အခန်း (၉၃၁)
Vol. 63 Ch. 931
ဂြိုဟ်တိုက်ပွဲ တည်နေရာကြီးထဲတွင် များပြားလှသော အခွင့်အရေးနှင့် အမွေအနှစ်များ တည်ရှိနေကြ၏။ အချိန်အကန့်အသတ် ပြည့်စုံပြီးနောက် စည်းပျက်ပြယ်သွားခဲ့သော အမွေအနှစ်များအတွက် တရားဝင်ကြေညာ ခြင်းကို ပြုမူသည်ဆိုသော်လည်း စည်းပိတ်ထားခြင်းခံရသော အမွေအနှစ်များအတွက်မူ မိမိ၏ ကံတရားအပေါ် မူတည်၍ ရှာဖွေတွေ့ရှိနိုင်စွမ်းရှိ၏။ ထို့ကြောင့် ဤစည်းပိတ်ထားသော တည်နေရာကြီးကို ရှာဖွေတွေ့ရှိနိုင်ရန် များပြားလှသော ဂြိုဟ်များသည် ၎င်းတို့၏ ကျင့်ကြံသူများကို စေလွှတ်၍ အမွေအနှစ်များကို ရှာဖွေသည့် လုပ်ငန်းစဉ်အား ပြုမူဆောင်ရွက်ကြ၏။
ဥပမာအားဖြင့် မိုရှန်ရှမ်းဆိုလျှင် စွမ်းအားမြင့် ကျင့်ကြံသူ တော်တော်များများကို လှုပ်ရှားစေကာဖြင့် ဂြိုဟ်တိုက်ပွဲ တည်နေရာကြီးထဲတွင် နေ့စဉ်နေ့တိုင်း သွားရောက်ရှာဖွေနေတော့သည်။ ၎င်းတို့သည် ကံကောင်းလျှင် သို့မဟုတ် အမှတ်တမဲ့အဖြစ် ရှာဖွေတွေ့ရှိမည်ဆိုလျှင် အထက်နယ်မြေဆီမှ စွမ်းအားမြင့်ကျင့်ကြံသူ ချန်ခဲ့သော ပစ္စည်းကောင်းများကို ရရှိမှာ သေချာ၏။
ကျွင်းချောင်ရှောင်းသည်မှာတော့ အခွင့်အရေးနှင့် အမွေအနှစ်များကို စိတ်ဝင်စားလှသူ မဟုတ်ချေ။ သူ၏ စတိုးတွင် ရှိသော ပစ္စည်းများထက် မည်သည့်အရာက ပိုမို၍ အားကောင်းနိုင်မည်နည်း။ သို့ပေမဲ့ ခံတပ်တည်နေရာကြီးကို ပိုမို ချဲ့ထွင်နိုင်သည်ကို သိရှိပြီးသည်နောက်မှာတော့ သူသည် ထိုအရာကို ဂရုစိုက်၍ လာတော့သည်။ နှစ်အနည်းငယ် ကြာပြီးသည့်နောက်မှာတော့ ကြယ်ကြွေကုန်းမြေတိုက်ကြီးမှ ကျင့်ကြံသူများသည် ဤနေရာသို့ ရောက်ရှိလာတော့ မည်ဖြစ်၏။ ထို့ကြောင့် သူ့အနေနှင့် ခံတပ်တည်နေရာကြီးကို ပိုမိုကာ ချဲ့ထွင်ထားမည်ဆိုပါက ကျိန်းသေပေါက် ပိုက်ဆံများများတောင်းခံ၍ ရတော့မှာဖြစ်သည်။
ထို့အပြင် ကျယ်ပြောကုန်းမြေတိုက်၏ ခံတပ်ကြီးကို တွေ့ရှိပြီးသည့်နောက်မှာတော့ ကုန်းရှန့်သည် အလွန်အမင်း စိတ်အားထက်သန်လျက်ရှိနေသည်။ သူ့အနေနှင့် ၎င်းတို့ထက် ပိုမို၍ ကောင်းမွန်ပြီး ခမ်းနားလွန်းလှသော ကိုယ်ပိုင်တည်နေရာကြီးကို ဖန်တီးချင်မိ၏။ တစ်ဖက်လူများသည် တောင်ပေါ်တွင် တည်ဆောက်ထားသည်လား၊ သူ့အနေနှင့် အန္တရာယ်များလှသည်ဆိုလျှင်တောင်မှ လိုက်လံ၍ ပြုလုပ်ပေလိမ့်မည်။
ကျွင်းချောင်ရှောင်း၏ အကြံအစည်များသည် ရိုးရှင်းလွန်းလှ၏။ သူ့အနေနှင့် ဂြိုဟ်တိုက်ပွဲတည်နေရာကြီးဆီသို့ ရောက်ရှိလာသည်နှင့်တပြိုင်နက် အားအားယားယား မနေပေ။ တခြားသောဂြိုဟ်များမှ ကျင့်ကြံသူများအားလုံး အံ့အားသင့် ငေးမောရသည်အထိ အလွန်တရာ ဟိတ်ဟန်ကောင်းစွာဖြင့် ဝါကြွားမည်ဟု ဆုံးဖြတ် ထားသည်။
စနစ်က ပြောလိုက်၏။ “လက်ခံသူရဲ့ ရည်မှန်းချက်ကို ပြည့်ဝစေဖို့ စတိုးထဲမှာ ရတနာရှာပစ္စည်းမျိုး တည်ရှိနေ တယ်လေ”
“အဆင့်မြင့်စတိုးထဲမှာလား”
“အလယ်အလတ်စတိုးထဲမှာ”
ဝှစ်
ကျွင်းချောင်ရှောင်းသည် ချက်ချင်းပဲ စနစ်၏ စတိုးအားဖွင့်ကာကြည့်လိုက်၏။ “ကုန်းမြေတိုက်ကြီးအတွက် ငါ ရှိသမျှအရာအားလုံး ပေးဆပ်ရမယ်”
လူများကို သတ်ဖြတ်ပြီး တည်နေရာကို ချဲ့ထွင်ရန်ဆိုသည်မှာ အလွန်ကြာရှည်ပေလိမ့်မည်။ အကောင်းဆုံး နည်းလမ်းသည် ဂြိုဟ်တိုက်ပွဲတည်နေရာထဲတွင် အမွေအနှစ်များကို ရှာဖွေရန်ပင်ဖြစ်တော့၏။ ထို့ကြောင့် သူ့အနေနှင့် ဂိုဏ်းစုဆောင်းမှတ်များကို သုံးဖြုန်းရန် စိတ်ပါဝင်စားလျက် ရှိနေတော့သည်။
“ဒင် ဒင် ဒင်”
စနစ်၏ Refresh လုပ်သံများသည် ထပ်ခါတလဲလဲ ထွက်ပေါ်လာတော့သည်။ မြင်ကွင်းထဲတွင် ပေါ်လာသော ပစ္စည်းများသည်လည်း အစဉ်အမြဲပြောင်းလဲနေ၏။
စနစ်က ပြောလိုက်သည်။ “လက်ခံသူ… အခုအချိန်မှာ အရမ်းကြမ်းနေတာပဲ”
……………….
ဂြိုဟ်တိုက်ပွဲတည်နေရာကြီးသည် ကျယ်ပြောပြီး ကြီးမားလှသော လောကကြီးတစ်ခုဖြစ်သည်။ ထိုအထဲတွင် မြေပြန့်တစ်ခုထဲသာ မဟုတ်ဘဲ၊ တောများ၊ တောင်များလည်း ရှိနေသည်။ ထို့အပြင် အရှေ့ဘက်အရပ် တည်နေရာ တစ်ခုထဲမှာတော့ နက်ရှိုင်းလှသော သစ်တောကြီးတစ်ခုရှိသည်။ ထိုသစ်တောကြီးသည် မိုင်တစ်ထောင်နီးပါးခန့် ကြီးမားပြီး အလွန်တရာလည်း နက်ရှိုင်းလွန်းနေ၏။ ထိုသစ်တောထဲတွင် ငှက်များ၊ သားရဲများ မရှိပေ။ သို့ပေမဲ့ ဖုန်းကွယ်ထားသည့် ထောင်ချောက်များ တည်ရှိလို့နေခဲ့သည်။ သိုင်းကျင့်ကြံသူတစ်ယောက်အနေနှင့် ထိုအထဲသို့ ဝင်သွားပြီဆိုပါက သတိမထားမိလျှင် ကျိန်းသေပေါက် အသက်ဆုံးရှုံးနိုင်သောနေရာပင်ဖြစ်သည်။
ယေဘူယျအားဖြင့် ပြောရမည်ဆိုလျှင် ထိုကဲ့သို့ အန္တရာယ်များသည့်နေရာထဲသို့ မည်သူကမှ ဝင်ရောက်လိမ့်မည် မဟုတ်ချေ။ သို့ပေမဲ့ ယနေ့မှာတော့ အမဲရောင်ဝတ်စုံကို ဝတ်ဆင်ထားကြသော သိုင်းကျင့်ကြံသူတစ်ဒါဇင်ကျော် တို့သည် သေသေချာချာ သတိထား၍ ရှေ့ကိုလှမ်းတက်လျှောက်လျက်ရှိနေကြ၏။ ထိုလူအုပ်၏ အလယ်တွင် မုတ်ဆိတ်မွှေးရှည်များဖြင့် သက်လတ်ပိုင်းအရွယ်လူတစ်ယောက်သည် မျက်လုံးကို မှိတ်ကာဖြင့် သံလိုက် အိမ်မြှောင်ကို ကိုင်ဆောင်ထား၏။
ဒွီ
ရုတ်တရက် သံလိုက်အိမ်မြှောင်သည် စတင်၍ ချာချာလည်လာခဲ့တော့သည်။ ထိုအရာ၏ အပေါ်တွင် ထူးဆန်းသော စာလုံးများ ခပ်ရေးရေး ပေါ်လာခဲ့တော့သည်။ ခဏကြာပြီး အလင်းတန်းမှိန်လျော့သွားပြီးသည်နောက်မှာတော့ သံလိုက်အိမ်မြှောင်၏ ညွှန်ပြသည့်အတံသည် တည်နေရာတစ်ခုသို့ ညွှန်ပြလျက်ရှိသည်။
သက်လတ်ပိုင်းလူသည် မျက်စိကို ဖွင့်ကာဖြင့်ပြောလိုက်၏။ “အကြီးအကဲစွန်း ဒီအရာရဲ့ ဖော်ပြချက်အရဆိုရင် ရှေ့မှာ စည်းခတ်ထားတဲ့ အမွေအနှစ် တစ်ခုခုရှိနေတယ်”
“ခင်ဗျားသေချာလို့လား” ရှေ့ဆုံးမှာရှိနေသော ဆံပင်ဖြူနှင့် အဘိုးအိုက ပြောလိုက်တော့သည်။
“အကြီးအကဲစွန်း”
တာအိုဘုန်းကြီးက လေးလေးနက်နက် ပြောလိုက်သည်။ “ကျုပ်က ဒီအရာတွေကို ရှာဖွေတဲ့နေရာမှာ ကျွမ်းကျင်သူတစ်ယောက်ပါ၊ မဟုတ်ရင် ခင်ဗျားတို့ရဲ့ ဂိုဏ်းချုပ်က ဘာလို့ ကျုပ်ကိုငှားနေမှာလဲ”
သူ၏ မေးခွန်းထုတ်သည့် လေသံသည် တစ်ဖက်လူအား စိတ်အနှောက်အယှက် ဖြစ်သည်ကို သိရှိပြီးသည့်နောက် အကြီးအကဲစွန်းသည် မြန်မြန်ဆန်ဆန်ပဲ လက်သီးဆုပ်ကာ တောင်းပန်လိုက်တော့သည်။ “မီအိုမီရှီနာကာရဲ့ နည်းစနစ်က စကြဝဠာတစ်ခုလုံးမှာ ကျော်ကြားတယ်လေ၊ ဒီစွန်းက စကားပြောမှားသွားတာ တောင်းပန်ပါတယ်”
မီအိုမီရှီနာကာသည် မျက်မှောင်ကြုတ်လိုက်၏။ ပြီးသည့်နောက်မှာတော့ အရှေ့တောင်အရပ်ဆီကို လှမ်းကြည့်လိုက်၏။ “အမွေအနှစ်က အဲနေရာမှာ ရှိတယ်၊ ဒါပေမဲ့ အဲမှာ ထောင်ချောက်တွေ အများကြီးရှိတယ်”
“ဒါကို ကျုပ်ကိစ္စထားလိုက်” အကြီးအကဲစွန်းသည် သတိအပြည့်ဖြင့် ရှေ့သို့လှမ်းတက်သွားခဲ့သည်။ သူ၏နောက်မှ နောက်လိုက်နောက်ပါများသည် လိုက်ပါလာခဲ့တော့သည်။ သူတို့သည် ဤနေရာထဲသို့ အရင်က ဝင်ရောက်ခဲ့ဖူးသည်မို့ မြန်မြန်ဆန်ဆန်ပဲ ထောင်ချောက်များအားလုံးကို ဖယ်ရှားလိုက်တော့၏။
ဘုန်း
ထိုအချိန်မှာပဲ သစ်တော၏ အတွင်းဘက်ဆီမှ နားကွဲလောက်စရာ ကျယ်လောင်သည့်အသံကြီး ထွက်ပေါ်လာခဲ့တော့သည်။ ၎င်းတို့၏ရှေ့ မီတာတစ်ရာလောက် အကွာတွင် ကောင်းကင်ပေါ်သို့ မီးတောက်ကြီးတစ်ခု ထိုးတက်လာခဲ့တော့သည်။
“တစ်စုံတစ်ယောက်က ပေါက်ကွဲမှု အစီအရင်ကို သွားပြီးထိတာပဲ နေမယ်” အကြီးအကဲစွန်းနှင့် တခြားသူများ၏ အမူအရာများသည် အေးခဲသွားတော့၏။ ၎င်းတို့အနေနှင့် ဤပေါက်ကွဲမှု အတွေ့အကြုံများကို မြင်တွေ့ဖူးသည်သာမဟုတ် ကိုယ်တိုင်ကိုယ်ကျလည်း ခံယူခဲ့ဖူး၏။ အလွန်တရာ ကြောက်မက်ဖို့ ကောင်းလှပြီး ယခုအချိန်ထိ ၎င်းတို့၏ နှလုံးသားထဲတွင် ကဗ္ဗည်းထိုးထားသလို ခံစားမိနေတုန်းပင်။
ဝှစ် … ဝှစ် …။
ရုတ်တရက် အလင်းတန်းတစ်ခုသည် ပေါက်ကွဲမှု တည်နေရာဆီမှ ထွက်ပေါ်လာပြီးသည့်နောက်မှာတော့ မနီးမဝေးရှိ မြေပြင်ပေါ်သို့ ကျဆင်းလာ၏။ မျက်နှာဖုံးကို စွပ်ကာထားသော အနီရောင်နှင့် အဖြူရောင်ဝတ်စုံကို ဝတ်ဆင်ထားသည့် လူငယ်လေးတစ်ယောက်သည် ပေါ်လာတော့သည်။
အကြီးအကဲစွန်းနှင့် တခြားသူများသည် ဆွံ့အသွား၏။ တစ်ဖက်လူသည် ပေါက်ကွဲမှုအစီအရင်ထဲမှ ထွက်ပေါ်လာသည်။ သို့ပေမဲ့ မည်သည့်ဒဏ်ရာ ဒဏ်ချက်မှ ရှိမနေချေ။ မယုံကြည်နိုင်စရာ ကောင်းလွန်းလှ၏။
“ချီးတဲ့မှ”
မျက်နှာဖုံးနှင့်လူငယ်က ကျိန်ဆဲလိုက်၏။ “ဒီမှာထောင်ချောက်တွေ အများကြီး ရှိနေတာကိုး” ပြောပြီးသည့်နောက် သူသည် အနီးအနားတွင် ရှိနေသော ကျင့်ကြံသူများကို တစ်ချက်ကလေးတောင် မကြည့်ဘဲ ပျံသန်းပြီး ထပ်မံဝင်ရောက်သွားပြန်သည်။
ဘုန်း ဘုန်း ဘုန်း ….။
ရှေ့မီတာတစ်ရာလောက်အထိ သွားရောက်ပြီးသည့်နောက် နောက်ထပ် အစီအရင်နှစ်ခုသည် ပေါက်ကွဲသွား၏။ သို့ပေမဲ့ ထိုလူသည် လုံလုံခြုံခြုံဖြင့် မြေပေါ်သို့ ပြုတ်ကျလာ၏။
“ကောင်းကင်ဘုံ သူဒီလိုမျိုးကြီး ဝင်ဝင်သွားတာလား၊ ဒါက ကောင်းကင်အဆင့် ကျင့်ကြံသူများ ဖြစ်နေမလား” မျက်နှာဖုံးစွပ်လူ ပေါ်လာပြီးသည့်နောက် အကြီးအကဲစွန်းနှင့် တခြားသူတို့သည် အရှေ့တောင်အရပ်တွင်ရှိသော အမွေအနှစ်ကို သွားရောက်ရှာဖွေရန် စိတ်မဝင်စားတော့ချေ။
“မဟုတ်သေးဘူး”
မကြာခင်မှာပဲ မီအိုမီရှိနာကာ၏ အမူအရာသည် ပြောင်းလဲသွားခဲ့တော့သည်။ “ကျုပ် ပစ်မှတ်ထားထားတဲ့ အမွေအနှစ်ရဲ့ အော်ရာတွေက မရှိတော့ဘူး”
“မရှိတော့ဘူး ဟုတ်လား”
အကြီးအကဲစွန်းသည် ဆွံ့အသွား၏။ “ဘာကို ဆိုလိုတာလဲ”
မီအိုမီရှီနာကာသည် တီးတိုးပြောလိုက်၏။ “ကြည့်ရတာ တစ်စုံတစ်ယောက် ယူသွားတာနဲ့တူတယ်”
“အမ်” အကြီးအကဲစွန်းနှင့် တခြားသူများသည် မျက်လုံးပြူးသွားမိကြ၏။ ၎င်းတို့အားလုံးသည် ရှေ့ဆီသို့ လှမ်းတက်ပြီးသည့်နောက် ဖုံးကွယ်ထားသည့် ထောင်ချောက်များကို လွယ်လွယ်ကူကူဖြင့် ကျော်ဖြတ်နိုင်ခဲ့ကြသည်။ သံလိုက်အိမ်မြှောင်ညွှန်ပြသည့် တည်နေရာသို့ ရောက်ရှိပြီးသည့်နောက် ကြီးမားသည့် တွင်းကြီး တစ်ခုသာ ကျန်ရစ်ခဲ့ပြီး မည်သည့်အရာမှ မရှိတော့ချေ။
“သွားပြီ၊ သွားပြီ၊ ပါသွားပြီ”
မီအိုမီရှီနာကာသည် စိတ်ဓာတ်ကျသွား၏။ “တကယ့်ကို တစ်စုံတစ်ယောက်က ယူသွား တာပဲ” အကြီးအကဲစွန်းသည် ဒေါသတကြီးဖြင့် အော်လိုက်၏။ “အစောကလေးတင် အော်ရာတွေ ရနေသေးတာပဲ၊ ဘယ်လိုလုပ် မျက်စိတစ်မှိတ်အတွင်း ယူသွားရတာလဲ”
“သူပဲ ဖြစ်ရမယ်”
မီအိုမီရှီနာကာသည် ရုတ်တရက် တစ်စုံတစ်ခုကို တွေးမိလိုက်၏။ ပြီးသည့်နောက်မှာတော့ တိကျခိုင်မာစွာ ပြောလိုက်သည်။ “တိုက်ပွဲဝင်ချပ်ဝတ်နဲ့ မျက်နှာဖုံးစွပ်ထားတဲ့လူပဲ ဖြစ်ရမယ်”
အကြီးအကဲစွန်းနှင့် တခြားသောလူများ အားလုံးသည် အမွေအနှစ်မှာ တစ်ဖက်လူ ယူဆောင်သွားသည်ဟု ယုံကြည်မိလိုက်၏။ ထို့ပြင် ဤတည်နေရာတွင် ထိုလူငယ်မှာလွဲ၍ တခြားမည်သူမှလည်း မရှိချေ။
“ကျုပ်တို့ ကျင်းလန်ကုန်းမြေတိုက်က ရှာဖွေတွေ့ရှိထားတဲ့ အမွေအနှစ်ကို ခိုးသူသွားတာ ဘယ်သူလဲ”
“အကြီးအကဲစွန်း... တစ်ဖက်လူရဲ့ ဝတ်စုံကို ကြည့်ရတာ ကြယ်ကြွေကုန်းမြေတိုက်ကြီးက သိုင်းကျင့်ကြံသူ ဖြစ်နိုင်တယ်၊ ဒီလူက လူပေါင်းများစွာတဲ့ သတ်ဖြတ်ပစ်တဲ့လူလေ”
“အမ် ဟုတ်တယ်၊ ဟုတ်တယ် သူပဲ၊ ငါအခု မှတ်မိပြီ”
…………….
ဝှစ်
လွင့်မျောလျက်ရှိနေသော ကြယ်ကြွေကုန်းမြေတိုက်ကြီး၏ ခံတပ်တည်နေရာကြီးမှာတော့ ကျွင်းချောင်ရှောင်းသည် မြန်မြန်ဆန်ဆန်နှင့် ဝင်ရောက်လာခဲ့တော့သည်။ သူသည် မျက်နှာဖုံးကို ချွတ်ယူလိုက်၏။ ပြီးသည့်နောက်မှာတော့ လိပ်ခွံပုံသဏ္ဍာန်အရာဝတ္ထုတစ်ခုကို ထုတ်ကာ ပြောလိုက်သည်။ “ဒါက အကာအကွယ် ပစ္စည်းတစ်ခုလား”
“ခင်မင်ရပါသော ပါဝင်ယှဉ်ပြိုင်သူ... စာခြောက်လုံးလိပ်စည်းသင်္ကေတကို ရရှိခဲ့ပါသည်၊ ဂြိုဟ်တိုက်ပွဲတည်နေရာ ကြီး၏ အရည်အသွေး သတ်မှတ်ချက်အရဆိုလျှင် ဤအရာသည် မြေအဆင့်လက်နက်တစ်ခုနှင့် ဆင်တူနေ၏” အမျိုးသမီးစနစ်၏ အသံသည် ချိုသာစွာ ထွက်ပေါ်လာခဲ့တော့သည်။
“ဒါဆိုရင် မြေအဆင့်အထက် ရတာနာတွေ ရှိနေသေးတာပေါ့”
“ရှိပါတယ်”
“ဒါပေမဲ့ အခုရတဲ့ မြေအဆင့်ရတနာက သာမန်ပါပဲလား”
.........
စနစ်သည် စိတ်ဓာတ်ကျသွား၏။ “ဂြိုဟ်တိုက်ပွဲမှာရှိတဲ့ မြေအဆင့်ရတနာဆိုတာ ကြယ်ကြွေကုန်းမြေတိုက်ကြီး မှာဆိုရင် သူတော်စင်အဆင့်ရတနာနဲ့ နှိုင်းယှဉ်လို့ရတယ်၊ ဒါကိုသာမန်ပဲလို့ လက်ခံသူက တကယ်ထင်နေတာလား”
“ချီးတဲ့မှ...”
ကျွင်းချောင်ရှောင်းသည် ကြုံးဝါးလိုက်မိ၏။ “ငါ ဂိုဏ်းစုဆောင်းမှတ်နှစ်သောင်းတောင် အသုံးပြုပြီးတော့ ရတနာရှာတဲ့ပစ္စည်းကို ဝယ်ယူခဲ့ရတာလေ၊ ဒါပေမဲ့ ပြန်ရတာက သူတော်စင်အဆင့် ရတနာ တစ်ခုပဲလား၊ ဒါက ကြီးမားတဲ့ဆုံးရှုံးမှုပဲ”
“ဂြိုဟ်တိုက်ပွဲတည်နေရာထဲမှာ အမွေအနှစ်က တစ်ခုမက ရှိတယ်၊ လက်ခံသူက ဒီပစ္စည်းကို သုံးပြီးတော့ အမွေအနှစ်တွေ ဆက်ပြီးတော့ရှာလို့ရတယ် မဟုတ်ဘူးလား” စနစ်သည် ထအော်လိုက်၏။
“ဒါတော့ ဟုတ်သားပဲ” ကျွင်းချောင်ရှောင်းသည် စိတ်တည်ငြိမ်သွားမိ၏။ ရတနာရှာသည့်ပစ္စည်းသည် တစ်ခါသုံး ပစ္စည်းမျိုး မဟုတ်ပေ။ ထို့ကြောင့် ထပ်ခါထပ်ခါ အသုံးပြုနိုင်စွမ်း ရှိနေ၏။ သူ့အနေနှင့် ရတနာအမွေအနှစ်ပေါင်း ခုနှစ်ရာ၊ ရှစ်ရာလောက်ကိုသာ ရှာဖွေတွေ့ရှိနိုင်မည်ဆိုပါက ကျိန်းသေပေါက် မြတ်စွန်းမည်ဖြစ်သည်။
ခုနှစ်ရာ၊ ရှစ်ရာ ဟုတ်လား၊ ဘာလို့ ခုနှစ်သောင်း၊ ရှစ်သောင်းလောက်ရအောင်ရှာပြီး တပည့်တွေကို မပေးတာလဲ။
“ဂိုဏ်းချုပ်”
လီချင်းယန်သည် မြန်မြန်ဆန်ဆန်ပဲ ရောက်ရှိလာပြီး စိတ်လှုပ်ရှားစွာ ပြောလိုက်၏။ “ခံတပ် တည်နေရာကြီးက တော်တော်ကြီးကို ကျယ်သွားပြီ”
ကျွင်းချောင်ရှောင်းသည် စာခြောက်လုံး လိပ်ခွံစည်းကို ရရှိပြီးသည့်နောက်မှာတော့ တည်နေရာကြီးသည် စတုရန်း မီတာ တစ်သောင်းကျော် ကျယ်ပြန့်လာခဲ့ပြီး ဖြစ်တော့သည်။
“မဆိုးဘူးပဲ” စနစ်က ကြုံးဝါးလိုက်၏။
ကျွင်းချောင်ရှောင်းက ပြောလိုက်သည်။ “မဆိုးဘူး”
ဂိုဏ်းစုဆောင်းမှတ် နှစ်သောင်းကို အသုံးပြုပြီးသည့်နောက်မှာတော့ အဆင့်မြင့် သူတော်စင်အဆင့် အကာအကွယ် လက်နက်ပစ္စည်းတစ်ခုကို ရရှိခဲ့သည့်အပြင် ခံတပ်၏ တည်နေရာကြီးသည်လည်း ကျယ်ပြန့်သွားခဲ့၏။ ကျိန်းသေပေါက် ထိုက်တန်သည့်အရာပင် ဖြစ်တော့သည်။
“ဆက်လုပ်မယ်၊ ဆက်လုပ်မယ်”
ကျွင်းချောင်ရှောင်းသည် လက်ကိုယမ်းခါပြီးသည့်နောက်မှာတော့ သူ၏ သိုလှောင်လက်စွပ်ထဲမှ ရတနာရှာသည့်ပစ္စည်းအား ထုတ်ယူလိုက်တော့သည်။ ဤပစ္စည်းသည် မီအိုမီရှီနာကာ၏ သံလိုက်အိမ်မြှောင်ကဲ့သို့ပင် ဆင်တူသောအရာဖြစ်သည်။ သို့ပေမဲ့ ပုံပန်းသွင်ပြင်နှင့်တည်နေရာကို တိတိကျကျ ဖော်ညွှန်းနိုင်စွမ်း ရှိနေသည်။
ဒွီ
စိတ်ဝိညာဉ်စွမ်းအင်များ ၎င်းပစ္စည်းထဲသို့ ဝင်ရောက်ပြီးသည့်နောက်မှာတော့ ပစ္စည်းသည် အသက်ဝင်သွား ခဲ့တော့သည်။
ဝှစ် ဝှစ် ဝှစ်
ထိုပစ္စည်းအထဲတွင်ရှိသော နာရီ၊ မိနစ်လက်တံများကဲ့သို့သော အရာသည် ချာချာလည် ပတ်ပြီးသည့်နောက်မှာတော့ တည်နေရာတစ်ခုတွင် ရပ်တန့်သွားခဲ့သည်။ ထိုတည်နေရာညွှန်ပြသည့်နေရာတွင် အလင်းရောင် အစက်ကလေး သုံး၊ လေးခု တည်ရှိလို့နေခဲ့၏။
“ချီးတဲ့မှ...”
ကျွင်းချောင်ရှောင်းသည် အံ့အားတသင့်ဖြင့် ပြောလိုက်၏။ “ဒီတည်နေရာတစ်ခုတည်းမှာပဲ အမွေအနှစ် သုံးခုတောင်မှ ဖွက်ထားတာလား”