ငွေပြန်ထုတ်တော့မယ်
Vol. 110 Ch. 1638
“ ထားလိုက်စမ်းပါ … သူတို့ကို ဂရုစိုက်မနေနဲ့ …”
လီမုန့်ယောင်၏ ကောင်လေးမှ ပြောလိုက်ပြီး “ သူတို့ရဲ့ အနေအထားနဲ့ ဒီ အလှပစ္စည်း အစုံလိုက် ဝယ်ပြီးရင် တစ်နှစ်လောက် ဖြစ်သလို စားနေရလောက်တယ်… သူတို့ ဘယ်လို ပုံစံမျိုးနဲ့ နေထိုင်နေရလဲဆိုတာ သူတို့ကိုယ် သူတို့ပဲ သိမယ်… ဒီလို ကိစ္စမျိုးနဲ့ စကားများနေစရာ မလိုပါဘူး …”
လီမုန့်ယောင် ခေါင်းညိမ့်လိုက်သည်။ “ နင်ပြောတာ မှန်တယ်… ဒီလို ကိစ္စမျိုးနဲ့ စိတ်ရှုပ်ခံနေစရာ အကြောင်း မရှိဘူး …”
ကျီချင်းရန် ခေါင်းသာ ခါရမ်းလိုက်မိ၏။ သူမ စကား မများချင်ပေ။ ထို့ကြောင့် သူမ၏ ဘဏ်ကတ်ကို ထုတ်ပြီး ဝန်ထမ်း မိန်းကလေးအား ကမ်းပေးလိုက်၏။
“ ကတ်ဖြတ်မယ်…”
“ ရို … လင်းရီ … နင် ဈေးဝယ်တာတောင် ဘာလို့ ကိုယ့်ကောင်မလေးကိုယ် ပိုက်ဆံရှင်းခိုင်းရတာလဲ …” လီမုန့်ယောင် ရင်ဘက်ရှေ့ လက်ပိုက်လျက် ဂုဏ်ရှိန်ကြီးသည့် အမူအရာဖြင့် “ ကျောင်းတုန်းက အချောဆုံး ကောင်လေးက ချမ်းသာတဲ့ အမျိုးသမီးတစ်ယောက်နဲ့ အတူ ရှိလာမယ်လို့ ငါ ထင်တောင် မထင်ထားမိဘူး …. ဒီ သတင်းတာ ငါတို့ စကားပြော အုပ်စုထဲ ရောက်သွားခဲ့ရင် နင် နာမည်ကြီး သွားလောက်တယ် သိလား …”
“ မင်းမှာ ပါးစပ်ပါတာပဲ … ပြောချင်သလိုသာပြော …”
“ မပူနဲ့ … ငါ နင့်ဖို့ ကြေညာပေးမယ်… အခု နင်က သူဌေးမကြီး တစ်ဦးနဲ့ ချိတ်မိထားတယ်ဆိုတော့ နင့်ကိုယ်နင် ချမ်းသာပြီလို့ ယူဆရပြီ… နင်က ငါတို့လို တခြား အတန်းဖော်တွေကို မနာလို ဖြစ်အောင် လုပ်နေတာပဲ …”
“ မင်းတို့ဘာ မင်းတို့ ကြိုက်သလောက် မနာလိုလို့ ရတယ်… ဘာလို့ဆို ဖရီးရတာမို့လို့ပဲ …”
“ လူကြီးမင်း … ကျေးဇူးပြုပြီး ဒါလေး လက်မှတ်ထိုးပေးပါဦး …”
ဝန်ထမ်း မိန်းကလေးမှ ဘဏ်ပြေစာနှင့် ရောက်လာပြီး ပြောလေသည်။
“ ဘာလို့ လက်မှတ်ထိုးရမှာ …”
“ ဒါက ကတ်ပိုင်ရှင် ကိုယ်တိုင် အတည်ပြုပေးတာ လိုအပ်လို့ပါရှင့် …”
“ ဪ အဲ့လိုလား …”
လင်းရီ ဘောပင်ထုတ်၍ သူ၏ နာမည်ကို လက်မှတ်ထိုးလိုက်သည်။
“ ဒါနဲ့ ခုမှ မှတ်မိတယ်… ငါ့မှာ မင်းတို့ မောလ်ရဲ့ စိန်အဆင့် အဖွဲ့ဝင်ကတ်ရှိတယ်… ကြည့်ရတာ ငါ့မှာ ၅၀ ရာခိုင်နှုန်း ဒစ်စကောင့် ရပိုင်ခွင့် ရှိသလိုပဲနော်… မင်းတို့ တစ်ချက် ပြန်တွက်ပေးပါလား …”
“ စိန်အဆင့် အဖွဲ့ဝင်ကတ် …”
လင်းရီ လက်ထဲရှိ အဖွဲ့ဝင်ကတ်ကို မြင်တော့ ဝန်ထမ်း မိန်းကလေးမှာ ကြက်သေသေသွားခဲ့လေသည်။
“ ရှင့်မှာ စိန်အဆင့် အဖွဲ့ဝင်ကတ် ရှိနေတယ်…”
“ အရင်တုန်းက ငါ မင်းတို့ မောလ်ဆီ တစ်ခါလာဖူးတယ်လေ… အဲ့မှာ ဥက္ကဌလီ ငါ့ကို လက်ဆောင်ပေးခဲ့တာ .. ဒါပေမယ့် မသုံးတာ ကြာပြီဆိုတော့ စည်းမျဉ်းတွေ ပြောင်းသွားတာတော့ မရှိဘူးမလား …”
“ မရှိပါဘူး မရှိပါဘူး … စည်းမျဉ်းတွေ မပြောင်းပါဘူး … ကျွန်မ အခုချက်ချင်း ကုန်ကျစရိတ် ပြန်တွက်လိုက်ပါ့မယ်…”
ပုံမှန်အားဖြင့် ကတ်ဖြတ်ပြီးသားဆိုပါက အဖွဲ့ဝင်ကတ် ထုတ်လာခဲ့လည်း အလကားပင်။ သို့သော် စိန်အဆင့် အဖွဲ့ဝင်ကတ်များကတော့ မတူညီပေ။ ကျိုးဟိုင် တစ်ခုလုံး၌ ကတ် ကိုင်ဆောင်သူတို့မှာ ငါးယောက်ထက် မပိုဘဲ ဟွမ်လုံ စကွဲ၏ အခွင့်ထူးခံ လူတန်းစားတို့ ဖြစ်ကြသည်။
ထို့ကြောင့် ဝန်ထမ်းမိန်းကလေးမှာ သေသေချာချာလေး ဝန်ဆောင်မှု ပေးဖို့ လိုလေသည်။
မဟုတ်ပါက သူမ အလုပ်ပြုတ်သွားမှာ ဖြစ်၏။
“ ခဏလေး နေဦး …”
လီမုန့်ယောင် ရှေ့သို့ တက်လာပြီး “ ငါ မှတ်မိသလောက်ဆို ဒီက အဆင့်အမြင့်ဆုံး ကတ်က ပလတ်တီနမ် ကတ် မဟုတ်လား … နင်တို့ရဲ့ ဒီ စိန်အဆင့်ကတ်က ဘယ်ကနေ ဘယ်လို ထွက်လာတာ …”
“ ကျွန်မတို့ရဲ့ စိန်အဆင့်ကတ်တွေကို လူတိုင်းဆီ မပေးထားဘူး … ကုမ္ပဏီရဲ့ ဥက္ကဌကိုယ်တိုင် သူတို့ကို လက်ဆောင်ပေးတာ … ကျိုးဟိုင်မှာ ဒီလိုကတ်မျိုး ကိုင်ထားတဲ့ လူတွေက လက်တစ်ဆုပ်စာလောက်ပဲ ရှိတယ်…”
“ ဥက္ကဌက နင့်ကို ကိုယ်တိုင် ပေးတယ်ပေါ့လေ…”
လီမုန့်ယောင် လင်းရီအား တအံ့တအား ကြည့်လိုက်မိသည်။ လင်းရီတွင် အဘယ်ကြောင့် ဤသို့သော အထူးသီးသန့် အဖွဲ့ဝင်ကတ်ရှိနေလဲဆိုတာကို သူမ စဉ်းစားလို့ မပေါက်ပါချေ။
“ နင်တို့တွေ အမှတ်မှားနေတာများလား … သူက ငါ့ ကျောင်းတုန်းက အတန်းဖော်နော်.. သူ့ မိသားစု အခြေအနေကို ငါ အသိဆုံးပဲ … ပြီးတော့ သူ လုပ်တာကလည်း ရဲအရာရှိ … သူ့လို လူစားမျိုးက အထူးသီးသန့် အဖွဲ့ဝင်ကတ် ရှိတယ်ဆိုတာ ဘယ်လိုဖြစ်နိုင်မှာ … သူတစ်နေရာရာက ကောက်ရလာလားမှ မသိတာ … ငါတော့ နင်တို့ ရဲကို လှမ်းအကြောင်းကြားသင့်တယ်လို့ ထင်တာပဲ …”
“ ရှင် အတွေးလွန်နေပြီ…” ဝန်ထမ်းမိန်းကလေးမှ ဝေဖန်လိုသည့် လေသံဖြင့် “ ကတ်ပေါ်မှာ ရေးထားသည့် အချက်အလက်တွေ အရဆိုရင် ကတ်ကိုင်ဆောင်တဲ့လူက တကယ်ကြီး လူကြီးမင်း လင်းရီဆိုတာ ဟုတ်တယ်… ရှင် သူများကို ရှင့်ရဲ့ သေးသိမ်တဲ့ ပေတံနဲ့ လိုက်ပြီး တိုင်းတာမနေဖို့ မျှော်လင့်ပါတယ်…”
“ သူ့ရဲ့ ကတ် ….”
လီမုန့်ယောင်သည် လင်းရီအား မယုံကြည်နိုင်စွာ ကြည့်လိုက်မိသည်။
“ မဖြစ်နိုင်တာ … ကျိုးဟိုင်မှာ လက်တစ်ဆုပ်စာထက် မပိုတာ နင့်မှာ အဲ့လို အခွင့်အရေးမျိုး ဘယ်က ရှိလာနိုင်မှာလဲ …”
“ သူတို့ မင်းကို မင်းရဲ့ သေးသိမ်တဲ့ ပေတံနဲ့ လိုက်ပြီး တိုင်းမနေဖို့ မပြောဘူးလား …” မင်းနားမလည်နိုင်ဘူးဆိုလည်း ခေါင်းအခြောက်ခံပြီး စဉ်းစားမနေနဲ့ … မင်းဖို့ ကောင်းမှာ မဟုတ်ဘူး …”
“ အဓိပ္ပာယ် မရှိတာတွေ…”
လီမုန့်ယောင်သည် အစော်ကား ခံလိုက်ရသည်ဟု ခံစားရကာ အော်ဟစ်လိုက်၏။
“ ဘယ်လိုပဲ ဖြစ်ဖြစ် ငါ့ကောင်လေးက ယွမ် သန်း ဆယ်ချီ ချမ်းသာတဲ့ သူဌေးကြီးပဲ … သူကတောင် အရည်အချင်း မပြည့်မီတာ နင်က ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ …”
“ သူက ဒီတိုင်း တည်ထောင်ခါစ ကုမ္ပဏီ တစ်ယောက်ရဲ့ သူဌေးလေးကို မင်း ဘယ်ကနေ ဘယ်လိုလုပ်ပြီး အဲ့လို သွေးကြီးနိုင်သွားတာ …”
“ အဲ့လိုဆိုရင်တောင် နင့်ထက်တော့ သာပါသေးတယ်… နင့်တစ်ဘဝလုံး မစားမသောက်ဘဲ ပိုက်ဆံ ထိုင်စုရင်တောင် သူ့ တစ်နှစ်စာ ဝင်ငွေကို လိုက်မှီမှာ မဟုတ်ဘူး …”
“ ဟားဟား … တစ်နှစ် တစ်နှစ် အဲ့လောက် ငွေတွေ အများကြီး ဝင်တယ်ဆိုတော့ တော်တော် အထင်ကြီးဖို့ ကောင်းတာပဲ …” လင်းရီ ပြောလိုက်ပြီး “ ဒါပေမယ့် သူ့ ကုမ္ပဏီ မနက်ဖြန်ထိ ဆက်လည်ပတ်နိုင်မလားဆိုတာတော့ ပြောရခက်တယ်… စိတ်သေချာပြင်ထားပေါ့ကွာ … ငါ့ဘက်က သတိမပေးဘူး အပြစ်မတင်နဲ့ပေါ့ ….”
“ နင် ငါ့ ကောင်လေးကို မနာလို နေတာမလား … နင် အဲ့လို ပေါက်တတ်ကရတွေ ပြောထွက်လာတာကို ငါ တော်တော် အံ့ဩမိတယ်… နင် အဲ့လို ပြောလိုက်တာနဲ့ပဲ တကယ် ဖြစ်လာမယ်လို့ ကိုယ့်ကိုယ်ကို ထင်နေတာလား ဟုတ်လား … “ လီမုန့်ယောင် ပြောလိုက်ပြီး “ ငါ ပြောလိုက်မယ်… စွန့်ဦး စီးပွားရေး ကုမ္ပဏီတွေရဲ့ စီအီးအိုတွေက ငါ့ ကောင်လေးရဲ့ ပရောဂျက်ကို စိတ်ဝင်စားနေကြတာ … သူ့အတွက် ရင်းနှီးမြုပ်နှံဖို့လည်း သဘောတူထားပြီးသား … နင့်ကို ရှင်းအောင် တစ်ခါတည်း ပြောလိုက်မယ်.. ပိတ်ပစ်လိုက်ဖို့ဆိုတာ ဘယ်လိုမှ မဖြစ်နိုင်ဘူး … ပြီးတော့ နှစ်နှစ်အတွင်းမှာ အများပိုင် ကုမ္ပဏီအနေနဲ့ စာရင်းဝင်တော့မှာ … အဲ့ခါကျရင် သူက နင့် တစ်သက်လုံး မြင်ဖူးမှာတောင် မဟုတ်တဲ့ ပမာဏအထိ ချမ်းသာလာဦးမယ်…”
“ ငါတို့ ကြည့်ကြတာပေါ့ …”
ပြောပြီးနောက် လင်းရီနှင့် ကျီချင်းရန်တို့ ထွက်ခွာသွားခဲ့ကြသည်။
“ သွားစို့ … အချစ် … သူတို့ကို ဂရုစိုက်မနေနဲ့ …” လီမုန့်ယောင် သူ့ကောင်လေး၏ လက်မောင်းကို တွဲဖက်ရင်း ပြောလိုက်ပြီး “ သူ ကျိန်ဆဲတာတွေ နင် နားထဲထည့်မနေနဲ့ … သူက ကီးဘုတ်ဖိုက်တာ လုပ်နေတဲ့ အောက်တန်းစားပဲ … သူ့ တစ်သက်လုံး အလုပ်ကြိုးစားရင်တောင် အချစ်လိုမျိုး ဖြစ်လာမှာ မဟုတ်ဘူး …”
“ ကိုယ်လည်း အဲ့လို လူစားမျိုးကို ခေါင်းထဲ ထည့်မနေပါဘူး … ဒါပေမယ့် သူ့မှာ တကယ်ကြီး စိန်အဆင့် အဖွဲ့ဝင်ကတ် ရှိနေတာကိုတော့ နည်းနည်း သိချင်မိသား … သာမန်လူဆိုရင် အဲ့လို ကတ်မျိုး ရဖို့ ဘယ်လိုမှ မဖြစ်နိုင်ဘူး …” ချီလေ့ ပြောလိုက်၏။
“ သူ့ အထောက်အထားက ထူးခြားနေလို့ ဖြစ်မှာပေါ့ … ဘာပဲဖြစ်ဖြစ် သူက ရဲအရာရှိ တစ်ယောက်ပဲလေ… တစ်ချို့ အထူးခြွင်းချက်တွေနဲ့ ဟွမ်လုံ စကွဲရဲ့ စီအီးအိုနဲ့ သိပြီး အဲ့ကတ်ရလာတာ နေမှာပေါ့ …”
“ ချစ်ပြောတာ မှန်တယ်…”
“ တခြားနေရာ သွားကြစို့ … ဈေးဝယ်ပြီးရင် တစ်ခုခု သွားစားကြမယ်… ချစ် နည်းနည်း ဗိုက်ဆာပြီ…”
“ အင်း … သွားစို့ …”
၎င်းနောက် လီမုန့်ယောင်နှင့် သူမ၏ ကောင်လေးမှာ မောလ်တစ်ခွင်သို့ နာရီဝက်ကျော်ကြာအောင် လှည့်ပတ်ကြည့်ရှုလိုက်ကြသည်။ သူတို့ လိုအပ်သည်များအားလုံး ဝယ်ယူပြီးနောက် အနောက်တိုင်း စားသောက်ဆိုင် တစ်ဆိုင်သို့ ဝင်၍ ညစာ စားသောက်လိုက်ကြ၏။
လင်းရီနှင့် ဆုံတွေ့ခဲ့သည့် ဖြစ်ရပ်ကိုတော့ သတိပင် မရတော့ဘဲ လုံးဝ မေ့လျော့သွားခဲ့လေပြီ။
ကလင် ကလင် ကလင် …
ညစာ စားပြီးနောက် နှစ်ယောက်သား ကားပါကင်သို့ သွား၍ အိမ်ပြန်တော့မည့် အချိန်တွင်ပဲ ကားထဲ ဝင်ခါနီးတွင် ချီလေ့၏ ဖုန်းသံ မြည်လာခဲ့၏။
“ ဥက္ကဌကျန်း ခေါ်လာတာပဲ ..”
“ ဘယ်ဥက္ကဌကျန်းလဲ … ဂျပန်က ဥက္ကဌကျန်းလား …”
“ အင်း … သူလေ…” ချီလေ့ ပြောလိုက်ပြီး “ အဲ့တုန်းက သူ ကိုယ့်စီ ယွမ် သန်း ၃၀ ရင်းနှီးမြုပ်နှံပြီးတော့ ကိုယ်တို့ နှစ်ယောက် စကားတောင် ခဏပြောဖြစ်ခဲ့သေးတယ်… သူ ဒီပရောဂျက်ကို တော်တော် စိတ်ဝင်စားနေတာ … နောက်ထပ် ရင်းနှီးပေးဖို့ကို အိမ်ပြန်ပြီး သေချာစဉ်းစားလိုက်ဦးမယ်တဲ့ … ကြည့်ရတာ သူ စဉ်းစာလို့ ထွက်လာပြီနဲ့တူတယ်…”
လီမုန့်ယောင်၏ မျက်ဝန်းတို့ လက်ကနဲ ဖြစ်လာသည်။ “ ဒီတစ်ခေါက် ဘယ်လောက်ရနိုင်မယ် ထင်လဲ ..”
“ ခန့်မှန်းချေ သန်း ၁၀၀ လောက်ပေါ့ …” ချီလေ့ ဂုဏ်ယူစွာဖြင့် ပြောလိုက်သည်။ “ ဘာလို့ဆို ကုမ္ပဏီ တော်တော်များများကလည်း ဒီပရောဂျက်ကို စိတ်ဝင်စားနေတာဆိုတော့ ကိုယ့်ဆီမှာ ပိုက်ဆံတွေ တော်တော်များများ ရင်းနှီးမြုပ်နှံထားကြတာ … ဝေစု ကြီးကြီး ရချင်ရင်တော့ လောင်းကြေး များများ ထည့်ရမှာပဲလေ… ဒီတော့ ယွမ် သန်း ၁၀၀ ကျော်သွားနိုင်တယ်… အဲ့ထက်တော့ မနည်းလောက်ဘူး …”
လီမုန့်ယောင် ရင် တဒိန်းဒိန်းခုန်သည်အထိ စိတ်လှုပ်ရှားသွားခဲ့၏။
တစ်နေ့သ၌ သူမ ဘီလီယမ်နာ သူဌေးကြီး ဖြစ်လာလိမ့်မည်လို့ စိတ်ကူးပင် မယဉ်မိခဲ့ချေ။
ဤသည်က ယွမ် သန်း ၁၀၀ ပင်။
သူမ တစ်သက်တာတွင် ဤမျှ များပြားလှသည့် ကိန်းဂဏန်းကို တစ်ခါမျှ မမြင်ခဲ့ဖူးသေးချေ။
“ ရှင်ကလည်း မြန်မြန် ကိုင်လိုက်လေ… တော်ကြာ ဥက္ကဌကျန်း ဖုန်းချသွားဦးမယ်…”
ချီလေ့ ခေါင်းညိမ့်ပြီး ဖုန်းကိုင်လိုက်၏။
“ ဥက္ကဌကျန်း … ကျုပ်ကို ရှာနေတာလား….” ချီလေ့ ရွှင်မြူးသည့် လေသံဖြင့် ပြောလိုက်သည်။ “ ကျုပ် ခုလေးတင်ပဲ ခင်များကို မနက်ဖြန် လက်ဖက်ရည်သောက်ဖို့ ဖိတ်တော့မလို့ လုပ်နေတာ … ခင်များဘက်က ဖုန်းဝင်လာမယ်လို့တောင် ထင်မထားဘူး …”
“ ဖိတ်စရာ မလိုတော့ဘူး … ငါမင်းကို ပြောစရာရှိလို့ … ငါမင်းဆီ ရင်းနှီးမြုပ်နှံထားတဲ့ သန်း ၃၀ ကို ပြန်ထုတ်တော့မယ်… အဲ့တာ မင်း သိအောင် လှမ်းပြောတာ ….”