ရန်သူတွေ တွေ့ကြပြီ
Vol. 110 Ch. 1641
သူ့ရှေ့ရှိ အဆောက်အဦးတွင်းသို့ ဝင်သွားခဲ့သည့် အရပ်ရှည်ရှည်နှင့် အမျိုးသမီးအား ကြည့်ရင်း လင်းရီစိတ်ထဲ၌ သူမ နောက်ကျောက ယွီဟန်တွင် ဆုံခဲ့ဖူးသည့် စွာစိမ တစ်ယောက်နှင့် အတော်လေး ဆင်တူသည်ဟု စိတ်ထဲ ခံစားလိုက်ရလေသည်။
အဲ့လောက် တိုက်ဆိုင်တာကြီးကတော့ မဖြစ်နိုင်ပါဘူးနော…
“ နင် ဘာတွေ စောင့်နေတာ … သွားစို့လေ…” ကျီချင်းရန် ပြောလိုက်၏။
“ အင်း သွားစို့ …”
လင်းရီ သူ၏ အိတ်အား ဆွဲလာရင်း ရုံးခန်းသို့ လျှောက်လှမ်းလာခဲ့သည်။ ထို့နောက် သူ တံခါးဝတွင် ရပ်တန့်လိုက်လေသည်။
“ လူကြီးမင်းလင်း … ကောင်းကောင်း လေ့ကျင့်ပြီး ဂုဏ်ယူရတဲ့ ရဲအရာရှိကောင်း တစ်ယောက် ဖြစ်အောင် ကြိုးစားနော်…”
“ သေချာတာပေါ့ …”
“ နင် ယူနီဖောင်းရရင် ငါ့ဆီ ဆယ်လ်ဖီပုံ ပို့ပေးဖို့လည်း မမေ့နဲ့ဦး … နင် အဲ့ဒီရဲဝတ်စုံနဲ့ဆိုရင် အရမ်း အရမ်း ချောမှာ သေချာတယ်…”
“ ဆိုတော့ … ဒါတွေ အားလုံးက ငါ့ဆီကနေ ယူနီဖောင်းနဲ့ ဓာတ်ပုံ လိုချင်လို့ပဲပေါ့ ဟုတ်လား …”
“ အဲ့လို မပြောနဲ့လ… နင့် ရည်ရွယ်ချက်က လူတွေကို ကူညီပေးဖို့ မဟုတ်လား …”
“ ဟုတ်တယ်လေ…”
“ ဒါဆို ငါလည်း နိုင်ငံသား တစ်ယောက် မဟုတ်လို့လား …”
“ ဟမ် … ချင်းရန် … မင်း စကားတော်တော်တတ်နေတယ်ပေါ့ ဟုတ်လား … ငါ့ကို ဘယ်လို လှည့်စားရမလဲတောင် သိနေပြီ…”
“ ခစ်ခစ် … ငါက ဟုတ်တာ ပြောနေတာကို ဘာလို့ လှည့်ကွက်ဆိုပြီး ပြောနိုင်ရတာ …” ကျီချင်းရန် ပြုံးလိုက်ပြီး “ ကဲပါ … မြန်မြန် ရောက်ရှိကြောင်း သတင်းပို့လိုက်တော့ .. တစ်ခုခု လိုတာရှိရင် ဖုန်းထဲ ပြောလိုက် …”
“ အင်း … လိုတာရှိရင် ပြောမယ်…”
သူ့ဘက်က အလုပ် ခရီးရှည် ထွက်ရမှာလည်း မဟုတ်သဖြင့် ကျီချင်းရန်မှာ ထွေထွေထူးထူး မခွဲနိုင်မခွာရက် ဖြစ်မနေချေ။
လင်းရီ၏ ပါးတစ်ခြမ်းအား အနမ်းပေးပြီးနောက် လက်ဝှေ့ရမ်းပြကာ သူ အထဲသို့ ဝင်သွားသည်အား ပြုံးလျက် ကြည့်နေလေသည်။
လင်းရီလည်း သူ၏ အိတ်အား ဆွဲရင်း အဆောက်အဦးထဲသို့ ဝင်သွားခဲ့၏။
လင်းရီ၏ ထွက်ပေါ်လာမှုက လူတော်တော်များ၏ အာရုံကို ဆွဲဆောင်သွားခဲ့လေသည်။ အထူးသဖြင့် အမျိုးသမီး ရဲအရာရှိများကို ဖြစ်၏။ သူမတို့တွေ လင်းရီကို မြင်တွေ့လိုက်ရသည့် အချိန်၌ မတတ်နိုင်စွာ မေးရိုးကြီးများ အောက်သို့ ပြုတ်ကျလုနီးပါး ဖြစ်သွားခဲ့ကြသည်။
“ နင် ဒီကို ထရိန်နင်အတွက် ရောက်လာတာလား …” ဆံပင်အတိုနှင့် အမျိုးသမီး ရဲအရာရှိ တစ်ဦးက လာပြီးမေး၏။
“ အင်း ဟုတ်တယ်…”
“ ဒုတိယထပ်က အစည်းအဝေးခန်းထဲ သွားလိုက် … နင်တက်ရမယ့် ထရိန်နင် မီတင် တစ်ခု ရှိတယ်… ထရိန်နင် မစ်ရှင်ကတော့ မွန်းလွဲပိုင်းမှပဲ စဖြစ်လိမ့်မယ်…”
“ ကောင်းပြီ… ကျေးဇူးပါပဲ…”
တစ်ဖက်သူ ပြောသည့်အတိုင်း လင်းရီသည် ကိုယ့်အိတ်ကိုယ် ဆွဲ၍ ဒုတိယထပ်သို့ တက်လာသည်။
ထွက်ခွာသွားသည့် လင်းရီ၏ နောက်ကျောကို ငေးမောရင်း ဆံပင်အတိုနှင့် အမျိုးသမီး ရဲအရာရှိမှာ သူမကိုယ်သူမ စိတ်လှုပ်ရှားစွာ ဆိုလိုက်၏။
“ အမယ်လေး ဘွားဘွားရေ … ရိရန်တော့ ဒီတစ်ခါ ထီ အကြီးကြီးပေါက်တာပဲ … ဒီလောက် ချောတဲ့ အချောလေးက သူ့လက်အောက်မှာ ထရိန်နင် ဆင်းရမယ်ဆိုတော့ ပျော်လွန်းလို့ သေသွားမလားတောင် မသိဘူး …”
“ အစ်မကြီး … နင် ထိန်းထိန်းသိမ်းသိမ်းလေးလည်း နေပါဦး …” အခြား အမျိုးသမီး တစ်ယောက်က စောဒက တက်လိုက်ပြီး “ သူတို့က ဒီကို ထရိန်နင် ဆင်းဖို့ ရောက်လာတာနော်… နင် ထင်နေသလို မဟုတ်ဘူး … မဟုတ်တာတွေ လျှောက်တွေးပြီး ပျော်နေရမယ့် အချိန်မဟုတ်ဘူး …”
“ ဒါပေမယ့် အဲ့လို အချောလေး တစ်ယောက်ရှိတာ မျက်စိ အေးတယ်လေ… ဘယ်သူသိနိုင်မှာမို့လို့ … သူတို့ကြားမှာ တစ်ခုခု ဖြစ်ရင်လည်း ဖြစ်သွားနိုင်တာပဲကို …”
“ နေ့ခင်းကြောင်တောင်ကြီး အိပ်မက်မက်မနေနဲ့ … လက်တွေ့ ဘဝကြီးက တီဗွီ ဒရာမာတွေထဲကလိုများ ထင်နေလား … “
ထိုအခိုက်အတန့်တွင် ယူနီဖောင်း ဝတ်ဆင်ထားလျက် ရှိသည့် ကူရိရန်သည် ဒုတိယထပ်သို့ စာရွက်စာတမ်း တစ်ထပ်ကြီး သယ်ဆောင်လျက် ရောက်ရှိလာခဲ့သည်။
ကူရိရန်၏ ပုံစံမှာ ကနေဦးတုန်းက ခပ်အေးအေး ပုံစံပင်။ သို့သော် ယူနီဖောင်း ဝတ်ဆင်ပြီးသည့်နောက်တွင်တော့ အရှိန်အဝါတို့ ပြောင်းလဲသွားခဲ့တော့၏။
“ ရိရန် ...... ရိရန် …”
အချက်အလက်များ ကြည့်ရှုနေသည့် ကူရိရန်မှာ သူမ လုပ်ဖော်ကိုင်ဖက်များ၏ အသံကို ကြားတော့ မသိစိတ်အလျောက် လှမ်းကြည့်လိုက်မိ၏။
“ ဘာကိစ္စလဲ …”
“ နင့်အတွက် သတင်းကောင်းကြီး … ဒီ တစ်သုတ် ထရိန်နင် လာဆင်းတဲ့ထဲမှာ အရမ်း အရမ်း ချောတဲ့ ကိုယ်လူချော တစ်ယောက် ပါလာတယ်… သူ့ ရုပ်ရည်က လုံးဝ ကောင်းကင်တောင် မနာလိုရလောက်တဲ့အထိနော်… နင်လည်း စင်ဂယ်ပဲ ဆိုတော့….. ကြိုးစားထား ….”
“ နင်တို့ နှစ်ယောက် အသိတရားလေး ရှိပါဦးလား …” ကူရိရန် မျက်လုံးလှန်လိုက်ပြီး “ ငါက အလုပ်လုပ်နေတာ … ကြင်ဖက်တွေ့ဖို့ မဟုတ်ဘူး … ဒီလို ကိစ္စတွေ အတွက် အားကုန် မခံနိုင်ဘူး …”
“ နင်က နှုတ်ကသာ မလိုချင်ဘူး ပြောနေပေမယ့် ခန္ဓာကိုယ်ကတော့ သိပ်ရိုးသားတဲ့ လူစားမျိုးပဲလေ… နင် သူ့ကို မြင်တဲ့အခါကျရင် နင့်ကိုယ်နင် ထိန်းနိုင်အောင်သာ အကောင်းဆုံးကြိုးစား …”
“ ကျစ် … သူများကိုများ သူ့လို အချစ်ရူးများ အောက်မေ့နေလား မသိပါဘူး …”
ထိုသို့ ပြောလိုက်သော်လည်း ကူရိရန် အတွေးအစအနတို့ ဝင်လာခဲ့မိ၏။
ဘယ်လောက် ချောနိုင်မှာမို့လို့လဲ ဟုတ်တယ်မလား …
သူက ယွီဟန်မှာ သူမ မြင်ခဲ့တဲ့ လူထက် ချောနိုင်မှာမို့လို့လား …
ချီးလိုပဲ … သူမ ဘာလို့ အဲ့ဒီ လူအကြောင်း ပြန်တွေးမိသွားရတာလဲ …
ထိုစဉ်က သူမ ဒေါသထွက်လွန်း၍ ရာသီ လာသည့် အချိန်ပင် တစ်ပတ်ခန့် နောက်ကျသွားခဲ့ရသည်။ သူမ ထိုလူအား အမှန်ပင် ဖင်ပိတ်ကန်ပစ်လိုက်ချင်သည်။
“ ဟန်ဆောင်နေလိုက် … နင် အဲ့ဒီ အချောလေးကို မြင်ရင် သိပါလိမ့်မယ်…”
“ ဟုတ်ပါပြီ ဟုတ်ပါပြီ… နင်တို့နဲ့ ပေါက်တတ်ကရတွေ ပြောမနေတော့ဘူး … “ ကူရိရန် ပြောလိုက်ပြီး “ ငါ အပေါ်တက်တော့မယ်…”
ကူရိရန်သည် စာရွက်စာတမ်းများအား အပေါ်ထပ်သို့ သယ်၍ မီတင်ခန်းထဲသို့ ရောက်ရှိလာခဲ့သည်။ ထိုအချိန်တွင် သင်တန်းသား ၄၀ ကျော်မှာ အစည်းဝေးခန်းထဲတွင် ရှိနေပြီး အမျိုးသား ၊ အမျိုးသမီး အချိုးစားက ၃ အချိုး ၁ ဖြစ်၏။
ပမာဏက နည်းပါးသည်လို့တော့ မဆိုသာချေ။
အကယ်၍ ၎င်းတို့၏ အခြေအနေကသာ လိုအပ်ချက်နှင့် ကိုက်ညီခြင်း မရှိခဲ့ဘူးဆိုပါက ကြားကာလတွင် လူတစ်ချို့ တစ်လေသည် ဖြုတ်ချခံရလိမ့်ဦးမည်။
လူတစ်ချို့မှာတော့ ဤနေရာ၌ ဆက်လက် ကျန်ရှိနေနိုင်ပြီး ကျန်သူတို့ကတော့ အခြား ဌာနခွဲများသို့ ရွှေ့ပြောင်းခံလိုက်ရသည်မျိုးလည်း ဖြစ်နိုင်ပေသည်။
မိမိက မည်သည့်နေရာသို့ သွားခွင့် ရှိမလဲ ဆိုသည်ကတော့ ကိုယ့် အစွမ်းအစပေါ်၌သာ မူတည်နေပါတော့သည်။
“ ဟိုင်ကော … အဲ့ဒီ သင်တန်းသူလေးတွေ မင်းကို ရှိုးနေသလိုပဲနော်…”
ပြောလိုက်သူက တင်းချောင်ဟု ခေါ်သည့် အမျိုးသားပင်။ သူက အရပ်ပုပုနှင့် မျက်နှာ အသားအရည်က ညိုသည်။ သူက ဘေးရှိ သူ့ ဘော်ဒါ၏ နားသို့ ကပ်၍ တီးတိုးပြောနေလျက် ရှိသည်။
တင်းချောင်နှင့် နှိုင်းယှဉ်မည်ဆိုပါက ဘေးတွင် ထိုင်နေသည့် အမျိုးသားမှာ ၎င်းထက် အစစ အရာရာ သာလွန်လှသည်။ အင်မတန်လည်း ကြည့်ကောင်းလှသလို ရောက်ရှိနေသည့် သင်တန်းသားများအထဲ၌ ထင်ထင်ပေါ်ပေါ် ရှိသည့် လူတစ်ယောက်လည်း ဖြစ်လေသည်။
ထိုအမျိုးသား၏ နာမည်က ကျိုးရှင်းဟိုင် ဖြစ်ပြီး အသင့်တင့် ကြွယ်ဝသည့် မိသားစုမှ ဆင်းသက်လာခဲ့၏။
သူတို့တွင် ကားရှိသည်။ အိမ်လေး တစ်လုံးလည်း ရှိသည်။ ကျိုးဟိုင်တွင် စုငွေတစ်ချို့လည်း ရှိလေသည်။ စားဝတ်နေရေး ပူပင် ကြောင့်ကြနေစရာမလိုသည့် ချမ်းသာသည့် မိသားစု တစ်ခုပင်။
ကျိုးဟိုင်ကဲ့သို့ သာယာစည်ပင်ဝပြောသည့် မြို့ကြီး တစ်မြို့၌ ထိုကဲ့သို့သော အခြေအနေမျိုးနှင့် နေနိုင်သည်ကပင် အင်မတန် ကောင်းမွန်လှနေပြီး ဖြစ်၏။ သာမန်လူတို့ ဆိုပါက ကျိုးဟိုင်ရှိ အိမ်ဈေးတို့ဖြင့် အနားပင် မကပ်နိုင်ကြချေ။
“ ကြည့်ပါစေပေါ့ … ငါမှ သူတို့ကို စိတ်မဝင်စားတာ …” ကျိုးရှင်းဟိုင်သည် ခြေတင်ချိတ် ထိုင်နေရင်း သက်တောင့်သက်သာ ပြန်ပြောလိုက်၏။
“ ဒါလေးတွေက အရည်အသွေး အတော်ကောင်းတဲ့ ပုလဲလေးတွေနော် ဟိုင်ကော ….”
တင်းချောင် ပြောလိုက်ပြီး “ ဒီမှာ(ကျိုးဟိုင်) အလုပ်လုပ်နိုင်တဲ့ ကောင်မလေးကိုသာ ချစ်သူ တော်နိုင်လို့ကတော့ အနာဂတ်ကတော့ အေးဆေးပဲ …”
ကျိုးရှင်းဟိုင်နှင့် တင်းချောင်တို့မှာ ကျောင်းတုန်းက အထက်တန်း အတန်းဖော်များ ဖြစ်ကြသည်။ အထက်တန်း ပြီးနောက် တက္ကသိုလ်လည်း အတူတက်ကာ အင်မတန် ကောင်းမွန်သည့် ရင်းနှီးပတ်သက်မှုတို့ ရှိလေသည်။
“ မင်းကတော့ ပတ်ဝန်းကျင်ကို လေ့လာမှု မရှိတာ သိပ်သိသာလွန်းတယ်…” ကျိုးရှင်းဟိုင် လက်ညိုးထိုးလိုက်ပြီး “ ငါ ပြောပြမယ်… ငါ ခုလေးတင် အိမ်သာသွားတုန်းက ထင်မှတ်မထားတာ တစ်ခု တွေ့ခဲ့တယ်ကွ … ငါတို့ရဲ့ နည်းပြက သောက်ရမ်းလှတဲ့ မိန်းကလေး … ငါ့ထက်လည်း အသက်ပိုကြီးတဲ့ပုံ မပေါ်ဘူး … အသက်လည်း အနေတော် … အရေးကြီးဆုံးက စင်ဂယ် ဖြစ်နေတာပဲ … ငါ့ အင်အားတွေကို သူ့နောက်လိုက်တဲ့နေရာမှာ သုံးဖို့ ဆုံးဖြတ်ပြီးသား …”
“ မင်းအတည်ကြီးလား … မင်း သတင်းကလည်း တယ်စုံလှချည်းလားဟ ….” တင်းချောင် ပြောလိုက်ပြီး “ ဒါပေမယ့် မင်း အရင်ဆုံး စိတ်အေးအေးထားဦး … လူကိုယ်တိုင် မတွေ့ရသေးဘဲနဲ့တော့ ကောက်ချက်ချ စောလို့ မဖြစ်သေးဘူး …”
“ ငါက ဒီလောက် သတိကြီးတာ အမှားလုပ်မိတယ်ဆိုတာ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ … “ ကျိုးရှင်းဟိုင် ယုံကြည်ချက် အပြည့်ဖြင့် ပြောလိုက်ပြီး “ ငါတို့ နည်းပြအချောလေးရဲ့ ဘေးခြမ်းရော ၊ နောက်ခြမ်း အလှပါ မြင်ပြီးသား … သူက လုံးဝကို ရဲမေ အလန်းလေး … သာမန် အဝတ်အစားနဲ့သာ ဆိုလို့ကတော့ အလှလေး တစ်ယောက်ဖြစ်မှာ လုံးဝ ကျိန်းသေတယ်…”
“ အဲ့တာသာ အမှန်ဆိုလို့ကတော့ ဒါ အခွင့်အရေးကောင်းပဲ …” တင်းချောင် ပြောလိုက်ပြီး “ ငါ ရောက်တုန်းက ရှိတဲ့လူတွေ မြင်မိတာတော့ အသက်ကြီးရင်ကြီး … မကြီးရင် သာမန်ရုပ်ရည်နဲ့ လူတွေပဲ ရှိတယ်.. သွင်ပန်း သဏ္ဌာန်အရဆိုရင် မင်းနဲ့ ယှဉ်နိုင်တဲ့လူ မရှိဘူး … မင်းက အခု လှနဲ့နီးတဲ့ ရေအိုင်လေး ဖြစ်နေပြီ… “
“ ဒါကြောင့်မို့လို့ပေါ့ … ဒီ သင်တန်းသူလေးတွေက ငါ့မျက်လုံးထဲ မဝင်တော့ဘူး …” ကျိုးရှင်းဟိုင် အပြုံးတစ်ပွင့်ဖြင့် ပြောလိုက်သည်။ “ ပြီးတော့ ငါ့အိမ်ရဲ့ အခြေအနေကလည်း မဆိုးဘူးလေ… ပိုသာတဲ့ တစ်စုံတစ်ယောက်ကို ရှာသင့်တာ ပုံမှန်ပဲ မဟုတ်ဘူးလား …”
“ ဒါပေါ့ ဒါပေါ့ …. ပုံမှန်ပါပဲ ..” တင်းချောင် ပြောလိုက်ပြီး “ မင်းက ရုပ်ချောရုံတင် မကသေးဘူး … ကောလိပ် ဘက်စကက်ဘော အသင်း ခေါင်းဆောင်ဆိုတော့ မင်းသာ အားစိုက်ထုတ်သရွေ့ နည်းပြ အလှလေးကို အောင်နိုင်ဖို့ဆိုတာ ပြဿနာ မရှိနိုင်ဘူး …”
ကျိုးရှင်းဟိုင် ပြုံးရုံမျှသာ ပြုံးလိုက်ပြီး ဘာမျှ ထပ်မဆိုချေ။ သူလည်း ခက်ခဲမည်လို့ မခံစားရပေ။
“ ဘုရားရေ… သူလည်း ထရိန်နင်ဆင်းဖို့ ရောက်လာတာလား …”
“ ခရီးဆောင်အိတ် သယ်လာတာ ဆိုတော့ ဖြစ်နိုင်တယ်…”
“ အိုက်ယိုး … သိပ်ချောလွန်းတယ်… ခြေတံကလည်း အရှည်ကြီး ... အဲ့ဒီ ခြေတံ အရှည်ကြီးတွေနဲ့ ငါ့ကိုသာ တက်နင်းသွားလိုက်ပါတော့လား … ငါ မခံစားနိုင်တော့ဘူး … သူ့ရဲ့ ချောမောမှုတွေအောက်မှာ ငါ သတိလစ်မိတော့မယ်….”