← Chapters

အခန်း (၉၂၆-ခ)

Vol. 63 Ch. 926-B

အခန်း (၉၂၆-ခ)

Vol. 63 Ch. 926-B

ယနေ့မှာတော့ ပြိုင်စံရှားဂိုဏ်း၏ ဖမ်းယူခြင်းကို ခံခဲ့ရသော တိုင်လုသည် အပြင်ဘက်သို့ ပြန်လည်ထွက်ခွာ သွားခဲ့တော့သည်။ သူ၏ စကားအရဆိုလျှင် သူသည် ဘဝတစ်သက်တာအတွင်း ဘယ်သောအခါမှ နောင်တရမည်မဟုတ်ချေ။

“ဂိုဏ်းချုပ်”

ကျန့်ရာက ဇဝေဇဝါ ဖြစ်သွားသည်။ “သူ့ကို ဒီလိုပဲ လွတ်ပေးလိုက်တော့မှာလား”

“အားလုံးဆီမှာ ကိုယ်ပိုင်အတွေးအခေါ်မျိုး ရှိတယ်လေ၊ သူတို့ကို အတင်း တွန်းအားပေးလို့ မဖြစ်ဘူး”

ကျွင်းချောင်ရှောင်း၏ မျက်နှာသည် တည်ငြိမ်လျက်ရှိနေသည်။ သို့ပေမဲ့ သူသည် စိတ်ထဲမှာတော့ အော်ဟစ်လျက် ရှိနေသည်။ အရသာရှိတဲ့ အစားအစာတွေကလည်း သူ့ကို ပြိုလဲအောင် မလုပ်နိုင်ဘူး၊ ပြန်လည်ကောင်းမွန်ခြင်း ဆေးလုံးကလည်း မလုပ်နိုင်ဘူး၊ ဒီကောင်က တကယ့်ကို နတ်ဆိုးတစ်ကောင်လိုပဲလား။

ပထမတုန်းက တစ်ဖက်လူအား အစားအစာများကို ကျွေးမွေးပြီး ဂိုဏ်းတွင် နေထိုင်ချင်စိတ်ရှိအောင် ပြုမူဖန်တီးခဲ့ခြင်းပင် ဖြစ်တော့သည်။ သို့ပေမဲ့ အဆုံးသတ်မှာတော့ အကျိုးသက်ရောက်မှု မရှိခဲ့ချေ။

စနစ်က စောဒက တက်လိုက်တော့၏။ “နောက်ဆုံးမှာတော့ ပြိုင်စံရှားဂိုဏ်းရဲ့ အစားအသောက်ကို လွန်ဆန်နိုင်တဲ့လူတစ်ယောက် ပေါ်လာပြီပေါ့”

...........

တိုင်လုသည် တကယ်ပင် ထွက်ခွာသွားခဲ့တော့သည်။ သူသည် အရသာရှိသော အစားအစာများနှင့် သိမ်းသွင်း၍ ရနိုင်သည့်လူတစ်ယောက်မဟုတ်သလို ပြန်လည်ကောင်းမွန်ခြင်းဆေးလုံးများနှင့် သိမ်းသွင်း၍ ရနိုင်သည့်လူ တစ်ယောက်လည်း မဟုတ်ခဲ့ချေ။ အစစ်အမှန် ယောက်ျားတစ်ယောက်သာ ဖြစ်တော့သည်။ သူသည် ကျွင်းချောင်ရှောင်း စီစဉ်ထားသည့် အကြောင်းအရာများအား လိုက်ပါ ပြုမူတက်သည့် လူတစ်ယောက် မဟုတ်ချေ။

ကျွင်းချောင်ရှောင်းမှာတော့ တစ်ဖက်လူအား ဂရုမစိုက်လှချေ။ ဤကောင်လေး ကိုယ်ထဲတွင် ရှိနေသော ဝိညာဉ်မျိုးနွယ်ကို သူသည် စုပ်ယူခဲ့ပြီးပြီ ဖြစ်သည်။ ထို့ကြောင့် အနာဂတ်တွင် ဖြစ်ပေါ်လာနိုင်သည့် အန္တရာယ်သည် ပြီးဆုံးသွားခဲ့ပြီ ဖြစ်တော့သည်။ သို့ပေမဲ့ တိုင်လုသည် ငယ်ရွယ်လွန်းလှသော သိုင်းအုပ်စိုးသူ တစ်ယောက်ဖြစ်သည်။ ယခုကဲ့သို့ လွှတ်ပေးလိုက်ရသည်ဆိုသည်မှာ သနားစရာကောင်းမွန်လွန်းလှ၏။

“ဒါဆိုရင် ဘာလို့ ရီရှင်းချန်ကို လွှတ်ပြီး မဖမ်းခိုင်းရတာလဲ”

လက်ခံသူ အနေနှင့် မလွတ်ပေးချင်သည်ကို ကောင်းကောင်းသိ၏။ ထို့ကြောင့် စနစ်က စကားဦးသမ်းလိုက်ခြင်းပင် ဖြစ်တော့သည်။ “လက်ခံသူ အနေနဲ့ အရှက်မဲ့တာတွေ၊ အရှက်မမဲ့တာတွေကို စဉ်းစားဖို့ လိုသေးလို့လား၊ လုပ်ချင်တာကို လုပ်တာပဲ မဟုတ်ဘူးလား”

ကျွင်းချောင်ရှောင်းသည် မေးစေ့ကို ပွတ်သပ်ကာ ပြောလိုက်၏။ “ဒါလည်း ဟုတ်တာပဲ၊ ရှင်းချန်... ခုနက ပျံသန်းပြီး ထွက်သွားတဲ့လူကို ပြန်ဖမ်းလာခဲ့၊ သူက သေသေချာချာ လိုက်မလာဘူး၊ ရုန်းကန်နေမယ်ဆိုရင် ရိုက်နှက်ခဲ့တော့”

ဝှစ်

ရီရှင်းချန်သည် အလင်းတန်းကဲ့သို့ပင် အပြင်ဘက်သို့ ပြေးထွက်သွားခဲ့တော့သည်။

စနစ် “တောင်းပန်ပါတယ်၊ ငါ မြှောက်ပေးလိုက်မိတာပါ”

...............

ပြိုင်စံရှားဂိုဏ်း၏ အစားအစာနှင့် ဆေးလုံး၏ အကျိုးသက်ရောက်မှုကို ဖြတ်ကျော်ခဲ့သော တိုင်လုသည် အပြင်ဘက်သို့ ထွက်ခွာလာခဲ့သည်။ သူ၏ မျက်လုံးထဲတွင်တော့ မယုံကြည်နိုင်မှုများနှင့် ပြည့်နှက်လျက် ရှိနေသေး၏။

“ကျွင်းချောင်ရှောင်း”

တိုင်လုသည် လက်သီးကို ကျစ်ကျစ်ပါအောင်ဆုပ်ကာ အော်လိုက်တော့၏။ “ဒီအတွက် ကျေးဇူးတင်နေမယ်လို့ ထင်လား၊ ကျုပ်က မကြာခင်မှာ ဖျက်ဆီးခံလိုက်ရတဲ့ စိတ်ဝိညာဉ်စမ်းချောင်းဂိုဏ်းအတွက် လာပြီးတော့ လက်စားချေမယ်”

သူ၏ အသံသည် ကောင်းကင်ယံတစ်ခုလုံးသို့ ပျံ့နှံ့သွားခဲ့တော့သည်။

ဝှစ်

ထိုအချိန်မှာပဲ ရီရှင်းချန်သည် သူ့အနားသို့ ရောက်ရှိလာခဲ့တော့သည်။ ၎င်းသည် ထူးမခြားနားသလို ပြောလိုက်တော့၏။ “အမှိုက်”

“ရီရှင်းချန်” သူ့အနောက်သို့ တစ်ဖက်လူ လိုက်လာသည်ကို မြင်တော့ တိုင်လု၏ မျက်လုံးထဲတွင် ဒေါသတရားများနှင့် ပြည့်နှက်လာသည်။

ဝှစ် ဝှစ်

ချက်ချင်းပဲ တိုင်လု၏ သိုင်းအုပ်စိုးသူ ပထမအဆင့် ကျင့်ကြံခြင်းသည် အပြည့်အဝထွက်ပေါ်လာခဲ့တော့သည်။ ၎င်းအနေနှင့် ဝါးမြိုခြင်းစွမ်းရည်၏ ထောက်ပံ့မှုမရှိတော့ဘူးဆိုသော်လည်း အလွန် အားကောင်းလှသည့် သိုင်းအုပ်စိုးသူ တစ်ယောက်အဖြစ်တော့ ရှိနေသေး၏။

ရီရှင်းချန်သည် အံ့အားတသင့်ဖြင့် ပြေလိုက်၏။ “မင်းက သိုင်းအုပ်စိုးသူ အဆင့်ကိုတောင် ချိုးဖြတ် ရောက်ရှိသွားတာကိုး”

“သေစမ်း” တိုင်လုသည် ဒေါသတကြီးဖြင့် အော်ဟစ်လိုက်သည်။ သူ၏ ခန္ဓာကိုယ်ထဲတွင် ကြောက်မက်ဖွယ်ရာ ကောင်းလှသော ဒေါသတရားများ ပျံ့နှံ့လျက်ရှိနေ၏။ ထိုအရာများသည် သူ့အား ခြင်္သေ့ တစ်ကောင်ကဲ့သို့ပင် ဖြစ်စေတော့သည်။

သို့ပေမဲ့ ရီရှင်းချန်သည် အသာရှောင်တိမ်းလိုက်၏။ ပြီးသည့်နောက် လက်တစ်ဖက်ကို ယမ်းခါကာ ရိုက်နှက်လိုက်၏။

ဘန်း …။

မြေပြင်တစ်ခုလုံး ကွဲအက်သွားပြီး ဖုန်များသည် တလိပ်လိပ် တက်လာ တော့သည်။ ရီရှင်းချန်သည် ခြောက်ပေခန့်နက်သော တွင်းကြီးဆီသို့ ခုန်ဆင်းလိုက်ပြီးနောက် တွင်းထဲ၌ အသာလဲလျက်ရှိသော တိုင်လုအား ခြေထောက်မှ ဆွဲယူလိုက်၏။ “မင်း သိုင်းအုပ်စိုးသူတစ်ယောက် ဖြစ်သွားပြီ ဆိုရင်တောင်မှ ငါ့ရှေ့မှာတော့ အမှိုက်က အမှိုက်ပဲ”

“မင်း”

ဝေါ့

တိုင်လုသည် သွေးများအန်ထွက်လာတော့၏။ သူ၏လက်နှစ်ဖက်တွင်တော့ မြေဆီမြေခဲများကို တင်းတင်းပါအောင် ဆုပ်ကိုင်ထား၏။ ဤအတောအတွင်း သူသည် အရှေ့တောင်အရပ်တွင် ရှိသော ပန်းပင်များ၊ သစ်ပင်များကို စုပ်ယူ၍ ကျင့်ကြံခဲ့တော့သည်။ သိုင်းအုပ်စိုးသူအဆင့်ကို ချိုးဖြတ်ပြီးသည့်နောက်မှာတော့ တစ်ဖက်လူအား ခြေထောက်အောက်တွင် နင်းချေ၍ အားရပါးရ တိုက်ခိုက်နိုင်လိမ့်မည်ဟု ထင်မှတ်ခဲ့သည်။ သို့ပေမဲ့ တကယ်တမ်းမှာတော့ သူသည် ရှုံးနိမ့်ခဲ့ပြန်သေးသည်။ သူသည် အပြင်းအထန် အလုပ်ကြိုးစားခဲ့၏။ သို့ပေမဲ့ အဘယ်ကြောင့် အနိုင်မယူ နိုင်ခဲ့သနည်း။

ကံကြမ္မာကိုပဲ အပြစ်တင်ရပေလိမ့်မည်။ ရီရှင်းချန်သည် သူ့အား ရံဖန်ရံခါဆိုသလို ရောက်ရှိလာပြီး နှိပ်စက်ရိုက်နှက်တက်သည့် အကျင့်များကို ပြန်လည်စဉ်းစားပြီးသည့် နောက်မှာတော့ တိုင်လုသည် မျက်ရည်များပင် ကျလာခဲ့တော့သည်။ သူသည် ကလေးတစ်ယောက်ကဲ့သို့ပင် ငိုယိုမိနေသည်။

.............

ဘုတ်

သိုင်းလေ့ကျင့်ရေးကွင်းပြင်ထဲမှာတော့ တိုင်လုသည် အောက်ကိုပစ်ချခြင်းကို ခံလိုက်ရ၏။ ကျွင်းချောင်ရှောင်းသည် အနားသို့ လျှောက်လာပြီး ပြောလိုက်၏။ “ကျုပ်တို့ ထပ်ပြီး တွေ့ကြပြန်ပြီ”

တိုင်လုသည် ဒေါသတကြီးဖြင့် အော်ဟစ်လိုက်၏။ “ပြောတော့ လွတ်ပေးမှာဆို၊ ဘာလို့ ထပ်ပြီးဖမ်းခိုင်းရတာလဲ”

ကျွင်းချောင်ရှောင်းက ပြောလိုက်သည်။ “ငါ မင်းကို လွှတ်ပေးလိုက်တယ်လေ၊ ဒါပေမဲ့ မင်းကိုယ်မင်းမှ ဂရုမစိုက်တာ၊ ငါ့တပည့်တွေရဲ့ ဖမ်းဆီးခြင်းကို ခံလိုက်ရတာ ဘယ်သူ့ကို အပြစ်တင်နေတာလဲ”

“..........”

တိုင်လုသည် မြေပေါ်တွင် ပက်လက်လန်ကာ လဲကျသွားတော့သည်။ သူ၏ ခန္ဓာကိုယ်တစ်ခုလုံးတွင် အားအင်များ မရှိတော့ချေ။

“သတ်မယ်ဆိုရင်လည်းသတ်၊ နှိပ်စက်မယ်ဆိုရင်လည်း နှိပ်စက် ကြိုက်သလိုသာလုပ်တော့” တစ်ဖက်လူသည် သူ့အား ထွက်ခွာခွင့်ပေးရန် ရည်ရွယ်ချက် မရှိကြောင်း သိရှိပြီးသည့်နောက်မှာတော့ သူသည် အဆုံးစွန်အထိ စိတ်ကို လျော့လိုက်ပြီ ဖြစ်တော့သည်။

“ကောင်လေး ငါမင်းကို အခွင့်အရေးနှစ်ခုပေးမယ်၊ ပြိုင်စံရှားဂိုဏ်းကို ဝင်မလား၊ ဒါမှမဟုတ် ဒူဒူနဲ့ အတူတူ ထောင်ထဲမှာ နေမလား” ကျွင်းချောင်ရှောင်း မေးလိုက်၏။

တိုင်လုသည် ဆုံးဖြတ်ချက်ခိုင်မာစွာဖြင့် ပြောလိုက်သည်။ “ကျုပ် ရန်သူရဲ့ ဂိုဏ်းထဲကို ဘယ်တော့မှ မဝင်ဘူး၊ ဘယ်တော့မှ”

ကျွီ

ဘုတ်

ပြောင်ရှင်းနေသည့် ပန်းကန်အား လျှာဖြင့် လျက်လျှက်ရှိသော ကျိုးဒူဒူသည် တိုင်လုတစ်ယောက် အကျဉ်းထောင်ထဲသို့ ပစ်လွှတ်ခြင်း ခံလိုက်ရသည်ကို မြင်လိုက်ရတော့၏။ သူသည် စိတ်ဓာတ်တကျဖြင့် ပြောလိုက်၏။ “အစ်ကိုကြီး ခင်ဗျားဘာလို့ ဒီလောက်ပြောင်ရှင်းနေအောင် စားထားရတာလဲ၊ ကျုပ်အတွက် ဆီလေး တစ်စက်တောင် ချန်မထားဘူး”

“သေသေချာချာ စဉ်းစား၊ ပြိုင်စံရှားဂိုဏ်းက မင်းကို အမြဲတမ်း ကြိုဆိုနေတယ်” ကျွင်းချောင်ရှောင်း၏ အသံသည် အပြင်ဘက်ဆီမှ ထွက်ပေါ်လာ၏။

ကျိုးဒူဒူက အော်ဟစ်လိုက်သည်။ “ဂိုဏ်းချုပ်ကျွင်း ကျုပ်စဉ်းစားပြီးပါပြီ ကျုပ် ပြိုင်စံရှားဂိုဏ်းထဲကို ဝင်ပါ့မယ်၊ ခင်ဗျား အတွက် အလုပ် လုပ်ပေးပါ့မယ်”

ကျွင်းချောင်ရှောင်းသည် ကျိုးဒူဒူအား လျစ်လျှူရှုပြီးသည့်နောက်မှာတော့ နဂါးဦးခေါင်း တောင်တန်းဆီသို့ ပြန်လာခဲ့လိုက်တော့သည်။

လမ်းတလျှောက်မှာတော့ စနစ်က ပြောလိုက်သည်။ “ဒီတိုင်လုက တကယ့်ကို စိတ်ဓာတ်ခိုင်မာတာပဲ၊ ဘယ်လိုပဲလုပ်လုပ် အလျော့ပေးချင်စိတ် မရှိဘူး၊ လက်ခံသူ အနေနဲ့ ဘာလို့ သူ့ကို ဖမ်းချုပ်ထားတာလဲ”

“သူ့ကိုယ်ထဲမှာ ဝိညာဉ်မျိုးနွယ် နေထိုင်နိုင်တာ တစ်ခုတည်းနဲ့ တခြားသူတွေထက် ထူးခြားနေပြီလေ၊ ငါ သူ့ကို သတ်လို့မရဘူး၊ ဖမ်းထားရမယ်၊ အခွင့်အရေးရရင် သူ့ကို လိမ်မာယဉ်ကျေးအောင် ပြုလုပ်ထားရမယ်” ကျွင်းချောင်ရှောင်းက ပြောလိုက်သည်။

စာကြည့်ခန်းထဲသို့ ပြန်လည် ရောက်ရှိပြီးနောက် ကျွင်းချောင်ရှောင်းသည် ငါးရက်သာ ကျန်တော့သော သားဖောက်စက်ကြီးအား တစ်ချက် ကြည့်ရှုလိုက်တော့သည်။ ပြီးနောက် တီးတိုး ရေရွတ်လိုက်၏။ “ငါ အခု နည်းနည်း စိတ်ပူနေပြီ၊ ကြယ်ကြွေကုန်းမြေတိုက်ကြီးရဲ့ ကျင့်ကြံသူတွေရဲ့ ခန္ဓာကိုယ်ထဲမှာ ဝိညာဉ်မျိုးနွယ်တွေ ရှိနေသးတယ်လေ”

“ဂိုဏ်းချုပ်”

လီလိုရှုသည် အထဲသို့ လျှောက်ဝင်လာပြီးနောက် ပြောလိုက်သည်။ “အရှေ့လွင်ပြင်မှာရှိတဲ့ အဆင့်ခြောက်ဂိုဏ်းလေးဂိုဏ်းနဲ့ အဆင့်ငါးဂိုဏ်းတစ်ဂိုဏ်းတို့က တစ်ညအတွင်းမှာ ရှင်းလင်းခြင်း ခံလိုက်ရတယ်”

“ဘယ်သူတွေ လုပ်လိုက်တာလဲ” ကျွင်းချောင်ရှောင်းက မေးလိုက်သည်။ တစ်ချိန်တည်းမှာပဲ ဂိုဏ်းအများအပြား ရှင်းလင်းခြင်း ခံလိုက်ရသည်ဆိုသော သတင်းသည် အလွန်ရှားပါးသော ကိစ္စဖြစ်သည်။

လီလိုရှုက ပြောလိုက်၏။ “ဂိုဏ်းက သတင်းပေးပို့သူတွေရဲ့ ပြောဆိုချက် အရဆိုရင် အမဲရောင်ဝတ်စုံနဲ့ မျက်နှာဖုံးစွပ်လူတွေ”

“အမဲရောင်ဝတ်စုံနဲ့ မျက်နှာဖုံးစွပ်လူတွေ ဟုတ်လား” ကျွင်းချောင်ရှောင်းသည် အလွန်ဆန်းကြယ်လှသော အဖွဲ့အစည်း တစ်ခုကို ချက်ချင်းပဲ သတိရလိုက်မိသည်။ ၎င်းသည် အမှောင်ဂိုဏ်းမှ ဖြစ်ပုံပေါ်သည်။

“ကျုပ် မာဘယ်တောထဲကို သွားပြီးကတည်းက ဒီဆန်းကြယ်တဲ့ဂိုဏ်းက တစ်ခါမှ ပေါ်မလာခဲ့ဘူး၊ ငါစဉ်းစားတာက ငါတို့နဲ့ သူ ရန်သူ မဖြစ်ချင်ဘူးလို့ ထင်ထားတာ”

“ရှောင်မိုကလည်း သတင်းပို့လိုက်တယ်၊ ထိုက်ရွမ် အအေးဂိုဏ်းက လက်ရှိအချိန်မှာ နတ်ဆိုး အကြွင်းအကျန်တွေနဲ့ တိုက်ခိုက်နေကြတယ်တဲ့” လီလိုရှုက ပြောလိုက်သည်။

ကျွင်းချောင်ရှောင်းသည် ထိုအရာကို လစ်လျှုရှုထား၏။ ထိုအစား မေးလိုက်သည်။ “ငါတို့ရဲ့ အဆက်အသွယ်တွေ အမှောင်ဂိုဏ်းအကြောင်းကို စုံစမ်းဖို့ သတိပေးထားသေးလား”

“ဒါက”

လီလိုရှုက ပြောလိုက်သည်။ “ဒါက နည်းနည်းခက်တယ်”

အမဲရောင်ဝတ်စုံနှင့် မျက်နှာဖုံးဝတ်ဆင်သော လူများသည် သိုဝှက်တတ်သူများ ဖြစ်ကြ၏။ သူတို့၏ ထောက်ပံ့ရေး သတင်းအချက်အလက် ကွန်ယက်သည် တစ်ဖက်လူများအား လွှမ်းခြုံနိုင်ခြင်း မရှိကြချေ။

“ဂိုဏ်းချုပ်”

ထိုအချိန်မှာပဲ ကျန့်ရာသည် စာကြည့်ခန်းထဲသို့ လျှောက်ဝင်လာသည်။ “ကျွန်တော် ခွင့်ယူချင်တယ်”

ကျွင်းချောင်ရှောင်း၏ မျက်လုံးများသည် လင်းလက်သွား၏။ ဤအကြီးအကဲကြီးသည် ယွမ်စိတ်ဝိညာဉ် ခန္ဓာကိုယ်ကို ပိုင်ဆိုင်၏။ ထို့ကြောင့် အဆင့်မြင့် အစီအရင်များကို ဖောက်ထွင်း၍ လွယ်လွယ်ကူကူနှင့် ဖောက်ထွင်း ကြည့်ရှုနိုင်စွမ်းရှိသည်။ ထို့ကြောင့် အမဲရောင်ဝတ်စုံနှင့် မျက်နှာဖုံးတပ်လူများကို ရှာဖွေစုံစမ်းရန် ဆိုသည်မှာ ပြဿနာတစ်ခု မဟုတ်ချေ။ ထို့ပြင် သူလျှိုများ စေလွှတ်၍ စုံစမ်းသည်ထက် ပိုမို၍ လုံခြုံသေး၏။

“အကြီးအကဲကျန့်က အပြင်ကို ထွက်ပြီးတော့ မိသားစုကို ရှာချင်တာလား”

“ဟုတ်ပါတယ်”

“ကောင်းပြီ”

ကျွင်းချောင်ရှောင်းက ပြောလိုက်သည်။ “ဒါပေမဲ့ မိသားစုကို ရှာဖွေနေတုန်းမှာ အမဲရောင်ဝတ်စုံနဲ့ မျက်နှာဖုံးစွပ်လူတွေကို အာရုံစိုက်ပြီးတော့ ကြည့်အုံး၊ သူတို့ရဲ့ ဌာနချုပ်ကို ရှာဖွေနိုင်ရင် ပိုကောင်းတယ်”

“ကောင်းပါပြီ” ကျန့်ရာသည် ဂိုဏ်းချုပ် မှာကြားသည်ကို လက်ခံလိုက်၏။ လက်ရှိအခြေအနေမှာတော့ သူသည် ယွမ်စိတ်ဝိညာဉ် ခန္ဓာကိုယ်ကို ပိုမိုကာ နားလည်လာခဲ့ပြီ ဖြစ်သည်။ ထို့ကြောင့် သူ့ညီမကို ရှာဖွေရန် အပြင်ဘက်သို့ ထွက်သွားရန် စီစဉ်နေခြင်းပင် ဖြစ်တော့၏။

ကြယ်ကြွေကုန်းမြေတိုက်ကြီးသည် အလွန်ကျယ်ပြော ကြီးမားလွန်းလှ၏။ စီရင်စုကြီး ကိုးခုတောင်ရှိ၏။ ထို့ကြောင့် အချိန်တစ်ခု ယူရမည် ဖြစ်ပေတော့သည်။ ထိုအတောအတွင်း အမှောင်ဂိုဏ်းကို စုံစမ်းခြင်းကလည်း မကောင်းသည့် အကြံအစည်တော့ မဟုတ်ချေ။

နောက်တစ်ရက်မှာတော့ ကျန့်ရာသည် အဆင်သင့် ဖြစ်နေပြီဖြစ်သည်။ သူ ထွက်ခွာသွားခါနီးမှာလဲ လီချင်းယန်သည် အနားသို့ ရောက်ရှိလာပြီးနောက် ပြောလိုက်သည်။ “အကြီးအကဲကျန်း…. အပြင်ကို ရောက်နေတုန်း တစ်စုံတစ်ယောက်ကို ကူညီပြီးတော့ ရှာပေးနိုင်မလား”

“ဘယ်သူလဲ”

လီချင်းယန်သည် စာရွက်အပိုင်းအစတစ်ခုကို ကမ်းပေးလိုက်၏။ “သူမရဲ့ နာမည်နဲ့ နေတက်ထိုင်တက်တဲ့ နေရာတွေကိုပါ ဒီမှာ ရေးပေးထားတယ်”

“ဒါပဲလား”

ကျန့်ရာသည် စာရွက်ပေါ်တွင် ရေးသားထားသော နာမည်ကို တစ်ချက်ကြည့်လိုက်၏။ “မင်းက မိန်းကလေးတစ်ယောက်ကို ရှာနေတာလား”

“ဟုတ်ပါတယ်”

“ဒါဆို ဒီကိစ္စ ငါ့အတွက် ထားလိုက်တော့”

“ဒါက”

လီချင်းယန်က ပြောလိုက်သည်။ “သူ ဘယ်မှာနေနေတယ်ဆိုတာ ရှာပေးဖို့ပဲ လိုတာပါ။ ဘာမှ လုပ်ဖို့ မလိုဘူး”

ကျန့်ရာသည် အသာခေါင်းညိတ်ပြီးသည့်နောက်မှာတော့ ပြိုင်စံရှားဂိုဏ်းထဲမှ လှမ်းထွက်သွားတော့သည်။ တစ်ဖက်လူ ပျောက်ကွယ်သွားသည်ကို အသာလှမ်းကြည့်ပြီးသည့်နောက် လီချင်းယန်သည် မျက်နှာလွှဲကာဖြင့် နောက်ဘက်သို့ လှည့်လိုက်သည်။ ထိုအချိန်မှာပဲ သူ၏ မြင်ကွင်းထဲသို့ ကြီးမားလှသည့် မျက်နှာကြီးတစ်ခု ဝင်လာတော့သည်။ အလန့်တကြားဖြင့် နောက်သို့ဆုတ်ကာ ပြောလိုက်၏။ “ဂိုဏ်းချုပ် ဘယ်လိုလုပ် ရောက်နေတာလဲ”

ကျွင်းချောင်ရှောင်းသည် လက်နှစ်ဖက်ကို နောက်ပစ်ကာ ပြောလိုက်၏ “မင်းသူ့ကို လွမ်းနေတယ်ဆိုလည်း သွားရှာလေ၊ ဘာလို့ ပျင်းရိစရာကောင်းတဲ့ ကိစ္စတွေ လုပ်နေတာလဲ”

လီချင်းယန်သည် နာနာကျင်ကျင်နှင့် ပြောလိုက်၏။ “သူမက ကျွန်တော့ကို ရှောင်နေတယ်လေ၊ သွားရှာမယ်ဆိုရင် အဝေးကို ထွက်ပြေးသွားဖို့ပဲ ရှိတော့မယ်”

“အင်း”

ကျွင်းချောင်ရှောင်းက ပြောလိုက်သည်။ “လူငယ်တွေရဲ့ အချစ်ဇာတ်လမ်းကို တကယ်ပဲ နားမလည်တော့ဘူး”

All Chapters