← Chapters

ပေါက်ကွဲလု အခြေအနေထိ ဒေါသထွက်သွားခြင်း

Vol. 110 Ch. 1642

ပေါက်ကွဲလု အခြေအနေထိ ဒေါသထွက်သွားခြင်း

Vol. 110 Ch. 1642

လင်းရီ၏ ပေါ်ပေါက်လာမှုက အစည်းအဝေးခန်းအတွင်း၌ အတော်လေး အုတ်အုတ်ကျက်ကျက် ဖြစ်သွားစေခဲ့လေသည်။

မိန်းကလေးတို့၏ အကြည့်က သူ့အပေါ်သို့ ကျရောက်နေလျက် ရှိပြီး အကုန်လုံးကလည်း သောက်ရှူးကြယ်ပမာ တလက်လက် တောက်ပနေလျက် ရှိကာ ညှို့ငင် ဖျားယောင်းခြင်း ခံထားရသည့် အကြည့်တို့ပင်။

“ သူက ဘယ်သူတုန်း … ပုံစံ ကြည့်တာနဲ့ ကောင်းမယ့်ကောင် မဟုတ်ဘူး …”

လင်းရီကို မြင်တော့ ကျိုးရှင်းဟိုင် ကြီးကြီးမားမား ခြိမ်းခြောက်မှု တစ်ခုကို ခံစားလိုက်ရသည်။

သူ၏ ပရော်ဖက်ရှင်နယ် အဆင့်ကို လျစ်လျူရှုထားလျှင်ပင် ရုပ်ရည်တစ်ခုတည်းနှင့်တင် သူ့အား ရင်ဘောင်တန်း၍ ရသည်။ ထိုသူက သူ၏ ပြိုင်ဘက်ကောင်း တစ်ယောက် ဖြစ်လာနိုင်လေသည်။

“ နေရာရှာပြီး ထိုင်လိုက် …”

လင်းရီ ဝင်လာသည်ကို မြင်တော့ အသက် သုံးဆယ် အရွယ်ရှိမည့် သက်လတ်ပိုင်း အမျိုးသား တစ်ဦးက ပြောလိုက်သည်။

ထိုအမျိုးသား၏ နာမည်က လီရှန်းဟွေ့ ဖြစ်ပြီး ဤထရိန်နင်၏ အခြား နည်းပြတစ်ယောက်ပင်။ ကူရိရန်က သူ့လက်ထောက်ဖြစ်၏။ မည်သို့ပင်ဆိုစေ ထရိန်နင် သင်တန်းသားများထဲတွင် အမျိုးသမီးများလည်း ပါဝင်ပြီး အမျိုးသား နည်းပြ တစ်ဦးတည်း ကိုင်တွယ်သည်က မသင့်လျော်ချေ။

လင်းရီ ခေါင်းညိမ့်လိုက်ပြီး နောက်တန်းရှိ ထိုင်ခုံတစ်နေရာ၌ ဝင်ထိုင်လိုက်၏။

လင်းရီ၏ ချောမောခန့်ညားသည့် သွင်ပြင်သဏ္ဌာန်ကြောင့် အစည်းအဝေးခန်းထဲ တီးတိုးသံတို့ ဆူညံသွားခဲ့တော့သည်။ မိန်းကလေးတော်တော်များများမှာ သူရှိသည့် နေရာသို့ သမင်လည်ပြန် ကြည့်နေကြလျက် အမျိုးမျိုး အဖုံဖုံ လှမ်းရှိုးနေကြသည်။ ရုတ်ချည်းဆိုသလို လင်းရီသည် သူ့ကိုယ်သူ ရှားပါး တိရစ္ဆာန် တစ်ကောင်ကဲ့သို့ ခံစားလိုက်ရလေသည်။

သို့ပေမယ့် သူ့ကိုယ်သူ ကျိန်းသေပါသည်။ တိရစ္ဆာန် ဆိုလျှင်ပင် သူက ရှားပါးသည့် နိုင်ငံ့ရတနာ ပန်ဒါသာ ဖြစ်လိမ့်မည်။

လင်းရီ၏ နောက်ကျောအား ကြည့်ရင်း လီရှန်းဟွေ့မှာ စိတ်ထဲတွင် သုံးသပ်ကြည့်နေလျက် ရှိ၏။

တကယ်လို့ သူသာ ဒီကောင်လေးကို ကိုယ်စားပြုအနေနဲ့ ရွေးချယ်လိုက်မယ်ဆိုရင် သူတို့ ရုံးခွဲရဲ့ မျက်နှာအဖြစ် သုံးလို့ရမယ်မလား … မျက်နှာပန်းလည်း လှမယ်….

ထို့ကြောင့် လင်းရီ၏ အဆင့်မှာ ဆိုးရွားမနေဖို့ကို သူ မျှော်လင့်မိ၏။ မဟုတ်ပါက သူ့အား ထိန်းသိမ်းထားနိုင်မှာ မဟုတ်ပါချေ။

ကျိုးရှင်းဟိုင်သည် နောက်သို့လှည့်၍ လင်းရီအား မျက်လုံးမှေးစဥ်းပြီး ကြည့်လိုက်သည်။ စိတ်ထဲတွင်တော့ လင်းရီအား စိတ်ကူးယဉ် ရန်သူတစ်ယောက်အဖြစ် သတ်မှတ်ပြီး ဖြစ်လေသည်။

လင်းရီကတော့ ကျန်သူများကို များများစားစား အာရုံထားမနေဘဲ ကျီချင်းရန်နှင့် စာပို့နေလျက် ရှိသည်။

ဤနေရာသို့ ထရိန်နင် လာဆင်းသည့်လူက သူ ဖြစ်သော်လည်းပဲ ကျီချင်းရန် ကြည့်ရသည်မှာ သူ့ထက်ပင် ပို၍ စိတ်လှုပ်ရှားနေလျက် ရှိတော့၏။ သို့သော် ဆယ်လ်ဖီပုံများအတွက် ပိုပါသည်။

ထိုအခိုက်အတန့်တွင် စနစ်၏ အသိပေးသံက စိတ်ထဲ အသံမြည်လာခဲ့၏။

[ ထရိန်နင် ခုနစ်ရက် ဆင်းပြီးတဲ့နောက်မှာ အတွေ့အကြုံမှတ် တစ်သိန်း ရပါမယ် ]

စနစ်၏ အသိပေးသံကို ကြားလိုက်ရတော့ လင်းရီသည် မစ်ရှင်မှာ ခက်ခဲမှု မရှိ၊ လွယ်ကူလွန်းသည်ဟု ခံစားလိုက်ရ၏။ သူ၏ အဆင့်ဖြင့် ဤသို့သော ထရိန်နင်မျိုးမှာ ကိတ်မုန့်လှီးစားရသလောက်ကို လွယ်ကူသည်။ သူ လွယ်လွယ်ကူကူနှင့် ရာနှုန်းပြည့် ကျော်ဖြတ်နိုင်မည်ဟု ယုံကြည်ချက် အပြည့်ရှိ၏။

“ တိတ်မယ်… အချိန်ကျပြီ…. ငါ မင်းတို့ရဲ့ နာမည်တွေ ခေါ်မယ်… နာမည်ခေါ်ခံရတဲ့ လူတွေက လက်ထောင်ပြီး ရောက်ရှိကြောင်းပြောလာခဲ့ … “ လီရှန်းဟွေ့က ပြောလိုက်သည်။

ထိုအခါ အစည်းဝေးခန်းထဲရှိ လူတိုင်း ခါးမတ်မတ်ထိုင်၍ တည်ကြည်လေးနက်သည့် အမူအရာတို့ဖြင့် ဖြစ်လာခဲ့ကြ၏။

သို့သော် လင်းရီ မော့ကြည့်လိုက်သည့် အခါတွင်တော့ ယွီဟန်တွင် တွေ့ခဲ့သည့် စွာစိမမှာ လိရှန်းဟွေ့ ဘေးတွင် မတ်တပ်ရပ်လျက် ရှိနေသည်ကို မြင်တွေ့လိုက်ရလေသည်။

သူ ကူရိရန်ကို မြင်တွေ့လိုက်သည့် အခိုက်အတန့်တွင် စနစ် ပေးလာခဲ့သည့် မစ်ရှင်၏ ခက်ခဲမှုမှာ အဆပေါင်းများစွာ မြင့်တက်သွားသည်ဟု တစ်မဟုတ်ချင်း ခံစားလိုက်ရတော့၏။

ဒီရဲ့ ကျားသစ်မနဲ့သာဆိုရင် ခုနစ်ရက် ထရိန်နင်က လွယ်လွယ်နဲ့ အောင်မြင်ပါ့မလားဆိုတာ စဉ်းစားစရာပဲ …

ဒီ နှမပေးလေးကတော့ ….

လင်းရီ စိတ်ထဲ ကျိန်ဆဲလိုက်မိ၏။

ကောင်းကင်ဘုံ … စနစ်ကပဲ ငါ့ကို အခက်တွေ့အောင် သူ့ဆီ တမင်တကာ လွှတ်လိုက်လေသလား …

မကြာမီ နာမည် စတင်ခေါ်‌လေသည်။

“ စွန်းရန် ….”

“ ရှိ…”

“ ကျိုးရှင်းဟိုင် …”

“ ရှိ…”

“ ဝမ်ရှင်း ..”

“ ရှိ….”

“ လင်းရီ …”

“ ရှိ….”

လင်းရီ၏ အသံကိုကြားတော့ အစည်းအဝေးခန်းထဲရှိ မိန်းကလေးတိုင် လှည့်ကြည့်လာခဲ့ကြသည်။

သူတို့ လင်းရီကို မြင်တွေ့လိုက်ရသည့် အချိန်တွင်ပဲ မိန်းကလေး တော်တော်များများမှာ သူနှင့် ပတ်သက်၍ အတော်လေး စူးစမ်းချင်စိတ် ပြင်းပြနေခဲ့ကြ၏။ နာမည် ခေါ်သည့် လုပ်ငန်းစဉ်ကို မျှော်လင့်နေကာ လင်းရီ၏ နာမည်အား သိရှိလိုနေကြသည်။

အစည်းအဝေးခန်းထဲ၌ တီးတိုးသံ အသေးစားလေးများ တစ်ဖန် ဆူညံလာပြန်သည်။

မသိစိတ်အလျောက် လီရှန်းဟွေ့နှင့် ကူရိရန်လည်း လင်းရီကို လှမ်းကြည့်မိလိုက်ကြသည်။ မူလတုန်းက ကူရိရန်မှာ လေးလေးနက်နက် သဘောထားမနေချေ။ သို့သော် ဤ အကြည့်တစ်ချက်က သူမအား လင်းရီထံကနေ ပြန်မရွေ့နိုင်အောင် ဖြစ်သွားစေခဲ့တော့သည်။

သူမ မသိစိတ်၏ အနက်ရှိုင်းဆုံးသော နေရာ၌ပင် ဤ စက်ဆုပ်ရွံရှာဖို့ကောင်းသည့် လူကို ဤနေရာတွင် မြင်တွေ့ရမည်လို့ ထင်မှတ်မထားခဲ့ချေ။ ဤသည်က သူမ လက်စားပြန်ချေနိုင်ရန်အတွက် မိုးနတ်မင်းကြီးက ဖန်တီးပေးနေသည်များလော။

ကူရိရန်လည်း သူ့အား ကြည့်နေသည်ကို သတိထားမိတော့ လင်းရီသည် ဖော်ရွေသည့် အပြုံးလေးဖြင့် အရက်သောက်သည့် အမူအရာကို လုပ်ပြလိုက်သည်။

ထို ပမာမခန့် အမူအရာကိုမြင်တော့ ကူရိရန်မှာ နေရာ၌ ပေါက်ကွဲလု နီးနီး ဖြစ်သွားခဲ့ပြီး ထိုအကောင် ရှိသည့် နေရာသို့ လှမ်းသွား၍ ဖနှောင့်နှင့် ဆောင့်ချင်စိတ်တို့ပင် တဖွားဖွား ဖြစ်လာခဲ့ရတော့သည်။

“ မင်း ဘာတွေ ဖြစ်နေတာ …” လီရှန်းဟွေ့ ညင်သာစွာ မေးမြန်းလိုက်၏။

“ ကျွန်မ အဆင်ပြေတယ်…” ကူရိရန် တည်ငြိမ်ချင်ယောင် ဆောင်လိုက်၏။

ရင်ထဲတွင် ယမ်းပုံမီးကျ ပေါက်ကွဲလွဲသည့် ဒေါသတရားတို့အား ဖိနှိပ်ရင်း ကူရိရန်သည် သူမ၏ ခေါင်းအား မော့၍ လင်းရီအား ယုံကြည်ချက် အပြည့်ဖြင့် ပြန်ကြည့်လိုက်သည်။

အကြည့်တို့ ပြောနေသည်မှာတော့ ..

‘ နင်ငါ့လက်ထဲ ရောက်လာပြီဆိုတော့ နင့်ကို ဘယ်လို ကိုင်တွယ်မလဲ စောင့်သာ နေလိုက်စမ်း…’

လင်းရီလည်း ကူရိရန်၏ အကြည့်ကို ရိပ်စားမိလေသည်။

သူမ စဉ်းစားနေသည့် အတွေးများကို သိနေတော့ လင်းရီသည် ထိုကောင်မလေးမှာ ကိုယ်ရေးကိုယ်သာ လက်စားချေရန်မှတပါး အခြား မည်သည့် စကေးတို့မှ မရှိသည်ကို သတိထားမိလိုက်တော့သည်။

ထိုသို့သော အတွေးဖြင့် လင်းရီ ပြုံးလိုက်မိ၏။ ထို့နောက် သူ၏ ရင်ဘက် တစ်ဝိုက်ကို ညွှန်ပြပြီး သူမထံ လက်ဟန်ခြေဟန်ဖြင့် ပါးစပ်လှုပ်ပြလိုက်၏။

“ ပုံတုံးကြီး …”

အသာစီး ရနေသဖြင့် စိတ်ဘဝင်ခိုက်နေသည့် ကူရိရန်မှာ လင်းရီ၏ လက်ဟန်ကို မြင်တော့ လက်သီးကျစ်ကျစ်ပါအောင် ဆုပ်လိုက်မိ၏။

“ မင်း ဘာတွေ ဖြစ်နေတာလဲ … အဲ့လူနဲ့ သိတာလား …”

လီရှန်းဟွေ့က လူ အရိပ်အကဲ အတော်လေး ဖမ်းတတ်သည့် လူစားမျိုးပင်။ လင်းရီ၏ နာမည် ခေါ်ပြီးကတည်းက သူ့ ပါတနာ၏ စိတ်ခံစားချက်တို့မှာ အတော်လေးကို တက်လိုက်ကျလိုက် အမျိုးမျိုး ဖြစ်ပေါ်နေသည်။

ထို့ပြင် သူမကိုယ်သူမ မထိန်းချုပ်နိုင်သည့် အမူအရာတို့ကိုပင် ပြသနေလျက် ရှိသည်။

“ ဘာမှမဖြစ်ပါဘူး … ဒီတိုင်း နည်းနည်းလေး သက်တောင့်သက်သာ မဖြစ်လို့…” ကူရိရန် ဆင်ခြေတစ်ခုပေးပြီး ဖုံးကွယ်လိုက်သည်။

“ နားမလား …”

“ရတယ်… ခဏဆို ပြန်ကောင်းသွားလိမ့်မယ်…”

လီရှန်းဟွေ့ ခေါင်းညိမ့်လိုက်ပြီး ကူရိရန်အား အာရုံစိုက်နေသည်ကို ရပ်တန့်လိုက်တော့သည်။

မိနစ် အနည်းငယ်ကြာပြီးနောက် နာမည်ခေါ်သည့် လုပ်ငန်းစဉ်လည်း ပြီးဆုံးသွားခဲ့လေသည်။

နောက်ထပ် အခန်းကဏ္ဍကတော့ ခေါင်းဆောင်ဖြစ်သူ၏ မိန့်ခွန်းပြောကြားခြင်းပင်။ လင်းရီမှာ မေးတစ်ဖက်ထောက်၍ ပျင်းတိပျင်းရွဲ အမူအရာဖြင့် နားထောင်နေလျက် ရှိတော့သည်။

အခြားတစ်ဖက်တွင်ရှိ ကျီချင်းရန်သည်လည်း ငြိမ်ငြိမ်ထိုင်မနေပါ‌‌ချေ။ လင်းရီထံသို့ ဝီချက်မက်ဆေ့ချ်များ ဆက်တိုက်ပေးပို့နေပြီး ဘိုးဘေးများ၏ ဂုဏ်အသရေကို ဆောင်နိုင်နေသည့်နှယ် ပြုမူနေတော့သည်။

မိနစ် နှစ်ဆယ်ခန့် ကြာပြီးနောက် ခေါင်းဆောင်ဖြစ်သူ၏ မိန့်ခွန်းလည်း ပြီးဆုံးသွားခဲ့ပြီး နောက်ဆက်တွဲ ရောက်လာသည်များကတော့ ရဲကျင့်ဝတ်နှင့် ထရိန်နင်၏ စည်းမျဉ်းစည်းကမ်းတို့ပင်။

ပြီးနောက် ထောက်ပံ့ရေး ပစ္စည်းများ ဖြစ်သည့် ထရိန်နင် အဝတ်အစားများ၊ တစ်ကိုယ်ရေသုံး ပစ္စည်းများ စသဖြင့် ဝေငှပေးသည်။

အနှီ အသေးဖွဲ့ ကိစ္စလေးများ ပြီးဆုံးသည့် အခါ၌ မနက်ခင်း ဆယ့်တစ်နာရီ ဝန်းကျင်ပင် ရှိနေချေပြီ။

သို့သော် ဤအတောအတွင်း လင်းရီသည် ကူရိရန်နှင့် လီရှန်းဟွေ့တို့၏ အထောက်အထားများကို အကြမ်းဖျင်း နားလည်သဘောပေါက်နိုင်ခဲ့သည်။

လီရှန်းဟွေ့က ရာဇဝတ်မှု တိုက်ဖျက်ရေး ရဲတပ်ဖွဲ့၏ ဒုကပ္ပတိန် ဖြစ်ပြီး ကူရိရန်က သူ၏ အသင်းသားပင်။

သူ၏ အဆင့်ကိုလည်း အွန်လိုင်းပေါ်တွင် အားလုံး မြင်တွေ့နိုင်သည်။

လိုအပ်သည်များ ပြောကြားပြီးနောက် အားလုံးက အိပ်ခန်းကိုယ်စီသို့ ဦးတည်လိုက်ကြ၏။

လူတိုင်း အစည်းအဝေးခန်းထဲကနေ တစ်ယောက်ပြီး တစ်ယောက် ထွက်ခွာလာကြပြီး အမျိုးသားများကတော့ လီရှန်းဟွေ့နောက်သို့ လိုက်ကာ အမျိုးသမီးများကိုတော့ ကူရိရန်က အိပ်ခန်းများဆီသို့ ခေါ်သွားပေး၏။

လင်းရီ သူမထံသို့ လျှောက်လာနေသည်ကို မြင်တော့ ကူရိရန်သည် သူ့အား ခပ်တင်းတင်း စိုက်ကြည့်လိုက်လေသည်။ သူမက အကြည့်နှင့်တင် မီးမြိုက်ချင်နေသည့်ပုံစံပင်။

လင်းရီ သူမအား အပြည့်အဝ လျစ်လျူရှုထားလိုက်၏။ သို့သော် သူမဘေးနား ဖြတ်သွားသည့် အခါတွင်တော့ ရည်ရွယ်ချက်ရှိရှိ ခေတ္တ ရပ်တန့်ကာ သူမနှင့် မျက်လုံးချင်းဆုံ၍ ခပ်ကြမ်းကြမ်း ပြန်ကြည့်ပေးလိုက်သည်။

ရည်ရွယ်ချက်ကတော့ မြင်သည့် အတိုင်းပင်။

“ ချီးလိုပဲ …”

လီရှန်းဟွေ့သည် ကူရိရန်အား မျက်လုံးထောင့်ကပ်ကြည့်လိုက်၏။ သူ၏ ထက်ရှသည့် အလိုလိုသိစိတ်က ဤနှစ်ယောက်ကြားတွင် တစ်ခုခုတော့ ရှိထားသည်ဟူ၍ပင်။

ထို့နောက် လီရှန်းဟွေ့၏ ဦးဆောင်မှု အောက်တွင် အားလုံးက ကိုယ်စီ အိပ်ခန်းများအား ရှာတွေ့သွားခဲ့ကြ၏။

သူ၏ အိပ်ခန်းသို့ ရောက်တော့ လင်းရီ ရှော့ခ်ရမိသွားခဲ့လေသည်။ စိတ်ထဲ တွေးထားခဲ့သည်မှာ လူ ရှစ်ယောက်ခန့် စုပေါင်း အိပ်စက်ရမည်ဟု ထင်ထားခဲ့သော်လည်း နှစ်ယောက်ခန်း တစ်ခု ဖြစ်နေခဲ့၏။

ထို့ပြင် အိမ်သာလည်း အသင့်ပါသေးသည်။ တော်တော်လေး အထင်ကြီးဖို့ကောင်း၏။

သို့သော် ဤသည်က ကျိုးဟိုင်၏ ဘဏ္ဍာရေး အခြေအနေနှင့် အများကြီး သက်ဆိုင်နေကြောင်းကို လင်းရီ သိပါသည်။

မြို့တွင် ငွေပြတ်လပ်သည်ဟူ၍ မရှိသဖြင့် အနီးနားဝန်းကျင်တွင်လည်း ငွေကြေးချို့တဲ့ဖို့ ဆိုသည်မှာ မည်သို့မျှ မဖြစ်နိုင်ချေ။ အထက်ကသာ ကိုယ်ကျိုးအတွက် မသုံးသရွေ့ လိုအပ်ချက်များ ဖြည့်ဆည်းရန်အတွက် အပြည့်အ၀ လုံလောက်သည်။

အကယ်၍ ဒုတိယ သို့မဟုတ် တတိယအဆင့် မြို့များတွင် ဖြစ်ခဲ့မည် ဆိုပါက ဤမျှကောင်းသည့် အခန်းဖြင့် နေဖို့ရာ ဖြစ်နိုင်လိမ့်မည် မထင်ပေ။

“ ရို … ယောက်ဖ… အချင်းချင်း မိတ်ဖွဲ့ကြရအောင် … ငါ့နာမည်က ကျန်းဖန့် …”

လင်းရီ၏ အခန်းဖော်က အနည်းငယ် ခပ်ဝဝ ၊ မျက်နှာက ခပ်ဝိုင်းဝိုင်း ၊ ခေါင်းတုံးပေါက်ကေနှင့် အမျိုးသား တစ်ယောက်ပင်။ ဆိုပေမယ့် သူက ခန့်ခန့်ညားညားတော့ ရှိ၏။ အနည်းငယ် ဝသည်ဆိုသော်လည်း ဖက်တီးဖြစ်သည်အထိတော့ မဟုတ်သေးချေ။

“ လင်းရီ …” လင်းရီ အပြုံးဖြင့် နှုတ်ဆက်လိုက်၏။

“ ခုကစပြီး အခန်းဖော်တွေကိုပဲ …‌ နောင်လည်း လုပ်ဖော်ကိုင်ဖက်တွေ ဖြစ်လာဦးမှာ …. တစ်လိပ် ဆွဲဦးမလား …”

“ ငါ မသောက်တော့ဘူး … မင်းပဲ သောက်တော့ …” လင်းရီ ပြောပြီးနောက် နံရံပေါ်ရှိ ဆိုင်းဘုတ်အား ညွှန်ပြကာ “ ဒါနဲ့ အခန်းထဲ ဆေးလိပ်ပေးသောက်မယ် မထင်ဘူးနော်….”

“ အာ …. ဒါဆိုလည်း နောက်မှပေါ့ကွာ…” ကျန်းဖန့် စီးကရက်ကို မချချင် ချချင်ဖြင့် ပြန်သိမ်းလိုက်သည်။

“ ဒါနဲ့ ကိုယ့်လူ … မင်း ဒီလောက်ထိ ရုပ်ချောတာ ဘာလို့ ရဲလုပ်နေသေးလဲ … မင်း ရုပ်နဲ့ဆို စတား တစ်ယောက် မဖြစ်ရင်တောင် အနည်းဆုံးတော့ အင်တာနက် ဆယ်လီ ဖြစ်နိုင်ပါသေးတယ်… ဆိုရှယ်မီဒီယာပေါ်မှာ ကြော်ငြာလေးတွေနဲ့ ပိုက်ဆံရှာတာက ဒီအလုပ်ထက်တောင် ပိုမြန်ဦးမယ်…”

“ ဒါက တည်ငြိမ်တဲ့ အလုပ်လေ… “

“ ဒါလည်း ဟုတ်တယ်… ငါတို့ ဟွာရှက သာမန်လူတော်တော်များများက တည်ငြိမ်တဲ့ အလုပ်ကို ပိုသဘောကျကြတယ်… ပြီးတော့ ကိုယ့်အိမ်ထောင်ဖက် မိဘတွေနဲ့ တွေ့ရင်လည်း ယုံကြည်ချက် အပြည့်နဲ့ ပြောနိုင်တယ် ဟုတ်တယ်မလား... ”

“ အဲ့ဒါပဲလေ…”

နှစ်ယောက်သား စကား ခေတ္တပြောပြီးနောက် အချင်းချင်း ပိုရင်းနှီးလာကြသည်။

ကျန်းဖန့်၏ မိဘများက သာမန် အလုပ်သမားများပင်။ သူကတော့ ဘွဲ့ရပြီးနောက်မှာပဲ ရဲ အကယ်ဒမီသို့ ဝင်လာခဲ့ခြင်း ဖြစ်၏။

လင်းရီလည်း တူညီသည့် ဆင်ခြေတစ်ခု ဖန်တီးလိုက်၏။ သို့သော် ရဲအကယ်ဒမီသို့ ဝင်ခဲ့သည့် အချက်ကိုတော့ ကျော်လိုက်၏။

“မင်းက ရဲအကယ်ဒမီကို မတက်ခဲ့ဘူးဆိုတော့ စာရင်းဇယားတွေနဲ့ ပတ်သက်တဲ့ နေရာအတွက် လျှောက်မလို့ ထင်တယ် ….” ကျန်းဖန့် ပြောလိုက်၏။

“ အဲ့လိုလည်း ရတယ် ငါတော့ … ဘယ်နေရာပဲ ဝင်လုပ်ရ လုပ်ရ ပြဿနာ မရှိဘူး …”

“ ဟားဟား … ပြောတာကောင်းတယ်… ထမင်းပန်းကန်ရှိနေသရွေ့ ဘာနဲ့စားရ စားရ ဘာအရေးလဲ ဟုတ်တယ်မလား …”

“ ဒါပေါ့ …”

မကြာမီ တံခါးအပြင်ဘက်၌ ဘဲလ်သံ မြည်လာပြီး နေ့လည်စာ စားရန်အတွက် အချက်ပေးလာခဲ့ခြင်းပင်။ သူတို့အားလုံး ကန်သင်းသို့ ဦးတည်လိုက်ကြ၏။ ကန်သင်းက ကြီးကြီးမားမား မဟုတ်သကဲ့သို့ အပြင်အဆင်တို့ကလည်း လက်ဇရီ ဆန်မနေချေ။

သို့သော် ကျွေးမွေးသည့် အစားအသောက်တို့ကတော့ တော်တော်လေး ကောင်းမွန်ပြီး စားသောက်ဆိုင် အကြီးစားတို့က စားဖိုမှူးတို့၏ လက်ရာနီးပါးလောက်ကို ကောင်းမွန်နေတော့သည်။

လင်းရီ၏ ထွက်ပေါ်လာမှုက ရေကန်ထဲ လှိုင်းကြပ်ခွပ်လေးများ ဆင့်ပွားသွားသကဲ့သို့ အတော်လေး မွှေနှောက်သွားခဲ့လေသည်။

အလုပ်သင် မိန်းကလေးများ ဖြစ်စေ၊ ပုံမှန် ရဲဝန်ထမ်း အမျိုးသမီးမျာဖြစ်စေ ၊ သူ ရှိသည့် နေရာသို့ မရည်ရွယ်ဘဲ ငေးကြည့်နေမိလျက် ရှိကြတော့သည်။

“ ဒီတိုင်း ခပ်ချောချောလေး ကောင်လေး တစ်ကောင်ကိုပဲ ဘာတွေများ စိတ်လှုပ်ရှားစရာ ရှိနေလို့ …” ကျိုးရှင်းဟိုင် ထူးမခြားနား အမူအရာဖြင့် ပြောလိုက်၏။

All Chapters