မိုတီရအောင်လို့
Vol. 110 Ch. 1646
မိနစ် အနည်းငယ် အတွင်းမှာပဲ လင်းရီ၏ ရှေ့မှောက်တွင် တံဆိပ်အမျိုးမျိုးနှင့် သောက်စရာတို့ ပြည့်နှက်သွားခဲ့လေသည်။ အမျိုးသမီး သင်တန်းသူလေးများမှ လင်းရီအတွက် သောက်စရာများ အားတက်သရောအမူအရာနှင့် ယူလာပေးနေသည်ကို မြင်တော့ ကျန်းဖန့်မှာ စိတ်ထဲ ဝမ်းနည်းမိသွားခဲ့၏။
ဒါက ရုပ်ချောတဲ့ လူတွေ နေထိုင်တဲ့ ကမ္ဘာကြီးလား ….
ဖျော်ရည်ဖိုးတောင် ပိုက်ဆံချွေတာလို့ ရတယ်…
ကျိုးရှင်းဟိုင်သည် ဘေးတွင် အေးစက်သည့် အမူအရာဖြင့် ရပ်နေပြီး လင်းရီအား လျစ်လျူရှုထားကာ သူ့ကိုယ်သူ ရေရွတ်လိုက်သည်။
“ အတွေ့အကြုံ မရှိတဲ့ လူတွေကတော့ ရုပ်ချောတာ မြင်တာနဲ့ ချက်ချင်း ပြေးကပ်တော့တာပဲ …”
“ လူတစ်ချို့တော့ အတွက်အချက်တွေ မှားကုန်ပြီ…” ကျန်းဖန့် လှောင်ပြောင်သရော်သည့် လေသံဖြင့် ပြောလိုက်ပြီး “ သူများတွေဖို့ ဝယ်လာတဲ့ ရေဘူးတွေက ငါ့ လင်းကောအတွက်ချည်း ဖြစ်ကုန်တာပဲ … ဝယ်ပေးတဲ့သူကတော့ ဘယ်လိုတွေ ခံစားနေရမလဲ မသိဘူးနော်….”
“ ရေဘူး နည်းနည်းလေးတည်းကို … ဘာတွေ ချဲ့ကားပြီးပြောနေတာ ..” ကျန်းဖန့် သူ့အား စောင်းကာ ရွဲ့ကာဖြင့် ပြောနေသော်လည်း ကျိုးရှင်းဟိုင်သည် ရှက်ရွံ့သွားခြင်း မရှိဘဲ ပြန်လည်ချေပလိုက်သည်။
“ ဒီနေရာက ခွန်အားနဲ့ပဲ စကားပြောတဲ့ နေရာ … ရုပ်ရည်အပေါ် မူတည်နေတာ မဟုတ်ဘူး …”
“ လင်းကောကရော ရုပ်ရည်တစ်ခုတည်း ရှိတယ်လို့ မင်း ဘယ်လိုလုပ်ပြီး သိလဲ ..” ကျန်းဖန့် မေးငေါ့ပြီး ပြန်မေးလိုက်၏။ “ ခုန ထရိန်နင်တုန်းက မင်း ငါ့လင်းကောရဲ့ အရည်အချင်းတွေကို မမြင်လိုက်ဘူးလား … မင်းရဲ့ တုံ့ပြန်မှုက သူ့ထက် သာလို့လား …”
“ တုံ့ပြန်တာ မြန်တော့ရော ဘာများ ထူးဆန်းသွားလို့ … တစ်ယောက်ယောက်ကသာ သေနတ်နဲ့ ချိန်ထားမယ်ဆိုရင် မင်းက ကျည်ဆံထက် ပိုမြန်နိုင်မှာမို့လို့လား …”
ထိုသို့ပြောဆိုပြီးနောက် ကျိုးရှင်းဟိုင်သည် သူ၏ လက်မောင်း ကြွက်သားကြီးများအား ပုတ်ပြလိုက်သည်။ “ ဒီနေရာက ကိုယ့်အစွမ်းအစနဲ့ကိုယ်ပဲ စကားပြောနိုင်တဲ့ နေရာ … ဈေးပေါတဲ့ လှည့်ကွက်လေးတွေနဲ့ အလုပ်ဖြစ်မှာ မဟုတ်ဘူး … ဒါပေါ့ … သူ့လို ခပ်ချောချော ရုပ်ရည်ရှိရင်တော့ ရုံးအလုပ်လေး ဘာလေး လုပ်မယ်ဆိုလည်း အဆင်ပြေပါတယ်…”
“ မင်းက လင်းကောကို တမင်လှောင်နေတာပဲ…”
“ ငါက လှောင်နေတယ် … ဟမ့် … ငါက အမှန်တရားတွေချည်း ပြောနေတာကွ ဟုတ်ပြီလား …”
ကျန်းဖန့် ဘေးသို့လှည့်ပြီး လင်းရီ၏ နားထဲသို့ တီးတိုး ပြောဆိုလိုက်သည်။
“ လင်းကော … မင်း သူနဲ့ လက်ရည်ဖလှယ်မယ်ဆို ကိုယ့်ကိုယ်ကို ယုံကြည်ချက် ရှိလား … ငါ့စိတ်ထဲ ဒီကောင်ကြီးကို တော်တော် ကြည့်မရတော့လို့ … သူ့ ဖော်လံဖား မျက်နှာကြီး မြင်နေရတာ အော်ဂလီ ဆန်လွန်းလို့ …”
“ ပြဿနာ မရှိဘူး ..” လင်းရီ ပြုံးလိုက်၏။
“ အို ကေ ….”
လင်းရီ၏ အဖြေက ကျန်းဖန့်ကို ယုံကြည်ချက်တို့ ပြည့်နှက်သွားစေသည်။
“ မင်းတို့ကောင်တွေက ဟောင်ပဲ ဟောင်ပြီး မကိုက်တတ်တဲ့ကောင်တွေ … မင်းတို့တွေ မကျေနပ်ဘူးဆိုလည်း ထွက်လာပြီး လင်းကောနဲ့ လက်ရည်ဖလှယ်လို့ရတယ်…”
“ ငါ့ကို ဘယ်လိုလူစားမျိုးများ ထင်နေတာ … ရဲအကယ်ဒမီထဲမှာ ငါ့ရဲ့ အချိန်တွေကို ဖြုန်းတီးနေခဲ့တယ်များ ထင်နေလား …”
“ ဒါဆိုလည်း အိပ်ထမတင် ဘယ်သူ ပိုလုပ်နိုင်လဲ ပြိုင်ကြမယ်… ရှုံးတဲ့သူ အိမ်သာ ဆေး… မင်း လုပ်ရဲ လား ….”
“ လုပ်ရဲတာပေါ့ … ဘာမလုပ်ရဲစရာ အကြောင်း ရှိလို့ …”
“ နင်တို့ ပေါက်တတ်ကရ လုပ်နေတာတွေ တော်လိုက်ကြတော့ ..”
ထိုစဉ် မိန်းကလေး တစ်ယောက်မှ ရှေ့သို့ တက်လာပြီး “ ကျိုးရှင်းဟိုင်က ငါ့ရဲ့ စီနီယာ … ပြီးတော့ သူ့အပေါ် အမြင်ကောင်း တစ်ချို့ လည်း ရှိတယ်… သူက ကျောင်း ဘက်စကက်ဘော အသင်းရဲ့ အဓိက ကစားသမား ဖြစ်ရုံတင် မကသေးဘူး … အကယ်ဒမစ် အောင်မြင်မှု အများဆုံး ရထားတဲ့ အုပ်စုထဲမှာ ပါတယ်… သူ့ရဲ့ ကိုယ်ကာယ စစ်ဆေးမှု ရလဒ်တွေကလည်း တအား ပြောင်မြှောက်လွန်းတယ်… ဒီတော့ နင့်ကိုယ်နင် သူနဲ့ သွားမပြိုင်တာ အကောင်းဆုံးပဲ ..”
ထိုစကားကြားတော့ ကျန်းဖန့် သူ့ကိုယ်သူ အနည်းငယ် အပြစ်ရှိသွားသယောင် ခံစားလိုက်ရသည်။
ကျိုးရှင်းဟောင်သည် ထိုမျှ ထူးချွန်နေသည့် ဖော်လံဖား တစ်ယောက် ဖြစ်နေလိမ့်မည်လို့ ထင်မှတ်မထားခဲ့ပါချေ။
“ စမ်းကြည့်ကြတာပေါ့ … သဘောတူပြီးပြီးဆိုမှတော့ မယှဉ်ပြိုင်ဘူးဆိုရင် မိခါနီးလေးမှ လွတ်သွားသလို ဖြစ်သွားလိမ့်မယ်…”
မလှမ်းမကမ်းတွင်တော့ ကူရိရန်နှင့် လီရှန်းဟွေ့တို့မှဦ အချင်းချင်း ကြည့်လိုက်မိကြသည်။ သို့သော် တစ်ယောက်ကမျှ ဝင်ပြီး တားဆီး ပိတ်ပင်ခြင်း မပြုပါချေ။
ဤသို့သော ယှဉ်ပြိုင်မှုတို့ကလည်း နယ်ပယ်၏ တစ်စိတ်တစ်ပိုင်း ဖြစ်ကာ အဘယ်ကြောင့် ဝင်ဟန့်တားရမည်နည်း။ ယခုလို ယှဉ်ပြိုင်မှုမှတဆင့် ၎င်းတို့၏ အရည်အချင်းများကို သိရသည်ကလည်း အခွင့်ကောင်း တစ်ခုပင်။
ကျိုးရှင်းဟိုင် အပျော်လွန်သွားခဲ့သည်။ “ မင်းဘက်က သဘောတူပြီဆိုမှတော့ အပိုစာသား ရွတ်နေတာတွေ တော်ပြီး စကြတာပေါ့ ..”
လင်းရီလည်း အချိန်ဆွဲနေခြင်း မရှိပါချေ။ နှစ်ယောက်သား ဘေးချင်းကပ် ရပ်၍ ယှဉ်ပြိုင်ရန် အဆင်သင့် ဖြစ်နေခဲ့၏။
“ သူတို့ ခြေထောက်တွေကို ထိန်းထားပေးလိုက် … ပြီးရင် ငါတို့ စရေမယ်…”
“ ငါလာမယ်…”
တင်းချောင် ထိုင်ချပြီး ကျိုးရှင်းဟိုင်၏ ခြေထောက်များအား ချုပ်ထားလိုက်၏။
“ လင်းကော … ငါ ကူညီပေးမယ်…” ကျန်းဖန့် အားတက်သရောနှင့် ကူညီပေးရန် ဟန်ပြင်သည်။
“ မလိုဘူး … မလိုဘူး … ငါ တစ်ယောက်တည်း ဖြစ်တယ်…”
ထိုစဉ် ဆံပင် အရှည်နှင့် ကောင်မလေး တစ်ယောက်မှာ ကျန်းဖန့်၏ ကျောအား ရိုက်ပုတ်၍ လင်းရီ၏ ခြေထောက်အား ထိန်းရန် ကူညီပေးလိုက်သည်။
လင်းရီ သတိပြုမိလိုက်သည်မှာ ဤမိန်းကလေးက အတော်လေး လှပြီး ရင်ဘက်ကလည်း မသေးကြောင်းကို မြင်တွေ့လိုက်ရ၏။ ဤ တစ်သုတ်ထဲတွင် အတော်လေး လှသည့် အမျိုးသမီး တစ်ယောက် အဖြစ် သတ်မှတ်နိုင်သည်။
ဤသည်ကလည်း လင်းရီ၏ စိတ်ထဲတွင် သူမအပေါ်၌ သဘောထား အမြင်တစ်ချို့ ရှိထားသောကြောင့်ပင်။ နာမည်ခေါ်စဉ်တုန်းက သူမလေး၏ နာမည်မှာ ကျန်းဇီရှင်းဟု ခေါ်ဆိုဟန်ပင်။
ကျန်းဖန့် “ ….. “
ရုပ်ချောတာနဲ့ပဲ ဒီလို အခွင့်အရေးမျိုးတောင် ရတယ်ပေါ့ …
လင်းရီနှင့် ကျိုးရှင်းဟိုင်တို့ အသီးသီး လှဲချထားပြီး ဖြစ်၏။ ကျန်းဇီရှင်းနှင့် တင်းချောင်တို့မှာ ခြေထောက်များ ထိန်းထားပေးရန် တာဝန်ယူထားပြီး သူတို့လည်း အဆင်သင့် ဖြစ်လို့နေသည်။
“ မင်းတို့ အဆင်သင့် ဖြစ်ရင် စလို့ရပြီ…”
လင်းရီ ပြောလိုက်၏။
“ ပြဿနာ မရှိဘူး … မင်း ငါအလျင်နောက် လိုက်မှီမယ်လို့ မျှော်လင့်ပါတယ်…”
နှစ်ယောက်သား အချိန်ဖြုန်းမနေတော့ဘဲ စကားဆုံးသည်နှင့် ချက်ချင်း စတင်ကြတော့၏။
ကျိုးရှင်းဟိုင်လည်း နောက်တွင် ကျန်မနေဘဲ နီးကပ်စွာ လိုက်ပါနေသည်။
လင်းရီ၏ လှုပ်ရှားမှုတို့မှာ အင်မတန် မြန်ဆန်ပေါ့ပါးနေပြီး တစ်စက္ကန့်တိုင်းကို အိပ်ထမတင် တစ်ခေါက် ပြုလုပ်နေသည်ဟု ထင်ရလုနီးပါးပင်။
ကျိုးရှင်းဟိုင် အနည်းငယ် အံအားသင့်သွားခဲ့ပြီး သူ့ကိုယ်သူ တွေးမိလိုက်သည်။ ‘ တော်တော် တက်ကြွနေတယ်ဟုတ်လား … မင်း ဒီအမြန်နှုန်းကို ဘယ်လောက် ကြာကြာ တောင့်ခံထားနိုင်မလဲ ကြည့်စမ်းဦးမယ်…’
ထိုအကြောင်းတွေးမိတော့ ကျိုးရှင်းဟိုင်၏ အမြန်နှုန်းသည်လည်း စတင် မြန်ဆန်လာပြီး လင်းရီနှင့် ထပ်တူညီလုနီးပါး ဖြစ်လို့လာသည်။
ယခု အခြေအနေတွင်တော့ အမှတ်စဉ် ရေတွက်ရန်ပင် မလိုအပ်တော့ပေ။ အဘယ်ကြောင့်ဆိုသော် နှစ်ယောက်လုံးက တစ်ပြိုင်တည်းနီးပါး ဖြစ်နေသောကြောင့် အမှတ်စဉ်သည်လည်း တူညီနေမှာ ဖြစ်သောကြောင့်ပင်။
ထိုသို့ ဒါဇင်နှင့်ချီအောင် ပြုလုပ်ပြီးသည့်နောက်တွင် လင်းရီ၏ အမူအရာမှာ အနည်းငယ် သဘာဝမကျ ဖြစ်လာသည်။
မူလတုန်းက သူ တောင့်ခံထားချင်သော်လည်း အမှတ်စဉ် ၁၀၀ သို့ ရောက်သည့်အခါတွင် သူဆက်ပြီး တောင့်မခံနိုင်တော့ချေ။
သူ ထလာသည့် အချိန်အကန့်အသတ်ကို အခွင့်ကောင်းယူ၍ လင်းရီ တီးတိုးပြောလိုက်လေသည်။
“ မင်း …”
“ အနား …”
“ တိုးမလာနဲ့ …”
“ အဲ့တာက … “
“ ငါ့မျက်နှာ …”
“ ဝင်တော့မယ်…”
အကယ်၍ တစ်စုံတစ်ယောက်က ကိုယ်တိုင်ကိုယ်ကျ ကြုံတွေ့ဖူးသည့် အတွေ့အကြုံ မရှိဘူးဆိုပါက စိတ်ကူးယဉ်နိုင်ရန် အတော်လေး ခက်ခဲလှသည်။
ကျန်းဇီရှင်း၏ အရွယ်အစားက ယူနီဖောင်းကိုပင် ဖောင်းကားထွက်နေသည်။
လင်းရီ လှဲနေရာမှ ထလာသည့်အခါတိုင်း သူတို့ကြားရှိ အကွာအဝေးက ငါးစင်တီမီတာမျှလောက်သာ ဝေးကွာတော့သည်။ ဤသည်က ဝေးကွာသည်ဟုပင် သတ်မှတ်၍ မရတော့ချေ။
အကယ်၍ သူ့ဘက်က ထိုမျှ အကွာအဝေး အတိုင်းအတာထိ ရောက်အောင် မပြုဘူးဆိုလျှင်လည်း စံချိန်စံနှုန်းနှင့် မကိုက်ညီဟု ဆိုကာ ပြစ်တင် ဝေဖန်ခံရဦးပေမည်။
ထို့ကြောင့် ကျန်းဇီရှင်းအား ဤသို့ သတိပေးရန်သာ တတ်နိုင်တော့၏။
စစချင်းတုန်းကတော့ ကျန်းဇီရှင်း သဘောပေါက်မသော်လည်း သူမ၏ ခေါင်းကို ငုံ့ကြည့်လိုက်သည့်အခါတွင်တော့ ချက်ချင်း နားလည်သွားခဲ့တော့သည်။
“ အိုက်ယား အိုက်ယား … ငါ စောနက သတိမထားမိဘူး ဖြစ်သွားတယ်…” ကျန်းဇီရှင်း ပြုံးလျက် ဆိုလိုက်ပြီး “ ဒါပေမယ့် ဒါက နင့်ကို မိုတီပေးနိုင်တယ်လေ… ကြိုးစားထား …”
ထိုသို့ ပြောပြီးနောက် ကျန်းဇီရှင်းမှာ သူမ၏ အတွေးထဲတွင် တိတ်တဆိတ် စိတ်ကူးယဉ်မိ၏။
လင်းရီရဲ့ ထိတွေ့တာကို ခံရတာက ဘယ်လို ခံစားချက်မျိုး ဖြစ်လောက်မလဲ …
ထိုစဉ် ဘေးတွင် ရပ်ကြည့်နေသည့် လီရှန်းဟွေ့မှ
“ နှစ်ယောက်လုံးက မဆိုးဘူးပဲ … အခေါက်ရေ ၁၀၀ ကျော်နေပြီကို နဂို အရှိန်အတိုင်း ဆက်သွားနေနိုင်တုန်းပဲ … ဘယ်သူနိုင်မယ်လို့ ထင်လဲ …”
“ ကျိုးရှင်းဟိုင်ပဲပေါ့ …” ကူရိရန် ပြောလိုက်ပြီး “ ဟိုတစ်ယောက်က သူ့ပုံစံ ကြည့်တာနဲ့ အကုန်လုံးက ဗန်းပြပဲ ရှိပြီး သက်လုံ မရှိဘူးဆိုတာ ပြောနိုင်တယ်… ကြန့်ကြန့်ခံနိုင်မှာ မဟုတ်ဘူး .. သူက ဒီတိုင်း ပေါက်ကွဲနိုင်စွမ်းအား ပိုရှိသွားရုံလေးပဲ …”
လီရှန်းဟွေ့ သူ့ကိုယ်သူ ဤမေးခွန်းအား သွားမေးမိသည်မှာ တော်တော်လေး ပိန်းရာကျသည်ဟု ခံစားလိုက်ရ၏။
ငါးမိနစ်ခန့်ကြာသော် နှစ်ယောက်သား အိပ်ထမတင် ၂၀၀ ကျော် ပြုလုပ်ထားပြီး ဖြစ်လေသည်။
လင်းရီ၏ အရှိန်နှုန်းမှာ စတင် ပြုလုပ်သည့် အချိန်ကထက် အနည်းငယ်သာလျှင် နှေးကွေးပြီး အကယ်၍ အသေးစိတ် အာရုံမစိုက်မိဘူးဆိုပါက သတိပြုရန်ပင် ခက်ခဲလောက်သည်။ သူ၏ သွင်ပြင်မှာ ချွေးတစ်ပေါက်ပင် ထွက်မနေချေ။
ကျိုးရှင်းဟိုင်မှာတော့ အတော်လေး လဲပြိုနေပြီ ဖြစ်၏။ အခေါက်ရေ ၂၀၀ ကျော်အောင် ပြုလုပ်ပြီးသည့် နောက်တွင် သူ့စိတ်ထဲ အကန့်အသတ်ကို စတင်ခံစားရလာသည်။
ဘေးရှိ လင်းရီ၏ အရှိန်နှုန်းကို မြင်တော့ သူ့စိတ်ထဲ ကျိန်ဆဲလိုက်မိသည်။
အခေါက်ရေ ၂၀၀ ကျော်နေပြီကို ဒီအရှိန်နဲ့ ဆက်လုပ်နိုင်သေးတယ်ဆိုတော့ ဒီကောင်က ဘာကောင်တုန်းဟ …
ပရော်ဖက်ရှင်နယ် ထရိန်နာတွေဆိုရင်တောင် ဒီလို ပေါက်ကွဲအားနဲ့ ခံနိုင်ရည် သက်လုံရှိဖို့ဆိုတာ မဖြစ်နိုင်တဲ့ အရာလေ…
တဖြည်းဖြည်းချင်း …. ကျိုးရှင်းဟိုင်၏ လှုပ်ရှားမှုတို့မှာ နှေးကွေးလာခဲ့သည်။
သူ အံကြိတ်၍ ကြိုးစားနေပါသော်လည်း လင်းရီ၏ အလျင်ကို လိုက်မမှီနိုင်ချေ။
အဆုံး၌ သူ တစ်ခေါက် ရသည်တွင် လင်းရီက သုံးခေါက် ရသည်အထိ ဖြစ်လာခဲ့တော့၏။
“ ဘုရားရေ … လင်းရီက တအား တော်တာပဲ … သူ့ အမြန်နှုန်းက ကျိုးရှင်းဟိုင်ကိုတောင် ဖိနှိပ်နိုင်သွားပြီ…”
“ ဒီနှုန်းအတိုင်းသာဆိုရင် သူပဲနိုင်မှာ သေချာတယ်…”
“ သူ့ခါးနဲ့ ဝမ်းဗိုက်က သိပ်သန်မာတာပဲ … သူ့ကောင်မလေး ဖြစ်တဲ့သူကတော့ ဘယ်လောက်တောင် ကံကောင်းလိုက်မလဲ မသိဘူး … ဟိဟိ ”
“ လင်းရီ … ကြိုးစားထား …”
“ လင်းရီ … ကြိုးစားထား …”
ဘေးတွင် ရှိနေကြသည့် မိန်းကလေးတို့မှ သူမတို့ဆက်ကြည့်လေလေ ပိုပြီး စိတ်အားတက်ကြွလာလေလေ ဖြစ်လာခဲ့၏။ သူမတို့တွေ ဒီအတိုင်း ရပ်မကြည့်နေနိုင်တော့ဘဲ လင်းရီအတွက် အသံထွက် အားပေးလာသည်အထိပင် ဖြစ်လာခဲ့တော့သည်။
ဤသည်က ကျိုးရှင်းဟိုင်ကိုသာလျှင် ဒေါသ ဖြစ်သွားစေသည်။
သို့တိုင်အောင် သူ၏ ခွန်အားများ အားလုံးကို ညှစ်ထုတ်ထားစေကာမူ လင်းရီ၏ အမြန်နှုန်းအား လိုက်မမှီနိုင်အောင် ဖြစ်နေရသည်။
သူ၏ အသက်ရှူသံ စည်းချက်တို့ကလည်း မူမမှန်လာတော့ဘဲ ထလာသည့် အခါတိုင်း ဝမ်းဗိုက်ကြွက်သားတို့မှာ ဆုတ်ဖြဲခံနေရသည့်နှယ် နာကျင်လာတော့သည်။
၎င်းကြောင့်ပဲ ကျိုးရှင်းဟိုင်၏ လှုပ်ရှားမှု အမြန်နှုန်းမှာ နှေးကွေးသထက် နှေးကွေးလာလေသည်။
အခေါက်ရေ ၃၂၂ ကို ရောက်သည့်အခါတွင်တော့ မြေပြင်သို့ လုံးဝ ပစ်လဲကျသွားခဲ့တော့၏။
သူ မည်သို့ပင် ကြိုးစားရုန်းကန်ခဲ့စေကာမူ လုံးဝ ပြန်ထနိုင်ခြင်း မရှိတော့ချေ။