သူ အပြစ်မပြုမိခဲ့သင့်သည့်လူကို ပြစ်မှားမိခဲ့လေခြင်း
Vol. 110 Ch. 1639
“ ခင်များ ဘာပြောတယ်…. ပိုက်ဆံတွေ ပြန်ထုတ်မယ် ဟုတ်လား ….”
ချီလေ့ အသံမြင့်ပြီး မေးမြန်းလိုက်မိသည်။ သူ့ကိုယ်သူ နားကြား မှားသွားလေသလောဟုတောင် ထင်ယောင်ထင်မှား ဖြစ်သွားမိခဲ့၏။
“ ကျုပ်တို့ ပရောဂျက်က အခု အကောင်းဆုံး အချိန်ကာလကို ရောက်နေတာနော်… ဈေးကွက်ရှယ်ယာနဲ့ နေ့စဉ် ဝင်ငွေကလည်း ဒီလောက် တည်ငြိမ်နေတာကို အလားအလာ ကြီးကြီးမားမားလည်း ရှိတယ်… ခင်များ အခုချိန် ပိုက်ဆံ ပြန်ထုတ်မယ်ဆို လုံးဝ ဧရာမ ဆုံးရှုံးမှုကြီးနော်…”
“ မရောက်လာသေးနဲ့ အနာဂတ်တွေကို မင်း ထည့်မပြောစမ်းနဲ့ … ခုအချိန် မပိတ်လိုက်ရရင်ကိုပဲ ကောင်းနေပြီ… ငါ့အထင် မင်း အနာဂတ်ကတော့ လွယ်ကူတော့မှာ မဟုတ်ဘူး …”
တစ်ဖက်သူမှာ ချီလေ့အား စကားပြောရန်ပင် အခွင့်အရေးမပေးသလို များများစားစားလည်း ရှင်းပြမနေဘဲ ဖုန်းချသွားခဲ့၏။
ယခုလေးတင် စိတ်လှုပ်ရှားမှု အပြည့်ဖြင့် ဖြစ်နေသည့် နှစ်ယောက်သားမှာ ယခုအချိန်တွင်တော့ ကိုယ်စီ တိတ်ဆိတ်ငြိမ်သက်လို့နေသည်။ ဘာဖြစ်နေလဲဆိုတာကို မည်သူကမျှ မသိကြချေ။
ကလင် ကလင် ကလင် ….
ထိုအချိန်တွင်ပဲ ချီလေ့၏ ဖုန်းသံ မြည်လာခဲ့၏။
“ ခါရှန်း ကုမ္ပဏီက ဥက္ကဌကျောက် …”
“ မြန်မြန် … မြန်မြန် … ကိုင်ပြီး ဘာကိစ္စလဲ မေးလိုက် …” လီမုန့်ယောင် ဆော်ဩလိုက်သည်။
“ ရှောင်ချီ…”
“ ဥက္ကဌကျောက် … ကျုပ်ကို ရှာနေတာလား …”
“ ထွေထူးမဟုတ်ပါဘူးကွာ…. ငါမင်းဆီ သန်း ၂၀ မြုပ်နှံချင်တယ်လို့ မပြောခဲ့ဘူးလား … ငါအခု အဲ့တာ ပြန်ရုတ်သိမ်းချင်လို့ မင်းဆီ ဖုန်းခေါ်လိုက်တာ ..”
“ နောက်ထပ်လား ….”
ချီလေ့ မျက်လုံးရော ပါးစပ်ပါ ပြူးကျယ် ပွင့်အာလို့သွားခဲ့သည်။ တကယ်ပဲ ဘာတွေ ဖြစ်ပျက်နေလဲဆိုတာကို သူ လုံးဝ နားမလည်နိုင်တော့ပါချေ။
ဤမတိုင်ခင်တွင်က ကုမ္ပဏီနှစ်ခုမှာ သူ့ထံတွင် ကြီးကြီးမားမား ရင်းနှီးမြုပ်နှံရန် စိတ်ဝင်တစား ရှိခဲ့သည်။
သို့သော် ယခု သူတို့ဘက်ကပဲ တစ်ချိန်တည်းတွင် ရင်းနှီးမြုပ်နှံထားမှုများကို ပြန်ရုတ်သိမ်းလိုနေသည်။ အဘယ်ကြောင့်နည်း ။
“ နောက်ထပ် …. ဟုတ်လား …” တစ်ဖက်မှာ အံ့ဩသွားသည့် ဟန်ဖြင့် “ ငါ့မတိုင်ခင် ကြိုပြီး ဖုန်းဆက်လာခဲ့တဲ့လူ ရှိတာလား …”
“ ဟုတ်… ဟုတ်တယ်….”
သူ မပြောချင်သော်ငြားလည်း ဤကိစ္စကို ဖုံးကွယ်ထားဖို့ မဖြစ်နိုင်မှန်း ချီလေ့ သိသည်။
“ ဒါဆိုရင်တော့ တိုက်ဆိုင်တာ မဟုတ်တော့ဘူးပဲ … နောက် ရက်နည်းနည်းကြာရင် တခြား ရင်းနှီးမြုပ်နှံသူတွေလည်း သူတို့ရဲ့ ပိုက်ဆံတွေ ပြန်ထုတ်ကြလောက်တယ်… မင်း စိတ်ပိုင်းဆိုင်ရာ ကြိုပြီး ပြင်ဆင်ထားရင် ကောင်းမယ်… တကယ်လို့ တခြား မရှိတော့ဘူးဆို ငါ အရင် ဖုန်းချပြီ … မင်းကိုယ်မင်းသာ ဂရုစိုက် …”
“ ဥက္ကဌကျောက်… ခဏလေး ….”
တစ်ဖက်သူ ဖုန်းချတော့မည့် အချိန်တွင်ပဲ ချီလေ့ ကမန်းကတမ်း လှမ်းဟန့်တားလိုက်လေသည်။ “ ဘာတွေ ဖြစ်နေတာလဲ … ဘာလို့ ခင်များတို့တွေ ငွေ ပြန်ထုတ်နေကြတာ …”
“ မင်း လုပ်ခဲ့တာတွေကို ငါ ပြန်ပြောပြဖို့ လိုသေးတာလား …”
ချီလေ့နှင့် လီမုန့်ယောင်တို့ အနည်းငယ် ရှုပ်ထွေးသွားခဲ့၏။ တစ်ဖက်သူ ပြောလာသည့် စကားအတိမ်အနက်ကို သူမတို့တွေ လုံးဝ သဘောမပေါက်နိုင် ဖြစ်နေသည်.
“ ဒါရိုက်တာကျောက် … ခင်များ ဘာပြောချင်နေလဲဆိုတာကို ကျုပ် တကယ်ကြီး နားမလည်တာ … ကျုပ် ဘာများ လုပ်မိလို့ … ဒီရက်ပိုင်းလည်း ကုမ္ပဏီ ကိစ္စတွေနဲ့ပဲ အလုပ်များနေတာ … ခင်များလည်း ထုတ်ကုန်ပစ္စည်းတွေရဲ့ အရည်အသွေးနဲ့ လုပ်ဆောင်ချက်တွေကို မျက်မြင်ကိုယ်တွေ့ပဲ … ဘာပြဿနာမှ ရှိတာမဟုတ်ဘူး … အားလုံး အဆင်ပြေတယ်… ခင်များဘာလို့ ပိုက်ဆံ ပြန်ထုတ်ချင်နေရတာ …”
“ ဒါကကွာ ….. ဟင်း ……..”
“ ဘာပဲပြောပြော ငါတို့ချင်း ရင်းနှီးဖူးတဲ့လူတွေလို့ ပြောလို့ရတယ်… မင်းရဲ့ လုပ်ရည်ကိုင်ရည်ကိုလည်း ငါတော်တော် သဘောကျမိတယ်… ဒီတော့ ငါမင်းကို အမှန်အတိုင်း ပြောပြလိုက်မယ်… အဲ့တာက မင်း … အပြစ်မပြုခဲ့သင့်တဲ့လူကို အပြစ်ပြုမိခဲ့လို့ပဲ …”
“ ကျုပ်က အပြစ်မပြုသင့်တဲ့လူကို ပြစ်မှားခဲ့မိတယ် ဟုတ်လား ….”
နှစ်ဦးသားလုံး အံ့အားသင့်သွားခဲ့ကြလေသည်။ “ ကျုပ်တို့ ဘယ်သူ့ကိုမှလည်း ဘာမှ မလုပ်မိခဲ့ပါဘူးနော်… ပြီးတော့ ကျုပ်က ဒီခု အသိုင်းအဝိုင်းထဲမှာ အသစ်လေးကို ကျုပ် ကိုယ့်အခြေအနေကို ကောင်းကောင်းသိတာပေါ့ … ဘာလို့ ဒိတ်ဒိတ်ကျဲကြီးတွေကို သွားစော်ကားရမှာ …”
“ မင်းဘက်ခြမ်းက ဘယ်လိုတွေ ဖြစ်သွားလဲတော့ ငါလည်း မသိဘူး … ဒါပေမယ့် မင်းတို့ကို တိုက်ခိုက်နေတာက လင်းယွင်အုပ်စုကွ… သူတို့ ဘယ်လောက် အင်အားကြီးလဲ ဆိုတာတော့ ငါ သိပ်အများကြီး ပြောဖို့ လိုမယ်မထင်ဘူး … မင်း ကောင်းကောင်း သိပါတယ်…”
“ လင်းယွင် အုပ်စု ….”
နှစ်ယောက်သား တစ်ပြိုင်တည်း မြည်တမ်းမိလိုက်ကြ၏။ လုပ်ငန်းရှင် အသိုင်းအဝိုင်း၌ လင်းယွင်အုပ်စုကို မသိပါက သောက်ရူးဟု မှတ်ယူရမည်။
လင်းယွင်အုပ်စုသည်ကား semi conductor နယ်ပယ်၏ ယူနီကွန်းကြီး ဖြစ်လေသည်။
ကောလဟာလများပင် ရှိ၏။ အကယ်၍ ၎င်းတို့သာ အများပိုင် ကုမ္ပဏီအဖြစ် စာရင်းဝင်လိုက်မည်ဆိုပါက ၎င်းတို့၏ ဈေးကွက်တန်ဖိုးမှာ နည်းပညာလောက၌ ဂျိုင်းရက်ကြီးများဖြစ်သည့် Tencent နှင့် Alibaba တို့နှင့်အတူ ပခုံးချင်းယှဉ်နိုင်သည်အထိ ဖြစ်သွားနိုင်သည်။
သို့ပေမယ့် သူ့ဘက်က အဲ့ဒီကုမ္ပဏီက မည်သူနဲ့မှ ဆက်သွယ်ထိတွေ့ဖူးခြင်း မရှိဘဲလေ။ ၎င်းတို့၏ အထက်အကြီးအကဲများနှင့်ပင် ဆုံတွေ့ဖူးခြင်း မရှိရာ မည်သို့ စော်ကားရမည်နည်း။
“ အခု ဘာတွေ ဖြစ်နေလဲ မင်းသိရောပေါ့ … ငါ တခြား ဘာမှမပြောချင်တော့ဘူး … မင်းဘာမင်းသာ ဂရုစိုက် …”
“ နေပါဦး ဥက္ကဌကျောက် … “ ချီလေ့ တစ်ဖက်သူအား အလျင်အမြန် ဟန့်တား၍ “ ခင်များ ပိုပြီး ရှင်းရှင်းလင်းလင်း ပြောပြပေးလို့ မရဘူးလား .. ကျုပ် အခုထိ နားကို မလည်သေးတာ … ကျုပ် တကယ်ကြီး သူတို့ကို မစော်ကားခဲ့မိတာပါ …”
“ မင်း သေချာလို့လား ..” တစ်ဖက်သူက သင်္ကာမကင်း လေသံဖြင့် မေးခွန်းထုတ်လာခဲ့ပြီး “ လင်းယွင်အုပ်စုမှာ မင်းကို လုံးဝ ချေမှုန်းနိုင်တဲ့လူဆိုလို့ စုစုပေါင်း သုံးယောက်ပဲ ရှိတယ်… တစ်ယောက်က ဒုတိယ အကြီးဆုံး ပြောရေးဆိုခွင့် ရှိတဲ့ ဥက္ကဌ ချီရှန်းကျောက် … ပြီးတော့ သူတို့ စီအီးအိုရဲ့ အယုံကြည်ရဆုံး ဘဏ္ဍာရေး တာဝန်ခံ ဟော်ယွမ်ယွမ် … နောက်တစ်ယောက်က လင်းယွင် စီးပွားရေးရဲ့ ဒုဥက္ကဌ ထျန်းရန် … မင်း ဒီသုံးယောက်ကို မစော်ကားခဲ့မိတာ သေချာလား …”
“ ကျုပ် တကယ်ကြီး မစော်ကားခဲ့တာ ..”
ချီလေ့ အခိုင်အမာ လေသံဖြင့် ပြောဆိုလိုက်ပြီး “ ရိုးရိုးသားသား ဝန်ခံရရင် တကယ်လို့ ခင်များ ပြောပြလို့သာ မဟုတ်ရင် အဲ့ဒီ ဒိတ်ဒိတ်ကျဲ သုံးယောက်ကြီးရဲ့ နာမည်ကိုတောင် သိတာ မဟုတ်ဘူး … ကျုပ် ဘယ်နားက သွားစော်ကားရမှာလဲ … ဒါ နားလည်မှု လွဲနေတာပဲ ဖြစ်ရမယ်…”
“ ဟုတ်တော့ မဟုတ်သေးဘူး … ဒီလူသုံးယောက်ကပဲ လင်းယွင်အုပ်စုကို တည်ငြိမ်နေအောင် ထိန်းထားတာ … မင်း သူတို့ကို သွား မစော်ကားမိရင် သူတို့ ဒီလောက်ထိ ရေးကြီး ခွင်ကျယ် လုပ်နေမှာတောင် မဟုတ်ဘူး …”
“ ကျုပ် တကယ်ကြီး သိကို မသိတာပါဗျာ … သေချာပေါက် နားလည်မှုလွဲနေတာလေးတွေ ရှိကို ရှိရမယ်…”
“ မင်းတကယ်ကြီး မသိဘူးဆိုရင်တော့ သေချာပေါက် နားလည်မှုလွဲနေတာ နေမှာပေါ့ …” တစ်ဖက်သူက ပေါ့ပေါ့ပါးပါး ပြောလာခဲ့ပြီး “ ဒါပေမယ့် လင်းယွင်အုပ်စုမှာ မင်း လုံးဝ စော်ကားလို့ မရတဲ့ နောက်တစ်ယောက် ရှိသေးတယ်… အဲ့တာ သူတို့ရဲ့ ဥက္ကဌ … လင်းရီ … ဒါပေမယ့် အဲ့လူက တော်တော်လေး ဆန်းကြယ်တော့ သူ့ကို စော်ကားဖို့ဆိုတာ တော်တော်မလွယ်မှာ … ဒါဆိုရင်တော့ အထင်လွဲနေတာပဲ နေမှာပါ … မနက်ဖြန် လာလည်လေ … ငါ ဖုန်းချပြီ…”
ချီလေ့နှင့် လီမုန့်ယောင်တို့မှာ မိုးကြိုး အပစ်ခံလိုက်ရသကဲ့သို့ ကားထဲတွင် ငူငူငိုင်ငိုင်ကြီး ဖြစ်သွားခဲ့ကြသည်။
ဤသည်က အဘယ်ကြောင့်ဆိုသော် သူတို့တွေသည် ဖုန်းထဲတွင် ထိတ်လန့်တုန်လှုပ်ဖွယ်ကောင်းသည့် နာမည်တစ်လုံးအား ကြားလိုက်ရသောကြောင့်ပင်။
လင်းယွင်အုပ်စု၏ ဥက္ကဌနာမည်က လင်းရီဟု အမည်တွင်သည်လော။
နှစ်ယောက်သား တစ်ယောက်ကိုတစ်ယောက် ထိတ်လန့်စွာ ကြည့်နေမိကြသည်။ ထိုအချိန်တွင်ပဲ လင်းရီ ပြောခဲ့ဖူးသည့် စကားတစ်ခွန်းက သူတို့နားထဲ ပြန်လည်ကြားယောင်လာသည်။
မင်းတို့ ကုမ္ပဏီ မနက်ဖြန် ဆက်လည်ပတ်ဖို့ဆိုတာ မဖြစ်နိုင်ဘူး... ငါ့ဘက်က သတိမပေးဘူး မပြောနဲ့...
ယခု လက်ရှိ အခြေအနေအရ ….
ထိုစကားက အစစ်အမှန် ဖြစ်လာခဲ့ပြီ ဖြစ်၏။
ထို့ပြင် သူ့တွင် ဟွမ်လုံ စကွဲ၏ စိန်အဆင့် အဖွဲ့ဝင်ကတ်လည်း ရှိနေသည်။ ထိုအရာက လူတိုင်း ကိုင်ဆောင်နိုင်သည့် အရာတစ်ခု မဟုတ်ခေ။ လင်းယွင်အုပ်စု၏ ဥက္ကဌသာ ဟုတ်မနေခဲ့ဘူးဆိုပါက ဟွမ်လုံ စကွဲ၏ ဥက္ကဌသည် သူ့အား စိန်အဆင့် အဖွဲ့ဝင်ကတ်ကို လက်ဆောင် ပေးခဲ့မည် မဟုတ်ချေ။
ယွမ်လေးသောင်းကျော် တန်ကြေးရှိသည့် စကင်းကဲ အစုံလိုက်အား ဝယ်ယူသွားခဲ့သည်မှာလည်း ထူးဆန်းသည်လို့ မဆိုသာတော့ချေ။ ထိုလူက သူ့ထက်ပင် ပိုပြီး အံ့အားသင့်ဖို့ ကောင်းနေခဲ့၏။
လီမုန့်ယောင် ခက်ခက်ခဲခဲ တံတွေးမျိုချ၍ လင်းရီ မည်သူမည်ဝါ ဖြစ်သည့် အချက်ကြောင့် အတော်လေး ရှော့ခ်ရမိသွားခဲ့သည်။
သူ တက္ကသိုလ်က ဘွဲ့ရပြီးသည်မှာ နှစ်အနည်းငယ်မျှသာ ရှိသေးသော်လည်း ဤမျှ ကြီးမားသည့် ဧရာမ ကုမ္ပဏီကြီးအား တကယ်ကြီး တည်ထောင်နိုင်ခဲ့လေသည်။
“ မင်းဘာတွေ ငိုင်နေတာလဲ … မြန်မြန် မင်းရဲ့ အတန်းဖော်ဆီ ဖုန်းဆက်ပြီး တောင်းပန်လိုက်လေ…”
“ ဟုတ်တယ် ဟုတ်တယ် … တောင်းပန် … တောင်းပန်….”
ချီလေ့၏ အော်ဟစ်ကြိမ်းမောင်း ခံလိုက်ရပြီးနောက် လီမုန့်ယောင် အသိပြန်ဝင်လာခဲ့သည်။
ယခု လင်းရီက အတော်လေး ချမ်းသာနေပြီဖြစ်ရာ သူမ ကောင်လေးအတွက် စကားပြောပေးဖို့ လိုအပ်ရုံသာမက သူ့အား မျက်နှာလုပ်ရန်လည်း လိုအပ်လာသည်။
သို့သော် ဖုန်း အဆက်အသွယ်စာရင်းထဲ အချိန်အတော်ကြာအောင် ရှာပြီးသည့်တိုင် လင်းရီ၏ ဖုန်းနံပါတ်အား ရှာလို့ မတွေ့နိုင်ခဲ့ချေ။
“ ငါ့ … ငါ့မှာ သူ့နံပါတ် မရှိဘူး ….”
“ ငါ -ိုးပဲ ….”
ချီလေ့ လီမုန့်ယောင်၏ ပါးကို ဖြန်းကနဲ ရိုက်ချလိုက်ပြီး “ အဲ့တာ အားလုံး မင်းကြောင့်ပဲ … မင်းသာ သူ့ရှေ့မှာ တမင်တကာ ဟန်မများခဲ့ရင် ဒီလိုတွေ ဖြစ်လာခဲ့မှာ မဟုတ်ဘူး …”
လီမုန့်ယောင် အပြစ်ပြုမိထားသည့် မျက်နှာငယ်လေးဖြင့် လက်တစ်ဖက်ဖြင့် ပါးကို အုပ်ထားကာ မျက်ရည်တို့ ကျဆင်းလာသည်။ “ ငါ … ငါ သူ့လို ဆင်းရဲသား အရှုံးသမားက ဒီလောက်ထိ ချမ်းသာလာမယ် မထင်ထားခဲ့လို့ပါ ….”
“ ငါ ပြတ်ပြတ်ပြောလိုက်မယ်… မင်း ဒီကိစ္စ ပြန်မရှင်းပေးလို့ကတော့ ငါမင်းကို ဘယ်လို သင်ခန်းစာပေးမလဲ ကြည့်နေ…”
………..
ဟွမ်လုံ စကွဲမှ ထွက်လာခဲ့ပြီးနောက် နှစ်ယောက်သား ကျိုကျုံး ဗီလာသို့ ပြန်လာခဲ့ကြလေသည်။ ကျီချင်းရန်သည် ရွှေနက် ဘူးကို ခေတ္တမျှ လှန်လောကြည့်ရှုနေပြီး အဆုံးတွင် ပစ္စည်းခြောက်ခုအား အပြင်သို့ ထုတ်လိုက်၏။
“ မျက်နှာသစ် ၊ ခေါင်းလျှော်ရည်၊ shower gel ၊ sunscreen ၊ moisturizer နဲ့ သွားတိုက်ဆေးက နင့်ဟာ … ကျန်တာတွေအားလုံးက ငါ့ဟာ ….”
“ ဟင် … ပြောတော့ ငါ့အတွက်ဆို … ဘာလို့ တစ်ဝက်ကြီးများတောင် ယူသွားတာ ..”