ထိပ်တိုက်
Vol. 110 Ch. 1644
“ ချီး … ဒါလေးလုပ်တာတောင် စလိုက်မီးထိုးခံချင်သေးတယ် ..” ကျန်းဖန့် တီးတိုး စောဒကတက်လိုက်သည်။
“ လာခဲ့ … ကိုယ်စားပြုပြီး လူတိုင်းကို ကောင်းကောင်းပြလိုက် … ပေါက်တတ်ကရ ဖြစ်မစေနဲ့ …” လီရှန်းဟွေ့ ပြောလိုက်သည်။
“ ဟုတ်ကဲ့ …” ကျိုးရှင်းဟိုင် ကျယ်လောင်စွာ ဖြေကြားလိုက်၏။
သူတို့အားလုံး ဤသို့သော လေ့ကျင့်ရေးများကို ရဲအကယ်ဒမီတွင်တုန်းက လေ့ကျင့်ထားဖူးပြီး အကွာအဝေးနှင့် လှုပ်ရှားမှုများ၏ စံချိန်စံနှုန်းပိုင်း ဆိုင်ရာတွင်တော့ လီရှန်းဟွေ့ကို လိုက်မှီဖို့ရာတော့ မဖြစ်နိုင်သေးချေ။ သို့သော် သူစိုးရွံ့ခြင်း မရှိပါချေ။ မည်သို့ပင်ဆိုစေ အရင်ကလည်း ဒါမျိုး လေ့ကျင့်ခဲ့ဖူး၏။
လေ့ကျင့်ရေး၏ လေးနက် ပြင်းထန်မှုကို သေချာစေရန် ကူရိရန်သည် ပလတ်စတစ်ချောင်းကို ဆက်လက် အသုံးပြုနေဆဲပင်။
ကနေဦးတုန်းကကဲ့သို့ ကူရိရန်သည် ညွှန်ကြားစရာ ရှိသည်များအား ညွှန်ကြားပြီးနောက် ကျိုးရှင်းဟိုင်၏ ခြေထောက်သို့ ပလတ်စတစ်ချောင်းအား ဝှေ့ရမ်းလိုက်၏။
တစ်ဖက်သူ၏ တုံ့ပြန်မှုမှာ သွက်လက်သည်။ တုတ်ချောင်းက သူ့ခြေထောက်နှင့် ထိတော့မည့် အချိန်တွင်ပဲ လေပေါ်သို့ ခုန်တက်သွားခဲ့ကာ ဖျာပေါ် ပြန်ဆင်းကျလာခဲ့သည်။
လီရှန်းဟွေ့ အသိအမှတ်ပြုစွာ ခေါင်းညိမ့်လိုက်၏။ ပြီးပြည့်စုံခြင်း မရှိသော်လည်း အတော်လေး ကောင်းနေပြီး ဖြစ်သည်။
“ လာ … နောက်ထပ် ဘယ်သူလဲ … ကိုယ့်အသိစိတ်နဲ့ကိုယ် ထွက်ခဲ့ကြ … ငါ့ကို နာမည်ခေါ်ရအောင် မလုပ်နဲ့ …” “ ကျွန်တော်လာမယ်…” တင်းချောင် လက်ထောင်ပြီး ပြောလိုက်၏။
လူတိုင်းလည်း ဤသည်က ကိုယ့်အစွမ်းအစများ ပြသရန်အတွက် အခွင့်အရေးကောင်းဖြစ်သည်ကို နားလည်လေသည်။
မိမိက ပိုပြီး တက်တက်ကြွကြွနှင့်ရှိလေလေ ၊ နည်းပြ၏ ကိုယ့်အပေါ် သဘောထားအမြင်တို့က ပိုကောင်းမွန်လေလေပင်။
ထို့ပြင် သူတို့အားလုံးက ဤလှုပ်ရှားမှုကို ယခင်က လေ့ကျင့်ထားဖူးပြီး လူတိုင်းမှာ အားတက်သရော ပူးပေါင်းပါဝင်လိုနေကြတော့၏။
“ အဆင်ပြေတယ်… လောစရာမလိုဘူး … တစ်ယောက်ကို တစ်ကြိမ်စီပေါ့ …”
နောက်ထပ် နာရီဝက်ကျော်ကြာပြီးသည့်နောက် လူ အယောက် ၃၀ ကျော်မှာ လေ့ကျင့်လို့ ပြီးဆုံးသွားခဲ့၏။
ထို့ပြင် အောင်မြင်မှုနှုန်းကလည်း အတော်လေးမြင့်သည်။ တုံ့ပြန်နိုင်စွမ်း အနည်းငယ် နှေးသည့် လူနှစ်ယောက်သာလျှင် ခြေထောက် အရိုက်ခံလိုက်ရပြီး လူတိုင်း၏ ရယ်မောခြင်းကို ခံလိုက်ရ၏။
“ နောက် ဘယ်သူလာဦးမလဲ …”
ဤတစ်ကြိမ်တွင်တော့ မည်သူကမျှ ထွက်လာရန် မဆိုကြတော့ချေ။ ဤသည်က အဘယ်ကြောင့်ဆိုသော် သူတို့အားလုံးက ပြင်ပ စာမေးပွဲဖြေဆို၍ ရောက်လာကြသူများ ဖြစ်ပြီး တစ်နည်းဆိုရသော် ရဲအကယ်ဒမီသို့ မဝင်ခဲ့ရသည့် လူများ ဖြစ်ကြ၏။
သူတို့၏ မျက်စိဖြင့် ဤဖြစ်စဉ်ကို ကြိမ်ဖန်များစွာ ကြည့်ရှုပြီး ဖြစ်သော်လည်း ထရိန်နင်နှင့် ရင်းနှီးမှု မရှိသေးသည်က စိတ်လှုပ်ရှားစေကာ လူကိုပိုပြီး စိုးရွံ့စေသည်။
စုစုပေါင်း လူ ၈ ယောက် ကျန်နေသေးပြီး မိန်းကလေး ၆ ယောက်နှင့် ယောက်ျားလေး ၂ ယောက်ဖြစ်၏။ လင်းရီသည်လည်း တစ်ယောက် အပါအဝင်ပင်။
လီရှန်းဟွေ့နှင့် ကူရိရန်တို့ အချင်းချင်း ကြည့်လိုက်ကြ၏။ သူတို့တွေ ကျန်သည့် လူရှစ်ယောက်၏ အခြအနေကို အကြမ်းဖျင်း သဘောပေါက်ထားကြကာ ရဲ အကယ်ဒမီမှ ဘွဲ့မရခဲ့သည့် လူများ ဖြစ်ကြောင်းကို သိရှိလိုက်ကြသည်။ မဟုတ်ပါက ဤသို့သော ရိုးရှင်းသည့် လှုပ်ရှားမှုလေးအတွက် ဖိအား ရှိနေလိမ့်မည် မဟုတ်ချေ။
“ အချိန်လာဆွဲမနေနဲ့ … နောက်ထပ် ဘယ်သူလာမှာလဲ … နင်တို့က နင်တို့ကြောင့်နဲ့ လူတွေ အကုန်လုံးကို စောင့်စေချင်နေတာလား …” ကူရိရန် ပြောလိုက်ပြီး “ နင်တို့က ထွက်မလာဘူးဆိုတော့ ငါ နာမည်ခေါ်တော့မယ်…”
ပြီးနောက် ကူရိရန်သည် လင်းရီအား ကြည့်လိုက်၏။
“ နင် … ရှေ့ထွက်လာခဲ့ …”
“ ငါလား …” လင်းရီ ပြောလိုက်ပြီး “ ဒီလောက် လူတွေ အများကြီးကို ဘာလို့ ငါ့ကိုမှလဲ …”
“ နင်က မိန်းကလေးတွေနဲ့ ကပ်တွက်ပြီး နေချင်တယ်လို့ လာမပြောနဲ့ … နင်ယောက်ျားမဟုတ်ဘူးလား … ဒီလို အချိန်မှာ ကိုယ့်ဘက်က အရင်ဦးဆုံး ရှေ့ထွက်လာသင့်တာ မဟုတ်ဘူးလား …”
ကျိုးရှင်းဟိုင်၏ နှုတ်ခမ်းထောင့်စွန်းတို့ တွန့်ကွေးတက်သွားခဲ့ကာ အပြုံးတစ်ခု ဖြစ်ပေါ်လာသည်။
“ ဇမရှိတဲ့ သောက်ရူးမှန်း သိသာချက် … သူ့နာမည် ခေါ်ပြီးတာတောင် ထွက်မလာရဲဘူး … သူ့လိုကောင်မျိုးက ဒီကနေ နှင်ထုတ်ခံလိုက်ရမှာ အနှေးနဲ့ အမြန်ပဲ …”
လင်းရီ နောက်သို့ ကြည့်လိုက်ပြီး “ ငါက မိန်းကလေးတွေနဲ့ ပြိုင်တုချင်တယ်လို့လည်း မပြောခဲ့ဘူး … ဒီမှာ နောက်တစ်ယောက် ရှိသေးတယ်လေ… ဘာလို့ ငါ့ကိုမှလဲ … နည်းပြကူက လိင်ခွဲခြားနေတာလား … ဒါမှမဟုတ် ဟိုတစ်ယောက်ကပဲ ယောက်ျား အစစ်နဲ့ မတူနေလို့လား ..”
လင်းရီ၏ မှတ်ချက်က ကူရိရန်ကို ဘာပြန်ပြောလို့ ပြောရမှန်း မသိ ဖြစ်သွားစေခဲ့သည်။
လီရှန်းဟွေ့သည်လည်း လင်းရီအား တစ်ချက်ကြည့်လိုက်ပြီး ဤကောင်လေးက စိတ်ဝင်စားဖို့ကောင်းသည်ဟု ခံစားလိုက်ရ၏။
သူ၏ ပရော်ဖက်ရှင်နယ် အရည်အသွေးတို့အား တခဏမျှ လျစ်လျူရှုထားလျှင်ပင် သူ့တွင် ပြန်ပြောဝံ့သည့် သတ္တိတို့ ကင်းမဲ့မနေခဲ့ချေ။
“ ငါ ဘယ်တုန်းက လိင်ခွဲခြားလို့လဲ …”
“ နည်းပြက လိင်မခွဲခြားဘူးဆို သူ့ကို အရင်လာခိုင်းလိုက်လေ …”
ကူရိရန်သည် ဒေါသ ငယ်ထိပ်ရောက်လာနေပြီကို ခံစားလိုက်ရသည်။ သို့သော် စိတ်တိုချင်စရာ အကောင်းဆုံးကတော့ သူမ ဒေါသထွက်နေသည်ကိုပင် ဒေါသထွက်နေကြောင်း ဖော်ပြ၍ မရသည့်အချက်ပင်။ မဟုတ်ပါက မမျှမတ ဆက်ဆံမှု အဖြစ် အကျိုးသက်ရောက်သွားမည် ဖြစ်၏။
ကူရိရန် ရင်ဘက်အောင့်လာလေသည်။ သူမ ရင်သားကင်ဆာ ရတော့မလိုပင် ခံစားလာခဲ့ရသည်။
“ ရတယ်လေ… ဘယ်လိုပဲ ဖြစ်ဖြစ် လူတိုင်း ဒီလေ့ကျင့်ခန်းကို လုပ်ရမှာပဲ … သူ့ကို အရင်လုပ်ခိုင်းလိုက်မယ်… နင်လည်း ကျိန်းသေပေါက် ပြေးလွတ်မှာ မဟုတ်ဘူး …”
“ ငါ ထွက်ပြေးချင်တယ် မပြောမိပါဘူး … ဒီတိုင်း အရင်ဆုံး မလုပ်ချင်ရုံပါပဲ …” လင်းရီ ပြန်ပက်လိုက်၏။
သူ အခု လုပ်နေသည့် ပုံစံက အတော်လေး ရိုက်ပေါက်ပင်။
“ ကောင်းပြီလေ… နင် ဘယ်လောက်ထိ ပုန်းနိုင်မလဲ ဆိုတာ ကြည့်စမ်းမယ်…”
ကူကယ်ရာမဲ့စွာဖြင့် အခြား ကောင်လေး တစ်ယောက်မှာ ရှေ့သို့တက်လိုက်ရ၏။ သူ့မှာ နည်းနည်းလေးလည်း စိုးရွံ့နေရှာသည်။
“ နည်းပြကူ … ညင်သာပေးနော်.. ကျုပ် တစ်ခါမှ ဒါမျိုး မလုပ်ဖူးလို့ … ဒါပေမယ့် နောင်ကျ ကြိုးစားမှာပါ …”
“ ရတယ်… နင် စိတ်မလှုပ်ရှားနဲ့ … လာ … အသင့်ပြင်ထားလှည့် …”
ကူရိရန်၏ သတ္တိပေးမှုအောက်တွင် ကောင်လေးမှာ နောက်ဆုံး၌ ဖျာပေါ်တွင် မတ်တပ်ရပ်၍ ခုန်ရန် အသင့်ဖြစ်နေသည်။
ကူရိရန် တုတ်ချောင်း ဝှေ့ရမ်းလိုက်သည့် အချိန်၌ သူ၏ ခြေထောက်နှင့် ထိတွေ့သွားခဲ့၏။ ထူးတော့ မထူးဆန်းချေ။ ကျရှုံးသွားခဲ့သော်လည်း သိပ်အဆိုးကြီးတော့ ဟုတ်မနေချေ။ အနည်းဆုံးတော့ ကြည့်ကောင်းနေသေး၏။ သူ၏ တုံ့ပြန်မှုက အနည်းငယ် တုံ့နှေးသွားရုံမျှ ဖြစ်ပြီး နောင်တွင် ပိုပြီး လေ့ကျင့်မည်ဆိုပါက အဆင်ပြေလာနိုင်သည်။
“ လင်းရီ … နင့်အလှည့်ပဲ … နင် ဒီတစ်ခေါက်တော့ ဘာပြောစရာမှ မရှိဘူးမလား …”
“ ဘာလို့ ပြောစရာ မရှိရမှာ .. နည်းပြက မိန်းကလေးတွေကို ဝေဖန်တာလား …”
“ နင်က ဒီမှာ နောက်ဆုံးကျန်တဲ့ အမျိုးသားလေ … ငါ ဘယ်မှာ လိင်ခွဲခြားနေလို့လဲ …”
ကူရိရန် ဒေါသထွက်လွန်း၍ အသံပင် မြင့်လိုက်မိသည်။
“ အမျိုးသမီးတွေကရော လူသားပဲလေ… သူတို့မှာလည်း ကောင်းကင်တစ်ဝက်ကို ထောက်ပံ့ပေးထားနိုင်တဲ့ ခွန်အားတွေရှိတယ်… ဘာလို့ ငါက အရင် သွားရမှာ … နည်းပြကူက မိန်းကလေးဆိုပြီး အထင်သေးတာလား ဟုတ်လား … ဒါ လိင်ခွဲခြား ဆက်ဆံနေတာပဲ မဟုတ်လား …. ဒါ အမျိုးသမီးတွေကို စော်ကားလိုက်တာပဲ …” လင်းရီ နှုတ်ခမ်းကို တစ်ချက် စုပ်သပ်ရင်း ပြောလိုက်ပြီး “ ရဲဘော် … ဒီလိုမျိုး ဖိုအသားပေး ဝါဒက နည်းနည်းတော့ အန္တရာယ်များတယ်နော်…”
ရှိနေကြသည့် လူတိုင်း အံ့အားသင့်သွားခဲ့ကြ၏။ မည်သူကမျှ လင်းရီ ယခုလို စကားလုံးမျိုးတွေ ပြောထွက်လာလိမ့်မည်လို့ ထင်မထားခဲ့ကြချေ။
အဘယ်ကြောင့်ဆိုသော် အမျိုးသမီး သင်တန်းသူများကလည်း ကူရိရန်၏ စကားလုံးတို့က လိင်ခွဲခြားနေသည်ဟု မခံစားရသောကြောင့်ဖြစ်၏။ အမျိုးသားများက ကိုယ်ကာယပိုင်းဆိုင်ရာ၌ သူမတို့ထက် အားသာမှု ရှိသည်က အမှန်ပင်။
သို့သော် လင်းရီမှ စကားကို ယခုကဲ့သို့ ပြောလိုက်သည်တွင် နည်းပြကူ၏ လုပ်ရပ်က လုံးဝကို မတူခြားနားသည့် ကိစ္စရပ်တစ်ခု ဖြစ်သွားခဲ့တော့သည်။
“ ဒီကောင့် ဦးနှောက်က စကူ တစ်ခုခု ချောင်နေတာလား …ကြောက်တယ်ဆိုလည်း ဘာလို့ ထရိန်နင် လာဆင်းနေသေးလဲ … ဒီကောင် ဘာတွေ စဉ်းစားနေမှန်း နားကို မလည်တော့ဘူး …” ကျိုးရှင်းဟိုင် ပြောလိုက်ပြီး “ ငါ့အထင် ထရိန်နင်က ဒီလောက်ထိ ပြင်းထန်မယ်ဆိုတာ သူ မထင်ထားခဲ့လို့ နေမယ်…”
“ ဟေ့ကောင် … မင်းကြောက်တယ်ဆိုလည်း အိမ်သာပြန်လိုက် … ဘာလို့ ဒီလာနေသေးလဲ … မင်း မရှက်ဘူးလား …” ကျိုးရှင်းဟိုင် ပြောလိုက်၏။ “ ပြီးတော့ ငါကြားတာ တခြား နေရာတွေကလည်း ရဲ သင်တန်းပေးနေတယ် … ပြီးတော့ နောက်ပိုင်းကျရင် ထရိန်နင် ရလဒ်တွေနဲ့ ပတ်သက်ပြီး ယှဉ်ပြိုင်မှုတွေ ရှိလာဦးမှာ … ဒီလို သတ္တိကြောင်တဲ့ ပုံစံနဲ့ သူရှိနေရင် အရှက်ကွဲတာပဲ အဖတ်တင်လိမ့်မယ်…”
“ သူ့ ဒီလိုပုံစံနဲ့ နောက်ကျ ဖယ်ရှားခံရမယ်ဆိုတာ ကျိန်းသေတယ်… ဒီနေ့တော့ အပျင်းပြေ ပွဲကြည့်ရတယ်ပဲ မှတ်လိုက်တာပေါ့ …” တင်းချောင်မှ ထေ့ငေါ့စွာ ပြောလိုက်သည်။
“ နောက် ငါတို့တွေ နည်းပြကူ သူ့ကို ဘယ်လို ကိုင်တွယ်မလဲဆိုတာ ကြည့်ကြတာပေါ့ … ငါတော့ အတော်လေး သိချင်မိနေပြီ…”
လီရှန်းဟွေ့သည် ကူရိရန်ဘက်သို့ လှည့်၍ “ သူက ထွက်မလာချင်ဘူး ဆိုမှတော့ တခြား အမျိုးသမီးတွေကို အရင် လာခိုင်းလိုက် … ဘာပဲဆိုဆို လူတိုင်း လာရမှာပဲ …”
“ နားလည်ပြီ…”
ကူရိရန် တွန့်ဆုတ်စွာ ပြန်ပြောလိုက်ပြီး ကျန်သည့် မိန်းကလေးခြောက်ကို တစ်ယောက်ပြီးတစ်ယောက် ခေါ်လိုက်၏။
လူအုပ်ကြီးက တွေးထင်ထားသည်မှာ အတော်လေး အခြေအနေဆိုးရွားလိမ့်မည် ဟူ၍ပင်။ သို့သော် ထွက်ပေါ်လာသည့် ရလဒ်က သူတို့ ထင်ထားသည်ထက်ပင် ကောင်းမွန်လို့နေသည်။
အောင်မြင်စွာ ရှောင်လိုက်နိုင်သည့် မိန်းကလေး နှစ်ယောက်ရှိ၏။ ဤအတိုင်း သူမတို့၏ ကိုယ်ဟန်က အနည်းငယ် ပုံမှန်မဟုတ်ဘဲ မြေပြင်သို့ ကျဆင်းသည့် အချိန်၌ တည်ငြိမ်မှု မရှိခြင်းပင်။ သို့သော် ဆိုးတော့ မဆိုးလှပေ။
ဤသို့ဖြင့် လင်းရီမှလွဲ၍ လူတိုင်း ပထမ လေ့ကျင့်ခန်းကို ပြီးဆုံးသွားခဲ့လေသည်။ လူတိုင်း၏ အကြည့်က လင်းရီထံသို့ ကျရောက်သွားခဲ့ကြ၏။
“ အခု နင်တစ်ယောက်တည်း ကျန်တော့တယ်… နင့်မှာ တခြား ဆင်ခြေတွေ ရှိတော့မယ် မထင်ဘူး …” ကူရိရန် အေးစက်စွာ ပြောလိုက်သည်။
“ ငါ ရှေ့ထွက်ဖို့ ငြင်းဆန်နေတယ်ဆိုတာ ကြောက်လို့ မဟုတ်ဘူး … ဒီတိုင်း ဒီ လှုပ်ရှားမှုရဲ့ အရေးပါမှုတွေကို လေးလေးနက်နက် ဆင်ခြင်နေတာ …”