အခန်း (၉၂၈)
Vol. 63 Ch. 928
အထက်နယ်မြေဆီမှ ရရှိလာခဲ့သောဥသည် ကြက်ဖတစ်ကောင်ကို သာ သားဖောက်နိုင်ခဲ့သည် ဆိုသည်နှင့်ပတ်သက်၍ ကုန်းရှန့်သည် မည်သို့မျှ သည်းမခံနိုင်ခဲ့ချေ။ ထို့အပြင် တစ်ဖက်သတ္တဝါသည် အလွန်တရာမောက်မာလွန်းလှ၏။ ပြောရမည်ဆိုလျှင် ဂူတစ်ဂူထဲတွင် ခြင်္သေ့နှစ်ကောင် မအောင်းဟူသော စကားတစ်ခုလည်းရှိနေသေးသည် မဟုတ်လား။ အကယ်၍ ပဋိညာဉ်သားရဲများသည်သာ အလွန်အမင်း ဆောင့်ကြွားကြွားနှင့် မောက်မာလွန်းနေသည် ဆိုလျှင် အဓိကဇာတ်ကောင်ဖြစ်သော သခင်ဖြစ်သည့် ကုန်းရှန့်သည် မည်ကဲ့သို့ အသက်ရှင်နေထိုင်ရမည်နည်း။
“ဝိုး... ချစ်ဖို့ကောင်းလိုက်တာ”
အလုပ်များလျက်ရှိသော လျှိုဝမ်ရှစ်သည် အပြင်ဘက်သို့ ထွက်လာပြီးသည့်နောက် အပြာရောင် အမွေးများနှင့်ကောင်ကလေးကို မြင်လိုက်ရသည်။ သူမသည် ပျော်ရွှင်စွာဖြင့် လှမ်းလျှောက်လာပြီး အသာကိုင်ကာ မော့ကြည့်လိုက်၏။
“ကောင်မလေး”
ကြက်ဖလေးသည် ပြောလိုက်၏။ “ကျုပ်ကို မထိနဲ့”
..............
လျှိုဝမ်ရှစ်သည် အသာပြန်ချပြီးနောက် ပြောလိုက်သည်။ “ဂိုဏ်းချုပ်... ဒီချစ်စရာကောင်းတဲ့ ကြက်ဖလေးက တကယ့်ကို ကြော်စားဖို့လား”
“ကြည့်... ဒီလောက် မောက်မာနေတာ၊ ကြော်စားတာကမှ ပိုကောင်းတာပေါ့”
“ဒါပေမဲ့ ဒါက သေးလွန်းတယ်နော်၊ ဂိုဏ်းချုပ်တစ်ယောက်ထဲ စားရင်တောင်မှ ဝမှာ မဟုတ်ဘူး” သူမ ဆိုလိုသည်မှာ ကြော်ချက်ရန် မဖြစ်နိုင်ဟူသော အဓိပ္ပာယ်ဖြစ်၏။ ထိုသို့ဆိုလျှင် တပည့်များအား ကျွေးမွေး၍ လုံလောက်လိမ့်မည် မဟုတ်ချေ။
ကျွင်းချောင်ရှောင်းသည် မေးစေ့ကို ပွတ်သပ်ကာဖြင့် ပြောလိုက်၏။ “ဒါဆိုလို့ရှိရင်လည်း တစ်စုံတစ်ခုနဲ့ ရောပြီးတော့ ကြော်ကြတာပေါ့”
“ဟမ့်”
ကြက်ဖလေးသည် ဂုဏ်ယူစွာဖြင့် ပြောလိုက်၏။ “ကျုပ်က မီးနဲ့ရေကို အနိုင်ယူနိုင်တဲ့ နတ်ဘုရားသားရဲ မျိုးဆက်လေ”
ထိုကဲ့သို့သော မောက်မာမှုမျိုးကို ထပ်၍မြင်ရချိန်မှာတော့ ကျွင်းချောင်ရှောင်း၏ မျက်လုံးများသည် ထပ်မံပြူးထွက် သွား၏။ သူ၏ ဒေါသများသည် ထပ်မံ၍ ထွက်ပေါ်လာခဲ့တော့သည်။
“ဆီအိုးယူခဲ့တော့၊ ငါ သူ မီးနဲ့ရေကို ဘယ်လောက်နိုင်လဲဆိုတာ ကြည့်ရမယ်”
“အဲတာတော့ မကောင်းဘူးနဲ့ တူတယ်”
လျှိုဝမ်ရှစ်သည် ထိုသို့ပြောလိုက်သည်ဆိုသော်လည်း သူမ၏ ခန္ဓာကိုယ်မှာတော့ ဂိုဏ်းချုပ်၏ ခိုင်းစေချက်အတိုင်း လိုက်လံ၍ ပြုမူတော့သည်။ သူမသည် အိုးကြီးတစ်ခုအား မီးဖိုပေါ်သို့ တင်လိုက်၏။ ပြီးနောက် ပဲဆီများကို လောင်းထည့်လိုက်တော့သည်။
ကြက်ဖသည် အသာလက်ပိုက်၍ ရင်ကော့ကာ ရပ်လျက်ရှိနေတော့သည်။ တခြားသော တစ်စုံတစ်ယောက်ကိုမှ သူသည် အသိအမှတ်ပြုသည့်ပုံ မပေါ်ချေ။
“ကောင်မလေး... မီးမွှေးလိုက်တော့၊ နေအုံး …”
ကျွင်းချောင်ရှောင်းသည် ချက်ချင်းပဲ ပြန်ပြောလိုက်၏။ “ငါ့ဘာငါ လုပ်တော့မယ်”
ဝှစ် ဝှစ်
ချက်ချင်းပဲ နတ်ဘုရားမီးတောက်များသည် မီးဖိုထဲတွင် စုဝေးလာတော့သည်။ ကြက်ဖလေးသည် အံ့အားတသင့်ဖြင့် ပြောလိုက်တော့သည်။ “ဒါက အထူးမီးဓာတ်ခန္ဓာကိုယ်ပဲ၊ ကျုပ်ရဲ့ သခင်ဖြစ်ဖို့ အရည်အသွေး ပြည့်မီတယ်ဆိုတာ အံ့အားသင့်စရာ မဟုတ်တော့ဘူး”
ကျွင်းချောင်ရှောင်းသည် ထိုစကားသံကို ကြားရသည့်အချိန်မှာတော့ ဒေါသများ ထပ်မံကာ ထွက်ပေါ်လာခဲ့တော့ သည်။ “ငါက မင်းရဲ့သခင်ဖြစ်ဖို့ အရည်အချင်းရှိလားဆိုတာ ကြည့်ရမယ်”
“ကောင်းပြီ... နေအုံး”
ကတောက် ကတောက် ကတောက်
ခဏလောက်ကြာပြီးသည့်နောက် အိုးထဲတွင်ရှိသော ဆီများသည် စတင်ကာ ဆူပွက်လာတော့သည်။
ရွှီး
ကျွင်းချောင်ရှောင်းသည် ကြက်ဖလေးကို အသာဆွဲယူပြီးသည့်နောက် အိုးပေါ်သို့ တင်လိုက်တော့သည်။ “ကြက်ကြော်ဆိုလည်း မဆိုးပါဘူး”
“ဂိုဏ်းချုပ်... ဘယ်လို အရသာကို ကြိုက်လဲ”
“ဇီယာစေ့လေး နည်းနည်းထည့်လိုက်”
“ကောင်းပါပြီ” လျှိုဝမ်ရှစ်သည် စဉ့်တီးတုံးအပေါ်သို့ ဇီယာစေ့များကို အသာဖြန့်လိုက်၏။
“ပြီးတော့ ငရုတ်သီးကော”
“ကောင်းပါပြီ”
ဒီမိစ္ဆာနှစ်ကောင် …။
မူလအားဖြင့် မောက်မာလျက်ရှိသော ကြက်ဖလေးသည် ဆီအိုးထဲမှ မီးများတောက်လောင် လာသည်ကို မြင်ရသည့်အချိန်မှာတော့ အနည်းငယ် စိတ်မွန်းကြပ်လာခဲ့တော့၏။ သူက ပြောလိုက်တော့သည်။ “ဒီသခင်လေးက ရေနဲ့မီးကို နိုင်တယ်ဆိုပေမယ့် ဆီကိုတော့ မနိုင်ဘူးလေ”
“ပေါက်ကရတွေ မပြောနဲ့တော့၊ ခုန်ဆင်းစမ်း”
ရွှီး
ကျွင်းချောင်ရှောင်းသည် လက်ကိုယမ်းခါပြီးသည့်နောက်မှာတော့ ကြက်ဖလေးအား အိုးထဲသို့ ပစ်ထည့်လိုက် တော့သည်။
ရွှီး ရွှီး
ဆီပေါက်သည့် အသံများသည် ထွက်ပေါ်လာခဲ့တော့၏။
ဝူး ဝူး ဝူး
ဆီအိုးထဲသို့ ကျသွားသော ကြက်ဖလေးသည် ပူလောင်သည့်ဒဏ်ကြောင့် အသာခုန်လျက် ရှိတော့သည်။ သူသည် တောင်ပံများကို ဖြန့်ကျက်ကာ ဖလပ် ဖလပ်နှင့် ခုန်နေ၏။
“ကောင်းကင်ဘုံ”
လျှိုဝမ်ရှစ်က ပြောလိုက်သည်။ “မဆိုးဘူးပဲ”
ကျွင်းချောင်ရှောင်းအနေနှင့် နတ်ဘုရားမီးတောက်များကို ထုတ်ဖော်ထားသည်မို့ အိုးထဲမှ ဆီသည် အလွန်တရာ တောက်လောင်နေပေလိမ့်မည်။ ယခုမှ မွေးဖွားလာခဲ့သော ကြက်ဖလေးမပြောနှင့် ခရမ်းရောင်ဘုရင်ကဲ့သို့သော မွန်းစတားဘုရင်သည်ပင်လျှင် ထိုအထဲသို့ ကြော်ခံရမည်ဆိုပါက ကြွပ်နေအောင် ကြော်ခံရမှာ သေချာ၏။ ဒီကောင်လေးသည် အနည်းငယ်တော့ လုပ်ရည်ကိုင်ရည်ရှိသည်ဟု ဆိုရမည်။
ဝူး ဝူး
ကြက်ဖလေးသည် ဆီအိုးထဲမှာ ခုန်လျက်ရှိနေ၏။ သူသည် အော်ဟစ်လျက်ရှိနေသည်။ “သခင်... ကျုပ်မှားပါပြီ၊ သခင်... ကယ်ပါအုံး”
ဒွီ
ကျွင်းချောင်ရှောင်းသည် လက်ကို ယမ်းခါပြီးသည့်နောက်မှာတော့ အိုးပေါ်တွင်ရှိသော အပူချိန်များအား လျော့ချ လိုက်တော့၏။ သူ့အနေနှင့် အသစ်မွေးဖွားလာခဲ့သော ပဋိညာဉ်သားရဲအား ကြော်စားရန်တော့ မရည်ရွယ်ခဲ့ပေ။ ဒီကောင်လေးသည် ဝံ့ကြွားနေသည်ကို သူမကြည့်ချင်ပေ။ ထို့ကြောင့် အိုးထဲသို့ ထည့်ကာ ကခိုင်းခြင်းပဲ ဖြစ်၏။
ဇွိ
အပူဒဏ်များ လျော့ကျသွားသည့်နောက် ကြက်ဖလေးသည် အိုးထဲမှ ခုန်ထွက်လာ၏။ ပြီးသည့်နောက်မှာတော့ စဉ်းတီတုံးပေါ်တွင် မတ်တပ်ရပ်လိုက်သည်။ သူ၏ ခြေလက်များသည် ရောင်ကိုင်းလျက်ရှိနေပြီး ချက်ပြုတ်ခံရလု နီးပါးပင် ဖြစ်နေတော့သည်။
ကျွင်းချောင်ရှောင်းသည် အသာထိုင်ချပြီး ပြောလိုက်၏။ “ပြောစမ်း၊ မင်းဆီမှာ တခြားဘာစွမ်းဆောင်ရည် တွေ ရှိသေးလဲ”
အဘိုးကြီးကွမ်ဟိုင် ထားခဲ့သော အမွေအနှစ်ဖြစ်သည့်အပြင် သူသည် အားအင်စိုက်ထုတ်ကာ သန္ဓေပြောင်းလဲမှုကို ပြုလုပ်ခဲ့၏။ ထို့ကြောင့် ကြက်ဖတစ်ကောင် ဖြစ်နေသည်ဆိုလျှင်တောင်မှ ထူးခြားသည့် အကြောင်းအရာများ ရှိကို ရှိရမည်ဖြစ်၏။ မဟုတ်ပါက သူ့အနေနှင့် ကြော်စားရုံသာရှိတော့သည်။
“သခင်”
ဤကောင်လေးသည် ခေါင်းကို မော့ကာဖြင့် ပြောလိုက်၏။ “ကျုပ်က ဗာမေလီယန်ငှက်ရဲ့ မျိုးဆက် တစ်ယောက်”
“ကြက်ဖတစ်ကောင်က ဗာမေလီယန်ငှက်နဲ့ သက်ဆိုင်နေတယ် ဟုတ်လား၊ ငါ့ကို အရူးများ ထင်နေတာလား” ကျွင်းချောင်ရှောင်းက ပြောလိုက်သည်။
“အင်း...”
ကြက်ဖကလေးသည် သက်ပြင်းချလိုက်၏။ “ကျုပ်က ဘာလို့ ဒီပုံစံဖြစ်နေလဲဆိုတာ မသိဘူး၊ ဒါပေမဲ့ ကျုပ်အမွေဆက်ခံထားတဲ့ မှတ်ဉာဏ်တွေကတော့ ဒီခန္ဓာကိုယ်နဲ့ ခြားနားနေတယ်”
“အမွေဆက်ခံထားတဲ့ မှတ်ဉာဏ်တွေ ဟုတ်လား” ကျွင်းချောင်ရှောင်းသည် ဇဝေဇဝါဖြစ်သွားသည်။
စနစ်က ပြောလိုက်သည်။ “တစ်ချို့ သန္ဓေပြောင်းသားရဲတွေက မွေးဖွားပြီးတဲ့နောက်မှာ သူတို့ မျိုးနွယ်နဲ့ သက်ဆိုင်တဲ့ မှတ်ဉာဏ်တွေကို အမွေဆက်ခံရရှိတယ်လေ”
“ဒါဆိုရင် မင်းက ကြက်ဖတစ်ကောင် မဟုတ်ဘူးလို့ ပြောနေတာလား” ကျွင်းချောင်ရှောင်းက ရယ်မောလိုက်၏။
“ဟုတ်တယ်”
ကြက်ဖလေးသည် ပြိုလဲလုမတတ် ဖြစ်သွားသည်။ “ဘယ်လိုဖြစ်ပြီး ကျုပ်က ဒီဥဒေါင်းပုံစံ ဖြစ်နေရ တာလဲ”
“အမ်” ကျွင်းချောင်းရှောင်းသည် သေသေချာချာ ကြည့်ရှုလိုက်၏။ “မင်းက ဥဒေါင်းပုံစံမဟုတ်ဘူး၊ မင်းက ကြက်ဖပဲ”
စနစ်က ပြောလိုက်သည်။ “လက်ခံသူ... ဒီသားဖောက်စက်က ပြဿနာတစ်ခုခုရှိနေတယ်လို့ ထင်တယ်လေ၊ တကယ်လို့ သန္ဓေပြောင်းမှု အောင်မြင်တယ်ဆိုရင် ပုံပန်းသွင်ပြင် ပြောင်းလဲသွားတာ ဖြစ်လိမ့်မယ်”
“အဲလိုလား” ကျွင်းချောင်ရှောင်းသည် တုန်လှုပ်သွားမိ၏။
စနစ်က ပြောလိုက်သည်။ “နဂါးလေးရဲ့ဥကို နဂါးနယ်မြေက ခိုးလာတာလို့ ခရမ်းရောင်ဘုရင်က ပြောဖူးတယ်လေ၊ ဒါက အရမ်းကိုရှားပါးတဲ့ လက်ငါးချောင်းနတ်ဘုရားနဂါးတဲ့၊ ဒါပေမဲ့ သားဖောက်လိုက်တဲ့အချိန်မှာတော့ ကင်းလိပ်ရှောလို အကောင်မျိုး ဖြစ်သွားတယ် မဟုတ်လား”
ကျွင်းချောင်ရှောင်းက မျက်မှောင်ကုတ်လိုက်သည်။ “ဒါဆိုရင် ပုံမှန်အတိုင်းပဲ သားဖောက်မယ်ဆိုလို့ရှိရင် ပုံမှန် အတိုင်း ထွက်လာမှာပေါ့၊ ငါက သန္ဓေပြောင်းလဲအောင် လုပ်လိုက်လို့ ဒီလိုပုံစံမျိုးတွေ ပြောင်းလဲသွားတာလား”
“အမှန်ပဲပေါ့”
စနစ်က ပြန်ဖြေလိုက်သည်။ အနှစ်ချုပ်ရမည်ဆိုလျှင် သားဖောက်စက်၏ အပြစ်ပင် ဖြစ်တော့၏။ အထက်နယ်မြေဆီမှ စွမ်းအားမြင့် ကျင့်ကြံသူတစ်ယောက် ထားခဲ့သော အမွေအနှစ်သည် ကျိန်းသေပေါက် ခံ့ညားပြီးတော့ ကြောက်မက်ဖွယ်ကောင်းလှသည့် သားရဲမျိုးဖြစ်ပေလိမ့်မည်။ အဘယ်ကြောင့် ကြက်ဖတစ်ကောင် ကဲ့သို့ ဖြစ်နေသနည်း။ ဆိုရလျှင် သားဖောက်စက်၏ အပြစ်သာ ဖြစ်ပေ၏။
ကျွင်းချောင်ရှောင်းသည် ၎င်း၏ ပုံပန်းသွင်ပြင်ကို ဂရုမစိုက်ချေ။ ထို့ကြောင့် ပြောလိုက်တော့သည်။ “မင်းက ကြက်ဖဖြစ်ဖြစ်၊ ဗာမေလီယန်ငှက်ရဲ့ မျိုးနွယ်ဖြစ်ဖြစ် ငါဂရုမစိုက်ဘူး၊ အခု မင်းမှာ ဘာတွေစွမ်းဆောင်ရည်ရှိလဲ ငါ့ကိုပြော၊ မဟုတ်ရင်”
သူသည် ဆီအိုးကို လက်ညှိုးထိုးပြကာ ပြောလိုက်၏။ “အထဲကို ဝင်တော့”
“ကျုပ်ဆီမှာ စွမ်းအင်ရှိပါတယ်၊ စွမ်းအင်ရှိတယ်”
ကြက်ဖလေးက ပြောလိုက်၏။ “နေ့စဉ်နေ့တိုင်း လူတွေ အိပ်ပျော်နေတဲ့အချိန်မှာ သတ်မှတ်ထားတဲ့ အချိန်ရောက်တာနဲ့ တွန်တတ်ပါတယ်”
ကျွင်းချောင်ရှောင်းသည် စိတ်ဓာတ်ကျသွား၏။ “မင်းရဲ့အားအင်က ကြက်ဖတွေအကုန်လုံး ပြုလုပ်နိုင်တဲ့ အရာပဲလေ”
“သာမန်ကြက်ဖတွေ မလုပ်နိုင်ပါဘူး၊ မယုံဘူးလား၊ သေသေချာချာ နားထောင်ကြည့်ပါ သခင်”
ကြက်ဖကလေး သည် ခြေတစ်ဖက်ကို အသာထောက်ကာဖြင့် ခေါင်းကိုမော့ကာ တွန်လိုက်တော့သည်။ “အောက်အီးအီးအွတ်”
ဝူး ဝူး
တည်နေရာတစ်ခုလုံးသည် တုန်ခါသွားခဲ့တော့၏။ စွမ်းအင်လှိုင်းများသည် တည်နေရာတစ်ခုလုံးကို ပျံ့နှံ့သွားပြီး နောက် ပြိုင်စံရှားဂိုဏ်းတစ်ခုလုံးကို ဖုံးလွှမ်းသွားခဲ့တော့သည်။ ကျင့်ကြံလျက်ရှိနေသော တပည့်များ အားလုံးသည် တုန်လှုပ်သွားမိ၏။
“ဘာသံတုန်း”
“ကြက်ဖတွန်တဲ့ အသံလား”
“အင်း... ကောင်းကင်ဘုံ... ဒါက ကျယ်လွန်းတယ်လေ၊ ချင်းယန်မြို့ကတောင် ကြားရလောက်တယ်”
အမှန်ပင်ဖြစ်သည်။ ချင်းယန်မြို့ထဲတွင် နေထိုင်ကြသော လူများပင်လျှင် ဤကြက်ဖ၏ တွန်သံကို ကြားရ၏။ ၎င်းတို့အားလုံးသည် အံ့အားသင့်စွာဖြင့် ပြိုင်စံရှားတောင်ဆီသို့ လှမ်းကာ မော့ကြည့်လိုက်ကြတော့သည်။
ဆွစ်
နေ့ဝက်လောက် အလုပ်များပြီးသည့်နောက် အနားယူရန် စဉ်းစားနေသော တောဝက်ရိုင်းလေးသည် ထိုတွန်သံကို ကြားရပြီးသည့်နောက် ချက်ချင်းပဲ မတ်တပ်ရပ်ကာ စွန့်ပစ်မြေဆီသို့သွား၍ မြေဓာတ်သဘာဝများကို ထုတ်လွှတ် တော့သည်။ သူသည် တစ်နေကုန် အလုပ်လုပ်ထားခဲ့သည်ဆိုသော်လည်း ပင်ပန်းသည့်ဒဏ်ကို လုံးဝမခံစားခဲ့ရတော့ချေ။ ပြိုင်စံရှားဂိုဏ်း၏ တပည့်များသည်လည်း တူတူပင် ဖြစ်၏။
အဆင့်သေးများတက်ရန် ကြိုးစားနေကြသော တပည့်များအားလုံးသည် ၎င်းတို့၏ စိတ်အာရုံများသည် အလုံးစုံ တည်ငြိမ်သွားခဲ့ကြတော့သည်။ အဆင့်ချိုးဖြတ်သည့်အခြေအနေသို့ ချက်ချင်းပဲ ရောက်ရှိသွားခဲ့ကြသည်။
ဤအသံသည် လူများ၏စိတ်ကို တည်ငြိမ်စေပြီး လန်းဆန်းသည့် ခံစားချက်ကို ရရှိစေကြောင်း ကျွင်းချောင်ရှောင်း ကောင်းကောင်းနားလည်လိုက်၏။ ထို့ကြောင့် အံ့အားတသင့်ဖြင့် ပြောလိုက်တော့၏။ “ဒါက အံ့အားသင့်စရာပဲ”
“သခင်”
ကြက်ဖကလေးသည် ဂုဏ်ယူစွာဖြင့် ပြောလိုက်တော့သည်။ “ဒါကို သာမန်ကြက်ဖတွေ လုပ်နိုင်လား”
“စိတ်ဝင်စားစရာပဲ”
ကျွင်းချောင်ရှောင်းသည် မေးစေ့ကိုပွတ်သပ်ကာ ပြောလိုက်မိ၏။ “မင်း... တပည့်တွေ နိုးထဖို့ အတွက် နေ့စဉ်နေ့တိုင်း တွန်ရမယ်၊ ဒါမှ သူတို့တွေ ကောင်းကောင်းမွန်မွန်နဲ့ တစ်နေကုန် ကျင့်ကြံနိုင်ကြမှာ”