အခန်း (၉၃၃)
Vol. 63 Ch. 933
ဂြိုလ်တိုက်ပွဲတည်နေရာကြီးတွင် စည်းခတ်ထားသော ရတနာများသည် လက်နက်နှင့် ရတနာပစ္စည်းများ အများ အပြားပါဝင်လျက်ရှိနေ၏။ ၎င်းတို့ပစ္စည်းများသည် ကိုင်ဆောင်သူအား မည်ကဲ့သို့ အသုံးပြုရမည်၊ မည်ကဲ့သို့ အစွမ်း သက်ရောက်မှုရှိသည်ဆိုသည်ကို မှတ်ဉာဏ်များမှတဆင့် ထုတ်ဖော်ရယူနိုင်စွမ်းရှိနေတော့၏။
ကျွင်းချောင်ရှောင်းသည် ထိုရွက်လှေ၏ မှတ်ဉာဏ်များကို ရယူပြီးသည့်နောက်မှာတော့ ဤအရာသည် ရှေးရွက်လှေ တစ်ခုဖြစ်ပြီး yင်လယ်ပြင်တွင် ရွက်လွှင့်ရန် အသုံးပြုခြင်းမဟုတ်ဘဲ ပျံသန်းနိုင်သော အရာဖြစ်ကြောင်း သိရှိခဲ့ရသည်။
ဤအရာသည် အာကာသယာဉ်မျိုးမဟုတ်ပေ။ အဘယ့်ကြောင့် ပျံသန်းနိုင်နေရသနည်း။
“ကျင့်ကြံခြင်းလောကမှာ အံ့အားသင့်စရာတွေ ပြည့်နှက်နေတာလေ။”
စနစ်ကပြောလိုက်သည်။ “လက်ခံသူအနေနဲ့ ဒါကို သာမန်နှလုံးသားနဲ့သုံးသပ်လို့မရနိုင်ဘူးမဟုတ်လား။”
“ဒါကတော့အမှန်ပဲ။”
ကျွင်းချောင်ရှောင်းသည် အချိန်အတော်ကြာ ဤနေရာတွင် အသားကျနေပြီဖြစ်သည်။ ထို့ကြောင့် ကျွင်းချောင်ရှောင်းသည် ဤနေရာတဝိုက်ကို လှည့်လည်သွားလာကာ ကြည့်ရှုခဲ့သေး၏။ တစ်ခြားသော ရတနာပစ္စည်းများမရှိသည်ကို အတည်ပြုပြီးသည့်နောက်မှာတော့ သူသည် ဤရွက်လှေတင်ထားသော ကျောက်အစီအရင်ကြီးအား သိမ်းဆည်းလိုက်၏။ အဘယ့်ကြောင့်ဆိုသော် ဤအစီအရင်ကြီးသည် ထူးခြားသည့် ကျောက်များဖြင့် ပြုလုပ်ထားကြောင်းသူသိရှိသောကြောင့်ပင်။
ဒေါက်တိုင်ကြီး ရှစ်တိုင်သည် ခန်းမကြီးတစ်ခုလုံးကို ထောက်ပံ့ထားသည့်အရာသာမဟုတ်ပါက သူသည် တိုင်ကိုပင် ချွတ်၍ ယူသွားချင်စိတ်ပင် ပေါက်နေသေး၏။
ကျွင်းချောင်ရှောင်းသည် ခန်းမထဲတွင်ရှိနေသော ရတနာကို ယူဆောင်ပြီးသည့်နောက်မှာတော့ ကျွင်းချောင်ရှောင်း သည် ဤနေရာတွင် ဆက်မနေဘဲ ထွက်ခွာသွားခဲ့၏။ သူ၏ သိစိတ်မှာတော့ အိတ်ကပ်တစ်ခု အရွယ်အစားခန့်သာ ရှိသော ရွက်လှေအား သိုလှောင်လက်စွပ်ထဲတွင် လေ့လာလျက်ရှိနေတော့၏။
အသွင်အပြင်အရဆိုလျှင် ဤအရာသည် ရှေးသင်္ဘောကြီးတစ်စင်းနှင့် ဆင်တူ၏။ သစ်သားဖြင့် ပြုလုပ်ထားခဲ့သည် ဖြစ်ပြီး ရွက်တိုင်နှစ်ခုတည်ရှိသည်။ တစ်ခုသည် အဓိကဖြစ်ပြီး တစ်ခုမှာတော့ ဖြည့်စွက်ရွက်တိုင်ပင်ဖြစ်သည်။ မတူညီသည့်အရွယ်အစားနှင့် ရွက်များကလည်း တည်ရှိနေသေး၏။ ကြိုးများနှင့်လည်း ချည်နှောင်ထားသည်။
စက်ခန်းထဲတွင်တော့ အလွန်တရာရှုပ်ထွေးလှသော အစီအရင်နှင့်တူညီသော အရာတစ်ခုတည်ရှိလို့နေ၏။
ကျွင်းချောင်ရှောင်းသည် အံ့အားတသင့်ဖြင့် မေးလိုက်သည်။ “ဒါက စိတ်ဝိညာဉ်အစီအရင်နဲ့ မောင်းနှင်တဲ့အရာများ ဖြစ်နေမလားမသိဘူး။”
သိုင်းကျင့်ကြံခြင်းလောကတွင် အစီအရင်၏ထောက်ပံ့မှုမပါဘဲနှင့် သာမန်သင်္ဘောတစ်ခုသည် ကောင်းကင်ယံသို့ ပျံသန်း နိုင်မည်ဆိုသည့်ကိစ္စကို သူယုံကြည်ရန် ခက်ခဲပေလိမ့်မည်။
ဥပမာအားဖြင့် များပြားလှသော သေနတ်၊ အမြောက်စသော လက်နက်များကို သူပိုင်ဆိုင်သည်ဆိုသော်လည်း သာမန် သေနတ်၊ အမြှောက်သာ ဖြစ်သည် ဆိုပါက တစ်ဖက်သောသိုင်းကျင့်ကြံသူများအားလုံးသည် ထိုကျည်ဆံများအားလုံးကို လက်ဗလာဖြင့်ပင် လှမ်း၍ ဖမ်းပေလိမ့်မည်။ သို့ပေမဲ့ နတ်ဘုရားအဆင့် အဆင့်မြှင့်တင်ပြီး သလင်းအမြုတေများထည့်သွင်းကာ ပစ်ခတ်ပြီးသည့်နောက်မှာတော့ ၎င်းတို့သည် တကယ့်ကို အန္တရာယ်ကြီးသည့်အရာများပင် ဖြစ်လာခဲ့သည်မဟုတ်လား။
…
ဝှစ် ဝှစ်
ဤရွံ့ဗွက်အိုင်ကြီး၏ ကောင်းကင်ယံထက်မှာတော့ အဝေးတစ်နေရာမှ အလင်းတန်းများရောက်ရှိလာခဲ့တော့သည်။ ၎င်းတို့အားလုံးသည် လူ ၂၀ နီးပါးခန့်ဖြစ်ပြီး တစ်ချို့သည် အမဲရောင်အဆင့်သိုင်းကျင့်ကြံသူများဖြစ်ပြီး လူ ၅ ယောက် မှာတော့မြေအဆင့် စွမ်းအားမြင့်ကျင့်ကြံသူများဖြစ်သည်။
ထိုသူတို့အားလုံးသည် ယုဒြာ (ထိုလော) ကုန်းမြေတိုက်ဆီမှ ရောက်ရှိလာသည့် လူများပင်ဖြစ်တော့သည်။ အကြီးအကဲဟယ် တစ်ယောက် သတ်ဖြတ်ခံရပြီး ရတနာကို လုယုခံလိုက်ရသည်ကို သိရှိပြီးသည့်နောက်မှာတော့ ၎င်းတို့အားလုံးသည် အလျင်အမြန်နှင့်ရောက်ရှိလာခဲ့ခြင်းသာဖြစ်တော့၏။
ဒုတိယအဆင့်ဂြိုဟ်တစ်ခုဖြစ်သည်နှင့်အညီ ၎င်းတို့၏ အလုံးစုံသော အားအင်အဆင့်သည် ဘုံကိုးပါးကုန်းမြေတိုက် ကြီးလောက် အားမကောင်းလှဘူးဆိုသော်လည်း တစ်ခြားသောဂြိုဟ်များထက်တော့ ပိုမို၍ အားကောင်း နေသေးသည်။
မကြာမီမှာပဲ ၎င်းတို့အားလုံးသည် ဤပူလောင်လျက်ရှိနေသော တည်နေရာဆီသို့ ရောက်ရှိလာပြီးသည့်နောက် ရွံ့ဗွက်အိုင်ထဲတွင် လဲလျောင်းနေသော အကြီးအကဲဟယ်၏ အလောင်းကို မြင်လိုက်ကြ၏။ ၎င်းတို့၏ မျက်လုံးထဲတွင် ဒေါသတရားများ ပြည့်နှက်လာ၏။
“ထိုလောကုန်းမြေတိုက်က တစ်စုံတစ်ယောက်ကို မင်းသတ်ခဲ့တာဘဲ။ ဒီတော့မင်းက ကောင်းကင်ပေါ်က ဘုရင်တစ်ပါး ဖြစ်တယ်ဆိုရင်တောင် ဒီနေ့မှာ သေရတော့မယ်။” ဦးဆောင်လာသည့်အဘိုးအိုသည် အေးစက်စက်ဖြင့် ပြောလိုက်သည်။
“စွေ့လော့”
၎င်း၏ဘေးတွင်ရှိသော တစ်စုံတစ်ယောက်သည် တည်ငြိမ်စွာဖြင့် ပြောလိုက်မိ၏။ “ပထမအဆင့်ဂိုဏ်းတွေ ဆိုရင်တောင်မှ ဂြိုဟ်တိုက်ပွဲကြီးထဲမှာ ကျုပ်တို့လူတွေကို သတ်ဖြတ်ဖို့ နှစ်ခါပြန်စဉ်းစားရမယ်လို့ ထင်တယ်။”
အားလုံး၏အမူအရာများသည် အနည်းငယ်ပြောင်းလဲသွားခဲ့တော့၏။
“ဒါပေမဲ့ ပထမအဆင့်ဂိုဏ်းတစ်ခုကသာ သတ်ဖြတ်ခဲ့တယ်ဆိုရင် အနည်းငယ်တော့ ပြဿနာများနိုင်တယ်။”
စွေ့လော့၏ နှုတ်ခမ်းထောင့်များသည် တုန်ယင်သွားခဲ့တော့သည်။ “တကယ်လို့ တစ်ဖက်လူက ပထမအဆင့်ဂြိုဟ်တစ်ခုက ဖြစ်တယ်ဆိုရင်တောင်မှ ရှင်းပြချက်ကို သွားပြီး တောင်းခံရ မှာမဟုတ်လား။”
သူ၏ လေသံသည် ဒေါသထွက်နေသည်ဆိုသော်လည်း အနည်းငယ် ကြောက်လန့်နေသည့် အရိပ်အယောင်များ လည်း ပါဝင်နေသည်။
ထိုလောကုန်းမြေတိုက်ကဲ့သို့ ဒုတိယအဆင့်ဂြိုဟ်တစ်ခုသည် တတိယအဆင့်ဂြိုဟ်များကို အနိုင်ကျင့်မည်ဆိုလျှင် ပြဿနာ တစ်ခုမဟုတ်ပေ။ သို့ပေမဲ့ ပထမအဆင့်ဂြိုဟ်များနှင့် နှိုင်းယှဉ်ရန်အတွက်တော့မူ စွမ်းအားကင်းမဲ့လျက်ရှိနေသေး၏။
“တောက်”
သက်လတ်ပိုင်းလူက နှာခေါင်းရှုံလိုက်၏။ “ပထမဂြိုဟ်ဖြစ်တော့လည်း ဘာထူးခြားနေလို့လဲ။ ဥပမာအားဖြင့် ဘုံကိုးပါးကုန်းမြေတိုက်ကြီးဆိုရင် အခုမှ အသစ် ဖြစ်တည်လာတဲ့ ဂြိုဟ်တွေလက်ထဲမှာ ရှုံးနိမ့်ခဲ့ရတာမဟုတ်လား။”
“အကြီးအကဲစွန်း ခင်ဗျားပြောနေတာက ကြယ်ကြွေကုန်းမြေတိုက်ကြီးကို ပြောနေတာလား။”
“မှန်တာပေါ့။”
“ဒီအဘိုးကြီးလည်း အဲဂြိုဟ်အကြောင်းကို ကြားခဲ့ဖူးတယ်။ ဒီတော့ အဆင့်နိမ့်တယ်ဆိုပြီးတော့ သတ်မှတ်လို့မရဘူး။ သူတို့ဆီမှာ များပြားလှတဲ့ကျွမ်းကျင်သူတွေ ရှိနေနိုင်တယ်”
“ဘုံကိုးပါးကုန်းမြေတိုက်ကြီးက စီမေ ၊ လုမေနဲ့ ကြယ်ကိုးပွင့်အကြီးအကဲတွေအကုန်လုံး ဖမ်းဆီးခံခဲ့ရသေးတယ် မဟုတ်လား။”
“ကြယ်ကြွေကုန်းမြေတိုက်ကြီးက လက်ရှိရောက်နေတဲ့လူဟာ ပြိုင်စံရှားဂိုဏ်းလို့ခေါ်တဲ့ ဂိုဏ်းတစ်ခုပဲ။ သူတို့ရဲ့ ဂိုဏ်းချုပ်က ကျွင်းချောင်ရှောင်းတဲ့။ အသက်က ၂၀ စွန်းစွန်းပဲ ရှိသေးတယ်။”
“ထူးဆန်းလိုက်တာ။”
“တကယ်တော့ အဲဒီဂြိုဟ်က နောက်ငါးနှစ်မှ တိုက်ပွဲတည်နေရာထဲကို ဝင်ရောက်ရမှာ မဟုတ်လား။ ဘယ်လိုဖြစ် ပြီးတော့ အခုလိုအစောကြီးရောက်လာရတာလဲ။ ပြီးတော့ရောက်လာတော့လည်း အများကြီးမဟုတ်ဘူး။ လူဆယ်ယောက်ကနေ နှစ်ဆယ်နီးပါးပဲ ရှိတယ်လို့ ကြားတယ်။”
“ဘုံကိုးပါးကုန်းမြေတိုက်ကြီးက ပထမအဆင့်ဂြိုဟ်တစ်ခုပဲလေ။ အခုမှအသစ် ဝင်လာတဲ့ ဂိုဏ်းတစ်ခုကို ရှုံးနိမ့်ခဲ့တယ် ဆိုတော့ ဒီအဘိုးကြီးထင်တာ သူတို့ ညံ့လို့ပဲ။ ကျုပ်တို့ ထိုလော ကုန်းမြေတိုက်ဆိုရင်တော့ ကျိန်းသေပေါက် အနိုင်ယူနိုင်စွမ်းရှိလိမ့်မယ်နဲ့တူတယ်။ သူတို့နဲ့ ကျုပ်နဲ့ နေရာချင်းလဲပြီးတော့ ပထမအဆင့်ကို လှမ်းတက်လိုက်ရအောင်။”
အကြီးအကဲစွန်း က ပြောလိုက်သည်။ “ဟိုအမွေအနှစ်ပေါ်လာတဲ့အချိန်တုန်းက ခင်ဗျားကြယ်ကြွေကုန်းမြေတိုက်ကြီးက သိုင်းကျင့်ကြံသူတွေကို မြင်ခဲ့လား။”
“မြင်ခဲ့တာပေါ့။”
တစ်ချိန်လုံးတိတ်ဆိတ်ငြိမ်သက်နေသော အကြီးအကဲတစ်ယောက် သည် မျက်လုံးထဲတွင် ထိတ်လန့်ကြောက်ရွံ့မှုများ ပေါ်ပေါက် လာခဲ့တော့သည်။
လူနှစ်ဆယ်ထဲတွင် ကြယ်ကြွေကုန်းမြေတိုက်ကြီးမှ သိုင်းကျင့်ကြံသူ၏ ပက်ပက်စက်စက်သတ်ဖြတ်ခြင်းကို ခံခဲ့ရသည့်လူများထဲက တစ်ယောက်သည် ပက်ပက်စက်စက်သတ်ဖြတ်မှုကို မျက်မြင်တွေ့ခဲ့သည့်လူအများထဲမှ တစ်ယောက်သည် သူဖြစ်တော့သည်။
နေ့ပေါင်းရက်ပေါင်းများစွာ ကြာမြင့်ခဲ့ပြီဖြစ်သော်လည်း သူပြန်တွေးလိုက်တိုင်းပဲ ပုခုံးတစ်ခုလုံး ကျုံ့ဝင်သွားသည်အထိ ထိတ်လန့်ကြောက်ရွံ့နေမိသေး၏။ ကံကောင်းစွာပင် အခြေအနေသည် သူထင်သလောက် မဆိုးရွားခဲ့သောကြောင့် စောစောစီးစီး ပြန်လည်လှည့်ပြန်နိုင်ခဲ့ခြင်းသာဖြစ်တော့သည်။ မဟုတ်ပါက လက်ရှိအချိန်တွင် သေဆုံးနေမှာ သေချာ၏။
ကြယ်ကြွေကုန်းမြေတိုက်ကြီး၏ သိုင်းအုပ်စိုးသူအဆင့်တွင် နှိုင်းယှဉ်၍ရနေသော ဤကဲ့သို့ ကျွမ်းကျင်သူများ အားလုံးသည် ကျွင်းချောင်ရှောင်း၏ စည်းဓားမော့နှင့်သတ်ဖြတ်မှုအောက်တွင် နှလုံးသားထဲ၌ အရိပ်မည်းကြီးပင် ဖြစ်တည်လျက်ရှိနေတော့သည်။
စွေ့လော့က ပြောလိုက်၏။ “သူက အချိန်အတိုတွင်းမှာပဲ သိုင်းကျင့်ကြံသူတစ်သောင်းလောက်ကို သတ်ဖြတ်ခဲ့တာလေ။ ပြီးတော့ အထက် နယ်မြေရဲ့ မိုးကြိုးအပြစ်ပေးမှုကိုလည်းခံရသေးတယ်။ ကြယ်ကြွေကုန်းမြေတိုက်ကြီးက တကယ့်ကို မရိုးရှင်းဘူး။ ကျုပ်တို့သတိထားမှဖြစ်မယ်။”
အနည်းငယ် ဆောင့်ကြွားကြွား ဖြစ်လျက်ရှိနေသော အကြီးအကဲစွန်းသည် ပါးစပ်ချက်ချင်းပိတ်သွားမိ၏။ သူသည် တတ်နိုင်သလောက် ဝင်ကြွားကာဖြင့် ဘဝင်မြင့်နိုင်စွမ်းရှိနေ၏။ သို့ပေမဲ့ ကြီးမားသည့် ဓားကြီးကို ကိုင်ပြီး ပက်ပက် စက်စက် သတ်ဖြတ်တတ်သည့် ကြယ်ကြွေကုန်းမြေတိုက်ကြီးမှ ကျွင်းချောင်ရှောင်း၏အကြောင်းကို သိရှိပြီးသည့် နောက်မှာတော့ ချက်ချင်းပဲ လေးနက်သွားမိတော့သည်။
“ကံကောင်းတာက ကျုပ်တို့ ဒီဂြိုဟ်နဲ့ ပြဿနာမဖြစ်ဖို့ပဲ။ ဘုံကိုးပါးကုန်းမြေတိုက်ကြီးက တော်တော်ကြီး ဆုံးရှုံးခဲ့တယ်။ သူတို့ဘာတစ်ခုမှမလုပ်နိုင်ခဲ့ဘူး။ ဒီတော့ ကြယ်ကြွေကုန်းမြေတိုက်ကြီးက ရိုးရှင်းတဲ့အရာ မဟုတ်ဘူး လို့ နားလည်သင့်တယ်မဟုတ်လား။”
“ကျုပ်သိပြီ ပထမအဆင့်ဂိုဏ်းတွေတောင်မှ ထိတ်လန့်ကြောက်ရွံ့နေရတယ်ဆိုတော့ ဒီနေရာမှာ တစ်စုံတစ်ခု လွဲမှားနေပြီဆိုတဲ့ အဓိပ္ပာယ်ပဲ။”
ဆွစ်
အားလုံးဆွေးနွေးနေတုန်းမှာဘဲ အလွန်တရာ မြန်ဆန်လှသည့်နှုန်းဖြင့် အလင်းတန်းတစ်ခုသည် ရောက်ရှိလာခဲ့၏။
“ဟမ်”
လေထဲတွင် မတ်တပ်ရပ်လိုက်သော ကျွင်းချောင်ရှောင်းသည် အပြင်ဘက်တွင် လူတစ်စုရှိနေသည်ကို မြင်လိုက်ရသည်။ သူသည် ပြုံးကာပြောလိုက်သည်။ “ခင်ဗျားတို့ဒီကိုလာပြီးလက်စားချေမလို့လား။”
ထိုလော ကုန်းမြေတိုက်ကြီးမှ သိုင်းကျင့်ကြံသူများသည်လည်း သူ့ကို သတိပြုမိသွားခဲ့ကြ၏။
“စွေ့လော့”
အကြီးအကဲစွန်းသည် ဒေါသတကြီးဖြင့် ပြောလိုက်တော့၏။ “တစ်ဖက်လူရဲ့ ဝတ်စုံနဲ့ အသက်အရွယ်ကို ကြည့်ရတာ အကြီးအကဲဟယ်ကို သတ်သွားတဲ့သူပဲ ဖြစ်ရမယ်။”
“ခင်ဗျားတို့ပြောတဲ့ အကြီးအကဲဟယ်ဆိုတာသူလား။”
ကျွင်းချောင်ရှောင်းသည် အောက်ဘက်တွင်ရှိနေသည့်အလောင်းကို လက်ညှိုးထိုးကာပြောလိုက်သည်။ “ဒီလူဆိုရင်တော့ဟုတ်တယ်။ ကျုပ်သတ်ခဲ့တာပဲ။”
ထိုလော ကုန်းမြေတိုက်မှ သိုင်းကျင့်ကြံသူများအားလုံးသည် ဒေါသထွက်သွားခဲ့သည်။ ဤကဲ့သို့ ပက်ပက်စက်စက် သတ်ဖြတ်ပြီးသည့်နောက် ဂုဏ်ယူဝင့်ကြွားစွာဖြင့် ခေါင်းမော့ကာ သူသတ်ခဲ့ပါသည်ဟု ဝန်ခံခဲ့သော လူသည် မည်မျှသတ္တိကောင်းနေသနည်း။
အကြီးအကဲလီဟုခေါ်သော မြေအဆင့်စွမ်းအားမြင့်ကျင့်ကြံသူသည် မျက်မှောင်ကုတ်ကာ တွေးလိုက်မိ၏။ “ဒီအသံကို နည်းနည်းရင်းနှီးနေတယ်။ ဖြစ်နိုင်တာက ….”
“ကျုပ်အလျင်လိုနေတယ်။”
ကျွင်းချောင်ရှောင်းသည် မျက်နှာဖုံးကို ယူကာဖြင့် မျက်နှာပေါ်သို့ တပ်လိုက်၏။ ပြီးနောက်ပြောလိုက်တော့သည်။ “ခင်ဗျားတို့တိုက်ခိုက်ချင်တယ်ဆိုရင်လည်း မြန်မြန်တိုက်ခိုက်တော့။ ပြီးတော့ ကျုပ်ကိုသတ်ကြလေ။”
နောက်ဆုံးအချိန်တုန်းက သူသည် အမွေအနှစ်တည်နေရာနှင့်ပတ်သက်၍ တစ်ခြားသောလူများအားလုံးကို သတ်ဖြတ်ပစ်ခဲ့၏။ အဘယ့်ကြောင့်ဆိုသော် စည်းဓားမော့ကို ထုတ်ဖော်နိုင်ခဲ့သောကြောင့်သာ ဖြစ်သည်။
ဒီနေ့တွင် များပြားလှသော မြေအဆင့်စွမ်းအားမြင့်ကျင့်ကြံသူများကို မြင်နေရပြီဖြစ်တော့၏၊ ထို့ကြောင့် တိုက်ပွဲ တည်နေရာထဲတွင် သူသည် များပြားလှသည့် လက်နက်ပစ္စည်းများကို ထုတ်ဖော်ကာ အနိုင်ယူတိုက်ခိုက်နိုင်မလား ဆိုသည်ကို စမ်းသပ်ချင်နေမိ၏။
“သူ … သူပဲ …… သူပဲ။”
စဉ်းစားလျက်ရှိနေသော အကြီးအကဲလီသည် တစ်ဖက်လူ၏ မျက်နှာဖုံးကို မြင်လိုက်သည်နှင့်တစ်ပြိုင်နက် ချက်ချင်းပဲ အမူအရာ ပြောင်းလဲသွားတော့သည်။ သူ၏ ခန္ဓာကိုယ်တစ်ခုလုံးသည် တုန်ခါနေသည်။
စွေ့လော့နှင့် တစ်ခြားသူများအားလုံးသည်လည်း နဝေတိမ်တောင်ဖြစ်သွားမိ၏။
“ဘယ်သူလဲ။”
“ပြောလေ။”
ထိတ်လန့်ကြောက်ရွံ့နေသော အကြီးအကဲလီသည် စကားလုံးတွေ မထွက်ခဲ့ပေ။ သူ၏ မျက်လုံးထဲတွင်ရှိသော ကြောက်မက်မှုများမှာတော့ ပုံမှန်ထက်ပို၍ အားကောင်းလာခဲ့တော့သည်။ သူသည် အထစ်ထစ်အငေါ့ငေါ့နှင့် ပြောလိုက်၏။ “ကြယ် …. ကြယ်ကြွေကုန်းမြေတိုက်ကြီးက ကျွင်းချောင်ရှောင်း”
“ဟမ်”
ထိုလောကုန်းမြေတိုက်မှာရှိသော သိုင်းကျင့်ကြံသူများအားလုံးသည် မျက်လုံးပြူးသွားမိကြ၏။ ၎င်းတို့သည် ခုနက လေးတင် တစ်ဖက်လူ၏ အကြောင်းကို ပြောဆိုနေခဲ့ကြသည်။ လက်ရှိအခြေအနေမှာတော့ တစ်ဖက်လူ သည် အကြီးအကဲဟယ်ကို သတ်ဖြတ်သည့်လူသတ်သမား ဖြစ်လို့နေခဲ့သည်။
“ဟမ်”
ကျွင်းချောင်ရှောင်း၏ အကြည့်သည် အကြီးအကဲလီဆီသို့ ရောက်ရှိသွား၏။ ပြီးနောက်သူသည် ပြုံးကာပြောလိုက်၏။ “ကျုပ်မှတ်မိပြီ။ ခင်ဗျားက ပထမတစ်ကြိမ်တုန်းက မြန်မြန်ဆန်ဆန်နောက်ဆုတ်သွားတဲ့ အဖွဲ့ထဲက လူတစ်ယောက် မဟုတ်လား။”
“………”
အကြီးအကဲလီ၏ အမူအရာသည် အလွန်ပဲ ပျက်ယွင်းသွားတော့၏။ ထိုအချိန်တုန်းက သူသည် များပြားလှသော မြေအဆင့်စွမ်းအားမြင့်ကျင့်ကြံသူ ၁၀ ယောက်နှင့်အတူ လိုက်ပါပြီး သတ်ဖြတ်တိုက်ခိုက်ရန် ကြိုးစားခဲ့၏။ သို့ပေမဲ့ အန္တရာယ်၏ အငွေ့အသက်ကို ကြိုတင်ကာ ရရှိခဲ့သောကြောင့် အလျင်အမြန်နှင့် နောက်ဆုတ်နိုင်ခဲ့၏။ ထို့ကြောင့်ပဲ အသက်ရှင်ခဲ့ခြင်းဖြစ်တော့၏။
“ကျုပ်ဒီနေရာကနေ အမှတ်မထင်ဖြတ်သွားတာ။ ဒါပေမဲ့ ဒီလူက ကျုပ်ကို အရင်ဆုံးသတ်ဖြတ်လိုခြင်းဆန္ဒအပြည့်နဲ့ တိုက်ခိုက်ခဲ့တာ။ ဒါကြောင့် သူ့ကို ကျုပ်သတ်ခဲ့တာပဲ။ ခင်ဗျားတို့လည်း ဒီရောက်နေပြီဆိုမှတော့ လက်စား လာချေတာ သင့်တော်ပါတယ်။”
ကျွင်းချောင်ရှောင်းသည် သူ၏ လက်နက်ပစ္စည်းများအားလုံးကို ဆင့်ခေါ်ကာ ပြောလိုက်တော့၏။ “ဒီတော့ ဒီနေ့မှာ ခင်ဗျားတို့နဲ့ကျုပ် တိုက်ခိုက်ကြတာပေါ့။”
“………”
ထိုလောကုန်းမြေတိုက်၏ စွမ်းအားမြင့်ကျင့်ကြံသူများအားလုံးသည် ဆွံ့အသွားခဲ့ကြသည်။ တစ်ဖက်လူ၏ လက်နက် များသည် မြေအဆင့်လက်နက်များပင် ဖြစ်နေ၏။
“ဂိုဏ်းချုပ်ကျွင်း”
စွေ့လော့သည် လက်သီးကို ဆုပ်ကာဖြင့်ပြောလိုက်၏။ “ကျုပ်တို့လည်း ဒီနေရာကို အခုမှ ဖြတ်သွားတာလေ။ တိုက်ခိုက်ဖို့အတွက် ရည်ရွယ်ချက်မရှိပါဘူး။ နှုတ်ဆက် ပါတယ်။”
ဝှစ် ဝှစ် ဝှစ်
ချက်ချင်းပဲ ထိုလောကုန်းမြေတိုက်မှ သိုင်းကျင့်ကြံသူ ၂၀ ကျော်တို့အားလုံးသည် အမြန်ဆန်ဆုံးသော နှုန်းထားဖြင့် ထွက်ပြေးသွားခဲ့ကြတော့သည်။
“……….”
ကျွင်းချောင်ရှောင်းသည် ဦးခေါင်းကို ခါယမ်းလိုက်မိ၏။ “သူတို့ငါ့ကို ကြောက်သွားကြတာလား။”