
အထက်ပါ တန်ဖိုးကြီး နည်းစနစ်နှစ်ရပ်ကို ရှန်းမန်ရွှယ်က ကျန်းချန်ရွှမ်တို့နှစ်ဦးကို ပေးအပ်လိုက်ပြီဖြစ်သည်။ သို့သော် သူမအနေနှင့် အဆိုပါနည်းစနစ်နှစ်ရပ်ကို ကျန်းချန်ရွှမ်တို့နှစ်ဦးအား မဖြစ်မနေ ကျင့်ကြံစေလိုခြင်း မဟုတ်ဘဲ လေ့လာသုံးသပ်၍ အခြေခံသဘောကို နားလည်စေရန်ဖြစ်သည်။ နောက်တစ်ခုမှာ တိုကင်ပြားဖြစ်သည်။ ကျန်းချန်ရွှမ်တို့အတွက် မဟုတ်ဘဲ ရှန်းမိသားစုထံ လူကြုံပါးလိုက်ခြင်းဖြစ်သည်။ တိုကင်ပြားပိုင်ရှင်သည် ကန်းယန်ဂိုဏ်းအတွင်းသို့ ဝင်ရောက်ခွင့်ရှိပြီး ပင်မဂိုဏ်းတပည့်အဖြစ်လည်း ထမ်းဆောင်ခွင့်ရမည်ဖြစ်သည်။
နောက်ဆုံးပစ္စည်းဖြစ်သည့် သိုလှောင်လက်စွပ်ထဲတွင် လွန်ခဲ့သော နှစ်ရာဂဏန်းအတွင်း ရှန်းမန်ရွှယ်စုဆောင်းခဲ့သမျှ ရတနာပစ္စည်းအားလုံး၏ ၈၀% ပါဝင်ထည့်သွင်းထားသည်။ အဆိုပါပစ္စည်းများမှာ ကျန်းချန်ရွှမ်နှင့် ရှန်းရူယန်တို့အပြင် ရှန်မျိုးနွယ်စုအတွက်လည်း ပါဝင်သည်ဟု သိရသည်။ သို့ရာတွင် သူတို့နှစ်ဦးက ပထမဆုံး ကြိုက်ရာရွေးခွင့်ကို ရရှိမည်ဖြစ်ပြီး ကျန်ပစ္စည်းများကိုသာ ရှန်းမျိုးနွယ်စုထံ ပို့ပေးမည်ဖြစ်သည်။ သည်အချက်ကိုကြည့်၍ ရှန်းမန်ရွှယ်အနေနှင့် ကျန်းချန်ရွှမ်တို့နှစ်ဦးအား အထူးဂရုစိုက်သည်မှာ ပေါ်လွင်နေပါတော့သည်။ ထို့နောက် ရှန်းမန်ရွှယ်က ပြုံးလျက်
“ကဲ ငါပြန်ချိန်တန်ပြီ၊ ဂရုစိုက်ကြပါ”
ကျန်းချန်ရွှမ်တို့နှစ်ဦး မတားလိုက်နိုင်ခင်မှာပင် ရှန်းမန်ရွှယ်၏ပုံရိပ်မှာ ချက်ချင်းပင် ပျောက်ကွယ်သွားပြီဖြစ်သည်။
***
နှစ်တစ်ရာကျင့်ကြံပြီးနောက်
အခန်း ၉၉ ။ ငါးနေရာ
ရှန်းမန်ရွှယ်ထွက်ခွာသွားပြီးနောက် ကျန်းချန်ရွှမ်နှင့် ရှန်းရူယန်တို့ နှစ်ဦးသားမှာ အတွေးနယ်ချဲ့လျက် ကျန်ရစ်ခဲ့ကြသည်။ သည်တစ်ကြိမ်သည် ရှန်းမန်ရွှယ်အား နောက်ဆုံးအကြိမ် တွေ့ဆုံခွင့်ရခြင်းဖြစ်သည်ဟု စိတ်ထဲခံစားမိနေကြသည်။ ထို့အတူ ရှန်းယွမ်လုံကိုလည်း သူတို့နှစ်ဦးခရီးမှပြန်ရောက်ချိန်တွင် တွေ့ခွင့်ရဖို့ မသေချာတော့ပါ။ အဆိုပါခံစားချက်များကို ခေတ္တဘေးဖယ်ထားပြီးနောက် ကျန်းချန်ရွှမ်တို့လည်း ပိုင်ယွင်ဂိုဏ်း၏ ပိုင်နက်နယ်မြေအတွင်းသို့ ဦးတည်ပျံသန်းလိုက်ကြသည်။
ယခုသူတို့ရှိသောနေရာနှင့် ပိုင်ယွင်ဂိုဏ်းတည်နေရာကြား အကွာအဝေးမှာ ယွီဟွာတောင်မှ ကန်းယန်ဂိုဏ်းအကြားခရီးထက် ဆယ်ဆခန့်ပိုကွာဝေးသည့်အတွက် သူတို့၏လက်ရှိ ကျင့်ကြံမှုအဆင့်နှင့်ပင် အမြန်ဆုံးနှုန်းပျံသန်းလျှင် သုံးလခန့်ကြာမည်ဖြစ်သည်။ ထိုခရီး၏ ရည်ရွယ်ချက်ကတော့ ရှင်းလင်းပါသည်။ ရှန်းရူယန်၏ အတိတ်ဘဝက ချန်ထားခဲ့သည့် လျှပ်စီးရေကန်ကို ရှာဖွေရန်ဖြစ်သည်။ သို့သော် နှစ်ကာလအတန်ကြာပြီဖြစ်၍ ရှန်းရူယန်ကိုယ်တိုင်ပင် ရေကန်တည်နေရာ အတိအကျကို မသိရှိတော့ပါ။
ထို့ကြောင့် ရေကန်ကိုမရှာဖွေခင် ပိုင်ယွင်ဂိုဏ်းပိုင်နက်အတွင်းသို့ အရင်ဝင်ရောက်စုံစမ်းဖို့လိုမည်ဖြစ်သည်။ မျက်စိတစ်မှိတ်အတွင်း လေးလကုန်ဆုံးခဲ့ပြီဖြစ်သည်။
နောက်ဆုံးတွင် ရှန်းရူယန်တို့လည်း ခွန်တောင်တန်းစျေး အမည်ရှိ အဆင့်၂ စျေးမြို့တစ်မြို့ကို ရောက်ရှိလာကြတော့သည်။ အဆိုပါစျေးမြို့သည် ပိုင်ယွင်ဂိုဏ်း၏ လက်ဝေခံဂိုဏ်းဖြစ်သော ခွန်တောင်တန်းဂိုဏ်း၏ အုပ်ချုပ်မှုအောက်တွင် ရှိကြောင်းသိရသည်။ စျေးမှာ အတော်လေးစည်ကားသည်ဟု ဆိုရမည်ဖြစ်သည်။ ကျန်းချန်ရွှမ်နှင့် ရှန်းရူယန်တို့လည်း ရုပ်ဖျက်ပြီး နေစရာအတွက် လှိုဏ်ဂူတစ်လုံး ငှားရမ်းလိုက်ကြသည်။ ထို့နောက်တွင်တော့ ပိုင်ယွင်ဂိုဏ်းနယ်မြေ တစ်ခုလုံးအကြောင်း စုံစမ်းထောက်လှမ်းရသည်။
နှစ်လကျော်ကြာပြီးနောက် သဲလွန်စအချို့ရရှိလိုက်ပြီဖြစ်သည်။
“ကျွန်မအထင်မမှားရင် လျှပ်စီးရေကန်က ဒီငါးနေရာထဲက တစ်နေရာမှာ ရှိကိုရှိရမယ်”
ရှန်းရူယန်က စားပွဲထက်ရှိ မြေပုံကိုထောက်လျက် အခိုင်အမာ ပြောလိုက်သည်။ ကျန်းချန်ရွှမ်သည် ရူယန်ထောက်ပြလိုက်သော အမှတ်၅ခုကိုကြည့်၍ နက်နက်နဲနဲစဉ်းစားနေသည်။ ထိုငါးနေရာမှာ ရွက်ကြွေတောင်တန်း၊ ဆောင်းဦးလေဟုန်တောင်ကြော၊ တိမ်လွှာလှိုင်းရေကန်၊ လမင်းမြို့တော်နှင့် သက်တန့်ပျံရွှံ့နွံအိုင် တို့ဖြစ်ကြသည်။ ငါးနေရာအနက် ရွက်ကြွေတောင်တန်းနှင့် ဆောင်းဦးလေဟုန်တောင်ကြားတို့သည် နတ်ဆိုးသားရဲများ ကျက်စားရာနယ်မြေများဖြစ်ပြီး အန္တရာယ်တော့များလှခြင်းမရှိ။
တိမ်လွှာလှိုင်းရေကန်ကတော့ ပိုင်ယွင်ဂိုဏ်းပိုင်နက်အတွင်း အကြီးဆုံးရေကန်ဖြစ်ပြီး အလွန်ကျယ်ပြောသည့်အရပ်ဖြစ်သည်။ လက်ရှိကျန်းချန်ရွှမ်တို့၏ ကျင့်ကြံမှုအဆင့်အရ အဆိုပါဒေသတွင် အန္တရာယ်ကြီးကြီးမားမား မရှိသော်လည်း အဓိကပြဿနာမှာ အလွန်ကျယ်ပြောခြင်းဖြစ်သည်။ ထို့ကြောင့် လျှပ်စီးရေကန်ကို ရှာဖွေရန်မှာ အချိန်အတန်ကြာယူရလိမ့်မည်ဖြစ်သည်။ နောက်တစ်ခုက လမင်းမြို့တော်ဖြစ်သည်။ သည်မြို့သည် ကျီဖုအဆင့်မိသားစုဖြစ်သည့် လကြည့်ဂိုဏ်း၏ နံပါတ်တစ်မြို့တော်ဖြစ်သည့်အတွက် အပြင်လူများ ဝင်ရောက်ရန်မလွယ်ပါ။
နောက်ဆုံးနေရာဖြစ်သည့် သက်တန့်ပျံအိုင်သည်လည်း အန္တရာယ်အလွန်များပြီး သုံးမြီးနတ်ဆိုးမိကျောင်းများ ကျက်စားရာ အရပ်လည်းဖြစ်သည်။ လက်ရှိ ကျန်းချန်ရွှမ်နှင့် ရှန်းရူယန် တို့၏ ကျင့်ကြံမှုအဆင့်နှင့်ပင် ထိုနေရာမှ အသက်ရှင်လျက် ထွက်လာနိုင်မည်ဟု အာမခံနိုင်ခြင်းမရှိပါ။
“ယောက်ျား၊ ရွက်ကြွေတောင်တန်းနဲ့ ဆောင်းဦးလေဟုန်တောင်ကြောက အန္တရာယ်အနည်းဆုံးပဲ၊ အဲဒီနှစ်နေရာမှာ အရင်ရှာကြရအောင်၊ မတွေ့မှ ကျန်တဲ့သုံးနေရာကို စဉ်းစားကြတာပေါ့”
ရှန်းရူယန်၏ အကြံပြုချက်မှာ သင့်လျော်သည်ဖြစ်၍ ကျန်းချန်ရွှမ် သဘောတူလိုက်သည်။
.”ကန့်ကွက်စရာမရှိပါဘူး”
ထိုအချိန်မှာပင် သူတို့နေထိုင်ရာဂူတံခါးရှိ အဆီးအတား အစီအရင်မှာ အသက်ဝင်သွားကြောင်း သိလိုက်ရ၍ နှစ်ယောက်သား မျက်မှောင်ကြုံ့မိသွားသည်။ ဂူအပြင်တွင် ရပ်နေသောလူသုံးဦးကို မြင်လျှင် သတိကြီးကြီးထား၍ အကဲခတ်လိုက်သည်။ အန္တရာယ်ရှိဟန်မတူသောကြောင့် ဂူထဲမှထွက်လာပြီး အဆိုပါလူသုံးဦးကို မေးမြန်းလိုက်သည်။
“ခင်ဗျားတို့ကို ကျုပ်တို့မသိဘူးမှတ်တယ်၊ ဘာကိစ္စရှိလို့လဲဗျ”
လူသုံးဦးအနက် နှစ်ဦးမှာ ယောက်ျားဖြစ်ပြီး ကျန်တစ်ဦးမှာ မိန်းမဖြစ်သည်။ ဦးဆောင်လာသူမှာ ခန္ဓာကိုယ်တုတ်ခိုင်သူဖြစ်ပြီး အခြေခံတည်ဆောက်မှု စတုတ္ထအဆင့်ရှိသူဖြစ်သည်။ ထိုသူက ကျန်းချန်ရွှမ်၏ အမေးကိုကြားလျှင် လက်သီးဆုပ်၍ ဂါရဝပြုလိုက်ပြီး
“ကျုပ်နာမည်က လေဖုန်းပါ တစ်ကိုယ်တော်ကျင့်ကြံသူပေါ့၊ ဒီကနှစ်ယောက်က ကောကျိရှောင်နဲ့ ဆွန်ယုချင် ပါ။ သူတို့လည်း ကျုပ်လိုပဲ အခြေခံတည်ဆောက်ခြင်း အဆင့်ကျင့်ကြံသူတွေပါ။ ကျုပ်တို့ဒီကိုလာရတဲ့ကိစ္စက ခင်ဗျားတို့နှစ်ယောက် ကျင့်ကြံသူတစ်ပါး ချန်ထားခဲ့တဲ့ပစ္စည်းတစ်ခုကို လိုက်ရှာနေမှန်း သိလို့ပါ”
ထိုလူစကားကိုကြားလျှင် ကျန်းချန်ရွှမ်တို့၏ မျက်နှာများမှာ အနည်းငယ်တင်းမာသွားသည်။ သူနှင့် ရှန်းရူယန်တို့ သည်စျေးအတွင်း စုံစမ်းနေသည်မှာ အချိန်အတန်ကြာပြီဖြစ်၍ လူအချို့အတွက် သံသယဝင်စရာ ဖြစ်လာသည်မှာ သဘာဝကျပါသည်။ သို့သော် သူတို့မမျှော်လင့်ထားသည်က သူတို့ထံ အဦးဆုံးရောက်လာသူများမှာ ဒေသခံ ကျီဖုအဆင့် မိသားစုများနှင့် ဂိုဏ်းများမဟုတ်ဘဲ တစ်ကိုယ်တော်ကျင့်ကြံသူများ ဖြစ်နေခြင်းပင်။
နောက်တစ်ချက်က ထိုလူများက သူတို့သည် တစ်ကိုယ်တော်ကျင့်ကြံသူများဖြစ်သည်ဟု မိတ်ဆက်သော်လည်း ရှန်းရူယန်တို့အနေနှင့် တစ်ထစ်ချယုံကြည်ခြင်းမရှိပါ။ ထိုအခါ လေဖုန်းဆိုသူက ပြုံးလျက်
“လာရင်းကိစ္စကတော့ ကွယ်လွန်ပြီး စီနီယာကျင့်ကြံသူတစ်ဦး နေထိုင်သွားတဲ့ ဂူတစ်လုံးကို ရှာတွေ့ထားတယ်ဗျ၊ ဒါပေမဲ့ အဲဒီကျင့်ကြံသူက ဂူကို အတားအဆီးတွေနဲ့ ကာရံထားတော့ အထဲကိုဝင်နိုင်ဖို့ လူအင်အားလိုနေတယ်။ ခင်ဗျားတို့နှစ်ယောက်လည်း ကျုပ်တို့လို တစ်ကိုယ်တော်ကျင့်ကြံသူတွေ ဆိုတာသိပါတယ်။ ဒီတော့ ဘဝတူချင်း ရိုင်းပင်းပြီး ကျုပ်တို့နဲ့အတူ ဂူထဲဝင်ဖို့ ဖိတ်ခေါ်တာပါ။ ဝေစုကိုလည်း စွမ်းဆောင်မှုအပေါ် မူတည်ပြီး ခွဲပေးမှာမလို့ စိတ်မပူပါနဲ့”
လေဖုန်း၏ ကမ်းလှမ်းချက်မှာ ဆွဲဆောင်မှုရှိသည်ဟု ဆိုရမည်။ ကျန်းချန်ရွှမ်နှင့် ရှန်းရူယန်တို့ စုံတွဲကို စုံစမ်းထောက်လှမ်းရာ၌ သတိကြီးကြီးထား၍ ချဉ်းကပ်နေခြင်းဖြစ်သည်။ ကျန်းချန်ရွှမ်တို့သာ သူတို့ထင်ထားသလို တစ်ကိုယ်တော်ကျင့်ကြံသူများဖြစ်ပြီး စီနီယာကျင့်ကြံသူတစ်ဦး ချန်ရစ်ခဲ့သည့် ဂူကိုရှာဖွေနေကြသူဖြစ်လျှင် လေဖုန်း၏ ကမ်းလှမ်းချက်ကို လက်ခံကောင်းခံလိမ့်မည်ဖြစ်သော်လည်း သူတို့လက်ရှိရှာဖွေနေသည်က ထိုအရာမဟုတ်ပါ။
နယ်မြေစိမ်းတွင် အရေးကြီးဆုံးအချက်မှာ သူစိမ်းများကို အလွယ်တကူမယုံကြည်ဖို့ဖြစ်သည်။ ထို့ကြောင့် လေဖုန်း၏စကားကို ကြားပြီးနောက် ကျန်းချန်ရွှမ်နှင့် ရှန်းရူယန်တို့လည်း ခေါင်းခါပြလိုက်ကြသည်။
“စိတ်မကောင်းပေမဲ့ ခင်ဗျားတို့ကမ်းလှမ်းချက်ကို စိတ်မဝင်စားပါဘူး”
***
နှစ်တစ်ရာကျင့်ကြံပြီးနောက်
အခန်း ၁၀၀ ။ အရိပ်ခြေရာခံပိုးကောင်
ကျန်းချန်ရွှမ်၏ မမျှော်လင့်ထားသော အဖြေကိုကြားလျှင် လေဖုန်းနှင့် ကျန်နှစ်ဦးတို့မှာ အံ့အားသင့်သွားဟန်တူသည်။ သူတို့ကမ်းလှမ်းချက်ကို ကျန်းချန်ရွှမ်တို့နှစ်ဦး ငြင်းနိုင်မည်မဟုတ်ဟု ထင်ထားကြပုံပေါ်သည်။
“တာအိုရောင်းရင်းတို့ ပြန်စဉ်းစားပါဦးလား။ ကျုပ်တို့ဘက်က ရိုးသားမှု…..”
လေဖုန်းက ဆက်လက်နားချလိုသော်လည်း ကျန်းချန်ရွှမ်နှင့် ရှန်းရူယန်တို့က နားထောင်လိုဟန်မတူပါ။ ကျန်းချန်ရွှမ်က လက်ကာပြလျက်
“မလိုတော့ပါဘူး။ ကျေးဇူးပြုပြီး ပြန်ကြပါ”
ကျန်းချန်ရွှမ်သည် ပြောဆိုပြီးပြီးချင်းပင် လေဖုန်းတို့၏ တုံ့ပြန်မှုကို မစောင့်တော့ဘဲ ဂူတံခါးကိုပိတ်ချလိုက်တော့သည်။ လေဖုန်းနှင့် ကျန်နှစ်ဦးမှာ ပါးစပ်အဟောင်းသားဖြစ်လျက် ကျန်ရစ်ခဲ့သည်။ ကောကျိရှောင်းနှင့် ဆွန်ယုချင်တို့နှစ်ဦးက ဒေါသဖြစ်စွာနှင့်
“အကောင်းအဆိုးနားမလည်တဲ့လူတွေပဲ၊ စေတနာကောင်းနဲ့ တကူးတက လာဖိတ်တာကို ဒီလိုရိုင်းရိုင်းစိုင်းစိုင်း တုံ့ပြန်ရလား”
ထို့နောက် ကောကျိရှောင်းက လေဖုန်းကို စိုးရိမ်ဟန်နှင့်မေးသည်။
“အစ်ကိုလေ ဒီနှစ်ယောက်က မလိုက်ချင်ဘူးဆိုတော့ ကျုပ်တို့ဘာဆက်လုပ်ရမလဲ”
လေဖုန်းက အနည်းငယ်တွေဝေနေပြီးမှ
“သူတို့မလိုက်လည်း တခြားလူရှာကြတာပေါ့။ ဒီခွန်တောင်တန်းစျေးမှာ လူတွေမနည်းပါဘူး။ ငါတို့နဲ့အလုပ်လုပ်ချင်တဲ့သူတွေ ရှိကြမှာပါ”
ထို့နောက်တွင် လေဖုန်းဦးဆောင်သော သုံးယောက်သားသည် ကျန်းချန်ရွှမ်တို့ဂူရှေ့မှ ခပ်သုတ်သုတ် ထွက်ခွာသွားကြတော့သည်။
ထိုအချိန်တွင် ကျန်းချန်ရွှမ်တို့ ယာယီတည်းခိုနေသော ဂူထဲတွင်ဖြစ်သည်။ ရှန်းရူယန်က တစ်စုံတစ်ခုကို စဉ်းစားမိဟန်နှင့်
“ယောက်ျား ကျွန်မတို့ရုပ်ဖျက်သင့်ပြီထင်တယ်”
ရှန်းရူယန်၏ တွေးဆချက်မမှားပါ။ လွန်ခဲ့သည့်နှစ်လတာအတွင်း သိုသိုသိပ်သိပ် လှုပ်ရှားခဲ့သည့်တိုင် သူတို့၏လှုပ်ရှားမှုများကို သတိထားမိသွားကြသူများ ရှိနေသည်လေ။ ထို့ကြောင့် နာမည်နှင့် ပုံပန်းသွင်ပြင်များကို ပြောင်းလဲရန်လိုအပ်လာပြီဖြစ်သည်။ ကျန်းချန်ရွှမ်ကလည်း သဘောတူလိုက်ပြီး
“ဟုတ်တယ်၊ ရွက်ကြွေတောင်တန်းကို မသွားခင် ကြိုတင်ပြီး ပြင်ဆင်လိုက်ကြတာပေါ့”
ရက်အနည်းငယ်အကြာတွင် ကျန်းချန်ရွှမ်နှင့် ရှန်းရူယန်တို့ ဇနီးမောင်နှံလည်း ရုပ်ဖျက်ကာ ခွန်တောင်တန်းစျေးမှ ထွက်လာကြတော့သည်။ သူတို့ရှိနေသောနေရာနှင့် အနီးဆုံးဖြစ်သော ရွက်ကြွေတောင်တန်းကို အရင်ဆုံးခရီးနှင်မည်ဖြစ်သည်။ အနီးဆုံးဆိုသော်လည်း ကီလိုမီတာသုံးသောင်းမှ လေးသောင်းအတွင်း ကွာဝေးပါသည်။
သူတို့၏လက်ရှိ ကျင့်ကြံမှုအဆင့်နှင့်ဆိုလျှင် ရွက်ကြွေတောင်တန်းကို ရောက်ရှိရန် သုံးလေးရက်ခန့်ကြာမည်ဖြစ်သည်။
ခရီးစထွက်ပြီး ကီလိုမီတာငါးထောင်ခန့် အရောက်တွင် ကျန်းချန်ရွှမ်တို့နှစ်ဦးသည် ပျံသန်းနေမှုကိုရပ်ပြီး နောက်လှည့်ကြည့်လိုက်သည်။ ထို့နောက် ကျန်းချန်ရွှမ်က
“ခင်ဗျားတို့နောက်ကနေ လိုက်နေတာ အတော်ကြာပြီထင်တယ်။ ထွက်လာလို့ရပါပြီ”
သူ့စကားအဆုံးတွင် လူလေးဦး ပုန်းကွယ်နေရာမှ အောင့်သက်သက်ဖြင့် ထွက်လာကြပါတော့သည်။ အမျိုးသားသုံးဦးနှင့် အမျိုးသမီးတစ်ဦးတို့ဖြစ်သည်။ ရှေ့ဆုံးမှလူသည် အခြေခံတည်ဆောက်မှု အဌမအဆင့်ရှိသည့် ကတုံးပြောင်ပြောင် လူထွားကြီးတစ်ဦးဖြစ်သည်။ ထိုလူက ကျန်းချန်ရွှမ်တို့ကိုကြည့်ပြီး ရယ်သွမ်းသွေးလျက်
“ခရီးမစသေးခင်မှာပဲ မိသွားမယ်လို့ မထင်ထားဘူး၊ ကံမကောင်းလိုက်တာများ”
ကတုံးနှင့် ကျန်သုံးဦးတို့၏ မျက်နှာများကို မြင်တွေ့ပြီးနောက် ကျန်းချန်ရွှမ်နှင့် ရှန်းရူယန်တို့လည်း အနည်းငယ်အံ့သြမိသွားသည်။ ပထမတော့ သူတို့နှစ်ဦးနောက်ကို ခြေရာခံလိုက်နေသူများမှာ လေဖုန်းတို့သုံးဦးဟု ထင်မှတ်ထားခဲ့သော်လည်း ယခုလူလေးဦးမှာ သူတို့မမြင်မတွေ့ဖူးသော မျက်နှာစိမ်းများဖြစ်နေသည်။ ကျန်းချန်ရွှမ်၏ မျက်လုံးအစုံမှာ ကျဉ်းမြောင်းသွားပြီး ထိုလေးဦးအား အကဲခတ်ရင်း
“ခင်ဗျားတို့ကို ကျုပ်တို့မသိဘူးမှတ်တယ်။ ဘာလို့ကျုပ်တို့နောက် လိုက်နေတာလဲ”
ထိုအချိန်တွင် ကတုံးကြီးဘေးတွင် ရပ်နေသော မိန်းမလျာဟန်ပန်နှင့်လူက ရယ်သွမ်းသွေးလိုက်ပြီး
“မင်းတို့ရုပ်ဖျက်လိုက်ရုံနဲ့ ငါတို့မမှတ်မိတော့ဘူး ထင်နေတာလား”
ထိုလူက ပြောပြောဆိုဆိုနှင့် လက်ဖဝါးကို ဖွင့်ပြလိုက်ရာ ပုရစ်နှင့်တူသော ပိုးကောင်တစ်မျိုးကို တွေ့လိုက်ရသည်။ သို့သော် ထိုပိုးကောင်သည် ပုရစ်ထက် အရွယ်ပိုမိုကြီးသလို မျက်လုံးများမှာလည်း စုပေါင်းဖွဲ့စည်းထားပြီး အစိမ်းရောင်သန်းနေသည်။
“ဒါက ဘာလဲ…”
ကျန်းချန်ရွှမ်သည် သတိကိုမြဲမြံစွာထားရင်း မေးလိုက်သည်။
မိန်းမလျာနှင့်တူသောလူက ပြုံးရယ်လျက် ပြန်ဖြေသည်။
“ဘာလို့မေးနေတာလဲ၊ ငါ့ရဲ့ရတနာအကြောင်း မကြားဖူးဘူးလား။ နာမည်က အရိပ်ခြေရာခံကု လို့ခေါ်တယ်။ လူတစ်ယောက်ရဲ့ အော်ရာကနေတဆင့် သူ့ရဲ့တည်နေရာကို အာရုံခံနိုင်စွမ်းရှိတဲါ ပိုးကောင်တစ်မျိုးပေါ့၊ ဒါကြောင့် မင်းတို့ရုပ်ဖျက်ထားပေမဲ့ ငါ့ရဲ့ အရိပ်ခြေရာခံကု လက်ထဲကမလွတ်တာပေါ့။”
“အဲဒီတော့ ဘာဖြစ်လဲ”
ရှန်းရူယန်က အေးတိအေးစက် အသံပြတ်နှင့် မေးလိုက်သည်။ မိန်းမလျာလူနှင့် ကတုံးလူတို့မှာ မျက်နှာထားတည်သွားပြီး
“မင်းတို့ ရတနာတစ်ခုခုကို ရှာနေတယ်ဆိုတာ ငါတို့သိတယ်၊ အဲဒါဘာလဲ ငါတို့သိချင်နေတာပါ။ ပြီးတော့ မစိုးရိမ်နဲ့၊ မင်းတို့ပြောပြမဲ့အကြောင်းက စိတ်ဝင်စားဖို့ကောင်းမယ်ဆိုရင် မင်းတို့ကို အခက်တွေ့အောင် မလုပ်ပါဘူး”
ထိုစကား၏ အဓိပ္ပာယ်မှာ အကယ်၍ ကျန်းချန်ရွှမ်တို့၏ အဖြေက သူတို့အတွက် ကျေနပ်ဖွယ်မဟုတ်လျှင် သို့မဟုတ် ကျန်းချန်ရွှမ်တို့က သူတို့ကိုပြောပြဖို့ငြင်းဆန်လျှင် ဒုက္ခကြီးကြီးတွေ့မည် ဆိုသော အဓိပ္ပာယ်ဖြစ်သည်။ တစ်နည်းဆိုရလျှင် ပညာသားပါပါနှင့် ခြိမ်းခြောက်နေခြင်းဖြစ်သည်။
ကျန်းချန်ရွှမ်တို့နှစ်ဦးမှာ သူတို့လက်ခုပ်ထဲက ရေကဲ့သို့ လွယ်ကူမည်ထင်နေ၍လား၊ သို့တည်းမဟုတ် ကတုံးဦးဆောင်သော လူလေးဦးကပင် ကိုယ့်ကိုယ်ကို ယုံကြည်မှုပြင်းထန်နေ၍လား မသိသော်လည်း ထိုသူတို့၏ အမူအရာ၊ လေသံမှာ ရဲတင်းလွန်းလှသည်ဟု ကျန်းချန်ရွှမ်တွေးမိသည်။ ထို့နောက် ရှည်ရှည်ဝေးဝေး တွေးမနေတော့ဘဲ ကျန်းချန်ရွှမ်သည် ရေကြည်ကန်ဓားကို ဆွဲထုတ်လျက် မိန်းမလျာလူကို ခုတ်ပိုင်းလိုက်သည်။ ရှန်းရူယန်ကလည်း လက်မနှေးဘဲ ကျိန်စာအလင်းဓားကို ထုတ်လိုက်သည်။
လျှပ်တစ်ပြက်အတွင်း ကျိန်စာအလင်းဓားသည် ကတုံးလူ၏ ရှေ့မှောက်သို့ ရောက်ရှိလာတော့သည်။ ကတုံးကြီးတို့လူစုမှာ ကျန်းချန်ရွှမ်တို့ဘက်မှ စတင်တိုက်ခိုက်လိမ့်မည်ဟု မမျှော်လင့်ထား၍ မျက်လုံးပြူးသွားတော့သည်။
“သေချင်နေပြီထင်တယ်”
ရုတ်ချည်းဆိုသလိုပင် ကတုံးလူထွားကြီးနှင့် မိန်းမလျာလူတို့၏ မျက်လုံးများထဲတွင် သတ်ဖြတ်နှိပ်စက်လိုသော အရိပ်အငွေ့များ ထင်ဟပ်လာကြသည်။ သူတို့နှစ်ဦး၏ လက်ထဲတွင် ပုဆိန်တစ်လက်နှင့် ယပ်တောင်တစ်ချောင်းစီ ပေါ်လာတော့သည်။ ပုဆိန်မှာ ရွှေအိုရောင်ရှိပြီး အရိုးနှင့် အသွားပတ်လည်တွင် အစိမ်းရောင်အော်ရာများက လေပွေလို လှည့်ပတ်ရစ်ဝဲနေသည်။ မိန်းမလျာနှင့်တူသောလူ၏ ယပ်တောင်လက်နက်မှာ ပို၍ပင် ဆန်းကြယ်နေသေးသည်။ ထုတ်ယူလိုက်သည့် တစ်ခဏတွင် ပေပေါင်းများစွာ ဆန့်ထွက်ရှည်လျားလာပြီး တစ်ချက်ခတ်လိုက်လျှင် မဲနက်နေသော လေပြင်းများ တဟူးဟူးတိုက်ခတ်လာတော့သည်။
ကျန်နှစ်ဦးမှာလည်း ရပ်ကြည့်မနေတော့ဘဲ ကိုယ်စီလက်နက်များကို အသီးသီးဆွဲထုတ်လိုကကြတော့သည်။ ပထမတစ်ဦးသည် နက်မှောင်နေသော လွန်းပျံပုံစံ ဓမ္မလက်နက်တစ်ခုကို ဆွဲထုတ်၍ ကျန်းချန်ရွှမ်တို့ထံ ပစ်လွှတ်လိုက်သည်။ လက်နက်မှာ အနက်ရောင် အတိပြီးသည့်အတွက် ပုံပန်းသွင်ပြင်ကို ရှင်းရှင်းလင်းလင်း မမြင်ရနိုင်ပါ။ နောက်ဆုံးတစ်ဦးမှာ အမျိုးသမီးကျင့်ကြံသူဖြစ်ပြီး ချီသိပ်သည်းမှုမြင့်မားသော အဏ္ဏဝါအပြာရောင်ဓားပျံကို ဆွဲထုတ်လိုက်ခြင်းဖြစ်သည်။
ကျန်းချန်ရွှမ်သည် သစ်သားစိမ်း ကောင်းကင်အလင်းဒိုင်းကို အလျင်အမြန်ထုတ်၍ လွန်းပျံဓမ္မလက်နက်၏ တိုက်ခိုက်မှုကို ကာကွယ်လိုက်ရသည်။ ထိုအချိန်တွင် ရှန်းရူယန်က ဗလာနယ်လျှပ်စီးကို ဆင့်ခေါ်၍ ရန်သူကိုညွှန်ပြလိုက်ရာ မျက်စိကျိန်းမတတ် လင်းလက်နေသော လျှပ်စီးကြောင်းတစ်ခုက အမျိုးသမီးကျင့်ကြံသူထံ ပြေးဝင်သွားသည်။ လျှပ်စီးကြောင်းနှင့် အဏ္ဏဝါအပြာရောင်ဓားတို့ ရိုက်ခတ်မိသောအခါ ဓား၏အော်ရာမှာ မှိန်ဖျော့သွားတော့သည်။
***
စာစဉ် ၅ ပြီး၏။