ခေါင်းတုံးပေါက်ကေ
Vol. 110 Ch. 1643
“ ဟိုင်ကော … မင်းစိတ်ကို ငြိမ်ငြိမ်ထား … သူ့ကို လျစ်လျူရှုထားလိုက် ..” တင်းချောင် ပြောလိုက်ပြီး “ ဒီနေရာက ခွန်အားနဲ့ပဲ စကားပြောတဲ့နေရာ … သူ့လို ရုပ်ရည်ပဲ ရှိတဲ့ ကောင်က ကြာကြာ ရပ်တည်နိုင်မှာ မဟုတ်ဘူး … နောက်ကျ ပယ်ချခံလိုက်ရတာမျိုးတောင် ဖြစ်နိုင်သေးတယ်…”
“ လမ်းလျှောက်တဲ့ ပုံကိုက သူ့ကိုယ်သူ ဘာကောင်များ မှတ်နေလဲ မသိဘူး … တစ်ချက်ကြည့်လိုက်တာနဲ့ ဘာလေ့ကျင့်ရေးမှ မဆင်းထားဖူးတဲ့ လူပေါ်ကျော့တစ်ယောက်ဆိုသာ သိသာတယ်… ငါတို့လို ရဲ အကယ်ဒမီက လူတွေနဲ့ ယှဉ်လို့မရဘူး …”
ကျိုးရှင်းဟိုင် စားရင်းဖြင့် သူ့ကိုယ်သူ ပြောလိုက်သည်။
“ သူ့လို လူစားမျိုးက ငါ့အတွက် ခြိမ်းခြောက်မှု မဟုတ်ဘူး … ငါ့ ပြိုင်ဘက် ဖြစ်ဖို့ဆို ပိုလို့တောင် မတန်သေး …”
“ မင်းအဲ့လို စဉ်းစားတာ မှန်တယ်… သူ့ပုံစံ ကြည့်စမ်း … ခုနစ်ရက်ပြည့်ရင် အထုတ်ခံရမယ့်လူဆိုတာ ကျိန်းသေတယ်…”
ကျိုးရှင်းဟိုင် တိတ်တဆိတ် ခေါင်းညိမ့်၍ ဆက်ပြီး စားသောက်နေလိုက်သည်။
မွန်းလွဲပိုင်းတွင် တရားဝင် လေ့ကျင့်ရေး စတင်မည် ဖြစ်ပြီး ဤလူက မြည်းလော ၊ မြင်းလော သိနိုင်တော့မည့် အချိန်ပင်။
“ ဟိုင်ကော … ဟိုင်ကော…. ဟိုမှာ နည်းပြကူ လာနေပြီ…” တင်းချောင် စိတ်လှုပ်ရှားနေသည့် လေသံဖြင့် ပခုံးပုတ်လိုက်၏။
ကျိုးရှင်းဟိုင် မော့ကြည့်လိုက်သောအခါ ကူရိရန်က အခြား အမျိုးသမီး တစ်ယောက်နှင့်အတူ သူ ရှိသည့် နေရာသို့ လျှောက်လာနေသည်ကို မြင်တွေ့လိုက်ရလေသည်။
ကျိုးရှင်းဟိုင် မတ်တပ်ရပ်၍ ကူရိရန်အား ပြုံးပြလိုက်၏။
“ နည်းပြကူ .. ဒီမှာထိုင်ပြီး အတူစားစို့လေ…”
မျှော်လင့်မထားသောကြောင့် ကိုယ့်အာရုံနှင့်ကိုယ် ဖြစ်နေသည့် ကူရိရန်မှာ ခေတ္တမျှ ကြက်သေသေသွားခဲ့သည်။ ဤကျောင်းသားသစ်လေးက ဤမျှ စိတ်အားထက်သန်နေလိမ့်မည်လို့ သူမ ထင်မှတ်မထားခဲ့ချေ။
“ ငါ့ လုပ်ဖော်ကိုင်ဖက်တွေနဲ့ အတူစားမှာမို့လို့ နင်တို့တွေကို မနှောင့်ယှက်တော့ဘူးနော်…”
“ ကောင်းပြီလေ… ဂရုစိုက်သွားပါ နည်းပြကူ …” ကျိုးရှင်းဟိုင် ကြွေလောက်မည့် အပြုံးလေးဖြင့် ပြောလိုက်သည်။
ကူရိရန် ခေါင်းညိမ့်၍ အခြား စားပွဲသို့ ဦးတည်လိုက်၏။
“ ရိရန်… နင် သိပ်ဆွဲဆောင်မှု ရှိတာပဲ ကြည့်စမ်း … နင် ထွက်ပေါ်လာတာနဲ့ သူများက ချက်ချင်း ဖိတ်တော့တာပဲ …” ဆံပင်အတိုနှင့် ရဲမေက သိပ်အားကျနေသည့် လေသံဖြင့် ပြောလိုက်၏။
“ ငါမှတ်မိပါသေးတယ်.. သူ့နာမည်က ကျိုးရှင်းဟိုင် ဆိုလား … အတော်လေး ကြည့်ကောင်းတဲ့ထဲ ပါတယ်… သူ ဝတ်ပုံ စားပုံ ကြည့်ရသလောက်တော့နော် နင်စဉ်းစားသင့်တဲ့ထဲ ပါတယ်… ဘယ်လိုလဲ … နင် မစဉ်းစားကြည့်ချင်ဘူးလား …”
“ နင် အဲ့လောက်ထိ စိတ်အနှောင့်အယှက် မပေးလို့ မရဘူးလား … ငါက သူ့ရဲ့ နည်းပြ … ဒီတော့ ယဉ်ကျေးပြသင့်တာ သဘာဝပဲ …”
“ နင်မှန်တယ်… သူ့ပုံစံက မဆိုးဘူးဆိုပေမယ့် လင်းရီဆိုတဲ့ တစ်ယောက်ကိုတော့ မမှီသေးဘူး …”
“ သူ့အကြောင်း လာမပြောစမ်းနဲ့ … စိတ်ရှုပ်ဖို့ ကောင်းလွန်းလို့ …”
“ ဟင် …”
ဆံပင်အတိုနှင့် ရဲမေမှာ ခေတ္တမျှ ကြက်သေသေသွားခဲ့ပြီး “ ဒီနေ့က သူ့ရဲ့ ပထမနေ့လေ… သူနင့်ကို မစော်ကားမိထားဘူးမလား … နင် အန်တီ လာနေတယ်ဆိုရင်တော် သူများအပေါ် ဒီလိုမျိုး စိတ်တိုနေတာကြီးကတော့ မဟုတ်သေးဘူးနော်…”
ကူရိရန် မျက်နှာ မည်းသည်းသွားခဲ့တော့သည်။ ထိုအကောင် ကြောင့်သာ မဟုတ်ဘူးဆိုပါက သူမ၏ အန်တီသည်လည်း ဤမျှ နောက်ကျနေမည် မဟုတ်ချေ။
“ သူ့လို အပျော်လင်လေးကိုများ ဘာတွေ စဉ်းစားနေစရာ လိုလို့ … အစွမ်းအစလည်း ရှိမယ့်ပုံ မပေါ်ဘူး … ထရိန်နင်ကို မကျော်ဖြတ်နိုင်ဘူးဆို ဒါပြီးရင် သူက ကန်ထုတ်ခံလိုက်ရတော့မှာ … သူ့လို သိုးမည်းတစ်ကောင်ကို ထားလို့ ဘာအကျိုးမှ မရှိဘူး …”
“ အာ…. နင်ကလည်း ဝေဖန်မယ်ဆိုတာကြီးပဲ … သူများက ရုပ်လေးချောတာနဲ့ အပျော်လင်ဆိုပြီး မှတ်ချက်သွားပေးလို့တော့ ဘယ်ရမှာ … နင် ဒါမျိုး သူ့ရှေ့မှာ သွားမပြောမိစေနဲ့…”
“ ဟုတ်ပါပြီ.. ပြောမနေနဲ့တော့ … စားစရာရှိတာသာ စား …”
ကူရိရန်မှာ လင်းရီ အကြောင်း ပြောလိုစိတ် မရှိသည်ကို မြင်တော့ နှစ်ယောက်သား ဤအကြောင်းအရာကို ဆက်မပြောကြတော့ချေ။ သူမတို့၏ လုပ်ဖော်ကိုင်ဖက်များနှင့် တွေ့ဆုံ၌ အတူစားသောက်လိုက်ကြ၏။
လင်းရီနှင့် ကျန်းဖန့်မှာ အတူထိုင်နေလျက် ရှိလေသည်။ သကောင့်သားမှာ ကျိုးရှင်းဟိုင်အား လှည့်ကြည့်ရင်း စောဒကတက်လိုက်၏။
“ ဒီကောင် ဖိနပ်လျှက်တာကြီးကတော့ လွန်လွန်းပါတယ်ကွာ … ခုမှ စတွေ့တာတောင် မကြာသေးဘူး ဖော်လံဖားက ဖြစ်နေပြီ…”
“ သူလုပ်ချင်တာ လုပ်ပါစေပေါ့ … ငါတို့နဲ့မှ မပတ်သက်တာ ..”
“ ငါတို့နဲ့ မပတ်သက်ဘူးဆိုတာ ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ … သူသာ ဒီလို ဖော်လံ မြှောက်ပင့်ပြီး နည်းပြကူကို ရသွားခဲ့မယ်ဆိုရင် နည်းပြကူက သူ့ကို ကျိန်းသေပေါက် ကောင်းကောင်း ဆက်ဆံမယ် မဟုတ်ဘူးလား … ဒီကောင် တော်တော်ဉာဏ်များတဲ့ကောင် …”
လင်းရီ ပြုံးလိုက်ပြီး ဘာမျှ မဆိုချေ။ ဤကိစ္စက သူနှင့် သက်ဆိုင်ခြင်း မရှိဟု ခံစားနေရ၏။ ထို့ကြောင့် အာရုံစိုက်နေစရာ အကြောင်းမရှိချေ။
ကျိုးရှင်းဟိုင်သည် ကူရိရန်အား ပိုးပန်းလိုက်နိုင်သည်ဖြစ်စေ သူမ၏ သူ့အပေါ် သဘောထားအမြင်တို့ ပြောင်းလဲမည် မဟုတ်သည်မှာတော့ သေချာသည်။ သူ့အား အခက်တွေ့အောင် လုပ်မည်မှာကတော့ ဗေဒင်သွားမေး၍ ယတြာချေနေဖို့ မလိုအပ်ချေ။
စည်းမျဉ်းစည်းကမ်းတို့အရ ထမင်းစားသည့် အချိန်ကို တစ်နာရီ ပေးထား၏။ သူတို့ မည်သို့သော ပုံစံဖြင့် စားသောက်စေကာမူ ၁၂ နာရီခွဲတွင် ကွင်းပြင်၌ လူစုရမည်။
အကယ်၍ သူသာ လျင်လျင်မြန်မြန် စားသောက်မည်ဆိုပါက ခေတ္တ အနားယူ၍ပင် ရသည်။ အကယ်၍ နှေးနှေးကွေးကွေး စားနေမည်ဆိုလျှင်တော့ ထိုအလေ့အကျင့်အား ဖြေရှင်းနိုင်မည့် နည်းလမ်းအား စဉ်းစားသင့်၏။
လင်းရီနှင့် ကျန်းဖန့်တို့၏ စားသောက်နှုန်းက အတော်လျင်မြန်သည်။ နာရီဝက်အတွင်း စားသောက်ပြီးသွားခဲ့ပြီး ကွင်းပြင်သို့ သွားနှင့်ကာ ၁၂ နာရီခွဲသည်အထိ ထိုင်စောင့်နေလိုက်သည်။
ရိုးရှင်းသည့် သွေးပူလေ့ကျင့်ခန်း အနည်းငယ် ပြုလုပ်ပြီးနောက် လူအယောက် ၄၀ ကျော်မှာ အလိုအလျောက် လေးတန်း စီတန်းလိုက်၏။
မကြာမီ လီရှန်းဟွေ့နှင့် ကူရိရန်တို့ ရောက်လာပြီး လူအုပ်ကို သိမ်းကျုံးကြည့်လိုက်ကာ အမည် ဆယ်ခုအား ခေါ်လိုက်သည်။ ထိုအမည်စာရင်းထဲတွင် လင်းရီလည်း ပါသည်။
“ သက်ဆိုင်ရာ စည်းမျဉ်းစည်းကမ်းတွေအရ မင်းတို့ရဲ့ ဆံပင်ပုံစံတွေက စည်းကမ်းနဲ့ မညီဘူး … သေချာ ပြုပြင်ပေးဖို့လိုတယ်… ငါနဲ့ အခု လိုက်ခဲ့ …”
မူလတုန်းက အခြားသူများမှာ အနည်းငယ် ရင်တထိတ်ထိတ်နှင့် ဖြစ်နေကြသော်လည်း ဆံပင် ပုံစံ ပြဿနာဖြစ်သည်ကို သိသွားတော့ အားလုံး စိတ်သက်သာရစွာဖြင့် သက်ပြင်းချမိလိုက်ကြသည်။ ဤသည်က လွန်ကြူးသည့် တောင်းဆိုမှုတော့ ဟုတ်မနေချေ။
ကျန်သူများ၏ တည်ငြိမ်မှုနှင့် နှိုင်းစာမည်ဆိုပါက လင်းရီမှာ ပို၍ပင် မျှော်လင့်တောင့်တမိနေခဲ့သည်။ သူ ခေါင်းတုံးပေါက်ကေကို စမ်းညှပ်ကြည့်ချင်နေသည်မှာ ကြာပြီ ဖြစ်သော်လည်း ကျီချင်းရန်နှင့် လျန်ရူရွှယ်က သူ့အား ခွင့်မပြုခဲ့ချေ။
ယခုတော့ သူဖြစ်ချင်သည့် ဆန္ဒမှာ ပြည့်ဝလာပြီဟု ပြော၍ ရလေသည်။
ကူရိရန် လင်းရီအား မျက်လုံးလှန်ကြည့်လိုက်ပြီး သူမကိုယ်သူမ တွေးတောလိုက်၏။
‘ ဆံပင်ပုံစံလေးနဲ့ လူတွေကို အရူးလိုက်လုပ်နေတာ ခေါင်းတုံးပေါက်ကေ ညှပ်ပြီးရင် ဘယ်လောက်ထိ ရုပ်ဆိုးလာမလဲ တစ္ဆေပဲ သိလိမ့်မယ်…’
နာရီဝက်ကြာပြီးနောက် လီရှန်းဟွေ့ လူဆယ်ယောက်နှင့်အတူ ပြန်ရောက်လာသည်။ အမျိုးသမီး သင်တန်းသူလေးများအားလုံး ပြိုင်တူ မြည်တမ်းမိသွားခဲ့ကြ၏။
“ ခေါင်းတုံးပေါက်ကေက အမျိုးသားတစ်ယောက်ရဲ့ ခန့်ညားမှု အစစ်အမှန်ကို တိုင်းတာဖို့ နည်းလမ်း အစစ်အမှန်ဆိုတာ တကယ်ပါပဲ … ခုတော့ ယုံကြည်သွားပြီ… လင်းရီက ဆံပင်အတိုနဲ့ကျမှ ပိုပြီး ကြည့်ကောင်းသွားမယ်လို့ ထင်ကို မထင်ထားခဲ့မိတာ …”
“ ဒီဆံပင်စတိုင်က တအား ယောက်ျားဆန်လွန်းတယ်… “
“ နင် သေချာကြည့်ကြည့် … သူ့ရဲ့ ဆံပင်စတိုင်နဲ့ အကြည့်တွေက မမိမိုက်လွန်းဘူးလား … ငါ့နှလုံးသားလေးကို လာ သတ်နေသလိုပဲ …”
ကူရိရန်လည်း လင်းရီအား တွန့်ဆုတ်စွာ ကြည့်ရင်းဖြင့် စိတ်ထဲတွင် စောဒက တက်နေမိ၏။
ဒီအကောင်က ဆံပင်ညှပ်ပြီးတာတောင် ဘာလို့ ကြည့်ကောင်းနေရတာလဲ …
ကူရိရန် ခေါင်းခါရမ်းလိုက်သည်။ သူမ ဤအတွေးများအား ကန်ထုတ်နိုင်မည့် နည်းလမ်းကို စဉ်းစားသင့်ပေသည်။ သူမက အဘယ်ကြောင့် ထိုအကောင်အား ကြည့်ကောင်းသည်ဟု စဉ်းစားရမည်နည်း။
လင်းရီနှင့် ကျန်သူများမှာ လူအုပ်ထဲ ဝင်၍ ပြန်တန်းစီလိုက်ပြီး မွန်းလွဲပိုင်း လေ့ကျင့်ရေးသည်လည်း တရားဝင် စတင်ချေပြီ။
ထိုစဉ် လင်းရီမှာတော့ သူ၏ လက်ရှိ ဆံပင် ပုံစံအား အကျေနပ်ကြီး ကျေနပ်နေလျက် ရှိတော့သည်။
ကျီချင်းရန်နှင့် လျန်ရူရွှယ်သာ သူ၏ လက်ရှိပုံစံကို မြင်တွေ့မည်ဆိုပါက မည်သို့ တုံ့ပြန်လာကြမလဲဆိုတာကိုပါ သူ သိချင်မိသွားခဲ့၏။
စဉ်းစားကြည့်ရုံမျှနှင့် အတော်လေး စိတ်ဝင်စားဖို့ကောင်းနေချေပြီ။
“ သွေးပူအောင် ကွင်းကို နှစ်ပတ် အရင်ပြေးကြမယ်…” လီရှန်းဟွေ့ ပြောလိုက်၏။
အကုန်လုံးက လူကြီးများဖြစ်ကြပြီး သူတို့ မည်သည့်အတွက် ဤနေရာသို့ ရောက်လာကြလဲဆိုတာကို သိသဖြင့် သဘာဝအလျောက် တက္ကသိုလ် ကျောင်းသားများကဲ့သို့ စစ်သင်တန်း ပထမရက်တွင် စောဒကတက် ညည်းညူနေကြမည် မဟုတ်သည်မှာတော့ ကျိန်းသေသည်။ သူတို့ဘက်ကပင် လက်ဦးမှုရယူ၍ သွေးပူအောင် ပြုလုပ်ထားကြ၏။
“ ရိရန် … မင်း လင်းရီနဲ့ မသိဘူးဆိုတာ သေချာရဲ့လား …” လီရှန်းဟွေ့ ထပ်မံပြီး မေးမြန်းလာခဲ့သည်။
“ ကျွန်မ တကယ်ကြီး သူ့ကို မသိတာ … ခေါင်းဆောင် .. ရှင် အတွေးတွေ လွန်နေပြီ…”
“ ငါ အတွေးလွန်နေတာ မဟုတ်ဘူး … ဒီတိုင်း မင်းတို့နှစ်ယောက်ကိုက နည်းနည်းလေး ပုံမှန် ဟုတ်မနေလို့ … မင်းသူ့ကို သိတယ်ဆိုလည်း ဂရုစိုက်ပေးလို့ ရတယ်လေ…”
“ ဘာလို့ ဂရုစိုက်ပေးရမှာ …” ကူရိရန် ပြောလိုက်ပြီး “ ပြီးတော့ ကျွန်မတို့က ပိုပြီးတောင် တင်းကြပ်ပေးရဦးမှာ … ဆန်ကုန်မြေလေးတွေကို အလုပ်ခန့်လိုက်လို့ မဖြစ်ဘူး ..”
လီရှန်းဟွေ့ ပြုံးလိုက်မိသည်။ ဤသို့သော သဘောထားဖြင့် အရူးသည်သာလျှင် သူတို့အချင်းချင်း မသိကြဘူးဆိုတာကို ယုံကြည်လိမ့်မည်။
ဧကန္တ…. သူ့ရဲ့ ရည်းစားဟောင်းများလား …
မကြာမီ သွေးပူအောင် ပြုသည့် လုပ်ငန်းက ပြီးဆုံးသွားခဲ့ပြီး လူတိုင်း တစ်ဖန် ပြန်တန်းစီလိုက်ကြ၏။
နောက်ထပ် နာရီဝက်တွင်တော့ ရိုးရှင်းသည့် အခြေခံ လေ့ကျင့်ရေးများအား ပြုလုပ်ကြရသည်။
ဥပမာ သစ်တုံးတစ်တုံးကို နှစ်ယောက်ထမ်း၍ ပြေးရခြင်း ၊ ဘယ်ညာ ခြေလှမ်းများအား တစ်ဖြောင့်တည်း လျှောက်ရခြင်း၊ … အစရှိသည့် ရိုးရှင်းသည့်အရာများသာ ဖြစ်လေသည်။
ဤရိုးရှင်းသည့် အပိုင်းပြီးဆုံးပြီးနောက် အခြား လေ့ကျင့်ရေး တစ်ခု ထပ်ရောက်လာသည်။ “ နောက်တစ်ခုက ခုန်ပြီး မြေပေါ်ဝပ်တဲ့ လေ့ကျင့်ခန်းပဲ … ငါ နမူနာလုပ်ပြမယ်… အားလုံး သေချာ ကြည့်ထာကြ …”
ကွင်းပြင်ထဲတွင် ဖျာများ အတန်းလိုက် ခင်းထားပြီး လီရှင်းဟွေ့မှ တစ်ချပ်သော ဖျာပေါ်တွင် မတ်တပ်ရပ်ကာ ကူရိရန်မှာတော့ ဘေးတွင် ပလတ်စတစ်ချောင်း တစ်ခုဖြင့် ဆောင့်ကြောင့်ထိုင်နေလျက် ရှိ၏။ နှစ်ဦးလုံးက အဆင်သင့်ပင်။
ထို့နောက် ကူရိရန်မှာ အချက်ပြလိုက်ပြီး ပလတ်စတစ်ချောင်းကို လီရှန်းဟွေ့၏ ခြေထောက်သို့ ဝှေ့ရမ်းလိုက်၏။
ထိုအခိုက်အတန့်တွင် လီရှန်းဟွေ့မှာ အမြင့်ခုန်၍ ဖားခုန်သည့် ပုံစံ ပြုလုပ်ကာ ကူရိရန်၏ တုတ်ချောင်းအား ရှောင်လိုက်ပြီးနောက် ဖျာပေါ်သို့ လှုပ်ရှားမှုကင်းမဲ့စွာ ပြုတ်ကျလာခဲ့လေသည်။
ပုံစံ နမူနာပြပြီးနောက် လီရှန်းဟွေ့သည် ကိုယ်ပေါ်ရှိ ဖုန်များအား ခါခပ်၍ လူတိုင်းအား သိမ်းကျုံးကြည့်လိုက်သည်။
“ ဒီတိုင်းပဲ … ဘယ်သူ အရင်ထွက်လာပြီး ကြိုးစားကြည့်ချင်လဲ …”
“ ငါ…”
ကျိုးရှင်းဟိုင်သည် လက်ကို မြင့်မြင့်မြှောက်၍ သူ့ကိုယ်သူ အကြံပြုပေးလိုက်သည်။