ငါ့ အန်ကယ်က ဆုံးတာကြာပေါ့
Vol. 110 Ch. 1645
လီရှန်းဟွေ့နှင့် ကူရိရန်တို့ အံ့အားသင့်သွားခဲ့ကြသည်။ ကျန်သူများလည်း အလားတူပင်။
ဤသည်က 1+1 =2 ကဲ့သို့ ရိုးစင်းလွယ်ကူလှသည့် လေ့ကျင့်ရေး ပုံစံ တစ်ခုမျှပင်။ ထို့ထက် မပိုချေ။
စစ်ဆေးမှုအား ရှောင်ရှားရန် ဤမျှ ပိန်းသည့် မေးခွန်းမျိုး မေးလာမည်လို့ သူ မျှော်လင့်မထားခဲ့မိချေ။
“ ဒီကောင်က တစ်ခုခုတော့ တစ်ခုခုပဲ … မပြောခင် ဦးနှောက်လေးနဲ့ သေချာမစဉ်းစားဘူးလား မသိဘူး …” ကျိုးရှင်းဟိုင် ပြောလိုက်ပြီး “ ငါတော့ တစ်ပတ်စောင့်ဖို့တောင် မလိုဘူးလို့ ထင်တယ်… ဒီနေ့တင် ဒီကောင် အထုပ်ထမ်းပြီး လစ်ရလောက်တယ်…”
ကျိုးရှင်းဟိုင်နှင့် တင်းချောင်သာလျှင် မဟုတ်ဘဲ ရှိနေကြသည့် မိန်းကလေး တစ်ချို့ပင် လင်းရီ၏ အပြုအမူမှာ တရားလွန်သွားပြီဟု ခံစားနေရ၏။
ဤသည်က အခြေခံအကျဆုံး စကေးလေးပင်။ လုံးဝ လုပ်ဖို့ လိုကို လိုအပ်၏။ မဟုတ်ပါက ရဲအရာရှိ တစ်ယောက် ဖြစ်ရန်အတွက် တိုင်းတာသည့် ပေတံဖြင့် ကိုက်ညီလိမ့်မည် မဟုတ်ချေ။
အမျိုးသမီးတို့မှာ ရုပ်ရည်အား စွဲလမ်းလေ့ရှိကြသော်လည်း ပျင်းရိပြီး ထောင့်မကျိုးသည့် အမျိုးသားများကိုတော့ အတော်လေး ရွံမုန်းတီးတတ်ကြ၏။
လင်းရီ၏ လုပ်ရပ် အပြုအမူတို့က သူမတို့အား အတော်လေး စိတ်အနှောင့်အယှက် ဖြစ်စေလေသည်။
“ ဒါက အခြေခံ အကျဆုံး ထရိန်နင်လေးပဲ … ဒါက နင့်ရဲ့ တုံ့ပြန်နိုင်စွမ်းကို စမ်းသပ်တာ … တစ်ယောက်ယောက်က အန္တရာယ်ရှိတဲ့ လက်နက် တစ်ခုခု ရှိနေတယ်လို့ ကိုယ်က သံသယ ရှိတယ်ဆိုရင် ကိုယ့်ဘက်က လျင်လျင်မြန်မြန် တုံ့ပြန်နိုင်ဖို့လိုတယ်…”
ကူရိရန် သေချာစဉ်းစားပြီး ဖြေပေးလိုက်ကာ လုံးဝ ဒေါသမထွက်သွားခဲ့ချေ။
မည်သို့ပင်စေ ထိုအကောင်က ယနေ့ ပြေးလွတ်နိုင်မှာ မဟုတ်သည်ဖြစ်ရာ ဖြည်းဖြည်းချင်း ကစားသွားဖို့ စီစဉ်ထား၏။
“ ဒါပေမယ့် ဒီလိုနည်းလမ်းနဲ့ စစ်ဆေးစရာ မလိုဘူး ထင်တာပဲ … “ လင်းရီ ပြောလိုက်ပြီး “ ဒီ ပြဿနာကို ဖြေရှင်းဖို့ တခြား နည်းလမ်းတွေလည်း ရှိတာပဲလေ…”
လီရှန်းဟွေ့ လင်းရီအား စိတ်ဝင်စားသည့် အမူအရာဖြင့် ကြည့်လိုက်၏။ ရှေ့ ဘာဆက်ပြောလာမလဲဆိုတာကို သိချင်နေသည်။
“ ဒါဆိုလည်း နင် ဘယ်လိုလုပ်မလဲ ကြည့်ကြတာပေါ့ …”
ကူရိရန် အပြုံးလေးဖြင့် ပြောလိုက်၏။ သူမ၏ အမူအရာမှာ လင်းရီသည် သူမ အချိန်မရွေး ချက်စား၍ ရသည့် ခြင်းထဲက ကြက်ကဲ့သို့ပင်။
“ လုပ်ကြည့်တာပေါ့ .. ဒါဆိုသိလိမ့်မယ်…”
“ ဒါဆိုလည်း လာပြီး အသင့်ပြင် … နင် ဘယ်လောက်ထိ စွမ်းလဲ ဆိုတာ ငါကြည့်စမ်းမယ်…” ကူရိရန် ပြောလိုက်သည်။ “ ငါဒီမှာ အလုပ်လုပ်လာတာ နှစ်တွေမနည်းတော့ဘူး … အုပ်စု တော်တော်များများလည်း မွေးထုတ်ပေးခဲ့ပြီးပြီ… ဒါပေမယ့် နင်က ငါတို့ရဲ့ လေ့ကျင့်ရေး နည်းလမ်းတွေနဲ့ ပတ်သက်ပြီး မေးခွန်းထုတ်ဖူးတဲ့ ပထမဆုံး တစ်ယောက်ပဲ …”
“ ဒါဆိုလည်း စမ်းကြည့်ကြတာပေါ့ …”
လင်းရီ ပေါ့ပေါ့ပါးပါး ဟန်ပန်ဖြင့် ကူရိရန်အနားသို့ လျှောက်လာကာ စမ်းသပ် လေ့ကျင့်ရန် အသင့် ဖြစ်လို့နေသည်။
“ လုပ်ထား … လင်းရီ … စိတ်မလှုပ်ရှားနဲ့ … မင်း ခြေထောက် အရိုက်ခံရရင်တောင် နာမှာ မဟုတ်ဘူး … နောက် သုံးလေးခေါက်လောက်ဆို မင်း ကြောက်တော့မှာ မဟုတ်ဘူး …” ကျန်းဖန့် အားပေးလိုက်၏။
“ ကျေးဇူးပဲ …”
“ အဆင်သင့်ပဲလား …” ကူရိရန် မေးလိုက်သည်။
“ အဆင့်သင့်ပဲ … အချိန်မရွေး စလို့ရတယ်…”
ယခင်ကကဲ့သို့ ကူရိရန်သည် အမိန့်ပေးကာ ပလတ်စတစ်ချောင်းအား လင်းရီ၏ ခြေထောက်သို့ လွှဲရမ်းလိုက်၏။
လူတိုင်းမှာ လှောင်ပြောင်ရန် အဆင်သင့် ဖြစ်နေပြီး လင်းရီ သူ့ကိုယ်သူ အရူးလုပ်မည့် မြင်ကွင်းကို စိတ်ကူးယဉ်ထားပြီး ဖြစ်၏။
သို့သော် လင်းရီမှာ လေထဲသို့ မခုန်သွားခဲ့ချေ။ လာနေသည့် ပလတ်စတစ်ချောင်းကို ကြည့်၍ ညာခြေထောက်ကို မြှောက်ကာ …
အောက်သို့ တအား နင်းချလိုက်လေသည်။
ဘန်း …
လင်းရီသည် ကူရိရန် လက်ထဲရှိ ပလတ်စတစ်ချောင်းအား ဖိနင်းထားလိုက်၏။
သူမ မည်မျှပင် ကြိုးစား၍ ဆွဲထုတ်စေကာမူ ပြန်လွှတ်လာမည့် အရိပ်အယောင်ကို မမြင်ရချေ။
ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ …
လီရှန်းဟွေ့ အပါအဝင် အခြား ကြည့်နေကြသူများအားလုံး ကြက်သေသေသွားခဲ့ကြသည်။
သူ တကယ်ကြီး တုတ်ချောင်းကို နင်းခြေထားတယ်….
ပြီးတော့ နည်းပြကူရဲ့ ခွန်အားနဲ့တောင်မှ ပြန်ပြီး မဆွဲထုတ်နိုင်ဘူးပေါ့ …
“ နည်းပြကူ … ငါ့ရဲ့ အရည်အချင်းတွေကို ဘယ်လို သဘောရလဲ …” လင်းရီ ပြုံးစစ အမူအရာဖြင့် မေးလိုက်၏။
“ ဒိအတိုင်းဆို … လက်နှစ်ဖက်နဲ့ ခြေထောက် တစ်ဖက် အားသေးတယ်… တခြားဟာတွေ လုပ်လို့ ရသေးတယ်နော်…”
“ နင် .... လွှတ်စမ်း …”
“ ကြည့် ကြည့် … စကားကို ကောင်းကောင်းပြောလေ… လူကို ဘာလို့ လာအော်နေတာ … မင်းက ငါ့ရဲ့ အထက်လူကြီးဆိုရင်တောင် ဒီလိုလုပ်လို့တော့ ဘယ်ရမှာ … ဒါ လိင်ခွဲခြားနေတာ မဟုတ်လား …”
“ နင့်ကြီးတော်ပဲ လိင်ခွဲခြားလိုက် …”
“ တော်ပြီ… လင်းရီ … လွှတ်လိုက်တော့ …”
ပြောရင်းဖြင့် လီရှန်းဟွေ့၏ အသံမှာ တည်ငြိမ်နေသော်လည်း စိတ်ထဲတွင်တော့ ကသောင်းကနင်း ဖြစ်လို့နေသည်။
ဤကောင်လေး၏ တုံ့ပြန်မှုက အတော်လျင်မြန်ပြီး တော်တော်လေးလည်း သန်မာလှသည်။ မြေပြင်တွင် ကူရှင် အပျော့ ခံထားသည့်တိုင် ကူရိရန်မှာ သူ တက်နင်းထားသည့် တုတ်ချောင်းအား ပြန်ဆွဲမထုတ်နိုင်ချေ။ သူ့တွင် စကေးတစ်ချို့လည်း ရှိ၏။
“ အရမ်းမိုက်တာပဲ … ဇာတ်ကားတွေထဲက အက်ရှင် စတားနဲ့တောင် တူသေးတယ်…”
“ ငါတော့ ဒီနည်းလမ်းက လေထဲခုန်ပြီး မြေကြီးပေါ် ဝပ်ရတာထက် ပိုပြီး ထိရောက်တယ် ထင်တာပဲ … ဒီလှုပ်ရှားမှုကို လေ့ကျင့်တာက ပိုပြီး ယုတ္တိရှိတယ်…”
“ ကောင်းပြီ… တိတ်ကြတော့ …” လီရှန်းဟွေ့ ပြောလိုက်ပြီး “ လူတိုင်းက တစ်ယောက်နဲ့ တစ်ယောက် မတူညီဘူး … သူ လုပ်နိုင်တယ်ဆိုတိုင်း မင်းတို့ လုပ်နိုင်ချင်မှ လုပ်နိုင်မှာ … ဒါက လူတိုင်း သင်ယူတတ်မြောက်နိုင်တဲ့ အခြေခံအကျဆုံး စကေးပဲ … တခြား ဘာမှ လျှောက်မတွေးကြနဲ့ …”
“ နားလည်ပါပြီ…” လူတိုင်း တစ်ပြိုင်နက် နာခံလိုက်ကြ၏။
“ အခု …... နှစ်ယောက်တစ်တွဲ လေ့ကျင့်မယ်… မင်းတို့ အခန်းဖော်တွေနဲ့ အုပ်စုဖွဲ့ပြီး လေ့ကျင့်ကြ …”
“ ဟုတ်ကဲ့ …”
ထရိန်နင်က နှစ်ယောက်တစ်တွဲ လေ့ကျင့်သည့် ပုံစံသို့ ကူးပြောင်းသွားခဲ့ပြီး လီရှန်းဟွေ့နှင့် ကူရိရန်တို့မှာ ဘေးတွင် ရပ်နေပြီး ချို့ယွင်းသည်များအား ပြင်ဆင်ပေးသည်။
“ စောနက ဘယ်လိုနေလဲ …” လီရှန်းဟွေ့ ညင်သာစွာ မေးမြန်းလိုက်၏။
“ စောနက နေလို့ ထိုင်လို့ သိပ်မကောင်းလို့ … ဒါကြောင့် ခွန်အား အပြည့် မသုံးလိုက်နိုင်ဘူး … မဟုတ်ရင် ကျွန်မ အလွယ်လေး ဆွဲထုတ်နိုင်တယ်…..”
လီရှန်းဟွေ့ ပြုံးလိုက်ပြီး “ ဒါပေမယ့် ငါ ဘေးကနေ မြင်မိသလောက်တော့ သူ့ရဲ့ တုံ့ပြန်နှုန်းတွေက တော်တော် မြန်တယ်…. သေချာလေး လေ့ကျင့်ပေးလိုက်ရင် အလားအလာရှိတဲ့ ကိုယ်စားပြု တစ်ယောက် ဖြစ်လာနိုင်တယ်….”
“ မဖြစ်နိုင်တာ … ရှင်သူ့ကို လေ့ကျင့်ပေးမလို့ပေါ့ …” ကူရိရန် ပြောလိုက်ပြီး “ တစ်ချက်ကြည့်လိုက်တာနဲ့ သူက အားကိုးလို့ မရတဲ့ လူစားမျိုးဆိုတာ ကျွန်မ ပြောလိုက်နိုင်တယ်… ကျွန်မတော့ သူ့မျက်နှာမြင်တာနဲ့ ဆောင့်ကန်ပစ်ချင်တာပဲ ….”
“ သူဘာအမှားမှလည်း မလုပ်ထားတာကို မင်း ဒီလိုတွေ လုပ်နေတာတွေက မှားတယ်…”
“ အဲ့တာက ....…. အဲ့တာက သူ နောက်ပိုင်း ထရိန်နင်တွေကျရင်လည်း စံချိန်စံနှုန်းတွေနဲ့ ကိုက်ညီနိုင်ဦးမှာလားဆိုတာ စောင့်ကြည့်ရဦးမယ်လေ…”
လီရှန်းဟွေ့ ခေါင်းညိမ့်လိုက်၏။ “ ငါ့ခံစားချက်က ဘယ်တော့မှ မှားလေ့ မရှိဘူး … သူ ကောင်းကောင်း လုပ်နိုင်မှာပါ ….”
“ ဟွန့် … စောင့်ကြည့်ကြသေးတာပေါ့ … ရှင်မှားတယ်ဆိုတာ ကျိန်းသေပေါက် သက်သေပြသွားလိမ့်မယ်….”
လီရှန်းဟွေ့ ပြုံးလိုက်မိသည်။ ကြည့်ရသည်မှာ ဤလူနှစ်ယောက်ကြားရှိ ပတ်သက်မှုက သူထင်ထားသည်ထက်ပင် နက်ရှိုင်းနေဟန်ရသည်။
တစ်နာရီကြာပြီးသည့်နောက် လူတိုင်း လေ့ကျင့်လို့ ပြီးသွားခဲ့ပြီး သူတို့၏ စိတ်အားထက်သန်မှုကလည်း အမြင့်ဆုံးသို့ ရောက်ရှိနေသည်။
စိတ်ဝင်စားစရာ အကောင်းဆုံးကတော့ လီရှန်းဟွေ့သည် ပထမအကျော့ ပြီးသည့်နောက် လင်းရီနှင့် သူ၏ ပါတနာ ကျန်းဖန့်တို့မှာ အမြင့်ခုန်၍ မြေပြင်သို့ ဝပ်သည့် စကေးကို လေ့ကျင့်နေကြခြင်းပင်။ အစောပိုင်းက သူ ပြသခဲ့သည့် ပြကွက်ကို လေ့ကျင့်နေခြင်း မရှိပေ။ ၎င်း၏ အစောပိုင်း အပြုအမူတို့က ကူရိရန်အား တမင်တကာ ဆန့်ကျင်နေသလိုပါပင်။
“ လူစုမယ်….”
လီရှန်းဟွေ့ ဝီဆယ်(ခရာ)မှုတ်၍ လူတိုင်းအား တညီတညွှတ်တည်း စုဝေးစေလိုက်သည်။
“ နောက်ထပ် လေ့ကျင့်ရေး မစခင် အားလုံး ၁၀ မိနစ် နားကြမယ်…”
လူတိုင်း ဟေးခနဲ အော်ဟစ်လိုက်ကြသည်။ တစ်ချို့မှာ နေရာတွင် ထိုင်ချလိုက်ကြပြီး တစ်ချို့ကတော့ ရေသန့်ဘူးတွေ သွားဝယ်ကြကာ ရှားရှားပါးပါး နားရသည့် အခိုက်အတန့်လေးအား နည်းလမ်းမျိုးစုံဖြင့် ကုန်ဆုံးနေခဲ့ကြ၏။
“ နည်းပြကူ … နည်းပြလီ … ရေလေး နည်းနည်းလောက် သောက်ကြပါဦး …”
ကျိုးရှင်းဟိုင် သူဝယ်လာခဲ့သည့် ရေဘူးအား ကမ်းပေးလိုက်သည်။
“ မလိုဘူး … ငါတို့ ကိုယ့်ရေဘူးကိုယ် သယ်လာတယ်…” လီရှန်းဟွေ့ ပြောလိုက်ပြီး “ တခြားလူတွေကိုပဲ ပေးလိုက် …. နောင်ကျ မင်းတို့အားလုံး တစ်သင်းတည်း ရှိကြမှာဆိုတော့ အချင်းချင်း ဖေးမပေးကြပေါ့…”
အမှန်တော့ လီရှန်းဟွေ့က ကျိုးရှင်းဟိုင်ကို အကြံပေးနေခြင်းပင်။
မင်းရဲ့ စွမ်းအင်တွေကို ဒီလို အရေးမပါတဲ့ နေရာတွေမှာ မဖြုန်းတီးနဲ့ … များများလေ့ကျင့် …
“ ကိစ္စမရှိဘူး … လူတိုင်းအတွက်လည်း ပါတယ်…” ကျိုးရှင်းဟိုင် ပြောလိုက်၏။
“ အားလုံးက တစ်သင်းတည်းသားချင်းတွေပဲလေ.. အချင်းချင်း ညီညွှတ်မှု ဆိုတာ ရှိကို ရှိနေသင့်တာ …”
ထိုသို့ ပြောလာတော့ နှစ်ယောက်လည်း ရွေးချယ်စရာ မရှိတော့ကာ ကျိုးဟိုင်ရှင်းထံမှ ရေဘူးကို အပြုံးလေးဖြင့် ယူလိုက်ရတော့သည်။
“ ချောင်ကော … ရေဘူးတွေ ဝေပေးလိုက် …”
ကျိုးရှင်းဟိုင်မှ တင်းချောင်အား လှမ်းပြောလိုက်၏။
တစ်ဖက်သူလည်း အိုကေ လက်ဟန်ပြလိုက်သည်။
ရေသန့်ဘူးနှင့် ဖျော်ရည် အလကား ရမည်ဆိုတော့ သင်တန်းသားများ အားလုံးမှာ ပျော်ပျော်ကြီး လက်ခံ၍ ကျိုးရှင်းဟိုင်အား ကျေးဇူးတင်နေကြလေသည်။
“ သောက်စရာတွေအတွက် ကျေးဇူးပဲနော်…”
“ ယဉ်ကျေးနေစရာ မလိုပါဘူး … အားလုံးက တစ်သင်းတည်းသားချင်းတွေကိုပဲ .. နည်းနည်းလေး ကူညီပေးရတာက ပြဿနာ မရှိဘူး …” ကျိုးရှင်းဟိုင် အပြုံးလေးဖြင့် ပြောလိုက်သည်။
အဆုံးတွင် လင်းရီ အလှည့်သို့ ရောက်လာသည့် အချိန်၌ ကျိုးရှင်းဟိုင်မှာ အံ့အားသင့်သွားချင်ယောင်ဆောင်ကာ “ အိုး …. လင်းရီ … ငါ အားနာလိုက်တာ … ငါ အတွက်မှားပြီး တစ်ယောက်ကျန်သွားတယ်…”
ကူရိရန်နှင့် လီရှန်းဟွေ့တို့ ထိုမြင်ကွင်းအားကြည့်ရင်း ကျိုးရှင်းဟိုင်ကို မျက်မှောင်ကြုတ်မိလိုက်ကြသည်။
“ ရတယ်… ငါ့ဘော်ဒါလည်း ရေသွားဝယ်နေတာ ရောက်လာတော့မှာ …”
ပြောနေတုန်းမှာပဲ ကျန်းဖန့်သည် လက်ထဲတွင် ရေသန့် နှစ်ဘူးနှင့် ပြန်လာပြီး တစ်ဘူးကို လင်းရီအား ကမ်းလိုက်၏။
“ လင်းကော … ဒီမှာ မင်းအတွက် …”
“ ကျေးဇူးပဲ .. ဒီနေ့ နေ တော်တော်ပြင်းတယ်နော်…”
“ လင်းရီ …. အဲ့ဒီ ရေကို မသောက်နဲ့ … ရေသောက်လို့ အမောပြေမှာ မဟုတ်ဘူး …. ငါ့ရဲ့ ကိုလာ အေးအေးလေး သောက်ပေးမှ ရင်ထဲ အမောတွေ ပြေမှာ …” အမျိုးသမီး သင်တန်းသူလေး တစ်ယောက်က ပြေးလာပြီး ပြော၏။
“ ဒါက ငါ ခုလေးတင် ဝယ်လာတဲ့ ကျွဲရိုင်း … နင့် energy ကို ဒါနဲ့ ပြန်ဖြည့်တင်းလိုက် …”
နောက်ထပ် ကောင်မလေး တစ်ယောက်ကလည်း ပြေးလာပြီး ပြောသည်။
“ ဒါက အပူသက်သာအောင် ငါ ယူလာတဲ့ ပဲစိမ်းရေ …. နင့်ခန္ဓာကိုယ်အတွက်လည်း ကောင်းတယ်…”
“ ငါ့ဟာရောပဲ …. သကြားညိုရည်နဲ့ အထဲမှာ ဝုဖ်ဘယ်ရီတွေလည်း ပါတယ်… နင် သောက်လိုက်နော်…”
လင်းရီဆွံ့အသွားခဲ့ရသည်။
ပဲစိမ်းရေ ကတော့ ထားပါ … သူ လက်ခံပေးလို့ ရသေးတယ်… ဒါပေမယ့် ဝုဖ်ဘယ်ရီတွေနဲ့ သကြားညိုရည်က ဘာလုပ်ဖို့လား ….
သူ့ အန်ကယ်ဆုံးတာ ဘယ်နှနှစ်တောင် ရှိနေပြီလဲ …